Search This Blog

Showing posts with label ခရီးသွား. Show all posts
Showing posts with label ခရီးသွား. Show all posts

Thursday, August 30, 2012

ရှန်ဟိုင်း ဘန်း

ရှန်ဟိုင်းက ပြန်ရောက်တာ သုံးလတောင် ပြည့်ခါနီးပါပြီ။ အလုပ်တောင် ထွက်ပြီးလို့ နောက်တစ်ပတ်ဆို ရန်ကုန်ကို အပြီးပြန်ဖို့ ပြင်ဆင် ထုတ်ပိုးနေပါပြီ။ ဒါပေမယ့် ရှန်ဟိုင်းရောက်တုန်းက ဘလော့ခ်ပေါ်တင်မယ် ဆိုပြီး အသေအချာ ရိုက်လာတဲ့ ဓာတ်ပုံ ဗွီဒီယိုကလေးတွေ သတိရလို့ ဒီပို့စ်ကို ရေးဖြစ်သွားပါတယ်။ ဘလက်ဘယ်ရီ က ကင်မရာနဲ့ ရိုက်လာတဲ့ ဓာတ်ပုံဗွီဒီယိုတွေမို့ ကွာလတီ မကောင်းရင် သည်းခံကြပါ။

ရှန်ဟိုင်းကို မသွားခင် အင်တာနက်မှာ ဘယ်နေရာ သွားလည်ရမလဲ ရှာကြည့်တော့  ဘန်း (The Bund ) လို့ ခေါ်တဲ့ နေရာကို ညွှန်းကြတာ တွေ့မိပါတယ်။ ပထမဆုံး ရောက်တဲ့နေ့က တည်းခဲ့တဲ့ ကုမ္ပဏီက တိုက်ခန်းနဲ့ ဆိုရင် မန္တလေး အခေါ် နှစ်ပြ လောက်ပဲ ဝေးပါတယ်။ ဒါပေမယ့် ရောက်တဲ့နေ့က လည်ရင်းပတ်ရင်း မိုးချုပ်သွားလို့ မရောက်ဖြစ်လိုက် ပါဘူး။ စနေတနင်္ဂနွေ ပိတ်ရက်မှာ သွားမယ် ကြံပေမယ့် စနေ တနင်္ဂနွေပါမကျန် အလုပ်ဆင်း နေရတာမို့ အကြံအစည်က တော်တော်နဲ့ အထမမြောက် ပြန်ပါဘူး။

ဒါပေမယ့်လည်း ရောက်ပြီး ၁၀ ရက်လောက် အကြာ နေ့လည်ပိုင်း အလုပ်စောပြီးသွားတဲ့ တစ်ရက်မှာတော့  ဘန်းကို သွားဖို့ စိတ်ကူး ပေါ်လာပါတယ်။ အဲဒါကြောင့် လေဆိပ်က မ လာတဲ့ မြေပုံတစ်ချပ်ကို ယူပြီး ထွက်လာ ခဲ့ပါတယ်။ တက္ကစီတစ်တန်၊ ရထားတစ်တန်နဲ့ စီးလာရင်း ပထမဆုံးနေ့က ရောက်ခဲ့တဲ့ ပီးပဲလ် စကွဲယားကို ပြန်ရောက်လာပါတယ်။




ပီးပဲလ် စကွဲယားကနေ ထွက်လာခဲ့ပြီး အဲဒီနားက နန်ကျင်း လူသွားလမ်း (Nanjing Pedestrian Street) ဘက်ကို လျှောက်လာခဲ့ပါတယ်။ မိုးက မဆိုစလောက် ရွာနေပေမယ့် ထီးမပါဘဲ လျှောက်လို့ရတဲ့ အနေအထားပါ။


အဲဒီကနေ တည့်တည့် လျှောက်လာခဲ့တော့ ဘန်းလို့ခေါ်တဲ့ နေရာကို ရောက်ပါတော့တယ်။ ဘန်းဆိုတာ ဟွမ်ပု မြစ်ကမ်းပါးမှာ လမ်းလျှောက်လို့ ရအောင် လုပ်ထားတဲ့ နေရာလေးပါ။ မြစ်ကမ်းပါးမှာ လုပ်ထားတဲ့ လျှောက်လမ်းက လမ်းသွယ် တစ်ခုစာ နီးပါး ကျယ်ပါတယ်။ အနီးပတ်ဝန်းကျင်မှာ ကိုလိုနီခေတ်က အဆောက်အဦးတွေ၊ ခေတ်မီတိုက်တွေနဲ့ အတော်ကို လှတဲ့ နေရာလေးပါပဲ။ မြစ်ထဲမှာ သွားနေတဲ့ သင်္ဘောတွေကို ကြည့်လို့ ရသလို မြစ်တစ်ဖက်ကမ်းက တိုက်တာ အဆောက်အဦးတွေကိုလည်း လှမ်းကြည့်လို့ ရပါတယ်။ ပိတ်ကားပြင်ပေါ်မှာ ဆက်လက် ရှုစားကြပါ။ :-)


မြစ်တစ်ဖက်ကမ်းက အရှေ့တိုင်း ပုလဲ တာဝါတိုင် (Oriental Pearl Tower) လို့ ခေါ်တဲ့ ရေဒီယိုနဲ့ တီဗွီ တာဝါတိုင်ကို တခြား မိုးမျှော်တိုက်တွေနဲ့ အတူ တွေ့ရတာပါ။ ညာဖက်ထောင့်က လေးထောင့်ကွက်ကလေးနဲ့ မြင်နေရတဲ့ အဆောက်အဦးကတော့ အခုလက်ရှိ ရှန်ဟိုင်းမှာ အမြင့်ဆုံးလို့ ခေါ်နိုင်တဲ့ ရှန်ဟိုင်း ကမ္ဘာ့ ငွေကြေး စင်တာ (Shanghai World Financial Center) ပါပဲ။


အခုပုံကတော့ လူသွားလမ်းကနေ လမ်းမဘက်ကို ပြန်ကြည့်ရင် တွေ့ရတဲ့ မြင်ကွင်းပါ။ အလယ်ခေါင်က နာရီစင်ကြီးနဲ့ အဆောက်အဦးကတော့ ကပ်စတန်ဟောက်စ် လို့ ခေါ်တဲ့ အကောက်ခွန် ရုံးပါ။


အကောက်ခွန်ရုံးရဲ့ဘေးမှာတော့ ဟောင်ကောင် ရှန်ဟိုင်း ဘဏ်လုပ်ငန်း ကော်ပိုရေးရှင်း ဒါမှမဟုတ် အိတ်ချ်အက်စ်ဘီစီ (HSBC) အဆောက်အဦး ရှိပါတယ်။ အိတ်ချ်အက်စ်ဘီစီက ဆောက်ခဲ့တာပေမယ့် အခုလက်ရှိတော့ ရှန်ဟိုင်း-ပူဒုံ ဖွံ့ဖြိုးရေးဘဏ်က အသုံးပြုနေပါတယ်။


အရှေ့ဖက်ကို လှမ်းမျှော်ကြည့်တော့ တွေ့ရတဲ့ ချိုင်းနားဘဏ် (Bank of China) အဆောက်အဦးပါ။


ရှေ့ကို ဆက်လျှောက်တော့ အအေးတွေ မုန့်တွေ ရောင်းနေတဲ့ ကားပေါက်စန ကလေး တစ်စင်းကို တွေ့ရပါတယ်။



ရှေ့ကို ဆက်လျှောက်လာရင်း တွေ့ရတဲ့ မြင်ကွင်းပါ။


အပေါ်က သင်္ဘောပုံ ဆောက်ထားတဲ့ စားသောက်ဆိုင်ကလေးကို အနီးကပ် ရိုက်ထားတာပါ။ မြစ်ထဲကို လှမ်းမျှော်ကြည့်ရင်တွေ့ရတဲ့ မြင်ကွင်းတွေကို အောက်မှာ ကြည့်နိုင်ပါတယ်။




မြစ်ထဲမှာ ကုမ္ပဏီတွေက အပျော်စီးလှေတွေ မောင်းနေတာလည်း တွေ့ခဲ့ရပါတယ်။


ရှန်ဟိုင်းဗောက်စ်ဝက်ဂွန်ကလှေပါ။
 

နောက်တစ်စင်းက ရှန်ဟိုင်း-ပူဒုံဖွံ့ဖြိုးရေးဘဏ်ကပါ။


ကျွန်တော် အပါအဝင် မြန်မာအများစု ဟွန်ဒိုင်းလို့ အသံထွက်ကြတဲ့ ယွန်ဒေ ကားကုမ္ပဏီက လှေပါ။



ဒါကတော့ ကိုရီးယား ကီယာ ကားကုမ္ပဏီကပါ။



တမေ့တမော လမ်းလျှောက်နေခဲ့တာ လာလမ်းအတိုင်း ပြန်လျှောက် လာတော့ မီးတွေတောင် ထွန်းနေကြပါပြီ။


ဘန်းမှာ ကင်းလှည့်နေတဲ့ ရဲကားပါ။ နန်ကျင်း လူသွားလမ်းဘက်ကို ပြန်လျှောက်ခဲ့တော့ အဲဒီဘက်မှာလည်း မီးတွေ ထွန်းနေကြပါပြီ။



လူပုံက အချဉ်ပုံပေါက်နေသလားတော့ မသိပါဘူး။ နန်ကျင်းလမ်းပေါ်မှာ ပေါက်ဖော်မ တစ်ယောက်က လူမှားသလိုနဲ့ အကြောင်လာရိုက်ပြီး အချဉ်ဖမ်းဖို့ ကြံပါတယ်။ ဒါပေမယ့် အချဉ်မဟုတ်လို့ ဆောရီးပြောပြီး လစ်ခဲ့ပါတယ်။ ယွမ်ငွေတွေ နည်းနေတာ သတိရလို့ ငွေလဲတဲ့နေရာ လိုက်ရှာပါတယ်။ တိုးရစ်စ် အင်ဖော်မေးရှင်း ကောင်တာကို မေးတော့ ဘဏ်ထဲကို ဝင်သွားပါလို့ ညွှန်တာနဲ့ ဘဏ်ထဲကို ဝင်လာခဲ့ပါတယ်။ ဒီအချိန်အထိ ဘဏ်က အလုပ်လုပ်သလား စဉ်းစားရင်း ဘဏ်ထဲ ဝင်ခဲ့တာ အထဲရောက်မှ ငွေလဲတဲ့စက်ကို တွေ့ရပါတယ်။ ကံဆိုးချင်တော့ အိတ်ထဲမှာ ပါလာတဲ့ စင်ကာပူ ဒေါ်လာ ငါးဆယ်တန်တွေ အကုန်လုံးကို စက်က မသိဘူး ပြောနေတာနဲ့ပဲ တပ်ခေါက် ပြန်ခဲ့ရပါတယ်။

ဘန်းရဲ့ အလှအပကို ကြည့်ချင်သူတွေ အတွက် ဗွီဒီယိုဖိုင်ပါ တင်ပေးလိုက်ပါတယ်။


Wednesday, May 30, 2012

ရှန်ဟိုင်း နေ့စွဲများ (၂)

ရှန်ဟိုင်းမြို့ ရောက်ပြီး နောက်တစ်နေ့ နံနက်စာကိုတော့ တကမ္ဘာလုံး ဆိုင်ရာ အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ ကေအက်ဖ်စီမှာပဲ စားပါတယ်။ ကေအက်ဖ်စီက ထူးမခြားနားပေမယ့် ကေအက်ဖ်စီမှာ စားခဲ့တဲ့ မနက်စာက ထူးခြားပါတယ်။ ဆန်ပြုတ်နဲ့ အီကြာကွေးပါ။ စင်ကာပူမှာ ဆို ပန်ကိတ်၊ မလေးရှားမှာဆို ကြက်သားနဲ့ ထမင်းကို မနက်စာ ရောင်းတာမို့ မကြာခင် အန်ကယ်လ်ဆမ်တို့ စီးပွားရေး ဖွင့်ပြီးလို့ ကေအက်ဖ်စီ မြန်မာပြည်ကို ရောက်လာခဲ့ရင် ကေအက်ဖ်စီ နန်းကြီးသုတ်တို့၊ ကေအက်ဖ်စီ မုန့်ဟင်းခါးတို့များ မနက်စာရောင်းဦးမှာလားလို့ တွေးမိပါတယ်။

အဲဒီမနက်ကမှ စင်ကာပူရုံးက ကျွန်တော့်ကို အချွန်နဲ့ မ လိုက်မှန်း သိပါတယ်။ မင်းကို ငါတို့ ရှန်ဟိုင်းရုံးက အင်ဂျင်နီယာ စကားပြန် လုပ်ပေးမယ်လို့ မှာလိုက်ပေမယ့် ကျွန်တော်နဲ့ တွဲလုပ်ရမယ့် ရှန်ဟိုင်းရုံးက အင်ဂျင်နီယာက အင်္ဂလိပ်စကားကို လုံးဝနီးပါး မပြောတတ် ပါဘူး။ ဒီလိုပဲ မီးစဉ်ကြည့် ကတာပေါ့လို့ စိတ်မှာမှတ်ရင်း သူနဲ့ အတူ လိုက်ခဲ့ပါတယ်။ ရှန်ဟိုင်းရုံးက မန်နေဂျာက စက်ရုံကို တက္ကစီနဲ့ သွားကြလို့ ကေအက်ဖ်စီက မထွက်ခင် မှာလိုက်ပေမယ့် အင်္ဂလိပ်လို ပြောလိုက်လို့လား မသိပါဘူး။ ပုဂ္ဂိုလ်က ကျွန်တော့်ကို ရထားဘူတာရုံ ခေါ်သွားပါတယ်။ ကျွန်တော်လည်း ပြောမနေတော့ပါဘူး။ ကိုယ့်ဘာသာကိုယ် ဆိုရင် စီးဖြစ်ဖို့ မသေချာတဲ့ ရထားကို သူနဲ့ အတူသွားတော့ စီးဖြစ်တယ်ဆိုပြီး လိုက်သွား ပါတယ်။ ကျွန်တော်တို့ စပြီး စီးခဲ့တဲ့ ဘူတာက မြို့လည်ခေါင်က ပီးပဲလ်စကွဲယား မြန်မာမှု ပြုရင် လူထု စတုရန်း ဒါမှမဟုတ် ပြည့်သူ့ရင်ပြင် ဘူတာရုံပါ။ ရထားပေါ်မှာ လူတွေ ပြည့်ကျပ်နေပါတယ်။

ရထားစီးလာတုန်း ရုတ်တရက် ရထားထဲမှာ သီချင်းသံ ကျယ်ကျယ်လောင်လောင် ထွက်လာ ပါတယ်။ သီချင်းသံက တိုးရာကနေ တဖြည်းဖြည်း ကျယ်လာတော့ ကျွန်တော့် စိတ်ထဲမှာ တစ်ယောက်ယောက်က ရထားပေါ်မှာ ထဂေါက်ပြီး ကက်ဆက်ဖွင့်နေတယ် ထင်လိုက်မိ ပါတယ်။ ကျွန်တော်တို့နား ရောက်လာမှ သားအမိနှစ်ယောက် ပိုက်ဆံ တောင်းနေတယ် ဆိုတာ တွေ့လိုက်ရပါတယ်။ အမေက ကက်ဆက်ကို ရင်ဘတ်မှာ လွယ်လို့ မိုက်ခရိုဖုန်းကို လက်ကကိုင် သီချင်းဆို၊ သမီးက ရှေ့က ပိုက်ဆံ ထည့်တဲ့ နို့ဆီခွက်လို ခွက်ကို ကိုင်ထား ပါတယ်။ လူတွေကြားထဲ တိုးရင်းဝှေ့ရင်း ပိုက်ဆံတောင်းနေတော့ ကျွန်တော်သာ မက ရှန်ဟိုင်းသားတွေပါ မျက်ခုံးပင့် ကြည့်နေကြ ပါတယ်။ ခဏနေတော့ ထိုင်ခုံရလို့ ဝင်ထိုင်လိုက် ပါတယ်။ ကျွန်တော့်ဘေးက မဒီက မုန့်တစ်ထုပ်ကို ဖောက်ရင်း အားရပါးရ စားနေပါတယ်။ ကျွန်တော် သိသလောက်တော့ ရထားပေါ် အစားမစားရ ကန့်သတ်တာ စင်ကာပူ တစ်နိုင်ငံတည်းပဲ ရှိမယ် ထင်ပါတယ်။ ကျွန်တော် ရထားစီးဖူးသမျှ နိုင်ငံတွေမှာ ဘယ်ရထားမှ မုန့်မစားရလို့ ကန့်သတ်တာ မတွေ့ဖူး ပါဘူး။ ဂျပန်မှာလည်း ရထားပေါ် မုန့်စားလို့ရတယ် ကြားဖူး ပါတယ်။ အမှတ်မထင် နံရံကို လှမ်းကြည့်တော့ ဆေးလိပ် မသောက်ရ၊ တံတွေး မထွေးရ၊ အမှိုက် မပစ်ရ၊ မတောင်းရ လို့ ရေးထားတာပဲ တွေ့ရပါတယ်။

ဒီလိုနဲ့ ဟွမ်ပိလမ်း ဘူတာ မှာ ကျွန်တော်တို့ ဆင်းကြပါတယ်။ အဲဒီကနေ တက္ကစီငှားပြီး ကျွန်တော် တည်းမယ့် ဟိုတယ်ကို ချီတက်ခဲ့ကြပါတယ်။ လမ်းဘေးက စက်ရုံတစ်ရုံရှေ့မှာ ဘူဒိုဇာ အသစ်၊ မြေတူးစက် အသစ်တွေ အစီးတစ်ရာလောက် တန်းစီ ရပ်ထားတာ တွေ့လို့ မျက်လုံးပြူးသွားပါတယ်။ ဘူဒိုဇာတွေ ဒီလောက်များများ တစ်ခါမှ မမြင်ဖူး လို့ပါ။ ဘေးက မြေကွက်လက်ထဲမှာ ဘူဒိုဇာတွေ စမ်းမောင်း နေတာလည်း တွေ့ပါတယ်။  တရုတ်ပြည်မှာ ဘတ်စ်ကားထုတ်၊ ဘူဒိုဇာထုတ်၊ လေယာဉ်ပျံထုတ်၊ သင်္ဘောထုတ်၊ ဂြိုဟ်တုထုတ် နဲ့ သူတို့ မထုတ်တာ မကျန်သလောက်ပဲ ထင်ပါတယ်။ တရုတ်လည်း သူ့အထွာနဲ့ သူပါပဲ လျော့တွက်လို့ မရပါဘူး။တရုတ်က လျော့တွက်လို့ မရပေမယ့် အနောက်ကို မမှီနိုင်သေးတာ ကိုယ်ပိုင် ဖန်တီးဖို့ မစဉ်းစားဘဲ တစ်ချိန်လုံး ကော်ပီကူးဖို့ စဉ်းစားနေတာနဲ့ ဖြစ်ကတတ်ဆန်း လုပ်တတ် တာတွေကြောင့် ဖြစ်မယ် ထင်ပါတယ်။

ခဏနေတော့ ကျွန်တော် တည်းရမယ့် ဟိုတယ်ကို ရောက်ပါတယ်။ ဒီဟိုတယ်မှာတော့ ဧည့်ကြိုတွေ အင်္ဂလိပ် စကား ပြောတတ်လို့ အဆင်ပြေပါတယ်။ ကျွန်တော် အခန်းထဲမှာ ခရီးဆောင်အိတ်နဲ့ လက်တော့ပ်အိတ် သွားထားပါတယ်။ ဟိုတယ်ခန်းကို တွေ့တော့ မျက်လုံးပြူးသွားပါတယ်။ အရင်က ဇာဂနာတို့ ပျက်ခဲ့ဖူးတဲ့ ပျက်လုံး အိမ်သာမှန်တပ်လို့ ဆောက်လုပ်ရေးက အလုပ်ပြုတ်သွားတယ် ဆိုတာကို သွားသတိရ လိုက်ပါတယ်။ ကျွန်တော့်ရဲ့ အခန်းက ရေချိုးခန်းရော၊ အိမ်သာပါ မှန်တပ် ထားပါတယ်။



အိတ်ထားပြီးတော့ စက်ရုံကို ထွက်ခဲ့ကြပါတယ်။ စက်ရုံက ကျွန်တော်တည်းတဲ့ ဟိုတယ်နဲ့ သိပ်မဝေးတော့ ပါဘူး။ ရှန်ဟိုင်း အိတ်စပို့တ် ပရိုဆက်ဆင်း ဇုန် ဆိုတဲ့ နေရာမှာပါ။ စက်ရုံကြီးက အကြီးကြီး ပါပဲ။ အလုပ်သမား ၅ သောင်း ရှိတယ်လို့ ကျွန်တော်နဲ့ အတူတူ အလုပ်လုပ်တဲ့ အေးဂျင့် ကုမ္ပဏီက အင်ဂျင်နီယာ တစ်ယောက်က နောက်နေ့ ပြောပြပါတယ်။ စက်ရုံထဲကို ကွန်ပျူတာ၊ ကင်မရာဖုန်း ယူလို့ မရတဲ့ အတွက် ကျွန်တော့်ရဲ့ ဖုန်းကို လုံခြုံရေးမှာပဲ ထားခဲ့ပါတယ်။ အလုပ်သမား ၅ သောင်းထဲမှာ လန့်လန်လန်း ကလေးတွေ အယောက် ၅ ထောင်လောက် ရှိမယ် ဆိုတာ ပြောရင် ပိုတယ် မထင်ပါနဲ့။ လုံခြုံရေးဝန်ထမ်းက အစ အလန်းစား လေးတွေပါ။ စက်ရုံထဲ ရောက်တော့ ရုံးက ကျွန်တော့်ကို နောက်တစ်ခါ ဖော လိုက်မှန်း သိလိုက်ရပြန်ပါတယ်။

စင်ကာပူမှာတုန်းက ပြောလိုက်တာ မင်းသွားရင် အသင့်စမ်းရုံပဲ စက်တွေ အကုန်ဆင်ပြီးပြီ ပြောပေမယ့် စက်တွေက တန်းစီထားရုံ သက်သက်ပါပဲ။ ဝိုင်ယာကြိုး၊ လေပိုက်ကအစ တစ်ခုမှ မချိတ်ရသေးပါဘူး။ ဒီလို အဖြစ်မျိုး တစ်ခါမက ကြုံခဲ့ဖူးပြီမို့ မထူးဆန်းတော့ပါဘူး။ ပထမဆုံးတစ်ခါ စပိန်မှာ စက်သွားဆင်တော့ အရေးကြီးတယ် ဆိုပြီး စင်ကာပူကနေ စက်ကို လေယာဉ်ပျံနဲ့ပို့၊ နောက်ကနေ စက်ရုံကို အမြန်လိုက်သွား ဆိုပြီးတော့ ဟိုရောက်တော့ စက်ရုံက မီးတောင် မသွယ်ရသေးပါဘူး။ နောက်တစ်ခါလည်း အမေရိကားမှာ စက်ဆင်ဖို့ အရေးကြီးတယ် စက်ရုံကို အမြန်သွားဆိုလို့ စင်ကာပူမှာ လုပ်လက်စ အလုပ်တွေ ထားပြီး ပြေးရတာ စက်ရုံ ရောက်တော့ စက်တောင် ရှာမတွေ့ပါဘူး။ စက်ကို လိုက်ရှာရင်း နောက်ဆုံးမှာတော့ စက်ရုံကို ပစ္စည်းအဝင် လက်ခံတဲ့ နေရာမှာ စင်ကာပူက ပို့လိုက်တဲ့ အတိုင်း သေတ္တာလိုက် ကလေး ချထားတာ တွေ့လို့ တူတွေ တူရွင်းတွေ စက်ရုံက ငှားပြီး ကိုယ်တိုင် သေတ္တာထဲက ထုတ်ရဖူးပါတယ်။

ခဏနေတော့ နေ့လည်စာ စားချိန် ရောက်ပြီမို့ ထမင်းစားခန်းကို ဆင်းခဲ့ကြပါတယ်။ စက်ရုံက အလုပ်သမားတွေကို ထမင်းလည်းကျွေး နေစရာလည်း ပေးပါတယ်။ ကျွန်တော်တို့ကိုလည်း ထမင်းစားဖို့ စက်ရုံက တိုကင် ထုတ်ပေးတာမို့ သူတို့နဲ့ အတူ ထမင်းစားခန်းမှာ ဝင်စား ပါတယ်။ စင်ကာပူမှာတုန်းက ကျွန်တော့် လုပ်ဖော်ကိုင်ဖက် တစ်ယောက်က အဲဒီ စက်ရုံကို သွားရင် အစားအသောက်က တို့ စင်ကာပူ စစ်တပ်မှာ ကျွေးသလောက်တောင် မကောင်းဘူးလို့ ပြောပြလိုက် ပါတယ်။ ဒါပေမယ့်လည်း သိပ်တော့ အဆိုးကြီး မဟုတ်လှ ပါဘူး။ ပုံစံခွက် တစ်ခွက်ယူ ကောင်တာကို သွားတော့ ကောင်တာကနေ ပုံစံခွက်ထဲကို ထမင်းတွေ ဟင်းတွေ ခပ်ထည့်ပေးပါတယ်။ ထမင်းပွဲ က ပုံစံနှစ်မျိုး ရှိပါတယ်။ ထမင်းမစားချင်တဲ့ သူအတွက် ခေါက်ဆွဲထည့်ပေးနေတဲ့ ကောင်တာလည်း ရှိပါတယ်။ ထမင်းစားပြီးတဲ့နောက်မှာ ထူးထူးခြားခြား တွေ့ရတာက ထမင်းစားခန်း ဘေးက ဆေးလိပ်သောက်တဲ့ အခန်းပါ။ လူတစ်ရာ နီးပါးလောက် ဆန့်ပါတယ်။ အဲဒီ အထဲမှာ ဆေးလိပ်သောက် နေတဲ့သူလည်း လူ တစ်ရာလောက် ရှိပါတယ်။ ရုရှားတွေ အရက်သောက်လို့ သက်တမ်းတိုကြ၊ တရုတ်တွေ ဆေးလိပ်သောက်လို့ သက်တမ်းတိုကြဆိုပြီး ကြားခဲ့ဖူးတာ ဟုတ်လောက်မယ် ထင်ပါတယ်။ စင်ကာပူရုံးမှာ ဆေးလိပ်သောက်တတ်တဲ့ အင်ဂျင်နီယာ ဒီလောက် မများပေမယ့် ဒီမှာတော့ ကျွန်တော်နဲ့ အတူသွားတဲ့ အေးဂျင့်၊ စက်ရုံက အင်ဂျင်နီယာတွေ အားလုံး တစ်ယောက်မကျန် ဆေးလိပ်သောက်ကြပါတယ်။

ညနေ ၅ နာရီ ကျော်မှ စက်ရုံကနေ ပြန်ခဲ့ပါတယ်။ ရှန်ဟိုင်းကို ရောက်သွားတာ ကိုယ်မရောက်ဖူးတဲ့ ဒေသကို ရောက်တယ်လို့ မခံစားရပါဘူး။ စင်ကာပူ မလေးရှား တရုတ်တွေ များတဲ့ စက်ရုံ အတော်များများကို လှည့်သွားဖူးလို့လားတော့ မပြောတတ်ပါဘူး။ တရုတ်ဆိုတာလည်း ကိုယ့်အတွက် အထူးအဆန်းမဟုတ် ဖြစ်နေတာကြောင့်လည်း ပါမယ် ထင်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ မန္တလေးကို ရောက်နေသလို ခံစားရပါတယ်။ တရုတ်စာတွေ နေရာတကာ တွေ့နေရတာ အပြင် ကားမောင်းတာလည်း မန္တလေးလို ဟိုနားက ခေါင်းထိုးထည့်၊ ဒီနားက ခေါင်းထိုးထည့် ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် မောင်းနေ ကြတာ မို့ပါ။ စက်ရုံက အထွက်မှာ ဘလက်တက္ကစီ ဆွဲစားနေတဲ့သူတွေလည်း အများကြီး တွေ့ရပါတယ်။

ညနေရောက်တော့ ထမင်း စားဖို့ ဂွ ဖြစ်ပါတော့တယ်။ အနီးအနားက ဆိုင်တွေ လိုက်ကြည့်တာ အင်္ဂလိပ်လို ရေးထားတဲ့ ဆိုင် တစ်ဆိုင်မှ မတွေ့ပါဘူး။ အကုန်လုံး တရုတ်လို ရေးထားတာ ချည်းပါပဲ။လမ်းမပေါ် အပြန်ပြန် အလှန်လှန် လျှောက်ရင်း နောက်ဆုံးတော့ ပုံတွေ အများကြီး ချိတ်ထားတဲ့ ဆိုင်တစ်ဆိုင်ထဲကို ရောက်သွားပါတယ်။ ဆိုင်ထဲက ကောင်မလေးကို အင်္ဂလိပ်လို မီနူးရှိသလားမေးတော့ ဂြိုဟ်သားကို တွေ့တဲ့အလား ကျွန်တော့်ကို ပြူးပြဲ ကြည့်ပါတယ်။ နောက်တော့ နံရံက ပုံတွေ လိုက်ပြပါတယ်။ မပြောရင် မဖြစ်တော့ တာမို့ ခေါင်းထဲ ရှိသမျှ တရုတ်စကား ညှစ်ထုတ်ပြီး ပြောရပါတယ်။ တကယ်တော့လည်း စင်ကျားပူ ဆိုတာ အင်္ဂလိပ်စကားကို ရုံးသုံး လုပ်ထားတဲ့ တရုတ်တွေရဲ့ နိုင်ငံ မဟုတ်လား။ ကောင်မလေးက ဟင်းတစ်ပွဲကို လက်ညှိုးထိုးပြပြီး ဒါက နျူးယို (အမဲသား)လို့ ပြောပါတယ်။ ကျွန်တော်က အမဲသား မစားချင်ဘူး။ ကျူးယို ကျီးယို (ဝက်သားကြက်သား)ပဲ စားချင်တယ် ဆိုတော့ ဝက်သား တစ်ပွဲကို လက်ညှိုးထိုးပြပါတယ်။ အဲဒါ ယူမယ်ပြောတော့ လကျောင်း (ငရုတ်သီး) ပါတယ်လို့ ပြောလို့ ဟောင် (ကောင်းပြီ) လိုက်ပါတယ်။ နောက်တော့ ကြက်ဥပေါင်း တစ်ပွဲကို ထိုးပြလိုက်ပါတယ်။သူက အဲဒါ ကျီးသန့် လို့ ပြောတော့ သိတယ် အဲဒါယူမယ်လို့ ပြောလိုက် ပါတယ်။ နောက်တော့ ချောင်မြင့်န့်(ခေါက်ဆွဲကြော်)တစ်ပွဲ ယူမယ်ဆိုပြီး လက်ညှိုးထိုးပြ လိုက်ပါတယ်။




ဟင်းပွဲတွေ ရောက်လာမှ မှာလိုက်တာ အတော်များသွားမှန်း သိပါတယ်။ စားလို့ကုန်တာ မနှမြောဘူး သွန်ပစ်ရလို့ ကုန်ရင် ဒေါသဖြစ်တယ်လို့ တဖွဖွ ပြောတတ်တဲ့ မဟေသီ ကို သတိရသွား ပါတယ်။ ဝမ်းနည်းပါတယ်။ ဒီတစ်ခါတော့ တကယ်ကို ဝဲ ရတော့မှာပါ။ ဘယ်လိုမှ ကုန်အောင် မစားနိုင်ပါဘူး။ ဘယ်လောက် ကျမလဲ ခန့်မှန်းကြည့်ပါ။









ယွမ်နဲ့ဆို ၆၅ ယွမ်၊ စင်ကာပူဒေါ်လာ နဲ့ဆို ၁၃ ဒေါ်လာဝန်းကျင်၊ အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာ ဝန်းကျင် ကျပါတယ်။ မကုန်မချင်း ထိုင်စားပေမယ့် တစ်ဝက်တောင် ကုန်အောင် မစားနိုင်တာမို့ လက်လျှော့လိုက် ရပါတယ်။

မြင်ကွင်းလှလှ ကလေးတွေ ဓာတ်ပုံ ဗွီဒီယို ရိုက်ထားတာ တင်ချင်ပေမယ့် တရုတ်ပြည်မှာ ဘလော့ဂါ ဝင်မရလို့ ကျော်ခွပြီး တင်နေရတာမို့ စင်ကာပူ ပြန်ရောက်မှပဲ တင်ပါတော့မယ်။

Saturday, May 26, 2012

အပျောက်အရှ

ဒီနေ့တော့ အကြောင်းတိုက်ဆိုင်လို့ အရင်ကုမ္ပဏီမှာ အတူ လုပ်ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက် အကြောင်းကို သတိရ သွားမိပါတယ်။ အဲဒီတုန်းက သူ့ကို ကြည့်လိုက်ရင် ဝပ်ရှော့ထဲမှာ အကြမ်းဝတ်တဲ့ ကုတ်အင်္ကျီဝတ်ပြီး စက်တွေဆင်နေတာ၊ စက်တွေ စမ်းနေတာ အမြဲတွေ့ရတော့ ကျွန်တော်တို့နဲ့ အဆင့်တူ လက်ထောက်အင်ဂျင်နီယာ တစ်ယောက်လို့ပဲ ထင်မိပါတယ်။ တစ်နေ့မှာ အမှတ်မထင် ကျွန်တော်တို့ ဌာနရဲ့ ဖွဲ့စည်းပုံကို ကြည့်မိတော့မှပဲ အံ့ဩစရာ ကောင်းစွာနဲ့ သူဟာ လက်ထောက်အင်ဂျင်နီယာ တစ်ယောက်မဟုတ်ဘဲ ဌာနခွဲမှူး (Section Head) တစ်ယောက်ဆိုတာ သိလိုက်ရပါတယ်။

နောက်မှ စကားစပ်မိလို့ သူ့အကြောင်း လုပ်ဖော်ကိုင်ဖက်တွေ ဆီကနေ ပြန်ကြားရပါတယ်။ သူဟာ ကျွန်တော်တို့လို အရင်က တစ်ချိန်လုံး ခရီးသွားနေရတဲ့ ဆားဗစ် အင်ဂျင်နီယာ တစ်ယောက်ပါ။ ဆားဗစ်အင်ဂျင်နီယာ ထဲမှာမှ အတော် ကျွမ်းကျင်လွန်းလို့  စီနီယာ အင်ဂျင်နီယာ အဆင့် ရထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတော့ သူ မက္ကဆီကိုမှာ စက်သွားဆင်ရင်း ပတ်စ်ပို့ ပျောက်သွားပါတယ်။ အဲဒီလို ပတ်စ်ပို့ ပျောက်သွားတဲ့ အတွက် သူ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရသလဲတော့ မပြောတတ်ပါဘူး။ နောက်ဆိုရင် ဘယ်ကိုမှ ခရီး မသွားတော့ဘူး ဆိုပြီး ခရီးသွားဖို့ လုံးဝ စိတ်နာသွားတဲ့ အထိပါပဲ။ ဘောစိက လက်မလွတ်ချင်တာနဲ့ ခရီးမထွက်ပါနဲ့တော့။ ထုတ်လုပ်ရေး ဘက်မှာပဲ ကြီးကြပ်ပါတော့ ဆိုပြီး သူ့ကို ဌာနခွဲမှူး ရာထူး ပေးထားတာပါ။

ခရီးသွားရင်း ပျောက်တယ် ရှတယ် ဆိုတာ နမော်နမဲ့ နိုင်လွန်းလို့ ဆိုပြီး ပြောမရပါဘူး။ ကျွန်တော့်လောက် တစ်ချိန်လုံး အိတ်ကပ်စမ်း၊ ပတ်စ်ပို့ ကို အမြဲထုတ်စစ်နေတဲ့သူတောင်မှ ပတ်စ်ပို့ တစ်ခါ ပျောက်ဖူးပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ အဲဒီနေ့က ကျွန်တော် မလေးရှားက မလက်ကာကို အလုပ်ကိစ္စနဲ့ သွားပါတယ်။ စင်ကာပူ တစ်ဖက်ကမ်း ဂျဟိုးကနေ ကားစီးပြီး သွားတာပါ။ ပတ်စ်ပို့ကိုတော့ ထုံးစံ အတိုင်း လက်ပ်တော့ ဘေးအိတ်ထဲ ထည့်ထားပါတယ်။ ဒါပေမယ့်လည်း ကားပေါ်ရောက်တော့ အိတ်ကို စင်ပေါ် တင်ထားရတာနဲ့ ပတ်စ်ပို့ကို ကိုယ်နဲ့ မကွာ ထားချင်လို့ အိတ်ထဲက ထုတ်ပြီး အင်္ကျီ အိတ်ကပ်ထဲ ထည့်ထားလိုက်ပါတယ်။ ကားပေါ်မှာ စကားပြောရင်း အိပ်ပျော်သွား ပါတယ်။ မလက်ကာ ရောက်တော့ ကားဂိတ်မှာ တွိုင်းလက် ခဏဝင်ပြီး စက်ရုံကို ခရီးဆက်ခဲ့ပါတယ်။ စက်ရုံရောက်မှ လုံခြုံရေးကို ပြဖို့ အိတ်ထဲမှာ ပတ်စ်ပို့ နှိုက်ကြည့်တော့ မရှိတော့ပါဘူး။ ကျွန်တော့် ခေါင်းထဲမှာ အမှတ်ရ နေတာက ကားဂိတ်မှာ တွိုင်းလက် ဝင်တော့ အိတ်ထဲမှာ ဘာမှ မရှိတော့ဘူး ဆိုတာ ပါပဲ။ အဲဒါနဲ့ တက္ကစီဌားပြီး ကားဂိတ်ကို ပြန်ပြေးရပါတယ်။ ကားဂိတ်ရောက်တော့ ကျွန်တော်တို့ ဂျဟိုးကနေ စီးလာတဲ့ကားက ပြန်မထွက်သေးပါဘူး။ ကားပေါ်မှာလည်း လူတစ်ယောက်မှ မရှိ ကားသမားလည်း မရှိပါဘူး။ အဲဒါနဲ့ ကျွန်တော်တို့ အဲဒီဘေးမှာ ကားသမားကို နာရီဝက် နီးပါးလောက် ရပ်စောင့်နေရပါတယ်။

အဲဒီ နာရီဝက်မှာ ဘယ်လို ခံစားရသလဲ မေးရင် အတော် မြိန်တယ်လို့ ပြောရမှာပါပဲ။ မလေးရှားမှာ ပတ်စ်ပို့ပျောက်ရင် စင်ကာပူ ပီအာရ်ကတ်ဒ်နဲ့ မလေးရှားက ထွက်လို့ ရမရ မသိ၊ စင်ကာပူ ပြန်ဝင်လို့ ရမလား မရမလား မသိ အတော် ခေါင်းပူနေပါတယ်။ ထူပူနေတယ်ဆိုတာ အဲဒါမျိုးပြောတာ ဖြစ်ပါလိမ့်မယ်။ နာရီဝက်လောက်နေတော့ ကားသမား ရောက်လာပါတယ်။ သူ့ကို အကျိုးအကြောင်း ပြောပြတော့ ကားပေါ်တက်ရှာဖို့ တံခါး ဖွင့်ပေးပါတယ်။ ခုံဘေးမှာ၊ ခုံအောက်မှာ ကျနေသလား ကြည့်ပေမယ့် နီနီရဲရဲ ပတ်စ်ပို့ ကလေးကို အစအနတောင် ရှာမရ ပါဘူး။ ၅ မိနစ်လောက် ပြူးပြဲကြည့်ပြီး သွားပါပြီလို့ စိတ်လျော့လိုက်ပါတယ်။

ဖြစ်သမျှအကျိုး အဆိုးချည်းပဲ လို့ စိတ်ဒုံးဒုံးချရင်း ကားပေါ်က ပြန်ဆင်းခါနီးမှာတော့ အတူ လိုက်လာတဲ့ ကပ်စတန်မာ အဖိုးကြီးက ကျွန်တော်နဲ့ သူ ထိုင်တဲ့ ထိုင်ခုံ နှစ်ခုံကြားမှာ ညပ်နေတဲ့ ပတ်စ်ပို့ ကလေးကို ရှာတွေ့သွားပါတယ်။ လုတော့ မသိဘူး ဝတော့ အားကီး ဝမ်းသာသွားပါတယ်။ ရင်ဘတ်ထဲက အလုံးကြီးလည်း အဲဒီ အချိန်ကျမှ ကျသွားပါတော့တယ်။ မှတ်မှတ်ရရ အဖြစ်အပျက်ပါပဲ။

ကျွန်တော့် မိတ်ဆွေ တစ်ယောက်တော့ စင်ကာပူမှာ ခဏလာရင်း မလေးရှား တစ်ဖက်ကမ်းကူးပြီး  ဂျဟိုးဘာရူးမြို့ကို အလည်သွားတာ ဂျဟိုးမှာ အိတ်အခိုး ခံရလို့ ပတ်စ်ပို့ပါ ပါသွားပြီး ဒုက္ခ အကြီးအကျယ် ရောက်ဖူးပါတယ်။ ဂျဟိုးကနေ ကေအယ်လ် အထိသွား၊ ကေအယ်လ်က မြန်မာသံရုံးမှာ ပတ်စ်ပို့ ပြန်လျှောက်နဲ့ ဂျဟိုး တစ်ညနေ သွားရာကနေ မလေးရှားမှာ တစ်လလောက် သောင်တင်ခဲ့ဖူးပါတယ်။

ခရီးသွားရင် ပျောက်တာရှတာ ဘယ်လောက်ပဲ ဂရုစိုက်ပေမယ့် ဖြစ်တတ်ပါတယ်။ တစ်ယောက်တည်း သွားတဲ့ အချိန် ပိုက်ဆံအိတ်ပျောက်ရင်လည်း အကြီးအကျယ် ကွိုင်တတ် နိုင်သလို ဓားပြ တိုက်ခံရလို့ ပိုက်ဆံအိတ် ပါသွားရင်လည်း အကြီးအကျယ် ကွိုင်ပါပဲ။ အဲဒါကြောင့် ခရီးသွားတိုင်း ပိုက်ဆံနဲ့ ခရက်ဒစ်ကတ်ကို အနည်းဆုံး နှစ်နေရာ ခွဲပြီး ထည့်ထားပါတယ်။ မတော်တဆ ကျပျောက်ရင် ဖြစ်ဖြစ်၊ ဓားပြ တိုက်ခံရရင် ဖြစ်ဖြစ် ဆက်ပြီး လှုပ်ရှားလို့ ရအောင် လို့ပါ။

အကြောင်းတိုက်ဆိုင်လို့ ဒီအကြောင်းကို ရေးဖြစ်တယ် ဆိုတာတော့ ဒီကနေ့ သွားရင်း လာရင်း ခရက်ဒစ်ကတ် ကျပျောက် သွားလို့ပါ။ ပိုက်ဆံအိတ်ထဲ ထည့်ထားတဲ့ ခရက်ဒစ်ကတ်ဒ်တွေ ၂ နေရာ ခွဲထည့်လိုက်တော့ အိတ်ချောင်သွားတာမို့ ဆွဲထုတ်တဲ့ အချိန် ချောင်ပြီး ကျသွားတယ် ထင်ပါတယ်။ ဟိုတယ် ပြန်ရောက်လို့ ပိုက်ဆံအိတ် ဖွင့်တဲ့ အချိန်မှ ကတ်ဒ်ပျောက်သွားမှန်း သတိရပါတယ်။ စင်ကာပူကို ဖုန်းဆက် ခရက်ဒစ်ကတ်ဒ် လှမ်းပိတ်တာ ဖုန်းဖိုးတော့ ထွက်သွားပါတယ်။ တစ်ကတ်ဒ်တည်း ပျောက်သွားလို့ တော်ပါသေးတယ်။

ဘလော့ခ်ဖတ်လာ မိတ်သဟာ များလည်း ခရီးသွားရင်း ပတ်စ်ပို့တွေ၊ ပိုက်ဆံအိတ်တွေ၊ ခရက်ဒစ်ကတ်ဒ်တွေကို ပိုပိုမိုမို ဂရုစိုက်နိုင်အောင် သတိတရနဲ့ ပို့စ်ရေး တင်လိုက်ပါတယ်။

Friday, May 25, 2012

ရှန်ဟိုင်း နေ့စွဲများ (၁)

အလုပ်ကိစ္စနဲ့ ဝေးဝေးလံလံ ခရီးမသွားဖြစ်တာ အတော်ကြာပါပြီ ။ ကုမ္ပဏီမှာလည်း အုန်းပင်တက် လက်မှတ်ရပြီး အင်ဂျင်နီယာ လုပ်နေရာကနေ အိုင်တီဌာနကို ရောက်နေတာ တစ်နှစ်ခွဲလောက် ရှိပြီမို့ ခရီးသွားဖို့ အတော် အလှမ်းဝေးနေပါတယ်။ အခုတလောတော့ ကုမ္ပဏီမှာ အလုပ်အရမ်းများနေလို့ အိုင်တီ ပရိုဂရမ်မာ အနေနဲ့ ထိုင်ခုံမှာ ကျောက်ချထိုင် နေရာကနေ အင်ဂျင်နီယာ တလှည့်ပြန်ဖြစ်ပြီး ခရီးထွက်ရမယ့် စခန်းကို ပြန်ရောက် လာပါတယ်။ ဒီတစ်ခါတော့ အရှေ့တိုင်းရဲ့ ပါရီမြို့ လို့ တင်စားခေါ်ဝေါ်ကြတဲ့ တရုတ်ပြည် အရှေ့ဘက်ခြမ်းက ရှန်ဟိုင်း မြို့တော်ပါ။

ခရီးမသွားရတာ ကြာလို့ တစ်မျိုးတော့ ဖြစ်နေပါတယ်။ လေယာဉ်ပျံပေါ်ရောက်တော့ စင်ကာပူ လေကြောင်းလိုင်းက ကိုယ်နဲ့ရင်းနှီးနေတဲ့ လေယာဉ်တွင်း ဖျော်ဖြေရေး ဆော့ဖ်ဝဲလ်တောင်
ပုံစံ တစ်မျိုး ပြောင်းနေပါပြီ ။ လေယာဉ်ပျံပေါ်မှာ စလုံးကနေ လေ့လာရေး လာတဲ့ အန်ဂလိကန် ဟိုက်စကူး နဲ့ တခြား အထက်တန်းကျောင်း တစ်ကျောင်း က ကလေးတွေ တစ်အုပ်ကြီး ပါပါတယ်။ ကလေးတွေ ဆိုပေမယ့် ၁၃-၁၄ နှစ်လောက်တွေတော့ ရှိကြပါပြီ။  ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံခြား ထွက်သွားတာ ဘဝခြား သွားသလို ထင်နေတဲ့သူတွေ ရှိကြသေး ပေမယ့် သူများနိုင်ငံတွေမှာတော့ နိုင်ငံခြားဆိုတာ ကလေးတွေ အတွက်တောင် အထူးအဆန်း မဟုတ်တဲ့ ကိစ္စ ဖြစ်နေပါပြီ။  သူများနိုင်ငံက ကလေးတွေ နိုင်ငံခြားကို လေ့လာရေး ခရီးတွေ ထွက်နေကြတာ မြင်ပြီး ကျွန်တော်တို့ နိုင်ငံက ကလေးတွေလည်း သူတို့လို နိုင်ငံခြား လေ့လာရေး သွားနိုင်မယ့် အခြေအနေ ဘယ်တော့ ရောက်မလဲလို့ စိတ်ထဲမှာ တွေးကြည့်မိပါတယ်။

လေဆိပ်က ဆင်းဆင်းချင်း ရှန်ဟိုင်းမြို့လယ်ခေါင်က ကုမ္ပဏီ တိုက်ခန်းကို တက္ကစီ ငှားသွားရင် ရပေမယ့် နည်းနည်းလေးတော့ ရှည်လျားလိုက်ရမှ စိတ်ကျေနပ်တာမို့ ဖြောင့်ဖြောင့်တန်းတန်း မသွားဖြစ်ပါဘူး။ မသွားခင် တစ်ရက်ကမှ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဆီက သတင်း ရထားတဲ့ မက်လက်ဗ် ရထားကို စီးဖူးတယ် ရှိအောင် စီးကြည့်ဖို့ ကြံပါတယ်။ မက်လက်ဗ်ဆိုတာ Magnetic Levitation ကို အတိုကောက် ပြောတာပါ။ ဂျပန်က ကျည်ဆန် ရထားတွေနဲ့ နည်းပညာချင်း နည်းနည်းကွဲတယ်လို့ ကြားဖူးပါတယ်။ ဂျာမနီက နောက်ဆုံးပေါ် နည်းပညာပါ။ ရထားကို သံလမ်းပေါ်မှာ သံလိုက်နည်းနဲ့ တွန်းတင်ပြီး သွားတဲ့ ကျည်ဆန်ရထား တစ်မျိုးပါပဲ။ ဂျာမနီမှာ စမ်းသပ် အဆင့်ပဲ ပြေးနေပေမယ့် တရုတ်ပြည်မှာတော့ စီးပွားဖြစ် စဆွဲနေပါပြီ။ လေဆိပ်ကနေ လောရန်းလမ်း ဘူတာ တစ်ဘူတာပဲ သွားပါတယ်။ အဲဒီခရီးကို ပုံမှန်ဆိုရင် ယွမ် ၅၀ ပေးရပြီး လေယာဉ်ပျံလက်မှတ်ပြရင်တော့ လျော့ဈေး ၄၀ ယွမ်နဲ့ စီးလို့ ရပါတယ်။

ကျည်ဆန်ရထား စီးချင်လို့ ရွစိတက်နေတာတော့ ငယ်ငယ်ကတည်းကပါပဲ။ အခုတော့ တစ်ကယ်ပဲ စီးဖြစ်သွား ပါပြီ။ တရိပ်ရိပ် အရှိန်ပြေးနေတဲ့ ရထားဟာ ရပ်ထားတဲ့ နေရာကနေ တောက်လျှောက် အရှိန်မြင့် လိုက်တဲ့ အခါ တစ်နာရီကို ၃၀၀ ကီလိုမီတာနှုန်း အထိ မြန်သွားပါတယ်။ ဒီလို ရထားလမ်းမျိုး ရန်ကုန်နဲ့ မန္တလေးကြားသာ ဆောက်လိုက်ရင်တော့ ရန်ကုန်နဲ့ မန္တလေး ၂ နာရီကျော်လောက်နဲ့ သွားလို့ ရမယ့် ပုံပါပဲ။ ရထားထဲမှာ ရထား ဘယ်အရှိန်နဲ့ သွားနေတယ်ဆိုတာ ပြနေတာမို့ တစ်နာရီ ၃၀၁ ကီလိုမီတာ နှုန်း အမြန်ဆုံး သွားနေတဲ့ အချိန် ဓာတ်ပုံ ရိုက်ယူလာပါတယ်။



ရထားပေါ်က ဆင်းပြီးတော့ သူများတွေနဲ့ ရောယောင်ပြီး ရထားကို ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ပါသေးတယ်။



ရထားက တစ်ဘူတာပဲ သွားပါတယ်။ တစ်ဘူတာ သွားပြီးတော့ လော်ရန်းလမ်းမှာ ရပ်ပါတယ်။ လော်ရန်လမ်းကနေ တက္ကစီငှားပြီး ကုမ္ပဏီ တိုက်ခန်း ရှိတဲ့ နေရာကို ထွက်လာခဲ့ပါတယ်။ ရှန်ဟိုင်းကတော့ တကယ်ကို တိုးတက်နေတဲ့ မြို့တော်ပါပဲ။ မိုးမျှော်တိုက်ကြီးတွေ မိုးပျံလမ်းကြီးတွေနဲ့ မို့ သူနဲ့ ပုံစံတူတဲ့ ဘန်ကောက် မနီလာ ရောက်ဖူးသမျှ နေရာ အကုန်လုံးကို သတိတရ ဖြစ်သွားပါတယ်။ ရှန်ဟိုင်းမှာ ဗောက်စ်ဝက်ဂွန်ကားတွေ အတော်များတာ သတိထားမိပါတယ်။ ကျွန်တော်စီးလာတဲ့ တက္ကစီက ဗောက်စ်ဝက်ဂွန်၊ ဘေးနားက သတိထားမိတဲ့ တက္ကစီ အတော်များများလည်း ဗောက်စ်ဝက်ဂွန်တွေပါပဲ။ လိပ်ခုံးကားတော့ မဟုတ်ပါဘူး။ ဗောက်စ်ဝက်ဂွန် ကုမ္ပဏီက ထုတ်တဲ့ ဆန်တာနာ ဆိုတဲ့ တခြားကားအမျိုးအစားတွေပါ။ တက္ကစီတွေမှာ ထူးခြားချက်က တက္ကစီသမားရဲ့ ကားမောင်းတဲ့ နေရာကို ဘေးကနေ သံတန်းတွေ ကော်ပြားတွေနဲ့ ကာထားတာပါ။ အလွယ်တကူ ရန်ပြုလို့ မရအောင် ဓားပြတိုက်လို့ မရအောင် ကာထားတာလို့ပဲ ကိုယ့်ဘာသာကိုယ် ကောက်ချက်ချလိုက်ပါတယ်။

တိုက်ခန်းရောက်ပြီးတော့ တရုတ်ပြည်မှာ ရုံးထိုင်နေတဲ့ ရုံးက မန်နေဂျာတစ်ယောက်နဲ့ တွေ့ပါတယ်။ သူက အဲဒီတိုက်ခန်းမှာ နေတာပါ။ ဧည့်သည်လာရင် တည်းဖို့ အိပ်ခန်းတစ်ခန်း အပိုရှိပါတယ်။ ပစ္စည်းတွေ ထားပြီးတော့ သူက ကျွန်တော့်ကို ဘာလုပ်ချင်သလဲ မေးပါတယ်။ နေ့လည်က ၃ နာရီ ထိုးခါနီး လေယာဉ်ပျံပေါ်က ကျွေးတဲ့ နေ့လည်စာက ဗိုက်မဝတာမို့ ဗိုက်ဆာတယ် တစ်ခုခု စားချင်တယ်လို့ ပြောလိုက်ပါတယ်။ ဒီလိုနဲ့ အဲဒီနားက ခေါက်ဆွဲဆိုင်ကို ရောက်ခဲ့ပါတယ်။ ရှန်ဟိုင်းမှာမို့ တရုတ် ခေါက်ဆွဲဆိုင်လို့  ထင်ရင်တော့ မောင်လေး ညီမလေးတို့ အဖြေမှားသွားပါပြီ။ အာဂျီးဆန် ရာမန် ဆိုတဲ့ စင်ကာပူမှာ ရှိတဲ့ ဂျပန် ခေါက်ဆွဲဆိုင်ပါပဲ။ စင်ကာပူနဲ့ ယှဉ်ရင်တော့ အများကြီး ဈေးသက်သာပါတယ်။

ခေါက်ဆွဲစားပြီးတော့ အဲဒီနားတစ်ဝိုက် လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ရှန်ဟိုင်း မြို့လည်ခေါင်မှာမို့ လူတွေအများကြီးပါပဲ။ စနေနေ့ နေ့လည်ဖြစ်နေတာက တစ်ကြောင်း၊ လူဦးရေ ၁၄သန်း ရှိတဲ့ မြို့တော် ဖြစ်နေတာကတစ်ကြောင်း ထင်ပါတယ်။ လူတွေကတော့ ကြိတ်ကြိတ်တိုးပါပဲ။ လမ်းလျှောက်ရင်းနဲ့ ဘေးက ကောင်လေးတစ်ယောက် အနားကပ် လာပြီး မာဆပ် လုပ်ချင်သလား လာမေးလို့ ခေါင်းခါ ပြလိုက်ပါတယ်။ ရုံးက လုပ်ဖော်ကိုင်ဖက် တစ်ယောက်က မသွားခင် မှာလိုက်ပါတယ်။ မာဆပ်သွားချင်ရင် တည့်တည့် ဝင်သွား၊ လမ်းဘေးမှာ ထွက်ခေါ်တာတွေနဲ့ မလိုက်နဲ့။ ပါးပါးလှီးလိမ့်မယ် ဆိုပြီးတော့ပါ။ ကြည့်ရတာတော့ သူကိုယ်တိုင် ခံခဲ့ရပုံပေါ်ပါတယ်။ ရုံးက မန်နေဂျာက သူ အနှိပ်သွားခံ မလို့ လိုက်မလား၊ အခန်းမှာပဲ ပြန်နားချင်သလားလို့ မေးပါတယ်။ မာဆပ်က ရိုးရိုးမာဆပ်ပဲ Hanky-Panky တွေ မပါဘူး။ ညောင်းရင်တော့ လိုက်ခဲ့ ဆိုတာနဲ့ပဲ သူနဲ့ လိုက်သွားဖြစ်ပါတယ်။

သူခေါ်သွားတဲ့ မာဆပ်ကလည်း အဲဒီနားတင်ပါပဲ။ အခန်းတစ်ခန်းထဲမှာ ဆိုဖာ ထိုင်ခုံ ၂ လုံးနဲ့ တယ်လီဗွီးရှင်း ရှိပါတယ်။ ခဏနေတော့ ကောင်မလေး ၂ ယောက် ဘာတွေ စိမ်ထားမှန်း မသိတဲ့ သစ်သား ရေနွေးဇလုံ တစ်လုံးစီ သယ်ပြီး ရောက်လာပါတယ်။ ရေနွေးထဲ ခြေထောက်ကို စိမ်ပြီးတော့ ပုခုံးကို နှိပ်ပေးပါတယ်။ ပုခုံးကို နှိပ်ပြီးတော့ ခြေထောက်ကို စနှိပ်ပါတော့တယ်။ သူတို့ ခြေဖဝါးနှိပ်တော့မှပဲ ကိုယ့်ခြေဖဝါးမှာ အကြောတွေ အတော်များမှန်း သဘောပေါက် ပါတော့တယ်။ ခြေချောင်း တစ်ချောင်းချင်းစီ ရဲ့ အကြောတွေကို ခြေဖဝါးမှာ ရှာနှိပ်သွားတာ လက်ဖျားခါလောက်ပါတယ်။ သူတို့ကတော့ နှိပ်ရင်း မန်နေဂျာနဲ့ ကွိစိကွစတွေ ပြောနေ ကြပါတယ်။ နှိပ်တာ ခံပြီးတော့ အတော် အညောင်းပြေ သွားပါတယ်။ မန်နေဂျာ ကျွန်တော့်ကို ပြောထားတဲ့ အတိုင်းပါပဲ။ ဟန်ကီပန်ကီ လုံးဝ မပါပါဘူး။

အနှိပ်ခန်းကထွက်တော့ ညနေ ၆ နာရီခွဲလောက် ရှိနေပါပြီ။ အဲဒီ အနားမှာ ရှိတဲ့ ရပ်ဖဲလ်စီးတီးကို ရောက်ခဲ့ပါတယ်။ စင်ကာပူက အင်္ဂလိပ်လူမျိုး ဆာရ် စတန်းဖို့ဒ် ရပ်ဖဲလ် တည်ခဲ့တဲ့ မြို့မို့လို့ ရပ်ဖဲလ်စီးတီး ရှိတာ ရှန်ဟိုင်းမှာ ဘာလို့ ရပ်ဖဲလ်စီးတီး ရှိရတာလဲ လို့ မေးစရာ ရှိပါလိမ့်မယ်။ စင်ကာပူ ကုမ္ပဏီ ကက်ပီတာ လန်း က ဆောက်ထားတာပါ။ ရပ်ဖဲလ်စီးတီးထဲ ဝင်တော့ စင်ကာပူက ရပ်ဖဲလ်စီးတီးထက် အများကြီး သားနားသလို ခံစားရပါတယ်။ အဓိကကတော့ နေရာကျယ်တာ ကြောင့် ဖြစ်မယ် ထင်ပါတယ်။ ဆိုင်တစ်ဆိုင်ထဲ ဝင်ကြည့်တော့ အင်္ကျီတွေက စလုံးက ရောင်းတဲ့ ဈေးထက်တောင် ကြီးပါသေးတယ်။ မန်နေဂျာကတော့ နာမည်ကြီးတဲ့ တံဆိပ် ဝယ်ချင်ရင် စင်ကာပူမှာပဲ ဝယ်။ ဒီမှာက သွင်းကုန်အခွန်ရော၊ ရောင်းတဲ့ အပေါ်မှာ ကောက်တဲ့ အခွန်ရော ဈေးကြီးတယ်လို့ ပြောပြပါတယ်။ အောက်က ဓာတ်ပုံကတော့ ရပ်ဖဲလ်စီးတီး အတွင်းပိုင်းမှာ ရိုက်ထားတာပါ။



ညနေစာ စားချိန် ရောက်ပြီမို့ ကျွန်တော်တို့ ညနေစာ စားဖို့ တက္ကစီ ငှားပြီး ထွက်ခဲ့ကြ ပါတယ်။ မန်နေဂျာကတော့ ဥက္ကဌကြီး မော်ရဲ့ နယ်က အစားအစာ လိုက်ကျွေးမယ် ပြောပါတယ်။ ဥက္ကဌကြီးမော်က ဟူနန် နယ်ကပါ။ တရုတ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေး ဆိုပြီး ရှိသမျှ ရှေးဟောင်း ပစ္စည်းတွေတွေ ဖျက်စီးခိုင်းခဲ့တဲ့ ဥက္ကဌကြီးမော်၊ တရုတ်စာလုံးကို ဖျောက်ပြီး အင်္ဂလိပ်စာလုံးနဲ့ တရုတ်စာကို ရေးခိုင်းဖို့ ကြံစည်ခဲ့တဲ့ ဥက္ကဌကြီးမော်၊ ပညာတတ်မြို့နေ လူငယ်တွေကို တောမှာဆင်း လယ်ထွန်းခိုင်းခဲ့တဲ့ ဥက္ကဌကြီးမော် တရုတ်ပြည်မှာတော့ လူတိုင်းအမှတ်တရ ရှိတုန်း နေမှာပါပဲ။

ဆိုင်ကိုရောက်တော့ လူအပြည့်ပေမယ့် သိပ်ကြာကြာ မစောင့်ရပါဘူး။ ဆိုင်ထဲမှာ နိုင်ငံခြားသားတွေလည်း အများကြီးပါပဲ။ စားပွဲထိုးက မီနူး ယူလာပေးတော့ မီနူးထဲမှာ မစ္စတာ မော်ရဲ့ အကြိုက် ပုဇွန်၊ မစ္စတာ မော်ရဲ့ အကြိုက် ဂဏန်း အဲဒီလိုမျိုးတွေ ရေးထားတာ တွေ့ရပါတယ်။ ဘာမှာရမှန်း မသိလို့ မန်နေဂျာကိုပဲ မှာခိုင်းလိုက်ပါတယ်။ ဝက်နံရိုး အစပ်ကင်၊ ဝက်သားအစပ်၊ တို့ဟူး အစပ်၊ အရွက်ကြော်၊ ဆေးဘဲဥဟင်း၊ ဆန်ပြားလို အပြားတွေနဲ့ အစပ်ဟင်း တွေ ရောက်လာပါတယ်။ တရုတ်စာမှာ အပူဟင်း (Hot Dish) နဲ့ အအေးဟင်း (Cold Dish) ရှိတယ် ဆိုတာ အဲဒီနေ့က လေယာဉ်ပျံပေါ်မှာ လျှောက်ကြည့်ရင်းမှ သတိထားမိပါတယ်။ အပူဟင်းက ချက်ချင်း ချက်ပြုတ်ထားတဲ့ဟင်း၊ အအေးဟင်းက ညကတည်းက
ပြင်ဆင်ထားတဲ့ဟင်း အဲဒီလိုမျိုး ကွဲပါတယ်။ ဟင်းတွေ အားလုံးက အစပ်တွေချည်းပဲမို့ ရှူးရှူးရှဲရှဲ စားနေရပါတယ်။ ဘီယာလည်း မှာပြီးသားမို့ ပုံမှန် မသောက်တာ ကြာပေမယ့် သောက်ဖြစ်ပါတယ်။ အမှန်တကယ်ကတော့ မူးရတဲ့ အရသာကို မကြိုက်လို့ အရက် ဘီယာကို တတ်နိုင်သလောက် မသောက်ဖြစ်တာပါ။ ဟင်းတွေက ရှူးရှူးရှဲရှဲမို့ မသောက်တာ ကြာပေမယ့် ဘီယာတစ်လုံး ကုန်တာတောင် နည်းနည်းလေးမှ ရီတီတီ မဖြစ်ပါဘူး။

ပိုက်ဆံရှင်းပြီးတော့ တိုက်ခန်းကို ပြန်ခဲ့ပါတယ်။ မအိပ်ခင် တိုက်ခန်းက လှမ်းမြင်နေရတဲ့ ရပ်ဖဲလ်စီးတီးနဲ့ အနားက မိုးမျှော်တိုက် တစ်ခုကို ဓာတ်ပုံ ရိုက်ဖြစ်ပါတယ်။




အင်တာနက် ဖွင့်ကြည့်တော့ဖွဘုတ်၊ ယူကျု ဝင်မရပါဘူး။ ဒါပေမယ့်လည်း တတ်သည့်ပညာ မနေသာ ဆိုသလို မြန်မာပြည်က အတတ်နဲ့ ကျော်ခွကြည့်တော့ နာမည်ကျော် တရုတ်ပြည်ရဲ့ ဖိုင်းယားဝေါလ်ကြီးကို ကျော်လို့ရတာ တွေ့ရပါတယ်။ နောက်နေ့များမှ ရှန်ဟိုင်း အတွေ့အကြုံတွေကို ဆက်ပါဦးမယ်။

Monday, December 19, 2011

ဟင်းန်ဖုန်း ပလာဇာ၊ မြဘုရားနဲ့ ကျောက်ဖယားမြစ် ရဲ့ နေ့စွဲများ

ကျွန်တော့်မှာ ခြေထောက်ဗွေပါလာလို့ ဟိုနိုင်ငံသွား ဒီနိုင်ငံသွား လုပ်နေရပေမယ့် မြန်မာပြည်နဲ့ အနီးဆုံး ဖြစ်တဲ့ ထိုင်းကိုတော့ တစ်ခါမှ မရောက် ဖြစ်ပါဘူး။ ထိုင်းက စက်ရုံကို ပို့ဖို့ စက်တွေ လုပ်ဖူး ပေမယ့်လည်း ပြီးခါနီးမှ တခြား ပရော့ဂျက် ပြောင်းလုပ်ရတာမို့ မသွားဖြစ်၊ ထိုင်းကို ပို့ဖြစ်တဲ့ စက် ကျပြန်တော့လည်း သဘောတွေကောင်းပြီး ဘာပြဿနာမှ မရှိတာမို့ မသွားဖြစ်ဘဲ ကပ်ပြီး လွဲနေပြန်ပါတယ်။ ဒီလိုနဲ့ နိုင်ငံခြား ရောက်တာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိမှ ဘန်ကောက်ကို သွားဖို့ အရေးတကြီး ကိစ္စ ပေါ်လာပါတယ်။ ကျွန်တော့် ရည်းစား ထိုင်းမှာ ကျောင်းလာတက်တာမို့ သူ့ဆီ သွားလည်ဖြစ်တာပါ။ :D

ဘန်ကောက်ရောက်ပြီး နောက်တစ်နေ့ ကျွန်တော့် ရည်းစားက သူ့ လက်ပ်တော့ပ် မှာ ဝိုင်ယာလက်စ် သုံးမရလို့ ဆိုပြီး ကျွန်တော့်ကို ပြင်ခိုင်းပါတယ်။ ကျွန်တော်လည်း တတ်သည့် ပညာ မနေသာ ဆိုသလို ဉာဏ်နီ ဉာဏ်နက် တွေ အကုန် ထုတ်ပြီး ပြင်ပေမယ့်လည်း ကောင်းမလာ ပါဘူး။ အဲဒါကြောင့် ဝိုင်ယာလက်စ် အဒပ်ပတာ တစ်ခု ဝယ်တတ်ပြီး သုံးဖို့ စီစဉ်ကြပါတယ်။

ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက် ဘန်ကောက်မြို့ထဲ သွားရင်း လျှပ်စစ်ပစ္စည်းတွေ ရောင်းတဲ့ ပလာဇာ တစ်ခုဘက်ကို ခြေဦးလှည့်ခဲ့ကြပါတယ်။ ဘာပလာဇာလဲတော့ နာမည် မမှတ်မိ ပါဘူး။ ပလာဇာပေါ်မှာတော့ ဟင်းန်းဖုန်း အပိုပစ္စည်း ရောင်းတဲ့ဆိုင်တွေပဲ တွေ့ရ ပါတယ်။ ဒါ​ပေမယ့် ရှာဖွေလေ တွေ့ရှိလေ ဆိုတဲ့ အတိုင်း နောက်ဆုံးမှာတော့ ကွန်ပျူတာ ပစ္စည်းဆိုင်ကို သွားတွေ့ပါတယ်။ ဝိုင်ယာလက်စ် အဒပ်ပတာ ရှိသလား မေးတော့ ဆိုင်က ဘွားတော်က အဒပ်ပတာ တစ်ခု ထုတ်ပြပါတယ်။ ဘယ်လောက်လဲ မေးတော့ ကယ်ကူလေတာကြီး ထုတ်ပြီး ဘတ် ၁၀၀၀ လို့ နှိပ်ပြပါတယ်။ ကျွန်တော့်မှာ ကိုတီဇက်အေရဲ့ ဘန်ကောက် ခရီးစဉ် အစအဆုံး အပါအဝင် ဘလော့ခ်တွေ လှည့်ပတ်ဖတ်ထား တာမို့ ဘန်ကောက်မှာ ဈေးဆစ်ပြီး ဝယ်ရမယ် ဆိုတာတော့ သိထားပါတယ်။ အဲဒါနဲ့ ကျွန်တော့် ရည်းစားကို ဈေးဆစ်ဖို့ လှမ်းပြောလိုက် ပါတယ်။ သူက ကယ်ကူလေတာမှာ ၇၅၀ နှိပ်ပြတော့ ဟိုက ဝမ်းသာအားရနဲ့ ယူသွားလို့ ဆိုပါတယ်။ အဲဒီအချိန်ကျမှပဲ ခေါင်းထဲက ကယ်ကူလေတာက အလုပ်လုပ်ပါတယ်။ စင်ကာပူမှာတောင် ဝိုင်ယာလက်စ် အဒပ်ပတာ တစ်ခု ဒေါ်လာ ၂၀ လောက် ရှိတာမို့ ဘန်ကောက်မှာ ဒေါ်လာ ၃၀ ကျော် ကျတယ် ဆိုတော့ ကျွန်တော်တို့တော့ ဈေးတင်ရိုက်ခံ လိုက်ရပြီ ဆိုတာ သိလိုက်ပါတယ်။ ဒါပေမယ့်လည်း ဈေးက ကိုယ်ဆစ်ထားတဲ့ ဈေးမို့ အောင့်သက်သက်နဲ့ပဲ ဘတ် ၇၅၀ ပေးပြီး အဒပ်ပတာကို ယူလာခဲ့ကြပါတယ်။

ကျွန်တော် ဘန်ကောက် ရောက်တဲ့ အချိန်က ကဆုန်လပြည့်နေ့ ဝန်းကျင်ပါ။ လပြည့်နေ့နဲ့လည်း ကြုံနေတာမို့ ကျွန်တော်တို့ မြဘုရားကို သွားဖို့ စီစဉ်ပါတယ်။ သူတို့ ကျောင်းကနေ ဘတ်စ်ကား စီးရင် မြို့ထဲက အနုဆာဝါရီ ဒါမှမဟုတ် Victory Monument ခေါ်တဲ့ ကျောက်တိုင် နေရာကို ရောက်ပါတယ်။ ကျွန်တော်တို့ သွားစရာ ရှိရင် အဲဒီနေရာကို ကားစီးပြီးမှ အဲဒီကနေ တခြားနေရာကို ကားပြန်စီး ကြပါတယ်။ အကြောင်းကတော့ တခြားမှတ်တိုင်ကနေ ကားပြောင်း မစီးတတ်လို့ပါ။ ဒီလိုနဲ့ နှစ်ယောက်သား လမ်းညွှန်စာအုပ် တစ်အုပ်နဲ့ မြို့ထဲ ရောက်လာကြပါတယ်။ အနုဆာဝါရီ ရောက်တော့ လမ်းညွှန်စာအုပ်ထဲက ပါတဲ့ ဘတ်စ်ကားနံပါတ်ကို ရှာတွေ့တာမို့ အဲဒီကားကို တက်စီး ခဲ့ပါတယ်။ ဒါပေမယ့် လမ်းညွှန်စာအုပ်က ဘတ်စ်ကား နံပါတ်ကိုပဲ ညွှန်ထားတာပါ။ ဘယ်နှစ်မှတ်တိုင် စီးရမယ်လို့ ညွှန်မထားပါဘူး။ အဲဒါကြောင့် နှစ်ယောက်သား ဟိုကြည့်ဒီကြည့်နဲ့ ဘတ်စ်ကားပေါ်ကနေ မြဘုရား ကို ရှာလာကြပါတယ်။ ဒီလိုနဲ့ ကားစီးလာကြရင်း လမ်းကျတော့ အချွန်တွေ အတက်တွေနဲ့ အဆောက်အဦး အကြီးကြီး တစ်ခု တွေ့ပါတယ်။ မြဘုရားကို တွေ့ပြီမို့ နှစ်ယောက်သား အဲဒီ အနားက မှတ်တိုင်မှာ ကားပေါ်က ဆင်းခဲ့ကြပါတယ်။

မြန်မာပြည်မှာ ရွှေရောင်နဲ့ ဘုရားမြင်တိုင်း ရွှေတိဂုံဘုရား မဟုတ်သလို ထိုင်းမှာလည်း အချွန်အတက်နဲ့ အဆောက်အဦး မြင်တိုင်း မြဘုရား မဟုတ်ဘူး ဆိုတာကို ကားပေါ်က ဆင်းပြီးမှ သဘောပေါက်လိုက် ပါတယ်။ ဘာ အဆောက်အဦးကြီးလဲတော့ မသိပါဘူး။ မြဘုရား မဟုတ်တာတော့ အသေအချာပါပဲ။ မှားမှန်း သိပြီးတော့မှ နောက်ထပ် ဘတ်စ်ကား ထပ်မစောင့်ချင် တော့တာနဲ့ တက္ကစီနဲ့ပဲ ဆက်သွားမယ်လို့ သဘောတူ ကြပါတယ်။ အဲဒါနဲ့ လမ်းမပေါ်လာတဲ့ တက္ကစီ တစ်စီး တားလိုက်ပါတယ်။ တက္ကစီပေါ်ရောက်တော့ တက္ကစီသမားကို အီမာရယ်လ် ဗုဒ္ဓကို သွားချင်တယ်လို့ ပြောတော့ သူက ကျွန်တော်တို့ကို ထိုင်းလို ကွိစိကွစ တွေ ပြန်ပြောပါတယ်။ နောက်တစ်ခေါက် ထပ်ပြောတော့လည်း ကွိစိကွစ လုပ်ပြန်ပါတယ်။ အဲဒီတော့ သူ ကျွန်တော်တို့ပြောတာ နားမလည်ဘူးလို့ ကောက်ချက်ဆွဲ လိုက်လို့  ရပါတယ်။ လက်ဟန်ခြေဟန်နဲ့ ပြောရအောင်လည်း မြဘုရားကို ဘယ်လို ပုံသဏ္ဍာန် ပြရမှန်း စဉ်းစား မရပါဘူး။ နောက်မှ လမ်းညွှန်စာအုပ်ကို သွားသတိရပါတယ်။ လမ်းညွှန်စာအုပ်ကို ဖွင့်ပြီး မြဘုရားပုံ ပြတော့မှ တက္ကစီ မောင်းတဲ့သူက အိုကေလို့ ဆိုပါတယ်။

မြဘုရားရောက်တော့ သူက ကျွန်တော်တို့ကို တံခါးပေါက် တစ်ခုနား ကားရပ်ပေးပါတယ်။ ပိုက်ဆံရှင်းပြီး တံခါးပေါက်ကနေ အထဲဝင်လာတော့ ကျွန်တော့် ရည်းစားက တစ်ခုခု မှားနေပြီလို့ ပြောပါတယ်။ ဘာဖြစ်လို့လဲ မေးတော့ အရင်က မြဘုရားထဲ ဝင်ရင် ပိုက်ဆံ ပေးရတယ်။ အခု ဘယ်သူမှလဲ ပိုက်ဆံ မတောင်းကြဘူးလို့ သူက ကျွန်တော့်ကို ပြောပါတယ်။ အထဲဝင်လာတော့ ဘုရားကတော့ မမှားပါဘူး။ မြဘုရားပါပဲ။ ဒါပေမယ့် တံခါးပေါက်ကတော့ တိုးရစ်စ်တွေ ဝင်နေကျ တံခါးပေါက် မဟုတ်ပါဘူး။ မြဘုရားမှာ တိုးရစ်စ်တွေက ပင်မ တံခါးပေါက်ကြီးက ဝင်လေ့ ရှိပါတယ်။ အဲဒီမှာ တိုးရစ်စ်တွေ အတွက် ဝင်ကြေးကောက်တဲ့ နေရာရှိပါတယ်။ ကျွန်တော်တို့ကို တက္ကစီသမား ရပ်ပေးတဲ့ နေရာက တံတိုင်းဘေး ဝင်ပေါက်မို့ အဲဒီမှာ ဝင်ကြေးကောက်တဲ့သူ မရှိပါဘူး။ အဲဒီထိပ်က လုံခြုံရေးကလည်း ကျွန်တော်တို့ကို ထိုင်းရုပ်နဲ့ တူလို့ ထင်ပါတယ်။ ဘာမှ မပြောလိုက်ပါဘူး။ ဒါပေမယ့်လည်း ဘုရားလာပြီးမှ ဝင်ကြေးမပေးဘဲ ဝင်ရတာ ဘတ်ကီးရိုက်သလို ခံစားရလို့ စိတ်မသန့်တာမို့ ရှေ့ပေါက်က ပြန်ထွက် ဝင်ကြေးပေးပြီးမှ တစ်ခါ ပြန်ဝင်ကြပါတယ်။

ရည်းစားနဲ့ သွားတဲ့ အကြောင်းရေးတော့ ရိုမန်တစ် တဲ့ အကြောင်းလည်း ပါမှ ဖြစ်ပါဦးမယ်။ ဘန်ကောက်မှာ ဘာလုပ်ရင် ရိုမန်တစ် မလည်း လိုက်ရှာကြည့်တော့ ကျောက်ဖယားမြစ်ထဲ လှေစီးရင် ရိုမန်တစ်ဖြစ်မယ် ဆိုတဲ့ အဖြေရပါတယ်။ ဒီလိုနဲ့ တစ်ခေါက်တော့ ကျွန်တော်တို့ ကျောက်ဖယားမြစ်ထဲ လှေစီးဖို့ ထွက်လာခဲ့ကြ ပါတယ်။ အချိန်က ညနေစောင်းပါ။ ကားတစ်တန် ရထားတစ်တန်နဲ့ လာခဲ့ကြရင်း နောက်ဆုံးတော့ လှေဆိပ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါတယ်။ လှေပေါ်တက်လာတော့ ကျွန်တော်တို့ နှစ်ယောက်ကို အားလုံးက အထူးအဆန်း အနေနဲ့ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြပါတယ်။ နိုင်ငံခြားသားမှန်း သိလို့ ကြည့်တာလား ဘာလားတော့ စဉ်းစားလို့ မရပါဘူး။ ဒီလိုနဲ့ပဲ ခဏနေတော့ သင်္ဘော စပယ်ယာက ပိုက်ဆံ လာတောင်းလို့ ပေးလိုက်ပါတယ်။

လှေထွက်တော့ လှေက မြစ်ကြောင်းအတိုင်း မထွက်ဘဲ မြစ်ကြောင်းကို ကန့်လတ်ဖြတ်ကြီး ထွက်သွား ပါတယ်။ ကျောက်ဖယားမြစ်ထဲမှာ လှေဆိပ်တွေက ဟိုဘက်ကမ်း ဒီဘက်ကမ်း ရှိတာဆိုတော့ ဟိုဘက်ကမ်းမှာ လူသွားတင် မလို့လို့ စိတ်ထဲမှာ ထင်လိုက်ပါတယ်။ ဒါပေမယ့် ဟိုဘက်ကမ်းရောက်တော့ လှေပေါ်မှာ ရှိသမျှ လူ အားလုံး ဆင်းသွားကြပါတယ်။ အဲဒီတော့မှ ကျွန်တော်တို့ စီးလာတဲ့ လှေက မြစ်ကြောင်းတလျှောက် သွားတဲ့ လှေမဟုတ်ဘဲ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ကူးတဲ့ ဇက်သင်္ဘောလို လှေမျိုး ဆိုတာကို သဘောပေါက်လိုက် ပါတယ်။ ပုံမှန် နေ့လည်ပိုင်းဆိုရင် ကျောက်ဖယားမြစ်ထဲမှာ စုန်ဆန်သွားနေတဲ့ သင်္ဘောတွေ ရှိပေမယ့် ည ၇ နာရီလောက် ဆိုရင် မရှိတော့ဘူး ဆိုတာ ကျွန်တော်တို့ မသိခဲ့ ပါဘူး။ ဒီလိုနဲ့ပဲ ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းကို လှေနဲ့ ပြန်ကူးခဲ့ရင်း ရိုမန်တစ် လှေစီး ခရီးစဉ်ပြီးဆုံးသွားခဲ့ပါတယ်။

Tuesday, March 29, 2011

ဟိုင်းဝေးကားပေါ်မှာ (၂)

ရန်ကုန် မန္တလေး လမ်းသစ်လို့ ခေါ်တဲ့ ကွန်ကရစ် လမ်းမကြီး အကြောင်း သွားဖူးလာဖူးတဲ့ သူတွေ မကြာခဏ ပြောပြကြလို့ ကြားဖူး နေတာတော့ ကြာပါပြီ။ မြန်မာပြည် ပြန်ရောက်တိုင်း ရန်ကုန်ကနေ တစ်ဖဝါးမှ မခွာဖြစ်တာနဲ့ အဲဒီ ကွန်ကရစ်လမ်းကို သွားဖို့တော့ အခွင့်မကြုံ ခဲ့ပါဘူး။ ဒီတစ်ခါ ရန်ကုန်ပြန်တော့ ပြင်ဦးလွင် သွားဖို့ စီစဉ်ဖြစ်တာနဲ့ ဒီလမ်းကနေ ကားနဲ့ သွားရဖို့ အကြောင်းဖန်လာပါတယ်။

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ရန်ကုန် နဲ့ မန္တလေး ဆိုတာ ကိုယ်ပိုင်ကားနဲ့ သွားတာ မဟုတ်ရင် ရထားနဲ့ပဲ သွားလို့ အဆင်ပြေ ပါတယ်။ အဲဒီအချိန်က လေယာဉ်ပျံ လက်မှတ် ဝယ်ရတာကခက် ကားဆိုတာလည်း အခုခေတ်လို အိတ်စပရက်စ် ကားတွေ မရှိတဲ့ အချိန်မို့ ရန်ကုန်နဲ့ မန္တလေး ကြားမှာ ရထားက လွဲရင် တခြား နည်းလမ်းနဲ့ သွားဖို့လာဖို့က သိပ်ပြီး အဆင်မပြေလှပါဘူး။ နောက်ပိုင်းမှာတော့ ရိန်းဘိုး အိတ်စပရက်စ်က စပြီး စကိုင်းလိုင်း၊ အဲရိုး၊ အဆာဟိ ယိုကို၊ လီယို စတာမျိုး အိတ်စပရက်စ် ကားလိုင်းတွေ တစ်ခုပြီး တစ်ခု အလျှိုလျှို ပေါ်လာကြပါတယ်။ အဲဒီ နောက်မှာတော့ ရန်ကုန် မန္တလေးကို အချိန်မမှန်တဲ့ ရထားနဲ့ သွားတာထက် စာရင် အချိန်မှန်တဲ့ကားကို ပိုရွေးဖြစ်ပါတယ်။

အခုတော့လည်း ကိုယ်ကြားဖူးတဲ့ ကားလိုင်း ဆိုလို့ မြမန္တလာထွန်း လောက်ပဲ ကျန်ပါတော့တယ်။ အိတ်စပရက်စ်ကား လက်မှတ်ဝယ်ဖို့ ဘာကားနဲ့ သွားရင်ကောင်းမလဲ မေးကြည့်တော့ ရွှေစင်စင်္ကြာ ဝယ်လို့ အကြံပေးကြပါတယ်။ ဒီလိုနဲ့ပဲ ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးကနေ ရွှေစင်စင်္ကြာ ကားနဲ့ပဲ မန္တလေးကို သွားဖြစ်ပါတယ်။ ကားပေါ် ရောက်တဲ့ အထိ ဘာမှ မထူးခြား သလိုပါပဲ။ စင်ကာပူ-မလေးရှား ဆွဲနေတဲ့ အိက်စပရက်စ်တွေလောက် မသားနားပေမယ့် မြန်မာပြည် အနေအထားနဲ့တော့ စီးပျော်တယ်ပဲ ပြောရပါမယ်။ ကားပေါ်မှာ မင်းမော်ကွန်းရဲ့ လူမိုက် လုပ်စားပြီး နေ့ချင်းညချင်း ဥုံဖွ ဆိုပြီး သူဌေးဖြစ်သွားတဲ့ ဗွီဒီယိုကို အောင့်အည်း သည်းခံ ကြည့်ရင်းနဲ့ပဲ အချိန်ကုန်မှန်း မသိ ကုန်သွားပါတယ်။ မြန်မာပြည်က ဇာတ်လမ်း ဆိုတော့လည်း ဝေဖန်စရာ အထူးအထွေ မရှိပါဘူး။ သူငယ်ချင်း တစ်ယောက် ပြောဖူးတဲ့ စကားကို သွားသတိရ ပါတယ်။ မင်းဘာသာမင်း အဋ္ဌာရသ (၁ဂ) ရပ်ကို မိုးပျံအောင် တတ်နေပစေ။ ဂွင်မရိုက် တတ်ရင် မြန်မာပြည်မှာ ကြီးပွားဖို့ မလွယ်ဘူး။ ဂွင်ရိုက်တတ်ရင်တော့ ဘာမှ တတ်စရာ မလိုဘူး။ သူ့အလိုလို ကြီးပွား သွားလိမ့်မယ် ဆိုတဲ့ စကားပါ။ ကိုယ့်မျက်စိ ရှေ့တင် နေ့ချင်းညချင်း နတ်ရေကန်ထဲ ခုန်ဆင်းလိုက်သလို သူဌေး ဖြစ်သွားတဲ့ သူတွေ မြင်ဖူး နေတော့လည်း သူပြောတဲ့ စကားက မှန်နေသလို ပါပဲ။

ဟိုးအရင်တုန်းက ရန်ကုန်-မန္တလေး ကားလမ်းဘေးမှာ ရေးထားတဲ့ ရန်ကုန်မှ မန္တလေးသို့ ၁၀ နာရီ အရောက် ခရီးပေါက် ဆိုတာ အခုတော့ တကယ် ဖြစ်နေပါပြီ။ ရန်ကုန်က ည ၈ နာရီ ထွက်တဲ့ ကားဟာ မန္တလေး အဝေးပြေးဝင်းကို မနက် ၅ နာရီ ကျော်မှာပဲ ရောက်ပါတယ်။ တိုးတက်လာမှုတွေလို့ ပြောရမလား မသိပါဘူး။ နောက်ထပ် တိုးတက်လာတာ တစ်ခုကတော့ မန္တလေးနဲ့ မေမြို့ကြားက သယ်ယူပို့ဆောင်ရေးပါ။ ပြင်ဦးလွင်ကို မရောက်ဖြစ်တာ ဆယ်စုနှစ် တစ်ခုကျော် ရှိပါပြီ။ ဘယ်လို သွားရမလဲလို့ မန္တလေးမှာ စုံစမ်းတော့ အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေး ဆိုတဲ့ ဗင်ကားတွေ ရှိတယ်။ ဖုန်းဆက်ခေါ်ရုံပဲလို့ ပြောကြပါတယ်။ ရှေ့ခန်း ၁ ယောက်၊ နောက်ခန်း ၃ ယောက်ပဲ တင်ပါတယ်။ ရှေ့ခန်းမှာ ထိုင်ရင် ၅၀၀၀ ပေးရပြီး နောက်ခန်းကတော့ ၄၅၀၀ ပါ။ မန္တလေးမှာ အိမ်အထိ လာခေါ်ပြီး ပြင်ဦးလွင်မှာလည်း ကိုယ်သွားချင်တဲ့ နေရာ အထိ လိုက်ပို့ပေးတဲ့ အတွက် အတော်ကို အဆင်ပြေပါတယ်။

တိုးတက်လာတာတွေ ရှိပေမယ့် တိုးတက်မလာတာကတော့ လူတွေရဲ့ စိတ်ဓာတ်ပါပဲ။ မန္တလေး အဝေးပြေးမှာဆင်းလို့ ကားစငှားကတည်းက ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် ဆိုတဲ့ သူတွေနဲ့ တွေ့ရတာ ပြင်ဦးလွင်က ပြန်ဆင်းလာတဲ့ အချိန် အထိ ပါပဲ။ လေးဘီးငှားရင်လည်း မတန်တဆတောင်းခံရ၊ ဆိုင်ကယ်ကယ်ရီ စီးမယ်ဆိုရင်လည်း မတန်တဆ အတောင်းခံရ၊ ရထားလုံး စီးမယ် ဆိုရင်လည်း မတန်တဆ အတောင်းခံရနဲ့ ကိုယ့်ပုံကိုယ် မှန်ထဲပြန်ကြည့်ပြီး အချဉ်ပုံ ပေါက်နေသလား ပြန်ဆန်းစစ်မိတဲ့ အထိပါပဲ။ ဥပမာ ပြင်ဦးလွင် ကန်တော်ကြီးကနေ မြို့ထဲ ဈေးအထိ ရထားလုံး ငှားတာ ၅ ထောင်ကျမယ် ဆိုတာမျိုးတော့ လွန်လွန်းပါတယ်။ သူ့မြင်းက အော့တိန်း ထည့်မောင်းရသလားတော့ မပြောတတ် ပါဘူး။ ရန်ကုန်မြို့ထဲ ညကြီးသန်းခေါင် ကားငှားစီးရင်တောင် ဒီလောက် တစ်ခါမှ မကျဖူးတာ ပြင်ဦးလွင်ကျမှ နေ့ခင်းကြောင်တောင် ဟိုနားဒီနား ၅ ထောင်ဆိုတော့ အချဉ်ဖမ်း မှန်း သိပ်သိသာပါတယ်။ ထိုင်းမှာ ဆိုရင်တော့ နိုင်ငံခြားသားမှန်း သိရင် ဂျင်းထည့်ချင်တာ သူတို့ အကျင့်လိုပါပဲ။ ဘန်ကောက်မှာတုန်းက ငါတို့နိုင်ငံ ဒီလောက်မဆိုးဘူးလို့ ပြောခဲ့တဲ့ စကား အခုတော့ ပြန်ရုပ်သိမ်းရ မလိုပါပဲ။ ထိုင်းမှာ နိုင်ငံခြားသားကို ဂျင်းထည့်ပေမယ့် ကျွန်တော်တို့ နိုင်ငံတော့ ကိုယ့်လူမျိုး အချင်းချင်းပါ ဂျင်းထည့် ပါတယ်။

ပြင်ဦးလွင်က ပြန်ဆင်းလာတော့ အရင်နာမည် ရှိပြီးသား ကားလိုင်း အဟောင်းတစ်ခုနဲ့ပဲ မန္တလေးက ပြန်လာ ဖြစ်ပါတယ်။ ကားနောက်ပိုင်းမှာ ကုန်တွေ တင်ထားတာ အပြည့်အသိပ်ပါပဲ။ အလာတုန်းက ပင်ပန်းနေလို့ ပတ်ဝန်းကျင် ကို မကြည့်ဖြစ်ပေမယ့် အပြန်တော့ လမ်းကို အသေအချာ ကြည့်ဖြစ်ပါတယ်။ ပလိပ်မြို့ အနီးအနား တံတားဦး လမ်းခွဲကနေ တဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းကို ဆက်ထားတာကို သတိထားမိပါတယ်။ လမ်းမှာတော့ ထုံးစံအတိုင်း မြက်ပင်ရယ်၊ ဓာတ်တိုင်ရယ်၊ ပလက်ဖောင်းရယ်၊ ကွန်ကရစ်ရယ်ပဲ ကြည့်စရာ ရှိပါတယ်။ ဒီမြင်ကွင်းကြီးကိုပဲ ငေးစိုက်ကြည့်ရင်းကြာတော့ အိပ်ငိုက်လာပါတယ်။ နောက်ဆုံး ညသန်းခေါင် အချိန် ၁၁၅ မိုင်စခန်းမှာ ကားရပ်မှပဲ နိုးပါတော့တယ်။ ၁၁၅ မိုင်စခန်းက မြန်မာနိုင်ငံ အနေအထား နဲ့တော့ အတော်လေး သန့်တယ် ပြောလို့ ရပါတယ်။

၁၁၅ မိုင်မှာ ကားရပ်တော့ မဆာပေမယ့်လည်း ညလယ်စာ အနေနဲ့ တစ်ခုခုတော့ စားလိုက်ပါတယ်။ စားသောက်ပြီးတော့ ကားရပ်ထားတဲ့ နေရာနား ပြန်လာခဲ့ပါတယ်။ ကားဘက်ကို လမ်းပြန် လျှောက်လာတဲ့အချိန် ရှေ့နားမှာ ကျွန်တော်တို့ ကားက ဒရိုင်ဘာနဲ့ စပယ်ယာ တစ်စု အရှေ့မှာ ခပ်သုတ်သုတ် လျှောက်ရင်း တစ်စုံတစ်ခုကို ရေရွတ်နေတာ လှမ်းတွေ့ရပါတယ်။
"အသေအချာ ပြောထားရက်နဲ့များကွာ။"
"အေးလေ။ ငါတို့ မပြောမိလို့ ဆိုရင်လည်း ထားပါတော့။"

သူတို့တွေ တစ်စုံတစ်ခုကို မကျေမနပ်နဲ့ ရေရွတ်နေမှန်း အတော်သိသာပါတယ်။ ဘာတွေ ပြသနာ တက်လာကြ သလဲတော့ မပြောတတ်ပါဘူး။ ကျွန်တော်တို့ ကားနား ပြန်ရောက်တော့ ကားတံခါးဝမှာ ဝိုင်းအုံနေတဲ့ လူ ၄ ၅ ယောက်ကို လှမ်းတွေ့ ရပါတယ်။ မိန်းမကြီး နှစ်ယောက်နဲ့ အခြား ယောက်ျားလေး ၂ ယောက် ၃ ယောက်ပါ။ ကားရှေ့ တံခါးပေါက်က မှန်ကတော့ ကွဲ နေတာကို တွေ့ရပါတယ်။ စပယ်ယာနဲ့ ဒရိုင်ဘာက ကား အပေါက်ဝ မှာ ရပ်ပြီ: ကားထဲကို လှမ်းကြည့်ကြပါတယ်။

"ဘယ်လိုဖြစ်ကြတာလဲ။"
"ခုန ကလေးက အိပ်နေလို့ နိုးသွားမှာ စိုးတာနဲ့ ကားပေါ်မှာ ထားခဲ့တာ။ အခု ပြန်လာတော့ ကလေးက သူ့ဘာသာသူ တံခါးပေါက်ကို လျှောက်လာပြီး ရှေ့တံခါးပေါက် ခြေနင်းခုံမှာ ဇောက်ထိုးမိုးမျှော် ဖြစ်နေပြီ။"
"ကလေးကို ဘာလို့ ထားခဲ့ရတာလဲဗျာ။ ကားပေါ်မှာ တစ်ယောက်မှ မနေခဲ့ပါနဲ့လို့ ကားပေါ်က မဆင်းခင်က ကျွန်တော်တို့ အသေအချာ ပြောထားရက်သားနဲ့။"
"ဟ။ ကလေးက အိပ်နေတာကို ဘယ်လိုလုပ်မလဲ။ မင်းတို့ ကားနားမှာ တစ်ယောက်တော့ အစောင့်ထားခဲ့ရမှာပေါ့ကွ။ မဟုတ်ဘူးလား။"
"အဲဒီလို မပြောနဲ့လေဗျာ။ တခြားကားတွေ လှမ်းကြည့်စမ်းပါဦး။ ဘယ်ကားကများ အစောင့်ထားခဲ့တာ ခင်ဗျားတို့ တွေ့သလဲ။"

စပယ်ယာက ကလေးကို လွတ်မလွတ်ကြည့်ပြီး အရှေ့တံခါးကို ဆွဲဖွင့်လိုက်ပါတယ်။ တံခါးပွင့်သွားတော့ ကလေးရဲ့ အမေက ကလေးကို ကောက်ပြီး ချီလိုက်ပါတယ်။ ကလေးကတော့ နည်းနည်း လန့်သလို ပုံစံပေါက်နေပေမယ့် မငိုပါဘူး။ စပယ်ယာက ခုန သူနဲ့ စကားပြောနေတဲ့ ကလေးရဲ့ အဖေကို လှမ်းပြောပါတယ်။
"ကားမှန်က ခင်ဗျား ခွဲပစ်လိုက်တာ မဟုတ်လား။"
"မဟုတ်ပါဘူး။ ကျွန်တော်တွန်းလိုက်တာ သူ့ဘာသာသူ ကွဲသွားတာ။"
"ခင်ဗျား အဓိပ္ပာယ် မရှိတာ မပြောနဲ့။ မှန်က သူ့ဘာသာသူ တွန်းလို့ ကွဲစရာ ဘာအကြောင်းမှ မရှိဘူး။ ဒီမှာကြည့်။"
စပယ်ယာက ကားတံခါးကို တွန်းပြီ: ကားမှန်တံခါးကို လက်ဖနောင့်နဲ့ ခပ်ဆတ်ဆတ် ရိုက်ပြပါတယ်။ သူက နှစ်ချက် သုံးချက် မှန်ပေါ်ကို ရိုက်ပြပြီ:တော့ ဟိုလူလည်း ဆက်မငြင်းတော့ ပါဘူး။ ငြင်းမယ့်သာ ငြင်းနေတယ် ကားမှန်ကို ခွဲထားလို့ သူ့လက်မှာ သွေးတွေက မြင်မကောင်းအောင် ရဲနေတာပါပဲ။

စပယ်ယာက သူ့မှန် ကွဲသွားတဲ့ အတွက် ၂ သောင်းခွဲ အလျော်တောင်း ရာကနေ နောက်ဆုံးမှာတော့ ၁ သောင်းခွဲနဲ့ တည့်သွားကြပါတယ်။ အားလုံး ကားပေါ်ပြန်တက်လို့ ရန်ကုန်ကို ခရီးဆက်ကြတဲ့ အချိန်မှာတော့ ညသန်းခေါင် အချိန်မတော် ထစားတဲ့ ထမင်းကြောင့်လားတော့ မသိပါဘူး။ အားလုံး တော်တော်နဲ့ ပြန်မအိပ်ဖြစ်ကြပါဘူး။ ဒီလိုနဲ့ပဲ အောင်မင်္ဂလာ အဝေးပြေးကို မနက် ၄ နာရီ စွန်းစွန်းမှာ ပြန်ရောက်ခဲ့ပါတယ်။

Tuesday, March 1, 2011

ဟိုင်းဝေးကားပေါ်မှာ(၁)

သမိုင်းလမ်းဆုံမှာ ၁ နာရီကျော်လောက် ထိုင်ပြီးတဲ့ အချိန်မှာတော့ မြန်မာစံတော်ချိန် ဆိုတဲ့ စကားလုံးက ခေါင်းထဲမှာ ပေါ်လာပါတယ်။ ည ၁၀ နာရီကျော် ကတည်းက အင်းစိန် လမ်းမဘေးက ပလက်ဖောင်းမှာ ငုတ်တုပ်ထိုင်နေခဲ့တာမို့ ည ၁၁ နာရီကျော်လာတဲ့ အချိန်မှာတော့ နည်းနည်းတော့ နှာကစ် လာပါပြီ။ ချောင်းသာ သွားဖို့ ကားလက်မှတ် ဝယ်ထားတာ လက်မှတ်ဝယ်တုန်းက ဘယ်နေရာက စီးလို့ အဆင်ပြေမလဲ မေးတာမို့ သမိုင်းလမ်းဆုံက စီးလို့ အဆင်ပြေတယ်လို့ ပြောလိုက်မိပါတယ်။ အဲဒါဆိုရင် သမိုင်းလမ်းဆုံ ကောင်းကြိုက် ဒန်ပေါက် ဆိုင်ရှေ့မှာ ည ၁၀ နာရီ စောင့်နေပါလို့ ကားလက်မှတ် ရောင်းတဲ့သူက မှာလိုက်ပါတယ်။ အခုတော့ ည ၁၁ နာရီ ကျော်နေပါပြီ။ ချောင်းသာ သွားမယ့်ကားက ဘယ်ကမ္ဘာရောက်နေသလဲ မသိပါဘူး။

ဒီညတော့ နည်းနည်းစောသေးလို့လား မသိပါဘူး။ လမ်းမပေါ်မှာ လပ်လျားလပ်လျား လုပ်နေတဲ့ ပုဂ္ဂိုလ်များကို မမြင်မိပါဘူး။ ရန်ကုန်နဲ့ အဆက်ပြတ်နေတဲ့သူများနဲ့ ရန်ကုန်မှာ ညဘက် အပြင်ထွက်လေ့ မရှိတဲ့သူများတော့ ကျွန်တော်ပြောတဲ့ ပုဂ္ဂိုလ်များ အကြောင်း သိကြမယ် မထင်ပါဘူး။ ကျွန်တော်တို့ အတွက်တော့ ရန်ကုန်ပြန်ရောက်ရင် ညဘက် အိမ်ပြန်တဲ့ အချိန်က ၁၂ နာရီကျော် ပုံမှန် ပါပဲ။ အဲဒီလို အချိန်မျိုး ဆိုရင် သမိုင်းလမ်းဆုံ ဒါမှမဟုတ် စော်ဘွာကြီးကုန်းမှာ လမ်းမပေါ် လန်းလန်း လန်းလန်း လုပ်နေတဲ့ အဲဒီပုဂ္ဂိုလ်များကို မြင်ရတတ်ပါတယ်။ ကားလာရင် တားမယ်။ ပြီးရင် ယာဉ်မောင်းနာမည် ပြောပါ ဆိုပြီး မေးမယ်။ အဲဒီလို မေးပြီးရင် ဘယ်မှာနေသလဲ မေးမယ်။ ပြီးရင် ယာဉ်မောင်း ဘယ်သူ ဘယ်မြို့နယ်ကဆိုတာ လှမ်းအော်မယ်။ အဲဒီအချိန် ဟိုဘက်မှာ စကားပြောစက်ကိုင်ပြီး ဟန်ရေးတပြပြ လုပ်နေတဲ့ သူက အဲဒီနာမည်ကို ပြန်ရွတ်မယ်။ ဘာရည်ရွယ်ချက်နဲ့ အဲဒီလို လုပ်နေကြတယ်ဆိုတာ မသိပေမယ့် ဝတ်ကျေတမ်းကျေ လုပ်နေတယ် ဆိုတာတော့ သေချာပါတယ်။

ဘာလို့လဲ ဆိုတော့ ယာဉ်မောင်းနာမည် ဘယ်သူလဲ မေးပေမယ့် မှတ်ပုံတင်တို့ လိုင်စင်တို့ တောင်းမကြည့်ပါဘူး။ အဲဒီတော့ ပါးစပ်က ရွတ်လိုက်တဲ့ နာမည် မှန်မမှန် သူတို့ ဘယ်လိုမှ မသိနိုင်ပါဘူး။ တကယ်တမ်း မဟုတ်တရုတ် လုပ်မယ့်သူကရော သူ့နာမည် အမှန် ပြောမတဲ့လား ဆိုတာ သူငယ်တန်းကလေးတောင် မေးကြည့်ရင် သိမယ့် ကိစ္စမျိုးပါ။ အဲဒီတော့ သူတို့ ဘာရည်ရွယ်ချက်နဲ့ လပ်လျားလပ်လျား လုပ်နေကြသလဲ ဆိုတာကို စဉ်းစားလို့ မရတာ အမှန်ပါပဲ။ အဲဒီထက် ဆိုးတာကတော့ ကျွန်တော်နဲ့ ကျွန်တော်သူငယ်ချင်း လွန်ခဲ့တဲ့ နှစ်ရက်လောက်က မြို့ထဲက ပြန်လာတော့ အဲဒီ ပုဂ္ဂိုလ်တစ်ယောက်က နာမည် မေးပါတယ်။ ကျွန်တော့်သူငယ်ချင်းက သူ့နာမည် ပြောလိုက်ပေမယ့် ဟိုပုဂ္ဂိုလ်က တလွဲကြား တလွဲအော်လိုက်ပြီးတော့ သွားလို့ ရပြီ ပြောတာမို့ ကျွန်တော်တို့ ရယ်ခဲ့ရ ပါသေးတယ်။

ချောင်းသာ ကားကတော့ အခုထက်ထိ ပေါ်မလာ သေးပါဘူး။ ည ၁၀ နာရီခွဲလောက်က ချောင်းသာ သွားမယ့် ဘတ်စ်ကားတစ်စင်း ဒီနေရာကို လာသွားတာမို့ နေရာ မမှားတာတော့  အသေအချာပါပဲ။ အဲဒီကားကို မေးကြည့်တော့လည်း နောက်ကားလာလိမ့်မယ် စောင့်ပါလို့ ပြောသွားပါတယ်။ ဒီလိုနဲ့ လည်ပင်း ညောင်ရေအိုးဖြစ်ရင်း ည ၁၁ နာရီ ကို တော်တော်လေး စွန်းပြီးတဲ့ အချိန်မှာတော့ ကားရောက်လာပါတယ်။ ကားပေါ်က စာရွက်ကြီး ကိုင်ပြီး ဆင်းလာတဲ့ စပယ်ယာက ကိုယ့်နာမည် ခေါ်ပါတယ်။ လမ်းဘေး ပလက်ဖောင်းပေါ်က ခုံမှာ ထိုင်နေရတဲ့ ဒုက္ခက ကင်းသွားပြီမို့ ပျော်ပျော်ပါးပါးကြီးပဲ ကားပေါ် တက်လာခဲ့ပါတယ်။

သမိုင်းလမ်းဆုံကနေ ဘုရင့်နောင်ဖက်ကို ထွက်ခဲ့ပေမယ့် ကျွန်တော်တို့ က နောက်ဆုံး တက်တာ မဟုတ်ပါဘူး။ နောက်ထပ် ကားပေါ်ကို ထပ်တက်ကြတဲ့ ခရီးသည်တွေ ကျန်ပါသေးတယ်။ ဘုရင့်နောင် လမ်းဆုံပြီးမှပဲ ကားပေါ်မှာ လူစုံသွားပါတယ်။ လူစုံသွားတော့ ကားပေါ်မှာ မိုက်ခရိုဖုန်းနဲ့ ကျွန်တော်တို့ မော်တော်ယာဉ်ဟာ ညောင်တုန်း အထိ မောင်းမှာ ဖြစ်တဲ့အကြောင်း၊ ညောင်တုန်းမှာ ညလယ်စာ စားဖို့ ကားရပ်ပေးမှာ ဖြစ်တဲ့ အကြောင်း၊ ညောင်တုန်းကနေ ပုသိမ်အထိ တောက်လျှောက်မောင်းမှာ ဖြစ်တဲ့ အကြောင်း၊ ပုသိမ် အထွက်မှာ ပေါက်တော ရပ်ပေးပြီးရင် တောင်အတက်လမ်းမှာ ဆင်တွေ ရှိတဲ့ အတွက် ပေါက်ချင်ရင်လည်း ကားရပ်ပေးမှာ မဟုတ်တဲ့ အကြောင်း၊  လိုအပ်တဲ့ အကူအညီ ရှိရင် ပိုက်ဆံချေးတာက လွဲရင် ကျန်တာ အကုန် အကူအညီတောင်းနိုင်တဲ့ အကြောင်း၊ အဲယားကွန်းအေးရင် ပိတ်ပေးဖို့ ပြောနိုင်ကြောင်း၊ အဲယားကွန်း အပေါက်ကို အဝတ်တွေ တစ်ရှူးတွေနဲ့ ထိုးမပိတ်ဖို့ မေတ္တာရပ်ခံ ပါကြောင်း ကြေငြာတာတွေ ကြားရပါတယ်။ အဲယားကွန်း ကိစ္စက ရှင်းပေမယ့် ပေါက်တော ကိစ္စကတော့ မရှင်းပါဘူး။ တောင်တက်လမ်းမှာ ပေါက်ချင်ရင် ဘယ်နှယ့်လုပ်ရပါ့။ ကားပေါ်မှာ ကြွတ်ကြွတ်အိတ်ထဲ ပေါက်ထည့်ပြီး ပြတင်းပေါက်ကနေ ဝဲရမှာလားလို့ စိတ်ထဲမှာ စဉ်းစားနေမိပါတယ်။ တဆက်တည်းမှာ အထက်တန်းကျောင်းမှာ ဆရာတစ်ယောက် ချောက်ကျဖူးတဲ့ အကြောင်းကိုလည်း သွားပြီး သတိရမိပါတယ်။

ကျွန်တော်တို့ တက်ခဲ့တဲ့ ကျောင်းမှာ ဖြစ်ခဲ့ဖူးတာပါ။ ကျောင်းသားနှစ်ယောက်က အပြင်ထွက်ဖို့ ဆရာ့ဆီမှာ ခွင့်တောင်းတော့ ဆရာက မင်းတို့ကောင်တွေ ခဏခဏ ထွက်နေတာပဲ။ ဒီလောက်တောင် မအောင့်နိုင်ရင်လည်း အတန်းထဲမှာပဲ ကိစ္စရှင်းလိုက်ကြဆိုပြီး ဘုတောပါတယ်။ အပြောခံရတဲ့ နှစ်ယောက်က ခပ်တည်တည်နဲ့ အခန်းရဲ့ နောက်ဆုံးကို သွား ပုဆိုးလှန်ပြီး နံရံကို ပန်းထည့်လိုက်တော့ ဆရာကြီးမှာ သူ့စကားနဲ့သူ ပြန်ပတ်ပြီး ချောက်ကျပါတော့တယ်။

ဒီလိုနဲ့ လှိုင်သာယာ အက်ဖ်အမ်အိုင် မြို့တော်ကို ကျော်အပြီးမှာတော့ ကျွန်တော် အိပ်ပျော်သွားပါတယ်။  ညောင်တုန်းမှာ ကားရပ်မှပဲ နိုးပါတော့တယ်။ ဒီနေ့တော့ ဘာမှ ထူးထူးခြားခြား စားချင်စိတ် မရှိပါဘူး။ ဒါနဲ့ပဲ လက်ဖက်ရည် တစ်ခွက် မှာသောက်ရင်း ချစ်လှစွာသော ဇနီးနဲ့ စကားထိုင်ပြော နေဖြစ်ပါတယ်။ ၁၅ မိနစ်လောက် ကြာပြီးတော့ ကားပြန်ထွက်ဖို့ အချိန်ရောက်လာတာနဲ့ ကားပေါ်ပြန်တက်ခဲ့ပါတယ်။ ကားပေါ် ရောက်ပေမယ့် ကားက မထွက်နိုင်သေးပါဘူး။ အဲဒီအချိန်မှာမှ တခု သတိထားလိုက်မိပါတယ်။ ကားပေါ်မှာ လူဖြူတစ်ယောက် ပါလာတာပါ။ သိုးဆောင်းလား နွားဆောင်းလား ဘာလူမျိုးလည်းတော့ မသိပါဘူး။ အဲဒီ အဖြူပုဂ္ဂိုလ်က အရှေ့မှာ ကားယားကားယား လုပ်နေရင်း သူ့ရဲ့ ခရီးဆောင် လွယ်အိတ် မရှိတော့ဘူးလို့ ပြောပါတယ်။ တိုင်တော့ ပတ်ပြီဆိုတာ သိလိုက်ပါတယ်။ ဒီပုံစံနဲ့တော့ ချောင်းသာတော့ ရောက်ဦးမှာပဲ။ ခဏအကြာမှာတော့ ကားပေါ်မှာ လူစုံသလောက် နီးပါး ဖြစ်နေပေမယ့် အဲဒီ အဖြူပုဂ္ဂိုလ်ရဲ့ ဘေးမှာ ထိုင်တဲ့ သကောင့်သားကလေး တစ်ယောက်ကတော့ ပြန်ပေါ်မလာပါဘူး။ အဲဒီတော့လည်း အားလုံးက ဒီသကောင့်သားကလေးပဲ ဒီအိတ်ကို အလစ်သုတ်ပြေးပြီလို့ တညီတညွတ်တည်း မှတ်ချက် ချလိုက်ကြပါတယ်။

ကားပေါ်က ဒရိုင်ဘာတွေ စပယ်ယာတွေ အားလုံး အလုပ်ရှုပ် ကုန်ကြပါတယ်။ အောက်ဆင်း ဟိုရှာ ဒီရှာ လုပ်ရင်း ရဲစခန်းပဲ သွားတိုင်ရတော့မလို အလစ်သုတ်သွားတဲ့ ကောင်နောက်ပဲ လိုက်ဖမ်းရတော့မလိုနဲ့ မြွေကိုက် ကုန်ကြပါတယ်။ စပယ်ယာ တစ်ယောက်ကတော့ အဲဒီကောင်လေးက ရန်ကုန်က တစ်ယောက်တည်း တက်လာပြီး ချောင်းသာမှာ ရောက်နှင့်ပြီးတဲ့ မိသားစုနောက်ကို လိုက်တာလို့ ပြောတဲ့အကြောင်း ပြန်ပြောပြပါတယ်။ ကားပေါ်က အခြားခရီးသည်များလည်း ပွစိ ပွစိနဲ့ ရေရွတ်ကုန်ကြပါတယ်။ ကျွန်တော့် ရှေ့မှာ ထိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတော့ အဖြူကောင်လည်း သူ့ပစ္စည်းသူ ဂရုစိုက်သင့်တာပေါ့။ ဒါမျိုးက တို့ စင်ကာပူမှာတောင် မရဘူးလို့ ပြောနေသံ ကြားလိုက် ရပါတယ်။ သူလည်း ကျွန်းပိစိကွေးက ပြန်လာတဲ့ တစ်ကျွန်းပြန် ဖြစ်တဲ့ အကြောင်းကို သိလိုက်ရပါတယ်။ ကျွန်းပိစိကွေးမှာ ဘာထူးခြားသလဲ ဆိုတော့ မလစ်ရင် မခိုးပါဘူး။ လစ်ရင်တော့ ခိုးပါတယ်။ ရယ်စရာကောင်းတာက ကားဘေးမှာ ပစ္စည်းများ ပျောက်တတ်တဲ့အတွက်ကြောင့် ကိုယ့်ပစ္စည်းကို ဂရုစိုက်ကြဖို့ နေရာအနှံ့ စာရေးထားတာ ပါပဲ။ တစ်ယောက်က အဲဒီစာတမ်းကို လက်ညှိုးထိုးပြပြီး မြန်မာလို ရေးထားတာကိုး။ နိုင်ငံခြားသားက ဘယ်ဖတ်တတ်မလဲ ပြောလို့ အားလုံး ဝိုင်းရယ်ကြပါတယ်။

ခဏနေတော့ အောက်ဆင်းပြီး ကေပိုး လုပ်နေကြတဲ့သူ အချို့ ကားပေါ်ကို ပြန်တက်လာပါတယ်။ အိတ်ကို ထမင်းဆိုင်ဝင်း အပြင်က ပိတ်ထားတဲ့ ကွမ်းယာဆိုင် ထဲမှာ မွှေနှောက်ပြီး ပစ်ခဲ့တဲ့ အကြောင်း၊ ကောင်လေးကိုတော့ မတွေ့ရတော့တဲ့ အကြောင်း သူတို့ဆီက သတင်းကြားရပါတယ်။ အဖြူကောင်လည်း သူ့အိတ်သူ ပြန်ရပြီမို့ ကျေနပ်သွားပါတယ်။ တစ်ချို့ကတော့ ပိုက်ဆံ ၇ သောင်း ပါသွားတယ် လို့ ပြောကြပါတယ်။ တစ်ချို့ကတော့ အိတ်ထဲမှာ စာရွက်စာတမ်းတွေချည်းမို့ ဘာမှ ပါမသွားဘူးလို့ ပြောကြပါတယ်။ ဘယ်သူပြောတာ အမှန်လဲတော့ ကိုယ်တိုင် ကေပိုး မလုပ်လိုက်ရလို့ မသိလိုက်ပါဘူး။ ဒီလိုနဲ့ ကားပေါ်မှာ ပြန်အိပ်ပျော်လာခဲ့တာ ဆင်များရှိသည် ဝိတ်မလျှော့ရ ဆိုတဲ့ နေရာကို ရောက်မှပဲ နိုးပါတော့တယ်။

Monday, February 21, 2011

Farmtown ကို အလည်အပတ်

ဖေ့စ်ဘွတ်ခ်ထဲမှာ Farmtown တို့ Farmville တို့ စတဲ့ ဂိမ်းတွေ ကစားရင်း ကိုယ့်စိုက်ခင်းလေးနဲ့ကိုယ် အပင်စိုက်လိုက် နွားမွေးလိုက် လုပ်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ အပတ်ကတော့ ပြင်ဦးလွင်ကို ပျားရည် သွားဆမ်းရင်း တကယ့် အပြင်လောကက စိုက်ခင်းကလေး တစ်ခုကို ရောက်သွားခဲ့ပါတယ်။


ပြင်ဦးလွင်မြို့အထွက် လားရှိုးမြို့ဘက်ကို သွားတဲ့ ကားလမ်းဘေးမှာပါ။ ပွဲကောက် ရေတံခွန်ကို ကျော်ပြီး ပိတ်ချင်းမြောင် လှိုဏ်ဂူရှိတဲ့ ဝက်ဝံရွာကို မရောက်ခင် နေရာမှာ ရှိပါတယ်။ အတိအကျ ပြောရရင် နောင်ချိုလွင်ပြင်ကို မဆင်းခင် လမ်းရဲ့ ဘယ်ဖက် အခြမ်းမှာပါ။ စိုက်ခင်းကလေးကို ဒီဇင်ဘာလို့ နာမည်ပေးထားပါတယ်။

စိုက်ခင်းကလေးရဲ့ အဝင်မှာ ကျေးလက်ဆန်ဆန် ဆောက်ထားတဲ့ စားသောက်ဆိုင်ကလေး ရှိပါတယ်။


စားသောက်ဆိုင်ကလေးကို ကျော်လွန်သွားရင်တော့ ယုန်ဖြူဖြူကလေးတွေ မွေးထားတဲ့ ယုန်အိမ်ကလေးနဲ့ မြက်ခင်းကလေးတစ်ခု ကို ရောက်ပါတယ်။


ယုန်အိမ်ကလေးကို ကျော်သွားပြီးတော့ ပန်းခင်းတွေ စိုက်ခင်းတွေကို လှမ်းမြင်ရပါတယ်။


စတော်ဘယ်ရီပင်အောက်မှာ ထိုင်ပြီး စိတ်ကူးယဉ်ချင်တဲ့သူတွေ အတွက် စတော်ဘယ်ရီခင်းပါ။


ဝါသနာပါရင် ကိုယ်တိုင်ကိုယ်ကျ စတော်ဘယ်ရီ ဝင်ခူးလို့ ရပါတယ်လို့ ကြော်ငြာထားပါတယ်။



စတော်ဘယ်ရီခင်းနဲ့ မလှမ်းမကမ်းမှာ အလှစိုက်ထားတဲ့ ပန်းခင်းတွေကို လှမ်းပြီး တွေ့ရပါတယ်။


စိုက်ခင်းတွေ ကျော်လာပြီးတော့ အုတ်ဖုတ်တဲ့ နေရာကို ရောက်ပါတယ်။ အနောက်မှာ မျက်စိတဆုံးမြင်ရတာကတော့ နောင်ချိုလွင်ပြင်ပါ။

  

နောက်ဆုံးမှာတော့ စိုက်ခင်းထဲမှာ ရှိတဲ့ နွားခြံကို ရောက်ပါတယ်။ နွားတော့ နွားပါပဲ။ ဖရီရှန်လား ဂျာစီလား စွပ်ကျယ်လား ဘာနွားလဲတော့ မသိပါဘူး။


အားလုံး ကြည့်ပြီးသွားတော့ စားဖို့သောက်ဖို့ အချိန်ကျပါပြီ။ အဲဒါကြောင့် အဝင်ဝက စားသောက်ဆိုင်ဖက်ကို ပြန်လှည့်ခဲ့ပါတယ်။


ကန်းထရီးဆန်အောင် မြက်ခင်းပေါ်မှာပဲ ထိုင်စားဖို့ ကြံပါတယ်။


နို့စားနွားတွေ မြင်တော့ နွားနို့သောက်ချင်စိတ် ပေါက်လာပါတယ်။ ဒါနဲ့ပဲ နို့မလိုင် မှာလိုက်ပါတယ်။


ဘလော့ဂါ ပီသသွားအောင် ဒီတစ်ခါတော့ မစားခင် ဓာတ်ပုံရိုက်လိုက်ပါတယ်။ ရှမ်းထမင်းချဉ်ပါ။

စားသောက်ပြီးတော့ အဝင်ဝမှာ ဝိုင်ရောင်းနေတာ မြင်လို့ ဝင်မြည်းကြည့်ပါတယ်။ ပိန္နဲဝိုင်ဆိုလို့ တစ်ခါမှ မသောက်ဖူးလို့ တောင်းသောက်ကြည့်တာပါ။ စိုက်ခင်းကို နှုတ်ဆက်ထွက်ခွာမယ် အကြံနဲ့ ကားဘေးကို အရောက်မှာတော့ လော့ခ်ချထားတဲ့ ဗင်ကားထဲမှာ ကျန်ခဲ့တဲ့ သော့တန်းလန်းကိုမြင်ပြီး ချွေးပျံသွားပါတယ်။ သွားပြီဟလို့ လိုက်ပို့ပေးတဲ့ သူငယ်ချင်းက အာမေဋိတ်သံ ပေးပါတယ်။ ဆိုင်ထဲသွားပြီး တစ်ခြား ဗင်ကား တစ်စီးက သော့ကို ငှားပြီး ဖွင့်ကြည့်ပေမယ့် မအောင်မြင်ပါဘူး။ ဆိုးလက်စ်သော့ ဆိုတော့ ဖွင့်မရပါဘူး။

ကျွန်တော်တို့ မြန်မာတွေ ကူညီချင်စိတ် ရှိကြပါတယ်။ ချက်ချင်းပဲ ဘေးနားမှာ ရှိနေတဲ့ တစ်ယောက်က သူဖွင့်ပေးမယ်လို့ ကမ်းလှမ်းပါတယ်။ နောက်တော့ ဆိုင်ထဲကို တူယူလာခဲ့ဟေ့ လို့ လှမ်းပြောသံ ကြားရတော့ မျက်လုံးပြူးသွား ပါတယ်။ သော့ကို တူနဲ့ပဲ ထုတော့မလား မှန်ပဲ ရိုက်ခွဲတော့မလား စဉ်းစားနေတုန်းမှာပဲ နောက်တစ်ယောက်က ဝါးတူတစ်စုံကို ယူပြီး ထွက်လာတာ မြင်မှ သူပြောတဲ့ တူဆိုတာ chopstick ကို ပြောမှန်း သဘောပေါက်သွားပါတယ်။ ဝါးတူတစ်စုံကို သူတို့ နှစ်ယောက် တစ်ယောက် တစ်ချောင်းခွဲပြီး တစ်ယောက်က ဒရိုင်ဘာဖက် အခြမ်း နောက်တစ်ယောက်က ခရီးသည် ထိုင်ခုံဖက် အခြမ်း ကနေ ဖွင့်ကြပါတယ်။ တံခါး လက်ကိုင်ကို ဆွဲမပြီး အောက်ကနေ လော့ခ်ကို တူနဲ့ ထိုးပြီး တင်တာပါ။ မိနစ်ပိုင်းလောက် ကြိုးစားအပြီးမှာတော့ ခရီးသည် ထိုင်ခုံဘက် အခြမ်းက တံခါးလော့ခ်ကို အောင်မြင်စွာ ဖွင့်နိုင်လိုက်ပါတယ်။

ဒီလိုနဲ့ပဲ စိုက်ခင်း အလည်အပတ် ခရီးစဉ် ချွေးပျံရင်း ပြီးဆုံးသွားပါတယ်။

Tuesday, November 30, 2010

သွားရင်း လာရင်း စားရင်း သောက်ရင်း

အမြဲတမ်း ခရီးထွက်နေရတာ ကောင်းတဲ့ အချက် ရှိသလို မကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။ မကောင်းတဲ့ အချက်ကတော့ လူမှုရေးနဲ့ ပတ်သက်ရင် အတော် ပျက်ကွက်ပါတယ်။ အမြဲတမ်း ခရီးထွက်နေရတော့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ သာရေးနာရေးတွေ သွားဖို့ အဆင်မပြေပါဘူး။ အပေါင်းအသင်းတွေနဲ့လည်း အဆက်အသွယ် ပြတ်ပါတယ်။ ဒါတင် မကသေး ပါဘူး။ ပြသနာ ရှာတတ်တဲ့ ရည်းစားရှိရင် ခရီးထွက်တဲ့ ကိစ္စကြောင့် တစ်ချိန်လုံး စကားများ နောင်ဂျိန်ချ နေရပါတယ်။ ဒီထက် ပိုဆိုးရင် ခရီးထွက်နေတုန်း ကိုယ့်ရည်းစား သူများ မ သွားတာပါ ခံရတတ် ပါတယ်။

ကောင်းတဲ့ အချက်တွေထဲမှာတော့ နေ့တိုင်း အစားအသောက်ကို တစ်နေ့တစ်မျိုး မရိုးအောင် စားနေ ရတာ ပါပါတယ်။ ကျွန်တော် ကိုယ်တိုင်က အစားအသောက်နဲ့ ပတ်သက်ရင် အစွဲအလမ်း သိပ်မကြီးပါဘူး။ မြန်မာအစားအစာ ကို ကြိုက်ပေမယ့် ကိုယ်မစားဖူးတဲ့ အစားအသောက်ဆိုရင် စမ်းပြီး စားကြည့်ချင် ပါတယ်။ အဲဒီတော့ ခရီးထွက်ရင်း တွေ့ကရာ လျှောက်စားနေရတာ ကျွန်တော့် နဲ့ အတော် ကီးကိုက်ပါတယ်။

ကျွန်တော် ခရီးထွက်ရင် တစ်ယောက်တည်း သွားဖြစ်တာ နည်းပြီး ဒေသခံ အေးဂျင့်တွေနဲ့ အတူ သွားဖြစ်တာက ပိုများပါတယ်။ အဲဒီတော့ နေ့လည်စာ ညနေစာ အတွက် သူတို့ပဲ ဦးဆောင်ပြီး စီစဉ်ပေးလေ့ ရှိပါတယ်။ အစပိုင်းကတော့ သူတို့က ဘာစားမလဲ မေးရင် anything လို့ ပြန်ဖြေနေကျပါ။ အဲဒီ အန်းနီးသင်း ဆိုတဲ့ စကားက အမေရိကန် အေးဂျင့်တစ်ယောက်နဲ့ အတူသွားတဲ့ အခေါက်မှာတော့ မှတ်လောက် သားလောက် ဖြစ်သွားပါတယ်။ အဲဒီ အချိန် ကတော့ သူက နေ့လည်စာ ဘာစားမလဲ မေးတော့ ကျွန်တော်က အန်းနီးသင်း လို့ ဖြေလိုက်ပါတယ်။ ဒါဆိုလည်း Subway မှာ ဆင်းဒဝစ် သွားစားကြတာပေါ့ ဆိုပြီး သူက ခေါ်လို့ ကျွန်တော်တို့ Subway ကို ရောက်သွားကြပါတယ်။

အဲဒီအချိန် အထိ ကျွန်တော် စင်ကာပူမှာ Subway တစ်ခါမှ မစားဖူးပါဘူး။ ဆိုင်ရောက်တော့ ဆင်းဒဝစ်ထဲ ကြိုက်တာထည့် ဆိုတော့ ပျားတုတ် ပါတော့တယ်။ ကျွန်တော်က ဆင်းဒဝစ်ဆို ချိစ်နဲ့ ငါးသေတ္တာကလွဲရင် ဘာမှ သိတဲ့ကောင် မဟုတ်ပါဘူး။ ကောင်တာနောက်က ဆင်းဒဝစ် လုပ်တဲ့သူက ဟိုဟာထည့်မလား မေးရင်လည်း ထည့်လိုက် ဒီဟာ ထည့်မလား မေးရင်လည်း ထည့်လိုက် လုပ်နေတာနဲ့ နောက်တော့ ကောင်တာထဲ ရှိသမျှ အစာ အားလုံးနီးပါး ထည့်ထားတဲ့ ဆင်းဒဝစ် တစ်ခု ထွက်လာပါတယ်။ ဘယ်လိုနေသလဲ မေးရင် အရမ်း ကောင်းပါတယ် (စိတ်ပျက်ဖို့)။ ဆင်းဒဝစ်က ပထမတစ်ကိုက် ကိုက်လိုက်ရင် ချဉ် နောက်တစ်ကိုက် ကိုက်လိုက်ရင်ဖန် နောက်တစ်ကိုက် ကိုက်လိုက်ရင် ခါးနဲ့ ဘယ်လို အရသာ ရှိမှန်းကို မသိတော့ပါဘူး။ နောက်နေ့ကစပြီး ကျွန်တော့်ကို ဘာစားမလဲ မေးရင် နည်းနည်း လေသံ ပြောင်းသွားပါတယ်။ ဘာဖြစ်ဖြစ် ဆင်းဒဝစ်က လွဲလို့လို့ သူတို့ကို ပြောတတ်ပါတယ်။

အမေရိကန်က စားသောက်ဆိုင်တွေထဲမှာ Chili's နဲ့ Ruby Tuesday ကို သဘောကျပါတယ်။ အမေရိကား သွားရင် ဒီနှစ်ဆိုင်ပဲ အရောက်များလို့လားတော့ မသိပါဘူး။ အခု စင်ကာပူမှာ Chili's ဖွင့်နေတာ တွေ့ပေမယ့် သွားမစားဖြစ် သေးပါဘူး။ အမေရိကန် ရောက်ခါစက စားသောက်ဆိုင်မှာ အအေးထပ်ဖြည့်မလားလို့ စားပွဲထိုးက မေးတော့ စင်ကာပူမှာလို ပိုက်ဆံ ထပ်ပေးရမယ် မှတ်လို့ မဖြည့်ဘူးလို့ ငြင်းပါတယ်။ အေးဂျင့်က အလကား ဖြည့်ပေးတာ ဘာဖြစ်လို့ မဖြည့်တာလဲ လို့ မေးမှ အဲဒီမှာ အအေးက ဖရီးဖလိုးမှန်း သိပါတယ်။ တစ်ခါတစ်လေတော့ မက်ကဆီကန် စားသောက်ဆိုင်ကို ရောက်ဖြစ် ပါတယ်။ မက္ကဆီကန် အစားအစာထဲမှာတော့ Fajitas ကို သဘောကျပါတယ်။ ပလာတာလိုလို နံပြားလိုလို အပြားတွေအပြင် မက္ကဆီကန် ထမင်းတွေပါ ပါတာမို့ အရသာစုံတယ် လို့ ထင်ပါတယ်။ တစ်ခါကတော့ အေးဂျင့်က မွန်ဂိုးလီးယား အစားအစာ စားမလား မေးတော့  မဆိုးပါဘူး။ အပြောင်းအလဲပေါ့ ဆိုပြီး သဘောတူလိုက်ပါတယ်။ ဆိုင်ကိုသွားရင်း မွန်ဂိုးလီးယား အစားအစာ ဆိုတာ ဘယ်လိုများ နေမလဲလို့ စိတ်ထဲမှာ တွေးနေပါတယ်။ ဆိုင်ရောက်တော့မှ မွန်ဂိုးလီးယားစာဆိုတာ တရုတ်စာ မှန်း သဘောပေါက် ပါတယ်။ ဘာမှ မကွာသလိုပါပဲ။ ဆူရှီတောင် ပါလိုက်ပါသေးတယ်။ (မွန်ဂိုမှာလည်း ဂျပန်တွေ ရှိလို့ နေမှာပေါ့။ :D )

ဥရောပမှာတော့ အစားအသောက် တော်တော်များများနဲ့ ပါးစပ်တည့်ပါတယ်။ ပါးစပ်နဲ့ မတည့်တာကလည်း ခပ်ရှားရှား မို့ နေမှာပါ။ တစ်ခါတုန်းက ဟော်လန် တောင်ပိုင်း အိုင်ဒိုဗင်မှာ ဆော့ဖ်ဝဲလ် သွားပြင်ရင်း တစ်ပတ်လောက် နေဖြစ်ပါတယ်။ တစ်နေ့တော့ ညနေဖက် ဟိုတယ်မှာ နှပ်နေတုန်း ဟော်လန်ရုံးက အင်ဂျင်နီယာ ရှန်ပေါလ်က ညနေစာ သွားစားဖို့ လာခေါ်ပါတယ်။ ကျွန်တော်က သူတို့ဆီမှာ ဧည့်သည်မို့ ထုံးစံအတိုင်း ဧည့်ခံတဲ့ အနေနဲ့ လိုက်ကျွေးတာပါ။ အိုင်ဒိုဗင် ဈေးထဲ ရောက်သွားတော့ သူက ကျွန်တော့်ကို ပြင်သစ်စာ စားချင်သလား၊ အီတလီစာ စားချင်သလား မေးပါတယ်။ ကျွန်တော်က ဟော်လန် ရောက်နေတုန်း ဒတ်ချ်အစားအသောက် စားကြည့်ချင်တယ်လို့ ပြောတော့ သူက ရယ်ပါတယ်။ နောက်တော့ ငါတို့ ဒတ်ချ် အစားအစာက ဆိုင်ဖွင့် ရောင်းတဲ့သူ ရှားတယ်။ အိမ်မှာ ချက်စားတာပဲ များတယ်လို့ သူက ကျွန်တော့်ကို ပြန်ပြော ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ အီတလီ စားသောက်ဆိုင်ပဲ ရောက်သွားကြပါတယ်။

၂ ရက် ၃ ရက်လောက်နေတော့ ကျွန်တော်နဲ့ ဥရောပမှာ အလုပ်တွဲလုပ်နေကျ အင်ဂျင်နီယာ မာ့က်ခ် ဂျာမနီက ပြန်လာပြီး ကျွန်တော့်ဆီ ရောက်လာပါတယ်။ သူနဲ့ ကျွန်တော် စက်ရုံမှာ ဆော့ဖ်ဝဲလ်ကို အပြီးသတ်ပြီးတော့ ကျွန်တော် အမြဲ နေနေကျနေရာ အုတ်ဟောက်စ်ရွာကို ပြန်ခဲ့ပါတယ်။ လမ်းမှာ ကျွန်တော်က သူ့ကို ဟိုနေ့က ရှန်ပေါလ်နဲ့ ညနေစာ သွားစားတဲ့ အကြောင်း ပြောရင်း ဒတ်ချ်အစားအစာ စားချင်တယ် ပြောတာ မရှိဘူး ပြောတဲ့ အကြောင်း သူ့ကို ပြန်ပြောပြ ပါတယ်။ သူက ဟုတ်တယ်။ ဆိုင်တွေမှာ ဒတ်ချ်အစားအစာ ဆိုပြီး ရောင်းလေ့ ရောင်းထမရှိဘူး။ ဒါပေမယ့် မင်းစားချင်ရင်တော့ ငါစီစဉ်ပေးမယ်လို့ ပြောပါတယ်။ နောက်တော့ သူ့အိမ်ကို ဖုန်းဆက်ပြီး သူ့မိန်းမကို ညနေစာ တစ်ယောက်စာ ပိုချက်ထားဖို့ လှမ်းမှာလိုက် ပါတယ်။ ကျွန်တော်လည်း အားလည်းနာတယ် ခင်လည်းခင်တယ်လေ ဆိုပြီး ဒတ်ချ်အစားအသောက် စားဖို့ သူ့အိမ် လိုက်သွား ပါတယ်။ သူကျွေးတဲ့ ဒတ်ချ် အစားအစာက ဘာလဲဆိုတော့ ဝက်အူချောင်း အကြီးကြီး တစ်ချောင်း၊ အာလူး နည်းနည်းပါးပါးနဲ့ အရွက်ကြော် တစ်ပွဲပါပဲ။ သူက ဒါ ငါတို့ ဒတ်ချ်တွေ စားနေကျ အစားအစာပဲလို့ ပြောပါတယ်။ အင်း ဒါကြောင့်လည်း ဆိုင်ဖွင့် မရောင်းကြတာကိုး ဆိုပြီးတော့ ကျွန်တော်လည်း သဘောပေါက်သွားပါတယ်။

အစားအသောက် နာမည် မခေါ်တတ်တာ အစားအသောက် နာမည်ကို နားမလည်တာလည်း ကွိုင်တစ်မျိုး ပါပဲ။ အိုင်ယာလန်မှာ ရောက်နေတဲ့ အချိန်တုန်းက ဟိုတယ် စားသောက်ခန်းမမှာ မီနူးကြည့်ရင်း Goat Cheese ဆိုတာကို ဆိတ်သားနဲ့ ချိစ်လို့ ကိုယ့်ဘာသာကိုယ် ခပ်တည်တည် ဘာသာပြန်ပြီး မှာထည့်လိုက်ပါတယ်။ စိတ်ထဲမှာတော့ ဆိတ်သားကို mutton မရေးဘဲ Goat လို့ ရေးထားတာ နည်းနည်း ထူးဆန်းနေတယ် ထင်ပါတယ်။ မှာထားတာ ရောက်လာလို့ အသားတစ်တုံးမှ ပါမလာတော့မှပဲ Goat Cheese ဆိုတာ ဆိတ်နို့က လုပ်ထားတဲ့ ချိစ်ကို ခေါ်တာ ဆိုပြီး နားလည်သွား ပါတယ်။ အသိနောက်ကျတော့လည်း ချိစ်နဲ့ပဲ အသားမပါဘဲ ကျေနပ် လိုက်ရပါတယ်။

မွေးကတည်းက ထမင်းစားလာတော့ ထမင်းနဲ့ ဝေးတာ ကြာရင် ပါးစပ်က မနေနိုင်ပါဘူး။ ဘယ်လောက် ကောင်းတာတွေပဲ စားနေရ ပါစေ ထမင်းစားချင်စိတ် ပေါ်လာတာတော့ အမှန်ပါပဲ။ အဲဒီ အချိန် ထမင်းသာ စားရရင် ဘယ်လိုပဲ စားလိုက်ရ စားလိုက်ရ ဆိုတာမျိုး စိတ်ထဲ က ဖြစ်လာတတ် ပါတယ်။ ထမင်း အကြောင်းပြောရင် ပင်ဆယ်ဗေးနီးယားက သူငယ်ချင်းကို သတိရ ပါတယ်။ ကျွန်တော် အမေရိကန် ရောက်တဲ့ အခါတိုင်း သူနဲ့ ဖုန်းပြော ဖြစ်ပါတယ်။ တစ်နေ့တော့ ကျွန်တော်တို့ ထမင်း အကြောင်း စကားစပ်မိလို့ ပြောကြရင်း သူက ငါတို့ဆီမှာ ဆန်မရှိဘူးကွ လို့ ပြောလို့ ကျွန်တော် အတော်လေး အံ့အားသင့် သွားပါတယ်။ အဲဒါနဲ့ ကျွန်တော်က သူ့ကို အဲဒါဆို ခင်ဗျား ထမင်း ဘယ်လိုစားသလဲ မေးတော့ ငါ အရင်တစ်ခေါက်က ကယ်လီဖိုးနီးယားကို အလည်သွားတုန်းက 10 Kg ရှိတဲ့ ဆန်တစ်အိတ် ဝယ်လာတယ်။ အဲဒါနဲ့ စားချင်စိတ် ပေါ်လာတိုင်း ချက်စားနေရတာပဲ လို့ သူက ကျွန်တော့်ကို ပြောပြပါတယ်။ ကျွန်တော့် စိတ်ထဲမှာ အတော်တော့ ထူးဆန်းနေပါတယ်။ အဲဒါကြောင့် နောက်နေ့ အေးဂျင့်ကို မင်းတို့ အမေရိကန်မှာ ဆန်ဒီလောက်တောင် ရှားရသလား မေးတော့ အေးဂျင့်က မရှားပါဘူးဟ။ ဝယ်လို့ ရပါတယ်။ ရိုးရိုးဆန် မရှိရင်တောင် ဆူရှီလိပ်တဲ့ဆန်တော့ ဘယ်နေရာ မဆို ဝယ်လို့ ရပါတယ် လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။ မင်းသူငယ်ချင်း ဝယ်လို့ မရဘူး ဆိုတာ ဘယ်နားဝယ်ရမှန်း မသိလို့ နေမှာပါ ဆိုမှပဲ ကယ်လီဖိုးနီးယားကနေ ပင်ဆယ်ဗေးနီးယား အထိ လေယာဉ်နဲ့ 10 Kg ဆန်တစ်အိတ်ကို တကူးတက သယ်လာရတဲ့ သူ့အဖြစ်ကို စဉ်းစားပြီး ပြုံးမိပါတယ်။

Saturday, November 6, 2010

ရောက်တတ်ရာရာ မလက်ကာအကြောင်း

မလက်ကာဆိုတာ မလေးရှားနိုင်ငံထဲမှာ ရှိတဲ့ မြို့တစ်မြို့ပါ။ စင်ကာပူနဲ့ ကပ်လျှက်ရှိတဲ့ ဂျဟိုးပြည်နယ်ရဲ့ ဘေးက မလက်ကာ ပြည်နယ်ထဲမှာ ရှိပါတယ်။ စင်ကာပူကနေ ဆိုရင် ကီလိုမီတာ ၂၅၀ လောက် ဝေးပြီး ဘတ်စ်ကားနဲ့ သွားမယ် ဆိုရင် ၃ နာရီလောက် သွားရပါတယ်။ ဂျဟိုးကနေ ကွာလာလမ်ပူကို သွားတဲ့ အဝေးပြေးလမ်းမကြီးရဲ့ နံဘေးမှာ ရှိပါတယ်။

ကျွန်တော်တို့လို ဆီမီးကွန်ဒတ်တာနဲ့ ဆက်စပ် အလုပ်လုပ်နေတဲ့ သူတွေအဖို့တော့ မလက်ကာက မကြာခဏ ရောက်ဖြစ်တဲ့ နေရာ တစ်နေရာပါ။ အဲဒီမှာ Vishay, Infineon နဲ့ NS (National Semiconductor) ကုမ္ပဏီတွေက ပိုင်တဲ့ စက်ရုံကြီး ၃ ရုံရှိပါတယ်။ ကျွန်တော်ကတော့ ကုမ္ပဏီတွေ လှည့်ပတ်ပြောင်းနေပေမယ့် ဆီမီးကွန်ဒတ်တာနဲ့ မကင်းနိုင်တာမို့ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်တဲ့ စက်တွေ၊ စက်ရုံမှာ သုံးတဲ့ ဆော့ဖ်ဝဲလ်တွေ အတွက် မကြာခဏ ရောက်ဖြစ်ပါတယ်။

အလုပ်ထဲမှာ အရင်က ကျွန်တော်နဲ့ အမြဲ အတူတူ အလုပ်တွဲလုပ်နေကျ အီလက်ထရစ်ကယ် အင်ဂျင်နီယာ တစ်ယောက် ရှိပါတယ်။ သူက မလက်ကာ သားပါ။ (မာလကာသား မဟုတ်ပါ။ :D) သူ့ဆီကနေ မလက်ကာနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေကို မကြာခဏ ဆိုသလို ကြားရတတ်ပါတယ်။ သူပြောပြဖူးတဲ့ တရုတ်နှစ်ကူး ဇာတ်လမ်းတစ်ပုဒ် က ဒီလိုပါ။ မလေးရှားမှာက ပြည်နယ်တိုင်းမှာ စူလတန် ဒါမှမဟုတ်ရင် ဒါတွတ် (Datuk) လို့ ခေါ်တဲ့ စော်ဘွားလိုလို ဘာလိုလို လူတွေ ရှိတတ်ပါတယ်။ မလက်ကာမှာ ရှိတာက ဒါတွတ်ပါ။ တစ်နှစ်တော့ မလက်ကာ ဒါတွတ်က တရုတ် နှစ်သစ်ကူးပွဲ လုပ်ဖို့ အတွက် တခြားပြည်နယ်တွေက ဒါတွတ်တွေ စူလတန်တွေ အားလုံးကို မလက်ကာ ပြည်နယ်ကို ဖိတ်ပါတယ်။ အဲဒီမှာ သူနဲ့ ပြည်နယ်ချင်း ကပ်လျှက် ဂျဟိုးပြည်နယ်က စူလတန်ကလည်း မလက်ကာကို လာပါတယ်။ ဂျဟိုး စူလတန်က မလက်ကာ ဒါတွတ်ကို "နောက်နှစ် ငါလာရင် တရုတ်နဂါး ကတာ မမြင်ချင်ဘူး။" ဆိုပြီး ပြောတယ်လို့ ဆိုပါတယ်။ မလက်ကာ ဒါတွတ်ကလည်း ဒေါသဖြစ်ဖြစ်နဲ့ "မမြင်ချင်ရင် မလာနဲ့ပေါ့ကွာ။ နောက်နှစ် မင်းကို မဖိတ်ဘူး။" လို့ ပြောလွှတ်လိုက်ပါတယ်တဲ့။ တရုတ်နှစ်ကူးမှာ တရုတ်နဂါးကတာ မမြင်ချင်ဘူး ဆိုတော့လည်း ဘယ်နှယ့် လုပ်ရပါ့ မလဲ။ အဲဒါနဲ့ နောက်နှစ်က စပြီး မလက်ကာမှာ တရုတ်နှစ်သစ်ကူးပွဲ လုပ်တိုင်း ဂျဟိုး စူလတန် တစ်ယောက်က လွဲပြီး ကျန်တဲ့ သူတွေ အားလုံး လာကြတယ် လို့ ဆိုပါတယ်။

ကျွန်တော့် အရင်ကုမ္ပဏီက အင်ဂျင်နီယာများ မလက်ကာမှာ ချောက်ကျခဲ့တဲ့ ဇာတ်လမ်း တစ်ပုဒ်လည်း ရှိပါသေးတယ်။ တစ်ခါက ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက် အင်ဂျင်နီယာ ၂ ယောက် မလက်ကာက စက်ရုံမှာ စက်သွားဆင် ကြပါတယ်။ စက်က စက်ရုံမှာ စမ်းနေတုန်း PLC ကတ်ဒ်တစ်ကတ်ဒ် လောင်သွားပါတယ်။ ကတ်ဒ်လောင် သွားတော့ မှာထားတဲ့ ကတ်ဒ်အသစ် တစ်ကတ်ဒ် မရောက်မချင်း သူတို့ ဘာမှ လုပ်လို့ မရပါဘူး။ အဲဒါကို ဉာဏ်ကြီးရှင် ၂ ယောက်က ရွှေဉာဏ်တော် စူးကြပါတယ်။

စက်ရုံထဲမှာ သူတို့လာပြီး ဆင်တဲ့ စက်နဲ့ ပုံစံတူ ကျွန်တော်တို့ ကုမ္ပဏီက ရောင်းထားတဲ့ စက်တစ်လုံး ရှိပါတယ်။ အဲဒီစက်က ပရိုဒတ်ရှင်း အတွက် လိုင်းထဲမှာ သုံးနေတာပါ။ သူတို့က အင်ဂျင်နီယာတွေကို ပြောပြီး စက်ကို ပရိုဒတ်ရှင်း ခဏ ရပ်ခိုင်းပါတယ်။ ပြီးတော့ စက်ထဲက ကတ်ဒ်ကို ဆွဲထုတ်ပြီး သူတို့စက်မှာ တပ်ကြည့်ကြပါတယ်။ ပြသနာကို မရှင်းဘဲ ကတ်ဒ် လဲထည့်တော့ နောက်ထပ်ထည့်တဲ့ ကတ်ဒ်ပါ လောင်သွားပါတယ်။ အဲဒီမှာ အကြီးအကျယ် ပြသနာ တက်တော့တာပါပဲ။ ပရိုဒတ်ရှင်းထဲက စက်က သူ့လျာထားချက် ပြည့်အောင် သုံးနေရတာပါ။ အဲဒီစက်က သူတို့ ပယောဂနဲ့ ဆက်ပြီး သုံးလို့ မရတော့တဲ့ အတွက် ပရိုဒတ်ရှင်း ရပ်သွားပါတယ်။ ကံဆိုးချင်တော့ အဲဒီလို စက်မျိုးထုတ်တာ ကျွန်တော်တို့ ကုမ္ပဏီ တစ်ခုတည်းပဲ ရှိပြီးတော့ အဲဒီစက်ရုံမှာလည်း လည်စရာကလည်း  တစ်လုံးတည်း ရှိပါတယ်။ အဲဒါနဲ့ စက်ရုံက ဒေါသဖြစ်ဖြစ်နဲ့ အဲဒီ ၂ယောက်စလုံးကို သူတို့ စက်ရုံကို နောက်ထပ် ဝင်ခွင့်မပေးဖို့ ဘလက်ခ်လစ်စ် ကြေငြာ လိုက်ပါတယ်။ ထူးထူးခြားခြား ကပ်စတန်မာ စက်ရုံမှာ အမည်မည်းစာရင်း ကြေငြာတာ ခံရဖူးတဲ့ အင်ဂျင်နီယာတွေ အနေနဲ့ သူတို့ ၂ ယောက်စလုံး ကျွန်တော်တို့ ကုမ္ပဏီမှာ ထူးထူးခြားခြား ပြောစမှတ်တွင် သွားပါတယ်။



Maritime Museum (Photo: wikimedia.org)
မလက်ကာဟာ UNESCO ရဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရာ ဒေသအဖြစ် ကြေငြာချက် စာရင်းဝင်တဲ့ မြို့တစ်မြို့ပါ။ အဲဒါကြောင့် မြို့ထဲမှာ ကြည့်စရာ ရှုစရာ အတော်ပေါပါတယ်။ စင်ကာပူမှာ အုန်းသီးကြီးများ တကားကား လုပ်နေတဲ့သူများ သွားသင့်တဲ့ မြို့တစ်မြို့ ဖြစ်တယ် ဆိုတာ အကြံပေးချင်ပါတယ်။ ဓာတ်ပုံရိုက်စရာ ရိုက်ကွင်း ကောင်းကောင်းတွေ အများကြီး ရှိပါတယ်။ စင်ကာပူကနေ မလက်ကာ သွားဖို့ကတော့ သိပ်မခက်ပါဘူး။ ခရန်းဂျီး (Kranji) အမ်အာရ်တီ ကနေပြီး နံပါတ် ၁၇၀ ဘတ်စ်ကားကို ဂိတ်ဆုံး စီးသွားရင် ဂျဟိုးဘက်က လာကင်း(Larkin) တာမင်နယ်မှာ ဂိတ်ဆုံးပါတယ်။ အဲဒီကနေ မလက်ကာ သွားတဲ့ အဝေးပြေးကား တက်စီးရင် ၃ နာရီလောက် စီးရပါတယ်။ မလေးရှား ရင်းဂစ် ၂၀ လောက်ပဲ ကျပါတယ်။ အဲဒီလို ရှည်ရှည်ဝေးဝေးတွေ လုပ်မနေချင်ဘူး ဆိုရင် စင်ကာပူ လာဗန်ဒါး (Lavender) နားမှာရှိတဲ့ ဂိုးဒင်းမိုင် အဆောက်အဦး (Golden Miles Complex) ကနေ မလက်ကာ ကားကို တိုက်ရိုက် စီးသွားလို့ ရပါတယ်။ ကားနဲ့မောင်းသွားမယ် ဆိုရင် စင်ကာပူ ကနေ ကွာလာလမ်ပူ သွားတဲ့ ဟိုင်းဝေးလမ်းကနေ အထဲကို နည်းနည်း ဝင်ရပါတယ်။

ဘလော့ခ်ပေါ်တင်ဖို့ ဓာတ်ပုံတွေ ကြိုးစားပမ်းစား ရိုက်ကြည့်ပေမယ့် ထုံးစံအတိုင်း အလုပ်မဖြစ်ပါဘူး။ အဲဒီတော့လည်း ထုံးစံအတိုင်း အင်တာနက်ကနေပဲ ရှာပြီး တင်လိုက်ပါတယ်။ ဒီသင်္ဘောကြီး ဘေးက ဖြတ်သွားတဲ့ အချိန် ညဖက်မို့ မီးတွေနဲ့ အတော်လှပါတယ်။ ဒါပေမယ့်လည်း ကားပေါ်က ရိုက်ရတာ တစ်ကြောင်း ဘလက်ဘယ်ရီက ကင်မရာက ညဖက် ရိုက်လို့ မကောင်းတာ တစ်ကြောင်းမို့ ကြည့်ဖို့ အဆင်ပြေတဲ့ပုံ မရလိုက်ပါဘူး။ အဲဒီနား ပတ်ဝန်းကျင်မှာ ဓာတ်ပုံ ရိုက်လို့ အတော်ကောင်းတယ် ဆိုတာတော့ သတိထားမိလိုက်ပါတယ်။

ကျွန်တော် ညဖက် နွန်ယာ (Nonya) အစားအသောက် သွားစားရင်း အဲဒီသင်္ဘော ဘေးကနေ ဖြတ်သွား ဖြစ်တာပါ။။ နွန်ယာဆိုတာက မြန်မာနိုင်ငံက ပန်းသေးတွေနဲ့ ခပ်ဆင်ဆင်ပါ။ တရုတ် လူမျိုးဖြစ်ပြီး မလေး အင်ဒိုနီးရှား ယဉ်ကျေးမှုနဲ့ ကြီးပြင်းလာတဲ့ သူတွေပါ။ မလက်ကာမှာ နွန်ယာ ယဉ်ကျေးမှုနဲ့ သက်ဆိုင်တာတွေ အများကြီး ရှိပြီးတော့ နွန်ယာ အစားအသောက်ကလည်း အတော် စားလို့ ကောင်းပါတယ်။ စင်ကာပူမှာ နွန်ယာ အစားအသောက် မြည်းကြည့်ချင် ရင်တော့ ဘူဂစ် ဂျန်းရှင်းနဲ့ မျက်စောင်းထိုးလောက် North Bridge လမ်းဘက် အခြမ်းမှာ နွန်ယာ ဘူဖေး ဆိုင် တစ်ဆိုင် ရှိပါတယ်။ သိပ်မဆိုးပါဘူး။ ဈေးကလည်း ၁၅ ဒေါ်လာ မကျော်တာမို့ စားလို့ တန်ပါတယ်။

မလက်ကာမှာ တခြား ဓာတ်ပုံရိုက်စရာ တူးမြောင်းတွေ၊ ၁၇ ရာစုက ဘုရားရှိခိုးကျောင်းတွေ နဲ့ တခြား ရှေးခေတ် ပုံစံဆောက်ထားတဲ့ အဆောက်အဦးတွေ အများကြီး ရှိပါတယ်။ မလက်ကာ အကြောင်းကို ဒီမှာ ရပ်ပါဦးမယ်။

Tuesday, November 2, 2010

ဆစ်ဒနီမှာ သဝေထိုးခဲ့စဉ်က

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆစ်ဒနီကို ရောက်ခဲ့ပါတယ်။ ဆစ်ဒနီနဲ့ မနီးမဝေးက မြို့တစ်မြို့မှာ ရှိတဲ့ ကျွန်တော့်ကျောင်းကို Lab လုပ်ဖို့ သွားရင်း လမ်းကြုံလို့ ဝင်ခဲ့တာပါ။ ဆစ်ဒနီကနေ တဆင့် သွားရတာမို့ ရောက်ရောက်ချင်း ကျောင်းရှိတဲ့မြို့ ကို မသွားသေးဘဲ ဆစ်ဒနီမြို့ထဲမှာ သဝေထိုးခဲ့ ပါတယ်။

လေဆိပ်ကနေ ရထားစီးလာပြီး စင်ထရယ် စတေရှင်မှာ မြို့ခံ သူငယ်ချင်း တစ်ယောက်နဲ့ ဆုံပါတယ်။ အဲဒီကနေမှ Circular Quay ဘူတာရုံကို ရထားစီးပြီး အော်ပရာဟောက်စ်ကို ချီတက်ခဲ့ကြ ပါတယ်။ ဆိပ်ကမ်းမှာ အဘော်ရီဂျင်းနီးစ်တွေ ဒစ်ဂျရီဒူးလို့ ခေါ်တဲ့ ပြောင်းကြီးမှုတ်ပြီး ဖျော်ဖြေနေတာ တွေ့တာနဲ့ ဓာတ်ပုံတစ်ပုံ ရိုက်ခဲ့ ပါသေးတယ်။

အဘော်ရီဂျင်းနီးစ်တွေ ဖျော်ဖြေနေတာပါ။

အလည်ခေါင်က ဘာအကွက်ကြီးလဲ ဆိုတော့ ကင်မရာ Lens ကို ဖုန်သုတ်ဖို့ မေ့သွားလို့ပါ။ အော်ပရာဟောက်စ်ရဲ့ အမှတ်တရ လက်ဆောင် သစ်သားပြားက အိမ်ရှေ့ဧည့်ခန်းမှာ ချိတ်ထားလို့ ပုံကိုတော့ အရင်ကတည်းက တွေ့ဖူးနေတာ ကြာပါပြီ။ အဲဒီ အချိန်မှပဲ အော်ပရာဟောက်စ်ကို တကယ် ရောက်ဖူးပါ တော့တယ်။ ဆိပ်ကမ်းကို လှည့်ပတ်ကြည့်ပြီး သူငယ်ချင်းကို ဟိုမေးဒီမေး လျှောက်မေး ဖြစ်ပါတယ်။ 

လက်ဆောင် ပစ္စည်းဆိုင်ထဲ ဝင်ကြည့်ဖြစ်ပေမယ့် ကျွန်တော့် သူငယ်ချင်းက ဒီမှာ မဝယ်နဲ့ ဈေးကြီးတယ်။ နေ့လည်မှ တရုတ်တန်းမှာ သွားဝယ်ကြမယ် ပြောလို့ ဘာမှတော့ မဝယ်ဖြစ်ခဲ့ပါဘူး။ အဲဒီကနေ မြို့ထဲ လမ်းလျှောက်လာကြ ပါတယ်။ ကျွန်တော် ရောက်သွားတာ တနင်္ဂနွေနေ့ မနက် ဆိုတော့ ဆစ်ဒနီ မြို့တစ်မြို့လုံး တိတ်ဆိတ် ခြောက်ကပ် နေပါတယ်။ ကျွန်တော့် သူငယ်ချင်းကတော့ ဒီမှာတော့ ဒီလိုနေ့မျိုး အပြင်မှာ ဘယ်သူမှ လျှောက်သွား မနေကြဘူး။ ကိုယ့်ခင်ရာမင်ရာ မိတ်ဆွေတွေ အိမ်ကိုပဲ သွားတတ် ကြတယ်လို့ ပြောပြ ပါတယ်။ အဖေက သူတို့ ဩစတေးလျမှာ နေတုန်းက သောကြာ စနေ နှစ်ရက်ဆိုရင် တရုံးလုံး အပြတ် သောင်းကျန်းကြပြီး တနင်္ဂနွေ ဆိုရင်တော့ အိမ်ထဲခွေနေ ကြတယ် လို့ ပြောပြတာ ပြန်သတိရမိ ပါသေးတယ်။ လမ်းမှာ ဖုန်းကတ်ဒ် ဝင်ဝယ်ပြီးတော့ ဗစ်တိုးရီးယား ဘုရင်မ အဆောက်အအုံကို လျှောက်ခဲ့ကြပါတယ်။ အဆောက်အဦးထဲမှာတော့ ဓာတ်ပုံ လျှောက်ရိုက် ဖြစ်ပါတယ်။

ဗစ်တိုးရီးယား အဆောက်အဦးထဲက တိုင်လုံးကြီးကို ရိုက်လာတာပါ။

ဗစ်တိုးရီးယား အဆောက်အဦး ထဲက နာရီပါ။

အဆောက်အဦးထဲ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်ပြီးတော့ ဒါလင်ဟာဘာ ဘက်ကို လျှောက်ခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ဒါလင်ဟာဘာမှာ နာဂစ်မုန်တိုင်း ရန်ပုံငွေ အတွက် လုပ်နေတဲ့ မြန်မာ ဖျော်ဖြေပွဲနဲ့ ကြုံပါတယ်။

နေပူကြီးထဲမှာ မင်းသမီး အဝတ်အစားနဲ့ ကနေကြတာ တွေးကြည့်ရုံနဲ့တင် အတော်အိုက်ပါတယ်။

ဓာတ်ပုံမှာ နေ့စွဲတောင် ပါသေးတယ်။

မြန်မာပွဲနဲ့တွေ့တော့ စင်ကာပူမှာ မစားရတဲ့ မြန်မာအစားအစာ ရှမ်းခေါက်ဆွဲ စားလိုက်ပါတယ်။ :P

အဲဒီကနေ ဆက်ပြီး တရုတ်တန်းကို ချီတက်ခဲ့ပါတယ်။ တရုတ်တန်းမှာတော့ လက်ဆောင်ပေးစရာ ပစ္စည်းတွေ ဝယ်လို့ အတော် ကောင်းပါတယ်။ ခုန ဝယ်လာတဲ့ ဖုန်းကတ်ဒ်လည်း သူငယ်ချင်း Activate လုပ်ပေးလို့ ပြောလို့ ရသွားပါတယ်။ ကိုယ့်ဘာသာကိုယ် Activate လုပ်ရင် သူတို့ ပြောတဲ့ လေသံကိုယ်နားမလည် ကိုယ်ပြောတဲ့ လေသံ သူနားမလည်နဲ့ အတော်ကို ရွာပတ်ဦးမှာပါ။ ဩစတေးလျမှာ ၅ ရက်လောက် နေတာ သူငယ်ချင်းတွေ ဖုန်းကတ်ဒ်တစ်ကဒ် ကုန်အောင် မပြောနိုင်ပေမယ့် ကျွန်တော်ကတော့ ၂ ကတ်ဒ်ခွဲလောက် ကုန်အောင် ပြောခဲ့ပါတယ်။

မြို့ထဲ ပတ်ပြီး ညနေစောင်းမှပဲ ရထားနဲ့ ကျောင်းရှိတဲ့ မြို့ကို သွားဖြစ်ပါတယ်။ တည်းမယ့် ဟိုတယ် ရောက်တော့ စင်ကာပူက လာတဲ့သူ အတော်များများ စင်ကာပူနဲ့ ယှဉ်ရင် ဈေးပေါတဲ့ ဘီယာတွေ ဝိုင်တွေ နင်းကန်မော့ပြီး အားလုံးလိုလို ကောင်းနေကြပါပြီ။

ဟိုတယ် ရောက်ရောက်ချင်း ရယ်စရာ တစ်ခုနဲ့ ကြုံရပါတယ်။ ကျွန်တော်နဲ့ အတူနေတဲ့ အခန်းဖော်က မေဂျာတူ မော်လဒိုက် နိုင်ငံသားပါ။ ကောင်တာမှာ သော့ယူပြီး အခန်းထဲ ဝင်သွားတော့ မီးတွေ အားလုံး ပိတ်ထားပြီး အခန်းထဲမှာ ဘယ်သူမှ ရှိတဲ့ပုံ မပေါ်ပါဘူး။ အဲဒီအချိန် ဖုန်းမြည်လာပါတယ်။ အတန်းထဲက တရုတ်မ တစ်ယောက်ဆက်ပြီး မော်လဒိုက်သား ကို မေးတာပါ။ ကျွန်တော်က မရှိဘူး ပြောတော့ ဘယ်သွားလဲလို့ မေးပါတယ်။ မသိဘူးလို့ ဖြေနေတုန်းမှာပဲ ဘေးနားမှာ ရှိတဲ့ ခုတင်ပေါ်က စောင်အဖြူထဲကနေ မည်းမည်း မည်းမည်းနဲ့ ဝုန်းကနဲ ဘာကြီးလဲ မသိဘူး ထွက်လာပါတယ်။ ရုတ်တရက် ဆိုတော့ လန့်ဖြန့်သွား ပါတယ်။ နောက်မှ စောင်အဖြူထဲက ထွက်လာတာ မော်လဒိုက်သား ကုလား ဆိုတာ သိလိုက်ရမှပဲ ပြုံးမိပါတယ်။ လူကောင်က ခပ်သေးသေး အသားကမည်းမည်း မီးပိတ်ပြီး စောင်အဖြူထဲ ဝင်နေတော့ ရုတ်တရက် ဘာမှန်း မသိလိုက်တာပါ။

မပြန်ခင် တစ်ရက်မှပဲ ဆစ်ဒနီကို ပြန်ရောက်ပြီး ညဘက် လည်ဖြစ်ပါတယ်။ သူငယ်ချင်းနေတဲ့ နေရာ ကိုရီးယားတွေ ပေါတဲ့ Strathfield မှာပဲ ညအိပ် ဖြစ်ပါတယ်။ အဲဒီညကတော့ ကက်စီနိုနဲ့ pub ပဲ ရောက်ခဲ့ပါတယ်။ သောကြာ စနေ မဟုတ်လို့ နိုက်ကလပ်တွေ ပိတ်ထားတာနဲ့ ကလပ်တော့ မရောက်ဖြစ်ခဲ့ပါဘူး။