Search This Blog

Showing posts with label ဖိလစ်ပိုင်. Show all posts
Showing posts with label ဖိလစ်ပိုင်. Show all posts

Sunday, August 29, 2010

မနီလာ ဒိုင်ယာရီ (၃)

မနီလာမှာ ကျွန်တော်ရှိနေတဲ့ အချိန်က ဖိလစ်ပိုင် တစ်နိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပလုဆဲဆဲ အချိန်ပါ။ အဲဒါကြောင့် မြို့ထဲမှာ ကားတွေနဲ့  စီတန်း လှည့်ပတ်ပြီး မဲဆွယ်နေကြတာ မကြာခဏ ကြုံရ ပါတယ်။ မြို့တော်ဝန် အရွေးခံမဲ့သူက ယာဥ်တန်းရဲ့ ရှေ့ဆုံး အမိုးပွင့်ကားတစ်စင်း ပေါ်မှာ မတ်တပ်ရပ်ပြီး လိုက်လာပါတယ်။ သူ့ရဲ့ အပေါင်းအပါတွေက နောက်မှာပါလာတဲ့ ကားတွေ ပေါ်ကနေ သူ့နာမည် ရေးထားတဲ့ စာတန်းတွေ အလံတွေကို ဝှေ့ယမ်းပြီး လိုက်အားပေး ကြပါတယ်။ အဲဒီလို ပုံစံနဲ့ မြို့ထဲကို လှည့်ကြတာပါ။ ရွေးကောက်ပွဲ အတွက် မဲဆွယ် ဟောပြောနေကြ တာလည်း နေရာတကာမှာ မကြာခဏ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်မှာ သုံးတဲ့ တာဂါးလော့ (Tagalog) စကားနဲ့ ပြောနေကြတာမို့ သူတို့ဘာတွေ ပြောနေ ကြသလဲတော့ နားမလည် ပါဘူး။ တာဂါးလော့ စကားမှာ မာဟာ ကီတာ (Mahal Kita) ဆိုတဲ့ နင့်ကို ငါချစ်တယ် အဓိပ္ပာယ် ရတဲ့ စကား တစ်လုံးပဲ နားလည်ပါတယ်။

ဖိလစ်ပိုင်က နိုင်ငံရေး အတော်နိုးကြားတဲ့ နိုင်ငံလို့ ထင်ရပါတယ်။ သတင်းစာ လွတ်လပ်ခွင့်လည်း အပြည့်အဝ ရှိပါတယ်။ အဲဒီအချိန်က GMA လို့ လူသိများကြတဲ့ အာရိုယိုနဲ့ သူတို့ဆီက ကျော်ဟိန်းလို နာမည်ကြီးတဲ့ မင်းသား ဖာနန်ဒို ပိုး ဂျူနီယာတို့ သမ္မတ ရွေးပွဲမှာ အားပြိုင်လို့ ကောင်းနေကြတဲ့ အချိန်ပါ။  အာရိုယိုက အရင်က ဖိလစ်ပိုင်ရဲ့ ဒုတိယ သမ္မတပါ။ သမ္မတ ဂျိုးဆက် အက်စထရာဒါ ပြုတ်သွားတဲ့ အတွက် သမ္မတ ဖြစ်လာခဲ့ ပါတယ်။ အာရိုယိုက အစောပိုင်းမှာ သမ္မတ အနေနဲ့ ဝင်အရွေး မခံဘူးလို့ ပြောထား ပြီးတော့မှ နောက်ပိုင်း စိတ်ပြောင်းသွားပြီး သမ္မတ အနေနဲ့ ဝင်အရွေးခံ ပါတယ်။ ဖိလစ်ပိုင် သတင်းစာမှာ ထောင်ထဲရောက်နေတဲ့ ဂျိုးဆက် အက်စထရာဒါကို အင်တာသွားဗြူးပြီး ရွေးကောက်ပွဲ အကြောင်း ထင်မြင်ချက် တောင်းတာမျိုးလည်း ပါတတ်ပါတယ်။ လက်ရှိ သမ္မတ ဖြစ်နေတဲ့ အာရိုယိုကို နှိပ်ကွပ်တဲ့ သတင်းမျိုးတွေလည်း ဖတ်ရတတ် ပါတယ်။ ဟိုတယ်မှာ နေတဲ့အချိန် ဆိုတော့ မနက်ခင်း မိုးလင်းရင် သတင်းစာ တစ်စောင်က အခန်းဝမှာ ရောက်နေတတ်တာမို့ သတင်းစာတော့ နေ့တိုင်း ဖတ်ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အကြောင်း ခဏထားပြီး မနီလာရဲ့ ညတွေ အကြောင်းကို ဆက်ပါဦးမယ်။ ကလာယန်က ပြန်လာပြီးတော့ နောက်ပိုင်း ညတွေမှာတော့ မနီလာ ဟတ်ဒ်ရော့ခ် ကဖေးကိုပဲ ရောက်ဖြစ်ပါတယ်။ ဝင်ကြေး ယူအက်စ် ၇ ဒေါ်လာနဲ့ အဖျော်ယမကာ ၂ ခွက် အလကား သောက်ရတာမို့ အတော်တန်တယ် ပြောလို့ ရပါတယ်။ မှတ်မှတ်ရရ ကျွန်တော်တို့ အုပ်စုထဲက အင်ဂျင်နီယာ တစ်ယောက် အရက် မသောက်ချင်ဘူး ဆိုပြီး Long Island Tea ဆိုတာကို ဘာမှန်း ညာမှန်းမသိပဲ မှာသောက်တာ နောက်တော့မှ ကျွမ်းပစ်နေလို့ ဟိုတယ်ကို ထမ်းမပို့ရုံ တမယ် တွဲပြီး ပြန်ရပါတယ်။ Long Island Tea ဆိုတာ ရမ် နဲ့ စပ်ထားတဲ့ အဖျော်ယမကာ တစ်မျိုးပါ။

သုံးပတ်လောက် ကြာတော့ ဗီဇာကုန်သွားလို့ စင်ကာပူကို တပတ်လောက် ခဏပြန်ပြီးမှ မနီလာကို နောက်တစ်ခေါက် ထပ်ရောက် ဖြစ်ပါတယ်။ အဲဒီတုန်းက ဇာတ်လမ်းတစ်ခုကို ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ် ဆိုတဲ့ နာမည်နဲ့ ပို့စ်တစ်ခု ရေးခဲ့ဖူးပါတယ်။ ဒီတစ်ခါတော့ ကျွန်တော် တစ်ယောက်တည်း ပြန်ရောက်လာတာပါ။ ကျန်တဲ့ သူတွေအားလုံး နောက်မှ လိုက်လာမယ် ဆိုပြီး စင်ကာပူမှာ ကျန်နေခဲ့ကြပါတယ်။ စက်ရုံမှာ အနေကြာပြီမို့ ကျွန်တော်နဲ့ စက်ရုံက အင်ဂျင်နီယာတွေနဲ့ အဖွဲ့ကျ နေပါပြီ။ တစ်နေ့တော့ သူတို့ အုပ်စုထဲက ၃ ယောက် ရာထူးတက်တဲ့ အထိမ်းအမှတ် အနေနဲ့ နိုက်ကလပ်မှာ ပွဲလုပ်မှာမို့ ကျွန်တော့်ကို သူတို့နဲ့ အတူ လိုက်ခဲ့ဖို့ ခေါ်ပါတယ်။ အဲဒီ အချိန်က တစ်နေကုန် စက်ရုံထဲမှာ စက်တွေနဲ့ လုံးပမ်းပြီး ဖြစ်သမျှ ပြသနာ အားလုံးကို တစ်ယောက်တည်း ဒိုင်ခံ ရှင်းနေရတာမို့ ညနေဆိုရင် ဟိုတယ်မှာ ပြန်ပြီး နားချင်တဲ့စိတ်ပဲ ရှိပါတယ်။ ဘယ်ကိုမှ မသွားချင်ပါဘူး။ အဲဒါကြောင့် အလုပ်များနေလို့ မလိုက်ချင်ဘူးလို့ ယဥ်ယဥ်ကျေးကျေးပဲ အကြောင်းပြပြီး ငြင်းလိုက်ပါတယ်။ ဒါပေမယ့်လည်း သူတို့က ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဖိလစ်ပိုင် ကန်းထရီး မန်နေဂျာ ကနေ တဆင့် ကျွန်တော့်ကို ပြောခိုင်းတာနဲ့ ငြင်းလို့ မရတော့ပဲ သူတို့ အုပ်စုနဲ့ အတူ  ပါသွားပါတယ်။ သူတို့ကတော့ မင်း ငါတို့နဲ့ ဒီည လိုက်လာလို့ နောင်တ မရစေရဘူးလို့ အာမခံပါတယ်။

စက်ရုံက စထွက်တော့ သုံးဘီးဆိုင်ကယ်နဲ့ ချောင်ကြိုချောင်ကြားက ထမင်းဆိုင် တစ်ဆိုင်ကို အရင်ဆုံး သွားကြပါတယ်။ ဒီလူတွေ ဘာကိစ္စနဲ့ ဒီလို ချောင်ကြိုချောင်ကြားက ထမင်းဆိုင်ကို လာရတာလဲ ဆိုတာ မတွေးတတ်လို့ ဘာလုပ်မလို့လဲ လို့ မေးကြည့် မိပါတယ်။ သူတို့က ဒီမှာ စပါယ်ရှယ်ဟင်း ရတယ်။ တခြားနေရာမှာ မရဘူး လို့ ပြောပြပါတယ်။ သူတို့ ပြောတဲ့ စပါယ်ရှယ်ဟင်းက တခြားတော့ မဟုတ်ပါဘူး။ ဖိုက်တင်းဘောပါ။ ကျွန်တော့်ကတော့ အဲဒီဟင်းကို နာမည်ကြားရုံနဲ့တင် မစားချင်တာနဲ့ ရိုးရိုးဟင်း တစ်မျိုးနဲ့ပဲ စားပါတယ်။ အဲဒီအချိန်က ဖိုက်တင်းဘောရဲ့ အစွမ်းသတ္တိများကို မကြားဖူး ပါဘူး။ သူတို့ကတော့ ဒီညအတွက် ဒါစားမှ ဖြစ်မယ်လို့ ကြုံးဝါးပြီး စားကြပါတယ်။

ထမင်းဆိုင်ကနေ ထွက်တော့ ဘတ်စ်ကား စီးပြီး ခရီးဆက်ခဲ့ကြ ပါတယ်။ ကျွန်တော်လည်း လိုက်သာ လိုက်လာရတယ်။ သူတို့ ဘယ်ကို ဦးတည်သွားနေတယ် ဆိုတာကို မသိပါဘူး။ မြို့လည်ခေါင် မဟုတ်တဲ့ နေရာတစ်နေရာကို ရောက်တော့ ဘတ်စ်ကားပေါ်က ဆင်းပြီး ဂျစ်ပနေး စီးကြပါတယ်။ အဲဒီနေရာကို ကူဘောင်း (Cubao) လို့ ခေါ်တယ်လို့ သူတို့က ကျွန်တော့်ကို ပြောပြပါတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ ဦးတည်သွားနေတဲ့ နိုက်ကလပ်ကို ရောက်ခဲ့ကြပါတယ်။

နိုက်ကလပ် အဝင်ဝမှာ လုံခြုံရေးအစောင့်တွေက ကျွန်တော်တို့ ဖုန်းတွေ အားလုံးကို စစ်ပါတယ်။ ကင်မရာ ပါတဲ့ ဖုန်းတွေ အားလုံးကို Memory ကတ်ဒ် ဖြုတ်ယူ ထားပါတယ်။ အဲဒီကတည်းက တစ်ခုခုတော့ တခုခုပဲ ဆိုတာ စိတ်ထဲမှာ သိလိုက်ပါတယ်။ ဝင်ကြေးကတော့ ပီဆို ၁၂၀ ဆိုတော့ စင်ကာပူ ၄ ဒေါ်လာလောက် ကျပါတယ်။ တံခါးဖွင့်ပြီး အထဲကို ဝင်လိုက်တော့ မျက်လုံးပြူးသွားပါတယ်။ အော် ဖိလစ်ပိုင်မှာ ဒီလောက် ဆင်းရဲတဲ့ ကောင်မလေးတွေလည်း ရှိသေးတယ် ဆိုတာကို ဆိုတာကို မျက်ဝါးထင်ထင် မြင်လိုက်ရလို့ပါ။

စင်မြင့်ပေါ်မှာ Gun N' Roses ရဲ့ November Rain သီချင်းနဲ့ ကောင်မလေး တစ်ယောက် ကနေပါတယ်။ အဲဒီ ကောင်မလေးရဲ့ တစ်ကိုယ်လုံး မိတ်ကပ် လူးထားပါတယ်။ ဖိလစ်ပိုင်မှာ တွေ့ခဲ့ဖူးသမျှ တခြား ကောင်မလေးတွေနဲ့ ယှဥ်ရင် အဲဒီကောင်မလေးက တော်တော့်ကို ချောတယ်လို့ ပြောလို့ ရပါတယ်။ သူတို့က ကျွန်တော့်ကို ကလပ်ထဲ ခေါ်သွားပြီး စင်မြင့်ဘေးက ခုံတစ်ခုံမှာ နေရာချပေးပါတယ်။ ဧည့်သည်မို့လို့ မြင်ကွင်း အကောင်းဆုံး နေရာမှာ ချပေးတာ ဖြစ်မှာပါ။ ခဏနေတော့ ကောင်မလေးက စင်ပေါ်မှာ ကနေရင်း ကနေ စီးကရက် တစ်လိပ်ကို မီးညှိပြီး ထိုင်ချ လိုက်ပါတယ်။ နောက်တော့ ထိုင်ရက်နဲ့ ဆေးလိပ်သောက်ပြပါတယ်။ စီးကရက်ကို အပေါ်နှုတ်ခမ်းနဲ့ မသောက်ဘဲ အောက်နှုတ်ခမ်းနဲ့ သောက်ပြတာမို့ ကလပ်ထဲမှာ လက်ခုပ်သံတွေ ဆူညံသွားပါတယ်။

ကျွန်တော်နဲ့ အတူပါလာတဲ့ ဖိလစ်ပိုင် အင်ဂျင်နီယာ တစ်ယောက်က ငါအနောက်ထဲ ဝင်လိုက်ဦးမယ်။ ဆိုပြီး စပ်ဖြဲဖြဲနဲ့ ဝင်သွားပါတယ်။ ခဏနေတော့ နောက် ကောင်မလေး တစ်ယောက် တက်လာပါတယ်။ ကောင်မလေး ပုံစံက အခုမှ စပြီး ကဖူးတာ ဆိုတာ တော်တော် သိသာပါတယ်။ ဒီကောင်မလေး အလှည့်ကျတော့ အမေပေးတဲ့ လယ်တစ်ကွက်တောင် ထုတ်မကြွားလိုက် ရပါဘူး။ စင်ပေါ်ကနေ ပျောက်သွား ပါတယ်။ အဲဒီလိုနဲ့ နောက်ထပ် ကောင်မလေး တစ်ယောက် တက်လာ ပြန်ပါတယ်။ ဒီကောင်မလေးကတော့ ရှိသမျှ အကုန် ထုတ်ကြွားပါတယ်။ အဲဒီကောင်မလေး ကလို့ ပြီးသွားတော့ စင်ပေါ်က ဆင်းပြီး ကျွန်တော်တို့ စားပွဲကို ရောက်လာပါတယ်။ နောက်တော့ ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ အင်ဂျင်နီယာရဲ့ ပေါင်ပေါ် တက်ထိုင်ပါတယ်။ သူ့နောက်ကနေ စားပွဲထိုး တစ်ယောက်က အရက်ခွက် ကလေးတွေ ထည့်ထားတဲ့ ဗန်းကလေး ကိုင်ပြီး လိုက်လာပါတယ်။ ကောင်မလေးက ပေါင်ပေါ် တက်ထိုင်ပြီးတာနဲ့ ဗန်းထဲက အရက်တစ်ခွက် ယူသောက်ပါတယ်။ ခဏနေတော့ နောက်စားပွဲကို ကူးသွားပါတယ်။ စားပွဲထိုးက ဘီလ်စာရွက်ကလေး တစ်ရွက် လာပေးလို့ ကြည့်လိုက်တော့ ကောင်မလေး သောက်သွားတဲ့ အရက်ခွက်ဖိုး  ပီဆို ၁၅၀ ပါ။ ခုန ကောင်မလေး တက်ထိုင်သွားတဲ့ အင်ဂျင်နီယာက ဘီလ်စာရွက်ပေါ်မှာ လက်မှတ် ထိုးပေးလိုက်ပါတယ်။

ဒီလိုနဲ့ ညသန်းခေါင် အထိ ရော့ခ်ဂီတ သံစဥ်တွေကို ခံစားနေကြပါတယ်။ :D ရုပ်ရှင်ထဲမှာ ကြည့်ရတာနဲ့တော့ မတူပါဘူး။ နည်းနည်း ကွာပါတယ်။ စင်ပေါ်မှာ ကနေတဲ့ ကောင်မလေးတွေကလည်း ရက်ရက်စက်စက်ကို ချောကြလှကြ ပါတယ်။ ကျွန်တော့် စားပွဲက အင်ဂျင်နီယာတွေလည်း တစ်ယောက်ပြီး တစ်ယောက် မကြာခဏ ပျောက်ပျောက် သွားကြပါတယ်။ ညသန်းခေါင် ကျော်မှ ကျွန်တော်တို့ ပြန်ဖို့ ပြင်ကြပါတယ်။ ပြန်ခါနီး စားပွဲက ထလာတော့ စက်ရုံမှာ စည်းကမ်း အတင်းကျပ်ဆုံးလို့ သိထားတဲ့ ထိပ်ပြောင်မန်နေဂျာကြီး ကျွန်တော်တို့ ဘေးက ဆိုဖာခုံမှာ ကောင်မလေး ဘယ်တစ်ယောက် ညာတစ်ယောက်နဲ့ ထိုင်နေတာကို တွေ့လိုက် ပါတယ်။ တကယ်တော့လည်း ကျားဆိုတာက ကျားပါပဲ။  မန်နေဂျာကြီး ဘေးက ကောင်မလေး တွေလည်း သူတို့ ရှိသမျှ မခြွင်းမချန် အကုန် ထုတ်ကြွား ထားပါတယ်။။  မန်နေဂျာကြီးက ကျွန်တော့်ကို တွေ့တော့ ဘယ်လိုလဲ လို့ လှမ်းမေးပါတယ်။ အားလုံး အဆင်ပြေပါတယ် လို့ပဲ ပြန်ဖြေလိုက်ပါတယ်။

အမှန်တကယ်တော့ ဒီပွဲကို စပွန်ဆာ လုပ်တာက စက်ရုံကို ပစ္စည်းသွင်းတဲ့ ဆပ်ပလိုင်ယာ တစ်ယောက်ပါ။ ပြန်ခါနီးမှာ ကျွန်တော့် ရှေ့မှာ ပိုက်ဆံရေပြီး ရှင်းနေတာ တွေ့ရပါတယ်။ သူတို့ ရှင်းနေတဲ့ ပိုက်ဆံက ပီဆို ၄ သောင်းကျော်မို့ မျက်လုံးပြူး သွားပါတယ်။ စလုံးနဲ့ တွက်ကြည့်ရင် တစ်ထောင်နဲ့ တစ်ထောင့်ငါးရာ ကြားမှာ ရှိပါတယ်။ အဲဒါနဲ့ ကျွန်တော့် ဘေးက အင်ဂျင်နီယာကို များလှချည်လားဟ။ ငါတို့ ဘီယာ တပုလင်း သောက်တာမှ ပီဆို ၁၀၀ တောင် မကျဘူး။ ဘယ်လိုဖြစ်လို့ ၄ သောင်း ကျော်ရတာလဲ လို့ မေးတော့ ငါတို့တွေ အနောက်ထဲမှာ ဗွီအိုင်ပီခန်း ဝင်တာ ၂ နာရီကို ၂ ထောင် ကျတယ်လေကွာ လို့ ပြန်ဖြေပါတယ်။ အခုမှပဲ ကျွန်တော့် စားပွဲက အင်ဂျင်နီယာတွေ ဘာလို့ ပျောက်သွားရသလဲ ဆိုတာ သဘော ပေါက်ပါတယ်။

နောက်နေ့ စက်ရုံမှာ ပြန်တွေ့တဲ့ အချိန်ရောက်တော့ မန်နေဂျာတွေ ညက ကဲခဲ့တာ သူတို့ မဟုတ်သလိုပါပဲ။ အင်ဂျင်နီယာ တစ်ယောက်ကတော့ ညက အိမ်ပြန်ရောက်တော့ မိန်းမနဲ့ ပြသနာ တက်တယ်ကွ လို့ ပြန်ပြောပါတယ်။ ကျွန်တော်တို့ အားလုံးက ဘာဖြစ်လို့လဲ လို့ ဝိုင်းမေးကြတော့ ငါ့ပါးစပ်က ဆေးလိပ် နံ့မရဘဲ ကိုယ်က ဆေးလိပ်နံ့ ရနေလို့ ငါ့မိန်းမက စဥ်းစား မရ ဖြစ်နေတယ်။ အဲဒါနဲ့ ငါ့မိန်းမက ငါ့ကို ပြသနာ ရှာတာ။ ငါလည်း ဒီလိုပဲ လှည့်ပတ်ပြီး လိမ်ရတာပေါ့ကွာ။ သူသဘောမပေါက်လို့ တော်သေးတယ် လို့ ပြန်ပြောပြ ပါတယ်။ ကျွန်တော်တို့ အားလုံး သူ့စကားကို ကြားတော့ ဝိုင်းရယ်ကြပါတယ်။

မနီလာ ဒိုင်ယာရီကို ဒီမှာ တစ်ခန်းရပ်ပါဦးမယ်။

Sunday, July 25, 2010

မနီလာ ဒိုင်ယာရီ (၂)

မနီလာမှာ ကျွန်တော်တို့တည်းတဲ့ ဟိုတယ်က မာကာတီလို့ ခေါ်တဲ့ မြို့လည်ခေါင် ရပ်ကွက်မှာ ရှိပါတယ်။ တိတိကျကျ ပြောရရင်တော့ စီနီမာ စကွဲယားလို့ ခေါ်တဲ့ နေရာပါ။ ဟိုတယ်ရဲ့ ရှေ့နားမှာ ရှော့ပင်းမောလ် တစ်ခုရှိလို့ ညနေဖက်ဆိုရင် အဲဒီမှာ ထမင်းထွက်စားကြပါတယ်။ အစားအသောက် မျိုးစုံ လှည့်ပတ် စားဖြစ်ပေမယ့် မရိုးနိုင်တဲ့ KFC နဲ့ McDonald ကိုလည်း မကြာခဏ စားဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ KFC နဲ့ McDonald စားရင် ထမင်းပါ တွဲပြီးမှာလို့ ရပါတယ်။ ထမင်းကို ဘာဂါလို ပုံစံ စက္ကူနဲ့ ထုပ်ထားတဲ့ အထုပ်ကလေးနဲ့ ပေးပါတယ်။ နောက်ပိုင်းမှ သတိထားမိတာကတော့ မက်ဒေါ်နယ်လ်က တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မီနူးမတူပဲ ကွဲပြားတယ် ဆိုတာပါ။ ယူအက်စ်မှာ ရတဲ့ မီနူးမျိုး တခြားနိုင်ငံမှာ မရှိသလို ဖိလစ်ပိုင်မှာ ရှိတဲ့ မီနူးမျိုးလည်း တခြားနိုင်ငံမှာ မရှိပါဘူး။ ကြည့်ရတာကတော့ သူတို့ မာကတ်တင်း အဖွဲ့က နိုင်ငံအလိုက် လူတွေကြိုက်မယ့် အစားအစာကို လေ့လာပြီး မီနူးကို တစ်မျိုးစီထားတယ်လို့ ထင်ရပါတယ်။

ဖိလစ်ပိုင်မှာ နာမည်ကြီးတဲ့ တခြား Fast Food စားသောက်ဆိုင် တစ်ခုကတော့ Chow-King ပါ။ ချောင်ကင်းမှာ ခေါက်ဆွဲကြော်တို့ ထမင်းတို့လိုမျိုး တရုတ် အစားအစာတွေ ရပါတယ်။ ချောင် ဆိုတာ တရုတ်လို ကြော်တယ်လို့ အဓိပ္ပာယ်ရတယ်ဆိုတော့ ချောင်ကင်းကို အကြော်ဘုရင်လို့ မြန်မာမှု ပြုရမယ် ထင်ပါတယ်။ ချောင်ကင်း ဆိုင်ထဲဝင်သွားရင် အဲဒီမှာ တူကို ဘယ်လို သုံးရသလဲ ဆိုတာမျိုး လမ်းညွှန်ချက် ဆိုင်နံရံမှာ ချိတ်ထားတာကို တွေ့ရတတ်ပါတယ်။ ကျွန်တော် တွေ့ဖူးတဲ့ ဖိလစ်ပိုင်က လူအများစု တူကို ကျွမ်းကျွမ်းကျင်ကျင် မကိုင်တတ် ကြပါဘူး။ ကျွန်တော်တို့ တူကို ကျင်ကျင်လည်လည် ကိုင်တတ်တာကို သူတို့ တအံ့တသြ ဖြစ်နေတတ် ကြပါတယ်။

စားသောက်ဆိုင် အနေနဲ့ကတော့ ဥရောပ အစားအစာ ရောင်းတဲ့ ဆိုင်တွေနဲ့ ဂျပန် စားသောက်ဆိုင်တွေ အများကြီး ရှိပါတယ်။ အံ့သြစရာ ကောင်းတာ တစ်ခုက ဖိလစ်ပိုင်က ရှော့ပင်းမောလ်တွေမှာ သွားရင်းလာရင်း ဝယ်စားရင် အစားအသောက်ဈေးက စင်ကာပူနဲ့ မတိမ်းမယိမ်း ဖြစ်နေတာပါ။ ကျွန်တော်တို့ စင်ကာပူမှာ ရတဲ့ လခနဲ့ ဒီလို ဈေးမျိုး ပြသနာ မရှိပေမယ့် သူတို့ဆီမှာ ရတဲ့ လခနဲ့ ဒီလူတွေ ဘယ်လိုများ စားနေကြသလဲလို့ စဥ်းစားမရအောင် ဖြစ်ခဲ့ပါတယ်။


ကျွန်တော်တို့ နေတဲ့ မာကာတီ စီနီမာ စကွဲယား ကနေ ၅ မိနစ် ၁၀ မိနစ် လောက် တက်ကစီနဲ့ သွားရင် ဂရင်းဘဲ့ (Green Belt) နဲ့ ဂလော်ရီယာတာ (Glorietta) လို့ခေါ်တဲ့ ရှော့ပင်းမောလ်တွေ အများကြီး ရှိတဲ့ နေရာကို ရောက်ပါတယ်။ ပုံမှာ ပြထားတာက ဂလော့ရီယာတာ အဆောက်အဦး နံပါတ် ၅ ပါ။ ကျွန်တော့်အတွက် စနေ တနင်္ဂနွေ နေ့လည်ပိုင်း တစ်ယောက်တည်း ပျင်းနေတဲ့ အချိန်မျိုးမှာ အချိန် သွားဖြုန်းတတ်တဲ့ နေရာပါ။ အဲဒီမှာ စားစရာ သောက်စရာ အစုံရှိတဲ့ အပြင် ဈေးဝယ်စရာတွေလည်း အစုံ ရှိပါတယ်။ ဂျပန်စာ၊ထိုင်းစာ၊ ကိုရီးယားစာစတဲ့ နိုင်ငံတကာ အစားအစာတွေ အစုံရှိပါတယ်။ တတိယ တစ်ခေါက် မနီလာကို ရောက်တော့ ဂလော့ရီယာတာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ အင်တာ ကွန်တီနင်တယ် (InterContinental) ဟိုတယ်မှာ ခဏတဖြုတ် တည်းဖြစ်တာမို့ အားအားရှိတိုင်း ဂလော့ရီယာတာထဲမှာပဲ လှည့်ပတ်ပြီး လျှောက်သွားဖြစ်ပါတယ်။ မနီလာ ရောက်ရင် မသွားမဖြစ် သွားသင့်တဲ့ နေရာတစ်နေရာ ဖြစ်တယ်လို့ ညွှန်းပါရစေ။

ကျွန်တော်နဲ့ အတူ မနီလာကို ပါလာတဲ့ အင်ဂျင်နီယာ အုပ်စုထဲမှာ အတော်များများက ကဲမယ်ဆိုတဲ့ သူတွေ ချည်းပါပဲ။ အတော်ကို မနိုင်တဲ့ မလေးတရုတ် အင်ဂျင်နီယာ တစ်ယောက် ပါပါတယ်။ သူက ညနေစောင်းရင် ဘယ်ကို လစ်ရမလဲ ဆိုတာ အမြဲ ချောင်းနေ တတ်တာပါ။ ကျွန်တော်တို့ကို အဖော်စပ်လို့ မရရင် တစ်ယောက်တည်း လစ်ပါတယ်။ ပထမနေ့က သူဇာတ်လမ်းစတာနဲ့ ကျွန်တော်နဲ့ နောက် ဖိလစ်ပိုင် အင်ဂျင်နီယာ တစ်ယောက်ပါ ကျွန်တော်တို့တည်းတဲ့ ဟိုတယ် ဘေးက ကာရာအိုကေ ရောက်သွားပါတယ်။ စင်ကာပူ ဒေါ်လာ ၃၀ လောက်နဲ့ ဘီယာ အဝသောက်လို့ ရတဲ့ အပြင် ဘေးကနေ ဖားမ ချောချော ကလေး တစ်ယောက်က သီချင်းဖွင့်ပေး ဘီယာငှဲ့ပေးနဲ့ ဧည့်ခံပါတယ်။ အဲဒီမှာ ရှိတဲ့ ကောင်မလေး အယောက် ၃၀ လောက်ထဲက ကိုယ့်ကို ဧည့်ခံဖို့ ကောင်မလေးကို စိတ်ကြိုက်ရွေးလို့ ရပါတယ်။ ကောင်မလေးကို နည်းနည်း အင်တာဗြူး ကြည့်တော့ ကာရာအိုကေမှာ အလုပ်လုပ်ဖို့ ဂျပန်မှာ သင်တန်း သွားတက်ထားတယ်လို့ ပြောပြ ပါတယ်။ ကာရာအိုကေ အလုပ်လုပ်ဖို့တောင် ဂျပန်မှာ သင်တန်း တက်ထားတယ်ဆိုတော့ နည်းနည်းတော့ ဖြုံသွားပါတယ်။

နောက်တစ်နေ့တော့ Pub သွားချင်တယ် ဆိုတာနဲ့ ကျွန်တော်တို့ မြို့လည်ခေါင်က နာမည်ကြီး ကလာရန်း (Kalayan) ဘက်ကို ရောက်ဖြစ် ကြပါတယ်။ အဲဒီနေ့က လ အလည်ခေါင်တည့်တည့်ကြီး ဖြစ်နေတော့ Pub မှာ လူသိပ်မစည်ပါဘူး။ မလေးတရုတ် အင်ဂျင်နီယာ သကောင့်သားကတော့ ရောက်တာနဲ့ ကောင်မလေး တစ်ယောက်ကို မသွားပြီး အစအနကို ရှာလို့ မတွေ့တော့ပါဘူး။ ကျွန်တော်နဲ့ ဖိလစ်ပိုင် အင်ဂျင်နီယာ ပဲ Pub မှာ ကျန်ခဲ့ပါတယ်။ ကျွန်တော်တို့ အနားမှာ ကောင်မလေး ၃ ယောက်က ရစ်သီရစ်သီ လာလုပ်နေပြီး သူတို့ကို ခေါ်ဖို့ အတင်းပြောနေပါတယ်။ ကျွန်တော်တို့ နှစ်ယောက်က မခေါ်ချင်ဘူး အေးအေးဆေးဆေးပဲ သောက်ချင်တယ် ပြောတော့ သူတို့ကိုပါ အရက်ဝယ်တိုက်လို့ ပြောပါတယ်။ ဒါနဲ့ပဲ သူတို့ ၃ယောက်ကို အရက်ဝယ်တိုက်ပြီး လေပေးဖြောင့် နေကြပါတယ်။ ခဏနေတော့ ဖိလစ်ပိုင် အင်ဂျင်နီယာက ကောင်မလေး တစ်ယောက်ကို ခေါ်ပြီး Dancing Floor မှာ သွားက နေပါတယ်။ ကျွန်တော်နဲ့ မချော ၂ယောက်နဲ့ ကျန်ခဲ့ပါတယ်။ အဲဒီ ကောင်မလေးတွေထဲက ဂျေစီဆိုတဲ့ ကောင်မလေး တစ်ယောက်နဲ့ ပြောခဲ့တဲ့ စကားတွေက နောင်လာနောက်သားများ အတွက် သင်ခန်းစာ ယူစရာ ဖြစ်လို့ မှတ်တမ်းတင် ထားလိုက်ပါတယ်။

"နင့်နာမည်က ဂျေစီ ဆိုတော့ အင်္ဂလိပ်နာမည်လည်း မဟုတ်ပါဘူး။ ဘာနာမည်လဲ။ အတိုကောက်လား။"
"မဟုတ်ပါဘူး။ ဒီလိုပဲ လုပ်စားဖို့ နာမည် ပေးထားတာပေါ့။"
"ဘယ်လို။ လုပ်စားဖို့ နာမည် ပေးထားတယ် ဟုတ်လား။"
"အေးပေါ့။ ငါလည်း နောင်တစ်ချိန် ယောက်ျားယူမှာပဲ။ အဲဒီအခါကျ ငါ့ယောက်ျား သူငယ်ချင်းတွေက ငါ့နာမည်ကြီး ကြားတာနဲ့ ဒါအရင်တုန်းက ဟို Pub မှာ လုပ်စားနေတဲ့ ကောင်မလေး ဆိုပြီး မှတ်မိသွားရင် ဘယ်ဖြစ်မလဲ။ အဲဒီတော့ နာမည်ဝှက်ပေးထားရတာပေါ့"
"အွန်" (သူ့ကိုယူမယ့် ယောက်ျား ကိုယ်စား နင်သွားခြင်း။)

ကောင်မလေးတွေ ဒီလိုလောက ထဲက ရုန်းထွက်ဖို့ မစဥ်းစား ကြတော့ဘူးလားလို့ စဥ်းစားမိတာနဲ့ ရှေ့ဆက်ပြီး အင်တာဗြူးပါတယ်။
"ဒါနဲ့ နေပါဦး။ နင်က ဒီအလုပ်ပဲ တသက်လုံး လုပ်စားတော့မှာလား။"
"ဘယ်ဖြစ်မလဲ။ ဒီအလုပ် ဆိုတာ ငယ်တုန်း ရွယ်တုန်း လုပ်စားလို့ ရတာ။ အသက်ကြီးလာရင် လုပ်စားလို့မှ မလွယ်တာ။"
"အဲဒါဆို နင်ဘာလုပ်မလဲ။"
"ငါနေ့လည်ပိုင်း အားတဲ့အချိန် ကျောင်းတက်တယ်လေ။ ဘွဲ့ရပြီးမှပဲ အဲဒီအလုပ်နဲ့ လုပ်စားတော့မယ်။"
"နင် ဘာကျောင်းတက်နေတာလဲ။"
" ကောလိပ် တစ်ခုမှာ စီအက်စ် (Computer Science) နဲ့ ကျောင်းတက်နေတာ။ ကျောင်းပြီးရင် ပရိုဂရမ်မာ လုပ်စားမှာပေါ့။"

သေစမ်းဟဲ့ ရပ်ကွက်လူကြီး ဆိုပြီး ရွတ်ရမလိုပါပဲ။ ပရိုဂရမ်မာ ဆိုရင်တောင်မှ စိတ်မချရပါလားနော်လို့ပဲ ပြောလိုက်ချင် ပါတော့တယ်။ တစ်ချိန်က မြန်မာစာပေလောကမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့တဲ့ နုနုရည် (အင်းဝ) ရဲ့ နမ်းမှာလားမောင် မွှေးတယ်ရှင် ဆိုတဲ့ ဝတ္တုတို အကြောင်း သွားသတိရမိပါတယ်။ အဲဒီ ဝတ္ထုမှာ ကောင်မလေးက ကျောင်းတက်ဖို့ စရိတ်မရှိလို့ သူဌေးတစ်ယောက်ရဲ့ မယားငယ် အဖြစ်နဲ့ နေပြီး သူဌေးက သူ့ကို ထောက်ပံ့ပါတယ်။ အဲဒီကောင်မလေးက သူ့ရည်းစားကို ပြောတဲ့စကားမှာ "မသန့်ရှင်းတဲ့ ခန္ဓာကိုယ် ဆိုတာ မရှိဘူး။" လို့ ပြောခဲ့တာကြောင့် အဲဒီစကားနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ဖြစ်ကုန်ပါတယ်။ နောက်တစ်ခု သတိရမိတာကတော့ မစန္ဒာရဲ့ ရီကွန်ဒီရှင် ဆိုတဲ့ ဝတ္ထုတိုပါ။ အဲဒီဝတ္ထုမှာ သင်္ဘောသားက သူ့အဖွားကို ကျွန်တော်က ကားတော့ ပိုက်ဆံမရှိလို့ ရီကွန်ဒီရှင် စီးရပေမယ့် မိန်းမတော့ Brand New လိုချင်တယ် ဆိုပြီး ပူဆာတော့ သူ့အဖွားက ကောင်မလေး တစ်ယောက်နဲ့ စပ်ပေးပါတယ်။ သနားစရာ သင်္ဘောသားမှာတော့ သူယူမယ့် ကောင်မလေးက ရီကွန်ဒီရှင် ဆိုတာ မသိရှာပါဘူး။ အဲဒီအကြောင်းကို ရေးထားတာပါ။ အခုလည်း ဒီကောင်မလေးကို ဘုမသိ ဘမသိ ယူတဲ့ကောင်တော့ နာပြီပဲလို့ တွေးမိပါတယ်။

အဲဒီအချိန်က ဖိလစ်ပိုင်မှာ ရွေးကောက်ပွဲ နီးနေပြီမို့ ဘယ်သွားသွား ရွေးကောက်ပွဲ အကြောင်းပဲ ကြားနေရပါတယ်။ ကျွန်တော်လည်း မချော ၂ယောက်နဲ့ စကားပြောရင်း မကြာခင် နိုင်ငံရေးဘက် ရောက်သွားကြပါတယ်။ ကောင်မလေး တစ်ယောက်က "ငါကတော့ ဘယ်သူတွေ ဘာပဲ ပြောနေနေ မားကို့စ်ကို ပဲ ကြိုက်တယ်။" လို့ ပြောပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က အောင်ဖေတို့ မားကို့စ်တို့ ဆိုတဲ့ ဘန်းစကားတွေ ခေတ်စားခဲ့ဖူးပါတယ်။ ညောင်းဆိုတဲ့ အဓိပ္ပာယ်ပါ။ အောင်ဖေက ဘယ်သူလည်း မသိပေမယ့် ဖာဒီနန် မားကို့စ်က ဖိလစ်ပိုင်က သမ္မတပါ။ ၈၆-၈၇ ခုနှစ် ဝန်းကျင်လောက်က အကြီးအကျယ် ခြစားမှုနဲ့ ဖိလစ်ပိုင် သမ္မတ အဖြစ်ကနေ ပြုတ်သွားခဲ့ပါတယ်။ သူက မားကို့စ်လို ဒီလောက် ခြစားနေတဲ့ သမ္မတကိုမှ ကြိုက်တယ် ဆိုတာနဲ့ အတော်လေး အံ့သြသွားပါတယ်။ ဒါနဲ့ သူ့ကို ဘာကြောင့်လဲလို့ မေးကြည့်ပါတယ်။ သူက "ဖိလစ်ပိုင်က မားကို့စ်လက်ထက် အအေးချမ်းဆုံးပဲ။ ရာဇဝတ်မှု ကြီးကြီးမားမားတွေ သိပ်မဖြစ်ဘူး။ အခုတော့ ဟိုနားကြည့် မိသားစုလိုက် သတ်ခံရတာနဲ့၊ ပြန်ပေးဆွဲတာနဲ့ ဘာကောင်းလို့လဲ။" လို့ ဆက်ပြောပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့လို့ပဲ စိတ်ထဲမှာ မှတ်ထားလိုက်ပါတယ်။

အမှန်တကယ်ကတော့ ကျွန်တော်တို့ မအူမလည်နဲ့ ကလာယန်ကို ရောက်သွားကြတာပါ။ ကလာယန်က တိုးရစ်စ်တွေ နိုင်ငံခြားသားတွေ အများစုပဲ ခြေဦးလှည့်တတ် တဲ့ နေရာပါ။ ဒေသခံ ဖိလစ်ပိုင် လူမျိုးတွေကတော့ ပျော်ချင် ပါးချင်ရင် ကလာယန်ကို သိပ်မသွားကြပဲ မြို့လည်ခေါင်မဟုတ်တဲ့ ဆူကတ် (Sukat) တို့ ကျူဘောင်း (Cubao) တို့ဘက်ကို ယွန်းကြပါတယ်။ ဆူကတ်နဲ့ ကျူဘောင်းက ဒစ္စကိုတွေကိုတော့ နောက်ဆုံးအခေါက် မှပဲ ရောက်ြဖစ်ပါတယ်။ အဲဒီမှာ မျှော်လင့်မထားတာတွေ တွေ့ခဲ့တာကြောင့် အတော်လေး အံ့သြခဲ့ရပါတယ်။

ဖိလစ်ပိုင်မှာ ဓာတ်ပုံတစ်ပုံမှ မရိုက်ဖြစ်တာမို့ ဓာတ်ပုံကို ထုံးစံအတိုင်း Wikipedia ကနေပဲ ယူလိုက်ပါတယ်။

Saturday, July 24, 2010

မနီလာ ဒိုင်ယာရီ (၁)

ကျွန်တော်တို့ မြန်မာတွေ ကိုယ့်လူမျိုးကိုယ် ရွှေလို့ ခေါ်ကြပေမယ့် တခြားလူမျိုးများကိုတော့ တစ်မျိုးနဲ့ တစ်မျိုးမရိုးအောင် နာမည် အစုံ ပေးထားကြပါတယ်။ ဖိလစ်ပိုင်ကို ဖား၊ ဗီယက်နမ်ကို ဗျိုင်း၊ မလေးကို မလိုင်၊ ဆွီဒင်ကို သကြားလုံး စတဲ့ အခေါ်အဝေါ်တွေ မြန်မာတွေ ပါးစပ်ဖျားမှာ ကြားနေရတတ်ပါတယ်။  ဖားမနဲ့ ဗျိုင်းမကတော့ စလုံးက ပလေးဘွိုင်းတွေရဲ့ ပါးစပ်ဖျားမှာ မကြာခဏ ကြားရတတ်တဲ့ အခေါ်အဝေါ်တွေ ပါပဲ။

၂၀၀၄ ခုနှစ်လောက်က အလုပ်ကိစ္စနဲ့ ဖားတို့ရဲ့ မြို့တော် မနီလာမှာ အတော်လေးကြာအောင် နေဖြစ်ခဲ့ပါတယ်။ မနီလာကို သဘောကျစရာ အချက်တွေ အတော်များများရှိပါတယ်။ ပထမဆုံး အချက်က စလုံးနဲ့ ယှဥ်ရင် အားလုံးမဟုတ်ပေမယ့် အတော်များများ ဈေးသက်သာပါတယ်။ ဒုတိယ တစ်ချက်က မလေးရှားမှာ နေသလို ညဘက် အပြင်ထွက်ရင် ကျောမလုံတဲ့ ခံစားမှုမျိုး မရှိပါဘူး။ နောက်တစ်ချက်က ဖားတွေနဲ့ မြန်မာတွေနဲ့ စရိုက်ချင်း သိပ်မကွာတော့ ပေါင်းလို့ သင်းလို့ အဆင်ပြေ ပါတယ်။ အဲဒါအပြင် မနီလာမှာ ဖော်ရွေတဲ့ ဖားမ ချောချောလေးတွေ အများကြီး ရှိပါတယ်။

ပထမဆုံး အကြိမ် မနီလာရောက်တော့ ပြပွဲကိစ္စနဲ့ ရောက်သွားတာမို့ ပြပွဲနဲ့ ဟိုတယ် ခေါက်တုံ့ခေါက်ပြန် ကူးရင်းနဲ့ပဲ အချိန်ကုန် ခဲ့ပါတယ်။ ပြပွဲခန်းမနားနီးတဲ့ ဟိုတယ်မှာပဲ နေဖြစ်တာကြောင့် မနီလာ မြို့ထဲကိုတောင်မှ မရောက်ြဖစ်ပါဘူး။ မပြန်ခင် တစ်ညမှ ဖိလစ်ပိုင် အေးဂျင့်က ကျွန်တော်တို့ ပြပွဲလာတဲ့ နိုင်ငံခြားသား တစ်အုပ်စုလုံးကို မြို့ထဲခေါ်သွားလို့ မနီလာကို ညဘက်တော့ မြင်ခဲ့ရပါတယ်။

နောက်အခေါက်တွေတော့ တည်းတဲ့ ဟိုတယ်ကလည်း မြို့လည်ခေါင်မှာ ရှိပြီး နေတာလည်း တစ်လကျော် နေဖြစ်ခဲ့တာမို့ မနီလာကို ကောင်းကောင်း လည်ပတ်ဖြစ်ခဲ့ပါတယ်။ မနက်ဆိုရင် မနီလာရုံးခွဲက မန်နေဂျာ တစ်ယောက်က ဟိုတယ်မှာ လာခေါ်ြပီး စက်ရုံကို ပို့ပေး၊ ညနေဆိုရင်လည်း ရုံးကကားနဲ့ စက်ရုံမှာ လာကြိုပြီး ဟိုတယ် ပြန်ပို့တာမို့ သွားရေးလာရေးကတော့ အဆင်ပြေပါတယ်။ အဲဒီမှာ ထူးထူးခြားခြား စနစ်တစ်ခုကို သတိထားမိခဲ့ပါတယ်။ မနီလာမှာ ကားတွေ အရမ်းပေါတော့ ယာဥ်ကြောပိတ်ဆို့မှု က အမြဲလိုလို ဖြစ်တတ်ပါတယ်။ ယာဥ်ကြောပိတ်ဆို့မှု ကို လျှော့လို့ရအောင် သူတို့ဆီမှာ စနစ်တစ်မျိုးကို တီထွင်ထားပါတယ်။ အဲဒါကတော့ ကားတစ်စင်းကို တစ်ပတ်မှာတစ်ရက် အပြင်ထွက်ခွင့် ပိတ်ထားတာပါ။ ဥပမာ ကားနံပါတ်က ၁ ဒါမှမဟုတ် ၂ နဲ့ ဆုံးရင် အဲဒီကားက တနင်္လာနေ့ အပြင်ထွက်လို့မရ၊ ၃ ဒါမှမဟုတ် ၄ နဲ့ဆုံးရင် အင်္ဂါနေ့ အပြင်ထွက်လို့ မရဆိုတာမျိုး လုပ်ထားတာပါ။ ကျွန်တော်တို့ ရုံးကတော့ အဲဒီပြသနာ ရှောင်လို့ရအောင် နံပါတ်မတူတဲ့ ကား ၂ စင်း ဝယ်ထားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့အတွက်တော့ ဘယ်နေ့ပဲ ဖြစ်ဖြစ် စီးဖို့ကားက အဆင်ပြေပါတယ်။

မနီလာမှာလည်း ဘန်ကောက်မှာလို မိုးပျံလမ်းတွေ ရှိပါတယ်။ ဖိလစ်ပိုင် စကိုင်းဝေး (skyway) က စင်ကာပူမှာ ဆောက်ထားတဲ့ အိတ်စ်စပရက်စ်ဝေးတွေနဲ့ သဘောတရားချင်း ပိုပြီးဆင်ပါတယ်။ သွားချင်တဲ့နေရာကို အနီးဆုံး ဝင်ပေါက်ကနေ စကိုင်းဝေးပေါ် တက်သွား၊ နီးတော့မှ ထွက်ပေါက်ကနေ ပြန်ဆင်းဆိုတဲ့ သဘောမျိုးပါ။ စင်ကာပူမှာ မြေပေါ်မှာ သွားပြီး မနီလာမှာ မိုးပေါ်ကနေ သွားတာတစ်ခုပဲ ကွာသွားပါတယ်။ နောက်ထပ် ကွာခြားချက် တစ်ခုက ဖိလစ်ပိုင်မှာ စကိုင်းဝေးက ဖြတ်တဲ့ကားတိုင်းကို ပိုက်ဆံကောက်ပါတယ်။ စင်ကာပူလို အချိန်ပေါ်မူတည်ပြီး ပေးရတာမဟုတ်ပါဘူး။ ဖြတ်တဲ့အချိန်တိုင်း ပေးရပါတယ်။ ခန့်မှန်းခြေ စင်ကာပူ ၂ ဒေါ်လာလောက် ပေးရပါတယ်။ ကျွန်တော်တို့ကတော့ ရုံးကပိုက်ဆံပေးတာမို့ သွားစရာ ရှိတိုင်း စကိုင်းဝေးကနေပဲ သွားပါတယ်။ အလုပ်ချိန် ပြင်ပတွေတော့ ရုံးက ကားမရှိတော့ ကိုယ့်အစီအစဥ်နဲ့ ကိုယ်ပဲ ကြုံသလို ကြိုက်သလို သွားရတာပါပဲ။


အစောပိုင်း ဖိလစ်ပိုင် ပါးမဝခင် အချိန်ကတော့ ဘယ်သွားသွား လမ်းမပေါ်တွေ့တဲ့ တက်ကစီကလေး တားပြီး စီးပါတယ်။ တက်ကစီခက စင်ကာပူ ဒေါ်လာနဲ့ ပြန်တွက်ကြည့်ရင် ပါးပါးလေးမို့ သိပ်မသိသာပါဘူး။ ဒါပေမယ့် အနေကြာလို့ လူပါးဝလာတော့လည်း အဲဒီမှာ ရှိတဲ့ ယာဥ်တွေ အားလုံး အစုံစီးဖြစ်တာပါပဲ။ မနီလာ မြို့ထဲမှာ ဟိုနားဒီနား သွားဖို့ ဂျစ်ပနေး (Jeepney) လို့ခေါ်တဲ့ ဂျစ်ကားတွေ ရှိပါတယ်။ ဂျစ်ကားက တစ်ခါစီးရင် ၅ ပီဆိုပဲ ပေးရတာမို့ အဲဒီအချိန် စလုံး ဒေါ်လာပေါက်ဈေးနဲ့ ပြန်တွက်ကြည့်ရင် ၁၅ ဆင့် လောက်ပဲ ရှိပါတယ်။ နောက်ဂျစ်ပနေးက သူသွားတဲ့ လမ်းကြောင်းမှာ မှတ်တိုင် မရှိဘဲ တားချင်တဲ့နေရာက တားပြီး ရပ်ချင်တဲ့ နေရာမှာ ရပ်ခိုင်းလို့ ရပါတယ်။ ဟိုနားဒီနား သွားဖို့တော့ ဂျစ်ပနေးပဲ စီးဖြစ်ပါတယ်။ တစ်ရက်တော့ စက်ရုံက အင်ဂျင်နီယာတွေနဲ့ အတူ အပြင်လိုက်သွားတော့ သုံးဘီး စီးဖြစ်ပါတယ်။ မနီလာက သုံးဘီးက မန္တလေး သုံးဘီးတို့ ဘန်ကောက်က တုတ်တုတ် တို့လို မဟုတ်ပါဘူး။ နောက်တွဲပါတဲ့ သုံးဘီးဆိုင်ကယ်ပါ။ နောက်ထဲမှာ ၄-၅ ယောက် ထိုင်စီးလို့ ရပါတယ်။ သူတို့နဲ့ လိုက်သွားရင်း ဘတ်စ်ကားလည်း စီးဖြစ်လိုက်ပါသေးတယ်။ မနီလာ ဘတ်စ်ကားကတော့ စင်ကာပူလောက် မသားနား ရန်ကုန်လောက် မဆိုးရွားဆိုတဲ့ အခြေအနေမျိုး ရှိပါတယ်။

ကျွန်တော် ဖိလစ်ပိုင် ရောက်ခါစက ဖိလစ်ပီနိုနဲ့ ဖိလစ်ပီနာကို ကွဲကွဲပြားပြား မသိပါဘူး။ သူတို့ဆီမှာ ယောက်ျားလေးကို ဖိလစ်ပီနို ခေါ်ပြီး မိန်းကလေးကို ဖိလစ်ပီနာ ခေါ်ပါတယ်။ မနီလာမှာ တွေ့ရတဲ့ ဖိလစ်ပီနာ ဖားမကလေးများက စလုံးမှာ တွေ့နေကြ အိမ်ဖော် လာလုပ်တဲ့ ဖားမများလို ရုပ်ကြမ်းကြီးတွေ မဟုတ်ပါဘူး။ ချောချောလှလှလေးတွေ အများကြီး ရှိပါတယ်။ အများစုက အင်္ဂလိပ်စကား ဖြောင့်အောင်တန်းအောင် မပြောတတ်ပေမယ့် ဆက်သွယ်လို့ ရအောင်တော့ ပြောတတ်ပါတယ်။ နောက်ပြီးတော့ ဖိလစ်ပီနာတွေက အတော်လေး ဖော်ရွေပါတယ်။ ကျွန်တော်တို့တော့ အခန်းထဲမှာ ပျင်းလို့ လုပ်စရာ မရှိရင် ဧည့်ကြိုကောင်တာမှာ ရှိတဲ့ ဒါမှမဟုတ် ဟိုတယ်ထဲက ကော်ဖီဆိုင်မှာ ရှိတဲ့ ဖိလစ်ပီနာ ချောချောလေးများနဲ့ အပျင်းပြေ တောင်စဥ် ရေမရ သွားပွားနေကြတာပါပဲ။

တကယ်တော့ ဖိလစ်ပိုင်ကို မလေးရှားလောက် မဆိုးဘူးလို့ စိတ်ထဲမှာပဲ ခံစားရတာပါ။ မနီလာက မလေးရှားထက် အများကြီး ပိုကြမ်းပါတယ်။ လေဆိပ်မှာ လုံခြုံရေးစောင့်တဲ့ အစောင့်များက စက်သေနတ် ကိုင်စောင့်ပါတယ်။ ရှော့ပင်းစင်တာတွေ ဟိုတယ်တွေမှာ လုံခြုံရေး ယူတဲ့ အစောင့်တွေကလည်း တကယ့် သေနတ် အစစ်ကို ခါးချိတ်ပြီး စောင့်ကြပါတယ်။ ကျွန်တော် ရောက်တဲ့ ညက စလုံး တရုတ်တယောက်နဲ့ ဟိုတယ်ဧည့်ကြိုကောင်တာကလူတွေနဲ့ စကားများနေတာ တွေ့ရပါတယ်။ ပြသနာက စလုံးတရုတ်က အပြင်က အပြန်မှာ ကောင်မလေး တစ်ယောက်ကို မလာပြီး ဟိုတယ်ပေါ်ခေါ်လာတော့ ဧည့်ကြိုကောင်တာက မှတ်ပုံတင်ခိုင်းလို့ပါ။ စလုံးတရုတ်က သူနဲ့ အတူတူ ခေါ်လာတဲ့ ကောင်မလေးကို မှတ်ပုံတင်ရမယ် ဆိုတာကို မကျေနပ်လို့ ပြသနာရှာပါတယ်။ ဟိုတယ်ကလည်း လုံခြုံရေးအရ မတင်လို့ မဖြစ်ဘူး ဆိုပြီး အတင်းကို မှတ်ပုံတင်ခိုင်းပါတယ်။ ​နောက်ဆုံးတော့လည်း စလုံးတရုတ်က အောင့်သီးအောင့်သက်နဲ့ သူခေါ်လာတဲ့ ကောင်မလေးကို သူ့အခန်းမှာ မှတ်ပုံတင် လိုက်ရပါတယ်။

မနီလာနဲ့ ပတ်သက်လို့ ပြောစရာတွေ အများကြီး ကျန်ပါသေးတယ်။ မနီလာရဲ့ အစားအသောက်တွေ၊ စိတ်ဝင်စားစရာ ကောင်းတဲ့ ညဘက် အပန်ုးဖြေစရာတွေ၊ လှုပ်လှုပ်ရှားရှား စိတ်ဝင်စားစရာ ကောင်းတဲ့ ရွေးကောက်ပွဲ အကြောင်းတွေကို နောက်ပို့စ်တွေမှာ ဆက်ရေးပါဦးမယ်။ 

(Jeepney ပုံကို Wikipedia က ယူထားပါတယ်။)

Wednesday, July 1, 2009

ပုံသေကားကျ

ငါးကြင်းက ပါးဟက်နဲ့ အသက်ရှူတယ်။ ငါးခူကလည်း ပါးဟက်နဲ့ အသက်ရှူတယ်။ အဲဒါကြောင့် ငါးအားလုံးဟာ ပါးဟက်နဲ့ အသက်ရှူတယ် လို့ ယူဆရင် မှန်ပါ့မလား။ အဲဒီလို ကောက်ချက်ချရင် မှားပါတယ်။ ငါးတိုင်း ပါးဟက်နဲ့ အသက်မရှူပါဘူး။ ဥပမာ ဝေလငါး ဆိုရင် ရေပေါ်မှာ တက်ပြီး အသက်ရှူပါတယ်။ ယုတ္တိဗေဒမှာ အဲဒီလို အမှားမျိုးကို ခြုံငုံသုံးသပ်မှုကြောင့် ဖြစ်တဲ့ အမှားလို့ ခေါ်ကြောင်း ဖတ်ဖူး မှတ်ဖူးပါတယ်။

ကျွန်တော်တို့လည်း နိုင်ငံခြားသား အင်ဂျင်နီယာများကို တွေ့ရင် သူတို့ နိုင်ငံကို အစွဲပြုပြီး အမှတ်မထင် ပုံသေကားကျ တွက်တတ် ကြပါတယ်။ Stereotype လုပ်တတ် ကြပါတယ်။ အိန္ဒိယက လာတဲ့သူတွေ့ရင် ဒီကောင် မတတ်ရင်လည်း တတ်ချင်ယောင်ဆောင်မဲ့ ကောင်ပဲ၊ ဂျပန်က လာတဲ့သူ တွေ့ရင် ဒီကောင် ဆရာကျမယ့် ကောင်ပဲ။ တရုတ်က လာတဲ့သူ တွေ့ရင် ဒီကောင် ဖြစ်ကတတ်ဆန်း လုပ်မယ့်ကောင်ပဲ စတာမျိုးတွေ တွေးတတ်ကြ ပါတယ်။ ဒါပေမယ့် အဲဒီလို စတီရီယိုတိုက်ပ် တွေက အမြဲတော့ မမှန်တတ် ပါဘူး။

လွန်ခဲ့တဲ့ ၆ နှစ်ဝန်းကျင်လောက်က ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက် တချို့ကို သတိရမိပါတယ်။ အဲဒီအချိန်က ကျွန်တော် အလုပ်ထွက်ပြီး နောက်အလုပ်အသစ်တစ်ခု ရှာနေတဲ့ အချိန်ပါ။ အလုပ်ထွက် ထားပေမယ့် အရင် အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီဟောင်းမှာ အချိန်ပိုင်းနဲ့ Technical Support လုပ်နေတုန်း ပါပဲ။ တစ်နေ့တော့ ကုမ္ပဏီဟောင်းရဲ့ ဘော့စ်က ကျွန်တော့်ကို ဖိလစ်ပိုင်နိုင်ငံမနီလာမြို့က စက်ပြပွဲကို Technical Support အနေနဲ့ သွားပေးမလား။ ရက်တွက်နဲ့ ရှင်းပေး ပါ့မယ် လို့ ကမ်းလှမ်း ပါတယ်။ အလုပ်မရှိတဲ့ အချိန်ကလည်းဖြစ် မနီလာကိုလည်း တစ်ခါမှ မရောက်ဖူးသေးတော့ သွားမယ်ဆိုပြီး လက်ခံလိုက်ပါတယ်။

ဒီလိုနဲ့ မနီလာရွှေမြို့တော် ကြီးကို ပထမဆုံး အကြိမ် ရောက်သွားပါတော့တယ်။ စက်ပြပွဲအတွက် အစအဆုံး စီစဉ်ပေးတာ ကတော့ ဖိလစ်ပိုင်က ကျွန်တော်တို့ရဲ့ အေးဂျင့် ကုမ္ပဏီ တစ်ခုပါ။ ကျွန်တော်တို့ ကုမ္ပဏီနဲ့ အတူ OMRON နဲ့ နောက်ထပ် ကမ္ဘာကျော် ဂျပန် ကုမ္ပဏီကြီး တစ်ခုလည်း ပြပွဲ ခန်းမဆောင်ထဲက အဲဒီ အေးဂျင့်ရဲ့ ပြခန်းထဲမှာ အတူတူ ပြကြဖို့ စီစဉ်ထားပါတယ်။ ကျွန်တော် ရောက်တဲ့ နေ့မှာပဲ ဂျပန် ကုမ္ပဏီကြီးက အင်ဂျင်နီယာ တစ်ယောက် ရောက်လာပါတယ်။ ဂျပန်လည်းဖြစ် ကမ္ဘာကျော် ကုမ္ပဏီကြီး တစ်ခုမှာ အလုပ်လုပ် နေတဲ့သူလည်း ဖြစ်တော့ အဲဒီ အင်ဂျင်နီယာကို အတော် ဆရာကျမယ့် လူပဲလို့ စိတ်ထဲမှာ ထင်မိပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့် လုပ်သက်ကလည်း ၁ နှစ်ကျော်ပဲ ရှိသေးတဲ့ တွက် အဲဒီလို အင်ဂျင်နီယာမျိုးတွေနဲ့ ပုခုံးချင်းယှဉ် အလုပ်လုပ်ရမယ် ဆိုတော့ နည်းနည်းတော့ ဖြုံတာ အမှန်ပါပဲ။

ကျွန်တော်တို့ ရောက်ပြီး နောက်တစ်နေ့မှာတော့ ပြပွဲမှာ ပြဖို့အတွက် စက်တွေကို အသင့်ပြင် ကြပါတယ်။ တစ်ချိန်လုံး ကျွန်တော့်ကို ဒုက္ခပေးခဲ့တဲ့ စက်က ဒီတစ်ကြိမ်တော့ အတော်လေး သဘောကောင်းနေပါတယ်။ ရောက်ရောက်ချင်း စက်ထဲက ပါဝါကြိုး တစ်ချောင်း ပြုတ်နေလို့ စက်ဖွင့်လို့ မရတာပဲ ရှိပါတယ်။ အဲဒီ ဝိုင်ယာကြိုးကို ပြန်တပ်ပြီးတော့ အားလုံး အဆင်ပြေသွားပါတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း စက်ကို ရေချိန်ညှိတာ၊ အစမ်း လည်ပတ် ကြည့်တာတွေနဲ့ တစ်ညနေလုံး လုံးပန်းရင်း နောက်နေ့ ပြပွဲအတွက် ပြင်ဆင် နေပါတယ်။ ညနေ နည်းနည်းလေး စောင်းလာတဲ့ အချိန်မှာတော့ နာမည်ကြီး ဂျပန်ကုမ္ပဏီက အသစ်စက်စက် ရိုဘော့လက်တံ ၄ ခုပါတဲ့ စက်ဟာ ဖုန်း ကနဲ အသံနဲ့ အတူ မီးခိုးတွေ ထွက်လာပြီး ရပ်သွားပါတယ်။

ဂျပန် အင်ဂျင်နီယာက စက်ဘေးမှာ ခေါင်းကုပ်ပြီး ရပ်နေပါတယ်။ သူဘာဆက် လုပ်ရမယ် ဆိုတာကိုလည်း သိဟန် မတူပါဘူး။ သူ ဟိုကြည့်ဒီကြည့် လုပ်နေလို့ နောက်ဆုံး မနေနိုင်တာနဲ့ အေးဂျင့် ကုမ္ပဏီက ဖိလစ်ပိုင် အင်ဂျင်နီယာတွေက သူတို့ ကြည့်ပေးရမလား ကမ်းလှမ်းပါတယ်။ ဂျပန်ကလည်း ဝမ်းသာအားရ သဘောတူ ပါတယ်။ အဲဒီလိုနဲ့ ဖိလစ်ပိုင် အင်ဂျင်နီယာတွေ အခုမှ သူတို့ မြင်ဖူးတဲ့စက်ကို ကြိုးစားပမ်းစားနဲ့ အမှား ရှာကြပါတယ်။ နောက်ဆုံးမှာတော့ ဆားကစ်ပြားတွေ အများကြီးထဲက လောင်သွားတဲ့ ဆားကစ်ပြားကို သူတို့ ရှာတွေ့သွား ပါတယ်။ ဂျပန်အင်ဂျင်နီယာလည်း အဲဒီတော့မှ ဆားကစ်ပြားရဲ့ မော်ဒယ်လ်နံပါတ်ကို မှတ်ပြီး ဂျပန်ကို လှမ်းမှာပါတယ်။ ကျွန်တော်လည်း ဖိလစ်ပိုင် အင်ဂျင်နီယာတွေ ကို ဘာဖြစ်တာလဲ။ ဘာပစ္စည်း လဲရမှာလဲလို့ စပ်စု ကြည့်မိပါတယ်။ ဖိလစ်ပိုင် အင်ဂျင်နီယာတစ်ယောက်ကတော့ “အခု အချိန်မှာ အလဲသင့်ဆုံး ကတော့ ဂျပန် အင်ဂျင်နီယာပဲ။ ဘာမှလည်း မသိဘူး။” ဆိုပြီး အရွှန်းထဖောက်လို့ ကျွန်တော်တို့ အားလုံး ဝိုင်းရယ် ကြပါတယ်။ ဂျပန် အင်ဂျင်နီယာ ဆိုရင် တော်တယ်ဆိုပြီး ပုံသေကားကျ တွေးထားတဲ့ အတွေးဟာ အဲဒီ အင်ဂျင်နီယာနဲ့ တွေ့တော့ ပျက်သွားပါတယ်။

နောက်တစ်နေ့မှာတော ပြပွဲ စပါတယ်။ ပြပွဲစတဲ့ နေ့မှာပဲ ဂျပန်က နောက်ထပ် အင်ဂျင်နီယာ တစ်ယောက် စက်အပို ပစ္စည်းနဲ့ အတူ ရောက်လာပြီး ပြင်လိုက်တာ သူတို့ စက် ပြန်ကောင်းသွားပါတယ်။

အဲဒီ ပြပွဲထဲမှာ ကျွန်တော်တို့ အေးဂျင့် ကုမ္ပဏီက ထိုင်းနိုင်ငံ ရဲ့ ဌာနေ ကိုယ်စားလှယ် အရောင်းမန်နေဂျာ တစ်ယောက်ကို ထူးထူးခြားခြား သတိထားမိပါတယ်။ အင်္ဂလိပ်စကားကို တမင် လုပ်ပြောတာ မဟုတ်ပဲ လေယူလေသိမ်း အသံထွက်က အစ အနောက်တိုင်းသား တစ်ယောက်နဲ့ မခြား ပြောနိုင်ပါတယ်။ အင်္ဂလိပ်စကားကို အဲဒီလောက် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တာကြောင့် ကျွန်တော်သူ့ကို စင်ကာပူ ဟောင်ကောင်လို အင်္ဂလိပ်စကား ပြောတဲ့ နိုင်ငံ တစ်နိုင်ငံကလို့ ထင်လိုက် မိပါတယ်။ ကျွန်တော့် ဘော့စ်ရောက်လာပြီးတော့ ကျွန်တော့်ကို အဲဒီ ပုဂ္ဂိုလ်နဲ့ မိတ်ဆက်ပေး ပါတယ်။ နာမည် ကြားလိုက်တော့မှ အတော်လေး အံ့အားသင့်သွားပါတယ်။ အဲဒီပုဂ္ဂိုလ်က ဂျပန်လူမျိုးပါ။ ဂျပန်ထဲမှာ အင်္ဂလိပ်စကား ဒီလောက်ကောင်းအောင် ပြောတတ်တဲ့သူ တစ်ခါမှ မတွေ့ဖူးတော့ သူ့ကို ဂျပန်လို့ မထင်မိတာ အမှန်ပါပဲ။ ဂျပန်ဆို အင်္ဂလိပ် စကားပြော ညံ့တယ်လို့ တွေးထားတဲ့ နောက်ထပ် ပုံသေကားကျ အတွေး တစ်ခု ထပ်ပြီး ပျက်သွားပါတယ်။ နောက်မှ သူပြောပြလို့ ယူအက်စ်က အင်ဂျင်နီယာဘွဲ့ ရလာတဲ့သူ ဆိုတာ သိလိုက်ရပါတယ်။

ဒီလိုနဲ့ ပြပွဲပြီးတဲ့နေ့မှာ ညစာစားရင်း အိုမရွန် ကုမ္ပဏီရဲ့ စင်ကာပူ ရုံးခွဲ က မန်နေဂျာ တစ်ယောက်နဲ့ စကားပြော ဖြစ်ပါတယ်။ ကျွန်တော့်ကို ဘယ်နိုင်ငံကလည်း မေးတော့ မြန်မာနိုင်ငံကလို့ ပြန်ဖြေလိုက်ပါတယ်။ သူက ကျွန်တော့်ကို “အရင်တုန်းက မြန်မာဆိုရင် ဆောက်လုပ်ရေး အလုပ်သမား၊ တရားမဝင်နေတဲ့သူ ဒီလိုပဲ သိထားတာ။ ” လို့ ပြောပါတယ်။ ဒါလည်း မဆန်းပါဘူး။ အဲဒီအချိန်က စလုံးမှာ ပညာတတ် မြန်မာ ဦးရေ ဒီလောက် မများသေးပါဘူး။ အဲဒီတော့ စလုံးတွေကလည်း မြန်မာတွေကို အဲဒီလိုပဲ စတီရီယိုတိုက်ပ် လုပ်တတ် ကြပါတယ်။

နောက်တော့ သူက ဆက်ပြောပါတယ်။ “မင်းတို့ မြန်မာထဲမှာ အရမ်း ထက်တဲ့သူတွေ ရှိတယ် ဆိုတာ ငါအရင်က လုံးဝ ထင်မထားဘူး။ ငါတို့ ကုမ္ပဏီက System တွေ ဝိုင်အိုင်တီမှာ သွားပြီး ဆင်တုန်းကမှ သိလိုက်ရတယ်။ အီလက်ထရွန်းနစ် ဌာနက ဒေါက်တာ စန်းတင့်တို့ မစ္စတာ ဝင်းခိုင်မိုး တို့ ဆိုတာ တကယ့်ကို တော်တဲ့ သူတွေပဲ။ စင်ကာပူမှာ တော်ရုံတန်ရုံ အင်ဂျင်နီယာတွေ အလွယ်တကူ နားမလည်တဲ့ System တွေ သူတို့ကို ပြလိုက်တာ ချက်ချင်းပဲ သဘောပေါက်တယ်။ ချက်ချင်းပဲ ပြန်ပြီး အသုံးချတတ်တယ်။ အဲဒါကြောင့် သူတို့ နှစ်ယောက် နာမည်ကို ငါအခုထိ ကောင်းကောင်း မှတ်မိနေတယ်။” လို့ သူက ပြောပါတယ်။ တကယ့် ဂုရုတွေနဲ့မှ သွားတွေ့တာကိုး။ ဒီလောက်တော့ ရှိမှာပေါ့လို့ စိတ်ထဲကပဲ ပြောလိုက်မိ ပါတယ်။

ကျွန်တော့် အမြင်မှာတော့ လူတစ်ယောက် တော်တယ် ညံ့တယ် ဆိုတဲ့ ကိစ္စကို လူမျိုးကို လိုက်ပြီး Stereotype လုပ်လို့ ရတယ်လို့ မထင်ပါဘူး။ လူတစ်ယောက်ချင်းစီ ရဲ့ အရည်အချင်း ကြိုးစားမှုနဲ့ ပိုပြီး ပတ်သက်တယ် လို့ ထင်ပါတယ်။ တစ်ချို့ကျတော့လည်း “တို့မြန်မာတွေ သိပ်တော်တယ်ကွ။” ပြောပြီး တကယ် ထူးချွန်တဲ့ မြန်မာတွေ ရှိတာနဲ့ ကိုယ်ကပါ မဆီမဆိုင် အလိုလိုနေရင်း တော်နေသယောင် မသိမသာ ရောကြိတ်တတ် ကြပါတယ်။ တို့မြန်မာတွေ အားလုံး သိပ်တော်ကြတယ် ဆိုပြီး ပုံသေကားကျ ပြောတာနဲ့ ယှဉ်ရင်တော့ တို့မြန်မာထဲမှာ တကယ် တော်တဲ့သူတွေ ရှိတယ်လို့ ပြောတာက ပိုပြီး သဘာဝကျလိမ့်မယ်လို့ ထင်ပါတယ်။

Wednesday, January 14, 2009

ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

နင်နွိုင်း အာကွီနိုလေဆိပ် လူဝင်မှု ကြီးကြပ်ရေး ကောင်တာက အမျိုးသမီးက ဘာမှ စစ်ဆေးမေးမြန်း မနေပဲ ကျွန်တော့် နိုင်ငံကူးလက်မှတ်ပေါ်မှာ သုံးပတ်နေထိုင်ခွင့် ရိုက်နှိပ်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ သူတွေအတွက် ကမ္ဘာပေါ်မှာ ချစ်စရာ အကောင်းဆုံး အင်မီဂရေးရှင်း လို့ ပြောရင် ရလောက်ပါတယ်။ ဗီဇာမလို၊ ဘာစာရွက်စာတမ်းမှလည်း တောင်းမကြည့်၊ ယုတ်စွအဆုံး အပြန် လေယာဉ်လက်မှတ်တောင် တောင်းမကြည့်တဲ့ အင်မီဂရေးရှင်း ဆိုလို့ ဒီတစ်နေရာပဲ တွေ့ဖူးပါသေးတယ်။ ဒီတစ်ခေါက်ဟာ ၃ကြိမ်မြောက် ရောက်ရှိခြင်း ဖြစ်ပေမယ့် ဒီလေဆိပ်ကို ရောက်တဲ့ အခါတိုင်း အခုလို ချောချောမွေ့မွေ့ပါပဲ။

အပြင်မှာ ကျွန်တော့်ကို လာကြိုနေတဲ့ မနီလာ ရုံးက အင်ဂျင်နီယာနဲ့ အသင့်ပဲ တွေ့ပါတယ်။ နေ့လည်ခင်း ကွာလာလမ်ပူက လာတဲ့ လေကြောင်းလိုင်းနဲ့ မလေးရှားက အင်ဂျင်နီယာ ရာမက်ရှ် လာလိမ့်မယ်လို့ ကျွန်တော့်ကို ကြိုပြီး သတင်းပေးပါတယ်။ ကျွန်တော့် စိတ်ထဲမှာ နည်းနည်းတော့ အံ့သြသွားပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်သိထားသလောက် ရာမက်ရှ်က မလေးရှားက စက်တွေကိုပဲ ပြင်လေ့ရှိပြီး တစ်ခြားနိုင်ငံကို ခရီးထွက်ခဲ လို့ပါ။ ရာမက်ရှ် ဖိလစ်ပိုင် ရောက်လာတယ် ဆိုတော့ အခုလက်ရှိ ကျွန်တော်တို့ ဆင်နေတဲ့ စက်တွေမှာ ပြသနာ အကြီးအကျယ် ဖြစ်နေလို့ လူအင်အား လိုနေလို့လား ဆိုပြီး တွေးမိလိုက်လို့ပါ။

အဲဒီအချိန်က ဖိလစ်ပိုင်မှာ ရှိတဲ့ အမေရိကန်ပိုင် စက်ရုံတစ်ရုံမှာ ကျွန်တော်တို့ စက်တွေ ဆင်နေကြပါတယ်။ စက်က စုစုပေါင်း ၃ လုံးဖြစ်ပြီး အားလုံး အကြီးစားစက်တွေ ချည်းပါပဲ။ စင်ကာပူမှာ ရှိသမျှ အင်ဂျင်နီယာတွေ တစ်ယောက်ပြီး တစ်ယောက်လာပြီး ကိုယ်နဲ့ဆိုင်တဲ့ ပြသနာတွေ လာပြီး ရှင်းကြပါတယ်။ ကျွန်တော်နဲ့ စင်ကာပူရုံးက ဖိလစ်ပိုင်အင်ဂျင်နီယာ တစ်ယောက်ကတော့ ဖိလစ်ပိုင်မှာ ရေရှည် နေထိုင်ပြီး ပြသနာအားလုံးအတွက် တာဝန်ယူရပါတယ်။ ကျွန်တော်က ဆော့ဖ်ဝဲလ် တာဝန်ခံ ဖြစ်ပြီး ဖိလစ်ပိုင် အင်ဂျင်နီယာကတော့ စက်မှုနဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ တာဝန်ခံပါ။

နေ့လည်ခင်းမှာတော့ ကျွန်တော့် မိတ်ဆွေကြီး ရာမက်ရှ် မလေးရှား လေကြောင်းလိုင်းနဲ့ ဖိလစ်ပိုင်ကို ရောက်လာပါတယ်။ သူ့ကို ဘာအတွက် လာတာလဲ မေးတော့မှ သူက ကျွန်တော်တို့ အခုစက်ဆင်နေတဲ့ စက်ရုံမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဝယ်ထားတဲ့ စက်တစ်လုံးမှာ ပြသနာဖြစ်နေလို့ ရှင်းမရလို့ သူ့ကို လွှတ်လိုက်တာ လို့ ပြောပါတယ်။ အဲဒီစက်အမျိုးအစားမှာ ဆိုနီက ထုတ်တဲ့ စက်ရုပ်တစ်ရုပ်စီ ပါပါတယ်။ အခု ဖြစ်နေတဲ့ ပြသနာက စက်ရုပ်တစ်ရုပ်က စပြီး ခဏ အကြာမှ ရပ်သွားပြီး reset လုပ်လိုက်ရင်လည်း နောက် နာရီဝက်အကြာမှာ ပြသနာက ပြန်ပြန်တက်လာလို့ လို့ ပြောပါတယ်။

စက်ပြင်တဲ့ အခါမှာ စက်နဲ့ အကျွမ်းတဝင်မရှိသေးတဲ့ အင်ဂျင်နီယာတွေ လုပ်တတ်တဲ့ အလုပ်က တစ်ခုခြင်း ဖြုတ်လဲတာပါ။ ပျက်နေတဲ့စက်ကို မကောင်းမချင်း အစိတ်အပိုင်း တစ်ခုစီ ဖြုတ်လဲကြပါတယ်။ အခု ဒီတစ်ခါလည်း ဖိလစ်ပိုင်ရုံးက အင်ဂျင်နီယာတွေက အမြဲတမ်း တစ်ခုခု လွဲမှားနေကြောင်း သတိပေးနေတဲ့ စက်ရုပ်ရဲ့ ဆာဗိုထိန်းချုပ်ရေး ကိရိယာ (Servo Controller) တစ်ခုလုံးကို ဖြုတ်လဲမယ်ဆိုပြီး ပြောပါတယ်။ သူတို့မှာ အပိုပစ္စည်း အသင့်ရှိပေမယ့် စက်ရုံက လက်မခံပါဘူး။ ပြသနာကို အရင်တွေ့အောင် ရှာပါ လို့ ပြောပါတယ်။ အရင်တစ်ခါက ကျွန်တော်တို့ ရုံးက အင်ဂျင်နီယာတစ်ယောက် ဘုမသိ ဘမသိ ဖြုတ်လဲလို့ အဲဒီလို ကိရိယာ တစ်လုံး လောင်သွားပြီးပြီ။ နောက်တစ်ခေါက် ထပ်အဖြစ် မခံနိုင်ဘူး လို့ ပြောကြပါတယ်။

နောက်ဆုံးတော့ အဲဒီ အငြင်းပွားမှုတွေက စင်ကာပူရုံးက ဘော့စ် ရဲ့နားကို ရောက်သွားတာကြောင့် ဘော့စ်က ရာမက်ရှ်ကို လူစွမ်းကောင်းအနေနဲ့ လွှတ်လိုက်တာပါ။ ရာမက်ရှ်ရောက်လာပြီး မကြာခင်မှာပဲ ကျွန်တော်တို့ စက်ရုံထဲ ရောက်ခဲ့ကြပါတယ်။ ရာမက်ရှ်က ဆော့ဖ်ဝဲလ်နဲ့ ပတ်သက်ပြီး အကူအညီလိုရင် ကျွန်တော့်ကို လှမ်းခေါ်မယ် လို့ ပြောပြီး စက်ရုံထဲက အင်ဂျင်နီယာတွေနဲ့ အတူ သူ့စက်ကို စပြီး ပြင်နေပါ တော့တယ်။

ကျွန်တော်လည်း စက်အသစ်တွေရဲ့ အခြေအနေ လှည့်ပတ်ကြည့်ပြီး ဘာပြသနာရှိသလဲ ဟိုမေးဒီမေးနဲ့ စက်ရုံထဲ ပတ်နေပါတယ်။ ကျွန်တော်တို့ စက်အသစ် တွေထဲမှာ ၂ လုံးက အမှန်တကယ် ထုတ်လုပ်မှု အဆင့်မရောက်သေးပဲ စမ်းသပ်လည်ပတ်နေတဲ့ အချိန်ဆိုတော့ ကျွန်တော်ကတော့ အတော့်ကို အားနေပါတယ်။ ဒီစက်ရုံမှာ ၃ပတ်လောက် အလုပ်လုပ်ခဲ့ဖူးတော့ အသိအကျွမ်းကလည်း အများကြီး ရှိနေတော့ ဟိုလူနဲ့ စကားပြောလိုက် ဒီလူနဲ့ စကားပြောလိုက်နဲ့ပဲ အချိန်ကုန်ပါတယ်။

၂ နာရီ ၃ နာရီလောက် ကြာတော့ ရာမက်ရှ် စက်ပြင်နေတာ မတွေ့တော့ဘဲ စက်ရှေ့မှာ ဟိုလက်ညှိုးထိုးလိုက် ဒီလက်ညှိုးထိုးလိုက်နဲ့ လေပေးဖြောင့်နေတာပဲ တွေ့ရပါတယ်။ အဲဒါနဲ့ ကျွန်တော်သူ့ကို လှမ်းမေးပါတယ်။
“စက်က ဘယ်လိုလဲ ကောင်းသွားပြီလား။”
“အင်း။ ကောင်းသွားပြီ။”
“မြန်လှချည်လား။”
“မြန်မှာပေါ့။ ဘာမှ ကြီးကြီးကျယ်ကျယ် လုပ်စရာမှ မလိုတာ။”
“ဘာပျက်နေလို့လဲ။”
“ဘာမှ မပျက်ဘူး။ စက်ဆီမရှိလို့။”
“သူတို့ ပြောတော့ ဆာဗိုစနစ် ကပြသနာဖြစ်တာဆို။”
“မဟုတ်ဘူး။ အဲဒီစက်သွားမှာ စက်ဆီမရှိပဲ ကျပ်နေတော့ ဆာဗိုက သူ့ကို လိုသလို ထိန်းလို့မရဘူး။ အဲဒါကြောင့် တစ်ခုခုလွဲနေတယ် ဆိုပြီး အမြဲပြောနေတာ။”
“ကောင်းရော။ မလေးရှားကနေ ဖိလစ်ပိုင်အထိ တကူးတကန့်လေယာဉ်ပျံနဲ့လာပြီး စက်ဆီ လာထည့်ပေးရတယ် ဆိုတာ။”
“ဟားဟား။ ငါတို့ဘော့စ်တော့ အတော်ဒေါပွနေတယ်။ ဒါပေမယ့် ဒီက အင်ဂျင်နီယာတွေအတွက် ဖာဖာထေးထေးတော့ ပြောပေးလိုက်ပါတယ်။ အဲဒီ စက်သွားက စက်ရုပ် ရဲ့ အတွင်းပိုင်းမှာ ရှိတာမို့ အဖုံးတွေ အားလုံး ဖြုတ်ကြည့်မှ မြင်ရတာ။ ဒီအတိုင်းဆို မတွေ့ရဘူး ဆိုတဲ့ အကြောင်းပါ ပြောပြလိုက်ပါတယ်။”
“အဲဒါဆို ပြန်လို့ ရပြီပေါ့။”
“ပြန်လို့တော့ ရပြီ။ ဒါပေမယ့် ဘော့စ်ကတော့ လေယာဉ်ပျံလက်မှတ်ဖိုး ကုန်ထားရတာ နှမြောတယ် ထင်ပါတယ်။ ငါ့ကို နောက်တစ်ရက် ထပ်နေပြီး ဒီစက်ရုံက အင်ဂျင်နီယာတွေကို သင်တန်းပေးဦးလို့ လှမ်းပြောတယ်။”

အမှန်တကယ်ကတော့ ဖိလစ်ပိုင်က အင်ဂျင်နီယာတွေ အယူအဆလွဲ ကြတာပါ။ သူတို့မှာ ပြသနာကို ထဲထဲဝင်ဝင် ဖြေရှင်းဖူးတဲ့ အတွေ့အကြုံနည်းပြီး တစ်ခုခု ဖြစ်ရင် ဖြုတ်လဲမယ် ဆိုတဲ့ စိတ်ကပဲ စွဲနေကြပါတယ်။ အဲဒါကြောင့် မလိုလားအပ်တဲ့ အခြေအနေ တစ်ခုကို ရောက်သွားရတာပါ။ ကျွန်တော့်အတွက်လည်း ပြသနာဆိုတာ မထင်မှတ်ထားတဲ့ အသေးအဖွဲတစ်နေရာမှာ ရှိနေတတ်တယ် ဆိုတဲ့ သင်ခန်းစာတစ်ခုတော့ ရသွား ခဲ့ပါတယ်။