Search This Blog

Wednesday, March 30, 2011

လူကြီးကြိုက် ဟာသ

ရေခဲသေတ္တာ

ကောင်းကင်ဘုံကို ဝင်တဲ့ ဂိတ်တံခါးဝမှာပါ ။ အဲဒီနေ့က အလုပ်များတဲ့ နေ့ ဖြစ်တာကြောင့် ပီတာက ကောင်းကင်ဘုံကို ဝင်ဖို့ စောင့်နေတဲ့ သူတွေထဲက ပထမဆုံး တစ်ယောက်ကို ပြောပါတယ်။ "ဒီနေ့ ကောင်းကင်ဘုံမှာ နေရာပြည့်တော့မယ်။ အဲဒီတော့ ငါ့အနေနဲ့ အတော့်ကို ဆိုးဆိုးရွားရွား အဖြစ်နဲ့ သေခဲ့တဲ့ သူတွေကိုပဲ ဝင်ခွင့် ပေးနိုင်မယ်။ ကဲပြော မင်းရဲ့ ဇာတ်လမ်း။"

ပထမဆုံးလူက သူ့ဇာတ်လမ်းကို အခုလို ပြောပြပါတယ်။
"ကျွန်တော့် မိန်းမက ကျွန်တော်ကို သစ္စာဖောက်နေတယ်လို့ သံသယ ဖြစ်နေတာ ကြာပါပြီ။ ဒီနေ့တော့ လက်ပူးလက်ကြပ် ဖမ်းဖို့ ့ ကျွန်တော် အိမ်ကို စောစောစီးစီး ပြန်လာခဲ့ပါတယ်။ ၂၅ ထပ်က ကျွန်တော့်ရဲ့ အခန်းကို ရောက်တော့ တစ်ခုခုတော့ လွဲနေတယ် ဆိုတာ သတိထားမိ လိုက်ပါတယ်။ အိမ်ထဲမှာ ကျွန်တော့် မိန်းမရဲ့ လင်ငယ် ရှိနေမလားလို့ နေရာအနှံ့ လိုက်ရှာပေမယ့် ဘယ်နေရာမှ ရှာမတွေ့ ပါဘူး။ အဲဒါနဲ့ ကျွန်တော် ဝရန်တာကို ထွက်လာခဲ့ ပါတယ်။ အဲဒီမှာ လူတစ်ယောက် ဝရန်တာ လက်ရန်းကို ခိုပြီး ပုန်းနေတာ ကျွန်တော် တွေ့ရပါတယ်။ ကျွန်တော့် ဒေါသ အထွဋ်အထိပ်ကို ရောက်သွားပါတယ်။ ဒီကောင့်ကို ကျွန်တော် ရိုက်တယ်။ ကန်တယ်။ ဒါတောင် ဒီကောင် ပြုတ်မကျပါဘူး။ ဒါနဲ့ ကျွန်တော် အခန်းထဲကိုပြန် တူတစ်လက် ယူလာပြီး ဒီကောင့်လက်ကို ထုပါတယ်။ သူကြာကြာ မနေနိုင်ပါဘူး။ နောက်ဆုံးတော့ ပြုတ်ကျ တာပါပဲ။ ဒါပေမယ့် ဒီကောင်က ကံကောင်းချင်တော့ ချုံပုတ်ပေါ် တည့်တည့်ကျ ပါတယ်။ အဲဒါကြောင့် မသေပါဘူး။ ဒါနဲ့ ကျွန်တော် မီးဖိုချောင်ကို ပြေး။ ရေခဲသေတ္တာကို မပြီး ဒီကောင့် အပေါ်ကို ပစ်ချ လိုက်ပါတယ်။ ဒီကောင်လည်း အဲဒီနေရာမှာပဲ သေသွားပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ နှလုံးရောဂါ ရှိတာကြောင့် အဲဒီလောက် ဒေါသထွက်ပြီးတဲ့ နောက်မှာ  ဝရံတာမှာတင် ရှော့ခ်ရပြီး သေသွားပါတယ်။"

"အင်း အတော်ဆိုးတဲ့ အဖြစ်ပဲ။" လို့ ပီတာက ပြောပြီး သူ့ကို ဝင်ခွင့် ပေးလိုက်ပါတယ်။ ပီတာက နောက်တစ်ယောက်ကို ခေါ်လိုက်ပါတယ်။ ပီတာက ခုန လူကို ပြောသလိုပဲ လူပြည့်နေတဲ့ အတွက် အသေဆိုးနဲ့ သေခဲ့တဲ့သူကိုပဲ ဝင်ခွင့်ပေးနိုင်မယ့် အကြောင်း ထပ်ပြောပြန်ပါတယ်။ အဲဒီအခါမှာ ဒုတိယလူက သူ့အဖြစ်ကို အခုလို ပြောပြပါတယ်။

"ဒီနေ့ အတော်ထူးတဲ့ နေ့ပါ။ ကျွန်တော့်အိမ်က ၂၆ ထပ်မှာ ရှိပါတယ်။ မနက်တိုင်း ကျွန်တော် ဝရန်တာမှာ လေ့ကျင့်ခန်း လုပ်လေ့ ရှိပါတယ်။ ဒီမနက်တော့ ကျွန်တော် လေ့ကျင့်ခန်းလုပ်ရင်း မတော်တဆ ဝရန်တာက နေပြုတ်ကျ ပါတယ်။ ဒါပေမယ့်လည်း ကံကောင်းပါတယ်။ ကျွန်တော် အောက်ထပ် ၂၅ ထပ်က ဝရန်တာ သံတန်းကို လှမ်းပြီး ဖမ်းမိ လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ခုန ကျွန်တော့် ရှေ့က ဝင်သွားတဲ့သူ ရုတ်တရက် ပေါ်လာပါတယ်။ ကျွန်တော်ကတော့ ကယ်မယ့်သူ လာပြီ ဆိုပြီး ပျော်သွားပါတယ်။ ဒါပေမယ့် သူကျွန်တော်ကို ရိုက်ပါတယ်။ ကန်ပါတယ်။ ကျွန်တော်လည်း တတ်နိုင်သလောက် ဝရန်တာ သံတန်းကို ဆက်ကိုင်ထားပါတယ်။ ဒါပေမယ့် သူက တူ ယူလာပြီး ကျွန်တော့် လက်ကို ထုပါတယ်။ ကျွန်တော် ဆက်ပြီးတော့ မဟန်နိုင်တော့ပါဘူး။ ပြုတ်ကျပါတော့တယ်။ ဒါပေမယ့်လည်း ကံကောင်းချင်တော့ အောက်က ချုံပုတ်ပေါ်ကို ကျပါတယ်။ အဲဒါနဲ့ မသေပါဘူး။ ကျွန်တော်တော့ အသက်ချမ်းသာရာရပြီလို့ ထင်နေတဲ့ အချိန်မှာပဲ မိုးပေါ်က ရေခဲသေတ္တာ တစ်လုံး ရုတ်တရက် ကျွန်တော့် ခေါင်းပေါ်ကျလာပါတယ်။ ဒါနဲ့ပဲ ကျွန်တော ်သေပြီး ဒီကို ရောက်လာတာပါ။"

ပီတာက အတော်ဆိုးတဲ့ အဖြစ်ပဲလို့ သဘောတူပြီး အဲဒီလူကိုလည်း ဝင်ခွင့် ပေးလိုက်ပါတယ်။

ဒီလိုနဲ့ နောက်လူတစ်ယောက် ပီတာရှေ့ ရောက်လာပြန်ပါတယ်။ ပီတာကလည်း ခုနလိုပဲ ကောင်းကင်ဘုံမှာ ဒီနေ့ လူပြည့်နေတဲ့ အကြောင်းပြောပြီး သူ့ရဲ့ဇာတ်လမ်းကို ပြောပြခိုင်းပါတယ်။ အဲဒီအခါမှာ တတိယလူက သူ့ဇာတ်လမ်းကို ပြောပြပါတယ်။

"ဒီလိုပါ။ ကျွန်တော် ရေခဲသေတ္တာ တစ်လုံးထဲမှာ အဝတ်မပါဘဲ ပုန်းနေပါတယ်။"


သစ်ပင်ပေါ်ကကြည့်ရင်

တစ်ခါကကျွန်းတစ်ကျွန်းပေါ်ကို အသက်ခပ်ကြီးကြီး အဖိုးကြီး တစ်ယောက်၊ သူ့ရဲ့ ရုပ်ချောတဲ့ မိန်းမ နဲ့ ရုပ်ဖြောင့်ဖြောင့် သင်္ဘောသား တစ်ယောက် သင်္ဘောပျက်ပြီး ရောက်လာပါတယ်။ ရုပ်ဖြောင့်ဖြောင့် သင်္ဘောသားက ကျွန်းပေါ် ရောက်ကတည်းက အဖိုးကြီးရဲ့ မိန်းမကို ကြံချင်ပေမယ့် အဖိုးကြီးက သူ့မိန်းမ ဘေးမှာ အမြဲ ရှိနေလို့ အခွင့်မသာဘူး ဖြစ်နေပါတယ်။ တစ်နေ့တော့ သင်္ဘောသားဟာ အဲဒီ ကျွန်းပေါ်မှာ ရှိတဲ့ အမြင့်ဆုံး သစ်ပင်ကြီး တစ်ပင်ပေါ်ကို တက်သွားပါတယ်။ သစ်ပင်ပေါ် ရောက်တော့ သူက အောက်ကို လှမ်းပြီး
"ဟေ့လူတွေ။ ခင်ဗျားတို့ လူမြင်ကွင်းကြီးမှာ အဲဒီလို လုပ်တာ မကောင်းပါဘူး။ တခြား လူမမြင်တဲ့ တစ်နေရာ သွားကြပေါ့ဗျာ။" လို့ အော်ပါတယ်။ သူ သစ်ပင် ပေါ်က ပြန်ဆင်းလာတော့ အဖိုးကြီးက သူ့ကို ဘာဖြစ်လို့ အဲဒီလို အော်ရသလဲ လို့ မေးပါတယ်။ သင်္ဘောသားက သူသစ်ပင်ပေါ်ကနေ မဖွယ်မရာ မြင်ကွင်းတွေ မြင်နေရလို့ လူမမြင်တဲ့ နေရာ သွားကြဖို့ သတိပေးတာပါလို့ ပြန်ပြောပါတယ်။ အဖိုးကြီးကလည်း သူဘာမှ မဖွယ်မရာ မလုပ်ကြောင်း အတင်းငြင်းပါတယ်။

နောက်တစ်နေ့ ကျတော့လည်း သင်္ဘောသားက အဲဒီသစ်ပင်ကို ထပ်တက်ပါတယ်။ သစ်ပင်ပေါ် ရောက်တော့ အရင်နေ့ကလိုပဲ ထပ်အော်ပြန် ပါတယ်။ အောက်ရောက်လာတော့ အဖိုးကြီးက ထပ်မေးတဲ့ အခါ အရင်နေ့ကလိုပဲ ပြန်ဖြေပါတယ်။ အဲဒီလို နေ့စဉ်ဆက်တိုက် အော်နေတော့ ၅ ရက်မြောက်နေ့မှာတော့ အဖိုးကြီးက သည်းမခံနိုင် တော့ပါဘူး။ အဲဒီသစ်ပင် အမြင့်ကြီးကို သင်္ဘောသား မတက်ခင်မှာ ကြိုးစားပမ်းစား ကုတ်ကပ်ပြီး တက်ပါတယ်။ သစ်ပင်ရဲ့ ထိပ်ဆုံး ရောက်တဲ့ အချိန်မှာတော့ အောက်ကို ငုံ့ကြည့်ပြီး ဒီလို မှတ်ချက်ချလိုက်ပါတယ်။
"အင်း။ ဟိုသင်္ဘောသား အော်မယ်ဆိုလည်း အော်စရာပါပဲလေ။ သစ်ပင်ပေါ်က ကြည့်ရင် ဒီလို မြင်ရတာပါလား။"

ဝတ္ထုတို

ဆရာမက ကျောင်းသားတွေကို အင်္ဂလိပ်စာ စာမေးပွဲ စစ်တဲ့ အနေနဲ့ ဝတ္ထုတို တစ်ပုဒ် ရေးခိုင်းပါတယ်။ သူမက ဝတ္ထုကောင်း ဆိုတာ လျို့ဝှက်ဆန်းကြယ်ခြင်း၊ လိင်ကိစ္စ၊ ထီးမူနန်းဟန် နှင့် ဘာသာရေး စတာတွေ ပါဝင်ကြောင်း ရှင်းပြပါတယ်။ ဆယ်မိနစ် အကြာမှာတော့ တော်မီ က သူရေးလို့ ပြီးသွားပြီ လို့ ပြောပြီး သူ့ရဲ့ ဝတ္ထုမှာ သူမပြောခဲ့တဲ့ အကြောင်းအရာ ၄ ခုစလုံး ပါဝင်တဲ့ အကြောင်း ပြောပါတယ်။ ဆရာမက ဖတ်ပြပါတယ်။

"ဘုရားသခင်" ဟု မင်းသမီးကလေးက အော်သည်။ "ဗိုက်ကြီးပြန်ပြီ။ နောက်တစ်ခါ။ ဘယ်သူ့ကြောင့်ပါလိမ့်။"

ဒီအချက်တွေ ကိုက်ညီရင်

တိရိစ္ဆာန်ရုံမှာ ရှိတဲ့ ဂေါ်ရီလာ မျောက်မ တစ်ကောင်ဟာ စိတ်တိုပြီး မကြည်မလင် ဖြစ်နေလို့ တိရိစ္ဆာန် ဆရာဝန်နဲ့ ပြပါတယ်။ တိရိစ္ဆာန် ဆရာဝန်က "သူတို့ မိတ်လိုက်တဲ့ ရာသီ ရောက်နေပြီ။ အဲဒီတော့ သူမ အတွက် မိတ်လိုက်မယ့် မျောက် လိုနေတယ်။" လို့ ပြောပါတယ်။

တိရိစ္ဆာန်ရုံ မန်နေဂျာက သတင်းစာထဲမှာ ကြော်ငြာထည့်ပြီး သူ့ရဲ့ ဂေါ်ရီလာမနဲ့ မိတ်ဖက်ကို ရှာပါတယ်။

"အလိုရှိသည်။ ဂေါ်ရီလာ အမတစ်ကောင်နှင့် ဆက်ဆံရန် - ဒေါ်လာ ၁၀၀၀၀"

နောက်တစ်နေ့မှာတော့ ပက်ဒီဆိုတဲ့သူတစ်ယောက် တိရိစ္ဆာန်ရုံကို ရောက်လာပြီး အခုလို ပြောပါတယ်။

အကယ်၍ အချက် ၃ ချက်နဲ့ ကိုက်ညီတယ် ဆိုရင် ငါ ဂေါ်ရီလာမနဲ့ အတူအိပ်မယ်။
(၁) ငါသူ့ကို မနမ်းနိုင်ဘူး။
(၂) ကလေး မွေးလာရင် ငါအထောက်အပံ့ မပေးနိုင်ဘူး။
(၃) ငါ့ကို ဒေါ်လာ ၁ သောင်းရှာဖို့ အချိန်တော့ နည်းနည်းပေး။

(အင်တာနက်ပေါ်မှာ ဖတ်ဖြစ်တဲ့ ဟာသ တစ်ချို့ပါ။)

Tuesday, March 29, 2011

ဟိုင်းဝေးကားပေါ်မှာ (၂)

ရန်ကုန် မန္တလေး လမ်းသစ်လို့ ခေါ်တဲ့ ကွန်ကရစ် လမ်းမကြီး အကြောင်း သွားဖူးလာဖူးတဲ့ သူတွေ မကြာခဏ ပြောပြကြလို့ ကြားဖူး နေတာတော့ ကြာပါပြီ။ မြန်မာပြည် ပြန်ရောက်တိုင်း ရန်ကုန်ကနေ တစ်ဖဝါးမှ မခွာဖြစ်တာနဲ့ အဲဒီ ကွန်ကရစ်လမ်းကို သွားဖို့တော့ အခွင့်မကြုံ ခဲ့ပါဘူး။ ဒီတစ်ခါ ရန်ကုန်ပြန်တော့ ပြင်ဦးလွင် သွားဖို့ စီစဉ်ဖြစ်တာနဲ့ ဒီလမ်းကနေ ကားနဲ့ သွားရဖို့ အကြောင်းဖန်လာပါတယ်။

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ရန်ကုန် နဲ့ မန္တလေး ဆိုတာ ကိုယ်ပိုင်ကားနဲ့ သွားတာ မဟုတ်ရင် ရထားနဲ့ပဲ သွားလို့ အဆင်ပြေ ပါတယ်။ အဲဒီအချိန်က လေယာဉ်ပျံ လက်မှတ် ဝယ်ရတာကခက် ကားဆိုတာလည်း အခုခေတ်လို အိတ်စပရက်စ် ကားတွေ မရှိတဲ့ အချိန်မို့ ရန်ကုန်နဲ့ မန္တလေး ကြားမှာ ရထားက လွဲရင် တခြား နည်းလမ်းနဲ့ သွားဖို့လာဖို့က သိပ်ပြီး အဆင်မပြေလှပါဘူး။ နောက်ပိုင်းမှာတော့ ရိန်းဘိုး အိတ်စပရက်စ်က စပြီး စကိုင်းလိုင်း၊ အဲရိုး၊ အဆာဟိ ယိုကို၊ လီယို စတာမျိုး အိတ်စပရက်စ် ကားလိုင်းတွေ တစ်ခုပြီး တစ်ခု အလျှိုလျှို ပေါ်လာကြပါတယ်။ အဲဒီ နောက်မှာတော့ ရန်ကုန် မန္တလေးကို အချိန်မမှန်တဲ့ ရထားနဲ့ သွားတာထက် စာရင် အချိန်မှန်တဲ့ကားကို ပိုရွေးဖြစ်ပါတယ်။

အခုတော့လည်း ကိုယ်ကြားဖူးတဲ့ ကားလိုင်း ဆိုလို့ မြမန္တလာထွန်း လောက်ပဲ ကျန်ပါတော့တယ်။ အိတ်စပရက်စ်ကား လက်မှတ်ဝယ်ဖို့ ဘာကားနဲ့ သွားရင်ကောင်းမလဲ မေးကြည့်တော့ ရွှေစင်စင်္ကြာ ဝယ်လို့ အကြံပေးကြပါတယ်။ ဒီလိုနဲ့ပဲ ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးကနေ ရွှေစင်စင်္ကြာ ကားနဲ့ပဲ မန္တလေးကို သွားဖြစ်ပါတယ်။ ကားပေါ် ရောက်တဲ့ အထိ ဘာမှ မထူးခြား သလိုပါပဲ။ စင်ကာပူ-မလေးရှား ဆွဲနေတဲ့ အိက်စပရက်စ်တွေလောက် မသားနားပေမယ့် မြန်မာပြည် အနေအထားနဲ့တော့ စီးပျော်တယ်ပဲ ပြောရပါမယ်။ ကားပေါ်မှာ မင်းမော်ကွန်းရဲ့ လူမိုက် လုပ်စားပြီး နေ့ချင်းညချင်း ဥုံဖွ ဆိုပြီး သူဌေးဖြစ်သွားတဲ့ ဗွီဒီယိုကို အောင့်အည်း သည်းခံ ကြည့်ရင်းနဲ့ပဲ အချိန်ကုန်မှန်း မသိ ကုန်သွားပါတယ်။ မြန်မာပြည်က ဇာတ်လမ်း ဆိုတော့လည်း ဝေဖန်စရာ အထူးအထွေ မရှိပါဘူး။ သူငယ်ချင်း တစ်ယောက် ပြောဖူးတဲ့ စကားကို သွားသတိရ ပါတယ်။ မင်းဘာသာမင်း အဋ္ဌာရသ (၁ဂ) ရပ်ကို မိုးပျံအောင် တတ်နေပစေ။ ဂွင်မရိုက် တတ်ရင် မြန်မာပြည်မှာ ကြီးပွားဖို့ မလွယ်ဘူး။ ဂွင်ရိုက်တတ်ရင်တော့ ဘာမှ တတ်စရာ မလိုဘူး။ သူ့အလိုလို ကြီးပွား သွားလိမ့်မယ် ဆိုတဲ့ စကားပါ။ ကိုယ့်မျက်စိ ရှေ့တင် နေ့ချင်းညချင်း နတ်ရေကန်ထဲ ခုန်ဆင်းလိုက်သလို သူဌေး ဖြစ်သွားတဲ့ သူတွေ မြင်ဖူး နေတော့လည်း သူပြောတဲ့ စကားက မှန်နေသလို ပါပဲ။

ဟိုးအရင်တုန်းက ရန်ကုန်-မန္တလေး ကားလမ်းဘေးမှာ ရေးထားတဲ့ ရန်ကုန်မှ မန္တလေးသို့ ၁၀ နာရီ အရောက် ခရီးပေါက် ဆိုတာ အခုတော့ တကယ် ဖြစ်နေပါပြီ။ ရန်ကုန်က ည ၈ နာရီ ထွက်တဲ့ ကားဟာ မန္တလေး အဝေးပြေးဝင်းကို မနက် ၅ နာရီ ကျော်မှာပဲ ရောက်ပါတယ်။ တိုးတက်လာမှုတွေလို့ ပြောရမလား မသိပါဘူး။ နောက်ထပ် တိုးတက်လာတာ တစ်ခုကတော့ မန္တလေးနဲ့ မေမြို့ကြားက သယ်ယူပို့ဆောင်ရေးပါ။ ပြင်ဦးလွင်ကို မရောက်ဖြစ်တာ ဆယ်စုနှစ် တစ်ခုကျော် ရှိပါပြီ။ ဘယ်လို သွားရမလဲလို့ မန္တလေးမှာ စုံစမ်းတော့ အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေး ဆိုတဲ့ ဗင်ကားတွေ ရှိတယ်။ ဖုန်းဆက်ခေါ်ရုံပဲလို့ ပြောကြပါတယ်။ ရှေ့ခန်း ၁ ယောက်၊ နောက်ခန်း ၃ ယောက်ပဲ တင်ပါတယ်။ ရှေ့ခန်းမှာ ထိုင်ရင် ၅၀၀၀ ပေးရပြီး နောက်ခန်းကတော့ ၄၅၀၀ ပါ။ မန္တလေးမှာ အိမ်အထိ လာခေါ်ပြီး ပြင်ဦးလွင်မှာလည်း ကိုယ်သွားချင်တဲ့ နေရာ အထိ လိုက်ပို့ပေးတဲ့ အတွက် အတော်ကို အဆင်ပြေပါတယ်။

တိုးတက်လာတာတွေ ရှိပေမယ့် တိုးတက်မလာတာကတော့ လူတွေရဲ့ စိတ်ဓာတ်ပါပဲ။ မန္တလေး အဝေးပြေးမှာဆင်းလို့ ကားစငှားကတည်းက ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် ဆိုတဲ့ သူတွေနဲ့ တွေ့ရတာ ပြင်ဦးလွင်က ပြန်ဆင်းလာတဲ့ အချိန် အထိ ပါပဲ။ လေးဘီးငှားရင်လည်း မတန်တဆတောင်းခံရ၊ ဆိုင်ကယ်ကယ်ရီ စီးမယ်ဆိုရင်လည်း မတန်တဆ အတောင်းခံရ၊ ရထားလုံး စီးမယ် ဆိုရင်လည်း မတန်တဆ အတောင်းခံရနဲ့ ကိုယ့်ပုံကိုယ် မှန်ထဲပြန်ကြည့်ပြီး အချဉ်ပုံ ပေါက်နေသလား ပြန်ဆန်းစစ်မိတဲ့ အထိပါပဲ။ ဥပမာ ပြင်ဦးလွင် ကန်တော်ကြီးကနေ မြို့ထဲ ဈေးအထိ ရထားလုံး ငှားတာ ၅ ထောင်ကျမယ် ဆိုတာမျိုးတော့ လွန်လွန်းပါတယ်။ သူ့မြင်းက အော့တိန်း ထည့်မောင်းရသလားတော့ မပြောတတ် ပါဘူး။ ရန်ကုန်မြို့ထဲ ညကြီးသန်းခေါင် ကားငှားစီးရင်တောင် ဒီလောက် တစ်ခါမှ မကျဖူးတာ ပြင်ဦးလွင်ကျမှ နေ့ခင်းကြောင်တောင် ဟိုနားဒီနား ၅ ထောင်ဆိုတော့ အချဉ်ဖမ်း မှန်း သိပ်သိသာပါတယ်။ ထိုင်းမှာ ဆိုရင်တော့ နိုင်ငံခြားသားမှန်း သိရင် ဂျင်းထည့်ချင်တာ သူတို့ အကျင့်လိုပါပဲ။ ဘန်ကောက်မှာတုန်းက ငါတို့နိုင်ငံ ဒီလောက်မဆိုးဘူးလို့ ပြောခဲ့တဲ့ စကား အခုတော့ ပြန်ရုပ်သိမ်းရ မလိုပါပဲ။ ထိုင်းမှာ နိုင်ငံခြားသားကို ဂျင်းထည့်ပေမယ့် ကျွန်တော်တို့ နိုင်ငံတော့ ကိုယ့်လူမျိုး အချင်းချင်းပါ ဂျင်းထည့် ပါတယ်။

ပြင်ဦးလွင်က ပြန်ဆင်းလာတော့ အရင်နာမည် ရှိပြီးသား ကားလိုင်း အဟောင်းတစ်ခုနဲ့ပဲ မန္တလေးက ပြန်လာ ဖြစ်ပါတယ်။ ကားနောက်ပိုင်းမှာ ကုန်တွေ တင်ထားတာ အပြည့်အသိပ်ပါပဲ။ အလာတုန်းက ပင်ပန်းနေလို့ ပတ်ဝန်းကျင် ကို မကြည့်ဖြစ်ပေမယ့် အပြန်တော့ လမ်းကို အသေအချာ ကြည့်ဖြစ်ပါတယ်။ ပလိပ်မြို့ အနီးအနား တံတားဦး လမ်းခွဲကနေ တဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းကို ဆက်ထားတာကို သတိထားမိပါတယ်။ လမ်းမှာတော့ ထုံးစံအတိုင်း မြက်ပင်ရယ်၊ ဓာတ်တိုင်ရယ်၊ ပလက်ဖောင်းရယ်၊ ကွန်ကရစ်ရယ်ပဲ ကြည့်စရာ ရှိပါတယ်။ ဒီမြင်ကွင်းကြီးကိုပဲ ငေးစိုက်ကြည့်ရင်းကြာတော့ အိပ်ငိုက်လာပါတယ်။ နောက်ဆုံး ညသန်းခေါင် အချိန် ၁၁၅ မိုင်စခန်းမှာ ကားရပ်မှပဲ နိုးပါတော့တယ်။ ၁၁၅ မိုင်စခန်းက မြန်မာနိုင်ငံ အနေအထား နဲ့တော့ အတော်လေး သန့်တယ် ပြောလို့ ရပါတယ်။

၁၁၅ မိုင်မှာ ကားရပ်တော့ မဆာပေမယ့်လည်း ညလယ်စာ အနေနဲ့ တစ်ခုခုတော့ စားလိုက်ပါတယ်။ စားသောက်ပြီးတော့ ကားရပ်ထားတဲ့ နေရာနား ပြန်လာခဲ့ပါတယ်။ ကားဘက်ကို လမ်းပြန် လျှောက်လာတဲ့အချိန် ရှေ့နားမှာ ကျွန်တော်တို့ ကားက ဒရိုင်ဘာနဲ့ စပယ်ယာ တစ်စု အရှေ့မှာ ခပ်သုတ်သုတ် လျှောက်ရင်း တစ်စုံတစ်ခုကို ရေရွတ်နေတာ လှမ်းတွေ့ရပါတယ်။
"အသေအချာ ပြောထားရက်နဲ့များကွာ။"
"အေးလေ။ ငါတို့ မပြောမိလို့ ဆိုရင်လည်း ထားပါတော့။"

သူတို့တွေ တစ်စုံတစ်ခုကို မကျေမနပ်နဲ့ ရေရွတ်နေမှန်း အတော်သိသာပါတယ်။ ဘာတွေ ပြသနာ တက်လာကြ သလဲတော့ မပြောတတ်ပါဘူး။ ကျွန်တော်တို့ ကားနား ပြန်ရောက်တော့ ကားတံခါးဝမှာ ဝိုင်းအုံနေတဲ့ လူ ၄ ၅ ယောက်ကို လှမ်းတွေ့ ရပါတယ်။ မိန်းမကြီး နှစ်ယောက်နဲ့ အခြား ယောက်ျားလေး ၂ ယောက် ၃ ယောက်ပါ။ ကားရှေ့ တံခါးပေါက်က မှန်ကတော့ ကွဲ နေတာကို တွေ့ရပါတယ်။ စပယ်ယာနဲ့ ဒရိုင်ဘာက ကား အပေါက်ဝ မှာ ရပ်ပြီ: ကားထဲကို လှမ်းကြည့်ကြပါတယ်။

"ဘယ်လိုဖြစ်ကြတာလဲ။"
"ခုန ကလေးက အိပ်နေလို့ နိုးသွားမှာ စိုးတာနဲ့ ကားပေါ်မှာ ထားခဲ့တာ။ အခု ပြန်လာတော့ ကလေးက သူ့ဘာသာသူ တံခါးပေါက်ကို လျှောက်လာပြီး ရှေ့တံခါးပေါက် ခြေနင်းခုံမှာ ဇောက်ထိုးမိုးမျှော် ဖြစ်နေပြီ။"
"ကလေးကို ဘာလို့ ထားခဲ့ရတာလဲဗျာ။ ကားပေါ်မှာ တစ်ယောက်မှ မနေခဲ့ပါနဲ့လို့ ကားပေါ်က မဆင်းခင်က ကျွန်တော်တို့ အသေအချာ ပြောထားရက်သားနဲ့။"
"ဟ။ ကလေးက အိပ်နေတာကို ဘယ်လိုလုပ်မလဲ။ မင်းတို့ ကားနားမှာ တစ်ယောက်တော့ အစောင့်ထားခဲ့ရမှာပေါ့ကွ။ မဟုတ်ဘူးလား။"
"အဲဒီလို မပြောနဲ့လေဗျာ။ တခြားကားတွေ လှမ်းကြည့်စမ်းပါဦး။ ဘယ်ကားကများ အစောင့်ထားခဲ့တာ ခင်ဗျားတို့ တွေ့သလဲ။"

စပယ်ယာက ကလေးကို လွတ်မလွတ်ကြည့်ပြီး အရှေ့တံခါးကို ဆွဲဖွင့်လိုက်ပါတယ်။ တံခါးပွင့်သွားတော့ ကလေးရဲ့ အမေက ကလေးကို ကောက်ပြီး ချီလိုက်ပါတယ်။ ကလေးကတော့ နည်းနည်း လန့်သလို ပုံစံပေါက်နေပေမယ့် မငိုပါဘူး။ စပယ်ယာက ခုန သူနဲ့ စကားပြောနေတဲ့ ကလေးရဲ့ အဖေကို လှမ်းပြောပါတယ်။
"ကားမှန်က ခင်ဗျား ခွဲပစ်လိုက်တာ မဟုတ်လား။"
"မဟုတ်ပါဘူး။ ကျွန်တော်တွန်းလိုက်တာ သူ့ဘာသာသူ ကွဲသွားတာ။"
"ခင်ဗျား အဓိပ္ပာယ် မရှိတာ မပြောနဲ့။ မှန်က သူ့ဘာသာသူ တွန်းလို့ ကွဲစရာ ဘာအကြောင်းမှ မရှိဘူး။ ဒီမှာကြည့်။"
စပယ်ယာက ကားတံခါးကို တွန်းပြီ: ကားမှန်တံခါးကို လက်ဖနောင့်နဲ့ ခပ်ဆတ်ဆတ် ရိုက်ပြပါတယ်။ သူက နှစ်ချက် သုံးချက် မှန်ပေါ်ကို ရိုက်ပြပြီ:တော့ ဟိုလူလည်း ဆက်မငြင်းတော့ ပါဘူး။ ငြင်းမယ့်သာ ငြင်းနေတယ် ကားမှန်ကို ခွဲထားလို့ သူ့လက်မှာ သွေးတွေက မြင်မကောင်းအောင် ရဲနေတာပါပဲ။

စပယ်ယာက သူ့မှန် ကွဲသွားတဲ့ အတွက် ၂ သောင်းခွဲ အလျော်တောင်း ရာကနေ နောက်ဆုံးမှာတော့ ၁ သောင်းခွဲနဲ့ တည့်သွားကြပါတယ်။ အားလုံး ကားပေါ်ပြန်တက်လို့ ရန်ကုန်ကို ခရီးဆက်ကြတဲ့ အချိန်မှာတော့ ညသန်းခေါင် အချိန်မတော် ထစားတဲ့ ထမင်းကြောင့်လားတော့ မသိပါဘူး။ အားလုံး တော်တော်နဲ့ ပြန်မအိပ်ဖြစ်ကြပါဘူး။ ဒီလိုနဲ့ပဲ အောင်မင်္ဂလာ အဝေးပြေးကို မနက် ၄ နာရီ စွန်းစွန်းမှာ ပြန်ရောက်ခဲ့ပါတယ်။

Tuesday, March 1, 2011

ဟိုင်းဝေးကားပေါ်မှာ(၁)

သမိုင်းလမ်းဆုံမှာ ၁ နာရီကျော်လောက် ထိုင်ပြီးတဲ့ အချိန်မှာတော့ မြန်မာစံတော်ချိန် ဆိုတဲ့ စကားလုံးက ခေါင်းထဲမှာ ပေါ်လာပါတယ်။ ည ၁၀ နာရီကျော် ကတည်းက အင်းစိန် လမ်းမဘေးက ပလက်ဖောင်းမှာ ငုတ်တုပ်ထိုင်နေခဲ့တာမို့ ည ၁၁ နာရီကျော်လာတဲ့ အချိန်မှာတော့ နည်းနည်းတော့ နှာကစ် လာပါပြီ။ ချောင်းသာ သွားဖို့ ကားလက်မှတ် ဝယ်ထားတာ လက်မှတ်ဝယ်တုန်းက ဘယ်နေရာက စီးလို့ အဆင်ပြေမလဲ မေးတာမို့ သမိုင်းလမ်းဆုံက စီးလို့ အဆင်ပြေတယ်လို့ ပြောလိုက်မိပါတယ်။ အဲဒါဆိုရင် သမိုင်းလမ်းဆုံ ကောင်းကြိုက် ဒန်ပေါက် ဆိုင်ရှေ့မှာ ည ၁၀ နာရီ စောင့်နေပါလို့ ကားလက်မှတ် ရောင်းတဲ့သူက မှာလိုက်ပါတယ်။ အခုတော့ ည ၁၁ နာရီ ကျော်နေပါပြီ။ ချောင်းသာ သွားမယ့်ကားက ဘယ်ကမ္ဘာရောက်နေသလဲ မသိပါဘူး။

ဒီညတော့ နည်းနည်းစောသေးလို့လား မသိပါဘူး။ လမ်းမပေါ်မှာ လပ်လျားလပ်လျား လုပ်နေတဲ့ ပုဂ္ဂိုလ်များကို မမြင်မိပါဘူး။ ရန်ကုန်နဲ့ အဆက်ပြတ်နေတဲ့သူများနဲ့ ရန်ကုန်မှာ ညဘက် အပြင်ထွက်လေ့ မရှိတဲ့သူများတော့ ကျွန်တော်ပြောတဲ့ ပုဂ္ဂိုလ်များ အကြောင်း သိကြမယ် မထင်ပါဘူး။ ကျွန်တော်တို့ အတွက်တော့ ရန်ကုန်ပြန်ရောက်ရင် ညဘက် အိမ်ပြန်တဲ့ အချိန်က ၁၂ နာရီကျော် ပုံမှန် ပါပဲ။ အဲဒီလို အချိန်မျိုး ဆိုရင် သမိုင်းလမ်းဆုံ ဒါမှမဟုတ် စော်ဘွာကြီးကုန်းမှာ လမ်းမပေါ် လန်းလန်း လန်းလန်း လုပ်နေတဲ့ အဲဒီပုဂ္ဂိုလ်များကို မြင်ရတတ်ပါတယ်။ ကားလာရင် တားမယ်။ ပြီးရင် ယာဉ်မောင်းနာမည် ပြောပါ ဆိုပြီး မေးမယ်။ အဲဒီလို မေးပြီးရင် ဘယ်မှာနေသလဲ မေးမယ်။ ပြီးရင် ယာဉ်မောင်း ဘယ်သူ ဘယ်မြို့နယ်ကဆိုတာ လှမ်းအော်မယ်။ အဲဒီအချိန် ဟိုဘက်မှာ စကားပြောစက်ကိုင်ပြီး ဟန်ရေးတပြပြ လုပ်နေတဲ့ သူက အဲဒီနာမည်ကို ပြန်ရွတ်မယ်။ ဘာရည်ရွယ်ချက်နဲ့ အဲဒီလို လုပ်နေကြတယ်ဆိုတာ မသိပေမယ့် ဝတ်ကျေတမ်းကျေ လုပ်နေတယ် ဆိုတာတော့ သေချာပါတယ်။

ဘာလို့လဲ ဆိုတော့ ယာဉ်မောင်းနာမည် ဘယ်သူလဲ မေးပေမယ့် မှတ်ပုံတင်တို့ လိုင်စင်တို့ တောင်းမကြည့်ပါဘူး။ အဲဒီတော့ ပါးစပ်က ရွတ်လိုက်တဲ့ နာမည် မှန်မမှန် သူတို့ ဘယ်လိုမှ မသိနိုင်ပါဘူး။ တကယ်တမ်း မဟုတ်တရုတ် လုပ်မယ့်သူကရော သူ့နာမည် အမှန် ပြောမတဲ့လား ဆိုတာ သူငယ်တန်းကလေးတောင် မေးကြည့်ရင် သိမယ့် ကိစ္စမျိုးပါ။ အဲဒီတော့ သူတို့ ဘာရည်ရွယ်ချက်နဲ့ လပ်လျားလပ်လျား လုပ်နေကြသလဲ ဆိုတာကို စဉ်းစားလို့ မရတာ အမှန်ပါပဲ။ အဲဒီထက် ဆိုးတာကတော့ ကျွန်တော်နဲ့ ကျွန်တော်သူငယ်ချင်း လွန်ခဲ့တဲ့ နှစ်ရက်လောက်က မြို့ထဲက ပြန်လာတော့ အဲဒီ ပုဂ္ဂိုလ်တစ်ယောက်က နာမည် မေးပါတယ်။ ကျွန်တော့်သူငယ်ချင်းက သူ့နာမည် ပြောလိုက်ပေမယ့် ဟိုပုဂ္ဂိုလ်က တလွဲကြား တလွဲအော်လိုက်ပြီးတော့ သွားလို့ ရပြီ ပြောတာမို့ ကျွန်တော်တို့ ရယ်ခဲ့ရ ပါသေးတယ်။

ချောင်းသာ ကားကတော့ အခုထက်ထိ ပေါ်မလာ သေးပါဘူး။ ည ၁၀ နာရီခွဲလောက်က ချောင်းသာ သွားမယ့် ဘတ်စ်ကားတစ်စင်း ဒီနေရာကို လာသွားတာမို့ နေရာ မမှားတာတော့  အသေအချာပါပဲ။ အဲဒီကားကို မေးကြည့်တော့လည်း နောက်ကားလာလိမ့်မယ် စောင့်ပါလို့ ပြောသွားပါတယ်။ ဒီလိုနဲ့ လည်ပင်း ညောင်ရေအိုးဖြစ်ရင်း ည ၁၁ နာရီ ကို တော်တော်လေး စွန်းပြီးတဲ့ အချိန်မှာတော့ ကားရောက်လာပါတယ်။ ကားပေါ်က စာရွက်ကြီး ကိုင်ပြီး ဆင်းလာတဲ့ စပယ်ယာက ကိုယ့်နာမည် ခေါ်ပါတယ်။ လမ်းဘေး ပလက်ဖောင်းပေါ်က ခုံမှာ ထိုင်နေရတဲ့ ဒုက္ခက ကင်းသွားပြီမို့ ပျော်ပျော်ပါးပါးကြီးပဲ ကားပေါ် တက်လာခဲ့ပါတယ်။

သမိုင်းလမ်းဆုံကနေ ဘုရင့်နောင်ဖက်ကို ထွက်ခဲ့ပေမယ့် ကျွန်တော်တို့ က နောက်ဆုံး တက်တာ မဟုတ်ပါဘူး။ နောက်ထပ် ကားပေါ်ကို ထပ်တက်ကြတဲ့ ခရီးသည်တွေ ကျန်ပါသေးတယ်။ ဘုရင့်နောင် လမ်းဆုံပြီးမှပဲ ကားပေါ်မှာ လူစုံသွားပါတယ်။ လူစုံသွားတော့ ကားပေါ်မှာ မိုက်ခရိုဖုန်းနဲ့ ကျွန်တော်တို့ မော်တော်ယာဉ်ဟာ ညောင်တုန်း အထိ မောင်းမှာ ဖြစ်တဲ့အကြောင်း၊ ညောင်တုန်းမှာ ညလယ်စာ စားဖို့ ကားရပ်ပေးမှာ ဖြစ်တဲ့ အကြောင်း၊ ညောင်တုန်းကနေ ပုသိမ်အထိ တောက်လျှောက်မောင်းမှာ ဖြစ်တဲ့ အကြောင်း၊ ပုသိမ် အထွက်မှာ ပေါက်တော ရပ်ပေးပြီးရင် တောင်အတက်လမ်းမှာ ဆင်တွေ ရှိတဲ့ အတွက် ပေါက်ချင်ရင်လည်း ကားရပ်ပေးမှာ မဟုတ်တဲ့ အကြောင်း၊  လိုအပ်တဲ့ အကူအညီ ရှိရင် ပိုက်ဆံချေးတာက လွဲရင် ကျန်တာ အကုန် အကူအညီတောင်းနိုင်တဲ့ အကြောင်း၊ အဲယားကွန်းအေးရင် ပိတ်ပေးဖို့ ပြောနိုင်ကြောင်း၊ အဲယားကွန်း အပေါက်ကို အဝတ်တွေ တစ်ရှူးတွေနဲ့ ထိုးမပိတ်ဖို့ မေတ္တာရပ်ခံ ပါကြောင်း ကြေငြာတာတွေ ကြားရပါတယ်။ အဲယားကွန်း ကိစ္စက ရှင်းပေမယ့် ပေါက်တော ကိစ္စကတော့ မရှင်းပါဘူး။ တောင်တက်လမ်းမှာ ပေါက်ချင်ရင် ဘယ်နှယ့်လုပ်ရပါ့။ ကားပေါ်မှာ ကြွတ်ကြွတ်အိတ်ထဲ ပေါက်ထည့်ပြီး ပြတင်းပေါက်ကနေ ဝဲရမှာလားလို့ စိတ်ထဲမှာ စဉ်းစားနေမိပါတယ်။ တဆက်တည်းမှာ အထက်တန်းကျောင်းမှာ ဆရာတစ်ယောက် ချောက်ကျဖူးတဲ့ အကြောင်းကိုလည်း သွားပြီး သတိရမိပါတယ်။

ကျွန်တော်တို့ တက်ခဲ့တဲ့ ကျောင်းမှာ ဖြစ်ခဲ့ဖူးတာပါ။ ကျောင်းသားနှစ်ယောက်က အပြင်ထွက်ဖို့ ဆရာ့ဆီမှာ ခွင့်တောင်းတော့ ဆရာက မင်းတို့ကောင်တွေ ခဏခဏ ထွက်နေတာပဲ။ ဒီလောက်တောင် မအောင့်နိုင်ရင်လည်း အတန်းထဲမှာပဲ ကိစ္စရှင်းလိုက်ကြဆိုပြီး ဘုတောပါတယ်။ အပြောခံရတဲ့ နှစ်ယောက်က ခပ်တည်တည်နဲ့ အခန်းရဲ့ နောက်ဆုံးကို သွား ပုဆိုးလှန်ပြီး နံရံကို ပန်းထည့်လိုက်တော့ ဆရာကြီးမှာ သူ့စကားနဲ့သူ ပြန်ပတ်ပြီး ချောက်ကျပါတော့တယ်။

ဒီလိုနဲ့ လှိုင်သာယာ အက်ဖ်အမ်အိုင် မြို့တော်ကို ကျော်အပြီးမှာတော့ ကျွန်တော် အိပ်ပျော်သွားပါတယ်။  ညောင်တုန်းမှာ ကားရပ်မှပဲ နိုးပါတော့တယ်။ ဒီနေ့တော့ ဘာမှ ထူးထူးခြားခြား စားချင်စိတ် မရှိပါဘူး။ ဒါနဲ့ပဲ လက်ဖက်ရည် တစ်ခွက် မှာသောက်ရင်း ချစ်လှစွာသော ဇနီးနဲ့ စကားထိုင်ပြော နေဖြစ်ပါတယ်။ ၁၅ မိနစ်လောက် ကြာပြီးတော့ ကားပြန်ထွက်ဖို့ အချိန်ရောက်လာတာနဲ့ ကားပေါ်ပြန်တက်ခဲ့ပါတယ်။ ကားပေါ် ရောက်ပေမယ့် ကားက မထွက်နိုင်သေးပါဘူး။ အဲဒီအချိန်မှာမှ တခု သတိထားလိုက်မိပါတယ်။ ကားပေါ်မှာ လူဖြူတစ်ယောက် ပါလာတာပါ။ သိုးဆောင်းလား နွားဆောင်းလား ဘာလူမျိုးလည်းတော့ မသိပါဘူး။ အဲဒီ အဖြူပုဂ္ဂိုလ်က အရှေ့မှာ ကားယားကားယား လုပ်နေရင်း သူ့ရဲ့ ခရီးဆောင် လွယ်အိတ် မရှိတော့ဘူးလို့ ပြောပါတယ်။ တိုင်တော့ ပတ်ပြီဆိုတာ သိလိုက်ပါတယ်။ ဒီပုံစံနဲ့တော့ ချောင်းသာတော့ ရောက်ဦးမှာပဲ။ ခဏအကြာမှာတော့ ကားပေါ်မှာ လူစုံသလောက် နီးပါး ဖြစ်နေပေမယ့် အဲဒီ အဖြူပုဂ္ဂိုလ်ရဲ့ ဘေးမှာ ထိုင်တဲ့ သကောင့်သားကလေး တစ်ယောက်ကတော့ ပြန်ပေါ်မလာပါဘူး။ အဲဒီတော့လည်း အားလုံးက ဒီသကောင့်သားကလေးပဲ ဒီအိတ်ကို အလစ်သုတ်ပြေးပြီလို့ တညီတညွတ်တည်း မှတ်ချက် ချလိုက်ကြပါတယ်။

ကားပေါ်က ဒရိုင်ဘာတွေ စပယ်ယာတွေ အားလုံး အလုပ်ရှုပ် ကုန်ကြပါတယ်။ အောက်ဆင်း ဟိုရှာ ဒီရှာ လုပ်ရင်း ရဲစခန်းပဲ သွားတိုင်ရတော့မလို အလစ်သုတ်သွားတဲ့ ကောင်နောက်ပဲ လိုက်ဖမ်းရတော့မလိုနဲ့ မြွေကိုက် ကုန်ကြပါတယ်။ စပယ်ယာ တစ်ယောက်ကတော့ အဲဒီကောင်လေးက ရန်ကုန်က တစ်ယောက်တည်း တက်လာပြီး ချောင်းသာမှာ ရောက်နှင့်ပြီးတဲ့ မိသားစုနောက်ကို လိုက်တာလို့ ပြောတဲ့အကြောင်း ပြန်ပြောပြပါတယ်။ ကားပေါ်က အခြားခရီးသည်များလည်း ပွစိ ပွစိနဲ့ ရေရွတ်ကုန်ကြပါတယ်။ ကျွန်တော့် ရှေ့မှာ ထိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတော့ အဖြူကောင်လည်း သူ့ပစ္စည်းသူ ဂရုစိုက်သင့်တာပေါ့။ ဒါမျိုးက တို့ စင်ကာပူမှာတောင် မရဘူးလို့ ပြောနေသံ ကြားလိုက် ရပါတယ်။ သူလည်း ကျွန်းပိစိကွေးက ပြန်လာတဲ့ တစ်ကျွန်းပြန် ဖြစ်တဲ့ အကြောင်းကို သိလိုက်ရပါတယ်။ ကျွန်းပိစိကွေးမှာ ဘာထူးခြားသလဲ ဆိုတော့ မလစ်ရင် မခိုးပါဘူး။ လစ်ရင်တော့ ခိုးပါတယ်။ ရယ်စရာကောင်းတာက ကားဘေးမှာ ပစ္စည်းများ ပျောက်တတ်တဲ့အတွက်ကြောင့် ကိုယ့်ပစ္စည်းကို ဂရုစိုက်ကြဖို့ နေရာအနှံ့ စာရေးထားတာ ပါပဲ။ တစ်ယောက်က အဲဒီစာတမ်းကို လက်ညှိုးထိုးပြပြီး မြန်မာလို ရေးထားတာကိုး။ နိုင်ငံခြားသားက ဘယ်ဖတ်တတ်မလဲ ပြောလို့ အားလုံး ဝိုင်းရယ်ကြပါတယ်။

ခဏနေတော့ အောက်ဆင်းပြီး ကေပိုး လုပ်နေကြတဲ့သူ အချို့ ကားပေါ်ကို ပြန်တက်လာပါတယ်။ အိတ်ကို ထမင်းဆိုင်ဝင်း အပြင်က ပိတ်ထားတဲ့ ကွမ်းယာဆိုင် ထဲမှာ မွှေနှောက်ပြီး ပစ်ခဲ့တဲ့ အကြောင်း၊ ကောင်လေးကိုတော့ မတွေ့ရတော့တဲ့ အကြောင်း သူတို့ဆီက သတင်းကြားရပါတယ်။ အဖြူကောင်လည်း သူ့အိတ်သူ ပြန်ရပြီမို့ ကျေနပ်သွားပါတယ်။ တစ်ချို့ကတော့ ပိုက်ဆံ ၇ သောင်း ပါသွားတယ် လို့ ပြောကြပါတယ်။ တစ်ချို့ကတော့ အိတ်ထဲမှာ စာရွက်စာတမ်းတွေချည်းမို့ ဘာမှ ပါမသွားဘူးလို့ ပြောကြပါတယ်။ ဘယ်သူပြောတာ အမှန်လဲတော့ ကိုယ်တိုင် ကေပိုး မလုပ်လိုက်ရလို့ မသိလိုက်ပါဘူး။ ဒီလိုနဲ့ ကားပေါ်မှာ ပြန်အိပ်ပျော်လာခဲ့တာ ဆင်များရှိသည် ဝိတ်မလျှော့ရ ဆိုတဲ့ နေရာကို ရောက်မှပဲ နိုးပါတော့တယ်။