Search This Blog

Sunday, October 28, 2012

ရန်ကုန်မှတ်စုတိုများ (၁)

မျက်စိမှားသလား

တစ်နေ့ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ အင်းစိန်ကနေ ကျောက်ကုန်းကို ညနေဘက် တက္ကစီ ငှားစီးပြီး ထွက်လာခဲ့တယ်။ ကျွန်တော် ငှားစီးလာတဲ့ ကားက တရုတ်ပြည်ထုတ် ချယ်ရီကျူကျူ ကားကလေးပါ။ ဒရိုင်ဘာက မင်းဓမ္မလမ်းထဲက ဖြတ်မောင်းလာတဲ့ အချိန်မှာ ကျွန်တော့်ကို ပြောပါတယ်။ ဟိုတစ်နေ့ကဗျာ။ ဒီနားမှာ ညဘက် ကားမောင်းလာတုန်း လမ်းပေါ်က လူတစ်ယောက် ရုတ်တရက် ပြေးထွက်လာတယ်။ ကျွန်တော်လည်း တိုက်မိမှာစိုးလို့ ကြောက်အားလန့်အားနဲ့ ဘရိတ်ဆောင့်အုပ်လိုက်တာ။ အနားရောက်တော့ ဘာမှ မရှိဘူးဗျာ။ ညဘက်မို့ မျက်စိမှားတယ် ထင်တာပဲ။ မျက်စိမှားလို့ တော်သေးတာပေါ့ဗျာ။ ကျွန်တော့်မှာတော့ လူကို တိုက်မိပြီ ထင်ပြီး ရင်ထိတ်သွားတာပဲ လို့ သူက ပြောတာပါ။ ကျွန်တော်က သူ့ကို ပြန်မေးတယ်။ ဘယ်နားမှာ ဖြစ်တာလဲပေါ့။ သူက တော်ဝင်လမ်း (ဝိတိုရိယ ဆေးရုံရှိတဲ့လမ်း) နဲ့ မင်းဓမ္မလမ်း ဆုံတဲ့ နေရာနားလောက်လို့ ပြောပါတယ်။ ကျွန်တော် သူ့မျက်နှာကို စေ့စေ့ကြည့်မိတယ်။ သူ့ပုံစံကတော့ အတည်ပြောနေတာပါပဲ။ ခင်ဗျား အဲဒီနေရာက အရင် သင်္ချိုင်းကုန်းနေရာ ဆိုတာ မသိဘူးလားလို့ မေးတော့ မသိဘူးလို့ သူကပြောပါတယ်။ သူ့ကို အသေအချာ အကဲခတ်ကြည့်တော့ တကယ် မသိတဲ့ပုံပါပဲ။ သရဲနဲ့ တွေ့တာလား။ မျက်စိမှားတာလား။ အတည်ပေါက်နဲ့ ကျွန်တော့်ကို ကြပ်နေတာလား စဉ်းစားရင်း အဖြေကို ရှာမတွေ့ခဲ့ပါဘူး။

တိုက်လိုက်ကြတဲ့ကား

ရန်ကုန်ကို ပြန်ရောက်ပြီး သိပ်မကြာပါဘူး။ ကားတိုက်တဲ့ ဇာတ်လမ်း တစ်ခု စပြီး ကြားရတယ်။ အင်းစိန် ကုန်းတံတား အဆင်းမှာ နွားနို့ပို့တဲ့သူ ဆယ်ဘီးကားနဲ့ ချိတ်ပါသွားပြီး ပြုတ်အကျမှာ အဲဒီ ဆယ်ဘီးကားနဲ့ပဲ ပြန်ကြိတ်မိတဲ့ အဖြစ်ပါ။ လူကတော့ တစ်စစီ ဖြစ်သွားတာပဲ။ လက်တွေ၊ တခြား ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ တစ်စစီ ပြန်ကောက်ရတယ်။ နောက်ထပ် သိပ်မကြာပါဘူး။ အဲဒီ နေရာနဲ့ မလှမ်းမကမ်းမှာပဲ နောက်တစ်ခေါက် ထပ်ကြိတ်ပြန်တယ်။ ဒီတစ်ခါတော့ ကုန်းတံတားနဲ့ မလှမ်းမကမ်း အရင်က ၅၀ကားတွေ ကွေ့လို့ ၅၀ကွေ့လို့ ခေါ်တဲ့ နေရာမှာ ရွှေပြည်သာ သွားတဲ့ ၅၇ ကားပေါ်က လူ ပြုတ်အကျမှာ နောက်က ကွန်တိန်နာကားက ကြိတ်မိတာပါ။ တစ်ချို့ကတော့ စပယ်ယာနဲ့ ရန်ဖြစ်လို့ စပယ်ယာက လက်သီးနဲ့ ထိုးလိုက်တဲ့အခါ ကားပေါ်က ပြုတ်ကျသွားတယ်လို့ ပြောကြတယ်။ နောက်နေ့တော့ ဘုန်းကြီးတွေ အဲဒီနေရာနားတစ်ဝိုက် ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ တစ်စစီ ဖြစ်ခဲ့တဲ့ နေရာတွေ အပါအဝင် လှည့်ပတ်ပြီး ပရိတ်ရွတ်ကြတယ် ကြားတယ်။

အဲဒီညက အိမ်ကို လမ်းလျှောက်ပြန်လာတုန်း အဲဒီပတ်ဝန်းကျင် အရောက် ကားတစ်စင်း ကျွန်တော့် အနောက်မှာ ဒပ်စတော့ အုပ်လိုက်တဲ့ အသံကြားတယ်။ လှည့်ကြည့်တော့ ဘာမှမတွေ့တာနဲ့ ဆက်လျှောက်လာခဲ့တယ်။ ကွမ်းယာဆိုင် ခဏဝင်နေတုန်း နောက်က မိန်းမကြီး တစ်ယောက် ရင်ဘတ်ကို ဖိပြီး ရောက်လာတယ်။ လူကို ကားက ဝင်တိုက်သွားတာ။ ကားကတော့ မောင်းပြေးသွားပြီတဲ့။ သူကမြင်လိုက်ရတဲ့သူဆိုတော့ သွေးပျက်နေပုံပဲ။ ခဏနေတော့ ကားတိုက်ခံရတဲ့သူကို ဆိုက်ကားပေါ်တင်ပြီး ဆေးရုံဖက်ကို ခေါ်သွားတာ မြင်လိုက်ရတယ်။ နောက်နေ့မနက်ကျတော့ သတင်းထွက်လာရော။ အဲဒီသူကို နောက်ကနေ တစ်ယောက်ယောက်က ဆောင့်တွန်းလိုက်လို့ ကားနဲ့ တိုက်မိသလိုမျိုး။ သရဲလက်ချက်လိုလို ဘာလိုလို။ ဒါပေမယ့် အဲဒီလူ မသေပါဘူး။ နောက်တော့ ဆေးရုံက ပြန်ဆင်းလာပါတယ်။ အဲဒီအချိန်ကျတော့ ဇာတ်လမ်းအမှန်ကို သိရတယ်။ လိုက်ထရပ်ကို မမောင်းတတ်မောင်းတတ် လူက တက်မောင်းရင်း လမ်းလယ်ခေါင်က လူကို အရှောင်မှာ လမ်းဘေးက လမ်းကူးမလို့ စောင့်နေတဲ့ လူကို ဝင်တိုက်မိတာ။ အရင်နေ့က ပြောနေကြသလို သရဲက ဆောင့်တွန်းလိုက်တာတွေ ဘာတွေ မကြားမိတော့ပြန်ဘူး။ ဒါပေမယ့် မကြာခင်မှာပဲ ၅၀ကွေ့မှာ ကားနှစ်စင်း တိုက်မိပြီး နောက်တစ်ယောက် ထပ်သေသွားပြန်တယ်။ ဆဲဗင်းဒေး နယူးထဲမှာ သတင်းရေးထားတာ ဖတ်ရတော့ ၅၀ကွေ့မှာ တိုက်တဲ့ ဇာတ်လမ်းက နောက်တစ်မျိုး။ သရဲလက်ချက်ဟုတ်ဟုတ် မဟုတ်ဟုတ် ရန်ကုန်က လမ်းကျဉ်းကျဉ်း တွေမှာ ကားတွေကို မဟားဒရားမောင်းနေတဲ့ ပုံမျိုးနဲ့တော့ ယာဉ်တိုက်မှု ခဏခဏ ဖြစ်တာ အဆန်းမဟုတ်ဘူးလို့ တွေးမိတယ်။

အသက်ကို ဖက်နဲ့ထုပ်

ရန်ကုန်မြို့က အဆောက်အဦးတစ်ခု ပေါ်ကို အလုပ်ကိစ္စတစ်ခုနဲ့ ရောက်ခဲ့ပါတယ်။ အဲဒီ အဆောက်အဦးက ဆယ့်နှစ်ထပ်လောက် မြင့်ပါတယ်။ တာဝန်ရှိတဲ့ အင်ဂျင်နီယာက အပေါ်တက်ကြည့်ဖို့ ကျွန်တော့်ကို ခေါ်တာနဲ့ လိုက်သွားပါတယ်။ သူနဲ့ ကျွန်တော် အဲဒီအဆောက်အဦးပေါ်ကို ဓာတ်လှေကားနဲ့ တက်လာခဲ့ကြပါတယ်။ ဓာတ်လှေကားကတော့ ဘုရားစူး ဓာတ်လှေကားပါ။ တက်တဲ့အချိန် တဂျုန်းဂျုန်းနဲ့ မြည်ပြီး လှုပ်ယမ်းနေပါတယ်။ ကျွန်တော့်မှာ ဓာတ်လှေကား စီးမိတာ မှားပြီလားလို့ တွေးရင်း ကြောက်ကြောက်နဲ့ အပေါ်ရောက်တဲ့ အထိ တက်ခဲ့ရပါတယ်။ အပေါ်ရောက်တော့ အင်ဂျင်နီယာက ကျွန်တော့်ကို ပြောပါတယ်။ ဓာတ်လှေကားကဗျာ။ ဘရိတ်မမိလို့ အတော်ပြင်ထားရတယ်။ ဒီကြားထဲ ပြင်တဲ့ကောင်တွေက ဘာတလွဲတွေ လုပ်သလဲ မသိဘူး။ အောက်ဆင်းခိုင်းတာ။ ဓာတ်လှေကားက အောက်မဆင်းဘဲ ဟိုးအပေါ် တက်ကပ်နေလို့ အတော်ပြင်ယူရတယ် လို့ ပြောပါတယ်။ ကျွန်တော့်မှာတော့ အဲဒီအပေါ်က အောက်ကို ပြန်ဆင်းတဲ့ အချိန် ဓာတ်လှေကား မခေါ်တော့ဘဲ လှေကားကနေပဲ ခြေအညောင်းခံ ဆင်းခဲ့ပါတော့တယ်။ ဓာတ်လှေကား စီးရင် ငါ အောက်ဆင်းခိုင်းတာ အောက်မဆင်းဘဲ အပေါ်တက်ကပ်နေလို့ လေထဲမှာ တွဲလောင်းကြီး ဖြစ်နေမလား။ ဘရိတ်မမိလို့ဘဲ ဂျုန်းကနဲ အောက်ကို အရှိန်နဲ့ ထိုးကျလေမလား စဉ်းစားပြီး တွေးကြောက်နေရမယ့် အဖြစ်ကို မခံစားနိုင်လို့ပါ။ ရန်ကုန်မှာ တစ်ခါတလေ ဘာမှ မဟုတ်တဲ့ ကိစ္စမှာ အသက်ကို ဖက်နဲ့ထုပ်ပြီး အလုပ်လုပ်ရတယ်လို့ စဉ်းစားရင်း ပြုံးမိပါသေးတယ်။

Saturday, October 20, 2012

ဝလုံးများနဲ့ည

ကြာတော့လည်း ကြာခဲ့ပါပြီ။ အခုဆိုရင် ဒီအဖြစ်အပျက်က ဆယ်စုနှစ် တစ်ခုလောက်တောင် ရှိပြီ ထင်ပါတယ်။ ဒါပေမယ့်လည်း အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အဖြစ်မို့ အခုထိ မှတ်မိနေတုန်းပါ။

ကျွန်တော်တို့ စင်ကာပူ ရောက်ခါစ အချိန်ကပါ။ အဲဒီအချိန်က ကျောင်းဆင်းပြီးရင် စားသောက်ဆိုင်မှာ အချိန်ပိုင်း စားပွဲထိုး တာမို့ ညဘက် အိမ်ကို ၁၁ နာရီလောက်မှ ပြန်ရောက် တတ်ပါတယ်။ အဲဒီနေ့ကတော့ အလုပ်ပြီးတဲ့ အချိန် နည်းနည်းစောတာမို့ အိမ်မပြန် သေးဘဲ အလုပ် အတူလုပ်တဲ့ သူငယ်ချင်း တစ်ယောက်နဲ့ အတူ သူ့အိမ်ကို လိုက်သွားခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံးလိုလို ကျောင်း အနီးပတ်ဝန်းကျင်မှာ အိမ်ငှားနေကြတာမို့ သူငယ်ချင်းတွေ အတော်များများနဲ့ အိမ်ချင်း သိပ်မဝေးကြပါဘူး။

သူငယ်ချင်း အိမ်ရှေ့ ရောက်သွားတော့ စိတ်ထဲမှာ နည်းနည်း ထူးခြားနေသလို ခံစားရပါတယ်။ ပုံမှန်အားဖြင့် ရှိသမျှ တံခါး အကုန်ဖွင့်ပြီး ဆူညံ ပွက်လောရိုက် နေတတ်တဲ့ အိမ်က ဒီနေ့တော့ ထူးထူးခြားခြား တိတ်ဆိတ်နေပါတယ်။ အမြဲဖွင့်ထားတတ်တဲ့ အိမ်ရှေ့တံခါးကို ပိတ်ထားရုံသာ မကဘဲ တစ်ခါမှ မပိတ်ဖူးတဲ့ အိမ်ရှေ့က တရုတ်ကပ် မှန်တံခါးတွေပါ ပိတ်ထားတာ တွေ့ရလို့ နည်းနည်း အံ့သြ သွားပါတယ်။ ကျွန်တော်တင် မကပါဘူး။ အိမ်ရှင် ကျွန်တော့် သူငယ်ချင်းကလည်း အံ့သြနေပုံပါပဲ။ အိမ်ထဲမှာ မီးရောင်လင်းနေတာ တွေ့ရတော့ အိမ်ထဲမှာ လူရှိတယ် ဆိုတာတော့ သိလိုက် ရပါတယ်။

ကျွန်တော့် သူငယ်ချင်းက သူ့မှာ ပါလာတဲ့ အိမ်သော့ကို ထုတ်ပြီး တံခါးကို ဖွင့်ပါတယ်။ တံခါးပွင့်သွားတဲ့ အချိန်မှာတော့ ကျွန်တော်တို့ ရုတ်တရက် လန့်သွားပါတယ်။ အိမ်ထဲမှာ ဧည့်ခန်းအပြည့် ထိုင်နေတဲ့ လူအုပ်ကို တွေ့လိုက်ရလို့ပါ။ လူတွေ ဒီလောက်များပြီး အသံမထွက်ပဲ တိတ်ဆိတ်နေတာ တစ်ခုခုတော့ တစ်ခုခုပဲ ဆိုတာ သိလိုက်ရပါတယ်။ သူတို့ အားလုံးကလည်း တံခါးဝကို စူးစူးစိုက်စိုက် ကြည့်နေကြပါတယ်။ အိမ်ထဲက လူတွေကတော့ ကျွန်တော်တို့ နှစ်ယောက်ကို မြင်လိုက်ရလို့ စိတ်သက်သာရာ ရသွားတဲ့ ပုံပါပဲ။

အားလုံးပေါင်း ၇ ယောက် ၈ ယောက်လောက် ရှိမယ် ထင်ပါတယ်။ သူတို့ အားလုံးက လူလတ်ပိုင်း မြန်မာ အစ်ကိုကြီးတွေပါ။ ကျွန်တော်တို့ မြင်ဖူးတာ တစ်ယောက်မှ မပါပါဘူး။ ကျွန်တော်တို့က သူတို့ကို ပြုံးပြ နှုတ်ဆက်ပြီး အိမ်ထဲ ဝင်လာခဲ့ပါတယ်။ သူတို့ အချင်းချင်း စကား ဆက်ပြောနေကြပေမယ့် အသံကျယ်ကျယ် မပြောဘဲ အသံအုပ်အုပ်နဲ့ ပြောနေကြပါတယ်။

ကျွန်တော်တို့ ဧည့်ခန်းကို ဖြတ်ပြီး မီးဖိုခန်းထဲ ဝင်လာခဲ့ပါတယ်။ မီးဖိုခန်းထဲမှာတော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်  ရှိနေပါတယ်။ ကျွန်တော်တို့က သူ့ကို ဘာဖြစ်နေတာလဲ လို့ တိုးတိုးတိတ်တိတ် မေးကြည့်ကြ ပါတယ်။ ကျွန်တော့် သူငယ်ချင်းက "အဲဒါ ငါတို့ အသိ ဝလုံးတွေ။ သူတို့အိမ်ကို ဒီညနေ ရဲဝင်ဖမ်းလို့ ဘယ်ပြေးရမှန်း မသိတာနဲ့ ငါတို့အိမ် ရောက်လာတာ။" လို့ ပြောပြပါတယ်။ အဲဒီလို ပြောတာ ကြားလို့ ကျွန်တော် မျက်လုံးပြူး သွားပါတယ်။ ဝလုံး ဆိုတာ အိုဗာစတေးနေတဲ့သူကို ခေါ်တာပါ။ အရင်က အို လို့ ခေါ်ကြပေမယ့် အိုက အင်္ဂလိပ်စာလုံးမို့ နောက်တော့ ဝလုံးလို့ ပြောင်းပြီး ခေါ်ကြတာပါ။

နောက်တော့ ကျွန်တော်တို့ အိမ်ရှေ့ခန်းကို ပြန်ထွက်လာပါတယ်။ အိမ်ရှေ့ခန်းမှာ ဝလုံး အကိုကြီးတွေနဲ့ စကားထိုင်ပြောရင်း သူတို့ အကြောင်း တစွန်းတစ သိခဲ့ရပါတယ်။ သူတို့နေတာ စင်ကာပူ မြောက်ပိုင်းက ရပ်ကွက် တစ်ခုမှာ ဖြစ်ပြီး အိပ်ခန်း ၂ ခန်း ပါတဲ့ အိမ်ခန်းတစ်ခုမှာ အယောက် ၃၀ နီးပါး နေကြတယ် လို့ ပြောပါတယ်။ အဲဒီမှာ နေလာတာ ၈ နှစ်နီးပါး ရှိပြီလို့လည်း သိရပါတယ်။ သူတို့ ထဲက တချို့ လူတွေက တချိန်က တရားဝင် အလုပ်လုပ်ကိုင်ခွင့်နဲ့ နေတဲ့သူတွေနဲ့  Student pass နဲ့ နေတဲ့သူတွေလည်း ပါပါတယ်။ တရားဝင် လုပ်ကိုင်ခွင့် ကုန်တော့ မပြန်ပဲ အို လိုက်ကြတာပါ။ ဝလုံး ဆိုပေမယ့် ရုံးမှာ အလုပ်လုပ်တဲ့သူတောင် ရှိပါတယ်။ အဲဒီနေ့ ညနေကတော့ သူတို့ အိမ်အောက်ဆင်းပြီး 4D လို့ခေါ်တဲ့ လေးလုံးထီ ဆင်းထိုးနေကြတုန်း အိမ်ကို ရဲဝင်ဖမ်းတာနဲ့ ဘာမှ ယူချိန်မရဘဲ ပြေးလာကြတာပါ။ အိမ်မှာ ကျန်ခဲ့တဲ့ တချို့တော့ မိသွားတယ်လို့ ပြောပါတယ်။

မလေးရှား ဂျပန်လို နိုင်ငံမှာ အိုဗာစတေးက သိပ်ပြီး ရှော့ခ် မရှိပေမယ့် စလုံးမှာတော့ ပြသနာက အတော်ကြီးပါတယ်။ ပုံမှန်အားဖြင့် စင်ကာပူမှာ တရားဝင် Pass တစ်ခုခု ကိုင်ထားတဲ့သူ စတေးကုန်ပြီး ရက်နည်းနည်း ကျော်သွားလို့ လေဆိပ်မှာ မိရင် အချုပ်ထဲ ရောက်တတ်ပြီး စင်ကာပူဝင်ခွင့် တစ်နှစ် အပိတ် ခံရတတ်ပါတယ်။ အလည်အပတ် လာတဲ့သူ ရက်ကျော်ရင်တော့ အချုပ်ထဲ ရောက်ပြီး ကြိမ်ဒဏ်ပါ ခံရတတ် ပါတယ်။ သူတို့တင် မကဘူး အိုဗာစတေးကို လက်ခံထားမိရင် လက်ခံ ထားတဲ့ အိမ်ရှင်ပါ ထောင်ကျပါတယ်။ ကျွန်တော်တို့က အဲဒီ အချိန်က စင်ကာပူ ရောက်ခါစမို့ အဲဒီအကြောင်းတွေ သေသေချာချာ မသိပါဘူး။ အိုဗာစတေး မိရင် ကြိမ်ဒဏ်ချတယ် ဆိုတာလောက်ပဲ ကြားဖူးပါတယ်။

သူတို့နဲ့ ခဏ စကားပြောပြီးတော့ ကျွန်တော် အိမ်ပြန်လာခဲ့ပါတယ်။ ကျွန်တော့် သူငယ်ချင်းကလည်း အိမ်မှာ လူများနေလို့ ကျွန်တော်နဲ့ လိုက်အိပ်မယ် ဆိုပြီး ပါလာပါတယ်။ ပြသနာက နောက်တစ်နေ့မနက်မှ စတာပါ။ မနက်ခင်း မိုးလင်းတော့ ကျွန်တော့် သူငယ်ချင်းက သူ့ရည်းစားဆီကို ဖုန်းဆက်ပါတယ်။ ဖုန်းဆက်ရင်း ကျွန်တော့်အိမ်မှာ ညက အိပ်တယ်ပြောတော့ သူ့ရည်းစားက ဘာဖြစ်လို့လဲ မေးပါတယ်။ ကျွန်တော့် သူငယ်ချင်းက ညက အဖြစ်အပျက်ကို ပြောပြတော့ သူ့ရည်းစားက ပြာပြာသလဲနဲ့ နင်တို့အိမ်မှာ မိရင် နင်တို့တွေ အကုန် ထောင်ထဲ ရောက်ကုန်မယ်။ မသိဘူးလား။ လို့ ပြန်မေးပါတယ်။ ကျွန်တော့် သူငယ်ချင်းက လုံးဝ မသိတာပါ။ အဲဒါနဲ့ သူနဲ့ တအိမ်တည်း နေတဲ့ သူငယ်ချင်း တစ်ယောက်ကို ဖုန်းဆက်ပြီး ပြောပါတယ်။ သူ့ အိမ်က သူငယ်ချင်းက အလုပ်ထဲ ရောက်နေတာမို့ ခဏနေဦး။ ငါအလုပ်ထဲက လူတွေနဲ့ တိုင်ပင်ကြည့်ဦးမယ် ဆိုပြီး ပြန်ပြောပါတယ်။ ခဏနေတော့ သူ ဖုန်းပြန်ဆက်ပါတယ်။ "ငါ့မန်နေဂျာက ပြောတယ်။ အပေါင်းအသင်းက အပေါင်းအသင်း တကဏ္ဍပဲ ဒါပေမယ့် ဝလုံးကို အိမ်ခေါ်ထားရင် အိမ်ခေါ်ထားတဲ့သူပါ ထောင်ကျတယ်လို့ ပြောနေတယ်။ ကွိုင်ပဲကွ။" လို့ ကျွန်တော်တို့ကို ပြန်ပြောပါတယ်။

ဒါနဲ့ပဲ ကျွန်တော်တို့ ခဏနေတော့ သူ့အိမ်ကို ရောက်သွားကြပါတယ်။ သူတို့ အိမ်ကလူတွေ တစ်ယောက်မှ အိုဗာစတေးကို လက်ခံမိရင် ထောင်ကျတယ် ဆိုတဲ့ကိစ္စကို မသိပါဘူး။ အဲဒီအိမ်မှာ အူကြောင်ကျား သူငယ်ချင်း တစ်ယောက်လည်း ရှိပါတယ်။ သူကတော့ "ဟေ့ကောင်တွေ။ ဘာမှ စိတ်မပူနဲ့။ လွယ်လွယ်လေး။ ရဲလာဖမ်းရင် အနောက်ပေါက်ကနေ ခုန်ချခိုင်း လိုက်မယ်။ ငါတို့အိမ်က ၄ ထပ်ပဲ မြင့်တာ။ သူတို့ ဝလုံးတွေပဲ အေးဆေးပါ။" လို့ ပြောလို့ ကျွန်တော်တို့က သူ့ကို "ဟေ့ကောင် ဝလုံးလဲ လူပဲကွ။ မင်းက သူတို့ကို စူပါမင်းများ မှတ်နေသလား။ ၄ ထပ်တိုက်က ခုန်ချရင် သေမှာပေါ့ဟ။ မင်းရူးနေသလား။" ဆိုပြီး ဝိုင်းဆဲ ကြပါတယ်။

ညက အဲဒီအိမ်မှာ ၇ ယောက် ၈ ယောက်လောက် ရှိပေမယ့် ဒီမနက်တော့ ၄ ယောက်လောက်ပဲ ကျန်ပါတော့တယ်။ ကျန်တဲ့သူတွေက ပြောင်းသွား ကြပါပြီ။ အဲဒီအိမ်က သူငယ်ချင်း တစ်ယောက်က မျက်နှာပူပူနဲ့ပဲ သွားပြောရပါတယ်။ "အစ်ကိုတို့။ နေစရာ ရပြီ ဆိုရင်တော့ ပြောင်းပေး ကြပါ။ ကျွန်တော်တို့ ကူညီချင်ပေမယ့် အခန့်မသင့်ရင် ထောင်ကျမှာမို့ ကျွန်တော်တို့လည်း နေရထိုင်ရတာ စိတ်မလုံဘူး။" လို့ပါ။ ဝလုံး အစ်ကိုကြီးတွေက "အေးပါ။ အစ်ကိုတို့လည်း ငါ့ညီတို့ အခက်အခဲကို နားလည်ပါတယ်။ အခု အကိုတို့ အိမ်ရှာထားတာလည်း ရပါပြီ။ ညနေကျရင် ပြောင်းမှာပါ။ ဘာပဲဖြစ်ဖြစ် အစ်ကိုတို့ကို အခုလို ကူညီတဲ့ အတွက် ကျေးဇူးတင်ပါတယ်။" လို့ ပြန်ပြောမှ စိတ်အေး သွားရပါတယ်။

ကူညီချင်တာတော့ မှန်ပါတယ်။ ဒါပေမယ့် ထောင်နှုတ်ခမ်း လမ်းလျှောက်ပြီး ကူညီရမယ့် ကိစ္စတော့ ဘယ်သူမဆို တွန့်ကြတာ အမှန်ပါပဲ။ သူတို့ကိုလည်း အပြစ်မဆိုသာပါဘူး။ ဒီလိုနဲ့ ညနေဖက် အဲဒီ အစ်ကိုကြီးတွေ အိမ်ပြောင်းသွားမှပဲ သူတို့အားလုံး ဟင်းချ နိုင်ပါတော့တယ်။