Search This Blog

Showing posts with label စပိန်. Show all posts
Showing posts with label စပိန်. Show all posts

Monday, December 29, 2008

စန်တီယာဂိုဒီ ကွန်ပိုစတယ်လာ

စပိန်လို့ ပြောလိုက်ရင် ဘောလုံးပွဲ ကြည့်နေကြ သူတွေကတော့ မက်ဒရစ် (Madrid) ၊ ဘာစီလိုနာ (Barcelona) စတဲ့ နာမည်တွေနဲ့ ရင်းနှီးကြမှာပါ။ စန်တီယာဂိုဒီ ကွန်ပိုစတယ်လာ (Santiago De Compostella) ဆိုတဲ့ မြို့ကို ကြားဖူးတဲ့သူ နည်းပါလိမ့်မယ်။ ခရစ်ယာန် ဘုရားဖူးတွေ အတွက်တော့ ထင်ရှားတဲ့ မြို့တစ်မြို့ပါ။ တိုးတက်တဲ့ နိုင်ငံတွေမှာ စက်ရုံတွေက အလုပ်သမားခနဲ့ မြေနေရာ ဈေးသက်သာတဲ့ မြို့ငယ်လေးတွေမှာ ရှိတတ်တာ များပါတယ်။ ကျွန်တော်တို့လို စက်ရုံတွေနဲ့ ဆက်စပ်ပြီး အလုပ်လုပ် နေရတဲ့သူတွေ သွားဖြစ်ရင်လည်း အဲဒီလို မြို့ငယ်ကလေးတွေကို သွားဖြစ်တာ များပါတယ်။

ကျွန်တော် သွားခဲ့တုန်းက ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ် လေဆိပ်ကနေ စပိန်နိုင်ငံ မက်ဒရစ်ကို လေယာဉ်စီးပြီး မက်ဒရစ် ကမှတဆင့် ပြည်တွင်း လေကြောင်းလိုင်းကို ထပ်စီးပြီး သွားရပါတယ်။ အဲဒီမြို့ကလေးက တောင်ကုန်းတောင်တန်းတွေ ကြားမှာ ရှိတဲ့ မြို့ကလေးတစ်မြို့ပါ။




ကျွန်တော်တို့ ရောက်ရောက်ချင်း စတွေ့ရတဲ့ အခက်အခဲကတော့ ဘာသာစကား အခက်အခဲပါ။ ကျွန်တော်တို့ သွားတဲ့စက်ရုံက ဝန်ထမ်းတွေ အားလုံးနီးပါး စပိန်လိုပဲ ပြောကြပါတယ်။ အင်္ဂလိပ်လို လုံးဝမပြောကြပါဘူး။ ကျွန်တော်တို့နဲ့အတူ သွားခဲ့တဲ့ ဌာနေကိုယ်စားလှယ် ပေါ်တူဂီအင်ဂျင်နီယာ ဗက်စ်ကိုက စပိန်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့ အတွက် အဆင်ပြေ သွားပါတယ်။ ပထမဦးဆုံးနေ့ အစည်းအဝေးမှာ ကတည်းက အဲဒီကုမ္ပဏီက လူတွေ အားလုံးက စပိန်လိုပြောပြီး ကျွန်တော်တို့က အင်္ဂလိပ်လို ပြောကြပါတယ်။ ဗက်စ်ကို က ကျွန်တော်တို့ကြားမှာ ဘာသာပြန် ပေးပါတယ်။ ကျွန်တော်ကလည်း အဲဒီအချိန်က စပိန်စကား ဆိုရင် ဂရားဆိရ (Gracias) ဆိုတဲ့ ကျေးဇူးတင်ပါတယ် စကားတစ်လုံးကလွဲရင် ဘာမှ မတတ်ပါဘူး။ မယ်ဂူးစတာ့ (Me Gustas) တို့ တီရန်းနယ့် နိုဗီယို (Tienes novio)တို့ တယ်ကီရဲရို (Te quiero) တို့က နောက်မှ တတ်တာပါ။ :D
  • Me Gustas = I like you
  • Tienes novio = Do you have boyfriend?
  • Te quiero = I love you
အဲဒီစက်ရုံက ကျွန်တော်တို့ ရောက်သွားတော့ ဆောက်လက်စ အနေအထားမှာပဲ ရှိပါသေးတယ်။ အော်ပရေတာ ၃ ယောက်နဲ့အတူ စက်ရုပ်တွေ အများကြီး နဲ့ လည်ပတ်နေတဲ့ ကုန်ထုတ်လုပ်ရေးလိုင်း တစ်လိုင်း ရှိပါတယ်။ ကျွန်တော့်အတွက်တော့ အကြီးအကျယ် ပြသနာပါ။ ဘာလို့လဲ ဆိုတော့ အပူပေးစက်မရှိလို့ပါ။ အပြင်မှာ အပူချိန်က ၃ဒီဂရီ အောက်မှာပဲ အမြဲရှိတော့ ကျွန်တော့်မှာ အလုပ်ချိန် အပြည့် အနွေးထည် အင်္ကျီဝတ်ထားရပြီး ဒုက္ခအကြီးအကျယ် တွေ့နေပါတယ်။

ဒါပေမယ့် အဲဒီစက်ရုံက ဝန်ထမ်းတွေ အားလုံးက ပျော်တတ်ကြပါတယ်။ ကျွန်တော်တို့ ထရိန်နင်ကာလ တလျှောက်လုံး စပိန်လို ရယ်စရာတွေ ပြောလိုက် နောက်လိုက် ပြောင်လိုက်နဲ့ အတော် ပျော်စရာ ကောင်းပါတယ်။ ဗက်စ်ကိုကတော့ တပတ်လုံးလုံး ကျွန်တော်တို့နဲ့ စက်ရုံက ဝန်ထမ်းတွေ ကြားမှာ စကားပြန်ပေါ့။ သူတို့ကလည်း အံ့သြစရာ ကောင်းလောက်အောင်ကို အင်္ဂလိပ်လို တစ်ခွန်းမှကို မပြောကြတာပါ။ စက်ရုံမှာတွင် မကပါဘူး။ ဟိုတယ်မှာလည်း ပြသနာ တက်ပါတယ်။ ဟိုတယ်က ဧည့်ကြို ကောင်မလေးကို အင်တာနက် သုံးလို့ ရသလား မေးတော့ "Please speak Spanish." လို့ အင်္ဂလိပ်လို ပြောပါတယ်။ အဲဒါနဲ့ လက်လျှော့လိုက်ရပါတယ်။

အဲဒီမှာ ထူးထူးခြားခြား ယမကာ တစ်မျိုးကို မြည်းခွင့် ရခဲ့ပါတယ်။ အဲဒါကတော့ ဘလက်ကော်ဖီထဲကို ဝီစကီ လောင်းထည့်ထားတာပါ။ ညစာစားပြီးချိန် သောက်ရင် အရမ်းကို သောက်လို့ကောင်းပါတယ်။ သူတို့ အပြောအရတော့ ဝီစကီထဲကို ကော်ဖီ လောင်းထည့်တာနဲ့ ကော်ဖီထဲကို ဝီစကီလောင်းထည့်တာ မတူဘူးလို့ ဆိုပါတယ်။ စားသောက်ဆိုင် နံရံမှာ သူတို့ မြို့က နွားရိုင်းသတ်သမားတွေရဲ့ နာမည်ကို ပိုစတာအကြီးကြီးတစ်ခု အနေနဲ့ ချိတ်ထားပါတယ်။

စားသောက်ဆိုင်မှာ ထိုင်ပြီး စကားပြောရင်း စပိန်နိုင်ငံနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ် ကြားခဲ့ရပါတယ်။ ကျွန်တော့် မိတ်ဆွေနဲ့ အခြားစပိန် အင်ဂျင်နီယာ တစ်ယောက် သိပ်မကြာသေးခင်က စက်ပြင်ဖို့ စပိန်နိုင်ငံမှာ ရှိတဲ့ GUIPUZCOA နယ် ကို ရောက်သွား ခဲ့ပါတယ်။ တစ်နေ့ စက်ရုံကနေ ဟိုတယ်ကို ပြန်လာတော့ လမ်းမှာ လူတစ်စုက သူတို့ ကားကို တားပါတယ်။ ကားကို တားတဲ့သူတွေ အကုန်လုံး မျက်လုံးနဲ့ ပါးစပ် ပဲ အပေါက်ဖောက်ထားတဲ့ အကြမ်းဖက်သမား တွေဝတ်တဲ့ ခေါင်းစွပ်မျိုး တွေဝတ်ထားကြပါတယ်။ ပိုဆိုးတာက သူတို့အထဲက ၂ယောက်က ကားကို စက်သေနတ်နဲ့ တည့်တည့်ချိန် ထားပါတယ်။ ရုတ်တရက် ဆိုတော့ သူတို့ အားလုံး လန့်ဖြန့်သွားပါတယ်။ ဒါပေမယ့် ကားရပ်ပေး လိုက်တော့မှ ကားမောင်းတဲ့သူကို အရက်သောက် လာသလား ဆိုတာ Alcohol Test လုပ်ဖို့တားတဲ့ ယာဉ်ထိန်းရဲတွေ ဆိုတာ သိရပါသတဲ့။ နယ်ခံတွေကတော့ သူတို့ နယ်မှာ ကြမ်းလွန်းလို့ ခေါင်းစွပ်စွပ်မထားရင် နောက်နေ့ သေနတ်နဲ့ ချောင်းပြီး အပစ်ခံရနိုင်လို့ ဒါမှမဟုတ် ကားထဲမှာ ဗုံးလာထည့်သွားနိုင်လို့ ယာဉ်ထိန်းရဲတွေ အားလုံး အဲဒီလို ဝတ်ရပါတယ် လို့ ရှင်းပြကြ ပါတယ်။




အပေါ်က ပုံတွေက စန်တီယာဂိုဒီ ကွန်ပိုစတယ်လာ မြို့ရဲ့ ဓာတ်ပုံတွေပါ။ အမှန်တကယ်ကတော့ အဲဒီမြို့ကလေးက ဒီထက်မက အများကြီး လှပါတယ်။ ပြန်ခါနီးမှ ဓာတ်ပုံရိုက်ဖို့ သတိရလို့ လေဆိပ်မဆင်းခင် နေ့လည်စာစားတဲ့ စားသောက်ဆိုင်နား လှည့်ပတ်ရိုက်လာတဲ့ ပုံတွေပါ။

Sunday, December 28, 2008

ပညာလျှိုတတ်သူများ

တစ်ခါက ကျွန်တော်နဲ့ ခရီးတွေ အတူတူ သွားနေကျ ဖြစ်တဲ့ ဒတ်ခ်ျအင်ဂျင်နီယာ မာ့က်ခ် စင်ကာပူကို ရောက်လာပါတယ်။ စပိန်ကို ပို့ရမယ့် စက်တစ်လုံးကို လာပြီး Buy-off လုပ်တာပါ။ Buy-off ဆိုတာက စက်ကို မပို့ခင် သူတို့ သတ်မှတ်ပေးထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်မကိုက် နောက်ပြီး ဆော့ဖ်ဝဲအလုပ်လုပ်ပုံ စက်အလုပ်လုပ်ပုံ မှန်မမှန် သတ်မှတ်ထားတဲ့ အမြန်နှုန်းနဲ့ ကိုက်မကိုက် ဆိုတာတွေကို စစ်တာပါ။ ကျွန်တော်တို့တတွေ စက်ကိစ္စ အစည်းအဝေးခန်းထဲမှာ တိုင်ပင်ပြီး ထွက်လာတဲ့ အချိန်မှာ ကျွန်တော်တို့ဘေးက မှန်တွေချည်းကာထားတဲ့ အစည်းအဝေးခန်းမထဲမှာ အခြား အစည်းအဝေးတစ်ခု လုပ်နေပါတယ်။ အဲဒီ အစည်းအဝေးရဲ့ စားပွဲထိပ်ဆုံးခုံ မှာတော့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဥက္ကဌက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါတယ်။ မာ့က်ခ်က ကျွန်တော့်ကို လက်ညှိုးထိုးပြပြီး ရယ်ပါတယ်။

ဒီလိုနဲ့ စက်မှာ ပြသနာပေါင်း မြောက်များစွာ ဖြစ်ပြီး ကျွန်တော် စက်ဆင်ဖို့နဲ့ Training ပေးဖို့ စပိန်ကို မာ့က်ခ်နဲ့အတူ လိုက်သွားရပါတယ်။ စပိန်မှာ ညနေစာ စားရင်းနဲ့ ကျွန်တော်တို့ အာရှသားတွေနဲ့ ဥရောပသားတွေ ကွဲပြားခြားနားပုံ အကြောင်း စကားစပ် မိကြပါတယ်။ မာ့က်ခ်ရယ် ကျွန်တော်ရယ် ကျွန်တော်တို့ရဲ့ စပိန် ဌာနေကိုယ်စားလှယ် ပေါ်တူဂီအင်ဂျင်နီယာ ဗက်စ်ကို ရယ် ၃ ယောက် စကားပြောဖြစ်တာပါ။ မာ့က်ခ်က ကျွန်တော်တို့ ဥက္ကဌ အစည်းအဝေးထဲ အိပ်နေတဲ့ အကြောင်း စကားစပြန်ဖော်ပြီး ဒါမျိုး ဥရောပမှာဆိုရင်တော့ ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အဲဒီ နောက်ပိုင်းမှာ ကျွန်တော်တို့ အာရှသားတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ခံစားချက်တွေ အတွေ့အကြုံတွေကို ဆွေးနွေးဖြစ်ပါတယ်။ အဓိကကတော့ ပညာလျှိုတဲ့ အကြောင်းပါ။

ဗက်စ်ကို က အရင်တုန်းက ပေါ်တူဂီမှာ ရှိတဲ့ စက်ရုံတစ်ရုံမှာ အင်ဂျင်နီယာအနေနဲ့ အလုပ်လုပ်ဖူးပါတယ်။ သူတို့ စက်ရုံကို ဖျက်ပြီး မလေးရှားကို ရွှေ့ဖို့လုပ်တဲ့အချိန်မှာ မလေးရှားက အင်ဂျင်နီယာတစ်စု ရောက်လာကြပါတယ်။ သူတို့က မလေးရှားက အင်ဂျင်နီယာတွေကို စက်တွေနဲ့ ပတ်သက်ပြီး သင်ပေးကြပါတယ်။ အဲဒီမှာ ရောက်လာတဲ့ အင်ဂျင်နီယာတွေက တရုတ်က တစ်စု၊ မလေးက တစ်စု၊ ကုလားက တစ်စု စသည်ဖြင့် ၃ စု ကွဲနေပြီး တစ်စုနဲ့ တစ်စု ပေါင်းပြီး အလုပ်မလုပ်ကြပါဘူး။ တစ်စုကို သင်ပေးရင် နောက်တစ်စု ကို ပြန်သင်ပေးလေ့မရှိပါဘူး။ စက်နဲ့ ပတ်သတ်တဲ့ လက်စွဲစာအုပ်တွေကို တစ်ယောက်ကို ပေးရင် နောက်တစ်ယောက်ကို ပေးဖတ်လေ့ မရှိပါဘူး။ အဲဒါကြောင့် ဗက်စ်ကိုက တအံ့တသြနဲ့ မင်းတို့ စက်ရုံမှာ အလုပ်လုပ်ရင် ဒီလိုပဲလုပ်ကြလားမေးတော့ သူတို့ က မဖြေကြပါဘူး လို့ ဆိုပါတယ်။ မာ့က်ခ်ကလည်း ပညာလျှိုတဲ့ ကိစ္စကို ငါတို့ဆီမှာတော့ လုံးဝလက်မခံပါဘူး။ ငါတို့ဆီမှာ ပညာလျှိုရင် အဲဒီလိုကောင်ကို ကုမ္ပဏီက ချက်ချင်းထုတ်ပစ်တာ။ မင်းတို့ဆီမှာတော့ ထုံးစံပဲလို့ ထင်ပါတယ် လို့ ပြောပါတယ်။

မာ့က်ခ်မှာ အရင်တုန်းက ကျွန်တော့်နေရာမှာ လုပ်သွားတဲ့ ပြည်ကြီးတရုတ် အင်ဂျင်နီယာနဲ့ ပတ်သက်ပြီး မကျေနပ်မှုတွေ အတော်များများရှိပါတယ်။ ပညာလျှို လွန်းလို့ပါ။ တစ်ခုခု ပြသနာဖြစ်ရင် သူ့ဘာသာသူ ကြိတ်ရှင်းပြီး သူ့ကို အသိပေးလေ့ မရှိပါဘူး။ ဒါကမင်းကို ရှင်းပြလို့မဖြစ်ဘူး။ အရမ်း ရှုပ်ထွေးတယ် ဆိုပြီး အမြဲတမ်း လျှိုထားလေ့ ရှိပါတယ်။ ကျွန်တော်ကတော့ ကျွန်တော် တတ်သလောက် သူ့ကို အမြဲသင်ပေးလေ့ ရှိတဲ့အတွက် မာ့က်ခ်နဲ့ ကျွန်တော်က အလွန် အဆင်ပြေ ကြပါတယ်။ ကျွန်တော် မှားသွားရင်လည်း ပြုံးပြီး ငါဒီနေရာတော့ လွဲသွားပြီကွာ ဆိုပြီး ပြောရင် သူက လက်ခံပါတယ်။ အပြစ်တင်လေ့ မရှိပါဘူး။ ကျွန်တော့်ရဲ့ နားထဲမှာတော့ ကျွန်တော် အင်ဂျင်နီယာ ဖြစ်ခါစက ဆုံးမစကား ပြောသွားတဲ့ မြန်မာ အင်ဂျင်နီယာကြီး တစ်ယောက်ရဲ့ ဆုံးမစကားတွေ နားထဲစွဲနေပါတယ်။

ကျွန်တော် အင်ဂျင်နီယာဖြစ်ခါစက စက်ပြင်ဖို့ စင်ကာပူ တစ်ဖက်ကမ်း မလေးရှားနိုင်ငံမှာ ရှိတဲ့ ဂျဟိုး ဘာရူး ကို ရောက်သွားပါတယ်။ အဲဒီမှာ ကျွန်တော့်စက်က စောစောစီးစီး ပြင်လို့ ပြီးသွားပါတယ်။ စက်ရုံမှာ ရှိတဲ့ ကျွန်တော်နဲ့ ခင်နေတဲ့ လုံခြုံရေး ဝန်ထမ်းတွေက သူတို့ စက်ရုံကို ပိုင်တဲ့ စင်ကာပူ ကုမ္ပဏီက မြန်မာအင်ဂျင်နီယာ တစ်ယောက် ရောက်နေကြောင်းနဲ့ အခု ကင်တင်းန်မှာ ထိုင်နေကြောင်း သတင်းပေးပါတယ်။ အဲဒါနဲ့ ကျွန်တော် ကင်တင်းန်မှာ အဲဒီ အင်ဂျင်နီယာ အန်ကယ်လ်ကြီးနဲ့ သွားပြီး စကားပြော ဖြစ်ပါတယ်။

အဲဒီ အန်ကယ်လ်ကြီးက ကျွန်တော့်ကို လူမျိုးပေါင်းစုံနဲ့ အလုပ်လုပ်ခဲ့ဖူးတဲ့ သူ့ရဲ့ အတွေ့အကြုံတွေ ပြောပြပါတယ်။ စလုံးတွေက အလုပ်ထဲမှာ တခါတလေ ညစ်တတ်ပေမယ့် ပညာ မလျှိုတတ်တဲ့အကြောင်း ကုလားတွေက တော့ အဲဒီလို မဟုတ်ဘဲ အလွန်ပညာလျှိုတတ်တဲ့ အကြောင်း ပြောပြပါတယ်။ သူနဲ့ အတူတူ လုပ်ခဲ့တဲ့ ကုလားဆိုရင် သူပရိုဂရမ် ရေးနေတဲ့အချိန် အနားကနေ မသိမသာ သွားကြည့်ရင် ချက်ချင်း ရေးနေတာ ရပ်ပြီး အခြားအလုပ်ပြောင်းလုပ်ကြောင်း သူ့ကို မေးရင်လည်း ဘယ်တော့မှ သင်ပေးလေ့ မရှိကြောင်း ပြောပါတယ်။ ဒါပေမယ့် သူက ငါတို့ မြန်မာကို ဒါမျိုးလာလုပ်လို့တော့ ဘာရလိမ့်မလဲကွာ ဒီကောင် နေ့တိုင်း ရုံးတက်နိုင်တာမှ မဟုတ်တာ။ သူမရှိတဲ့အချိန် သူ့ရဲ့ HardDisk ကို အလုံးလိုက်ဖြုတ်ပြီး ကူးထား လိုက်တာပေါ့ဆိုပြီး ရယ်စရာအဖြစ် ပြန်ပြောပြပါတယ်။ အဲဒီကနေပဲ သူတို့ ဘယ်လို ပရိုဂရမ်ရေးတယ်ဆိုတာ လေ့လာခဲ့တယ် လို့ ဆိုပါတယ်။

နောက်တော့ သူက ကျွန်တော့်ကို ပညာဆိုတာ မလျှိုသင့်တဲ့အကြောင်း၊ တစ်ခုခုကို သူများကို သင်မပေးဘူး ဆိုရင် အဲဒီအလုပ်ကို အမြဲလုပ်ရမှာ ဖြစ်ပြီး အဲဒီထက် မြင့်တဲ့အလုပ်ကို ဘယ်တော့မှ လုပ်ဖို့ အခွင့်အလမ်းရှိမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းဆုံးမပါတယ်။ သူပြောတာ အကုန်မှန်ပါတယ်။ ကျွန်တော် ဆော့ဖ်ဝဲလ် အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့အချိန်မှာ ကျွန်တော့်ရဲ့ အဖွဲ့ထဲမှာ အားလုံးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ ပြောထားပါတယ်။ ကျွန်တော်ကို်ယ်တိုင် မှားသွားရင် မှားသွားတဲ့ အကြောင်း ဝန်ခံတဲ့အတွက် ကျွန်တော့်အဖွဲ့ထဲက အင်ဂျင်နီယာအားလုံး သူတို့ မှားရင်မှားတဲ့ အကြောင်း ဝန်ခံရဲ ကြပါတယ်။ အဲဒီအတွက် ကျွန်တော်တို့မှာ မလိုလားအပ်တဲ့ ပြသနာတွေအတွက် အချိန်ဖြုန်းစရာ မလိုပဲ အခြားအလုပ်တွေ လုပ်ဖို့ အချိန်ပိုရကြပါတယ်။ မာ့က်ခ်တို့လို စက်ရုံတွေကို သွားပြီး အလုပ်လုပ်ကြတဲ့ အင်ဂျင်နီယာတွေကိုလည်း တစ်ခုခု ပြသနာဖြစ်ရင် အသေးအမွှားပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဘယ်လို ဖြေရှင်းလိုက်တယ် ဆိုတာကို ရှင်းပြတဲ့အတွက် နောက်ထပ် ပုံစံတူ ပြသနာပေါ်ရင် သူတို့ဘာသာ ရှင်းနိုင်ကြပါတယ်။ ကျွန်တော်တို့ကို ညသန်းခေါင် ဖုန်းခေါ်ပြီး အနှောက်အယှက် မပေးကြပါဘူး။

အခုလို သတင်းအချက်အလက်တွေ အင်မတန်ကို ဖောင်းပွနေတဲ့ခေတ်ကြီးမှာ ပညာလျှိုတယ်ဆိုတာ အလွန်ကို အဓိပ္ပါယ် မရှိတဲ့ ကိစ္စပါ။ လူတိုင်း Google မှာ ရိုက်ပြီး ရှာရင် ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်ကို အလွယ်တကူ ရနိုင်ပါတယ်။ အားလုံးမဟုတ်ပေမယ့် အတော်များများကို တွေ့နိုင်ပါတယ်။ အဲဒီတော့ ကျွန်တော် ကိုယ်တိုင်လည်း ပညာလျှိုတယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စဆိုတာကို အကြွင်းမဲ့ လက်ခံထား မိပါတယ်။ ဒီနေရာတော့ ကျွန်တော်တို့ အာရှသားတွေမှာ ချို့ယွင်းချက် ဖြစ်နေသလားဆိုတာကို သူတို့ ပြောသလို ကျွန်တော် စဉ်းစားလိုက်မိပါတယ်။