Search This Blog

Showing posts with label မြန်မာစာ. Show all posts
Showing posts with label မြန်မာစာ. Show all posts

Friday, October 21, 2011

အကူအညီ လိုနေတဲ့ မြန်မာဝီကီ


သဘောအကျဆုံး ပုံတစ်ပုံလို့ ပြောပါရစေ။ ကယ်လီဖိုးနီးယားက ယူနီကုတ် ကွန်ဖရင့်မှာ ကိုငွေထွန်း ရိုက်လာတဲ့ပုံပါ။ Windows 8 မှာ ပါလာမယ့် Myanmar Language Support အတွက် မိုက်ခရိုဆော့ဖ်က Presentation လုပ်နေတာပါ။ ဘာလို့ သဘောကျတာလည်း မေးရင်တော့ အကြောင်းအချက်တွေ အများကြီး ရှိပါတယ်။ ပထမတစ်ချက်က ဝင်းဒိုးထဲမှာ မြန်မာစာကို တရားဝင် ပါလာတော့မှာမို့ သဘောကျပါတယ်။ နောက်ဆိုရင် ဝင်းဒိုးသုံးတဲ့အချိန် မြန်မာဖောင့် မြန်မာကီးဘုတ် စတာတွေ အင်စတောလ် လုပ်ဖို့ မလိုတော့မယ့် အပြင် နိုင်ငံခြားကို ရောက်နေတဲ့ အချိန် အင်တာနက် ကဖီးမှာ လေးထောင့်တုံးတွေချည်းပဲ မြင်ရမယ့်ဘေးက ဝေးပါတော့မယ်။ မိုက်ခရိုဆော့ဖ်က သုံးထားတဲ့ ကီးဘုတ် လက်ကွက်က မြန်မာ၃ ကီးဘုတ် လက်ကွက်ပါ။ အခု ကြည့်ရင်တော့ တစ်ချို့စာလုံးတွေ အထားအသို မှားနေတာ တွေ့ရပါတယ်။ ဒါပေမယ့် မြန်မာစာကို နားလည်တဲ့သူတွေ အခုအချိန်မှာ ပြန်ပြင်နေတာကြောင့် Windows 8 ထွက်လာတဲ့ အချိန်မှာတော့ သုံးဖို့ အသင့် ဖြစ်ပါလိမ့်မယ်။

ဒုတိယတစ်ချက်ကတော့ မိုက်ခရိုဆော့ဖ်က မြန်မာစာ အတွက် မြန်မာဝီကီပီးဒီးယားကို ကိုးကားပြီး Presentation လုပ်တဲ့အတွက် မြန်မာဝီကီပီးဒီးယားရဲ့ အက်ဒမင် တစ်ယောက် အနေနဲ့ လှိုက်လှိုက်လှဲလှဲ ဝမ်းသာပါတယ်။ ကျွန်တော်တို့ မြန်မာဝီကီကို စခဲ့တာ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလက ဆိုတော့ အခုဆိုရင် ၆ နှစ် ပြည့်ပါတော့မယ်။ ဆောင်းပါးပေါင်း ၇၅၀၀ နီးပါး ရှိနေပါပြီ။ ဒါပေမယ့် လူနဲ့ လက်နက်နဲ့မမျှ ဖြစ်နေပါတယ်။ မြန်မာဝီကီပီဒီးယားကို တကယ်တမ်း ရည်ညွှန်းကိုးကား အနေနဲ့ သုံးစွဲနိုင်အောင် ဆောင်းပါးတွေ အများကြီး ထပ်ပြီး ရေးဖို့ လိုသေးတဲ့ အပြင် ရှိပြီးသား ဆောင်းပါးတွေကိုလည်း အချက်အလက်တွေ ထပ်ဖြည့်ဖို့၊ ပြင်ဆင်ဖို့၊ ဖတ်လို့ကောင်းအောင် တည်းဖြတ်ဖို့ စတဲ့ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ အထူးသဖြင့် သိပ္ပံ၊ နည်းပညာ၊ဆေးပညာ နဲ့ အိုင်တီ ဆိုင်ရာ ဆောင်းပါးတွေ အများကြီး လိုနေပါတယ်။ 

အခုအခြေအနေက ကျွန်တော်တို့ လူနည်းနည်းနဲ့ ကျဲနေရတဲ့ အနေအထားမျိုး ပါ။ လက်ရှိ ဝီကီ ရေးနေတဲ့သူ အားလုံးမှာ ရှိနေတဲ့ တူညီတဲ့ စိတ်ဆန္ဒက ပြည်တွင်း ပြည်ပမှာ ရှိနေတဲ့ မြန်မာလူမျိုးတွေ အတွက် ရည်ညွှန်းကိုးကား လုပ်စရာ စွယ်စုံကျမ်း တစ်ခု ရှိနေစေချင်တဲ့ ဆန္ဒတစ်ခု ပါပဲ။ ဒီနှုန်းနဲ့ ဆက်သွားရင်တော့ နောက် ဆယ်နှစ်လောက် ကြာချင် ကြာသွားနိုင်ပါတယ်။ အားလုံး ဝိုင်းပြီး ကူညီ ပံ့ပိုးပေးနိုင်ရင် အမြန်ဆုံး အကောင်အထည် ပေါ်နိုင်မှာမို့ စိတ်ပါ ဝင်စားတဲ့သူ အားလုံးကို အကူအညီပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ကိုယ်ရေးကိုယ်တာပါ။ ဓာတ်ပုံထဲမှာ ပြထားတဲ့ ဆောင်းပါးက အရင်လ က ကျွန်တော် ဘာသာပြန်ဖြစ်ခဲ့တဲ့ အာဖရိက အကြောင်းဆောင်းပါးပါ။ ကိုယ်ဘာသာပြန်ထားတဲ့ ဆောင်းပါး အခုလို မြင်လိုက်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော့် အနေနဲ့ အခုလက်ရှိတော့ ဝီကီပီးဒီးယားမှာ နည်းပညာအကြောင်း ၊ အိုင်တီ အကြောင်း ဆောင်းပါးတွေ တစ်ခါတစ်လေ လောက်ပဲ ရေးဖြစ်ပါတယ်။ ဝီကီပီးဒီးယားမှာ မရှိ မဖြစ်လိုအပ်တဲ့ ဆောင်းပါးတွေ ရှိလာအောင် ကြိုးစားပြီး ရေးထည့်နေ ပါတယ်။ အဲဒါအပြင် ရည်ညွှန်း ကိုးကားဖို့အတွက် မရှိမဖြစ် ရှိသင့်တယ် ထင်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံ အကြောင်း နဲ့ တခြား ပင်လယ်တွေ၊ မြစ်တွေ၊ မြို့တွေ၊ တောင်တွေ စတဲ့ ပထဝီနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေကို ဖြည့်ရေးဖြစ် နေပါတယ်။ ဒါလည်း ကျွန်တော်တို့ လက်ရှိ အခြေအနေမှာ အခက်အခဲ ရှိပါတယ်။ ဒီလောက်များတဲ့ ဆောင်းပါးတွေ ကျွန်တော်တို့ အခု လက်ချိုးရေရင် ၁၀ ယောက် မပြည့်တဲ့ လူနည်းစုနဲ့ ဘယ်လို ထိန်းသိမ်းနိုင်ပါ့မလဲ။ နောက်ထပ်လာပြီး ကူညီအားဖြည့်ပေးမယ့် သူတွေကို စောင့်မျှော်ရင်းလို့ပဲ ဆိုရပါလိမ့်မယ်။

တစ်ချိန်က မြန်မာဘလော့ခ်လောကမှာ ပြောနေကြတဲ့ "မြန်မာဝီကီကို ကူညီပါ။" ဆိုတဲ့ စကားကိုသုံးရင်းနဲ့ပဲ အားလုံးကို တတ်နိုင်သလောက် တစ်ယောက်တစ်ပုဒ် ပါဝင်ကူညီဖို့ ဖိတ်ခေါ်ပါရစေ။

(ဓာတ်ပုံအတွက် ကိုငွေထွန်းကို ကျေးဇူး အထူးတင်ပါတယ်။)

Tuesday, December 28, 2010

သိပ္ပံနည်းကျ မြန်မာစာ

ဗျည်း ၃၃လုံး ဇယား

အောက်က ဓာတ်ပုံနှစ်ပုံနဲ့ စာတွေကို ကိုငွေထွန်းရဲ့ Facebook ကနေ မလာပါတယ်။



မြန်မာစာဟာ လေ့လာသင်ကြားသူတွေ အတွက် သိပ္ပံနည်းကျ ဖြစ်တယ်ဆိုတာ ဒီဇယားကို လေ့လာကြည့်ရင် တွေ့ရပါ လိမ့်မယ်။ ဟ ထိုးကို လိုင်းတားထားတဲ့ အက္ခရာတွေနဲ့ပဲ တွဲလို့ ရပါတယ်။ တခြားအက္ခရာတွေနဲ့ တွဲလေ့ မရှိပါဘူး။



ပထမကော်လံက ဗျည်းတွေနဲ့ ပင့်ရစ်ဆွဲထိုး ဆိုတဲ့ သရတွေပေါင်းရင် ပြုလုပ်သူမပါဘဲ ဖြစ်တဲ့ ကြိယာတွေ ဖြစ်လာပါတယ်။ ဒုတိယကော်လံက ဗျည်းတွေနဲ့ ပင်ရစ်ဆွဲထိုး ဆိုတဲ့ သရတွေပေါင်းရင် ပြုလုပ်သူကြောင့်ဖြစ်တဲ့ ကြိယာတွေ ဖြစ်လာပါတယ်။

ဥပမာ - (ကျ နဲ့ ချ) ပစ္စည်းကျအောင် မောင်မောင်ကချထားခဲ့သည်။ (ကွဲနဲ့ခွဲ) အုန်းသီးကွဲအောင် ဓားနှင့်ခွဲရသည်။

အစိမ်းရောင် ကော်လံအချင်းချင်း ဆင့်လို့ ရပါတယ်။ အစိမ်းရောင်ကော်လံအောက်မှာ အနီရောင်ကော်လံ ဝင်ပြီး ပါဌ်ဆင့် ရေးလို့ ရပါတယ်။ အနီရောင်ကော်လံအောက်မှာ အစိမ်းရောင် ကော်လံကဝင်လို့မရပါဘူး။ နောက်ဆုံးကော်လံ အောက်မှာ အစိမ်းရောင်ရော အနီရောင်ရော ဝင်နိုင်ပါတယ်။
ဥပမာ - သတ္တိ၊ ဝတ္ထု၊ မန္တလေး၊ နန္ဒာ၊


ပင့်ရစ်ဆွဲထိုးနဲ့ ယူနီကုတ်

Unicode 4.0 မှာ မြန်မာစာက ယူနီကုတ် ဇယားထဲ စပြီး ပါလာပါတယ်။ ဒါပေမယ့် အဲဒီ ဇယားထဲမှာ ယပင့် ရရစ် ဝဆွဲနဲ့ ဟထိုး ဆိုတဲ့ ပင့်ရစ်ဆွဲထိုး သရတွေ ပါမလာပါဘူး။ အဲဒီဇယားကို စမြင်တဲ့ အချိန်တုန်း ကတော့ အတော်အံ့ဩမိတာ အမှန်ပါ။ ဘာလို့ ပင့်ရစ်ဆွဲထိုး မပါတာလဲ ဆိုတာ စဉ်းစားလို့ မရခဲ့ပါဘူး။ ဘန်ကောက်မှာ မြန်မာဝီကီပီးဒီးယား အတွက် အလုပ်ရုံဆွေးနွေးပွဲ သွားတက်တုန်း ဝင်းမြန်မာ System က ကိုဇော်ထွဋ်နဲ့ တွေ့မှ  ဇာတ်ရည်လည် သွားပါတယ်။

ယူနီကုတ် ၄.၀ အတွက် မြန်မာစာကို တင်သွင်းခဲ့တဲ့သူက မြန်မာလူမျိုး မဟုတ်ပါဘူး။ အဲဒီတော့ သူတို့က ရရစ်ကို ရကောက် ပါဌ်ဆင့်၊ ယပင့်ကို ယပက်လက် ပါဌ်ဆင့်၊ ဝဆွဲဆိုတာ ဝလုံး ပါဌ်ဆင့်၊ ဟထိုးဆိုတာ ဟရဲ့ ပါဌ်ဆင့်အဖြစ် ယူဆခဲ့ ပါတယ်။ မြန်မာတွေက အဲဒါ မဟုတ်ဘူးလို့ ငြင်းတာကို ဒီအတိုင်း လက်မခံပါဘူး။ သက်သေတွေ ပြခိုင်းပါတယ်။ စာရွက်စာတမ်းတွေ အကြိမ်ကြိမ် အခါခါ ရှာပြ သက်သေအထောက်အထားတွေ ပြပြီးတော့မှ ယူနီကုတ် ၅.၁ စံနှုန်း ထွက်လာတဲ့ အချိန်မှာ ပင့်ရစ်ဆွဲထိုးက ကုတ်ဒ်ပွိုင့်တစ်ခုအနေနဲ့ သတ်သတ် ပါလာပါတယ်။ ယူနီကုတ် စံနှုန်းဆိုတာ ကိုယ်ပြင်ချင်သလို ပြင်လို့ရတယ်။ လွတ်တဲ့နေရာ ကောက်ထည့်လို့ ရတယ်လို့ အထင် မရောက်စေချင်ပါဘူး။

ပန်ဂရမ်

ပန်ဂရမ်ဆိုတာ စာကြောင်းတစ်ကြောင်းတည်းမှာ အက္ခရာ အစုံအလင်ပါတဲ့ စာကြောင်းကို ခေါ်ပါတယ်။ A quick brown fox jumps over the lazy dog ဆိုတာ အင်္ဂလိပ်ဘာသာ ပန်ဂရမ်ပါ။ အဲဒီ စာကြောင်းမှာ အင်္ဂလိပ် အက္ခရာ A ကနေ Z အထိ အကုန်ပါပါတယ်။ မြန်မာစာ အတွက်လည်း ပန်ဂရမ်တစ်ခုကို လတ်တလောမှာ Lionslayer က ထွင်ခဲ့ပါတယ်။

သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။

အဲဒါကတော့  Lionslayer ထွင်ခဲ့တဲ့ မြန်မာပန်ဂရမ်ပါ။ က ကနေ အ အထိ ဗျည်း ၃၃ လုံးစလုံး ပါတဲ့အပြင် သရတွေလည်း အကုန်ပါပါတယ်။ ဒီပန်ဂရမ် ရအောင် သူဘယ်လို စဉ်းစားခဲ့သလဲ ဆိုတဲ့ အကြောင်းကို သူ့ရဲ့ ဘလော့ခ်ပို့စ် မှာ ဝေမျှ ထားပါတယ်။

Wednesday, December 22, 2010

အရိုးစွဲ

လွန်ခဲ့တဲ့ လအနည်းငယ်လောက်က စင်ကာပူက မြန်မာစာပေ ဟောပြောပွဲမှာ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) က ရသစာပေ အကြောင်း ပြောသွားခဲ့ပါတယ်။ သူကတော့ ဖိုးတောင်သူ့တဲ ဆိုတဲ့ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ကဗျာကလေး တစ်ပုဒ်ကို ဥပမာ ပေးပြီး ပြောသွား ခဲ့တာပါ။ ဖိုးတောင်သူ့တဲ့ ကဗျာမှာ ချမ်းလွန်းလို့ ကိုယ့်တဲကိုယ် ပြန်ဖျက်ပြီး မီးလှုံခဲ့တဲ့ တောင်သူကြီး တစ်ယောက် အကြောင်းကို ရေးထားပါတယ်။ ဒါပေမယ့်လည်း ဒီကဗျာက ပေးတဲ့ ရသကို အခုခေတ်မှာ ပြန်ပြီး ထင်ဟပ်ကြည့်လို့ ရနေပါတယ်။ ကိုယ့်အိမ်ကိုပေါင်ပြီး နှစ်လုံးထီ ထိုးတဲ့သူတွေ ဘောလုံးပွဲလောင်းတဲ့ သူတွေဟာ ဖိုးတောင်သူ့တဲ ကဗျာထဲက တောင်သူကြီးလို လူစားမျိုးတွေပါလို့ ဆရာ မောင်စိန်ဝင်းက ပြောသွားခဲ့ပါတယ်။ ရသ စာပေဆိုတာ သူ့ကို ဖန်တီးတဲ့ ခေတ်က အကြောင်းအရာ တစ်ခုကို ဦးတည်ပြီး ရေးထားပေမယ့်လည်း ကွဲပြားခြားနားတဲ့ ခေတ်တစ်ခုမှာ ပုံသဏ္ဍန်တူတဲ့ အခြား အကြောင်းအရာ တစ်ခုနဲ့ ယှဉ်ထိုးပြီး ထင်ဟပ် ကြည့်လို့ ရပါတယ်။

အဲဒီကနေ ကျွန်တော့်ခေါင်းထဲမှာ ဆက်ပြီး အတွေးတွေ ပွားသွားပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၁၅ လောက်က ဖတ်ပြီး စိတ်ထဲမှာ စွဲကျန်နေတဲ့ ဝတ္ထုတစ်ပုဒ်ကိုလည်း ခေါင်းထဲမှာ ဖြတ်ကနဲ သတိရသွားပါတယ်။ ကျွန်တော့် ပတ်ဝန်းကျင်နဲ့ အဲဒီဝတ္ထုဟာ တိုက်ဆိုင်လွန်းလို့ပါ။ အဲဒီ ဝတ္ထုကတော့ ဆရာနေဝင်းမြင့် ရဲ့ ဆယ့်နှစ်ပွဲဈေးသည် ဝတ္ထုတို ပေါင်းချုပ်ထဲက နက်စ်ကော်ဖီ ဆိုတဲ့ ဝတ္ထုတို တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းကို ကျွန်တော် မှတ်မိသလောက် ပြန်ပြောပြပါ့မယ်။

ဝတ္ထုရဲ့ အဓိက အကြောင်းအရာကတော့ ချန်ထွန်းအောင် ဆိုတဲ့ ဗိုလ်တဲစောင့် တစ်ယောက် အကြောင်းပါ။ ချန်ထွန်းအောင်ဟာ ကော်ဖီကို စွဲစွဲမြဲမြဲ ကြိုက်ပါတယ်။ တစ်နေ့ကို ကော်ဖီတစ်ခွက် မသောက်ရရင် မနေနိုင်ပါဘူး။ သူနေတဲ့ ရွာမှာ တခြား ရွေးစရာ မရှိတော့ ချန်ထွန်းအောင် အတွက်တော့ ရွာထဲက မသားမနား ကော်ဖီဆိုင်ကလေးက ကော်ဖီရိုးရိုး ကိုပဲ အကောင်းစား အမှတ်နဲ့ သောက်နေ ရပါတယ်။ တစ်နေ့တော့ ချန်ထွန်းအောင် စောင့်တဲ့ ဗိုလ်တဲကို အရာရှိ မိသားစု တစ်စု ရောက်လာပါတယ်။ အရာရှိ မိသားစုရဲ့ ကျေးဇူးနဲ့ ချန်ထွန်းအောင်ဟာ နက်စ်ကော်ဖီကို သောက်ဖူးသွားပါတယ်။ ရိုးရိုးကော်ဖီကိုတောင်မှ နေ့စဉ် စွဲစွဲလမ်းလမ်း သောက်လာခဲ့တဲ့ ချန်ထွန်းအောင်ဟာ နက်စ်ကော်ဖီလို ကော်ဖီအကောင်းစားကို သောက်ရတဲ့ အချိန်မှာ အရူးအမူး စွဲလမ်း သွားပါတယ်။ အရာရှိ မိသားစုက သူ ကော်ဖီ ကြိုက်တတ်မှန်း သိတဲ့အတွက် သူတို့ ပြန်သွားတဲ့ အချိန်မှာ ချန်ထွန်းအောင်ကို နက်စ်ကော်ဖီ ပုလင်းလက်ဆောင် အဖြစ်ပေးခဲ့ပါတယ်။ ချန်ထွန်းအောင် အတွက်တော့ နက်စ်ကော်ဖီဟာ ကောင်းလွန်းလို့ နတ်ကော်ဖီ အဖြစ်တောင် ထင်မှတ်နေပါတယ်။ အဲဒီ ကော်ဖီပုလင်း ကုန်သွားတဲ့ အခါမှာတော့ ချန်ထွန်းအောင်ဟာ နက်စ်ကော်ဖီကို မသောက် ရလို့ ရူးမတတ် ဖြစ်နေပါပြီ။ သူတို့လို ရွာသေးသေးကလေးမှာ နက်စ်ကော်ဖီ ဝယ်လို့မရပါဘူး။ ဒီလိုနဲ့ပဲ သူဟာ နက်စ်ကော်ဖီကို စွဲလမ်းတဲ့ စိတ်နဲ့ နက်စ်ကော်ဖီ ပုလင်းကို လက်ထဲမှာ တင်းတင်းကျပ်ကျပ် ဆုပ်ရင်း သေသွားခဲ့ပါတယ်။ သူ့အသုဘချတဲ့ အချိန်မှာ လက်ထဲက နက်စ်ကော်ဖီ ပုလင်းကို ဖယ်ဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ ဖယ်လို့ မရခဲ့ပါဘူး။

ဒီလိုနဲ့ပဲ နှစ်တွေ အကြာကြီး ကုန်လွန်သွားခဲ့ပါတယ်။ တစ်နေ့တော့ ရွာထဲက နွားကျောင်းသားကလေးတစ်ယောက်ဟာ သင်္ချိုင်းကုန်းမှာ ဆော့ရင်း အရိုးတစ်ချောင်း မြေကြီးထဲက ထွက်လာတာကို တွေ့ပါတယ်။ အရိုးက တစ်ခြား အရိုးတွေနဲ့ မတူဘဲ လက်ထဲမှာ ပုလင်းတစ်လုံးကို ဆုပ်ထားပါတယ်။ နွားကျောင်းသား ကလေးက အရိုးလက်ထဲက ပုလင်းကို ဖယ်ထုတ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ပါဘူး။ အဲဒီအရိုးကို မြင်တဲ့ လူကြီးတွေကတော့ ဒါဟာ ချန်ထွန်းအောင်ရဲ့ လက်ဖျံရိုးမှန်း တန်းသိကြပါတယ်။ ဒီလိုနဲ့ သူတို့ဟာ ချန်ထွန်းအောင်နဲ့ နက်စ်ကော်ဖီ ဇာတ်လမ်းကို ပြန်ပြောပြကြပါတယ်။ အဲဒီ အချိန်မှာတော့ ရွာထဲက ချန်ထွန်းအောင် သောက်နေကျ ကော်ဖီဆိုင်မှာတောင် နက်စ်ကော်ဖီသာမက နက်စ်ကော်ဖီထက် အများကြီး ပိုကောင်းတဲ့ ကော်ဖီတွေ ဝယ်လို့ ရတဲ့ အခြေအနေ ဖြစ်လာပါပြီ။ ချန်ထွန်းအောင်ရဲ့ အရိုးကတော့ နက်စ်ကော်ဖီပုလင်းကိုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတုန်းပါပဲ။

အဲဒီ ဝတ္ထုကနေ တဆင့် ကိုယ့်ဘာသာကိုယ် ဆက်ပြီး ခံစား ကြည့်ပါတယ်။ လူတွေဟာ တစ်စုံတစ်ခုကို ဆုပ်ကိုင်မိပြီဆိုရင် အသေအလဲ မလွတ်တမ်း ဆုပ်ကိုင်ထားတတ် ကြပါတယ်။ အဲဒီထက် ပိုကောင်းတာတွေ ရှိနေရင်တောင် မျက်ကွယ်ပြုပြီး ပြောင်းလဲဖို့ မကြိုးစားကြပါဘူး။ တစ်ခါတစ်လေမှာ ပြောင်းလဲပစ်ဖို့ ဝေးလို့ ပိုကောင်းတာကို စမ်းသပ်ကြည့်ဖို့တောင်မှ လက်တွန့် နေတတ်ကြပါတယ်။

နက်စ်ကော်ဖီ ဝတ္ထုက ပေးတဲ့ ရသက ကျွန်တော့် အတွက်တော့ ရင်ထဲကို တိုက်ရိုက်ထိ ပါတယ်။ ပတ်ဝန်းကျင်မှာ လက်ရှိတွေ့ကြုံနေတဲ့ အဖြစ်အပျက်နဲ့ တိုက်ဆိုင်နေလို့ပါ။ ရွာထဲက ရိုးရိုးကော်ဖီဟာ ဝင်းအင်းဝဖောင့်တို့လို အရင်တုန်းက ပေါ်ခဲ့တဲ့ ဖောင့်တွေနဲ့ တူပါတယ်။ ကျွန်တော်တို့ ဘာမှ မရှိခင် တုန်းကတော့ ဒီကော်ဖီကိုပဲ သောက်ခဲ့ ရပါတယ်။ ဇော်ဂျီဖောင့်ကတော့ နက်စ်​ကော်ဖီနဲ့ တူပါတယ်။ ကျွန်တော့် အနီးပတ်ဝန်းကျင်က မိတ်ဆွေများကတော့ ချန်ထွန်းအောင်နဲ့ တူကြပါတယ်။ ချန်ထွန်းအောင် အရိုးက နက်စ်ကော်ဖီ ပုလင်းကို မလွတ်တမ်း ဆုပ်ကိုင် ထားကြသလိုမျိုး ကျွန်တော့် မိတ်ဆွေများကလည်း ဇော်ဂျီဖောင့်ကို အရိုးစွဲအောင် မလွတ်တမ်း ဆုပ်ကိုင်ထားကြပါတယ်။  အချိန်တွေ ပြောင်းလာတော့ ရွာထဲက ကော်ဖီဆိုင်မှာ နက်စ်ကော်ဖီထက် ကောင်းတဲ့ ကော်ဖီအကောင်းစားတွေ ရလာပါတယ်။ အဲဒီလိုပဲ အခု ဆိုရင် မြန်မာစာ တိုးတက်ရေးအတွက် အထောက်အကူ နည်းပညာတွေ အများကြီးပါတဲ့ ယူနီကုတ် စံနှုန်းညီတဲ့ ဖောင့်တွေ တစ်ခုပြီး တစ်ခု ထွက်လာနေပါပြီ။ ဝင်းအင်းဝကတောင်မှ ယူနီကုတ် စံနှုန်းနဲ့ ညီတဲ့ ဝင်းယူနီအင်းဝ ဖောင့်ကို အခမဲ့ ပေးထားပါပြီ။ ဘီဘီစီ၊ ဝီကီပီးဒီးယား၊ MRTV4၊ မြန်မာသမ္မာကျမ်းစာ စတဲ့ ဆိုက်ဒ်ကြီးတွေကလည်း ယူနီကုတ်ဖောင့် သုံးနေကြပါပြီ။

ဒါပေမယ့်လည်း ကျွန်တော့်မိတ်ဆွေတွေကို ယူနီကုတ် ပြောင်းသုံးဖို့ တိုက်တွန်းရတဲ့ ကျွန်တော့်အတွက်ကတော့ ချန်ထွန်းအောင်ရဲ့ လက်ဖျံရိုးကနေ နက်စ်ကော်ဖီပုလင်းကို ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ နွားကျောင်းသားလိုပဲ ဖြစ်နေပါတယ်။
စာရိုက်ရတာ ပိုလွယ်တယ် ဆို​တော့လည်း စမ်းကြည့်ဖို့ တွန့်နေကြ ပါတယ်။ ကီးဘုတ်လက်ကွက် ပြောင်းစရာ မလိုပါဘူး ဆိုတာတောင်မှ ဘယ်သူမှ စမ်းမကြည့်ချင်ကြပါဘူး။  အားလုံးက အရိုးစွဲ နေကြပြီမို့ ကျွန်တော်လည်း မတတ်နိုင်တော့ပါ။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်တော့ နက်စ်​ကော်ဖီ အစား ရွာထဲက အဲဒီထက် ပိုကောင်းတဲ့ ကော်ဖီကိုပဲ သောက်ပါတော့မယ်။

Wednesday, October 6, 2010

ရှေ့ဆက်ရန် ခရီး

မြန်မာအိုင်တီ ပရော်ဖက်ရှင်နယ်မှာ တင်ထားတဲ့ Lionslayer ရဲ့ပို့စ် ပါ။ သဘောကျလို့ ခွင့်ပြုချက်တောင်းပြီး ပြန်လည်ဝေမျှ လိုက်ပါတယ်။


ဇာတ်လမ်းအစ

ကျွန်တော်တို့ ပလန်းနက်ဆိုက်မှာ ဇော်ဂျီဖောင့်ကို စ မိတ်ဆက်တုန်းက ဟာ... ဒီဆိုက် မိုက်တယ်.. မြန်မာလိုရော အင်္ဂလိပ်လိုရော ရေးလို့ရတယ်.. ဇော်ဂျီဆိုတာကလည်း ကမ္ဘာ့အဆင့်မီ ယူနီကုတ်ဖောင့်ဆိုပါလား ဆိုပြီးတော့ စွဲစွဲမြဲမြဲ စသုံးဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဖိုရမ်စွဲပြီး နေ့နေ့ညည အဲမှာပဲ တော်တော် အချိန်ုကုန်ခဲ့သေးတယ်။ အဲဒီတုန်းက ခုခေတ်ဖိုရမ်တွေလို အခုရေး အခုတက် မဟုတ်ဘူးဗျ။ အက်မင်တွေ မော်ဒရေတာတွေက တစ်ရက်သုံးကြိမ် စစ်စစ်ပြီးမှ တင်ပေးတယ်။ အဲတော့ သူတို့ ဆင်ဆာလွတ်အောင် ရေးရပြုရတာ တစ်လုပ်၊ သူတို့တင်ပေးတာကို တမျှော်မျှော်မော့ရတာက တစ်လုပ်။ ပလန်းနက်မှာ တစ်နှစ်ကျော်လောက် တောက်လျှောက်ရေးလိုက်သေးတယ်။ အဲဒီတုန်းက ပလန်းနက်ဖိုရမ်မာများဆိုပြီး ဘားလမ်းက မစ္စတာဘရောင်းမှာ ခဏခဏ တွေ့ကြတာ မှတ်မိသေးတယ်။

နံပတ်တစ် ဇော်ဂျီ

နောက်တော့ ပလန်းနက်ကြီး ခဏခဏဒေါင်းပြီး ရေးထားသမျှတွေ ပြောင်ကုန်တာနဲ့ပဲ စိတ်ကုန်ပြီး မရေးဖြစ်တော့တော့ဘူး။ ပလန်းနက်မှာ စွဲစွဲမြဲမြဲရေးဖြစ်တဲ့ ဖိုရမ်မာတွေဟာ နောက်တော့ ဘလော့ဂါတွေ ဖြစ်ကုန်ကြပါတယ်။ ဘလော့ဂါဖြစ်တော့လည်း သုံးနေကျ ဇော်ဂျီနဲ့ပဲ ရေးကြတယ်။ အဲဒီတုန်းက တခြား ရွေးချယ်စရာ ဖောင့် များများစားစား မရှိဘူးဗျ။ ဇော်ဂျီသာလျှင် တစ်ခုတည်းသော ရွေးချယ်စရာပဲ။ အဲဒီတုန်းက ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ဇော်ဂျီသာလျှင် ကမ္ဘာသုံး မြန်မာစာအတွက် တစ်ခုတည်းသော အဖြေ ဖြစ်တယ်လို့ တွေးမိပါတယ်။ ဇော်ဂျီဖောင့် ပေါ်ပြူလာဖြစ်လာတဲ့ အကြောင်းရင်းတွေကို စစ်တမ်းချကြည့်ရင် ဒီလိုတွေ့မယ်။

၁) ဆိုရှယ်ဆိုက်ဖြစ်တဲ့ ပလန်းနက်က စခြင်း။ အဲဒီတုန်းက ပုဂံနက် ရပ်သွားပြီးတဲ့နောက် ပလန်းနက်ဟာ ပြိုင်ဘက်မရှိ နံပတ်တစ် လူအဝင်ဆုံး ဖိုရမ်ပါ။

၂) ကီးဘုတ်မလိုခြင်း။ ကီးဘုတ်မပါဘဲ Text box မှာတင် ရေးလို့ရအောင် Java Script နဲ့ လုပ်ထားပေးတယ်။

၃) ပြိုင်ဘက်မရှိခြင်း။ ဇော်ဂျီ စပေါက်တော့ သူနဲ့ပြိုင်စရာ ဘာအခမဲ့ဖောင့်မှ မရှိပါ။

၄) ကြော်ငြာအားကောင်းခြင်း။ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဂျာနယ်တွေမှာ ဇော်ဂျီယူနီကုတ် ဇော်ဂျီယူနီကုတ် ဆိုပြီး ခဏခဏ ပါတယ်။ အချင်းချင်းကြားမှာလည်း ပါးစပ်ကြော်ငြာဟာ အတော်ထိရောက်ပါတယ်။

၅) ဝိုင်းဝန်းကူညီကြခြင်း။ မြန်မာရှေးဦးဘလော့ဂါတွေဖြစ်တဲ့ ကိုမောင်လှ၊ ညီလင်းဆက်ဘလော့စတာတွေမှာ ဇော်ဂျီကို ဘယ်လို စီအက်စ်အက်စ် ရေးနည်း၊ Embed လုပ်နည်း၊ နောက် ဇော်ဂျီဖောင့် သွင်းနည်း၊ ကီးဘုတ်ရိုက်နည်း စတာတွေကို အသေးစိတ်လမ်းညွှန် ရေးပေးထားတာ နောက်လူတွေအတွက် အင်မတန် အထောက်အကူ ဖြစ်ပါတယ်။ အခုတောင် ဘလော့စရေးတဲ့လူတွေဟာ အဲဒီပို့စ်တွေကို Google ပြီး လိုက်ကြည့်လုပ်နေရတုန်းပါပဲ။ ဇော်ဂျီမှာပါတဲ့ အမှားတွေ၊ Bugs တွေကိုလည်း ဝိုင်းပြင်ပေးကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဇော်ဂျီဖောင့်
ပရင့်ထုတ်၊ PDF ထုတ်လို့ရှိရင် တချို့စာလုံးနေရာတွေမှာ အင်္ဂလိပ် အက္ခရာတွေလာပေါ်နေတဲ့ ပြဿနာကို Fix လုပ်ပေးဖူးတယ်။

၆) ဘယ် OS မှာမဆို အလုပ်ဖြစ်ခြင်း။ ဇော်ဂျီဟာ Font Shape ကလွဲပြီး ဘာနည်းပညာမှ ထည့်မထားတဲ့ ဖောင့် ဖြစ်တဲ့အတွက် နေရာတော်တော်များများမှာ သုံးရ အဆင်ပြေတယ်။ အထူးသဖြင့် မြန်မာတွေရဲ့ လက်စွဲ ဂျီတော့။

ဇော်ဂျီဟာ ယူနီကုတ် မဟုတ်ဆိုပါလား


ကဲ ဒီအချိန်မှာ တခြားတစ်ဘက်ကို ကြည့်ရအောင်။ ကျွန်တော်ဟာ ယူဇာနေရာက ပြောနေတာဖြစ်တဲ့အတွက် ဘယ်ခုနှစ်က ဘယ်ဗားရှင်းက ဘာဖြစ်တယ် ဆိုတာတွေ အမှတ်အသား မရှိပါ။ ဘာက ဘယ်လို အကြောင်းအကျိုးတွေ ဖြစ်သွားတယ်ဆိုတာ ကြည့်ပါမယ်။ ဒီလိုဇော်ဂျီကို အရှိန်အဟုန်နဲ့ သုံးလာရင်းနဲ့ တစ်နေ့တော့ စာစောင်တစ်ခုဆီက အသံထွက်လာပါတယ်။ "ဇော်ဂျီဟာ ယူနီကုတ် မဟုတ်၊ ယူနီကုတ်အစစ် ရှိတယ်"။ ဟိုရှာဒီရှာနဲ့ နောက်ဆုံး မိုင်မြန်မာကို သွားတွေ့ပါတယ်။ ဒါပေမယ့် မိုင်မြန်မာရဲ့စျေးကွက်ဗျူဟာက သိပ်မနိပ်လှပါ။ ကွန်ပျူတာက အခြေခံဖောင့်တွေကို မိုင်မြန်မာပြောင်းပစ်ပါတယ်။ မိုင်မြန်မာသွင်းပြီးတဲ့နောက် ကွန်ပျူတာက မြန်မာစာတွေ ဖြစ်ကုန်ပါရော။ ပိုဆိုးတာက ရှိလက်စ ဇော်ဂျီပါ မမြင်ရတော့။ အဲဒီတော့ သွင်းပြီးပြန်ထုတ် မုန့်ဖက်ထုပ် လို့ပဲ ပြောပါရစေတော့။

တေတေကနိတ် အန်လယ်ပီ

ဒီအချိန် မြန်မာ အန်လယ်ပီက လုပ်နေတဲ့ မြန်မာဝမ်း၊ မြန်မာတူးတွေကို တော်ရုံတန်ရုံလူ မကြားဖူးပါဘူး။ မကြားဖူးဆို မီဒီယာတွေမှာလည်းမပါ၊ သတင်းထုတ်ပြန်တာလည်းမလုပ် နဲ့ "တိုးတိုးတိတ်တိတ် ကြိတ်မှိတ်လို့သာ ဖွင့်ဟမပြောပေမယ့်" ဆိုတဲ့ သီချင်းစာသားလိုပဲ မပြောတော့ မသိပါ။ မသိတော့ မသုံးပါ။ သိသွားတော့လည်း မြန်မာဝမ်း စမ်းတော့ မြန်မာတူးထွက်၊ မြန်မာတူး စမ်းတော့ မြန်မာသရီးထွက်ဆိုတော့ ယူဇာတွေရဲ့ စိတ်ထဲမှာ ယူနီကုတ်ဆိုတာ အမြဲပြောင်းနေတယ်ဆိုတဲ့ စိတ်မျိုးလေး ဝင်သွားပါတယ်။ အပြစ်တင်လိုတာ မဟုတ်ပါ။ ဖြစ်ခဲ့တာကို ပြောလိုရင်း ဖြစ်ပါတယ်။

ဆန့်ကျင်ဘက်ရလဒ်

နောက်တစ်ခုက ယူနီကုတ် လုပ်နေတဲ့လူတွေဟာ သူတို့ဟာ မြန်မာစာတိုးတက်ရေးအတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်နေရတယ်၊ အဲဒါကို ယူဇာတွေက ဇော်ဂျီကြောင့် မကောင်းမြင်ရမလားဆိုပြီး ဘုတိုက်ချင်တဲ့ စိတ် အနည်းနဲ့ အများဝင်နေပုံ ရပါတယ်။ အဲဒီမှာတင် ယူနီကုတ်အကြောင်းပြောကြရင် ဇော်ဂျီဖောင့်ကို ချိုးချိုးနှိမ်နှိမ် ပြောပါတယ်။ လူဆိုတာ စပရိန်လိုပဲ ဖိရင် ကန်တတ်တဲ့သဘောရှိတဲ့အတွက် လူအများစုကြီးဟာ ဇော်ဂျီဘက်ပဲ ရောက်ကုန်ပါတော့တယ်။ ယူနီကုတ်သမားတွေလည်း နေရင်းထိုင်ရင်း လူကြမ်းမင်းသား ဖြစ်မှန်းမသိ ဖြစ်ကုန်ကြပါတော့တယ်။


ရပ်သွားတဲ့ ဇော်ဂျီ

ဇော်ဂျီဟာ စထွက်တာကနေ ခုထိ ဗားရှင်းပေါင်း မြောက်များစွာ ထွက်ခဲ့တာ နောက်ဆုံးအထိဆိုရင် ၁၂ မျိုး ရှိပါတယ်။ ဒီထဲမှာ ဂျီတော့ဟက်ခ် အေရီရယ်ဟက်ခ် စတဲ့ စစ္စတမ်ဖိုင်တွေကို အစားထိုးပစ်တာ၊ Internet Explorer မီးမြေခွေး အစရှိတဲ့ ဘရောက်ဇာတွေရဲ့ အခြေခံ CSS ကို ဇော်ဂျီဖြစ်အောင် ပြောင်းပစ်တာ အစရှိတာတွေလည်း ပါပါတယ်။ ရလဒ်ကတော့ အဲဒီလိုမျိုးဇော်ဂျီ Installer တွေကို သုံးထားရင် ဘယ်ယူနီကုတ် သွင်းသွင်း ဇော်ဂျီကလွဲလို့ မမြင်ရတော့တဲ့ ပြဿနာတွေ ဖြစ်လာပါတယ်။ ဇော်ဂျီကိုယ်တိုင်မှာလည်း ရှေးဦး ဗားရှင်းတွေကို နောက်ပိုင်းဗားရှင်းနဲ့ကြည့်ရင် မမြင်ရတော့တဲ့ ပြဿနာတွေ ဖြစ်လာတယ်။ အဲဒီမှာတင် ဇော်ဂျီအဖွဲ့ဟာ ဇော်ဂျီဗားရှင်း အချင်းချင်း မကိုက်တာကို ကာကွယ်ဖို့အတွက် ဗားရှင်းအသစ် ဆက်ထုတ်ခြင်းကို ရပ်ဆိုင်းလိုက်ပါတော့တယ်။

လူသုံးများနေတာ စံ (standard) လုပ်လိုက်ပါတော့လား


ဇော်ဂျီစလုပ်တော့ အဲဒီအချိန်အထိ အတည်ဖြစ်ခဲ့တဲ့ အစောပိုင်း ယူနီကုတ်စံကို အက္ခရာနေရာ တော်တော်များများ တူအောင် ကြည့်ပြီး လုပ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာစာရဲ့ ရှုပ်ထွေးတဲ့ ရေးသားပုံ၊ စာလုံးပြောင်းလဲပုံတွေကို ကာမိဖို့အတွက် အက္ခရာနေရာ တော်တော်များများကို တိုင်းရင်းသားတွေအတွက် ဖယ်ထားတဲ့နေရာက ယူသုံးခဲ့ပါတယ်။ ဥပမာအားဖြင့် ဇော်ဂျီမှာ ရရစ် အကြီးအသေး ခေါင်းတို ခြေတို စတာတွေနဲ့ ရရစ်ပုံစံ ရှစ်မျိုး ရှိပါတယ်။ ဗျည်း ၃၃ လုံးမှာလည်း ဗျည်းတစ်လုံးစီအတွက် အကြီးတစ်လုံး၊ ပါဌ်ဆင့်အသေးတစ်လုံး နှစ်လုံးစီ အနည်းဆုံး ရှိပါတယ်။ စာရိုက်ရင်လည်း အမြင်အတိုင်းရိုက်ရတဲ့အတွက် "ကို" ဆိုတဲ့ စာလုံးကို ရိုက်မယ်ဆိုရင် တချို့က ကကြီး လုံးကြီးတင် ပြီးမှ ချောင်းငင်နဲ့ ရိုက်ပြီး တချို့က ကကြီးချောင်းငင် ပြီးမှ လုံးကြီးတင်နဲ့ ရိုက်ပါတယ်။ လူအပေါ်မူတည်ပြီး စာရိုက်ပုံတွေ ကွဲသွားတဲ့အတွက် မြန်မာဝေါဟာရ တစ်လုံးအတွက် စာလုံးအတွဲအစပ် ဖြစ်နိုင်ခြေ မြောက်မြားစွာ ရှိနေပါတော့တယ်။

ဒီအချိန်မှာ ရှမ်းတိုင်းရင်းသားတစ်ယောက်ဟာ ဗမာစာရော ရှမ်းစာပါ တွဲရိုက်ချင်ပြီ ဆိုပါတော့။ ဇော်ဂျီကို သုံးလို့ မရနိုင်တော့ပါဘူး။ "ကဲ ဒီပြဿနာကို အလွယ်ဖြေရှင်းမယ်ကွာ။ ရှမ်းမှာ လိုနေတဲ့ အက္ခရာတွေကို မွန်စာထဲက ယူသုံးမယ်။ မွန်စာ အတွက်ရော။ လွယ်ပါတယ်။ ကရင်စာထဲက ယူသုံးမယ်။ ကဲ ကရင်စာအတွက်ရော။ တခြားဘာသာထဲက ယူသုံးမယ်ကွာ။ အဲ ဘာသာတတ်တဲ့လူလည်း မြန်မာနိုင်ငံမှာ မရှိလောက်ပါဘူး။" ... ကျွန်တော်တို့ ပြဿနာတစ်ခုကို မနုတ်လောက် တစ်ဆယ်ချေးဆိုသလိုမျိုး ကလေးတုန်းကလို အလွယ် ပြီးပြီးရော ဖြေရှင်းချင်လို့ မရတော့ပါဘူး။

တစ်ချိန်က မြန်မာစာ စာလုံးပြောင်းလဲပုံအတွက် နည်းပညာ မရှိသေးလို့ ဇော်ဂျီကို အဲဒီအတိုင်း ထုတ်လိုက်ရပါတယ်လို့ ဆိုခဲ့ရင် အခုခေတ်မှာ စာလုံး ပြောင်းလဲပုံတွေကို ဖြေရှင်းဖို့ နည်းမျိုးစုံ ရှိနေပါပြီ။ ဒါပေမယ့် ဇော်ဂျီဟာ ပြောင်းတော့မှာ မဟုတ်ပါ။ ဇော်ဂျီ ၂၀၀၉ ကို ဂျပန်နိုင်ငံက ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်တဲ့ ကိုစိုးမင်းက ဖြစ်မြောက်အောင်မြင်အောင် ကြိုးစားခဲ့ပေမယ့် လူသုံးများတဲ့ ဇော်ဂျီဗားရှင်းနဲ့ အမှန်မမြင်ရတဲ့အတွက် ဇော်ဂျီအဖွဲ့က ယူမသုံးခဲ့ပါ။ ကျွန်တော်ထပ်ပြောပါမယ်။ ဇော်ဂျီဟာ ရပ်သွားပါပြီ။ ရပ်နေတာဟာ Standard ဖြစ်နေတာမဟုတ်ပါ။ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ပုံပြင်ထဲကလို ဇာတ်ထဲကအတိုင်း ပလို့ဂျိ ဆိုတာနဲ့ ခြေထောက်ကို ခေါင်းမှာ လှမ်းချိတ်လိုက်တာ ပြန်ဖြုတ်မရတော့ပဲ လှုပ်မရ ပြုမရ ဖြစ်နေတဲ့ ပုံပါ။


ယူနီကုတ် ဆိုတာ ဖောင့်သက်သက်မဟုတ်

ယူနီကုတ်စနစ်၊ အိုင်အက်စ်အိုစနစ်တွေနဲ့ အကြိမ်ကြိမ် တိုက်စစ်ပြီးတဲ့နောက် ကွန်ပျူတာသုံး မြန်မာစာဟာ စိတ်ချလက်ချ သုံးစွဲနိုင်တဲ့ အဆင့် ရောက်ခဲ့ပါပြီ။ Unicode Consortium က ထုတ်ပြန်တဲ့ Chart အရ Unicode 5.2 ဟာ မြန်မာစာအတွက် အတည် ဖြစ်သွားပါပြီ။ အများစုက ယူနီကုတ်ဆိုတာ ဖောင့်တစ်မျိုးလို့ စိတ်ထဲ စွဲနေကြတာ များပါတယ်။ ယူနီကုတ်ဆိုတာ အမှန်တော့ ကွန်ပျူတာသုံး မြန်မာစာအတွက် သတ်မှတ်ထားတဲ့ စံ တစ်ရပ်ပါ။ ယူနီကုတ်စနစ်နဲ့ ကိုက်ညီဖို့အတွက် သူ့စည်းမျဉ်းတွေ ရှိပါတယ်။

၁) မြန်မာစာအတွက် သတ်မှတ်ထားသည့် အက္ခရာများသည် Unicode 5.2 Chart ထဲကအတိုင်း နေရာ အတိအကျ ရှိရမည်။

၂) မည်သည့် ယူနီကုတ် Encoding မဆို ဗျည်းမှ စရမည်။ ယင်းနောက်မှ ဗျည်းတွဲ၊ သရ၊ Tone/ဗျည်း၊ အသတ် လိုက်ရမည်။ ဥပမာ " ပြောင်း" ဆိုတဲ့ စာလုံးကို ယူနီကုတ်မှာ "ပ + ြ- + ေ + ာ + င + -် + း" ရယ်လို့ စီပါတယ်။ မြန်မာစာ အသံစဉ် အရလည်း မှန်ပါတယ်။ ပ + ရ + အောင်း ။

ဒီနေရာမှာ မြန်မာတွေ ပြဿနာတက်တာပါပဲ။ သဝေထိုးက စရေးနေကျဆိုတော့ ဗျည်းနောက် သဝေထိုးရောက်သွားတာကို မနေတတ် မထိုင်တတ် ဖြစ်ကုန်ကြပါတယ်။ အမှန်က စာလုံးစီပုံမှာ အနောက်ရောက်သွားခြင်းဟာ ပြဿနာကြီးတစ်ရပ် မဟုတ်ပါ။ အမြင်မှာ သဝေထိုးအရှေ့က ရောက်နေဖို့သာ အဓိက ဖြစ်ပါတယ်။

ယူနီကုတ်၏ အားသာချက်

ယူနီကုတ်သုံးရင် မြန်မာစာဟာ ပိုလွယ်ပြီးတော့ ရှင်းသွားပါတယ်။ ယူနီကုတ်ရဲ့ အားသာချက်တွေကို ဒီလို စာရင်းလုပ်ပြလို့ ရပါတယ်။

၁) ယူနီကုတ်မှာ အက္ခရာတိုင်းစီအတွက် နေရာ တစ်ခုစီသာ ရှိပါတယ်။ ဥပမာ ကကြီးဟာ အပေါ်မှာနေနေ၊ ပါဌ်ဆင့်လိုက်လို့ အောက်မှာနေနေ ပုံစံပြောင်းသွားတာသာ ဖြစ်ပါတယ်။ ကကြီးအတွက် ကုတ်ပွိုင့်နေရာကတော့ တစ်ခုသာ ရှိပါတယ်။ ရရစ်ဟာလည်း တစ်မျိုးသာရှိပြီး စာလုံးကိုလိုက်လို့ သူ့အလိုလို ပုံစံပြောင်းလဲသွားခြင်းမျှသာ ဖြစ်ပါတယ်။ အဋ္ဌမ ဆိုတဲ့စာလုံးဟာ အဋ်ဌမ ဆိုတဲ့စာလုံးကို ချုံ့ထားခြင်းဖြစ်ပါတယ်။ ယူနီကုတ်မှာဆိုရင် စာတစ်လုံးစီဖြစ်ပြီး ပုံစံပြောင်းနေခြင်းမျှသာ ဖြစ်ပါတယ်။

၂) ဘယ်စာလုံးအတွက်မဆို စာလုံးစီပုံ တစ်မျိုးသာ ရှိတဲ့အတွက် Search Engine တွေ ရှာရတာလည်းလွယ်သွားပါတယ်။

၃) ဝေါဟာရတွေ စီစဉ်ရင် အက္ခရာစဉ်အလိုက် အလွယ်တကူ စီနိုင်ပါတယ်။ ဇော်ဂျီမှာဆိုရင် "က ၊ ကေ နဲ့ ကြ" ဟာ ကကြီးအစဉ်ထဲမှာ ရှိသင့်ပေမယ့် မရှိပါဘူး။ "ကေ"ဟာ သဝေထိုးခေါင်းစဉ်အောက်ရောက်ပြီး "ကြ"ဟာ ရရစ် ခေါင်းစဉ်အောက် ဝင်သွားပါတယ်။

၄) ဘယ် OS မဆို ဘယ်ဆော့ဝဲမဆို မြန်မာစာအထောက်အကူထည့်မယ်ဆိုရင် ယူနီကုတ်သာ ထည့်မှာ ဖြစ်ပါတယ်။

၅) Data တွေဟာ တစ်ခုနဲ့တစ်ခု တိုက်ရိုက်ပြောင်းလဲနိုင်ပါတယ်။ ဆိုလိုတာက ဒီစက်မှာ Cat လို့ ရိုက်ထည့်ရင် ကမ္ဘာတစ်ဘက်ခြမ်းက ဟိုဘက်စက်မှာ ဘာဖောင့်မှ အသစ်သွင်းစရာ မလိုပဲ Cat လို့ မြင်နိုင်ပါတယ်။ ဘယ်နိုင်ငံကလူမဆို မြန်မာစာကိုကြည့်ချင်ရင် တစ်မျိုးတည်း အလွယ်တကူ မြင်နိုင်မှာ ဖြစ်ပါတယ်။

ကီးဘုတ် ကိစ္စ

ဇော်ဂျီသုံးနေရာက ယူနီကုတ်စသုံးတော့ ယူဇာအတော်များများ ကွန်ပလိန်းတက်ကြတာက ကီးဘုတ် ပြဿနာပါ။ အမှန်က ယူနီကုတ်အတွက် ကီးဘုတ်တစ်မျိုးမက ရှိပါတယ်။ အရင်လာအရင်ရိုက်ရတဲ့စနစ်၊ သဝေထိုးကလွဲရင် ကျန်တာ အရင်လာ အရင်ရိုက်ရတဲ့ စနစ်၊ ဇော်ဂျီရိုက်သလို ရိုက်လို့ရတဲ့ စနစ် ၊ ဘားဂလိပ်နဲ့ ရိုက်တဲ့စနစ် စသည်ဖြင့် အစုံရှိပါတယ်။ အဲဒီ Information အစုံအလင်အတွက် myanmarlanguage.org မှာ တင်ပေးဖို့ ကြိုးစားနေပါတယ်။

မူပိုင်ခွင့်

အင်တာနက်မှာ အလကားရတာဆို ကောက်သုံးလိုက်တာပါပဲ၊ ဘာလိုင်စင်မှလည်း ဂရုစိုက်မနေပါဘူး၊ ဆော့ဝဲတွေ အင်စတောလုပ်ရင် အစမှာပါတဲ့ လိုင်စင်သဘောတူညီချက်တွေကို ကျော်ဖတ်ပစ်တာပဲ ဆိုတဲ့လူက များပါတယ်။ ဒါပေမယ့် ဖောင့်ကိစ္စတွေမှာတော့ လိုင်စင်က အရေးကြီးလာပါတယ်။ ဇော်ဂျီက အခမဲ့ဖြစ်ပေမယ့် လိုင်စင်ကိစ္စ ရှင်းရှင်းလင်းလင်း မရှိပါ။ ဖောင့်ပုံစံရဲ့ မူရင်းပိုင်ရှင် နဲ့ အခြားဝယ်ထားသူတစ်ယောက်တို့က မူပိုင်ခွင့် ကိစ္စတွေပြောထားတာကို ဖတ်လိုက်ရပါတယ်။ ဖောင့်တစ်ခုမှာ မူပိုင်ခွင့်ရယူထားတာရှိရင် အခြားသူတွေအနေနဲ့ -

၁) အဲဒီဖောင့်ကို ပြုပြင် ပြောင်းလဲပိုင်ခွင့် မရှိပါ။ (ကျွန်တော် ဇော်ဂျီကို အခြေခံပြီး ပိတောက်ဇော်ဂျီဆိုတဲ့ ယူနီကုတ်ဖောင့် လုပ်ထားတာ ရှိပါတယ်။ အဲဒါကို ဖျက်ချပစ်ဖို့ စဉ်းစားနေပါတယ်။)

၂) အဲဒီဖောင့်ကို ဝက်ဘ်ဆိုက်တွေမှာ Embed လုပ်ပိုင်ခွင့်မရှိပါ။ EOT, woff, svg, java font စတာတွေနဲ့ ကိုယ့်ဆိုက်မှာ ဖောင့်မပါဘဲ ပေါ်အောင်လုပ်ထားရင် မူပိုင်ခွင့်နဲ့ ငြိပါတယ်။

၃) Software တွေမှာ Embed ထည့်ခွင့် မရှိပါ။

တစ်ဘက်မှာ နောက်ဆုံးထွက်တဲ့ ယူနီကုတ်ဖောင့်တွေဖြစ်တဲ့ ပိတောက်၊ ပုရပိုဒ်၊ မြန်မာ၃၊ မာစတာပိယူနီစံ၊ သံလွင် စတဲ့ ဖောင့်တွေဟာ လိုင်စင်ကို အတိအကျ ဖော်ပြထားကြပြီး အားလုံးလိုလိုဟာ Opensource ပေးထားတဲ့ လွတ်လပ်ဖောင့်တွေ ဖြစ်နေတာ တွေ့ရပါတယ်။ လွတ်လပ်ဖောင့်ဖြစ်တဲ့အတွက် ဝေမျှခြင်း၊ မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲခြင်း၊ တချို့ဆိုရင် ပြန်လည်ရောင်းချခြင်းတို့ကို ခွင့်ပြုထားတာမျိုး ရှိပါတယ်။ လိုင်စင်အဓိပ္ပါယ်ရှင်းလင်းချက်တွေကိုတော့ myanmarlanguage.org မှာ တင်ပေးဖို့ ကြိုးစားနေကြပါတယ်။

မြန်မာစာတိုးတက်ရေး

ယူနီကုတ်ဟာ အစိုးရပိုင်းမှာ တွင်တွင်ကျယ်ကျယ် သုံးနေပေမယ့် အွန်လိုင်းလောကမှာ လူသုံးနည်းနေသေးတာတော့ အမှန်ပါ။ ယူဇာလမ်းညွှန် နည်းနေခြင်း၊ ကြော်ငြာအားနည်းခြင်း (မရှိသလောက်ဖြစ်ခြင်း)၊ ယူနီကုတ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့ ခက်ခဲခြင်း၊ အကူအညီတောင်းရန်နေရာ ရှာမရခြင်း တို့ကလည်း ယူနီကုတ်အသုံးပြုခြင်းကို ဟန့်တားတဲ့ အရာတွေ ဖြစ်ပါတယ်။

ယူနီကုတ်သွင်းလိုက်ရင် ဇော်ဂျီဖတ်မရတော့ခြင်း၊ ကီးဘုတ်မရိုက်တတ်ခြင်း၊ ဇော်ဂျီကီးဘုတ်နဲ့ ယူနီကုတ်ကီးဘုတ် ငြိကြခြင်း စတာတွေဟာလည်း ဖြေရှင်းဖို့လွယ်ပေမယ့် အများဆုံးကြုံနေရတဲ့ အခက်အခဲတွေ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအချက်တွေကို ကျော်လွှားပြီး
၁) ယူဇာတွေရဲ့စက်ထဲကို ယူနီကုတ်ရောက်သွားဖို့၊ ယူနီကုတ်နဲ့ ရေးထားတာတွေ ဖတ်နိုင်ဖို့
၂) ယူနီကုတ်ကို စရိုက်ဖို့၊ စသုံးဖို့
၃) ယူနီကုတ်ကို တွင်တွင်ကျယ်ကျယ် သုံးဖို့
တွေဟာ ကျွန်တော်တို့ သွားရမယ့် လမ်းတစ်ဆင့်ချင်း ဖြစ်ပါတယ်။



ရောင်နီဦး

အချုပ်ပြောရမယ်ဆိုရင် ဇော်ဂျီဟာ ကျွန်တော်တို့ အွန်လိုင်းမြန်မာစာဖွံ့ဖြိုးရေးအတွက် အများကြီး အထောက်အကူပေးခဲ့တာ ငြင်းမရပါ။ ကျွန်တော်ကတော့ ဇော်ဂျီကို မြန်မာစာအတွက် အရေးပါတဲ့ လှေကားတစ်ထစ်လို့ တင်စားချင်ပါတယ်။ သို့ပေမယ့် ဒီလှေကားထစ်မှာတင် ပေတေပြီး ရပ်နေလို့ မရပါ။ မြန်မာစာ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ် ဖွံ့ဖြိုးလာဖို့ ယူနီကုတ်ကို မသုံးမဖြစ် သုံးရမှာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး လှေကားထစ်များကို ဆက်လှမ်းတက်ရဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ မိတ်ဆွေဟာ မြန်မာစာ နိုင်ငံတကာမှာ တွင်ကျယ်ရေး တိုးတက်ရေးကို လျင်လျင်မြန်မြန် မြင်ချင်တယ် ဆိုရင်တော့ နောက်မှ ဆိုတဲ့ ဆင်ခြေတွေ ပေးမနေတော့ဘဲ ယူနီကုတ်ကို ဒီနေ့ပဲ စသုံးကြည့်လိုက် ကြပါစို့။

Read more:

http://my.wikipedia.org/wiki/Myanmar_Unicode

http://www.thanlwinsoft.org/ThanLwinSoft/MyanmarUnicode/

http://mmitpros.ning.com/forum/topics/myanmar3-keyman-and-msklc

http://www.bamarlay.com/2010/04/bamarlays-experience-with-myanmar-u...

http://www.myanmarlanguage.org/

http://www.myanmars.net/winmyanmar/win-myanmar-5-2009/usage-.html

http://www.dhammabank.com/?PID=B&SID=1&CID=B&BID=12&amp...

Original Post here


အချိန်ပေးပြီး ဒီပို့စ်ကို ရေးတဲ့ အတွက် Lionslayer ကို ကျေးဇူးတင်ပါတယ်။ ယူနီကုတ် စံနှုန်း လိုက်နာတဲ့ ဖောင့်များနဲ့ မလိုက်နာတဲ့ ဖောင့်များ စာရင်းကို အောက်က လင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။

ယူနီကုတ် စံနှုန်း လိုက်နာသော ဖောင့်များ

ယူနီကုတ် စံနှုန်း မလိုက်နာသော ဖောင့်များ

Thursday, September 23, 2010

ရယ်စရာ ပြုံးစရာ စကားပုံ ပုံပြင်များ

မြန်မာစကားမှာ ပုံပြင်ဒဏ္ဍာရီနဲ့ ဆက်စပ်နေတဲ့ စကားအသုံးအနှုန်း လေးတွေ ရှိတတ်ပါတယ်။ တချို့  အသုံးအနှုန်း တွေကတော့ အသုံးများလွန်းလို့ လူအများစုက စကားရဲ့ အဓိပ္ပာယ်ကို သိကြပေမယ့် အဲဒီစကားနဲ့ ဆက်စပ်နေတဲ့ ပုံပြင်ဒဏ္ဍာရီကို မကြားဖူး ကြပါဘူး။ အဲဒီလို စကားမျိုးတွေကို အကြောင်းသိတဲ့သူ ရှေ့မှာပြောမိရင် မထင်မှတ်ဘဲ ရယ်စရာ ဖြစ်တတ်ပါတယ်။ စကားအသုံးအနှုန်းနဲ့ ဆိုင်တဲ့ ပုံပြင်တွေ ထဲက ကြားဖူးဖတ်ဖူးတာ တချို့ကို ပြန်ပြောပြချင်ပါတယ်။ ဒါပေမယ့် ပုံပြင်တွေက တစ်တစ်ခွခွ ရှိပြီး နည်းနည်း ညစ်ပတ်တယ် ဆိုတဲ့ အကြောင်းတော့ ကြိုပြီး သတိပေးပါရစေ။

ပထမဆုံး ပြောပြချင်တာက သတိမမူ ဂူမမြင် ဆိုတဲ့ စကားပုံ အကြောင်းပါ။ တစ်ခါက ရွာတစ်ရွာမှာ အလွန်အပျင်းကြီးတဲ့ သစ်ခုတ်သမား လူပျင်းတစ်ယောက် ရှိပါတယ်။ သူဟာ တောထဲမှာ သစ်ခုတ်သွားရင် တခြားသစ်ခုတ်သမားတွေ သစ်ခုတ်နေတဲ့ အချိန် သစ်မခုတ်ပဲ အိပ်နေတတ်ပါတယ်။ ညနေစောင်းလို့ ပြန်ခါနီးမှ အနီးအနားရှိတဲ့ သစ်ကိုင်းခြောက်တွေ ကောက်ပြီး အိမ်ပြန်တတ်ပါတယ်။ အဲဒီအကြောင်းကို ရွာထဲကလူတွေက သူ့မိန်းမကို ပြောပြကြပါတယ်။ သူ့မိန်းမလည်း အစက မယုံပေမယ့် နောက်ပိုင်း ပြောပါများလာတော့ သူကိုယ်တိုင် တောထဲကို လိုက်ချောင်းပါတော့တယ်။ တောထဲမှာ သစ်တုံး ခေါင်းအုံးပြီး အိပ်နေတဲ့ သူ့ယောက်ျားကို တွေ့တော့ စိတ်ဆိုးသွားပါတယ်။ အိမ်ပြန်လာပြီးတဲ့နောက် ဒီယောက်ျားကို မှတ်လောက်အောင် ပညာပေးမှ ဖြစ်မယ်လို့ စိတ်ကူးပြီး အကြံထုတ် ပါတော့တယ်။ အကြံရသွားတဲ့ အခါမှာတော့ ရွာထဲက ဇာတ်ဆရာဆီကနေ ဘုရင် အဝတ်အစားတွေ သွားငှားပါတယ်။ အဲဒီလို ငှားပြီးတော့ နောက်တစ်နေ့ ဘုရင် အဝတ်အစားတွေ ဝတ်ပြီး သူ့ယောက်ျားရှိတဲ့ တောထဲကို လိုက်သွားပါတော့တယ်။

တောထဲရောက်သွားတော့ သူ့ယောက်ျား အိပ်နေတာကို တွေ့တော့ ဒေါသဖြစ်ဖြစ်နဲ့ ခြေထောက်နဲ့ ကန်ပြီး နှိုးပါတယ်။ လူပျင်းလည်း အိပ်ချင်မူးတူးနဲ့ ထလာတဲ့ အချိန် ဘုရင် အဝတ်အစားနဲ့ ဘေးမှာ ရပ်နေတာ ကိုတွေ့တော့ လန့်သွားပါတယ်။ ဘုရင်အဝတ်အစားနဲ့ မိန်းမက သူ့ယောက်ျားကို "မော်မဖူးနဲ့။" လို့ အမိန့်ပေးတာကြောင့် လူပျင်းလည်း မျက်နှာကို မော့မကြည့်ရဲပါဘူး။ နောက်တော့ ဘုရင်ယောင်ဆောင်ထားတဲ့ သူ့မိန်းမက ဗိုက်ဆာတယ် ရှိတာဆက်စမ်း ဆိုပြီး ပြောလို့ သူ့မှာပါလာတဲ့ ထမင်းထုပ် ထုတ်ကျွေးရပါတယ်။ ထမင်းစားပြီးတော့ သူ့မိန်းမက အိမ်သာတက်ချင်တယ် ဆိုပြီး ကျင်းတူး ခိုင်းပါတယ်။ လူပျင်းလည်း ကြောက်ကြောက်လန့်လန့်နဲ့ ကျင်းတူး ပေးရပါတယ်။ သူ့မိန်းမက အိမ်သာတက်ပြီးတော့ အီးကုန်းပေးစမ်း ဆိုပြီး ပြောတော့လည်း နံပေမယ့် နှာခေါင်းပိတ်ပြီး အီးကုန်းပေးရပါတယ်။

ညနေစောင်းလို့ အိမ်ပြန်လာတော့ လူပျင်းက သူ့မိန်းမကို ရင်ဖွင့်ပါတယ်။ ဒီနေ့တောထဲမှာ ဘုရင်နဲ့ တွေ့တယ်။ အတော်ဆိုးတဲ့ ဘုရင်ကွာ။ ငါ့ထမင်းထုပ်လည်း စားသွားသေးတယ်။ ပြီးတော့ ငါ့ကို အိမ်သာကျင်းလည်း တူးခိုင်းသေးတယ်။ ဒါတင် မကဘူး။ အီးပါကုန်းပေးလိုက်ရသေးတယ်။ လို့ သူ့မိန်းမကို ပြောပြပါတယ်။ သူ့မိန်းမက ရှင်တစ်နေ့ တစ်နေ့ တောထဲသွားပြီး အိပ်နေလို့ ရှင့်ကို ပညာပေးတာလို့ ပြောပြီး အခန်းထဲမှာ ချိတ်ထားတဲ့ ဘုရင် အဝတ်အစားတွေကို ပြပါတယ်။ အဲဒီတော့ လူပျင်းက အားလိုအားမရ ပြောလိုက်တာကတော့ "အဲဒါကြောင့် ငါထင်တော့ ထင်သား။ အီးကုန်းပေးတုန်းက ဒီဘုရင် ကပ္ပာယ်အိတ် မပါပါဘူးလို့။ သတိမမူတော့ ဂူမမြင်ဘူးပေါ့ကွာ။" ဆိုပြီးတော့ပါတဲ့။ အဲဒီက စပြီး သတိမမူ ဂူမမြင်ဆိုတဲ့ စကားပုံ ဖြစ်လာတယ်လို့ ဆိုရိုးရှိပါတယ်။

နောက်တစ်ခုကတော့ အားနာလို့ ခါးပါတယ် ဆိုတဲ့ အကြောင်းပါ။ တစ်ခါက ရွာတစ်ရွာမှာ မိန်းမချင်း ကြိုက်နေကြတဲ့ စုံတွဲတစ်တွဲ ရှိပါတယ်။ အင်္ဂလိပ်လိုဆိုရင် လက်စဘီယံ ဂျပန်လို ဆိုရင်တော့ အိုနာဘဲ ခေါ်မယ် ထင်ပါတယ်။ မိန်းမချင်း ကြိုက်နေကြတယ် ဆိုပေမယ့် တစ်ယောက်က ယောက်ျားလျှာပါ။ ဒါပေမယ့် နှစ်ယောက်စလုံး မိန်းမ ဖြစ်နေတော့ အိမ်ထောင်ပြု လို့ မရဘဲ ဖြစ်နေပါတယ်။ ယောက်ျားလျှာက ရွာထိပ် သစ်ပင်က ရုက္ခစိုးဆီမှာ နေ့တိုင်း သွားပြီး သားဆုပန် ပါတယ်။ ယောက်ျားလျှာက နေ့တိုင်း သားဆုလာပန်ုတော့ ကြာလာတဲ့အခါမှာ ရုက္ခစိုးက အားနာလာပါတယ်။ အဲဒါနဲ့ သူက ကိုယ်ထင်ပြပြီး "ဟဲ့။မိန်းကလေး။ နင်တို့ မိန်းမချင်း ကြိုက်နေတဲ့ ကိစ္စ။ သား ရဖို့ ငါက ဘယ်လိုမှ ကူညီပေးလို့ မရဘူး။" လို့ ပြောပါတယ်။ ယောက်ျားလျှာက ရုက္ခစိုးကို တွေ့တော့ ဝမ်းသာအားရနဲ့ "ဒါက ရုက္ခစိုး ကူညီရင် ဖြစ်နိုင်ပါတယ်။ ရုက္ခစိုးနဲ့ ကျွန်မ ခါးအောက်ပိုင်းချင်း ခဏလဲ ရအောင်လေ။ နောက်တစ်ပတ် ကြာရင် ပြန်လဲတာပေါ့။" ဆိုပြီး အပူကပ်ပါတယ်။ ရုက္ခစိုးကလည်း "မဖြစ်သေးပါဘူး။ ငါက ထမိန်ကြီးနဲ့ နတ်သဘင် အစည်းအဝေး တက်ရင် ဘယ်လိုတက်ရမလဲ။" ဆိုပြီး ငြင်းပါတယ်။ ဒါပေမယ့် ယောက်ျားလျှာက အတင်း ဇွတ်ပြောတော့ ရုက္ခစိုးလည်း အားနာပြီး "ဒါဆို နတ်သဘင် အစည်းအဝေး မတိုင်ခင်တော့ ပြန်လာ လဲလှည့်။" လို့ ပြောပြီး သူ့ရဲ့ ခါးအောက်ပိုင်းနဲ့ ယောက်ျားလျှာရဲ့ ခါးအောက်ပိုင်းကို ခဏလဲပေး လိုက်ပါတယ်။ ယောက်ျားလျှာလည်း ရုက္ခစိုးရဲ့ ခါးအောက်ပိုင်း ရသွားတော့ သူကြိုက်တဲ့ ကောင်မလေးနဲ့ ယူပြီး ရုက္ခစိုးရဲ့ သစ်ပင်ဖက်ကို ခြေဦးတောင် မလှည့်တော့ပါဘူး။ ရုက္ခစိုးမှာ ထမိန်ကြီးနဲ့ နတ်သဘင် အစည်းအဝေးလည်း သွားလို့မရ ကိုယ်ထင်လည်း ပြလို့မရဘဲ မြွေကိုက်နေပါတယ်။ အဲဒါကတော့ အားနာလို့ ခါးပါတယ် ဆိုတဲ့ အကြောင်းပါ။

နောက်တစ်ခုကတော့ ကိုယ်စီးတဲ့မြင်း အထီးလား အမလား မသိဘူး ဆိုတဲ့ စကားပါ။ ဒီပုံပြင်ကတော့ အွန်လိုင်းမှာ ရှိတာမို့ ဖတ်ဖူးတဲ့သူလည်း ဖတ်ဖူး ပါလိမ့်မယ်။ တစ်ခါက ရွာတစ်ရွာရဲ့ အနားက တောအုပ်မှာ လူသားစားတဲ့ ဘီလူးမ တစ်ယောက် သောင်းကျန်းနေပါတယ်။ အဲဒါကြောင့် ရွာထဲကလူတွေ တောအုပ်ကို ဘယ်သူမှ ဖြတ်ပြီး မသွားရဲကြပါဘူး။ တစ်နေ့တော့ ရွာထဲက လူတစ်ယောက်က မြင်းစီးပြီး တောအုပ်ကို ဖြတ်သွားပါတယ်။ ဘီလူးမက သတ်စားမလို့ ဖမ်းတဲ့ အချိန်မှာ အဲဒီလူက လက်ဦးမှု ရပြီး ဘီလူးမကို ဖမ်းလိုက်နိုင်ပါတယ်။ ဘီလူးမက သူ့ကို မသတ်ပါနဲ့။ လွှတ်ပေးပါ။ လိုတဲ့ဆု ၃ ဆု ပြည့်စေရပါမယ် လို့ အာမခံပါတယ်။ အဲဒီလူက ငါ ပိုက်ဆံတွေ အပြည့်နဲ့ အိမ်တစ်လုံး လိုချင်တယ် လို့တောင်းတော့ ဘီလူးမက ရစေ ဆိုပြီး ဖန်ဆင်းလိုက်တာ ပိုက်ဆံ အပြည့်နဲ့ အိမ်တစ်လုံး ရ သွားပါတယ်။ ဒုတိယ အနေနဲ့ မိန်းမချောချောလေး တစ်ယောက် လိုချင်တယ် ဆိုပြီး ဆုတောင်းတော့လည်း ဘီလူးမတန်ခိုးနဲ့ မိန်းမ ချောချောကလေး တစ်ယောက် ရသွားပါတယ်။ တတိယဆု အနေနဲ့ ဘာတောင်းရမလဲ စဥ်းစားရင်း သူလည်း ယောက်ျားလေးတွေ လိုချင်တတ်တဲ့ ဆန္ဒတစ်ခု စိတ်ထဲမှာ ပေါ်လာပါတယ်။ အဲဒါကတော့ ကြီးလည်းကြီး ရှည်လည်ရှည်ချင်တယ် ဆိုတဲ့ ဆန္ဒပါ။ ဒါပေမယ့် ဆုတောင်းရမယ့်သူက ဘီလူးမဆိုတော့ ဆုတောင်းရမှာ နည်းနည်း ရှက်နေပါတယ်။ အဲဒါကြောင့် ဘယ်လို ဆုတောင်းရမလဲ စဥ်းစားရင်း သူစီးလာတဲ့မြင်းကို တွေ့တော့ အကြံရပြီး ငါ့ပစ္စည်း ဒီမြင်းရဲ့ ပစ္စည်းလိုမျိုး ဖြစ်ချင်တယ် ဆိုပြီး ဆုတောင်းလိုက်ပါတယ်။ မြင်းဆိုတာက ကြီးလည်းကြီး ရှည်လည်းရှည်တာကိုး။ ဘီလူးမက ပြည့်စေ ဆိုပြီး ဖန်ဆင်းလိုက်ပေမယ့် သူစီးလာတဲ့မြင်းက အထီးမဟုတ်ဘဲ အမဖြစ်နေတော့ လိုချင်တာ မရဘဲ မလိုချင်တာ ရသွားပါတယ်။

သတိမမူ ဂူမမြင်နဲ့ အားနာလို့ ခါးပါတဲ့ အကြောင်းက လူထုဦးလှရဲ့ အညာကျေးလက် ပုံပြင်များ စာအုပ်ထဲကပါ။ ကိုယ်စီးတဲ့မြင်း အထီးအမမှန်း မသိတဲ့ ပုံပြင်ကတော့ အွန်လိုင်းမှာ ဖတ်ဖူးတာပါ။

Friday, September 3, 2010

မြန်မာဝီကီပိဒိယ မှတ်တမ်း

မြန်မာဝီကီပိဒိယ ရဲ့ နောက်ခံ သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး မြန်မာဝီကီမှာ ပထမဆုံး မြန်မာဘာသာနဲ့ ဆောင်းပါး စရေးခဲ့ တဲ့သူ တစ်ယောက်၊ နောက်ပြီးတော့ မြန်မာဝီကီရဲ့ ပထမဆုံး မြန်မာ လူမျိုး sysop တစ်ယောက်ရဲ့ မှတ်တမ်းပါ။ အဲဒီလူက တခြားသူတော့ မဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်ပါပဲ။ :D

၂၀၀၅ ခုနှစ် နေ့ရောညပါ အင်တာနက် သုံးနေတဲ့ အချိန်က အင်တာနက်ပေါ်မှာ ဝီကီပိဒိယ (Wikipedia) လို့ခေါ်တဲ့ အွန်လိုင်း စွယ်စုံကျမ်း တစ်ခု ရှိတယ်ဆိုတဲ့ အကြောင်းကို သိခဲ့ရပါတယ်။ ဝီကီပိဒီယကို ဂျင်ဘိုဝေးလ် (Jimbo Wales) က စတင် တည်ထောင်ခဲ့ပြီး ကမ္ဘာတဝှမ်းလုံးမှာ ရှိတဲ့ လူတွေရဲ့ အသိပညာတွေကို တစ်နေရာထဲမှာ စုစည်းနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စခဲ့တယ်လို့ သိရပါတယ်။ ဝီကီပိဒိယမှာ အင်္ဂလိပ် ဘာသာတစ်ခုတည်းတင် မဟုတ်ဘဲ ဘာသာပေါင်းစုံနဲ့ ရေးထားတယ် ဆိုတာ သိခဲ့ရလို့ ကျွန်တော် ဝီကီကို မြန်မာဘာသာနဲ့ ရှိမရှိ ရှာကြည့်ပါတယ်။ အဲဒီမှာ my.wikipedia.org ဆိုတဲ့ မြန်မာ ဝီကီပိဒီယကို စပြီး တွေ့ခဲ့ပါတယ်။ မြန်မာ ဝီကီပိဒိယ လို့ ပြောပေမယ့် ရေးထားသမျှ အားလုံးဟာ အင်္ဂလိပ် ဘာသာနဲ့ ပါပဲ။ မြန်မာ ဝီကီပိဒိယ ကို စပြီး တည်ထောင်ခဲ့တဲ့ သူဟာလည်း မြန်မာမဟုတ်ပဲ Tristanb လို့ အမည်ရတဲ့ နိုင်ငံခြားသား တစ်ယောက် ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီနေရာမှာ မြန်မာ ဝီကီပိဒိယက ဘာဖြစ်လို့ mm.wikipedia.org မဖြစ်ဘဲ my.wikipedia.org ဖြစ်နေရသလဲ ဆိုတဲ့ အကြောင်းကို နည်းနည်း ရှင်းပါ့မယ်။ ဝီကီပိဒိယက နိုင်ငံကို ကိုယ်စား မပြုပါဘူး။ ဘာသာစကားကို ကိုယ်စားပြုပါတယ်။ ISO 639-1  စံနှုန်း သတ်မှတ်ချက် အရ မြန်မာဘာသာစကားရဲ့ ကုတ်ဒ်က my ပါ။ အဲဒါကြောင့် မြန်မာဝီကီပိဒိယက my.wikipedia.org ဖြစ်နေရပါတယ်။

မြန်မာဝီကီပိဒိယကို တွေ့ပြီးတော့ ကျွန်တော် ဝီကီပိဒိယကို မြန်မာလို ဖြစ်အောင် ဘယ်လို လုပ်ရင် ကောင်းမလဲ ကြံပါတယ်။ ပထမဆုံး တွေ့ရတဲ့ အခက်အခဲကတော့ အဲဒီအချိန်တုန်းက အလကားရတဲ့ မြန်မာယူနီကုတ်ဖောင့် ရှာမတွေ့တာပါ။ အဲဒီအချိန်က မြစေတီ ဖောင့်၊ BIT ဖောင့်စတဲ့ ယူနီကုတ်ဆန်ဆန် (Pseudo-Unicode) ဖောင့်တွေ ရှိပါတယ်။ ဒါပေမယ့် အလကား မပေးပါဘူး။ အဲဒါနဲ့ ကျွန်တော်ကိုယ်တိုင် အလကားရတဲ့ ယူနီကုတ်ဖောင့် တစ်ခု ဖြစ်အောင် ကြံစည်ခဲ့ ပါတယ်။ ကျွန်တော်နဲ့ အွန်လိုင်း မှာ ခင်ခဲ့တဲ့ ဆန်ဖရန် စစ်စကို က Sarge ဆိုတဲ့ မြန်မာ အစ်ကိုကြီး တစ်ယောက်က အဲဒီအချိန်က မြန်မာ ယူနီကုတ်ဒ်နဲ့ ပတ်သက်ပြီး အကြံတွေ အတော်များများ ပေးခဲ့ပါတယ်။ ဒါပေမယ့် အခက်အခဲ အမျိုးမျိုးကြောင့် ယူနီကုတ်ဒ် ဖောင့်ကို ပြီးအောင် မလုပ်ဖြစ်ခဲ့ပါဘူး။

အဲဒီလို ရှေ့မရောက် နောက်မရောက် ဖြစ်နေတဲ့ အချိန်မှာ Myanmar NLP က Myanmar1 ကို GPL နဲ့ စပြီး ဖြန့်ခဲ့ပါတယ်။ Myanmar1 စဖြန့်ပြီး သိပ်မကြာခင်မှာပဲ Myanmar1 ကို သုံးပြီး မြန်မာ ဝီကီပိဒိယ ကို စရေးခဲ့ပါတယ်။ မြန်မာဝီကီကို စရေးတဲ့ အချိန်က ကျွန်တော် တစ်ယောက်တည်းပါပဲ။ နောက်ထပ် နိုင်ငံခြားသား တစ်ယောက် ရှိပေမယ့်လည်း သူက ခရစ်ယာန် ဘာသာနဲ့ ဆိုင်တဲ့ ဆောင်းပါးတွေကို ပဲ တင်ပါတယ်။ သူကိုယ်တိုင် ရေးတာတော့ ဟုတ်ဟန် မတူပါဘူး။ သူနဲ့ ခင်မင်တဲ့ မိတ်ဆွေတွေကို မြန်မာလိုရေးခိုင်းပြီး သူက တင်တဲ့ ပုံပေါ်ပါတယ်။ သူ့ကို ဘာသာပြန် ပေးတဲ့သူထဲမှာလည်း အတော်ဆိုးရွားတဲ့သူတွေ ပါပါတယ်။ တချို့စာလုံးတွေကို ဘာမဆိုင် ညာမဆိုင် ညစ်တီးညစ်ပတ် စကားလုံးတွေနဲ့ ဘာသာပြန်ထားတာမို့ အမြင်မတော်လို့ ဝင်ပြင်ရပါတယ်။ အဲဒီလိုနဲ့ ကိုယ်စိတ်ဝင်စားတဲ့ ဆောင်းပါးလေးတွေ အင်္ဂလိပ် ဝီကီကနေ မြန်မာ ဘာသာပြန်လိုက် ကိုယ်သိထားတဲ့ သမိုင်းကြောင်းတွေကို ဆောင်းပါး တစ်ပုဒ်တစ်လေနဲ့ တင်လိုက် လုပ်ရင်းကနေ နောက်တော့ ဆောင်းပါး အပုဒ် ၂၀ ကျော် ဖြစ်လာပါတယ်။ Sysop က ဘယ်ရောက်နေမှန်း မသိလို့ ပြင်ချင်တာ ပြင်မရ ဖျက်ချင်တာ ဖျက်မရ ဖြစ်နေတာကြောင့် sysop လျှောက်လိုက်ပါတယ်။ ရေးတဲ့သူကလည်း ကိုယ်တစ်ယောက်တည်း တည်းဖြတ်တဲ့သူကလည်း ကိုယ်တစ်ယောက်တည်း ဆိုတော့ ထောက်ခံမဲ မရှိ ကန့်ကွက်မဲ မရှိနဲ့ပဲ မြန်မာ ဝီကီမှာ sysop ဖြစ်သွားပါတယ်။

ဒါပေမယ့် အဲဒီအချိန်မှာ အလုပ်ကိစ္စနဲ့ ခရီးတွေ ဆက်တိုက် ထွက်ဖြစ်တာနဲ့ မြန်မာဝီကီနဲ့ အတော်လေး အဆက်ပြတ် သွားပါတယ်။ ၂၀၀၈ ခုနှစ်ထဲမှာတော့ အွန်လိုင်းမှာ ဟိုကြည့်ဒီကြည့် ရှာရင်းနဲ့ မြန်မာဝီကီ ပိဒိယ အကြောင်း ငြင်းခုံနေကြတာ သွားတွေ့ ပါတယ်။ အဲဒီအချိန် ဖောင့်ကိစ္စ ဝင်းရှင်းရင်းနဲ့ မြန်မာဝီကီမှာ ဆောင်းပါး ပြန်ရေး ဖြစ်ပါတယ်။

အဲဒီအချိန်က မြန်မာဝီကီပိဒိယရဲ့ Sysop ရွေးပွဲက ပွဲကြီးပွဲကောင်းပါ။ တစ်ယောက်ကို တင်လိုက် ကျန်တဲ့သူတွေက ဝိုင်းကန့်ကွက်လိုက်နဲ့ Sysop အသစ် အနေနဲ့ ဘယ်သူမှ ဖြစ်မလာ ကြပါဘူး။ နောက်တော့ ဟင်္သာဆိုတဲ့ နစ်ခ်နိမ်းနဲ့ အမေရိကားမှာ နေတဲ့ မြန်မာတစ်ယောက် Sysop ဖြစ်လာပါတယ်။ ကျွန်တော်က ဝီကီကို ရေးချင်လို့သာ ရေးနေပေမယ့် ဝီကီပိဒိယနဲ့ ပတ်သက်ရင် ဗဟုသုတ နည်းပါတယ်။ ဟင်္သာကတော့ အင်္ဂလိပ် ဘာသာ ဝီကီမှာလည်း ရေးနေတာမို့ ဝီကီနဲ့ ပတ်သက်ပြီး အတော်လေး အတွေ့အကြုံ ရှိပါတယ်။ ဝီကီပိဒိယ ဒီအခြေအနေအထိ ဖြစ်လာတာ ဟင်္သာရဲ့ ပံ့ပိုးမှုတွေ အများကြီး ပါတယ် ဆိုတာ မှတ်တမ်းတင် ထားချင်ပါတယ်။

နောက်ထပ် ပွဲကြီးပွဲကောင်း တစ်ခုကတော့ ဝီကီကို ဇော်ဂျီနဲ့ ရေးဖို့ ကြိုးစားကြရင်းက ဝီကီ နှစ်ခြမ်းကွဲ သွားတာပါ။ ဝီကီပိဒိယက ယူနီကုတ်ဒ် ၅.၁ နဲ့ ရေးတာမို့ ဇော်ဂျီနဲ့ ရေးချင်တဲ့သူများက wikimyanmar.org မှာ သွားရေး ကြပါတယ်။ အခုတော့လည်း တသွေးတည်း တသားတည်း ဖြစ်သွားပြီလို့ ပြောရမလား မသိပါဘူး။ ဝီကီမြန်မာက ဆောင်းပါးတွေ အားလုံးနီးပါး မြန်မာဝီကီပိဒိယမှာ ကူးထည့်ပြီးပါပြီ။  မြန်မာပြည် ထဲမှာလည်း ကိုငွေထွန်း ဦးဆောင်ပြီး မြန်မာ ဝီကီပိဒိယကို ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် ကြိုးပမ်း နေပါတယ်။

အားလုံး သိချင်နေမယ်လို့ ထင်တဲ့ မေးခွန်းကို မမေးရင်လည်း ကျွန်တော် ဖြေချင်ပါတယ်။ ဝီကီပိဒိယကို ဘာလို့ ဇော်ဂျီနဲ့ မရေးပဲ ယူနီကုတ် ၅.၁ နဲ့ ရေးရသလဲ ဆိုတဲ့ မေးခွန်းပါ။ ဝီကီပိဒိယရဲ့ ပေါ်လစီ အရ ယူနီကုတ် စံနှုန်းညီတဲ့ ဖောင်နဲ့ စံနှုန်း မညီတဲ့ ဖောင့်ဆိုရင် စံနှုန်းညီတဲ့ ဖောင့်ကို ဦးစားပေးပါတယ်။ ဝီကီကို ဇော်ဂျီ ပြောင်းဖို့ အကြီးအကျယ် ဖိုက်တင်ချ ခဲ့ကြပါသေးတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။ ဇော်ဂျီက လူသုံးများပေမယ့် ယူနီကုတ် စံနှုန်း မညီပါဘူး။ ဧရာကလည်း ၅.၂ သာ အော်နေပေမယ့် ယူနီကုတ် စံနှုန်း မညီပါဘူး။ ဒါကြောင့် မြန်မာဝီကိပိဒိယမှာ ယူနီကုတ် ၅.၁ စံနှုန်းကိုက်ညီတဲ့ မြန်မာ၃၊ ပုရပိုက်၊ ပိတောက်၊ မိုင်မြန်မာ စတဲ့ ဖောင့်တွေနဲ့ ရေးနေဖတ်နေ ကြတာပါ။

ဝီကီမှာ နည်းပညာ အကြောင်း၊ အတ္ထုပတ္တိ၊ အာကာသ အကြောင်း ဟိုအကြောင်း ဒီအကြောင်းတွေ စိတ်ကူးတည့်ရင် တည့်သလို ရေးဖြစ်ပါတယ်။ အများဆုံး လုပ်ဖြစ်တာကတော့ အင်္ဂလိပ်ဘာသာ ဝီကီကနေ မြန်မာဘာသာကို ပြန်တာပါ။ ဝီကီရေးတာလည်း ဘလော့ဂင်းလိုပါပဲ။ စွဲမိရင် အတော်ဖြတ်ဖို့ ခက်ပါတယ်။ ဒါပေမယ့် အာရုံရတဲ့ အလုပ်ကို လုပ်နေတာမို့ စိတ်ရှုပ်စရာလို့တော့ မထင်မိပါဘူး။

တခြားဘာသာစကားနဲ့ ရေးထားတဲ့ ဝီကီပိဒိယတွေလိုပဲ မြန်မာဝီကီမှာလည်း ဆောင်းပါး သိန်းဂဏန်း မြင်ချင်တဲ့ ဆန္ဒရှိပါတယ်။ တယောက် နှစ်ယောက်နဲ့ လုပ်လို့ မဖြစ်နိုင် ပေမယ့် အားလုံးလက်တွဲပြီး လုပ်ကြရင်တော့ ဖြစ်လာမှာပါ။ အားလုံးရဲ့ ကူညီပံ့ပိုးမှု အသိပညာ ဝေမျှမှုတွေကို မြန်မာဝီကီပိဒိယကနေ ကြိုဆိုနေပါတယ် ဆိုတဲ့ အကြောင်း မြန်မာဝီကီ ရေးတဲ့သူတွေရဲ့ ကိုယ်စား ဖိတ်ခေါ်ပါရစေ။ http://my.wikipedia.org မှာ လာရောက် ဖတ်ရှုရင်း အသိပညာတွေ ဝေမျှ ပေးနိုင်ပါတယ်။

Wednesday, July 15, 2009

ဖောင့်မသိတော့ ဇော်ဂျီ ယူနီကုတ်ထင်

မြန်မာ ယူနီကုတ်ဆိုတာ ဘာလဲ၊ ဇော်ဂျီက မြန်မာယူနီကုတ် စံနှုန်းကနေ ဘာတွေ လွဲနေသလဲ၊ ဘာကြောင့် ယူနီကုတ်စနစ်ကို ပြောင်းသုံးသင့်တာလဲလို့ ဇဝေဇဝါ ဖြစ်နေသူများကို ရှင်းပြဖို့ အတွက် ဒီပို့စ်ကို ရေးပါတယ်။

ဟိုးအရင် ကာလတွေတုန်းက ကွန်ပြူတာမှာ မြန်မာစာလုံးကို သိမ်းဆည်းတဲ့ အခါမှာ မြန်မာစာလုံး အဖြစ်မသိမ်းဆည်းပဲ အင်္ဂလိပ် စာလုံးနဲ့ ညီမျှတဲ့ နံပါတ် အဖြစ်နဲ့ပဲ သိမ်းဆည်းပါတယ်။ အကယ်၍ ကျွန်တော်တို့ သဝေထိုး (ေ) ကို ရိုက်ပြီး ကွန်ပြူတာ ထဲမှာ သိမ်းမယ်ဆိုရင် ကွန်ပြူတာက သဝေထိုးအနေနဲ့ မသိမ်းပဲ အင်္ဂလိပ်စာလုံး "a" နဲ့ ညီမျှတဲ့ နံပါတ် 97 အနေနဲ့ သိမ်းပါတယ်။ အဲဒီလို စနစ်မျိုး သုံးထားတဲ့ ဖောင့်ကို အက်စကီးဖောင့် (ASCII Font)လို့ ခေါ်ပါတယ်။ အက်စကီး ဖောင့်တွေဟာ တရုတ်၊ ကိုရီးယား ဘယ်ဘာသာ စကားကို မဆို အင်္ဂလိပ် အက္ခရာ ဒါမှမဟုတ် !@ အစရှိတဲ့ သင်္ကေတ (Symbol) တွေနဲ့ ညီမျှတဲ့ ဂဏန်းတွေ အဖြစ် ပြောင်းပြီး သိမ်းပါတယ်။ အက္ခရာ တစ်လုံးကို သိမ်းဖို့ ဂဏန်း ၂ လုံးစာ နေရာ ပေးရပါတယ်။ ဝင်းအင်းဝ၊ ဝင်းကလော ၊ CE စတဲ့ မြန်မာဖောင့်တွေဟာ အဲဒီလို စနစ်မျိုးနဲ့ အလုပ်လုပ်ပါတယ်။ အဲဒါကြောင့်မို့ ဝင်းအင်းဝနဲ့ ရေးထားတဲ့ စာကို မြန်မာ ဖောင့်မရှိတဲ့ အချိန် ဖတ်ရင် အင်္ဂလိပ် စာလုံးတွေ မြင်ရတာပါ။

ယူနီကုတ် စံနှုန်းမှာတော့ ဘာသာစကား တစ်ခုချင်းစီ အတွက် သီးသန့် ဂဏန်း (Codepoint) တွေ သတ်မှတ်ပေးထားပါတယ်။ တကမ္ဘာလုံးမှာ ရှိသမျှ ဘာသာစကားတွေ အတွက် ဂဏန်း ၂လုံးစာ နဲ့ မလောက်တဲ့ အတွက် အခြေ ၁၆ ရှိတဲ့(Hexadecimal) ဂဏန်း ၄လုံး သုံးထားပါတယ်။ အဲဒီအတွက် အက္ခရာ ၆သောင်း ၅ထောင်ကျော် ကို ယူနီကုတ် စနစ်မှာ ကွဲကွဲပြားပြား သိမ်းလို့ရပါတယ်။ မြန်မာစာ နဲ့ တိုင်းရင်းသား ဘာသာစကားများ ဖြစ်တဲ့ ရှမ်း၊မွန်၊ စကောကရင်၊ ပိုးကရင် စတဲ့ ဘာသာစကားတွေ အတွက် ယူနီကုတ် အဖွဲ့ (Unicode Consortium) က ယူနီကုတ်နံပါတ် 4096 ကနေ 4255 (Decimal) အတွင်းမှာ သတ်မှတ်ပေးထားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ မြန်မာစာ သဝေထိုး “ေ” ကို ရိုက်ပြီး သိမ်းမယ် ဆိုရင် ယူနီကုတ် စံနှုန်းမှာ နံပါတ် 4145 အနေနဲ့ သိမ်းပေးပါတယ်။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာစကားတွေ အားလုံးထဲမှာ 4145 နဲ့ ညီမျှတဲ့ အက္ခရာ ဟာ မြန်မာ အက္ခရာ သဝေထိုး တစ်ခုပဲ ရှိပါတယ်။ အခြား ဘယ်ဘာသာ စကားမှာမှ မရှိပါဘူး။ အဲဒါကြောင့် မြန်မာယူနီကုတ်ဖောင့် မရှိရင် အဲဒီစာလုံးကို လေးထောင့်ကွက် အဖြစ်နဲ့ပဲ မြင်ရပါတယ်။

ဇော်ဂျီနဲ့ ယူနီကုတ် ဖောင့်တွေ ရဲ့ ကွာခြားချက်က အဲဒီမှာ စမြင်နိုင်ပါတယ်။ ယူနီကုတ်ဖောင့် (Myanmar3, Padauk, Parabaik, MyMyanmar) အစရှိတဲ့ ဖောင့်တွေက ယူနီကုတ် အဖွဲ့က Unicode 5.1 Standard မှာ သတ်မှတ်ပေးထားတဲ့ စံနှုန်းအတိုင်း အတိ အကျ လိုက်နာပြီး သတ်မှတ်ထားတဲ့ ဂဏန်းတွေနဲ့ စာလုံးတွေကို သိမ်းပါတယ်။ ဇော်ဂျီကတော့ ကိုယ့်ဘာသာကိုယ် သိမ်းချင်တဲ့ ဂဏန်းနဲ့ သိမ်းထားပါတယ်။ ဇော်ဂျီက သုံးတဲ့ ဇယားနဲ့ ယူနီကုတ် အဖွဲ့က တရားဝင် သတ်မှတ်ပေးထားတဲ့ ဇယား နှစ်ခုကို အောက်မှာ ယှဉ်ပြ ထားပါတယ်။


Unicode 5.1 စံနှုန်း ဇယား


ဇော်ဂျီတွင် သုံးသော ဇယား

ဒါပေမယ့် ရိုက်သမျှ ဂဏန်းကို မြန်မာစာအတွက် သတ်မှတ်ပေးထားတဲ့ ဂဏန်းတွေနဲ့ သိမ်းတိုင်းလည်း ယူနီကုတ်လို့ ပြောလို့ မရပါဘူး။ ယူနီကုတ် ဖောင့်တွေ လိုက်နာရမယ့် အခြား အချက်တွေ ရှိပါသေးတယ်။

ပထမအချက် အနေနဲ့ အခြားစာလုံးနဲ့ တွဲလိုက်လို့ ပုံစံပြောင်းသွားတဲ့ စာလုံးတွေ အတွက် ယူနီကုတ်ဖောင့်က စာလုံးပုံစံကို အလိုအလျောက် ပြောင်းပေးရပါတယ်။ ဥပမာ အားဖြင့် “နိုင်” ဆိုတဲ့ စာလုံးကို လေ့လာကြည့်ပါ။ “နိုင်” ဆိုတဲ့ စကားလုံးကို မြန်မာလို နငယ် လုံးကြီးတင် တစ်ချောင်းငင် င အသတ် ဆိုပြီး ရိုက်ရပါတယ်။ မြန်မာစာမှာ နငယ် အကြီးနဲ့ နငယ် အသေးဆိုပြီး ၂ မျိုး မရှိပါဘူး။ နငယ်က တစ်မျိုးပဲ ရှိပါတယ်။ မြင်ရတဲ့အချိန်မှာသာ နငယ် အကြီးနဲ့ အသေး ကွာသွားတာပါ။

ယူနီကုတ်ဖောင့်တွေမှာ နငယ်ကို တစ်ချောင်းငင်နဲ့ တွဲရိုက်လိုက်တာနဲ့ နငယ်အကြီးကို အသေး (န) အဖြစ် User မြင်အောင် အလိုအလျောက် ပြောင်းပေးပါတယ်။ ဒါပေမယ့် အကြီးပဲ ပြပြ အသေးပဲပြပြ နောက်ကွယ်မှာ နငယ်ကို သိမ်းထားတဲ့ ဂဏန်းကတော့ 4116 တစ်ခုတည်းပါပဲ။ ဇော်ဂျီဖောင့်မှာတော့ အဲဒီလို နည်းပညာ မပါပါဘူး။ နငယ် အသေးကို သပ်သပ် ရိုက်ပေးရပါတယ်။ ဇော်ဂျီဖောင့်မှာ နငယ် အကြီး ရိုက်ရင် 4116 နဲ့ သိမ်းပြီး အသေးရိုက်ရင် 4239 နဲ့ သိမ်းပါတယ်။ Smart Rendering မလုပ်ဘဲ သိမ်းထားတဲ့ အတိုင်း ပြန်ပြီး ရိုက်ပြ ပါတယ်။ ယူနီကုတ် ၅.၁ စံနှုန်းအရ ဇော်ဂျီက “န” အနေနဲ့ သုံးထားတဲ့ နံပါတ် 4239 ဟာ မြန်မာဘာသာ အတွက် သတ်မှတ်ထားတဲ့ ဂဏန်းမဟုတ်ပဲ ပလောင် ဘာသာစကားအတွက် သတ်မှတ်ထားတဲ့ ဂဏန်း ဖြစ်ပါတယ်။

အားလုံး ပြောနေကြတဲ့ ရရစ် ပြသနာဟာ လည်း ဒါပါပဲ။ ဇော်ဂျီမှာ ရရစ် အတွက် ယူထားတဲ့ ဂဏန်း ၈ လုံး တိတိ ရှိပြီး User အနေနဲ့ ကိုယ်သုံးချင်တဲ့ ရရစ်ကို ကိုယ့်ဘာသာကိုယ် ရွေးရပါတယ်။ ရရစ် အတွက် ယူသုံးထားတဲ့ ဂဏန်းတွေကတော့ ရှမ်းဘာသာစကား အတွက် သတ်မှတ်ပေးထားတဲ့ ဂဏန်းတွေပါ။ ယူနီကုတ် ဖောင့်တွေမှာတော့ သူနဲ့ တွဲဆက်ထားတဲ့ အက္ခရာတွေ ပေါ်မူတည်ပြီး ရရစ်က အလိုအလျောက် ပုံစံပြောင်း ပေးပါတယ်။ ရရစ်အတွက် 4156 ဂဏန်း တစ်လုံးကိုပဲ သုံးထားပါတယ်။

ဒုတိယ အချက်အနေနဲ့ ယူနီကုတ်ဖောင့်တွေဟာ User က ရိုက်ထည့်လိုက်တဲ့ ဂဏန်းကို နောက်ကွယ်မှာ စံနှုန်းနဲ့ ညီတဲ့ အစီအစဉ် တကျ ပြန်စီပေးရပါတယ်။ အဲဒါကို Normalization လုပ်တယ်လို့ ခေါ်ပါတယ်။ User အနေနဲ့ “နိုင်” ဆိုတဲ့ စာလုံးကို “န” + “_ိ ”+ “ - ု” + “င” + “- ်” ဆိုပြီး ရိုက်ထည့်လို့ ရသလို “န” + “ - ု” + “_ိ ” + “င” + “- ်” ဆိုပြီး တော့လည်း ရိုက်လို့ ရပါတယ်။ “နိုင်” ဆိုတဲ့ စကားလုံးကို User အနေနဲ့ “_ိ ”+ “ - ု” (လုံးကြီးတင် တစ်ချောင်းငင်) နဲ့ပဲ ရိုက်ထည့်ထည့် “ - ု” + “_ိ ” (တစ်ချောင်းငင် လုံးကြီးတင်) နဲ့ပဲ ရိုက်ထည့်ထည့် ယူနီကုတ် ဖောင့်က နောက်ကွယ်မှာ “_ိ ”+ “ - ု” (လုံးကြီးတင် တစ်ချောင်းငင်) အဖြစ် ပြန် အစီအစဉ် ချပြီး သိမ်းပေးပါတယ်။ ဇော်ဂျီကတော့ အစီအစဉ် မချပဲ User ရိုက်ထည့်တဲ့ အတိုင်း သိမ်းပါတယ်။

သိမ်းချင်သလို သိမ်းကွာ ဖတ်လို့ရပြီးတာပဲ လို့ ပြောချင်တဲ့သူများလည်း ရှိပါလိမ့်မယ်။ ဖတ်လို့ ရတာ ဟုတ်ပေမယ့် ရှာတဲ့နေရာမှာ ရှော့ခ် ရှိပါတယ်။ ဇော်ဂျီဖောင့်နဲ့ ရှာချင်ရင် အစီအစဉ်တကျ ရိုက်ထည့်ထားတဲ့ စာကိုပဲ ရှာလို့ ရပါမယ်။ လုံးကြီးတင် တစ်ချောင်းငင် နဲ့ ရေးထားတဲ့ စာကို တစ်ချောင်းငင် လုံးကြီးတင် နဲ့ ပြန်ရှာရင်တွေ့မှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ တစ်ချောင်းငင် လုံးကြီးတင် နဲ့ ရေးထားတဲ့စာကို လုံးကြီးတင် တစ်ချောင်းငင် နဲ့ ပြန်ရှာရင်လည်း တွေ့နိုင်မှာ မဟုတ်ပါဘူး။

ကွန်ပြူတာနဲ့ ဆက်စပ်ပြီး အလုပ်လုပ်နေသူများအတွက် နောက်ဥပမာ တစ်ခုကို ထပ်ပေးပါမယ်။ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံ လူဦးရေ စစ်တမ်း ကောက်တဲ့ ဒေတာဘေ့စ် တစ်ခု လုပ်ချင်တယ် ဆိုပါစို့။ လူနှစ်ယောက်ဟာ နာမည်တူ အဖေနာမည်တူ ရှိနိုင်ပေမယ့် မှတ်ပုံတင် နံပါတ်တော့ အတူတူ မရှိနိုင်ပါဘူး။ အဲဒီတော့ လူတစ်ယောက်ကို ဒေတာဘေ့စ်ထဲမှာ ၂ ခါ ပြန်မထည့်မိအောင် ကျွန်တော်တို့အနေနဲ့ မှတ်ပုံတင် နံပါတ် Column ကို Unique Constraint အနေနဲ့ ထည့်ထား လိုက်ပါမယ်။ အဲဒီလို လုပ်တဲ့အတွက် User က မှတ်ပုံတင် နံပါတ် တစ်ခုတည်းကို ၂ ခါပြန်ထည့်မိရင် ဒေတာဘေ့စ်က လက်မခံဘဲ Error ပြန်လာပါလိမ့်မယ်။

အဲဒီ ဒေတာဘေ့စ်ကို ယူနီကုတ် ၅.၁ နဲ့ သိမ်းရင် မှတ်ပုံတင် နံပါတ်က နှစ်ခု မထပ် နိုင်ပါဘူး။ ဥပမာ ၅/စကန(နိုင်)၀၀၀၀၀၀ ဆိုတဲ့ မှတ်ပုံတင် နံပါတ်ကို ဒေတာဘေ့စ်ထဲမှာ တစ်ကြိမ်ပဲ ရိုက်ထည့်လို့ ရပါမယ်။ (နိုင်) ကို ရိုက်ထည့်တဲ့သူက “_ိ ”+ “ - ု” (လုံးကြီးတင် တစ်ချောင်းငင်) အစီအစဉ် နဲ့ ရိုက်ရိုက် “ - ု” + “_ိ ” (တစ်ချောင်းငင် လုံးကြီးတင်) အစီအစဉ်နဲ့ ရိုက်ရိုက် ယူနီကုတ်ဖောင့်က Normalize လုပ်ပေးတဲ့အတွက် နောက်ဆုံးမှာ ဒေတာဘေ့စ်ထဲကို “_ိ ”+ “ - ု” (လုံးကြီးတင် တစ်ချောင်းငင်) အစီအစဉ်နဲ့ပဲ ဝင်သွားပါလိမ့်မယ်။ ဇော်ဂျီနဲ့ ရိုက်ထည့်လို့ User က (နိုင်) ကို မှားယွင်းပြီး ရိုက်ထည့်ရင် “_ိ ”+ “ - ု” (လုံးကြီးတင် တစ်ချောင်းငင်) နဲ့ တစ်ခါ “ - ု” + “_ိ ” (တစ်ချောင်းငင် လုံးကြီးတင်) နဲ့တစ်ခါ မှတ်ပုံတင် နံပါတ် တစ်ခုတည်းကို ၂ ခါဝင်သွား နိုင်ပါတယ်။ လူဦးရေ စာရင်းလို သန်းဂဏန်း နဲ့ ရှိတဲ့ ဒေတာတွေထဲမှာ အဲဒီလို အမှားမျိုး မတော်တဆ ဖြစ်ခဲ့ရင် ကျွန်တော်တို့ အမှားကို တွေ့အောင် ရှာနိုင်ပါ့မလား။

အဲဒီဒေတာဘေ့စ်ကို ယူနီကုတ် ၅.၁ နားလည်တဲ့ ဒေတာဘေ့စ် (ဥပမာ MySQL Latest Version) အဖြစ် Convert လုပ်ရင် Error တက်ပါလိမ့်မယ်။ Database ထဲမှာ အစီအစဉ်တကျ သိမ်းထားတဲ့ စာက ပြသနာ မရှိပေမယ့် Normalize မလုပ်ဘဲ သိမ်းချင်သလို သိမ်းထားတဲ့စာကိုတော့ Database က သူနားလည်သလို Unicode Normalization လုပ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ နံပါတ် ၂ ခု အတူတူ ဖြစ်သွားတဲ့ အတွက် Unique Constraint ကို ချိုးဖောက်မိပြီး ဒုက္ခနဲ့ လှလှ တွေ့ပေးနိုင်ပါတယ်။

ကျွန်တော် အရင်ပို့စ်မှာလည်း Database ထဲက Unicode Normalization အကြောင်း ပြောခဲ့ဖူးပါတယ်။ ဒေတာဘေ့စ်က မြန်မာစာလုံးတွေကို Normalize လုပ်ပေးတယ် ဆိုပေမယ့် ကိုယ်မှန်းထားတဲ့ အစီအစဉ်အတိုင်းတော့ ဝင်သွားဖို့တော့ မလွယ်ပါဘူး။ ဒေတာဘေ့စ်က မနောမယ ဒေတာဘေ့စ် ဖြစ်နေမယ် ဒါမှမဟုတ် ဒေတာဘေ့စ် အက်ဒမင်က ဒေးဗစ်ကော့ပါးဖီး ဖြစ်နေမယ် ဆိုရင်တော့လည်း တစ်မျိုးပေါ့။ :D

နောက်တစ်ခု ကွာတာကတော့ “က္က” လိုမျိုး ပါဌ်ဆင့် တွေ ရိုက်တဲ့ နေရာမှာပါ။ ပါဌ်ဆင့်တွေ အတွက် ယူနီကုတ်မှာ ဂဏန်း သတ်သတ် ပေးမထားပါဘူး။ ယူနီကုတ် စံနှုန်း အရ ပါဌ်ဆင့်နှစ်ခု ရဲ့ ကြားမှာ 4153 ဆိုတဲ့ ဂဏန်းကို ထည့်ပြီး သိမ်းပါတယ်။ ဖောင့်က 4153 ဆိုတဲ့ ဂဏန်းကို တွေ့ရင် ရှေ့နောက် ဂဏန်း နှစ်လုံးကို ဆက်ပြီး သူ့အလိုအလျောက် ပါဌ်ဆင့် အဖြစ် ရိုက်ပြ ပါတယ်။ ဥပမာ “က္က” ဆိုတဲ့ စာလုံးကို သိမ်း ချင်ရင် ယူနီကုတ် စံနှုန်းမှာ က ရဲ့ နံပါတ်က 4096 ဖြစ်တဲ့ အတွက် “4096 + 4153 + 4096” ဆိုပြီး သိမ်းပါတယ်။ User အနေနဲ့လည်း ကီးဘုတ်ပေါ်မှာ ~ အက္ခရာတွေ “Ctrl + Alt” တွေ ရိုက်စရာ မလိုဘဲ ပါဌ်ဆင့်ရဲ့ ဒုတိယ အက္ခရာ မရိုက်ခင်မှာ “4153” နဲ့ ညီမျှတဲ့ “Shift + f ” ကို ကီးဘုတ်ပေါ်ကနေ ရိုက်ထည့် လိုက်ရုံပါပဲ။ “က” + “Shift +f ” + “က” ဆိုရင် ကကြီး နှစ်လုံးဆင့် ဖြစ်ပါတယ်။

ဇော်ဂျီမှာတော့ ပါဌ်ဆင့်တွေကို ပါဌ်ဆင့်အတိုင်း သိမ်းပါတယ်။ အဲဒီအတွက် မြန်မာစာ အတွက် မဟုတ်ဘဲ ကရင် ဘာသာစကားအတွက် သတ်မှတ်ထားတဲ့ ဂဏန်း 4192 ကနေ 4220 အတွင်းက ဂဏန်းတွေကို ယူသုံးပြီး သိမ်းပါတယ်။

ဒီလောက်ဆိုရင် ဇော်ဂျီနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီ အများစုကို ရှင်းရှင်းလင်းလင်း သိကြပြီလို့ ထင်ပါတယ်။

အများမေးနေကြမေးခွန်းကလေး တွေကို အဆစ်အနေနဲ့ ဖြေပေးလိုက်ပါ့မယ်။

(၁) ဇော်ဂျီက ယူနီကုတ်ထက် ဘာလို့ ပိုမြန်အောင် Render လုပ်နိုင်ရတာလဲ။

ကျွန်တော်ခုန ပြောခဲ့တဲ့ ယူနီကုတ်ရဲ့ မရှိမဖြစ် စံနှုန်း Smart Rendering တွေ၊ Normalization တွေ ကို ဇော်ဂျီက တစ်ခုမှ လုပ်မထားတဲ့ အတွက် အဲဒီ နည်းပညာ ထည့်ထားတဲ့ ဖောင့်တွေနဲ့ ယှဉ်ရင် ပိုမြန်နေရတာပါ။

(၂) ယူနီကုတ် ဖောင့်တစ်ခုနဲ့ ရိုက်ထားတဲ့စာကို တခြားဖောင့်နဲ့ ကြည့်လို့ ရလား။ မြန်မာ ယူနီကုတ် စနစ်က လုံးဝ ပြည့်စုံပြီလား။

ယေဘူယျအားဖြင့် မြန်မာ ၃ နဲ့ ရိုက်ထားတဲ့ စာကို ပိတောက်နဲ့ ကြည့်လို့ရသလို ပိတောက် နဲ့ ရိုက်ထားတဲ့ စာကို မြန်မာ ၃ နဲ့ ကြည့်လို့ရပါတယ်။ အလားတူပဲ ယူနီကုတ် စံနှုန်းကို လိုက်နာတဲ့ ပုရပိုက်၊ မိုင်မြန်မာ စတဲ့ ဖောင့်တွေကို လည်း အလဲလဲ အလှယ်လှယ် သုံးလို့ရတယ်။ ကျွန်တော် ယူနီကုတ် သုံးရင် မြန်မာ ၃ ကီးဘုတ်နဲ့ ပိတောက်ဖောင့်ကို တွဲသုံးလေ့ ရှိပါတယ်။

စံနှုန်းကို လိုက်နာထားတယ် ဆိုပေမယ့် အဲဒီဖောင့်တွေမှာ ကွဲလွဲချက်လေးတွေ အနည်းအကျဉ်းတော့ ရှိနေပါတယ်။ ကျွန်တော်သိသလောက် ပြောရမယ် ဆိုရင် တစ်ချို့ ဆော့ဖ်ဝဲလ်တွေ ဝက်ဘ်ဆိုက်ဒ်တွေက ယူနီကုတ် ၅.၁ စံနှုန်းက အပြည့်အဝ အထောက် အပံ့ မပေးသေးပါဘူး။ အဲဒီတော့ Myanmar3 ကလွဲပြီး အခြားဖောင့်တွေမှာ အဲဒီလို နေရာတွေမှာ ကြုံရတတ်တဲ့ Bug တွေကို ရှောင်နိုင်ဖို့ အတွက် Workaround လုပ်ထားတာတွေ ပါပါတယ်။ အဲဒီတော့ သိမ်းဆည်းတဲ့ စနစ် (Storage) မှာ တူကြပေမယ့် ပြသတဲ့ စနစ် (Rendering) မှာတော့ ကွဲပြားမှုတွေ ရှိပါတယ်။ တချို့ Site တွေ (ဥပမာ Myanmar Wikipedia) ကို Myanmar3 နဲ့ ကြည့်မယ်ဆိုရင် တစ်ချို့ စာလုံးတွေ မှန်မှန်ကန်ကန် မပြနိုင်တာ တွေ့ရပါလိမ့်မယ်။ တခြားဖောင့်တွေနဲ့ ဆိုရင်တော့ အဆင်ပြေပါတယ်။ ဆော့ဖ်ဝဲလ်တိုင်းကလည်း Unicode 5.1 ကို သုံးလို့ မရပါဘူး။ ဥပမာ လူသုံးများတဲ့ Adobe Photoshop ပေါ်မှာ ယူနီကုတ် ၅.၁ ကို သုံးလို့ မရပါဘူး။

ယူနီကုတ် ၅.၁ ကို ရယူနိုင်တဲ့ နေရာတွေကို အောက်ကလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။
http://my.wikipedia.org/wiki/Wikipedia:Font#Unicode_5.1_Myanmar.2FBurmese_fonts
ကီးဘုတ်၊ ဖောင့်နဲ့ ကွန်ဗာတာ တွေအကြောင်းကို နောက်ပို့စ်မှပဲ အသေးစိတ် ရေးပါတော့မယ်။

Reference: http://my.wikipedia.org/wiki/Wikipedia:Font

Tuesday, July 14, 2009

ဇော်ဂျီ နဲ့လူမိုက်အားပေး ဘလော့ဂါများ

ယူနီကုတ်နဲ့ ဇော်ဂျီပြသနာ တစ်ခါ ပေါ်လာပြန်ပါပြီ။ အပေါ်ယံကြည့်ရင် ဇော်ဂျီနဲ့ Myanmar3 ဖောင့် တိုက်ခိုက်နေတယ် ထင်ရပေမယ့် တကယ်တမ်းတော့ မဟုတ်ပါဘူး။ ယူနီကုတ် စံနှုန်းကို လိုက်နာတဲ့ဖောင့် ထုတ်လုပ်သူတွေ (မြန်မာ၃၊ ပိတောက်၊ ပုရပိုက်၊ မိုင်မြန်မာ) နဲ့ ယူနီကုတ် စံနှုန်းကို မလိုက်နာတဲ့ ဇော်ဂျီရဲ့ တိုက်ပွဲပါ။ အများနဲ့ တစ်ယောက်၊ အမှန်နဲ့ အမှား ပေမယ့် တစ်ယောက်တည်း ဖြစ်တဲ့သူ မှားနေတဲ့သူ ဖြစ်တဲ့ ဇော်ဂျီက အားသာနေပါတယ်။ ဘာလို့လဲ မေးရင်တော့ ကျွန်တော်တို့လို လူမိုက်အားပေး လုပ်နေတဲ့ ဘလော့ဂါတွေ ကြောင့်ပါပဲ။

ယူနီကုတ် ၅.၁ ဘက်က ရပ်တည်တဲ့ သူများ စကား အပြောအဆို မတတ်ကြပါဘူး။ အပြော မတတ်တော့ ဆဲသလို ဖြစ်ပါတယ်။ User တွေကို ဇော်ဂျီသုံးတဲ့အတွက် အနာဂတ်မှာ ဘာပြသနာတွေ ရှိလာနိုင်တယ်ဆိုတာ အေးအေးဆေးဆေး မရှင်းပြဘဲ ပြောင်ပြောင်တင်းတင်းကြီး စစ်မျက်နှာဖွင့် တိုက်ပါတယ်။ အမှန်တရား ပေမယ့်လည်း ပိသလေးဘေးပစ် ကြားရတော့လည်း ကြားရတဲ့သူတွေဘက်က အမြင်ကတ်စရာ ဖြစ်ပါတယ်။

ဇော်ဂျီဖက်ကတော့ ဒီတစ်ခါလည်း User တွေ ရဲ့ ရွေးချယ်မှု ဆိုတဲ့ ဓာတ်ပြားဟောင်းကြီး ဖွင့်လာပြန်ပါပြီ။ User တွေမှာ ရွေးချယ်မှု ရှိတာကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ဖို့ အတွက် သတင်းအချက်အလက်ကိုတော့ အမှန်အတိုင်း ပေးဖို့ လိုအပ်ပါတယ်။ လူညီညီ မညီညီ ဤဟာဤ ကျွဲဟာကျွဲ ပါပဲ။ User တွေ ဘယ်လောက် အသုံးများများ ဇော်ဂျီဟာ ဘယ်တော့မှ ယူနီကုတ် စံနှုန်း ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာ User တွေ သိထားသင့်ပါတယ်။ ဘာလို့ မဖြစ်နိုင်တာလဲ မေးရင် ကျွန်တော် သိသလောက် ဖြေပါမယ်။ ဇော်ဂျီဟာ ယူနီကုတ် စံနှုန်းကို လုံးဝ မလိုက်နာ ထားပါဘူး။ ယူနီကုတ် စာတမ်းကို အကြမ်းမျဉ်း လှန်လှောပြီး ဖတ်ရင်တောင် တွေ့နိုင်တဲ့ အချက်အလက်တွေက အစ မသိချင်ယောင်ဆောင်ပြီး အလွယ်လမ်း လိုက်ထားပါတယ်။ Globalization ခေတ်ကြီးမှာ နိုင်ငံတကာ စံနှုန်းဆိုတာ အရေးပါတဲ့ နေရာကနေ ပါဝင်ပါတယ်။ နိုင်ငံတကာက သဘောတူထားတဲ့ စံနှုန်းကို မလိုက်နာဘဲ လုပ်နေကြအတိုင်း အားလုံးကို မြန်မာ့နည်း မြန်မာ့ဟန် နဲ့ သွားကြမယ် ဆိုပြီး ခေါင်းမာနေကြမယ် ဆိုရင်လည်း ကျွန်တော့် အနေနဲ့ အထူးတလည် ဘာမှ ထပ်ပြီး ပြောနေစရာ မရှိပါဘူး။

ဇော်ဂျီသုံးလို့ ဘာပြသနာမှ မရှိဘူး ဆိုပြီး ပြောနေကြပါတယ်။ အချိန်တန် ကွန်ဗာတာထဲထည့် ယူနီကုတ် ပြောင်းလိုက် ဖြစ်သွားတာပဲ ဆိုပြီး ပြောကြပါတယ်။ Database ထဲက Unicode Normalization ကိစ္စကို ဘယ်သူမှ ထည့်မပြော ကြပါဘူး။ ရူးချင်ယောင် ဆောင်နေကြပါတယ်။ ဒီကိစ္စဟာ စိတ်ကူးယဉ် ပြသနာ မဟုတ်ပါဘူး။ မြန်မာအွန်လိုင်း စွယ်စုံကျမ်းမှာ ကြုံခဲ့ဖူးပါတယ်။ ယူနီကုတ် ၅.၁ စနစ် ထွက်တော့ MySQL က သူတို့ ဒေတာဘေ့စ်ထဲမှာ မြန်မာစာ ကိုပါ ယူနီကုတ် စံနှုန်းအတိုင်း သိမ်းဆည်းလို့ ရအောင် လုပ်လိုက်ပါတယ်။ မြန်မာ အွန်လိုင်း စွယ်စုံကျမ်းရဲ့ နောက်ကွယ်မှာ MySQL ဒေတာဘေ့စ် ကို သုံးထားပါတယ်။ အဲဒီတော့ မြန်မာအွန်လိုင်း စွယ်စုံကျမ်း ထဲမှာ ယူနီကုတ် စနစ်မဟုတ်တဲ့ ဇော်ဂျီနဲ့ ရေးထားတဲ့ စာတွေ အကုန်လုံး သုံးမရအောင် ဖြစ်ကုန်ပါတယ်။ Backup ရှိလို့သာ တော်ပါသေးတယ်။ မြန်မာ အွန်လိုင်း စွယ်စုံကျမ်းမှာ ကိုယ့်ဒေတာဘေ့စ်ကိုယ် ကိုင်တာမို့ ဘာမှ ပြသနာ မရှိပါဘူး။ ဒေတာဘေ့စ်ကို မြန်မာစာ နားမလည်အောင် ရူးချင်ယောင် ဆောင်ခိုင်းလိုက်လို့ ရပါတယ်။ အကယ်၍ Google ကသာ သူတို့ရဲ့ ဒေတာဘေ့စ်ကို မြန်မာစာ နားလည်တဲ့ ဒေတာဘေ့စ် အဖြစ် Upgrade လုပ်လိုက်မယ် ဆိုရင် ကျွန်တော်တို့ Blogspot ပေါ်မှာ ဇော်ဂျီနဲ့ ရေးထားတဲ့ စာတွေ ဘာဖြစ်သွားမလဲ စဉ်းစားကြည့်ကြစမ်းပါ။ မြန်မာအွန်လိုင်း စွယ်စုံကျမ်းမှာ လုပ်တုန်းကလို ဒေတာဘေ့စ်ကို မြန်မာစာ နားမလည်အောင် ရူးချင်ယောင်ဆောင်ခိုင်းလို့ မရပါဘူး။ Blogspot ထဲမှာ ဒေတာဘေ့စ်ကို ကျွန်တော်တို့ လိုသလို ပြင်နိုင်တဲ့ အခွင့်အရေး မရှိပါဘူး။ ဒီကိစ္စ သေသေချာချာ သိချင်ရင် ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့ ကိုစိုးမင်းတို့ ၊ မြန်မာသင်ကာတို့ ၊ အိုကိစံတို့ကို မေးကြည့်နိုင်ပါတယ်။

နောက်တစ်ခုက အခုလက်ရှိ Microsoft က မြန်မာစာကို တရားဝင် Support မလုပ်သေးပါဘူး။ Microsoft ကသာ မြန်မာစာကို တရားဝင် Support လုပ်ခဲ့မယ် ဆိုရင် နောက်ထပ် ပြသနာ တစ်ခု လာပါတော့မယ်။ Microsoft က ဇော်ဂျီ စံနှုန်းနဲ့ သွားမှာ မဟုတ်ပဲ နိုင်ငံတကာက သဘောတူထားတဲ့ ယူနီကုတ် စံနှုန်းနဲ့ပဲ သွားမှာပါ။ အဲဒါဆိုရင် ကျွန်တော်တို့မှာ Microsoft က ဆော့ဖ်ဝဲလ်တိုင်းကို Workaround လုပ်ပြီး သုံးချင်သုံး မသုံးချင်ရင်လည်း မြန်မာစာ မသုံးဘဲ ပစ်ထားလိုက်ဖို့ပဲ ရှိပါတယ်။

ဇော်ဂျီဖောင့် သုံးတာများ လွယ်လွယ်လေး Download တစ်ချက်လုပ် Install လုပ်လိုက် ပြီးသွားတာပဲ။ ဘာကိစ္စ ကြောင်ပူနေရတာလဲ မေးချင်တဲ့သူလည်း ရှိပါလိမ့်မယ်။ ကျွန်တော်တို့ အချိန်တိုင်းမှာ ကိုယ့်ကွန်ပြူတာနဲ့ကိုယ် အင်တာနက် သုံးဖို့ အခွင့်အရေး မရှိပါဘူး။ ကျောင်းက ကွန်ပြူတာ၊ ရုံးက ကွန်ပြူတာ၊ အင်တာနက် ကဖီးက ကွန်ပြူတာများနဲ့ အင်တာနက် သုံးရတဲ့ အခါများလည်း ရှိပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်မှာ အက်ဒမင် အခွင့်အရေး မရှိတဲ့အတွက် ဖောင့်ကို ဒေါင်းလုပ်လုပ်ပြီး သုံးလို့ မရပါဘူး။

နိုင်ငံတကာကို ရောက်ရင် အတော် မျက်နှာငယ်ပါတယ်။ အင်တာနက် ကဖီးမှာ ကိုယ့်ဘေးက ဂျပန်က ဂျပန်စာတွေဖတ်၊ ကုလားက အိန္ဒိယစာတွေ ဖတ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ ဘာမှန်းမသိတဲ့ လေးထောင့်တုံးတွေပဲ ထိုင်ကြည့်နေရပါတယ်။ အကြံအဖန်လုပ် ဖောင့်သွင်းပြီး ဖတ်ဖို့ ကြိုးစားပေမယ့်လည်း အက်ဒမင် အခွင့်အရေး မရှိလို့ ဘာမှ လုပ်မရပါဘူး။ မြန်မာစာကို Windows ထဲမှာ Native Language တစ်ခု အနေနဲ့ ပါလာမယ့် အချိန်ကို ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့်လည်း အဲဒီ အချိန်ကျရင် Native Language Support ကို သုံးပြီး ဇော်ဂျီနဲ့ ရေးထားတဲ့ စာကို ဖတ်လို့ ရမှာ မဟုတ်ဘဲ ယူနီကုတ် ၅.၁ နဲ့ ရေးထားတဲ့ စာပဲ ဖတ်လို့ ရမယ် ဆိုတာကို User တွေ အနေနဲ့ သိထားသင့် ပါတယ်။

နောက်တစ်ခု က ဘာသာပြန် ကိစ္စပါ။ အခု Open Office.org 3.1 ကို မြန်မာလို ပြန်ပြီးပါပြီ။ ကျွန်တော်တို့ အနေနဲ့ အင်္ဂလိပ်စာ ကျွမ်းကျွမ်းကျင်ကျင် တတ်လို့ ကိစ္စ မရှိပေမယ့် အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် မတတ်တဲ့ မြန်မာတောသူတောင်သားတွေ ကွန်ပြူတာ သုံးနိုင်တဲ့ ခေတ်ကို မျှော်ကြည့် ရပါမယ်။ သူတို့ အတွက် ထည့်စဉ်းစား ပေးရပါမယ်။ ဆော့ဖ်ဝဲလ်တွေကို မြန်မာလို ပြန်နိုင်ရင် မြန်မာပြည်မှာ ကွန်ပြူတာကို အသုံးပြုနိုင်မယ့်သူ ပိုများ လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နာမည်ကြီး ဆော့ဖ်ဝဲလ် အသိုင်းအဝန်း (Community) အချို့ က ယူနီကုတ် စနစ်ကို မလိုက်နာတဲ့ ဇော်ဂျီကို ဘာသာပြန်တဲ့ နေရာမှာ သုံးဖို့လက်မခံပါဘူး။ သူတို့ အနေနဲ့ နိုင်ငံတကာ စံနှုန်းဖြစ်တဲ့ ယူနီကုတ် ၅.၁ ကိုပဲ လက်ခံပါတယ်။ ဒါပေမယ့်လည်း မြန်မာစာ အသုံးပြုသူ အများစုက ဇော်ဂျီကို သုံးနေကြတဲ့အတွက် ယူနီကုတ်နဲ့ ဘာသာပြန်မယ့်သူ နည်းနေပါတယ်။ အပေါ်ယံကြည့်ရင် မဆိုင်ဘူး ထင်ရပေမယ့် သေသေချာချာ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ အားလုံးသာ ယူနီကုတ် ၅.၁ သုံးနေကြရင် ဆော့ဖ်ဝဲလ် ဘာသာပြန်မယ့်သူ ဒီထက်မက များလာနိုင်တယ် ဆိုတာ အသေအချာပါပဲ။

နောက်တစ်ခုက တိုင်းရင်းသား ဘာသာစကား ကိစ္စပါ။ ဒီကိစ္စကလည်း မှန်ပါတယ်။ ဇော်ဂျီက စကောကရင်၊ ပိုးကရင် အစရှိတဲ့ တိုင်းရင်းသား ဘာသာစကားတွေအတွက် သတ်မှတ် ထားတဲ့ ကုတ်ဒ်ပွိုင့်တွေကို ယူသုံးထားပါတယ်။ အဲဒီအတွက် တိုင်းရင်းသား ဘာသာစကားတွေ အတွက် ဇော်ဂျီက သီးသန့်ထုတ်ထားတဲ့ တိုင်းရင်းသား ဘာသာစကားဖောင့်ကို သုံးရင်သုံး မသုံးရင်တော့ မြန်မာစာနဲ့ တိုင်းရင်းသား ဘာသာစကားကို စာမျက်နှာ တစ်ခုတည်းမှာ အတူ မသုံးကြဖို့ပဲ ရှိပါတယ်။ စာဖတ်သူတွေ အရိပ်ပြရင် အကောင်မြင်တယ် ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်။ ဘာပြသနာ ရှိလဲ ဆိုတာ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပါ။

ကျွန်တော် ဒီပြသနာကို အေးအေးဆေးဆေး ဖြေရှင်းချင်ပါတယ်။ အဲဒါကြောင့် မြန်မာအိုင်တီပရိုမှာ ဇော်ဂျီနဲ့ ယူနီကုတ် ၅.၁ အဖွဲ့တွေကြား ကြားဝင်ဖြန်ဖြေရေး လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်ရေးခဲ့တဲ့ ပို့စ်ရဲ့ ကော်ပီကို ဒီမှာ ဖတ်နိုင်ပါတယ်။ ပြသနာက ဇော်ဂျီဖောင့် ထုတ်လုပ်တဲ့သူတွေဖက်က အားလုံးနဲ့ ညှိနှိုင်းဖို့ မကြိုးစားဘဲ ငါတို့ဖောင့်ကို လူသုံးများတာ နိုင်ငံတကာ စံနှုန်း ဘာလို့ လိုက်နာရမှာလဲ ဆိုတဲ့ အပေါက်မျိုး ချိုးပါတယ်။ ဇော်ဂျီဖောင့် လူသုံးများရတဲ့ ကိစ္စမှာ User တွေကို သတင်းအချက်အလက် အမှားတွေ ပေးထားတယ် ၊ ယူနီကုတ် အစစ်အမှန် မဟုတ်ဘဲ ယူနီကုတ်လို့ နာမည် ခံထားတယ် ဆိုတဲ့ ကိစ္စတွေကို ဝန်မခံပါဘူး။ အဲဒီတော့ ကျွန်တော်တို့လည်း ရှေ့ဆက်ပြီး ဇော်ဂျီ User အနေနဲ့ လူမိုက်အားပေး လုပ်နေသင့်သလား မသင့်ဘူးလား ဆိုတာကို ကိုယ့်ဘာသာကိုယ် ပြန်သုံးသပ်ဖို့ လိုအပ်နေပြီ လို့ ထင်ပါတယ် ဆိုတဲ့ အကြောင်း အားလုံးကို တိုက်တွန်း လိုက်ရပါတယ်။

Friday, February 27, 2009

မ နောက်က ဘဲလိုက်တော့ ဘူးကျတယ်

ခေါင်းစဉ်မြင်လို့ အထင်မလွဲပါနဲ့။ အဲဒါ အခု ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကျွန်တော်ရဲ့ မြန်မာစာဆရာ ဦးကြီးမြင့် ဆယ်တန်းနှစ်က သင်ပေးခဲ့တဲ့ “ပဲ” နဲ့ “ဘဲ” နောက်ပြီး “ဖူး” နဲ့ “ဘူး” ရဲ့ အသုံးအနှုန်း ကွဲပြားခြားနားပုံကို မှတ်တဲ့ စကားပါ။ ဆရာကတော့ မင်းတို့ကောင်တွေကို ပေါက်ကရ သင်ပေးထားရင် ဘယ်တော့မှ မေ့မယ့် ကောင်တွေ မဟုတ်ဘူး ဆိုပြီး အဲဒီလို သင်ပေးထားတာပါ။ အမှန်ပါပဲ။ အခု ဆယ်နှစ် ကျော်တဲ့ အထိ မှတ်မိနေတုန်းပါပဲ။

ဟုတ်သားပဲ။ မှန်သားပဲ။ တော်သားပဲ။ စတဲ့ ထောက်ခံပြီး ပြောဆိုတဲ့ အသုံးအနှုန်းတွေမှာ ပစောက်နဲ့ ရေးတဲ့ “ပဲ” ကို သုံးပါတယ်။မဟုတ်ဘဲ မလုပ်ဘဲ မစားဘဲ စတဲ့ အငြင်းပြ စကားလုံးတွေမှာ ဘကုန်းနဲ့ ရေးတဲ့ “ဘဲ” ကို သုံးရပါတယ်။ အဲဒါက “ပဲ” နဲ့ “ဘဲ” ရဲ့ အသုံးအနှုန်း ကွဲပြားချက်ပါ။

အလားတူ ပါပဲ။ စားဖူးတယ်။ လုပ်ဖူးတယ်။ ရေးဖူးတယ် စတဲ့ လုပ်ဖူးကိုင်ဖူးတဲ့ ကိစ္စတွေကို ပြောတဲ့နေရာမှာ ဖဦးထုပ် နဲ့ ရေးတဲ့ “ဖူး” ကို သုံးပါတယ်။ ဒါပေမယ့် မပြောဘူး၊ မလုပ်ဘူး၊ မစားဘူး၊ စတဲ့ ငြင်းတဲ့ ဝါကျတွေမှာ ဘကုန်းနဲ့ရေးတဲ့ “ဘူး” ကို သုံးပါတယ်။ အရှေ့မှာ “မ” ရှိ နေရင် နောက်က “ဘဲ” နဲ့ “ဘူး” လိုက်တာ ဖြစ်တဲ့ အတွက် မနောက်က ဘဲလိုက်တော့ ဘူးကျတယ် လို့ မှတ်ထားလိုက်တာ အလွယ်ဆုံးနည်း ပါပဲ။ ဘယ်တော့မှ မမေ့သလို ဘယ်တော့မှလည်း မမှားတော့ပါဘူး။

ဆရာ သင်ပေးခဲ့တာတွေထဲက မှတ်မိတာလေး တစ်ချို့ကို ပြန်ပြီး ဝေမျှ ချင်ပါတယ်။ မြန်မာစာမှာ တစ်ချို့စကား တွေမှာ အသံထွက်နဲ့ ရေးတဲ့နေရာ ကွဲပြားပါတယ်။ အများဆုံးမှား တတ်တဲ့ စကားလုံးကတော့ နေ့တဓူဝ ဆိုတဲ့ စကားလုံးပါ။ မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်းထဲမှာ နေ့တဓူဝ ဆိုတာ မရှိပါဘူး။ နေ့တဓူဝ ဆိုတာက အသံထွက်ပါ။ ရေးတဲ့ အခါမှာတော့ နိစ္စဓူဝ လို့ ရေးရပါတယ်။ နောက်ပြီး တစ်ချို့တွေ မှားတတ်တဲ့ စကားလုံး နောက်တစ်လုံးက ယေဘုမ်ရ ပါ။ ယေဘုမ်ရ ဆိုတာ အသံထွက်ပါ ရေးရင်တော့ ယေဘုယျ လို့ ရေးရပါတယ်။ အင်ညမင်ည လို့ အသံထွက်တဲ့ စကားလုံး ကိုတော့ အညမည လို့ပဲ ရေးပါတယ်။

ဆရာ သင်ပေးခဲ့သမျှ ထဲက ကျွန်တော် အကြိုက်ဆုံး သင်ခန်းစာကတော့ သရုပ်ဖော် စာစီစာကုံးရေးနည်း ပဲ ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ကို ရှိပြီးသား အကြံအစည်ကို အနည်းဆုံး ၃ မျက်နှာ ရှိတဲ့ စာတစ်ပုဒ်ဖြစ်အောင် ဘယ်လိုဆွဲဆန့်ရမယ် ဆိုတဲ့နည်းကို ဆရာက သင်ပေးပါတယ်။ အမှန်တကယ်ကတော့ စာကြောင်း တစ်ကြောင်းကို ဆွဲဆန့်ရတာ မခက်ပါဘူး။ ရှိပြီးသား စာကြောင်းတစ်ကြောင်းကို နာမဝိသေသနတွေ ကြိယာဝိသေသနတွေ နေရာပြပုဒ်တွေ ထည့်ရေးလိုက်ရင် ဆွဲဆန့်ပြီးသား ဖြစ်သွားတာပါပဲ။

ဥပမာအားဖြင့် ရေးပြပါမယ်။

၁။ စမ်းချောင်းကလေး စီးဆင်းနေသည်။

၂၊ စမ်းချောင်းကလေးသည် မြောက်မှတောင်သို့ စီးဆင်းနေသည်။

၃။ စမ်းချောင်းကလေးသည် မြောက်မှတောင်သို့ တသွင်သွင် စီးဆင်းနေသည်။

၄။ ကြည်လင်သော စမ်းချောင်းကလေးသည် မြောက်မှတောင်သို့ တသွင်သွင် စီးဆင်းနေသည်။

၅။ တောစပ်၌ရှိသည့် ကြည်လင်သော စမ်းချောင်းကလေးသည် မြောက်မှတောင်သို့ တသွင်သွင် စီးဆင်းနေသည်။

၆။ တောစပ်၌ရှိသည့် ကြည်လင်သော စမ်းချောင်းကလေး တစ်စင်းသည် မြောက်ဖက်အရပ်မှ တောင်ဖက်အရပ်သို့ ချိုမြိန်သာယာလှသော ရေစီးသံဖြင့် တသွင်သွင် စီးဆင်းနေသည်။

အဲဒီစာကြောင်း ၆ ကြောင်းကို ယှဉ်ကြည့်ပါ။ စမ်းချောင်း ရေစီးတဲ့ အကြောင်းပါပဲ။ ပထမ စာကြောင်းက ရိုးရိုးရှင်းရှင်းပါပဲ။ အဲဒီတော့ တိုပါတယ်။ နောက်စာကြောင်းတွေမှာတော့ နာမဝိသေသနတွေ ကြိယာဝိသေသနတွေ နေရာပြတဲ့ အညွှန်းတွေ ပါလာပါတယ်။ နောက်ဆုံးစာကြောင်းကတော့ ဖတ်လို့ ကောင်းအောင် အဖွဲ့အနွဲ့ကလေးပါ ထည့်ပေးထားပါတယ်။

နောက်တစ်ခု သိထားဖို့ ကတော့ ပတ်ဝန်းကျင်ကို သရုပ်ဖော်တဲ့ အခါမှာ ကိုယ့်အရေးအသားကို သတိထားမိစေချင်ရင် ပတ်ဝန်းကျင်ကို သူတစ်ပါး မတွေးတဲ့ အတွေးမျိုးနဲ့ မြင်ကြည့်ရပါတယ်။

နွေရာသီသို့ ရောက်ပြီ ဖြစ်သဖြင့် ပင်ယံထက်မှ တွန်သံချိုသည့် ရွှေဥသြသည် လွမ်းဆွတ်ဖွယ်ရာ တေးကို ဖွဲ့သီနေသည်။

ဒါက လူတိုင်း မြင်တဲ့ အမြင်ပါ။ လူတိုင်းက ဥသြငှက်ဆိုရင် တွန်သံချိုတယ် အသံကြားရင် လွမ်းစရာ ကောင်းတယ် လို့ပဲ မြင်နေကြပါတယ်။ အဲဒါကို နောက်အမြင်တစ်မျိုး နဲ့ ဒီလိုရေးကြည့်လို့ ရပါတယ်။

နွေရာသီ ပတ်ဝန်းကျင်က ပူပြင်းလှချိန်တွင် အလွန်တရာ အသံဆိုးလှသော ဥသြက အလိုက်ကမ်းဆိုးမသိ အော်မြည်နေသဖြင့် ပူပြင်းလှသည့် ကြားတွင် သူ့ အသံကို ကြားရသောကြောင့် ပို၍ စိတ်ညစ်စရာ ဖြစ်စေသည်။

ဒါကတော့ သူများနဲ့ မတူပဲ ဖောက်ထွက်ထားတဲ့ အတွေးမျိုးပါ။

နောက်ဆုံး သိဖို့ အကြောင်းအရာကတော့ ပတ်ဝန်းကျင်ကို မြင်အောင် ရေးတဲ့နည်းပါ။ ကိုယ့်တွေ့မြင်ရတဲ့ ပတ်ဝန်းကျင်ကို စာဖတ်သူတွေရဲ့ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်စေချင်ရင် Zoom ဆွဲတဲ့ နည်းကို သုံးရပါတယ်။ Zoom ဆွဲရာမှာ အဝေးက အနီးကို ဆွဲတဲ့နည်း နဲ့ အနီးက အဝေးကို ဆွဲတဲ့နည်း ၂ နည်းရှိပါတယ်။ ကျွန်တော်က အနီးက အဝေးကို ဆွဲတဲ့နည်းကို ပိုသဘောကျပါတယ်။

ဥပမာအားဖြင့် အောက်က စာပိုဒ်တွေကို ယှဉ်ပြီး ဖတ်ကြည့်ပါ။

စာပိုဒ်(၁)
ကျွန်တော်သည် အရိပ်အာဝါသကောင်းသော ကုက္ကိုပင်ကြီး တစ်ပင်၏ အောက်တွင် ထိုင်နေသည်။ ကောင်းကင်တွင် နေက ချစ်ချစ်တောက် ပူပြင်းနေသည်။ ကျွန်တော့်ရှေ့တွင် တမျှော်တခေါ်ရှုမဆုံး နိုင်သော လယ်ကွင်းများရှိသည်။ ကျွန်တော် ထိုင်နေသော နေရာ၏ ဘေးတွင် နွားလှည်းတစ်စင်း ရပ်ထားသည်။ မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်၍ ပျံသန်းသွားသော ပျံလွှားငှက် နှစ်ကောင်ကို လှမ်းမြင်လိုက်ရသည်။ ကျွန်တော့်ဘေးနားက လှည်းလမ်းတွင် ဖုန်တထောင်းထောင်း ထနေသည်။ အဝေးဆီမှ တောင်စဉ်တောင်တန်းများက ညို့မှိုင်းနေကြသည်။

စာပိုဒ်(၂)
ကျွန်တော့်နံဘေးနားက လှည်းလမ်းတွင် ဖုန်တထောင်းထောင်းထနေသည်။ ကျွန်တော် ထိုင်နေသော နေရာ၏ ဘေးတွင် နွားလှည်းတစ်စင်း ရပ်ထားသည်။ ကျွန်တော်သည် အရိပ်အာဝါသ ကောင်းသော ကုက္ကိုပင်ကြီး တစ်ပင်၏ အောက်တွင် ထိုင်နေသည်။ ကျွန်တော့်ရှေ့တွင်မူ တမျှော်တခေါ်ရှုမဆုံး နိုင်သော လယ်ကွင်းများရှိသည်။ အဝေးဆီမှ တောင်စဉ်တောင်တန်းများက ညို့မှိုင်းနေကြသည်။ မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်၍ ပျံသန်းသွားသော ပျံလွှားငှက် နှစ်ကောင်ကို လှမ်းမြင်လိုက်ရသည်။ ကောင်းကင်တွင် နေက ချစ်ချစ်တောက် ပူပြင်းနေသည်။

စာပိုဒ်(၃)
ကောင်းကင်တွင် နေက ချစ်ချစ်တောက် ပူပြင်းနေသည်။ မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်၍ ပျံသန်းသွားသော ပျံလွှားငှက် နှစ်ကောင်ကို လှမ်းမြင်လိုက်ရသည်။ အဝေးဆီမှ တောင်စဉ်တောင်တန်းများက ညို့မှိုင်း နေကြသည်။ ကျွန်တော့်ရှေ့တွင်မူ တမျှော်တခေါ်ရှုမဆုံး နိုင်သော လယ်ကွင်းများရှိသည်။ ကျွန်တော်သည် အရိပ် အာဝါသ ကောင်းသော ကုက္ကိုပင်ကြီး တစ်ပင်၏ အောက်တွင် ထိုင်နေသည်။ ကျွန်တော် ထိုင်နေသော နေရာ၏ ဘေးတွင် နွားလှည်းတစ်စင်း ရပ်ထားသည်။ ကျွန်တော့်နံဘေးနားက လှည်းလမ်းတွင် ဖုန်တထောင်းထောင်းထနေသည်။

စာပိုဒ် (၁)၊ (၂) နဲ့ (၃) ကို ယှဉ်ပြီးတော့ ဖတ်ကြည့်ပါ။ သုံးထားတဲ့ စာကြောင်းတွေက အကုန်လုံး အတူတူပါပဲ။ စာပိုဒ်(၁) က မြင်တာကို မြင်သလို ရေးထားတာပါ။ မျက်စိထဲမှာ ကွင်းကွင်းကွက်ကွက် မပေါ်ပါဘူး။ စာပိုဒ်(၂) ကတော့ အနီးကနေ အဝေးကို Zoom ဆွဲတဲ့နည်းနဲ့ ရေးထားတာ ဖြစ်ပြီး စာပိုဒ်(၃)ကတော့ အဝေးကနေ အနီးကို Zoom ဆွဲတဲ့နည်းနဲ့ ရေးထားတာ ဖြစ်ပါတယ်။ စာပိုဒ်(၂) နဲ့ စာပိုဒ်(၃) က စာပိုဒ်(၁) ထက်စာရင် စာဖတ်တဲ့သူကို ပိုပြီး မြင်သာစေတယ် လို့ ထင်ပါတယ်။

အဲဒါတွေ ကတော့ ဆရာဦးကြီးမြင့် သင်ပေးခဲ့တာတွေထဲက မှတ်မိသလောက် အကုန်ပါပဲ။ ဆရာ သင်ပေးတဲ့ နည်းလမ်းတွေကြောင့် ဆယ်တန်းမှာ ၈၀ ကို တစ်မှတ်စွန်းနဲ့ မြန်မာစာဂုဏ်ထူး ထွက်ခဲ့ပါတယ်။ (ကြုံတုန်းမို့ ကြွားတာပါ။ ဟီးဟီး။ :P)