Search This Blog

Friday, May 13, 2011

ဒတ်ချ်တစ်ယောက်နဲ့ ညနေစာ စကားဝိုင်း

(နောက်ဆုံးတင်ထားတဲ့ ပို့စ် ပျက်သွားလို့ ရီဒါထဲကနေ ပြန်ကူးပြီး တင်လိုက်တာပါ။ )

ကျွန်တော် သဘောအကျဆုံး နိုင်ငံတွေထဲမှာ ဟော်လန်လည်း ပါပါတယ် ။ အရင်တုန်းက အလုပ်ကိစ္စနဲ့ မကြာခဏ ရောက်ဖြစ်လို့ သူတို့ နိုင်ငံ အနေအထားနဲ့ ရင်းနှီးနေတာက တစ်ကြောင်း၊ တချို့သော ဥရောပ နိုင်ငံတွေလို မဟုတ်ဘဲ အင်္ဂလိပ်စကားနဲ့ ပြောဆို ဆက်သွယ်လို့ လွယ်တာက တစ်ကြောင်း၊ ရာသီဥတု က အလွန်အမင်း အေးတာမျိုး မဟုတ်တာက တစ်ကြောင်း စတာတွေကြောင့်ပါ။ မကောင်းတာဆိုလို့ ပြင်သစ်တို့ စပိန်တို့လို့ ကောင်မလေး ချောချောလေးတွေ များများစားစား မတွေ့ရတာပဲ ရှိပါတယ်။ ဟော်လန်တို့ ဂျာမနီတို့က မဒီတွေက ကျွန်တော်တို့ မျက်စိနဲ့ သိပ်ပြီးတော့ ဓာတ်မတည့်ပါဘူး။ :D

ကျွန်တော် အလုပ်ကိစ္စနဲ့ ဟော်လန်ကို ရောက်နေတုန်း အချိန်ကပါ။ စနေနေ့ တစ်နေ့ လုပ်စရာမရှိလို့ ဟိုတယ်မှာ လိမ်ပိန်ပြီး အိပ်နေတုန်း ကျွန်တော်တို့ အေးဂျင့်ရုံးက အရောင်းမန်နေဂျာ တစ်ယောက် ကျွန်တော့်ဆီကို ဖုန်းဆက်လာပါတယ်။ ညနေခင်း အားရင် သူနဲ့ ထမင်းလိုက်စားဖို့ ခေါ်တာပါ။ အမှန်တကယ်တော့ ဒါက လုပ်ငန်းသဘော အရ ထမင်းစား ဖိတ်တာပါပဲ။ သူတို့ စင်ကာပူကို လာရင် ကျွန်တော်တို့က ဧည့်ခံရသလို ကျွန်တော်တို့ သူတို့ဆီ ရောက်တော့လည်း သူတို့က တဖန်ပြန်ပြီး ဧည့်ခံတဲ့ သဘောပါပဲ။ ကျွန်တော့်မှာလည်း ဘာမှ လုပ်စရာ မရှိတာနဲ့ သူထမင်းစား ဖိတ်တာကို လက်ခံလိုက် ပါတယ်။

ဒီလိုနဲ့ ညနေစောင်းတော့ သူကျွန်တော့်ဆီ ရောက်လာပါတယ်။ အဲဒီ အရောင်းမန်နေဂျာက ဟော်လန်ရုံးမှာ ထိုင်တဲ့ ဒတ်ချ်လူမျိုးပါ။ စင်ကာပူရုံးကို အလုပ်ကိစ္စနဲ့ လာတုန်း ကျွန်တော်နဲ့ တစ်ခေါက် ဆုံဖူးပါတယ်။ ထုံးစံအတိုင်း ဟိုင်း ကြပြီးတော့ သူက ကျွန်တော့်ကို ဘာစားမလဲ မေးပါတယ်။ ကျွန်တော်က ဖြစ်နိုင်ရင်တော့ အရှေ့တိုင်း အစားအစာပဲ စားချင်တဲ့ အကြောင်း ပြောတော့ သူက အဲဒါဆိုလည်း ဒီနားမှာ အင်ဒိုနီးရှား စားသောက်ဆိုင် ရှိတယ်။ အဲဒီကိုပဲ သွားရအောင်လို့ ခေါ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော် တည်းတဲ့ ဟိုတယ် အနားမှာ ရှိတဲ့ အင်ဒို ထမင်းဆိုင်ကိုပဲ လမ်းလျှောက်ပြီး ထွက်လာခဲ့ပါတယ်။

အင်ဒို စားသောက်ဆိုင်က ထမင်းကို ဟင်းပွဲအစုံလိုက်နဲ့ တွဲပြီး ရောင်းတာပါ။ ဟင်းပွဲ အသေးလေး ၅ ပွဲ ၆ ပွဲလောက် ပါပါတယ်။ အနည်းဆုံး set က တစ်ယောက်စာကို ၁၈ ယူရိုလောက် ပေးရပါတယ်။ ကျွန်တော်တို့ နှစ်ယောက် ထမင်း မှာထားရင်း အာလူးဖုတ်ကြပါတယ်။ ကျွန်တော်က သူ့ကို ဟော်လန်မှာ အင်ဒို စားသောက်ဆိုင်ရှိတာ အဆန်းပဲလို့ ပြောတော့ သူက သူတို့ဆီမှာ အင်ဒိုနီးရှား လူမျိုး သိန်းနဲ့ ချီပြီ ရှိတဲ့အကြောင်း၊ အင်ဒိုနီးရှားဆိုတာ ဒတ်ချ်တွေရဲ့ ကိုလိုနီ ဖြစ်ဖူးတာကြောင့် အင်ဒိုတွေ များနေတာ မဆန်းတဲ့အကြောင်း ကျွန်တော့်ကို ပြန်ပြောပြပါတယ်။ ကျွန်တော့် ခေါင်းထဲမှာ Anthony Grey ရဲ့ ဆိုင်ဂုံ ဆိုတဲ့ ဝတ္ထုကို သွားပြီး သတိရလိုက်ပါတယ်။ အဲဒီ စာအုပ်ထဲမှာ ဗီယက်နမ်တွေ ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့စဉ်တုန်းက ပြင်သစ်တွေက ဗီယက်နမ်တွေကို လူရှေ့သူရှေ့မရှောင် ရိုက်တတ်တဲ့ အကြောင်းတွေ ပါပါတယ်။ အဲဒါကြောင့် ကျွန်တော်က သူ့ကို အင်္ဂလိပ်နဲ့ ဒတ်ချ်တွေ ကိုလိုနီ လုပ်တာ ပြင်သစ်တွေလောက် မဆိုးဘူး ထင်တယ် ဆိုပြီး ကျွန်တော့် ခေါင်းထဲမှာ ပေါ်လာတဲ့ အတိုင်း ပြောလိုက်ပါတယ်။ အဲဒီလို ပြောတော့ သူက ရယ်ပါတယ်။ နောက်တော့ ငါတို့ ဒတ်ချ်တွေက ပြင်သစ်ထက် ပိုဆိုးတယ်ကွ လို့လည်း ပြန်ပြောပါတယ်။ ဘယ်လို ဆိုးတာလဲ မေးတော့ ငါတို့က ကိုလိုနီ လုပ်တဲ့ နိုင်ငံက လူတွေကို ဖမ်း သင်္ဘောတွေနဲ့ တင်ပြီး ရောက်လေရာ နိုင်ငံမှာ ကျွန်အဖြစ် ရောင်းစားတာ။ အဲဒါကြောင့် အင်ဒိုနီးရှားတွေ ကမ္ဘာအရပ်ရပ်မှာ ပျံ့နေတာ အများကြီးပဲလို့ သူက ပြန်ပြောပါတယ်။

မကြာခင်မှာ ကျွန်တော်တို့ မှာထားတဲ့ ထမင်းနဲ့ ဟင်းရောက်လာပါတယ်။ အမှတ်မထင် သူက ကျွန်တော့်ကို မေးခွန်း တစ်ခု ထမေးပါတယ်။ မင်း ငါး မျက်လုံး ကြိုက်သလား ဆိုပြီးတော့ပါ။ ကျွန်တော် တစ်ခါမှ မစားဖူးဘူး။ ဘာလို့ မေးတာလဲလို့ သူ့ကို ပြန်မေးတော့ တခြားတော့ မဟုတ်ဘူး။ ငါ စင်ကာပူ လာတုန်းက မင်းတို့ရုံးကလူတွေ ငါ့ကို အိန္ဒိယ ဆိုင်တစ်ဆိုင်မှာ ထမင်းလိုက်ကျွေးတယ်။ သူတို့ စပါယ်ရှယ်ဟင်းလို့ ပြောတဲ့ ငါးခေါင်းဟင်းလည်း ပါတယ်။ အဲဒီ ဟင်းပွဲ ရောက်လာတော့ သူတို့က ငါ့ကို ငါးမျက်လုံး စားမလား ဆိုပြီး မေးကြတယ်။ ငါးမျက်လုံးက စားလို့ အလွန်ကောင်းတဲ့ အကြောင်း သူတို့က ပြောကြတယ်။ ငါက ရွံလို့ မစားချင်ဘူး။ သူတို့ကတော့ ငါးမျက်လုံးကို အားရပါးရ စားကြတယ်။ မင်းကလည်း စင်ကာပူက လာတဲ့သူ ဆိုတော့ အခုသတိရသွားလို့ ငါးမျက်လုံး ကြိုက်သလားလို့ မေးတာ လို့ သူက ကျွန်တော့်ကို ပြောပါတယ်။

နောက်တော့ သူက ကျွန်တော်တို့ စင်ကာပူ ရုံးကလူတွေ အကြောင်း ပြောပါတယ်။ မင်းတို့ စင်ကာပူကလူတွေ သိပ်ပြီး ကွန်ပလိန်း များတာပဲ။ ပြောလိုက်ရင် အစိုးရကို မကျေနပ်တဲ့ သူချည်းပဲ။ အစိုးရက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ ငါက  သူတို့ကို ပြောတယ်။ မင်းတို့ အစိုးရကို မကျေနပ်တာရှိရင် ပါလီမန်ရှေ့ ဆန္ဒသွားပြ ကြပေါ့။ ငါတို့သာဆိုရင်တော့ အဲဒီလို လုပ်မှာပဲ လို့။ အဲဒီတော့ သူတို့က ငါ့ကို အဲဒါမျိုး စင်ကာပူမှာ လုပ်လို့ မရဘူးလို့ ပြောတယ်။ အံ့ဩစရာပဲ။ ဒီလောက် တိုးတက်တဲ့ နိုင်ငံမှာ ဒါမျိုးလုပ်လို့ မရဘူး ဆိုတာ။  လို့ သူက ပြောပြပါတယ်။ ကျွန်တော် သူ့စကားကြားတော့ ရယ်ပြီး စင်ကာပူမှာ ဆန္ဒပြတာ တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ အကြောင်း သူ့ကို ရှင်းပြပါတယ်။

ဆန္ဒပြတဲ့ အကြောင်းပြောရင်းကနေ ခဏနေတော့ သူတို့ ရွာအကြောင်းကို ရောက်သွားပါတယ်။ သူတို့ကသာ ရွာလို့ ပြောပေမယ့် ကျွန်တော့် အမြင်မှာတော့ သူတို့ဆီက ရွာက ကျွန်တော်တို့ ဆီက မြို့တွေထက် သားနားပါတယ်။ သူတို့ ရွာတွေမှာ အိမ်ဆောက်ချင်ရင် ရုံးမှာ မြေကွက်ရဖို့ လျှောက်လွှာတင်ရတဲ့ အကြောင်း၊ ရုံးကနေ တန်းစီထားတဲ့ အစီအစဉ်အတိုင်း မြေကွက်ကို ချပေးလေ့ ရှိကြောင်း ပြောပြပါတယ်။ နောက်တော့ သူက ငါတို့ဆီမှာ ဘယ်သူမှ မတရား လုပ်လို့ မရဘူး။ အရင်က ငါတို့ ရွာက အုပ်ချုပ်ရေးမှူးက မြေကွက်လျှောက်လွှာ ကို အလှည့်ကျ ချမပေးဘဲ သူ့ရဲ့ သားနဲ့ သမီးကို အလှည့်ကျော်ပြီး ချပေးတယ်။ အဲဒါကို ရွာထဲက လူတွေ သိသွားတော့ ဝိုင်းပြီး ကန့်ကွက်ကြတာ အုပ်ချုပ်ရေးမှူး ချက်ခြင်း အလုပ်ပြုတ်တာပဲ လို့  ပြောပြပါတယ်။ တော်ရမယ် အမျိုးဆိုတာ သူတို့ဆီမှာတော့ အသုံးဝင်ပုံ မရပါဘူး။

ရွာအကြောင်းက နေ တရားစီရင်ရေး အကြောင်း ရောက်သွားပြန်ပါတယ်။ ကျွန်တော်က သူ့ကို စင်ကာပူမှာရော ကျွန်တော်တို့ မြန်မာနိုင်ငံမှာပါ သေဒဏ် ရှိသေးတဲ့ အကြောင်း ပြောပြပါတယ်။ သူကတော့ ငါတို့ဆီမှာ သေဒဏ်ပေးတာကို ဖျက်သိမ်းလိုက်တာ ကြာပြီလို့ ပြောပါတယ်။ ဘာလို့ သေဒဏ်ပေးတဲ့စနစ်ကို ဖျက်သိမ်းလိုက်ရတာလည်းလို့ ကျွန်တော်သူ့ကို စပ်စုကြည့်မိပါတယ်။ သူကတော့ တရားစီရင်ရေး စနစ်မှာ အတိမ်းအစောင်း ဆိုတာ ရှိနိုင်တာပဲ။ တကယ်လို့ အတိမ်းအစောင်း တစ်ခုခု ဖြစ်သွားပြီး လူတစ်ယောက်ကို မှားပြီး သေဒဏ်ပေးမိတယ် ဆိုကြပါစို့။ မင်းတို့ သူ့ကို ဘယ်လို ပြန်အလျော်ပေးမလဲ။ ဘယ်လိုမှ အလျော်ပေးလို့ မရဘူး။ နောက်ပြီးတော့ လူတစ်ယောက်ကို စံပြ အနေနဲ့ သတ်ပြလိုက်လို့ နောက်လူတွေကို ရာဇဝတ်မှု မကျူးလွန်ရဲအောင် အဟန့်အတား ဖြစ်တယ်ဆိုတာ လူတွေရဲ့ ထင်မြင်ချက် သက်သက်ပဲ ရှိတယ်။ ဘာစာရင်း ဇယားမှ မရှိဘူး။ သက်သေ ပြစရာလည်း မရှိဘူး။ အဲဒီတော့ လူတစ်ယောက်ရဲ့ အခွင့်အရေးကို လေးစားတဲ့ အနေနဲ့ ငါတို့ ဆီမှာ သေဒဏ်ကို ဖျက်ပစ်လိုက်တာလို့ သူက ကျွန်တော့်ကို ရှင်းပြပါတယ်။ တစ်ချိန်က လူရှေ့သူရှေ့မှာ ကြိုးပေးသတ်တတ်တဲ့၊ သူခိုး ဆိုရင် လက်ဖြတ်၊ လိမ်ပြောတဲ့သူဆိုရင် နှုတ်ခမ်းဖြတ် စသည်ဖြင့် ရက်ရက်စက်စက် အပြစ်ပေးတတ်တဲ့ အနောက်နိုင်ငံ တွေကတောင်မှ အချိန်နဲ့ အမျှ ပြောင်းလဲလာကြပြီ ဆိုတာကို သတိပြုလိုက်မိပါတယ်။

ပြောရင်း ဆိုရင်းကနေ အလုပ်အကြောင်း ရောက်သွားကြပြန်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ ဟော်လန်ရုံးကလူတွေ ကျွန်တော်တို့နဲ့ ယှဉ်ရင် အတော်အားတာကို သတိထားမိပါတယ်။ စနေတနင်္ဂနွေ ဆိုရင် ကျွန်တော်တို့ စင်ကာပူမှာ အမြဲ မကြာခဏ ဆိုသလို အချိန်ပို အလုပ်ဆင်းရတတ်ပေမယ့် သူတို့ဆီမှာတော့ တောထဲမှာ စက်ဘီးတစ်စင်းနဲ့ ပတ်နေတဲ့သူနဲ့၊ အင်္ဂလန်သွားပြီး ပရီးမီးယားလိဂ် သွားကြည့်နေတဲ့သူနဲ့ အတော်ကို အားယားနေကြပါတယ်။ သူက သူတို့ဆီမှာ အိုဗာတိုင် လုပ်ရင် အခွန်ပိုပေးရတဲ့အကြောင်း၊ အဲဒီတော့ လုပ်တာနဲ့ မလုပ်တာ ဘာမှ သိပ်မထူးတဲ့ အတွက် ပိုက်ဆံရဖို့ သက်သက်နဲ့တော့ ဘယ်သူမှ အိုဗာတိုင် မလုပ်ကြတဲ့ အကြောင်း၊ မလွှဲသာ မရှောင်သာတဲ့ အခြေအနေမျိုးမှပဲ စနေတနင်္ဂနွေ အလုပ်လုပ်ကြတဲ့ အကြောင်း ရှင်းပြပါတယ်။

နောက်တော့ သူက ကျွန်တော့်ကို ငါတို့စနစ်မှာလည်း အကောင်းချည်းပဲ မဟုတ်ဘူး။ မကောင်းတာတွေလည်း ရှိသေးတယ်။ ဥပမာ ဆိုပါတော့။ ငါတို့က အလုပ်လုပ်တယ်။ အစိုးရကို အခွန်ပေးနေရတယ်။ ဒါပေမယ့် အလုပ်မလုပ်တဲ့သူတွေက ငါတို့ အခွန်ဆောင်ထားတဲ့ ပိုက်ဆံတွေကနေ အစိုးရ ထောက်ပံ့ကြေး ရနေတယ်။ ငါတို့ အလုပ်လုပ်ရတဲ့ သူတွေ အတွက် မတရားဘူး။ ငါတော့ အဲဒီလိုထင်တယ်လို့ ပြောပြပါတယ်။

ဟော်လန်မှာ နောက်ထပ် နေဖို့ အချိန်တွေ ကျန်သေးတာကြောင့် အားရင် လည်ဖို့ ပတ်ဖို့ အမ်စတာဒမ် အကြောင်း မေးကြည့်ပါတယ်။ သူက ကျွန်တော့်ကို အမ်စတာဒမ် သွားဖို့အတွက် လမ်းညွှန်ရင်း အမ်စတာဒမ်မြို့လည်က ကော်ဖီဆိုင်တွေမှာ အပျော့စား မူးယစ်ဆေးကို တရားဝင် ဝယ်ပြီး သုံးလို့ ရတဲ့ အကြောင်း ပြောပြပါတယ်။ ငါတို့ဆီမှာ မူးယစ်ဆေး ဆိုရင် အလွန်အကျွံမလုပ်ရင် ပြီးတာပဲ။ ကိုယ့်လစ်မစ်နဲ့ကိုယ် လုပ်လို့ရတယ်။ အဲဒါကြောင့် စနေတနင်္ဂနွေလို နေ့မျိုးတွေ ဆိုရင် ပြင်သစ်က ကောင်တွေပါ အမ်စတာဒမ်မှာ လာပြီး ချကြတယ်။ ရဲကတော့ မသိမသာ စောင့်ကြည့်နေတာပေါ့။ မူးယစ်ဆေး အများကြီး ပြန်သယ်သွားတာမျိုး လုပ်မှပဲ ရဲက တားတယ်။ အဲဒီလို မဟုတ်ရင်တော့ လွှတ်ပေးထားတာပဲလို့ သူက ပြောပြပါတယ်။

ညနေစာ စားပြီး ပြန်လာတော့ ကျွန်တော် တစ်ယောက်တည်း ဆက်တွေးဖြစ်ပါတယ်။ အရမ်းလွတ်လပ်တာ မကောင်းဘူးလို့ ဆိုကြပေမယ့်လည်း သူတို့ စနစ်မှာ ကျွန်တော်တို့ စနစ်ထက် သာတာတွေ အများကြီးပါ။ လူတစ်ယောက်ရဲ့ အခွင့်အရေးကို လေးစားတာ တရားမျှတမှု ရှိတာတွေက အတုယူစရာ ကောင်းပါတယ်။ ဘယ်စနစ်မှ Perfect မဖြစ်တတ်တဲ့အတိုင်း အနည်းအကျဉ်း ချွတ်ယွင်းချက်တွေ ရှိနေတာတော့ ရှိပါတယ်။ ဒါပေမယ့် အားလုံးကို ခြုံကြည့်ရင် သူတို့ စနစ်ကို ကောင်းပါတယ်လို့ပဲ မှတ်ချက်ပေးမိပါတယ်။

သက်ဆိုင်သောပို့စ်။
ဒတ်ချ်တစ်ယောက် ပြောပြတဲ့ ဟော်လန်အကြောင်း

Friday, May 6, 2011

ကံဆိုးခြင်းဟာ ကံကောင်းခြင်းရဲ့ အစဖြစ်နိုင်ပါတယ်

ကံကောင်းချင်တော့ တောသားတစ်ယောက်ဟာ  လေယာဉ်ပျံ စီးခွင့် ကြုံလာပါတယ်။
ကံဆိုးချင်တော့ သူစီးလာတဲ့ လေယာဉ်ပျံက ပျက်ကျပါတယ်။
ကံကောင်းချင်တော့ သူ့အတွက် လေထီးပါလာပါတယ်။
ကံဆိုးချင်တော့ လေထီးက မပွင့်ပါဘူး။
ကံကောင်းချင်တော့ မြေကြီးပေါ်မှာ ကောက်ရိုးပုံကြီး အကြီးကြီး တစ်ခု ရှိနေပါတယ်။
ကံဆိုးချင်တော့ ကောက်ရိုးပုံကြီးရဲ့ အလယ်မှာ သံချွန်ကြီး တစ်ချောင်း ထောင်နေပါတယ်။
ကံကောင်းချင်တော့ သူကျတဲ့ အချိန်မှာ သံချွန်နဲ့ လွဲသွားပါတယ်။
ကံဆိုးချင်တော့ ကောက်ရိုးပုံနဲ့ပါ လွဲသွားပါတယ်။

အဲဒါကတော့ ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးပြီး မှတ်မိနေတဲ့ ကာတွန်းဆရာ ငွေကြည်ရဲ့ဟာသ တစ်ခုပါ။ ကံဆိုးတယ် ကံကောင်းတယ် ဆိုတာတွေ ပြောတာကြားရရင် အဲဒီဟာသကို သွားပြီး သတိရတတ်ပါတယ်။

လူတစ်ယောက်ရဲ့ ဘဝမှာ ကံကောင်းခြင်း ကံဆိုးခြင်းတွေဟာ အမြဲတမ်း ဒွန်တွဲပြီး ရှိနေတတ် ပါတယ်။ ကံဆိုတာ လူလုပ်သမျှလို့ ဆိုပေမယ့်လည်း လူတစ်ယောက် အတွက် အတိတ်ကံ၊ အခုကံ၊ လူ့ကံ၊ ဝကံ တွေရှိနေတယ် ဆိုတာတော့ ကျွန်တော့် အတွက် ငြင်းစရာ မရှိသေးပါဘူး။ တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်တာကို ဖြစ်ခွင့်မရလိုက်တဲ့ အတွက် ကံဆိုးတယ်လို့ ထင်ရပေမယ့်လည်း အဲဒီကံဆိုးခြင်းဟာ ကံကောင်းခြင်းရဲ့ အစ ဖြစ်ရင် ဖြစ်နေတတ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကပါ။ ကျွန်တော့် ဦးလေးတစ်ယောက် သင်္ဘောတက်ဖို့ စောင့်ရင်း စင်ကာပူက မိတ်ဆွေ တစ်ယောက် အိမ်မှာ သောင်တင်နေ ပါတယ်။ တစ်နေ့တော့ သူနေတဲ့အိမ်မှာ  မျှော်လင့်မထားတဲ့ သူတစ်ယောက်နဲ့ ဆုံလိုက်ရပါတယ်။ ရန်ကုန်က နာမည် အတန်အသင့် ရှိတဲ့ အဆိုတော် တစ်ယောက်ပါ။ အဲဒီ အဆိုတော်ဟာ စင်ကာပူမှာ အလုပ်လာရှာတာ မရလို့ စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။ နောက်တော့ သူ အလုပ်မရဘဲ မြန်မာပြည်ကို ပြန်သွားခဲ့ပါတယ်။ စင်ကာပူမှာ အလုပ်လာရှာတာ မရဘဲ ပြန်သွားရတဲ့ အတွက် အဲဒီအချိန်ကတော့ သူ့ဘာသာ ကံဆိုးတယ်လို့ ထင်ရင် ထင်မိမှာပါ။ ဒါကတော့ ကာယကံရှင်ပဲ သိပါလိမ့်မယ်။ ဒါပေမယ့် စင်ကာပူမှာ အလုပ် မရခဲ့တာက သူ့အတွက် ကံကောင်းခြင်းရဲ့ အစပါပဲ။ စင်ကာပူက ပြန်သွားပြီး မကြာခင်မှာ သူဟာ မြန်မာပြည်မှာ အအောင်မြင် အကျော်ကြားဆုံး အဆိုတော်တွေထဲက တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ (မှန်းကြည့်စမ်းပါ။ ဘယ်သူ ဖြစ်နိုင်သလဲလို့။ :-) )

အဲဒီ ဦးလေး ပြောပြခဲ့ဖူးတဲ့ နောက်ဇာတ်လမ်း တစ်ပုဒ်လည်း ရှိပါသေးတယ်။ သူတို့ သင်္ဘောလိုက်နေတဲ့ အချိန်က ကြားခဲ့တဲ့ မြန်မာ သင်္ဘောသား တစ်ယောက်ရဲ့ အဖြစ်ပါ။ အဲဒီ မြန်မာ သင်္ဘောသားဟာ နိုင်ငံ တစ်နိုင်ငံမှာ သင်္ဘောပေါ်က ခုန်ဆင်းတဲ့ အတွက် ရဲဖမ်းတာ ခံခဲ့ရပါတယ်။ သင်္ဘောပေါ်က ခုန်ဆင်းတယ် ဆိုတာ ရေထဲ ခုန်ချတာကို ပြောတာ မဟုတ်ပါဘူး။ ရှိုးဂျော့ လုပ်ဖို့ အတွက် သင်္ဘောပေါ်ကနေ တရားမဝင် ကုန်းပေါ်ကို ဆင်းပြေးတာကို ပြောတာပါ။ ဒါပေမယ့်လည်း ရဲက မိသွားတဲ့ အတွက် ဖမ်းပြီးတော့ မြန်မာပြန် ပြန်ပို့ပါတယ်။ သူ့ကို အဲဒီနိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက် လေဆိပ် အထိ လက်ထိပ်ခတ် ထားခဲ့ပြီး ဘန်ကောက် လေဆိပ် ရောက်မှ လက်ထိပ်ကို ဖြုတ်ပေးခဲ့ပါတယ်။ နိုင်ငံခြားမှာ တရားမဝင် နေလို့ ရဲ အဖမ်းခံရတာနဲ့တင် အဖြစ်က အတော် ဆိုးနေခဲ့ပါပြီ။  လေယာဉ်ပေါ်မှာ လက်ထိပ်ခတ်ပြီး အခေါ်ခံရတာကတော့ တော်တော်ကို ဆိုးရွားတဲ့ အဖြစ်လို့ ပြောလို့ ရနိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကံကြမ္မာက အဆိုးဘက်ကိုချည်း ဦးတည်သွားတာ မဟုတ်ပါဘူး။ မြန်မာပြည် ပြန်ရောက်လို့ အနုပညာလောကထဲမှာ ကျင်လည်ပြီး တစ်ချိန်မှာတော့ သူဟာ စူပါတန်းဝင် ရုပ်ရှင်မင်းသား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ (အိမ်း.. ဘယ်သူများ ဖြစ်မလဲကွဲ့။ :D )

အောင်မြင် ကျော်ကြားတဲ့ ရုပ်ရှင်မင်းသား အဆိုတော်ဖြစ်လာတာ စန်းရှိမှ ဖြစ်နိုင်တယ်လို့ ပြောရင်လည်း ရပါတယ်။ ဒါပေမယ့်လည်း ကံဆိုးတယ်လို့ ဆိုနိုင်တဲ့ အခြေအနေကနေ ကြိုးစားလို့ ထိပ်ဆုံး ရောက်ခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ အရင်တစ်ပတ်က စင်ကာပူမှာ တတိယအကြိမ်မြောက် စာပေဟောပြောပွဲ လုပ်ခဲ့တဲ့ စင်ကာပူ ပေါ်လီတက်ခနစ်ရဲ့ ကွန်ဗန်းရှင်း စင်တာ ခန်းမကြီးထဲကို လွန်ခဲ့တဲ့ ၈ နှစ်လောက်က ကျွန်တော် ရောက်ခဲ့ပါတယ်။ တစ်အိမ်တည်း အတူနေတဲ့ သူငယ်ချင်းတွေရဲ့ ကျောင်းဆင်းပွဲကို ဧည့်သည်အနေနဲ့ လိုက်သွားခဲ့တာပါ။ အဲဒီပွဲမှာ အထူး ဧည့်သည့်တော် အဖြစ် တက်ရောက်ခဲ့တဲ့သူက အိုဆင်းမ် (Osim) ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ရွန်ဆင်းပါ။   အိုဆင်းမ်ဆိုတာ အနှိပ်ကုလားထိုင်တွေ၊ ဝိတ်ချတဲ့ ကိရိယာတွေ ရောင်းပြီး စင်ကာပူမှာ အောင်မြင်နေတဲ့ ကုမ္ပဏီ တစ်ခုပါ။ ရွန်ဆင်းဟာ အဲဒီပွဲမှာ သူ့ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်ပြီး ပြောပြခဲ့ပါတယ်။

ရွန်ဆင်းဟာ မပြည့်စုံတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ရတဲ့ သူပါ။ သူ အထက်တန်း အောင်တော့ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေပါတယ်။ အဲဒီအချိန်က သူဟာ စင်ကာပူ ရေတပ်မှာ တက်ခနစ်ရှင် အဖြစ် ဝင်ဖို့ စဉ်းစားတယ်လို့ ဆိုပါတယ်။ စင်ကာပူမှာ စစ်တပ်ကို အမြဲတမ်း စစ်သားအဖြစ် ဝင်မယ်လို့ လက်မှတ်ထိုးရင် ဒေါ်လာ သောင်းကျော်တဲ့ ဘောနပ်စ် ရတယ်လို့ ကြားဖူးပါတယ်။ လစာနဲ့ တခြား အခွင့်အရေးတွေလည်း ကောင်းပါတယ်။ ဒါပေမယ့် ရှစ်နှစ် ဘွန်း ထိုးရပါတယ်။ အဲဒီတော့ သူပြန် စဉ်းစားဖြစ်တာက စစ်တပ်ကို ဝင်မယ် ဆိုရင် လောလောဆယ် အခွင့်အရေး ကောင်းတာတော့ မှန်တယ်။ ဒါပေမယ့် ရှစ်နှစ်ပြည့်လို့ ပြန်ထွက်လာတဲ့ အချိန်မှာ ဆိုရင် သူ့ အသက်က ၃၀ ဝန်းကျင် လောက် ရှိနေပြီ။ အဲဒီအချိန် ရောက်မှ ဘာဆက်လုပ်ရမယ်ဆိုတာ မတွေးတတ်ဘူးလို့ သူက ပြောပါတယ်။ အဲဒါကြောင့် သူစစ်တပ်ထဲ ဝင်မယ် အကြံကို ဖျက်လိုက်ပါတယ်။

နောက်တော့ သူဟာ စင်ကာပူ ပေါ်လီမှာ ကျောင်းတက်ဖို့ ကြံပြီး ကျောင်းဝင်ခွင့် လျှောက်ပါတယ်။ သူ့ရဲ့ အမှတ်က သိပ်မကောင်းတာမို့ စင်ကာပူ ပေါ်လီက သူ့ကို လက်မခံခဲ့ပါဘူး။ ကျောင်းဝင်ခွင့် မရတဲ့ အတွက် သူဟာ တခြား အလုပ်တွေလုပ်ပြီး ပိုက်ဆံရှာခဲ့ပါတယ်။ အဲဒီ အလုပ်ထဲမှာ ဆောက်လုပ်ရေး အလုပ်သမား အလုပ်ကနေ စပြီး အာမခံ ကိုယ်စားလှယ်၊ စွယ်စုံကျမ်း အရောင်းသမား အထိ အစုံပါပါတယ်။ နောက်ငါးနှစ် အကြာမှာတော့ သူဟာ ကုမ္ပဏီတစ်ခုကို ကိုယ်ပိုင် ထူထောင်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီ ကုမ္ပဏီဟာ ၅ နှစ်ကျော် အကြာမှာတော့ စီးပွားပျက်ကပ်နဲ့ ကြုံပြီး ပျက်ခဲ့ရပါတယ်။ ကုမ္ပဏီ ပျက်ပေမယ့်လည်း သူဟာ စိတ်မလျှော့ခဲ့ပါဘူး။ နောက်ထပ် ကုမ္ပဏီ တစ်ခုကို ပြန်ထောင်ပြီး အလုပ်ဆက်လုပ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အိုဆင်း ဆိုတဲ့ ကုမ္ပဏီဟာ ကျန်းမာရေး ကိုယ်ခန္ဓာ ကြံ့ခိုင်ရေးနဲ့ ဆိုင်တဲ့ ကုန်ပစ္စည်းတွေနဲ့ စင်ကာပူမှာ အတော်ကို အောင်မြင်တဲ့ ကုမ္ပဏီ တစ်ခု အဖြစ် ရပ်တည် နေနိုင်ပါပြီ။ ရွန်ဆင်းကတော့ တစ်ချိန်တုန်းက သူ့ကို လက်မခံခဲ့တဲ့ ကျောင်းတစ်ကျောင်းရဲ့ ကျောင်းဆင်းပွဲမှာ အထူး ဧည့်သည်တော် အဖြစ် တက်ရောက်ခွင့် ရခဲ့တဲ့ အတွက် သူ့အနေနဲ့ ဂုဏ်ယူမိပါတယ် လို့ ကျွန်တော်တို့ကို ပြောသွားခဲ့ပါတယ်။

အကယ်၍ စင်ကာပူမှာ အလုပ်လာရှာတဲ့ အဆိုတော်သာ အလုပ်ရသွားခဲ့ရင် မြန်မာပြည်မှာ နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်ဖို့ အခွင့်အလမ်းကို လက်လွတ်ခဲ့ရ ပါလိမ့်မယ်။ သင်္ဘောပေါ်က ခုန်ချခဲ့တဲ့ မြန်မာ သင်္ဘောသားလည်း အဖမ်း မခံရခဲ့ရင် နာမည်ကျော် ရုပ်ရှင်မင်းသား တစ်ယောက် ဖြစ်ချင်မှ ဖြစ်လာမှာပါ။ အိုဆင်းရဲ့ အမှုဆောင် အရာရှိချုပ်ဟာလည်း စင်ကာပူ ပေါ်လီမှာသာ ကျောင်းဝင်ခွင့် ရခဲ့ရင် သူ့ရဲ့ ဘဝဟာ တစ်မျိုးတစ်ဖုံ ဖြစ်လာနိုင်ပါတယ်။ သူလို ငါလို အင်ဂျင်နီယာ တစ်ယောက်ပဲ ဖြစ်ရင်လည်း ဖြစ်နေမှာပါ။ အခွင့်အလမ်းတစ်ခုကို လက်လွတ် ဆုံးရှုံးလိုက်ရတဲ့ အတွက် ဘဝဆုံး သွားတာ မဟုတ်ပါဘူး။ ဒီထက် ကောင်းတဲ့ အခွင့်အလမ်းတွေကို ရဖို့ ဖြစ်လာနိုင်ပါတယ်။ ကံဆိုးခြင်းဟာ ကံကောင်းခြင်းရဲ့ အစလည်း ဖြစ်နိုင်ပါတယ်။ အခွင့်အလမ်းကို ရလာတဲ့ အချိန်မှာ လက်လွတ်မခံဘဲ ယူတတ်ဖို့ပဲ အရေးကြီးပါတယ်။