Search This Blog

Thursday, February 28, 2008

နှင်းပွင့်တွေကြားက ဖေဖော်ဝါရီ (၁)




ပြတင်းပေါက်မှ မျှော်ကြည့်လိုက်သောအခါ ဆွတ်ဆွတ်ဖြူနေသော နှင်းများကို မျက်စိတဆုံး မြင်နေရသည်။

အိမ်ခေါင်မိုးများပေါ်တွင် နှင်းလွှာထု က အထပ်လိုက် ကပ်ညိနေ ရုံသာမက မြေပြင်ပေါ်တွင် လည်း နှင်းထုက လွှမ်းခြုံထားသည်။

နှင်းရိုက်ခတ်သော ဒဏ်ကြောင့် သစ်ပင်တို့မှာ အရိုးပြိုင်းပြိုင်းသာ ကျန်ရစ်ပြီး ကျန်ရစ်နေသော သစ်ရွက်များပေါ်တွင် နှင်းဖတ်တို့က ကပ်ညိတွဲခို နေကြသည်။

ဒီနေ့ အလုပ်အားရက်ဖြစ်သဖြင့် အပြင်သွားရန် စီစဉ်ထားသည်။

စားပွဲပေါ်မှ ကျောပိုးအိတ်ကို လွယ်ရင်း ကျွန်တော်၏ တစ်နေ့တာ ခရီးစဉ်စတင်လိုက်သည်။

ဟိုတယ်တွင် ဒီနေ့ ဧည့်သည်များများစားစား မရှိပါ။ ယခုအချိန်သည် အားလပ်ရက် ခရီးထွက်သည့်ရာသီမဟုတ် သဖြင့် အလုပ်ကိစ္စဖြင့် လာရောက်ကြသူများသာ ဟိုတယ်တွင် တည်းခိုကြသည်။ ဥရောပတွင် စနေ တနင်္ဂနွေ နေ့များတွင် အလုပ်လုပ်သူအားလုံး အိမ်ပြန်လေ့ရှိကြပါသည်။ ထို့ကြောင့် ဟိုတယ်တွင် ခရီးဝေးမှလာသော ကျွန်တော့်လို ဧည့်သည်မျိုးမှ အပ များများစားစား မကျန်ခဲ့ပါ။

ဟိုတယ်အပြင်ဘက်ရောက်တော့ ပိုလန်ဆောင်း၏ အေးစိမ့်သော လေညင်းက ကျွန်တော့်ကို ခိုက်ခိုက်တုန်သွားအောင် ဆီးကြို နှုတ်ဆက်လိုက်သည်။

ကျွန်တော် အနွေးထည်အင်္ကျီမှ ခေါင်းစွပ်ကို စွပ်ပြီး လည်ပင်းဖုံးအောင် ဇစ်တပ်လိုက်သည်။

တစ်ကိုယ်လုံးနွေးထွေးသွားသလို ခံစားရသော်လည်း လွတ်နေသော ကျွန်တော်၏ မျက်နှာကို လေအေးကြမ်း က ရိုက်ခတ်ကျီစယ်နေသေးသည်။

လမ်းမပေါ်တွင် တင်ကျန်ခဲ့သော နှင်းတွေကြားမှာ လမ်းလျှောက်ရခြင်းသည် ကျွန်တော့်အတွက် ထူးခြားသော ခံစားမှုတစ်မျိုးပင် ဖြစ်သည်။ နှင်းများပေါ်တွင် ကျွန်တော်၏ ဖိနပ်ရာက ကွက်ကွက်ကွင်းကွင်း ထင်ကျန်ခဲ့သည်။

ကျွန်တော် အခုရောက်ရှိနေသော နေရာမှာ ပိုလန်နိုင်ငံ ဂဒိုင့်(စ်)(Gdansk) မြို့နှင့် မနီးမဝေးတွင် ရှိသော ဆွာ့စ်ကီး (Pszczolki) ဆိုသည့် တောမြို့ကလေး တစ်မြို့ ဖြစ်သည်။

သူတို့ဆီတွင်တော့ ဒီနေရာ ကို ကျေးရွာ ဟုခေါ်လေသလားမသိပါ။

ဤအရပ်တွင် အဆောက်အဦး မြင့်မြင့်မားမားမရှိ။ လေးထပ်တိုက်သည် အမြင့်ဆုံး ဖြစ်မည်ထင်သည်။ တစ်ထပ်နှင့် နှစ်ထပ်အိမ်များကို သာ အများအပြားတွေ့ရသည်။

ဟိုတယ်မှ လမ်းနှစ်ဆစ်ချိုးလောက် လျှောက်ပြီးနောက် ရထားစီးရမည့် ဘူတာရုံ ကလေးသို့ ရောက်ခဲ့သည်။




ဘူတာရုံကလေးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် တွေ့နေကျ အင်္ဂလိပ်ခေတ်က အဆောက်အဦး ကလေးများ နှင့် အလားသဏ္ဌန်တူသည်။

သို့သော် အအေးလွန်၍ နှင်းကျသော အရပ်ဒေသတွင် ဆောက်လုပ်ထားသော အဆောက်အဦး ဖြစ်သဖြင့် နှင်းများတင်မကျန်ရစ်စေရန် ရည်ရွယ်ထားသော အမိုးချွန်ချွန်များနှင့် မီးလင်းဖိုမှ မီးခိုးခေါင်းတိုင်များကို တွေ့မြင်နေရသည်။

အနီရောင်အုတ်တို့ က အဆောက်အဦးကလေး ၏ ဂန္တဝင်ဆန်အောင် ကူညီပံ့ပိုးထားသကဲ့သို့ပင် ဖြစ်သည်။

ကျွန်တော် ဘူတာရုံအတွင်းသို့ လှမ်းဝင်၍ ရထားအချိန်ဇယားကို ဖတ်ကြည့်မိသည်။

ကျွန်တော်စီးမည့်ရထားက နောက်မိနစ်နှစ်ဆယ်ခန့် အကြာတွင် လာမည်ဖြစ်သည်။ ရထားအချိန်ဇယား၏ နောက်ဖက်မှ လက်မှတ်ရောင်း ကောင်တာတွင် ကျွန်တော်သွားချင်သော ဂဒိုင့်စ် ဂလော်နီ(Gdansk Glowny) ဘူတာ၏ နာမည် ကို ပြော၍လက်မှတ်တစ်စောင်ပေးရန် ပြောလိုက်သည်။ ပိုလန်စာလုံးပေါင်းကို ကျွန်တော် အသံထွက်သည် ကို သူတို့ နားမလည်ပါ။ ကျွန်တော် ပိုလန်ရှိမြို့အမည်များတွင် ဝါဆော (Warsaw) မှလွဲ၍ ကျန်သော မြို့အမည် ဟူသမျှကို သူတို့ နားလည်အောင် အသံမထွက်တတ်။

ပိုလန်နိုင်ငံသား ဋ္ဌာနေကိုယ်စားလှယ်ပေးလိုက်သော ရထားအချိန်စာရင်း လမ်းညွှန်စာရွက်ပါ၍သာ တော်တော့သည်။ သွားချင်သော မြို့အမည်ကို ရထားအချိန်စာရင်း စာရွက်ပေါ်တွင် ထောက်ပြသော အခါကျွန်တော့်ကို လက်မှတ်တစ်စောင် ထုတ်ပေးသည်။

ပိုလန်ငွေနှင့် ၆ ဇွာတာ (zloty) ခန့်ကျသဖြင့် ယူရို နှင့် ပြန်တွက်လျှင် ၂.၄ ယူရိုခန့်မျှ ကုန်ကျမည်ထင်သည်။ ကျွန်တော် လက်မှတ်ကလေးကို ကိုင်၍ ရထားပလက်ဖောင်း ဘက်သို့ ထွက်ခဲ့သည်။

Sunday, February 24, 2008

ဘုန်းကြီးပြောတဲ့ ရှေးစကား (၁) - နွားသူခိုးကနုလီ

တစ်ခါတုန်းက ရွာတစ်ရွာ မှာ အလွန်ပျင်းသောကနုလီဆိုတဲ့ လူပျင်းတစ်ယောက် ရှိ လေသည်။
ကနုလီသည် အပျင်းအလွန်ထူပြီး သူ့အား ဘာမှ ခိုင်းမရပေ။
တစ်နေ့တွင် သူ့မိဘများကစပါးခင်းတွင် ငှက်ခြောက်ရန် တာဝန်ပေးထားသည်။
ကနုလီသည် စပါးခင်းဘေးထိုင်ပြီး ငှက်ခြောက်ရသည်ကိုပင် ပျင်းနေသေးသည်။

ထိုအချိန်တွင် တစ္ဆေတစ်ကောင်က ကနုလီ၏ ထမင်းထုပ်ကို ခိုးစားသည်။
သို့သော် ကနုလီသည် ကံကောင်းစွာဖြင့် တစ္ဆေကို လက်ရဖမ်းမိခဲ့သည်။
ကနုလီက တစ္ဆေကို ရိုက်မည်ပြုသောအခါ တစ္ဆေက မင်းငါ့ကို မရိုက်ပါနဲ့။ မင်းခိုင်းတာ ငါလုပ်ပေးပါ့မယ်။ ဟုတောင်းပန်လေသည်။
လူပျင်း ကနုလီက ခဏစဉ်းစားပြီး ကောင်းပြီ။ ငါအခု ငှက်ခြောက်ရတာ ပင်ပန်းတယ်။ မင်း ငါ့ရင်ဘတ်ကို ငါ့ကိုယ်စားထုပြီး ငှက်ခြောက်ပေးစမ်း ဟု တစ္ဆေကို ခိုင်းသည်။
တစ္ဆေက ကောင်းပြီ။ ငါမင်းကိုယ်ထဲဝင်ပြီး မင်းရဲ့ ကိုယ်စား ရင်ဘတ်ကို ထုပြီး အသံပေးမယ်။ ဟု ပြန်ပြောကာ ကနုလီ၏ကိုယ်ထဲသို့ ဝင်ကာ ရင်ဘတ်ကို ထုလေတော့သည်။
တစ္ဆေ၏ ရင်ဘတ်ထုသံကြောင့် ကနုလီမှာ ကိုယ်တိုင်ထပြီး ငှက်ခြောက်ရန်မလိုတော့ဘဲ သစ်ပင်ရိပ်တွင်သာ ဇိမ်ကျနေေလေသည်။
သို့သော် ညနေစောင်းသော အခါ ပြသနာစလေတော့သည်။ ကနုလီအိမ်ပြန်ရန် ပြင်သောအခါတွင် တစ္ဆေအား ရင်ဘတ်ထဲမှ ဆက်၍မထုရန် ပြောသည်။ သို့သော်သူ၏ ရင်ဘတ်ထဲ ရောက်နေသော တစ္ဆေမှာ မကြားပေ။
ဤသို့ဖြင့် ကနုလီ မှာ ရင်ဘတ်ထဲမှ တဒုန်းဒုန်း တဒိုင်းဒိုင်း အသံများဖြင့် အိမ်သို့ပြန်လာခဲ့သည်။

ညဘက်သို့ ရောက်သောအခါ သူ၏ ဆိုးဖော်ဆိုးဖက် ကာလသားများက နွားခိုးရန် လာ၍ အဖော်စပ်ကြသည်။ ကနုလီသည် သူငယ်ချင်းများနှင့် နွားခိုးလိုက်ချင်သော်လည်း သူ့ရင်ဘတ်ထဲမှ တဒုံးဒုံး တဒိုင်းဒိုင်း အသံများကြောင့် ဒုက္ခတွေ့နေသည်။
အကြံသမား ကနုလီက နောက်ဆုံးတွင် အကြံရပြီး သူ့ရင်ဘတ်ပေါ်တွင် စပါးလင်ခွေ အကြီးကြီးတစ်ခွေအား ရစ်ပတ်ကာ နွားခိုးလိုက်သွားလေတော့သည်။ စပါးလင်ခွေကြီး ကြောင့် သူ့ရင်ဘတ်မှ အသံမှာ မကြားရတော့ပေ။
သူတို့ နွားခိုးမည့်အိမ်ရှိ နွားတင်းကုတ်သို့ ရောက်သည် အထိအားလုံး အဆင်ပြေသည်။ သို့သော် နွားတင်းကုတ်ထဲရောက်သော အခါ နွားက သူ၏ အစာဖြစ်သော စပါးလင်ခွေကို လှမ်း၍ဆွဲလေတော့သည်။
ကနုလီသည် နွား၏ပါးစပ်ထဲမှ စပါးလင်ခွေကိုပြန်ဆွဲရန်ကြိုးစားသော်လည်း မအောင်မြင်ဘဲ မကြာခင် စပါးလင်တစ်ခွေလုံး ကျွတ်၍ နွားပါးစပ်ထဲ ပါသွားတော့သည်။
စပါးလင်ခွေ ကျွတ်သွားသောအခါ သူ့ရင်ဘတ်ထဲမှ တဒုံးဒုံး တဒိုင်းဒိုင်း အသံများ ပြန်ထွက်လာသည်။ ထိုအသံများ ကြောင့် အိမ်ရှင်များ နိုးလာကာ နွားသူခိုး ကနုလီမှာ အဖမ်းခံရလေတော့သည်။

Wednesday, February 20, 2008

ရင်တွင်းဖြစ်ခံစားမှု သို့ လွန်ခဲ့တဲ့ ၁၃ နှစ်က ရေးဖြစ်ခဲ့တဲ့ကဗျာ

အဆုံးအစမဲ့ ကောင်းကင်လို
မင်းကိုငါချစ်တယ်။
အခါလွန်မြည်တမ်းခြင်း
ရင်တွင်းမှာ ရှိနေတယ်။

ဖွင့်ဟချင်ပေမယ့်
မရေရာတဲ့စကားတွေ
လေထုထဲလွင့်ထွက်
ပျက်ပြယ်သွားခဲ့ကြ။

ခံစားချက်တွေမျိုချရင်း
စဉ်းစားမိ
စီးဆင်းနေတဲ့ နှလုံးသွေးကျသံ
အတိတ်မှာ ချန်ထားနိုင်ခဲ့ရင်
နာကျင်ခြင်းတွေ ကွယ်ပျောက်စေမှာပဲ။

(၁၉၉၅ ခုနှစ်လောက်က ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။)