တစ်ခါက ကျွန်တော်တို့ ကုမ္ပဏီရဲ့ စင်ကာပူရုံးကို ပြင်သစ် အင်ဂျင်နီယာ တစ်ယောက် အလုပ်ကိစ္စနဲ့ အလည်ရောက် လာပါတယ်။ ကျွန်တော်တို့လည်း ဧည့်သည်လာရင် လုပ်နေကျ အတိုင်း သူ့ကို အလုပ်ရုံထဲ လှည့်ပတ် ပြပါတယ်။ အလုပ်ရုံထဲ လျှောက်ကြည့်ပြီးတဲ့ အခါမှာတော့ ကျွန်တော်တို့ အားလုံး ဧည့်ကြိုကောင်တာနားက ဆက်တီခုံတွေမှာ ထိုင်ရင်း ရောက်တတ်ရာရာ ပြောနေ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ရုံးက အဝယ်တော် စလုံးမ အလန်ကလေး တစ်ယောက် ဘေးနားကနေ ဖြတ်လျှောက်သွားပါတယ်။ ကောင်မလေး ဖြတ်လျှောက်သွား ပြီးတော့ ပြင်သစ်က “ကောင်မလေးက လှတယ်ကွ။ နမ်းချင်စရာလေး။” လို့ ပြောပါတယ်။
ကျွန်တော်တို့လည်း နောက်တယ် မှတ်လို့ ပြုံးရုံပဲ ပြုံးပြီး ဘာမှ ပြန်မပြောကြပါဘူး။ အဲဒီမှာ သူက ဆက်ပြီး “ငါသွားနမ်းလို့ ရမလား မသိဘူး။” လို့ ပြောတော့ ကျွန်တော်တို့ အားလုံး မျက်လုံးပြူးသွား ကြပါတယ်။
စလုံး အင်ဂျင်နီယာ တစ်ယောက် ကတော့ “နမ်းချင်ရင် သွားနမ်းပေါ့။ စင်ကာပူမှာ ကံမကောင်းရင်တော့ ကြိမ်ဒဏ်ပဲ။” လို့ ပြန်ပြောပါတယ်။
ပြင်သစ်က အံ့သြတဲ့ ပုံစံနဲ့ “မင်းတို့တွေ သူ့ကို မနမ်းဖူးဘူးလား။ ဒီလောက် လှတာ။” ဆိုပြီး မေးပြန် ပါတယ်။
ကျွန်တော်တို့ အားလုံး ဝိုင်းရယ်ကြပါတယ်။ “နမ်းရအောင် ငါ့ရည်းစားမှ မဟုတ်တာ။ ပါးထရိုက်ရင် ဘယ်နှယ့်လုပ်မလဲကွ။” လို့ စလုံး အင်ဂျင်နီယာက ပြန်ပြော ပါတယ်။
ပြင်သစ်က “ရည်းစားမှ နမ်းလို့ရတာမှ မဟုတ်တာ။ ငါတို့ဆီမှာတော့ ရုံးမှာ ဒီလိုပဲ နမ်းနေကြတာပဲ။” ဆိုပြီး ကျွန်တော်တို့ကို ပြောပါတယ်။ ကျွန်တော်တို့လည်း သူပြောတဲ့ စကားကို သိပ်သဘော မပေါက်လို့ ရယြ်ပီးတော့ပဲနေခဲ့ ကြပါတယ်။
ဒီလိုနဲ့ပဲ နောက် လေးငါးလလောက် အကြာမှာတော့ ကျွန်တော် အလုပ်ကိစ္စနဲ့ ပြင်သစ်နိုင်ငံက စက်ရုံတစ်ရုံကို ရောက်သွားခဲ့ပါတယ်။ ပထမဆုံးနေ့ ကျွန်တော်တို့ စက်ရုံကို ရောက်တော့ အချိန်က မနက်ခင်း အတော် စောနေ ပါသေးတယ်။ စက်တွေရဲ့ တာဝန်ခံ ကျွန်တော်တို့နဲ့ အတူတူ အလုပ်လုပ်ရမယ့် ပြင်သစ် အင်ဂျင်နီယာ ရုံးကို ရောက်မလာ သေးပါဘူး။ ကျွန်တော်တို့ သူ့ကို ရုံးခန်းထဲကနေပဲ ထိုင်စောင့်နေကြပါတယ်။ ရုံးခန်းထဲမှာတော့ ပြင်သစ်သူ အမိုက်စား ကလေးတွေ တပုံတပင် ပါပဲ။
ခဏနေတော့ ပြင်သစ် အင်ဂျင်နီယာ ရုံးကို ရောက်လာပါတယ်။ သူရုံးထဲကို ဝင်ဝင်လာချင်းမှာပဲ ကောင်းသော နံနက်ခင်းပါလို့ အဓိပ္ပါယ်ရတဲ့ “ဘွန်ဂျိုး(Bonjour)” လို့ နှုတ်ဆက်ပြီး အဝင်ဝနားမှာ ပရင့်ထုတ် နေတဲ့ ကောင်မလေး တစ်ယောက်ကို ဖက်နမ်းလိုက် ပါတယ်။ ကောင်မလေးကလည်း သူ့ကို ပြန်နမ်းပါတယ်။ ရုတ်တရက် မထင်မှတ်တာ တွေ့လိုက်ရတော့ ကျွန်တော်လည်း အံအားသင့် သွားပါတယ်။ သူတို့ကတော့ ခပ်တည်တည် ပါပဲ။ သူတို့ အရမ်းခင်တဲ့ မိတ်ဆွေတွေ နေမှာပါလေ လို့တော့ စိတ်ထဲက တွေးမိပါတယ်။
ခဏနေတော့ ပြင်သစ်က သူထိုင်တဲ့ ခုံရှိတဲ့ နေရာကို လျှောက်လာပါတယ်။ အဲဒီမှာ နောက်ထပ် ကောင်မလေး တစ်ယောက်က ထိုင်နေရာက ထလာပြီး ဘွန်ဂျိုး လို့ နှုတ်ဆက် ပါတယ်။ နောက်တော့ အာဘွား လုပ်ကြ ပြန်ပါတယ်။ ငါ့ကောင် စော်အတော် ကြည်တာပဲဟ ဆိုပြီးတော့ စိတ်ထဲက တွေးနေ မိပါတယ်။ တွေးလို့မှ မဆုံးသေးဘူး။ နောက်တစ်ယောက် ထလာပြီး အာဘွား လုပ်ပြန်ပါတယ်။ သူတို့ ရုံးတက်တာလည်း ကလပ်တက် နေသလို ပါပဲ။
ကျွန်တော်နဲ့ အတူပါလာတဲ့ ဒတ်ခ်ျအင်ဂျင်နီယာက “ဒါက ပြင်သစ်မှာပဲ ရှိတာကွ။ ငါတို့ ဟော်လန် မှာတောင် ဒါမျိုး မရှိဘူး။” လို့ ပြောပါတယ်။
ကျွန်တော်က ဒတ်ခ်ျကို “မင်းပါ ဝင်နမ်းလေကွာ။” လို့ စ တော့ ဒတ်ခ်ျက တဟားဟားနဲ့ အော်ရယ်ပြီး “ဒါက ပြင်သစ်တွေရဲ့ ယဉ်ကျေးမှု ငါတို့ ယဉ်ကျေးမှု မဟုတ်ဘူး။” လို့ ပြန်ပြောပါတယ်။
အဲဒီလိုနဲ့ ပြင်သစ် အင်ဂျင်နီယာ သူထိုင်တဲ့ ခုံနားမှာ ရှိတဲ့ ကောင်မလေး အတော်များများနဲ့ အာဘွား လုပ်ပြီးတဲ့ အခါမှာတော့ ကျွန်တော်တို့ဆီကို ရောက်လာပါတယ်။ ကျွန်တော်တို့ ခဏတဖြုတ် ထိုင်ပြီး အလုပ်ကိစ္စ နည်းနည်းပါးပါး ဆွေးနွေးဖြစ် ကြပါတယ်။ ဆွေးနွေးလို့ပြီးတဲ့ အခါမှာတော့ စက်ကို သွားကြည့်ဖို့ ရုံးရှိတဲ့ စက်ရုံရဲ့ အပေါ်ထပ်ကနေ ထုတ်လုပ်ရေး ဌာန ရှိတဲ့ အောက်ထပ်ကို ဆင်းလာ ခဲ့ကြပါတယ်။ ပြင်သစ် အင်ဂျင်နီယာရဲ့ ဇာတ်လမ်းက မပြီးသေးပါဘူး။ လမ်းမှာ သူနဲ့ နှုတ်ဆက်သမျှ အော်ပရေတာ ကောင်မလေးတွေ အကုန်လုံးနဲ့ အာဘွား လုပ်ပါတယ်။ တစ်ချို့ ကောင်မလေးတွေကလည်း သူရှိတဲ့ နေရာကို တကူးတက လာပြီး အာဘွား လုပ်ကြ ပါတယ်။ နောက်ထပ် ပြင်သစ် အင်ဂျင်နီယာ တစ်ယောက် ထပ်ရောက် လာတော့လည်း အော်ပရေတာ ကောင်မလေးတွေနဲ့ အာဘွား လုပ်ကြပြန် ပါတယ်။ ကျွန်တော်တို့လည်း အထူးအဆန်းမို့လို့ တအံ့တသြ နဲ့ပဲ ကြည့်နေမိပါတော့တယ်။
ဒတ်ခ်ျက ကျွန်တော့်ကို “မင်းပြင်သစ်မှာ အလုပ်မလုပ်ချင်ဘူးလား။” လို့ ပြုံးစိစိနဲ့ မေးပါတယ်။
ကျွန်တော်လည်း ဘာမှ ပြန်မပြောဘဲ ရယ်နေလိုက် ပါတယ်။ ပြန်တွေးကြည့်တော့မှ စင်ကာပူကို လာလည်တဲ့ ပြင်သစ် အင်ဂျင်နီယာ ပြောသွားတဲ့ “ရည်းစားမှ နမ်းလို့ရတာမှ မဟုတ်တာ။ ငါတို့ဆီမှာတော့ ရုံးမှာ ဒီလိုပဲ နမ်းနေကြ တာပဲ။” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို သဘောပေါက် သွားပါတော့တယ်။
Search This Blog
Showing posts with label ပြင်သစ်. Show all posts

Wednesday, May 6, 2009
Friday, November 21, 2008
နော်မန်ဒီရဲ့ည
ကျွန်တော့် ရုံးမှ လုပ်ဖော်ကိုင်ဖက် ဒတ်ခ်ျအင်ဂျင်နီယာ ဟိုတယ်တွင် လာခေါ်သော အချိန်က ညနေစောင်းနေပြီ ဖြစ်သည်။ ထိုနေ့က တနင်္ဂနွေ ညနေခင်း ဖြစ်သဖြင့် အားလုံး တိတ်ဆိတ်နေဆဲဖြစ်သည်။ ဤအရပ်ဒေသတွင် တနင်္ဂနွေနေ့တိုင်းလိုလိုတွင် စားသောက်ဆိုင်မှ အပ မည်သည့်ဆိုင်မှ ဖွင့်လေ့မရှိသဖြင့် တိတ်ဆိတ်နေသည်မှာ အထူးအဆန်းတော့ မဟုတ်ပါ။
ကျွန်တော်ကားပေါ်သို့ရောက်တော့ သူက ကားပေါ်မှ တောမ်တောမ် (Tom Tom) ဟုခေါ်သော လမ်းကြောင်းပြကိရိယာပေါ်တွင် ကျွန်တော်တို့သွားရမည့် နေရာ ကို ရိုက်ထည့်သည်။ ထိုလမ်းကြောင်းပြကိရိယာမှာ ရှေ့မီတာ မည်မျှမောင်းပြီးလျှင် ကွေ့ရမည်။ နောက်ထပ် အချိန်မည်မျှ ကြာအောင် မောင်းရမည်။ ကီလိုမီတာ မည်မျှကြာအောင် မောင်းရမည် စသည်တို့ကို အချိန်နှင့်အမျှ ပြောင်းလဲ ညွှန်ပြပေးလေ့ရှိသည်။
ကျွန်တော်တို့ စတင်ခရီးထွက်ခွာလာသော နေရာမှာ ဟော်လန်တောင်ပိုင်းရှိ အုတ်စ်ဟောက် (Oosterhout) ဟုအမည်ရသည့် ကျေးရွာကလေးဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံ၏ အနေအထားဖြင့် ကြည့်မည်ဆိုပါက မြို့ငယ်တစ်မြို့ပမာပင်ဖြစ်သော်လည်း သူတို့နိုင်ငံတွင်မူ ရွာ(Village) ဟုသာ ခေါ်ကြသည်။ ထိုနေရာမှ နေ၍ ကျွန်တော်တို့ ဘယ်လ်ဂျီယံ နိုင်ငံကို ဖြတ်သန်း၍ ကီလိုမီတာ ၇၀၀ မျှအကွာတွင် ရှိသော ပြင်သစ်နိုင်ငံရှိ လစ်ဖာ (Liffre) ဆိုသည့် မြို့ငယ်ကလေးသို့ ဦးတည်သွားနေခြင်းဖြစ်သည်။
ဟော်လန်နိုင်ငံ၏ အဝေးပြေးလမ်းမများနှင့်တော့ ကျွန်တော်သိပ်မစိမ်းတော့ပါ။ ထိုလပိုင်းများအတွင်း အကြိမ်ပေါင်းမြောက်များစွာ ဖြတ်သန်းသွားလာခဲ့ပြီး ဖြစ်သည်။ ဤအဝေးပြေး လမ်းမပေါ်တွင် ကျွန်တော်တို့ အာရှ အဝေးပြေးလမ်းမများတွင် တွေ့ရလေ့မရှိသော ကာရာဗင်ခေါ် လူနေထိုင်သည့် နောက်တွဲအိမ်များကို ဆွဲ၍သွားလာသော ကားများ၊ စက်ဘီးများကို ကားခေါင်မိုးပေါ်တွင် ချည်နှောင်ထားသော ကားများ နှင့် မြင်းများကို နောက်တွဲအိမ်တွင် ထည့်၍သွားလာသော ကားများကို တွေ့ရတတ်သည်။ ထိုနေ့က တနင်္ဂနွေညနေစောင်း ဖြစ်သဖြင့် ထိုသို့သော ကားများကို မတွေ့ရပါ။ တနင်္ဂနွေသည် အားလုံး အားလပ်ရက် ခရီးထွက်ရာမှ ပြန်လာသော နေ့ဖြစ်ပြီး နောက်တစ်ပတ် လုပ်ငန်းကိစ္စအတွက် မည်သူမျှ စတင်၍ ခရီးမထွက်သေးသော နေ့ဖြစ်သည်။ ကျွန်တော်တို့ နှစ်ယောက်အတွက်မူ နောက်တစ်ပတ် ခရစ်စမတ် ရုံးပိတ်ရက် မတိုင်မီ အလုပ်အားလုံးကို လက်စသပ်ချင်သောကြောင့် စောစောစီးစီး ခရီးထွက်ခဲ့ကြခြင်းဖြစ်သည်။
နာရီပိုင်းမျှ မောင်းနှင်လာခဲ့ပြီးနောက် ကျွန်တော်တို့ ဘယ်လ်ဂျီယံနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ဘယ်လ်ဂျီယံနိုင်ငံရှိ အဝေးပြေးလမ်းမများ၏ ထူးခြားမှုမှာ မီးများကို လိုသည်ထက်ပို၍ လင်းထိန်နေအောင် ထွန်းညှိထားခြင်းပင်ဖြစ်သည်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်က ထိုမီးလုံးများကို ညွှန်ပြ၍ ဘာလို့ဒီလိုဖြစ်နေတာလဲ သိလား ဟုမေးသည်။ ကျွန်တော်က မသိကြောင်းပြောသောအခါ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်တွင် လျှပ်စစ်မီးလုံးထုတ်လုပ်သော ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ကြောင်းသူက ရယ်၍ပြောသည်။ မကြာခင် ကျွန်တော်တို့ Antwerp ဟုခေါ်သော နေရာသို့ ရောက်ခဲ့သည်။ ကျွန်တော့်မိတ်ဆွေက Antwerp ဆိုသည်မှာ ဒတ်ခ်ျဘာသာစကားဖြင့် Throw Hand ဟု အဓိပ္ပါယ်ရပြီး တစ်ချိန်က သူခိုးများ၏ လက်ကို ဖြတ်၍လွှတ်ပစ်သော နေရာဖြစ်သဖြင့် ဤအမည်တွင်ကြောင်းကို ရှင်းပြသည်။
မကြာမီကျွန်တော်တို့ ပြင်သစ်နိုင်ငံအတွင်းသို့ ရောက်ရှိခဲ့ကြပြီး ညစာစားသောက်ကြသည်။ ဥရောပဒေသတွင် ရှန်ဂန်သဘောတူညီချက် (Schengen Agreement) ကို လက်မှတ်ရေးထိုးထားသော နိုင်ငံများ၏ နယ်စပ်တွင် နယ်ခြားဂိတ်မရှိပေ။ ဟော်လန်၊ ဘယ်လ်ဂျီယံ နှင့် ပြင်သစ် ၃ နိုင်ငံလုံးမှာ ရှန်ဂန်နိုင်ငံများဖြစ်သဖြင့် နယ်ခြားဂိတ်များမရှိပါ။ ထို့နောက် ကျွန်တော်တို့ ပြင်သစ်နိုင်ငံ၏ အဝေးပြေး လမ်းမများပေါ်တွင် ဆက်လက်၍ ခရီးနှင်ခဲ့ကြသည်။
ပြင်သစ်နိုင်ငံအဝေးပြေးလမ်းမများတွင်မူ ကားများ ရှင်းလင်းလျှက်ရှိသည်။ အချို့နေရာများတွင် မီးပင်ထွန်းမထားပေ။ ပတ်ဝန်းကျင်ဒေသအားလုံးကို တိတ်ဆိတ်သော ပတ်ဝန်းကျင်နှင့် အမှောင်ထုကသာ လွှမ်းမိုးထားသည်။ ကျွန်တော်တို့ ကားထဲတွင်မူ ကျွန်တော့်မိတ်ဆွေဖွင့်ထားသော တက်ခနိုသီချင်းသံကသာ ဖုံးလွှမ်းထားသည်။ ထိုသီချင်းတော်တော်များများမှာ နားထောင်၍ကောင်းသော်လည်း ဥရောပ ဘာသာစကားများဖြင့် သီဆိုထား၍ တစ်ခုမှ နားမလည်ပါ။ ရိုမေးနီးယန်း အဆိုတော် Akcent ၏ Jokero၊ ဒတ်ခ်ျအဆိုတော်အဖွဲ့ Djumbo ၏ Boya Boya Bay ၊ အိုင်းရစ်အဆိုတော် Fonzerelli ၏ MoonLight Party၊ ဆွီဒင်အဆိုတော် Basshunter ၏ Botten Anna သီချင်းများမှာ ကျွန်တော်နားမလည်သော်လည်း ကြိမ်ဖန်များစွာ နားထောင်ပြီးဖြစ်သဖြင့် နားထဲတွင် စွဲလျှက်ရှိသည်။
ကျွန်တော်တို့ အလုပ်အကြောင်း ရယ်စရာများကို ပြောရင်း၊ လုပ်ငန်းအတွေ့အကြုံများကို ပြန်ပြောရင်း ညအတော်မိုးချုပ်သောအချိန်အထိ မှောင်မိုက်သော လမ်းမပေါ်တွင် ဆက်လက်ခရီးနှင်ခဲ့ကြသည်။ ကျွန်တော်၏ မိတ်ဆွေက “ညာဖက်ကို လှမ်းကြည့်လိုက်စမ်းပါ။ အဲဒါ နော်မန်ဒီကမ်းခြေပဲ။” ဟု တစ်နေရာအရောက်တွင် လှမ်းပြောသည်။ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ ဂျာမန်တို့ကို ကမ်းတက်တိုက်ခိုက်ခဲ့သော နာမည်ကျော် နော်မန်ဒီကမ်းခြေကို ကျွန်တော်ကိုယ်တိုင်မြင်ခွင့်ရသဖြင့် ဝမ်းသာသွားသည်။ ပို၍သေချာအောင် ကျွန်တော်၏မိတ်ဆွေကို ထပ်မေးမိသည်။ “ဒုတိယကမ္ဘာစစ်တုန်းက ကမ်းတက်တိုက်ပွဲဖြစ်ခဲ့တာ ဒီနေရာပေါ့။” ဟု ကျွန်တော်ကမေးသောအခါ ကျွန်တော့်မိတ်ဆွေက “ဟုတ်တယ်။ မင်းမြေပုံကြည့်ချင်ရင် ကြည့်လို့ရအောင် ပြမယ်။” ဟုပြောပြီး ကားကို လမ်းဘေး ချရပ်လိုက်သည်။ ထို့နောက်ကားထဲမှ မီးကို ဖွင့်ပြီးသော အခါ သူက “ဒမ်” ဟု ဆဲရေးလိုက်သည်။ ကျွန်တော်က ဘာဖြစ်တာလဲဟု နောက်ကို လှည့်ကြည့်လိုက်သောအခါ ကျွန်တော်တို့ကားနောက်တွင် ခေါင်မိုးပေါ်မှ မီးများဖွင့်ထားသော ရဲကားတစ်စီးကို တွေ့လိုက်ရသည်။
ရဲကားက ကျွန်တော်တို့ကားကို ကျော်တက်၍ အရှေ့မှပိတ်ရပ်သည်။ ထို့နောက်ကားနောက်ဖက်မှ မီးဖြင့် စာတမ်းထိုးပြ၍ သူတို့နောက်ကို လိုက်ခဲ့ဖို့ခေါ်သည်။ ကျွန်တော်တို့ ရဲကားအနောက်မှ လိုက်သွားပြီး ရဲကားက ဓာတ်ဆီဆိုင် တစ်ဆိုင်အတွင်းသို့ချိုးဝင်သွားသောအခါ ကျွန်တော်တို့လည်း လိုက်၍ဝင်ခဲ့ကြသည်။ ရဲသားက ကားရပ်၍ကားပေါ်မှ ဆင်းလာသည်။ ကျွန်တော်ကြားဖူးထားသော ဥရောပနှင့် အမေရိကား၏ ထုံးစံမှာ ရဲဖမ်းပါက လက်ကို စတီယာရင်ပေါ်တင်၍ ရဲကိုစောင့်ဆိုင်းနေရန်ဖြစ်သည်။ ကားပေါ်မှ အလောတကြီး ဆင်းခြင်း လိုင်စင်ကိုထုတ်ပြရန် အိတ်ကို လက်နှိုက်ခြင်းတို့ပြုပါက ရဲက သူ့အားပြန်လည်တိုက်ခိုက်မည်ဟု အထင်မှားနိုင်သဖြင့် ထိုသို့မပြုလုပ်ရန် ကျွန်တော့်မိတ်ဆွေတစ်ဦးက သတိပေးဖူးသည်။ ပြင်သစ်ရဲသားက လက်နှိပ်ဓာတ်မီးဖြင့် ကျွန်တော်တို့ကို ထိုးကြည့်၍ ကျွန်တော့်မိတ်ဆွေအား ယာဉ်မောင်းလိုင်စင်ပေးရန် တောင်းသည်။
ထို့နောက်သူက “ပြင်သစ်နိုင်ငံရဲ့ ကန့်သတ်မိုင်နှုန်းက ကီလိုမီတာ ၁၂၀ ပဲမောင်းလို့ရတယ်။ မင်းတို့ကားကို ၁၄၅ ကီလိုမီတာနဲ့ မောင်းသွာတာ တွေ့လိုက်တယ်။” ဟုပြောသည်။ စင်ကာပူတွင် ကျွန်တော်တို့ကို ဆက်သွယ်ရေးဘာသာသင်သော ကထိကတစ်ယောက်ပြောဖူးသည်ကို ပြန်၍အမှတ်ရမိသည်။ ရဲကား၏ ရေဒါတွင် ကီလိုမီတာ ၂၀ နှုန်းမျှ အတိမ်းအစောင်း ဖြစ်နိုင်သဖြင့် ရဲများက သတ်မှတ်မိုင်နှုန်းထက် ကီလိုမီတာ ၂၀ ကျော်မောင်းမှ ဖမ်းလေ့ရှိကြောင်းဖြစ်သည်။ အမှန်တကယ်တော့ ထိုညက ကျွန်တော်တို့မောင်းနှင်ခဲ့သည့် နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ သို့ ၁၇၀ ဝန်းကျင်မျှရှိသည်။
ထို့နောက်သူက စာရွက်တစ်ရွက်ထုတ်ပေးသည်။ ထိုစာရွက်တွင် နိုင်ငံခြားမှကားများကို ဖမ်းဆီးမိပါက ရဲများအနေနှင့် ဒဏ်ငွေကို ချက်ချင်းကောက်ခံနိုင်ကြောင်း ရေးသားထားသည့်စာဖြစ်သည်။ သူက အရှိန်ပိုမောင်းသည့် အတွက် ဒဏ်ငွေ ယူရို ၉၀ မျှ ပေးဆောင်ရန်ပြောသည်။ ကျွန်တော့်မိတ်ဆွေက သူ့တွင် ငွေသားထိုမျှပါမလာသဖြင့် ခရက်ဒစ်ကတ်ဖြင့် ပေးဆောင်၍ရနိုင်သလားဟု မေးသည်။ ထိုအခါရဲသားက သူတို့ ခရက်ဒစ်ကတ်ကို လက်မခံကြောင်းနှင့် ငွေသားထုတ်ယူနိုင်ရန် အေတီအမ်သို့ လိုက်ပို့ပေးမည်ဟုပြောသည်။
ထို့နောက် သူတို့ရဲကားက ဦးဆောင်၍ အေတီအမ်ရှိရာသို့ မောင်းနှင်သွားသည်။ ကျွန်တော်တို့လည်း နောက်က လိုက်သွားကြသည်။ အေတီအမ်ရှိရာ နေရာမှာ ဘဏ်အဆောက်အဦးတစ်ခုဖြစ်၍ အပြင်မှ မှန်တံခါးကို ပိတ်ထားသည်။ တံခါးဝတွင် ခရက်ဒစ်ကတ်ထိုးထည့်သော အခါတွင်မှ တံခါးကပွင့်လာသည်။ ကျွန်တော့်မိတ်ဆွေက ယူရို ၉၀ ထုတ်ယူပြီး ရဲသားကို ပေးလိုက်သည်။ ရဲသားက ငွေလက်ခံဖြတ်ပိုင်းတစ်ခု ရေးပေးပြီး ကျွန်တော်တို့ကို နှုတ်ဆက်၍ထွက်သွားလေတော့သည်။
ကျွန်တော့်မိတ်ဆွေက “ငါ့မိန်းမသာ မနက်ဖြန်မနက် ဘဏ်စာရင်းကို ဖွင့်ကြည့်ရင်တော့ ညကြီးသန်းခေါင် ငွေသားထုတ်ထားတယ်ဆိုရင် ငါ့ကို အထင်တော့ လွဲတော့မှာပဲ။ ” ဟုရယ်စရာပြောသည်။ ကျွန်တော်တို့ ထိုညက ည ၂နာရီခန့်မှ ကျွန်တော်တို့ တည်းခိုမည့် ဟိုတယ်သို့ရောက်ရှိခဲ့သည်။ ဟိုတယ်တွင် ဝန်ထမ်းတစ်ဦးတစ်ယောက်မှ မရှိတော့ပေ။ ကျွန်တော်တို့ကို တံခါးဖွင့်နိုင်ရန် စကားဝှက် တင်ကြို၍ပေးထားသဖြင့် သာ ကျွန်တော်တို့ ဝင်ရောက်နိုင်ခြင်းဖြစ်သည်။ ဧည့်ကြိုကောင်တာပေါ်တွင် ကျွန်တော်တို့ ၂ ဦးအတွက် တံခါးသော့ နှစ်ခုကို နာမည်ရေးထိုးပြီးတင်ထားသည်။
အခန်းထဲသို့ရောက်တော့ ပြန်စဉ်းစားရင်း ပြုံးမိသည်။ နောက်ဆိုလျှင် နော်မန်ဒီဟူသော နာမည်ကိုကြားပါက ကမ္ဘာကျော် သမိုင်းဝင်အဖြစ်အပျက် ဒီဒေးကိုုသာမကပဲ အခြားအမှတ်ရစရာတစ်ခုပါ တိုးလာပြီဆိုသည်ကို စဉ်းစားမိ၍ ဖြစ်သည်။

Labels:
ခရီးသွား,
ပြင်သစ်,
ဘယ်လ်ဂျီယမ်,
ဟော်လန်,
ဥရောပ
Subscribe to:
Posts (Atom)