စာအုပ်တစ်အုပ်ရဲ့ စာမျက်နှာ တစ်မျက်နှာကို ဖတ်ဖို့ ၃ မိနစ်လောက် အချိန်ကြာပါတယ်။ အင်း ကောင်းပြီ။ စာရင်းဇယား တွေအရ ကြည့်မယ်ဆိုရင် အဲဒီအချိန်အတွင်းမှာ လူအယောက် ၃၀၀ဟာ သေဆုံးသွားပြီး ကလေးငယ် ၆၂၀ ဟာ မွေးဖွားလာ ကြပါတယ်။
အက်ဆေး စာမျက်နှာတစ်မျက်နှာကို ရေးဖို့ နာရီဝက်လောက် အချိန်ပေးရပါတယ်။ ကျွန်တော်ဟာ ကွန်ပြူတာရှေ့မှာ ထိုင်နေမယ်။ ကျွန်တော့်နံဘေးမှာ စာအုပ်တွေအားလုံး ရှိနေမယ်။ ကျွန်တော့် ခေါင်းထဲမှာ အတွေးတွေရှိနေမယ်။ အပြင်မှာ ကားတွေ ဖြတ်မောင်းနေကြမယ်။ အားလုံးဟာ ကြည့်လိုက်ရင်တော့ လုံးဝ ပုံမှန်ပါပဲ။ ဒါပေမယ့် အဲဒီမိနစ် ၃၀ အတွင်းမှာ လူ ၃၀၀၀ ဟာ သေဆုံးသွားကြပြီး ကလေးငယ် ၆၂၀၀ ကတော့ ကမ္ဘာလောကကြီးရဲ့ အလင်းရောင်ကို ပထမဦးဆုံးအကြိမ်အနေနဲ့ မြင်ဖူးကြပါတယ်။
အခုလတ်တလော ဆုံးရှုံးသွားတဲ့ လူတစ်ဦးတစ်ယောက်အတွက် စတင်ပြီး ဝမ်းနည်းကြေကွဲ နေကြတဲ့ ဒါမှမဟုတ် သားတစ်ယောက်၊ သမီးတစ်ယောက်၊ တူတစ်ယောက်၊ တူမတစ်ယောက်၊ ညီငယ်တစ်ယောက်၊ ညီမငယ်တစ်ယောက် စသည့်ဖြင့် တစ်စုံတစ်ယောက် လူ့လောက အလယ်ကို ရောက်လာလို့ ပြုံးရွှင်နေကြတဲ့ ထောင်ပေါင်းများစွာသော မိသားစုတွေဟာ ဘယ်မှာပါလဲ။
ကျွန်တော် ခဏတဖြုတ် နားပြီး တွေးကြည့်ပါတယ်။ ဖြစ်နိုင်တာက အဲဒီထဲက တစ်ချို့လူတွေကတော့ သူတို့ရဲ့ နစ်ရှည်လများ ခံစားနေရတဲ့ ဝေဒနာတွေ အဆုံးသတ် သွားကြတာ ဖြစ်မယ်။ တစ်ချို့ကတော့ သူတို့အတွက် ကယ်တင်ရှင် နတ်သမီး ရောက်ရှိလာ တဲ့အတွက် စိတ်သက်သာရာ ရသွားကြမယ်။ နောက်တစ်ခု ရှိတာက အခု လတ်တလောမှာ မွေးဖွားလာခဲ့တဲ့ ကလေးငယ်တွေထဲက ရာပေါင်းများစွာသော ကလေးငယ်တွေဟာ မကြာခင်မှာပဲ စွန့်ပစ်ခံကြရမယ်။ ကျွန်တော် ဒီစာမျက်နှာကို ရေးလို့မပြီးခင်မှာပဲ သူတို့ဟာ သေဆုံးသူတွေရဲ့ စာရင်းဇယားမှာ ပါဝင်သွားကြမယ်။
ဘယ်လောက်များ ထူးဆန်းပါသလဲ။ ကျွန်တော် ဖတ်မိတဲ့ စာရင်းအင်းက ရိုးရိုးရှင်းရှင်း ကလေးပါပဲ။ ဒါပေမယ့် ရုတ်တရက် ဆိုသလိုပဲ ကျွန်တော်ဟာ အဲဒီသေဆုံးမှုတွေ လူလောကထဲကို ရောက်ရှိလာမှုတွေ အပြုံးတွေနဲ့ မျက်ရည်တွေကို သတိပြုမိခဲ့ပါတယ်။ သူတို့တတွေထဲက ဘယ်နှစ်ယောက်ဟာ သူတို့နေထိုင်ရာ အခန်းတွေထဲမှာ တစ်ယောက်တည်း ရှိနေပြီး တစ်ဦးတစ်ယောက်မှ မသိလိုက်ရပဲ ဘဝကို စွန့်ခွာ သွားကြတာလဲ။ ဘယ်နှစ်ယောက်ကတော့ လျို့ဝှက်စွာ မွေးဖွားလာပြီး မိဘမဲ့ကလေး ဂေဟာတွေ ကွန်ဗင့်ကျောင်းတွေရဲ့ အပြင်မှာ စွန့်ပစ်ခံကြရတာလဲ။
ကိုယ့်ဘာသာကိုယ် ပြန်တွေးမိတာကတော့ ကျွန်တော်ဟာ တစ်ချိန်တုန်းက အဲဒီလို မွေးဖွာလာတဲ့ ကလေးငယ်တွေရဲ့ စာရင်းမှာ ပါဝင်ခဲ့ပြီး တစ်နေ့မှာတော့ သေဆုံးသူတွေရဲ့ ကိန်းဂဏန်းမှာ တစ်ခု အပါအဝင် ဖြစ်သွားမှာပါ။ ကျွန်တော်ဟာ သေမယ့်သူတစ်ယောက် ဆိုတာကို သတိပြုမိတာကတော့ ကောင်းတဲ့အချက် တစ်ချက်ပါ။ ကျွန်တော် စန်တီယာဂိုကိုသွားတဲ့လမ်း (ခရစ်ယာန် ဘုရားဖူးများ သွားလေ့ရှိသော စပိန်နိုင်ငံ စန်တီယာဂိုဒီ ကွန်ပိုစတယ်လာ သို့သွားသောလမ်း) မှာ လျှောက်ပြီးခဲ့တဲ့ အချိန်ကတည်းက ကျွန်တော်တို့ရဲ့ ဘဝတွေဟာ ပုံမှန်အတိုင်း ဆက်သွားနေမှာ ဖြစ်ပေမယ့်၊ ကျွန်တော်တို့ဟာ ထာဝရ တည်ရှိနေမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့ ရှင်သန်နေထိုင်မှုဟာ တစ်နေ့မှာတော့ အဆုံးသတ်ရမှာဖြစ်တယ် ဆိုတာကို နားလည် သဘောပေါက် ခဲ့ပါတယ်။
လူတွေက သေခြင်းတရားအကြောင်းကို များများစားစား တွေးလေ့မရှိကြပါဘူး။ သူတို့ရဲ့ ဘဝတွေကို ရယ်စရာ ကောင်းတဲ့ ကိစ္စတွေအတွက် စိုးရိမ်ပူပန်ရင်း ကုန်ဆုံးလေ့ ရှိကြတယ်။ သူတို့ဟာ လုပ်စရာရှိတာကို မလုပ်ပဲ ဟိုရွှေ့ဒီရွှေ့ လုပ်ကြတယ်။ အရေးပါတဲ့ အချိန်ကာလတွေကို သတိမပြုမိကြဘူး။ သူတို့ဟာ မစွန့်စားရဲ ကြဘူး။ ဘာဖြစ်လို့ လဲဆိုတော့ စွန့်စားတာဟာ အန္တရာယ် ရှိတယ်လို့ မြင်နေကြတယ်။ သူတို့ဟာ အရာ အတော်များများကို မကျေမနပ် ညည်းတွား နေကြတယ်။ ဒါပေမယ့် လုပ်သင့်တာကို လုပ်ဖို့ကြတော့ ကြောက်ရွံ့ နေကြတယ်။ သူတို့ဟာ အရာအားလုံးကို ပြောင်းလဲ စေချင်ကြတယ်။ ဒါပေမယ့် သူတို့ ကိုယ်တိုင်တော့ ပြောင်းလဲပစ်ဖို့ ငြင်းဆန်နေကြတယ်။
တကယ်လို့များ သူတို့ဟာ သေခြင်းတရားအကြောင်းကို နည်းနည်းလေး ပိုပြီး တွေးမိကြမယ် ဆိုရင်တော့ နေ့ရွှေ့ညရွှေ့ လုပ်ထားတဲ့ ခေါ်စရာရှိတဲ့ တယ်လီဖုန်းတွေကို ခေါ်ဖို့ ဘယ်တော့မှ မေ့ကြမှာ မဟုတ်ဘူး။ သူတို့ နည်းနည်းလေးပိုပြီး မိုက်မိုက်ကန်းကန်း ဖြစ်လာကြမယ်။ အခုလက်ရှိ အသက်ရှင်သန်နေထိုင်မှု အဆုံးသတ် သွားမှာကို ကြောက်ရွံ့ကြတော့မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ ဖြစ်လာမယ့် ကိစ္စတစ်ခု အတွက် သူတို့ဟာ ကြောက်ရွံ့မှာ မဟုတ်တော့လို့ပါ။
“ဒီနေ့ဟာ အခြားနေ့တွေလိုပဲ ဒီကမ္ဘာလောကကနေ ထွက်ခွာသွားဖို့ ကောင်းတဲ့ နေ့တစ်နေ့ဖြစ်တယ်။ ” ဆိုတဲ့ အိန္ဒိယလူမျိုးတွေရဲ့ ဆိုရိုးစကားတစ်ခု ရှိတယ်။ “သေခြင်းတရားဟာ မင်းရဲ့ဘေးနားမှာ အမြဲတမ်း ထိုင်နေတယ်။ မင်းအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်စရာရှိတဲ့အခါမှာ လိုအပ်တဲ့ ခွန်အားနဲ့ သတ္တိတွေကို မင်းကိုပေးဖို့အတွက်။” လို့လည်း ပညာရှိတစ်ယောက်က ပြောဖူးတယ်။
ဒီလောက်အထိ ဖတ်ပြီးခဲ့တဲ့ စာဖတ်သူတွေအတွက် ကျွန်တော် မျှော်လင့်ပါတယ်။ သေခြင်းတရားကို ကြောက်ရွံ့တာဟာ ရူးသွပ်မှုတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အားလုံးဟာ မကြာခင် ဒါမှမဟုတ် ကာလတစ်ခုမှာ သေဆုံးကြရမှာ မို့ပါ။ ဒီအချက်ကို လက်ခံတဲ့သူတွေကပဲ ဘဝအတွက် ပြင်ဆင်ဖို့ အချိန်ရ ကြပါတယ်။
(Paulo Coelho ၏ Like the flowing River: Thoughts and Reflection မှ Living your own legend ကို ပြန်ဆိုထားပါသည်။)
ဒီလင့်ခ်ကလေးကို သွားကြည့်ဖို့ အကြံပေးလိုပါတယ်။
http://www.deathclock.com
8 comments:
ရေးထားတာဘဲဖတ်သွားတယ်။ လင့်ကိုမသွားဘူး။
အဟဲ ပထမဆုံးထင်တာပဲ... ဦးလိုက်ဦးမယ် နေရာ
ဒါတောင် နတ်ပြည်ပို့ရမယ့် မမက ဦးသွားသေးတယ် ရှိစေတော့...
နံရံရဲ့အခြားဖက်မှာ ဘာရှိမလဲ မသိလို့ ကြောက်နေတာမျိုး... အသားကျသွားတဲ့အချိန်မှာ ပြန်ပျော်ရွှင်သွားမှာပါ
း)
အခုတစ်လော လေးလေးနက်နက်တွေချည်းပါလား...။ ပေါ့ပေါ့ပါးပါးတွေ လုပ်ပါ...။ သိပ်မတွေးချင်လို့...။
your day of death is 2034 တဲ့.. ကြောက်စရာကြီး သေဖို့ နီးလာပြီပေါ့... မလုပ်ဖူးတာတွေ လုပ်ထားမှ
ဟုတ်တယ်..မောင်ဇက်တီ.....ပေါ့ပေါ့ပါးပါး ဟီးဟီးဟားဟားလေးတွေ
လုပ်ပါ။ အစ်မက အသက်ကြီးပြီဆိုတော့ကာ.. ဒါမျိုးတွေဖတ်ရတာ
စိတ်နှလုံး မသာမယာဖြစ်တယ်လေကွယ်။
mm
ခုမှ ဆိုးလို့ မိုက်လို့ ကောင်းတုံး....
ဘယ့်နှယ့် သေစကားတွေ လာပြောနေတာလဲ....
ဘလော့တွေတောင်စုံအောင်မလည်ရသေးဘူးလေ။
Post a Comment