Search This Blog

Friday, November 28, 2008

ချက်ရီပတ်ဘလစ် သို့ ပထမဦးဆုံးနေ့

ဟော်လန်မှ စက်ရုံတစ်ရုံရှိ ကျွန်တော်တို့ ကုမ္ပဏီမှ ရောင်းထားသော စက်တစ်လုံးတွင် ဆော့ဖ်ဝဲပြင်ရေးပေးရန် အတွက် ဥရောပသို့ သွားဖြစ်ဖို့ အကြောင်း ဖန်လာသည် ။ ကျွန်တော် သွားခါနီးအချိန်ထိ ဘာပြင်ရေးရမည်ကို မသိသေး။ အရောင်းမန်နေဂျာ တွေကလည်း သူတို့လည်း စက်ရုံမှ ဘာလိုအပ်သည်ကို နားမလည်။ တစ်ခါတည်းသာ လာပြီး စကားပြောလှည့်ပါ ဟုခေါ်သည်။ သို့သော် ထိုမျှနှင့်မပြီး။ သူတို့က အဆစ် တောင်းသေးသည်။ ဥရောပရှိ အခြား ဆော့ဖ်ဝဲပြသနာများကိုလည်း သူတို့ရုံးမှ အင်ဂျင်နီယာများနှင့် အတူတူ ဖြေရှင်းပေးဖို့ အကူအညီတောင်းကြသည်။

ခရီးမထွက်ခင်အထိ ဘယ်လောက်ကြာမည်ကို ရေရေရာရာမသိ။ အနည်းဆုံး ၂ ပတ် နှင့် အများဆုံး ၁ လဟုသာ ပြောလိုက်ကြသည်။ စင်ကာပူရုံးမှ အမ်စတာဒမ် အသွားအပြန် စင်ကာပူ လေကြောင်းလိုင်းဖြင့် လက်မှတ်တစ်စောင် ပေးလိုက်သည်။ ပထမဆုံးသွားရမည့် နိုင်ငံမှာ ချက်သမ္မတနိုင်ငံ (Czech Republic) ဖြစ်သည်။

ဥရောပတွင်း ကူးသန်းသွားလာရန် လေယာဉ်ခရီးစဉ်များကို စင်ကာပူတွင် လက်မှတ်ဝယ်ပါက အလွန်ဈေးကြီးသည်။ တစ်ခါတစ်ရံ ခရီးစဉ်တစ်ခုကို စင်ကာပူဒေါ်လာ တစ်ထောင်နီးပါးမျှပင် ကွာတတ်သည်။ ထို့ကြောင့် ကျွန်တော် ဥရောပနိုင်ငံများအတွင်း သွားလာရန် ကိစ္စရှိပါက စင်ကာပူရုံးမှ ဥရောပသို့ အသွားအပြန် လေယာဉ်ပျံလက်မှတ်သာ ဝယ်ပေးလေ့ရှိပြီး ကျန်သော ခရီးစဉ်များကို ဥရောပ ရုံးခွဲမှပင် စီစဉ်ပေးလေ့ရှိသည်။

အမ်စတာဒမ် ရောက်ပြီးနောက် ချက်သမ္မတနိုင်ငံပိုင် စီအက်စ်အေ လေကြောင်းလိုင်းကို ပြောင်းစီးရသည်။ ဥရောပရုံးမှနေ၍ အမ်စတာဒမ် မှ ချက်ရီပတ်ဘလစ်၏ မြို့တော် ပရက်ဂ်(Prague) အသွားအပြန် လေယာဉ်လက်မှတ်ကို အီးမေးလ်ဖြင့် လှမ်းပို့ပေးထားခြင်း ဖြစ်သည်။ စီအက်စ်အေ သည် ဘတ်ဂျက်လေကြောင်းလိုင်း မဟုတ်သော်လည်း လေယာဉ်ပေါ်တွင် ဘာမှ အလကားမကွေျးပါ။ ကော်ဖီကအစ ဝယ်သောက်ရသည်။ ကျွန်တော့်တွင် ယူရို ၅၀ တန်သာ အသေးဆုံး ပါလာသဖြင့် အမ်းစရာမရှိ၍ လေယာဉ်ပေါ်တွင် ကော်ဖီတော့ အလကားသောက်လိုက်ရသည်။

ပရက်ဂ်ဆိုသော နာမည်မှာ ကျွန်တော်နှင့် စိမ်းသောအမည်တော့ မဟုတ်ပါ။ ကမ္ဘာကျော် စာရေးဆရာ ဖရန့်ဇ်ကဖ်ကာ နှင့်ပတ်သက်ပြီး ထိုမြို့၏ အမည်ကို ကြားဖူးနေသည်။ သို့သော် ချက်သမ္မတနိုင်ငံ၏ မြို့တော်ဖြစ်ကြောင်းကိုတော့ မသွားမီကမှ သိခြင်းဖြစ်သည်။ ကျွန်တော် ရောက်သွားတော့ ပရက်ဂ်လေဆိပ် အဆောက်အဦးမှာ ဖွင့်ကာစ အသစ်စက်စက်ပင်ရှိသေးသည်။ ပရက်ဂ်လေဆိပ်တွင် ထူးခြားချက်တစ်ခုကို သတိပြုမိသည်မှာ စီအက်စ်အေ မှလွဲ၍ အခြားလေကြောင်းလိုင်းမှ လေယာဉ် သိပ်မရှိခြင်းပင်ဖြစ်သည်။ ဗြိတိသျှ အဲယားဝေး နှင့် အဲယားဖရန့် မှ လေယာဉ်အချို့ကိုတော့ လေဆိပ်ထဲတွင် ရပ်ထားသည်ကို တွေ့ရသည်။

ချက်ရီပတ်ဘလစ်မှာ ထိုစဉ်က ရှန်ဂန်နိုင်ငံ မဖြစ်သေးသဖြင့် ဗီဇာသတ်သတ် ထပ်ယူရသည်။ ကျွန်တော် ဗီဇာစောင့်နေသဖြင့် တစ်ရက် နှစ်ရက်ခန့် နောက်ကျပြီးမှ ရောက်လာခြင်းဖြစ်သည်။ ကျွန်တော်တို့ ဥရောပရုံးခွဲမှ ဒတ်ခ်ျအင်ဂျင်နီယာက ပါဒူဘီဆေး(Pardubice) က စက်ရုံမှာပင် စောင့်နေမည်။ ဌာနေကိုယ်စားလှယ် တစ်ယောက်ကို အကြိုလွှတ်လိုက်မည်ဟု ကျွန်တော့်ကို လှမ်းပြောထားသည်။ ဒေသခံကိုယ်စားလှယ်က ကျွန်တော့်အမည် ရေးထားသော ဆိုင်းဘုတ်ကို ကိုင်၍စောင့်နေသည်။ ကျွန်တော် သူနှင့်တွေ့ပြီး လက်ဆွဲနှုတ်ဆက်တော့ သူကျွန်တော့်အမည်ကို ပီသအောင် မခေါ်တတ်။ ကျွန်တော်ကလည်း နည်းနည်း အရွဲ့တိုက် တတ်သည်။ အချိန်ပိုင်း အလုပ်လုပ်တုန်းက အင်္ဂလိပ်အမည် ရှိသော်လည်း ကျွန်တော် ကျောင်းပြီးသည်နှင့် ထိုအမည်ကို ဖျောက်ပစ်လိုက်သည်။ ငါတို့တောင် သူတို့နာမည် လိုက်ခေါ်ရသေးတာ သူတို့လည်း ငါ့မြန်မာနာမည် ခေါ်တတ်အောင် ခေါ်ပေ့စေ ဆိုပြီး အရွဲ့တိုက်ခြင်း ဖြစ်သည်။

ကျွန်တော်တို့ နှစ်ယောက်သား လေဆိပ်မှ စထွက်သည်နှင့် ပြသနာ စကြုံရသည်။ ကျွန်တော့်ကို လာကြိုသော ချက်လူမျိုးက သူ၏ ယာဉ်ရပ်နား လက်မှတ် ပျောက်သွားသဖြင့် ကားကို လေဆိပ်အပြင်သို့ ပြန်ထွက်၍မရ။ ဂိတ်ဝရောက်မှ ကျွန်တော်တို့ ပျားတုတ်နေသည်။ နောက်ဆုံး ရှာမတွေ့သည့်အဆုံးတွင် ကားကို နောက်ပြန်ဆုတ်၍ အခြားကားတစ်စီး၏ နောက်မြီးကို ကပ်လိုက်ပြီး မောင်းတံ ပြန်မကျလာခင် လိုက်ထွက်ရသည်။ သူတို့လည်း ငါတို့လို ပေါက်တတ်ကရ လုပ်ကြတာပဲဟုတော့ တွေးမိသည်။

ပရက်ဂ်မှ ပါဒူဘီဆေးသို့ ၂ နာရီခန့်မျှ ကားမောင်းရသည်။ ပါဒူဘီဆေးတွင် လက်နက်စက်ရုံ နှင့် အီလက်ထရွန်းနစ် စက်ရုံများရှိသည်။ ချက်မှ ဌာနေကိုယ်စားလှယ်နှင့် ကျွန်တော် ကားပေါ်တွင် အတော်ပင် လေပေးဖြောင့် လာကြသည်။ သူက ကျွန်တော့်ကို ဥရောပသို့ ဒါပထမဆုံးအကြိမ် ရောက်တာလား ဟုမေးသည်။ ကျွန်တော်က အင်္ဂလန် နှင့် အိုင်ယာလန်တော့ ရောက်ဖူးကြောင်းပြောတော့ သူက အင်္ဂလန်နှင့် အိုင်ယာလန်မှာ ဥရောပမဟုတ် ကျွန်းတွေသာ ဖြစ်သည်ဟု ပြောသည်။ သူဘာလို့ အဲဒီလို ပြောသလဲတော့ နားမလည်ပါ။ ဘယ်လိုပဲပြောပြော ကမ္ဘာ့ပထဝီတွင်တော့ ယူကေသည် ဥရောပတိုက်အတွင်းမှာပင် ရှိပါသည်။

သူ့ထံမှ ချက်ကိုစလိုဗက်ကီးယားမှ ချက်သမ္မတနိုင်ငံ နှင့် စလိုဗက်ကီးယား နှစ်နိုင်ငံ ကွဲထွက်သွားသည့် အကြောင်းတွေ၊ သူတို့ ငယ်ငယ်တုန်းက ရုရှားစာကို ဆယ်စုနှစ်တစ်ခုမျှ သင်ခဲ့ရသည့် အကြောင်းတွေ စသည်ဖြင့် ချက်သမ္မတနိုင်ငံ အကြောင်းစုံစုံလင်လင် သိရသည်။ သူတို့သည် ကွန်မြူနစ်အစိုးရကို ၁၉၈၉ ခုနှစ်တွင် ဖြုတ်ချခဲ့သည်။ ယခုအခါ သူတို့နိုင်ငံသည် ဒီမိုကရေစီ၏ အသီးအပွင့်များကို ခံစားနေရပြီဖြစ်သည်။

ဒီမိုကရေစီ၏ အသီးအပွင့်သာ မဟုတ်။ သူတို့နိုင်ငံတွင် သာမန်အသီးအပွင့်များလည်း အများအပြား စားရန်ရှိသည်။ လမ်းဘေးဝဲယာတလျှောက်တွင် သစ်သီးပင်များ အများအပြားစိုက်ပျိုးထားသည်။ ပန်းသီးစိမ်းများ ၊ ပန်းသီးနီများ နှင့် အခြားအသီး ပေါင်းစုံတို့ဖြစ်သည်။ သူ၏ အပြောအရ ကွန်မြူနစ်အစိုးရ လက်ထက်က ပြည်သူတို့ ဆင်းရဲလွန်းသဖြင့် တစ်မြို့မှတစ်မြို့ လမ်းလျှောက်သွားကြရသည်။ လမ်းတွင် ဗိုက်ဆာလျှင် စားစရာမရှိသဖြင့် နောက်လူများ ခူးဆွတ်စားနိုင်ရန် သစ်ပင်များ စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်းပင် ဖြစ်သည်။

လမ်းတွင် ရဲတိုက်ကြီးတစ်ခုကိုလည်း တွေ့ရသည်။ ချက်မိတ်ဆွေ၏ အပြောအရ ၁၇ ရာစုမှ ဆောက်လုပ်ခဲ့သော ရဲတိုက်ကြီးဟု သိရသည်။ ဘာဖြစ်လို့မှန်းတော့ မသိ။ ရဲတိုက်ကြီးတွေကို မြင်လျှင် ကျွန်တော် အတော် သဘောကျတတ်သည်။ ကျွန်တော်လည်း ချက်လူမျိုး စကားဆို၍ မသင်ရဘဲ တစ်လုံးတော့ တတ်ခဲ့ပါသည်။ "ဘဲဘဲဘဲ" ဆိုသည်ကို ရေဒီယိုကြော်ငြာတွင် ခဏခဏကြားရတော့ နောက်တော့ "ဘဲဘဲဘဲ" ဆိုသည်မှာ "www" ကို ခေါ်ကြောင်း သဘောပေါက်သွားသည်။

လမ်းတွင် လမ်းနံဘေးက စားသောက်ဆိုင် တစ်ဆိုင်တွင် ရပ်နား၍ နေ့လည်စာ စားကြသည်။ သူတို့လည်း ထမင်းစားကြောင်း သိရသဖြင့်တော့ အံသြမိသည်။ ဆိုင်တွင် အသားကင် သို့မဟုတ် ငါးကင်ကို ထမင်း၊ အာလူးပြုတ် သို့မဟုတ် Dumpling ကြိုက်ရာဖြင့် မှာ၍ရကြောင်း ပြောသည်။ ကျွန်တော်လည်း စင်ကာပူက လာတဲ့ကောင်ပဲလေ။ ဘာရလိမ့် မလဲ။ Dumpling ဆိုတာ ဖက်ထုပ်ကို စင်ကာပူမှာ ခေါ်တာတော့ သိထားသည်ပေါ့။ အဲဒါကြောင့် Dumpling နဲ့ ဝက်သားကင် တစ်ပွဲဆိုပြီး မှာလိုက်သည်။

စားစရာတွေ ရောက်လာတော့ ဝက်သားကင်နှင့်အတူ ပြုတ်ထားသလား ကြော်ထားသလား ပြုတ်ကြော်ပဲလုပ်ထားသလား မသိသော အရွက်များ ပါလာသည်။ အဲဒါဘာလဲ ဟု ကျွန်တော့်အဖော်ကို မေးတော့ Dumpling ဆိုတာ အဲဒါပဲဟု သူကပြောသည်။ မှားတဲ့အခါလည်း မှားပေမပေါ့။ ရောက်လာမှ တော့လည်း မထူးပါဘူး သဘောပိုက်၍ ထိုအရွက်တွေကိုပဲ ကုန်အောင် စားရသည်။

ကျွန်တော် စက်ရုံကို ရောက်သွားတော့ နေ့လည် ၂ နာရီခွဲခန့်ရှိနေပြီ ဖြစ်သည်။ စက်ရုံမှ ကျွန်တော်တို့ စက်တွင် ဆော့ဖ်ဝဲက နည်းနည်း ဒုက္ခပေးနေသည်။ ပြသနာတစ်ခုကိုတော့ စင်ကာပူမှာ ကတည်းက ရှာတွေ့ပြီးဖြစ်သည်။ စက်မှာ ပစ္စည်းတစ်ခုကို လေဆာဖြင့် နံပါတ်ရိုက်ပြီး၍ စက်ထဲမှ ထွက်တော့မည်ဆိုတိုင်း ၁မိနစ်ခွဲ ၂ မိနစ်ခန့် အမြဲရပ်နေပြီးမှ ဆက်၍ အလုပ်လုပ်လေ့ရှိသည် ဆိုတာ စက်ရုံမှ ကြားရသည်။ ကျွန်တော် ဆော့ဖ်ဝဲကို ဖွင့်ကြည့်တော့ ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက် ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်၏ ပညာစွမ်းများကို မြင်ရသည်။

ကျွန််တော်တို့ စက်မှာ စက်ရုံရှိ Oracle Database နှင့် ချိတ်ထားသဖြင့် ပစ္စည်းတစ်ခု တွင် နံပါတ်ရိုက်ပြီးတိုင်း ရိုက်ထားသမျှ နံပါတ်တို့ကို Oracle Database မှာ သွားရေးထားရသည်။ ပုံမှန်အားဖြင့် "Insert xxx" စသည်ဖြင့် SQL Statement ကို ရေးလေ့ရှိသော်လည်း သူက ထိုသို့မရေးပဲ "Select *" ဖြင့် ရှိသမျှ ဒေတာ အကုန်လုံးကို Recordset ပေါ်သို့ ဆွဲချသည်။ ထို့နောက်တွင်မှ နံပါတ်အသစ်များ ကို Recordset ထဲတွင် ထည့်၍ Recordset တစ်ခုလုံးကို ဒေတာဘေ့စ်ထဲသို့ Update လုပ်သည်။ အမှန်တကယ်ကတော့ ထိုနည်းမှာ VB6 စာအုပ် အတော်များများတွင် အလွယ်သင် ရေးထားသော နည်းဖြစ်သည်။ အခုအခါတွင် ဒေတာဘေ့စ်ထဲတွင် အချက်အလက် သောင်းချီပြီး ရှိနေသဖြင့် Select လုပ်ရသောအချိန်နှင့် RecordSet တစ်ခုလုံးကို ပြန်၍ Update လုပ်ရသော အချိန်မှာ မိနစ်ပိုင်းမျှ ကြာနေခြင်း ဖြစ်သည်။ ထိုပြသနာမှာ SQL Statement ကို "Select *" မှ "Insert xxx" ပြင်၍ ကုတ်ဒ်အနည်းငယ် ပြင်ရေးလိုက်သည်နှင့် အဆင်ပြေသွားသည်။

အခြားပြသနာများကတော့ အသေးအမွှားကလေးများသာ ဖြစ်သည်။ ထိုညနေတွင်ပင် ပြသနာ အချို့ကို ဖြေရှင်း၍ ပြီးသွားသည်။ ကျွန်တော်တို့ကို စက်ရုံမှ အင်ဂျင်နီယာ တစ်ယောက်က ညနေစာ စားရန်အတွက် ဆိုင်ကောင်းကောင်း တစ်ဆိုင် ညွှန်ပေးလိုက်သည်။ ထိုစားသောက်ဆိုင်က ကျွန်တော်တို့တည်းခိုသော ဟိုတယ်အနီးတွင် ပင်ဖြစ်သဖြင့် လမ်းလျှောက်၍သွားကြသည်။ ဆိုင်ရောက်တော့ ရေးထားသမျှ မီနူးတွေက အင်္ဂလိပ်လိုမရှိ။ ဂျာမန်ဘာသာ နှင့် ချက်ဘာသာ ၂ မျိုးဖြင့်သာရှိသည်။ ကျွန်တော့်ရုံးမှ ဒတ်ခ်ျအင်ဂျင်နီယာက ဂျာမန်လို ကောင်းကောင်းတတ်သဖြင့် သူက ကျွန်တော့်ကို ဖတ်ပြသဖြင့်သာ အဆင်ပြေသွားသည်။ ထိုနေ့က ပေါင်မုန့်အတွင်းတွင် အပေါက်ဖောက်၍ ထည့်ထားသော ဟင်းချိုကို ပထမဦးဆုံးအကြိမ် မြည်းစမ်းဖူးခြင်း ဖြစ်သည်။

ကျွန်တော်တို့ ပြန်လာတော့ လမ်းတွင် လမ်းလျှောက်နေသူများ ဘတ်စ်ကား စောင့်နေသူများကို တွေ့ရသည်။ ကျွန်တော်တို့အတွက် ဟိုတယ်က နီးသဖြင့် ကိစ္စမရှိသော်လည်း သူတို့ကိုတော့ သနားမိသည်။ အပြင်တွင် ဆောင်းရာသီက မေရိုးခိုက်အောင် အေးသည်မဟုတ်လား။ သို့သော် ဤနိုင်ငံမှာ ဆင်းရဲသော နိုင်ငံဖြစ်သဖြင့် အိမ်မဲ့ယာမဲ့များပင် အများအပြားရှိသေးသည်။ မြို့တော်ဖြစ်သော ပရက်ဂ်တွင်တော့ ဆောင်းရာသီတွင် အိမ်မဲ့ယာမဲ့များ နေနိုင်ရန် ယာယီတဲကြီးများကို စည်ပင်သာယာမှ စီစဉ်ပေးထားသည်ဟု သတင်းစာတွင် ဖတ်ရသည်။

ချက်ရီပတ်ဘလစ်မှ ကောင်မလေးများကို ကြည့်ရသည်မှာ အလွန်အဆင်ပြေပါသည်။ ကျွန်တော်တို့ အာရှမျက်စိဖြင့် ကြည့်ပါက ချောသည် ဟု မသတ်မှတ်နိုင်သောလည်း အခြားဥရောပသူများ နှင့် ယှဉ်ကြည့်ပါက ကြည့်လို့ အတော် အဆင်ပြေသည်ကိုတော့ သတိထားမိပါသည်။

ညဘက် ဟိုတယ်ပြန်ရောက်တော့ အခန်းထဲတွင် ဂြိုလ်တု တယ်လီဗွီရှင်း နှင့် ဝိုင်ယာလက်စ် အင်တာနက် ရှိသဖြင့် သိပ်တော့ မဆိုးလှပေ။ ဂြိုလ်တုတွင် လိုင်းပေါင်း ၈၀၀ ခန့် ပါသော်လည်း ဥရောပဂြိုလ်တုဖြစ်သဖြင့် လိုင်းတော်တော်များများက ကိုယ်နားမလည်သော ဘာသာစကားများနှင့်ပြောနေသည်။ Victoria Secret ၏ ဖက်ရှင်ရှိုး နှင့် တီဗွီတွင် ကိုယ့်ဘာသာကိုယ် ကြော်ငြာနေသော မိန်းကလေးများကတော့ ကျွန်တော့်အတွက် နည်းနည်းထူးဆန်းနေသည်။ ယခင်က ဒါမျိုး တစ်ခါမှမတွေ့ဖူး၍ ဖြစ်သည်။

ကျွန်တော် အီးမေးလ်ဖွင့်၍ ရုံးသို့ ရီပို့တစ်စောင် လှမ်းရေး၍ပို့ပြီးနောက် အိပ်ယာပေါ်တွင် ခဏလှဲနေစဉ်ပင် အိပ်ပျော်သွားခဲ့သည်။ ထိုညက ဘယ်အချိန်အိပ်ပျော်သွားသလဲပင် သတိမထားမိလိုက်ပါ။

1 comment:

sin dan lar said...

ချက် က Miss Universe တစ်ယောက်ရတာ အရမ်းလှတယ်...။