Search This Blog

Monday, November 24, 2008

ထိုနေ့က နဂါးခေါင်း စင်ကာပူသို့ လှည့်သည်

ကျွန်တော်တို့ မြန်မာအယူတွင် နဂါးလှည့်ရာ အရပ်ကို ခရီးမသွားကောင်းဟု ကြားဖူးသည်။ ကျွန်တော် ထိုခရီးကိုသွားစဉ်က နဂါးများ အိပ်ချင်မူးတူးနှင့် စင်ကာပူဘက်ကို လှည့်နေသလားမသိပါ။ ပြသနာပေါင်း မြောက်မြားစွာကို ကြုံတွေ့ခဲ့ရသည်။

ထိုမနက်က မီချီဂန်ပြည်နယ်ရှိ ကာလာမာဇူးလေဆိပ်ကို ရောက်တော့ ကျွန်တော် စိတ်အတော်ပင် ကြည်လင်နေသည်။ အလုပ်အားလုံး ပြီးစီးသည့်အပြင် ၂ရက် ၃ရက် ခန့်ပင် အပိုနေခဲ့သည့်အတွက် ကျွန်တော့်တွင် နောက်ဆံငင်စရာ ဘာမှမရှိတော့ပါ။ စိတ်ချလက်ချပင် အိမ်ပြန်နိုင်ပြီဖြစ်သည်။

လေဆိပ်သို့ ရောက်သည်နှင့် ကျွန်တော့်အကျင့်အတိုင်း ဆေးလိပ်သောက်ရန် အပြင်ထွက်ခဲ့သည်။ ကျွန်တော်၏ ခရီးဆောင်ကွန်ပြူတာ အိတ်ထဲတွင်သာမက အိတ်ကပ်များထဲတွင်ပါ မီးခြစ်တစ်လုံးမျှ ရှာမတွေ့။ အနီးအနားရှိ အမျိုးသမီးကြီး တစ်ဦးထံမှ မီးခြစ်ငှား၍ ဆေးလိပ်မီးညှိရသည်။ ဆေးလိပ်တစ်လိပ် ကုန်အောင် သောက်ပြီးသောအခါမှ ကျွန်တော် လုံခြုံရေးဂိတ်ကို ဖြတ်သန်းခဲ့သည်။ သတ္တုရှာဖွေ ကိရိယာအောက်သို့ ကျွန်တော် ဖြတ်သန်းသော အခါတွင် မည်သည့်အသံမျှ မမည်ပါ။ သို့သော် လုံခြုံရေးများက အိတ်ဇ်ရေး ကိရိယာအောက်မှ ထွက်လာသော ကျွန်တော့်၏ ခရီးဆောင်ကွန်ပြူတာအိတ်ကို ဖွင့်၍ စေ့စေ့စပ်စပ် ရှာဖွေကြသည်။

အိတ်အတွင်းမှ ထွက်လာသည်မှာ ၈ လက်မခန့်ရှည်သည့် ဝက်အူလှည့်တစ်ချောင်းနှင့် ဂတ်စ်မီးခြစ် ၂လုံး။ ကျွန်တော် မျက်လုံးပြူးသွားသည်။ ဤအိတ်ကို အိတ်ဇ်ရေး ဖြတ်သည်မှာ အကြိမ်ပေါင်းများစွာပင်ရှိပြီ။ အလာခရီးတုန်းက စင်ကာပူ ချန်ဂီလေဆိပ်တွင် တစ်ခေါက်၊ တိုကျို နာရီတာလေဆိပ်တွင် တစ်ခေါက်၊ ရှီကာဂို အိုဟဲလေဆိပ်တွင် တစ်ခေါက် ၃ ခေါက်တိတိဖြတ်ခဲ့သည်။ မည်သူမျှ ထိုဝက်အူလှည့်ကို မတွေ့ခဲ့။ အခုမှ ထွက်လာခြင်းဖြစ်သည်။ ဂတ်စ်မီးခြစ် တစ်လုံးကတော့ မနက်ကမှ ကျွန်တော်အိတ်ထဲသို့ ထည့်လိုက်ပြီး ပြန်ရှာမတွေ့ခြင်းဖြစ်သည်။ ကျွန်တော်တော့ ပြသနာ အကြီးအကျယ် တက်ပြီ ဆိုပြီး ခေါင်းနားပန်း ကြီးသွားသည်။ ငါတော့ ဂွာတာနာမို ရောက်ပြီလား မသိဘူးဟုလည်း စိတ်ထဲမှ တွေးမိသည်။ သို့သော်လည်း တော်ပါသေးသည်။ သူတို့က ကားပါလာလျှင် ဝက်အူလှည့်ကို ကားထဲသွားထားပေးမည် ပြောသည်။ ကျွန်တော်က ကားပါမလာကြောင်း ပြောတော့ ဒါဆိုရင် သူတို့ လွှင့်ပစ်လိုက်မည်။ သဘောတူပါသလား ဟု မေးသည်။ သဘောမတူလည်း ယူသွားလို့ရတာမှ မဟုတ်သည်ပဲ။ အဲဒီတော့လည်း လွှင့်ပစ်လိုက်လို့ပဲ ပြောလိုက်ရသည်။ ဂွာတာနာမို မပို့တာပဲ ကျေးဇူးတင်လှပါပြီ။

ကျွန်တော့်ရုံးမှ အမေရိကန် အင်ဂျင်နီယာကတော့ ရယ်နေသည်။ သူလုံခြုံရေးဖြတ်စဉ်က ဒီနေ့တော့ သေသေချာချာစစ်မယ်ဟု သူတို့အချင်းချင်း ပြောနေသံကြားကြောင်း ကျွန်တော့်ကို ပြန်ပြောပြသည်။ ဒါဆို ပုံမှန်အတိုင်းဆိုရင် သေသေချာချာ မစစ်ကြဘူးလားဟု ကျွန်တော်က သူ့ကို ပြန်နောက်ခဲ့သေးသည်။ မကြာမီ လေယာဉ်ပျံ ဆိုက်လာ၍ ကျွန်တော်တို့ လေယာဉ်ပျံပေါ်တက်ခဲ့ကြသည်။



ကာလာမာဇူး လေဆိပ်မှာ လေဆိပ်ငယ်ကလေးတစ်ခု ဖြစ်ပြီး ကိုုယ်ပိုင်လေယာဉ် အများအပြားက အသုံးပြုလေ့ရှိကြသည်။ ကျွန်တော်တို့လေယာဉ်ပျံ ပြေးလမ်းပေါ် မတက်မီ ကိုယ်ပိုင်လေယာဉ်များ ပြေးလမ်းပေါ်တွင် ရှိသောကြောင့် သူတို့ကို ပျံတက်ရန် စောင့်ဆိုင်းပေးရသေးသည်။ တစ်နာရီကျော်မျှ လေယာဉ်စီးပြီးနောက်တွင် ကျွန်တော်တို့ ချီကာဂို အိုဟဲ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့တော့သည်။ အမေရိကန်အင်ဂျင်နီယာက ထိုမှတဆင့် ကျွန်တော်တို့ ရုံးစိုက်ရာဖြစ်သော ကော်လိုရာဒိုပြည်နယ်သို့ ပြန်မည်ဖြစ်သည်။ ကျွန်တော်ကတော့ ယူနိုက်တက် လေကြောင်းလိုင်းဖြင့် ဟောင်ကောင်မှ တဆင့် စင်ကာပူသို့ပြန်ရန် စီစဉ်ထားသည်။

ချီကာဂို အိုဟဲသို့ ရောက်တော့ ကျွန်တော်အပြင်သို့ထွက်၍ အင်တာနေရှင်နယ် တာမင်နယ် သို့ ကူးခဲ့သည်။ မိုးပျံရထားပေါ်မှ တံခါးခြောက်ပေါက် ကားကြီးများကို လှမ်းမြင်နေရသည်။



အင်တာနေရှင်နယ် တာမင်နယ်တွင် ကျွန်တော်၏ လေယာဉ်တက်လက်မှတ်ကို ပြသောအခါ လုံခြုံရေးစောင့်သည့် ကပ္ပလီမ ဝဝကြီးက “ဟန်နီရေ။ မင်းတော့ တာမင်နယ် မှားနေပြီ။ မင်းလေယာဉ်ပျံက တာမင်နယ် ၂ မှာ စီးရမှာ။ ” ဟုပြောသည်။ ကပ္ပလီမကြီးက ဟန်နီလို့ ခေါ်လိုက်သဖြင့် နည်းနည်းကျောချမ်းသွားမိသည်။ စိတ်ထဲတွင်လည်း သွားပြီဟုတွေးလိုက်မိသည်။ ကျွန်တော် ခုနထွက်လာသည်မှာ တာမင်နယ် ၂ ဖြစ်သည်။ ကိုယ့်ဘာသာကိုယ် မမေးမစမ်း လာခဲ့မိသဖြင့် အခု တကွေ့တပတ်ကြီး ပြန်သွားရတော့မည်။ ကျွန်တော့် ခရီးဆောင်အိတ်များ ကာလာမာဇူးမှာ ကတည်းက Check-in လုပ်ပြီး၍သာ တော်တော့သည်။

ကျွန်တော် နာရီဝက်လောက်ကြာအောင် တာမင်နယ် ၂ သို့ ပြန်သွားရသည်။ ကံကောင်းထောက်မ၍ လေယာဉ်ပျံမထွက်မီ အချိန်မီပင် ပြန်ရောက်သွားသည်။



ထို့နောက် လေယာဉ်ပျံပေါ်တက်သည့် အချိန်ထိ ဘာပြသနာမှ မတွေ့ရသေးပါ။ အားလုံး နေရာယူပြီးသော အခါတွင် ပြသနာက စ ပါတော့သည်။ လေယာဉ်ပျံ၏ အနောက်ဖက်မှ ကုန်တင်ပေါက်၏ တံခါးပိတ်မရသဖြင့် လေယာဉ်ပျံ မထွက်နိုင်သေးကြောင်း ကြေငြာသည်။ ခရီးသည်များ အားလုံးအစောပိုင်းတွင် ထိုင်စောင့်သော်လည်း တဖြည်းဖြည်း နှင့် စိတ်မရှည်နိုင်အောင် ဖြစ်လာကြသည်။ အားလုံး ခြေညောင်းလက်ဆန့်ဖြင့် လေယာဉ်ပေါ်တွင် ဟိုဟိုဒီဒီ လျှောက်သွားကြသည်။ လေယာဉ်မှာ ယူနိုက်တက် လေကြောင်းလိုင်းပိုင် ဘိုးအင်း ၇၄၇ လေယာဉ်ပျံဖြစ်သဖြင့် အတော်အတန်တော့ ကျယ်ဝန်းပါသည်။ ကျွန်တော်တို့အားလုံး အရေးပေါ် ထွက်ပေါက်နားတွင် ရပ်၍ စကားပြောသူကပြော နောက်ဖက်ရှိ အစားအသောက် ထားရာအခန်းတွင် ဝင်၍ ကော်ဖီ အအေးသောက်သူက သောက်နှင့် စိတ်မရှည်မှုများကို ဖြေဖျောက်နေကြရသည်။ တစ်နာရီ နီးပါးမျှ ကြာသော အခါတွင် ခရီးသည် အတော်များများက အောက်ဆင်းခွင့် တောင်းကြပါသည်။ သို့သော် လေယာဉ်မှာ အပြည်ပြည်ဆိုင်ရာ ခရီးစဉ်ဖြစ်သဖြင့် အောက်ဆင်းခွင့်တော့ မပေးနိုင်ကြောင်း လေယာဉ််အမှုထမ်းများက အကြောင်းပြန်သည်။ သို့နှင့် လေယာဉ်ပျံပေါ်တွင် တစ်နာရီခွဲကျော်မျှကြာသွားသည်။ ခဏအကြာတွင် လေယာဉ်၏ ကုန်တင်တံခါးပေါက်မှာ ပြင်ဆင်၍ အချိန်မီ မပြီးစီးနိုင်သောကြောင့် လေယာဉ်ပျံ နောက်တစ်စင်းနှင့် လဲလှယ်ပေးမည်ဖြစ်ကြောင်း၊ ခရီးသည်များ နောက်ထပ် တစ်နာရီခွဲအကြာတွင် ဂိတ်၌ ပြန်လည်သတင်းပို့ရန် ကြေငြာသည်။ ကျွန်တော်တို့ အားလုံး အိတ်ကိုယ်စီဆွဲ၍ လေယာဉ်ပေါ်မှ ဆင်းခဲ့ကြသည်။

ထိုအချိန်ထိ ကျွန်တော်နေ့လည်စာ မစားရသေးပါ။ အနီးအနားရှိ ဆိုင်တစ်ဆိုင်သို့ ပြေး၍ အာလူးကြော် နှင့် ကြက်ကြော်ဝယ်၍ အမြန်စားလိုက်ရသည်။ ရသော အချိန်ပိုင်းကလေးအတွင်း လေဆိပ်အပြင်သို့ ထွက်၍ ဆေးလိပ် ၂ လိပ်လောက် အမြန်သောက်လိုက်သေးသည်။ ကျွန်တော် ရောက်ခဲ့ဖူးသော အမေရိကန်ရှိ လော့အိန်ဂျယ်လိစ်၊ ဒင်န်ဗာ၊ ရှီကာဂို နှင့် ကာလာမာဇူး လေဆိပ် ၄ ခုစလုံးတွင် ဆေးလိပ်သောက်ခန်း လုံးဝမရှိပါ။ ဆေးလိပ်သောက်ချင် ပါက လေဆိပ်အပြင်သို့ ထွက်သောက်ရသည်။

တစ်နာရီခွဲခန့် ကြာတော့ လေယာဉ်ထွက်မည့် ဂိတ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ လေယာဉ်ပျံက အဆင်သင့်မဖြစ်သေး။ နောက်ထပ် နာရီဝက်ခန့် ထပ်စောင့်ပြီးမှ လေယာဉ်ပေါ်သို့တက်ရသည်။ ဒီတစ်ခါ လေယာဉ်ပျံက ယူနိုက်တက်လေကြောင်းလိုင်းမှ လေယာဉ်များ၏ တွေ့နေကျအရောင် အညိုရောင်မဟုတ်ပဲ အဖြူရောင်ဖြစ်နေသည်ကတော့ နည်းနည်း ထူးခြားနေသည်။ ကျွန်တော်တို့ လေယာဉ်ပျံပေါ်တွင် ယခင်ခုံနေရာများအတိုင်း ပြန်လည်နေရာယူကြသည်။ မကြာမီ ခရီးသည်အားလုံး ပြန်ရောက်၍ လေယာဉ်က ဂိတ်မှ ထွက်ခွာခဲ့သည်။ မကြာမီပြေးလမ်းပေါ်သို့ရောက်သည်။ ပြေးလမ်းပေါ်ရောက်၍ တော်တော်ကြာသည်အထိ လေယာဉ်က မတက်နိုင်သေး။ အကြာကြီး ရပ်နေသည်။ ခဏအကြာတွင် လေယာဉ်မှူးမှ လေယာဉ်ပျံ၏ ရေဒါချို့ယွင်းသွားသဖြင့် ဂိတ်သို့ ပြန်လှည့်မည် ဖြစ်ကြောင်း ကြေငြာသည်။ ခရီးသည်အားလုံး စိတ်ပျက်လက်ပျက်ဖြင့် ဟား ဆိုပြီး ဝိုင်းအော်ကြသည်။ လေယာဉ်ဂိတ်သို့ ပြန်ရောက်ပြီးနောက် ရေဒါချို့ယွင်းမှုမှာ သာမန်လျှပ်စစ်ပိုင်း ဆိုင်ရာ ချို့ယွင်းမှုသာ ဖြစ်သဖြင့် ခဏအတွင်း ပြင်ဆင်နိုင်မည် ဖြစ်ကြောင်းကြေငြာသည်။ ခရီးသည်အားလုံးကမူ အယုံအကြည်ရှိပုံ မပေါ်ကြတော့ပေ။

နောက်ထပ် ၄၅ မိနစ်လောက် အကြာတွင် လေယာဉ်က ဂိတ်မှ နောက်တစ်ကြိမ်ခွာသည်။ ခရီးသည်အားလုံး၏ စိတ်ထဲတွင်တော့ လေယာဉ်ပျံ ဘယ်အချိန် ပြန်လှည့်ဦးမလဲဟုသာ တွေးနေကြသည်။ လေယာဉ်ပျံ လေထဲရောက်သည်အထိ ကျွန်တော်လည်း ထိုနည်းအတိုင်းပင် တွေးနေသည်။ ကံကောင်းထောက်မစွာပင် ဒီတစ်ခါတော့ ပြန်မလှည့်တော့။ လေဆိပ်တွင် နှောင့်နှေးခဲ့သည်မှာ စုစုပေါင်း ၆ နာရီခန့်ကြာသည်။ ညနေ ၅ နာရီခန့် ဟောင်ကောင်သို့ ဆိုက်ရောက်ရမည့် လေယာဉ်သည် ည ၁၁ နာရီကျော်မှပင် ဟောင်ကောင် လေဆိပ်သို့ ဆိုက်ရောက်တော့သည်။ ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်ပျံဆင်းလိုက် သည်နှင့် ကျွန်တော်တို့အားလုံး ကြိုတင်တိုက်မထားပဲ လက်ခုပ်တီး၍ ဟေးဆိုပြီး ဆူညံစွာအော်ဟစ် အောင်ပွဲခံကြတော့သည်။ အမှန်တကယ်တော့ ဇာတ်လမ်းက ဒီမှာ မပြီးသေးကြောင်း ကျွန်တော်တို့ မသိခဲ့။

စင်ကာပူသို့ သွားမည့်လေယာဉ်ပျံမှာ ကျွန်တော်တို့ လေယာဉ်မှ ခရီးသည် အများစု ပြောင်းလဲ စီးနင်းလိုက်ပါ ကြမည် ဖြစ်သဖြင့် မထွက်သေးဘဲ ကျွန်တော်တို့ လေယာဉ်ကို စောင့်နေသည်။ ထိုလေယာဉ်မှာလည်း ၄ နာရီမျှ အချိန်ရွှေ့ထားပြီး ဖြစ်သည်။ ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်တော့ ဆေးလိပ်သောက်ခန်း ရှိသဖြင့် လေယာဉ်တစ်စင်းမှ တစ်စင်းသို့ အကူးအပြောင်းတွင် ဆေးလိပ် ၂ လိပ်လောက် အမြန်ရှူသွင်း ခဲ့သေးသည်။ ဆေးလိပ်သောက်တတ်သူ တစ်ယောက်၏ ဒုက္ခက မသေးလှပေ။

လေယာဉ်ပျံပေါ်သို့ မတက်ခင် တံခါးဝတွင် လုံခြုံရေးများ စောင့်နေကြပြီး ခရီးသည်များထဲမှ ကျပန်းရွေးချယ်၍ ရှာဖွေရေးလုပ်နေကြသည်။ ကျွန်တော် လေယာဉ်ပျံပေါ်တက်တော့ ခရီးသည် တစ်ဝက်ပင် လေယာဉ်ပျံပေါ်သို့ မရောက်ကြသေးပေ။ ရှီကာဂိုမှနေ ဟောင်ကောင်အထိ အလယ်ခုံတွင် စီးလာရသော်လည်း ဒီတစ်ခါတော့ ပြတင်းပေါက်ခုံတွင် နေရာရသည်။ ခရီးသည်တွေက လေယာဉ်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လာကြသည်။ သို့သော် မကြာမီတွင်ပင် ဟောင်ကောင်လေဆိပ်မှ လုံခြုံရေးဝတ်စုံများဖြင့် လူတစ်စု လေယာဉ်ပေါ်တက်လာသည်ကို တွေ့ရသည်။ ထို့နောက် လေယာဉ်မယ်တစ်ဦးက ခရီးသည်တစ်ဦးအား လုံခြုံရေး စစ်ဆေးရာတွင် ထိုခရီးသည်က ဒေါသထွက်ထွက်ဖြင့် ငါ့မှာ ဗုံးပါလာတယ် ဟု ပြောသဖြင့် တာဝန်အရ လေယာဉ်ပျံကို အသေးစိတ် ရှာဖွေရမည် ဖြစ်ကြောင်း ကြေငြာသည်။ ဒေါသထွက်သူကိုလည်း အပြစ်မဆိုချင်ပါ။ ကျွန်တော်တို့ အားလုံးလည်း သူ့လိုပင် ကျွဲမြီးတိုနေပြီဖြစ်သည်။ လေယာဉ်ပျံ ၆နာရီ နှောင့်နေးပြီး တက်လိုက်ဆင်းလိုက် ကြုံလာခဲ့ရသော ဒုက္ခမှာ အတော်ပင် မသေးလှပါ။

ဟောင်ကောင်လုံခြုံရေးများ လေယာဉ်ပျံကို တစ်နာရီကျော်မျှ ရှာဖွေပြီး စိတ်ကျေနပ်မှုရမှ ဆင်းသွားကြသည်။ ကျွန်တော်တို့ ဟောင်ကောင်မှ ည ၈ နာရီထွက်ခွာရန် ပြင်ဆင်ထားသော လေယာဉ်သည် ည ၂ နာရီခန့်တွင် မှ ဟောင်ကောင်မှ ထွက်ခွာခဲ့ရသည်။ ကျွန်တော်နှင့် ကျွန်တော့် နံဘေးတွင် ထိုင်သော စင်ကာပူနိုင်ငံသူ တရုတ်မလေးတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်သည် နှင့် ရယ်မိကြသည်။ သူလည်း ကျွန်တော့်လိုပင် ရှီကာဂိုကတည်းက စိတ်ပင်ပန်းခဲ့ရသည် မဟုတ်လား။

စင်ကာပူကို ညသန်းခေါင် ဆိုက်ရောက်ရမည့် လေယာဉ်သည် နောက်တစ်နေ့ မနက် ၆ နာရီခန့်တွင်မှ ဆိုက်ရောက်ခဲ့သည်။ ကျွန်တော်တို့ လေယာဉ်ပျံသည် ပုံမှန်ဆိုက်ရောက်ချိန် ရောက်ရှိခြင်းမဟုတ်သဖြင့် အကောက်ခွန်ဝန်ထမ်းများ အသင့်မရှိကြ။ အရသာမတူ၍ သောက်ချင်လွန်းလှသဖြင့် ရှီကာဂို လေဆိပ် အခွန်လွတ်ဆိုင်မှ ဝယ်လာခဲ့သော မာလ်ဘိုရို တစ်တောင့်မှာ အကောက်ခွန်မပေးလိုက်ရပဲ အိတ်အတွင်းပါလာခဲ့လေသည်။

1 comment:

mabaydar said...

လေယာဉ်ပေါ်ရောက်မှ အဲလိုစောင့်ရရင် သိပ်စိတ်ညစ်တာပဲ.. မဗေဒါ ဂျပန်အလည်သွားတုန်းကလဲ အဲလိုစောင့်လိုက်ရတယ်.. ၄နာရီလောက်.. ပိုစ့်မှာတောင်ရေးထားတယ်.. ဒီမှာ..
http://mabaydar.blogspot.com/2008/11/blog-post_16.html
ကြည့်ရတာ.. စာရေးသူက heavy smoker ထင်တယ်နော်.. အလုပ်ကိစ္စနဲ့ သွားတာလား.. ကောင်းလိုက်တာ.. အဲလိုခရီးသွားရတဲ့ အလုပ်လုပ်ချင်တယ်.. ဟီး..ဟီး..