Search This Blog

Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Wednesday, June 27, 2012

ကို့ရို့ကားယား ဥပဒေများ

အခုတလော ရူးအော့ဖ်လော ဒါမှမဟုတ် တရားဥပဒေ စိုးမိုးရေးပဲ ဆိုဆို စကားတစ်ခွန်းကို မကြာခဏ ကြားနေရပါတယ်။ ဥပဒေ အထက်မှာ မည်သူမျှ မရှိစေရ ဆိုတဲ့စကားကြီး ကြားရင် စိတ်ထဲမှာတော့ ပေါင်ချိန် ဇာတ်လမ်းထဲက ခွေးခေါင်း ဓားစက်တွေ၊ နဂါးခေါင်း ဓားစက်တွေ မြင်ယောင်လာမိပါတယ်။

ဥပဒေ ဆိုတာ လူတွေ လိုက်နာဖို့ အတွက် အထိန်းအကွပ် လုပ်ထားတဲ့ ကိစ္စပါ။ ဒါပေမယ့်လည်း တစ်ချို့သော ဥပဒေများကတော့ ကြားရတာ အတော်ကလေး ဂွတီးဂွကျ နိုင်ပါတယ်။ စင်ကာပူမှာ ပီကေ မစားရ၊ ပီကေ လက်ဝယ်မထားရ ဆိုတဲ့ ဥပဒေဟာ တခြားနိုင်ငံ သားတွေ အတွက်တော့ ရယ်စရာ ဖြစ်နေပါတယ်။ ပါးစပ်နဲ့ ဟဝှာ ပြုတာ နောက်ဆက်တွဲ မပါဘဲ သူ့ချည်းသက်သက် ဆိုရင် ဥပဒေနဲ့ မညီဘူး ဆိုတဲ့ စင်ကာပူရဲ့ ဥပဒေကိုလည်း စလုံးတွေ ကိုယ်တိုင်ကတောင် ရယ်စရာ တစ်ခု အနေနဲ့ ပြောတတ်ကြ ပါတယ်။ တစ်ချို့သော ဥပဒေများကတော့ နိုင်တီးဂွမ်တီး ဘိုးတော်ဘုရားကြီး လေးဘက်သွားတဲ့ အချိန်တုန်းက ရေးခဲ့ပေမယ့် အခု အချိန် ဥပဒေ စာအုပ်ထဲက ပြန်မဖျက်ဖြစ်တာမို့ ကျန်နေတာပါ။

ကျွန်တော်ရဲ့ ဘလက်ဘယ်ရီ ဖုန်းထဲမှာ အင်စတောလ် လုပ်ထားတဲ့ အံ့ဩစရာ အချက် ၅၀၀၁ ဆိုတဲ့ ဆော့ဖ်ဝဲလ်ထဲမှာ ပါတဲ့ ထူးထူးဆန်းဆန်း ဥပဒေတွေထဲက စိတ်ဝင်စားစရာ ဥပဒေ အချို့နဲ့ ပြုံးချင်စရာ ဥပဒေ အချို့ကို အားလုံး ဖတ်ရအောင် ရှယ်ပေးလိုက်ပါတယ်။

အမေရိကန်က ဥပဒေများ

(၁) ယူတားပြည်နယ်မှာ လူသေအလောင်း ရှေ့မှာ ကျိန်ဆဲတာ ဥပဒေနဲ့ မညီပါဘူး။

(၂) အိုင်ဒဟိုပြည်နယ်က ပိုကာတဲလိုး မြို့မှာ ပြုံးမပြဘဲ နေတာ ဥပဒေနဲ့ မညီပါဘူး။

(၃) နီဘရားစကားပြည်နယ်မှာ ဘားပိုင်ရှင်တစ်ယောက်က စွတ်ပြုတ်အိုးကို တည်မထားတဲ့ အချိန် ဘီယာရောင်းတာ ဥပဒေနဲ့ မညီပါဘူး။

(၄) ရုတ်ဒ်အိုင်းလန်းပြည်နယ် နယူးပေါ့တ်မြို့မှာ နေဝင်ပြီးတဲ့ အချိန် ဆေးတံသောက်တာ ဥပဒေနဲ့ မညီပါဘူး။

(၅) အာကင်ဆောပြည်နယ်မှာ "Arkansas" ဆိုတဲ့ ပြည်နယ်နာမည်ကို အာကင်ဆောလို့ အသံမထွက်ရင် ဥပဒေနဲ့ မညီပါဘူး။

(၆) ကင်တပ်ကီပြည်နယ်မှာ နောက်အိတ်ကပ်ထဲမှာ အိုင်စကရင်မ်ကို ထည့်သယ်တာ ဥပဒေနဲ့ မညီပါဘူး။


မုစ်သမင်

(၇) အလက်စကာပြည်နယ်မှာ တစ်စုံတစ်ယောက်က မုစ် လို့ခေါ်တဲ့ သမင်မျိုးကို အမဲလိုက်နေချိန်မှာ နားနားကပ်ပြီး တိုးတိုးပြောတာ ဥပဒေနဲ့ မညီပါဘူး။

(၈) အလက်စကာပြည်နယ်ရဲ့ ဥပဒေမှာ မုစ် သမင်ကို လေယာဉ်ပေါ်က ကြည့်တာ ဥပဒေနဲ့ မညီပါဘူး။

(၉) အိုဟိုင်းယိုးပြည်နယ် ကလိဗ်လန်းမှာ အမဲလိုက်လိုင်စင် မရှိဘဲ ကြွက်ဖမ်းတာ ဥပဒေနဲ့ မညီပါဘူး။

(၁၀) ဖလော်ရီဒါပြည်နယ်မှာ လူအများရဲ့ ရှေ့မှာ ရေကူးဝတ်စုံနဲ့ သီချင်းဆိုတာ ဥပဒေနဲ့ မညီပါဘူး။

(၁၁) မက်ဆာချူးဆက်ပြည်နယ်မှာ ရေမချိုးဘဲ အိပ်ရာဝင်ရင် ဥပဒေနဲ့ မညီပါဘူး။

(၁၂) ကင်တပ်ကီပြည်နယ်က အိုဟိုင်းယိုးမြစ်ထဲမှာ အင်ဒီယားနားပြည်နယ်က ငါးဖမ်းလိုင်စင် မရှိဘဲ ငါးဖမ်းရင် ဥပဒေနဲ့ မညီပါဘူး။

(၁၃) တက်ကဆပ်ပြည်နယ်က ကော်ပတ်ခရစ်စတီးမှာ အယ်လီဂိတ်တာ  လို့ ခေါ်တဲ့ နှာခေါင်းတို မိကျောင်းမျိုးကို အိမ်ထဲမှာ မွေးတာ ဥပဒေနဲ့ မညီပါဘူး။

(၁၄) ဝါရှင်တန်ပြည်နယ် ဘယ်လင်ဟန်က ဥပဒေ အဟောင်းတစ်ခုမှာ အမျိုးသမီးတစ်ယောက် ကနေတဲ့ အချိန် နောက်ကို ခြေလှမ်း ၃ လှမ်းထက် ပိုပြီး ဆုတ်ရင် ဥပဒေနဲ့ မညီပါဘူး။

(၁၅) အာကင်ဆောပြည်နယ်မှာ မီးသီးအပြာကို အရောင်းအဝယ် လုပ်ရင် ဥပဒေနဲ့ မညီပါဘူး။

(၁၆) အဆောက်အဦးကြီး တစ်ခုလုံးကို စာတိုက်ကနေ ပို့တာ အမေရိကန်တစ်နိုင်ငံလုံးမှာ ၁၉၁၆ ခုနှစ်က စပြီး ဥပဒေနဲ့ မညီဘူးလို့ သတ်မှတ်ထားပါတယ်။ အကြောင်းကတော့ လူတစ်ယောက်က တန် ၄ သောင်းရှိတဲ့ အိမ်တစ်လုံးကို ယူတားပြည်နယ်မှာ သယ်ယူပို့ဆောင်ခ သက်သာအောင် စာတိုက်ကနေ ပို့ဖူးလို့ပါ။

(၁၇) ဗာဂျီးနီးယားပြည်နယ်၊ နော်ဖော့မှာ လမ်းဘေးကို တံထွေးထွေးရင် ဥပဒေနဲ့ မညီပါဘူး။

(၁၈) ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမှာ သစ်ကုလားအုပ်ကို တယ်လီဖုန်းတိုင် ဒါမမဟုတ် ဓာတ်တိုင်နဲ့ တွဲပြီး ချည်ထားတာဟာ ဥပဒေနဲ့ မညီပါဘူး။

(၁၉) ဝါရှင်တန်ပြည်နယ်၊ ဆီယက်တဲလ်မှာ ၆ ပေထက်ကျော်တဲ့ လက်နက်ကို ဖွက်ပြီး သယ်တာ ဥပဒေနဲ့ မညီပါဘူး။

(၂၀) အရီဇိုးနားပြည်နယ်မှာ ကုလားအုပ်ကို အမဲလိုက်တာ ဥပဒေနဲ့ မညီပါဘူး။

(၂၁) နယူးယောက်ပြည်နယ်မှာ တနင်္ဂနွေနေ့ နေ့လည်မတိုင်ခင် ဘယ်လို အရက်မျိုးကို ဝယ်ဝယ် ဥပဒေနဲ့ မညီပါဘူး။

(၂၂) ကန်းဆပ်ပြည်နယ်၊ နာတိုးမား မှာ ဝတ်စုံ အကျား ဝတ်ထားတဲ့သူတစ်ယောက်ကို ဓားနဲ့ပစ်တာ ဥပဒေနဲ့ မညီပါဘူး။

(၂၃) အမေရိကန် သမ္မတ သောမတ် ဂျက်ဖာဆန် တို့ခေတ်က ဗာဂျီးနီးယားပြည်နယ်မှာ ဘိလိယက်ထိုးတာ ဥပဒေနဲ့ မညီတဲ့ အတွက် သောမတ်ဂျက်ဖာဆန်ရဲ့ အိမ်ထဲမှာ ဘိလိယက်ခုံထားတဲ့ အခန်းကို ဝှက်ပြီး ဆောက်ထားရပါတယ်။

(၂၄) အီလီနွိုင်းပြည်နယ်ရဲ့ ဥပဒေက ဆံပင်ညှပ်သမားကို လက်နဲ့ မုတ်ဆိပ်ရိတ်တဲ့ ကရင်မ်ကို မျက်နှာပေါ် လိမ်းတာ ဥပဒေနဲ့ မညီဘူးလို့ ကန့်သတ်ထားပါတယ်။

(၂၅) နီဘရားစကားပြည်နယ်က တစ်ချို့သော ဘုရားရှိခိုးကျောင်းတွေမှာ လေချဉ်တက်တာ၊ နှာချေတာ ဥပဒေနဲ့ မညီပါဘူး။

(၂၆) ဗာဂျီးနီးယားပြည်နယ်က ပင်တဂွန်စစ်ဌာနချုပ်မှာ အိမ်သာတွေ လိုအပ်တာထက် နှစ်ဆပိုများ နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ပင်တဂွန်ကို ဆောက်တဲ့ အချိန်က လူဖြူနဲ့ လူမည်းကို အိမ်သာ သတ်သတ်စီ ခွဲဆောက်ရမယ် ဆိုတဲ့ ဥပဒေ ဗာဂျီးနီးယားမှာ ရှိခဲ့လို့ပါ။

(၂၇) မီချီဂန်ပြည်နယ် ဒက်ထရွိုက်က ဥပဒေစာအုပ်မှာ အယ်လီဂေတာ မိကျောင်းကို မီးသတ်ဘူးနဲ့ တွဲမချည်ရ ဆိုတဲ့ ဥပဒေ ရှိပါတယ်။

(၂၈) အမေရိကန် ဥပဒေမှာ ဘီယာကြော်ငြာတဲ့ အချိန် လူတစ်ယောက် ဘီယာသောက်နေတာကို မပြရဘူးလို့ ကန့်သတ်ချက် ရှိပါတယ်။

(၂၉) အရီဇိုးနားပြည်နယ်မှာ လူတစ်ယောက် ရေတောင်းသောက်တာကို မတိုက်ရင် ဥပဒေနဲ့ မညီပါဘူး။

(၃၀) အမေရိကန်ပြည်နယ် အတော်များများရဲ့ ဥပဒေမှာ လူတစ်ယောက် ဒေဝါလီခံရင် ဒါမှမဟုတ် လူမွဲစာရင်းခံရင် ကြွေးရှင်တွေ အနေနဲ့ အခြားပစ္စည်း အားလုံးကို သိမ်းနိုင်ပေမယ့် သူ့ရဲ့ လက်ထပ်လက်စွပ်ကို သိမ်းပိုင်ခွင့် မရှိဘူးလို့ ဥပဒေ ပြဌာန်းထားပါတယ်။

(၃၁) ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ဥပဒေမှာ အမျိုးသမီးတစ်ယောက် အိမ်နေရင်း ကုတ်အင်္ကျီနဲ့ ကားမောင်းခွင့် မရှိဘူးလို့ ကန့်သတ်ထားပါတယ်။

(၃၂) ကော်နက်တီကပ်ပြည်နယ် ဒယ်ဗွန်မှာ နေဝင်တဲ့ အချိန် နောက်ပြန်လမ်းလျှောက်တာ ဥပဒေနဲ့ မညီဘူးလို့ သတ်မှတ်ထားပါတယ်။

(၃၃) အမေရိကန်ရဲ့ ဥပဒေမှာ ကလေးတွေနဲ့ သက်ဆိုင်တဲ့ တီဗွီ အစီအစဉ်တွေမှာ တစ်နာရီကို ဆယ်မိနစ်ထက်ပိုပြီး ကြော်ငြာပါခွင့် မရှိဘူးလို့ ကန့်သတ်ထားပါတယ်။ စနေ တနင်္ဂနွေမှာ ဆိုရင် တစ်နာရီကို ဆယ့်တစ်မိနစ်ခွဲ အထိ ခွင့်ပြုပါတယ်။


အူကူလီလီ
(၃၄) ယူတားပြည်နယ် ဆော့တ်လိတ်စီးတီးမှာ အူကူလီလီ တူရိယာကို ဘာနဲ့မှ မပတ်ဘဲ လမ်းပေါ်မှာ သယ်ဆောင်တာကို တားမြစ်ပါတယ်။

(၃၅) လတ်ဗီးဂတ်စ်မြို့မှာ သွားတုကို ပေါင်တာ ဥပဒေနဲ့ မညီပါဘူး။

(၃၆) ဂျက်ဒင်နီယယ် ဝီစကီကို ထုတ်လုပ်တဲ့မြို့မှာ ဂျက်ဒင်နီယယ် ဝီစကီကို ဝယ်တာ၊ သောက်တာ ဥပဒေနဲ့ မညီပါဘူး။

နိုင်ငံတကာ ဥပဒေများ

(၁) ပြင်သစ်နိုင်ငံမှာ အခု အချိန်အထိ ဝက်ကို နပိုလီယံလို့ နာမည်ပေးတာ ဥပဒေနဲ့ မညီပါဘူး။

(၂) အီတလီနိုင်ငံ ဆီယဲနားမှာ မေရီ ဆိုတဲ့ နာမည်နဲ့ မိန်းကလေးတွေကို ပြည်တန့်ဆာလုပ်ရင် တရားဥပဒေနဲ့ မညီပါဘူး။

(၃) ပြင်သစ်နိုင်ငံမှာ ဂြိုဟ်သားရုပ် ရောင်းတာ ဥပဒေနဲ့ မညီပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူရဲ့မျက်နှာ မဟုတ်တဲ့ အရုပ်ကို ရောင်းချတာ တရားမဝင်ဘူးလို့ ကန့်သတ်ထားလို့ပါ။

(၄) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကားအနီ တစ်စင်းကို ပိုင်ဆိုင်တာ ဥပဒေနဲ့ မညီပါဘူး။

(၅) ဂရိနိုင်ငံ အေသင်မြို့မှာ ကားမောင်းတဲ့သူက အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်မထားရင် ဖြစ်ဖြစ်၊ ရေမချိုးထားရင် ဖြစ်ဖြစ် လိုင်စင်သိမ်းပိုင်ခွင့် ရှိပါတယ်။

(၆) အင်္ဂလန်မှာ မိန်းမကို လက်မထက်ပိုကျယ်တဲ့ အရာနဲ့ ရိုက်ခွင့် မရှိဆိုတဲ့ ဥပဒေ အဟောင်းရှိခဲ့တာကြောင့် "Rule of Thumb" ဆိုတဲ့ စကား ဖြစ်လာခဲ့ပါတယ်။

(၇) ဆွစ်ဇာလန်မှာ ကားတံခါးကို ဆောင့်ပိတ်တာ ဥပဒေနဲ့ မညီပါဘူး။

(၈) ဆွစ်ဇာလန် ဥပဒေမှာ နိုင်ငံသားတိုင်း ဗုံးခိုကျင်း တစ်ခု ပိုင်ရမယ် ဒါမှမဟုတ် အသုံးပြုနိုင်တဲ့ ဗုံးခိုကျင်း တစ်ခု ရှိရမယ် လို့ ဆိုပါတယ်။

(၉) ကနေဒါနိုင်ငံ ကွီးဘက်မှာ မာဂျရင်းရဲ့ အရောင်က ထောပတ်ရဲ့ အရောင်နဲ့ ကွဲလွဲရမယ် ဆိုတဲ့ ဥပဒေ ရှိပါတယ်။

(၁၀) အိုက်စလန်နိုင်ငံမှာ ခွေးမွေးတာ ဥပဒေနဲ့ မညီပါဘူး။

(၁၁) အင်္ဂလန်က လယ်သမားတွေဟာ ဥပဒေအရ သူတို့ရဲ့ ဝက်တွေကို ကစားစရာ ပေးထားရပါတယ်။

(Image Source: Wikimedia Foundation)

Tuesday, December 27, 2011

ဟိုတစ်စ ဒီတစ်စ ဟာသများ (၃)

မူးရင်မမောင်းနဲ့

လူတစ်ယောက်ဟာ ပါတီပွဲတစ်ခုမှာ အရက်သောက်ရင်း အမူးလွန် သွားပါတယ်။ သူ့ရဲ့ သူငယ်ချင်းတွေက အိမ်ပြန်လိုက်ပို့ပေးမယ် ပြောကြပေမယ့်လည်း သူ့အိမ်က တစ်မိုင်လောက်ပဲ ဝေးတယ် ကိစ္စမရှိဘူးလို့ သူက ငြင်းပါတယ်။

ပါတီပွဲကနေအပြန် တိုက် ၅ တိုက်လောက် အရောက်မှာတော့ ရဲက သူ့ကားကို တားပါတော့တယ်။ နောက်တော့ ရဲက သူ့ဆီကနေ လိုင်စင်တောင်းကြည့်ပြီး သူ့ကို ကားထဲကနေ အပြင်ဖက် ထွက်ပြီး လမ်းလျှောက် ခိုင်းပါတယ်။ သူလမ်းစ လျှောက်နေတုန်းမှာပဲ ရဲတွေရဲ့ ရေဒီယိုက အသံမြည်လာပြီး လမ်းဒေါင့်က အိမ်တစ်အိမ်မှာ ဓားပြမှု ဖြစ်နေတယ်လို့ သတင်းပို့တဲ့ အသံ ကြားလိုက်ရပါတယ်။ ရဲတွေက သူ့ကို သူတို့ လမ်းထောင့်က ဓားပြမှု ကိုသွားဖြေရှင်းပြီး ပြန်လာခဲ့မယ် ဒီနေရာမှာ စောင့်နေပါလို့ မှာထားခဲ့ပြီး လမ်းဒေါင့်ကို ပြေးသွားကြ ပါတယ်။

သူဟာ အဲဒီနေရာမှာ အကြာကြီး စောင့်နေပေမယ့် ရဲတွေ ပြန်မလာတာနဲ့ နောက်ဆုံးမှာ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူအိမ်ပြန်ရောက်တဲ့ အခါမှာတော့ သူ့မိန်းမကို သူအိပ်တော့မယ်။ တကယ်လို့ တစ်ယောက်ယောက်က သူ့ကို လာရှာခဲ့ရင် သူ တုပ်ကွေးမိနေလို့ တစ်နေကုန် အိပ်ရာထဲမှာ အိပ်နေတယ်လို့ ပြောဖို့ မှာထားခဲ့ပါတယ်။

နာရီအနည်းငယ် အကြာမှာတော့ ရဲတွေက သူ့အိမ်တံခါးကို လာခေါက်ပါတယ်။ သူတို့က မစ္စတာစမစ် ဒီမှာ ရှိသလားလို့ မေးတော့ သူ့မိန်းမက ရှိပါတယ်လို့ ပြန်ဖြေပါတယ်။ သူတို့က မစ္စတာ စမစ်နဲ့ တွေ့ချင်တယ် ပြောတော့ သူ့မိန်းမက သူတုပ်ကွေးမိနေလို့ တစ်နေကုန် အိပ်ရာထဲမှာ အိပ်နေတယ်လို့ ပြန်ဖြေလိုက် ပါတယ်။

ရဲတွေ ဆီမှာ သူ့ရဲ့ လိုင်စင်တွေက ရှိနေတုန်းပါ။ ရဲတွေက သူ့ကားကို ကြည့်ချင်တယ် ပြောတော့ သူ့မိန်းမက ဘာလို့ ကြည့်ချင်တာလဲလို့ ပြန်မေးပါတယ်။ ဒါပေမယ့် ရဲတွေက သူ့ကားကို ကြည့်ဖို့ အတင်းအကြပ် တောင်းဆိုတာနဲ့ သူ့မိန်းမက သူတို့ကို ကားဂိုဒေါင် ရှိတဲ့နေရာကို ခေါ်သွားပါတယ်။ သူမက ဂိုဒေါင်တံခါးကို ဖွင့်တဲ့ အချိန်မှာ ဂိုဒေါင်ထဲမှာ တွေ့လိုက်ရတာကတော့ ခေါင်မိုးပေါ်မှာ မီးရောင်တွေ တလက်လက်  လင်းနေဆဲ ဖြစ်တဲ့ ရဲကားကိုပါ။

သတင်းစာဆရာ 

လူတစ်ယောက်ဟာ တိရစ္ဆာန်ရုံထဲမှာ လမ်းလျှောက်လာတဲ့ အချိန် ကလေးမကလေး တစ်ယောက် ခြင်္သေ့လှောင်အိမ်ကို မှီနေတာကို မြင်လိုက်ရပါတယ်။ ရုတ်တရက် ဆိုသလိုပဲ ခြင်္သေ့က သူမ ဝတ်ထားတဲ့ ဂျာကင်ရဲ့ အနားစကို လှမ်းဆွဲလိုက်ပြီး ကလေးမလေးကို လှောင်အိမ်ထဲ ဆွဲသွင်းပြီး စားဖို့ လုပ်နေတာကို သူ လှမ်းတွေ့လိုက် ရပါတယ်။ ကလေးမကလေးရဲ့ မိဘတွေကတော့ လှောင်အိမ်ရှေ့မှာ အသံကုန်ခြစ်ပြီး အော်နေကြ ပါတယ်။

အဲဒီလူက လှောင်အိမ်ရဲ့ အနားကို ပြေးသွားပြီး ခြင်္သေ့ရဲ့ နှာနုကို လက်သီးနဲ့ ခပ်ပြင်းပြင်း ပိတ်ထိုး ထည့်လိုက်ပါတယ်။ နာသွားတဲ့ အတွက်ကြောင့် ခြင်္သေ့က နောက်ကို ခုန်ဆုတ်ပြီး ကောင်မလေးကို လွှတ်ပေးလိုက်ပါတယ်။ သူက ကောင်မလေးကို ကြောက်လန့်နေတဲ့ သူမ မိဘတွေဆီကို ပို့ပေးလိုက်ပါတယ်။

သတင်းသမား တစ်ယောက်က အဲဒီ မြင်ကွင်းကို အစအဆုံးမြင် လိုက်ပါတယ်။ နောက်တော့ သူက ကောင်မလေးကို ကယ်ဆယ်တဲ့သူကို ပြောပါတယ်။

"ဆရာ။ ဒါဟာ ကျွန်တော့်ဘဝမှာ ကြုံဖူးသမျှထဲက ယောက်ျားတစ်ယောက် ရဲ့ အရဲရင့်ဆုံး သူရဲကောင်း အဆန်ဆုံး အပြုအမူ တစ်ခုပါပဲ။"

"ဘာလို့လဲ။ ဒါမဖြစ်စလောက် ကိစ္စပါ။" လို့ အဲဒီလူက ပြန်ပြောပါတယ်။

"တကယ်ပါ။ ခြင်္သေ့က လှောင်အိမ်ထဲမှာ ရှိနေတယ်။ ဘုရားသခင်က ခြင်္သေ့လှောင်အိမ်ထဲက ဒင်နီယယ်ကို အကာအကွယ် ပေးခဲ့သလိုပဲ ကျုပ်ကိုလည်း အကာအကွယ် ပေးလိမ့်မယ် ဆိုတာ ကျုပ်သိတယ်။ အခု ကျုပ် ဒီကလေးမလေး အန္တရာယ် ဖြစ်နေတာ မြင်လိုက်ရတယ်။ အဲဒီအတွက် ကျုပ်မှန်တယ် ထင်တဲ့ ကိစ္စတစ်ခုကို လုပ်လိုက်တာပဲ။"

"ခင်ဗျား အိတ်ထဲမှာ သမ္မာကျမ်းစာအုပ်ကို တွေ့တယ်။ ခင်ဗျားက ရီပတ်ဘလစ်ကင်လား။" လို့ သတင်းစာ ဆရာက မေးပါတယ်။

"ဟုတ်ပါတယ်။ နောက်ပြီး ကျုပ် ခရစ်ယာန်ပါ။ အခု သမ္မာကျမ်းစာ သင်တန်းကို သွားမလို့။" လို့ အဲဒီလူက ပြန်ဖြေပါတယ်။

"ကောင်းပါပြီ။ ဒီအဖြစ်အပျက်ကို ဘယ်သူမှ မသိလိုက်ဘဲ ပျောက်ပျက်သွားတာမျိုး မဖြစ်စေရပါဘူး။ ကျွန်တော်က သတင်းစာ ဆရာပါ။ မနက်ဖြန် သတင်းစာမှာ ဒီသတင်းကို မျက်နှာဖုံး သတင်း အနေနဲ့ ပါလာစေရ ပါမယ်။" လို့ သတင်းစာ ဆရာက ပြောပြီး ထွက်သွားပါတယ်။

နောက်တစ်နေ့ မနက်မှာတော့ အဲဒီလူက သတင်းစာကို ဝယ်ပြီး မနေ့က သူလုပ်ခဲ့တဲ့ ကိစ္စ တကယ်ပဲ သတင်းစာထဲမှာ ပါလာသလားလို့ ကြည့်ပါတယ်။ ပထမဆုံး စာမျက်နှာမှာ ရေးထားတဲ့ သတင်းခေါင်းစဉ်ကတော့ "လက်ယာယိမ်းသူ ရီပတ်ဘလစ်ကင် ခရစ်ယာန် အခြေခံ ဝါဒီတစ်ဦးမှ အာဖရိကမှ ရွှေ့ပြောင်းလာသူအား တိုက်ခိုက်ပြီး သူ၏ နေ့လည်စာကို လုယူလိုက်ခြင်း" လို့ပဲ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ကားမောင်းခြင်း

အမေရိကားကို အလည်လာတဲ့ ပုပ်ရဟန်းမင်းကြီးကို လာကြိုတဲ့ ကားဒရိုင်ဘာဟာ ပုပ်ရဟန်းမင်းကြီးရဲ့ အထုတ်အပိုးတွေကို ဇိမ်ခံကားထဲကို ထည့်ပြီးတဲ့အချိန်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ ပလက်ဖောင်းပေါ်မှာ ရပ်နေတာကို သတိထားလိုက်မိပါတယ်။

ဟုတ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက ပလက်ဖောင်းပေါ်မှာ ရပ်နေဆဲပါ။

"ကျေးဇူးပြုပြီး အထဲ ဝင်ထိုင်ပါ ပုပ်ရဟန်းမင်းကြီး ခင်ဗျာ။ ကျွန်တော်တို့ သွားလို့ ရပါပြီ။" လို့ ဒရိုင်ဘာက ပြောပါတယ်။

အဲဒီတော့ ပုပ်ရဟန်းမင်းကြီးက "အင်း။ အမှန်အတိုင်း ပြောရရင်တော့ သူတို့ ငါ့ကို ဗာတီကန်မှာတုန်းက ဘယ်တော့မှ ကားပေးမမောင်းဘူး။ ဒီနေတော့ ကျုပ် ကားမောင်းချင်တယ်။"လို့ ပြောပါတယ်။

"အဲဒီလို လုပ်လို့ မဖြစ်ပါဘူး ခင်ဗျာ။ ကျွန်တော် အလုပ်ပြုတ်ပါလိမ့်မယ်။ တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မှာလဲ။" လို့ ဒရိုင်ဘာက ကန့်ကွက်ပါတယ်။ သူ့စိတ်ထဲမှာတော့ ဒီနေ့ အလုပ်မဆင်းမိရင် အကောင်းသားလို့ တွေးနေမိပါတယ်။

"ရပါတယ်။ မင်းကို မထိခိုက်စေရပါဘူး။" လို့ ပုပ်ရဟန်းမင်းကြီးက ပြန်ပြောပါတယ်။

ဒရိုင်ဘာက တွန့်ဆုတ် တွန့်ဆုတ်နဲ့ နောက်ခန်းထဲ ဝင်လိုက်ပြီး ပုပ်ရဟန်းမင်းကြီးကတော့ ယာဉ်မောင်းသူ နေရာမှာ ထိုင်လိုက်ပါတယ်။

လေဆိပ်ကနေ ထွက်လာပြီးတဲ့ အချိန်မှာတော့ ဒရိုင်ဘာဟာ အတော်နောင်တ ရသွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပုပ်ရဟန်းမင်းကြီးက ကားကို တစ်နာရီ ၁၀၅မိုင်နှုန်း အထိ အရှိန်တင်ပြီး မောင်းနေလို့ပါ။

"ဖြည်းဖြည်းမောင်းပါ အရှင်။" လို့ ဒရိုင်ဘာက တောင်းပန်ပါတယ်။ ဒါပေမယ့် ပုပ်ရဟန်းမင်းကြီးက အဲဒီ အရှိန်နဲ့ ဆက်ပြီး မောင်းနေတာ နောက်ဆုံးမှ ရဲ ဆိုင်ကယ်ရဲ့ ဥဩဆွဲသံကို သူတို့ ကြားရတဲ့ အချိန်အထိပါပဲ။

"ဘုရားသခင်။ သွားပါပြီ။ ကျွန်တော့် လိုင်စင်တော့ အသိမ်းခံရပါပြီ။" လို့ ဒရိုင်ဘာက ညည်းလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးက ကားကို လမ်းဘေးဆွဲချလိုက်ပါတယ်။ ရဲက ကားနားကပ်လာတဲ့ အချိန်မှာတော့ သူက သူ့ရဲ့ ဘေးက မှန်တံခါးကို ချလိုက်ပါတယ်။ ဒါပေမယ့် ရဲက သူ့ကို တစ်ချက်ကြည့်ပြီး သူ့မော်တော်ဆိုင်ကယ် ဆီကို ပြန်လျှောက် သွားပါတယ်။ နောက်ပြီး သူ့ရဲ့ ရေဒီယိုကို ဖွင့်လိုက်ပါတယ်။ ဟိုဘက်က ပြန်ထူးသံ ကြားတဲ့ အချိန်မှာ ရဲသားက "ငါ ရဲမှူးနဲ့ စကားပြောချင်တယ်။"လို့ ပြောလိုက်ပါတယ်။
 ရဲမှူးက ရေဒီယိုကို ပြန်ထူးတဲ့ အချိန်မှာတော့ ရဲသားက သူ တစ်နာရီ ၁၀၅ မိုင်နှုန်းနဲ့ မောင်းလာတဲ့ ဇိမ်ခံကား တစ်စင်းကို တားလိုက်တဲ့ အကြောင်း ပြောပြပါတယ်။

"အဲဒါဆိုလည်း ဖမ်းလိုက်လေ။"လို့ ရဲမှူးက ပြောပါတယ်။

"ကျွန်တော်တို့ ဖမ်းလို့ မဖြစ်ဘူးထင်တယ်။ ကားထဲမှာ ပါတဲ့သူက တကယ့်ကို အရေးကြီးတဲ့ ပုဂ္ဂိုလ်"လို့ ရဲသားက ပြန်ပြောပါတယ်။

"တခြား အကြောင်းရော ရှိသေးလား။"လို့ ရဲမှူးက မေးပါတယ်။

"မရှိဘူး။ ဒါပေမယ့် အဲဒီကားပေါ်ပါတဲ့သူက တကယ့်ကို အရေးကြီးတဲ့ ပုဂ္ဂိုလ်မို့ပါ။" လို့ ရဲက ထပ်ပြောပါတယ်။

ရဲမှူး။  ။ "မင်းအခု တားလိုက်တာ ဘယ်သူလဲ။ မြို့တော်ဝန်လား။"

ရဲသား။ ။ "မဟုတ်ဘူး။ သူ့ထက် မြင့်တယ်။"

ရဲမှူး။ ။ "ပြည်နယ် အုပ်ချုပ်ရေးမှူးလား။"

ရဲသား။ ။ "မဟုတ်သေးဘူး။ သူ့ထက် မြင့်သေးတယ်။ "

ရဲမှူး။ ။" ကောင်းပြီ။ အဲဒါဆို ဘယ်သူလဲ။"

ရဲသား။ ။ "ကျွန်တော်တော့ ဘုရားသခင်လို့ ထင်တယ်။"

ရဲမှူး။ ။"နေပါဦး မင်းက ဘာလို့ ဘုရားသခင်လို့ ထင်ရတာလဲ။"

ရဲသား။ ။ "ဇိမ်ခံကားရဲ့ ဒရိုင်ဘာက ပုပ်ရဟန်းမင်းကြီးလေ။ "  
 
သတ်သေမှာလား

ပုံသဏ္ဍာန် ကြမ်းကြမ်းတမ်းတမ်း ရှိတဲ့ စက်ဘီးသမား တစ်စု စက်ဘီးစီးလာတဲ့ အချိန်မှာ ​ကောင်မလေး တစ်ယောက် တံတားပေါ်က ခုန်ချဖို့ ပြင်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီအတွက် သူတို့ ရပ်လိုက်ကြပါတယ်။

သူတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ခန္ဓာကိုယ် ခပ်တောင့်တောင့်လူက သူ့စက်ဘီးပေါ်က ဆင်းပြီး ကောင်မလေးကို စကားလှမ်းပြောနေပါတယ်။

"မင်းဘာလုပ်နေတာလဲ။"

"ကျွန်မ ကိုယ့်ဘာသာကိုယ် သတ်သေမလို့။" လို့ သူမက ပြန်ပြောပါတယ်။

တကယ်တမ်းတော့ သူ့အနေနဲ့ ဂရုမစိုက်ပေမယ့် ရှိနေတဲ့ အခွင့်အရေးကို လက်လွတ်မခံချင်တာကြောင့် သူက မေးလိုက်ပါတယ်။
"ကောင်းပြီ။ မင်းခုန်မချခင် ငါ့ကို မနမ်းချင် ဘူးလား။"
သူမက သူ့ကို နမ်းလိုက်ပါတယ်။ အဲဒီလို နမ်းလိုက်တာဟာ တကယ့်ကို မက်မက်မောမောနဲ့ အကြာကြီးပါ။
သူမ သူ့ကို နမ်းပြီးသွားတဲ့ အချိန်မှာတော့ စက်ဘီးသမားက ပြောပါတယ်။
"တကယ်ပဲ။ ဒါဟာ ငါ့ဘဝမှာ ကြုံဖူးသမျှ ထဲက အကောင်းဆုံး အနမ်းပဲ။ မင်းအနေနဲ့ မင်းမှာ ပါလာတဲ့ ပါရမီကို အလဟသ ဖြုန်းမပစ်သင့်ဘူး။ မင်းအနေနဲ့ အများကြီး ဖြစ်နိုင်သေးတာပဲ။ ဘာဖြစ်လို့ မင်းသတ်သေမှာလဲ။"
"ကျွန်မရဲ့ မိဘတွေက ကျွန်မ မိန်းကလေးတစ်ယောက်လို ဝတ်တာကို သဘောမကျဘူး။"
 
သူချစ်တာ

လူတစ်ယောက်ဟာ သူ့အိမ်ရဲ့ ဝရန်တာမှာ သူ့မိန်းမနဲ့ အတူ ထိုင်ရင်း  ဘီယာ သောက်နေပါတယ်။ နောက်တော့ သူက ပြောလိုက်ပါတယ်။
"မင်းကိုငါချစ်တယ်။"
သူ့မိန်းမက ပြန်မေးပါတယ်။ "အဲဒီစကားက ရှင်ပြောနေတာလား။ ဘီယာက ပြောနေတာလား။"
သူက ပြန်ဖြေပါတယ်။ "ငါပြောနေတာ။ ဒါပေမယ့် ဘီယာကို ပြောနေတာ။"
 
ညစ်ညစ်ပတ်ပတ် ဟာသ

"မင်း ညစ်ညစ်ပတ်ပတ် ဟာသ ကြားချင်သလား။"

"ပြော။ ဘာလဲ။"

"တစ်ခါက မြင်းဖြူကြီးတစ်ကောင် ဗွက်ထဲ ပြုတ်ကျသွားတယ်။

တက္ကဆပ်မှာလို ဖြစ်သွားချင်သလား

ကောင်းဘွိုင်တစ်ယောက်ဟာ အရက်ဆိုင်တစ်ဆိုင်မှာ သောက်ဖို့အတွက် ရပ်လိုက်ပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းတာက အဲဒီအရက်ဆိုင်မှာ သူစိမ်းတွေရဲ့ ပစ္စည်းတွေကို ခိုးယူသူတွေ ရှိတတ်ပါတယ်။ ကောင်းဘွိုင်ဟာ အရက်သောက်ပြီး ပြန်ထွက်လာတဲ့ အချိန်မှာတော့ သူ့မြင်း ပျောက်သွားတာကို သိလိုက်ရပါတယ်။

သူက ဘားထဲကို ပြန်ဝင်သွားပြီး သေနတ်ကို လေထဲကို ပစ်မြှောက်လိုက်ပါတယ်။ နောက်တော့ မကြည့်ဘဲ ခေါင်းပေါ်မှာ ပြန်ဖမ်းပြီး မျက်နှာကြက်ကို သေနတ်နဲ့ တစ်ချက် ပစ်ထည့်လိုက်ပါတယ်။

"ဘယ်ကောင် ငါ့မြင်းကို ခိုးသွားတာလဲကွ။" သူက အသံကျယ်ကျယ်နဲ့ အော်ပါတယ်။

ဘယ်သူမှ ပြန်မဖြေ ကြပါဘူး။

"ကောင်းပြီ။ ငါ နောက်တစ်ခွက် ထပ်သောက်မယ်။ ငါပြီးတဲ့ အချိန်မှာ မြင်းအပြင်ဘက်မှာ ပြန်ရောက် မနေရင်တော့ တက္ကဆပ်မှာ ငါလုပ်သလို လုပ်မယ်။ ငါတက္ကဆပ်မှာ တုန်းကလို မလုပ်ချင်ဘူးနော်။"

ဒေသခံတွေက ကောင်းဘွိုင် အဲဒီလို ပြောတာ ကြားတော့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါတယ်။ ကောင်းဘွိုင်ဟာ သူ့စကားအတိုင်း နောက်တစ်ခွက် ထပ်သောက်ပြီး အပြင်ကို ထွက်သွားပါတယ်။ အဲဒီအခါမှာတော့ သူ့မြင်းကို နေရာတကျ ပြန်တွေ့လိုက်ရပါတယ်။ သူက ကုန်းနှီးကို ပြင်ပြီး မြို့ထဲကနေ ဆက်ထွက်ဖို့ ပြင်ပါတယ်။ အရက်စပ်တဲ့သူက ကောင်းဘွိုင်ရဲ့ နောက်ကနေ ဘားအပြင်ဘက်ကို လိုက်သွားပါတယ်။ နောက်တော့ သူက ကောင်းဘွိုင်ကို စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်ပါတယ်။

"မိတ်ဆွေ။ ခင်ဗျားမသွားခင် ပြောခဲ့ပါ။ တက္ကဆပ်မှာ ဘာဖြစ်သွားသလဲ။"

ကောင်းဘွိုင်က နောက်ကို လှည့်ပြီး ပြောလိုက်ပါတယ်။ "ကျုပ်အိမ်ကို လမ်းလျှောက် ပြန်ရတာပေါ့။"

Thursday, December 22, 2011

ဟိုတစ်စ ဒီတစ်စ ဟာသများ (၂)

လက်ခုပ်တီးတဲ့သူ

ဒေါ်အောင်ဆန်းစုကြည် အတွက် "Walk On" ဆိုတဲ့ သီချင်းနဲ့ ရေးသားသီဆို ဂုဏ်ပြုခဲ့ဖူးတဲ့ ကမ္ဘာကျော် တေးဂီတ အဖွဲ့ U2 ကို ကြားဖူးကြမှာပါ။ ယူတူး အဖွဲ့ရဲ့ ခေါင်းဆောင်အဆိုတော် ဘိုနိုဟာ သူ့ကိုယ်သူ တခြားသူတွေထက် ပိုပြီး စိတ်ထားမြင့်တဲ့သူအဖြစ် အထင် ရောက်တတ်တယ်လို့ ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲမှာ သိကြပါတယ်။

တစ်ခါတော့ စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့မှာ ယူတူးအဖွဲ့ရဲ့ ဂီတဖျော်ဖြေပွဲ တစ်ခု လုပ်ပါတယ်။ အဲဒီပွဲမှာ ဘိုနိုက ပရိသတ်အားလုံးကို လုံးဝ ငြိမ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

အားလုံး ငြိမ်ကျသွားတဲ့ အချိန်မှာတော့ ဘိုနိုက စက္ကန့် အနည်းငယ်စီ ခြားပြီး လက်ခုပ်ကို တစ်ချက်ချင်း  ဖြည်းဖြည်းချင်း တီးပါတော့တယ်။ ပရိသတ်တွေ ငြိမ်နေတဲ့ အချိန်မှာပဲ သူက မိုက်ခရိုဖုန်းကနေ တဆင့် အခုလို ပြောလိုက်ပါတယ်။

"ကျွန်တော့်ရဲ့ လက်ခုပ်သံ တစ်ချက်တိုင်းမှာ အာဖရိက မှာရှိတဲ့ ကလေးငယ် တစ်ယောက် သေဆုံး နေပါတယ်။"

အဲဒီအချိန်မှာပဲ တိတ်ဆိတ်နေတဲ့ လူအုပ်ရဲ့ အရှေ့က စကော့တလန်လေသံ ဝဲဝဲနဲ့ အသံတစ်သံ ထွက်လာပါတယ်။

"အဲဒါဆိုလည်း မင်း လက်ခုပ် ဆက်မတီးပါနဲ့တော့လား မိစ္ဆာကောင် မျိုးမစစ်ရဲ့။"

ယုံကြည်မှု ရှိပါ

နိုင်ငံပေါင်းစုံမှာရှိတဲ့ ကုမ္ပဏီ အသီးသီးက အမှုဆောင် အရာရှိချုပ် အယောက် ၂၀ ဟာ လေယာဉ်ပျံ တစ်စင်းပေါ်ကို ဖိတ်ကြား ခံခဲ့ရပါတယ်။ လေယာဉ်ပျံပေါ် ရောက်တော့ ဒီလေယာဉ်ပျံဟာ ကမ္ဘာမှာ ပထမဆုံး မောင်းသူမဲ့ ဝန်ထမ်းမဲ့ လေယာဉ်ပျံ ဖြစ်ကြောင်း သူတို့ကို ပြောပြပါတယ်။

နောက်တော့ အမှုဆောင် အရာရှိချုပ် တစ်ယောက်ချင်းစီကို သီးသန့်တွေ့ဆုံပြီး ဒီလေယာဉ်ပျံရဲ့ အလိုအလျောက် မောင်းနှင်စနစ်မှာ သူ့ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲလ်ကို သုံးထားကြောင်း ပြောပြပါတယ်။ အမှုဆောင် အရာရှိချုပ် ၁၉ ယောက်ဟာ အကြောင်းအမျိုးမျိုး ပြပြီး လေယာဉ်ပေါ်ကနေ ချက်ချင်း ဆင်းသွားကြ ပါတယ်။ မလေးရှားက အမှုဆောင် အရာရှိချုပ် တစ်ယောက်ပဲ လေယာဉ်ပေါ်မှာ ကျန်နေခဲ့ပြီး သူကတော့ လုံးဝ စိုးရိမ်တဲ့ ပုံစံ မပြပါဘူး။

ပထမဆုံး မောင်းသူမဲ့ လေယာဉ်ကိုစီးဖို့အတွက် ဘာဖြစ်လို့ သူ့မှာ ယုံကြည်မှုအပြည့် ရှိရတာလဲလို့ သူ့ကို မေးတော့ သူက ပြန်ဖြေပါတယ်။ "ဒီလေယာဉ်ပျံကို မောင်းဖို့ ဆော့ဖ်ဝဲလ်က ငါ့ကုမ္ပဏီရဲ့ အိုင်တီဌာနက ရေးတာ မှန်ရင်တော့ ဒီလေယာဉ်ပျံ လေပေါ်ကိုတောင် ရောက်မှာ မဟုတ်ဘူး။"

ကိုယ့်ကုမ္ပဏီကိုယ် ယုံကြည်မှု အပြည့်အဝရှိတယ် ဆိုတာ ဒါမျိုးပါပဲ။

ရှားလော့ဟုမ်း အမေ

မိုက်ကယ်က သူ့အမေကို အိမ်မှာ ညစာ လာစားဖို့ ခေါ်ပါတယ်။ ညစာစားနေတုန်းမှာ သူ့အမေက မိုက်ကယ့်ရဲ့ အခန်းဖော်က အတော်ချောတယ် ဆိုတာကို သတိပြုမိပါတယ်။ သူမအနေနဲ့ မိုက်ကယ်နဲ့ သူ့ အခန်းဖော်ရဲ့ ဆက်ဆံရေးကို သံသယ ဖြစ်နေခဲ့တာ ကြာပါပြီ။ အခုလို တွေ့လိုက်ရတော့ သူမအနေနဲ့ ပိုပြီး သိချင်လာပါတယ်။

တစ်ညနေလုံး သူတို့ နှစ်ယောက် ပြောဆိုဆက်ဆံနေပုံကို တွေ့ပြီးတဲ့ နောက်မှာတော့ သူမအနေနဲ့ သူတို့ကြားက ဆက်ဆံရေးဟာ သာမန်ထက် ပိုနေမလားလို့ တွေးမိလာပါတယ်။ သူ့အမေ ဘာတွေးနေတယ် ဆိုတာကို ရိပ်မိတဲ့ မိုက်ကယ်က "အမေ ဘာတွေးနေသလဲ ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ကျွန်တော်နဲ့ ဂျိုအန်း နှစ်ယောက်ကြားက ဆက်ဆံရေးဟာ အခန်းဖော် ဆိုတာထက် မပိုဘူးလို့ အမေ့ကို အတိအကျ ပြောနိုင်ပါတယ်။" လို့ သူ့အမေကို ပြောပါတယ်။

တစ်ပတ်လောက် ကြာတော့ ဂျိုအန်းက မိုက်ကယ့်ကို မေးပါတယ်။
"ရှင့်အမေ လာသွားပြီးကတည်းက ကျွန်မ ငွေရောင်ဇွန်း လှလှ ကလေးကို မတွေ့တော့ဘူး။ ရှင် သူယူသွားတယ်လို့ ထင်သလား။"

မိုက်ကယ်က "အင်း။ ငါလည်း အဲဒီလိုထင်တယ်။ ပိုပြီး သေချာအောင် ငါ့အမေကို စာရေးပြီး မေးလိုက်ပါဦးမယ်။" လို့ ပြန်ပြောပါတယ်။

မိုက်ကယ်က သူ့အမေဆီကို စာရေးပါတယ်။
"အမေ။ အမေ ကျွန်တော့်အိမ်က ငွေရောင် ဇွန်းလှလှကလေး တစ်ချောင်းကို ယူသွားသလား ယူမသွားဘူးလားတော့ မပြောတတ်ဘူး။ ဒါပေမယ့် အချက်အလက် အရတော့ အမေလာသွားပြီး ကတည်းက ဒီဇွန်းက ပျောက်နေတယ်။"

နောက်ထပ် ရက်အနည်းငယ် အကြာမှာ သူ့အမေဆီကနေ စာပြန်လာပါတယ်။ "သား။ မင်း ဂျိုအန်းနဲ့ အတူ အိပ်သလား မအိပ်ဘူးလားတော့ အမေ မပြောတတ်ဘူး။ ဒါပေမယ့် အချက်အလက် အရတော့ တကယ်လို့ ဂျိုအန်းသာ သူ့အိပ်ရာမှာသူ သူအိပ်တယ် ဆိုရင် အခု မင်းတို့ ဇွန်းကို ရှာတွေ့လောက် ပါပြီ။ ချစ်တဲ့ အမေ။"

ကပ်စတန်မာ ဆားဗစ်

ဗာဂျင် လေကြောင်းလိုင်းရဲ့ ဘိုးအင်း ၇၆၇ လေယာဉ်ပျံတွေ ဆက်လက်ပြီး မပျံသန်းတော့ တဲ့အတွက် ဖျက်သိမ်းလိုက်ရတဲ့ လေယာဉ်ခရီးစဉ်တွေထဲမှာ လူများတဲ့ လေယာဉ်ခရီးစဉ်တစ်ခုလည်း ပါပါတယ်။ အဆင်မပြေ ဖြစ်နေတဲ့ ခရီးသည်တွေကို လေကြောင်းလိုင်း ဝန်ထမ်း တစ်ယောက်တည်းကနေ​ တခြား လေကြောင်း ခရီစဉ်တွေမှာ ပြန်ပြီး ဘွတ်ကင် လုပ်ပေးနေရတော့ တန်းစီနေတဲ့ လူတန်းက အရှည်ကြီး ဖြစ်နေပါတယ်။ ရုတ်တရက် ဆိုသလိုပဲ ဒေါသဖြစ်နေတဲ့ ကပ်စတန်မာ တစ်ယောက်က လူအားလုံးကို ကျော်ပြီး စားပွဲရှေ့ကို ရောက်လာ ပါတယ်။
"ငါဒီလေယာဉ်ခရီးစဉ်နဲ့ လိုက်ရမှ ဖြစ်မယ်။ ပထမတန်းကနေ လိုက်ရမှ ဖြစ်မယ်။"  လို့ သူက ပြောပါတယ်။

ဝန်ထမ်းက ပြန်ပြောပါတယ်။ "ဆောရီးပါ ဆရာ။ ကျွန်မ အနေနဲ့ ရှင့်ကို ကူညီဖို့ ကြိုးစားပေးပါ့မယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ ဒီခရီးသည်တွေကို အရင် အကူအညီ ပေးရပါလိမ့်မယ်။ ကျွန်မတို့ တစ်ခုခုတော့ စီစဉ် ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။"

သူက ကျေနပ်ပုံ မရပါဘူး။ သူ့နောက်က လူတွေ အားလုံး ကြားရအောင် သူက အသံကျယ်ကျယ်နဲ့ ထပ်ပြောပါတယ်။
"ငါ ဘယ်သူလဲ ဆိုတာ မင်းသိရဲ့လား။"

ဝန်ထမ်းက တုံ့ဆိုင်းမနေဘဲ သူ့ကို ပြုံးပြပြီး ကြေငြာချက် ထုတ်တဲ့ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက် ပါတယ်။
"ကျေးဇူးပြုပြီး နားဆင်ပါရှင်။ ကျေးဇူးပြုပြီး နားဆင်ပါရှင်။" ဆိုပြီး သူမ စပြောတော့ သူမရဲ့ အသံကို လေဆိပ် တာမင်နယ် တစ်ခုလုံးကနေ ပီပီသသ ကြားရပါတယ်။

"ကျွန်မတို့ရဲ့ ဂိတ်အမှတ် ၁၄ မှာ သူ့ကိုယ်သူ ဘယ်သူမှန်း မသိတဲ့ ခရီးသည် တစ်ယောက် ရောက်နေပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်ကများ သူဘယ်သူလဲဆိုတာကို ပြောပြပေးနိုင်မယ် ဆိုရင် ဂိတ်အမှတ် ၁၄ ကို ကျေးဇူးပြုပြီး လာခဲ့ပေးပါ။"

သူ့အနောက်မှာ ရပ်နေတဲ့ သူတွေက ခွက်ထိုးခွက်လန် ရယ်ကြတဲ့ အခါမှာတော့ အဲဒီလူက ဗာဂျင် လေကြောင်းလိုင်းက ဝန်ထမ်းကို စူးစူးရဲရဲကြည့် အံကြိတ်ပြီး "F*** You!" လို့ ဆဲလိုက်ပါတယ်။

ဝန်ထမ်းက မျက်နှာတစ်ချက်မှ မမဲ့ဘဲ ပြုံးပြီး ပြန်ပြောပါတယ်။
"ဆောရီးပါ ဆရာ။ အဲဒီအတွက်လည်း တန်းစီရပါလိမ့်မယ်။"

အဆောင်ကူး

ကောလိပ်ကျောင်းရဲ့ ပထမနေ့မှာ ဆရာကြီးက ကျောင်းသားတွေကို အမှာစကား ပြောရင်း စည်းကမ်းချက် တစ်ချို့ကို ပြောပြပါတယ်။

"မိန်းကလေးဆောင်ကို ယောက်ျားလေးတွေ ဝင်ခွင့် မရှိဘူး။ ယောက်ျားလေးဆောင်ကို မိန်းကလေးတွေ ဝင်ခွင့် မရှိဘူး။ ဒီစည်းကမ်း ချိုးဖောက်တဲ့သူကို မိရင် ပထမဆုံး အကြိမ် အနေနဲ့ ဒဏ်ငွေ ဒေါ်လာ ၂၀ ရိုက်မယ်။"

သူက ဆက်ပြောပါတယ်။ "တကယ်လို့ ဒုတိယ အကြိမ် ထပ်ပြီး မိရင် ဒဏ်ငွေ ဒေါ်လာ ၆၀ ရိုက်မယ်။ တတိယ အကြိမ် ထပ်ပြီး မိရင် ဒေါ်လာ ၁၂၀ ရိုက်မယ်။ မေးစရာ ရှိလား။"

အဲဒီအချိန်မှာ ကျောင်းသားတစ်ယောက်က ထမေးပါတယ်။
"လပေးဆိုရင် ဘယ်လောက်ကျပါမလဲ ဆရာကြီး။"

(အင်တာနက်ပေါ်မှာ ဖတ်မိတဲ့ ဟာသတွေကို ဘာသာပြန်ထားတာပါ။)

Sunday, November 13, 2011

ကြုံရဆုံရ Technical Support ဘဝ (၂)

တစ်ခါက ကျွန်တော် အလုပ်ထဲမှာ ပြဿနာ အကြီးကြီး တစ်ခုနဲ့ တွေ့ပါတယ်။ အဖြစ်က ဒီလိုပါ။ အလုပ်ထဲမှာ ကျွန်တော်တို့ကို စမ်းချင်ရာ စမ်းဖို့ ၊ ကလိချင်သလို ကလိဖို့ ကွန်ပျူတာ တစ်လုံး ပေးထားတာ ရှိပါတယ်။ တစ်နေ့တော့ အဲဒီကွန်ပျူတာက ဟန်း သွားလို့ Restart ပြန်လုပ်ရပါတယ်။ Restart လုပ်ပြီးတော့ ကွန်ပျူတာမှာ လော့အင် ပြန်ဝင်ဖို့ ကီးဘုတ်ရှာတော့ မတွေ့တော့ ပါဘူး။ ကီးဘုတ်ကို ဘယ်ကောင် ဖြုတ်ယူသွားသလဲ မသိပါဘူး။ အဲဒါနဲ့ အိုင်တီ ဌာန ကိုဖုန်းဆက်ပြီး ကီးဘုတ် အပိုတစ်ခုလောက် ငှားဖို့ လှမ်းပြောလိုက်ပါတယ်။ ခဏနေတော့ အိုင်တီဌာနက တစ်ယောက် ကီးဘုတ်ကလေး တစ်ခုနဲ့ ရောက်လာပါတယ်။ ကီးဘုတ်ကို ကွန်ပျူတာမှာ ထိုးကြည့်တော့ အလုပ်မလုပ်ပါဘူး။


PS2 Connector
ကျွန်တော့် စိတ်ထင်တော့ ပီအက်စ်တူး ဖြစ်နေလို့ ထင်ပါတယ်။ ပီအက်စ်တူး ခေါင်း အဝိုင်း ကလေးတွေက ယူအက်စ်ဘီလိုမျိုး မဟုတ်ပါဘူး။ ကွန်ပျူတာ မဖွင့်ခင် တတ်ထားရင် ကီးဘုတ်သုံးလို့ရပေမယ့် ကွန်ပျူတာ ဖွင့်ပြီးမှ ထိုးထည့်ရင် မရတတ်ပါဘူး။ အဲဒါနဲ့ ကျွန်တော် ကွန်ပျူတာကို နောက်တစ်ကြိမ် Restart လုပ်ဖို့ လုပ်နေတုန်းမှာပဲ အိုင်တီက ကီးဘုတ် လာပို့တဲ့သူက "မင်းကြည့်ကွာ။ ကွန်ပျူတာက Philips ကီးဘုတ်က HP ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။" လို့ ပြောပါတယ်။ သူလက်ညှိုးထိုးပြတဲ့ နေရာကြည့်တော့ Philips မော်နီတာ တွေ့ပါတယ်။ တခြားသူက ကျွန်တော့်ကို အဲဒီလို လာပြောရင် သူမသိလို့ပါလို့ တွေးလို့ရပေမယ့် အိုင်တီဌာနက လူက အဲဒီလို ရုပ်တည်နဲ့ လာပြောတော့ ကျွန်တော် အတော် ရယ်ချင်သွားပါတယ်။မျက်နှာက စပ်ဖြီးဖြီး စိတ်ထဲမှာတော့ ကျလိကျလိ ဖြစ်နေပါတယ်။ မော်နီတာနဲ့ ကီးဘုတ် အမျိုးအစား မတူလို့ သုံးမရဘူး ဆိုတာ သူ့အလှည့်မှပဲ ကြားဖူးပါတော့တယ်။ IBM - Compatible ဆိုတဲ့ စကားကိုများ မကြားဖူးဘူးလား ငါ့လူရယ် လို့ပဲ စိတ်ထဲက ညည်းလိုက်မိပါတော့တယ်။

နောက်တစ်ခါကတော့ ကျွန်တော်တို့ ကုမ္ပဏီကို ပစ္စည်းရောင်းတဲ့ Vendor တစ်ယောက်နဲ့ ကြုံရတဲ့ အတွေ့အကြုံပါ။ ကျွန်တော်ကုမ္ပဏီ တစ်ခုကို အလုပ်ဝင်တော့ အဲဒီကုမ္ပဏီမှာ စက်တွေကို မြန်နိုင်သမျှ မြန်အောင် အရှိန်မြင့်ဖို့ ဆိုတဲ့ အလုပ်ပေးခံရပါတယ်။ ကျွန်တော့် အလုပ်က တစ်နေ့တစ်နေ့ ဆော့ဖ်ဝဲလ် ဘယ်လောက်မြန်အောင် အလုပ်လုပ်သလဲ စစ်၊ နှေးတာကို မြန်အောင် ပြင်ရေး၊ ဒါမှမဟုတ် ဟတ်ဒ်ဝဲလ် အသစ် ထည့်ထားရင် ဆော့ဖ်ဝဲကို ပြင်ရေး ဆိုတာမျိုးပါ။ အဲဒီစက်မှာ ဝေဖာ(Wafer) လို့ ခေါ်တဲ့ ဆီမီးကွန်ဒတ်တာ ပြားပေါ်ကနေ ချစ်ပ် ဖြစ်တော့မယ့် ဝေဖာ ကလေးတွေကို ကောက်ယူတဲ့ အစိတ်အပိုင်း တစ်ခု ပါပါတယ်။ အဲဒါကို ဆာဗိုမော်တာနဲ့ ကောက်ရင် အရှိန်နှေးလို့ ဗွိုက်စ်ကွိုင် (Voice Coil) လို့ ခေါ်တဲ့ အခြားကိရိယာ တစ်မျိုးကို ပြောင်းပြီးသုံးကြပါတယ်။

တစ်နေတော့ ဗန်ဒါက အဲဒီ ဗွိုက်စ်ကွိုင် အတွက် ထရိန်နင် လာပေးပါတယ်။ဗွိုက်စ်ကွိုင်က ပီအိုင်ဒီ ကွန်ထရိုးလို့ ခေါ်တဲ့ ထိန်းချုပ်မှု စနစ်တစ်မျိုးနဲ့ အလုပ်လုပ်တာမို့ ဗန်ဒါက ကျွန်တော်တို့ကို ပီအိုင်ဒီ ကွန်ထရိုး စနစ် အကြောင်းကို အသေးစိတ် ပြန်ရှင်းပြပါတယ်။ ကျွန်တော့်အတွက်တော့ ပီအိုင်ဒီ ကွန်ထရိုးဆိုတာ ကျောင်းမှာ သင်ဖူးပေမယ့် လက်တွေ့ အသုံးမချဖူးတာကြောင့် သူရှင်းပြတာတွေက အတော်ကို တန်ဖိုးရှိတယ် ထင်ပါတယ်။ အဲဒါကြောင့် ဂရုတစိုက် လိုက်မှတ်နေပါတယ်။ မရှင်းတာ ရှိရင် ပြန်မေးလိုက် စာအုပ်ထဲ ရေးမှတ်လိုက်နဲ့  အတော် အလုပ်ဖြစ်ပါတယ်။ တစ်သက်လုံး ဆာဗိုမော်တာတွေ ချိန်ညှိစရာ ရှိရင် စိတ်မှန်းနဲ့ပဲ ရမ်းကြိတ်လေ့ ရှိတာမို့ အခု သူပြောတာတွေက အတော်အသုံးဝင်ပါတယ်။ အဲဒီလိုနဲ့ သီအိုရီ အကြောင်း ရှင်းပြတာ ပြီးတော့ လက်တွေ့ ချိန်ညှိရတော့မယ့် အချိန်ရောက်လာပါတယ်။ အဲဒီအချိန်ကျတော့ ကျွန်တော်တို့ ထရိန်နင်ပေးတဲ့သူက ကျွန်တော်တို့ကို မင်းတို့ နောက်နာရီဝက်လောက်နေ ပြန်လာခဲ့ကြလို့ ပြောပါတယ်။ ကျွန်တော်တို့က ဘာလို့လဲ မေးတော့ သူက "ငါလည်း စိတ်မှန်းနဲ့ ရမ်းချိန် ကြည့်ရဦးမှာ။ ရတော့မှ မင်းတို့ကို ခေါ်လိုက်မယ်။" လို့ ပြောလိုက်တော့မှ ဒီလူလည်း ငါတို့နဲ့ ဘာမှ မထူးပါလား။ သီအိုရီ သိတာက သိတာ တခြား၊ ရမ်းကြိတ်တာတော့ ငါတို့လိုပဲ။ဆိုတာ သိလိုက်ရပါတော့တယ်။


ကျွန်တော်တို့ လုပ်ငန်းခွင်တွေမှာ ဆစ်ဂနယ်တွေ သယ်ဖို့အတွက် သုံးလေ့ရှိတဲ့ ဝိုင်ယာတွေက တခြား ဝိုင်ယာတွေနဲ့ မတူပါဘူး။ ဘေးပတ်ဝန်းကျင်က တခြားအနှောင့်အယှက် ဆစ်ဂနယ်တွေ ဝင်မလာအောင် ကာကွယ်ထားတဲ့ Shielded လို့ခေါ်တဲ့ အခွံတစ်ထပ် ဘေးမှာ ပါပါတယ်။ ပုံမှာကြည့်ရင် အဲဒီ ရှီးလ်ရဲ့ အပြင်ဘက်မှာ ဂရောင်းချ ဖို့ အတွက် ကြိုးတစ်ချောင်း ပါလာတာကို တွေ့ရမှာပါ။ အဲဒီမှာ နည်းနည်း ထူးခြားတာလေး ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တော်တို့ အော်တိုမေးရှင်း အလုပ်မှာ ဂရောင်းကို ကြိုးရဲ့ တစ်ဖက်စွန်းမှာပဲ ချလေ့ ရှိပါတယ်။ တခြားတစ်ဖက်စွန်းကို အလွတ်ထားရပါတယ်။ မဟုတ်ရင် အလုပ်မလုပ်ပါဘူး။ ဆက်သွယ်ရေး နယ်ပယ်မှာတော့ ဂရောင်းကို နှစ်ဖက်စလုံး ချရပါတယ်။ သူတို့ဆီမှာ ကြိုးကိုသွယ်ရတဲ့ အကွာအဝေးက ပိုရှည်လို့ ဖြစ်မယ် ထင်ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီဂရောင်းကို တစ်ဖက်မှ ဆက်မထားရင်တော့ အဲဒီ ကြိုးရဲ့ အလုပ်လုပ်ပုံက သာမန် ဝိုင်ယာကြိုးနဲ့ ဘာမှ မခြားပါဘူး။ ဘာအနှောင့်အယှက်မှလည်း ကာကွယ် မပေးနိုင်ပါဘူး။

တစ်နေ့တော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် မော်တာ တစ်လုံးမှာ အဲဒီ ဘေးပတ်ဝန်းကျင် က Noise လို့ခေါ်တဲ့ အနှောင့်အယှက်တွေ ဒုက္ခပေးနေတာကြောင့် ထိုင်ပြီး ရှင်းနေရပါတယ်။ သူ့အနေနဲ့ Noise ရှိမှန်း သိပေမယ့် ဘယ်လို ရှင်းရမှန်း မသိပါဘူး။ သူ့ကြိုးကလည်း နှစ်ဖက်စလုံး ဂရောင်းချထားပါတယ်။ အဲဒီ အချိန်မှာ သူ့ရဲ့ မန်နေဂျာ ဖုန်းဆက်လာပါတယ်။ သူ့မှာ အဲဒီလို Noise ကြောင့် ပြသနာ တက်နေမှန်း သိတော့ သူ့မန်နေဂျာက ပြောပါတယ်။ ဂရောင်းဆိုတာ နှစ်ဖက်စလုံး မချရတဲ့ အကြောင်း။ တစ်ဖက်ပဲ ချရမယ့် အကြောင်းပါ။ အဲဒါနဲ့ သူ ဝိုင်ယာရဲ့ တစ်ဖက်ထိပ်က ဂရောင်းကို  ဖြုတ်လိုက်ပါတယ်။ ပြန်လုပ်ကြည့်တော့ Noise က နည်းတော့ နည်းသွားပါတယ်။ အရှင်းတော့ ပျောက်မသွားပါဘူး။ အဲဒီအချိန်မှာပဲ သူ့ရဲ့မန်နေဂျာ နောက်တစ်ခေါက် ဖုန်းထပ်ဆက်လာပါတယ်။ သူက အခြေအနေကို ပြန်ပြောပြလိုက်ပါတယ်။ အဲဒီအချိန် သူ့မန်နေဂျာရဲ့ စကားကို ကြားမှ သူ့မန်နေဂျာ တကယ်သိလို့ မဟုတ်ဘဲ ရမ်းတုတ်နေတဲ့ အကြောင်းသူ သဘောပေါက်သွားပါတယ်။ သူ့မန်နေဂျာ ပြောလိုက်တာကတော့ "တစ်ဖက်က ဂရောင်းဖြုတ်လို့ အလုပ်မလုပ်ဘူးဆိုရင်။ နှစ်ဖက်စလုံး ဖြုတ်လိုက်ကွာ။ ငါ့အတွေ့အကြုံအရတော့ အဲဒီလိုဆိုရင် အလုပ်လုပ်တာ တွေ့ဖူးတယ်။" ဆိုပြီးတော့ပါ။ ကျွန်တော့်သူငယ်ချင်းကတော့ ဂရောင်းကို နှစ်ဖက်စလုံး ဖြုတ်မှတော့ Shield လည်း တပ်မနေနဲ့တော့ပေါ့။ ဆိုပြီး ထရယ်ပါတော့တယ်။

Image Source: Wikipedia

ကြုံရဆုံရ Technical Support ဘဝ

Saturday, October 22, 2011

ကျောင်းတော်ကြီးရဲ့ နေ့စွဲများ

ပေါ်လီက ကျောင်းပြီးသွားတာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိနေပေမယ့် စာအုပ်ငှားဖို့တော့ ကျောင်းကို အမြဲလိုလို ရောက် ဖြစ်ပါတယ်။ ကျောင်းထဲကို ပြန်ရောက်တော့လည်း အရင်တုန်းက ဒီနေရာမှာ ဘယ်လို ဖြစ်ခဲ့တယ် ဟိုနေရာမှာ ဘယ်လို ဖြစ်ခဲ့တယ် ဆိုတာတွေက ခေါင်းထဲမှာ အမြဲ ပေါ်လာတတ် စမြဲ ပါ။ ကျောင်းထဲရောက်ရင် ကျောင်းသားဘဝက ကြုံခဲ့ဖူးတဲ့ ရယ်စရာ မောစရာတွေကို ပြန်သတိ ရတတ် ပါတယ်။

အမ်အာရ်တီရထား ဘူတာရုံကနေ ကျောင်းထဲ စဝင်လိုက်ရင် အော်ဒီတိုးရီးယမ်းနဲ့ ကွန်ဗန်းရှင်း စင်တာ ရှိပါတယ်။ အဲဒီကနေ တည့်တည့် ဆက်လျှောက်ရင်တော့ မက္ကင်နီကယ် ဌာနက အဆောင်တွေ ဆီကို ရောက်ပါတယ်။ အရင်တုန်း ကတော့ အဲဒီ မက္ကင်နီကယ် ဌာနရဲ့ မြေညီထပ် Lab တွေရဲ့ အနားမှာ ပစ္စည်းထည့်တဲ့ လော့ကာတွေ ထားပါတယ်။ အဲဒီနေရာနား ရောက်တော့ ကျောင်းတုန်းက သူငယ်ချင်း နှစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြန်သတိရ သွားပါတယ်။

တစ်နေ့မှာ ရန်ကုန်က ရောက်ခါစ ပထမနှစ် တက်နေတဲ့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက် လော့ကာတွေ ထားတဲ့အနားကို ရောက်သွားကြပါတယ်။ တစ်ယောက်က စမေးပါတယ်။
"ဟေ့ကောင်။ ဒါတွေက ဘာတွေလဲ မင်းသိလား။"
နောက်တစ်ယောက်ကလည်း ရန်ကုန်က ရောက်ခါစမို့ လော့ကာကို မမြင်ဖူးပါဘူး။
"မသိဘူး။ ဘာတွေလဲ။"
"မင်းမသိရင် မှတ်ထား။ တို့ကျောင်းကို လာတဲ့စာတွေကို အဲဒီပုံးတွေထဲထည့်တာကွ။"
စင်ကာပူမှာ တိုက်တွေရဲ့ မြေညီထပ် တိုင်းမှာ အဲဒီတိုက် တစ်ခုလုံးမှာ ရှိတဲ့ အခန်း တစ်ခန်းချင်းစီ အတွက် စာထည့်တဲ့ ပုံးကလေးတွေ အဆင့်လိုက် အဆင့်လိုက် ရှိပါတယ်။ ကျောင်းက လော့ကာတွေရဲ့ ပုံစံကလည်း စာတိုက်ပုံးလို အဆင့်လိုက်ပါပဲ။ အောက်က ပုံကို ကြည့်ရင် စာတိုက်ပုံးနဲ့ လော့ကာ ဘယ်လို ကွဲသလဲ ဆိုတာ မြင်ပါလိမ့်မယ်။ ဒါပေမယ့် စာထည့်တဲ့ ပုံးက တထွာလောက်ပဲ ကျယ်ပြီး လော့ကာ ကတော့  တစ်တောင်လောက် ကျယ်ပါတယ်။ အဲဒီဇာတ်လမ်းကို ကျွန်တော်တို့ ပြန်ပြီး ကြားမိတော့ စာတိုက်ပုံးနဲ့ လော့ကာကို မှားမှ မှားရက်လေခြင်း ဆိုပြီး ရယ်ကြပါတယ်။



စာတိုက်ပုံးနှင့် လော့ကာ

အဲဒီမက္ကင်နီကယ် အဆောင်ကနေ ဘယ်ဘက်ကို ချိုးသွားရင် အီလက်ထရွန်းနစ် အဆောင်တွေ ရှိပါတယ်။ အီလက်ထရွန်းနစ် အဆောင်တွေရော မက္ကင်နီကယ် အဆောင်တွေပါ ရှစ်ထပ်စီ ရှိပါတယ်။ ကျွန်တော်တို့ ပုံမှန် လက်ချာ တက်နေကြ အခန်းတွေက အဲဒီ အီလက်ထရွန်းနစ် အဆောင်မှာ အများကြီးပါ။

အဲဒီနား ရောက်တော့ စာမေးပွဲ ဖြေတဲ့ နေ့တစ်နေ့ ကို သတိရမိပါတယ်။ အဲဒီနေ့က စာမေးပွဲ ပြီးတဲ့အချိန်မှာ ကျွန်တော် အန္တရာယ်ကို မလွယ်နိုင်တော့ ပါဘူး။ အပေါ့သွားချင်တာ အောင့်ထားလို့ မရတာနဲ့ အိမ်သာကို ပြေးခဲ့ပါတယ်။ အိမ်သာထဲ ရောက်သွားတော့ စိတ်ထဲမှာ အတော် ထူးခြားနေတယ် ဆိုတာ သိလိုက်ပါတယ်။ ယောက်ျားလေးတွေ မတ်တပ်ရပ် အပေါ့သွားတဲ့ ခွက်မျိုး မရှိလို့ပါ။ ကျောင်းက အတော် ညံ့တာပဲလို့ စိတ်ထဲမှာ ကျိန်ဆဲရင်း အခန်းထဲ ဝင်ပြီးတော့ပဲ ကိစ္စပြီး လိုက်ပါတယ်။ အိမ်သာခန်းထဲက ပြန်ထွက်လာတော့ ကျွန်တော် နည်းနည်း ဇဝေဇဝါ ဖြစ်သွားပါတယ်။ အိမ်သာထဲကို မိန်းကလေး တစ်ယောက် ဝင်လာတာ တွေ့လိုက်ရ လို့ပါ။ ဒီကောင်မလေး ယောက်ျားလေး အိမ်သာထဲ ဘာဝင်လုပ် တာလဲ လို့ စိတ်ထဲက တွေးလိုက်မိ ပါတယ်။ ကောင်မလေးကလည်း ကျွန်တော့်ကို ကြောင်ပြီး ကြည့်နေ ပါတယ်။ ကျွန်တော် သူ့ဘေးကနေ ဖြတ်ပြီး အပြင်ထွက်လိုက်တော့မှ အိမ်သာမှားဝင်တာ သူမဟုတ်ဘဲ ကျွန်တော်ဆိုတာ သိလိုက် ရပါတယ်။

တကယ်တော့ ဒီလိုပါ။ ပုံမှန် အနေနဲ့တော့ ကျွန်တော်တို့ ကျောင်းမှာ ယောက်ျားလေးသုံး အိမ်သာနဲ့ မိန်းကလေးသုံး အိမ်သာကို တထပ်ခြားစီ ထားပါတယ်။ ၁ ထပ်က ယောက်ျားလေး အိမ်သာ ဆိုရင်၊ ၂ ထပ်က မိန်းကလေးအိမ်သာ၊ ၃ ထပ်က ယောက်ျားလေး အိမ်သာ အဲဒီလို ပုံစံမျိုးပါ။  ကျွန်တော်တို့ လက်ချာ တက်တဲ့ အထပ်တိုင်းက တိုက်တိုက်ဆိုင်ဆိုင် ယောက်ျားလေး အိမ်သာ ရှိတဲ့ အထပ်တွေ ဖြစ်နေပါတယ်။ အဲဒီနေ့က စာမေးပွဲ ဖြေတော့ လက်ချာ တက်တဲ့ အထပ်မှာ မဟုတ်ဘဲ အခြား အထပ်တစ်ခုမှာ ဖြေရပါတယ်။ ဒါပေမယ့် ဒီအဆောင် ဒီအထပ်မှာ ယောက်ျားလေး အိမ်သာ ရှိတယ် ဆိုတာ စိတ်ထဲ စွဲနေတော့ မိန်းကလေးအိမ်သာထဲ မှားဝင်မိသွားတာပါ။ကံကောင်းတယ်လို့ ပြောရပါမယ်။ မိန်းကလေး အိမ်သာထဲဝင်မိတာ ကျောင်းမှာ ရုံးခန်း ရောက်လောက်တဲ့ အထိ အပြစ်ကြီးတယ် ဆိုတာ နောက်မှ ပြန်ကြားမိ ပါတယ်။

အဲဒီ အီလက်ထရွန်းနစ် အဆောင်ကနေ ညာဘက်ကို ဆက်သွားရင် ကျွန်တော်တို့ မြန်မာတွေ စုရပ် ဖြစ်တဲ့ Food Court 3  ရှိပါတယ်။အဲဒီ ဖုကုတ်ဒ်က နေ  ဘယ်ဘက်ကို ချိုးပြီး ဆက်သွားရင် လိုင်ဘရီကို ရောက်ပါပြီ။ လိုင်ဘရီ ပတ်ဝန်းကျင်မှာလည်း စာသင်ခန်းတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် ညနေပိုင်း အချိန်ပိုင်း ကျောင်းသား အများစု အဲဒီ စာသင်ခန်းတွေမှာ တက်ကြတာ များပါတယ်။ အဲဒီ စာသင်ခန်းတွေ မြင်တော့ ခေါင်းထဲမှာ နောက်ထပ် ရယ်စရာ အဖြစ်အပျက် တစ်ခုက ပေါ်လာပြန်ပါတယ်။

တစ်နေ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ပြောပါတယ်။
"ဟေ့ကောင်တွေ။ ငါလျို့ဝှက်ချက် တစ်ခု တွေ့ထားတယ်။"
"ဘာလဲ။"
"ငါတို့ကျောင်းမှာ ညနေဆိုရင် ဘူဖေးကျွေးတယ်ကွ။"
"ဟာဗျာ။ ပေါက်ပေါက်ရှာရှာ။ ဘယ်သူက ကျွေးမှာလဲ။"
"ငါ ဟိုတစ်နေ့က ကျောင်းမှာ နည်းနည်း မိုးချုပ် သွားတယ်။ အိမ်ပြန်တော့ လိုင်ဘရီနားက အဆောင်မှာ ဘူဖေးပြင်ထားတာ တွေ့တယ်ကွ။ ကော်ဖီတွေရော၊ မုန့်တွေရော အများကြီးပဲ။ အဲဒါနဲ့ ငါလည်း ပေါက်စီ တစ်ထုပ် နှိုက်လာခဲ့တယ်။ အိမ်မှာ ရေခဲသေတ္တာထဲ ထည့်စားတာ တော်တော်နဲ့ မကုန်ဘူးကွ။"

သူပြောတာ ကြားတော့ ကျွန်တော်တို့ ဟက်ဟက်ပက်ပက် ရယ်ကြပါတယ်။အမှန်တော့ ဒီလို ဖြစ်တာပါ။ ညနေပိုင်း ကျောင်းသား အားလုံးနီးပါးဟာ အလုပ်က တန်းပြီး ကျောင်းကို ပြေးလာရတာမို့ သူတို့မှာ ညနေစာ စားဖို့ အချိန်နည်းနေပါတယ်။ အဲဒါကြောင့် သူတို့ စားဖို့ မုန့်တွေကို Food Court မှာ အော်ဒါမှာ ထားကြပါတယ်။ ဖုကုတ်ဒ်က မုန့်ရောင်းတဲ့ သူက သူတို့ မှာထားတဲ့ အခန်းရဲ့ အပြင်ဘက်က စားပွဲတွေမှာ အစားအသောက်တွေကို လာပြီး ပြင်ထားပေး ပါတယ်။ သူတို့ကတော့ အားလပ်ချိန် ရတဲ့အခါမှာ အပြင် ထွက်ပြီး အဲဒီ အစာအသောက်တွေကို စားကြတာပါ။ အဲဒါကို ကျွန်တော်တို့ သူငယ်ချင်းက အစားအသောက်တွေ ဘူဖေးပုံစံ ပြင်ထားတာ မြင်လို့ ဘူဖေးကျွေးနေတာပဲ ဆိုပြီး ဝင်ကြိတ်ခဲ့ရုံမကဘဲ ပါဆယ်ပါ ဆွဲလာခဲ့တာပါ။ ဟိုကျောင်းသားတွေတော့ အားလပ်ချိန်မှာ စားစရာ မရှိရင် သူ့ကို ကောင်းကောင်း မေတ္တာပို့နေကြမှာပဲ လို့ တွေးလိုက်မိပါတယ်။ သူကိုယ်တိုင်လည်း နောက်တော့မှ အဖြစ်မှန်ကို သဘောပေါက်သွားပါတော့တယ်။

Monday, July 25, 2011

မှန်းချက်နဲ့ နှမ်းထွက်

ကျွန်တော်တို့ ငယ်ငယ်က တီဗွီမှာလာတဲ့ ကြော်ငြာတစ်ခု ရှိပါတယ်။ ဝတဲ့သူက ပိန်ချင်တယ်။ ပိန်တဲ့သူက ဝချင်တယ်။ လူ့အလို နတ်မလိုက်နိုင်ပေမယ့် အာယုဘောဇနကတော့ အလိုလိုက် အကြိုက်ပေးနိုင်ပါတယ် ဆိုတဲ့ ကြော်ငြာပါ။ အဲဒီလို အာယုဘောဇနက တကယ်ပဲ သုံးစွဲသူ အကြိုက် လိုက်နိုင်သလားတော့ မပြောတတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဆော့ဖ်ဝဲလ် ရေးတဲ့သူများကတော့ သုံးစွဲသူ ယူဆာတွေရဲ့ အကြိုက်ကို လိုက်နိုင်ဖို့ မလွယ်ပါဘူး။ ပရိုဂရမ်မာဘက်က ယူဆာ နေရာကဝင် အကောင်းဆုံးဖြစ်အောင် လုပ်ပေးတာ တောင်မှ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ အခါမျိုးတွေ မကြာခဏ ကြုံရတတ်ပါတယ်။

ယူဆာတွေထဲမှာ သာမန် ယူဆာ၊ သူများထက် ထူးတဲ့ ယူဆာ၊ အူကြောင်ကျား ယူဆာ စသည်ဖြင့် အမျိုးစုံ တွေ့ရတတ်ပါတယ်။ လူတွေအတွက် အစားအသောက်တွေ နေရာ ဒေသလိုက်ပြီး အကြိုက်ကွဲသလို ဆော့ဖ်ဝဲမှာလည်း နေရာဒေသလိုက်ပြီး အကြိုက်ကွဲ ကြပါတယ်။ အာရှက လူတွေက ယူဆာဆိုတာ တာဝန်ယူမှု တစ်ခု ရှိရမယ် ဆိုတဲ့ အတွေးအမြင် ရှိပါတယ်။ ယူဆာက မဟုတ်တရုတ် ပေါက်ကရ လျှောက်လုပ်လို့ ဆော့ဖ်ဝဲလ်မှာ တိုင်ပတ်သွားရင် ဆော့ဖ်ဝဲလ် ရေးတဲ့သူကို အပြစ်မတင်ပါဘူး။ ယူဆာကိုပဲ အပြစ်တင်ပါတယ်။ ဥရောပမှာတော့ အဲဒီလို မဟုတ်ပါဘူး။ ယူဆာက တမင်သက်သက်ပဲ လုပ်လုပ်၊ ဂေါက်ကြောင်ပြီး ပေါက်တတ်ကရ လျှောက်ပဲ နှိပ်နှိပ် ဆော့ဖ်ဝဲလ်က ဒုက္ခပေးပြီ ဆိုရင် ဆော့ဖ်ဝဲလ်ရေးတဲ့သူကို ကြိုတင် ကာကွယ်မှု လုပ်မထားရ ကောင်းလားဆိုပြီး မြှားဦးက ကိုယ့်ဘက် လှည့်လာ တတ်ပါတယ်။ သူတို့ ပြောနေကျ စကား အရ ဆိုရင် ဆော့ဖ်ဝဲလ်ဟာ ငတုံးတောင်မှ သုံးလို့ ရရမယ် Idiot-proof ဖြစ်ရမယ်လို့ ဆိုကြပါတယ်။

ငတုံးတွေတောင်မှ သုံးလို့ ရမယ့် ဆော့ဖ်ဝဲလ်မျိုး ရေးရတာ မလွယ်ပါဘူး။ ကျွန်တော် ပြင်သစ်မှာ စက်သွားပြင်တုန်းက စက်ရုံက အင်ဂျင်နီယာက မင်းစက်က ဆော့ဖ်ဝဲလ် Idiot-proof ဖြစ်သလား မေးပါတယ်။ ကျွန်တော်က ဖြစ်တယ် ပြောတော့ အင်ဂျင်နီယာက တကယ့်ကို ငတုံး သုံးစွဲနည်းနဲ့ ကျွန်တော့်ကို ပညာပြလိုက်ပါတယ်။ Button တစ်ခု ပေါ်မှာ မောက်စ် ပွိုင်တာ တင်ပြီးတော့ ကလစ်ကို အချက် ၂၀ လောက် ဆက်တိုက် နှိပ်ထည့်လိုက်တာပါ။ အကျိုးဆက်ကတော့ ကျွန်တော့် ဆော့ဖ်ဝဲလ် Hang သွားပါတယ်။ ဟာကွာ။ ဒါကတော့ မလွန်ဘူးလား မေးတော့။ အိဒိယော့ ဆိုတာ လုပ်ချင်ရာ လုပ်တာ လေကွာ။ အိဒိယော့ ပရုဖ် ဖြစ်တယ် ဆိုရင်တော့ လုပ်ချင်ရာ လုပ်တာကို ခံနိုင်ရမှာပေါ့လို့ ကျွန်တော့်ကို ပြန်ပြီး စောဒက တက်ပါတယ်။ ဒီလိုနဲ့ပဲ အောင့်သက်သက်နဲ့ ဆော့ဖ်ဝဲလ်ထဲမှာ ကလစ် ဆက်တိုက် နှိပ်တာကို ကာကွယ်ဖို့ ကုတ်ဒ် ရေးပေးလိုက်ရပါတယ်။

တစ်ခါတစ်လေတော့လည်း ယူဆာက ငတုံးမဟုတ်ပေမယ့် တကယ်မသိလို့ လုပ်လိုက်တဲ့ ကိစ္စနဲ့ ဆော့ဖ်ဝဲလ်မှာ ဂိသွားတာလည်း ရှိတတ်ပါတယ်။ ကျွန်တော်တို့ စပိန်မှာ စက်သွားဆင်တုန်းက ထရိန်နင်ပေးပြီး စက်ကို အော်ပရေတာတွေနဲ့ လွှတ်ထားလိုက်ပါတယ်။ ဒီလိုနဲ့ အော်ပရေတာ တစ်ယောက်က စက်ကို အလုပ်လုပ်ဖို့ လိုအပ်တဲ့  အချက်အလက်တွေ သူ့ဘာသာသူ ရိုက်ထည့်ပြီး Save လုပ်လိုက်တော့ ဆော့ဖ်ဝဲလ်က ဒိုင်းကနဲ Crash ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ဆော့ဖ်ဝဲလ်ထဲမှာ ရိုက်ထည့်သမျှ ဂဏန်းတွေ စာတွေ အကုန်လုံးကို စစ်ပြီးတော့မှ လက်ခံတာပါ။ အဲဒါကိုတောင်မှ Crash ဖြစ်သွားတယ် ဆိုတော့ စဉ်းစားရ အတော် ခက်သွားပါတယ်။ အဲဒါနဲ့ အော်ပရေတာကို နောက်တစ်ခေါက် ပြန် လုပ်ပါဦး ပြောပြီး သူလုပ်သမျှ ဘေးကနေ မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။ သူ ရိုက်ထည့်သမျှ အချက်အလက်တွေက အကုန်မှန်ပါတယ်။ ဂဏန်း ရိုက်ရမယ့် နေရာမှာ အက္ခရာ ရိုက်ရင် ကျွန်တော့် ဆော့ဖ်ဝဲလ်က စစ်ပေးနိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ဖိုင်ကို သိမ်းတဲ့ အချိန်ရောက်တော့ အော်ပရေတာက ဖိုင်နာမည်ထဲမှာ "\" တစ်ခု ထည့်သိမ်းပါတယ်။ အဲဒါကြောင့် ဆော့ဖ်ဝဲလ်က ဝင်းဒိုးထဲ သိမ်းလိုက်တဲ့ အချိန်မှာ Crash ဖြစ်သွားတာပါ။ အဲဒါကြောင့် ဖိုင်နာမည်ထဲမှာ ဘက်ဆလက်ရှ် ပါမပါ စစ်တဲ့ ကုတ်ဒ်တစ်ခုပါ ထပ်ပြီး ရေးထည့် ပေးလိုက်ရပါတယ်။

ယူဆာ အတွက် အသုံးရ လွယ်အောင် လုပ်ထားပေမယ့်လည်း ကိုယ်မှန်းထားတာနဲ့ လွဲသွားတာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ခါက ကျွန်တော် နဲ့ လုပ်ဖော်ကိုင်ဖက် အင်ဂျင်နီယာ တစ်ယောက် စင်ကာပူမှာ ဆော့ဖ်ဝဲလ် ထရိန်နင် ပေးကြပါတယ်။ ကျွန်တော်တို့ ဆော့ဖ်ဝဲလ်ကို သုံးမယ့် ယူဆာက စက်သုံးပစ္စည်းတွေကို တွင်ခုံလို နေရာမျိုးမှာ ခုတ်ထစ်ဖြတ်တောက် ကြမယ့် မက္ကင်နီကယ် အင်ဂျင်နီယာတွေပါ။ ဆော့ဖ်ဝဲ အင်ဂျင်နီယာကလည်း ဒီတစ်ခါ ဘာစိတ်ကူးပေါက်တယ် မသိပါဘူး။ ဆော့ဖ်ဝဲလ်ကို အရောင် အစုံသုံးပြီး သုံးရ လွယ်အောင် လုပ်ထားပါတယ်။ ဆော့ဖ်ဝဲလ်ထဲမှာ အစိမ်းရောင်၊ အပြာရောင်၊ အနီရောင် ရောင်စုံနဲ့မို့ စာဖတ်စရာ မလိုဘဲ အရောင်ကြည့်တာနဲ့ ဆော့ဖ်ဝဲလ်က ပေးချင်တဲ့ သတင်းအချက်အလက်ကို အလွယ်တကူ နားလည် နိုင်ပါတယ်။ ကျွန်တော်တောင်မှ သူလုပ်ထားတာကို ကြည့်ပြီး အတော် သဘောကျသွားပါတယ်။ ထရိန်နင် လာတဲ့ အင်ဂျင်နီယာတွေကတော့ စခရင်ကို မျက်လုံးအပြူးသား စိုက်ကြည့်နေကြပါတယ်။ အဲဒီအချိန်မှာ ထရိန်နင်ထဲမှာ ရှိနေတဲ့ မန်နေဂျာ တစ်ယောက်က ထပြောလိုက်လို့ ပွဲသိမ်းသွားပါတယ်။ သူက သူ့အင်ဂျင်နီယာတွေဘက် လှည့်ပြီး "မင်းတို့ မြင်ရသလား။" လို့ မေးတော့ "ဟင့်အင်း။" လို့ ဖြေကြပါတယ်။ အဲဒီတော့မှ သူက ကျွန်တော်တို့ကို "ဆောရီးပဲ။ ငါ့အင်ဂျင်နီယာတွေထဲမှာ ၃ ယောက်က ကာလာဘလိုင်း။ ကာလာ မမြင်ရဘူး။ အဲဒီတော့ မင်းအရောင်တွေလည်း သူတို့ ခွဲတတ်မှာ မဟုတ်ဘူး။" ဆိုတော့ ကျွန်တော်တို့မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားပါတယ်။ စင်ကာပူမှာ  ပေါ်လီ မတက်ခင် မျက်စိစစ်ပြီး ကာလာဘလိုင်း ဖြစ်ရင် မက္ကင်နီကယ် မေဂျာပဲ တက်လို့ ရပါတယ်။ အဲဒါကြောင့် မက္ကင်နီကယ် အင်ဂျင်နီယာတွေမှာ ကာလာဘလိုင်းတွေ သွားစုနေတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။

ကိုယ်က ပေးတာကို မယူဘဲ သူတို့ လိုချင်တာပဲ ယူသွားတတ်တဲ့ ယူဆာမျိုးလည်း ကြုံရပါသေးတယ်။ ခုန နေရာမှာပဲ အဲဒီ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ ထရိန်နင် ပေးပြီးတော့ ကျွန်တော်က ကျွန်တော့် အပိုင်းကို ထရိန်နင် ဆက်ပေးပါတယ်။ ကျွန်တော်က အသင့်ပြင်ထားတဲ့ ဒေတာတွေနဲ့ ပြတာဆိုတော့ အဲဒီဒေတာကိုပဲ ထပ်တလဲလဲ ကွန်ပျူတာထဲကို ထည့်ပြီး စမ်းပြပါတယ်။ ယူဆာတွေ အားလုံးကို ဆော့ဖ်ဝဲလ် ဘယ်လိုသုံးရသလဲ ပြပြီးတော့ ထရိန်နင်က အောင်အောင်မြင်မြင်နဲ့ ပြီးသွားပါတယ်။ နောက်နေ့မှာတော့ ကျွန်တော့် ထရိန်နင် လာတက်တဲ့ အင်ဂျင်နီယာ တစ်ယောက်က ကျွန်တော့်ကို တောက်တခေါက်ခေါက်နဲ့ ကြိတ်မနိုင် ခဲမရ ပြောပါတယ်။ "ငါကွာ။ မနေ့က မင်းပြတဲ့ဟာ သေချာ မမှတ်လိုက်မိဘူး။" ဆိုတော့ ကျွန်တော်က "ဘယ်ဟာကို မသိလိုက်တာလဲ။" လို့ ပြန်မေးလိုက်ပါတယ်။ သူက " မသိလိုက်တာ မဟုတ်ဘူး။ မမှတ်လိုက်မိတာ။ မနေ့က မင်းခဏခဏ ရိုက်ပြနေတဲ့ နံပါတ်က 4D မှာ ပထမဆု ထွက်သွားတယ်ကွ။" လို့ ပြောတော့ ကျွန်တော့်မှာ ဘာပြန်ပြောရမှန်း မသိအောင်ကို ဖြစ်သွားပါတယ်။ ( 4D ဆိုတာ ချဲလိုမျိုး နံပါတ် ၄ လုံးနဲ့ ကစားကြတဲ့ စင်ကာပူမှာ ဖွင့်တဲ့ ထီတစ်မျိုးပါ။)

Tuesday, April 12, 2011

မှတ်သားလောက်စရာ Facebook Status များ

(၁) ငါ့ရဲ့ ရည်းစားက ကမ္ဘာကြီးကို မြင်ဖူးချင်တယ်တဲ့။လွယ်လွယ်လေး ငါသူ့ကို မြေပုံတစ်ခု ဝယ်ပေးလိုက်တာပေါ့။

(၂) ကွန်ပြူတာကို ဘာလုပ်ဖို့ပဲ ဖွင့်ဖွင့် နောက်ဆုံးတော့ Facebook နဲ့ Twitter မှာ အဆုံးသတ်တာပါပဲ။

(၃) I-L-O-V-E-Y-O-U မှာ အက္ခရာ ၈ လုံး ရှိတယ်။ B-U-L-L-S-H-I-T မှာလည်း ထိုနည်း လည်းကောင်းပဲ။

(၄) နောက်ဆုံးသတင်း။ Steve Jobs က အိုင်ယာလန်ကို ဝယ်မည်။ ထို့နောက် iLand ဟု နာမည်ပြောင်းလိမ့်မည်။

(၅) Facebook ကတော့ အမြဲတမ်း မင်းစိတ်ထဲမှာ ဘာရှိသလဲ (What is on your mind?) လို့မေးတယ်။ ငါကတော့ သူများဆီကနေ ကူးချပြီး တင်ပေးလိုက်တာပဲ။

(၆) ဘဝကို သိပ်အလေးအနက် မထားပါနဲ့။ ဘယ်သူကများ အသက်ရှင်လျှက် ဘဝထဲက ထွက်သွားလို့ ရဖူးသလဲ။

(၇) Farmville ထဲမှာ Marijuana စိုက်ပြီး Mafia Wars ထဲမှာ ပြန်ရောင်းလို့ မရနိုင်ဘူးလား။

(၈) အဆိုးမြင်သမား ဆီက ပိုက်ဆံချေးပါ။ သူက ပြန်ရဖို့ မျှော်လင့်မယ့်သူ မဟုတ်ဘူး။

(၉) အလုပ်ခွင်မှာ အစားထိုး မရတဲ့သူ မဖြစ်ပါစေနဲ့။ အစားထိုးလို့ မရရင် ဘယ်သူက ရာထူးတိုးပေးမှာလဲ။

(၁၀) အမှားတစ်ခုကို ၂ ခါပြန်မလုပ်ပါနဲ့။ မှားစရာတွေက အများကြီး။ တစ်ခါကို တစ်မျိုးမှားပေါ့။

(၁၁) Facebook မသုံးခင်တုန်းက လူတွေမှာ မွေးနေ့ ရှိကြတယ်ဆိုတာကို သတိမထားမိဘူး။

(၁၂) ငါ့ရဲ့ Friend List ထဲက တစ်ချို့ကို ဖြုတ်လိုက်ပြီ။ မင်းဒီ စတေးတပ်ကို မြင်နေသေးတယ် ဆိုရင်တော့ မင်းဟာ အလွန် စိတ်ဝင်စားစရာ ကောင်းလို့ ဒါမှမဟုတ် ငါတို့ နည်းနည်းလောက် ဖြစ်ဖြစ် စကားပြောဖူးလို့။

(၁၃) မာယန်တွေ ၂၀၁၂ မှာ ကမ္ဘာပျက်မယ်လို့ ပြောခဲ့တာ Facebook ဆိုက်ကြီး ဒေါင်းသွားလိမ့်မယ်လို့ ပြောချင်တာ ဖြစ်မယ်။

(၁၄) Facebook လို ဘဝမျိုး လိုချင်တယ်။ Dislike ဆိုတာ မရှိဘူး။

(၁၅) Facebook Status အောက်မှာ "Nobody Care" ဆိုတဲ့ Button တစ်ခု လိုနေတယ်။

(၁၆) ပထမဆုံး ဘယ်သူကများ နွားတွေကို ကြည့်ပြီး "ဒီတွဲလောင်းကျနေတဲ့ ဟာတွေကို ညှစ်ပစ်မယ်။ ဘာပဲ ထွက်လာလာ သောက်ပစ်မယ်။" လို့ တွေးခဲ့ပါလိမ့်။

(၁၇) အကယ်၍ မိန်းကလေးတစ်ယောက်ရဲ့ Profile ပုံက ၂ ပုံ ရှိနေတယ် ဆိုရင် ဘာဖြစ်လို့ အလန်းစားပုံက သူမဟုတ်တဲ့ တခြားတစ်ယောက် ဖြစ်နေရပါလိမ့်။

(၁၈) မိန်းမတွေက Google နဲ့တူတယ်။ မင်းလိုချင်တဲ့ အဖြေက တစ်ခုတည်း။ ဒါပေမယ့် သူတို့က မင်းမလိုချင်တဲ့ တခြား အဖြေတစ်သန်း လောက်ကိုပါ ပေးတတ်တယ်။

(၁၉) မိန်းမတွေသာ ကမ္ဘာကို အုပ်စိုးရင် စစ်ဆိုတာ ရှိမှာ မဟုတ်ဘူး။ စိတ်ကောက်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စကားမပြောတဲ့ နိုင်ငံတွေပဲ ရှိလိမ့်မယ်။

(၂၀) အရူးတွေက မိန်းမတွေကို စကားဆက်မပြောနဲ့လို့ တားကြတယ်။ ပညာရှိတွေကတော့ မင်းရဲ့ နှုတ်ခမ်းတွေက စေ့ထားရင် သိပ်လှတာပဲလို့ ပြောကြတယ်။

(၂၁) အခုပဲ ကွန်ပြူတာ Crash ဖြစ်သွားတယ်။ ဒီတမနက်လုံး ငါလုပ်မထားခဲ့တဲ့ အလုပ်တွေ အားလုံးလည်း ပျောက်သွားတယ်။

(၂၂) သိပ်ကို ခမ်းနားကြီးကျယ်တဲ့ မိန်းမတွေရဲ့ နောက်မှာ သူ့နောက်ပိုင်းကို စိုက်ကြည့်နေတဲ့ ယောက်ျားတစ်ယောက် ရှိတတ်တယ်။

(၂၃) ရုပ်ရှင်ပြီးသွားတဲ့ အချိန် လူတွေပြောတတ်တဲ့ စကား။ နောက်တစ်ပိုင်း ကို မစောင့်နိုင်တော့ဘူး။ (၅%) သိပ်ကောင်းတဲ့ အိုက်တင်ပဲ (၅%) အိမ်သာကို အမြန်ပြေးမှ ဖြစ်မယ်။ (၉၀%)

(၂၄) ရယ်စရာ မကောင်းဘူးလား။ ရက်သတ္တပတ်ရဲ့ ပထမဆုံး နေ့က Monday (M) နောက်ပြီးရင် Tuesday (T) ကျန်တာက WTF.

(၂၅) ဖေ့စ်ဘွတ်ခ်ဟာ ထောင်နဲ့တူတယ်။ ငါတို့ အထဲဝင်ပြီး အချိန်ဖြုန်းနေကြတယ်။ နံရံ (Wall) တွေပေါ်မှာ အဓိပ္ပာယ်မရှိတဲ့ စာတွေ လျှောက်ရေးပြီး အကျိုးမရှိတဲ့ ဂိမ်းတွေ ဆော့နေကြတယ်။ နောက်ပြီး ကြောင်တောင်တောင် လူတွေက လာလာဆွ (Poke) တာကို ခံနေရတယ်။

မူရင်း။ ။ http://www.statusbook.net/

Friday, April 1, 2011

ဖြစ်မှဖြစ်ရလေ

ကျွန်တော်တို့ ကျောင်းပြီးလို့ အလုပ်ရခါစ အချိန်ကပါ။ တစ်နေ့တော့ ရုံးကအပြန် စောနေတာမို့ အိမ်နားမှာ ရှိတဲ့ သူငယ်ချင်းတွေ အိမ် လှည့်ဝင် ခဲ့ပါတယ်။ သူတို့ အိမ်မှာလည်း အတော်များများ အလုပ်က ပြန်မလာကြသေးလို့ လူသိပ်မရှိပါဘူး။ အလုပ်ရှာနေဆဲ သူငယ်ချင်း တစ်ယောက်ပဲ အိမ်ရှေ့ခန်းမှာ ရှိပါတယ်။

ကျွန်တော် သူ့ကိုလှမ်းကြည့်တော့ သူ့မျက်နှာက ပေါင်မုန့်ရေစိမ်ကို ခွေးနင်းထားသလို  ရှုံ့တွနေပါတယ်။ ထုံးစံအတိုင်း ပါးစပ်ထဲ တွေ့ကရာ နောက်နေကျမို့ ကျွန်တော် သူ့ကို လှမ်းစလိုက်ပါတယ်။

"ဟေ့ကောင် ဘယ်လို ဖြစ်နေတာလဲ။ မင်းညီမ လင်နောက်လိုက်သွားလို့လား"
"ဟေ့ကောင် တော်စမ်း။ လာ မကျပ်နဲ့။ ငါဒီမှာ ညစ်တွန်းတွန်းနေတယ်။"
"ဘာဖြစ်ရပြန်တာလဲ။ အလုပ်က အချိန်တန်တော့ ရမှာပေါ့ကွာ။ ငါတို့လည်း မနေ့တစ်နေ့ကမှ ရတာပဲ။ မင်းလည်း ရမှာပေါ့။" ကျွန်တော်က အလုပ်မရသေးတဲ့ ကိစ္စနဲ့ သူ ညစ်နေတယ် မှတ်လို့ အားပေးလိုက်ပါတယ်။

"အလုပ်ကိစ္စလည်း ပါတာပေါ့ကွာ။ အခု အချိန် အလုပ် ရှိနေရင် ဒီလောက် ညစ်မနေဘူး။ အခုဟာက အလုပ်မရှိလို့ ပိုပြီး ညစ်နေတယ်။"
"အလုပ်က ဒီနေ့ရတာနဲ့ မနက်ဖြန်ရတာပဲ ကွာတယ်။ ရတော့ ရမှာပဲ။ မင်းအိမ်ကပိုက်ဆံ မင်းပဲ ဖြုန်းမယ့်သူ ရှိတာ။ ဘာဖြစ်နေတာလဲ။"
"ဟေ့ကောင်။ ငါအကောင်းပြောမယ်။ ဒီမှာ ငါမြွေကိုက်နေတယ်။"
"ဘာဖြစ်တာလဲ။"
သူက ကျွန်တော့်နားကို တိုးတိုး ကပ်ပြောပါတယ်။
"ငါ့ရည်းစား ကုန်းထောက်သွားလို့ကွ။ အဲဒါ ငါလည်း နေ့လည်ကမှ သိတယ်။"

သူ့စကားကြားတော့ ကျွန်တော်လည်း မျက်လုံးပြူးသွားပါတယ်။
"ဟေ့ကောင်။ မင်းဟာက သေချာရဲ့လား။"
"သေချာပါတယ်။ သူ နှစ်ခါတောင် စစ်ပြီးပြီတဲ့။" ပြောပြီး သူက သက်ပြင်းချပါတယ်။
"မင်းကလည်း ခိုးစားတာ အကာအကွယ်လေး ဘာလေး မလုပ်ဘူးလား။"
"လုပ်တော့ လုပ်တာပေါ့ဟ။ ဒါပေမယ့် ကိုယ့်ရည်းစားနဲ့ကိုယ် ဘယ်သူက အမြဲတမ်း အကာအကွယ် လုပ်မလဲ။"
"အကာအကွယ် မလုပ်ရင်တော့ ဖြစ်မှာပေါ့။ မဟုတ်ဘူးလား။"
"နင့်ကြီးဒေါ်။ ဘယ်သူက သွားလေရာ လာလေရာ ဒါကြီး အိတ်ထဲ ထည့်သွားမလဲ။ တစ်ခါတစ်လေ လက်လွန်သွားရင် အရေးပေါ်ဆေးသုံးတာတို့ ဘာတို့ ရှိတာပေါ့။ နောက်ပြီး ရက်တွက်လို့ လွတ်တယ် ထင်ရင် ပလိန်းလွှတ် လိုက်တာတွေလည်း ရှိတာပေါ့။ လူတိုင်း ဒီလို ကျုတ်ကြက်လိ နေကြတာပဲ။"
"အေးလေ။ အခုတော့ နားကားသွားပြီပေါ့။"
"ဒါကတော့ ကွာ။ အစကတည်းက Risk ရှိတယ် ဆိုတာ သိတာပဲ။ ဖြစ်ပြီးမှတော့ ဘယ်တတ်နိုင်မလဲ။ ဒါပေမယ့်လည်း ညစ်တာကတော့ ညစ်တာပဲကွ။"

ဘာမှ မစီစဉ်ရသေးခင် ရုတ်တရက် ဒီလိုကြီး ထဖြစ်တယ် ဆိုတော့ သူညစ်နေမှာ အမှန်ပါပဲ။
"အဲဒီတော့ အခု မင်းဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ။"
"အေးကွာ။ အဲဒါကြောင့် ခေါင်းစားနေတာပေါ့။ အခုအချိန် အိမ်ကို မိန်းမယူတော့မယ် ပြောရင်လည်း အဆဲခံရမယ်။ ကျောင်းက အခုမှပြီးတာ။ အလုပ်ကမရသေးဘူး။ ဗိုက်ကြီး သွားလို့ပါ ဆိုရင် ပိုပြီး အဆဲခံရမယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး ပြောတော့ ပြောရမှာပဲ။"
"မိန်းမ မယူဘဲ ကလေးကြိုယူထားပေါ့ကွာ။ ဘာဖြစ်လဲ။ မင်းတို့ မင်္ဂလာဆောင်တော့ ကလေးကို ပန်းကြဲခိုင်းပေါ့"
"ဟေ့ကောင်။ မနောက်စမ်းနဲ့ကွာ။"
သူက ပြောပြီး ခုနလို ပြန်ငိုင်နေပါတယ်။ ကျွန်တော်လည်း ဘာအကြံပေးရမှန်း မသိပါဘူး။
"မင်း ကောင်မလေးကရော ဘာပြောလဲ။" ကျွန်တော်က မေးလိုက်ပါတယ်။
"သူကတော့ ခေါင်းအေးအေး ထားပါ။ အေးအေးဆေးဆေး စီစဉ်ပြီးမှ အိမ်ကို ပြောကြတာပေါ့ လို့ ပြောတာပဲ။" သူက ပြန်ပြောပါတယ်။
"လုပ်စရာ ရှိလည်း မြန်မြန်လုပ်။ အခုအချိန်က သိပ်ကိစ္စ မရှိဘူး။ လမစေ့ဘဲ မွေးသလိုနဲ့ အသာလေး ရောချလိုက်လို့ ရတယ်။ ဒီလိုနည်းနဲ့ ရောကြိတ်နေတဲ့ ကောင်တွေ မနည်းဘူး။"

ခဏနေတော့ အိမ်ထဲကို သူနဲ့ အတူနေတဲ့ သူငယ်ချင်းတွေ အရှိုအရှို ပြန်ရောက်လာကြပါတယ်။ တစ်ယောက်စကား တစ်ယောက်နားနဲ့ ခဏနေတော့ အားလုံး သိသွားကြပါတယ်။ ဖြစ်ပြီးမှတော့ မထူးတော့ဘူး သဘောထားပြီး အားလုံးက သူ့ကို ဝိုင်းနောက်နေကြပါတယ်။ ဘေးကလူတွေက ပြုံးနိုင်ပေမယ့်လည်း တကယ်ခံရတယ့် ကာယကံရှင်က တော့ မပြုံးနိုင်ပါဘူး။  ဘီလူး သံပုရာသီး ကိုက်ထားသလို မျက်နှာက ရှုံ့တွ နေတုန်းပါပဲ။

အဲဒီ အချိန်မှာ သူ့ရဲ့ ဟင်းန်းဖုန်းက တတီတီနဲ့ မက်ဆေ့ ဝင်တဲ့ အသံ မြည်လာပါတယ်။ သူက ဖုန်းကို ကောက်ကိုက်ပြီး မက်ဆေ့ကို ဖွင့်ကြည့်လိုက်ပါတယ်။ နောက်တော့ ပါးစပ်က "ငါကွာ.." ဆိုပြီး ဒေါသဖြစ်ဖြစ် မကျေမနပ်နဲ့ တောက်ခေါက်ပါတယ်။ အားလုံးက သူ့ကို ဝိုင်းကြည့်နေကြပါတယ်။

"ဟေ့ကောင်။ ဘာဖြစ်ပြန်ပြီလဲ။" ဘေးက သူငယ်ချင်းတစ်ယောက်က လှမ်းမေးပါတယ်။

သူက ဘာမှ ပြန်မပြောဘဲ ဖုန်းကို လှမ်းပေးပါတယ်။ ဘေးက ကောင်က ဖုန်းထဲက မက်ဆေ့ကို ဖတ်ကြည့်ရင်း ဟက်ဟက်ပက်ပက် ထရယ်ပါတယ်။ နောက်တော့ သူက ကျွန်တော်တို့ အားလုံးကို ပြောပါတယ်။

"သူ့ရည်းစားဆီက မက်ဆေ့ကွ။ ငါဖတ်ပြမယ်။ ဒါလင်။ စိတ်မပူပါနဲ့။ သူဘာမှ မဖြစ်ပါဘူး။ အေပရယ်လ်ဖူး အတွက် စလိုက်တာပါ။ ဟက်ပီး အေပရယ်လ်ဖူးဒေးတဲ့။ ဟားဟား"

နောက်စရာ ရှားလို့ ဒီနည်းနဲ့မှ နောက်ရတယ်လို့ ပြောရင်း ကျွန်တော်တို့ အားလုံးဝိုင်းရယ်လိုက် ကြပါတယ်။

Wednesday, March 30, 2011

လူကြီးကြိုက် ဟာသ

ရေခဲသေတ္တာ

ကောင်းကင်ဘုံကို ဝင်တဲ့ ဂိတ်တံခါးဝမှာပါ ။ အဲဒီနေ့က အလုပ်များတဲ့ နေ့ ဖြစ်တာကြောင့် ပီတာက ကောင်းကင်ဘုံကို ဝင်ဖို့ စောင့်နေတဲ့ သူတွေထဲက ပထမဆုံး တစ်ယောက်ကို ပြောပါတယ်။ "ဒီနေ့ ကောင်းကင်ဘုံမှာ နေရာပြည့်တော့မယ်။ အဲဒီတော့ ငါ့အနေနဲ့ အတော့်ကို ဆိုးဆိုးရွားရွား အဖြစ်နဲ့ သေခဲ့တဲ့ သူတွေကိုပဲ ဝင်ခွင့် ပေးနိုင်မယ်။ ကဲပြော မင်းရဲ့ ဇာတ်လမ်း။"

ပထမဆုံးလူက သူ့ဇာတ်လမ်းကို အခုလို ပြောပြပါတယ်။
"ကျွန်တော့် မိန်းမက ကျွန်တော်ကို သစ္စာဖောက်နေတယ်လို့ သံသယ ဖြစ်နေတာ ကြာပါပြီ။ ဒီနေ့တော့ လက်ပူးလက်ကြပ် ဖမ်းဖို့ ့ ကျွန်တော် အိမ်ကို စောစောစီးစီး ပြန်လာခဲ့ပါတယ်။ ၂၅ ထပ်က ကျွန်တော့်ရဲ့ အခန်းကို ရောက်တော့ တစ်ခုခုတော့ လွဲနေတယ် ဆိုတာ သတိထားမိ လိုက်ပါတယ်။ အိမ်ထဲမှာ ကျွန်တော့် မိန်းမရဲ့ လင်ငယ် ရှိနေမလားလို့ နေရာအနှံ့ လိုက်ရှာပေမယ့် ဘယ်နေရာမှ ရှာမတွေ့ ပါဘူး။ အဲဒါနဲ့ ကျွန်တော် ဝရန်တာကို ထွက်လာခဲ့ ပါတယ်။ အဲဒီမှာ လူတစ်ယောက် ဝရန်တာ လက်ရန်းကို ခိုပြီး ပုန်းနေတာ ကျွန်တော် တွေ့ရပါတယ်။ ကျွန်တော့် ဒေါသ အထွဋ်အထိပ်ကို ရောက်သွားပါတယ်။ ဒီကောင့်ကို ကျွန်တော် ရိုက်တယ်။ ကန်တယ်။ ဒါတောင် ဒီကောင် ပြုတ်မကျပါဘူး။ ဒါနဲ့ ကျွန်တော် အခန်းထဲကိုပြန် တူတစ်လက် ယူလာပြီး ဒီကောင့်လက်ကို ထုပါတယ်။ သူကြာကြာ မနေနိုင်ပါဘူး။ နောက်ဆုံးတော့ ပြုတ်ကျ တာပါပဲ။ ဒါပေမယ့် ဒီကောင်က ကံကောင်းချင်တော့ ချုံပုတ်ပေါ် တည့်တည့်ကျ ပါတယ်။ အဲဒါကြောင့် မသေပါဘူး။ ဒါနဲ့ ကျွန်တော် မီးဖိုချောင်ကို ပြေး။ ရေခဲသေတ္တာကို မပြီး ဒီကောင့် အပေါ်ကို ပစ်ချ လိုက်ပါတယ်။ ဒီကောင်လည်း အဲဒီနေရာမှာပဲ သေသွားပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ နှလုံးရောဂါ ရှိတာကြောင့် အဲဒီလောက် ဒေါသထွက်ပြီးတဲ့ နောက်မှာ  ဝရံတာမှာတင် ရှော့ခ်ရပြီး သေသွားပါတယ်။"

"အင်း အတော်ဆိုးတဲ့ အဖြစ်ပဲ။" လို့ ပီတာက ပြောပြီး သူ့ကို ဝင်ခွင့် ပေးလိုက်ပါတယ်။ ပီတာက နောက်တစ်ယောက်ကို ခေါ်လိုက်ပါတယ်။ ပီတာက ခုန လူကို ပြောသလိုပဲ လူပြည့်နေတဲ့ အတွက် အသေဆိုးနဲ့ သေခဲ့တဲ့သူကိုပဲ ဝင်ခွင့်ပေးနိုင်မယ့် အကြောင်း ထပ်ပြောပြန်ပါတယ်။ အဲဒီအခါမှာ ဒုတိယလူက သူ့အဖြစ်ကို အခုလို ပြောပြပါတယ်။

"ဒီနေ့ အတော်ထူးတဲ့ နေ့ပါ။ ကျွန်တော့်အိမ်က ၂၆ ထပ်မှာ ရှိပါတယ်။ မနက်တိုင်း ကျွန်တော် ဝရန်တာမှာ လေ့ကျင့်ခန်း လုပ်လေ့ ရှိပါတယ်။ ဒီမနက်တော့ ကျွန်တော် လေ့ကျင့်ခန်းလုပ်ရင်း မတော်တဆ ဝရန်တာက နေပြုတ်ကျ ပါတယ်။ ဒါပေမယ့်လည်း ကံကောင်းပါတယ်။ ကျွန်တော် အောက်ထပ် ၂၅ ထပ်က ဝရန်တာ သံတန်းကို လှမ်းပြီး ဖမ်းမိ လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ခုန ကျွန်တော့် ရှေ့က ဝင်သွားတဲ့သူ ရုတ်တရက် ပေါ်လာပါတယ်။ ကျွန်တော်ကတော့ ကယ်မယ့်သူ လာပြီ ဆိုပြီး ပျော်သွားပါတယ်။ ဒါပေမယ့် သူကျွန်တော်ကို ရိုက်ပါတယ်။ ကန်ပါတယ်။ ကျွန်တော်လည်း တတ်နိုင်သလောက် ဝရန်တာ သံတန်းကို ဆက်ကိုင်ထားပါတယ်။ ဒါပေမယ့် သူက တူ ယူလာပြီး ကျွန်တော့် လက်ကို ထုပါတယ်။ ကျွန်တော် ဆက်ပြီးတော့ မဟန်နိုင်တော့ပါဘူး။ ပြုတ်ကျပါတော့တယ်။ ဒါပေမယ့်လည်း ကံကောင်းချင်တော့ အောက်က ချုံပုတ်ပေါ်ကို ကျပါတယ်။ အဲဒါနဲ့ မသေပါဘူး။ ကျွန်တော်တော့ အသက်ချမ်းသာရာရပြီလို့ ထင်နေတဲ့ အချိန်မှာပဲ မိုးပေါ်က ရေခဲသေတ္တာ တစ်လုံး ရုတ်တရက် ကျွန်တော့် ခေါင်းပေါ်ကျလာပါတယ်။ ဒါနဲ့ပဲ ကျွန်တော ်သေပြီး ဒီကို ရောက်လာတာပါ။"

ပီတာက အတော်ဆိုးတဲ့ အဖြစ်ပဲလို့ သဘောတူပြီး အဲဒီလူကိုလည်း ဝင်ခွင့် ပေးလိုက်ပါတယ်။

ဒီလိုနဲ့ နောက်လူတစ်ယောက် ပီတာရှေ့ ရောက်လာပြန်ပါတယ်။ ပီတာကလည်း ခုနလိုပဲ ကောင်းကင်ဘုံမှာ ဒီနေ့ လူပြည့်နေတဲ့ အကြောင်းပြောပြီး သူ့ရဲ့ဇာတ်လမ်းကို ပြောပြခိုင်းပါတယ်။ အဲဒီအခါမှာ တတိယလူက သူ့ဇာတ်လမ်းကို ပြောပြပါတယ်။

"ဒီလိုပါ။ ကျွန်တော် ရေခဲသေတ္တာ တစ်လုံးထဲမှာ အဝတ်မပါဘဲ ပုန်းနေပါတယ်။"


သစ်ပင်ပေါ်ကကြည့်ရင်

တစ်ခါကကျွန်းတစ်ကျွန်းပေါ်ကို အသက်ခပ်ကြီးကြီး အဖိုးကြီး တစ်ယောက်၊ သူ့ရဲ့ ရုပ်ချောတဲ့ မိန်းမ နဲ့ ရုပ်ဖြောင့်ဖြောင့် သင်္ဘောသား တစ်ယောက် သင်္ဘောပျက်ပြီး ရောက်လာပါတယ်။ ရုပ်ဖြောင့်ဖြောင့် သင်္ဘောသားက ကျွန်းပေါ် ရောက်ကတည်းက အဖိုးကြီးရဲ့ မိန်းမကို ကြံချင်ပေမယ့် အဖိုးကြီးက သူ့မိန်းမ ဘေးမှာ အမြဲ ရှိနေလို့ အခွင့်မသာဘူး ဖြစ်နေပါတယ်။ တစ်နေ့တော့ သင်္ဘောသားဟာ အဲဒီ ကျွန်းပေါ်မှာ ရှိတဲ့ အမြင့်ဆုံး သစ်ပင်ကြီး တစ်ပင်ပေါ်ကို တက်သွားပါတယ်။ သစ်ပင်ပေါ် ရောက်တော့ သူက အောက်ကို လှမ်းပြီး
"ဟေ့လူတွေ။ ခင်ဗျားတို့ လူမြင်ကွင်းကြီးမှာ အဲဒီလို လုပ်တာ မကောင်းပါဘူး။ တခြား လူမမြင်တဲ့ တစ်နေရာ သွားကြပေါ့ဗျာ။" လို့ အော်ပါတယ်။ သူ သစ်ပင် ပေါ်က ပြန်ဆင်းလာတော့ အဖိုးကြီးက သူ့ကို ဘာဖြစ်လို့ အဲဒီလို အော်ရသလဲ လို့ မေးပါတယ်။ သင်္ဘောသားက သူသစ်ပင်ပေါ်ကနေ မဖွယ်မရာ မြင်ကွင်းတွေ မြင်နေရလို့ လူမမြင်တဲ့ နေရာ သွားကြဖို့ သတိပေးတာပါလို့ ပြန်ပြောပါတယ်။ အဖိုးကြီးကလည်း သူဘာမှ မဖွယ်မရာ မလုပ်ကြောင်း အတင်းငြင်းပါတယ်။

နောက်တစ်နေ့ ကျတော့လည်း သင်္ဘောသားက အဲဒီသစ်ပင်ကို ထပ်တက်ပါတယ်။ သစ်ပင်ပေါ် ရောက်တော့ အရင်နေ့ကလိုပဲ ထပ်အော်ပြန် ပါတယ်။ အောက်ရောက်လာတော့ အဖိုးကြီးက ထပ်မေးတဲ့ အခါ အရင်နေ့ကလိုပဲ ပြန်ဖြေပါတယ်။ အဲဒီလို နေ့စဉ်ဆက်တိုက် အော်နေတော့ ၅ ရက်မြောက်နေ့မှာတော့ အဖိုးကြီးက သည်းမခံနိုင် တော့ပါဘူး။ အဲဒီသစ်ပင် အမြင့်ကြီးကို သင်္ဘောသား မတက်ခင်မှာ ကြိုးစားပမ်းစား ကုတ်ကပ်ပြီး တက်ပါတယ်။ သစ်ပင်ရဲ့ ထိပ်ဆုံး ရောက်တဲ့ အချိန်မှာတော့ အောက်ကို ငုံ့ကြည့်ပြီး ဒီလို မှတ်ချက်ချလိုက်ပါတယ်။
"အင်း။ ဟိုသင်္ဘောသား အော်မယ်ဆိုလည်း အော်စရာပါပဲလေ။ သစ်ပင်ပေါ်က ကြည့်ရင် ဒီလို မြင်ရတာပါလား။"

ဝတ္ထုတို

ဆရာမက ကျောင်းသားတွေကို အင်္ဂလိပ်စာ စာမေးပွဲ စစ်တဲ့ အနေနဲ့ ဝတ္ထုတို တစ်ပုဒ် ရေးခိုင်းပါတယ်။ သူမက ဝတ္ထုကောင်း ဆိုတာ လျို့ဝှက်ဆန်းကြယ်ခြင်း၊ လိင်ကိစ္စ၊ ထီးမူနန်းဟန် နှင့် ဘာသာရေး စတာတွေ ပါဝင်ကြောင်း ရှင်းပြပါတယ်။ ဆယ်မိနစ် အကြာမှာတော့ တော်မီ က သူရေးလို့ ပြီးသွားပြီ လို့ ပြောပြီး သူ့ရဲ့ ဝတ္ထုမှာ သူမပြောခဲ့တဲ့ အကြောင်းအရာ ၄ ခုစလုံး ပါဝင်တဲ့ အကြောင်း ပြောပါတယ်။ ဆရာမက ဖတ်ပြပါတယ်။

"ဘုရားသခင်" ဟု မင်းသမီးကလေးက အော်သည်။ "ဗိုက်ကြီးပြန်ပြီ။ နောက်တစ်ခါ။ ဘယ်သူ့ကြောင့်ပါလိမ့်။"

ဒီအချက်တွေ ကိုက်ညီရင်

တိရိစ္ဆာန်ရုံမှာ ရှိတဲ့ ဂေါ်ရီလာ မျောက်မ တစ်ကောင်ဟာ စိတ်တိုပြီး မကြည်မလင် ဖြစ်နေလို့ တိရိစ္ဆာန် ဆရာဝန်နဲ့ ပြပါတယ်။ တိရိစ္ဆာန် ဆရာဝန်က "သူတို့ မိတ်လိုက်တဲ့ ရာသီ ရောက်နေပြီ။ အဲဒီတော့ သူမ အတွက် မိတ်လိုက်မယ့် မျောက် လိုနေတယ်။" လို့ ပြောပါတယ်။

တိရိစ္ဆာန်ရုံ မန်နေဂျာက သတင်းစာထဲမှာ ကြော်ငြာထည့်ပြီး သူ့ရဲ့ ဂေါ်ရီလာမနဲ့ မိတ်ဖက်ကို ရှာပါတယ်။

"အလိုရှိသည်။ ဂေါ်ရီလာ အမတစ်ကောင်နှင့် ဆက်ဆံရန် - ဒေါ်လာ ၁၀၀၀၀"

နောက်တစ်နေ့မှာတော့ ပက်ဒီဆိုတဲ့သူတစ်ယောက် တိရိစ္ဆာန်ရုံကို ရောက်လာပြီး အခုလို ပြောပါတယ်။

အကယ်၍ အချက် ၃ ချက်နဲ့ ကိုက်ညီတယ် ဆိုရင် ငါ ဂေါ်ရီလာမနဲ့ အတူအိပ်မယ်။
(၁) ငါသူ့ကို မနမ်းနိုင်ဘူး။
(၂) ကလေး မွေးလာရင် ငါအထောက်အပံ့ မပေးနိုင်ဘူး။
(၃) ငါ့ကို ဒေါ်လာ ၁ သောင်းရှာဖို့ အချိန်တော့ နည်းနည်းပေး။

(အင်တာနက်ပေါ်မှာ ဖတ်ဖြစ်တဲ့ ဟာသ တစ်ချို့ပါ။)

Sunday, December 26, 2010

သန်းခေါင်ယံညထဲမှာ

စနေတနင်္ဂနွေလို ညဖက်တွေမှာ အလုပ်အားရင် သူတို့ လူစုဖြစ်ကြ ပါတယ်။ အဲဒီလို လူစုံရင်တော့ ထုံးစံ အတိုင်း သောက်ဖြစ်ကြ ပါတယ်။ သောက်ပြီးလို့ နည်းနည်းကောင်းလာတဲ့ အချိန်မှာတော့ ဂစ်တာတီးပြီး သီချင်းဆိုရင်ဆို ဒါမှမဟုတ်ရင်တော့ ငြင်းကြခုံကြနဲ့ ဖြစ်တတ် ကြပါတယ်။ အဲဒီတစ်ခါ သူတို့အားလုံး မူးလာတဲ့ အချိန်မှာ ခါတိုင်းလို မဟုတ်ဘဲ တစ်ယောက်က ဇာတ်လမ်းစလာပါတယ်။

"ဟေ့ကောင်။ ကောင်မလေး တစ်ယောက်ယောက် ဖုန်းနံပါတ် ပေးကွာ။"
သူတို့ သူငယ်ချင်းတွေထဲက မိန်းကလေး သူငယ်ချင်းများတဲ့ တစ်ယောက်ကို လည်ပင်းညှစ် တောင်းတာပါ။
"ဘယ်သူ့ ဖုန်းနံပါတ်လဲ။"
"ဟိုတစ်နေ့က တွေ့လိုက်တဲ့ မင်းသူငယ်ချင်း ဆံပင်ရှည်ရှည်နဲ့ ဟိုကောင်မလေးကွာ။"
"ဟာ။ မလုပ်နဲ့။ အဲဒါ ဘဲကြီးနဲ့ကွ။"
"ဟ ဘာဖြစ်သေးလဲ ဘဲရှိရှိ မရှိရှိပေါ့။ ငါက သူ့ကို ဖန်မှာမှ မဟုတ်တာ။ ပွားရုံသက်သက်ပဲ ဥစ္စာ။"

ဒီလိုနဲ့ နောက်ဆုံးတော့ အတောင်းခံရတဲ့သူက မပေးချင် ပေးချင်နဲ့ ဖုန်းနံပါတ် ပေးလိုက် ရပါတယ်။ ဖုန်းနံပါတ် ရသွားတော့ သူက အိမ်ဖုန်းကို ယူ စပီကာ ဖွင့်ပြီး ဖုန်းနံပါတ်ကို နှိပ်လိုက်ပါတယ်။
"ဟဲလို။"
"ဒီအချိန်ကြီး ဖုန်းဆက်ရတာ ဆောရီးပဲ။ အိပ်နေပြီလား။"
"မအိပ်သေးပါဘူး။ ဘယ်သူလဲ မသိဘူး။"
"ဘယ်သူလဲ မသိဘူးလား။ ဒီအသံကို ရင်းရင်းနှီးနှီးကြားဖူးတယ်လို့ မထင်ဘူးလား။"

သုံးလေးငါးခွန်း ပြောပြီးတော့ ကောင်မလေးက သူ့ကို လာစားနေတဲ့ အကြောင်း သိသွားပါတယ်။ ဟိုဘက်ကလည်း အသံတိတ်သွားပါတယ်။ ခဏနေတော့ ဖုန်းထဲကနေ ယောက်ျားလေး အသံ ထွက်လာပါတယ်။

"မင်းတို့ ဘယ်ကကောင်တွေလဲကွ။ ငါ့ကောင်မလေးကို အချိန်မတော် ဖုန်းခေါ်ပြီး နှောင့်ယှက်တာ။"

စပီကာ ဖွင့်ထားတာမို့ အားလုံးကြားလိုက်ရပါတယ်။ တစ်ယောက်က တိုးတိုးပြောပါတယ်။

"ဟေ့ကောင်တွေ။ မြွေပဲကွ။ ကောင်မလေးက သူ့ဘဲကြီးနဲ့ နှပ်နေတာ။"

အဲဒီလို ပြောနေချိန်မှာပဲ ဟိုဘက်ကနေ မိုးမွှန်နေအောင် ဆဲပါတော့တယ်။ ဖုန်းပြောတဲ့ ကောင်ကတော့ ရုပ်တည်နဲ့ ဟန်မပျက်ပါဘူး။

"မင်းကရော ဘယ်ကကောင်လဲကွ။ ကောင်မလေးနဲ့ အခုအချိန်အထိ အချိန်မတော်ကြီး ရှိနေတာ။"
"မင်းအပူပါလားကွ။ ငါဘယ်သူဖြစ်ဖြစ်ပေါ့။"
"ပါတာပေါ့ကွ။ ငါ့ကို သူ့အဖေက သူ့သမီး စလုံးမှာ ကောင်းကောင်းနေမနေ ချက်ကင် လိုက်ခိုင်းထားတာ။ အဲဒီတော့ မင်းဘယ်သူလဲ ငါသိမှ ဖြစ်မှာပေါ့။"

ဟိုဘက်က အသံတိတ်သွားပါတယ်။ သူတို့အားလုံး ဒီဘက်ကနေ ပါးစပ်ပိတ်ပြီး ကြိတ်ရယ်ကြ ပါတယ်။

"နေပါဦး။ ခင်ဗျားက ဘယ်သူလဲ။"
"မင်းကို ငါပြောပြီးပြီလေကွာ။ သူ့အဖေရဲ့ မိတ်ဆွေပါလို့။ ပြောစမ်းပါဦး။ မင်းက ဘယ်သူလည်း။ ကောင်မလေးနဲ့ အခုအချိန်ထိ ရှိနေတယ် ဆိုတော့ ဘာသဘောလဲ။"

ချက်ကင်လိုက်နည်းကလည်း ကောင်မလေးကို ညကြီးသန်းခေါင် ဖုန်းဆက်ပွားရတယ် ဆိုတာ သိပ်တော့ ယုတ္တိ မရှိပါဘူး။ ဒါပေမယ့် ဟိုဘက်ကလည်း ရုတ်တရက်ဆိုတာ ထူပူနေပုံရပါတယ်။ ယုတ္တိ ရှိမရှိတောင် မစဉ်းစားနိုင် တော့ပါဘူး။

"ကျွန်တော်တို့ ရုပ်ရှင်ရုံမှာ ညလယ်ပွဲ ကြည့်နေကြတာပါ။ စိတ်မရှိပါနဲ့ အစ်ကိုရာ။ အစ်ကိုဘယ်သူမှန်း မသိလို့ပါ။"

ဟိုဘက်က လေသံ ရုတ်တရက် ပြောင်းသွားတာမို့ သူတို့အားလုံး ဒီဖက်ကနေ ပါးစပ်ပိတ်ပြီး အသားကုန် ရယ်ကြ ပါတယ်။

"ဟုတ်ရဲ့လားကွ။ နေစမ်းပါဦး။ ငါမင်းကောင်မလေးနဲ့ ပြောမယ်။ သူ့ကို ဟုတ်မဟုတ် မေးကြည့်ရမယ်။"

ကောင်မလေးက ဖုန်းလာကိုင် ပါတယ်။

"အစ်ကို သမီးပါ။ အစ်ကိုက ဘယ်သူလဲ မသိဘူး။"
"နင့် အဖေက ငါ့ကို စုံစမ်းခိုင်းလိုက်လို။ နင်ဘာတွေ လုပ်နေသလဲ သိအောင်။ စလုံးမှာ ကောင်မလေးတွေက သိပ်စိတ်ချရတာမဟုတ်ဘူး။ အခုပဲ ကြည့်ဦး။ ညကြီး အချိန်မတော်။ ကောင်လေး တစ်ယောက်နဲ့။"
"သမီးတို့ Mid-night ရှိုးကြည့်နေကြတာပါ အစ်ကိုရယ်။ အိမ်ကို ပြန်မပြောပါနဲ့။ တော်ကြာ တစ်မျိုး ထင်နေမှာ စိုးလို့ပါ။"

ဟိုဘက်ကလည်း အတည်ပေါက်နဲ့ လိမ်နေပါတယ်။ ဒီဘက်က ကောင်ကလည်း သူ့အဖေ အသိ ဆိုတဲ့ ဝိတ်သုံးပြီး ရုပ်တည်ကြီးနဲ့ ဖိန့်နေပါတယ်။

"အေးပါ။ အဲဒီလိုပဲ ထားလိုက်ပါတော့။ ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့ ဘာသံညာသံတွေ မကြားချင်ဘူး။"

သူ ဖုန်းချ လိုက်တော့ ဘေးကကောင်တွေ အကုန်လုံး ဝါးကနဲ ဝိုင်းရယ်ကြပါတယ်။

"ဖြစ်မှ ဖြစ်ရလေကွာ။ ကောင်မလေးဆီ ဖုန်းဆက်ပွားတာ သူ့ဘဲကြီးနဲ့ နှပ်နေတဲ့သူနဲ့မှ တည့်တည့်တိုးရတယ်လို့။" တစ်ယောက်က ဝင်ပြောတော့ ဖုန်းဆက်တဲ့သူက
"ဟားဟားဟား။ ငါလည်း အစကတော့ ဒီအတိုင်း ဖုန်းပြန်ချလိုက် ဦးမလို့ပါ။ ဒါပေမယ့် ဟိုကောင်က ဘလိုင်းကြီး ထဆဲနေတာနဲ့ ငါလည်း အမြင်ကတ်ကတ်နဲ့ ကျပ် လွှတ်လိုက်တာ။ အဲဒီကောင်ကလည်း ငဒူပဲ။ အရှေ့မှာ သူ့ကောင်မလေးကို ပွားထားတာတောင်မှ သူ့အဖေ အသိလို့ ပြောတာ ယုံတာပဲ။" လို့ ပြန်ပြောပါတယ်။
"မွှန်ထူပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားတာ နေမှာပေါ့။"

အဲဒီအချိန်မှာ နောက်တစ်ယောက်က တစခန်းထပါတယ်။
"ဒီတစ်ခါ ငါပွားမယ်ကွာ။ ငါ့ကို အလန်းဇယားကလေး တစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်တစ်ခုပေး။"
"ဟေ့ကောင်တွေ။ စွပ်လုပ်မနေနဲ့။ ရဲစခန်း ရောက်နေဦးမယ်။"
"ရပါတယ်ကွာ။ ဒီလောက် မဆိုးပါဘူး။ ဟေ့ကောင်။ ဒီတစ်ခါ ဘဲမရှိတဲ့ ကောင်မလေး ဖုန်းနံပါတ်ပေးကွာ။ လန်းတာလေး ပေးနော်။ ငါ အမှန်အကန် ပွားမယ်။"

ဒီတစ်ခါ နောက်တစ်ယောက်ဆီက နောက်ထပ် ဖုန်းနံပါတ် တစ်ခု ထွက်လာပါတယ်။ ဒီလိုနဲ့ နောက်တစ်ယောက်က ဇာတ်လမ်းစပြန်ပါတယ်။

"ဟဲလို"
"မနွယ်လား မသိဘူး။"
"ဟုတ်ပါတယ်။"
"မနွယ် ဘာလုပ်နေတာလဲ။"
"ရှင်က ဘယ်သူလဲ။ ဘာကိစ္စနဲ့ ဒီအချိန်ကြီး ဖုန်းဆက်ရတာလဲ။"
"အေးအေးဆေးဆေးပေါ့။ အဲဒီလောက်လဲ ဒေါသမကြီးနဲ့လေ။"

ဒီတစ်ခါတော့ ကောင်မလေးက အတော်မလွယ်ပါဘူး။ ယီးတီးယားတား မလုပ်နဲ့ ဇီးသီးနွားစား သွားမယ် ဆိုတဲ့ ပုံစံမျိုးပါ။ ပြောနေတဲ့ သူကလည်း ပါးစပ်က သိပ်မရဲတော့ ဟိုဘက်က စွပ် ကောနေတာနဲ့ပဲ စကားတွေ ကပေါက်တိ ကပေါက်ချာ ဖြစ်ကုန် ပါတယ်။

"ရှင်တို့ ရုတ်ရုတ် ယက်ယက် လာလုပ်မနေနဲ့နော်။ ဘာမှတ်နေလဲ။"
"မဟုတ်ပါဘူး။ ကျွန်တော့်ကို ရန်ကုန်က လူကြုံပေးခိုင်းလိုက်တာ။ ကျွန်တော် ပေးဖို့ မေ့နေလို့ အခုသတိရတဲ့ အချိန်မှ ဖုန်းဆက်ရတာပါ။"

သူ့စကား ကြားတော့ ဘေးကလူတွေ မျက်လုံးပြူးသွားပါတယ်။ ဟိုဘက်ကတော့ လေသံနည်းနည်း ပျော့သွားပါတယ်။

"အဲဒီလို စောစောစီးစီး ပြောပေါ့။ ရှင်က လာရစ်နေတဲ့ ပုံစံနဲ့ ဆိုတော့ ကျွန်မက ဘယ်သူမှန်း မသိ ဘယ်ဝါမှန်းမသိနဲ့။"
"အော်။ ဟုတ်ကဲ့။ ဆောရီးပါ။ ကျွန်တော်ကလည်း အခုလို အချိန်မတော် ဖုန်းဆက်ရတော့ အိပ်နေပြီ မှတ်လို့ အားနာလို့ပါ။"
"ဆောရီးပဲ။ ကျွန်မလည်း နည်းနည်း လွန်သွားတယ်။"
"ဟုတ်ကဲ့။ အဲဒါ ကျွန်တော် ဘယ်လို လာပေးရမလဲ မသိဘူး။"
"ကျွန်မ ဘယ်ကို လာယူရမလဲ။"
"ကျွန်တော်က အန်မိုကီယို အမ်အာရ်တီနားမှာ နေတာပါ။ နောက်နေ့ မြို့ထဲမှာ ချိန်းပြီး လာယူလိုက်ရင် ဖြစ်ပါတယ်။"
"ဟုတ်လား။ ကျွန်မလည်း အန်မိုကီယို အမ်အာရ်တီနားမှာ နေတာပဲ။ အခုတောင် အမ်အာရ်တီမှာ လာယူလိုက်ရင် ဖြစ်ပါတယ်။"
ဘေးက လူတွေ ဒီတစ်ခါတော့ တကယ် မျက်လုံးပြူးသွားကြပါတယ်။

"အခုမှ တကယ် ပျားတုတ်ပြီ။ ဟေ့ကောင် ဘယ်လိုလုပ်မှာလဲ။" ဘေးက တစ်ယောက်က အသံတိုးတိုးနဲ့ မေးပါတယ်။

ပြောနေတဲ့သူကလည်း ဖုန်းခွက်ကို လက်နဲ့အုပ်ပြီး ဘေးကို လှည့်ပြောပါတယ်။

"အခုမှတော့ မထူးဘူး။ အခု အချိန်ကျမှ နောက်တာ ဆိုလည်း အဆဲခံရတော့မယ်။ မထူးပါဘူးကွာ။ ကောင်မလေး လန်းတယ် ပြောတာပဲ။ တွေ့ဖူးသွားတာပေါ့။"

နောက်တော့ သူက ကောင်မလေးကို ဆက်ပြောပါတယ်။
"ဟာ။ အဆင်ပြေတာပေါ့။ ကျွန်တော် အခု လာပေးလိုက်မယ်လေ။"
"အင်း။ ဟုတ်ပြီ အဲဒါဆို အခု အမ်အာရ်တီမှာ လာယူလိုက်မယ်။ အမ်အာရ်တီရောက်ရင် ကျွန်မကို ဖုန်းဆက်လိုက်ပါ။"
ကောင်မလေးက ပြောပြီး ဖုန်းချသွားပါတယ်။ အားလုံးကတော့ မျက်လုံးပြူးနေကြပါပြီ။

"ဟေ့ကောင်။ ဘယ်မှာလဲ မင်းလူကြုံပစ္စည်း။"
"ကိစ္စမရှိဘူး။ ငါ့သူငယ်ချင်း တစ်ယောက်ကို သူ့အိမ်က ပေးလိုက်တဲ့ စားစရာ အထုပ် ရှိတယ်။ နာမည် ပြောင်းကပ်လိုက် တာပေါ့။ ဟိုကောင့်ကိုတော့ ငါပိုင်ပါတယ်။ နောက်နေ့မှ ကြည့်ပြောလိုက်မယ်။"
"မင်းဟာကလည်း ဘာမှန်းညာမှန်းမသိ။ ရင်းလိုက်ရတာက။"
"ကိစ္စမရှိပါဘူးကွာ။ အလန်း ဇယားကလေး တစ်ယောက်နဲ့ သိဖို့ ကျွမ်းဖို့ ဒီလောက်တော့ ရင်းရမှာပေါ့။"

ဒီလိုနဲ့ သူက စာရွက်တစ်ရွက်မှာ ကောင်မလေးရဲ့ နာမည်နဲ့ ဖုန်းနံပါတ်ရေး။ သူ့သူငယ်ချင်းရဲ့ လူကြုံပစ္စည်းထုပ်ကို နာမည်ခွာ၊ နံမည် ပြောင်းကပ်ပြီး အထုပ်ကလေး ကိုင်ပြီး အမ်အာရ်တီကို လစ်သွားပါတော့တယ်။ ကျန်တဲ့သူတွေ ကတော့ ဂွတ်လခ် ဝိုင်းလုပ်ပြီးလို့ ဆက်သောက်နေကြ ပါတယ်။ နာရီဝက်လောက်နေတော့ လူကြုံပစ္စည်းထုပ် ကိုင်ပြီး ဆင်းသွားတဲ့သူ ပြန်ရောက် လာပါတယ်။

"ကြက်သတုံး။ မင်းအတော်ဆိုးတဲ့ကောင်။" လို့ သူ့ကို ဖုန်းနံပါတ် ပေးတဲ့ကောင်ကို ဆဲပါတယ်။ ဟိုကောင်ကတော့ အခုမှ တဟားဟားနဲ့ ထပြီး ရယ်ပါတယ်။ အားလုံးက သူ့ကို ဘာဖြစ်တာလဲလို့ ဝိုင်းမေးကြပါတယ်။

"ငါ့ကို ခပ်မိုက်မိုက် ကောင်မလေး တစ်ယောက် ဖုန်းနံပါတ်ပေးပါ ဆိုတာ ဒီကောင်က လုပ်လွှတ်လိုက်တာ။ ငါအခုတွေ့ခဲ့တာ ဖက်တီးကြီး။"
"သိပ်မဝပါဘူးကွ။ ပြည့်တယ် ဆိုရုံလေးပါ။" လို့ ဖုန်းနံပါတ် ပေးတဲ့ကောင်က ပြောပြီး ထပ်ရယ်ပါတယ်။
"မင်းကြီးဒေါ် သိပ်မဝပါလားကွ။ နည်းတာကြီး မဟုတ်ဘူး။ ပွင့် လောက် ရှိတယ်။"
"အဲဒီတော့ မင်းဘယ်လို လုပ်ခဲ့သလဲ။"
"အခုကျမှတော့ မပေးလို့ ရမလားကွ။ ခပ်တည်တည်နဲ့ အထုပ်ပေးပြီး သွားလိုက်ပါဦးမယ် ဆိုပြီး ပြန်လာရတာပေါ့။"
အဲဒီစကားကြားတော့ ကျန်တဲ့ကောင်တွေပါ ဝိုင်းရယ်ကြပါတယ်။ သူတို့အားလုံး ရယ်နေကြတာ တော်တော်နဲ့ မပြီးတော့ ပါဘူး။

တခြားဖတ်ရန်


တယ်လီဖုန်းနဲ့ ချောက်ချတတ်သူများ
ရွှေမင်းသမီးသို့ အိပ်မက်ခြင်း

Saturday, December 11, 2010

အနော်ရထာ မတိုင်ခင် (Express Edition)

ပုဂံ ရာဇဝင်ကို တုတ်ထမ်းပြီးတော့ပဲ ပြောရမလား၊ ဓားထမ်းပြီးတော့ပဲ ပြောရမလား၊ မရှင်းဂန်းတွေ အေကေ-၄၇တွေ ကိုင်ပြီးတော့ပဲ ပြောရမလားတော့ မသိပါဘူး။ ရေးထားတာ ကတော့ တစ်ယောက်တစ်မျိုး ပါပဲ။ အရည်းကြီးတွေ ဆိုးတယ်ဆိုပြီး ရာဇဝင်ထဲမှာ ရေးထားပေမယ့်လည်း ဒေါက်တာသန်းထွန်းကတော့ အရည်းကြီးဆိုတာ သမိုင်းထဲ ရေးထားသလောက် မဆိုးဘူးလို့ ပြောခဲ့ဖူး ပါတယ်။ ပန်းဦး လွှတ်တယ် ဆိုတာလည်း စိတ်ကူးယဉ်သက်သက် တကယ် မရှိဘူးလို့ ဆိုခဲ့ဖူးပါတယ်။ စဉ်းစား ကြည့်ရင်လည်း ဟုတ်နိုင်စရာပါ။ ဘယ်သူက ကိုယ့်မိန်းမကို အရည်းကြီးဆီ လွှတ်ပြီး ပန်းဦး ဆက်ချင်ပါ့မလဲ။ မယားထိ ဓားကြည့် ဆိုသလို ပန်းဦးပို့မယ့် အစား ဓားနဲ့ နုပ်နုပ်စင်း ကြလို့ အရည်းကြီးလည်း အနော်ရထာ မတိုင်ခင် ကတည်းက အရည်းကြီး တုတ်ထိုးဖြစ်တာ ကြာလှရောပေါ့။ ဒီတစ်ခါတော့ အနော်ရထာ မတိုင်ခင် ပုဂံရာဇဝင်ကို Express Edition အနေနဲ့ ပြန်ပြောပြချင် ပါတယ်။

ပုဂံမြို့ကို တည်တဲ့မင်း၊ သရပါတံခါးကို ဆောက်ခဲ့တဲ့မင်းကို ပျဉ်ပြားမင်း လို့ ခေါ်ကြပါတယ်။ ဘာလို့ ပျဉ်ပြားမင်းလို့ ခေါ်သလဲ ဆိုတာကို ရာဇဝင်ထဲမှာ ရှာကြည့်တာတော့ မတွေ့ပါဘူး။ ပျဉ်ပြားတွေ တရုတ်ကို အိတ်စပို့လုပ်လို့ ပျဉ်ပြားမင်းလို့ တွင်တာလည်း ဖြစ်ချင်ဖြစ်မှာပါ။ အဲဒီ ပျဉ်ပြားမင်းကို တစ်ချို့ကတော့ ပျဉ်ဖြားမင်း လို့ ပြောကြပါတယ်။ ပျဉ်ပြားမင်းကြီး နတ်ရွာစံတော့ သူ့ရဲ့သား တန်နက်မင်းနန်းတက် ပါတယ်။

မြန်မာပြည်မှာ ကျင့်သုံးနေတဲ့ ဥပဒေ တစ်စိတ်တစ်ပိုင်းက ပုဂံခေတ်က ဆင်းသက်လာသလား မပြောတတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဖတ်ဖူး မှတ်ဖူးသလောက် မြန်မာနိုင်ငံ ဥပဒေထဲမှာ နိုင်ငံတော်ပုန်ကန်မှု အတွက် ပြစ်ဒဏ်က သေဒဏ် တစ်မျိုးတည်း ရှိပါတယ်။ ဒါပေမယ့် ခြွင်းချက်ကလေးတော့ ပါပါတယ်။ နိုင်ငံတော် ပုန်ကန်မှု အောင်မြင်ရင် ပြစ်ဒဏ်က လွတ်ကင်းခွင့် ရှိသည် ဆိုတာပါ။  ပုဂံခေတ်ကလည်း ဘုရင်ကို သေအောင် သတ်နိုင်ရင် ဘုရင် ဖြစ်ပါတယ်။ မသေမရှင် ဆိုရင်တော့ မဖြစ်ဘူး ထင်ပါတယ်။ တန်နက်မင်းလည်း မြင်းဇောင်းထဲမှာ သွားနေတုန်း မြင်းခံ ငခွေးက ဘုရင်ကို မြင်းချေးတွင်းထဲ တွန်းချပြီး ရှော့လိုက် ပါတယ်။ ဘုရင်ကို ရှော့လိုက်တဲ့ အတွက် မြင်းခံငခွေး ဘုရင် ဖြစ်လာပါတယ်။ အဲဒီဘုရင်ကို စလေငခွေးမင်းလို့ သိကြပါတယ်။

စလေငခွေး ဘုရင် ဖြစ်တော့ တန်နက်မင်းရဲ့ မိဖုရား တစ်ပါးလည်း ကိုဝင်းကြည်နဲ့ နန်းတော်ကနေ တိတ်တိတ်ကလေး လစ်သွားပါတယ်။ အဲဒီလိုနဲ့ ကြောင်ဖြူ အရပ်မှာ ဇာတ်မြှုပ်နေရင်း သားကလေး မွေးပါတယ်။ တန်နက်မင်းက သားကလေး မွေးရင် ကိုယ့်နာမည် ပေးပါလို့ မမှာခဲ့တော့လည်း ကြောင်ဖြူအရပ်မှာ မွေးလို့ ကြောင်ဖြူလို့ နာမည်ပေးတယ်လို့ ဆိုပါတယ်။ (မိဖုရားကြီး စစ်ကိုင်းတိုင်းထဲက နာဂတွေနေတဲ့ ဟိုမြို့မှာသာ သွားပြီး ဇာတ်မြှုပ်နေခဲ့ရင်တော့ မတွေးရဲ စရာပါ။) စလေငခွေးကိုတော့ သတ်မယ့်သူ မရှိပါဘူး။ ဒီဘုရင် အပြင်သွားရင် ဆင်တန်းတွေ မြင်းတန်းတွေနဲ့ သွားလို့လားတော့ မသိပါဘူး။ အဲဒီလိုနဲ့ စလေငခွေး အချိန်တန်လို့ မာလကာပင် တက်သွားတော့ သူ့ရဲ့သား သိန်းခိုမင်း နန်းတက်ပါတယ်။

တစ်နေ့တော့ သိန်းခိုမင်းဟာ တောကစား သွားပါတယ်။ တောထဲမှာ ဘာသွားကစားလဲတော့ ရာဇဝင်ထဲမှာ ရေးမထား ပါဘူး။ ရှမ်းကိုးမီးတို့ ၂၁ပေါက်တို့လည်း ဖြစ်ချင်ဖြစ်မှာပါ။ တောကစားရာက ပြန်လာတော့ ဘုရင်လည်း ဗိုက်ဆာလာ ပါတယ်။ အဲဒီတော့ အနီးအနားမှာ ရှိတဲ့ သခွားခင်းထဲမှာ သခွားသီး ဝင်ခူးစားပါတယ်။ နိုင်ငံတော်ထဲ ရှိရှိသမျှ ဘုရင့်ဘဏ္ဍာ မှတ်နေလို့ နေမှာပါ။ ဒါပေမယ့်လည်း သခွားခင်း ပိုင်ရှင် တောင်သူကြီးက သူ့အခင်းထဲ ဝင်လာပြီး ဘာမပြော ညာမပြောနဲ့ သခွားသီး ဝင်စားတာတွေ့တော့ ဘာကောင်မှန်း မသိလို့ ကျွေးထည့်လိုက်ပါတယ်။ သခွားသီးတော့ မဟုတ်ပါဘူး။ ဘုရင်လည်း အစားမတော် တလုပ် ဆိုသလို တောင်သူကြီး လက်ချက်နဲ့ ဂိ သွားပါတယ်။

သတ်ပြီးမှ ဘုရင်မှန်းသိတော့လည်း တောင်သူကြီးက အော်တိုငုတ်တုပ် ဘုရင် ဖြစ်သွားပါတယ်။ အဲဒီ ဘုရင်ကို တောင်သူကြီးမင်း၊ ညောင်ဦးစောရဟန်း၊ မင်းအိုချမ်းသာ စတဲ့ နံမည် အမျိုးမျိုး ခေါ်ကြပါတယ်။ အဲဒီအချိန်မှာ ခုန ဇာတ်မြုပ်နေတဲ့ မင်းသား ပြန်ပေါ်လာပါတယ်။ ကြောင်ဖြူမှာ မွေးတဲ့ ကြောင်ဖြူမင်းသားဟာ တောင်သူကြီးမင်း လက်ထက်မှာ ရွိုင်ရယ် ကွမ်းယာသည် ရာထူးကို ရပါတယ်။ ဘုရင်ကို နိုင်တီတူးနဲ့ စားမလား၊ စင်ကနယ်နဲ့ စားမလား၊ ဖာလာထည့်မလား ဂုံခါးထည့်မလား စတာမျိုး မေးပြီး ကွမ်းယာဆက်ရတဲ့ ရာထူးပါ။ အဲဒီခေတ်ကတော့ တော်ဝင် ကွမ်းယာတဲ့သူကို ကွမ်းဆော်လို့ ခေါ်ကြပါတယ်။

တစ်နေ့တော့ တုရွင်းတောင်ခြေမှာ မင်းလောင်းပေါ်တယ် ဆိုပြီးတော့ ဝီကီလိခ်စ် ကနေတစ်ဆင့် ဘုရင်ဆီကို သတင်း ရောက်လာ ပါတယ်။ ဘုရင်လည်း မင်းလောင်းဆိုတာ ဘာကောင်ကြီးမှန်း မသိလို့ ကြောင်ဖြူမင်းသားကို သွားကြည့်စမ်းဆိုပြီး ခိုင်းလိုက် ပါတယ်။ ကြောင်ဖြူမင်းသားလည်း ဘုရင်ခိုင်းလိုက်လို့ တုရွင်းတောင်ခြေသွားတုန်း လမ်းမှာ ဘုရင်အဝတ်အစားတွေ လေဘေးထည် အနေနဲ့ ရောင်းနေတာ တွေ့တာနဲ့ ဝယ်ဝတ်ပါတယ်။ (ရာဇဝင်ထဲမှာတော့ သိကြားမင်းက ပေးတယ် ရေးထားသလို အဖိုးကြီးတစ်ယောက်က ပေးတယ်လို့လည်း ရေးထားပါတယ်။) ကြောင်ဖြူမင်းသား နန်းတော် ပြန်လာတဲ့အချိန် ဘုရင်အဝတ်အစား ဝတ်လာတာမို့ တောင်သူကြီးမင်းလည်း ပုလ္လင်ပေါ်ကနေ "နင်ထွက်သွားစမ်း။ ထွက်သွားစမ်း။ အခုပဲ ထွက်သွားလိုက်တော့။" လို့ အော်ရင်း ပြုတ်ကျလို့ ဂန့် သွားပါတယ်။ ထက်ထက်မိုးဦးလို ပါးတောင် မရိုက်လိုက်ရပါဘူး။ ကွမ်းဆော် ရာထူးကို ယူပြီး ကြောင်ဖြူ အရပ်မှာ မွေးတဲ့ မင်းသား ဘုရင် ဖြစ်တော့ ကွမ်းဆော်ကြောင်ဖြူလို့ တွင်ပါတယ်။

တောင်သူကြီးမင်းက ညီအစ်မ ၃ယောက်ကို ယူထားပါတယ်။ အဲဒီမိဖုရား ၃ပါးကို တောင်ပြင်သည်၊ အလယ်ပြင်သည်နဲ့ မြောက်ပြင်သည် လို့ ခေါ်ကြပါတယ်။ (ကျောက်ပျဉ်သည်တော့ မပါပါဘူး။) ကွမ်းဆော်ကြောင်ဖြူ ဘုရင်ဖြစ်တော့ ဘုရင် ရွေးထားတယ် ဆိုကတည်းက အကိတ်ကလေးတွေ နေမှာပဲ ဆိုပြီးတော့ အဲဒီ ၃ယောက်ကို ဆက်ပြီး မိဖုရား မြှောက်ထား လိုက်ပါတယ်။ ဒါပေမယ့်လည်း ကြောင်ဖြူမင်း ပိုက်ဘောမိသွားပါတယ်။ မြောက်ပြင်သည်နဲ့ အလယ်ပြင်သည်ကို တောင်သူကြီးမင်းက ဂိုးသွင်းပြီးသားပါ ။ အဲဒီလိုနဲ့ မြောက်ပြင်သည်က နေ ကျဉ်စိုး (အိုင်စီ အိမ်ဘုရင် နဲ့ နံမည် ခပ်ဆင်ဆင် :D) နဲ့ အလယ်ပြင်သည် ကနေ စုက္ကတေး ဆိုတဲ့ မင်းသား နှစ်ပါးကို မွေးပါတယ်။ အငယ်ဆုံး မိဖုရားကိုတော့ ကြောင်ဖြူမင်း ကိုယ်တိုင် ဂိုးသွင်းပြီး အနော်ရထာကို မွေးပါတယ်။

ကျဉ်စိုးနဲ့ စုက္ကတေး အရွယ်ရောက်လာတော့ ကျောင်းအဖြူတစ်ဆောင် ဆောက်ပြီးတော့ ဘုရင်ကို အတင်းအကျပ် ရဟန်းဝတ်ခိုင်းပါတယ်။ ဘယ်လို အကျပ်ကိုင်သလဲတော့ မပြောတတ်ပါဘူး။ ဘလက်မေးလ် လုပ်တာလား၊ အင်တာနက်ပေါ်မှာ ဗွီဒီယိုတွေ တင်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်တာလား ဆိုတာတော့ ရာဇဝင်ထဲမှာ ရေးမထားပါဘူး။ ဒီလိုနဲ့ ကျဉ်စိုးက ဘုရင် ဖြစ်လာပါတယ်။ ကျဉ်စိုးလည်း သက်ဆိုး မရှည်ပါဘူး။ ခြောက်နှစ်အကြာမှာ ရှောဘရားသား ဖြစ်သွားပါတယ်။

ကျဉ်စိုး ပြီးတော့ စုက္ကတေးက ဆက်ပြီး နန်းတက်ပါတယ်။ တစ်နေ့တော့ စုက္ကတေးက အနော်ရထာကို "ညီသားနောင်မယ်" လို့ခေါ်ပါတယ်။ အနော်ရထာကလည်း ဘာအဓိပ္ပာယ်မှန်း မသိလို့ ရဟန်းဝတ်နေတဲ့ သူ့အဖေ ကြောင်ဖြူမင်းကို သွားမေးပါတယ်။ ကြောင်ဖြူမင်းက "ဟဲ့ကောင်။ အနော်ရထာ။ နင်အဲဒီလောက် ပိန်းရသလား။ အဲဒါ နင့်ကို ငါရိုးမကျား လို့ ဆဲတာနဲ့ အတူတူပဲ။ မင်းအမေကို သိမ်းပိုက်မယ် လို့ ပြောတာ။" ဆိုပြီး တစ်ပ် ပေးလိုက်ပါတယ်။ ကြောင်ဖြူမင်းက ကိုယ့်ဆံပင်ကိုယ် ညှပ်နေရတယ် ဘာညာ ပြောတယ်တော့ ရာဇဝင်ထဲမှာ ရေးမထားပါဘူး။

အဲဒါကြောင့် အနော်ရထာ နည်းနည်း တင်းသွားပါတယ်။ ဒါနဲ့ပဲ ပုပ္ပားကို သွားပြီး လူစုပါတယ်။ နောက်တော့ ပုဂံကို ပြန်တိုက်ဖို့ ချီတက်လာပါတယ်။ အဲဒါကို စုက္ကတေး ကသိတော့ ။ "ဟေ့ကောင်။ အနော်ရထာ။ စစ်တိုက်မနေနဲ့။ မဆိုင်တဲ့သူတွေ အကုန်သေကုန်မယ်။ သတ္တိရှိရင် မင်းနဲ့ ငါနဲ့ တပွေချင်း ဆွဲမယ်။" ဆိုပြီး စိန်ခေါ်ပါတယ်။ အနော်ရထာက သဘောတူတော့ သူတို့နှစ်ယောက် ပုဂံမြို့ တစ်နေရာမှာ ချိန်းပြီး ဖိုက်ကြပါတယ်။ စီးချင်းထိုးပွဲမှာ စုက္ကတေးကို အနော်ရထာက လှံနဲ့ထိုးလိုက်တာ မြင်းပေါ်မှာ လှံနဲ့အတူ ပါသွားလို့ အဲဒီအရပ်ကို မြင်းကပါ အရပ်လို့ ခေါ်တယ် ဆိုကြပါတယ်။ စုက္ကတေး ကြွသွားတော့ အနော်ရထာ ဘုရင် ဖြစ်လာပါတယ်။

ဒါကတော့ ပျဉ်ပြားမင်း လက်ထက်ကနေ အနော်ရထာ ဘုရင်ဖြစ်လာတဲ့ အချိန်အထိ ပုဂံရာဇဝင် Express Edition ပါပဲ။

တခြားဖတ်ရန်

ဗျတ်ဝိဗျတ္တ For Dummies
ဖောင်းကားစား Remix
မောင်ပေါက်ကျိုင်း Version 2009
Unofficial Guide to မင်းမဟာဂီရိ

Monday, November 15, 2010

ရောက်တတ်ရာရာ (၁)

(၁) နောက်တာလား Google

လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ယောက်က ဖေ့စ်ဘွတ်ခ်မှာ ရေးထားလို့ စမ်းကြည့်မိပါတယ်။

၁။ Google Map ကို သွားပါ။
၂။ Get Direction ဆိုတာကို နှိပ်ပါ။
၃။ A ရဲ့ ဘေးမှာ Taiwan လို့ ရိုက်ပါ။
၄။ B ရဲ့ဘေးမှာ China လို့ ရိုက်ပါ။
၅။ Get Direction ဆိုတဲ့ Button ကို နှိပ်လိုက်ပါ။
၆။ နံပါတ်စဉ် ၂၄ ကို ဖတ်ကြည့်ပါ။

အောက်က ပုံမှာ ပြထားတဲ့ အတိုင်း တွေ့ရပါတယ်။



နောက်သလိုတော့ ဖြစ်နေပြီ။


(၂) သူရဲကောင်းနဲ့ ကြယ်

ဒီနှစ် စက်တင်ဘာလထဲမှာ စင်ကာပူမှာ လုပ်တဲ့ စာပေ ဟောပြောပွဲကို သွားတော့ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) က မာရီလှတော ဆိုတဲ့ အမည်မထင်မရှားတဲ့ သူရဲကောင်းမ တစ်ယောက် အကြောင်းကို ပြောပြပါတယ်။ အဲဒီလို ပြောရင်းနဲ့ သူက သူရဲကောင်းတွေ သေရင် ကောင်းကင်မှာ ကြယ်ပွင့်ကလေးတွေ ဖြစ်တယ် ဆိုပြီးတော့ တင်စားပြီး ပြောပါတယ်။

စာရေးဆရာကတော့ ရသမြောက်အောင် တင်စားပြီး ပြောတာပါပဲ။ ဒါပေမယ့်  ကျွန်တော့် ခေါင်းထဲမှာ ရုတ်တရက် တွေးမိတာက ကမ္ဘာပေါ်မှာ လူဦးရေက ၅ ဘီလီယံ ပဲ ရှိတယ်။ စကြာဝဠာ တစ်ခုလုံး မပြောသေးနဲ့ဦး။ ကျွန်တော်တို့ အခု လက်ရှိနေထိုင်တဲ့ နဂါးငွေ့တန်း ဂယ်လက်ဆီ မှာတင် ရှိတဲ့ကြယ်ပေါင်းက ဘီလီယံ ၁၀၀ ကျော် ရှိပါတယ်။  အဲဒီတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ လူအားလုံး သူရဲကောင်း ဖြစ်ရင်တောင်မှ ကြယ်နဲ့ အချိုးအစားက မမျှဘူး ဖြစ်နေတယ် ဆိုပြီးတော့ပါ။ တခါတလေ တော့လည်း ပေါက်ကရ မတွေးဘဲ အနုပညာကို အနုပညာအတိုင်း ခံစားတာပဲ ကောင်းပါတယ်။

(၃) ဘာတစ္စတူတာ

 ဘန်ကောက်မှာ ဝီကီတွေ့ဆုံပွဲ သွားတော့ ကိုသင်ကာ ပြောပြတဲ့ ဟာသ တစ်ခုကို ပြန်ပြောပြချင် ပါတယ်။ မြန်မာစာမှာ ပါဌ်ဆင့်တွေ ရေးလို့ ပေါက်ကရ ဖြစ်ရတဲ့ အကြောင်းပါ။ ကမ္ဘာကျော် အာဂျင်တီးနား ဘောလုံးသမား ဘာတစ်စ်တူတာ (Batistuta) ရဲ့ နာမည်ကို စာရေးတဲ့သူ တစ်ယောက်က ကွန့်ပြီး ဘာတစ္စ တူတာ လို့ ရေးလိုက်ပါတယ်။ အဲဒီ ဘာတစ္စ တူတာ ဆိုတဲ့ နာမည်ကို ရုတ်တရက် တွေ့လိုက်တဲ့ ဘုန်းကြီးတစ်ပါးက ဒီပါဠိ စာလုံးကို ငါမတွေ့ဖူးသေးဘူး ဆိုပြီး ကျမ်းဂန်တွေ လျှောက်လှန်ပြီး ရှာပါသတဲ့။ အဲဒီတော့ ပါဌ်ဆင့်ဆိုတာ ဆင့်တိုင်းလည်း မကောင်းဘူးဆိုတဲ့ အတွေးစ ခေါင်းထဲမှာ ပေါ်လာ ပါတယ်။

(၄) ပြုံးချင်စရာ အဓမ္မမှု

စင်ကာပူ စထရိတ်တိုင်းမ် သတင်းစာထဲမှာ ပြုံးချင်စရာ  အဓမ္မမှု တစ်ခု ကို ဖတ်ရပါတယ်။ ပြည်ကြီးက လာပြီး ဝရိန်ဆော်တဲ့ အလုပ်လုပ်နေတဲ့ တရုတ်တစ်ယောက်က သူ့လိုပဲ ပြည်ကြီးက လာပြီး ရုံးဝန်ထမ်းလုပ်နေတဲ့ တရုတ်မ တစ်ယောက်ကို ဟိုင်းဝေး လမ်းမဘေးမှာ အဓမ္မကျင့်တဲ့ အကြောင်း ရေးထားတာပါ။ အဓမ္မကျင့်တာတော့ ရယ်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် အမှုသွား အမှုလာက ပြုံးချင်စရာပါ။ အဓမ္မကျင့်တဲ့သူက ကိစ္စပြီးတော့ တရုတ်မကို 'နင်နဲ့ ငါနဲ့ သူငယ်ချင်း ဖြစ်ရအောင်' ဆိုပြီး ဖုန်းနံပါတ် ပေးပါတယ်တဲ့။ တရုတ်မက ငြင်းပါတယ်။ ဒါ့အပြင် တရုတ်မရဲ့ ပျောက်သွားတဲ့ ဖုန်းကို သူပြန်ရှာပေးမယ်ဆိုပြီး အဲဒီတရုတ်က ကမ်းလှမ်းပါသတဲ့။ နောက်တစ်နေ့မှာတော့ တရုတ်မက ရဲကို ခေါ်ပြီး ပြန်လာတဲ့ အချိန် အဲဒီနေရာမှာ ဖုန်းလာရှာနေတဲ့ တရုတ်နဲ့ ပက်ပင်းတိုးလို့ ရဲက တစ်ခါတည်း ဖမ်းလိုက် ပါတယ်။  ဒီတရုတ် မြန်မာပြည်က ထုတ်တဲ့ အပြာစာအုပ်တွေများ ဖတ်သလား မသိဘူးလို့ ခေါင်းထဲမှာ ပေါက်တတ်ကရ တွေးမိပြန်ပါတယ်။

(၅) ဂန်းစတား ကိုင်တဲ့ဓား

စလုံးမှာ အခုတလော ဂန်းစတားတွေ သောင်းကျန်း နေကြပါတယ်။ ဟိုနေရာမှာ ဓားခုတ်မှု ဖြစ်လိုက် ဒီနေရာမှာ ဓားခုတ်မှု ဖြစ်လိုက်နဲ့ သတင်းထဲမှာ တွေ့တွေ့နေရပါတယ်။ သောင်းကျန်းနေတဲ့ ဂန်းစတားတွေကို စလုံးရဲက လိုက်ဖမ်းတာ အတော်များများ မိပါတယ်။ အဲဒီ သတင်းတွေကို ဖတ်ရင်း ဂန်းစတားတွေဆီက မိတဲ့ ဓားတွေ ဓာတ်ပုံနဲ့ ပြထားတာကို  ဝက်ဘ်ဆိုဒ်ထဲမှာ တွေ့ရပါတယ်။ စလုံးက ဂန်းစတားတွေ ကိုင်တဲ့ ဓားတွေ မြင်ရတော့ ဟက်ဟက်ပက်ပက် ရယ်မိ ပါတယ်။ သူတို့ ကိုင်တဲ့ဓားဆိုတာက ကျွန်တော်တို့ မီးဖိုချောင်ထဲမှာ သုံးနေကြ ဝက်သားခုတ်တဲ့ဓား ကြက်သွန်လှီးတဲ့ ဓားမျိုးတွေပါ။ ကရာတေး ကစားတဲ့ ကင်ဒိုဓားတောင် သွေးထားရင် ရောင်းခွင့်မရှိတဲ့ နိုင်ငံ ဆိုတော့လည်း ကြက်သွန်လှီးတဲ့ ဓားနဲ့ ရမ်းကားကြ တာပေါ့လေ ဆိုပြီး တွေးရင်း ပြုံးမိပါတယ်။

Friday, November 5, 2010

ကြုံရဆုံရ Technical Support ဘဝ

Technical Support နဲ့ ပတ်သက်လို့ ဟာသတွေ မကြာခဏ ကြားရတတ် ပါတယ်။ တကယ့် အပြင်လောကမှာလဲ  Technical Support လုပ်ရင် ရယ်စရာ အဖြစ်တွေ တလွဲတချော်တွေ မကြာခဏ ကြုံရတာပါပဲ။ တစ်ခါတလေ ကြုံရတဲ့ အဖြစ်တွေက ရယ်ရမလို ငိုရမလို အဖြစ်အပျက်တွေပါ။

တစ်ခါက ကျွန်တော်တို့ စက်ရုံ တစ်ခုကို ရောင်းထားတဲ့ လေဆာစက်တစ်လုံးမှာ ပြသနာလေးတွေ ရှိနေလို့ ဥရောပရုံးက ဆားဗစ်အင်ဂျင်နီယာ တစ်ယောက်က သွားပြင်ပါတယ်။ သူက ကျွန်တော်တို့ကို ဖုန်းခေါ်ပြီး ဖြစ်နေတဲ့ ပြသနာတွေကို ဟိုမေးဒီမေး မေးပါတယ်။ ခဏနေတော့ သူ့ဖုန်းဘက်ထရီ ကုန်သွားလို့ ပြီးမှ ပြန်ဆက်မယ် ဆိုပြီး ဖုန်းချ သွားပါတယ်။ မိနစ် ၂၀ လောက် ကြာတော့ ဖုန်းပြန်ဆက် ပါတယ်။ ဒီတစ်ခါတော့ သူ့ဖုန်းကို ကျွန်တော်တို့ ဆီက အီလက်ထရစ်ကယ် အင်ဂျင်နီယာက ပြန်ဖြေပါတယ်။
"ဒီမှာ ပြသနာ အကြီးအကျယ် ဖြစ်နေပြီကွ။"
"ဘာဖြစ်လို့လဲ။"
"လေဆာက လုံးဝ အလုပ်မလုပ်တော့ဘူး။"
"ဟုတ်လား။ ဘယ်လို ဖြစ်တာလဲ။"
"ခုန ငါလာတုန်းက အလုပ်လုပ် နေသေးတယ်။ အခု လေဆာက ဘာမှ ထွက်မလာတော့ဘူး။"
နည်းနည်းတော့ စပြီး ခေါင်းစား နေပါပြီ။
"လေဆာမှာ ပါဝါလာသေးလား။"
"ဘယ်မှာ ကြည့်ရမှာလဲ။"
"စက်နောက်က တံခါးကို ဖွင့်လိုက်။ လေဆာပြွန်ရဲ့ နောက်မှာ ပါဝါမီးလုံး ရှိတယ်။ ပါဝါရှိရင် အဲဒီ မီးလုံး လင်းနေ လိမ့်မယ်။"
"အိုကေ။ ငါသွားကြည့်ဦးမယ်။"
အဲဒီလို ပြောပြီး သူမီးလုံးကို သွားကြည့်နေပါတယ်။ ခဏနေတော့ ပြန်ပြောပါတယ်။
"မီးမလင်းဘူးကွ။"
"အဲဒါဆို ဖြူးစ်ပြတ်တာ ဖြစ်နိုင်တယ်။ အဲဒီ မီးလုံးဘေးမှာ ဖြူးစ် ထည့်တဲ့ နေရာ ရှိတယ်။ အဲဒီ ဖြူးစ်ကို ထုတ်ပြီး ကောင်းမကောင်း မီတာနဲ့ တိုင်းကြည့်။"
သူ ဖြူးစ်ကို ရှာပြီး တိုင်းနေပါတယ်။ ဖြူးစ်ကို မီတာနဲ့ ထောက်ပြီး Resistance တိုင်းကြည့်ရင် ပြတ်မပြတ် သိနိုင်ပါတယ်။ သူက တိုင်းပြီးတော့ ပြန်ပြောပါတယ်။
"ဖြူးစ် မပြတ်ဘူးကွ။ ကောင်းနေသေးတယ်။"
"အဲဒါဆို လေဆာကို ဝင်တဲ့ ပါဝါ ဆပ်ပလိုင်းရှိတယ်။ အဲဒါကို တိုင်းကြည့်။ အထွက် ဗိုးတေ့ခ် ရှိလား။ မရှိရင် အဝင် ဗိုးတေ့ခ် ရှိသလား ဆိုတာပါ တိုင်းကြည့်လိုက်။"
သူ ခဏ ငြိမ်သွားပါတယ်။ ပါဝါဆပ်ပလိုင်းကို တိုင်းနေတဲ့ ပုံပါပဲ။ ခဏနေတော့ ပြန်ပြောပါတယ်။
"လေဆာကို သွားတဲ့ ပါဝါ ဆပ်ပလိုင်းမှာ အဝင်ဗိုးတေ့ခ် လည်း မရှိဘူး။ အထွက် ဗိုးတေ့ခ်လည်း မရှိဘူး။"
"ဒါဆိုရင် မိန်းလိုင်းက လာတဲ့ ဖြူးစ်ပြတ်တာလည်း ဖြစ်နိုင်တယ်။ ဒါနဲ့ နေပါဦး စက်က ပါဝါရော ဖွင့်ထားရဲ့လား။"
"ဖွင့်ထားပါတယ်ကွ။ ကွန်ပျူတာတောင် လာနေသေးတာပဲ။"
"အဲဒါဆိုရင် စက်အောက်ကို ငုံ့ကြည့်လိုက်။ အဲဒီမှာ ပလပ်ပေါက်တွေ ရှိတယ်။ လေဆာကို ဝင်တဲ့ ကြိုးက ပလပ်ကို ဖြုတ်ပြီး ပလပ်ထဲက ဖြူးစ်ကို စစ်ကြည့်ကောင်းသေးလားလို့။"
"ဘယ်က ပလပ်ပေါက်လဲကွ။"
"စက်အောက်မှာလေ။"
သူက စက်အောက် ငုံ့ကြည့်ပါတယ်။ ပြီးတော့ ပြန်မေးပါတယ်။
"ဘယ်ဟာက လေဆာ ပလပ်ပေါက်လဲကွ။"
"အဲဒီပေါ်မှာ လေဘယ်လ် ကပ်ထားတယ်လေ လေဆာ လို့။"
"နေဦး ကြည့်လိုက်ဦးမယ်။" ဆိုပြီး ကြည့်ပါတယ်။ ခဏနေတော့
"ဆောရီးပဲကွာ။ မင်းတို့ကို ဒုက္ခပေးရတာ။ အခု ငါဘာဖြစ်တာလဲ သိသွားပြီ။"
"ဟုတ်လား။ ဘာဖြစ်တာလဲ။"
"ခုန ငါ အဲဒီ ပလပ်ပေါက်ကို ဘာမှန်း မသိလို့ ဖြုတ်ပြီး ငါ့ဟင်းန်ဖုန်း အားသွင်းလိုက်တာ။ အခုမှပဲ အဲဒါ လေဆာကို သွားတဲ့ ပလပ်ပေါက်မှန်း သိတယ်။ ဆောရီး။"
"တိန်"

တစ်ခါတလေ တော့လည်း ကိုယ့်ကို support လုပ်တဲ့သူက အူကြောင်ကြောင် လုပ်သွားတာလည်း ခံရဖူးပါတယ်။ ကျွန်တော် စင်ကာပူမှာ ဥရောပကနေ လာဖွင့်တဲ့ စက်ရုံတစ်ရုံမှာ ကုမ္ပဏီက လွှတ်လို့ ကန်ထရိုက်နဲ့ ပရိုဂရမ်မာ လုပ်နေတဲ့ အချိန်ကပါ။ သူတို့ ဆီက ဆော့ဖ်ဝဲလ်က Web-based လို့ခေါ်တဲ့ Webpage လို ပုံစံမျိုးတွေ ရေးထားတာပါ။ အဲဒီ Webpage တွေကို ကြည့်ဖို့ Windows Mobile တာမင်နယ်ကနေ ကြည့်ရပါတယ်။ Windows Mobile ပေါ်မှာ Webpage ကို ကြည့်တဲ့ Browser ကလည်း Internet Explorer တွေ FireFox တွေ မဟုတ်ပါဘူး။ သူတို့ ဘာသာ သူတို့ ရေးထားတဲ့ Browser ပါ။

တစ်နေ့တော့ ဆော့ဖ်ဝဲလ်ကို စမ်းရင်း ပြသနာ တစ်ခု တွေ့ပါတယ်။  အဲဒါကတော့ တကယ်မရှိတဲ့ လင့်ခ် တစ်ခုကို ကလစ်နှိပ်လိုက်ရင် Error တက်ပြီး Browser တစ်ခုလုံး Crash ဖြစ်သွားတာပါ။ ကျွန်တော် အဲဒီပြသနာကို အမျိုးစုံ လှည့်ပတ်ပြီး စမ်းကြည့်ပါတယ်။ နောက်ဆုံး ကောက်ချက်ချလို့ ရတာကတော့ ပြသနာက Windows Mobile ပေါ်မှာပဲ ဖြစ်တယ် ဆိုတာပါပဲ။ ကျွန်တော် သူတို့ရဲ့ Browser အတွက် ရေးထားတဲ့ ကုတ်ဒ်ကို ကြိုးစားပြီး ပြင်ကြည့်ပါတယ်။ Error တက်ရင် တက်လာတဲ့ Error ကို ဖမ်းဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ မမိပါဘူး။ Browser က Crash ဖြစ်တာပါပဲ။ နောက်ဆုံး ကျွန်တော် Windows Message Loop ထဲအထိ ဝင်ပြီး Error ကို ဖမ်းဖို့ ကြိုးစားပါတယ်။ ဒါလည်း မအောင်မြင်ပါဘူး။

Team Lead ကို မေးတော့လည်း Team Lead က ဝါးတားတားပါ။ သူက ဆော့ဖ်ဝဲလ်ထဲက လောဂျစ်တွေကို ကောင်းကောင်း နားလည်ပေမယ့် နည်းပညာပိုင်း ဆိုရင် သိပ်မသိပါဘူး။ ဒါပေမယ့် သူက ကျွန်တော့်ကို ကူညီဖို့ ကြိုးစားပါတယ်။
"ဒီလိုလုပ်ကွာ။ မင်းပြသနာကို ဘယ်လို ပြန်ခေါ်ရတယ် ဆိုတာ တစ်ဆင့်ချင်း သေသေချာချာ မှတ်ထားလိုက်။ ပြီးရင် မင်းနဲ့ငါနဲ့ ဥရောပက ဆော့ဖ်ဝဲလ် အာခီတက် ဆီ ဖုန်းခေါ်ကြမယ်။"

နောက်တော့ သူနဲ့ ကျွန်တော်နဲ့ ဥရောပက အာခီတက်ဆီကို ဖုန်းခေါ်ကြပါတယ်။ ကျွန်တော့် ကွန်ပျူတာကို အွန်လိုင်းကနေ Share လုပ်ပြီး သူ့ကို ပြပါတယ်။ သူက ကြည့်ပြီးတော့ ကျွန်တော်က သူ့ကို ဘယ်လို ဖြေရှင်းဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး ဆိုတဲ့ အကြောင်းပါ ရှင်းပြပါတယ်။ သူက ဟိုကြည့်ဒီကြည့် ကြည့်ပြီးတော့ စကားတစ်ခွန်း ပြန်ပြောပါတယ်။ မှတ်သားလောက်စရာပါပဲ။
"အေးကွာ။ ဘယ်လိုရှင်းရမလဲ ဆိုတာ ငါတို့ Google ထဲမှာ ရှာကြည့်ကြတာပေါ့။"
"!@#$%^&*"

Google ထဲမှာ ရှာတာတော့ သူပြောမှလား။ ဘယ်ပရိုဂရမ်မာ မဆို ရှင်းမရရင် Google ကို အရင်ဆုံး အားကိုးကြတာပဲ မဟုတ်ဘူးလား။ အခု မေးတယ် ဆိုမှတော့ Google ထဲမှာ မတွေ့လို့ပေါ့။ အဲဒီလို အူကြောင်ကြောင် support များနဲ့လည်း ကြုံခဲ့ဖူးပါတယ်။

Thursday, October 14, 2010

ဘဝထဲက သီချင်းများ

ဘဝ အစိတ်အပိုင်း တစ်ချို့မှာ အမြဲ ကြားဖူးနေခဲ့တဲ့ သီချင်းသံတွေ ကြားမိရင် အဲဒီအချိန်က ကိုယ်ဖြတ်သန်းခဲ့ဖူးတဲ့ ဘဝ ကို ပြန်ပြောင်း အမှတ်ရမိတတ် ပါတယ်။ ကျောင်းသား ဘဝတုန်းက ဆိုခဲ့ပျော်ခဲ့ဖူးတဲ့ သီချင်းတွေ ရှိသလို အချိန်ပိုင်း အလုပ်သမား လုပ်နေတဲ့ အချိန်တုန်းက တနေကုန် မကြားချင်မှ အဆုံး ကြားနေရတဲ့ သီချင်းတွေလည်း ရှိခဲ့ဖူး ပါတယ်။

ထံတျာတေရှင်တို့လို မြန်မာသီချင်းကြီးတွေ ကြားမိရင် ပတ္တလား တတုံတုံနဲ့ ဆရာက အတန်းရှေ့က တီးပြီး နောက်က ကျောင်းသားတွေ အကုန် လိုက်ဆိုကြတဲ့ အထက်တန်း ကျောင်းသားဘဝကို သတိရမိ တတ်ပါတယ်။ အဲဒီတုန်းက အချိန်ကို ပြန်စဉ်းစားရင်း ရယ်စရာ အဖြစ်တစ်ခု ခေါင်းထဲ ပေါ်လာပါတယ်။ အထက်တန်းမှာ ကျွန်တော်တို့ ဂီတဆရာ နာမည်က  ဦးစိုးပီပါ။ တစ်နေ့တော့ သူ ပတ္တလား တီးနေတုန်း သူ့ရဲ့ တူနယ့်တယ် တူနယ့်တယ် ဆိုတဲ့ အလိုက်ကို ကျောင်းသားတစ်ယောက်က နောက်ကနေ ဗိုလ်စိုးပီ ထမိန်ခိုးသည် ဆိုပြီး သီချင်းလုပ်ဆိုပါတယ်။ ဆရာ ကြားသွားတော့ စိတ်တိုပြီး ပတ္တလားတီးတဲ့ တုတ်နဲ့ ထခေါက်လိုက်တာ နောက်ပြီး ဆိုတဲ့ကောင် ဘုထွက်သွားသလို တခန်းလုံးလည်း ပွဲကျသွားခဲ့ ရပါတယ်။

Westlife ရဲ့ သီချင်းတွေ ကြားရင်တော့ ကိုရီးယား စားသောက်ဆိုင်မှာ စားပွဲထိုးတုန်းက အချိန်ကို ပြန်သတိရတတ် ပါတယ်။ အဲဒီအချိန်က ည ၁၀ နာရီခွဲ ဆိုင်သိမ်းချိန် ရောက်လို့ ကပ်စတန်မာ မပြန်သေးရင် မသိမသာ သီချင်းသံကို တဖြည်းဖြည်း သွားကျယ်ပြီး ပညာရှိနည်းနဲ့ ကပ်စတန်မာကို ဆိုင်ထဲက မောင်းထုတ်တာမျိုး လုပ်တတ်ပါတယ်။ ကျွန်တော်တို့က ဆိုင်မပိတ်မချင်း ပြန်လို့ မရသလို တစ်ဝိုင်းတည်း ကပ်သီးကတ်သတ် ကျန်နေရင်လည်း ၁၀ နာရီခွဲ နောက်ပိုင်း ပိုက်ဆံ မရတာမို့ ကပ်စတန်မာကို အမြန်ဆုံး ပြန်ဖို့ ခေါင်းထဲရှိတဲ့ နည်းမျိုးစုံ သုံးရတာပါ။ နားဆူရင် တော်ရုံတန်ရုံ ကပ်စတန်မာ မခံနိုင်ပါဘူး။ ထွက်ပြေးတာ ပါပဲ။

ပြင်သစ်မုန့်ဖို Delifrance မှာ အချိန်ပိုင်း အလုပ်သမား အနေနဲ့ မုန့်သွားဖုတ် တုန်းကတော့ တနေကုန် တရုတ်သီချင်းသံပဲ ကြားရပါတယ်။ မုန့်ဖိုမှာ ကျွန်တော်ကလွဲရင် ကျန်တဲ့သူ အကုန် တရုတ် လူမျိုးမို့ သူတို့ အချင်းချင်း တရုတ်လိုပဲ ပြောကြသလို မိုးလင်းက မိုးချုပ် တရုတ်သီချင်းပဲ ဖွင့်တတ် ပါတယ်။ စင်ကာပူမှာ ကျိုဆန်းဆန်း လို့ တရုတ်လို ခေါ်တဲ့ 93.3 FM တရုတ် ရေဒီယိုကို အဲဒီမှာ တနေကုန် ဖွင့်ထားတတ်တာပါ။ Delifrance မှာ ၂ ပတ်လောက် အလုပ်လုပ်ပြီးတော့ တရုတ်သီချင်း အတော်များများ နားထဲ စွဲသွားပါတယ်။

တရုတ်သီချင်းများကလည်း မြန်မာနဲ့ မစိမ်းလှပါဘူး။ ဝိုင်ဝိုင်း မြန်မာလို ပြန်ဆိုပြီးသား များတာမို့ သီချင်း သံစဉ်တွေက နားယဉ် နေပါတယ်။ F4 ရဲ့ Meteor Rain ကို ကြားရင် စည်းသီချင်းကို သတိရသလို Wu Bai ရဲ့ သီချင်းတစ်ပုဒ် ကို ကြားရင် အချစ်မဲ့နိဂုံးကို သတိရတတ် ပါတယ်။ မြန်မာသီချင်းကြားနေကျ တရုတ်လို ကြားရတာ သိပ်မကွာလှပေမယ့် တရုတ်လို ကြားနေကျ သီချင်းကို မြန်မာလို ပြန်ကြားရတာတော့ နားထဲမှာ အတော် ကန့်လန့် ဖြစ်နေပါတယ်။

မလေးရှားက တရုတ်အဆိုတော် Guang Liang ရဲ့ Tong Hua သီချင်း နာမည်ကြီးလာတော့ စင်ကာပူမှာ နေရာတကာ အဲဒီသီချင်း ဖွင့်နေကြပါတယ်။ သီချင်းက နားထောင်ကောင်းတာမို့ အတော်လေး ကြိုက်မိသလို နားထဲလည်း အတော် စွဲသွားပါတယ်။ Guang Liang လည်း အဲဒီ တစ်ပုဒ်တည်းနဲ့ပဲ ကမ္ဘာကျော် တရုတ် အဆိုတော် ဖြစ်သွားပါတယ်။ တရုတ်သီချင်း အဲဒီလောက် နားထဲစွဲနေတော့ အဲဒီသီချင်းကို အာဇာနည်က ကိုယ့်အနားရှိစေချင် ဆိုပြီး ပြန်ဆိုတော့ အချိန် အတော်ကြာတဲ့ အထိ ခံစားလို့ မရတော့ပါဘူး။

တရုတ်သီချင်း အကြောင်း ပြောရင်း တရုတ်သီချင်းနဲ့ ပတ်သက်ပြီး ချောက်ကျခဲ့ဖူးတဲ့ ရယ်စရာ အဖြစ်တစ်ခုကို ပြန်ပြောပြ ချင်ပါတယ်။ ကျွန်တော်တို့ စင်ကာပူ ရောက်ခါစတုန်းကပါ။ အဲဒီ အချိန်က ကက်ဆက်ခွေ ခေတ်မကုန်သေးပါဘူး။ အင်တာနက်မှာ မြန်မာသီချင်းတွေကလည်း အခုလောက် မပေါသေးတော့ ကိုယ်နားထောင်ချင်တဲ့ မြန်မာသီချင်းကို ရန်ကုန်က ကက်ဆက်ခွေ ယူလာပြီး ကက်ဆက်ဖွင့် နားထောင် ဖြစ်ကြတာ များပါတယ်။

ဒီလိုနဲ့ တစ်နေ့တော့ သူငယ်ချင်း တစ်ယောက်က အပြင်က ပြန်လာရင်း လှေခါးမှာ တခြားသူ တစ်ယောက် လွှင့်ပစ်ထားတဲ့ ကက်ဆက်ခွေလေး တစ်ခွေ တွေ့လို့ ကောက်လာပါတယ်။ အိမ်ပြန်ရောက်တော့ ကက်ဆက်ထဲထည့် ဖွင့်ကြည့်တော့ ကက်ဆက်ကနေ တရုတ်သီချင်းနဲ့ တီးလုံး ငြိမ့်ငြိမ့်ကလေးတွေ ထွက်လာပါတယ်။ သီချင်းက ပုံမှန် သီချင်းနဲ့ မတူပဲ ဘုရားစာ ရွတ်နေတာနဲ့ ပိုတူပါတယ်။ ဒါပေမယ့်လည်း တီးလုံးနဲ့တွဲတော့ နားထောင်လို့တော့ အတော် ကောင်းပါတယ်။ အားလုံးက မဆိုးဘူးဟ ဆိုပြီး ဝိုင်းမှတ်ချက် ပေးကြပြီး နောက်တော့ အဲဒီအခွေကို အိမ်မှာ မကြာခဏ စိတ်ကူးတည့်ရင် တည့်သလို ဖွင့်နားထောင် ဖြစ်ပါတယ်။

ဘေးအိမ်က တရုတ်မများကတော့ အိမ်ဘေးက ဖြတ်သွားတုန်း တရုတ် သီချင်းသံကြားတော့ အိမ်ထဲကို မျက်လုံးပြူးပြီး ကြည့်ကြပါတယ်။ ကျွန်တော်တို့ကလည်း ငါတို့ မြန်မာတွေ တရုတ်တီးလုံး ဖွင့်နေတာကြားလို့ တရုတ်မတွေတော့ အံ့သြနေကြပြီ ထင်တယ်လို့ အချင်းချင်း ပြောပြီး ရယ်ဖြစ်ကြပါတယ်။ ဒီလိုနဲ့ နောက်နှစ် အိမ်ပြောင်းလာပြီးတော့ ကက်ဆက်ခွေလည်း ဘယ်ရောက်သွားမှန်း မသိသလို အဲဒီ တရုတ်သီချင်းခွေ ကိုလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါတယ်။ ဒါပေမယ့် နောက်တစ်ခါ အဲဒီတီးလုံး ပြန်ကြားရတဲ့ အချိန်မှာတော့ မျက်လုံးပြူးရတာက ကျွန်တော်တို့ပါ။ ကျွန်တော်တို့ ကျောင်းက မြန်မာကျောင်းသားတစ်ယောက် မတော်တဆ သေဆုံးသွားတဲ့ အတွက် အသုဘ လိုက်ပို့ရင်း အသုဘမှာ ဒီတီးလုံးကို ထပ်ခါတလဲလဲ ဖွင့်နေတာ ကြားမှ ကျွန်တော်တို့ အိမ်မှာ အမြဲ ဖွင့်ခဲ့တဲ့ သီချင်းဟာ တရုတ် အသုဘ သီချင်းမှန်း သိလိုက်ရပါတယ်။ အဲဒီတော့မှပဲ ဘေးအိမ်က တရုတ်မတွေ မျက်လုံးပြူးရတဲ့ အကြောင်းက မြန်မာတွေ တရုတ်သီချင်းဖွင့်လို့ မဟုတ်ပဲ အိမ်ထဲမှာ အသုဘ သီချင်းခွေကို ဖွင့်နားထောင်ပြီး ငြိမ့်နေကြလို့ ဖြစ်တယ် ဆိုတာ သဘောပေါက်လိုက် ရပါတော့တယ်။

Sunday, October 10, 2010

ယောက်ျားဆိုတာ အတွင်းစိတ်ကို သိနိုင်တဲ့သူ မဟုတ်ဘူး

မိန်းကလေးတွေ ဘက်က သူတို့နဲ့ ဆက်ဆံတဲ့ အခါမှာ ဘယ်ဟာ လုပ်ရမယ် ဘယ်ဟာတော့ဖြင့် မလုပ်ရဘူး ဆိုတဲ့ စည်းမျဉ်းစည်းကမ်း တွေကိုပဲ ကျွန်တော်တို့ အမြဲ ကြားနေရတယ်။ ဒီတစ်ခါ ကတော့ ယောက်ျားလေး တွေရဲ့ အမြင်တွေပါ။ ဒါက ယောက်ျားလေး တစ်ယောက်နဲ့ ဆက်ဆံတဲ့ အခါမှာ ဘယ်ဟာလုပ်ရမယ် ဘယ်ဟာ မလုပ်ရဘူး ဆိုတာ မိန်းကလေးတွေ သိထားသင့်တဲ့ အချက်တွေပါ။

(၁) ယောက်ျားလေးတွေ ဆိုတာ တခြားသူရဲ့ အတွင်းစိတ်ကို လိုက်ဖတ်နိုင်တဲ့သူတွေ မဟုတ်ဘူး။

(၂) အိမ်သာခွက် အဖုံးကို ငါထားခဲ့တဲ့ ပုံစံအတိုင်း မကြိုက်ရင် ကိုယ့်ဘာသာကိုယ် ထလုပ်လိုက်ပါ။ မင်းငယ်တော့တဲ့ အရွယ်လည်း မဟုတ်ဘူး။ အပေါ်တင်ထားတာ မကြိုက်ရင် ကိုယ့်ဘာသာကိုယ် အောက်ပြန်ချလိုက်ပေါ့။ ငါက အပေါ်တင်ထားတယ်။ မင်းက အောက်ချ စေချင်တယ်။ မင်းဘာသာမင်း အိမ်သာခွက်အဖုံးကို အပေါ်တင်ထားထား အောက်ပဲချထားထား ငါ မကျေမနပ်နဲ့ ပြောတာ ဘယ်နှစ်ခါများ မင်းကြားဖူးလို့လဲ။

(၃) တနင်္ဂနွေမှာ အားကစား လုပ်တယ် ဆိုတာ ငါ့အတွက် လပြည့်သလို ရေတက်သလို အမြဲဖြစ်တတ်တဲ့ အလုပ်တစ်ခုပဲ။ ဘာမှ လာပြော မနေနဲ့။

(၄) ရှော့ပင်းထွက်တာ အားကစား လုပ်သလို အမြဲလုပ်ရတဲ့ အလုပ်မဟုတ်ဘူး။ ငါတို့ ဘယ်တော့မှ အဲဒီလိုတွေးမှာ မဟုတ်ဘူး။

(၅) ငိုတယ်ဆိုတာ ခြိမ်းခြောက်ခြင်း တစ်မျိုးပဲ။

(၆) မင်းလိုချင်တာကို တောင်းပါ။ ဒီတစ်ခုကို ရှင်းရှင်းလင်းလင်းပဲပြောမယ်။ နည်းနည်းလေး အရိပ်အမြွက် ပြောတာလည်း အသုံးမဝင်မှာ မဟုတ်ဘူး။ အများကြီး အရိပ်အခြေ ပြလည်း အသုံးဝင်မှာ မဟုတ်ဘူး။ ရှင်းရှင်းလင်းလင်း အရိပ်အယောင် ပြလည်း အသုံးဝင်မှာ မဟုတ်ဘူး။ ပါးစပ်ကပဲ ပြောစမ်းပါ။

(၇)
ငါ့အတွက်တော့ Yes နဲ့ No ဆိုတာ  မေးခွန်းတိုင်းအတွက် လုံးဝပြည့်စုံ လုံလောက်တဲ့ အဖြေပဲ။

(၈) ငါမင်းကို ကူညီဖြေရှင်း ပေးစေချင်တဲ့ ပြသနာမျိုးကိုပဲ ငါ့ဆီကို ယူလာခဲ့ပါ။ ငါကတော့ ပြသနာ ဆိုရင် ရှင်းပေးရမယ် ဆိုတာပဲ သိတယ်။ သနားတာ ခံချင်ရင် မင်းရဲ့ မိန်းကလေး သူငယ်ချင်းတွေကိုပဲ ပြောပြလိုက်ပါ။

(၉) မင်း ၁၇ လလောက် ခေါင်းကိုက်နေတယ် ဆိုရင်တော့ ပြသနာ အကြီးအကျယ် ဖြစ်နေပြီ။ ဆရာဝန်နဲ့ သွားတွေ့လိုက်ပါ။

(၁၀) လွန်ခဲ့တဲ့ ၆ လလောက်က ငါပြောခဲ့ဖူးတဲ့ ဘယ်အကြောင်းပဲ ဖြစ်ဖြစ် စကားများတဲ့ နေရာမှာ ပြန်သုံးဖို့ မစဉ်းစားနဲ့။ တကယ်တော့ ၇ ရက်ကျော်ရင် ငါတို့ ပေးခဲ့တဲ့ မှတ်ချက် အားလုံးဟာ အကျုံးမဝင်တော့ဘူး။

(၁၁) မင်းကိုယ်တိုင်က Victoria’s Secret အတွင်းခံ ကြော်ငြာတဲ့ မိန်းကလေးလို ဝတ်မထားပဲနဲ့ ငါ့ကိုလည်း ဇာတ်လမ်းထဲက မင်းသားတွေ သရုပ်ဆောင်သလို လုပ်ပြလိမ့်မယ်လို့ မမျှော်လင်ပါနဲ့။

(၁၂) မင်းကိုယ်မင်း ဝနေတယ်လို့ ထင်ရင် မင်းတကယ် ဝနေလို့ပါ။ ငါ့ကို လာမေးနေလည်း မထူးဘူး။

(၁၃) ငါ ပြောလိုက်တဲ့ အကြောင်းအရာ တစ်ခုခုကို အဓိပ္ပာယ် ၂ မျိုး ပြန်လို့ရပြီး အဲဒီအထဲက အဓိပ္ပာယ်တစ်မျိုးဟာ မင်းကို ဝမ်းနည်းစေတယ် ဒေါသဖြစ်စေတယ် ဆိုရင် ငါ ဆိုလိုချင်တာက တခြားအဓိပ္ပာယ် တစ်ခုပါ။

(၁၄) မင်းအနေနဲ့ ငါ့ကို တစ်ခုခု လုပ်ဖို့ ပြောရင်ပြော ဒါမှမဟုတ်ရင် မင်းဘယ်လို ဖြစ်စေချင်တာလဲ ပြော။ ၂ ခုစလုံးတော့ မပြောနဲ့။ မင်းအနေနဲ့ အကောင်းဆုံး ဘယ်လိုလုပ်ရမလဲ ဆိုတာ သိနေရင် ကိုယ့်ဘာသာကိုယ်ပဲ ထလုပ်လိုက်ပါ။

(၁၅)ဖြစ်နိုင်မယ်ဆိုရင် မင်းပြောချင်တဲ့ အကြောင်းအရာကို ကြော်ငြာ လာနေတဲ့ အချိန်မှာပဲ ပြောပါ။

(၁၆) ခရစ်စတိုဖာ ကိုလံဘတ် အတွက် လမ်းပြ မလိုဘူး။ ငါ့အတွက်လည်း အဲဒီအတိုင်းပဲ။

(၁၇) ယောက်ျားလေးတွေ အားလုံးက အရောင် (၁၆) မျိုးပဲ မြင်တတ်တယ်။ Windows default settings လိုမျိုးပေါ့။ Peach ဆိုတာ စားလို့ ရတဲ့ အသီးပဲ။ Pumpkin ဆိုတာလည်း အသီးပဲ။ mauve ဆိုတာ ဘာအရောင်လည်း ငါ့ကို လာမမေးနဲ့။ မသိဘူး။

(၁၈) ယားနေရင်တော့ ကုတ်မှာပဲ။ ဒါ ငါ လုပ်နေကျ အလုပ်ပဲ။

(၁၉)အကယ်၍ ငါက မင်းကို "ဘာဖြစ်နေတာလဲ။" မေးလို့ "ဘာမှ မဖြစ်ပါဘူး။" လို့ ပြန်ဖြေရင် ငါကတော့ ဘာမှ မဖြစ်ဘူး ပုံမှန်အတိုင်း ရှိနေသလို ဆက်နေနေမှာပဲ။ မင်း လိမ်နေတာ မသိလို့ မဟုတ်ဘူး။ သိတယ်။ ဒါပေမယ့် ဆက်မေးဖို့ အတွက် အချိန်မဖြုန်း နိုင်ဘူး။

(၂၀)မင်းအဖြေမလိုချင်တဲ့ မေးခွန်းတစ်ခု ငါ့ကို မေးတော့မယ် ဆိုရင် မင်းမကြားချင်တဲ့ အဖြေတစ်ခု အတွက် ပြင်ဆင်ထားပါ။

(၂၁) ငါတို့ တစ်နေရာကို သွားတော့မယ် ဆိုရင် မင်းဘာပဲဝတ်ထား ဝတ်ထား အဆင်ပြေတယ်။ တကယ်ပြောတာ။

(၂၂) မင်းငါ့ကို ဘာတွေးနေတာလဲ မမေးနဲ့။ ဘေ့စ်ဘော အကြောင်း၊ သေနတ်အကြောင်း နဲ့ ဂေါက်သီးအကြောင်း မင်းဆွေးနွေးဖို့ အသင့်ပြင်ထားတယ် ဆိုရင်တော့ တစ်မျိုးပေါ့။

(၂၃) မင်းမှာ အဝတ်အစားတွေ အလုံအလောက် ရှိနေပြီ။

(၂၄) မင်းမှာ ဖိနပ်တွေ အလုံအလောက် ရှိနေပြီ။

(၂၅) ငါ့ခန္ဓာကိုယ်က ပုံသဏ္ဌန်မှန်ပါတယ်။ ဝတယ် ဆိုတာလည်း ပုံသဏ္ဌန်မှန်ခြင်း တစ်မျိုးပဲလေ။

မူရင်း။ http://jmm.aaa.net.au/articles/16136.htm

မှတ်ချက်။ သင့်ရည်းစား ဒါမှမဟုတ် ခင်ပွန်းဟာ အဲဒီအမျိုးအစားထဲမှာ မပါဘူး ဆိုရင်တော့ ကိုယ့်လက်က လွတ်မသွားအောင် ကောင်းကောင်း ထိန်းထားပါ။ နောက်တစ်ယောက်နောက်ကို အချိန်မရွေး ပါသွားနိုင် ပါတယ်။ :D

Saturday, October 9, 2010

၅ မိနစ် စီမံခန့်ခွဲမှု သင်ခန်းစာ

သင်ခန်းစာ(၁)
အိမ်တံခါး ခေါင်းလောင်းသံ ထွက်လာတဲ့ အချိန်မှာ မိန်းမဖြစ်သူက ရေချိုးခန်းထဲက ထွက်လာတဲ့ အချိန်ဖြစ်ပြီး ယောက်ျားဖြစ်သူကတော့ ရေချိုးခန်းထဲ ဝင်သွားတဲ့ အချိန် ဖြစ်ပါတယ်။ မိန်းမက သူမကိုယ်ကို မျက်နှာသုတ် ပုဝါနဲ့ ပတ်ပြီး အောက်ထပ်ကို ပြေးဆင်းသွားပါတယ်။ သူမ တံခါးကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ ဘေးအိမ်မှာနေတဲ့ အိမ်နီးချင်း ဘော့ပ် တံခါးဝမှာ ရပ်နေတာကို တွေ့ရပါတယ်။

သူမ ဘာမှ မပြောရသေးခင်မှာပဲ ဘော့ပ်က စပြောပါတယ်။
"မင်းမျက်နှာသုတ်ပုဝါ ကို ဖြုတ်ချလိုက်ရင် ငါမင်းကို ဒေါ်လာ ၈၀၀ ပေးမယ်။"

ခဏ စဉ်းစားပြီးတော့ သူမ မျက်နှာသုတ်ပုဝါကို ဖြုတ်ချပြီး ဘော့ပ်ရှေ့မှာ အဝတ်မပါပဲ ရပ်နေလိုက်ပါတယ်။ စက္ကန့် အနည်းငယ် ကြာတော့ ဘော့ပ်က သူမကို ဒေါ်လာ ၈၀၀ ပေးပြီး လှည့်ထွက်သွားပါတယ်။ မိန်းမကလည်း သူမရဲ့ မျက်နှာသုတ် ပုဝါကို ပြန်ပတ်ပြီး အပေါ်ထပ်ကို ပြန်တက် လာခဲ့ပါတယ်။

သူမ ရေချိုးခန်း ရှေ့ကို ပြန်ရောက်တဲ့ အချိန်မှာတော့ သူမယောက်ျားက မေးပါတယ်။
"ခုန လာတာ ဘယ်သူလဲ။"
"ဘေးအိမ်က ဘော့ပ်လေ။" လို့ သူမက ပြန်ဖြေပါတယ်။
"ကောင်းတယ်။ သူငါ့ကို ပေးစရာ ရှိတဲ့ အကြွေး ဒေါ်လာ ၈၀၀ အကြောင်း ဘာပြောသွားသေးသလဲ။" လို့ သူမ ယောက်ျားက ပြန်မေးပါတယ်။

ပုံပြင်မှ ပေးသော သင်ခန်းစာ
အကယ်၍ သင်ဟာ သင်နဲ့ အကျိုးတူ လုပ်ကိုင်သူကို အကြွေး အရဲစွန့်မှု စတာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အချိန်မီ ဝေမျှထားခဲ့မယ်ဆိုရင် သင့်အတွက် မလိုလားအပ်တဲ့ ဖော်ထုတ် ပြသမှုတွေကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။

သင်ခန်းစာ (၂)
ခရစ်ယာန် ဘုန်းကြီးတစ်ပါးဟာ သီလရှင် စစ်စတာ တစ်ယောက်ကို ကားကြုံတင်ခေါ်လာပါတယ်။ သီလရှင်က ကားထဲကို ဝင်ပြီးတဲ့နောက်မှာ ခြေထောက်ကို ချိတ်ထိုင်လိုက်တာကြောင့် သူမရဲ့ ဝတ်ရုံဟာ အောက်ကို လျှောကျသွားပြီး သူမရဲ့ ပေါင်တံ ပေါ်သွားပါတယ်။ ဖာသာလည်း ကားမောင်းရင်း တိုက်မိတော့ မလို ဖြစ်သွားပါတော့တယ်။

ကားကို ပြန်ထိန်းပြီးတဲ့ နောက်မှာတော့ သူဟာ ခိုးကြောင်ခိုးဝှက်နဲ့ သူ့ရဲ့ လက်ကို သူမ ပေါင်ပေါ်ကို လှမ်းတင်လိုက် ပါတယ်။ အဲဒီအချိန်မှာ သီလရှင်က ပြန်ပြောပါတယ်။
"ဖာသာ။ ဆာလမ် ၁၂၉ ကို သတိရပါ။"

ဖာသာက လက်ကို ပြန်ဖယ်လိုက် ပါတယ်။ ဒါပေမယ့် ဂီယာပြောင်းတဲ့ အခါမှာတော့ သူ့ရဲ့ လက်ကို သူမ ပေါင်ပေါ်ကို နောက်တစ်ခါ ပြန်တင်လိုက် ပြန်ပါတယ်။ သီလရှင်က နောက်တစ်ခေါက် ထပ်ပြောပါတယ်။
"ဖာသာ။ ဆာလမ် ၁၂၉ ကို သတိရပါ။"

ဖာသာက တောင်းပန်လိုက်ပါတယ်။
"ဆောရီးပဲ စစ်စတာ။ ကျုပ်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲလေ။"

ကွန်ဗင့်ကျောင်းကို ရောက်တဲ့အခါမှာတော့ သီလရှင်က သက်ပြင်းမော တစ်ချက်ကို ချပြီး သူမလမ်းကို သူမ ဆက်သွား ပါတော့တယ်။ ဘုရားကျောင်းကို ပြန်ရောက်တဲ့ အခါ ဖာသာဟာ အလျှင်အမြန်ပြေးပြီး  ဆာလမ် ၁၂၉ ကို ဖတ်ကြည့်တော့ အခုလို တွေ့ရပါတယ်။
"ရှေ့ဆက်ပြီး ရှာဖွေပါ။ အပေါ်ကို ထပ်သွားရင် ကျက်သရေနဲ့ ပြည့်စုံတဲ့ အရာကို တွေ့မယ်။"

ပုံပြင်မှပေးသော သင်ခန်းစာ
သင်ဟာ သင်ရဲ့ အလုပ်ကို ကောင်းစွာ နားလည် တတ်ကျွမ်းမှု မရှိပါက အခွင့်အလမ်းကောင်းကို လက်လွတ် ဆုံးရှုံး ရပါလိမ့်မယ်။

သင်ခန်းစာ(၃)
အရောင်းကိုယ်စားလှယ်၊ စာရေးမနဲ့ မန်နေဂျာတို့ဟာ နေ့လည်စာစားဖို့ လမ်းလျှောက်လာရင်း ရေနံဆီမီးအိမ် အဟောင်းတစ်လုံးကို လမ်းမှာ တွေ့ရပါတယ်။ သူတို့က မီးအိမ်ကို ပွတ်တိုက်လိုက်တဲ့ အခါမှာတော့ ဂျင်နီ ရုတ်တရက် ပေါ်ထွက်လာပါတယ်။
"သင်တို့ကို အလိုရှိတဲ့ ဆန္ဒတစ်ခုစီ ပြည့်စေရမယ်။" လို့ ဂျင်နီက သူတို့ကို ပြောပါတယ်။

"ငါအရင်ပြောမယ်။ ငါအရင်ပြောမယ်။" လို့ စာရေးမက စပြောပါတယ်။
"ငါ ဘဟားမားကျွန်းစုကို ရောက်ချင်တယ်။ စပိဘုတ်ကို မောင်းပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ရတဲ့ ဘဝနဲ့ နေချင်တယ်။"
"ပြည့်စေ"လို့ ဂျင်နီက ပြောလိုက်တဲ့ အခါမှာတော့ သူမ ပျောက်ကွယ်သွားပါတယ်။

နောက်တော့ "ငါ့အလှည့်။ ငါ့အလှည့်။" လို့ အရောင်းကိုယ်စားလှယ်က ပြောပါတယ်။
"ငါ ဟာဝိုင်အီကို ရောက်ချင်တယ်။ ကမ်းခြေမှာ အပန်းဖြေရင်း ကိုယ်ပိုင် အနှိပ်သည်နဲ့ မကုန်နိုင် မခမ်းနိုင်တဲ့ ပင်နာ ကိုလာဒါ ကော့တေး တွေနဲ့ ငါ့ချစ်သူနဲ့ နေချင်တယ်။"
"ပြည့်စေ"လို့ ဂျင်နီက ပြောလိုက်တဲ့ အခါမှာတော့ သူလည်း ပျောက်ကွယ်သွားပြန် ပါတယ်။

ဒီတစ်ခါတော့ "ကောင်းပြီ။ ရှင့်အလှည့်။" လို့ ဂျင်နီက မန်နေဂျာကို ပြောပါတယ်။
မန်နေဂျာက ပြောလိုက်တာက ဒီလိုပါ။
"ငါသူတို့ နှစ်ယောက်ကို ထမင်းစားချိန် ပြီးရင် ရုံးမှာ ပြန်တွေ့ချင်တယ်။"

ပုံပြင်မှ ပေးသော သင်ခန်းစာ
သင့်ရဲ့ ဘော့စ်ကို အရင် ပြောပါစေ။

သင်ခန်းစာ(၄)
လင်းယုန်ငှက် တစ်ကောင်ဟာ သစ်ပင်ပေါ်မှာ ဘာမှ မလုပ်ပဲ ထိုင်နေပါတယ်။  ယုန်ငယ်တစ်ကောင်က လင်းယုန်ကို တွေ့တော့ လှမ်းမေးလိုက်ပါတယ်။
"ငါလည်း မင်းလို ဘာမှမလုပ်ပဲ ထိုင်နေလို့ မရဘူးလား။"
"ရရမှာပေါ့။ ဘာလို့ မရရ မှာလဲ။" လို့ လင်းယုန်ငှက်က ပြန်ဖြေပါတယ်။

အဲဒီအခါမှာတော့ ယုန်ဟာ သစ်ပင်အောက်က မြေကြီးမှာ ဘာမှမလုပ်ပဲ အနားယူနေ ပါတယ်။
အဲဒီအချိန် ရုတ်တရက် မြေခွေးတစ်ကောင် ပေါ်ထွက်လာပြီးတော့ ယုန်ငယ် အပေါ်မှာ ခုန်အုပ်ပြီး ကိုက်စားလိုက် ပါတော့တယ်။

ပုံပြင်မှ ပေးသော သင်ခန်းစာ
ဘာမှ မလုပ်ပဲ ထိုင်နေချင်တယ် ဆိုရင် သင့်အနေနဲ့ အလွန့် အလွန်ကို မြင့်တဲ့ တစ်နေရာမှာ ထိုင်နေဖို့ လိုပါတယ်။

သင်ခန်းစာ (၅)
ကြက်ဆင်နဲ့ နွာသိုးတို့ အလ္လာပ သလ္လာပ ပြောနေကြပါတယ်။
"ငါ ဒီသစ်ပင်ရဲ့ ထိပ်ဆုံးကို တက်နိုင်တဲ့သူ ဖြစ်ရင် သိပ်ကောင်းမှာပဲ။ ဒါပေမယ့် ငါ့မှာ ခွန်အား မရှိဘူး။" လို့ ကြက်ဆင်က သက်ပြင်းချရင်း ပြောပါတယ်။
"ကောင်းပြီ။ မင်းငါ့ရဲ့ မစင်ကို မင်းနည်းနည်းစားကြည့်ပါလား။ အဲဒီအထဲမှာ အာဟာရ အပြည့်ပါတယ်ကွ။" လို့ နွားသိုးက ပြန်ပြောပါတယ်။

ကြက်ဆင်က နွားချေး တစ်တုံးကို ထိုးဆိတ် စားသုံးကြည့် ပါတယ်။ မကြာခင်မှာပဲ သူ့အတွက် သစ်ပင်ရဲ့ အနိမ့်ဆုံး အကိုင်းကို ရောက်အောင် တက်နိုင်ဖို့ အားရှိလာတာကို တွေ့ရပါတယ်။ နောက်တစ်နေ့မှာ နွားချေး အနည်းငယ်ကို ထပ်စားပြီးတဲ့ အခါမှာတော့ ဒုတိယ အကိုင်း အထိ တက်နိုင်တာကို တွေ့ရပါတယ်။ နောက်ဆုံး ၄ ရက်မြောက်တဲ့ ညမှာတော့ ကြက်ဆင်ဟာ သစ်ပင်ရဲ့ ထိပ်ဆုံးမှာ ဂုဏ်ယူဝံ့ကြွားစွာ နားနေ နိုင်တာကို တွေ့ရပါတယ်။

လယ်သမား တစ်ယောက်က မကြာခင်မှာ ကြက်ဆင်ကို တွေ့သွားပြီး သူ့ကို သေနတ်နဲ့ ပစ်ချ လိုက်ပါတော့တယ်။

ပုံပြင်မှပေးသော သင်ခန်းစာ
Bull Shit က သင့်အား အထက်သို့ ရောက်စေနိုင်ပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာတော့ ကြာရှည်နေဖို့ ထိန်းသိမ်း ပေးမှာတော့ မဟုတ်ပါဘူး။

သင်ခန်းစာ (၆)
ငှက်ငယ် တစ်ကောင်ဟာ ဆောင်းတွင်းမှာ တောင်ဘက် အရပ်ကို ပြန်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ အလွန် အေးတာကြောင့် ငှက်ငယ်မှာ အေးခဲပြီး ကျယ်ပြန့်သော ကွင်းပြင်ရှိတဲ့ မြေကြီးပေါ်ကို ကျလာခဲ့ ပါတယ်။ သူ ထိုနေရာမှာ လဲလျောင်းနေတဲ့ အချိန်မှာ နွားတစ်ကောင် ရောက်လာပြီး သူ့အပေါ်မှာ မစင်စွန့် သွားပါတယ်။

အေးခဲနေတဲ့ ငှက်ငယ်ဟာ မစင်ပုံထဲမှာ လဲလျောင်းနေရင်း အလွန် နွေးထွေးနေတာကို သတိပြုမိ သွားပါတယ်။ မစင်က သူ့ကို အေးခဲနေရာမှ ပြန်ပြီး ပူနွေးလာစေ ပါတယ်။ သူဟာ ထိုနေရာမှာ နွေးနွေးထွေးထွေးနဲ့ ပျော်လာတာကြောင့် မကြာခင်မှာ ရွှင်မြူးစွာ သီချင်း ဆိုပါတော့တယ်။

ဘေးနားက ဖြတ်သွားတဲ့ ကြောင်တစ်ကောင်က ငှက်ရဲ့ သီချင်းဆိုသံကို ကြားတော့ လာရောက် စူးစမ်း ပါတယ်။
အသံနောက်ကို လိုက်လာရင်း ကြောင်ဟာ ငှက်ငယ်ကို မစင်ပုံအောက်မှာ တွေ့သွားတာကြောင့် တူးဖော်ပြီး ကိုက်စားလိုက် ပါတော့တယ်။

ပုံပြင်မှပေးသော သင်ခန်းစာ
(၁) သင့်အပေါ်ကို Shit လုပ်သူတိုင်းသူဟာ သင့်ရဲ့ ရန်သူ မဟုတ်ပါ။
(၂) သင့်ကို Shit ထဲမှ ဆယ်ထုတ် သူတိုင်းလည်း သင့်ရဲ့ မိတ်ဆွေ မဟုတ်ပါ။
(၃) သင် deep shit အတွင်း ရောက်နေတဲ့ အချိန်မှာ သင့်ပါးစပ်ကို ပိတ်ထားတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ငါးမိနစ် စီမံခန့်ခွဲမှု သင်ခန်းစာ ဤတွင် ပြီး၏။ :P

ဖော်ဝပ်မေးလ် တစ်ခုကို ဘာသာပြန်လိုက်တာပါ။