Search This Blog

Saturday, November 22, 2008

ဘတ်ဂျက်အဲယားလိုင်းဖြင့် ခရီးသွားခဲ့စဉ်က

ဘတ်ဂျက်အဲယားလိုင်းများ အကြောင်းကြားဖူးနေသည်မှာ ကြာပြီဖြစ်သော်လည်း နှစ်အတော်ကြာသည်အထိ ကျွန်တော်တစ်ခါမှ မစီးဖြစ်ခဲ့ပါ။ ထိုအခါကတော့ ဘတ်ဂျက်လေကြောင်းလိုင်းကို စီးဖြစ်ဖို့ အကြောင်းကဖန်တီးလာပါသည်။

ကျွန်တော် တည်းခိုနေထိုင်သော နေရာမှာ ဟော်လန်နိုင်ငံမှ မြို့ငယ်ကလေးတစ်မြို့ ဖြစ်သည်။ ထိုမြို့မှတဆင့် အိုင်ယာလန်နိုင်ငံသို့ ခရီးဆက်ရမည်ဖြစ်သည်။ အမ်စတာဒမ်လေဆိပ်နှင့် အတော်အလှမ်းဝေးသော နေရာတွင် ရှိသည်ကတစ်ကြောင်း အမ်စတာဒမ်လေဆိပ်တွင် လေယာဉ်ပြေးလမ်း အလွန်ကျပ်သဖြင့် လေယာဉ်တက်ရမည့် အချိန်ကို ကြာမြင့်စွာ စောင့်ဆိုင်းရသည့် ဒုက္ခကို မခံလို်သည်က တစ်ကြောင်းတို့ကြောင့် ကျွန်တော်တို့ ကုမ္ပဏီမှ ခရီးစီစဉ်သူများက ဟော်လန်နိုင်ငံ အိုင်ဒိုဗင် လေဆိပ်မှတဆင့် အိုင်ယာလန်သို့ သွားရောက်ရန် ရွေးချယ်ပေးခဲ့ကြပါသည်။

အိုင်ဒိုဗင်ဆိုသည့်မြို့မှာ ချန်ပီယံလိခ် ဘောလုံးပွဲတွင် ပါဝင်ကစားလေ့ရှိသော ပီအက်စ်ဗွီ အိုင်ဒိုဗင် ( PSV Eindhoven) အသင်း အခြေစိုက်ရာမြို့ဖြစ်ပြီး အိုင်ဒိုဗင်လေဆိပ်မှာလည်း ဘတ်ဂျက်လေကြောင်းလိုင်း အများစုသာ ပျံသန်းလေ့ရှိသော လေဆိပ်ဖြစ်သည်။ ကျွန်တော်လေဆိပ်သို့ရောက်သွားသည်အထိ ကျွန်တော်တို့စီးရမည့် လေယာဉ်မှာ ဥရောပရှိ နာမည်ကြီး ဘတ်ဂျက်လေကြောင်းလိုင်းဖြစ်သော ရိုင်ယန်အဲယား (Ryan Air) မှ လေယာဉ်ဖြစ်ကြောင်းမသိခဲ့ပါ။

ကျွန်တော်တို့၏ ခရီးဆောင်အိတ်များကို Check-in လုပ်သော နေရာသို့ရောက်မှ စ၍ သတိပြုမိပါသည်။ ကျွန်တော်နှင့် အဖော်ပါလာသော ဥရောပရုံးခွဲမှ ဒတ်ခ်ျအင်ဂျင်နီယာတွင် ပစ္စည်းကိရိယာများထည့်ထားသော Toolbox တစ်ခုပါလာသည်။ ထို Toolbox အတွက် ဝန်ပိုကြေး ယူရို ၉၀ မျှ ပေးလိုက်ရသည်။ ထိုအင်ဂျင်နီယာက “ငါတို့လေယာဉ်ပျံလက်မှတ်က ဒီကနေ ဒပ်ဘလင်အထိ ယူရို ၃၀ ပဲပေးရတယ်ကွ။ အခု ငါ့အိတ်ကို ယူရို ၉၀ ပေးလိုက်ရပြီ။ ” ဆိုပြီး ရယ်ရယ်မောမောနှင့် ကျွန်တော့်ကို ပြောပြမှ လေယာဉ်လက်မှတ် အလွန်ပင် ဈေးပေါကြောင်း သတိထားမိပါသည်။

အားလုံး Check-in လုပ်ပြီးသော အခါ လေဆိပ်အဆောက်အဦးအတွင်းသို့ ဝင်ခဲ့ကြလေသည်။ ထိုနေရာတွင် Immigration မှာ ကောင်တာ ၂ ခုသာ ရှိသည်။ ကျွန်တော်၏ မြန်မာနိုင်ငံကူးလက်မှတ်ကို မမြင်ဖူး၍ အထူးအဆန်း အနေနှင့် ကြည့်ကြသည်မှအပ အခြားပြသနာ ကြီးကြီးမားမားမရှိပါ။ ထို့နောက် ကျွန်တော်တို့ ခရီးသည်များ စောင့်ဆိုင်းသော နေရာသို့ ဝင်ရောက်ခဲ့ကြပါတော့သည်။ ခရီးသည်များ စောင့်ဆိုင်းသော နေရာမှာ ကျဉ်းကျပ်သော အခန်းငယ်ကလေးတစ်ခုမျှသာ ဖြစ်၍ ထိုင်ခုံအနည်းငယ်သာ ရှိသည်။ အများစုမှာ ခရီးဆောင်အိတ်ကို အောက်ချ၍ ထိုင်သူကထိုင် မှန်နံရံကို မှီ၍ ရပ်သူကရပ်နှင့်သာ ရှိကြလေသည်။

မကြာမီ ကျွန်တော်တို့သွားမည့် လေယာဉ်ပျံ ဆိုက်ရောက်လာပါသည်။ ကျွန်တော့်မိတ်ဆွေ ဒတ်ခ်ျအင်ဂျင်နီယာက “တံခါးဖွင့်လိုက်တာနဲ့ ငါတို့ လေယာဉ်ပျံ နောက်ပေါက်ကို ရောက်အောင် ပြေးကြမယ်။ ဒီမှာ ဦးရာလူစနစ်ပဲ။ ခုံနံပါတ် ပေးမထားဘူး။” ဟု သတိပေးသည်။ လေဆိပ်မှ တံခါးဖွင့်ပေးလိုက်သည်နှင့် ကျွန်တော်တို့ကွင်းထဲသို့ ပြေးထွက်ခဲ့ကြသည်။ သူသတိပေးထားသည့်အတိုင်း နောက်တံခါးပေါက်သို့ ဦးတည်၍ ပြေးကြခြင်း ဖြစ်သည်။ ကျွန်တော်တို့ အရှေ့တွင် လူအနည်းငယ်သာရှိသည်။ လူအများစုမှာ ရှေ့တံခါးပေါက်သို့သာ ဦးတည်၍ ပြေးကြသဖြင့် ကျွန်တော်တို့အတွက် အလွန် အဆင်ပြေလေသည်။ လူအများစု လေယာဉ်ကွင်းထဲတွင် ပြေးလွှားနေကြသည်မှာ ပျော်စရာပင် ကောင်းသေးသည်။ လေယာဉ်ပျံပေါ်ရောက်တော့ ကျွန်တော် နှစ်သက်သော ပြတင်းပေါက်နေရာကိုပင် ဦးနိုင်လိုက်သေးသည်။

ဤလေယာဉ်မှာ အခြားလေယာဉ်များနှင့်မတူပါ။ အတော်ပင် ဝိတ်လျှော့ထားသည်။ လေယာဉ်ပျံထိုင်ခုံ၏ အရှေ့တွင် အခြားလေယာဉ်များတွင် ပါလေ့ရှိသော Seat Pocket ဟု ခေါ်သည့် ထိုင်ခုံအိတ်မရှိ၊ လေယာဉ်ပျံပြတင်းပေါက်များတွင်လည်း Window Shade ဟုခေါ်သည့် ပြတင်းပေါက်အကာ မရှိပါ။

မကြာမီ အချိန်အတွင်းတွင်ပင် လေယာဉ်ပျံသည် ပျံတက်လေတော့သည်။ နောက်မှ လေ့လာကြည့်သဖြင့် သိရသည်မှာ ဘတ်ဂျက်လေကြောင်းလိုင်းများသည် အခေါက်ရေများများဆွဲနိုင်ရန်အတွက် မိနစ် ၃၀ အတွင်း ခရီးသည် အတင်အချကို အပြီးလုပ်လေ့ရှိသည့် အကြောင်းပင်ဖြစ်သည်။ ဘတ်ဂျက်လေကြောင်းလိုင်းများ၏ ထုံးစံအတိုင်း ဘာမှ အလကားမကွေျးပါ။ အကုန်လုံး ဝယ်စားရပါသည်။ ကျွန်တော့်အနေနှင့်ကတော့ ညနေစာစားပြီးပြီ ဖြစ်သဖြင့် ဘာမှစားချင်စိတ်မရှိ၍ ဘာမှမစားတော့ပါ။ သူတို့ လေယာဉ်ပျံပေါ်တွင် စားစရာသောက်စရာများနှင့် ကံစမ်းရန် ခြစ်သည့် ကတ်ပြား (Scratch Card) ရောင်းချနေသည်ကိုတော့ တွေ့နေရပါသည်။ လေယာဉ်မောင်မယ်များမှာ အလွန်ပင်ပျော်ပါးနေကြပုံပေါက်ပြီး အန္တရာယ်ကင်းရှင်းရေး သရုပ်ပြ (Safety Demonstration) လုပ်ရန်ကို ပင်မေ့လျော့နေကြပါသည်။ ထိုခရီးစဉ်တွင် အန္တရာယ်ကင်းရှင်းရေး သရုပ်ပြ မလုပ်သည်ကိုလည်း သတိထားမိပါသည်။

ကျွန်တော် လေယာဉ်ပြတင်းပေါက်မှသာ အပြင်သို့ ကြည့်နေမိပါသည်။ အောက်တွင် မီးတွေထိန်ထိန်လင်းနေသော မြို့ကြီးတစ်မြို့ကိုတော့ သတိထားမိသည်။ ကျွန်တော့် စိတ်အထင် လန်ဒန်မြို့ဖြစ်သည်ဟု ထင်သော်လည်း မသေချာပါ။ ကောင်းကင်တွင် တိမ်ကင်းစင်နေသည်က တစ်ကြောင်း ပြတင်းပေါက်အကာများ မရှိသည်က တစ်ကြောင်းတို့ကြောင့် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။ ကျွန်တော့်ကို စိတ်အနှောက်အယှက်အပေးဆုံးအရာကတော့ လေယာဉ်ပျံ အတောင်ပံပင်ဖြစ်သည်။ လေယာဉ်ပျံအတောင်ပံ လှုပ်နေသည်ကို မကြာခဏ မြင်နေရသည်။ ကျွန်တော့်စိတ်ထဲတွင်တော့ ဒီလေယာဉ်ပျံ အတောင်ပံကိုပါ ဝိတ်လျှော့ထားသလား မသိဘူးဟု ကြံကြံဖန်ဖန် စဉ်းစားမိပါသည်။ အမှန်တကယ်ကတော့ ဘယ်လောက် လေယာဉ်ပျံကြီးသည်ဖြစ်စေ အတောင်ပံကတော့ လှုပ်သည်ပင်ဖြစ်သည်။

ဒီလိုနှင့် တစ်နာရီကျော်မျှ စိတ်မသက်မသာဖြစ်ပြီးသော အခါတွင်မှ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင် လေဆိပ်သို့ ဆိုက်ရောက်ပါတော့သည်။ ထိုအခါတွင်မှ ကျွန်တော် စိတ်ပေါ့ပါးသွားသည်။ ကျွန်တော့်အဖော် ဒတ်ခ်ျအင်ဂျင်နီယာကို မေးကြည့်သော အခါ အပြန်ခရီးတွင် အမ်စတာဒမ်လေဆိပ်မှ စင်ကာပူသို့ တိုက်ရိုက်ပြန်နိုင်ရန်အတွက် ကျွန်တော့်အတွက် အိုင်ယာလန်ပိုင် အဲယား လင်းဂတ်စ် (Aer Lingus) လေကြောင်းလိုင်း ဖြင့် လက်မှတ်စီစဉ်ထားကြောင်း သိရသဖြင့် ပို၍စိတ်အေးသွားပါတော့သည်။

နောင်တွင် ကိုယ့်ဘာသာကိုယ်ခရီးသွားလျှင်တော့ ဘတ်ဂျက်အဲယားလိုင်းကို တတ်နိုင်သမျှ ကြည့်ရှောင်မည်ဟုတော့ စိတ်ထဲမှာ တေးထားလိုက်မိပါတော့သည်။

1 comment:

Ba Nyar said...

”ကျွန်တော်၏ မြန်မာနိုင်ငံကူးလက်မှတ်ကို မမြင်ဖူး၍ အထူးအဆန်း အနေနှင့် ကြည့်ကြသည်မှအပ အခြားပြသနာ ကြီးကြီးမားမားမရှိပါ။” ....
ဟား ဟား...
ဒါမျိုးလေးတွေက... ကိုယ့်ရွှေနို်င်ငံရဲ့ ထူးခြားချက်လေးတွေပေါ့... ဒါမျိုးတစ်ခြားနိုင်ငံ ဘယ်နှစ်နိုင်ငံရှိမလဲဆိုပြီး... ကြံဖန်ဂုဏ်ယူနိုင်တာပေါ့ အစ်ကိုရယ်..

ဗညား