Search This Blog

Showing posts with label ပေါက်တတ်ကရ. Show all posts
Showing posts with label ပေါက်တတ်ကရ. Show all posts

Wednesday, June 27, 2012

ကို့ရို့ကားယား ဥပဒေများ

အခုတလော ရူးအော့ဖ်လော ဒါမှမဟုတ် တရားဥပဒေ စိုးမိုးရေးပဲ ဆိုဆို စကားတစ်ခွန်းကို မကြာခဏ ကြားနေရပါတယ်။ ဥပဒေ အထက်မှာ မည်သူမျှ မရှိစေရ ဆိုတဲ့စကားကြီး ကြားရင် စိတ်ထဲမှာတော့ ပေါင်ချိန် ဇာတ်လမ်းထဲက ခွေးခေါင်း ဓားစက်တွေ၊ နဂါးခေါင်း ဓားစက်တွေ မြင်ယောင်လာမိပါတယ်။

ဥပဒေ ဆိုတာ လူတွေ လိုက်နာဖို့ အတွက် အထိန်းအကွပ် လုပ်ထားတဲ့ ကိစ္စပါ။ ဒါပေမယ့်လည်း တစ်ချို့သော ဥပဒေများကတော့ ကြားရတာ အတော်ကလေး ဂွတီးဂွကျ နိုင်ပါတယ်။ စင်ကာပူမှာ ပီကေ မစားရ၊ ပီကေ လက်ဝယ်မထားရ ဆိုတဲ့ ဥပဒေဟာ တခြားနိုင်ငံ သားတွေ အတွက်တော့ ရယ်စရာ ဖြစ်နေပါတယ်။ ပါးစပ်နဲ့ ဟဝှာ ပြုတာ နောက်ဆက်တွဲ မပါဘဲ သူ့ချည်းသက်သက် ဆိုရင် ဥပဒေနဲ့ မညီဘူး ဆိုတဲ့ စင်ကာပူရဲ့ ဥပဒေကိုလည်း စလုံးတွေ ကိုယ်တိုင်ကတောင် ရယ်စရာ တစ်ခု အနေနဲ့ ပြောတတ်ကြ ပါတယ်။ တစ်ချို့သော ဥပဒေများကတော့ နိုင်တီးဂွမ်တီး ဘိုးတော်ဘုရားကြီး လေးဘက်သွားတဲ့ အချိန်တုန်းက ရေးခဲ့ပေမယ့် အခု အချိန် ဥပဒေ စာအုပ်ထဲက ပြန်မဖျက်ဖြစ်တာမို့ ကျန်နေတာပါ။

ကျွန်တော်ရဲ့ ဘလက်ဘယ်ရီ ဖုန်းထဲမှာ အင်စတောလ် လုပ်ထားတဲ့ အံ့ဩစရာ အချက် ၅၀၀၁ ဆိုတဲ့ ဆော့ဖ်ဝဲလ်ထဲမှာ ပါတဲ့ ထူးထူးဆန်းဆန်း ဥပဒေတွေထဲက စိတ်ဝင်စားစရာ ဥပဒေ အချို့နဲ့ ပြုံးချင်စရာ ဥပဒေ အချို့ကို အားလုံး ဖတ်ရအောင် ရှယ်ပေးလိုက်ပါတယ်။

အမေရိကန်က ဥပဒေများ

(၁) ယူတားပြည်နယ်မှာ လူသေအလောင်း ရှေ့မှာ ကျိန်ဆဲတာ ဥပဒေနဲ့ မညီပါဘူး။

(၂) အိုင်ဒဟိုပြည်နယ်က ပိုကာတဲလိုး မြို့မှာ ပြုံးမပြဘဲ နေတာ ဥပဒေနဲ့ မညီပါဘူး။

(၃) နီဘရားစကားပြည်နယ်မှာ ဘားပိုင်ရှင်တစ်ယောက်က စွတ်ပြုတ်အိုးကို တည်မထားတဲ့ အချိန် ဘီယာရောင်းတာ ဥပဒေနဲ့ မညီပါဘူး။

(၄) ရုတ်ဒ်အိုင်းလန်းပြည်နယ် နယူးပေါ့တ်မြို့မှာ နေဝင်ပြီးတဲ့ အချိန် ဆေးတံသောက်တာ ဥပဒေနဲ့ မညီပါဘူး။

(၅) အာကင်ဆောပြည်နယ်မှာ "Arkansas" ဆိုတဲ့ ပြည်နယ်နာမည်ကို အာကင်ဆောလို့ အသံမထွက်ရင် ဥပဒေနဲ့ မညီပါဘူး။

(၆) ကင်တပ်ကီပြည်နယ်မှာ နောက်အိတ်ကပ်ထဲမှာ အိုင်စကရင်မ်ကို ထည့်သယ်တာ ဥပဒေနဲ့ မညီပါဘူး။


မုစ်သမင်

(၇) အလက်စကာပြည်နယ်မှာ တစ်စုံတစ်ယောက်က မုစ် လို့ခေါ်တဲ့ သမင်မျိုးကို အမဲလိုက်နေချိန်မှာ နားနားကပ်ပြီး တိုးတိုးပြောတာ ဥပဒေနဲ့ မညီပါဘူး။

(၈) အလက်စကာပြည်နယ်ရဲ့ ဥပဒေမှာ မုစ် သမင်ကို လေယာဉ်ပေါ်က ကြည့်တာ ဥပဒေနဲ့ မညီပါဘူး။

(၉) အိုဟိုင်းယိုးပြည်နယ် ကလိဗ်လန်းမှာ အမဲလိုက်လိုင်စင် မရှိဘဲ ကြွက်ဖမ်းတာ ဥပဒေနဲ့ မညီပါဘူး။

(၁၀) ဖလော်ရီဒါပြည်နယ်မှာ လူအများရဲ့ ရှေ့မှာ ရေကူးဝတ်စုံနဲ့ သီချင်းဆိုတာ ဥပဒေနဲ့ မညီပါဘူး။

(၁၁) မက်ဆာချူးဆက်ပြည်နယ်မှာ ရေမချိုးဘဲ အိပ်ရာဝင်ရင် ဥပဒေနဲ့ မညီပါဘူး။

(၁၂) ကင်တပ်ကီပြည်နယ်က အိုဟိုင်းယိုးမြစ်ထဲမှာ အင်ဒီယားနားပြည်နယ်က ငါးဖမ်းလိုင်စင် မရှိဘဲ ငါးဖမ်းရင် ဥပဒေနဲ့ မညီပါဘူး။

(၁၃) တက်ကဆပ်ပြည်နယ်က ကော်ပတ်ခရစ်စတီးမှာ အယ်လီဂိတ်တာ  လို့ ခေါ်တဲ့ နှာခေါင်းတို မိကျောင်းမျိုးကို အိမ်ထဲမှာ မွေးတာ ဥပဒေနဲ့ မညီပါဘူး။

(၁၄) ဝါရှင်တန်ပြည်နယ် ဘယ်လင်ဟန်က ဥပဒေ အဟောင်းတစ်ခုမှာ အမျိုးသမီးတစ်ယောက် ကနေတဲ့ အချိန် နောက်ကို ခြေလှမ်း ၃ လှမ်းထက် ပိုပြီး ဆုတ်ရင် ဥပဒေနဲ့ မညီပါဘူး။

(၁၅) အာကင်ဆောပြည်နယ်မှာ မီးသီးအပြာကို အရောင်းအဝယ် လုပ်ရင် ဥပဒေနဲ့ မညီပါဘူး။

(၁၆) အဆောက်အဦးကြီး တစ်ခုလုံးကို စာတိုက်ကနေ ပို့တာ အမေရိကန်တစ်နိုင်ငံလုံးမှာ ၁၉၁၆ ခုနှစ်က စပြီး ဥပဒေနဲ့ မညီဘူးလို့ သတ်မှတ်ထားပါတယ်။ အကြောင်းကတော့ လူတစ်ယောက်က တန် ၄ သောင်းရှိတဲ့ အိမ်တစ်လုံးကို ယူတားပြည်နယ်မှာ သယ်ယူပို့ဆောင်ခ သက်သာအောင် စာတိုက်ကနေ ပို့ဖူးလို့ပါ။

(၁၇) ဗာဂျီးနီးယားပြည်နယ်၊ နော်ဖော့မှာ လမ်းဘေးကို တံထွေးထွေးရင် ဥပဒေနဲ့ မညီပါဘူး။

(၁၈) ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမှာ သစ်ကုလားအုပ်ကို တယ်လီဖုန်းတိုင် ဒါမမဟုတ် ဓာတ်တိုင်နဲ့ တွဲပြီး ချည်ထားတာဟာ ဥပဒေနဲ့ မညီပါဘူး။

(၁၉) ဝါရှင်တန်ပြည်နယ်၊ ဆီယက်တဲလ်မှာ ၆ ပေထက်ကျော်တဲ့ လက်နက်ကို ဖွက်ပြီး သယ်တာ ဥပဒေနဲ့ မညီပါဘူး။

(၂၀) အရီဇိုးနားပြည်နယ်မှာ ကုလားအုပ်ကို အမဲလိုက်တာ ဥပဒေနဲ့ မညီပါဘူး။

(၂၁) နယူးယောက်ပြည်နယ်မှာ တနင်္ဂနွေနေ့ နေ့လည်မတိုင်ခင် ဘယ်လို အရက်မျိုးကို ဝယ်ဝယ် ဥပဒေနဲ့ မညီပါဘူး။

(၂၂) ကန်းဆပ်ပြည်နယ်၊ နာတိုးမား မှာ ဝတ်စုံ အကျား ဝတ်ထားတဲ့သူတစ်ယောက်ကို ဓားနဲ့ပစ်တာ ဥပဒေနဲ့ မညီပါဘူး။

(၂၃) အမေရိကန် သမ္မတ သောမတ် ဂျက်ဖာဆန် တို့ခေတ်က ဗာဂျီးနီးယားပြည်နယ်မှာ ဘိလိယက်ထိုးတာ ဥပဒေနဲ့ မညီတဲ့ အတွက် သောမတ်ဂျက်ဖာဆန်ရဲ့ အိမ်ထဲမှာ ဘိလိယက်ခုံထားတဲ့ အခန်းကို ဝှက်ပြီး ဆောက်ထားရပါတယ်။

(၂၄) အီလီနွိုင်းပြည်နယ်ရဲ့ ဥပဒေက ဆံပင်ညှပ်သမားကို လက်နဲ့ မုတ်ဆိပ်ရိတ်တဲ့ ကရင်မ်ကို မျက်နှာပေါ် လိမ်းတာ ဥပဒေနဲ့ မညီဘူးလို့ ကန့်သတ်ထားပါတယ်။

(၂၅) နီဘရားစကားပြည်နယ်က တစ်ချို့သော ဘုရားရှိခိုးကျောင်းတွေမှာ လေချဉ်တက်တာ၊ နှာချေတာ ဥပဒေနဲ့ မညီပါဘူး။

(၂၆) ဗာဂျီးနီးယားပြည်နယ်က ပင်တဂွန်စစ်ဌာနချုပ်မှာ အိမ်သာတွေ လိုအပ်တာထက် နှစ်ဆပိုများ နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ပင်တဂွန်ကို ဆောက်တဲ့ အချိန်က လူဖြူနဲ့ လူမည်းကို အိမ်သာ သတ်သတ်စီ ခွဲဆောက်ရမယ် ဆိုတဲ့ ဥပဒေ ဗာဂျီးနီးယားမှာ ရှိခဲ့လို့ပါ။

(၂၇) မီချီဂန်ပြည်နယ် ဒက်ထရွိုက်က ဥပဒေစာအုပ်မှာ အယ်လီဂေတာ မိကျောင်းကို မီးသတ်ဘူးနဲ့ တွဲမချည်ရ ဆိုတဲ့ ဥပဒေ ရှိပါတယ်။

(၂၈) အမေရိကန် ဥပဒေမှာ ဘီယာကြော်ငြာတဲ့ အချိန် လူတစ်ယောက် ဘီယာသောက်နေတာကို မပြရဘူးလို့ ကန့်သတ်ချက် ရှိပါတယ်။

(၂၉) အရီဇိုးနားပြည်နယ်မှာ လူတစ်ယောက် ရေတောင်းသောက်တာကို မတိုက်ရင် ဥပဒေနဲ့ မညီပါဘူး။

(၃၀) အမေရိကန်ပြည်နယ် အတော်များများရဲ့ ဥပဒေမှာ လူတစ်ယောက် ဒေဝါလီခံရင် ဒါမှမဟုတ် လူမွဲစာရင်းခံရင် ကြွေးရှင်တွေ အနေနဲ့ အခြားပစ္စည်း အားလုံးကို သိမ်းနိုင်ပေမယ့် သူ့ရဲ့ လက်ထပ်လက်စွပ်ကို သိမ်းပိုင်ခွင့် မရှိဘူးလို့ ဥပဒေ ပြဌာန်းထားပါတယ်။

(၃၁) ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ဥပဒေမှာ အမျိုးသမီးတစ်ယောက် အိမ်နေရင်း ကုတ်အင်္ကျီနဲ့ ကားမောင်းခွင့် မရှိဘူးလို့ ကန့်သတ်ထားပါတယ်။

(၃၂) ကော်နက်တီကပ်ပြည်နယ် ဒယ်ဗွန်မှာ နေဝင်တဲ့ အချိန် နောက်ပြန်လမ်းလျှောက်တာ ဥပဒေနဲ့ မညီဘူးလို့ သတ်မှတ်ထားပါတယ်။

(၃၃) အမေရိကန်ရဲ့ ဥပဒေမှာ ကလေးတွေနဲ့ သက်ဆိုင်တဲ့ တီဗွီ အစီအစဉ်တွေမှာ တစ်နာရီကို ဆယ်မိနစ်ထက်ပိုပြီး ကြော်ငြာပါခွင့် မရှိဘူးလို့ ကန့်သတ်ထားပါတယ်။ စနေ တနင်္ဂနွေမှာ ဆိုရင် တစ်နာရီကို ဆယ့်တစ်မိနစ်ခွဲ အထိ ခွင့်ပြုပါတယ်။


အူကူလီလီ
(၃၄) ယူတားပြည်နယ် ဆော့တ်လိတ်စီးတီးမှာ အူကူလီလီ တူရိယာကို ဘာနဲ့မှ မပတ်ဘဲ လမ်းပေါ်မှာ သယ်ဆောင်တာကို တားမြစ်ပါတယ်။

(၃၅) လတ်ဗီးဂတ်စ်မြို့မှာ သွားတုကို ပေါင်တာ ဥပဒေနဲ့ မညီပါဘူး။

(၃၆) ဂျက်ဒင်နီယယ် ဝီစကီကို ထုတ်လုပ်တဲ့မြို့မှာ ဂျက်ဒင်နီယယ် ဝီစကီကို ဝယ်တာ၊ သောက်တာ ဥပဒေနဲ့ မညီပါဘူး။

နိုင်ငံတကာ ဥပဒေများ

(၁) ပြင်သစ်နိုင်ငံမှာ အခု အချိန်အထိ ဝက်ကို နပိုလီယံလို့ နာမည်ပေးတာ ဥပဒေနဲ့ မညီပါဘူး။

(၂) အီတလီနိုင်ငံ ဆီယဲနားမှာ မေရီ ဆိုတဲ့ နာမည်နဲ့ မိန်းကလေးတွေကို ပြည်တန့်ဆာလုပ်ရင် တရားဥပဒေနဲ့ မညီပါဘူး။

(၃) ပြင်သစ်နိုင်ငံမှာ ဂြိုဟ်သားရုပ် ရောင်းတာ ဥပဒေနဲ့ မညီပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူရဲ့မျက်နှာ မဟုတ်တဲ့ အရုပ်ကို ရောင်းချတာ တရားမဝင်ဘူးလို့ ကန့်သတ်ထားလို့ပါ။

(၄) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကားအနီ တစ်စင်းကို ပိုင်ဆိုင်တာ ဥပဒေနဲ့ မညီပါဘူး။

(၅) ဂရိနိုင်ငံ အေသင်မြို့မှာ ကားမောင်းတဲ့သူက အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်မထားရင် ဖြစ်ဖြစ်၊ ရေမချိုးထားရင် ဖြစ်ဖြစ် လိုင်စင်သိမ်းပိုင်ခွင့် ရှိပါတယ်။

(၆) အင်္ဂလန်မှာ မိန်းမကို လက်မထက်ပိုကျယ်တဲ့ အရာနဲ့ ရိုက်ခွင့် မရှိဆိုတဲ့ ဥပဒေ အဟောင်းရှိခဲ့တာကြောင့် "Rule of Thumb" ဆိုတဲ့ စကား ဖြစ်လာခဲ့ပါတယ်။

(၇) ဆွစ်ဇာလန်မှာ ကားတံခါးကို ဆောင့်ပိတ်တာ ဥပဒေနဲ့ မညီပါဘူး။

(၈) ဆွစ်ဇာလန် ဥပဒေမှာ နိုင်ငံသားတိုင်း ဗုံးခိုကျင်း တစ်ခု ပိုင်ရမယ် ဒါမှမဟုတ် အသုံးပြုနိုင်တဲ့ ဗုံးခိုကျင်း တစ်ခု ရှိရမယ် လို့ ဆိုပါတယ်။

(၉) ကနေဒါနိုင်ငံ ကွီးဘက်မှာ မာဂျရင်းရဲ့ အရောင်က ထောပတ်ရဲ့ အရောင်နဲ့ ကွဲလွဲရမယ် ဆိုတဲ့ ဥပဒေ ရှိပါတယ်။

(၁၀) အိုက်စလန်နိုင်ငံမှာ ခွေးမွေးတာ ဥပဒေနဲ့ မညီပါဘူး။

(၁၁) အင်္ဂလန်က လယ်သမားတွေဟာ ဥပဒေအရ သူတို့ရဲ့ ဝက်တွေကို ကစားစရာ ပေးထားရပါတယ်။

(Image Source: Wikimedia Foundation)

Sunday, May 27, 2012

ဘီယူဂျီ ဘတ်ဂ် ရှာဖွေသတ်

ဘတ်ဂ် (Bug) ဆိုတာ အင်္ဂလိပ်စာမှာ ပိုးကောင်ကို ခေါ်တာ ဖြစ်ပေမယ့် ကွန်ပျူတာ ဆော့ဖ်ဝဲလ်ထဲမှာ ဖြစ်တဲ့အမှားကိုလည်း ဘတ်ဂ်လို့ ခေါ်တာမှန်း သိကြမှာပါ။ ပိုးကောင်နဲ့ ဆော့ဖ်ဝဲလ်ထဲမှာ ဖြစ်တဲ့ အမှား ဘယ်လို ဆက်စပ်နေသလဲ ဆိုတဲ့ ဇာတ်လမ်းကိုတော့ ပရိုဂရမ်မာ တော်တော်များများ ကြားဖူးကြပါ လိမ့်မယ်။ ၁၉၄၇ ခုနှစ်က ဟားဗတ် တက္ကသိုလ်က မာ့ခ်တူး ဆိုတဲ့ ကွန်ပျူတာ တစ်လုံး ရုတ်တရက် ရပ်သွားပါတယ်။ အဲဒီတုန်းက အခုခေတ်လို အီလက်ထရွန်းနစ် ကွန်ပျူတာတွေ မပေါ်သေးပါဘူး။ စက်မှုအစိတ်အပိုင်းတွေကို လျှပ်စစ်နဲ့ မောင်းတဲ့ ကွန်ပျူတာ မျိုးပါ။ ကွန်ပျူတာ ရပ်သွားရတဲ့ အကြောင်းကို ရှာတော့ စက်ပစ္စည်းတွေကို ထိန်းချုပ်တဲ့ လျှပ်စစ် ရီလေး ခလုတ် တစ်ခုထဲမှာ ဘောက်ဖတ်တစ်ကောင် ညပ်နေတာကို သွားတွေ့ရပါတယ်။ အဲဒီ ဘောက်ဖတ်ကြောင့် ရီလေး အလုပ်မလုပ်တော့ပဲ ကွန်ပျူတာပါ ရပ်သွားခဲ့ရတာပါ။ အဲဒီအချိန်က စပြီး ကွန်ပျူတာမှာ အမှားဖြစ်ရင် ဘတ်ဂ် (ပိုးကောင်) တွေ့တယ်လို့ ဆိုကြပါတယ် လို့ ရာဇဝင် ရှိပါတယ်။

အမေရိကန်က ထုတ်တဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်ပျံကို ဆော့ဖ်ဝဲလ် Simulator နဲ့ စမ်းသပ် မောင်းနှင်တဲ့ အချိန်တုန်းက တော်တော် ကြီးကြီးမားမား ဘတ်ဂ် တစ်ခုကို တွေ့ရတယ်လို့ ဆိုပါတယ်။ ပုံမှန် အနေနဲ့ အက်ဖ်-၁၆ အတွက် ကျွမ်းပစ်တယ် ဆိုတာ အသေးအဖွဲ ကိစ္စပါ။ ဒါပေမယ့် ဆော့ဖ်ဝဲလ် အမှားကြောင့် အီကွေတာပေါ် မောင်းနှင်တဲ့ အချိန် ကမ္ဘာမြေဆွဲအား ရုတ်တရက် မြင့်သွားတာကြောင့် လေယာဉ်ပျံက ဆော့ဖ်ဝဲလ်ထဲမှာ သူ့ဘာသာသူ ကျွမ်း ထပစ် ပါတယ်။ ဆင်မျူလေတာ ထဲမှာတော့ ပိုင်းလော့ သေမယ့် အနေအထားကို ပြပါတယ်။  နောက်ပြီးတော့ အက်ဖ်-၁၆ ကို စမ်းသပ်မောင်းနှင်နေတဲ့ အချိန် ပိုင်းလော့ တစ်ယောက်က ပြေးလမ်းပေါ် ရပ်ထားတုန်း လေယာဉ်ပျံ ဘီးကို ဆွဲတင် ကြည့်ပါတယ်။ ဘာဖြစ်သွားတယ် ထင်ပါသလဲ။ အက်ဖ်-၁၆ တစ်စင်း ဒန်အိုးဒန်ခွက် ဝယ်တဲ့ ကုလားဆီ ရောက်သွားပါတယ်။

ပရိုဂရမ်မာ အတွက်အချက် မှားလို့ အမေရိကန် တစ်နိုင်ငံလုံး မျိုးကန်းတော့ မလို ဖြစ်တဲ့ကိစ္စမျိုး ရှိဖူးတယ်လို့ ကြားဖူးပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ အမေရိကန်နဲ့ ဆိုဗီယက်ကြားမှာ စစ်အေး တိုက်ပွဲ ဆိုတဲ့ စစ်မတိုက်ပဲ တစ်ဖက်နဲ့ တစ်ဖက် အားပြိုင်နေတဲ့ ဖြစ်ရပ်ကြီး တစ်ခု ဖြစ်ခဲ့ကြတာ သိကြမှာပါ။ အဲဒီ အချိန်က အမေရိကန်မှာရော ဆိုဗီယက်မှာပါ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လှမ်းပစ်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေ ပေါ်မှာ နျူးကလီးယား ထိပ်ဖူးတွေ တပ်ပြီး ချိန်ထားကြပါတယ်။ အမေရိကန်နဲ့ ဆိုဗီယက် အချိန်မရွေး နျူးကလီးယား ဒုံးကျည်နဲ့ တစ်ဖက်နဲ့ တစ်ဖက် ပစ်နိုင်တဲ့ အနေအထားပါ။ ၁၉၈၃ မှာတော့ ဆိုဗီယက်က လွှတ်တင်ထားတဲ့ စောင့်ကြည့်ရေး ဂြိုဟ်တု တစ်ခုက တိမ်တိုက်တွေ အပေါ်မှာ နေရောင်ခြည် အလင်းပြန်တာကို အမေရိကန်က ဒုံးကျည် လွှတ်လိုက်တာ အဖြစ် အဓိပ္ပာယ် ပြန်လိုက် ပါတယ်။ အမေရိကန်က ဒုံးကျည် ၅ စင်း ပစ်လိုက်ပြီ ဆိုတဲ့ သတိပေးချက် ထွက်လာ တာကြောင့် အမေရိကန် ဒုံးကျည် ဆိုဗီယက်ကို မရောက်ခင် ဆိုဗီယက်ကနေ ပြန်ပြီးတော့ ဆော်ဖို့ ကြံပါတယ်။ ဒါပေမယ့် အဲဒီစနစ်ကို စောင့်ကြည့်နေတဲ့ ဗိုလ်မှူးကြီး တစ်ယောက်ကနေ အချိန်မီ ဆော့ဖ်ဝဲလ်အမှား အဖြစ် တားဆီးလိုက်နိုင်တဲ့ အတွက် အမေရိကန် နိုင်ငံကို ဆိုဗီယက်ကနေ နျူးကလီးယား ဒုံးကျည်နဲ့ အပစ်ခံရမယ့် အရေးကနေ သီသီကလေး လွတ်သွားပါတယ်။ အဲဒီဗိုလ်မှူးကြီးရဲ့ အပြောကတော့ အမေရိကန်ကသာ ဆိုဗီယက်ကို တကယ် ပစ်ချင်တယ် ဆိုရင် ဒုံးကျည် ၅ စင်းထဲတော့ ဘယ်ပစ်လိမ့်မလဲ လို့ ဆိုပါတယ်။

ကျောင်းတွေမှာ ပရိုဂရမ် ရေးတာ သင်ပေးတော့ ဘယ်လို စဉ်းစားရမယ် ဆိုတာသာ သင်ပေးပြီးတော့ ဒီဘတ်ဂ် (Debug) လို့ခေါ်တဲ့ ဘတ်ဂ်ကို ဘယ်လို ရှာရမယ် ဆိုတာ သင်မပေးကြပါဘူး။ တကယ်တော့ ဘတ်ဂ်ရှာတယ် ဆိုတာလည်း အတတ်ပညာ တစ်မျိုးပါပဲ။ ဘတ်ဂ်ရှာခြင်း အနုပညာဆိုပြီး စာအုပ်တစ်အုပ်တောင် ရေးလို့ ရလောက်ပါတယ်။ ဘယ်ပရိုဂရမ်မာမှ ဘတ်ဂ်များကင်းစင် ဆော့ဖ်ဝဲလ်တစ်ခွင် ဆိုပြီး ဘတ်ဂ်မရှိတဲ့ ပရိုဂရမ် မရေးတတ်ပါဘူး။ မမှားသော ရှေ့နေ၊ မသေသော ဆေးသမား ဆိုသလို ဘတ်ဂ်မရှိအောင် ရေးတတ်တဲ့ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာလည်း မရှိပါဘူး။ စဉ်းစားတဲ့ အချိန် မှားသွားတာ ရှိတတ်သလို၊ သတိမမူမိတဲ့ တစ်နေရာမှာ အမှားဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ဆော့ဖ်ဝဲလ်ကို တခြား ဆော့ဖ်ဝဲလ်တွေနဲ့ ပူးပေါင်းစစ်ဆင်ရေး လုပ်တဲ့ အချိန် တူတာတွေ တွဲလုပ် မတူတာတွေ ခွဲလုပ်လို့ မရဘဲ မတူတာတွေက ဒုက္ခပေးတာ မျိုးလည်း ရှိတတ် ပါတယ်။

ကွန်ပျူတာ သုံးတဲ့သူတိုင်း ရီပို့ လုပ်လိုက်ရမလား။ မိုက်ခရိုဆော့ဖ်ကို ရီပို့ လုပ်လိုက်ရမလား ဆိုတဲ့ စခရင်ကို မမြင်ဖူးတဲ့သူ မရှိသလောက် ရှားမှာပါ။ ကွန်ပျူတာ ကြည့်နေရင်း ဘာဖြစ်သွားမှန်း မသိတဲ့ စခရင်အပြာကြီးကိုလည်း မြင်ဖူးကြပါလိမ့်မယ်။ အရင်တုန်းက အလုပ်အတူ လုပ်ဖူးတဲ့ အင်ဂျင်နီယာ တစ်ယောက် ကတော့ သူ့ကို ကပ်စတန်မာက ဘတ်ဂ်မရှိတဲ့ ဆော့ဖ်ဝဲလ်လိုချင်တယ် ပြောလို့ အဲဒါဆို ဝင်းဒိုးလည်း သုံးမနေနဲ့လို့ ပြန်ငေါ့တာကို မှတ်မိပါ သေးတယ်။ ဝင်းဒိုးဆော့ဖ်ဝဲလ်လောက် ဘတ်ဂ်များတာ ဝင်းဒိုး ပဲ ရှိပါတယ်။ သို့ပေမယ့်လည်း မချစ်သော်လည်း အောင့်ကာနမ်း ဝင်းဒိုးမသုံးဘဲ လင်းနပ်စ် အက်ပဲလ်ပဲ သုံးရင် အင်တာပရိုက်စ်လောကမှာ လုပ်စားဖို့ မလွယ်တာကြောင့် ဝင်းဒိုးနဲ့တော့ ကင်းကွာလို့ မဖြစ်ပါဘူး။ 

တကယ်တမ်းတော့ ပရိုဂရမ် ရေးရတာ သိပ်ခက်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ကွာလတီ ရှိတဲ့ ဆော့ဖ်ဝဲလ်ကို ရေးနိုင်ဖို့ ခက်တာပါ။ ကိုယ်ရေးထားတာ ဘယ်သူမှ နားမလည်၊ ဘယ်သူမှ ပြင်မရ၊ ကိုယ်တောင်မှ နောက်တစ်နှစ် လောက်နေ ပြန်ဖတ်ရင် ဘာတွေ ရေးထားမှန်း မသိဖြစ်နေမယ့် ပရိုဂရမ်မျိုး ရေးတတ်တဲ့ သူတွေလည်း ရှိပါတယ်။ အရှိန်ကို တစ်နာရီ မှာသွားတဲ့ မိုင်နှုန်း (miles per hour)နဲ့တိုင်း သလို  ဆော့ဖ်ဝဲလ် ကုတ်ဒ်ရဲ့ ကွာလတီကို WTF per minute နဲ့ တိုင်းတယ်လို့ ဆိုကြပါတယ်။ ဆော့ဖ်ဝဲလ်ထဲမှာ ရေးထားတဲ့ ကုတ်ဒ်ကို တစ်ခြား တစ်စုံတစ်ယောက်က ဖတ်မိရင် ပါးစပ်ကနေ တစ်မိနစ်ကို What the Fxxx ဘယ်နှစ်ခါ ရွတ်ရသလဲ ဆိုတဲ့ အတိုင်းအတာပါ။ ကုတ်ဒ်က ရှုပ်ပွနေလေ WTF များများ ရွတ်ရလေ ပါပဲ။ ဘတ်ဂ်ရှာတဲ့ အချိန် WTF/min မြင့်တဲ့ ဆော့ဖ်ဝဲလ်မျိုးနဲ့ တွေ့ရင်တော့ အတော် အကုသိုလ် များပါတယ်။  ဘတ်ဂ်မရှိတဲ့ ဆော့ဖ်ဝဲလ် ရေးဖို့ မဖြစ်နိုင်ပေမယ့် ဘတ်ဂ်ရှာဖို့ လွယ်တဲ့ ဆော့ဖ်ဝဲလ် တော့ ရေးဖို့ ဖြစ်နိုင်ပါသေးတယ်။

တစ်နေ့တစ်နေ့ ဘတ်ဂ်တွေ မွေးလိုက်၊ ဘတ်ဂ်တွေ သတ်လိုက်နဲ့ လုံးလည်ချာလည် လိုက်နေတဲ့ ပရိုဂရမ်မာ ဘဝမှာ အခု ဘလော့ခ်ပို့စ်ကလေး ရေးတာတောင် ဖိုင်းယားဖောက်စ်က ဘတ်ဂ်တက်ပြီး ကိုယ်ရေးနေတဲ့ပို့စ် တစ်ပိုင်းတစ်စ ပျောက်သွားတာကြောင့် ဩော်ဘတ်ဂ်ရယ်။ ဘတ်ဂ်နိုင်လွန်းတယ်လို့ပဲ ညည်းလိုက်ချင် ပါတော့တယ်။

Wednesday, March 21, 2012

ကရားဆူးတို့ပြည်

ကျွန်တော်တို့ စလုံးကို ရောက်ခါစ သက္ကရာဇ် ၂၀၀၀ မပြည့်တပြည့် အချိန်ကပါ။ တနင်္ဂနွေ ညတစ်ည ၉ နာရီလောက် မှာ သူငယ်ချင်းတွေနဲ့ အတူ ကော်ဖီသောက်ရင်း တော့ကီပွားဖို့ အိမ်နားက ဈေးထဲကို လမ်းလျှောက် ထွက်လာခဲ့ကြ ပါတယ်။ အဲဒီ ဈေးထိပ်မှာ မက်ဒေါ်လ်နယ် ဘာဂါဆိုင် တစ်ဆိုင် ရှိပါတယ်။ ဘာဂါဆိုင်ရှေ့မှာတော့ လူတွေ ဟိုနားတစ်စု သည်နားတစ်စု နဲ့ ထိုင်နေကြတာကို တွေ့ရ ပါတယ်။ တစ်ချို့က ပလက်ဖောင်းပေါ် အခင်းကလေးတွေ ခင်းပြီး ထိုင်နေသလို တစ်ချို့ကလည်း ဒီအတိုင်း ငုတ်တုပ် ထိုင်နေကြ ပါတယ်။ ခြေပစ်လက်ပစ် ထိုင်နေတဲ့သူတွေလည်း ရှိသလို ဂစ်တာ တီးနေတဲ့ သူလည်း ရှိပါတယ်။ မြန်မာပြည်မှာ လမ်းဘေး အဝတ်ခင်းပြီး ထိုင်တာ မထူးဆန်းပေမယ့် စင်ကာပူမှာတော့ လူတွေ လမ်းဘေး တန်းစီ ထိုင်နေတာ နည်းနည်း ထူးဆန်းတယ်လို့ ထင်ရ ပါတယ်။

သူတို့ ဘာလုပ်နေကြတာလဲလို့ ကျွန်တော်တို့ အချင်းချင်း ပြန်မေးကြပေမယ့် ဘယ်သူမှ ရေရေရာရာ မသိကြပါဘူး။ နာရီဝက်လောက် အကြာ ကျွန်တော်တို့ လက်ဖက်ရည်သောက်ပြီး ပြန်လာတော့ အဲဒီနေရာမှာ လူတွေ ပိုများ လာတာကို သတိထားမိ ပါတယ်။ မက်ဒေါ်လ်နယ်က မပိတ်သေးဘဲ အထဲက ကောင်တာမှာလည်း လူသိပ်မရှိတာမို့ ဘာဂါစားဖို့ တန်းစီ နေတာတော့ မဖြစ်လောက် ပါဘူး။ ဒီလိုနဲ့ သူတို့ ဘာလုပ် နေကြသလဲ ဆိုတာ ကျွန်တော်တို့ အချင်းချင်း ငြင်းကြခုံကြရင်းနဲ့ အိမ်ပြန် ရောက်လာခဲ့ ပါတယ်။

နောက်တစ်နေ့ မနက်တော့ ရှစ်နာရီ အတန်းရှိတာမို့ အိမ်ကနေ ၇ နာရီကျော်လောက် ထွက်လာခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ နေတဲ့ နေရာက ဘူကစ်ပန်ဂျန်း လို့ခေါ်တဲ့ နည်းနည်းချောင်ကျတဲ့ နေရာမှာ ပါ။ ကျွန်တော်တို့ ကျောင်းရှိတဲ့ ဒိုဗာ ကိုရောက်ဖို့ ၄၅ မိနစ်လောက် သွားရပါတယ်။ ကျွန်တော်တို့ ကျောင်းသွားရင် နိအန်း ပေါ်လီတက်ခနစ် အနားမှာ ကားတစ်ဆင့် ပြောင်းစီးရပါတယ်။ နိအန်းပေါ်လီနား ရောက်တော့ ကားတွေ ပိတ်နေတာနဲ့ ကားက တစ်လိမ့်ချင်း လိမ့်နေရ ပါတယ်။ ကားပေါ်ကနေ လမ်းဘေးကို လှမ်းကြည့်တော့ နိအန်းကျောင်းရဲ့ လမ်းတစ်ဖက်ခြမ်းက မက်ဒေါ်လ်နယ် ဆိုင်ရှေ့မှာ ကားတွေ အများကြီး တန်းစီနေကြတာ လှမ်းတွေ့ရပါတယ်။ အဲဒါကတော့ Drive-Thru လို့ခေါ်တဲ့ ကားမောင်းရင်း ဘာဂါ ဝယ်ရတဲ့ နေရာပါ။ မက်ဒေါ်လ်နယ်မှာ လူတွေ ဘာကို ဒီလောက်တောင် သည်းကြီးမည်းကြီး တန်းစီ ဝယ်နေရသလဲ ဆိုတာ ပဟေဠိ ဖြစ်နေ ပါပြီ။ ဒီလိုနဲ့ ပုံမှန် ၄၅ မိနစ်လောက်နဲ့ ရောက်တဲ့ ကျောင်းကို ၁ နာရီခွဲ ၂ နာရီလောက် ဘတ်စ်ကား စီးပြီးမှပဲ ရောက်ခဲ့ ပါတော့တယ်။

ကျောင်းရောက်တော့ နောက်ကျတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ အတန်းထဲမှာ ကျွန်တော့်လိုပဲ ကားပိတ်နေတာ ကြုံလို့ နှစ်ယောက် သုံးယောက် နောက်ကျ ကြပါတယ်။ အတန်းထဲ ရောက်မှ အတန်းထဲက စလုံး သူငယ်ချင်းတွေကို မက်ဒေါ်လ်နယ်မှာ ဘာဖြစ်နေသလဲ လို့ မေးကြည့်မိ ပါတယ်။ အဲဒီတော့မှပဲ ဇာတ်ရည်လည်ပါ တော့တယ်။ မက်ဒေါ်လ်နယ်မှာ ဟဲလိုကစ်တီ လို့ ခေါ်တဲ့ ကြောင်ရုပ်ကို တနင်္လာနေ့တိုင်း ရောင်းပါတယ်။ အဲဒီ အရုပ်က တစ်ပတ်ကို တစ်မျိုး မတူအောင် ရောင်းတာမို့ ဝယ်စုတဲ့ သူတွေက သဲကြီးမဲကြီး ဝယ်စုကြတဲ့ အကြောင်း၊ အရုပ်က အကန့်အသတ်နဲ့ ရောင်းတာမို့ မနက်ခင်း အရုပ်ရောင်းရင် မရလိုက်မှာ စိုးလို့ မက်ဒေါ်လ်နယ်ရှေ့မှာ ညအိပ် တန်းစီပြီး စောင့်ကြတဲ့ အကြောင်း သူငယ်ချင်း တစ်ယောက်က ရှင်းပြ ပါတယ်။ မက်ဒေါ်လ်နယ်မှာ တန်းစီဝယ်ရင်း မီးလ် ပါ အပါအဝင် ၁၀ ဒေါ်လာတောင် မကျတဲ့ အရုပ်တစ်ရုပ်ကို အပြင်မှာ ဒေါ်လာ ၅၀ နဲ့ ပြန်ပေးပြီး ဝယ်ကြတဲ့ အကြောင်းလည်း သူငယ်ချင်းက ပြန်ပြောပြပါတယ်။ နောက်တော့ ကျွန်တော့်ရဲ့ စလုံး သူငယ်ချင်းက ရယ်ရယ်မောမောနဲ့ ကရားဆူး ဆိုတာ ဒါပဲကွလို့ ပြောပါတယ်။

ကရားဆူး (Kiasu) ဆိုတာ စင်ကာပူမှာ သုံးတဲ့ ဗန်းစကားပါ။ သူများနောက် ကျန်နေခဲ့မှာကို ကြောက်တာ (afraid to lose) လို့ အဓိပ္ပာယ်ရပါတယ်။မနက်ခင်းမှ လာတန်းစီရင် ရရဲ့သားနဲ့ မရလိုက်မှာစိုးလို့ ညကတည်းက ညအိပ်ပြီး တန်းစီကြတာ ကရားဆူး စိတ်ဓာတ်ကို ပေါ်လွင်အောင် ပြတာပါ။ အဲဒါ အပြင် ကားရှိတဲ့ သူတွေကလည်း သူတို့ မရလိုက်မှာ စိုးလို့ ကားနဲ့ လာတန်းစီ ကြတဲ့အတွက် လမ်းတွေ ပိတ်တဲ့ အထိ ဖြစ်ကုန်ကြတာပါ။ စင်ကာပူမှာ သူ့ထက်ငါ အနိုင်မခံ အရှုံးမပေး ကရားဆူးကြတာ အထူးအဆန်း တော့လည်း မဟုတ်ပါဘူး။ ကလေး ပေါက်စနကို ကျောင်းကောင်းကောင်းမှာ ဝင်ခွင့်ရအောင် ကျောင်းရှေ့မှာ တိုကင်မပေးခင် ၃ ရက်လောက်လိုတဲ့ အချိန်ကတည်းက တဲထိုးပြီး စောင့်ကြမယ်။ တစ်ချို့ မိဘကလည်း ကလေးကို ကျောင်းကောင်းကောင်းမှာ ဝင်ခွင့် ရအောင် ကျောင်းနားနီးတဲ့ အိမ်တစ်အိမ်ကို တစ်လ နှစ်လ ပိုက်ဆံပေးပြီး ငှားမယ် ဆိုတာမျိုးတွေ လုပ်ကြပါတယ်။ အဲဒါအပြင် ကလေးတွေကို မူလတန်း ကျောင်းမတက်ခင် ကတည်းက အပြင်မှာ ကျူရှင်ပေါင်းစုံ ပို့ပြီး သူများ ကလေးထက် သာအောင် မောင်းတတ်ကြ ပါတယ်။

ကောက်ရိုးပုံစောင့်ခွေး ပုံပြင်ထဲကလို ကိုယ်လည်းမယူ သူများကိုလည်း မယူစေချင်တာ၊ လူအမြင် ကတ်စရာ ကောင်းအောင် ချစ်တီးကျပြီး ပေါချောင်ကောင်း နှိုက်ချင်တာ၊ ကိုယ်အဆင်ပြေဖို့ တစ်ခုတည်း အတွက် တခြားသူတွေ အဆင်မပြေ ဖြစ်မှာကို နည်းနည်းမှ ထည့်မတွက်တတ်တာ  စတဲ့ အမူအကျင့် တွေကိုလည်း ကရားဆူးတယ် ခေါ်ကြပါတယ်။ ကျွန်တော်တို့ ကျောင်းတက်နေတုန်းက ကြုံဖူးတဲ့ အဖြစ်တွေ ရှိပါတယ်။

ကျွန်တော်တို့ ကျောင်းစာကြည့်တိုက်က စင်ကာပူမှာ နည်းပညာ နဲ့ ပတ်သက်တဲ့  စာအုပ်တွေ အစုံဆုံး စာကြည့်တိုက် တစ်ခုပါ။ ဒါပေမယ့် နောက်ဆုံးပေါ် နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ် တစ်ချို့ကို ငှားချင်လို့ ရှာရင် ကွန်ပျူတာ ကက်တလောက် ထဲမှာ ငှားမထားဘူး ဆိုတာ ပြနေပေမယ့် စာအုပ်စင်မှာ သွားရှာရင် မရှိပါဘူး။ စာကြည့်တိုက်က ဝန်ထမ်းတွေကို အကူအညီ တောင်းပေမယ့် သူတို့လည်း ရှာမတွေ့ ပါဘူး။ စာကြည့်တိုက်က ဝန်ထမ်းတွေနဲ့ ရင်းနှီးလာတဲ့ အခါမှ သူတို့က ဘာဖြစ်တယ် ဆိုတာကို ပြောပြ ပါတယ်။ စာအုပ်ကို ငှားချင်တဲ့ သူတစ်ချို့က အပြင်ကို ငှားသွားရင် စာရင်းမှာ ငှားသွားတဲ့ အကြောင်း ပြတဲ့ အတွက် တခြားသူက အဲဒီစာအုပ်ကို ရီဆာ့ဗ် လုပ်လို့ ရပါတယ်။ နောက်လူတစ်ယောက် ရီဆာ့ဗ် လုပ်ထားရင် စာအုပ် ရက်ပြည့်သွားတဲ့ အချိန် သက်တမ်း ထပ်တိုးလို့ မရပါဘူး။ ပြန်မအပ်ရင် နောက်ကျတဲ့ ရက်တိုင်း အတွက် ဒဏ်ကြေး ပေးရတဲ့အပြင် တခြား စာအုပ် ထပ်ငှားလို့ မရပါဘူး။ အဲဒီတော့ သူတို့က စာအုပ်ကို အပြင်ကို ငှားမသွားဘဲ စာကြည့်တိုက်ထဲမှာပဲ အဲဒီ ဘာသာရပ်နဲ့ မဆိုင်တဲ့ နေရာက စာအုပ်စင် တစ်စင်မှာ ဖွက်ထားခဲ့ပါတယ်။ နောက်တော့ ဖတ်ချင်တဲ့ အချိန်မှ စာကြည့်တိုက်မှာ လာဖတ်တာပါ။ စာကြည့်တိုက်မှာ စာအုပ်ပေါင်း သောင်းချီ ရှိတာမို့ မဆိုင်တဲ့ စင်မှာ တင်ထားခဲ့ရင် နေရာ မသိတဲ့သူ တစ်ယောက် ပြန်ရှာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ တခြားသူလည်း ဖတ်လို့မရ၊ တခြားသူလည်း ငှားလို့မရ၊ သူတစ်ယောက်တည်း ဖတ်လို့ ရအောင် လုပ်ထားတာမို့ အတော့်ကို ဆိုးရွားတဲ့ အမူအကျင့် တစ်မျိုးပါပဲ။

မြို့ထဲက ဖုကော့ လို့ ခေါ်တဲ့ စားသောက်ဆိုင်တန်းတွေမှာ နေ့လည်စာ သွားစားရင်လည်း အဲဒီ ကရားဆူး စိတ်ဓာတ်ကို ပီပီပြင်ပြင် မြင်ရပါတယ်။  စားသောက်ဆိုင်တန်းမှာ နေရာဦးဖို့ အတွက် စားပွဲခုံပေါ်မှာ တစ်ရှူးထုပ် ကလေးတွေ တန်းစီပြီး ချထားတာကို မြင်ရတတ် ပါတယ်။ စားစရာ သွားမဝယ်ခင် လွတ်နေတဲ့ ခုံကို ရှာပြီး တစ်ရှူးထုပ်ချ နေရာဦးတတ် ပါတယ်။ တစ်ရှူးထုပ် အစား ထီးတို့ ပိုက်ဆံအိတ်တို့ ဖုန်းတို့ ချပြီး နေရာဦးခဲ့ရင် သူများ ခိုးရင် ပါသွားမှာမို့၊ နေရာလည်း ဦးရ၊ ခိုးသွားရင်လည်း တစ်ရှူးထုပ်က ပြားဂဏန်းပဲ တန်တာမို့ ပြဿနာ မရှိ ဆိုတော့ ထပ်ဆင့် ကရားဆူးတဲ့ နည်းပါ။

ဘတ်စ်ကား စီးရင်လည်း ကရားဆူးတဲ့ အမူအကျင့်တွေကို တွေ့ရပါတယ်။ ပြန်ဆင်းတဲ့ အချိန် ဆင်းရ လွယ်အောင် အထဲ မဝင်ဘဲ အပေါက်ဝမှာ ပြုံရပ်နေတာမျိုးပါ။ မြန်မာပြည်လို အလယ်ခေါင်မှာ ဆင်နှစ်ကောင် ဖင်ထောင်ကလို့ ရတယ် ပြောတတ်တဲ့ စပယ်ယာတွေလည်း မရှိ ဒတ်စတော့ အုပ်မယ့် ဒရိုင်ဘာလည်း မရှိတော့ အထဲကို မဝင်ကြပါဘူး။ တစ်ခါတစ်လေ မှတ်တိုင်မှာ ဘတ်စ်ကားပေါ် တက်ချင်တဲ့သူတွေ တစ်အုပ်ကြီး ရှိပေမယ့် အပေါက်ဝက လူတွေက အထဲ မဝင်တော့ ကားပေါ် တက်လို့ မရပါဘူး။ အလယ်ခေါင် ချောင်တဲ့ နေရာကို တိုးပြီး လမ်းပေါက်ကို ဖွင့်မပေးပဲ အပေါက်ဝ မှာပဲ ကားပေါ်တက်မယ့်သူတွေ ရှိနေတာကို မသိချင်ယောင် ဆောင်နေတတ်ကြ ပါတယ်။ အဲဒါအပြင် နှစ်ယောက်ထိုင် ခုံမှာ ဝင်ထိုင် ကြရင်လည်း ပြတင်းပေါက်နား ကပ်မထိုင်ဘဲ ဆင်းလို့လွယ်အောင် လူသွားလမ်းဘေးက ခုံမှာ ကပ်ထိုင်ကြ ပါတယ်။ အားလုံးနီးပါး အဲဒီလို ထိုင်နေကြတော့ နောက်ထပ် ထိုင်ချင်တဲ့သူတွေ အလွယ်တကူ ဝင်ထိုင်မရဘဲ ကသိကအောက် ဖြစ်ရပါတယ်။

ဘတ်စ်ကားစီးတဲ့ သူတွေတင် ကရားဆူးကြတာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ကားစီးတဲ့ သူတွေလည်း ကရားဆူးကြပါတယ်။ စင်ကာပူမှာ တော်ရုံတန်ရုံလူ ကိုယ်ပိုင်ကား မစီးနိုင်ပါဘူး။ မြန်မာ မီနီဆလွန်းလို့ ခေါ်ကြတဲ့ ချယ်ရီ ကျူကျူတစ်စင်းတောင် အခုပေါက်ဈေးနဲ့ ဒေါ်လာ ၈ သောင်းကျော် ရှိပါတယ်။ ဒါလည်း တသက်လုံး စီးလို့ ရတာ မဟုတ်ပါဘူး။ ၁၀ နှစ်ပဲ စီးလို့ ရတာပါ။ ကားကို အဆင့်အတန်း တစ်ခု အနေနဲ့ အဲဒီလောက် ဈေးကြီးပေးဝယ်စီး ပေမယ့် ကားနဲ့ ပတ်သက်ရင် ချစ်တီးကျ ကြပြန်ပါတယ်။ စင်ကာပူကနေ မလေးရှားကို သွားတဲ့ ဟိုင်းဝေးလမ်းပေါ်မှာ ဆီတိုင်ကီထဲမှာ  ဆီ ၄ ပုံ ၃ ပုံ မရှိရင် ဒဏ်ရိုက်မယ် ဆိုတဲ့ ဆိုင်းဘုတ်တွေ ရှိပါတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဘက် မလေးနိုင်ငံသား အင်ဂျင်နီယာ တစ်ယောက်က မလေးရှားမှာ အစိုးရက အထောက်အပံ့ ပေးထားတဲ့ အတွက် ဆီဖိုးက စင်ကာပူ ထက်စာရင် အများကြီး သက်သာတယ်။ အဲဒါကြောင့် မလေးရှားမှာ ဆီလာထည့်ကြလွန်းလို့ အဲဒီလို လုပ်ထားတာလို့ ပြောပြ ပါတယ်။ နောက်ပိုင်းတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရယ်စရာ အဖြစ်တွေ အများကြီး ကြားရ ပါတယ်။

စလုံးတွေ မလေးရှားမှာ ဆီထည့်ရင် ကားထဲကို ဆီ များနိုင်သမျှ များများ ဝင်အောင် ကားကို လှုပ်ကြ ပါတယ်။ စောင်းကြပါတယ်။ ကားကို လှုပ်လိုက်လို့ စောင်းလိုက်လို့ ဆီ ဘယ်လောက် ထပ်ထည့်လို့ ရမလဲတော့ မပြောတတ်ပါဘူး။ ဒါပေမယ့် ပြောပလောက်တဲ့ ပမာဏ မဟုတ်တာတော့ သေချာပါတယ်။ နောက်တော့ အကြံ အဖန်တွေ လုပ်ကြပါတယ်။ ဆီဂေ့ချ်ကို ပြင်ကြတာပါ။ ဆီဂေ့ချ်ပြင်ထားတဲ့ ကားမှာ ခလုတ် အပိုတစ်ခု ပါပါတယ်။ ကပ်စတန် ဖြတ်ခါနီး အဲဒီ ခလုတ်ကို နှိပ်လိုက်ရင်  ဆီဂေ့ချ်က အပြည့်နီးပါး ပြောင်းသွားတာပါ။ နောက်ပြန်ဖြုတ်လိုက်ရင် ပုံမှန် ပြန်ဖြစ်သွားပါတယ်။ အခုနောက်ပိုင်းတော့ အဲဒီ ဆီဂေ့ချ် ပြင်တာတွေ့ရင် ချက်ချင်း ဖမ်းချုပ်တာမို့ သိပ်မလုပ်ရဲကြ တော့ပါဘူး။

နောက်တစ်ခုက စင်ကာပူမှာ အီးအာရ်ပီ လို့ ခေါ်တဲ့ အီလက်ထရွန်းနစ် လမ်းကြေးကောက်တဲ့ ဂိတ်တံခါးတွေ ရှိပါတယ်။ မြို့ထဲအဝင်လမ်းတွေနဲ့ ဟိုင်းဝေး လမ်းမတွေပေါ်မှာ တပ်ထားလေ့ ရှိပြီး အဲဒီအောက်က ဖြတ်မောင်းသွားတဲ့ ကားတွေကို လမ်းကြေးဖြတ် ပါတယ်။ ပုံမှန်ဆိုရင် ရုံးတက် ရုံးဆင်းချိန်တွေမှာ ကောက်လေ့ ရှိပြီး ညနေဖက် ဆိုရင် ၈ နာရီ ၉ နာရီ အထိ ကောက်လေ့ ရှိပါတယ်။ အီးအာရ်ပီ ဂိတ်က ည ၈ နာရီ ပိတ်တယ် ဆိုရင် ကားအတော်များများက ၈နာရီ မထိုးခင် အီးအာရ်ပီနဲ့ မနီးမဝေးမှာ မယောင်မလည် ရပ်စောင့်နေလေ့ ရှိကြပါတယ်။ ၈ နာရီ ထိုးလို့ ဂိတ်ပိတ်သွားပြီ ဆိုမှ အဲဒီဂိတ်ကို ဖြတ်ကြပါတယ်။ တစ်ခါတော့ ဖေ့စ်ဘွတ်ခ်ထဲ မိတ်ဆွေ တစ်ယောက် ဝေမျှ ထားတဲ့ ပုံတစ်ပုံကို တွေ့လိုက်ရပါတယ်။ အဲဒီပုံမှာ အီးအာရ်ပီ ဂိတ်နဲ့ အဲဒီ အရှေ့မှာ ရပ်စောင့်နေတဲ့ သိန်းပေါင်းများစွာတန်တဲ့ ဇိမ်ခံကားတစ်စင်းရဲ့ ပုံကို ရိုက်ပြထားပြီး အောက်မှာတော့ "အော်။ ငါ့လို ကားအစုတ် စီးတဲ့သူပဲ ဒီ ၂ ဒေါ်လာ လောက်ကို နှမြော တတ်တယ် မှတ်တာ။ ဒီလို ဇိမ်ခံကား စီးတဲ့ကောင်တွေလည်း ငါ့လိုပါပဲလား။ အတော် ကရားဆူးကြတယ်။" လို့ ရေးထားတာပါ။ သူ့ရဲ့စာကို ဖတ်ပြီး ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်လိုက်မိ ပါတော့တယ်။

Tuesday, December 27, 2011

ဟိုတစ်စ ဒီတစ်စ ဟာသများ (၃)

မူးရင်မမောင်းနဲ့

လူတစ်ယောက်ဟာ ပါတီပွဲတစ်ခုမှာ အရက်သောက်ရင်း အမူးလွန် သွားပါတယ်။ သူ့ရဲ့ သူငယ်ချင်းတွေက အိမ်ပြန်လိုက်ပို့ပေးမယ် ပြောကြပေမယ့်လည်း သူ့အိမ်က တစ်မိုင်လောက်ပဲ ဝေးတယ် ကိစ္စမရှိဘူးလို့ သူက ငြင်းပါတယ်။

ပါတီပွဲကနေအပြန် တိုက် ၅ တိုက်လောက် အရောက်မှာတော့ ရဲက သူ့ကားကို တားပါတော့တယ်။ နောက်တော့ ရဲက သူ့ဆီကနေ လိုင်စင်တောင်းကြည့်ပြီး သူ့ကို ကားထဲကနေ အပြင်ဖက် ထွက်ပြီး လမ်းလျှောက် ခိုင်းပါတယ်။ သူလမ်းစ လျှောက်နေတုန်းမှာပဲ ရဲတွေရဲ့ ရေဒီယိုက အသံမြည်လာပြီး လမ်းဒေါင့်က အိမ်တစ်အိမ်မှာ ဓားပြမှု ဖြစ်နေတယ်လို့ သတင်းပို့တဲ့ အသံ ကြားလိုက်ရပါတယ်။ ရဲတွေက သူ့ကို သူတို့ လမ်းထောင့်က ဓားပြမှု ကိုသွားဖြေရှင်းပြီး ပြန်လာခဲ့မယ် ဒီနေရာမှာ စောင့်နေပါလို့ မှာထားခဲ့ပြီး လမ်းဒေါင့်ကို ပြေးသွားကြ ပါတယ်။

သူဟာ အဲဒီနေရာမှာ အကြာကြီး စောင့်နေပေမယ့် ရဲတွေ ပြန်မလာတာနဲ့ နောက်ဆုံးမှာ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူအိမ်ပြန်ရောက်တဲ့ အခါမှာတော့ သူ့မိန်းမကို သူအိပ်တော့မယ်။ တကယ်လို့ တစ်ယောက်ယောက်က သူ့ကို လာရှာခဲ့ရင် သူ တုပ်ကွေးမိနေလို့ တစ်နေကုန် အိပ်ရာထဲမှာ အိပ်နေတယ်လို့ ပြောဖို့ မှာထားခဲ့ပါတယ်။

နာရီအနည်းငယ် အကြာမှာတော့ ရဲတွေက သူ့အိမ်တံခါးကို လာခေါက်ပါတယ်။ သူတို့က မစ္စတာစမစ် ဒီမှာ ရှိသလားလို့ မေးတော့ သူ့မိန်းမက ရှိပါတယ်လို့ ပြန်ဖြေပါတယ်။ သူတို့က မစ္စတာ စမစ်နဲ့ တွေ့ချင်တယ် ပြောတော့ သူ့မိန်းမက သူတုပ်ကွေးမိနေလို့ တစ်နေကုန် အိပ်ရာထဲမှာ အိပ်နေတယ်လို့ ပြန်ဖြေလိုက် ပါတယ်။

ရဲတွေ ဆီမှာ သူ့ရဲ့ လိုင်စင်တွေက ရှိနေတုန်းပါ။ ရဲတွေက သူ့ကားကို ကြည့်ချင်တယ် ပြောတော့ သူ့မိန်းမက ဘာလို့ ကြည့်ချင်တာလဲလို့ ပြန်မေးပါတယ်။ ဒါပေမယ့် ရဲတွေက သူ့ကားကို ကြည့်ဖို့ အတင်းအကြပ် တောင်းဆိုတာနဲ့ သူ့မိန်းမက သူတို့ကို ကားဂိုဒေါင် ရှိတဲ့နေရာကို ခေါ်သွားပါတယ်။ သူမက ဂိုဒေါင်တံခါးကို ဖွင့်တဲ့ အချိန်မှာ ဂိုဒေါင်ထဲမှာ တွေ့လိုက်ရတာကတော့ ခေါင်မိုးပေါ်မှာ မီးရောင်တွေ တလက်လက်  လင်းနေဆဲ ဖြစ်တဲ့ ရဲကားကိုပါ။

သတင်းစာဆရာ 

လူတစ်ယောက်ဟာ တိရစ္ဆာန်ရုံထဲမှာ လမ်းလျှောက်လာတဲ့ အချိန် ကလေးမကလေး တစ်ယောက် ခြင်္သေ့လှောင်အိမ်ကို မှီနေတာကို မြင်လိုက်ရပါတယ်။ ရုတ်တရက် ဆိုသလိုပဲ ခြင်္သေ့က သူမ ဝတ်ထားတဲ့ ဂျာကင်ရဲ့ အနားစကို လှမ်းဆွဲလိုက်ပြီး ကလေးမလေးကို လှောင်အိမ်ထဲ ဆွဲသွင်းပြီး စားဖို့ လုပ်နေတာကို သူ လှမ်းတွေ့လိုက် ရပါတယ်။ ကလေးမကလေးရဲ့ မိဘတွေကတော့ လှောင်အိမ်ရှေ့မှာ အသံကုန်ခြစ်ပြီး အော်နေကြ ပါတယ်။

အဲဒီလူက လှောင်အိမ်ရဲ့ အနားကို ပြေးသွားပြီး ခြင်္သေ့ရဲ့ နှာနုကို လက်သီးနဲ့ ခပ်ပြင်းပြင်း ပိတ်ထိုး ထည့်လိုက်ပါတယ်။ နာသွားတဲ့ အတွက်ကြောင့် ခြင်္သေ့က နောက်ကို ခုန်ဆုတ်ပြီး ကောင်မလေးကို လွှတ်ပေးလိုက်ပါတယ်။ သူက ကောင်မလေးကို ကြောက်လန့်နေတဲ့ သူမ မိဘတွေဆီကို ပို့ပေးလိုက်ပါတယ်။

သတင်းသမား တစ်ယောက်က အဲဒီ မြင်ကွင်းကို အစအဆုံးမြင် လိုက်ပါတယ်။ နောက်တော့ သူက ကောင်မလေးကို ကယ်ဆယ်တဲ့သူကို ပြောပါတယ်။

"ဆရာ။ ဒါဟာ ကျွန်တော့်ဘဝမှာ ကြုံဖူးသမျှထဲက ယောက်ျားတစ်ယောက် ရဲ့ အရဲရင့်ဆုံး သူရဲကောင်း အဆန်ဆုံး အပြုအမူ တစ်ခုပါပဲ။"

"ဘာလို့လဲ။ ဒါမဖြစ်စလောက် ကိစ္စပါ။" လို့ အဲဒီလူက ပြန်ပြောပါတယ်။

"တကယ်ပါ။ ခြင်္သေ့က လှောင်အိမ်ထဲမှာ ရှိနေတယ်။ ဘုရားသခင်က ခြင်္သေ့လှောင်အိမ်ထဲက ဒင်နီယယ်ကို အကာအကွယ် ပေးခဲ့သလိုပဲ ကျုပ်ကိုလည်း အကာအကွယ် ပေးလိမ့်မယ် ဆိုတာ ကျုပ်သိတယ်။ အခု ကျုပ် ဒီကလေးမလေး အန္တရာယ် ဖြစ်နေတာ မြင်လိုက်ရတယ်။ အဲဒီအတွက် ကျုပ်မှန်တယ် ထင်တဲ့ ကိစ္စတစ်ခုကို လုပ်လိုက်တာပဲ။"

"ခင်ဗျား အိတ်ထဲမှာ သမ္မာကျမ်းစာအုပ်ကို တွေ့တယ်။ ခင်ဗျားက ရီပတ်ဘလစ်ကင်လား။" လို့ သတင်းစာ ဆရာက မေးပါတယ်။

"ဟုတ်ပါတယ်။ နောက်ပြီး ကျုပ် ခရစ်ယာန်ပါ။ အခု သမ္မာကျမ်းစာ သင်တန်းကို သွားမလို့။" လို့ အဲဒီလူက ပြန်ဖြေပါတယ်။

"ကောင်းပါပြီ။ ဒီအဖြစ်အပျက်ကို ဘယ်သူမှ မသိလိုက်ဘဲ ပျောက်ပျက်သွားတာမျိုး မဖြစ်စေရပါဘူး။ ကျွန်တော်က သတင်းစာ ဆရာပါ။ မနက်ဖြန် သတင်းစာမှာ ဒီသတင်းကို မျက်နှာဖုံး သတင်း အနေနဲ့ ပါလာစေရ ပါမယ်။" လို့ သတင်းစာ ဆရာက ပြောပြီး ထွက်သွားပါတယ်။

နောက်တစ်နေ့ မနက်မှာတော့ အဲဒီလူက သတင်းစာကို ဝယ်ပြီး မနေ့က သူလုပ်ခဲ့တဲ့ ကိစ္စ တကယ်ပဲ သတင်းစာထဲမှာ ပါလာသလားလို့ ကြည့်ပါတယ်။ ပထမဆုံး စာမျက်နှာမှာ ရေးထားတဲ့ သတင်းခေါင်းစဉ်ကတော့ "လက်ယာယိမ်းသူ ရီပတ်ဘလစ်ကင် ခရစ်ယာန် အခြေခံ ဝါဒီတစ်ဦးမှ အာဖရိကမှ ရွှေ့ပြောင်းလာသူအား တိုက်ခိုက်ပြီး သူ၏ နေ့လည်စာကို လုယူလိုက်ခြင်း" လို့ပဲ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ကားမောင်းခြင်း

အမေရိကားကို အလည်လာတဲ့ ပုပ်ရဟန်းမင်းကြီးကို လာကြိုတဲ့ ကားဒရိုင်ဘာဟာ ပုပ်ရဟန်းမင်းကြီးရဲ့ အထုတ်အပိုးတွေကို ဇိမ်ခံကားထဲကို ထည့်ပြီးတဲ့အချိန်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ ပလက်ဖောင်းပေါ်မှာ ရပ်နေတာကို သတိထားလိုက်မိပါတယ်။

ဟုတ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက ပလက်ဖောင်းပေါ်မှာ ရပ်နေဆဲပါ။

"ကျေးဇူးပြုပြီး အထဲ ဝင်ထိုင်ပါ ပုပ်ရဟန်းမင်းကြီး ခင်ဗျာ။ ကျွန်တော်တို့ သွားလို့ ရပါပြီ။" လို့ ဒရိုင်ဘာက ပြောပါတယ်။

အဲဒီတော့ ပုပ်ရဟန်းမင်းကြီးက "အင်း။ အမှန်အတိုင်း ပြောရရင်တော့ သူတို့ ငါ့ကို ဗာတီကန်မှာတုန်းက ဘယ်တော့မှ ကားပေးမမောင်းဘူး။ ဒီနေတော့ ကျုပ် ကားမောင်းချင်တယ်။"လို့ ပြောပါတယ်။

"အဲဒီလို လုပ်လို့ မဖြစ်ပါဘူး ခင်ဗျာ။ ကျွန်တော် အလုပ်ပြုတ်ပါလိမ့်မယ်။ တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မှာလဲ။" လို့ ဒရိုင်ဘာက ကန့်ကွက်ပါတယ်။ သူ့စိတ်ထဲမှာတော့ ဒီနေ့ အလုပ်မဆင်းမိရင် အကောင်းသားလို့ တွေးနေမိပါတယ်။

"ရပါတယ်။ မင်းကို မထိခိုက်စေရပါဘူး။" လို့ ပုပ်ရဟန်းမင်းကြီးက ပြန်ပြောပါတယ်။

ဒရိုင်ဘာက တွန့်ဆုတ် တွန့်ဆုတ်နဲ့ နောက်ခန်းထဲ ဝင်လိုက်ပြီး ပုပ်ရဟန်းမင်းကြီးကတော့ ယာဉ်မောင်းသူ နေရာမှာ ထိုင်လိုက်ပါတယ်။

လေဆိပ်ကနေ ထွက်လာပြီးတဲ့ အချိန်မှာတော့ ဒရိုင်ဘာဟာ အတော်နောင်တ ရသွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပုပ်ရဟန်းမင်းကြီးက ကားကို တစ်နာရီ ၁၀၅မိုင်နှုန်း အထိ အရှိန်တင်ပြီး မောင်းနေလို့ပါ။

"ဖြည်းဖြည်းမောင်းပါ အရှင်။" လို့ ဒရိုင်ဘာက တောင်းပန်ပါတယ်။ ဒါပေမယ့် ပုပ်ရဟန်းမင်းကြီးက အဲဒီ အရှိန်နဲ့ ဆက်ပြီး မောင်းနေတာ နောက်ဆုံးမှ ရဲ ဆိုင်ကယ်ရဲ့ ဥဩဆွဲသံကို သူတို့ ကြားရတဲ့ အချိန်အထိပါပဲ။

"ဘုရားသခင်။ သွားပါပြီ။ ကျွန်တော့် လိုင်စင်တော့ အသိမ်းခံရပါပြီ။" လို့ ဒရိုင်ဘာက ညည်းလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးက ကားကို လမ်းဘေးဆွဲချလိုက်ပါတယ်။ ရဲက ကားနားကပ်လာတဲ့ အချိန်မှာတော့ သူက သူ့ရဲ့ ဘေးက မှန်တံခါးကို ချလိုက်ပါတယ်။ ဒါပေမယ့် ရဲက သူ့ကို တစ်ချက်ကြည့်ပြီး သူ့မော်တော်ဆိုင်ကယ် ဆီကို ပြန်လျှောက် သွားပါတယ်။ နောက်ပြီး သူ့ရဲ့ ရေဒီယိုကို ဖွင့်လိုက်ပါတယ်။ ဟိုဘက်က ပြန်ထူးသံ ကြားတဲ့ အချိန်မှာ ရဲသားက "ငါ ရဲမှူးနဲ့ စကားပြောချင်တယ်။"လို့ ပြောလိုက်ပါတယ်။
 ရဲမှူးက ရေဒီယိုကို ပြန်ထူးတဲ့ အချိန်မှာတော့ ရဲသားက သူ တစ်နာရီ ၁၀၅ မိုင်နှုန်းနဲ့ မောင်းလာတဲ့ ဇိမ်ခံကား တစ်စင်းကို တားလိုက်တဲ့ အကြောင်း ပြောပြပါတယ်။

"အဲဒါဆိုလည်း ဖမ်းလိုက်လေ။"လို့ ရဲမှူးက ပြောပါတယ်။

"ကျွန်တော်တို့ ဖမ်းလို့ မဖြစ်ဘူးထင်တယ်။ ကားထဲမှာ ပါတဲ့သူက တကယ့်ကို အရေးကြီးတဲ့ ပုဂ္ဂိုလ်"လို့ ရဲသားက ပြန်ပြောပါတယ်။

"တခြား အကြောင်းရော ရှိသေးလား။"လို့ ရဲမှူးက မေးပါတယ်။

"မရှိဘူး။ ဒါပေမယ့် အဲဒီကားပေါ်ပါတဲ့သူက တကယ့်ကို အရေးကြီးတဲ့ ပုဂ္ဂိုလ်မို့ပါ။" လို့ ရဲက ထပ်ပြောပါတယ်။

ရဲမှူး။  ။ "မင်းအခု တားလိုက်တာ ဘယ်သူလဲ။ မြို့တော်ဝန်လား။"

ရဲသား။ ။ "မဟုတ်ဘူး။ သူ့ထက် မြင့်တယ်။"

ရဲမှူး။ ။ "ပြည်နယ် အုပ်ချုပ်ရေးမှူးလား။"

ရဲသား။ ။ "မဟုတ်သေးဘူး။ သူ့ထက် မြင့်သေးတယ်။ "

ရဲမှူး။ ။" ကောင်းပြီ။ အဲဒါဆို ဘယ်သူလဲ။"

ရဲသား။ ။ "ကျွန်တော်တော့ ဘုရားသခင်လို့ ထင်တယ်။"

ရဲမှူး။ ။"နေပါဦး မင်းက ဘာလို့ ဘုရားသခင်လို့ ထင်ရတာလဲ။"

ရဲသား။ ။ "ဇိမ်ခံကားရဲ့ ဒရိုင်ဘာက ပုပ်ရဟန်းမင်းကြီးလေ။ "  
 
သတ်သေမှာလား

ပုံသဏ္ဍာန် ကြမ်းကြမ်းတမ်းတမ်း ရှိတဲ့ စက်ဘီးသမား တစ်စု စက်ဘီးစီးလာတဲ့ အချိန်မှာ ​ကောင်မလေး တစ်ယောက် တံတားပေါ်က ခုန်ချဖို့ ပြင်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီအတွက် သူတို့ ရပ်လိုက်ကြပါတယ်။

သူတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ခန္ဓာကိုယ် ခပ်တောင့်တောင့်လူက သူ့စက်ဘီးပေါ်က ဆင်းပြီး ကောင်မလေးကို စကားလှမ်းပြောနေပါတယ်။

"မင်းဘာလုပ်နေတာလဲ။"

"ကျွန်မ ကိုယ့်ဘာသာကိုယ် သတ်သေမလို့။" လို့ သူမက ပြန်ပြောပါတယ်။

တကယ်တမ်းတော့ သူ့အနေနဲ့ ဂရုမစိုက်ပေမယ့် ရှိနေတဲ့ အခွင့်အရေးကို လက်လွတ်မခံချင်တာကြောင့် သူက မေးလိုက်ပါတယ်။
"ကောင်းပြီ။ မင်းခုန်မချခင် ငါ့ကို မနမ်းချင် ဘူးလား။"
သူမက သူ့ကို နမ်းလိုက်ပါတယ်။ အဲဒီလို နမ်းလိုက်တာဟာ တကယ့်ကို မက်မက်မောမောနဲ့ အကြာကြီးပါ။
သူမ သူ့ကို နမ်းပြီးသွားတဲ့ အချိန်မှာတော့ စက်ဘီးသမားက ပြောပါတယ်။
"တကယ်ပဲ။ ဒါဟာ ငါ့ဘဝမှာ ကြုံဖူးသမျှ ထဲက အကောင်းဆုံး အနမ်းပဲ။ မင်းအနေနဲ့ မင်းမှာ ပါလာတဲ့ ပါရမီကို အလဟသ ဖြုန်းမပစ်သင့်ဘူး။ မင်းအနေနဲ့ အများကြီး ဖြစ်နိုင်သေးတာပဲ။ ဘာဖြစ်လို့ မင်းသတ်သေမှာလဲ။"
"ကျွန်မရဲ့ မိဘတွေက ကျွန်မ မိန်းကလေးတစ်ယောက်လို ဝတ်တာကို သဘောမကျဘူး။"
 
သူချစ်တာ

လူတစ်ယောက်ဟာ သူ့အိမ်ရဲ့ ဝရန်တာမှာ သူ့မိန်းမနဲ့ အတူ ထိုင်ရင်း  ဘီယာ သောက်နေပါတယ်။ နောက်တော့ သူက ပြောလိုက်ပါတယ်။
"မင်းကိုငါချစ်တယ်။"
သူ့မိန်းမက ပြန်မေးပါတယ်။ "အဲဒီစကားက ရှင်ပြောနေတာလား။ ဘီယာက ပြောနေတာလား။"
သူက ပြန်ဖြေပါတယ်။ "ငါပြောနေတာ။ ဒါပေမယ့် ဘီယာကို ပြောနေတာ။"
 
ညစ်ညစ်ပတ်ပတ် ဟာသ

"မင်း ညစ်ညစ်ပတ်ပတ် ဟာသ ကြားချင်သလား။"

"ပြော။ ဘာလဲ။"

"တစ်ခါက မြင်းဖြူကြီးတစ်ကောင် ဗွက်ထဲ ပြုတ်ကျသွားတယ်။

တက္ကဆပ်မှာလို ဖြစ်သွားချင်သလား

ကောင်းဘွိုင်တစ်ယောက်ဟာ အရက်ဆိုင်တစ်ဆိုင်မှာ သောက်ဖို့အတွက် ရပ်လိုက်ပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းတာက အဲဒီအရက်ဆိုင်မှာ သူစိမ်းတွေရဲ့ ပစ္စည်းတွေကို ခိုးယူသူတွေ ရှိတတ်ပါတယ်။ ကောင်းဘွိုင်ဟာ အရက်သောက်ပြီး ပြန်ထွက်လာတဲ့ အချိန်မှာတော့ သူ့မြင်း ပျောက်သွားတာကို သိလိုက်ရပါတယ်။

သူက ဘားထဲကို ပြန်ဝင်သွားပြီး သေနတ်ကို လေထဲကို ပစ်မြှောက်လိုက်ပါတယ်။ နောက်တော့ မကြည့်ဘဲ ခေါင်းပေါ်မှာ ပြန်ဖမ်းပြီး မျက်နှာကြက်ကို သေနတ်နဲ့ တစ်ချက် ပစ်ထည့်လိုက်ပါတယ်။

"ဘယ်ကောင် ငါ့မြင်းကို ခိုးသွားတာလဲကွ။" သူက အသံကျယ်ကျယ်နဲ့ အော်ပါတယ်။

ဘယ်သူမှ ပြန်မဖြေ ကြပါဘူး။

"ကောင်းပြီ။ ငါ နောက်တစ်ခွက် ထပ်သောက်မယ်။ ငါပြီးတဲ့ အချိန်မှာ မြင်းအပြင်ဘက်မှာ ပြန်ရောက် မနေရင်တော့ တက္ကဆပ်မှာ ငါလုပ်သလို လုပ်မယ်။ ငါတက္ကဆပ်မှာ တုန်းကလို မလုပ်ချင်ဘူးနော်။"

ဒေသခံတွေက ကောင်းဘွိုင် အဲဒီလို ပြောတာ ကြားတော့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါတယ်။ ကောင်းဘွိုင်ဟာ သူ့စကားအတိုင်း နောက်တစ်ခွက် ထပ်သောက်ပြီး အပြင်ကို ထွက်သွားပါတယ်။ အဲဒီအခါမှာတော့ သူ့မြင်းကို နေရာတကျ ပြန်တွေ့လိုက်ရပါတယ်။ သူက ကုန်းနှီးကို ပြင်ပြီး မြို့ထဲကနေ ဆက်ထွက်ဖို့ ပြင်ပါတယ်။ အရက်စပ်တဲ့သူက ကောင်းဘွိုင်ရဲ့ နောက်ကနေ ဘားအပြင်ဘက်ကို လိုက်သွားပါတယ်။ နောက်တော့ သူက ကောင်းဘွိုင်ကို စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်ပါတယ်။

"မိတ်ဆွေ။ ခင်ဗျားမသွားခင် ပြောခဲ့ပါ။ တက္ကဆပ်မှာ ဘာဖြစ်သွားသလဲ။"

ကောင်းဘွိုင်က နောက်ကို လှည့်ပြီး ပြောလိုက်ပါတယ်။ "ကျုပ်အိမ်ကို လမ်းလျှောက် ပြန်ရတာပေါ့။"

Thursday, December 22, 2011

ဟိုတစ်စ ဒီတစ်စ ဟာသများ (၂)

လက်ခုပ်တီးတဲ့သူ

ဒေါ်အောင်ဆန်းစုကြည် အတွက် "Walk On" ဆိုတဲ့ သီချင်းနဲ့ ရေးသားသီဆို ဂုဏ်ပြုခဲ့ဖူးတဲ့ ကမ္ဘာကျော် တေးဂီတ အဖွဲ့ U2 ကို ကြားဖူးကြမှာပါ။ ယူတူး အဖွဲ့ရဲ့ ခေါင်းဆောင်အဆိုတော် ဘိုနိုဟာ သူ့ကိုယ်သူ တခြားသူတွေထက် ပိုပြီး စိတ်ထားမြင့်တဲ့သူအဖြစ် အထင် ရောက်တတ်တယ်လို့ ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲမှာ သိကြပါတယ်။

တစ်ခါတော့ စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့မှာ ယူတူးအဖွဲ့ရဲ့ ဂီတဖျော်ဖြေပွဲ တစ်ခု လုပ်ပါတယ်။ အဲဒီပွဲမှာ ဘိုနိုက ပရိသတ်အားလုံးကို လုံးဝ ငြိမ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

အားလုံး ငြိမ်ကျသွားတဲ့ အချိန်မှာတော့ ဘိုနိုက စက္ကန့် အနည်းငယ်စီ ခြားပြီး လက်ခုပ်ကို တစ်ချက်ချင်း  ဖြည်းဖြည်းချင်း တီးပါတော့တယ်။ ပရိသတ်တွေ ငြိမ်နေတဲ့ အချိန်မှာပဲ သူက မိုက်ခရိုဖုန်းကနေ တဆင့် အခုလို ပြောလိုက်ပါတယ်။

"ကျွန်တော့်ရဲ့ လက်ခုပ်သံ တစ်ချက်တိုင်းမှာ အာဖရိက မှာရှိတဲ့ ကလေးငယ် တစ်ယောက် သေဆုံး နေပါတယ်။"

အဲဒီအချိန်မှာပဲ တိတ်ဆိတ်နေတဲ့ လူအုပ်ရဲ့ အရှေ့က စကော့တလန်လေသံ ဝဲဝဲနဲ့ အသံတစ်သံ ထွက်လာပါတယ်။

"အဲဒါဆိုလည်း မင်း လက်ခုပ် ဆက်မတီးပါနဲ့တော့လား မိစ္ဆာကောင် မျိုးမစစ်ရဲ့။"

ယုံကြည်မှု ရှိပါ

နိုင်ငံပေါင်းစုံမှာရှိတဲ့ ကုမ္ပဏီ အသီးသီးက အမှုဆောင် အရာရှိချုပ် အယောက် ၂၀ ဟာ လေယာဉ်ပျံ တစ်စင်းပေါ်ကို ဖိတ်ကြား ခံခဲ့ရပါတယ်။ လေယာဉ်ပျံပေါ် ရောက်တော့ ဒီလေယာဉ်ပျံဟာ ကမ္ဘာမှာ ပထမဆုံး မောင်းသူမဲ့ ဝန်ထမ်းမဲ့ လေယာဉ်ပျံ ဖြစ်ကြောင်း သူတို့ကို ပြောပြပါတယ်။

နောက်တော့ အမှုဆောင် အရာရှိချုပ် တစ်ယောက်ချင်းစီကို သီးသန့်တွေ့ဆုံပြီး ဒီလေယာဉ်ပျံရဲ့ အလိုအလျောက် မောင်းနှင်စနစ်မှာ သူ့ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲလ်ကို သုံးထားကြောင်း ပြောပြပါတယ်။ အမှုဆောင် အရာရှိချုပ် ၁၉ ယောက်ဟာ အကြောင်းအမျိုးမျိုး ပြပြီး လေယာဉ်ပေါ်ကနေ ချက်ချင်း ဆင်းသွားကြ ပါတယ်။ မလေးရှားက အမှုဆောင် အရာရှိချုပ် တစ်ယောက်ပဲ လေယာဉ်ပေါ်မှာ ကျန်နေခဲ့ပြီး သူကတော့ လုံးဝ စိုးရိမ်တဲ့ ပုံစံ မပြပါဘူး။

ပထမဆုံး မောင်းသူမဲ့ လေယာဉ်ကိုစီးဖို့အတွက် ဘာဖြစ်လို့ သူ့မှာ ယုံကြည်မှုအပြည့် ရှိရတာလဲလို့ သူ့ကို မေးတော့ သူက ပြန်ဖြေပါတယ်။ "ဒီလေယာဉ်ပျံကို မောင်းဖို့ ဆော့ဖ်ဝဲလ်က ငါ့ကုမ္ပဏီရဲ့ အိုင်တီဌာနက ရေးတာ မှန်ရင်တော့ ဒီလေယာဉ်ပျံ လေပေါ်ကိုတောင် ရောက်မှာ မဟုတ်ဘူး။"

ကိုယ့်ကုမ္ပဏီကိုယ် ယုံကြည်မှု အပြည့်အဝရှိတယ် ဆိုတာ ဒါမျိုးပါပဲ။

ရှားလော့ဟုမ်း အမေ

မိုက်ကယ်က သူ့အမေကို အိမ်မှာ ညစာ လာစားဖို့ ခေါ်ပါတယ်။ ညစာစားနေတုန်းမှာ သူ့အမေက မိုက်ကယ့်ရဲ့ အခန်းဖော်က အတော်ချောတယ် ဆိုတာကို သတိပြုမိပါတယ်။ သူမအနေနဲ့ မိုက်ကယ်နဲ့ သူ့ အခန်းဖော်ရဲ့ ဆက်ဆံရေးကို သံသယ ဖြစ်နေခဲ့တာ ကြာပါပြီ။ အခုလို တွေ့လိုက်ရတော့ သူမအနေနဲ့ ပိုပြီး သိချင်လာပါတယ်။

တစ်ညနေလုံး သူတို့ နှစ်ယောက် ပြောဆိုဆက်ဆံနေပုံကို တွေ့ပြီးတဲ့ နောက်မှာတော့ သူမအနေနဲ့ သူတို့ကြားက ဆက်ဆံရေးဟာ သာမန်ထက် ပိုနေမလားလို့ တွေးမိလာပါတယ်။ သူ့အမေ ဘာတွေးနေတယ် ဆိုတာကို ရိပ်မိတဲ့ မိုက်ကယ်က "အမေ ဘာတွေးနေသလဲ ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ကျွန်တော်နဲ့ ဂျိုအန်း နှစ်ယောက်ကြားက ဆက်ဆံရေးဟာ အခန်းဖော် ဆိုတာထက် မပိုဘူးလို့ အမေ့ကို အတိအကျ ပြောနိုင်ပါတယ်။" လို့ သူ့အမေကို ပြောပါတယ်။

တစ်ပတ်လောက် ကြာတော့ ဂျိုအန်းက မိုက်ကယ့်ကို မေးပါတယ်။
"ရှင့်အမေ လာသွားပြီးကတည်းက ကျွန်မ ငွေရောင်ဇွန်း လှလှ ကလေးကို မတွေ့တော့ဘူး။ ရှင် သူယူသွားတယ်လို့ ထင်သလား။"

မိုက်ကယ်က "အင်း။ ငါလည်း အဲဒီလိုထင်တယ်။ ပိုပြီး သေချာအောင် ငါ့အမေကို စာရေးပြီး မေးလိုက်ပါဦးမယ်။" လို့ ပြန်ပြောပါတယ်။

မိုက်ကယ်က သူ့အမေဆီကို စာရေးပါတယ်။
"အမေ။ အမေ ကျွန်တော့်အိမ်က ငွေရောင် ဇွန်းလှလှကလေး တစ်ချောင်းကို ယူသွားသလား ယူမသွားဘူးလားတော့ မပြောတတ်ဘူး။ ဒါပေမယ့် အချက်အလက် အရတော့ အမေလာသွားပြီး ကတည်းက ဒီဇွန်းက ပျောက်နေတယ်။"

နောက်ထပ် ရက်အနည်းငယ် အကြာမှာ သူ့အမေဆီကနေ စာပြန်လာပါတယ်။ "သား။ မင်း ဂျိုအန်းနဲ့ အတူ အိပ်သလား မအိပ်ဘူးလားတော့ အမေ မပြောတတ်ဘူး။ ဒါပေမယ့် အချက်အလက် အရတော့ တကယ်လို့ ဂျိုအန်းသာ သူ့အိပ်ရာမှာသူ သူအိပ်တယ် ဆိုရင် အခု မင်းတို့ ဇွန်းကို ရှာတွေ့လောက် ပါပြီ။ ချစ်တဲ့ အမေ။"

ကပ်စတန်မာ ဆားဗစ်

ဗာဂျင် လေကြောင်းလိုင်းရဲ့ ဘိုးအင်း ၇၆၇ လေယာဉ်ပျံတွေ ဆက်လက်ပြီး မပျံသန်းတော့ တဲ့အတွက် ဖျက်သိမ်းလိုက်ရတဲ့ လေယာဉ်ခရီးစဉ်တွေထဲမှာ လူများတဲ့ လေယာဉ်ခရီးစဉ်တစ်ခုလည်း ပါပါတယ်။ အဆင်မပြေ ဖြစ်နေတဲ့ ခရီးသည်တွေကို လေကြောင်းလိုင်း ဝန်ထမ်း တစ်ယောက်တည်းကနေ​ တခြား လေကြောင်း ခရီစဉ်တွေမှာ ပြန်ပြီး ဘွတ်ကင် လုပ်ပေးနေရတော့ တန်းစီနေတဲ့ လူတန်းက အရှည်ကြီး ဖြစ်နေပါတယ်။ ရုတ်တရက် ဆိုသလိုပဲ ဒေါသဖြစ်နေတဲ့ ကပ်စတန်မာ တစ်ယောက်က လူအားလုံးကို ကျော်ပြီး စားပွဲရှေ့ကို ရောက်လာ ပါတယ်။
"ငါဒီလေယာဉ်ခရီးစဉ်နဲ့ လိုက်ရမှ ဖြစ်မယ်။ ပထမတန်းကနေ လိုက်ရမှ ဖြစ်မယ်။"  လို့ သူက ပြောပါတယ်။

ဝန်ထမ်းက ပြန်ပြောပါတယ်။ "ဆောရီးပါ ဆရာ။ ကျွန်မ အနေနဲ့ ရှင့်ကို ကူညီဖို့ ကြိုးစားပေးပါ့မယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ ဒီခရီးသည်တွေကို အရင် အကူအညီ ပေးရပါလိမ့်မယ်။ ကျွန်မတို့ တစ်ခုခုတော့ စီစဉ် ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။"

သူက ကျေနပ်ပုံ မရပါဘူး။ သူ့နောက်က လူတွေ အားလုံး ကြားရအောင် သူက အသံကျယ်ကျယ်နဲ့ ထပ်ပြောပါတယ်။
"ငါ ဘယ်သူလဲ ဆိုတာ မင်းသိရဲ့လား။"

ဝန်ထမ်းက တုံ့ဆိုင်းမနေဘဲ သူ့ကို ပြုံးပြပြီး ကြေငြာချက် ထုတ်တဲ့ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက် ပါတယ်။
"ကျေးဇူးပြုပြီး နားဆင်ပါရှင်။ ကျေးဇူးပြုပြီး နားဆင်ပါရှင်။" ဆိုပြီး သူမ စပြောတော့ သူမရဲ့ အသံကို လေဆိပ် တာမင်နယ် တစ်ခုလုံးကနေ ပီပီသသ ကြားရပါတယ်။

"ကျွန်မတို့ရဲ့ ဂိတ်အမှတ် ၁၄ မှာ သူ့ကိုယ်သူ ဘယ်သူမှန်း မသိတဲ့ ခရီးသည် တစ်ယောက် ရောက်နေပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်ကများ သူဘယ်သူလဲဆိုတာကို ပြောပြပေးနိုင်မယ် ဆိုရင် ဂိတ်အမှတ် ၁၄ ကို ကျေးဇူးပြုပြီး လာခဲ့ပေးပါ။"

သူ့အနောက်မှာ ရပ်နေတဲ့ သူတွေက ခွက်ထိုးခွက်လန် ရယ်ကြတဲ့ အခါမှာတော့ အဲဒီလူက ဗာဂျင် လေကြောင်းလိုင်းက ဝန်ထမ်းကို စူးစူးရဲရဲကြည့် အံကြိတ်ပြီး "F*** You!" လို့ ဆဲလိုက်ပါတယ်။

ဝန်ထမ်းက မျက်နှာတစ်ချက်မှ မမဲ့ဘဲ ပြုံးပြီး ပြန်ပြောပါတယ်။
"ဆောရီးပါ ဆရာ။ အဲဒီအတွက်လည်း တန်းစီရပါလိမ့်မယ်။"

အဆောင်ကူး

ကောလိပ်ကျောင်းရဲ့ ပထမနေ့မှာ ဆရာကြီးက ကျောင်းသားတွေကို အမှာစကား ပြောရင်း စည်းကမ်းချက် တစ်ချို့ကို ပြောပြပါတယ်။

"မိန်းကလေးဆောင်ကို ယောက်ျားလေးတွေ ဝင်ခွင့် မရှိဘူး။ ယောက်ျားလေးဆောင်ကို မိန်းကလေးတွေ ဝင်ခွင့် မရှိဘူး။ ဒီစည်းကမ်း ချိုးဖောက်တဲ့သူကို မိရင် ပထမဆုံး အကြိမ် အနေနဲ့ ဒဏ်ငွေ ဒေါ်လာ ၂၀ ရိုက်မယ်။"

သူက ဆက်ပြောပါတယ်။ "တကယ်လို့ ဒုတိယ အကြိမ် ထပ်ပြီး မိရင် ဒဏ်ငွေ ဒေါ်လာ ၆၀ ရိုက်မယ်။ တတိယ အကြိမ် ထပ်ပြီး မိရင် ဒေါ်လာ ၁၂၀ ရိုက်မယ်။ မေးစရာ ရှိလား။"

အဲဒီအချိန်မှာ ကျောင်းသားတစ်ယောက်က ထမေးပါတယ်။
"လပေးဆိုရင် ဘယ်လောက်ကျပါမလဲ ဆရာကြီး။"

(အင်တာနက်ပေါ်မှာ ဖတ်မိတဲ့ ဟာသတွေကို ဘာသာပြန်ထားတာပါ။)

Sunday, November 13, 2011

ကြုံရဆုံရ Technical Support ဘဝ (၂)

တစ်ခါက ကျွန်တော် အလုပ်ထဲမှာ ပြဿနာ အကြီးကြီး တစ်ခုနဲ့ တွေ့ပါတယ်။ အဖြစ်က ဒီလိုပါ။ အလုပ်ထဲမှာ ကျွန်တော်တို့ကို စမ်းချင်ရာ စမ်းဖို့ ၊ ကလိချင်သလို ကလိဖို့ ကွန်ပျူတာ တစ်လုံး ပေးထားတာ ရှိပါတယ်။ တစ်နေ့တော့ အဲဒီကွန်ပျူတာက ဟန်း သွားလို့ Restart ပြန်လုပ်ရပါတယ်။ Restart လုပ်ပြီးတော့ ကွန်ပျူတာမှာ လော့အင် ပြန်ဝင်ဖို့ ကီးဘုတ်ရှာတော့ မတွေ့တော့ ပါဘူး။ ကီးဘုတ်ကို ဘယ်ကောင် ဖြုတ်ယူသွားသလဲ မသိပါဘူး။ အဲဒါနဲ့ အိုင်တီ ဌာန ကိုဖုန်းဆက်ပြီး ကီးဘုတ် အပိုတစ်ခုလောက် ငှားဖို့ လှမ်းပြောလိုက်ပါတယ်။ ခဏနေတော့ အိုင်တီဌာနက တစ်ယောက် ကီးဘုတ်ကလေး တစ်ခုနဲ့ ရောက်လာပါတယ်။ ကီးဘုတ်ကို ကွန်ပျူတာမှာ ထိုးကြည့်တော့ အလုပ်မလုပ်ပါဘူး။


PS2 Connector
ကျွန်တော့် စိတ်ထင်တော့ ပီအက်စ်တူး ဖြစ်နေလို့ ထင်ပါတယ်။ ပီအက်စ်တူး ခေါင်း အဝိုင်း ကလေးတွေက ယူအက်စ်ဘီလိုမျိုး မဟုတ်ပါဘူး။ ကွန်ပျူတာ မဖွင့်ခင် တတ်ထားရင် ကီးဘုတ်သုံးလို့ရပေမယ့် ကွန်ပျူတာ ဖွင့်ပြီးမှ ထိုးထည့်ရင် မရတတ်ပါဘူး။ အဲဒါနဲ့ ကျွန်တော် ကွန်ပျူတာကို နောက်တစ်ကြိမ် Restart လုပ်ဖို့ လုပ်နေတုန်းမှာပဲ အိုင်တီက ကီးဘုတ် လာပို့တဲ့သူက "မင်းကြည့်ကွာ။ ကွန်ပျူတာက Philips ကီးဘုတ်က HP ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။" လို့ ပြောပါတယ်။ သူလက်ညှိုးထိုးပြတဲ့ နေရာကြည့်တော့ Philips မော်နီတာ တွေ့ပါတယ်။ တခြားသူက ကျွန်တော့်ကို အဲဒီလို လာပြောရင် သူမသိလို့ပါလို့ တွေးလို့ရပေမယ့် အိုင်တီဌာနက လူက အဲဒီလို ရုပ်တည်နဲ့ လာပြောတော့ ကျွန်တော် အတော် ရယ်ချင်သွားပါတယ်။မျက်နှာက စပ်ဖြီးဖြီး စိတ်ထဲမှာတော့ ကျလိကျလိ ဖြစ်နေပါတယ်။ မော်နီတာနဲ့ ကီးဘုတ် အမျိုးအစား မတူလို့ သုံးမရဘူး ဆိုတာ သူ့အလှည့်မှပဲ ကြားဖူးပါတော့တယ်။ IBM - Compatible ဆိုတဲ့ စကားကိုများ မကြားဖူးဘူးလား ငါ့လူရယ် လို့ပဲ စိတ်ထဲက ညည်းလိုက်မိပါတော့တယ်။

နောက်တစ်ခါကတော့ ကျွန်တော်တို့ ကုမ္ပဏီကို ပစ္စည်းရောင်းတဲ့ Vendor တစ်ယောက်နဲ့ ကြုံရတဲ့ အတွေ့အကြုံပါ။ ကျွန်တော်ကုမ္ပဏီ တစ်ခုကို အလုပ်ဝင်တော့ အဲဒီကုမ္ပဏီမှာ စက်တွေကို မြန်နိုင်သမျှ မြန်အောင် အရှိန်မြင့်ဖို့ ဆိုတဲ့ အလုပ်ပေးခံရပါတယ်။ ကျွန်တော့် အလုပ်က တစ်နေ့တစ်နေ့ ဆော့ဖ်ဝဲလ် ဘယ်လောက်မြန်အောင် အလုပ်လုပ်သလဲ စစ်၊ နှေးတာကို မြန်အောင် ပြင်ရေး၊ ဒါမှမဟုတ် ဟတ်ဒ်ဝဲလ် အသစ် ထည့်ထားရင် ဆော့ဖ်ဝဲကို ပြင်ရေး ဆိုတာမျိုးပါ။ အဲဒီစက်မှာ ဝေဖာ(Wafer) လို့ ခေါ်တဲ့ ဆီမီးကွန်ဒတ်တာ ပြားပေါ်ကနေ ချစ်ပ် ဖြစ်တော့မယ့် ဝေဖာ ကလေးတွေကို ကောက်ယူတဲ့ အစိတ်အပိုင်း တစ်ခု ပါပါတယ်။ အဲဒါကို ဆာဗိုမော်တာနဲ့ ကောက်ရင် အရှိန်နှေးလို့ ဗွိုက်စ်ကွိုင် (Voice Coil) လို့ ခေါ်တဲ့ အခြားကိရိယာ တစ်မျိုးကို ပြောင်းပြီးသုံးကြပါတယ်။

တစ်နေတော့ ဗန်ဒါက အဲဒီ ဗွိုက်စ်ကွိုင် အတွက် ထရိန်နင် လာပေးပါတယ်။ဗွိုက်စ်ကွိုင်က ပီအိုင်ဒီ ကွန်ထရိုးလို့ ခေါ်တဲ့ ထိန်းချုပ်မှု စနစ်တစ်မျိုးနဲ့ အလုပ်လုပ်တာမို့ ဗန်ဒါက ကျွန်တော်တို့ကို ပီအိုင်ဒီ ကွန်ထရိုး စနစ် အကြောင်းကို အသေးစိတ် ပြန်ရှင်းပြပါတယ်။ ကျွန်တော့်အတွက်တော့ ပီအိုင်ဒီ ကွန်ထရိုးဆိုတာ ကျောင်းမှာ သင်ဖူးပေမယ့် လက်တွေ့ အသုံးမချဖူးတာကြောင့် သူရှင်းပြတာတွေက အတော်ကို တန်ဖိုးရှိတယ် ထင်ပါတယ်။ အဲဒါကြောင့် ဂရုတစိုက် လိုက်မှတ်နေပါတယ်။ မရှင်းတာ ရှိရင် ပြန်မေးလိုက် စာအုပ်ထဲ ရေးမှတ်လိုက်နဲ့  အတော် အလုပ်ဖြစ်ပါတယ်။ တစ်သက်လုံး ဆာဗိုမော်တာတွေ ချိန်ညှိစရာ ရှိရင် စိတ်မှန်းနဲ့ပဲ ရမ်းကြိတ်လေ့ ရှိတာမို့ အခု သူပြောတာတွေက အတော်အသုံးဝင်ပါတယ်။ အဲဒီလိုနဲ့ သီအိုရီ အကြောင်း ရှင်းပြတာ ပြီးတော့ လက်တွေ့ ချိန်ညှိရတော့မယ့် အချိန်ရောက်လာပါတယ်။ အဲဒီအချိန်ကျတော့ ကျွန်တော်တို့ ထရိန်နင်ပေးတဲ့သူက ကျွန်တော်တို့ကို မင်းတို့ နောက်နာရီဝက်လောက်နေ ပြန်လာခဲ့ကြလို့ ပြောပါတယ်။ ကျွန်တော်တို့က ဘာလို့လဲ မေးတော့ သူက "ငါလည်း စိတ်မှန်းနဲ့ ရမ်းချိန် ကြည့်ရဦးမှာ။ ရတော့မှ မင်းတို့ကို ခေါ်လိုက်မယ်။" လို့ ပြောလိုက်တော့မှ ဒီလူလည်း ငါတို့နဲ့ ဘာမှ မထူးပါလား။ သီအိုရီ သိတာက သိတာ တခြား၊ ရမ်းကြိတ်တာတော့ ငါတို့လိုပဲ။ဆိုတာ သိလိုက်ရပါတော့တယ်။


ကျွန်တော်တို့ လုပ်ငန်းခွင်တွေမှာ ဆစ်ဂနယ်တွေ သယ်ဖို့အတွက် သုံးလေ့ရှိတဲ့ ဝိုင်ယာတွေက တခြား ဝိုင်ယာတွေနဲ့ မတူပါဘူး။ ဘေးပတ်ဝန်းကျင်က တခြားအနှောင့်အယှက် ဆစ်ဂနယ်တွေ ဝင်မလာအောင် ကာကွယ်ထားတဲ့ Shielded လို့ခေါ်တဲ့ အခွံတစ်ထပ် ဘေးမှာ ပါပါတယ်။ ပုံမှာကြည့်ရင် အဲဒီ ရှီးလ်ရဲ့ အပြင်ဘက်မှာ ဂရောင်းချ ဖို့ အတွက် ကြိုးတစ်ချောင်း ပါလာတာကို တွေ့ရမှာပါ။ အဲဒီမှာ နည်းနည်း ထူးခြားတာလေး ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တော်တို့ အော်တိုမေးရှင်း အလုပ်မှာ ဂရောင်းကို ကြိုးရဲ့ တစ်ဖက်စွန်းမှာပဲ ချလေ့ ရှိပါတယ်။ တခြားတစ်ဖက်စွန်းကို အလွတ်ထားရပါတယ်။ မဟုတ်ရင် အလုပ်မလုပ်ပါဘူး။ ဆက်သွယ်ရေး နယ်ပယ်မှာတော့ ဂရောင်းကို နှစ်ဖက်စလုံး ချရပါတယ်။ သူတို့ဆီမှာ ကြိုးကိုသွယ်ရတဲ့ အကွာအဝေးက ပိုရှည်လို့ ဖြစ်မယ် ထင်ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီဂရောင်းကို တစ်ဖက်မှ ဆက်မထားရင်တော့ အဲဒီ ကြိုးရဲ့ အလုပ်လုပ်ပုံက သာမန် ဝိုင်ယာကြိုးနဲ့ ဘာမှ မခြားပါဘူး။ ဘာအနှောင့်အယှက်မှလည်း ကာကွယ် မပေးနိုင်ပါဘူး။

တစ်နေ့တော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် မော်တာ တစ်လုံးမှာ အဲဒီ ဘေးပတ်ဝန်းကျင် က Noise လို့ခေါ်တဲ့ အနှောင့်အယှက်တွေ ဒုက္ခပေးနေတာကြောင့် ထိုင်ပြီး ရှင်းနေရပါတယ်။ သူ့အနေနဲ့ Noise ရှိမှန်း သိပေမယ့် ဘယ်လို ရှင်းရမှန်း မသိပါဘူး။ သူ့ကြိုးကလည်း နှစ်ဖက်စလုံး ဂရောင်းချထားပါတယ်။ အဲဒီ အချိန်မှာ သူ့ရဲ့ မန်နေဂျာ ဖုန်းဆက်လာပါတယ်။ သူ့မှာ အဲဒီလို Noise ကြောင့် ပြသနာ တက်နေမှန်း သိတော့ သူ့မန်နေဂျာက ပြောပါတယ်။ ဂရောင်းဆိုတာ နှစ်ဖက်စလုံး မချရတဲ့ အကြောင်း။ တစ်ဖက်ပဲ ချရမယ့် အကြောင်းပါ။ အဲဒါနဲ့ သူ ဝိုင်ယာရဲ့ တစ်ဖက်ထိပ်က ဂရောင်းကို  ဖြုတ်လိုက်ပါတယ်။ ပြန်လုပ်ကြည့်တော့ Noise က နည်းတော့ နည်းသွားပါတယ်။ အရှင်းတော့ ပျောက်မသွားပါဘူး။ အဲဒီအချိန်မှာပဲ သူ့ရဲ့မန်နေဂျာ နောက်တစ်ခေါက် ဖုန်းထပ်ဆက်လာပါတယ်။ သူက အခြေအနေကို ပြန်ပြောပြလိုက်ပါတယ်။ အဲဒီအချိန် သူ့မန်နေဂျာရဲ့ စကားကို ကြားမှ သူ့မန်နေဂျာ တကယ်သိလို့ မဟုတ်ဘဲ ရမ်းတုတ်နေတဲ့ အကြောင်းသူ သဘောပေါက်သွားပါတယ်။ သူ့မန်နေဂျာ ပြောလိုက်တာကတော့ "တစ်ဖက်က ဂရောင်းဖြုတ်လို့ အလုပ်မလုပ်ဘူးဆိုရင်။ နှစ်ဖက်စလုံး ဖြုတ်လိုက်ကွာ။ ငါ့အတွေ့အကြုံအရတော့ အဲဒီလိုဆိုရင် အလုပ်လုပ်တာ တွေ့ဖူးတယ်။" ဆိုပြီးတော့ပါ။ ကျွန်တော့်သူငယ်ချင်းကတော့ ဂရောင်းကို နှစ်ဖက်စလုံး ဖြုတ်မှတော့ Shield လည်း တပ်မနေနဲ့တော့ပေါ့။ ဆိုပြီး ထရယ်ပါတော့တယ်။

Image Source: Wikipedia

ကြုံရဆုံရ Technical Support ဘဝ

Saturday, October 22, 2011

ကျောင်းတော်ကြီးရဲ့ နေ့စွဲများ

ပေါ်လီက ကျောင်းပြီးသွားတာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိနေပေမယ့် စာအုပ်ငှားဖို့တော့ ကျောင်းကို အမြဲလိုလို ရောက် ဖြစ်ပါတယ်။ ကျောင်းထဲကို ပြန်ရောက်တော့လည်း အရင်တုန်းက ဒီနေရာမှာ ဘယ်လို ဖြစ်ခဲ့တယ် ဟိုနေရာမှာ ဘယ်လို ဖြစ်ခဲ့တယ် ဆိုတာတွေက ခေါင်းထဲမှာ အမြဲ ပေါ်လာတတ် စမြဲ ပါ။ ကျောင်းထဲရောက်ရင် ကျောင်းသားဘဝက ကြုံခဲ့ဖူးတဲ့ ရယ်စရာ မောစရာတွေကို ပြန်သတိ ရတတ် ပါတယ်။

အမ်အာရ်တီရထား ဘူတာရုံကနေ ကျောင်းထဲ စဝင်လိုက်ရင် အော်ဒီတိုးရီးယမ်းနဲ့ ကွန်ဗန်းရှင်း စင်တာ ရှိပါတယ်။ အဲဒီကနေ တည့်တည့် ဆက်လျှောက်ရင်တော့ မက္ကင်နီကယ် ဌာနက အဆောင်တွေ ဆီကို ရောက်ပါတယ်။ အရင်တုန်း ကတော့ အဲဒီ မက္ကင်နီကယ် ဌာနရဲ့ မြေညီထပ် Lab တွေရဲ့ အနားမှာ ပစ္စည်းထည့်တဲ့ လော့ကာတွေ ထားပါတယ်။ အဲဒီနေရာနား ရောက်တော့ ကျောင်းတုန်းက သူငယ်ချင်း နှစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြန်သတိရ သွားပါတယ်။

တစ်နေ့မှာ ရန်ကုန်က ရောက်ခါစ ပထမနှစ် တက်နေတဲ့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက် လော့ကာတွေ ထားတဲ့အနားကို ရောက်သွားကြပါတယ်။ တစ်ယောက်က စမေးပါတယ်။
"ဟေ့ကောင်။ ဒါတွေက ဘာတွေလဲ မင်းသိလား။"
နောက်တစ်ယောက်ကလည်း ရန်ကုန်က ရောက်ခါစမို့ လော့ကာကို မမြင်ဖူးပါဘူး။
"မသိဘူး။ ဘာတွေလဲ။"
"မင်းမသိရင် မှတ်ထား။ တို့ကျောင်းကို လာတဲ့စာတွေကို အဲဒီပုံးတွေထဲထည့်တာကွ။"
စင်ကာပူမှာ တိုက်တွေရဲ့ မြေညီထပ် တိုင်းမှာ အဲဒီတိုက် တစ်ခုလုံးမှာ ရှိတဲ့ အခန်း တစ်ခန်းချင်းစီ အတွက် စာထည့်တဲ့ ပုံးကလေးတွေ အဆင့်လိုက် အဆင့်လိုက် ရှိပါတယ်။ ကျောင်းက လော့ကာတွေရဲ့ ပုံစံကလည်း စာတိုက်ပုံးလို အဆင့်လိုက်ပါပဲ။ အောက်က ပုံကို ကြည့်ရင် စာတိုက်ပုံးနဲ့ လော့ကာ ဘယ်လို ကွဲသလဲ ဆိုတာ မြင်ပါလိမ့်မယ်။ ဒါပေမယ့် စာထည့်တဲ့ ပုံးက တထွာလောက်ပဲ ကျယ်ပြီး လော့ကာ ကတော့  တစ်တောင်လောက် ကျယ်ပါတယ်။ အဲဒီဇာတ်လမ်းကို ကျွန်တော်တို့ ပြန်ပြီး ကြားမိတော့ စာတိုက်ပုံးနဲ့ လော့ကာကို မှားမှ မှားရက်လေခြင်း ဆိုပြီး ရယ်ကြပါတယ်။



စာတိုက်ပုံးနှင့် လော့ကာ

အဲဒီမက္ကင်နီကယ် အဆောင်ကနေ ဘယ်ဘက်ကို ချိုးသွားရင် အီလက်ထရွန်းနစ် အဆောင်တွေ ရှိပါတယ်။ အီလက်ထရွန်းနစ် အဆောင်တွေရော မက္ကင်နီကယ် အဆောင်တွေပါ ရှစ်ထပ်စီ ရှိပါတယ်။ ကျွန်တော်တို့ ပုံမှန် လက်ချာ တက်နေကြ အခန်းတွေက အဲဒီ အီလက်ထရွန်းနစ် အဆောင်မှာ အများကြီးပါ။

အဲဒီနား ရောက်တော့ စာမေးပွဲ ဖြေတဲ့ နေ့တစ်နေ့ ကို သတိရမိပါတယ်။ အဲဒီနေ့က စာမေးပွဲ ပြီးတဲ့အချိန်မှာ ကျွန်တော် အန္တရာယ်ကို မလွယ်နိုင်တော့ ပါဘူး။ အပေါ့သွားချင်တာ အောင့်ထားလို့ မရတာနဲ့ အိမ်သာကို ပြေးခဲ့ပါတယ်။ အိမ်သာထဲ ရောက်သွားတော့ စိတ်ထဲမှာ အတော် ထူးခြားနေတယ် ဆိုတာ သိလိုက်ပါတယ်။ ယောက်ျားလေးတွေ မတ်တပ်ရပ် အပေါ့သွားတဲ့ ခွက်မျိုး မရှိလို့ပါ။ ကျောင်းက အတော် ညံ့တာပဲလို့ စိတ်ထဲမှာ ကျိန်ဆဲရင်း အခန်းထဲ ဝင်ပြီးတော့ပဲ ကိစ္စပြီး လိုက်ပါတယ်။ အိမ်သာခန်းထဲက ပြန်ထွက်လာတော့ ကျွန်တော် နည်းနည်း ဇဝေဇဝါ ဖြစ်သွားပါတယ်။ အိမ်သာထဲကို မိန်းကလေး တစ်ယောက် ဝင်လာတာ တွေ့လိုက်ရ လို့ပါ။ ဒီကောင်မလေး ယောက်ျားလေး အိမ်သာထဲ ဘာဝင်လုပ် တာလဲ လို့ စိတ်ထဲက တွေးလိုက်မိ ပါတယ်။ ကောင်မလေးကလည်း ကျွန်တော့်ကို ကြောင်ပြီး ကြည့်နေ ပါတယ်။ ကျွန်တော် သူ့ဘေးကနေ ဖြတ်ပြီး အပြင်ထွက်လိုက်တော့မှ အိမ်သာမှားဝင်တာ သူမဟုတ်ဘဲ ကျွန်တော်ဆိုတာ သိလိုက် ရပါတယ်။

တကယ်တော့ ဒီလိုပါ။ ပုံမှန် အနေနဲ့တော့ ကျွန်တော်တို့ ကျောင်းမှာ ယောက်ျားလေးသုံး အိမ်သာနဲ့ မိန်းကလေးသုံး အိမ်သာကို တထပ်ခြားစီ ထားပါတယ်။ ၁ ထပ်က ယောက်ျားလေး အိမ်သာ ဆိုရင်၊ ၂ ထပ်က မိန်းကလေးအိမ်သာ၊ ၃ ထပ်က ယောက်ျားလေး အိမ်သာ အဲဒီလို ပုံစံမျိုးပါ။  ကျွန်တော်တို့ လက်ချာ တက်တဲ့ အထပ်တိုင်းက တိုက်တိုက်ဆိုင်ဆိုင် ယောက်ျားလေး အိမ်သာ ရှိတဲ့ အထပ်တွေ ဖြစ်နေပါတယ်။ အဲဒီနေ့က စာမေးပွဲ ဖြေတော့ လက်ချာ တက်တဲ့ အထပ်မှာ မဟုတ်ဘဲ အခြား အထပ်တစ်ခုမှာ ဖြေရပါတယ်။ ဒါပေမယ့် ဒီအဆောင် ဒီအထပ်မှာ ယောက်ျားလေး အိမ်သာ ရှိတယ် ဆိုတာ စိတ်ထဲ စွဲနေတော့ မိန်းကလေးအိမ်သာထဲ မှားဝင်မိသွားတာပါ။ကံကောင်းတယ်လို့ ပြောရပါမယ်။ မိန်းကလေး အိမ်သာထဲဝင်မိတာ ကျောင်းမှာ ရုံးခန်း ရောက်လောက်တဲ့ အထိ အပြစ်ကြီးတယ် ဆိုတာ နောက်မှ ပြန်ကြားမိ ပါတယ်။

အဲဒီ အီလက်ထရွန်းနစ် အဆောင်ကနေ ညာဘက်ကို ဆက်သွားရင် ကျွန်တော်တို့ မြန်မာတွေ စုရပ် ဖြစ်တဲ့ Food Court 3  ရှိပါတယ်။အဲဒီ ဖုကုတ်ဒ်က နေ  ဘယ်ဘက်ကို ချိုးပြီး ဆက်သွားရင် လိုင်ဘရီကို ရောက်ပါပြီ။ လိုင်ဘရီ ပတ်ဝန်းကျင်မှာလည်း စာသင်ခန်းတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် ညနေပိုင်း အချိန်ပိုင်း ကျောင်းသား အများစု အဲဒီ စာသင်ခန်းတွေမှာ တက်ကြတာ များပါတယ်။ အဲဒီ စာသင်ခန်းတွေ မြင်တော့ ခေါင်းထဲမှာ နောက်ထပ် ရယ်စရာ အဖြစ်အပျက် တစ်ခုက ပေါ်လာပြန်ပါတယ်။

တစ်နေ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ပြောပါတယ်။
"ဟေ့ကောင်တွေ။ ငါလျို့ဝှက်ချက် တစ်ခု တွေ့ထားတယ်။"
"ဘာလဲ။"
"ငါတို့ကျောင်းမှာ ညနေဆိုရင် ဘူဖေးကျွေးတယ်ကွ။"
"ဟာဗျာ။ ပေါက်ပေါက်ရှာရှာ။ ဘယ်သူက ကျွေးမှာလဲ။"
"ငါ ဟိုတစ်နေ့က ကျောင်းမှာ နည်းနည်း မိုးချုပ် သွားတယ်။ အိမ်ပြန်တော့ လိုင်ဘရီနားက အဆောင်မှာ ဘူဖေးပြင်ထားတာ တွေ့တယ်ကွ။ ကော်ဖီတွေရော၊ မုန့်တွေရော အများကြီးပဲ။ အဲဒါနဲ့ ငါလည်း ပေါက်စီ တစ်ထုပ် နှိုက်လာခဲ့တယ်။ အိမ်မှာ ရေခဲသေတ္တာထဲ ထည့်စားတာ တော်တော်နဲ့ မကုန်ဘူးကွ။"

သူပြောတာ ကြားတော့ ကျွန်တော်တို့ ဟက်ဟက်ပက်ပက် ရယ်ကြပါတယ်။အမှန်တော့ ဒီလို ဖြစ်တာပါ။ ညနေပိုင်း ကျောင်းသား အားလုံးနီးပါးဟာ အလုပ်က တန်းပြီး ကျောင်းကို ပြေးလာရတာမို့ သူတို့မှာ ညနေစာ စားဖို့ အချိန်နည်းနေပါတယ်။ အဲဒါကြောင့် သူတို့ စားဖို့ မုန့်တွေကို Food Court မှာ အော်ဒါမှာ ထားကြပါတယ်။ ဖုကုတ်ဒ်က မုန့်ရောင်းတဲ့ သူက သူတို့ မှာထားတဲ့ အခန်းရဲ့ အပြင်ဘက်က စားပွဲတွေမှာ အစားအသောက်တွေကို လာပြီး ပြင်ထားပေး ပါတယ်။ သူတို့ကတော့ အားလပ်ချိန် ရတဲ့အခါမှာ အပြင် ထွက်ပြီး အဲဒီ အစာအသောက်တွေကို စားကြတာပါ။ အဲဒါကို ကျွန်တော်တို့ သူငယ်ချင်းက အစားအသောက်တွေ ဘူဖေးပုံစံ ပြင်ထားတာ မြင်လို့ ဘူဖေးကျွေးနေတာပဲ ဆိုပြီး ဝင်ကြိတ်ခဲ့ရုံမကဘဲ ပါဆယ်ပါ ဆွဲလာခဲ့တာပါ။ ဟိုကျောင်းသားတွေတော့ အားလပ်ချိန်မှာ စားစရာ မရှိရင် သူ့ကို ကောင်းကောင်း မေတ္တာပို့နေကြမှာပဲ လို့ တွေးလိုက်မိပါတယ်။ သူကိုယ်တိုင်လည်း နောက်တော့မှ အဖြစ်မှန်ကို သဘောပေါက်သွားပါတော့တယ်။

Thursday, October 20, 2011

ဘာစားရရင် ကောင်းမှာလဲ

စင်ကာပူကို စရောက်ကတည်းက တစ်ခုခုတော့ အကြီးအကျယ် မှားယွင်းနေတယ်လို့ ခံစားရတာက အစားအသောက် တွေရဲ့ အရသာပါပဲ။ စင်ကာပူမှာ ရတဲ့ အစားအသောက် တွေက ဆီနည်းပါတယ်။ အငန် နည်းပါတယ်။ အချိုမှုန့် နည်းပါတယ်။ အဲဒါကြောင့် တခါတလေတော့ အရသာ ရှိတာ မှန်သမျှ အကုန် နည်းနေသလား လို့ တောင် တွေးမိပါတယ်။

အစောပိုင်း အတွေးခေါင် မိတာကတော့ ကျန်းမာရေး ဝန်ကြီးဌာန ကများ အစားအသောက် တွေကို ဆီတွေ ဆားတွေ အချိုမှုန့်တွေ ပိုပိုသာသာ ထည့်ရင် ဒဏ်ရိုက်မယ်လို့ ညွှန်ကြား ထားသလား ဆိုပြီးတော့ပါ။ အမှန်တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ ဈေးကွက်ရဲ့ သဘောအရ သူ့နိုင်ငံသားတွေ ကိုယ်တိုင်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် ပုံစံကို ကြိုက်နေလို့ အစားအသောက်တွေ ဒီလို အရသာ ဖြစ်နေရတယ် ဆိုတာကို နောက်တော့ သဘောပေါက် လာပါတယ်။

ကျွန်တော် အရင်ရုံးမှာတုန်းက နေ့ခင်းဘက် ထမင်းစား ထွက်ရင် ရုံးက လုပ်ဖော်ကိုင်ဖက် တွေနဲ့ အတူ အပြင်ထွက်ပြီး စားဖြစ် ပါတယ်။ ကျွန်တော်ကတော့ ထမင်းစားချိန် ဆိုရင် အရသာ ရှိတဲ့ အစားအစာမျိုး ကို ရွေးပြီး စားလေ့ ရှိပါတယ်။ ပထမနေ့ ဒန်ပေါက်စားလိုက်၊ နောက်တစ်နေ့ ကြက်သားဟင်းကို ယိုးဒယားလို အုန်းနို့နဲ့ ချက်ထားတာလေး စားလိုက်၊ နောက်တစ်နေ့ ဆီရွှဲရွှဲလေးနဲ့ ကြော်ထားတဲ့ ခေါက်ဆွဲကြော် စားလိုက်၊ နောက်တစ်နေ့ အနောက်တိုင်း ပုံစံ ကြော်ထားတဲ့ ကြက်သားအပြားနဲ့ အာလူးကြော်လေး စားလိုက် လုပ်နေတော့ နေ့လည်စာ အတူ ထွက်စားတဲ့ လုပ်ဖော်ကိုင်ဖက် တွေက မျက်ခုံးပင့်ကြပါတယ်။ မင်းစားတဲ့ အစားအစာတွေက ကိုလက်စထရော တွေ၊ အဆီဓာတ်တွေ အရမ်းများတယ် ရောဂါဖြစ်မှာ မကြောက်ဖူးလား လို့ မေးကြပါတယ်။ ကျွန်တော်က နေ့လည်စာလေး စားတာ ၊ ဒီလောက်နဲ့တော့ ဘာမှ ဖြစ်လောက်မယ် မထင်ပါဘူး။ ဖြစ်ကာမှ ဖြစ်ရောပေါ့ လို့ ပြန်ပြောမိ ပါတယ်။

ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ကျန်းမာရေး ဆိုတာ ဂရုစိုက်သင့်တဲ့ အကြောင်း၊ သူဆိုရင် အဲဒီလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာမျိုးကို တခါတရံမှသာ စားတဲ့ အကြောင်း တရားဟော ပါတယ်။ ကျွန်တော်တို့ အတွက်တော့ ကျန်းမာတဲ့ အစားအသောက် စားဖို့ တရားဟောတယ် ဆိုတာ နည်းနည်းတော့ ထူးဆန်းပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က အဖွားအိမ် သွားရင် အဖွားက ပန်းကန်တစ်ခုလုံးနီးနီး ဆီမြုပ်လု နီးပါး ဆမ်းထားတဲ့ လက်ဖက်သုပ်မျိုး၊ ဆီရွှဲနစ် နေအောင် ချက်ထားတဲ့ ဟင်းမျိုး ကျွေးတတ်ပါတယ်။ ကျွန်တော့် အဖိုး ဆရာဝန်က ဆီများလို့ ဆိုပြီး ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ မစားနဲ့လို့ ။ တစ်ခါမှ မပြောဖူး ပါဘူး။ အဲဒီလိုပဲ အငန်လျှော့စားတို့ အချိုမှုန့် လျှော့ထည့်တို့လည်း ပြောလေ့ ပြောထ မရှိပါဘူး။ ကျန်းမာရေး အတွက်ဆိုရင် လှုပ်လှုပ်ရှားရှား နေဖို့၊ မနက်ခင်း အိပ်ရာက နိုးရင် ရေတစ်ခွက် အဝသောက်ဖို့ ဆိုတာမျိုးတွေပဲ ပြောတတ်ပါတယ်။ အဖိုးရော အဖွားရော နှစ်ယောက်စလုံး အသက် ၉၀ ကျော်အောင် နေသွားခဲ့ကြပါတယ်။ အဲဒီတော့ ကျန်းမာတဲ့ အစားအစာ စားမှ အသက်ရှည်မယ် ဆိုတာ ကျွန်တော့် အတွက်တော့ လက်ခံရမှာ နည်းနည်း ခက်နေပါတယ်။

ဒါပေမယ့် ကျွန်တော့်ရဲ့ စလုံး မိတ်ဆွေများကတော့ အစားအသောက်နဲ့ ပတ်သက်ရင် အတော် ဂရုစိုက် ကြတယ်လို့ ပြောရမှာပါပဲ။ အရင်တုန်းက စင်ကာပူမှာ ကျန်းမာရေးဝန်ကြီး ဖြစ်ခဲ့ဖူးတဲ့ ကောဘွန်ဝမ်းက သူ့မိန့်ခွန်း တစ်ခုမှာ ကျန်းမာတဲ့ အစားအသောက် စားဖို့ ပြောခဲ့ဖူး ပါတယ်။ သူဆိုရင် ချာကွေးတျောင်လို အစားအသောက်မျိုးကို တစ်နှစ် မှာ ၃ခါလောက်ပဲ စားတဲ့ အကြောင်း ပြောတာပါ။  ချာကွေးတျောင်ဆိုတာက ကွေးတျောင် ဆိုတဲ့ ခေါက်ဆွဲအပြားကို ဆီရွှဲရွှဲ နဲ့ ခရု၊ ကြက်ဥ စတာမျိုးတွေ ထည့်ပြီး ကြော်ထားတာပါ။ စလုံးမှာ ရှိတဲ့ သူတိုင်း သူ့လို တစ်နှစ်မှ ၃ ခါပဲ စားတယ် ဆိုရင်တော့ စင်ကာပူမှာ ချာကွေးတျောင် ဆိုတဲ့ အစားအသောက်တောင် ရှိတော့မှာ မဟုတ်ဘူးလို့ တွေးမိပါတယ်။

တစ်ခါက စလုံး အင်ဂျင်နီယာ တစ်ယောက်နဲ့ မလေးရှားကို အလုပ်ကိစ္စနဲ့ အတူသွားဖြစ် ကြပါတယ်။ စားသောက်ဆိုင်မှာ ဘာစားမလဲ ရွေးကြရင်း သူကတော့ ဆိတ်သား စွတ်ပြုတ်နဲ့ ပေါင်မုန့်ကို မှာပါတယ်။ နောက်တော့ ကျွန်တော့်ကို ဝမ်းသာအားရနဲ့ "ဒါမျိုး စင်ကာပူမှာ နေရာတကာ မရတော့ဘူးကွ။ ရရင်လည်း ဒီလောက် အရသာ မကောင်းဘူး။" လို့ ပြောပါတယ်။ ကျွန်တော်က ဘာဖြစ်လို့လဲ မေးတော့  "ဒီ ဆိတ်စွပ်ပြုတ်က အရသာ ရှိပေမယ့် ကိုလက်စထရော များတယ်။ အဲဒါကြောင့် စလုံးမှာ သိပ်မသောက် ကြဘူး။ လူတွေက သိပ်မသောက်ကြတော့ ဆိုင်တွေကလည်း မရောင်းကြတော့ဘူးပေါ့ကွာ။" လို့ ပြောပါတယ်။ ဘောဂဗေဒ သဘောအရ ဝယ်လိုအား ရှိမှ ရောင်းလိုအားက ရှိမှာ ဆိုတော့လည်း ကျန်းမာရေး ဂရုစိုက်တဲ့ သူတွေကြား ကိုလက်စထရောများတဲ့ အစားအသောက် သွားရောင်းတာ သီလရှင်ကျောင်းကို ဘီးနဲ့မှန် သွားရောင်းသလို ပါပဲ။

ကျွန်တော့်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားဖို့ တရားဟောတဲ့ လုပ်ဖော်ကိုင်ဖက်က တစ်နေ့တော့ ပြောပါတယ်။ ငါ ဒီနှစ် ဆေးသွားစစ်တာ အဆီက မနှစ်ကထက် ပိုနေတယ်။ အဲဒီတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာ ဘာစားသလဲ ဆိုတာ ပြန်စဉ်းစား ကြည့်တယ်။ ငါမနက်တိုင်း စားတဲ့ ကြာဇံကြော်က အဆီတွေ များနေတယ်။ နောက်ကို ကြာဇံကြော် နေ့တိုင်းမစားမှ ဖြစ်မယ် ဆိုပြီးတော့ပါ။ ကျွန်တော်လည်း ဘာပြောရမှန်း မသိအောင် ဖြစ်သွားပါတယ်။ သူ့လို အစားအသောက်ကို ဒီလောက် ဆင်ခြင်တဲ့သူတောင် ဒီလို ဖြစ်နေတယ် ဆိုရင်တော့ ကျွန်တော့်လို အစားအသောက် သောင်းကျန်းတဲ့သူ ဆိုရင် ဘယ်နား သွားနေရမလဲ မသိတော့ပါဘူး။

ပျော်ပျော်နေသေခဲ မော်တော်နေရေထဲ ဆိုသလို ကိုယ့်ပါးစပ်နဲ့ တွေ့တဲ့ အစားအသောက်ပဲ ခါတိုင်းလို ဆက်စားရမလား။ ဒါမှမဟုတ် နောက်ကျမှ နောက်တ မရအောင် အခုကတည်းက အစားအသောက် ရှောင်ရမလား ဇဝေဇဝါနဲ့ တွေးရင်း အဲဒီနေ့ နေ့လည်စာ အတွက်တော့ အုန်းနို့များများ ဆီရွှဲရွှဲနဲ့ ချက်ထားတဲ့ ကြက်သားဟင်း တစ်ခွက်ပဲ မှာစားလိုက်မိပါတော့တယ်။

Wednesday, September 28, 2011

Teach Yourself အနန္တသူရိယ in 10 Minutes

ရာဇဝင်ကို ပြန်ပြောင်း လှန်လှောင်းပြီး ကျန်ကျောင်းလို ကြည့်ရင် မြန်မာ့သမိုင်းထဲမှာ ရှေးအကျဆုံး ကဗျာ သုံးပုဒ် ကို တွေ့ရပါမယ်။ ကဗျာ ၃ပုဒ်ထဲမှာ ရှေးအကျဆုံး ကဗျာ ကတော့ သေလဉ်ကြောင်မင်း လက်ထက်က ရေးခဲ့တဲ့ "သိုးကလေ" အစချီထားတဲ့ ရွှေနှင့်ယိုးမှား ပန်းစကား ကဗျာပါ။ အဲဒီကဗျာရဲ့ နောက်ခံ သမိုင်းကြောင်းကို Unofficial Guide to မင်းမဟာဂီရိ ဆိုတဲ့ ပို့စ်မှာ ရေးခဲ့ဖူးပါတယ်။ ဒုတိယမြောက် ရှေးအကျဆုံး တစ်ပုဒ်ကတော့ ကျန်စစ်သားမင်း လက်ထက်က ရေးခဲ့တဲ့  မြကန်သာ ကဗျာပါ။ တိုင်းမသိတော့ ဗာရာဏသီ၊ မင်းမသိတော့ ဗြဟ္မဒတ်၊ ကဗျာစာဆို မသိတော့ အနောနိမတ်စ် ဆိုသလို အဲဒီကဗျာနှစ်ပုဒ်ကို ရေးခဲ့တာက အနောနိမတ်စ် ဆိုသူ များ ပါပဲ။  တတိယမြောက် ကဗျာက တော့ "သူတည်းတစ်ယောက်" အစချီတဲ့ မျက်ဖြေလင်္ကာပါ။ ဒီကဗျာကိုတော့ ရေးတဲ့သူက အနန္တသူရိယ အမတ်လို့ အတိအကျ ဆိုကြပါတယ်။ အဲဒီကဗျာဟာ ဦးကုလား ရာဇဝင်၊ မှန်နန်းရာဇဝင်စတဲ့ ရာဇဝင်တော်ကြီးတွေ မှာ ပါပေမယ့်လည်း အသုံးအနှုန်း တစ်ချို့ဟာ မြောက်တက်ပြီး ပုဂံခေတ်နဲ့ နှိုင်းယှဉ်လျှင် အပြတ်ကို ဂွမ်းနေတာမို့ တချို့က ပုဂံခေတ်က ကဗျာ ဟုတ်ချင်မှ ဟုတ်မယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း ဒီကဗျာရဲ့ အဓိပ္ပာယ်နဲ့ နောက်ခံသမိုင်းကြောင်းကတော့ စိတ်ဝင်စားစရာပါ။

ကျန်စစ်သားရဲ့ မြေးတော် အလောင်းစည်သူ မင်းကြီးမှာ မင်းရှင်စော နဲ့ နရသူဆိုတဲ့ သားတော် နှစ်ပါး ရှိပါတယ်။ တစ်နေ့တော့ နရသူက သူ့ရဲ့ ခမည်းတော် အလောင်းစည်သူမင်းကြီးကို ရွှေဂူကြီး ဘုရားထဲ ဘတ်ကီးရိုက် ခေါ်သွားပြီးတော့ ခေါင်းအုံးတွေ စောင်တွေနဲ့ ဖိသတ်လိုက် ပါတယ်။ အဲဒါကြောင့် အလောင်းစည်သူ တကယ်ပဲ အလောင်းဖြစ်သွား ရှာပါတယ်။  အလောင်းစည်သူ သေတော့ သားတော်ကြီး မင်းရှင်စောက ဘုရင် ဖြစ်လာပါတယ်။ ဒါပေမယ့် မင်းရှင်စော ဘိသိက်သွန်းမြောက်ပြီး ဘုရင်ဖြစ်တဲ့ နေ့မှာပဲ နရသူက ညနေစာ စားပွဲတော်မှာ အဆိပ်ခတ် သတ်လိုက်ပြန်ပါတယ်။ ဒီလိုနဲ့ နရသူ ဘုရင်ဖြစ်လာပါတယ်။

နရသူ ဘုရင်ဖြစ်လာတော့ မိုက်ကယ်တွေ လျှောက်လုပ်ပါတော့တယ်။ နရသူ အဲဒီလို ကြမ်းကြမ်းရမ်းရမ်း အုပ်ချုပ်တာကို ပုဂံပြည်သူပြည်သားတွေ  ကြည့်မရကြပါဘူး။ ဒါပေမယ့်လည်း နရသူက "ပုဂံမှာ ဘုရင်တွေ ပိုနေလို့ တမလွန်ကိုတောင် အိတ်စပို့ ပို့နေရတာ။ မည်သို့သော ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ ပုဂံကို ဆက်လက်အုပ်ချုပ်သွားမည်" ဆိုပြီးတော့ ဆက်ပြီး အုပ်ချုပ်ပါတယ်။ နောက်တော့ သူ့ကို ဆက်လာတဲ့ ဘောလိဝုဒ်က ကုလား မင်းသမီးကိုပါ သတ်ပစ်လိုက်တဲ့ အတွက် ကုလားဘုရင်တွေကပါ နရသူကို တင်းသွားကြ ပါတယ်။ အဲဒါကြောင့် နရသူကို သမဖို့ အတွက် ဆူဆိုက်အကြမ်းဖက်သမား ကုလားဟူးရား ၈ ယောက်ကို လွှတ်လိုက် ပါတယ်။ ကုလား ဟူးရား ၈ ယောက်က နရသူကို ဘိသိက်မြှောက် ပေးမယ်လို့ ဘတ်ပြီး သန်လျှက်နဲ့ ဝိုင်းကျွေးလိုက်ကြတာကြောင့် နရသူ ကြွသွားပါတယ်။ နရသူကို သတ်ပြီးတော့ ကုလားဟူးရားတွေ သူတို့ဘာသာ ဆူဆိုက် လုပ်လိုက်ကြပါတယ်။ ကုလားတွေက ဝိုင်းလျှော့လိုက်လို့ သေသွားတာမို့ နရသူကို ကုလားကျမင်းလို့ နောက်လူတွေက ခေါ်ကြပါတယ်။ နရသူသေတော့ သူ့မှာ မင်းယဉ် နရသိင်္ခနဲ့ နရပတိစည်သူ ဆိုတဲ့ သားနှစ်ယောက် ကျန်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ထဲမှာ သားတော်အကြီး မင်းယဉ်နရသိင်္ခက ဘုရင်ဖြစ်လာပါတယ်။

ဘုရင်ကို ဆိုရင် အကိတ်ကလေးတွေ အလန်းကလေးတွေ မိဖုရားအဖြစ် ဆက်ချင်တဲ့သူက ပေါပါတယ်။ တစ်ခါတော့ မင်းယဉ်နရသိင်္ခ မြင်းစိုင်းဝက်ဝံ လို့ခေါ်တဲ့ အရပ်ကို ဖလမ်းဖလမ်းထရင်း ရောက်သွား ပါတယ်။ အဲဒီအရပ်က တောထဲမှာနေတဲ့ ပြော့လူမျိုးတွေက ဘုရင်ကို သမီးကညာ တစ်ပါး ဆက်ပါတယ်။ အဲဒီ သမီးကညာ ရဲ့ အမည်က ဝေဠုဝတီလို့ ခေါ်ပါတယ်။ ပါဠိလို ဝါးကို ဝေဠုလို့ ခေါ်တာမို့ ဝေဠုဝတီဆိုတာ ပရင့်ဆက်စ် အော့ဖ်ဝါးလို့ တိုက်ရိုက် ဘာသာပြန်ရမယ် ထင်ပါတယ်။ ဝါးပင်က မွေးတာမို့ သူမမှာ အဲဒီလို နာမည်တွင်တယ် ဆိုပါတယ်။။ ဒဏ္ဍာရီလို့ပဲ မှတ်လိုက်ပါတော့။ ဝါးပင်က မွေးတယ် ဆိုတာ အမှန်အတိုင်း ပြောရရင်တော့ အင်္ဂုလိ ပဲ ဖြစ်ဖို့ များပါတယ်။ ပြော့လူမျိုးတွေ ဆက်တဲ့ ဝေဠုဝတီမှာ ချို့ယွင်းချက် တစ်ခု ရှိပါတယ်။ အဲဒါကတော့ နားရွက် နည်းနည်း ကျယ်နေတာပါ။ ဒါကို ဘုရင်မြင်တော့ "နားကျယ်နဲ့ ဝမ်းပျက်လိလိ" လို့ မိန့်တယ် ဆိုပါတယ်။ မိဖုရားနားကျယ်တာနဲ့ ဘုရင် ဘယ်လို ဝမ်းပျက်မလဲ ဆိုတာတော့ ဆက်စပ်ကြည့်လို့ မရပါဘူး။ အဲဒီ စကားကို အဓိပ္ပာယ် မဖော်တတ် တဲ့ အတွက် နားကျယ်တဲ့ အတွက် မမိုက်၊ အဲဒီအတွက် အီဖေကို ဘုရင် မကြိုက်လို့ပဲ အဓိပ္ပာယ်ပြန်လိုက်ပါမယ်။

ဘုရင် မကြိုက်တော့ ညီတော် နရပတိစည်သူကို စွန့်လိုက်ပါတယ်။ နရပတိစည်သူ လက်ထဲရောက်တော့ နရပတိစည်သူရဲ့ အမေ ဝေဠုဝတီရဲ့ ယောက္ခမကြီးက သူ့ချွေးမရဲ့ နားကို ပလတ်စတစ် ဆာဂျရီ လုပ်ပေးလိုက် ပါတယ်။ နားပြင်ပြီး ရှိုင်းနင်းဂွိုင်းနင်းတွေ လုပ်လိုက်တော့ ဝေဠုဝတီက အတော် လန်းသွား ပါတယ်။ တစ်နေ့တော့ ယောက္ခမကြီးက သူ့ချွေးမကို နန်းတော်ထဲ ခေါ်လာတဲ့ အခါ မင်းယဉ်နရသိင်္ခမှာ လွတ်သော ဖစ်ရှ် ဘစ်တယ်ဆိုပြီး ကြိတ်မနိုင် ခဲမရတွေ ဖြစ်နေပါတယ်။ခယ်မတော် ဝေဠုဝတီ ကို ကြည့်ရင်း ဖီးလ်တွေ တက်နေပါတယ်။ ဒါပေမယ့် သူလည်း ကလိမ်ကကျစ် လုပ်တဲ့နေရာတော့ အဖေ နရသူရဲ့ သွေးပါပါတယ်။ ဒီလိုနဲ့ ဉာဏ်နီ ဉာဏ်နက် ဉာဏ်ခရမ်းရောင် ဉာဏ်လိမ္မော်ရောင်တွေ ထုတ်ပြီးတော့ ညီတော်ကို ပထုတ်ဖို့ ကြံပါတယ်။ ငဆောင်ချမ်းမှာ သူပုန်ထလို့ သွားတိုက်စေဆိုပြီး ညီတော်ကို ပထုတ်လိုက်ပါတယ်။

နရပတိစည်သူကလည်း အချဉ်တော့ မဟုတ်ပါဘူး။ သူက ဘုရင် သွားဆိုလို့သာ သွားရပေမယ့် သိပ်မသင်္ကာပါဘူး။ ဒါကြောင့် သူ့ရဲ့ ဘော်ဒီဂတ် မြင်းခံတော် ငပြည့်ကို အကြောင်းထူး ရင် သတင်းပို့ဖို့ သူ့မြင်းကို ပေးပြီး မှာခဲ့ပါတယ်။ နရပတိစည်သူက သစ်ဆိမ့်အရပ်ကို ရောက်တော့ ငဆောင်ချမ်းမှာ သူပုန် မရှိကြောင်း ကြားတာမို့ သူ့အစ်ကို သူ့ကို ဂျင်းထည့်လိုက်ပြီ ဆိုတာ သိသွားပါတယ်။ နရပတိစည်သူ စစ်ထွက်သွားတော့ သူ့အစ်ကိုက  ဝေဠုဝတီကို မိဖုရားအဖြစ် ဆွဲစိလိုက် ပါတယ်။ အဲဒီသတင်းကို ကြားကြားချင်း ငပြည့်လည်း မြင်းကို ဒုန်းစိုင်းစီးပြီး နရပတိစည်သူ နောက်ကို လိုက်ပါတယ်။  အဲဒီလိုနဲ့ ညနေစောင်းတော့ ငါးဘတ်ချောင်းကို ရောက်လာခဲ့ပါတယ်။ ငပြည့်လည်း နေဝင်ရီတရောမို့ ချောင်းထဲမှာ ရေမရှိတာကို ရေထင်ပြီး ဖြတ်မကူးရဲပါဘူး။ မြင်းကလည်း အတော်ပြိုင်းနေပြီမို့ ချောင်းဘေးက တောထဲမှာပဲ တစ်ညစာ ကျိုးနေလိုက်ပါတယ်။ နရပတိစည်သူနဲ့ အလွန်နီးနေပြီမို့ မြင်းက သူ့သခင်ရဲ့ အနံ့ကို ရလို့ တစ်ညလုံး ဟီတယ်ဆိုပါတယ်။ နရပတိစည်သူလည်း သူ့မြင်းဟီသံကို ကြားတော့ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး "ငါ့မြင်းအသံဆိုရင် ခေါင်းအုံးပေါက်စမ်းကွာ" ဆိုပြီး ခေါင်းအုံးကို လက်သီးနဲ့ ထိုးလိုက်တာ ခေါင်းအုံးပေါက်သွားတယ် ဆိုပါတယ်။ ဒီမင်းသားလည်း လူလည်ပါ။ အမှန်တကယ်ဆို အုတ်နံရံ ဖြစ်ဖြစ် ၊ သစ်ပင် ဖြစ်ဖြစ် ထိုးကြည့်သင့်ပါတယ်။ 

နောက်တစ်နေ့ တော့ ငပြည့်က သူ့ရဲ့ အာစရိ နရပတိ စည်သူကို သတင်းပို့ပါတယ်။ နရပတိ စည်သူက ဒေါခွီးပြီး ပတ်ရမ်းပါတယ်။ ငပြည့်ကို ညက ဘယ်မှာ အိပ်သလဲ မေးတော့ သူနဲ့ မနီးမဝေး တစ်နေရာမှာ အိပ်တယ်ဆိုတာ သိသွားပါတယ်။  "ဒီလောက် အရေးကြီးတဲ့ ကိစ္စငါ့ကို သတင်းမပို့ဘဲ နှပ်နေတယ်။ ငါတို့ အတွက် အချိန်ဟာ ကားပါမစ်လို တန်ဖိုးရှိတယ်။ ခဏကြံရင် ထရံတောင် ခြံတိုင်ဖြစ်တယ်ဆိုတာ မသိဘူးလား။" ဆိုပြီး သတ်ပစ်လိုက်ပါတယ်။  ငပြည့်မှာ ဆန္ဒန်ဆင်မင်းဇာတ်နဲ့ စေတနာက ဝေဒနာဖြစ်ရတယ် ဆိုပြီး ငိုပြဖို့တောင် အချိန်မရလိုက်ပါဘူး။ ငပြည့် အလောင်းကို ရေထဲမျှောလိုက်ပြီး တစ်နေရာမှာ သွားတင်နေတော့ အဲဒီနေရာမှာ နတ်ကွန်းဆောက် ကိုးကွယ်တယ် လို့  ပြောကြပါတယ်။  ငပြည့်ဟာ အခု နတ်လောကမှာ ဆရာကြီးတစ်ဆူ ဖြစ်နေတဲ့ မြင်းဖြူရှင်နတ်လို့  ပြောကြပါတယ်။

နောက်တော့ သူ့ရဲ့ ပီအေ အောင်စွာငယ်ကို ခေါ်ပြီး မင်းယဉ်နရသိင်္ခကို လုပ်ကြံဖို့ ခိုင်းလိုက်ပါတယ်။ အောင်စွာငယ်ကို မက်လုံးပေးတဲ့ အနေနဲ့ ဘုရင်ကို သတ်ပြီးရင် ဘုရင့်မိဖုရားထဲက ကြိုက်တဲ့ တစ်ယောက် ပေးမယ်ကွာ ဆိုပြီး ပြောလိုက်ပါတယ်။ အောင်စွာငယ်လည်း မိဖုရားတစ်ယောက်တော့ ရရချည်သေးရဲ့ ဆိုပြီး ဘုရင်ကို လုပ်ကြံလိုက်ပါတယ်။ နောက်တော့ နရပတိစည်သူ နန်းတော် ပြန်ရောက်ပြီး ဘုရင် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အောင်စွာငယ်က သူ့ကို မင်းယဉ်နရသိင်္ခရဲ့ မိဖုရားတွေထဲ က တစ်ယောက်ကို စွန့်ဖို့ တောင်းပါတယ်။ ဒါပေမယ့် အရင် ဘုရင်ရဲ့ မိဖုရားတွေက "မောင်လေးရယ်။ မမတို့က မောင်လေးနဲ့ ဆိုရင် မရီးတော်တယ်လေ။ အဲဂလို မလုပ်ပါနဲ့လားကွယ်။" ဆိုပြီး ငိုပြကြတော့ နရပတိစည်သူ စိတ်ပြောင်းသွားပါတယ်။  အဲဒါကြောင့် မင်းကို တခြားတစ်ယောက်ပေးမယ်။ ငါ့မရီးတော်တွေတော့ မယူနဲ့တော့ ဆိုပြီး အောင်စွာငယ်ကို ကပ်ချုပ်ကြည့်ပါတယ်။ အောင်စွာငယ်က ဘုရင် ကတိမတည်ဘူး ဆိုပြီး ထွီဆိုပြီး တံတွေး ထွေးလိုက်တဲ့ အတွက် ဘုရင်က နှာကစ်ပြီး ထတီးလိုက်တာ ဂန့်သွားပါတယ်။ နောက်တော့ ငါ့ ပီအေကို ငါကတိပေးထားပြီး မတည်တာ ငါမှားတာပဲ လို့ တွေးမိပြီး အောင်စွာငယ်ကို နတ်ကွန်းဆောက် ကိုးကွယ်စေလို့ အမိန့်ချလိုက်ပါတယ်။ အဲဒါကတော့ ၃၇ မင်းထဲက အောင်စွာနတ်ပါ။

နောက်တော့ သူတို့ခေတ်က ထုံးစံအတိုင်း မင်းယဉ်နရသိင်္ခနဲ့ ဆက်နွယ်နေတဲ့ သူတွေကို ဖြုတ်ထုတ်သတ် လုပ်ပါတော့တယ်။ အဲဒီ အထဲမှာ မင်းယဉ်နရသိင်္ခရဲ့ အထိန်းတော်သား အနန္တသူရိယ အမတ်လည်း ပါပါတယ်။ အနန္တသူရိယက သူ့ကို မကွက်မျက် ခင်မှာ ဘုရင်ကို ဆက်ဖို့ ကဗျာတစ်ပုဒ် ရေးခဲ့ပါတယ်။ ကဗျာကို ဖတ်ပြီး အနန္တသူရိယကို လွှတ်စေ အမိန့်ချတော့ ပါးကွက်အာဏာသားတွေက သတ်ပြီးကြောင်း ပြောပါတယ်။ အဲဒီတော့လည်း ပါးကွက်အာဏာသားတွေကို ငါ့အမိန့်မစောင့်ရကောင်းလား ဆိုပြီး ထပ်ပြီး သတ်ပြန်ပါတယ်။ အဲဒီလို သူသတ် ကိုယ်သတ် အားလုံးသတ်တဲ့ ခေတ်ထဲက ထွက်လာတဲ့ ကဗျာကတော့ ကဗျာဆရာ သေခါနီး ခံစားချက်တွေ တနင့်တပိုးနဲ့ ရေးခဲ့တဲ့ ကဗျာမို့ စာသားတွေ အမှန်အကန်နဲ့ သမိုင်းတွင်ကျန်ရစ်ပါတယ်။


သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။


ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ
မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာကား
သမုဒ္ဒရာ၊ ရေမျက်နှာထက်
ခဏတက်သည်၊ ရေပွက်ပမာ
တသက်လျာတည်း။


ကြင်နာသနား၊ ငါ့အားမသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ ဖောက်လွဲတတ်သည်
မချွတ်စသာ၊ သတ္တဝါတည်း။


ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်
သံသာစက်၌၊ ကြိုက်လတ်တုံမူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
သခင်မွန်ကို၊ အပြစ်မဲ့ရေး
ခွင့်လျှင်ပေးသည်၊ သွေးသည်နိစ္စာ
ငါ့ခန္ဓာတည်း။

Sunday, September 18, 2011

ဘဏ်နှင့် လူတို့ အကြောင်း

ဒီနေ့ နိုင်ငံခြားသား မိတ်ဆွေတစ်ယောက်နဲ့ ကိုယ့်နိုင်ငံ အကြောင်း စကားစပ်လို့ ပြောမိ ပါတယ်။ သူက မြန်မာနိုင်ငံကို အကြိမ်ကြိမ် အခါခါ ရောက်ဖူးတဲ့ သူမို့ မြန်မာပြည်က စနစ်တွေ လုပ်ပုံကိုင်ပုံတွေနဲ့ အတော်လေး အကျွမ်းတဝင် ရှိပါတယ်။ မင်းတို့နိုင်ငံ ပြောင်းလဲဖို့ ဆိုရင်တော့ စိတ်ချရတဲ့ ဘဏ်စနစ်တစ်ခုတော့ မဖြစ်မနေ လိုတယ်လို့ သူက ကျွန်တော့်ကို ပြောပါတယ်။ သူပြောတဲ့ စကားကို ကျွန်တော် ထောက်ခံပါတယ်။ ကျွန်တော်တို့ နိုင်ငံ ငွေရေးကြေးရေးအရ ပြောင်းလဲပစ်ဖို့ စိတ်ချရတဲ့ ဘဏ်စနစ်က မဖြစ်မနေ လိုပါတယ်။ အဲဒီ စကားပြောပြီးတော့ ဟိုဟိုဒီဒီ တွေးရင်း ဘဏ်နဲ့ ပတ်သက်တဲ့ ကျွန်တော် ကြုံဖူးတဲ့ ရယ်စရာ မောစရာ အဖြစ်အပျက် ကလေးတွေကို ပြန်ပြီးတွေးမိပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက် ကျွန်တော်တို့ စင်ကာပူကို စရောက်တော့ ရန်ကုန်မှာ အေတီအမ် ခေါ်တဲ့ အလိုအလျောက် ငွေထုတ်စက်တွေ ခေတ်မစားသေးပါဘူး။ (အခုလည်း ခေတ်မစားသေးဘူး ထင်ပါတယ်။ :D ) အဲဒါကြောင့် ကျွန်တော်တို့ ဘဏ်မှာ အကောင့် သွားဖွင့်ရင် ဘဏ်က ပိုက်ဆံထုတ်ဖို့ အေတီအမ် ကတ်ဒ် တစ်ကတ်ဒ် ထုတ်ပေးတာကို သဘော အကျကြီး ကျ နေကြ ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့မှာ အေတီအမ်ကို အခုမှ စသုံးတတ်တာမို့ အတော် ဒုက္ခရောက်ကြရပါတယ်။ စက်ထဲကို ကတ်ဒ်ထိုးထည့် လိုက်ရင် ပိုက်ဆံကို ဂဏန်းရိုက်ပြီး မထုတ်တတ်တာမို့ အမြဲတမ်း ဒေါ်လာ ၅၀ ချည်း ထုတ်နေ ရတာမျိုး ဖြစ်တတ်သလို တစ်ခါတစ်လေ အပေါ်ခလုပ်နဲ့ အောက်ခလုပ် မှားနှိပ်မိလို့ ဒေါ်လာ ၁၀၀၀ ထွက်လာ တာကြောင့် ဘဏ်မှာ သွားပြန် ထည့်ရတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီအချိန်က ငွေသွင်းစက် မရှိသေးတာမို့ ပိုက်ဆံ ထည့်ချင်ရင် ဘဏ်မှာ တန်းစီပြီး ထည့်ရပါတယ်။

ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကတော့ အေတီအမ် ကတ်ဒ်ကို သဘောကျလွန်းလို့ တွေ့ကရာ ဘဏ်တိုင်းမှာ အကောင့် လျှောက်ဖွင့်ပါတယ်။ အဲဒီအချိန်က ပိုက်ဆံ ၅၀၀ ထည့်ရင် အကောင့်ဖွင့်လို့ ရပါတယ်။ သူ့မှာ ပိုက်ဆံ ၅၀၀ ထည့်လိုက် အကောင့်တစ်ခု ဖွင့်လိုက်၊ နောက်ပြီးရင် အဲဒီပိုက်ဆံကို ပြန်ထုတ်လိုက်၊ နောက်ဘဏ်တစ်ခု ထပ်သွားလိုက် အကောင့်တစ်ခု ထပ်ဖွင့်လိုက်နဲ့ တစ်ပတ်လောက် ကြာတော့ အိတ်ထဲမှာ အေတီအမ်ကတ်ဒ် အထပ်လိုက် ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း လကုန်မှ ကောင်းကောင်း တိုင်ပတ် ပါတော့တယ်။ ဘဏ်တွေက စုငွေ အကောင့်ထဲမှာ ပိုက်ဆံ ၅၀၀ ပြည့်အောင် မရှိရင် ဝန်ဆောင်ခ အနေနဲ့ ပိုက်ဆံ ၂ ဒေါ်လာ ဖြတ်ပါတယ်။ သူ့မှာ ဘဏ်အကောင့်တွေ အများကြီးနဲ့ အကောင့်တစ်ခုကို ၂ ဒေါ်လာစီ အဖြတ်ခံလိုက်ရတော့ အတော်နင်သွားပါတယ်။ အဲဒီတော့မှ ဘဏ်တွေမှာ အကုန်လိုက်ပြီး အကောင့်တွေ ပြန်ပိတ်ရပါတယ်။ အတော်လေး မှတ်လောက်သားလောက် ရှိသွားပါတယ်။

နောက်တစ်ယောက်ရဲ့ အဖြစ်ကတော့ အတော် ရယ်ရပါတယ်။ သူတစ်နေ့ အေတီအမ် စက်မှာ ပိုက်ဆံ သွားထုတ်ပါတယ်။ ဒါပေမယ့် သူ့ကတ်ဒ်က တစ်ခုခု မှားနေတယ် ထင်ပါတယ်။ ကတ်ဒ်ကို စက်ထဲ ထည့်လိုက်ပြီးရင် စက်က လက်မခံဘဲ ပြန်ထုတ်ပါတယ်။ သူက ကတ်ဒ်ကို ပြန်ထည့်ပါတယ်။ စက်က ပြန်ထုတ်ပါတယ်။ နှစ်ခါ သုံးခါ စက်က လက်မခံဘဲ ပြန်ထုတ်တော့ သူဒေါသ ထွက်လာပါတယ်။ အဲဒါကြောင့် နောက်တစ်ခါ စက်ထဲကို ကတ်ဒ်ထည့်တဲ့ အချိန်မှာ ကတ်ဒ်ကို ပြန်ထွက် မလာအောင်  စက်ထဲထည့် ပြီးတာနဲ့ နောက်ကနေ ဖုန်းကတ်ဒ်နဲ့ ဖိပြီး တွန်းထား လိုက်ပါတယ်။ ဒီတစ်ခါတော့ စက်က ကတ်ဒ်ကို ပြန်မထုတ်တော့ပါဘူး။ ဘယ်တော့မှလည်း ပြန်ထွက် မလာတော့ပါဘူး။ ကတ်ဒ်ကို သိမ်းပစ်လိုက်ပါတယ်။ ဘဏ်မှာ ကတ်ဒ်သွားပြန်လုပ်တော့ ကတ်ဒ်ဖိုး ဒဏ်ကြေး ၅ ဒေါ်လာ ပေးလိုက် ရပါတယ်။

ငွေသွင်းစက်တွေက ကျွန်တော်တို့ စင်ကာပူရောက်ပြီး ၂ နှစ် ၃ နှစ်ကြာမှ စပေါ်လာတာပါ။ အဲဒီစက်တွေ စပေါ်လာခါစက သူငယ်ချင်းတစ်ယောက်က စက်နဲ့ ပိုက်ဆံ သွားသွင်းပါတယ်။ ဒါပေမယ့် စက်က ပိုက်ဆံ ရေ တတ်တယ်ဆိုတာကို သူမသိပါဘူး။ အဲဒါကြောင့် ပိုက်ဆံ ၅၀၀ သွားသွင်းတာကို ၅၀ တန် တစ်ရွက်စီ ထည့်ပါတယ်။ ၅၀ တန် တစ်ရွက်ထည့်လိုက် စက်က လက်ခံလိုက် နောက်ထပ် ဆက်ရန် ခလုပ်နှိပ်လိုက် ထပ်ထည့်လိုက်နဲ့ နောက်တော့ စက်က ပိုက်ဆံ ထပ်ပြီး လက်မခံတော့ပါဘူး။ အကုန်ပြန်ထုတ် ပေးလိုက်ပါတယ်။ သူ့မှာ နောက်တစ်ခါ ထပ်ကြိုးစားလည်း ဒီလိုပါပဲ။ နောက်ဆုံး ဘဏ်က ကောင်မလေးကို အကူအညီ သွားတောင်းတော့မှ ဟိုက သူ့ပိုက်ဆံ အထပ်လိုက်ကို ယူပြီး စက်ထဲကို တစ်ခါတည်း ထည့်ပေးလိုက်ပါတယ်။ အဲဒီတော့မှပဲ တစ်ခါတည်း ကိစ္စပြတ် သွားပါတော့တယ်။ ဂျပန်က လာလည်တဲ့ သူငယ်ချင်း တစ်ယောက်ကတော့ ဝေဖန်ပါတယ်။ မင်းတို့ စင်ကာပူမှာ သူများ အကောင့်ထဲကို ပိုက်ဆံ ထည့်ဖို့ ကိုယ့်ဘဏ်ကတ်ဒ်ကို စက်ထဲထည့် စကားဝှက် နှိပ်ပြီးမှ ထည့်လို့ရတယ်။ ကိုယ့်အကောင့်ထဲကို မသိတဲ့သူက ပိုက်ဆံတွေ အများကြီး လာထည့်သွားမှာ စိုးလို့လားကွလို့ သူက ပြောပါတယ်။

ဘဏ်တွေ အကြောင်းပြောရင် စီးပွားရေး ပိတ်ဆို့မှုကြောင့် ဒုက္ခရောက်ရတဲ့ သူ တစ်ယောက် အကြောင်းပါ ကြုံတုန်းကြိုက်တုန်း ပြောပြပါမယ်။ ကျွန်တော်တို့ ကျောင်းက သူငယ်ချင်း တစ်ယောက်ကို နိုင်ငံခြားမှာရှိတဲ့ သူ့မိသားစုက Western Union လိုမျိုး ပိုက်ဆံလွှဲတဲ့ အေးဂျင့် ကုမ္ပဏီ တစ်ခုကို သုံးပြီး ငွေပို့လိုက်ပါတယ်။ ဒါပေမယ့် သူ ပိုက်ဆံသွားထုတ်တော့ ထုတ်မရပါဘူး။ ဘာဖြစ်လို့လဲ မေးတော့ မင်းနာမည်က အမေရိကန်နဲ့ ဥရောပက အမည်မည်း စာရင်း ကြေငြာထားတဲ့ အထဲမှာ ပါတယ်။ အဲဒါကြောင့် ထုတ်ပေးလို့ မရဘူးလို့ ရီမစ် လုပ်တဲ့ နေရာက အေးဂျင့်က သူ့ကို ပြောလိုက်ပါတယ်။ အဲဒီလိုနဲ့ သူ့မှာ နိုင်ငံခြားမှာ ရှိတဲ့ သူ့မိသားစုကနေ ပိုက်ဆံ မှာလို့ မရတော့ပါဘူး။ တကယ်တော့ သူ့အမျိုးတွေ အဆွေတွေမှာ နိုင်ငံခြားက စီးပွားရေး ပိတ်ဆို့လောက်တဲ့ သူမျိုးတွေ မပါပါဘူး။ ဒါဆို သူ့နာမည်က ဘာလို့ စီးပွားရေး ပိတ်ဆို့ခံရတဲ့ စာရင်းထဲ ပါနေသလဲ လို့ မေးရင်တော့ ရယ်စရာ ကောင်းပါတယ်။ သူ့နာမည်က အစိုးရ အဖွဲ့ဝင် ဗိုလ်ချုပ်တစ်ယောက်နဲ့ နာမည်တူနေတာပါ။ ဒီတစ်ခါတော့ နာမည်ချင်း တူနေတာ ဂျွတ်စ်ကိုက်တယ် လို့ပဲ ပြောရမယ် ထင်ပါတယ်။

ဒါကတော့ နိုင်ငံ ရပ်ခြားမှာ ကြုံခဲ့ဖူးတဲ့ ဘဏ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ ပါပဲ။အားလုံး ပြုံးရွှင်နိုင်ဖို့ ဝေမျှ ပေးလိုက်ပါတယ်။


ခပ်ဆင်ဆင် ပို့စ်များ။ ။ ဓာတ်လှေကား
                                   MRT ဇာတ်လမ်းစုံ
                                  စင်ကာပူမှာ ကြုံခဲ့သမျှ အမှတ်တရများ
                                  စျေးဝယ်မှားတဲ့ ဟာသများ

Thursday, August 25, 2011

တီဂျီအိုင်အက်ဖ်

သူတို့အားလုံး ကွန်ပျူတာ ဖန်သားပြင်ကို ကိုယ်စီ စိုက်ကြည့်နေကြပါတယ်။ ကီးဘုတ် ရိုက်သံ တချောက်ချောက်က အခန်းထဲမှာ မှန်မှန် ပေါ်ထွက်နေပါတယ်။ သူက ဆော့ဖ်ဝဲလ် မှတ်တမ်းဖိုင် ကို အထက်အောက် စုန်ဆန် လူးလာခေါက်ပြန် ကြည့်နေရင်း ခေါင်းကို တွင်တွင် ယမ်းနေမိပါတယ်။ သူ့နောက်မှာ ထိုင်နေတဲ့ ဂျွန်ဆီကနေ ရှစ်တ်၊ ဘလပ်ဒီဟဲလ် စတဲ့ ဆဲရေးသံတွေကို မကြာခဏ ဆိုသလိုပဲ ကြားနေရပါတယ်။

ဘယ်သူက စိတ်မတိုဘဲ နေနိုင်ပါမလဲ။ ဒီနေ့ သောကြာနေ့။ ရုံးဆင်းချိန် ဒေါင်ဆိုတာနဲ့ လစ်ဖို့ သူတို့ အားလုံး စီစဉ်ထားပြီးသား။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာနဲ့ ညနေ ၄ နာရီ ကျော်မှာ ကပ်စတန်မာဆီကနေ ဖုန်းဝင်လာပါတယ်။ ကပ်စတန်မာက အနောက်နိုင်ငံက ဆိုတော့ သူတို့နဲ့ စံတော်ချိန် ၇ နာရီ ကွာပါတယ်။ အဲဒီတော့ သူတို့ဆီမှာ ညနေ၄ နာရီ ဆိုရင် ကပ်စတန်မှာ ဆီမှာ မနက် ၉ နာရီ။ ကပ်စတန်မာ ဆီမှာ မနက် ရုံးတက်ချိန် ဆော့ဖ်ဝဲလ် ဖွင့်လို့မရပါဘူး။  ဖွင့်လိုက်တာနဲ့ မက်ဆေ့ပြပြီး ပြန်ပိတ်သွားတယ် လို့ ပြောပါတယ်။  သာမန် ပြသနာဆိုရင် နောက်နေ့ ရွှေ့လို့ ရပေမယ့် ဆော့ဖ်ဝဲလ် ဖွင့်မရအောင် ဖြစ်တာကတော့ အတော်ကို ပြဿနာ ကြီးတယ်လို့ ပြောလို့ရပါတယ်။ အခုလို ရုတ်တရက် ပြဿနာ ပေါ်လာတဲ့အတွက် သူတို့အားလုံး သောကြာနေ့ ညနေ ပြန်လစ်ဖို့ ကိစ္စကို စိတ်ထဲမှာ ခဏ မေ့ထားလိုက်ရပါတယ်။ သူတို့ အတွက်တော့ အလုပ်သည် သားအမိ အလုပ်သည် သားအဖ ဖြစ်နေလို့ပါ။

၆ နာရီ ထိုးပြီမို့ တခြား ဌာနက လူတွေ ပစ္စည်းသိမ်းပြီး ပြန်ဖို့ ပြင်နေကြပါပြီ။ သူတို့နဲ့ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ အရောင်းဌာနက စင်ဒီ ဆိုတဲ့ ကောင်မလေး က အိတ်ကလေး ဆွဲပြီး ထလာပါတယ်။ သူတို့ စားပွဲနားရောက်တော့ အလိုက်ကမ်းဆိုး မသိစွာ "ဘိုင်" လို့ လှမ်းနှုတ်ဆက်ပါတယ်။ သူက လောကဝတ် အနေနဲ့ ဘိုင်လို့ ပြန်နှုတ်ဆက်လိုက်ပေမယ့် အခြားသူတွေဆီက နှုတ်ဆက်သံ မကြားရပါဘူး။ သရီးရှဲဒိုး ဒုန့် အန်ဒါစတန်း ဆိုတဲ့ အရိပ်သုံးပါး နားမလည်တဲ့ ကောင်မလေးပါ။  တခြားသူတွေ အလုပ်ရှိလို့ မပြန်ရဘဲ ညစ်နေတယ် ဆိုတာကို သဘောပေါက်ပုံ မရပါဘူး။ ဘေးကို မသိမသာ စောင်းငဲ့ကြည့်တော့ ဘေးခုံက ဟင်နရီ က မကျေမနပ်နဲ့ နားဘေ လို့ မသိမသာ ဆဲတာ ကြားလိုက်တော့ သူပြုံးလိုက်မိပါတယ်။

နာရီလက်တံက တဖြည်းဖြည်း လည်နေဆဲပါ။ သူတို့တော့ ပြဿနာရဲ့ အရင်းအမြစ်ကို အခုထက်ထိ ရှာမတွေ့နိုင်သေးပါဘူး။ အဖြေနှင့် နီးစပ်လာပြီလို့ ပြောနိုင်ပေမယ့် ဒါပြဿနာပါဟု တိတိကျကျ လက်ညှိုးထိုးပြစရာ အခုအချိန်ထိ မတွေ့နိုင်သေးပါဘူး။ တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ကိတ်ပယ်ရီ ရဲ့ သီချင်းသံနဲ့ ဖုန်းတစ်လုံးမြည်သံ ထွက်လာပါတယ်။ သူ့အနောက်ဖက်က ထွက်လာတာမို့ ဒါ ဂျွန်ရဲ့ ဖုန်းသံ ဖြစ်မှာပါ။

"ဟဲလို။"
"...."
"ငါ ခုန ပြောထားတယ်လေ။ အလုပ်မပြီးသေးဘူးလို့။ အရေးကြီးကိစ္စပေါ်လာလို့။"
"...."
"ဘယ်သိမှာလဲကွ။ ဘယ်အချိန်ပြီးမလဲဆိုတာ။"
"....."
"ငါတို့ ကုမ္ပဏီရဲ့ အနာဂတ်က ငါတို့ လက်ထဲမှာ မူတည်နေတယ်ကွ။ မင်းနားလည်လား။"

အဲဒီ စကားသံကြားတော့ အားလုံးပြုံးစိစိ ဖြစ်သွားကြပါတယ်။ အရှေ့က အဖွဲ့ခေါင်းဆောင် (Team Lead) က နောက်ကို မသိမသာ ငဲ့ကြည့်ပါတယ်။ သူ့မျက်နှာကလည်း မချိုမချဉ်ပြုံးနေပါတယ်။ ဂျွန်ဆီကနေ စကားသံက ဆက်ထွက်လာပြန်ပါတယ်။

"မင်းမယုံဘူးလား။ ငါ့အဖွဲ့ခေါင်းဆောင်နဲ့ ပြောကွာ။"

အဖွဲ့ခေါင်းဆောင်မှာ မျက်လုံးပြူး သွားပုံ ပေါက်ပါတယ်။ ဘယ်နှယ့်ကြောင့် သူ့ရည်းစားနဲ့ စကားများတဲ့ ကိစ္စ သူ့ကို ဆွဲထည့်ရသလဲဟု တွေးမယ်ထင်ပါတယ်။ ဂျွန်က အဖွဲ့ခေါင်းဆောင်အား ဖုန်းကို ထိုးပေးပြီး

"ဒင်နီယယ်။ မင်းခဏ ပြောလိုက်ပါဦးကွာ။ ငါ့ရည်းစားနဲ့။"

ဒင်နီယယ်က အူကြောင်ကြောင်နဲ့ ဖုန်းကို လှမ်းယူလိုက်ပါတယ်။ နောက်တော့ အလုပ်ကိစ္စ အင်မတန် အရေးကြီးနေသည့် အတွက် အားလုံး မပြန်နိုင်သေးကြောင်း ဘာညာ နှင့် ဒင်နီယယ်က ဂျွန်ရဲ့ ရည်းစားကို ပြောနေသံ ကြားရပါတယ်။ နောက်တော့ ဒင်နီယယ်က ဂျွန်ဆီကို ဖုန်းပြန်ပေးလိုက်ပါတယ်။
"ပြီးရင် ဖုန်းဆက်လိုက်မယ်။ မင်းတစ်ယောက်တည်း လာစေချင်တာ မဟုတ်ဘူး။ ငါလည်း ပြန်ချင်တယ်။ ဒီ ဘလပ်ဒီ အလုပ်တွေ မပြီးသေးလို့။"

ဂျွန်က ပြောပြီး ဖုန်းချလိုက်ပါတယ်။

အခန်းထဲမှာ ခဏလောက် ပြန်တိတ်သွားပါတယ်။ အဲဒီနောက် သူတို့ အခုလက်ရှိ ရှာတွေ့ထားသည့် ပြသနာနဲ့ ဘယ်လို ဖြစ်နိုင်မယ် ထင်တဲ့အကြောင်းသူတို့ ခဏဆွေးနွေးဖြစ်ပါတယ်။ ပြောပြီး သူတို့ ခုံမှာ ပြန်ထိုင်လိုက်တဲ့ အချိန်မှာပဲ ဟင်နရီရဲ့ ဖုန်းကနေ "Excuse Me Boss, You have a text message." ဆိုတဲ့ အသံနဲ့ မက်ဆေ့ ဝင်လာတာကို သူတို့အားလုံးကြားလိုက်ရပါတယ်။

အဲဒီမက်ဆေ့ ဝင်လာပြီးတဲ့ နောက်မှာတော့ ဟင်နရီက မက်ဆေ့ ပြန်ရိုက်လိုက် ခဏနေ မက်ဆေ့ ပြန်ဝင်လာလိုက်နဲ့ သူ့ဘာသာသူ ဖုန်းနဲ့ အလုပ်ရှုပ်နေပါတယ်။ ခဏနေတော့ သူစိတ်ရှည်ဟန် မတူတော့။ ဖုန်းကို ကောက်နှိပ်လိုက်ပါတယ်။

"ငါ ရုံးမှာပဲ ရှိသေးပါတယ်ဆို။"
"..."
"သောကြာနေ့ကြီး အလုပ်လုပ်ရသလား။ ဟုတ်လား။ အလုပ်မှ မပြီးတာ။"
"...."
"ငါ ဒီမှာ ရုံးမှာပဲ ရှိတယ်။ ကက်စီနိုလည်း ရောက်မနေဘူး။ ဘယ်မှလည်း ရောက်မနေဘူး။"
"...."
"မယုံရင်လည်း မတတ်နိုင်ဘူးကွာ"
"...."
"အော် ပြောပြီးပြီလေ။ အေးခဏစောင့် ။ ငါ အခုချက်ချင်း ပြန်ခေါ်မယ်"

ဟင်နရီက ဖုန်းကို ချလိုက်ပါတယ်။ ပြီးတော့ ပြန်နှိပ်ပြီး မတ်တပ် ထရပ်လိုက်တယ်။ အားလုံးက သူ့ကို ကြောင်ပြီး ကြည့်နေကြတယ်။ သူ့လက်ထဲမှာ ဖုန်းကို ဒေါင်လိုက် ထောင်ပြီး ကိုင်ထားတာကို တွေ့ရပါတယ်။ ဟင်နရီက ဖုန်းကို သူတို့ဘက်သို့ လှည့်ပြတယ်။ ပါးစပ်ကလည်း ပြောနေပါတယ်။

"ဒီမှာတွေ့လား။ မင်းမယုံရင် ။ ဟော့ဒီမှာ ငါ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးရှိတယ်။"

သူက လှမ်းကြည့်တော့ ဟင်နရီက ဗွီဒီယိုဖုန်း ဖွင့်ထားပြီးတော့ ဖုန်းပေါ်မှာ စူပုတ်နေတဲ့ သူ့မိန်းမ အရုပ်ပေါ်နေတာကို တွေ့ရပါတယ်။ ဖုန်းက သူ့ဘက်လှည့်လာတော့ သူက လက်မြှောက်ပြီး ပြုံးစိစိနဲ့
"ဟိုင်း။" လို့ ဟင်နရီ့မိန်းမကို လှမ်းနှုတ်ဆက်လိုက်ပါတယ်။ သူမ မျက်နှာ ဆက်ပြီး စူပုတ်နေသလား။ ပြေသွားပြီလား။ မသိတော့ပါ။ ဂျွန်ကလည်း ဖုန်းကင်မရာ သူ့ဘက် လှည့်လာတော့ အလန့်တကြားနဲ့ လှမ်း ဟိုင်း လိုက်ပါတယ်။ ဒီလိုနဲ့ ဟင်နရီ၏ ဗွီဒီယို ရိုက်ကူးရေး အစီအစဉ်က ပြီးဆုံးသွားပါတယ်။ သရီးဂျီ နည်းပညာရဲ့ အသုံးဝင်မှုကို အခုတော့ မျက်ဝါးထင်ထင် မြင်လိုက်ရပါတယ်။

ဘယ်သူ့ဆီက ဖုန်းများ လာဦးမလဲလို့ သူ့စိတ်ထဲမှာ တွေးနေမိပါတယ်။ ဒီတစ်ခါတော့ ဘယ်သူရဲ့ ဟင်းန်းဖုန်းကမျှ မမည်တော့ပါဘူး။ဒါပေမယ့် ဒင်နီယယ်ရဲ့ ခုံပေါ်မှ ဖုန်းက မြည်လာပါတယ်။ ဒင်နီယယ်က ဖုန်းကို ကောက်ကိုင်လိုက်ပါတယ်။

"ဟဲလို။"
"...."
"အေး။ မတွေ့သေးဘူး။ ရှာနေတုန်း။ တွေ့ခါနီးပြီတော့ ထင်တာပဲ။"
"...."

စကားပြောသံကို နားထောင် ကြည့်ရတာတော့ ပရိုဂရမ် မန်နေဂျာ ဖြစ်ပုံရပါတယ်။ ပရိုဂရမ် မန်နေဂျာဆိုတာ ကပ်စတန်မာနဲ့ ပရိုဂရမ်မာတွေကြားက ကြားခံ ပေါင်းကူး တံတားလို လူစားမျိုးပါ။ ကပ်စတန်မှာ ရဲ့ လိုအပ်ချက် ပြသနာတွေ ကို တိုက်ရိုက် ကိုင်တွယ် ဖြေရှင်းပေးရတဲ့သူမျိုး ဖြစ်ပါတယ်။

စကားကြုံလို့ ပရိုဂရမ် မန်နေဂျာ အကြောင်း ပြောရပါဦးမယ်။ တစ်ခါက လူတစ်ယောက်ဟာ မိုက်ခရိုဆော့ဖ်မှာ ပရိုဂရမ် မန်နေဂျာ ရာထူးအတွက် သွားလျှောက်ပါတယ်။ အင်တာဗျူးမှာ သူ့ကို အင်တာဗျူးတဲ့သူက သူသိပြီးသား သီအိုရီ တစ်ခုကို မဟုတ်ကြောင်း ဇွတ် အတင်းငြင်းပါတယ်။ အလုပ်လျှောက်တဲ့သူက ဒါက အထက်တန်း ကျောင်းသားတောင်မှ သိတဲ့ သီအိုရီ ဖြစ်တဲ့အကြောင်း၊ သူလုံးဝ မမှားကြောင်း ပြန်ငြင်းပါတယ်။ အင်တာဗျူးတဲ့သူကလည်း သူမမှားကြောင်း ဇွတ်အတင်း ငြင်းပါတယ်။ နောက်ဆုံးတော့ အလုပ်လာလျှောက်တဲ့သူနဲ့ အင်တာဗျူးတဲ့သူတို့ ရန်ထဖြစ်ကြပါတယ်။ အင်တာဗျူးပြီး ပြန်လာတော့မှ နောက်တစ်ယောက်က သူသိထားတဲ့ သီအိုရီ မှားလို့ မဟုတ်ကြောင်း။ ဒါပေမယ့် ပရိုဂရမ် မန်နေဂျာ အလုပ်မှာ ခေါင်းမာပြီး လောဂျစ် သိပ်ကောင်းတဲ့ ပရိုဂရမ်မာတွေနဲ့ ၁ ဆိုတာ ၁ ဖြစ်တဲ့အကြောင်း၊ ၂ မဟုတ်ကြောင်း နားဝင်အောင် ပြောရမှာ ဖြစ်လို့ စမ်းသပ်တယ်လို့ ထင်တဲ့ အကြောင်း ပြန်ပြောတော့မှ အင်တာဗျူးတဲ့ သူ ဘာရည်ရွယ်ချက်နဲ့ အဲဒီလို လုပ်တယ်ဆိုတာကို သဘောပေါက် သွားပါတယ်။

အခုလည်း ကပ်စတန်မာက သူ့ကိုထုပြီမို့ ပရိုဂရမ် မန်နေဂျာ သူတို့ကို ချော့နေရပြီ ထင်ပါတယ်။ ဒင်နီယယ် ကတော့ ပရိုဂရမ် မန်နေဂျာနဲ့ ဆက်ငြင်းနေတုန်းပါပဲ။

"ငါတို့ မစမ်းလို့ ဖြစ်တာမှ မဟုတ်တာပဲ။ ဗားရှင်း အသစ်က ဒီနေ့မှ ထုတ်တာမှ မဟုတ်တာ။"
"..."
"ဘာကွ။ Bug မရှိတဲ့ ဆော့ဖ်ဝဲလ် ဟုတ်လား။ အဲဒါဆို မင်းကပ်စတန်မာ ဘာဖြစ်လို့ ဝင်းဒိုး သုံးနေသလဲကွ။ ဝင်းဒိုးလောက် Bug များတဲ့ ဆော့ဖ်ဝဲလ် ရှိသေးလို့လား။"

ဒင်နီယယ်က မိုက်ခရိုဆော့ဖ်ကိုပါ သေဖော်ညှိနေပါပြီ။

"ငါတို့ ဒီမှာ ရှာနေတာပဲ။ ရမ်းသမ်းပြီး အပ်ဒိတ်ကို release လုပ်ပေးလိုက်လို့ ရတာမှ မဟုတ်တာ။ ငါ အခု အပ်ဒိတ် လုပ်လိုက်ပါပြီတဲ့။ နောက်ပေါ်လာတဲ့ ပြဿနာ မင်းပဲ ကပ်စတန်မာနဲ့ ရှင်းရမှာ။"
"..."

ဒီလိုနဲ့ ခဏအကြာ ဒင်နီယယ်နဲ့ ပရိုဂရမ် မန်နေဂျာတို့ ငြင်းခုံပြီးတော့ ဖုံးချလိုက်ကြပါတယ်။ သူလည်း အချိန်အတော်ကြာတော့ လော့ဂ်ဖိုင်ကို ဖတ်ရတာ မူးနောက်လာပါတယ်။ အဲဒါကြောင့် စိတ်ပြေလက်ပျောက် ဘရောက်ဆာ ဖွင့်ပြီး ဖေ့စ်ဘွတ်ခ်ထဲ ဝင်လိုက်ပါတယ်။ ဖေ့စ်ဘွတ်ခ်ဖွင့်လိုက်တော့ ဒင်နီယယ်ရဲ့ စတေးတပ်ကို ဖတ်မိလို့ သူပြုံးပြီး Like နှိပ်လိုက်ပါတယ်။ ဒင်နီယယ်က ရေးထားတာက "TGIF = Toolan Gosh. Insane Friday" ဆိုပြီးတော့ပါ။ (Too lan ဆိုတာ ဟောက်ကျန့်စကားနဲ့ ဒေါသဖြစ်တယ် စိတ်အနှောင့်အယှက် ဖြစ်တယ်လို့ ဆိုလိုတာပါ။)

Monday, July 25, 2011

မှန်းချက်နဲ့ နှမ်းထွက်

ကျွန်တော်တို့ ငယ်ငယ်က တီဗွီမှာလာတဲ့ ကြော်ငြာတစ်ခု ရှိပါတယ်။ ဝတဲ့သူက ပိန်ချင်တယ်။ ပိန်တဲ့သူက ဝချင်တယ်။ လူ့အလို နတ်မလိုက်နိုင်ပေမယ့် အာယုဘောဇနကတော့ အလိုလိုက် အကြိုက်ပေးနိုင်ပါတယ် ဆိုတဲ့ ကြော်ငြာပါ။ အဲဒီလို အာယုဘောဇနက တကယ်ပဲ သုံးစွဲသူ အကြိုက် လိုက်နိုင်သလားတော့ မပြောတတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဆော့ဖ်ဝဲလ် ရေးတဲ့သူများကတော့ သုံးစွဲသူ ယူဆာတွေရဲ့ အကြိုက်ကို လိုက်နိုင်ဖို့ မလွယ်ပါဘူး။ ပရိုဂရမ်မာဘက်က ယူဆာ နေရာကဝင် အကောင်းဆုံးဖြစ်အောင် လုပ်ပေးတာ တောင်မှ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ အခါမျိုးတွေ မကြာခဏ ကြုံရတတ်ပါတယ်။

ယူဆာတွေထဲမှာ သာမန် ယူဆာ၊ သူများထက် ထူးတဲ့ ယူဆာ၊ အူကြောင်ကျား ယူဆာ စသည်ဖြင့် အမျိုးစုံ တွေ့ရတတ်ပါတယ်။ လူတွေအတွက် အစားအသောက်တွေ နေရာ ဒေသလိုက်ပြီး အကြိုက်ကွဲသလို ဆော့ဖ်ဝဲမှာလည်း နေရာဒေသလိုက်ပြီး အကြိုက်ကွဲ ကြပါတယ်။ အာရှက လူတွေက ယူဆာဆိုတာ တာဝန်ယူမှု တစ်ခု ရှိရမယ် ဆိုတဲ့ အတွေးအမြင် ရှိပါတယ်။ ယူဆာက မဟုတ်တရုတ် ပေါက်ကရ လျှောက်လုပ်လို့ ဆော့ဖ်ဝဲလ်မှာ တိုင်ပတ်သွားရင် ဆော့ဖ်ဝဲလ် ရေးတဲ့သူကို အပြစ်မတင်ပါဘူး။ ယူဆာကိုပဲ အပြစ်တင်ပါတယ်။ ဥရောပမှာတော့ အဲဒီလို မဟုတ်ပါဘူး။ ယူဆာက တမင်သက်သက်ပဲ လုပ်လုပ်၊ ဂေါက်ကြောင်ပြီး ပေါက်တတ်ကရ လျှောက်ပဲ နှိပ်နှိပ် ဆော့ဖ်ဝဲလ်က ဒုက္ခပေးပြီ ဆိုရင် ဆော့ဖ်ဝဲလ်ရေးတဲ့သူကို ကြိုတင် ကာကွယ်မှု လုပ်မထားရ ကောင်းလားဆိုပြီး မြှားဦးက ကိုယ့်ဘက် လှည့်လာ တတ်ပါတယ်။ သူတို့ ပြောနေကျ စကား အရ ဆိုရင် ဆော့ဖ်ဝဲလ်ဟာ ငတုံးတောင်မှ သုံးလို့ ရရမယ် Idiot-proof ဖြစ်ရမယ်လို့ ဆိုကြပါတယ်။

ငတုံးတွေတောင်မှ သုံးလို့ ရမယ့် ဆော့ဖ်ဝဲလ်မျိုး ရေးရတာ မလွယ်ပါဘူး။ ကျွန်တော် ပြင်သစ်မှာ စက်သွားပြင်တုန်းက စက်ရုံက အင်ဂျင်နီယာက မင်းစက်က ဆော့ဖ်ဝဲလ် Idiot-proof ဖြစ်သလား မေးပါတယ်။ ကျွန်တော်က ဖြစ်တယ် ပြောတော့ အင်ဂျင်နီယာက တကယ့်ကို ငတုံး သုံးစွဲနည်းနဲ့ ကျွန်တော့်ကို ပညာပြလိုက်ပါတယ်။ Button တစ်ခု ပေါ်မှာ မောက်စ် ပွိုင်တာ တင်ပြီးတော့ ကလစ်ကို အချက် ၂၀ လောက် ဆက်တိုက် နှိပ်ထည့်လိုက်တာပါ။ အကျိုးဆက်ကတော့ ကျွန်တော့် ဆော့ဖ်ဝဲလ် Hang သွားပါတယ်။ ဟာကွာ။ ဒါကတော့ မလွန်ဘူးလား မေးတော့။ အိဒိယော့ ဆိုတာ လုပ်ချင်ရာ လုပ်တာ လေကွာ။ အိဒိယော့ ပရုဖ် ဖြစ်တယ် ဆိုရင်တော့ လုပ်ချင်ရာ လုပ်တာကို ခံနိုင်ရမှာပေါ့လို့ ကျွန်တော့်ကို ပြန်ပြီး စောဒက တက်ပါတယ်။ ဒီလိုနဲ့ပဲ အောင့်သက်သက်နဲ့ ဆော့ဖ်ဝဲလ်ထဲမှာ ကလစ် ဆက်တိုက် နှိပ်တာကို ကာကွယ်ဖို့ ကုတ်ဒ် ရေးပေးလိုက်ရပါတယ်။

တစ်ခါတစ်လေတော့လည်း ယူဆာက ငတုံးမဟုတ်ပေမယ့် တကယ်မသိလို့ လုပ်လိုက်တဲ့ ကိစ္စနဲ့ ဆော့ဖ်ဝဲလ်မှာ ဂိသွားတာလည်း ရှိတတ်ပါတယ်။ ကျွန်တော်တို့ စပိန်မှာ စက်သွားဆင်တုန်းက ထရိန်နင်ပေးပြီး စက်ကို အော်ပရေတာတွေနဲ့ လွှတ်ထားလိုက်ပါတယ်။ ဒီလိုနဲ့ အော်ပရေတာ တစ်ယောက်က စက်ကို အလုပ်လုပ်ဖို့ လိုအပ်တဲ့  အချက်အလက်တွေ သူ့ဘာသာသူ ရိုက်ထည့်ပြီး Save လုပ်လိုက်တော့ ဆော့ဖ်ဝဲလ်က ဒိုင်းကနဲ Crash ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ဆော့ဖ်ဝဲလ်ထဲမှာ ရိုက်ထည့်သမျှ ဂဏန်းတွေ စာတွေ အကုန်လုံးကို စစ်ပြီးတော့မှ လက်ခံတာပါ။ အဲဒါကိုတောင်မှ Crash ဖြစ်သွားတယ် ဆိုတော့ စဉ်းစားရ အတော် ခက်သွားပါတယ်။ အဲဒါနဲ့ အော်ပရေတာကို နောက်တစ်ခေါက် ပြန် လုပ်ပါဦး ပြောပြီး သူလုပ်သမျှ ဘေးကနေ မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။ သူ ရိုက်ထည့်သမျှ အချက်အလက်တွေက အကုန်မှန်ပါတယ်။ ဂဏန်း ရိုက်ရမယ့် နေရာမှာ အက္ခရာ ရိုက်ရင် ကျွန်တော့် ဆော့ဖ်ဝဲလ်က စစ်ပေးနိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ဖိုင်ကို သိမ်းတဲ့ အချိန်ရောက်တော့ အော်ပရေတာက ဖိုင်နာမည်ထဲမှာ "\" တစ်ခု ထည့်သိမ်းပါတယ်။ အဲဒါကြောင့် ဆော့ဖ်ဝဲလ်က ဝင်းဒိုးထဲ သိမ်းလိုက်တဲ့ အချိန်မှာ Crash ဖြစ်သွားတာပါ။ အဲဒါကြောင့် ဖိုင်နာမည်ထဲမှာ ဘက်ဆလက်ရှ် ပါမပါ စစ်တဲ့ ကုတ်ဒ်တစ်ခုပါ ထပ်ပြီး ရေးထည့် ပေးလိုက်ရပါတယ်။

ယူဆာ အတွက် အသုံးရ လွယ်အောင် လုပ်ထားပေမယ့်လည်း ကိုယ်မှန်းထားတာနဲ့ လွဲသွားတာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ခါက ကျွန်တော် နဲ့ လုပ်ဖော်ကိုင်ဖက် အင်ဂျင်နီယာ တစ်ယောက် စင်ကာပူမှာ ဆော့ဖ်ဝဲလ် ထရိန်နင် ပေးကြပါတယ်။ ကျွန်တော်တို့ ဆော့ဖ်ဝဲလ်ကို သုံးမယ့် ယူဆာက စက်သုံးပစ္စည်းတွေကို တွင်ခုံလို နေရာမျိုးမှာ ခုတ်ထစ်ဖြတ်တောက် ကြမယ့် မက္ကင်နီကယ် အင်ဂျင်နီယာတွေပါ။ ဆော့ဖ်ဝဲ အင်ဂျင်နီယာကလည်း ဒီတစ်ခါ ဘာစိတ်ကူးပေါက်တယ် မသိပါဘူး။ ဆော့ဖ်ဝဲလ်ကို အရောင် အစုံသုံးပြီး သုံးရ လွယ်အောင် လုပ်ထားပါတယ်။ ဆော့ဖ်ဝဲလ်ထဲမှာ အစိမ်းရောင်၊ အပြာရောင်၊ အနီရောင် ရောင်စုံနဲ့မို့ စာဖတ်စရာ မလိုဘဲ အရောင်ကြည့်တာနဲ့ ဆော့ဖ်ဝဲလ်က ပေးချင်တဲ့ သတင်းအချက်အလက်ကို အလွယ်တကူ နားလည် နိုင်ပါတယ်။ ကျွန်တော်တောင်မှ သူလုပ်ထားတာကို ကြည့်ပြီး အတော် သဘောကျသွားပါတယ်။ ထရိန်နင် လာတဲ့ အင်ဂျင်နီယာတွေကတော့ စခရင်ကို မျက်လုံးအပြူးသား စိုက်ကြည့်နေကြပါတယ်။ အဲဒီအချိန်မှာ ထရိန်နင်ထဲမှာ ရှိနေတဲ့ မန်နေဂျာ တစ်ယောက်က ထပြောလိုက်လို့ ပွဲသိမ်းသွားပါတယ်။ သူက သူ့အင်ဂျင်နီယာတွေဘက် လှည့်ပြီး "မင်းတို့ မြင်ရသလား။" လို့ မေးတော့ "ဟင့်အင်း။" လို့ ဖြေကြပါတယ်။ အဲဒီတော့မှ သူက ကျွန်တော်တို့ကို "ဆောရီးပဲ။ ငါ့အင်ဂျင်နီယာတွေထဲမှာ ၃ ယောက်က ကာလာဘလိုင်း။ ကာလာ မမြင်ရဘူး။ အဲဒီတော့ မင်းအရောင်တွေလည်း သူတို့ ခွဲတတ်မှာ မဟုတ်ဘူး။" ဆိုတော့ ကျွန်တော်တို့မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားပါတယ်။ စင်ကာပူမှာ  ပေါ်လီ မတက်ခင် မျက်စိစစ်ပြီး ကာလာဘလိုင်း ဖြစ်ရင် မက္ကင်နီကယ် မေဂျာပဲ တက်လို့ ရပါတယ်။ အဲဒါကြောင့် မက္ကင်နီကယ် အင်ဂျင်နီယာတွေမှာ ကာလာဘလိုင်းတွေ သွားစုနေတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။

ကိုယ်က ပေးတာကို မယူဘဲ သူတို့ လိုချင်တာပဲ ယူသွားတတ်တဲ့ ယူဆာမျိုးလည်း ကြုံရပါသေးတယ်။ ခုန နေရာမှာပဲ အဲဒီ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ ထရိန်နင် ပေးပြီးတော့ ကျွန်တော်က ကျွန်တော့် အပိုင်းကို ထရိန်နင် ဆက်ပေးပါတယ်။ ကျွန်တော်က အသင့်ပြင်ထားတဲ့ ဒေတာတွေနဲ့ ပြတာဆိုတော့ အဲဒီဒေတာကိုပဲ ထပ်တလဲလဲ ကွန်ပျူတာထဲကို ထည့်ပြီး စမ်းပြပါတယ်။ ယူဆာတွေ အားလုံးကို ဆော့ဖ်ဝဲလ် ဘယ်လိုသုံးရသလဲ ပြပြီးတော့ ထရိန်နင်က အောင်အောင်မြင်မြင်နဲ့ ပြီးသွားပါတယ်။ နောက်နေ့မှာတော့ ကျွန်တော့် ထရိန်နင် လာတက်တဲ့ အင်ဂျင်နီယာ တစ်ယောက်က ကျွန်တော့်ကို တောက်တခေါက်ခေါက်နဲ့ ကြိတ်မနိုင် ခဲမရ ပြောပါတယ်။ "ငါကွာ။ မနေ့က မင်းပြတဲ့ဟာ သေချာ မမှတ်လိုက်မိဘူး။" ဆိုတော့ ကျွန်တော်က "ဘယ်ဟာကို မသိလိုက်တာလဲ။" လို့ ပြန်မေးလိုက်ပါတယ်။ သူက " မသိလိုက်တာ မဟုတ်ဘူး။ မမှတ်လိုက်မိတာ။ မနေ့က မင်းခဏခဏ ရိုက်ပြနေတဲ့ နံပါတ်က 4D မှာ ပထမဆု ထွက်သွားတယ်ကွ။" လို့ ပြောတော့ ကျွန်တော့်မှာ ဘာပြန်ပြောရမှန်း မသိအောင်ကို ဖြစ်သွားပါတယ်။ ( 4D ဆိုတာ ချဲလိုမျိုး နံပါတ် ၄ လုံးနဲ့ ကစားကြတဲ့ စင်ကာပူမှာ ဖွင့်တဲ့ ထီတစ်မျိုးပါ။)

Friday, July 15, 2011

ကင်းတဲ ၃



အမှန်တကယ်ကတော့ ခေတ်ကြီးကိုက မကောင်းတာပါ။ ခေတ်ကာလ သားသမီးတွေ အိုင်ပက်တဲ့ သူကပက် ဂယ်လက်ဆီ တက်ဘ်တဲ့သူက တက်ဘ်ဆိုတော့ ကျွန်တော်လည်း မနေနိုင် မထိုင်နိုင် ရွစိတက် လာပါတယ်။ သူလိုကိုယ်လို လမ်းသွားရင်း ဟိုနှိပ် ဒီနှိပ် ဟိုပွတ် ဒီပွတ် လုပ်ဖို့ တက်ဘလက် တစ်ခုလောက် လိုချင်လာပါတယ်။  ဘယ်တက်ဘလက် ဝယ်ရင် ကောင်းမလဲ စဉ်းစားတော့ ဘလက်ဘယ်ရီ ရဲ့ အမာခံ ပရိသတ် မို့ Playbook တစ်ခုလောက် ဝယ်ရင် ကောင်းမလား စဉ်းစားမိ ပါသေးတယ်။

ဒါပေမယ့်လည်း ကိုယ့်ဘာသာကိုယ် ဘာလုပ်ချင်တာလဲ ပြန်မေးတော့ စာအုပ်ဖတ်ဖို့နဲ့ သီချင်းနားထောင် ဖို့က လွဲရင် တက်ဘလက်ကို တခြားနေရာ ဘယ်နေရာ သုံးရမလဲ ဆိုတာ စဉ်းစားမရပါဘူး။ ရုပ်ရှင်ကြည့်တာတို့ ဂိမ်းဆော့တာတို့ကလည်း စိတ်ကူးပေါက်မှ တစ်ခါ ထလုပ်တတ်တာမို့ ကျွန်တော့် အတွက်တော့ သွားရင်လာရင်း သုံးဖို့ သိပ်မလိုအပ် ပါဘူး။ အဲဒီတော့ အီလက်ထရွန်းနစ် စာအုပ်ဖတ်စက် တစ်ခုလောက်ပဲ ဝယ်ဖို့ စဉ်းစားမိပါတယ်။ ကိုဒီဘီရဲ့ ပို့စ်ကိုဖတ်ပြီး nook ဝယ်ရရင် ကောင်းမလား ဖြိုးမော်ရဲ့ ကင်းဒဲလ်ပို့စ် ကို ဖတ်ပြီးတော့ ကင်းဒဲလ် ဝယ်ရရင် ကောင်းမလား အကြိတ်အနယ် စဉ်းစားဖြစ်ပါတယ်။

ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ အမေဇုန် အင်တာနက် စတိုးကို ဝင်ပြီး ကင်းဒဲလ် သရီး တစ်ခု ဝယ်ဖြစ်လိုက်ပါတယ်။ ကင်းဒဲလ်သရီးမှာ 3G သုံးလို့ ရတဲ့ ဗားရှင်းနဲ့ ဝိုင်ဖိုင်ပဲ သုံးလို့ရတဲ့ ဗားရှင်း နှစ်ခု လာပါတယ်။ ဝိုင်ဖိုင် ဗားရှင်းမှာမှ ကြော်ငြာပါတဲ့ ဗားရှင်းနဲ့ ကြော်ငြာမပါတဲ့ ဗားရှင်းဆိုပြီ:တော့ ထပ်ကွဲသွားပါတယ်။ အင်တာနက်ထဲမှာ တခြားသူတွေ ရေးထားတဲ့ သုံးသပ်ချက်တွေ လိုက်ဖတ်ကြည့်ပြီးတော့ နောက်ဆုံး ကြော်ငြာမပါတဲ့ ဝိုင်ဖိုင် ဗားရှင်းနဲ့ သားရေဖုံး တစ်ခု ဝယ်ဖြစ်လိုက်ပါတယ်။ ပိုက်ဆံလည်း ပေးဝယ်ရသေးတယ် ကြော်ငြာလည်း ကြည့်ရဦးမယ် ဆိုတော့ စိတ်ထဲမှာ နည်းနည်း အောင့်သက်သက် ဖြစ်လို့ပါ။

အမေဇုန်က ကင်းဒဲလ်ကို တရားဝင် ရောင်းတဲ့ နိုင်ငံတွေ ထဲမှာ စင်ကာပူ မပါပါဘူး။ အဲဒါကြောင့် နည်းနည်း အကြံအဖန် လုပ်ရပါတယ်။ ကြားခံ Forwarder တစ်ခု သုံးရပါတယ်။ အမေရိကားကနေ စင်ကာပူကို ပို့ဖို့  VPost Borderlinx နဲ့ ComGateway ကုမ္ပဏီတွေ ထဲက တစ်ခုခုကနေ တဆင့် ဝယ်ရပါတယ်။ အဲဒီကုမ္ပဏီတွေမှာ မှတ်ပုံတင်ရင် အမေရိကန်လိပ်စာ တစ်ခု ထုတ်ပေးပါတယ်။ သူတို့ပေးတဲ့ လိပ်စာနဲ့ အမေဇုန်မှာ ဝယ်တော့ အမေရိကန် ကပ်စတန်မာ တစ်ယောက် အနေနဲ့ ဝယ်လို့ရပါတယ်။

ကံကောင်း ထောက်မချင်တော့ ကျွန်တော့်မှာ ရှိနေတဲ့ ခရက်ဒစ်ကတ်ဒ် တစ်ခုက VPost နဲ့ တွဲပြီး ပရိုမိုးရှင်း လုပ်တာကြုံလိုက်ပါတယ်။ အမေရိကားကနေ စင်ကာပူ အရောက် ပို့ဆောင်ခ ၂ ဒေါ်လာခွဲပဲ ပေးလိုက်ရပါတယ်။ ဝယ်ထားပြီးတော့ ကြားထဲမှာ စနေတနင်္ဂနွေတွေ အမေရိကန် အမျိုးသားနေ့တွေ ခံနေတာနဲ့ အတော်နဲ့ ရောက်မလာပါဘူး။ ၁၀ ရက်လောက် ကြာမှပဲ လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။

ကင်းဒဲလ် ဝယ်ပြီးတော့ လက်ထဲကို ရောက်မလာခင်မှာ အမေဇုန်ကနေ စာအုပ်တွေ ကြိုတင် ဒေါင်းလုပ် လုပ်ထား လိုက်ပါတယ်။ အမေဇုန်မှာ ကင်းဒဲလ်အတွက် အလကားပေးထားတဲ့ စာအုပ်တွေ အများကြီး ရှိပါတယ်။ အီစွပ်ပုံပြင်၊ ဂရင်းညီနောင် ပုံပြင်၊ တစ်ထောင့်တစ်ညပုံပြင် လို ပုံပြင်စာအုပ်တွေ၊ ရှားလော့ဟုမ်း၊ အလန်ကွာတာမိန်းစာအုပ်တွေ၊ ဆမ်းမားဆက်မွန်ရဲ့ ဝတ္ထုတိုတွေ၊ ဂျိမ်းဂျွိုက်စ်၊ တော်စတွိုင်းရဲ့ ဝတ္ထုတွေ စတာတွေက အလကားပေးတဲ့ စာအုပ်ထဲမှာ ပါပါတယ်။ ကပ်ဖ်ကာတို့၊ ကမူးတို့ စာအုပ်တွေက အလကားမပေးပေမယ့် တစ်အုပ်ကို ၁ ဒေါ်လာ နဲ့ ၅ ဒေါ်လာ ကြားလောက်ကျတာမို့ စာအုပ်ဝယ်တာထက် စာရင် ပစ္စလက္ခတ်တန်တယ် ပြောလို့ရပါတယ်။

အမေဇုန်က ကင်းဒဲလ်အတွက် စာအုပ်ဝယ်ရင် အမေရိကန် ခရက်ဒစ်ကတ်ဒ် မှ ရောင်းတယ်လို့ ပြောပါတယ်။ ဒါပေမယ့် နိုင်ငံခြား ခရက်ဒစ်ကတ်ဒ်နဲ့ အမေဇုန်က Gift ကတ်ဒ် ဝယ်၊ ပြီးမှ  Gift ကတ်ဒ်ကိုသုံးပြီး စာအုပ်ဝယ်ရင်တော့ ရတယ်လို့ ပြောကြပါတယ်။ အခုထက်ထိတော့ စမ်းမကြည့်ဖူးသေးပါဘူး။

အမေဇုန်က အလကားပေးတဲ့ စာအုပ်တွေက .azw extension နဲ့ ဖိုင်တွေပါ။ ကျွန်တော် အဓိက ကင်းဒဲလ်ဝယ်ရတဲ့ ရည်ရွက်ချက်က ကျွန်တော့်မှာ ရှိတဲ့ PDF ဖိုင်တွေကို သွားရင်းလာရင်းနဲ့ ဖတ်ချင်လို့ပါ။ ကင်းဒဲလ်မှာ PDF ဖတ်လို့ရပေမယ့် ဒီအတိုင်း ဖတ်ရင် စာလုံးက အရမ်းသေးပါတယ်။ Zoom ဆွဲတော့လည်း ကိုယ့်စိတ်ကြိုက် ဆွဲလို့ မရတာမို့ သိပ် အဆင်မပြေပါဘူး။ နောက်ဆုံးတော့ ရှာဖွေလေ တွေ့ရှိလေ ဆိုသလိုပဲ PDF ဖတ်ဖို့ နည်းလမ်း ၂ ခု တွေ့သွားပါတယ်။

ပထမ တစ်မျိုးက အင်္ဂလိပ် ဝတ္ထုစာအုပ်တွေပါ။ ဝတ္ထုစာအုပ်တွေမှာ ပုံမပါတော့ Format ပြောင်းရတာ လွယ်ပါတယ်။ ကယ်လီဘာ (Calibre) ဆော့ဖ်ဝဲလ်ကို သုံးပြီး .mobi Format ကို ပြောင်းပြီးမှ ကင်းဒဲလ်ထဲကို ကူးထည့်ရင် ဖတ်ရတာ အဆင်ပြေပါတယ်။ ကင်းဒဲလ်က တခြား azw စာအုပ်တွေ ဖတ်ရတာ နဲ့ မကွာပါဘူး။

ဒါပေမယ့် .mobi Format ပြောင်းလို့ မလွယ်တဲ့ စာအုပ် နှစ်မျိုး ရှိပါတယ်။ ပထမတစ်မျိုးက မြန်မာစာအုပ်တွေပါ။ မြန်မာစာအုပ်ကို .mobi Format ပြောင်းရင် ပုံတွေပဲ ပါလာပါတယ်။ စာတွေ ပါမလာတော့ပါဘူး။ နောက်တစ်မျိုးက နည်းပညာ ဆိုင်ရာ စာအုပ်တွေပါ။ အဲဒီစာအုပ်တွေကတော့ .mobi Format ပြောင်းရင် စာပဲ ပါလာပါတယ်။ ပုံက ပါမလာတော့ပါဘူး။ PDF နဲ့ ဆိုရင်တော့ မြန်မာစာအုပ်ရော နည်းပညာဆိုင်ရာ စာအုပ်တွေပါ စာရော ပုံရော အကုန်ပေါ်ပါတယ်။နောက်ဆုံးတော့လည်း ရိုးရိုးရှင်းရှင်း နည်းလမ်းပဲ ရှာတွေ့သွားပါတယ်။  PDF ကို ဒီအတိုင်း ဖွင့်ပြီး View ကို Landscape ပြောင်းပြီး ၉၀ ဒီဂရီ လှည့်ဖတ်တော့ အားလုံး အဆင်ပြေသွားပါတယ်။ :D

အခုတော့ မျောက်အုန်းသီးရသလို ကင်းဒဲလ် တစ်လုံးနဲ့ အလုပ်ရှုပ်နေပါတယ်။ ဖတ်မိတဲ့ စာအုပ်တွေထဲက ကောင်းတာလေးတွေ တွေ့ရင် အဲဒီ စာအုပ် အကြောင်းတွေ ဘလော့ခ် ပေါ်မှာ ပြန်ပြီး ဝေမျှ ပါမယ်။ တခြား ကင်းဒဲလ်နဲ့ ပတ်သက်လို့ သိတာလေးတွေ ရှိထားလို့ ကွန်မန့်ရေးပြီးဝေမျှ ပေးမယ် ဆိုရင်တော့ ကျေးဇူး အထူး တင်မိမှာပါ။

(ဓာတ်ပုံရိုက်ရမှာ အလုပ်ရှုပ်လို့ Wikipedia ကနေပဲ ဓာတ်ပုံ သွားမလာခဲ့ပါတယ်။ )

Friday, July 1, 2011

စိတ်ဝင်စားစရာ အချက် (၄၀)

(၁) အရှည်ဆုံး လက်ဝှေ့ပြိုင်ပွဲမှာ အချီ ၁၁၀ တိတိ ထိုးခဲ့ပါတယ်။ (အမောဆို့လို့ အချီ ၁၁၀ မှာ တော်လိုက်ကြတာ ဖြစ်မယ်။)

(၂) ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ခွေးဟာ ၂၉ နှစ် အသက်ရှင်ခဲ့ပါတယ်။ (အဲဒီလောက် အိုနေရင်တော့ ခွေးက ဝုတ်ဝုတ် လို့ မဟောင်ဘဲ သွားကျိုးလို့ ဂုတ်ဂုတ် လို့ ဟောင်မလား မသိဘူး။)

(၃) ဒိုင်းနမိုက်ထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေထဲမှာ မြေပဲဟာလည်း တစ်ခု အပါအဝင်ပါပဲ။ (အဲလ်ဖရက် နိုဗယ်လ် ရှပ်ကီ ချရင်း ဒိုင်းနမိုက် ထွင်တာမို့ အမြည်းထဲက မြေပဲကို ဖော်မြူလာထဲမှာ စမ်းပြီး ထည့်ကြည့်တာ ဖြစ်လောက်တယ်။)

(၄)အာဖရိကက နို့တိုက်သတ္တဝါတွေထဲမှာ ရေမြင်းကြောင့် လူသေရတာ အများဆုံး ဖြစ်ပါတယ်။ (ရေမြင်းဖမ်းရင်း ရေနစ်သေကြတာများလား မသိဘူး။)

(၅) မစ်ကီးမောက်စ် အတွက် အသံသရုပ်ဆောင် ဖြစ်တဲ့ ဝိန်း အော်လ်ဝိုင်း ဟာ မီနီမောက်စ် အတွက် အသံ သရုပ်ဆောင် ဖြစ်တဲ့ ရပ်ဆီ တေလာကို လက်ထပ်ခဲ့ပါတယ်။

(၆) အနှေးဆုံး ငါးဟာ ရေနဂါး (seahorse) ပါ။

(၇) ပဲရစ် ဟီလ်တန် ရဲ့ ခြေထောက် အရွယ်အစားဟာ နံပါတ် ၁၁ ဖြစ်တဲ့ အတွက် အတော် ကြီးတယ် ပြောရပါလိမ့်မယ်။

(၈) လူကြီး တစ်ယောက်ရဲ့ ခြေထောက်ဟာ ပန်းကန်လုံး တစ်လုံးရဲ့ ၄ ပုံ ၁ပုံစာ ချွေး နေ့တိုင်း ထွက်ပါတယ်။

(၉) ဘီတယ်လ် လို့ ခေါ်တဲ့ ဗောက်စ်ဝက်ဂွန် ကားလုံးလုံးလေးတွေဟာ ဟစ်တလာရဲ့ အိုင်ဒီယာပါ။ (ဟစ်တလာ အိုင်ဒီယာ ကောင်းတယ် ဆိုတာ သူ့နှုတ်ခမ်းမွေးကို ကြည့်ရင် သိသာပါတယ်။)

(၁၀) အစောပိုင်း လူသားဖြစ်တဲ့ နင်းဒါသယ် (neanderthal) တွေရဲ့ ဦးနှောက်ဟာ ကျွန်တော်တို့ထက် ကြီးပါတယ်။

(၁၁) တီကောင်မှာ နှလုံး ၉ ခု အထိ ပါနိုင်ပါတယ်။ (တီကောင် ရည်းစားများတာ နှလုံးသား များလို့ လို့ ဆင်ခြေပေးလို့ ရတယ်။)

(၁၂) အရှည်ဆုံး စာအုပ် နာမည်ဟာ အင်္ဂလိပ်စာလုံး ၆၇၀ ရှိပါတယ်။ (ခေါင်းစဉ်ဖတ်ရုံနဲ့ အိပ်ပျော်သွားလောက်တယ်)

(၁၃) ကြက်တွေဟာ ၁၈ လ တိတိ ခေါင်းမရှိပဲ အသက်ရှင်နိုင်ပါတယ်။ (မဆလ ခေတ်က ဇာဂနာ ပြောဖူးတဲ့ ဦးနှောက်မပါရင်လည်း လွှတ်တော် တက်လို့ရတယ် ဆိုတဲ့ စကားကို မဆီမဆိုင် သွားသတိရမိတယ်။)

(၁၄) ပျမ်းမျှ အနေနဲ့ နှလုံး တစ်ခုဟာ လူ့သက်တမ်းတစ်လျှောက်မှာ အကြိမ် ၃ ဘီလီယံ တိတိ ခုန်ပါတယ်။ (အချစ်ကြောင့် နှလုံးခုန် မြန်တဲ့သူတွေ မြန်မြန် သေကြမလား မသိ။)

(၁၅) ရှေးခေတ် အီဂျစ်တွေက ဟတ်ချ် ဟော့ဂျ် (hedgehog) ဖြူကောင်တွေဟာ ထိပ်ပြောင်တာကို ကုစားနိုင်တယ်လို့ ယုံကြည်ခဲ့ကြတယ်။ (ဆူးကို အမွေး နဲ့ မှားကြည့်ပြီး အဲဒီလို ကောက်ချက်ဆွဲတာ ဖြစ်မယ်။)

(၁၆) ဖားတွေဟာ ရေမသောက်ဘူး။ (ဘီယာသောက်တာ နေမှာ။)

(၁၇) ယောက်ျားတွေဟာ မိန်းမတွေထက် မိုးကြိုးပစ်ခံရဖို့ ပိုများတယ်။ (တစ်ခါလိမ်ပြီးရင် တစ်ခါ မိုးကြိုးပွတ် လို့ ကျိန် ကြလို့ ဖြစ်မယ်။)

(၁၈) ပေါင် ၁၁၀ ရှိတဲ့ လူတစ်ယောက်ကို မတင်ဖို့ ဟီလီယမ် ထည့်ထားတဲ့ မိုးပျံပူဖောင်း အလုံး ၄၀၀၀ လိုမယ်။

(၁၉) မုတ်ဆိတ်မွေးကို ကြောက်တဲ့ ရောဂါရှိတယ်။ အဲဒါကို ပိုဂိုနို ဖိုးဘီးယား (pogonophobia) လို့ ခေါ်တယ်။ (နှုတ်ခမ်းမွေး ကြောက်တဲ့ ရောဂါကို ဘယ်လိုများ ခေါ်သလဲ မသိဘူး။)

(၂၀) မျက်ခုံးမွေး ၂ ခုကြားမှာ ရှိတဲ့ နေရာကို အင်္ဂလိပ်လို Glabella လို့ ခေါ်တယ်။

(၂၁) အင်္ဂလိပ် ရုပ်ရှင်မင်းသား ဒေးဗစ်ဘိုဝီ မှာ သူ့နာမည် ပေးထားတဲ့ ပင့်ကူတစ်ကောင် ရှိတယ်။


ယိုယို အရုပ်
(၂၂) ယို ယို (yo-yo) အရုပ်ကို တစ်ချိန်က လက်နက် အဖြစ် သုံးခဲ့ကြတယ်။

(၂၃) သစ်ကုလားအုပ် တွေဟာ သူတို့ရဲ့ ၁၈ လက်မကျော် ရှည်တဲ့ လျှာနဲ့ နားကို သန့်ရှင်းရေး လုပ်လေ့ ရှိကြတယ်။ (သစ်ကုလားအုတ် အမ က  ကျွန်မ ချစ်လင် ကိုလျှာရှည် ဆိုပြီး  မီမီဝင်းဖေလို သီချင်းဆိုမယ် ထင်တယ်။)

(၂၄) Windows ထဲမှာ con ဆိုတဲ့ နာမည်နဲ့ Folder ကို ဆောက်လို့ မရဘူး။

(၂၅) အလင်းရောင်ကို တုံ့ပြန်မှု အများဆုံး မျက်လုံး အရောင်က အပြာရောင်ပါ။

(၂၆) ကွာလာ ဝက်ဝံတွေက တစ်နေ့ကို ၂၂ နာရီ အိပ်တယ်။ (ကြားဖူးတာက အဲဒီ အကောင်တွေက သစ်ပင်ကို ဖက်အိပ်နေတုန်း မီးလောင်ရင်တောင်မှ ပြေးရမှာ ပျင်းလို့ သစ်ပင်ကို ဖက်ပြီး အသေခံကြတယ် ပြောတယ်။)

(၂၇) ရစ်ဘွန် ဝမ်း လို့ ခေါ်တဲ့ တီကောင်တစ်မျိုး ဟာ စားစရာ ရှာမရရင် သူတို့ဘာသာသူတို့ ပြန်စားကြတယ်။ (ကိုယ့်ဘာသာကိုယ် ခုတ်ထစ်ပြီးများ ကြော်စားကြသလား မသိ။)

(၂၈) အင်္ဂလန်က ဘုရင်မပုံ တံဆိပ်ခေါင်း တစ်ခုမှာ ၅.၉ ကယ်လိုရီ ရှိတယ်။

(၂၉) ဂြိုဟ်တွေ အားလုံးက လက်ဝဲရစ် လည်ကြတယ်။ ဗီးနပ်စ် လို့ခေါ်တဲ့ သောကြာဂြိုဟ် တစ်ခုတည်းပဲ လက်ယာရစ် လည်တယ်။ (ဒါကြောင့်များ မိန်းမတွေကို ဗီးနပ်စ်ဂြိုဟ် နဲ့ နှိုင်းယှဉ်ပြီး ပြောကြသလား မသိဘူး။)

(၃၀) မြေပဲကို အင်္ဂလိပ်လို peanut လို့ ခေါ်ပေမယ့် မြေပဲဟာ nut အမျိုးအစားထဲမှာ မပါဘူး။

(၃၁) ပထမဆုံး ဘားကုတ်ဒ် သုံးတဲ့ ပစ္စည်းဟာ ရစ်ဂလေ (Wrigley) ကုမ္ပဏီက ထုတ်တဲ့ ပီကေပါ။ (မြန်မာ ယူနီကုတ်နဲ့ ပထမဆုံး တံဆိပ်ရိုက်တဲ့ ပစ္စည်းဟာ အဖော် များ ဖြစ်လေမလား။ :D)

(၃၂) နစ်တန်ဒို (nintendo) တီဗွီဂိမ်း ကုမ္ပဏီဟာ တစ်ချိန်က တက္ကစီ ကုမ္ပဏီတစ်ခုကို ပိုင်ခဲ့ဖူးပါတယ်။

(၃၃) ဆက်ခရယ်ဘယ် (Scrabble) ကစားပွဲ မှာ အများဆုံး ရနိုင်တဲ့ အမှတ်ဟာ ၁၀၄၉ မှတ်ပါ။

(၃၄) ကြိုးကြာနီ (Flamingo) တွေမှာ ပန်းရောင် ဖြစ်ရတာ သူတို့ စားတဲ့ အစာကြောင့်ပါ။ (ပန်းသေး ခေါက်ဆွဲ စားလို့ ဖြစ်မယ်။ )

(၃၅) မွေးခါစ သားပိုက်ကောင် တစ်ကောင်ဟာ လက်ဖက်ရည်ဇွန်း ပေါ်မှာ တင်လို့ရအောင် သေးပါတယ်။

(၃၆) နွားတွေဟာ ချွေးထွက်ရင် နှာခေါင်းကနေ ထွက်ကြပါတယ်။

(၃၇) ဘီဗာဖျံ တွေရဲ့ သွားဟာ အမြဲတမ်း ရှည်ထွက်နေကြတယ်။ (အသက်ကြီးရင် တုတ်ကောက် မလိုတော့ဘူး။ သွားနဲ့ ထောက်သွားလို့ ရလောက်တယ်။)

(၃၈) ပျမ်းမျှ အနေနဲ့ ဆိုရင် မိန်းမတွေဟာ ယောက်ျားတွေထက် အသက်ပိုရှည်ကြတယ်။

(၃၉) ဗြိတိသျှ တွေက နပိုလီယန် ရဲ့ အလောင်းကို ပြင်သစ်တွေကို နှစ် ၂၀ တိတိ ပြန်မပေးခဲ့ဘူး။

(၄၀) ဂျိမ်းစ်ဘွန်း မင်းသား ရှောင်ကွန်နရီဟာ မောင်ကမ္ဘာ ပြိုင်ပွဲမှာ တတိယ ရခဲ့ဖူးပါတယ်။

ရည်ညွှန်း။ ။ http://edvantage.com.sg/edvantage/photos/618008/20_Interesting_facts_illustrated_by_kids.html

Image Credit: (Wikimedia Organization)