Search This Blog

Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Friday, May 6, 2011

ကံဆိုးခြင်းဟာ ကံကောင်းခြင်းရဲ့ အစဖြစ်နိုင်ပါတယ်

ကံကောင်းချင်တော့ တောသားတစ်ယောက်ဟာ  လေယာဉ်ပျံ စီးခွင့် ကြုံလာပါတယ်။
ကံဆိုးချင်တော့ သူစီးလာတဲ့ လေယာဉ်ပျံက ပျက်ကျပါတယ်။
ကံကောင်းချင်တော့ သူ့အတွက် လေထီးပါလာပါတယ်။
ကံဆိုးချင်တော့ လေထီးက မပွင့်ပါဘူး။
ကံကောင်းချင်တော့ မြေကြီးပေါ်မှာ ကောက်ရိုးပုံကြီး အကြီးကြီး တစ်ခု ရှိနေပါတယ်။
ကံဆိုးချင်တော့ ကောက်ရိုးပုံကြီးရဲ့ အလယ်မှာ သံချွန်ကြီး တစ်ချောင်း ထောင်နေပါတယ်။
ကံကောင်းချင်တော့ သူကျတဲ့ အချိန်မှာ သံချွန်နဲ့ လွဲသွားပါတယ်။
ကံဆိုးချင်တော့ ကောက်ရိုးပုံနဲ့ပါ လွဲသွားပါတယ်။

အဲဒါကတော့ ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးပြီး မှတ်မိနေတဲ့ ကာတွန်းဆရာ ငွေကြည်ရဲ့ဟာသ တစ်ခုပါ။ ကံဆိုးတယ် ကံကောင်းတယ် ဆိုတာတွေ ပြောတာကြားရရင် အဲဒီဟာသကို သွားပြီး သတိရတတ်ပါတယ်။

လူတစ်ယောက်ရဲ့ ဘဝမှာ ကံကောင်းခြင်း ကံဆိုးခြင်းတွေဟာ အမြဲတမ်း ဒွန်တွဲပြီး ရှိနေတတ် ပါတယ်။ ကံဆိုတာ လူလုပ်သမျှလို့ ဆိုပေမယ့်လည်း လူတစ်ယောက် အတွက် အတိတ်ကံ၊ အခုကံ၊ လူ့ကံ၊ ဝကံ တွေရှိနေတယ် ဆိုတာတော့ ကျွန်တော့် အတွက် ငြင်းစရာ မရှိသေးပါဘူး။ တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်တာကို ဖြစ်ခွင့်မရလိုက်တဲ့ အတွက် ကံဆိုးတယ်လို့ ထင်ရပေမယ့်လည်း အဲဒီကံဆိုးခြင်းဟာ ကံကောင်းခြင်းရဲ့ အစ ဖြစ်ရင် ဖြစ်နေတတ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကပါ။ ကျွန်တော့် ဦးလေးတစ်ယောက် သင်္ဘောတက်ဖို့ စောင့်ရင်း စင်ကာပူက မိတ်ဆွေ တစ်ယောက် အိမ်မှာ သောင်တင်နေ ပါတယ်။ တစ်နေ့တော့ သူနေတဲ့အိမ်မှာ  မျှော်လင့်မထားတဲ့ သူတစ်ယောက်နဲ့ ဆုံလိုက်ရပါတယ်။ ရန်ကုန်က နာမည် အတန်အသင့် ရှိတဲ့ အဆိုတော် တစ်ယောက်ပါ။ အဲဒီ အဆိုတော်ဟာ စင်ကာပူမှာ အလုပ်လာရှာတာ မရလို့ စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။ နောက်တော့ သူ အလုပ်မရဘဲ မြန်မာပြည်ကို ပြန်သွားခဲ့ပါတယ်။ စင်ကာပူမှာ အလုပ်လာရှာတာ မရဘဲ ပြန်သွားရတဲ့ အတွက် အဲဒီအချိန်ကတော့ သူ့ဘာသာ ကံဆိုးတယ်လို့ ထင်ရင် ထင်မိမှာပါ။ ဒါကတော့ ကာယကံရှင်ပဲ သိပါလိမ့်မယ်။ ဒါပေမယ့် စင်ကာပူမှာ အလုပ် မရခဲ့တာက သူ့အတွက် ကံကောင်းခြင်းရဲ့ အစပါပဲ။ စင်ကာပူက ပြန်သွားပြီး မကြာခင်မှာ သူဟာ မြန်မာပြည်မှာ အအောင်မြင် အကျော်ကြားဆုံး အဆိုတော်တွေထဲက တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ (မှန်းကြည့်စမ်းပါ။ ဘယ်သူ ဖြစ်နိုင်သလဲလို့။ :-) )

အဲဒီ ဦးလေး ပြောပြခဲ့ဖူးတဲ့ နောက်ဇာတ်လမ်း တစ်ပုဒ်လည်း ရှိပါသေးတယ်။ သူတို့ သင်္ဘောလိုက်နေတဲ့ အချိန်က ကြားခဲ့တဲ့ မြန်မာ သင်္ဘောသား တစ်ယောက်ရဲ့ အဖြစ်ပါ။ အဲဒီ မြန်မာ သင်္ဘောသားဟာ နိုင်ငံ တစ်နိုင်ငံမှာ သင်္ဘောပေါ်က ခုန်ဆင်းတဲ့ အတွက် ရဲဖမ်းတာ ခံခဲ့ရပါတယ်။ သင်္ဘောပေါ်က ခုန်ဆင်းတယ် ဆိုတာ ရေထဲ ခုန်ချတာကို ပြောတာ မဟုတ်ပါဘူး။ ရှိုးဂျော့ လုပ်ဖို့ အတွက် သင်္ဘောပေါ်ကနေ တရားမဝင် ကုန်းပေါ်ကို ဆင်းပြေးတာကို ပြောတာပါ။ ဒါပေမယ့်လည်း ရဲက မိသွားတဲ့ အတွက် ဖမ်းပြီးတော့ မြန်မာပြန် ပြန်ပို့ပါတယ်။ သူ့ကို အဲဒီနိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက် လေဆိပ် အထိ လက်ထိပ်ခတ် ထားခဲ့ပြီး ဘန်ကောက် လေဆိပ် ရောက်မှ လက်ထိပ်ကို ဖြုတ်ပေးခဲ့ပါတယ်။ နိုင်ငံခြားမှာ တရားမဝင် နေလို့ ရဲ အဖမ်းခံရတာနဲ့တင် အဖြစ်က အတော် ဆိုးနေခဲ့ပါပြီ။  လေယာဉ်ပေါ်မှာ လက်ထိပ်ခတ်ပြီး အခေါ်ခံရတာကတော့ တော်တော်ကို ဆိုးရွားတဲ့ အဖြစ်လို့ ပြောလို့ ရနိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကံကြမ္မာက အဆိုးဘက်ကိုချည်း ဦးတည်သွားတာ မဟုတ်ပါဘူး။ မြန်မာပြည် ပြန်ရောက်လို့ အနုပညာလောကထဲမှာ ကျင်လည်ပြီး တစ်ချိန်မှာတော့ သူဟာ စူပါတန်းဝင် ရုပ်ရှင်မင်းသား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ (အိမ်း.. ဘယ်သူများ ဖြစ်မလဲကွဲ့။ :D )

အောင်မြင် ကျော်ကြားတဲ့ ရုပ်ရှင်မင်းသား အဆိုတော်ဖြစ်လာတာ စန်းရှိမှ ဖြစ်နိုင်တယ်လို့ ပြောရင်လည်း ရပါတယ်။ ဒါပေမယ့်လည်း ကံဆိုးတယ်လို့ ဆိုနိုင်တဲ့ အခြေအနေကနေ ကြိုးစားလို့ ထိပ်ဆုံး ရောက်ခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ အရင်တစ်ပတ်က စင်ကာပူမှာ တတိယအကြိမ်မြောက် စာပေဟောပြောပွဲ လုပ်ခဲ့တဲ့ စင်ကာပူ ပေါ်လီတက်ခနစ်ရဲ့ ကွန်ဗန်းရှင်း စင်တာ ခန်းမကြီးထဲကို လွန်ခဲ့တဲ့ ၈ နှစ်လောက်က ကျွန်တော် ရောက်ခဲ့ပါတယ်။ တစ်အိမ်တည်း အတူနေတဲ့ သူငယ်ချင်းတွေရဲ့ ကျောင်းဆင်းပွဲကို ဧည့်သည်အနေနဲ့ လိုက်သွားခဲ့တာပါ။ အဲဒီပွဲမှာ အထူး ဧည့်သည့်တော် အဖြစ် တက်ရောက်ခဲ့တဲ့သူက အိုဆင်းမ် (Osim) ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ရွန်ဆင်းပါ။   အိုဆင်းမ်ဆိုတာ အနှိပ်ကုလားထိုင်တွေ၊ ဝိတ်ချတဲ့ ကိရိယာတွေ ရောင်းပြီး စင်ကာပူမှာ အောင်မြင်နေတဲ့ ကုမ္ပဏီ တစ်ခုပါ။ ရွန်ဆင်းဟာ အဲဒီပွဲမှာ သူ့ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်ပြီး ပြောပြခဲ့ပါတယ်။

ရွန်ဆင်းဟာ မပြည့်စုံတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ရတဲ့ သူပါ။ သူ အထက်တန်း အောင်တော့ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေပါတယ်။ အဲဒီအချိန်က သူဟာ စင်ကာပူ ရေတပ်မှာ တက်ခနစ်ရှင် အဖြစ် ဝင်ဖို့ စဉ်းစားတယ်လို့ ဆိုပါတယ်။ စင်ကာပူမှာ စစ်တပ်ကို အမြဲတမ်း စစ်သားအဖြစ် ဝင်မယ်လို့ လက်မှတ်ထိုးရင် ဒေါ်လာ သောင်းကျော်တဲ့ ဘောနပ်စ် ရတယ်လို့ ကြားဖူးပါတယ်။ လစာနဲ့ တခြား အခွင့်အရေးတွေလည်း ကောင်းပါတယ်။ ဒါပေမယ့် ရှစ်နှစ် ဘွန်း ထိုးရပါတယ်။ အဲဒီတော့ သူပြန် စဉ်းစားဖြစ်တာက စစ်တပ်ကို ဝင်မယ် ဆိုရင် လောလောဆယ် အခွင့်အရေး ကောင်းတာတော့ မှန်တယ်။ ဒါပေမယ့် ရှစ်နှစ်ပြည့်လို့ ပြန်ထွက်လာတဲ့ အချိန်မှာ ဆိုရင် သူ့ အသက်က ၃၀ ဝန်းကျင် လောက် ရှိနေပြီ။ အဲဒီအချိန် ရောက်မှ ဘာဆက်လုပ်ရမယ်ဆိုတာ မတွေးတတ်ဘူးလို့ သူက ပြောပါတယ်။ အဲဒါကြောင့် သူစစ်တပ်ထဲ ဝင်မယ် အကြံကို ဖျက်လိုက်ပါတယ်။

နောက်တော့ သူဟာ စင်ကာပူ ပေါ်လီမှာ ကျောင်းတက်ဖို့ ကြံပြီး ကျောင်းဝင်ခွင့် လျှောက်ပါတယ်။ သူ့ရဲ့ အမှတ်က သိပ်မကောင်းတာမို့ စင်ကာပူ ပေါ်လီက သူ့ကို လက်မခံခဲ့ပါဘူး။ ကျောင်းဝင်ခွင့် မရတဲ့ အတွက် သူဟာ တခြား အလုပ်တွေလုပ်ပြီး ပိုက်ဆံရှာခဲ့ပါတယ်။ အဲဒီ အလုပ်ထဲမှာ ဆောက်လုပ်ရေး အလုပ်သမား အလုပ်ကနေ စပြီး အာမခံ ကိုယ်စားလှယ်၊ စွယ်စုံကျမ်း အရောင်းသမား အထိ အစုံပါပါတယ်။ နောက်ငါးနှစ် အကြာမှာတော့ သူဟာ ကုမ္ပဏီတစ်ခုကို ကိုယ်ပိုင် ထူထောင်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီ ကုမ္ပဏီဟာ ၅ နှစ်ကျော် အကြာမှာတော့ စီးပွားပျက်ကပ်နဲ့ ကြုံပြီး ပျက်ခဲ့ရပါတယ်။ ကုမ္ပဏီ ပျက်ပေမယ့်လည်း သူဟာ စိတ်မလျှော့ခဲ့ပါဘူး။ နောက်ထပ် ကုမ္ပဏီ တစ်ခုကို ပြန်ထောင်ပြီး အလုပ်ဆက်လုပ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အိုဆင်း ဆိုတဲ့ ကုမ္ပဏီဟာ ကျန်းမာရေး ကိုယ်ခန္ဓာ ကြံ့ခိုင်ရေးနဲ့ ဆိုင်တဲ့ ကုန်ပစ္စည်းတွေနဲ့ စင်ကာပူမှာ အတော်ကို အောင်မြင်တဲ့ ကုမ္ပဏီ တစ်ခု အဖြစ် ရပ်တည် နေနိုင်ပါပြီ။ ရွန်ဆင်းကတော့ တစ်ချိန်တုန်းက သူ့ကို လက်မခံခဲ့တဲ့ ကျောင်းတစ်ကျောင်းရဲ့ ကျောင်းဆင်းပွဲမှာ အထူး ဧည့်သည်တော် အဖြစ် တက်ရောက်ခွင့် ရခဲ့တဲ့ အတွက် သူ့အနေနဲ့ ဂုဏ်ယူမိပါတယ် လို့ ကျွန်တော်တို့ကို ပြောသွားခဲ့ပါတယ်။

အကယ်၍ စင်ကာပူမှာ အလုပ်လာရှာတဲ့ အဆိုတော်သာ အလုပ်ရသွားခဲ့ရင် မြန်မာပြည်မှာ နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်ဖို့ အခွင့်အလမ်းကို လက်လွတ်ခဲ့ရ ပါလိမ့်မယ်။ သင်္ဘောပေါ်က ခုန်ချခဲ့တဲ့ မြန်မာ သင်္ဘောသားလည်း အဖမ်း မခံရခဲ့ရင် နာမည်ကျော် ရုပ်ရှင်မင်းသား တစ်ယောက် ဖြစ်ချင်မှ ဖြစ်လာမှာပါ။ အိုဆင်းရဲ့ အမှုဆောင် အရာရှိချုပ်ဟာလည်း စင်ကာပူ ပေါ်လီမှာသာ ကျောင်းဝင်ခွင့် ရခဲ့ရင် သူ့ရဲ့ ဘဝဟာ တစ်မျိုးတစ်ဖုံ ဖြစ်လာနိုင်ပါတယ်။ သူလို ငါလို အင်ဂျင်နီယာ တစ်ယောက်ပဲ ဖြစ်ရင်လည်း ဖြစ်နေမှာပါ။ အခွင့်အလမ်းတစ်ခုကို လက်လွတ် ဆုံးရှုံးလိုက်ရတဲ့ အတွက် ဘဝဆုံး သွားတာ မဟုတ်ပါဘူး။ ဒီထက် ကောင်းတဲ့ အခွင့်အလမ်းတွေကို ရဖို့ ဖြစ်လာနိုင်ပါတယ်။ ကံဆိုးခြင်းဟာ ကံကောင်းခြင်းရဲ့ အစလည်း ဖြစ်နိုင်ပါတယ်။ အခွင့်အလမ်းကို ရလာတဲ့ အချိန်မှာ လက်လွတ်မခံဘဲ ယူတတ်ဖို့ပဲ အရေးကြီးပါတယ်။

Thursday, April 28, 2011

Development Economics အတွေးများ

ကျွန်တော် စင်ကာပူမှာ နေလာခဲ့တာ ဆယ်စုနှစ် တစ်ခုကျော် ရှိပါပြီ။ စင်ကာပူ ဆိုတာ အားလုံး သိကြတဲ့ အတိုင်း ရန်ကုန်မြို့ တစ်မြို့စာလောက်ပဲ ရှိပြီး သယံဇာတဆိုရင် ဘာဆို ဘာမှ မရှိတဲ့ နိုင်ငံပါ။ သောက်စရာ သုံးစရာ ရေကိုတောင်မှ မလေးရှားကနေ ဝယ်ပြီးသုံးနေရပါတယ်။ အဲဒီလို သဘာဝ အရင်းအမြစ် ဘာတစ်ခုမှ မရှိတဲ့ နိုင်ငံတစ်နိုင်ငံက ဘာဖြစ်လို့ ဒီလောက် အထိ တိုးတက်လာရသလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းလို့ တစေ့တစောင်း လေ့လာကြည့်ဖြစ် ပါတယ်။

စင်ကာပူကို အခုလို တိုးတက်တဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ် ပြောင်းလဲစေခဲ့တဲ့ အကြောင်း အချက်အလက်တွေ အများကြီး ရှိပါတယ်။ အဲဒီ အချက်တွေထဲမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ စင်ကာပူမှာ နိုင်ငံခြား ကုမ္ပဏီတွေ အများအပြား ရင်းနှီးမြှုပ်နှံ လာအောင် ကြိုးပမ်းခဲ့တာ စင်ကာပူ နိုင်ငံသားတွေရဲ့ ကြိုးစားမှု သက်သက်တော့ မဟုတ်ပါဘူး။ ဒတ်ချ်လူမျိုး စီးပွားရေး ပညာရှင် ဒေါက်တာ အဲလ်ဘတ် ဝင်းဆီးမီးယပ်စ် (Dr. Albert Winsemius) တို့လိုမျိုး နိုင်ငံခြား ပညာရှင်တွေ ရဲ့ အိုင်ဒီယာတွေလည်း အများကြီး ပါပါတယ်။

ဒေါက်တာ ဝင်းဆီးမီးယပ်စ်ဟာ ၁၉၆၀ မှာ ကုလသမဂ္ဂက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး စင်ကာပူကို  ရောက်လာခဲ့ ပါတယ်။ အဲဒီအချိန်က စင်ကာပူဟာ လွတ်လပ်ရေး ရခါစ အချိန်ဖြစ်ပြီး အလုပ်လက်မဲ့ ဦးရေလည်း အရမ်း များနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ သူဟာ စင်ကာပူကို ကုန်သွယ်ရေး အဓိကထား လုပ်ဆောင်တဲ့ နိုင်ငံ (Entrepôt) အဖြစ်ကနေ စက်မှုနိုင်ငံတစ်နိုင်ငံ အဖြစ် ပြောင်းလဲဖို့ ရေးဆွဲထားတဲ့ ၁၀ နှစ် စီမံကိန်းကို ချပြခဲ့ပါတယ်။ အဲဒီ စီမံကိန်းမှာ နိုင်ငံခြားကနေ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး အလုပ်အကိုင်တွေ ဖန်တီးဖို့ စတဲ့ အချက်တွေ ပါပါတယ်။ သူက စင်ကာပူကို ခေတ်မီ တဲ့ နိုင်ငံအဖြစ် တခြား နိုင်ငံတွေက မြင်လာအောင် အိမ်ယာစီမံကိန်း တွေ လုပ်ဖို့ အကြံပေးခဲ့ပါတယ်။ အဲဒါအပြင် စင်ကာပူကို လာပြီး ရင်းနှီးမြှုပ်နှံမယ့် သူတွေ အနေနဲ့ စင်ကာပူဟာ အနောက်တိုင်းကို မုန်းတဲ့ နိုင်ငံ အဖြစ် မထင်မိအောင် သတိထားဖို့ အကြံမျိုးလည်း ပေးခဲ့ပါတယ်။ စင်ကာပူကို တည်ထောင်သူလို့ သိခဲ့ကြတဲ့ ဗြိတိသျှ လူမျိုး စတန်းဖို့ဒ် ရပ်ဖဲလ်ရဲ့ ရုပ်ထုကို ဖယ်မပစ်ဘဲ ဒီအတိုင်း ဆက်ထားဖို့ ဆိုတာမျိုးပါ။ ဒေါက်တာ ဝင်းဆီးမီးယပ်စ်ရဲ့ အကြံဉာဏ်တွေဟာ စင်ကာပူကို တိုးတက်ဖို့ အများကြီး အထောက်အကူ ပေးခဲ့တယ် ဆိုတာကို စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ ကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။

စင်ကာပူဟာလည်း စက်မှုလုပ်ငန်းတွေ စခဲ့တဲ့ အချိန်တုန်းက အထည်စက်ရုံတွေနဲ့ စခဲ့တာပါပဲ။ ၁၉၇၀ ပြည့်နှစ်တွေ ရောက်မှ အီလက်ထရွန်းနစ် စက်ရုံတွေ တည်ဆောက်ပြီး အဆင့်မြင့် ကုန်ထုတ်လုပ်ငန်း တွေကို လက်လှမ်းနိုင်ခဲ့ ပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေ လာပြီး ရင်းနှီးမြှုပ်နှံတဲ့ အချိန်မှာ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဖို့ သက်သက်ကို အစိုးရတွေက ရည်ရွယ်တာ မဟုတ်ပါဘူး။ နိုင်ငံခြား ကုမ္ပဏီတွေကနေ နည်းပညာတွေ လေ့လာသင်ယူဖို့ ဆိုတဲ့ အချက်ကိုလည်း စဉ်းစားကြပါတယ်။ ဒါပေမယ့်လည်း အဲဒီလို နည်းပညာတွေ ရဖို့က ထင်သလောက် မလွယ်လှပါဘူး။ ကျွန်တော် ကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံတစ်ခုကို ပြန်ပြောပြချင်ပါတယ်။ ကျွန်တော် ကျောင်းသားဘဝက ကမ္ဘာကျော် ပြင်သစ် ကုမ္ပဏီတစ်ခုက စင်ကာပူမှာ ဖွင့်ထားတဲ့ မုန့်ဖိုတစ်ခုမှာ အချိန်ပိုင်း အလုပ်သမား အဖြစ် လုပ်ခဲ့ဖူးပါတယ်။ အဲဒီမှာ ပြင်သစ်ကလာတဲ့ စားဖိုမှူးတွေဟာ အရေးကြီးတဲ့ အလုပ်တွေ ဆိုရင် စင်ကာပူ နယ်ခံ အလုပ်သမားတွေကို သင်ပေးလေ့ မရှိပါဘူး။ ချော့ကလက် စပ်နည်းလို  အလုပ်တွေကို သူတို့ အနောက်တိုင်းသား ထရိန်နင် မန်နေဂျာတွေကိုပဲ သင်ပေးလေ့ ရှိပါတယ်။ မုန့်ဖိုမှာ အကြီးဆုံး ဖြစ်တဲ့ အရှေ့တိုင်းသားကိုတောင် သင်မပေးဘဲ နည်းပညာနဲ့ ပတ်သက်ပြီး ဒိုင်လျှိုလုပ်တာတွေ ရှိတတ်ပါတယ်။

စင်ကာပူကတော့ သူတို့ဆီမှာ အီလက်ထရွန်းနစ် ကုမ္ပဏီတွေက လာပြီး ရင်းနှီးမြှုပ်နှံတဲ့ အတွက် သူတို့ဆီကနေ နည်းပညာတွေ တစိတ်တပိုင်း ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းတော့ ကုမ္ပဏီ အတော်များများက ကုန်ထုတ်လုပ်မှု သက်သက်ကိုပဲ စင်ကာပူမှာ လုပ်ပြီး ကျန်တဲ့ သုတေသန လုပ်ငန်းတွေ အတော်များများ ကိုတော့ သူတို့နိုင်ငံမှာ လုပ်ကြပါတယ်။ အဲဒီအတွက် စင်ကာပူ အနေနဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ နည်းပညာတွေပဲ ရလိုက်ပါတယ်။ သူတို့ မျှော်မှန်းတဲ့ နည်းပညာတွေကိုတော့ ထင်သလောက် မရလိုက်ပါဘူး။

စင်ကာပူက ဘာတစ်ခုမှ မရလိုက်ဘူးလား လို့ မေးရင်တော့ အဲဒီလိုလည်း မဟုတ်ပါဘူး။ တချို့သော နည်းပညာ တွေကိုတော့ သူတို့ ရလိုက်ပါတယ်။ ဥပမာ အနေနဲ့ ပေးရရင် ကျွန်တော်တို့ တီအိုင်လို့ အတိုကောက် ခေါ်ကြတဲ့ ကမ္ဘာကျော် ဆီမီးကွန်ဒပ်တာ ကုမ္ပဏီ တက္ကဆပ်စ် အင်စထရုမင့် (Texas Instrument) ရဲ့ သုတေသန ဌာန တစ်ခု စင်ကာပူမှာ ရှိခဲ့ဖူးပါတယ်။ အဲဒီ ဌာနကနေ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ တီအိုင် စက်ရုံတွေမှာ သုံးဖို့ စက်တွေကို စင်ကာပူမှာပဲ သုတေသနလုပ်ပြီး ထုတ်လုပ်ပါတယ်။ နောက်ဆုံးမှာတော့ တီအိုင် က စက်တွေကို ကိုယ်တိုင် မထုတ်တော့ဘဲ ဝယ်သုံးမယ်လို့ ဆုံးဖြတ်ပြီး စလုံးမှာ ရှိတဲ့ သူတို့ ဌာနကို ပိတ်ပစ်လိုက်ပါတယ်။ အဲဒီ ဌာနမှာ လုပ်ခဲ့တဲ့ အင်ဂျင်နီယာတွေ က ကိုယ်ပိုင် ကုမ္ပဏီတွေ ထောင်ပြီး စက်ကိရိယာတွေ ဆက်ပြီး ထုတ်ကြပါတယ်။ အဲဒါက စင်ကာပူမှာ စက်ကိရိယာတွေ ထုတ်လုပ်တဲ့ အော်တိုမေးရှင်း လုပ်ငန်းတွေရဲ့ အစပါပဲ။ အခုဆိုရင် စက်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်း အပိုင်းမှာ စင်ကာပူဟာ တကမ္ဘာလုံးကို တင်ပို့ ရောင်းချနိုင်လောက်တဲ့ အထိ အတော်လေးကို အလုပ်ဖြစ်နေပါပြီ။

နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ အတွက် ဖိတ်ခေါ်တဲ့ နေရာမှာ အပြိုင်အဆိုင်တွေ အများကြီး ကြုံရပါတယ်။ တံခါးဖွင့်ပေးပြီး လာပြီး ရင်းနှီးမြှုပ်နှံကြဟေ့ ဆိုတာနဲ့ နိုင်ငံခြား ကုမ္ပဏီတွေက ဝေါကနဲ ဝင်လာမှာ မဟုတ်ပါဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လိုချင်တာ ကိုယ့်နိုင်ငံ တစ်နိုင်ငံတည်းက  မဟုတ်ပါဘူး။ တခြား နိုင်ငံတွေကလည်း လိုချင်တာပါပဲ။ အဲဒီလို အခါမျိုးမှာ အခွန်အကောက် လျှော့ပြီး ကောက်ခံတာ၊ မြေကြီးကို အလကားပေးပစ်တာ စတဲ့ နည်းမျိုးစုံ သုံးပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အပြိုင်အဆိုင် ဆွယ်ကြပါတယ်။

ဒါပေမယ့်လည်း နိုင်ငံခြားက လာပြီး ရင်းနှီးမြှုပ်နှံတဲ့သူတွေကလည်း လူလည်တွေ ပါပဲ။ ကျွန်တော် ချက်ရီပတ်ဘလစ်မှာ ရောက်နေတဲ့ အချိန်တုန်းက ချက်က အင်ဂျင်နီယာ တစ်ယောက် ပြောပြဖူးတဲ့ အကြောင်းတစ်ခုကို သတိရပါတယ်။ ချက်ရီပတ်ဘလစ်ဟာ သက္ကလပ် တော်လှန်ရေး (Velvet Revolution) ဖြစ်ပြီးတဲ့ နောက်မှာ ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီး သူ့နိုင်ငံသားတွေ အတွက် အလုပ်အကိုင် ဖန်တီးနိုင်အောင် ချက်အစိုးရက ဆွဲဆောင် ခဲ့ပါတယ်။ အဲဒီအထဲမှာ သူ့ဆီမှာ လာပြီး ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံတွေကို ၁၀ နှစ်တိတိ အခွန်ကို ကင်းလွတ်ခွင့်ပေးမယ် ဆိုတဲ့ ဆွဲဆောင်မှု တစ်ခုလည်း ပါပါတယ်။ အဲဒီဆွဲဆောင်မှုကြောင့် ကုမ္ပဏီတွေ အများအပြား ချက်မှာ လာပြီး ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ ကုမ္ပဏီတွေကတော့ ၁၀ နှစ်ပြည့်ပြီးတဲ့နောက်မှာ စက်ရုံကို ပိတ်ပြီး တစ်ခြားနေရာကို ပြောင်းသွားကြပါတယ်။

စင်ကာပူကလည်း မလေးရှားရဲ့ ပြိုင်ဆိုင်မှုတွေကို ကြုံခဲ့ရပါတယ်။ မလေးရှားဟာ FIZ လို့ ခေါ်တဲ့ Free Industrial Zone တွေ တည်ထောင်ပြီး စင်ကာပူကို ပြိုင်ခဲ့ပါတယ်။ မြေနေရာ မလေးရှားလောက် မရှိတဲ့ စင်ကာပူက မလေးရှားကို အဲဒီနေရာမှာ မပြိုင်နိုင်ပါဘူး။ အဲဒါကြောင့် Intel လို ကုမ္ပဏီမျိုးတွေက စင်ကာပူကို မရောက်လာဘဲ ပိုပြီး စရိတ်စက သက်သာတဲ့ မလေးရှားဘက်ကို ရောက်သွားခဲ့ပါတယ်။ စင်ကာပူက မလေးရှားထက် သာတဲ့ အချက်ကတော့ နိုင်ငံခြား ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံဖို့ လာတဲ့ အချိန်မှာ အရည်အချင်းရှိတဲ့ အတတ်ပညာရှင်တွေ အဆင်သင့် ရှိအောင် သူတို့ရဲ့ ပညာရေး စနစ်ကို မြှင့်တင်ထားခဲ့တာ ပါပဲ။

ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့နဲ့ ပတ်သက်ပြီး အရေးအကြီးဆုံး အပိုင်းက အစိုးရရဲ့ ပေါ်လစီပိုင်းပါ။ နိုင်ငံခြား ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် အစိုးရရဲ့ ပေါ်လစီကို လေ့လာတတ်ပါတယ်။ အစိုးရရဲ့ ပေါ်လစီက နှစ်မျိုးပဲ ရှိတယ်။ ဒီနေ့ တစ်မျိုး မနက်ဖြန် တစ်မျိုး ဆိုရင်တော့ ဘယ်သူမှ လာပြီး ရင်းနှီးမြှုပ်နှံချင်မှာ မဟုတ်ပါဘူး။ အစိုးရ ဌာနတွေမှာ လာဘ်ပေးလာဘ်ယူ ကင်းရှင်းတာကလည်း ရင်းနှီးမြှုပ်နှံမှုကို တိုးပွားဖို့ အထောက်အကူ ပေးပါတယ်။ တစ်ချို့သော နိုင်ငံခြား ကုမ္ပဏီတွေရဲ့ စည်းကမ်းမှာ ဘယ်လို အကြောင်းနဲ့ပဲ ဖြစ်ဖြစ် လာဘ်မပေးရ ဆိုပြီး စီးပွားရေး လုပ်ငန်းဆိုင်ရာ ကျင့်ဝတ် (Business Ethics) အနေနဲ့ ကန့်သတ်ထားတာတွေ ရှိပါတယ်။ အဲဒီလို ကုမ္ပဏီမျိုးဟာ အာရ်ကေပေးမှ ရင်းနှီးမြှုပ်နှံလို့ ရမယ် ဆိုတဲ့ နိုင်ငံကို ဘယ်တော့မှ လာမှာ မဟုတ်ပါဘူး။

နောက်တစ်ခုကတော့ ဘာရည်ရွယ်ချက်နဲ့ လာပြီး ရင်းနှီးမြှုပ်နှံသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ သူ့နိုင်ငံမှာ စက်ရုံဆောက်ရင် ပတ်ဝန်းကျင် ညစ်ညမ်းမှာ စိုးလို့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှာ စိုးလို့ ကိုယ့်နိုင်ငံမှာ စက်ရုံလာဆောက်တယ် ဆိုရင်တော့ အဲဒီလို ကုမ္ပဏီမျိုးကို လက်မခံဖို့ လိုပါတယ်။ အဲဒီလို ကုမ္ပဏီမျိုးကို လက်ခံရင် လတ်တလော ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်ပေမယ့် အနာဂတ်မှာ ကိုယ့်နိုင်ငံသားတွေ အတွက် နစ်နာစရာ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာ စီးပွားရေး စနစ်က တံခါးတကယ် ပွင့်လာခဲ့ရင် ကိုယ့်ရှေ့က လုပ်သွားတဲ့ နိုင်ငံတွေ ဆီကနေ တစ်စိတ်ပဲ ဖြစ်ဖြစ် တစ်ဝက်ပဲ ဖြစ်ဖြစ် သင်ခန်းစာယူနိုင်မယ် ဆိုရင်တော့ သူတို့ မှားခဲ့တဲ့ အမှားတွေကို ထပ်မမှားဘဲ ရှောင်နိုင်မှာပဲ ဖြစ်ပါတယ်။

Friday, October 22, 2010

တောက်တဲ့ ကပ်တဲ့ သီအိုရီ

ကောင်မလေးတစ်ယောက် ကိုယ့်ကို ကြိုက်နေသလား ကြိုက်မနေဘူးလား မသေချာရင် သိပ္ပံနည်းကျ ဆန်းစစ်ကြည့်လို့ ရပါတယ်။ ပထမဆုံးအနေနဲ့ ကောင်မလေးက ကိုယ့်ကို ကြိုက်နေတယ်လို့ ယူဆလိုက်ပါမယ်။ အဲဒီ အယူအဆ မှန်မမှန် သိရအောင် စမ်းသပ်ကြည့်တဲ့ အနေနဲ့ ကောင်မလေးကို ရည်းစား စကား ပြောကြည့်ပါမယ်။ အဲဒီမှာ ကောင်မလေးက "ဟင့်အင်း" ဆိုပြီး ငြင်းလိုက်တယ် ဆိုပါစို့။ စမ်းသပ်ချက်တစ်ခု လွဲသွားပါပြီ။

ဒါဆိုရင် ကောင်မလေးက ငါ့ကို ကြိုက်တော့ကြိုက်တယ်။ ဒါပေမယ့် တစ်ခါတည်းနဲ့ အဖြေပြန်ပေးရင် သူ့ဘက်က ဈေးကျတယ် ထင်လို့ နေလိမ့်မယ်လို့ ယူဆကြည့်ပါမယ်။ အဲဒီ အယူအဆကို မှန်မမှန် သိအောင်လို့ စမ်းသပ်တဲ့ အနေနဲ့ နောက်တစ်ခေါက် ရည်းစားစကား ပြောကြည့်ပါမယ်။ ကောင်မလေးက နောက်တစ်ခေါက် "ဟင့်အင်း" ထပ်ပြောတယ်ပဲ ထားပါ။ ဒီစမ်းသပ်ချက်လည်း လွဲသွားပြန်ပါပြီ။

ဒီတစ်ခါတော့ နောက်တစ်မျိုး ယူဆကြည့်ပါမယ်။ သူငါ့ကို ကြိုက်တော့ ကြိုက်မယ်။ ရှက်နေလို့ နေလိမ့်မယ်။ ပွဲကြမ်းလိုက်ရင်တော့ အဖြေရကောင်းပါတယ်လို့ ယူဆကြည့်ပါမယ်။ အဲဒီ အယူအဆကို စမ်းသပ်တဲ့ အနေနဲ့ ဒီတစ်ခါတော့ ပါးစပ်ကတင် မဟုတ်ဘူး။ လက်ပါဆွဲပြီး ရည်းစားစကား ပြောကြည့်ပါမယ်။ အဲဒီမှာ ကောင်မလေးက ဖြန်းကနဲ ပါးရိုက်လိုက်တယ် ဆိုရင်တော့ ကိုယ့်အယူအဆ မှားနေတယ် ဆိုတာ သေချာပါပြီ။ (ရဲစခန်း မတိုင်သေးလို့ ငါ့ကို မမုန်းသေးပါဘူးလို့ ယူဆပြီး ထပ်စမ်းကြည့်ချင်တယ် ဆိုရင်လည်း သဘောပါပဲ။ :D ) အဲဒါဟာ သိပ္ပံပညာရှင်တွေ သီအိုရီတစ်ခုကို ဘယ်လို ချဉ်းကပ်ဖော်ထုတ်သလဲ ဆိုတာနဲ့ ပုံသဏ္ဌန် အတူတူပါပဲ။

သိပ္ပံပညာမှာ သီအိုရီတစ်ခုကို ဖော်ထုတ်မယ် ဆိုရင် ပထမဆုံး အတည်မပြုရသေးတဲ့ အယူအဆ(Hypothesis) တွေ စဉ်းစားရပါတယ်။ နောက်ပြီးတော့မှ စမ်းသပ်မှု (Experiment) တွေ ပြုလုပ်ပြီး အယူအဆတွေ ထဲက မှားနေတဲ့ ယူဆချက်တွေကို တစ်ချက်ချင်း ပယ်ထုတ်ရပါတယ်။ အဲဒီမှာမှ နောက်ဆုံးကျန်နေတဲ့ ယူဆချက်ကို မှားကြောင်း မပြနိုင်မချင်း ဖြစ်နိုင်တဲ့ သီအိုရီ အဖြစ် ယူဆကြပါတယ်။ သိပ္ပံပညာရှင်တွေ သစ်ရွက် ဘာလို့ ကြွေသလဲ လေ့လာကြပါတယ်။ ငါးဘယ်လို အသက်ရှူသလဲ လေ့လာကြပါတယ်။ အဲဒီလိုပဲ တောက်တဲ့ နံရံမှာ ဘယ်လို ကပ်နေသလဲ ဆိုတာကို လေ့လာတဲ့သူလည်း ရှိပါတယ်။

တောက်တဲ့ ဘာလို့ နံရံမှာ ကပ်သလဲ ဆိုရင် သာမန်လူ အများစုက သူတို့ ခြေထောက်မှာ ရှိတဲ့ စုပ်ခွက်တွေကြောင့် ကပ်ရတယ်လို့ ပဲ ယူဆကြ ပါတယ်။ သိပ္ပံပညာရှင်တွေက တောက်တဲ့ နံရံမှာ စုပ်ခွက်ကြောင့် ကပ်ရတယ် ဆိုတဲ့ အယူအဆကို ဒီအတိုင်း လက်မခံပါဘူး။ အဲဒီ အယူအဆ မှန်မမှန် အတည်ပြုဖို့ သူတို့ စမ်းသပ်မှု လုပ်ကြပါတယ်။ အကယ်၍ တောက်တဲ့ဟာ စုပ်ခွက်ကြောင့် ကပ်နေတယ်ဆိုရင် လေ ရှိနေဖို့ လိုအပ်ပါတယ်။ လေဟာနယ်ထဲမှာဆိုရင် စုပ်ခွက်က အသုံးမဝင်ပါဘူး။ အဲဒီတော့ သူတို့ လေဟာနယ် တစ်ခု ဖန်တီးပြီး တောက်တဲ့ ကပ်မကပ် လေ့လာကြည့် ကြပါတယ်။ လေဟာနယ် စမ်းသပ်ခန်းထဲမှာ တောက်တဲ့နဲ့ ပုတ်သင်ညိုကို နံရံမှာ ကပ်ခိုင်းကြည့်တော့ ပုတ်သင်ညိုက နားကားသွားပေမယ့် တောက်တဲ့ကတော့ အေးအေးဆေးဆေးပါပဲ။ အဲဒီတော့ သူတို့အနေနဲ့ တောက်တဲ့ဟာ စုပ်ခွက်ကြောင့် နံရံမှာကပ်တယ် ဆိုတဲ့ အယူအဆ မှားနေကြောင်း အတည်ပြုနိုင် ပါတယ်။

ဒါဆိုရင် နောက်တစ်ခု ဖြစ်နိုင်ခြေ ရှိတာက ပွတ်တိုက်အား (Friction) ကိုသုံးပြီး ကပ်တာ ဖြစ်နိုင်ပါတယ်။ ပိုးဟပ်လို သတ္တဝါ တွေက မျက်နှာပြင် မညီတဲ့ နံရံတွေမှာ သွားတဲ့အခါ သူတို့ ခြေထောက်မှာ ရှိတဲ့ ချိတ်သေးသေးကလေး တွေနဲ့ ချိတ်ပြီး လျှောက်သွားကြပါတယ်။ မျက်နှာပြင်မညီတဲ့ နံရံမှာ ပွတ်တိုက်အားကို အသုံးပြုပြီး သွားတာပါ။ အဲဒီတော့ တောက်တဲ့ကရော ပိုးဟပ်လို နံရံကို ချိတ်နဲ့ ချိတ်ပြီး သွားတာ မဖြစ်နိုင်ဘူးလားလို့ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ တောက်တဲ့ တစ်ကောင်နဲ့ ပိုးဟပ် တစ်ကောင်ကို ပြောင်ချောနေတဲ့ နံရံ တစ်ခုမှာ သွားခိုင်းကြည့်ပါတယ်။ ပိုးဟပ်က မျက်နှာပြင် ပြောင်ချော နေလို့ မသွားနိုင်တော့ပဲ ဂိ သွားပေမယ့် တောက်တဲ့ကတော့ "ပျင်းတောင် ပျင်းသေးတယ်။" သီချင်းဆိုပြီး အေးအေးဆေးဆေး ကပ်နေတုန်းပါပဲ။ အဲဒီတော့ တောက်တဲ့ နံရံမှာ ကပ်တာ ပွတ်တိုက်အားကြောင့် မဟုတ်မှန်းလည်း သိရပါပြီ။

နောက်တစ်ခု ဖြစ်နိုင်ခြေရှိတာက အီလက်ထရို စတက်တစ်အား (Electrostatic Charge) ပါ။ တစ်ချို့ အဝတ်အထည်တွေက အချင်းချင်း ပွတ်တိုက်ရင် အီလက်ထရို စတက်တစ် အားတွေဖြစ်ပြီး အချင်းချင်း တွယ်ကပ် တတ်ကြပါတယ်။ တောက်တဲ့ ကပ်တာလည်း အဲဒီလို အီလက်ထရို စတက်တစ် အားတွေကြောင့် ဖြစ်နိုင်မလား ဆိုပြီး စဉ်းစားကြည့် ကြပါတယ်။ ဒီကိစ္စကိုလည်း စမ်းသပ်ဖို့ လွယ်ပါတယ်။ အီထက်ထရို စတက်တစ်အားက အိုင်းယွန်း (ion) တွေ ရှိမှပဲ ဖြစ်တတ်ပါတယ်။ အဲဒီတော့ အိုင်းယွန်းတွေ ဖယ်ထုတ်ထားတဲ့ အပြား တစ်ပြား (ionized sheet) ပေါ်မှာ တောက်တဲ့ကို တင်ကြည့်ပါတယ်။ တောက်တဲ့က "မောင်လေး အဖြေ မှားပါတယ်ကွယ်။" လို့ ပြောပြီး ကပ်နေတုန်းပါပဲ။ ဒီတော့ အီလက်ထရို စတက်တစ် အားကိုလည်း ပယ်လိုက်လို့ ရပါပြီ။

ဒါဆိုရင် ဘာဖြစ်နိုင်ဦးမလဲ။ တစ်ချို့ အင်းဆက်တွေက ခြေထောက်ကနေ ကော်လိုမျိုး ပျစ်ချွဲချွဲ အရည်တစ်မျိုးကို ထုတ်ပြီး ကပ်တတ်ကြပါတယ်။ အဲဒီတော့ တောက်တဲ့ ခြေထောက်ကလည်း ကော်ရှိမလားလို့ စဉ်းစားစရာ ရှိလာပါတယ်။ အဲဒီလို အင်းဆက်တွေမှာ ကော်ထုတ်တဲ့ ဂလင်းဆဲလ်တွေ ခြေထောက်မှာ ရှိတတ်ပါတယ်။ ဒါပေမယ့် တောက်တဲ့ ခြေထောက်မှာ အဲဒီလို ဆဲလ်မျိုးတွေ မရှိပါဘူး။ အဲဒါအပြင် တောက်တဲ့ သွားခဲ့တဲ့ လမ်းကြောင်းမှာလည်း ကော်နဲ့ တူတာဆိုလို့ ဘာမှ မကျန်ခဲ့ပါဘူး။ အဲဒီတော့ ကော်ကြောင့် ကပ်တာလည်း မဖြစ်နိုင်ပါဘူး။

အဲဒီလိုနဲ့ သိပ္ပံပညာရှင်တွေ တောက်တဲ့ ဘာလို့ ကပ်သလဲ ဆိုတာကို နည်းမျိုးစုံနဲ့ လေ့လာရင်း သဲလွန်စ တစ်ခုကို သွားတွေ့ပါတယ်။ အဲဒါက ဘာလဲ ဆိုတော့ တောက်တဲ့က တစ်ချို့ မျက်နှာပြင်တွေမှာ တခြား မျက်နှာပြင် တွေထက်စာရင် ပိုကပ်တတ်တယ်လို့ ထင်ရပါတယ်။ စွမ်းအင်နည်းတဲ့ တက်ဖလွန် (Teflon) လို မျက်နှာပြင်မျိုးမှာဆိုရင် တောက်တဲ့က ကပ်အားနည်းတယ်လို့ ထင်ရပါတယ်။ အဲဒါကြောင့် တောက်တဲ့ဟာ သူတို့ ကပ်နေတဲ့ မျက်နှာပြင်က မော်လီကျူး အစုအဝေးကို တိုက်ရိုက်ဆက်နွယ်ပြီး ကပ်တယ်လို့ ယူဆလို့ ရပါတယ်။

အဲဒီ သဲလွန်စအပေါ် အခြေခံပြီးတော့ အမေရိကန် အော်ရီဂွန်ပြည်နယ် ပို့တ်လန်းက လူးဝစ်စ်အင်န် ကလက် ကောလိပ်မှာ ရှိတဲ့ ကယ်လာ အော်လ်တန် နဲ့ ကယ်လီဖိုးနီးယား ဘာကလေ တက္ကသိုလ်က ရောဘတ်ဖူးလ် တို့က ဆက်ပြီး လေ့လာကြပါတယ်။ တောက်တဲ့ရဲ့ ခြေထောက်မှာ ဆီတာ လို့ ခေါ်တဲ့ အမွှေးအမျှင် သေးသေးကလေးတွေ အတန်းလိုက် ရှိပါတယ်။ အဲဒီ ဆီတာတွေကို မိုက်ခရိုစကုပ်အောက်မှာ ကြည့်မယ် ဆိုရင် အဆုံးမှာ စပက်ကျူလာ လို့ခေါ်တဲ့ အမွှေးအမျှင် သေးသေးကလေး အခု ၄-၅၀၀ အဖြစ် ဖွာထွက် သွားတာကို တွေ့ရပါတယ်။ တောက်တဲ့ရဲ့ ခြေထောက် တစ်ချောင်းမှာ အဲဒီလို ဆီတာမျိုး ၅ သိန်းလောက် ရှိတတ်ပါတယ်။ ဆီတာ တစ်ချောင်းဟာ ဆံချည်မျှင်ရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ အချင်းဝက် ရှိပါတယ်။


 (Image: http://startswithabang.com)

အော်လ်တန်နဲ့ ဖူးလ် တို့ဟာ ဆီတာတစ်ချောင်းက ထုတ်နိုင်တဲ့အားကို တိုင်းတာဖို့အတွက် ဘက်စုံက ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို စုစည်းကြပါတယ်။ အဲဒီမှာ သူတို့ အတွက် ကြီးကျယ်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတော့တာပါပဲ။ ပထမ တစ်ချက်က ဆီော ငါးသိန်းထဲက တစ်ချောင်းတည်းသော ဆီတာကို ဖယ်ထုတ်ဖို့ပါ။ ကောက်ရိုးပုံထဲ ပျောက်တဲ့အပ်ကို ရှာရတာ လွယ်ပါတယ်။ (ကောက်ရိုးပုံကို မီးရှို့လိုက်ရင် ရှာလို့ လွယ်သွားပါတယ်။ ) ဒါပေမယ့် အသက်ရှင်နေတဲ့ တောက်တဲ့ရဲ့ ခြေထောက်က ဆီတာ တစ်ချောင်းကို သီးသန့်ဖယ်ထုတ်ပြီး တိုင်းဖို့ ဆိုတာ မလွယ်လှပါဘူး။ သူတို့ တောက်တဲ့ရဲ့ ခြေထောက်ကို အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်ပြီး အဲဒီထဲက တစ်ချောင်းကို အဏုစိတ်တိုင်းတာတဲ့ ကိရိယာ အပေါ်ကို တွဲဆက် နိုင်ခဲ့ပါတယ်။

ဒုတိယ စိန်ခေါ်မှုကတော့ အဲဒီလောက် သေးငယ်တဲ့ အားကို ဘယ်လို တိုင်းတာ မလဲ ဆိုတဲ့ အချက်ပါ။ တောက်တဲ့ တစ်ကောင် နံရံမှာကပ်နေရင် သူ့ခြေထောက်က အားက ကမ္ဘာမြေဆွဲအားနဲ့ အတူတူ ၁၀ နယူတန် (၁ ကီလိုဂရမ်ကို သယ်နိုင်တဲ့အား) လောက် ရှိပါတယ်။ ခြေထောက် တစ်ချောင်းမှာ ဆီတာပေါင်း ၅ သိန်းလောက် ရှိတဲ့အတွက် ဆီတာ တစ်ချောင်းရဲ့ အားဟာ ၂၀ မိုက်ခရို နယူတန် လောက် ရှိမယ်လို့ မှန်းခြေအားဖြင့် တွက်ဆလို့ ရပါတယ်။ အဲဒီလောက် သေးငယ်တဲ့ အားကို တိုင်းတာဖို့ ဆိုတာကတော့ အတော်ပဲ ခက်ခဲပါတယ်။

ဆီတာရဲ့ အားကို တိုင်းတာဖို့အတွက် အော်လ်တန်နဲ့ ဖူးလ်တို့ဟာ စတန်းဖို့ဒ်က သောမတ်စ်ကင်န်နီဆိုတဲ့ မက္ကင်နီကယ် အင်ဂျင်နီယာ တစ်ယောက်ကို သူတို့ အဖွဲ့ထဲ ဆွဲသွင်းခဲ့ပါတယ်။ ကင်န်နီကတော့ အက်တမ်အဆင့်လောက်မှာ ရှိတဲ့ အားတွေကို တိုင်းတာတဲ့ ကိရိယာတွေနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူပါ။ သူတို့ဟာ သူတို့ သီးသန့် ဖယ်ထုတ်ထားတဲ့ ဆီတာနဲ့ ကင်န်နီရဲ့တိုင်းတာတဲ့ ကိရိယာကို တွဲဆက်ပြီးတဲ့ အခါမှာတော့ သေပြီဆရာ အော်ရတဲ့ အခြေအနေ ရောက်သွားပါတယ်။ ၂ လ တိတိ ဆီတာက သူတို့ တိုင်းတာတဲ့ ကိရိယာကို မကပ်တဲ့ အတွက် ဘာအားကိုမှ တိုင်းတာလို့ မရလို့ပါ။ အဲဒါကြောင့် သူတို့ဟာ သူတို့ရဲ့ တိုင်းတာမှုကို ခဏ ရပ်နားပြီး ပြန်စဉ်းစား ကြပါတယ်။

နောက်ဆုံးမှာတော့ သူတို့ အဖြေရှာလို့ တွေ့သွားပါတယ်။ တောက်တဲ့တွေဟာလည်း လူတွေလိုပါပဲ။ သူတို့ ခြေထောက်ကို အောက်ကို တွန်းပြီး လမ်းမသွားကြပါဘူး။ တောက်တဲ့တွေဟာ လမ်းသွားခါနီးရင် သူတို့ဟာ မျက်နှာပြင်ပေါ်မှာ ခြေထောက်ကို ချပါတယ်။ နောက်တော့ သူတို့ရဲ့ ခြေချောင်းတွေကို ကွေးနေရာကနေ ဆန့်ပြီး မျက်နှာပြင်ပေါ်ကို နောက်ပြန် ပွတ်တိုက်ပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် သစ်တောလို ထူထပ်နေတဲ့ သူတို့ရဲ့ ဆီတာတွေဟာ မျက်နှာပြင်ကို ဘေးတိုက် ပွတ်သပ် သွားကြပါတယ်။ တောက်တဲ့မ ယဉ်သာ လမ်းလျှောက်နည်း ဖြစ်မယ် ထင်ပါတယ်။

ဒီလိုနဲ့ သူတို့ဟာ သူတို့ရဲ့ တိုင်းတာတဲ့ လုပ်ငန်းကို ပြန်စကြပါတယ်။ ဒီတစ်ခါတော့ ဆီတာကို ရှေ့ကနေ မတိုင်းဘဲ ဘေးကနေ တိုင်းပါတယ်။ သူတို့ဟာ ဒေါင်လိုက်တည့်တည့်နဲ့ ဘေးတိုက်ကနေ တိုင်းတာဖို့ အတွက် နောက်ထပ် အာရုံခံကိရိယာ တစ်ခု ကို တည်ဆောက်ကြပါတယ်။  ဒီလို တိုင်းတာတဲ့ အခါမှာ ရလာတဲ့ အဖြေက သူတို့ အားလုံးကို အံ့အားသင့် စေပါတယ်။ ဆီတာ တစ်ချောင်းရဲ့ အားက ၂၀၀ မိုက်ခရို နယူတန် နီးပါး ရှိပါတယ်။ အဲဒီလောက်သေးတဲ့ အမွှေးအမျှင် လေးတစ်ခုက အဲဒီလောက် အားရှိတယ် ဆိုတာ အံ့သြစရာပါ။ ဆိုလိုတဲ့ သဘောကတော့ အဲဒီလို အမွှေးအမျှင်ပေါင်း ၂ သန်း ရှိတဲ့ တောက်တဲ့ တစ်ကောင်ဟာ ပေါင် ၉၀ လောက် ကို အသာလေးသယ်သွားနိုင်တယ် ဆိုတဲ့ သဘောပါပဲ။

တောက်တဲ့က ကပ်တာတော့ ဟုတ်ပါပြီ။ ဒါဆိုရင် သူ ဘယ်လို ပြန်ခွာသလဲ ဆိုတာ မေးစရာ ရှိလာပါတယ်။ ဒီတစ်ခါတော့ သူတို့ ကယ်လီဖိုးနီးယား ဘာကလေ တက္ကသိုလ်က ရော်နယ်လ်ဖီးရင်း ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက် ဒီဇိုင်း လုပ်ထားတဲ့ ကိရိယာကို အသုံးပြုပြီး တိုင်းကြပါတယ်။ တောက်တဲ့ရဲ့ ခြေထောက်က အမွှေးဟာ ၃၀ ဒီဂရီ စောင်းလိုက်ရင် ဘာအားမှ မရှိတော့တာ တွေ့ရပါတယ်။ အဲဒီတော့ သူတို့ တွေ့ရှိချက်အရ တောက်တဲ့ဟာ ကျွန်တော်တို့ ကပ်ထားတဲ့ တိတ်တွေကို ပြန်ခွာသလိုမျိုး သူတို့ ခြေထောက်ကို ပြန်ခွာပြီး သွားတယ် ဆိုတာကို သိရပါတယ်။ ဒါကတော့ တောက်တဲ့ ဘယ်လို ကပ်သလဲ ဆိုတာကို လေ့လာတဲ့ စမ်းသပ်မှုပါပဲ။

တောက်တဲ့ အကြောင်း ပြောရင်း ကျွန်တော် အခန်းထဲက တောက်တဲ့ကို သတိရသွားပါတယ်။ ရန်ကုန်မှာ ကျွန်တော်နေတဲ့ အခန်းရဲ့ မျက်နှာကြက် ထုပ်တန်းမှာ အမြဲ လျှောက်သွားနေတတ်တဲ့ တောက်တဲ့ တစ်ကောင် ရှိပါတယ်။ ညဆိုရင် ကျွန်တော် အိပ်တဲ့ ခုတင်အပေါ်တည့်တည့်ကို ရောက်လာတတ်ပါတယ်။ တောက်တဲ့တောက်တဲ့ နဲ့ အော်ရင်း နောက်ဆုံးတစ်ခါ ကျရင်တော့ တဲ့ဟဲ့ဟဲ့ နဲ့ အသံရှည်ဆွဲပြီး အော်တတ်ပါတယ်။ ဒီကောင်တော့ မြန်မာပြည်မှာ တောက်တဲ့ ဖြစ်ရတာ အတော်ကံကောင်းတယ် ပြောရမှာပါပဲ။ မတော်လို့ အမေရိကားက ပုဂ္ဂိုလ် များနဲ့ သာ တွေ့သွားရင်တော့ ခြေထောက်က အမွှေးကို ဟိုဆွဲလိုက် ဒီဆွဲလိုက်နဲ့ ယားကျိကျိ နေမှာပဲလို့ တွေးမိပါသေးတယ်။

သူတို့ရဲ့ စမ်းသပ်မှု အကြောင်းကို ဒီထက်ပိုပြီး အသေးစိတ် သိချင်ရင်တော့ အောက်က အင်တာနက်စာမျက်နှာမှာ သွားကြည့်နိုင်ပါတယ်။

http://www.mhhe.com/biosci/genbio/raven6/lab1/labs/lab1/home.html

ကိုးကား။  ။ Biology by Raven Johnson (6th Edition)

Sunday, September 19, 2010

နေသားမကျတဲ့မြို့

နေ့ခင်းဖက် အပြင်သွားမလို့ အိမ်က ထွက်လာတော့ လမ်းမပေါ်မှာ မိန်းမကြီးတစ်ယောက် အိတ်တစ်လုံး လွယ်ထားပြီး ဆံပင်တွေ ဝယ်တယ် ဆံပင်တွေဝယ်တယ်လို့ အော်ရင်း လမ်းလျှောက်လာတာကို မြင်ရပါတယ်။ ဆံပင် အရောင်းအဝယ် အကြောင်း ဂျာနယ်တွေထဲမှာ မကြာခဏ ဖတ်ဖူးခဲ့ပေမယ့် ကိုယ်တိုင် တစ်ခါမှ မကြုံဖူးလို့ အထူးအဆန်းလို ဖြစ်နေတာတော့ အမှန်ပါပဲ။ ဈေးရှေ့က ဆိုင်တွေမှာ စာလုံးအကြီးကြီးတွေနဲ့ ရေးထားတဲ့ ဆံပင် တပိသာ ၉၇၀၀၀ ဆိုတဲ့ ဆိုင်းဘုတ်တွေကို မျက်လုံးထဲမှာ ပြေးပြီး မြင်ယောင်မိပါတယ်။ တို့နိုင်ငံက ထွက်တဲ့ ပစ္စည်းထဲမှာ ဆံပင်ပါတယ်လို့များ ပြောရမလားလို့ စိတ်ထဲကလည်း စဥ်းစားလိုက် မိပါတယ်။

ဘတ်စ်ကား မစီးဖြစ်တာ ကြာပြီမို့ အိမ်နားက ကားဂိတ်မှာ ဘတ်စ်ကား တစ်စင်းပေါ်တက်ခဲ့ပါတယ်။ ဘယ်စီးစီး နှစ်ရာ ဆိုတဲ့ ကားပေါ်မှာ မတ်တပ်ရပ်လိုက်ရင်း ဟိုကြည့်ဒီကြည့် လျှောက်ကြည့် နေမိပါတယ်။ အိတ်ထဲမှာ ပါတဲ့ ငါးရာတန် ထုတ်ပေးတော့ ကားသမားက နှစ်ရာတန် အစုတ် တစ်ရွက်နဲ့ တစ်ဆယ်တန် ၁၀ ရွက် အမ်းပါတယ်။ နှစ်ရာတန်က ဟောင်းနွမ်းစုတ်ပြတ်ပြီး မကိုင်ချင်စရာ ကောင်းလောက်အောင် ဖြစ်နေပါပြီ။ ဆယ်တန် ကို ကြည့်ရင်း ဒီမှာ တစ်ဆယ်တန် သုံးကြသေးတယ်ပေါ့လို့ တွေးနေတုန်းမှာပဲ အသေအချာ ကြည့်မိတော့ တစ်ဆယ်တန် ၁၀ ရွက်ကို ပင်နဲ့တွဲချုပ်ထားတာကို သတိထားလိုက် မိပါတယ်။ ဟိုတစ်နေ့က တူမတွေနဲ့ ကစားကွင်းသွားရင်း တစ်ရှူးထုတ် အမ်းတာကို သတိရမိ ပါသေးတယ်။ တစ်ရာတန် အစား တစ်ရှူးထုပ် တစ်ထုပ် အမ်းရင်း ဒီကစားကွင်းထဲမှာ တစ်ရှူးထုပ်ကို တစ်ရာတန် အနေနဲ့ ဘယ်နေရာမှာ သုံးသုံး သုံးလို့ ရတယ်လို့ လက်မှတ်ရောင်းတဲ့ မိန်းမကြီးက ပြောလိုက်ပါတယ်။ သူပြောတဲ့ အတိုင်းလည်း ရပါတယ်။ နောက်ထပ် လက်မှတ်ဝယ်တော့ တစ်ရှူးထုပ်ကိုပဲ တစ်ရာတန် အနေနဲ့ လက်ခံပါတယ်။

၂ မှတ်တိုင်လောက် စီးပြီးတော့ ကားပေါ်ကနေ ဆင်းခဲ့ပါတယ်။ စားနေကျ ကွမ်းယာဆိုင်က အစ်မကြီးကို ကျွန်တော့်အတွက် ကွမ်းယာ ၅ ရာဖိုး ပေးပါလို့ မှာရင်း အစ်မကြီးနဲ့ စကားကောင်းနေ မိပါတယ်။ ခါတိုင်းတော့ ဒီကွမ်းယာဆိုင်ဘေးက ခုံမှာ ကျွန်တော်နဲ့ သိတဲ့သူ တစ်ယောက်မဟုတ် တစ်ယောက် အမြဲလို တွေ့ရတတ်ပါတယ်။ အခုတော့ အားလုံး နိုင်ငံခြားထွက်တဲ့သူနဲ့ နယ်ရောက်နေကြတဲ့သူတွေနဲ့ တစ်ယောက်မှ မကျန်တော့ သလောက် ပါပဲ။

ကွမ်းယာဆိုင်က ထွက်လာတော့ လမ်းမပေါ်က တက်ကစီ တစ်စင်း တားလိုက်မိပါတယ်။ လှည်းတန်း သွားချင်လို့ ပြောတော့ မလိုက်တော့ဘူးလို့ ပြောပြီး မောင်းထွက် သွားပါတယ်။ နောက်တစ်စင်း ထပ်တားတော့ နှစ်ထောင် ပေးပါ ဆိုတာနဲ့ ဈေးမဆစ်တော့ဘဲ ကားရှေ့ခန်းက တက်လိုက်ခဲ့ပါတယ်။ နိုင်ငံခြားမှာတော့ တက်ကစီ စီးရင် ရှေ့ခန်းက စီးလေ့ မရှိပါဘူး။ သက်တောင့်သက်သာ နောက်ခန်းကပဲ စီးတတ်ပါတယ်။ အခုတော့ နောက်ခန်းက စီးရင် မှန်ချစရာ လက်ကိုင်မတွေ့တာနဲ့ ရှေ့ခန်းက တက်စီးခဲ့တာပါ။ သွားနေရင်း လမ်းမှာ အဖွားကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက် ကားကို တားပါတယ်။ သူတို့က စမ်းချောင်းသွားမယ် ဆိုပြီး နောက်ခန်းက တက်လိုက်ကြပါတယ်။ တက်ကစီတစ်စင်းထဲကို လူပေါင်းပြီး စီးကြတာလည်း ရန်ကုန် ယဥ်ကျေးမှုပါပဲ။ ဓာတ်ဆီ ချွေတာပြီး ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းတယ်လို့ ကြီးကြီးကျယ်ကျယ် ပြောရမလား မဆိုတတ် ပါဘူး။ နောက်ခန်းက ပါလာတဲ့ ကောင်လေးက မှန်ချချင်လို့ လက်ကိုင်မရှိဘူးလားလို့ မေးတော့ ကားသမားက မှန်ချတဲ့ လက်ကိုင်ကလေး ထုတ်ပေးပါတယ်။ မှန်ချချင်ရင် လက်ကိုင်ကို ကားသမား ဆီက တောင်းရတယ်လို့ မှတ်သား ထားလိုက် မိပါတယ်။ ကိုယ့်မြို့ပေမယ့်လည်း မနေတာ ကြာတော့ ထုံးစံတွေ အားလုံးက အသစ်အဆန်း ဖြစ်နေပါတယ်။

မနေ့က တက်ကစီ စီးတုန်းက အဖြစ်ကို ပြန်သတိရပါတယ်။ ကားနောက်ခန်းမှာ ကျွန်တော့်တူမနဲ့ အတူ ထိုင်လာရင်း စကားပြောနေတုန်း ဘေးက တံခါးက ရုတ်တရက် ပွင့်ထွက် သွားလို့ လန့်သွားပါတယ်။ တံခါး မကျလို့ နေမှာပါလေလို့ စိတ်ထဲက တွေးရင်း တံခါးကို ပြန်ဆောင့်ပိတ်လိုက်ပါတယ်။ ခဏနေတော့ နောက်တစ်ခေါက် ပြန်ပွင့်ထွက်သွားပြန်ပါတယ်။ လမ်းမှာ တံခါးက ခဏ ခဏ ပွင့်နေလို့ တံခါးနားကို ကပ်ပြီး မထိုင်ရဲတော့ ပါဘူး။ တက်ကစီ အကုန်လုံး ဒီလိုတော့ မဟုတ်ပါဘူး။ မြို့ထဲက အပြန် ပါရမီ တက်ကစီ တက်စီးတော့ တခြားတက်ကစီ ထက် ဈေးသက်သာတဲ့ အပြင် မကြုံစဖူး အဲယားကွန်း ဖွင့်မောင်းတာနဲ့ပါ ကြုံလိုက်ရပါသေးတယ်။

တချိန်ကတော့ ကျွန်တော်လည်း ရန်ကုန်လမ်းမပေါ် ဒီလိုပဲ လျှောက်သွားနေခဲ့ဖူးတာပါပဲ။ ၁၀ တန်း အောင်စာရင်း ထွက်တဲ့ညက ဘရိတ်မမိတဲ့ကားကို သူငယ်ချင်း တစ်ယောက်က တစ်နာရီ မိုင်၁၀၀ ကျော် မောင်းတာကို အပြုံးမပျက် ဘေးကနေ ထိုင်စီးခဲ့ဖူးတာ သတိရပါတယ်။ ဒါပေမယ့်လည်း ရန်ကုန်မှာ မနေတာကြာတော့ ရန်ကုန်ကလူတွေ ကားမောင်းတာကို ကြည့်ရင်း နည်းနည်းလန့်နေပါတယ်။ မလွတ်မှန်း သိရက်နဲ့ ခေါင်းအတင်း ထိုးထည့်ပြီး ကားတစ်စင်း တည်းပါ ဆိုပြီး လက်တစ်ချောင်း ထောင်ပြတာ၊ လမ်းမပေါ်မှာ စက်ဘီးတွေ ဆိုက်ကားတွေနဲ့ ပွတ်ကာသီကာ ရှောင်နေတာကို ကြည့်ရင်း ဘေးမှာ သည်းထိတ်ရင်ဖို ဖြစ်နေပါတယ်။ မျက်စိရှေ့မှာ လူအပြည့်တင်ထားတဲ့ ဘတ်စ်ကားကြီးတွေ ဟိုဘက်လူး သည်ဘက်လှိမ့် မောင်းနေတာကို ကြည့်ရင်းလည်း မျက်လုံးပြူးနေ မိပါတယ်။ လူတိုင်း လမ်းစည်းကမ်း လိုက်နာနေတဲ့ နိုင်ငံမှာတော့ ဒီလိုတွေသာ မောင်းကြရင် ယာဥ်တိုက်မှုတွေ ဖြစ်လိုက်မှာ နည်းမှာ မဟုတ်ပါဘူး။ အခုလို လူတိုင်းက ကြုံသလို လုပ်နေကြတော့လည်း အားလုံး သတိထားမောင်းကြတော့ သူ့အရပ်နဲ့ သူ့ဇာတ်တော့ အလုပ် ဖြစ်နေကြတာပါပဲ။

ညနေဖက် သူငယ်ချင်းတွေနဲ့ အတူ စားသောက်ဆိုင် တစ်ဆိုင်ထဲ ဝင်သွားတော့ စားပွဲထိုးများက ခါးတစ်ဝက်လောက် ဦးညွှတ်ပြီး အရိုအသေ ပေးကြပါတယ်။ စိတ်ထဲတော့ သိပ်ပြီး သဘောမတွေ့မိပါဘူး။ ကိုယ်တိုင် နိုင်ငံခြားမှာ နှစ်အတော်ကြာ စားပွဲထိုးဖူးပေမယ့် ကပ်စတန်မာကို ဒီလောက်အထိ အရိုအသေ မပေးဖူးတာ အမှန်ပါပဲ။  တို့နိုင်ငံကလူတွေ အရိုအသေ လွန်နေကြပြီလားလို့ စိတ်ထဲ တွေးမိပါတယ်။ အပေါ့သွားချင်လို့ အိမ်သာထသွားတော့ တစ်ရှူးပေပါ ကိုင်ပြီး အသင့်စောင့်နေတဲ့ ဆိုင်ဝန်ထမ်းကောင်လေး တစ်ယောက်ကို တွေ့မိပါတယ်။ ဆားဗစ်က ကောင်းလွန်းလှချည်လားလို့လည်း စိတ်ထဲမှာ တွေးလိုက်မိ ပါသေးတယ်။

တစ်နေကုန် လျှောက်သွားရင်း ည ၁၂ နာရီလောက် ရောက်တော့ သူငယ်ချင်းတွေနဲ့ အတူ ကမ္ဘာအေး ဘုရားလမ်းပေါ်က လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ထိုင်ဖြစ်ပါတယ်။ စင်ကာပူမှာ လက်ဖက်ရည် ဘယ်လောက်ကောင်းတယ် ပြောပြော ရန်ကုန် လက်ဖက်ရည်ကိုတော့ မမီပါဘူး။ လက်ဖက်ရည် တစ်ခွက်သောက်ရင်း သူငယ်ချင်းတွေနဲ့ စကားပြောနေတုန်း ဘေးစားပွဲက ဝုန်းဒိုင်းကြဲတဲ့ အသံကြားလိုက်ရပါတယ်။ လှမ်းကြည့်တော့ တစားပွဲတည်း ထိုင်တဲ့သူ အချင်းချင်း ရန်ဖြစ်ရင်းက ပုလင်းနဲ့ ထရိုက်ကြတာပါ။ စားပွဲဝိုင်းမှာ ထိုင်နေတဲ့ ကောင်လေး ခေါင်းမှာ သွေးတွေဖြာကနဲ ကျပြီး စားပွဲက ထသွားတာကို မြင်လိုက်ရပါတယ်။ ဘေးနားက သူ့အပေါင်းအသင်းတွေက တွဲခေါ်သွားကြပါတယ်။ ရန်ကုန်မှာ နေတုန်းကတော့ ရန်ပွဲထဲမှာ ကိုယ်တိုင် ဆော်ဖူး နှက်ဖူး ပါတယ်။ ဒါပေမယ့် ကိုယ်ထိလက်ရောက် ရန်ဖြစ်တယ် ဆိုတာ ရှားပါးတဲ့ နိုင်ငံမှာ အနေကြာ လာတော့ ရန်ဖြစ်တယ်ဆိုတာ စိတ်ထဲမှာ အထူးအဆန်းလို ဖြစ်နေပါတယ်။

တကယ်တော့လည်း ဒီမြို့ဟာ ကျွန်တော်တစ်သက်လုံး နေထိုင်လာခဲ့တဲ့ မြို့ပါပဲ။ ဒါပေမယ့် ဒီမြို့ထဲမှာ မနေဘဲ အပြင်မှာ ထွက်နေလာတာကြာတော့ မျက်စိထဲမှာ အားလုံးဟာ အသစ်အဆန်းလို ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ခဏပါပဲ။ ကိုယ့်မြို့မှာကိုယ် နေသားပြန်ကျဖို့က မြန်ပါတယ်။ ဒါပေမယ့် နေသား ပြန်ကျသွားတဲ့ အချိန်မှာတော့ နိုင်ငံခြားကို ပြန်ထွက်ခဲ့ ရတာပါပဲ။

Sunday, May 30, 2010

သိုးမည်းတစ်ကောင်ရဲ့ ပုံရိပ်

သူက ကျွန်တော်တို့ စာအုပ်ဆိုင်မှာ တခါတလေ စာအုပ် လာငှားတတ်တဲ့သူ တစ်ယောက်ပါ။ စာအုပ်လာ ငှားရင်လည်း ဘာသာပြန် စာအုပ်တွေ ဖတ်တာ များပါတယ်။ အဲဒီအချိန် ကတည်းက ဇော်ရည်တို့ ဂျေမောင်မောင်တို့ရဲ့ အခွေတွေမှာ သီချင်းရေးဆရာ အနေနဲ့ သူ့နာမည်ကို တွေ့ဖူးနေတာကြောင့် သူ့နာမည်က ကျွန်တော့် အတွက်တော့ သိပ်ပြီးတော့ မစိမ်းလှပါဘူး။ သူ့ပုံစံက ရိုးရိုးရှင်းရှင်းပါပဲ။ အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ဆံပင်ကို အမြဲတမ်း တိုတို ညှပ်ထားတတ်ပါတယ်။ မင်းကြီးလမ်း ပေါ်မှာ သူ့အရပ်ရှည်ရှည်နဲ့ ကားယားကားယား လျှောက်သွားနေတာကို အမြဲလိုလို တွေ့ရတတ်ပါတယ်။

တစ်နေ့တော့ ကျွန်တော်တို့ ဆိုင်ထဲမှာ ရပ်ပြီး ကျွန်တော့် အစ်ကိုနဲ့ အကြာကြီး စကားပြောနေတာ တွေ့လို့ သူ့ကို ကောင်းကောင်း သတိထားမိ သွားပါတယ်။ အဲဒီနေ့က သူအတော်လေး မူးနေပါတယ်။ သတိထားမိတဲ့ အကြောင်းကတော့ စကားပြောတဲ့ အချိန် မြန်မာလို တစ်ဝက် အင်္ဂလိပ်လို တစ်ဝက် ပြောနေတာမို့ပါ။ သူ အင်္ဂလိပ်စကား အတော်လေး ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တာကိုလည်း ကြည့်ရင်းနဲ့ အံ့အားသင့် နေပါတယ်။ တစ်နာရီလောက် စကားပြောပြီးတော့ သူပြန်သွားပါတယ်။ သူ့အကြောင်း အတွင်းကျကျ သိတဲ့ သူငယ်ချင်း တစ်ယောက်ကတော့ ရန်ကုန်တက္ကသိုလ်ကနေ ဒသနိကဗေဒနဲ့ မဟာဘွဲ့ ရထားတဲ့သူလို့ ပြောပြပါတယ်။ နောက်ပိုင်းတော့ ဆိုင်ကို တစ်ခါတစ်လေ လာတတ်ပေမယ့်လည်း သူ့ကို သိပ်မတွေ့ ဖြစ်တော့ပါဘူး။

တစ်ညနေတော့ ဆိုင်ဖွင့်ခါစ ကျွန်တော့် အစ်ကိုနဲ့ ကျွန်တော် ဆိုင်ရှေ့မှာ ရပ်ပြီး စကား ပြောနေတုန်း သူ ရောက်လာပါတယ်။ ဆိုက်ကား တစ်စင်းပေါ်က ဆင်းလာပြီး လက်ထဲမှာ ပိုစတာတွေ တစ်ပွေ့တစ်ပိုက်နဲ့ပါ။ အရင်လို ပုံစံအတိုင်း ပါပဲ။ "ညီလေး။ အစ်ကို့အခွေ ကြော်ငြာကပ်ချင်လို့ကွာ။" ဆိုပြီးတော့ ပိုစတာ လှမ်းပေးပါတယ်။ သူအခွေ ထုတ်တော့မယ် ဆိုတဲ့ သတင်းတော့ ကြားထားပါတယ်။ သူ့သီချင်းတွေ ဘယ်လိုများ ရှိမလဲလို့လည်း စိတ်ထဲမှာ တွေးကြည့် မိပါတယ်။ ကျွန်တော်တို့လည်း သူ့လက်ထဲက ကြော်ငြာစာရွက်ကို ယူပြီး ဆိုင်တံခါးဝမှာ ကပ်ထား လိုက်ပါတယ်။

မကြာခင်မှာပဲ သူ့အခွေ ထွက်လာပါတယ်။ အခွေထွက်ပြီး တစ်ပတ် အတွင်းမှာပဲ ကျွန်တော်တို့ တစ်မြို့နယ်လုံး ဘယ်နေရာသွားသွား သူ့အခွေ ဖွင့်နေတာပဲ ကြားရပါတယ်။ မကြာခင်မှာတော့ ရန်ကုန် တစ်မြို့လုံး ဘယ်နေရာ သွားသွား ဒီသီချင်းသံပဲ ကြားရပါတယ်။ နောက်တော့ သူ့အခွေက မြန်မာတစ်နိုင်ငံလုံး တောရော မြို့ပါ မကျန် ပေါက်သွားပါတယ်။ အဲဒီအချိန်က ခွေးကို ခြေထောက်နဲ့ ပိတ်ကန်ရင်တောင် ကိန် လို့ မအော်ဘဲ တို့ကတော့ တို့ကတော့ လို့အော်တယ် ဆိုပြီးတော့တောင် ပြောစမှတ် တွင်ခဲ့ပါတယ်။ အဲဒီလောက် ဆိုရင် ကျွန်တော် ဆိုလိုချင်တဲ့သူ ဘယ်သူဆိုတာ သဘောပေါက် လောက်ပြီ ထင်ပါတယ်။ ကျွန်တော် ပြောပြနေတာ သိုးမည်းတွေ အကြောင်းသီချင်း၊ နေရာ စီးရီးခွေနဲ့ နာမည်ကြီးခဲ့တဲ့ အဆိုတော် ကိုဗဒင် အကြောင်းပါ။

ကိုဗဒင်ရဲ့ အခွေဟာ မကြုံဖူး လောက်အောင် ရောင်းအား ကောင်းခဲ့ပါတယ်။ ကက်ဆက်ခွေ ကာဗာကတ်ဒ် တစ်သိန်းနဲ့ သီချင်းစာအုပ် ငါးသိန်းရောင်းရတယ် ဆိုတာ ၁၉၉၄ ခုနှစ် ပတ်ဝန်းကျင်က တကယ့်ကို စံချိန်ပါပဲ။ သူ့ရဲ့ သီချင်းစာအုပ်ဆိုတာ ရိုက်လို့ မလောက်အောင်ပဲ ဘယ်နေရာမှာမှ ဝယ်မရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ကိုဗဒင်ကို အခွေထုတ်ပေးခဲ့တဲ့သူက သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်း တစ်ယောက်ရဲ့ အမေလို့ သိရပါတယ်။ ကိုဗဒင်ရဲ့ သူငယ်ချင်းကတော့ အခွေမထွက်ခင် အချိန်ကပဲ သေဆုံးသွားခဲ့တယ်လို့ ကြားခဲ့ရပါတယ်။

သိုးမည်းတွေ အကြောင်း သီချင်းကို အခွေမထွက်ခင် အချိန်ကတည်းက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အတော်များများ ကြားဖူးခဲ့ ကြပါတယ်။ အဲဒီသီချင်းက ကိုဗဒင်ရဲ့ ကိုယ်တွေ့ ဇာတ်လမ်း တစ်ပုဒ်လို့လည်း သိရပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တေပေ လေလွင့်နေတဲ့ အချိန်တုန်းက တစ်နေ့မှာ သူတို့ အရက်မူးပြီး အိမ်ပြန် လာကြပါတယ်။ ကိုဗဒင်ရဲ့ အိမ်က ရွာမ ဘုရားရှိခိုးကျောင်း ရှေ့က ဒေါနလမ်းထဲမှာ ပါ။ သူတို့ လမ်းထိပ်က အုတ်ခုံမှာ ဆေးလိပ် ထိုင်သောက်နေကြတုန်း ဘုရားကျောင်းထဲက လူတွေ အဝတ်အစားတွေ သစ်သစ်လွင်လွင်နဲ့ ထွက်လာတာ တွေ့မှ ပွဲတော်နေ့ဆိုတာ သိလိုက်ရပါတယ်။ အဲဒီအချိန် သူ့ စိတ်ထဲမှာ ဖြစ်ခဲ့တဲ့ ဖီလင် အပေါ်မှာမူတည်ပြီး သိုးမည်းတွေ အကြောင်းကို ရေးဖြစ်ခဲ့တာလို့ သိရပါတယ်။

နိုင်ငံကျော် အဆိုတော် ဖြစ်သွားပေမယ့်လည်း သူ့ပုံစံက အရင်အတိုင်းပါပဲ။ အရင်လို တောင်သူကုန်းထဲက ထန်းရည်ဆိုင်မှာ ထန်းရည်သောက်တုန်းပါပဲ။ ဆိုက်ကားတစ်စီးနဲ့ လျှောက်သွားနေတုန်းပါပဲ။ တစ်ခါတစ်လေ အင်းစိန် ဆေးရုံရှေ့က Diet Day အအေးဆိုင်မှာ ဘီယာတွေ တစ်ဗူးပြီး တစ်ဗူး ထိုင်သောက် နေတာ တွေ့ရတုန်းပါပဲ။ လမ်းတွေ့လို "ကိုဗဒင်ကြီး။ အေးဆေးပဲလား။" လို့ မေးရင် "အေး။" ဆိုပြီး ပြုံးပြီး ပြန်ဖြေတတ်ပါတယ်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက် အပြောအရတော့ သူတို့ တောင်သူကုန်းထဲမှာ ဘောလုံးကန်နေတဲ့ အချိန် ကိုဗဒင် ရောက်လာပြီး မူးမူးနဲ့ ငါဂိုးဖမ်းမယ်ကွာ ဆိုပြီး ယိုင်တိုင်ယိုင်တိုင်နဲ့ ဂိုးဝင်ဖမ်း သွားသေးတယ် ပြောပါတယ်။

အဲဒီတုန်းက ကျွန်တော်တို့ အိမ်ကို နယ်ကလာတဲ့ ဧည့်သည်များ ကိုဗဒင်ကို တွေ့ဖူးချင်လို့ ဆိုပြီး ပြောကြပါတယ်။ ကျွန်တော်က သူနဲ့ လမ်းမှာ တွေ့တဲ့အချိန် အဲဒါ ကိုဗဒင်ပဲ လို့ ပြတော့ သူတို့ မယုံကြပါဘူး။ ဟုတ်ပါ့မလားဟယ်လို့ ပြန်ပြီး မေးကြပါတယ်။ ဟုတ်ပါတယ်။ သူ့ပုံစံက အရင်ကတည်းက အဲဒီအတိုင်းပဲ။ လို့ ပြောတော့ သူတို့တွေ အတော်လေး အံ့သြကြပါတယ်။

နောက်ပိုင်း နည်းနည်း ကြာလာတော့ ကိုဗဒင်ကို အရင်လို မူးနေတာ မတွေ့ရတော့ပါဘူး။ အရက် ဖြတ်လိုက်တယ်လို့ သတင်းသဲ့သဲ့တော့ ကြားလိုက်ရပါတယ်။ ပထမအခွေ ထွက်ပြီး အတော်လေး ကြာတဲ့ အထိ ဒုတိယ အခွေ ထွက်မလာပါဘူး။ ဒုတိယ အခွေထွက်လာတဲ့ အချိန် ပထမ အခွေလောက် မအောင်မြင် ပေမယ့်လည်း အတော်အသင့်တော့ အောင်မြင်လိုက် ပါတယ်။ နောက်တော့ သူ ဆုံးသွားပြီ ဆိုတဲ့ သတင်း ကြားရပါတယ်။ အဲဒီ သတင်း ကြားရတဲ့အချိန်တော့ အတော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။ ပါရမီရှိတဲ့ ဂီတသမား တစ်ယောက် ကြွေလွင့်သွားတာမို့ နှမြောတာလည်း ပါသလို ရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှု ကင်းတဲ့ အနုပညာရှင် တစ်ယောက် ဆုံးပါး သွားတဲ့ အတွက် စိတ်မကောင်း ဖြစ်တာလည်း ပါပါတယ်။

ဒါကတော့ ကျွန်တော် ကိုယ်တွေ့ ကြုံခဲ့ဖူးတဲ့ ကိုဗဒင်ရဲ့ ပုံရိပ်ပါပဲ။ ကိုဗဒင် အကြောင်း ရေးထားတဲ့ စာတွေ မတွေ့မိလို့ အမှတ်တရ အနေနဲ့ ရေးလိုက်ပါတယ်။

Thursday, February 4, 2010

မိန်းမသားတွေ ယောက်ျားတွေကို ဘာလို့ချစ်ကြသလဲ

ဂျူလီယာ လို့ ခေါ်တဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်း တစ်ယောက်က အောက်က စာကို ကျွန်တော့်ဆီကို ပို့လိုက်ပါတယ်။ ကျွန်တော် သူမကို ဆက်သွယ်ပြီးတော့ အဲဒီစာကို သူမ ကိုယ်တိုင် ရေးတာလားလို့ မေးဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် သူမက ခရီးထွက်သွားပြီ ဖြစ်ပြီး ဘယ်အချိန် ပြန်လာမယ် ဆိုတာကို ကျွန်တော် အတိအကျ မသိလိုက်ရပါဘူး။

ကျွန်တော် အင်တာနက်ပေါ်မှာ ရှာကြည့်ပါတယ်။ ကျွန်တော် ဘာသွားတွေ့တယ်လို့ ထင်လဲ။ ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတဲ့ လူတွေ အများကြီးပဲ။ တခြားတဖက်ကနေ ပြောရရင်တော့ ဒီနေ့ခေတ်ကြီးမှာ မိန်းမသားတွေဟာ သူတို့အနေနဲ့ ဆန့်ကျင်ဘက်လိင် ဖြစ်တဲ့ ယောက်ျားသားတွေကို ချစ်ဖို့ အတွက် အကြောင်းအရာကို ရှာဖွေနေတယ်လို့ ပြောရပါလိမ့်မယ်။ ယောက်ျားတစ်ယောက် အနေနဲ့တော့ သူတို့ ပြောတဲ့ အချက်တွေထဲက တစ်ချို့ကို ကျွန်တော် သဘောတူပါတယ်။ သူတို့ ပြောတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော် အောက်မှာ စာရင်းလုပ် ထားပါတယ်။

* သူတို့တွေ ကျွန်မတို့တွေကို ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။ တကယ်လို့ သူတို့ နားလည်ချင်တယ် ဆိုရင်တောင်မှ။
* သူတို့ဟာ ကျွန်မတို့ရဲ့ အလှအပတွေကို မြင်နိုင်တုန်းပဲ။ တကယ်လို့ ကျွန်မတို့ မိန်းမသားတွေတောင် ကိုယ့်ဘာသာကိုယ် လှတယ်လို့ မယုံကြည်တော့တဲ့ အချိန်မျိုးမှာလေ။
* သူတို့ဟာ ညီမျှခြင်းတွေ၊ နိုင်ငံရေးတွေ၊ သင်္ချာပုစ္ဆာတွေကို နားလည်ပေမယ့် မိန်းမသားဆန်တဲ့ နှလုံးသားကို ဘယ်တော့မှ နားမလည်နိုင်ဘူး။
* သူတို့ ဟာ အမှောင်ကို ဘယ်တော့မှ မကြောက်တတ်ကြဘူး။
* သူတို့ဟာ သူတို့ ပြင်လို့ မရနိုင်တဲ့ အရာတွေကို ပြင်မယ်လို့ ခေါင်းမာမာနဲ့ ပြောကြတယ်။ နောက်ပြီးတော့ အရွယ်ရောက်ခါစ ယောက်ျားတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုမျိုးနဲ့ အာရုံစိုက်ပြီး လုပ်ကြတယ်။ တကယ်လို့ သူတို့ မအောင်မြင်ခဲ့ရင် သူတို့ စိတ်ပျက်လက်ပျက် ဖြစ်တတ်ကြတယ်။
* သူတို့ ဟာ ဖရုံသီးလိုပဲ။ အများစုက အစာခြေဖို့ မဖြစ်နိုင်ပေမယ့် သူတို့ရဲ့ မျိုးစေ့ကတော့ တန်ဖိုးရှိတယ်။
* သူတို့ဟာ အိမ်နီးချင်းတွေက ဘာထင်လိမ့်မယ်လို့ ဘယ်တော့မှ ဝေဖန်ချက် မပေးတတ်ကြဘူး။
* ကွျန်မတို့ အနေနဲ့ သူတို့ ဘာတွေးနေတယ် ဆိုတာ သိနိုင်တယ်။ သူတို့ ပါးစပ်ကို ဟလိုက်တဲ့ အချိန်မှာတော့ သူတို့ဘာပြောမယ်လို့ ကျွန်မတို့ ကြိုပြီး တွက်ထားတဲ့အတိုင်းပဲ ပြောတတ်ကြတယ်။
* သူတို့ဟာ ဒေါက်ဖိနပ် စီးပြီး သူတို့ဘာသာ သူတို့ ညှင်းဆဲဖို့ ဘယ်တော့မှ မတွေးတတ်ကြဘူး။
* သူတို့ဟာ ကျွန်မတို့ ခန္ဓာကိုယ်ကို ထိတွေ့ဖို့နဲ့ ကျွန်မတို့ရဲ့ စိတ်ဝိညာဉ်ကို အောင်မြင်ဖို့ နှစ်သက်ကြတယ်။
* ၁၄ နှစ်သမီး တစ်ယောက်က သူတို့ကို ဘာစကားမှ မပြောအောင် ချန်ထားခဲ့နိုင်သလို ၂၅ နှစ် အရွယ်ရှိတဲ့ မိန်းမတစ်ယောက်ကတော့ သူတို့ကို အခက်အခဲမရှိ ထိန်းချုပ်နိုင်တဲ့ အစွမ်းရှိတယ်။
* သူတို့ဟာ အစွန်းရောက်နေတဲ့သူတွေကို စိတ်ဝင်စားကြတယ်။ သိပ်ချမ်းသာတဲ့သူတွေ၊ ရသေ့လို လူစားမျိုးတွေ၊ သူရဲကောင်းတွေ၊ ဘုန်းကြီးတွေ၊ အနုပညာရှင်တွေ စစ်ဗိုလ်ချုပ်တွေလို လူမျိုးတွေပေါ့။
* သူတို့ဟာ သူတို့ရဲ့ အားနည်းချက်ကို ဖုံးကွယ်ဖို့အတွက် လုပ်နိုင်တဲ့အရာမှန်သမျှ ဘာကို မဆို လုပ်တတ်ကြတယ်။
* ယောက်ျားတွေ အကြောက်ဆုံး အရာက ယောက်ျားမပီသမှာပဲ။ (ဘယ်မိန်းမကမှ သူတို့ကိုယ် သူတို့ မိန်းမ မပီသမှာ မစိုးရိမ်ကြဘူး။)
* သူတို့ဟာ ပန်းကန်ထဲ ရှိသမျှ အကုန် ကုန်အောင် စားတတ်ကြတယ်။ အဲဒီအတွက် အပြစ်ရှိတယ်လို့ သူတို့ကိုယ်သူတို့ ဘယ်တော့မှ မမြင်ကြဘူး။
* သူတို့ဟာ စိတ်ဝင်စားစရာ မကောင်းတဲ့ အရာတွေကို ပျော်ပျော်ပါးပါး စိတ်ဝင်စား တတ်ကြပါတယ်။ ဥပမာ အလုပ်ထဲမှာ ဘာဖြစ်တယ်။ အမျိုးမျိုးသော မော်တော်ကား အမျိုးအစားတွေ စတာတွေပေါ့။
* သူတို့မှာ ကျွန်မတို့ ခေါင်းတွေ နားနေနိုင်ပြီး သိပ်အားထုတ်စရာ မလိုပဲ အိပ်စက်နိုင်တဲ့ ပုခုံးတွေ ရှိကြတယ်။
* သူတို့ ဟာ သူတို့ ခန္ဓာကိုယ်နဲ့ အမြဲလိုလို သင့်မြတ်နေတတ်တယ်။ သိပ်အရေးမကြီးတဲ့ ထိပ်ပြောင်မှာတို့ ဝလာမှာတို့ကို စိုးရိမ်တာက လွဲရင်
* သူတို့ဟာ ပိုးမွှားကောင်တွေရဲ့ ရှေ့မှာ အလွန်အင်မတန်ကို သတ္တိရှိတတ်ကြလို့။
* သူတို့ဟာ သူတို့ရဲ့ အသက်နဲ့ ပတ်သက်ရင် ဘယ်တော့မှ မလိမ်တတ်ကြဘူး။
* သူတို့ဟာ အမျိုးမျိုး သက်သေ ပြဖို့ ကြိုးစားကြပေမယ့် မိန်းမတစ်ယောက် မရှိရင် သူတို့ မနေတတ်ကြဘူး။
* အကယ်၍ ကျွန်မတို့ဟာ သူတို့ထဲက တစ်ယောက်ယောက်ကို “ကျွန်မ ရှင့်ကို ချစ်နေပြီ” လို့ ပြောမိရင် သူတို့က ဘယ်လိုချစ်တာလဲလို့ ရှင်းပြဖို့ အမြဲတမ်း မေးတတ်ကြတယ်။
* သူတို့ဟာ အားကစား အကြောင်းကနေစပြီး ဘာသာရေးအကြောင်း အထိ ငြင်းခုံနိုင်ကြတယ်။

ခရစ်စတန် လို့ ခေါ်တဲ့ စာဖတ်သူ အမျိုးသမီးတစ်ယောက်ကတော့ ယောက်ျားသားတွေဟာ မိန်းမတွေရဲ့ သဘာဝကို ဘာဆိုဘာမှ မသိကြဘူး လို့ပြောပြီး အောက်က စာရင်းကို ပို့လိုက်ပါတယ်။

(၁) မိန်းမတွေဟာ မွေးကတည်းက စုံထောက်ဗီဇ ပါလာတဲ့သူတွေပဲ။ ယောက်ျားတွေက သူတို့ရဲ့ နောက်ကွယ်က စွန့်စားခန်းတွေကို ကျွန်မတို့ သိသွားမှာ ကြောက်ကြတယ်။ ဒါပေမယ့် ကျွန်မတို့ တချိန်ချိန်မှာတော့ သိရတာပဲ။ အနှေးနဲ့ အမြန်ပဲ ကွာတယ်။

(၂) ကျွန်မတို့ဟာ ရှင်တို့ကို ချစ်နေတာ မဟုတ်ရင်တောင်မှ ရှင်တို့ဆီက ”မင်းကိုငါချစ်တယ်” လို့ ပြောတဲ့စကားက ကျွန်မတို့ရဲ့ စိတ်ဝိညာဉ်အတွက် ဒဏ်ကြေဆေးလိုပဲ ဖြစ်စေတယ်။။ တကယ်လို့ အဲဒီလို မပြောခဲ့ဘူး ဆိုရင် ကျွန်မတို့ သတိထားမိပြီး ဝမ်းနည်းနေတတ်ကြတယ်။

(၃) ”မင်းသိပ်လှတယ်” ဆိုတဲ့ စကားကလည်း အဲဒီလိုမျိုးပဲ။ တကယ်တော့ အဲဒီစကားကို ပြောဖို့ နှစ်စက္ကန့်တောင် မကြာပါဘူး။ ဒါပေမယ့် အဲဒါဟာ အိပ်မက်ဆိုးတွေကို တကယ့် ဒဏ္ဍာရီ ပုံပြင် အစစ်အမှန်အဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိတယ်။

(၄) တကယ်လို့ ကျွန်မတို့ ဘာဝတ်ရင် ကောင်းမလဲ လို့ မေးပြီး ရှင်တို့ ရွေးချယ်ပေးတဲ့ အဝတ်အစားနဲ့ လုံးဝဆန့်ကျင်ဖက် ဖြစ်တဲ့ အဝတ်မျိုးကို ဝတ်လာခဲ့ရင် စိတ်အနှောက်အယှက် မဖြစ်ပါနဲ့။ အဲဒါက ကျွန်မတို့ရဲ့ သဘာဝမို့ပါ။

(၅) ပါတီပွဲလို နေရာမျိုးမှာဆိုရင် တစ်ခန်းလုံးကို တစ်မိနစ်အတွင်း မျက်စိကစားကြည့်နိုင်ပြီး ကျွန်မတို့အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ အရာကို ရှာဖွေနိုင်တယ်။ မယုံရင် ကြည့်ကြည့်ပါ။

(၆) ဒင်နာအတွက် ဖိတ်ကြားတာကို ဒါမှမဟုတ် ပထမဆုံး ဒိတ်လုပ်တာကို ငြင်းပယ်ခဲ့ရင် စိတ်မပူပါနဲ့။ ကျွန်မတို့အတွက် ကျွန်မတို့ ဘဝကို ဖျက်ဆီးနေတယ်လို့ အမြဲထင်နေတတ်တဲ့ ပေါင်ချိန် အပိုတွေကို လျော့သွားဖို့ နေ့ရက်နည်းနည်းပဲ လိုအပ်ပါတယ်။

(၇) မိန်းမသားတွေဟာ အားလုံးကို အမှတ်တရ ရှိတတ်ကြတယ်။ ဥပမာအားဖြင့် ရှင်က ကွျန်မကို ”ငါတို့ ဘယ်တုန်းက တွေ့ခဲ့သလဲလို့ မေးရင်း ဘယ်မိန်းကလေးကမှ "ပါတီမှာ တွေ့ခဲ့တယ်" လို့ ဖြေမှာ မဟုတ်ဘူး။ “အဲဒါက အင်္ဂါနေ့။ ဒင်နာပြီးတဲ့အချိန် သူတို့ Salad နဲ့ ကြက်သားပြုတ်ရည်ကို ကျွေးတဲ့အချိန်။ ရှင်ဟာ ဘလေဇာကုတ် အနက်ရောင်နဲ့ အထူးချုပ်ထားတဲ့ ဖိနပ်ကို ဝတ်ထားတယ် စတာမျိုး ပြောလိမ့်မယ်။

(၈) ကျွန်မတို့မှာ ပေးဖို့ အချစ်တွေ ဘယ်လောက်ပဲ ရှိရှိ ကျွန်မတို့အတွက် လူတွေနဲ့ အရာအားလုံးကနေ ဝေးဝေးနေချင်တာ တစ်ပတ်မှာ ခုနှစ်ရက် ရှိတယ်။ ရှင့်အတွက် ရွေးချယ်စရာ နှစ်လမ်းရှိတယ်။ ပထမတစ်ခုက ဓာတ်တိုင်မှာ ကိုယ့်ဘာသာကိုယ် ကြိုးနဲ့ ချည်ထားပြီး ကျွန်မတို့ စိတ်ပြန်ကောင်းတဲ့အထိ စောင့်ဖို့။ ဒုတိယ ရွေးချယ်မှုကတော့ အနီးဆုံး ရတနာ ဆိုင်ကို သွားပြီး လက်ဆောင် တစ်ခုခု ဝယ်ဖို့။ ဒုတိယ နည်းလမ်း ကို ရွေးချယ်ဖို့ ကျွန်မတို့ အကြံပြုချင်ပါတယ်။

(၉) ကျွန်မတို့မှာ ယောက်ျားတွေလိုပဲ အရာရာကို သဘာဝကျကျ စဉ်းစားနိုင်တဲ့ အရည်အချင်း ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ အဲဒီအရာကို ထင်ရှားအောင် ပြဖို့ မလိုအပ်ပါဘူး။ အဲဒီလို ဆိုရင် ကွျန်မတို့ ဘာသာ ကျွန်မတို့ မလုံခြုံသလို ခံစားရမယ်။ အဲဒီလို ပြသဖို့ ကြိုးစားတဲ့ မိန်းကလေးတွေက တစ်ကိုယ်တည်း ဖြစ်ကျန်ခဲ့တာပဲ။

(၁၀) မိန်းမတွေမှာ ဓာတ်မှန်လို အမြင်အာရုံမျိုး ရှိပါတယ်။ ကျွန်မတို့ဟာ နက်မှောင်ပြီး ခက်ထန်တဲ့ မျက်လုံးတွေ နောက်က ကလေးဆန်တဲ့စိတ်ကို မြင်နိုင်တယ်။ ကျွန်မတို့ဟာ နတ်သားလို လှပနေတဲ့ အပြာရောင်မျက်လုံးတစ်စုံနောက်က မကောင်းဆိုးဝါးစိတ်ကိုလည်း မြင်နိုင်စွမ်း ရှိတယ်။

(၁၁) ယောက်ျားတွေဟာ တကယ့် အမှန်အကန် နူးညံ့သိမ်မွေ့မှုမျိုး ရှိတယ်ဆိုရင် ကျွန်မတို့ရဲ့ မာကျောတဲ့ နှလုံးသားတွေကို အရည်ပျော်သွား စေနိုင်စွမ်းပါတယ်။

(၁၂) အကယ်၍ ကျွန်မတို့ဟာ ရှင်တို့နဲ့ ပြသနာ တစ်ခုခုကို ဆွေးနွေးဖို့ ကြိုးစားတဲ့ အချိန်မှာ ဘယ်လို ဖြေရှင်း ရမလဲ ဆိုတာ ပြောဖို့ မစဉ်းစားပါနဲ့။ ကျွန်မတို့မှာ အဖြေရှိပြီးသားပါ။ အဲဒါက ကျွန်မတို့ကြားက ဆက်ဆံရေးကို ပျင်းရိ ငြီးငွေ့စရာ ကောင်းစွာ ပြီးဆုံးသွားမှာကို တားဆီးတဲ့ ဆင်ခြေဆင်လက် တစ်ခုပါပဲ။

တစ်ချို့ အချက်တွေကို ဘာသာမပြန်ပဲ ချန်ထားခဲ့ပါတယ်။

MyanmarValentine.com Blog အတွက် ဘာသာပြန်ဖြစ်တဲ့ စာတစ်ပုဒ်ပါ။ သဘောကျလို့ ဒီဘက်မှာ ပြန်တင်လိုက်ပါတယ်။ မူရင်းကတော့ Paulo Coelho ရဲ့ Why we love men ပါ။

Saturday, January 23, 2010

ပူနွေးလာတဲ့ ကမ္ဘာမြေကြီး

အခုအချိန် လူဖြစ်ရတာ မစားသာဘူး ဆိုရင် ပိုလာဘဲလ်လို့ ခေါ်တဲ့ ဝင်ရိုးစွန်း ဝက်ဝံတွေ ဖြစ်ရတာက ပိုပြီးတော့ မစားသာဘူးလို့ ပြောရလိမ့်မယ် ထင်ပါတယ်။ ပိုလာဘဲလ် တွေသာ လူတွေလို သတင်းစာဖတ် တီဗွီကြည့် လုပ်တတ်ကြမယ် ဆိုရင် အခုလောက်ဆို အတော် မျက်ခုံးလှုပ်နေလောက် ပါပြီ။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် နောက်လာမယ့် ဆယ်နှစ်အတွင်းမှာ အာတိတ်ရေခဲပြင်ကြီး ပျောက်ကွယ်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောနေကြတယ် မဟုတ်လား။ အာတိတ်ရေခဲပြင်ကြီးသာ ပျောက်သွားခဲ့ရင် ဝက်ဝံတွေ နေစရာ ရေခဲပြင် မရှိလို့ ရေပဲ ကူးနေကြမလား ဒါမှမဟုတ်ရင်လည်း ကမ္ဘာအရပ်ရပ်က တိရိစ္ဆာန်ရုံများကို ဂလိုဘယ် ဝမ်းမင်း ဘေးဒုက္ခသည် အနေနဲ့ပဲ ရောက်နေကြမလား မသိပါဘူး။

သဘာဝ ကတော့ သူ့ဘာသာသူ အားလုံးကို အချိုးညီအောင် လုပ်ပေးထားတာပါပဲ။ လူတွေက အောက်ဆီဂျင် ရှူသွင်းပြီး ကာဘွန်ဒိုင်အောက်ဆိုက်ဒ် ပြန်ထုတ်တယ်။ သစ်ပင်တွေက ကာဘွန်ဒိုင် အောက်ဆိုဒ် ကို လက်ခံပြီး အောက်ဆီဂျင် ပြန်ထုတ်ပေးတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်ကို ဖျက်တာက လူပါပဲ။ သက်ရှိထဲမှာ အဆင့်အမြင့်ဆုံး ဆိုတဲ့လူကပဲ သဘာဝကို ဇောက်ထိုးဖြစ်အောင် လုပ်နေကြတာပါ။ သဘာဝ အလျောက်ရှိနေတဲ့ သစ်တောတွေကို ရှင်းတယ်။ မြို့ပြတွေ ကျေးရွာတွေ အဖြစ် ပြောင်းလဲပစ်ကြတယ်။ အဲဒီလို လုပ်လိုက်တဲ့အတွက် ကာဘွန်ဒိုင်အောက်ဆိုဒ်ကို အောက်ဆီဂျင် ဖြစ်အောင် ပြောင်းပေးနိုင်တဲ့ သစ်ပင်တွေ နည်းသွားတယ်။ အခြားတစ်ဖက်မှာလည်း မြို့ပြတိုက်တာ အဆောက်အဦးတွေ အတွက်ကို လျှပ်စစ်ဓာတ်အား ပေးဖို့ လိုလာပါတယ်။ ကမ္ဘာအနှံ့အပြားမှာ သုံးနေတဲ့ လျှပ်စစ်ဓာတ်အားတွေက ကျွန်တော်တို့ မြန်မာနိုင်ငံက လောပိတ ရေအားလျှပ်စစ်လို သဘာဝက ရတာ မဟုတ်ပါဘူး။ လောင်စာသုံးတဲ့ ဓာတ်အားပေးစက်တွေနဲ့ ထုတ်လုပ် နေရတာပါ။ အဲဒီလို လောင်စာတွေ သုံးရတဲ့အတွက် ကာဘွန်တွေကို လောင်ကျွမ်း ပစ်ရတာကြောင့် ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ပိုထွက်လာပါတယ်။

အဲဒီမှာ မှန်လုံအိမ် အကျိုးသက်ရောက်မှု (Green House Effect) ဆိုတာ စဖြစ်လာပါတယ်။ အအေးပိုင်းဒေသ ပြင်ဦးလွင်လို နေရာမျိုးမှာတော့ မှန်လုံအိမ် စိုက်ခင်းတွေကို မြင်ဖူးကြမှာပါ။ မှန်လုံအိမ် (Green House) ဆိုတာက မှန်တွေနဲ့ အမိုးမိုးထားပြီး နေရောင်ခြည်က လာတဲ့ အပူရှိန်ကို အထဲမှာ သိုလှောင် အပြင်ဖက်ကို ပြန်မထွက်အောင် ထိန်းထားတဲ့ အဆောက်အအုံ မျိုးပါ။ ပုံမှန်အားဖြင့်တော့ ကမ္ဘာကြီးကို နေရောင်ခြည်တွေ ဝင်လာပြီးရင် အဲဒီ နေရောင်ခြည်က အပူဓာတ်တွေက ကမ္ဘာရဲ့ အပြင်ဘက်ကို ပြန်ထွက်သွားပါတယ်။ ဒါပေမယ့် ကာဘွန်ထုတ်လွှတ်မှုတွေ များလာတဲ့အတွက် ကမ္ဘာ့လေထုထဲမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေက အလွှာတစ်ခုအနေနဲ့ တားထားပြီး မှန်လုံအိမ်နဲ့ အလားသဏ္ဌန်တူတဲ့ အကျိုးသက်ရောက်မှု တစ်မျိုးကို ဖြစ်စေပါတယ်။ နေရောင်ခြည်က လာတဲ့ အပူရှိန်တွေက ကမ္ဘာထဲကို ဝင်လာပြီးရင် အပြင်ကို ပြန်မထွက်နိုင်တော့ပဲ အထဲမှာပဲ ပိတ်မိနေကြပါတယ်။ အကျိုးဆက်ကတော့ ကမ္ဘာကြီး အပူရှိန်မြင့်တက်လာတာပါ။ ကမ္ဘာကြီး အပူရှိန်မြင့်တက်လာတဲ့ အတွက် ဝင်ရိုးစွန်းမှာ ရှိတဲ့ ရေခဲတွေ အရည်ပျော်ကျ ကုန်ပါတယ်။

ဝင်ရိုးစွန်းက ရေခဲတွေ အရည်ပျော်တဲ့ အချိန်မှာ တကမ္ဘာလုံးကို ဆက်စပ်လွှမ်းခြုံထားတဲ့ သမုဒ္ဒရာရေပြင်ရဲ့ မျက်နှာပြင်လည်း မြင့်တက်လာပါတယ်။ အဲဒီ အကျိုးဆက် တွေကို ချက်ချင်းလက်ငင်း ခံစားရတာက ကမ္ဘာပေါ်မှာ ကာဘွန်အများဆုံး ထုတ်လွှတ်တဲ့ တရုတ်တို့ အမေရိကားတို့လို စက်မှု ထွန်းကားတဲ့ နိုင်ငံတွေ မဟုတ်ပါဘူး။ တူဗာလူ (Tuvalu) နိုင်ငံလို ပစိဖိတ် သမုဒ္ဒရာထဲက ပင်လယ်ရေမျက်နှာပြင် အနိမ့်ပိုင်းမှာ ရှိတဲ့ ကျွန်းနိုင်ငံတွေက မဆီမဆိုင် ခံရပါတယ်။ အဲဒီနိုင်ငံတွေရဲ့ ကမ်းရိုးတန်းဒေသတွေ ရေအောက် ရောက်ကုန်ကြတယ်။ ကုန်းမြေထဲကို ဆားငံရေတွေ စိမ့်ဝင်လာတဲ့ အတွက် သူတို့ သုံးစွဲစရာ ရေတွင်းတွေ သုံးမရ ဖြစ်ကုန်ကြတယ်။ စိုက်ပျိုးမြေ တွေလည်း စိုက်ပျိုးလို့ မရလောက်အောင် ပျက်စီးကုန်ကြတယ်။ ပင်လယ်ရေမျက်နှာပြင် ဒီထက်ပိုပြီး မြင့်တက်လာရင် အဲဒီလို နိုင်ငံမျိုးတွေ တစ်နိုင်ငံလုံး ရေအောက်ကို ရောက်သွားဖို့ ရှိပါတယ်။ နယူးဇီလန် နိုင်ငံလို လူသားချင်း စာနာတတ်တဲ့ နိုင်ငံအချို့ကတော့ အဲဒီလိုမျိုး တနိုင်ငံလုံး ရေအောက်ထဲ ရောက်သွားခဲ့ရင် အဲဒီနိုင်ငံတွေက နိုင်ငံသားအချို့ကို သူတို့နိုင်ငံသား အဖြစ်လက်ခံပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

ကမ္ဘာမြေကြီးကို အပူချိန် ဆက်ပြီးတော့ တက်မလာအောင် ထိန်းထားနိုင်ဖို့အတွက်ကတော့ လေထုထဲမှာ ရှိတဲ့ ကာဘွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ပမာဏကို လျှော့ချဖို့ လိုအပ်ပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှု ကို လျှော့ချဖို့ အတွက် ကာဘွန်ပါတဲ့ ဓာတ်ဆီလို ဒီဇယ်လို လောင်စာတွေကို သုံးတဲ့ စက်သုံးယာဥ်တွေရဲ့ အသုံးပြုမှု ကို လျှော့ချဖို့နဲ့ လျှပ်စစ်ဓာတ်အား အသုံးပြုမှု ကို လျှော့ချဖို့ လိုအပ်ပါတယ်။

လွန်ခဲ့တဲ့ ၃-၄ နှစ်က ခရီးသွားရင်းနဲ့ ဥရောပက လေကြောင်းလိုင်း တစ်ခုပေါ်မှာ ကာဘွန် အော့ဖ်ဆက် လုပ်မလားလို့ မေးလာတာ ကြုံဖူးပါတယ်။ လေယာဥ်ပျံနဲ့ ခရီးသွားရတဲ့အတွက် ကာဘွန် ပါဝင်တဲ့ လောင်စာတွေကို လောင်ကျွမ်းပစ်ရပါတယ်။ အဲဒီအတွက် လေထုထဲမှာ ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏကို ပိုများလာစေပါတယ်။ ကာဘွန် အော့ဖ်ဆက် ဆိုတာက ကိုယ့်ပယောဂနဲ့ လေထုထဲကို ရောက်သွားစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို လေထုထဲကနေ ပြန်ဖယ်ထုတ်ဖို့ ငွေအားနဲ့ တတပ်တအား ကူညီမလားလို့ မေးတာပါ။ အဲဒီပိုက်ဆံကို သစ်ပင်စိုက်တဲ့နေရာနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ လေအားသုံး နေရောင်ခြည်အားသုံး စွမ်းအင်ထုတ်လုပ်တဲ့ ပရော့ဂျက်တွေမှာ ပြန်သုံးဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

စင်ကာပူလို အီကွေတာ ရာသီဥတု ရှိတဲ့ နိုင်ငံမျိုးမှာတော့ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဒီအပူချိန်ပဲ ရှိတာကြောင့် ကမ္ဘာကြီး ပူနွေးလာတာကို အတော်များများက သတိမပြုမိ ကြပါဘူး။ ဆိုးဆိုးရွားရွား ဆောင်းရာသီ ရှိတဲ့ ဒေသတွေမှာတော့ အခုဆိုရင် ဆောင်းရာသီတွေမှာ အရင်ကလောက် မအေးတော့ဘူးလို့ ပြောကြပါတယ်။ ကျွန်တော် မီချီဂန်ြပည်နယ်ကို ဆောင်းရာသီမှာ ရောက်သွားတော့ အပူချိန်က ရေခဲအမှတ်အောက် ရောက်နေတာမို့ ခိုက်ခိုက်တုန်အောင် အေးပါတယ်။ သူတို့ကတော့ အရင်နှစ်တွေက ဒီထက် ပိုအေးတယ်။ ဒီနှစ်က သိပ်မအေးဘူးလို့ ပြောကြပါတယ်။ ပိုလန်မှာလည်း အဲဒီလိုပါပဲ။ အနှုတ် ၈ ဒီဂရီလောက် ရှိတဲ့ နေရာမှာ ကျွန်တော့်လို အီကွေတာက လာတဲ့ သတ္တဝါက မေးချင်း တဂတ်ဂတ် ရိုက်နေပေမယ့် သူတို့ကတော့ အေးအေးဆေးဆေးပါပဲ။ အရင်နှစ်က အနှုတ် ၂၀ ဒီဂရီ ကျော်တယ်လို့ ပြောကြပါတယ်။

ဟိုတစ်လောက ကိုပင်ဟေဂင်မှာ ရာသီဥတု အပြောင်းအလဲ အတွက် လုပ်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အစည်းအဝေးကလည်း ဟိုလိုလို ဒီလိုလိုနဲ့ပဲ ပြီးသွားပါပြီ။ အစကတော့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ ကာဘွန်ထုတ်လုပ်မှု ကို အခုပဲ လျှော့ချတော့ မလိုလို ဘာလိုလို လျှောက်အော်နေကြပြီး နောက်ဆုံးတော့လည်း ဘာရလာဒ်မှ မည်မည်ရရ ထွက်မလာဘဲ ဒီအတိုင်း ပြီးသွားပါတယ်။

ကမ္ဘာကြီး ပူနွေးလာတဲ့ အကြောင်းကို ရေးရင်း စဥ်းစားမိတာက အခု ကျွန်တော်ထိုင်နေတဲ့ အခန်းထဲမှာ ဖွင့်ထားတဲ့ လေအေးစက်နဲ့ မီးချောင်းတွေ ကလည်း ကမ္ဘာကြီး ပူနွေးလာဖို့ကို သွယ်ဝိုက်သောနည်းနဲ့ အထောက်အကူပေးနေတယ် ဆိုတာပါပဲ။

Sunday, January 17, 2010

ပျော်ရွှင်မှု ဆိုတာ

ပျော်ရွှင်မှု ဆိုတာ ဘာလဲ။

ဒီမေးခွန်းက ကျွန်တော့် အချိန် အကြာကြီး စိတ်အနှောက်အယှက် ဖြစ်စေတဲ့ မေးခွန်း မဟုတ်ခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော်ကိုယ်တိုင် မသိလို့ပါ။

ဒီလိုမျိုး ဖြစ်နေတာ ကျွန်တော် တစ်ယောက်တည်းလား ဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော် ကျော်လွန် ဖြတ်သန်းလာခဲ့တဲ့ နှစ်ပေါင်းများစွာထဲမှာ လူအမျိုးမျိုးနဲ့ ကြုံခဲ့ဖူးပါတယ်။ ချမ်းသာတဲ့သူတွေ ပါသလို ဆင်းရဲတဲ့သူတွေလည်း ပါတယ်။ သြဇာတိက္ကမ ကြီးတဲ့သူတွေ ပါသလို သာမန်လူတွေလည်း ပါတယ်။ သူရဲကောင်းတွေနဲ့ ပညာရှိတွေလိုမျိုး လောကကြီးမှာ ဘာကိုမှ မကျေမနပ် ဖြစ်စရာ မရှိတဲ့သူတွေ အပါအဝင် ကျွန်တော် တွေ့မြင်ခဲ့ရသမျှ လူတွေ အားလုံးဆီမှာ တစ်စုံတစ်ခု လိုအပ်နေသလို ကျွန်တော့် စိတ်ထဲမှာ အမြဲတမ်း ခံစားရပါတယ်။

တစ်ချို့လူတွေကတော့ သူတို့ဘာသာ ပျော်ရွှင်နေတယ်လို့ ထင်ရတယ်။ သူတို့ဘာသာ သူတို့ မတွေးမိကြလို့လည်း ဖြစ်ချင်ဖြစ်မယ်။ တစ်ချို့ကတော့ စီမံကိန်းတွေ ဆွဲကြတယ်။ "ငါယောက်ျားယူမယ်။ အိမ်ဝယ်မယ်။ ကလေးနှစ်ယောက်မွေးမယ်။ နယ်မှာ အပန်းဖြေဖို့ အိမ်တစ်လုံး ဝယ်မယ်။" စတဲ့ အတွေးတွေနဲ့ သူတို့ဘာသာသူတို့ အချိန်ပြည့် အလုပ်ရှုပ် နေကြတယ်။ တကယ်တော့ သူတို့ဟာ နွားရိုင်းသတ်သမားကို ရှာဖွေနေတဲ့ နွားရိုင်းတွေလိုပါပဲ။ သူတို့ဘာသာ သူတို့ သေသေချာချာ မတွေးကြဘူး။ လုပ်စရာရှိတာကိုပဲ လုပ်နေကြတယ်။ နောက်တော့ သူတို့ ကားတစ်စီး ပိုင်လာအောင် လုပ်နိုင် လာကြတယ်။ တစ်ချို့ဆို ဖယ်ရာရီလို ပြိုင်ကားမျိုးကို ဝယ်နိုင်တဲ့အထိပဲ။ သူတို့အတွက် တော့ ဘဝရဲ့ အဓိပ္ပာယ်ဆိုတာ ဒါပဲလို့ ထင်ကြတယ်။ ဒါကြောင့်မို့ သူတို့ ဒီမေးခွန်းကို ဘယ်တော့မှ မမေးမိကြဘူး။ ဒါပေမယ့်လည်း ဒီလိုအရာတွေ ရှိတာတောင်မှ သူတို့ရဲ့ မျက်ဝန်းတွေက သူတို့ ကိုယ်တိုင် သတိမထားမိတဲ့ ဝမ်းနည်းမှုတွေကို သစ္စာဖောက်ပြီး ဖော်ပြနေခဲ့တယ်။

လူတွေ အကုန်လုံး မပျော်မရွှင် ဖြစ်နေကြသလားတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ကျွန်တော်သိတာကတော့ လူတွေ အမြဲတမ်း အလုပ်ရှုပ်နေကြတယ်။ အချိန်ပို အလုပ်ဆင်းကြတယ်။ ကလေးတွေကို ထိန်းကြတယ်။ ခင်ပွန်းယောက်ျားနဲ့ ဘဝရှေ့ရေးအတွက် အလုပ်အကိုင်နဲ့ တက္ကသိုလ်က ဘွဲ့တစ်ခုနဲ့ မနက်ဖြန် ဘာလုပ်ကြမလဲ၊ ဘာပဲ ဖြစ်ြဖစ် သူတို့ဘာသာ သူတို့ နိမ့်ကျတယ်လို့ မထင်ရမယ့် ဘာပစ္စည်းတွေကို ဝယ်ဖို့ လိုအပ်မလဲ။ စတာတွေနဲ့ပေါ့။

လူအနည်းစုကပဲ ကျွန်တော့်ကို "ငါတော့ မပျော်ဘူး" လို့ ပြောကြတယ်။ အများစုကတော့ "ငါ့အတွက် ကောင်းပါတယ်။ ငါလိုချင်သမျှ အရာအားလုံးကို ရနိုင်တဲ့ အခြေအနေရှိနေတာပဲ။" လို့ ပြောကြတယ်။

အဲဒါနဲ့ ကျွန်တော်က သူ့တို့ကို မေးတယ်။ "ဘယ်အရာက ခင်ဗျားကို ပျော်ရွှင်မှု ပေးနိုင်သလဲ။"

သူတို့က ပြန်ဖြေကြတယ်။ "ငါ့မှာ လူတစ်ယောက် အိပ်မက်မက်နိုင်တဲ့ အရာမှန်သမျှ ရှိတယ်။ မိသားစု၊ နေစရာအိမ်၊ အလုပ်အကိုင်နဲ့ ကျန်းမာရေး ကောင်းနေတာတွေပေါ့။"

အဲဒါနဲ့ ကျွန်တော်က ထပ်မေးတယ်။ "ခင်ဗျား ခဏတဖြုတ်လောက် ရပ်ပြီး ပြန်ဆင်ခြင်ကြည့် ဖူးသလား၊။ ဘဝ ဆိုတာ ဒီအရာတွေ အတွက် သက်သက်ပဲလားလို့။"

သူတို့က "ဟုတ်တယ်။ ဘဝ ဆိုတာဒါပဲ။" လို့ ပြန်ဖြေကြတယ်။

ကျွန်တော်က ခေါင်းမာမာနဲ့ ဆက်မေးတယ်။ "ဒါဆိုရင် ဘဝရဲ့ အဓိပ္ပာယ်ဆိုတာက အလုပ်လုပ်ဖို့၊ မိသားစု တစ်ခု ရှိဖို့၊ ကြီးပြင်းလာပြီး တစ်ချိန်မှာ ခင်ဗျားတို့ကို စွန့်ခွာသွားမယ့် ကလေးတွေ ရှိဖို့၊ တကယ့်ချစ်သူ စင်စစ်တွေ အဖြစ်ထက် သူငယ်ချင်းတွေနဲ့ ပိုတူမယ့် လင်မယား အဖြစ်ရှိနေဖို့ ဆိုတာပဲလား။ တစ်နေ့တော့ ခင်ဗျား အလုပ်ကနေ နားရမယ်။ အဲဒီအချိန်ကျရင် ခင်ဗျား ဘာဆက်လုပ်မှာလဲ။"

သူတို့ ဘာပြန်ဖြေကြသလဲ။ ဘာမှ ပြန်မဖြေကြဘူး။ သူတို့ စကားလမ်းလွှဲ သွားကြတယ်။ ဒါပေမယ့် သူတို့ဆီမှာ ဖုံးကွယ်ထားတဲ့ ဆန္ဒတွေ ရှိနေကြတယ်။ အမြဲတမ်း စိတ်ကူးယဥ် အိပ်မက်မက်နေတဲ့ အလုပ်ကိုင်အခွင့်အလမ်း တစ်ခုကို လုပ်ခွင့်ရအောင် စောင့်နေတဲ့ ကုမ္ပဏီ ပိုင်ရှင်၊ ပိုပြီး လွတ်လွတ်လပ်လပ် ဖြစ်ချင်တဲ့ ဒါမှမဟုတ် ပိုက်ဆံ ပိုရှိချင်တဲ့ အိမ်ရှင်မ၊ ဒါမှ မဟုတ် ကိုယ်က အလုပ်ကို ရွေးမလား အလုပ်က ကိုယ့်ကို ရွေးမလားဆိုတာ ဝေခွဲမရ ဖြစ်နေတဲ့ ဘွဲ့ရ ပညာတတ် အသစ်စက်စက်တွေ အဆိုတော် ဖြစ်ချင်တဲ့ သွားဆရာဝန်၊ နိုင်ငံရေး သမားဖြစ်ချင်တဲ့ အဆိုတော်၊ စာရေးဆရာ ဖြစ်ချင်တဲ့ နိုင်ငံရေးသမား နောက်တော့ လယ်သမား ဖြစ်ချင်တဲ့ စာရေးဆရာ စတာတွေပေါ့။

အခုကျွန်တော် ဒီစာကို ထိုင်ရေးနေတဲ့ လမ်းထဲမှာ ဖြတ်သန်းသွားလာနေတဲ့ လူတွေကို လှမ်းကြည့်ရင်း တွေးမိပါတယ်။ ကျွန်တော် လောင်းရဲတာကတော့ သူတို့မှာလည်း ဒီလိုခံစားမှုမျိုးတွေ ရှိလိမ့်မယ် ဆိုတာပါပဲ။ ကျွန်တော်ရှေ့က ခုနပဲ ဖြတ်လျှောက်သွားတဲ့ ကျက်သရေရှိတဲ့ အမျိုးသမီးဆိုရင် အသက်ကြီးမသွားအောင် ကြိုးစားနေမယ်၊ ပေါင်ချိန်မတက်အောင် ကြိုးစားနေမယ်။ ဘာလို့လဲဆိုတော့ အချစ်ဆိုတာ ဒီအရာတွေပေါ်မှာ မူတည်နေတယ်လို့ သူမတွေးချင်တွေးလိမ့်မယ်။ လမ်းရဲ့ တခြားဘက် အခြမ်းမှာ ကလေးနှစ်ယောက်နဲ့ စုံတွဲတစ်တွဲကို တွေ့ရတယ်။ သူတို့တွေဟာလည်း သူတို့ရဲ့ ကလေးတွေနဲ့ အပြင်မှာ ထွက်လည်နေတဲ့အချိန်မှာ အလွန်အမင်းပျော်ရွှင်နေကြလိမ့်မယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ သူတို့တွေရဲ့ မသိစိတ်က သူတို့ မရနိုင်တဲ့ အလုပ်တွေ၊ ဖြစ်လာနိုင်ခြေရှိတဲ့ ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အဖြစ်အပျက်တွေ အကြောင်းကို တွေးနေကြမယ်။ အဲဒီအရာတွေကို ဘယ်လိုကျော်လွှားမလဲ သူတို့ ဘာသာသူတို့ ကမ္ဘာပေါ်မှာရှိတဲ့ အန္တရာယ်တွေကနေ ဘယ်လိုကာကွယ်မလဲ ဆိုတာကို တွေးရင်း အလုပ်ရှုပ်ချင်ရင်လည်း ရှုပ်နေကြလိမ့်မယ်။

ကျွန်တော် ကျော်ကြားနေတဲ့ သူတွေရဲ့ ရုပ်ပုံတွေနဲ့ ပြည့်နှက်နေတဲ့ မဂ္ဂဇင်းတွေကို လှန်လှောပြီး ကြည့်မိတယ်။ လူတိုင်းက ရယ်မောနေကြတယ်။ လူတိုင်းက ပျော်ရွှင်နေကြတယ်။ လူတိုင်းဟာ အဲဒီဓာတ်ပုံတွေကို ရိုက်တဲ့အချိန်တုန်းက သူတို့ဘာသာ သူတို့ ပျော်ရွှင်ကြည်နူးနေကြတယ်။ ဒါပေမယ့် ညဖက်မှာ ဒါမှမဟုတ် မနက်ဖက်ရောက်တဲ့အခါမှာ သူတို့ ကြုံရတဲ့ အရာတွေက တမျိုးတမည် ဖြစ်နေနိုင်တယ်။
"ဒီလို မဂ္ဂဇင်း စာမျက်နှာတွေ ပေါ်မှာ ငါ့ပုံအမြဲ ပေါ်လာအောင်လို့ ငါဘာလုပ်ရမလဲ။"
"ဒီလို ဇိမ်ခံပစ္စည်းတွေ အားလုံးကို ဝယ်နိုင်ဖို့ ပိုက်ဆံ အလုံအလောက် ငါ့မှာ မရှိတာကို ဘယ်လို ဟန်ဆောင်ပြီး ဖုံးကွယ်ထား ရမလဲ။"
"ငါအခုလို ခမ်းနား ကြီးကျယ်တဲ့ ဘဝကို ပိုပြီးတော့ ဇိမ်ရှိအောင်၊ တခြားသူတွေထက် ပိုပြီး ထင်ရှားအောင် ဘယ်လို လုပ်ရမလဲ။"
"ဒီဓာတ်ပုံထဲမှာ အခုငါမြင်နေရတဲ့ ရယ်မောပြီး ပျော်ရွှင်နေတဲ့ မင်းသမီးနဲ့ အတူ မနက်ဖြန် မှာ ငါ့နေရာကို လုယူသွားနိုင်တယ်။"
"ငါ့ရဲ့ အဝတ်အစားတွေဟာ သူ့ရဲ့ အဝတ်အစားတွေ ထက်ပိုပြီး ကောင်းရဲ့လား။"
"ငါတို့ တစ်ယောက်ကို တစ်ယောက် ရွံမုန်းနေကြရင် ဘာလို့ ငါတို့ ဒီလောက်ထိ ပြုံးနေနိုင်သေးသလဲ။"

နောက်ဆုံးမှာတော့ ကျွန်တော်ဟာ ဂျော့ခ်လွစ်ဘော့်ခ် ရဲ့ စကားကို သတိရမိတယ်။
"ငါရှေ့လျှောက်ပြီး ပျော်ရွှင်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် အကြောင်းမဟုတ်ဘူး။ မပျော်ရွှင်ပေမယ့်လည်း ကမ္ဘာပေါ်မှာ တခြား အရာတွေ အများကြီး ရှိသေးတယ်။"

(Paulo Coelho ရဲ့ Warrior of the Light ထဲက What is happiness? ဘာသာပြန်ထားပါတယ်။)

Monday, January 11, 2010

ရေကြည်ရာ မြက်နုရာ

ကမ္ဘာဦး အစတုန်းကတော့ လူသားတွေအတွက် စုပေါင်းနေထိုင်ဖို့ ကျောက်ဂူတစ်ခု ရှိမယ်။ အမဲလိုက်ဖို့အတွက် အနီးအနားမှာ တောအုပ်တစ်ခု ရှိမယ်ဆိုရင် ရှင်သန်နေထိုင်ရေး အတွက် အဆင်ပြေ ပါတယ်။ နေလို့ ထိုင်လို့ ဖြစ်ပါတယ်။ လူ့ယဥ်ကျေးမှု နည်းနည်းလေး ပိုပြီး တိုးတက်လာတော့ တိရိစ္ဆာန်တွေ မွေးမြူတတ်လာ ကြပါတယ်။ အဲဒီတော့ တိရိစ္ဆာန်တွေအတွက် စားကျက်ကောင်းကောင်း ရဖို့။ နောက်ပြီးတော့ လူသားတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ သောက်ရေ ရဖို့အတွက် ရေကြည်ရာ မြက်နုရာ ဆိုတဲ့ နေရာတွေကို ပြောင်းရွှေ့ပြိး ​နေထိုင်လာကြပါတယ်။ နောက်ပိုင်း စိုက်ပျိုးရေး လုပ်ငန်းတွေ ထွန်းကားလာတဲ့ အချိန်မှာတော့ မြေသြဇာကောင်းတဲ့ မြစ်ဝှမ်းဒေသတွေကို ပြောင်းရွှေ့ပြီး စုပေါင်း နေထိုင်ခဲ့ကြလို့ အိန္ဒုမြစ်ဝှမ်းမှာ ရှိတဲ့ အိန္ဒုမြစ်ဝှမ်း ယဥ်ကျေးမှု လူ့အဖွဲ့အစည်း၊ နိုင်းမြစ်ဝှမ်းမှာ ရှိတဲ့ အီဂျစ် ယဥ်ကျေးမှု လူ့အဖွဲ့အစည်း စတာတွေ ပေါ်ပေါက်လာ ခဲ့ကြပါတယ်။ လူသားမျိုးနွယ်စုတွေဟာ စားဝတ်နေရေး အဆင်ပြေဖို့ အလုပ်အကိုင် နဲ့ သင့်တော်တဲ့ နေရာဒေသတွေကို ပြောင်းရွှေ့ခဲ့ကြတာ ဟိုးလွန်လေပြီးသော အတိတ်ကာလတွေ ကတည်းကပါပဲ။

ငယ်ငယ်တုန်းက မင်းသားစိုးသူ သရုပ်ဆောင်တဲ့ ရတနာမြေ ဆိုတဲ့ ရုပ်မြင်သံကြား ဇာတ်လမ်း တစ်ပုဒ်ကို ကြည့်ခဲ့ဖူးပါတယ်။ အဲဒီ ဇာတ်လမ်းထဲမှာ စိုးသူက အမေရိကား သွားခါနီးမှ မင်္ဂလာဒုံ လေယာဥ်ကွင်း အဝင်လမ်းထိပ်က "အမိနိုင်ငံတော်ကို ချစ်မြတ်နိုးပါ။" ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ဖတ်ပြီ: နိုင်ငံခြား မသွားတော့ပဲ လှည့်ပြန်သွားတာ မှတ်မိပါတယ်။ ကိုစိုးသူလည်း ဒီတစ်ခါတော့ ဆိုင်းဘုတ် မဖတ်မိတော့ဘူး ထင်ပါတယ်။ အမေရိကား ရောက်နေပါပြီ။ နောက်ပြီးတော့ မင်္ဂလာဒုံ လေဆိပ် အဝင်လမ်းမှာ "ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ဆီသို့" ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတာ မှတ်မိပါသေးတယ်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီကို သွားချင်ရင် လေယာဥ်ပျံကွင်းကနေ လေယာဥ်ပျံ တက်စီး သွားလို့ ရတယ်လို့ ပြောတာလားလို့ တစ်ချို့က မေးကြပါတယ်။ အခုတော့ အဲဒီဆိုင်းဘုတ် မရှိတော့ပါဘူး။

သိပ်မကြာသေးတဲ့ အချိန်က ပင်နီဆူလာက စာအုပ်ဆိုင်မှာ သွားမွှေရင်း စာအုပ်တစ်အုပ် သွားတွေ့ပါတယ်။ အဲဒီစာအုပ်ကို ရေးတဲ့စာရေးဆရာက ကျွန်တော့်ထက် အသက် ၅ နှစ်ကျော် ငယ်တဲ့ ကျွန်တော်နဲ့ တစ်မြို့တည်းသား စာရေးဆရာကလေး တစ်ယောက်ပါ။ အဲဒီစာအုပ်ထဲမှာ ဆရာသမားကလေးက အမေကျော် ဒွေးဒေါ်လွမ်းတဲ့သူများ နိုင်ငံခြား သွားအလုပ်လုပ်တယ်လို့ ရေးထားလို့ ပြုံးမိပါတယ်။ အမိနိုင်ငံတော်ကို မချစ်လို့တော့ မဟုတ်ပါဘူး။ အခြေအနေအရ နိုင်ငံခြားမှာ နေနေရပေမယ့် မြန်မာနိုင်ငံကို ချစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာဦး အစကလူတွေ လိုပါပဲ။ ရေကြည်ရာ မြက်နုရာ ရှာရင်း နိုင်ငံခြား တိုင်းပြည်မှာ နေထိုင်ရင်း အလုပ်လုပ်နေရပါတယ်။

နိုင်ငံခြားကို စထွက်လာကတည်းက တချိန်ကျရင် မြန်မာနိုင်ငံ ပြန်မယ် စဥ်းစားလာခဲ့ပါတယ်။ ကိုယ့်နိုင်ငံပြန် အကျိုးပြုမယ်လို့တော့ စကားကြီး စကားကျယ်တွေ မပြောချင်ပါဘူး။ ကိုယ်မွေးဖွားကြီးပြင်းလာခဲ့တဲ့ မြေကို ခင်တွယ်တာတော့ အမှန်ပါပဲ။ အခုလည်း အခါအခွင့်သင့်ရင် သင့်သလို မြန်မာပြည် ပြန်ဖို့ စဥ်းစား မိပါတယ်။ မြန်မာပြည်မှာ စင်ကာပူက Ne Water လို အိမ်သာထဲက ရေ ပြန်သောက်ရတာ မဟုတ်တဲ့ အတွက် ရေပိုကြည်ပါတယ်။ မြက်ကလည်း စင်ကာပူလို တကူးတက စိုက်ထားရတာ မဟုတ်တဲ့ အတွက် ပိုနုပါတယ်။ ဒါပေမယ့် ကိုယ်ရဲ့ အသက်မွေး ဝမ်းကြောင်းက မွေးမြူရေး မဟုတ်တော့ ရေကြည်ရုံ မြက်နုရုံနဲ့လည်း မြန်မာနိုင်ငံ ပြန်ဖို့ မဖြစ်နိုင်သေးပါဘူး။ အဓိက အကြောင်းရင်း ကတော့ ကိုယ်သင်ယူလာခဲ့တဲ့ အသက်မွေးဝမ်းကြောင်းနဲ့ အလုပ်လုပ်ကိုင် စားသောက်ဖို့အတွက် လုံလောက်တဲ့ အခြေခံ အဆောက်အအုံ (Infrastructure) မရှိသေးတာကြောင့်လိုပဲ ပြောရပါလိမ့်မယ်။

မြန်မာပြည်က သူငယ်ချင်းများက ဘယ်တော့ အပြီးပြန်လာမလဲ မေးရင် မီးလာဖို့ စိတ်မပူရတဲ့နေ့ ပြန်လာခဲ့မယ်လို့ ပြန်ဖြေတတ်ပါတယ်။ ကွန်ပြူတာနဲ့ တချိန်လုံး အလုပ်လုပ်နေရတဲ့သူ မီးမလာရင် ဘာမှ လုပ်မရပါဘူး။ အချိန်ပြည့် မီးစက်မောင်းဖို့ ဆိုတာကလည်း သိပ်ပြီးတော့ ကျိုးကြောင်းသင့်လျော်တဲ့ ဖြေရှင်းနည်း မဟုတ်ပါဘူး။

တချို့ကတော့ စင်ကာပူလို ရေတောင် ဝယ်သောက်နေရတဲ့ နိုင်ငံ ဘာမှ အရင်းအမြစ် မရှိတဲ့ နိုင်ငံမှာ အလုပ်လာလုပ်နေရတာ ရင်နာတယ်လို့ ညည်းတတ်ကြပါတယ်။ စလုံးမှာ ဘာမှ မရှိဘူး ဆိုတာတော့ မမှန်ပါဘူး။ သူတို့ဆီမှာ ကျွန်တော်တို့ ဆီမှာ မရှိတဲ့ အခြေခံ အဆောက်အအုံ ခိုင်ခိုင်မာမာ ရှိပါတယ်။ စင်ကာပူမှာ ကျွန်တော် နေထိုင်လာတဲ့ ဆယ်နှစ်အတွင်း မီးပြတ်တယ်ဆိုတာ တစ်ခါပဲ ကြုံဖူးပါတယ်။ မြို့ ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်ကို ၂ နာရီအတွင်း ရထားစီးသွားလို့ ရပါတယ်။ အင်တာနက် ဆိုတာ နေရာတကာမှာ ကြိုက်သလို သုံးလို့ရပါတယ်။ အခုနောက်ပိုင်း ဆိုရင် ကိုယ့်ရဲ့ မိုဘိုင်းဖုန်းကနေ ရောက်လေရာနေရာ အင်တာနက် သုံးနေလို့ ရပါသေးတယ်။

ဒါတင် ပဲလား ဆိုတော့ မကသေးပါဘူး။ ဥပမာ ပြရရင် ကျွန်တော်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ စက်ပစ္စည်း တပ်ဆင်ရောင်းချတဲ့ စီးပွားရေး လုပ်ငန်းမျိုး အတွက် စင်ကာပူမှာ သင့်လျော်တဲ့ ဝန်ဆောင်မှုတွေ အလုံအလောက် ရှိပါတယ်။ စက်ပစ္စည်း တပ်ဆင်ရောင်းချတဲ့ လုပ်ငန်းတွေမှာ အချိန်ဟာ အသက်ပါပဲ။ ဘယ်သူကမှ စက်တစ်လုံးကို ဆင်ဖို့ တစ်နှစ် အချိန်မပေးပါဘူး။ အဲဒီတော့ ကျွန်တော်တို့ ရတဲ့အချိန် အတွင်းမှာ ပရော့ဂျက်ကို အမြန်ဆုံးပြီးအောင် တက်သုတ်ရိုက်ရပါတယ်။ စလုံးမှာ ကိုယ်လိုချင်တဲ့ ပစ္စည်းတစ်ခု ရှိရင် အချိန်မရွေး ဖုန်းဆက် အီးမေးလ်ပို့ပြီး မှာလိုက်လို့ ရပါတယ်။ ရွေးချယ်စရာ ပစ္စည်းရောင်းတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ ပစ္စည်း ဝယ်ပြီးလို့ နည်းပညာ ဆိုင်ရာ အခက်အခဲ ရှိနေရင် နားလည်တတ်ကျွမ်းတဲ့သူကို ချက်ချင်း ဖုန်းဆက်ခေါ်ပြီး အကူအညီတောင်းလို့ ရပါတယ်။ ကိုယ်လိုချင်တဲ့ ပစ္စည်း စင်ကာပူမှာ မရှိဘူး ဆိုရင်တောင် DHL ၊ FedEx စတဲ့ ချောပို့ လုပ်ငန်း တွေနဲ့ ရက်ပိုင်းအတွင်း စင်ကာပူကို အရောက်မှာလို့ ရပါတယ်။ စက်တွေ ဆင်တာ အချိန်မှီ မပြီးရင် စက်ကို သင်္ဘောနဲ့ မပို့ဘဲ လေယာဥ်နဲ့ပို့ဖို့ ရွေးချယ်ခွင့် ရှိပါတယ်။ စင်ကာပူက နေ့စဥ်ထွက်နေတဲ့ ကုန်တင်လေယာဥ်တွေ အများကြီးပါပဲ။ ဒီစီးပွားရေး လုပ်ငန်းတစ်ခုတည်းတင် မကပါဘူး။ တခြားစီးပွားရေး လုပ်ငန်းတွေမှာလည်း သူတို့နဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေကို အလွယ်တကူ ရနိုင်ပါတယ်။ ဒါမျိုး အထောက်အကူ ပေးနိုင်မယ့် ဝန်ဆောင်မှုတွေ ရှိနေတဲ့အတွက် စင်ကာပူမှာ စီးပွားရေး လုပ်ငန်းတွေ ကျွန်တော်တို့ နိုင်ငံထက် ပိုပြီး အလုပ်ဖြစ်ပါတယ်။

တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ဆိုသလိုပဲ ကျွန်တော်တို့လည်း တစ်နေ့တော့ ဒီလို ဖြစ်လာမှာပါ။ ပုဂံက ဘယ်မှ မရွေ့ပေမယ့် တစ်နေ့တစ်လံ သွားနေဖို့တော့ လိုအပ်ပါသေးတယ်။ ဖေ့စ်ဘွတ်ထဲမှာ ဖိုရမ်ထဲမှာ မြန်မာပြည်ကြီးကို ချစ်တယ်။ မြန်မာပြည်ကနေ ဘယ်မှ မခွာနိုင်ဘူး ပြောပြီး နိုင်ငံခြားရောက်နေတဲ့ အစ်ကိုအစ်မများကို တစောင်းမြင်နေတဲ့ ညီငယ် ညီမငယ်တွေ ဒီပို့စ်ကို ဖတ်မိရင် နောင်တော် အစ်မတော်တွေ ဘာလို့ မြန်မာနိုင်ငံ ပြန်မလာသေးဘဲ နိုင်ငံခြားမှာ နေနေရသလဲ ဆိုတဲ့ အကြောင်းရင်းကို နားလည် သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Sunday, January 3, 2010

ရောက်တတ်ရာရာ နည်းပညာတွေ

ကျွန်တော် ငယ်ငယ်တုန်းကတော့ ကမ္ဘာမှာ ဘယ်လို နည်းပညာ အသစ်အဆန်းတွေ ပေါ်နေပြီ ဆိုတာမျိုးတွေကို စိတ်ဝင်စားတတ် ပါတယ်။ အဲဒီအချိန်ကတော့ အင်္ဂလိပ်စာ မဖတ်တတ်တာရယ် အနီးအနားမှာ ဖတ်စရာ စာအုပ်စာတမ်း မရှိတာတွေရယ်ကြောင့် မြန်မာလို ဖတ်လို့ရတဲ့ သုတစွယ်စုံ သိပ္ပံ မဂ္ဂဇင်း စတာတွေပဲ ဖတ်လေ့ရှိပါတယ်။ ၆ တန်း ရတန်း အရွယ်လောက်က သုတစွယ်စုံထဲမှာ ပါတဲ့ ဂြိုဟ်သား အကြောင်းတွေ ယူအက်ဖ်အို (Unidentified Flying Object) လို့ ခေါ်ကြတဲ့ အမျိုးအမည် မသိပျံသန်းနေတဲ့ အရာဝတ္ထုတွေ အကြောင်းကို စိတ်ဝင်တစားနဲ့ ဖတ်ပြီး အစ်ကိုတစ်ယောက်ကို ပြန်ပြောလေ့ ရှိပါတယ်။ ကျွန်တော် ပြောတာတွေ ကြားတဲ့ အစ်ကိုကတော့ မင်းဟာတွေက လွန်လွန်းပြီထင်တယ်။ ဒီလောက် ထူးဆန်းတာတွေ တွေ့မှတော့ နိုင်ငံခြားသတင်းထဲ သတင်းစာထဲ ပါလာလောက်ပြီပေါ့ကွ လို့ ဆင်ဆင်ခြင်ခြင် ပြောပါတယ်။ ကျွန်တော်ကတော့ နိုင်ငံခြား မဂ္ဂဇင်းထဲက ဘာသာပြန်ထားတာပဲ။ လိမ်တာ မဖြစ်လောက်ပါဘူးလို့ ပြန်ပြောတတ်ပါတယ်။ နောက်တော့ ဟန်သစ် မဂ္ဂဇင်းထဲမှာ သုတစွယ်စုံမှ ဘင်သံများ ဆိုတဲ့ ဆောင်းပါးပါလာပြီး အဲဒီဆောင်းပါးကို ဖတ်ရတဲ့ အခါမှ သုတစွယ်စုံက နိုင်ငံခြားက အပေါစား အပျော်ဖတ် မဂ္ဂဇင်းတွေထဲက ယုံတမ်းစကား ဆန်ဆန် သတင်းတွေကို ဘာသာပြန်ပြီး ထည့်နေမှန်း သဘောပေါက်ပါတယ်။ ဟန်သစ်က အဲဒီလို နှိပ်ကွပ် ပြီးနောက်ပိုင်းတော့ သုတစွယ်စုံထဲ အဲဒီလို သတင်းမျိုးတွေ ပါမလာတော့ပါဘူး။ ဒါပေမယ့် သုတစွယ်စုံကနေ ဆယ်လူလာ ဖုန်းအကြောင်းတွေ အီရီဒီယမ် ဂြိုဟ်တုဖုန်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေစတဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ အမှန်အကန် ဗဟုသုတ တချို့တဝက်တော့ ရလိုက်ပါတယ်။

နောက်ပိုင်း အင်္ဂလိပ်စာကလေး မတောက်တခေါက် ဖတ်တတ်တဲ့ အချိန်ရောက်တော့ ဗြိတိသျှ ကောင်ဆယ်လ်မှာ ရှိတဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ စဖတ်ဖြစ်ပါတယ်။ အလွယ်ဖတ် အင်္ဂလိပ်စာနဲ့ ရေးထားတာကြောင့် နားလည်လွယ် ပါတယ်။ အဲဒီမှာ လေဆာ နဲ့ မေဆာ အကြောင်းတွေ စပြီး သိခဲ့ရပါတယ်။ လေဆာကတော့ လူတိုင်း ကြားဖူးပါတယ်။ LASER ဆိုတာက Light Amplification by Stimulated Emission of Radiation ကို အတိုကောက် ခေါ်တာပါ။ လျှပ်စစ်သံလိုက် ရေဒီယို သတ္တိကြွ နယ်ပယ်တစ်ခုထဲမှာ အလင်းကို စူးစိုက် လွှတ်ထုတ်ထားတယ် ဆိုတာမျိုး အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ သိပ္ပံရုပ်ရှင်ကား များထဲမှာတော့ လေဆာသေနတ်တွေကိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် ပစ်နေကြတာမျိုး တွေ့ရမှာပါ။ အပြင်မှာတော့ အဲဒီလောက် မလွယ်ပါဘူး။ လူတစ်ယောက်ကို လောင်ကျွမ်းနိုင်တဲ့ အားမျိုးရှိတဲ့ လေဆာမျိုးကို ရဖို့ လေဆာပြွန် အကြီးကြီးတစ်ခု လိုပါတယ်။ ကျွန်တော်တို့ စက်ရုံအလုပ်ရုံတွေမှာ သုံးတဲ့ ကာဘွန်ဒိုင် အောက်ဆိုက်ဒ် ဒါမှမဟုတ် YVO4 လေဆာမျိုးတွေမှာ အားကောင်းတဲ့ ပါဝါဆပ်ပလိုင်း လိုပါတယ်။ အဲဒီထက် ပိုပြီး အားကောင်းတဲ့ YAG လေဆာလို လေဆာ အမျိုးအစားတွေ ဆိုရင် အအေးခံဖို့အတွက် ရေပိုက်ပါ လိုအပ်ပါတယ်။ ရုပ်ရှင်ထဲကလို ပစ္စတို သာသာလောက် ရှိတဲ့ သေနတ်ဆိုရင်တော့ ပြပွဲတွေမှာ သုံးတဲ့ လေဆာပွိုင်တာလောက် ပြင်းတဲ့ လေဆာမျိုးလောက်ပဲ ရမယ်ထင်ပါတယ်။ အဲဒါဆိုရင်တော့ လူကို ပြာကျဖို့တော့ ဖြစ်နိုင်မယ် မထင်ပါဘူး။ မျက်စိတည့်တည့် ထိုးရင်တော့ ကြာကြာနေ မျက်စိပျက်တာ မျိုးလောက်တော့ ဖြစ်နိုင်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာကတော့ မေဆာပါ။ ဒေးဗစ်ကော့ပါးဖီးရဲ့ မျက်လှည့်ပွဲကို ရုပ်မြင်သံကြားမှာ ကြည့်ဖူးတဲ့သူတွေတော့ ဒေးဗစ်ကော့ပါးဖီး တရုတ်ပြည်က မဟာရံတံတိုင်းကြီးကို ဟိုဖက်ဒီဖက် ဖောက်ပြီး ထွက်ပြတာ တွေ့ဖူးပါလိမ့်မယ်။ သိပ္ပံနည်းကျ စဥ်းစားရင် ဖြစ်နိုင်သလား ဆိုတော့ ဖြစ်နိုင်ပါတယ်။ နံရံတစ်ခုထဲမှာ ရှိတဲ့ ဒြပ်ဝတ္ထုတွေကို သူတို့ရဲ့ သဘာဝကြိမ်နှုန်း (Natural Frequency)အတိုင်း မေဆာနဲ့ တုန်ခါစေရင် နံရံကို သာမန်လူတစ်ယောက်က လေကို ဖြတ်သလို ဖောက်ထွက် သွားလို့ ရနိုင်တယ် လို့ သိပ္ပံပညာရှင်တွေက တွေးကြပါတယ်။ ဒေးဗစ်ကော့ပါးဖီးတော့ မေဆာ သုံးတယ် မထင်ပါဘူး။ သူ့နည်း သူ့ဟန်တော့ ရှိမှာပါ။ MASER ဆိုတာက Microwave Amplification by Stimulated Emission of Radiation ရဲ့ အတိုကောက်ပါ။ လေဆာနဲ့ သဘောတရားခြင်း အတူတူပါပဲ။ ဒါပေမယ့် မေဆာမှာတော့ အလင်းအစား မိုက်ခရိုဝေ့ဖ်ကို သုံးပါတယ်။ နောက်ပိုင်းတော့ မိုက်ခရိုဝေ့ဖ် အစား M ကို မော်လီကျူလာအနေနဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် ပြောင်းလဲ လိုက်ကြပါတယ်။

သိပ္ပံဝတ္ထုတွေ ဖတ်ရင်း တွေ့လာတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ နည်းပညာတစ်ခုကတော့ Teleporting လို့ခေါ်တဲ့ နည်းပညာပါ။ စိတ်ကူးယဥ်ဆန်ဆန် နည်းပညာတစ်ခုပါပဲ။ အပြင်မှာ လက်တွေ့ဖြစ်လာဖို့တော့ မဖြစ်နိုင်သလောက်ပါပဲ။ တယ်လီပို့တင်းကတော့ လူတစ်ယောက်ကို တစ်နေရာမှာ တစ်စစီ ဖြိုခွဲပြီး တယ်လီဖုန်းထဲမှာ အသံလှိုင်းတွေ လွှင့်ထုတ်သလို တခြားနေရာ တစ်ခု ကို လွှင့်ထုတ် အဆုံးသတ်နေရာရောက်မှ အကုန်ပြန်ဆက်ဆိုတဲ့ သဘောတရားမျိုးပါ။ သိပ္ပံဝတ္ထုတွေ ထဲမှာတော့ လူတွေက တစ်နေရာကနေ တယ်လီပို့တင်းလုပ် တခြားဂြိုဟ်တစ်ခု ဒါမှမဟုတ် အာကာသယာဥ်ပေါ်မှာ ပြန်ပေါ်လာတယ် ဆိုတာမျိုး ရေးထားတာ ဖတ်ဖူးပါတယ်။ ဖြစ်နိုင်သလား ဆိုရင်တော့ မဖြစ်နိုင်သလောက်ပါပဲ။ လူတစ်ယောက်ကို တစ်စစီ ဖြိုခွဲနိုင်တယ် ဆိုပါစေဦး အဲဒီဖြိုခွဲထားတဲ့ အစိတ်အပိုင်းတွေကို လုံလောက်တဲ့ တိကျမှုနဲ့ မှတ်တမ်းတင်ဖို့ အလွန်ခက်ခဲ ပါလိမ့်မယ်။ ဒါ့အပြင် တခြားနေရာတစ်ခုမှာ တပုံစံတည်းတူတဲ့ လူတစ်ယောက်ကို တစ်စစီ ပြန်ပြီး ဆက်စပ်ဖို့ ဆိုတာက နည်းပညာ ပိုင်းအရ မဖြစ်နိုင်သလောက်ပါပဲ။ နည်းနည်း လွဲသွားရင်တောင် မြွေပွေး အကောင် အကြီးကြီး ကိုက်ပါပြီ။ ပိုပြီး ဆိုးတာက အဲဒီလို လုပ်လို့ရကြေးဆိုရင် ဆက်သွယ်ရေး နည်းပညာမှာ သုံးသလို ကော်ပီတွေ ပွားပြီး လူကို နှစ်ယောက်သုံးယောက် တစ်ပြိုင်တည်း ဖြစ်အောင် ပြန်ထုတ်လို့ ရမလား ဆိုတာကလည်း စဥ်းစားစရာ တစ်ခုပါ။ လူကို ကော်ပီကူးလို့ ရပြီထားပါဦး စိတ်ကို ဘယ်လို အပြောင်းအရွှေ့ လုပ်ကြမလဲ ဆိုတာလည်း နောက်ထပ် စဥ်းစားစရာရှိတဲ့ အချက်တစ်ချက်ပါပဲ။

အီလက်ထရွန်းနစ်နဲ့ ပတ်သက်ပြီးတော့လည်း နည်းနည်း ဖတ်မှတ်လိုက်ရတာတွေ ရှိပါတယ်။ လူတစ်ယောက် တစ်ခုခုကို စဥ်းစားရင် သူ့ရဲ့ ဦးနှောက်ထဲကနေ လျှပ်စစ်သံလိုက်လှိုင်းတွေ ထွက်လာတယ်လို့ ဆိုပါတယ်။ အဲဒီ လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုနိုင်ရင် လူတစ်ယောက်ရဲ့ စိတ်အကြံကို သိနိုင်ပါလိမ့်မယ်။ အဲဒီလိုသာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခဲ့ရင် လူတွေမှာ Privacy ဆိုတာ ရှိတော့ မှာ မဟုတ်ပါဘူး။ လူတွေပိုပြီး ခွင့်လွှတ်တတ်လာကြမလား ထပဲ သတ်ကြမလားတော့ မသိပါဘူး။ လူတွေ အရှိကို အရှိအတိုင်း လက်ခံနိုင်ကြဖို့ လိုလာလိမ့်မယ်လို့ ထင်ပါတယ်။ အခုလို အလိမ်တွေ အညာတွေနဲ့ ဟန်ဆောင်မှုတွေ ပျောက်သွားကြလိမ့်မယ်လို့ ထင်ပါတယ်။ သမီးရည်းစားတွေရဲ့ ကြားက ဆက်ဆံရေးလည်း တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်ပါတယ်။ ယဥ်ကျေးမှု ဆိုတာကြီးပဲ တစ်မျိုးတစ်ဖုံ ပြောင်းသွားမလား ဒါမှမဟုတ် ယဥ်ကျေးမှု ဆိုတာကြီးကို မပြောင်းလဲချင်လို့ပဲ အဲဒီလို နည်းပညာမျိုးတွေကို မတိုးတက် မပြန့်ပွားအောင် ဟန့်တားကြမလား ဆိုတာတော့ မပြောတတ်ပါဘူး။

Wednesday, December 30, 2009

အရှေ့ဖက် ကမ်းခြေရဲ့ ညချမ်း

စင်ကာပူမှာ နေရတဲ့ဘဝက အတော်ကို မလွယ်ပါဘူး။ တခါတလေတော့ ကိုယ့်ဘာသာကိုယ် ဘာဖြစ်လို့ ဖြစ်နေမှန်း မသိအောင် ရှုပ်ရှက်ခတ် နေတတ်ပါတယ်။ အခုရက်ပိုင်းတော့ ပရော့ဂျက်တစ်ခုနဲ့ ချာလပတ်လည်နေတာကြောင့် နေ့မှန်း ညမှန်းမသိအောင်ကို ဖြစ်နေပါတယ်။ ညအိပ်ရင်လည်း စိတ်ဖြောင့်ဖြောင့် အိပ်လို့မရ။ တရေးနိုး အလုပ် ထလုပ်မယ်ဆိုပြီး နှိုးစက်ပေး။ နှိုးစက် မြည်ပြန်တော့လည်း ညစဥ်ရက်ဆက် အိပ်ရေးပျက်ထားတဲ့ အရှိန်နဲ့ မထနိုင်။ နှိုးစက်ပိတ် ပြန်အိပ် ဒီလိုနဲ့ သံသရာ လည်နေပါတယ်။ မျောက်များ ညအိပ်ရာဝင်နေတုန်း မြေကြီး ပျောက်သွားမှာ စိုးလို့ သစ်ပင်အောက်ဆင်း မြေကြီးကို လက်နဲ့ ၃ ချက် ပုတ်ကြည့်တယ် ဆိုတာကို သွားသတိရပါသေးတယ်။ ကိုယ်လည်း အဲဒီမျောက်တွေလို ဖြစ်နေပြီလား လို့ တွေးပြီး ပြုံးမိပါသေးတယ်။

ခရစ်စမတ် ရုံးပိတ်ရက်ရှည် ကို တခြားသူတွေက တွေးပြီး ပျော်နိုင်ပေမယ့် ကိုယ့်မှာတော့ မပျော်နိုင်ပါဘူး။ ခရစ်စမတ် အကြိုညကတော့ ဘာပဲဖြစ်ဖြစ် အားလုံးမေ့ပြီး တစ်ရက်လောက်တော့ အပြည့်အဝ အနားယူမယ်လို့ ဆုံးဖြတ်လိုက် ပါတယ်။ ဒီလိုနဲ့ အဲဒီညက အနောက်ဖက် ကမ်းခြေ (West Coast) က ပန်းခြံထဲ သူငယ်ချင်းတွေနဲ့ အတူ ရောက်သွားပါတယ်။ သွားရတဲ့ ရည်ရွယ်ချက်က ဂစ်တာတီးဖို့ သွားတာပါ။ စိတ်ကနေနိုင်ပေမယ့် လူက မလိုက်နိုင်တော့လို့ ည ၁ နာရီခွဲလောက် အိမ်ပြန်ရောက်လာပါတယ်။

အိမ်ရောက်တော့ အလုပ်နဲ့ ပတ်သက်တဲ့ အတွေးတွေ အားလုံးကို ခေါင်းထဲက ထုတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ပါတယ်။ မနက်ခင်း စောစောထ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေရဲ့ အလှူကို သွားမယ်လို့ စဥ်းစားထားပေမယ့် မနက်ရောက်တော့ တော်တော်နဲ့ မထနိုင်ပါဘူး။ အိပ်ရာက နိုးတော့ ချက်ချင်းပဲ အလှူကို ပြေးပါတယ်။ ဘုန်းကြီးကျောင်းကို တစ်ခါမှ မရောက်ဖူးလို့ ဘယ်လို သွားရမလဲ စဥ်းစားနေတုန်း ဘတ်စ်ကားမှတ်တိုင်မှာပဲ ကိုဖိုးစိန် နဲ့ ကိုဘိုဘို (မိုးကုတ်သား) တို့နဲ့ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့တာနဲ့ သူတို့နဲ့ အတူ ပါသွားပါတယ်။ အလှူမှာ နောက်ဆုံးရောက်တဲ့ ဧည့်သည် ၃ ယောက်မှာ ကျွန်တော် တစ်ယောက် အပါအဝင်ပါပဲ။

အလှူမှာ ကျွေးတဲ့ ထောပတ်ထမင်းက အတော်ကောင်းပါတယ်။ ထမင်းစားပြီးလို့ မကြာခင်မှာပဲ အားလုံး ပြန်ကြတာမို့ ကျွန်တော်ပါ ရောပြီ: ပြန်ခဲ့ပါတယ်။ ညနေဖက် လာဦးမှာလား မေးတော့ ကတိမပေးရဲပါဘူး။ နောက်တစ်နေ့ မနက် ကပ်စတန်မာ ဖုန်းဆက်မှာ ကြိုတွေးပြီး ရင်မောနေလို့ပါ။ ဒီညတော့ အလုပ်လုပ်မှ ဖြစ်မယ်လို့ ကိုယ့်ကိုယ်ကို ပြန်ပြီး နားချနေရပါတယ်။ ဒါပေမယ့်လည်း လာနိုင်အောင် ကြိုးစားမယ်လို့တော့ ပြောခဲ့ပါတယ်။ အိမ်ရောက်ပြီးတော့ အလုပ်လည်း မလုပ်ဖြစ်ပါဘူး။ ဟိုလိုလို ဒီလိုလို လုပ်နေပါတယ်။ အရင်တစ်ညက ၇ နာရီလောက် အိပ်ရပေမယ့် ၄ နာရီ ပြည့်အောင် မအိပ်ရတာ တစ်ပတ်လောက် ရှိပြီမို့ ခေါင်းထဲမှာ မကြည်မလင် ဖြစ်နေတုန်းပါပဲ။ ဒီလိုနဲ့ပဲ ပြန်အိပ်ပျော်သွားပါတယ်။ အိပ်ရာက နိုးတော့ ည ၉ နာရီလောက် ရှိပါပြီ။ ဟောလီးဒေးမို့ အလုပ်လုပ်ချင်စိတ် မရှိပါဘူး။ ဒါနဲ့ပဲ မနက်ဖြန် မနက်မှ ကပ်စတန်မာနဲ့ ကြည့်ရှင်းမယ် တွေးပြီး ဒီတစ်ညတော့ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေနဲ့ အတူ သွားတွေ့ဦးမယ်လို့ စိတ်ဆုံးဖြတ်ချက် ချလို့ အိမ်က ထွက်ခဲ့ပါတယ်။

Eunos အမ်အာရ်တီ ရောက်မှ ကိုအင်ဒရူး (ရွက်လွှင့်ခြင်း) တစ်ယောက် အခုတလော ပျောက်ချက်သား ကောင်းနေတာ သတိရလို့ ဖုန်းဆက်ပြီး လှမ်းမေးပါတယ်။ ကိုအင်ဒရူးက အွန်လိုင်း မဝင်ဖြစ်တာ ကြာပြီမို့ ဒီနေ့ ပွဲရှိတာတောင် မသိဘူး ပြောပါတယ်။ နောက်တစ်ခေါက်မှ လာခဲ့တော့မယ်လို့ ပြောပါတယ်။ Eunos ကနေ အိစ်ကုတ် ကို ဘတ်စ်ကား စီးလာပြီး ကားမှတ်တိုင် ရောက်မှ ဘော်ဒါကြီး ကိုသီဟသစ် ဆီကို ဖုန်းဆက်လိုက်ပါတယ်။ ဘယ်မှာလဲ မေးတော့ ပါဆားရစ်စ် ကမ်းခြေမှာ ဆိုလို့ ငါတော့ နေရာမှားပြီဟ တွေးမိပြီး လန့်သွားပါတယ်။ နောက်မှ သူက သူတစ်ယောက်တည်း ပါဆားရစ်မှာ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ အတူ ရှိနေတာ ကျန်တဲ့သူတွေ အိစ်ကုတ်မှာ ရှိတယ် ပြောမှ သက်ပြင်းချနိုင်ပါတယ်။ ဒါနဲ့ မမပြာ (ကောင်းကင်ပြာ) ဆီ ဖုန်းဆက်ကြည့်ပါတယ်။ မမပြာက မက်ဒေါ်နယ် အနားက ကျောက်ဆောင်မှာ ဆူညံပွက်လောရိုက်နေတဲ့ လူစုကို ရှာပြီး လာခဲ့ လို့ ပြောပါတယ်။

သူတို့နဲ့ တွေ့တော့ ည ၁၁ နာရီ ထိုးခါနီးပါပြီ။ တွေ့မယ့်တွေ့တော့ မနည်းမနောပါပဲ။ အရင်ဆုံဖူးခဲ့တဲ့ ဘလော့ဂါတွေရော တစ်ခါမှ မတွေ့ဖူးသေးတဲ့ သူတွေရော အများကြီးပါပဲ။ ရောက်ရောက်ချင်း ဂိမ်းကစားဖို့ ပြင်နေတာနဲ့ ကြုံပါတယ်။ ညီလေး တောင်ပေါ်သားက အခုလာတာ ကိုဇက်တီလို့ မိတ်ဆက်ပေးတော့ သူ့ဘလော့ခ် ဖတ်မရဘူး လို့ အော်လိုက်တဲ့ အသံ အရင်ဆုံး ကြားရပါတယ်။ :D ဒီလိုနဲ့ ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ ဘလော့ဂါ နှစ်ယောက်ကြား ဝင်ထိုင်ပါတယ်။ နောက်မှ တလနွန်နဲ့ ဏီ(န်)ကင်းဆိုတာ သိရပါတယ်။

ကစားကြတဲ့ ဂိမ်းကတော့ တစ်ယောက်ကို စာရွက် အလွတ်တစ်ရွက်စီ ပေးပြီး စာရွက်ထဲမှာ ကိုယ်လုပ်ခိုင်းချင်တာ တစ်ခုကို ရေးထည့် မဲလိပ်လိပ်ပြီး မဲလိပ်ကျရာ ရှေ့ထွက် လုပ်ပြရတာပါ။ ကျွန်တော် ရေးပေးလိုက်တဲ့ ဝူခုံးစတိုင်လ် လုပ်ပြပါ ဆိုတဲ့ မဲလိပ်ကို ကံဆိုးစွာ ပေါက်သွားတဲ့ သူကတော့ ညီလေး ဖိုးသင်္ကြန်ပါ။ အချင်းချင်း နှိပ်ကွတ်တဲ့ မဲတွေလည်း ပါပါတယ်။ တချို့မဲတွေမှာ ကိုဘိုဘိုတို့၊ ဆောင်းချမ်းမိုးတို့၊ မေလေးတို့ မြရေလျဥ်တို့ ပစ်မှတ် ဖြစ်သွားကြပါတယ်။ ကျွန်တော့် အလှည့်တော့ လူ ၅ ယောက်ကို ငါးသလောက်ပြုံး ပြုံးပြပါ ဆိုတဲ့ မဲပေါက်လို့ သိပ်မဆိုးလှပါဘူး။ ငါခူပြုံးလား ငါးသလောက်ပြုံးလား မသိပေမယ့် ပြုံးတော့ ပြုံးလိုက်ပါတယ်။ ဗီလိန်က ဘေးကနေ သုံးချောင်းထောက်ကြီးနဲ့ အစအဆုံး မှတ်တမ်း တင်နေပါတယ်။

ဂိမ်းဆော့လို့ ပြီးမှ ကိုသီဟသစ် ရောက်လာပါတယ်။ အားလုံး စားဖို့ သောက်ဖို့ ပြင်ကြပါတယ်။ မမပြာက ဇက်တီကို ကျွေးပါဦး ပြောတာ နောက်တောင် ကျနေပါသေးတယ်။ ကျွန်တော်က စားတာ ဘယ်နှစ်ခုမှန်း မသိအောင်ကို ဖြစ်နေပါပြီ။ မနက်ကလည်း အဲဒီလိုပါပဲ။ ဝရဲ့လား မေးတဲ့အချိန် ကျွန်တော် ထောပတ်ထမင်း ၂ ပန်းကန် တီးပြီး သွားပါပြီ။ :D အခုတလော အလုပ်ကြောင့် စားချိန်မမှန်လို့ အဲဒီလို ဖြစ်နေတာလားတော့ မပြောတတ်ပါဘူး။

စားလို့ ဝတော့ ဂစ်တာယူပြီး တီးပါတယ်။ ကိုဂျေး (မင်းကိုချစ်တဲ့သူ)၊ ကိုစည်သူနဲ့ နောက်တစ်ယောက် လာဂျွိုင်းပါတယ်။ လူတွေ များလွန်းလို့ အကုန်လုံး နာမည် လိုက်မမှတ် နိုင်တော့ပါဘူး။ နောက်တော့ ကိုဂျေးက ရက်ပ်သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ဆိုနေပါတယ်။ ခုန ဂိမ်းဆော့နေတဲ့ နေရာမှာ ကိုသီဟသစ်တို့ နောက်ဂစ်တာဝိုင်း တစ်ဝိုင်း စနေတာ မြင်တာနဲ့ သူတို့ နဲ့ သွားဝင် ထိုင်ပါတယ်။ သီချင်းတွေ ဆိုကြတာ ဘယ်နှစ်ပုဒ်မှန်းတောင် မမှတ်မိပါဘူး။ ကျွန်တော် တီးတာ ရပ်တော့ အိပ်နေတဲ့ ကိုဂျေးကို အတင်း သွားနှိုးပြီး တီးခိုင်းပါတယ်။ နောက်တော့ ဆောင်းချမ်းမိုး ဆက်တီးပါတယ်။ ကိုစည်သူ၊ ဗီလိန် နဲ့ ဖိုးသင်္ကြန်တို့လည်း တစ်ခါတစ်ခါ ဝင်တီးကြပါတယ်။ ရေတမာကတော့ အဲဒီနေ့က ချိုနေပါတယ်။ နောက်တော့ ကိုသီဟသစ်၊ ကိုဖိုးစိန်နဲ့ ရေတမာတို့ ထကကြပါတယ်။ ခေါင်သူကြီးက ကိုသီဟသစ်ပါ။ ဘယ်လို ကသလဲတော့ နီးစပ်တဲ့ သူများသာ မေးကြည့်ကြပါတော့။ :D

ဒီလိုနဲ့ တီးလိုက်ကြ ဆိုလိုက်ကြနဲ့ မနက် ၄ နာရီလောက် ဖြစ်သွားပါတယ်။ ဆိုတဲ့သီချင်းတွေကတော့ စိုင်းစိုင်းခမ်းလှိုင်၊ Big Bag၊ လေးဖြူ၊ အငဲက စလို့ လွှမ်းမိုးတို့ တွံတေးသိန်းတန်တို့ အထိပါပါတယ်။ မိုးရွာရင် မိုးရေချိုးမယ် မေမေလာရင် နို့စို့မယ် ဖေဖေလာရင် အုန်းသီးခွဲစားမယ် ဆိုတဲ့ ကိုင်ဇာရဲ့ မိုးသီချင်း၊ စာဥရေ ငါအရောက် ပြန်ခဲ့မှာ ဆိုတဲ့ သီချင်း၊ ဗဒင်ရဲ့ နေရာ သီချင်း၊ လွှမ်းမိုးရဲ့ ဟိုအစ်ကိုကြီးရဲ့ မခင်နှင်းဆီ စတဲ့ သီချင်းတွေကို အားလုံး ဝိုင်းဆိုကြတာ အမှတ်တရပါပဲ။

မနက် ၄ နာရီခွဲလောက် ရောက်တော့ အိပ်ချင်တာနဲ့ ဘေးနားက ကျောက်ထိုင်ခုံမှာ သွားခွေပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုမှ အိပ်လို့ အဆင်မပြေတော့ ၅ နာရီလောက် ထပြန်ခဲ့ပါတယ်။ ဂစ်တာဝိုင်းကတော့ အဲဒီအချိန်အထိ မသိမ်းသေးပါဘူး။ တီးတဲ့သူကတီး ဆိုတဲ့သူကဆို ဘေးနားမှာ ကျိုးတဲ့သူကကျိုး ဖြစ်နေကြပါတယ်။

အိမ်ရောက်တာနဲ့ တန်းအိပ်တော့ တာပါပဲ။ ကပ်စတန်မာဆီက ဖုန်းလာမှပဲ နိးပါတော့တယ်။ ဘယ်လို အခြေအနေရှိသလဲ မေးတော့ ဒီလိုပဲ ကြည့်ဖော ရတာပါပဲ။ မနေ့က တစ်နေ့လုံး ဘာမှမှ မလုပ်ဖြစ်တော့ ပရော့ဂျက်က ဘာတိုးတက်မှုမှ မရှိတာ။ အလုပ်က စိတ်ဖိအားတွေ အားလုံးကို မေ့ထားပြီး ခဏတာ ပျော်ရွှင်ခွင့်ရခဲ့တဲ့ ညတစ်ညအတွက် ဘလော့ဂါ ညီအစ်ကို မောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အမှတ်တရ ဖြစ်အောင် ပို့စ်လေးတစ်ပို့စ် အနေနဲ့ ရေးပြီး တင်ထားလိုက်ပါတယ်။

Monday, August 10, 2009

ဘဝလမ်းခွဲ

တခါတလေတော့လည်း ကျွန်တော်တို့ ဆယ်တန်း အောင်ခဲ့တဲ့ ၁၆ နှစ်ဆိုတဲ့ အရွယ်ဟာ တစ်ဘဝလုံးစာ အတွက် အသက်မွေး ဝမ်းကြောင်း လုပ်မယ့် အလုပ်ကို ရွေးချယ်ဖို့ စောလွန်း နေသေးသလားလို့ တွေးမိပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်တန်းစာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်ပြီး ရွေးချင်ရာ ရွေးခွင့် ရတယ်လို့ ပြောတဲ့ သူတွေ အတွက် တောင်မှ ရွေးချယ်စရာက သိပ်မများ လှပါဘူး။ ပတ်ဝန်းကျင်က ဖိအားတွေကြောင့် ဆရာဝန်လိုင်း၊ အင်ဂျင်နီယာလိုင်း၊ ကွန်ပြူတာ လိုင်း ဒီ ၃လိုင်း ထဲက တစ်လိုင်းကိုပဲ ရွေးဖြစ်ကြတာ များပါတယ်။ နိုင်ငံရပ်ခြား တိုင်းပြည် တွေမှာတော့ ကိုယ် ဝါသနာ ပါရာ ကိုယ်ရွေးတဲ့ လူငယ်တွေ အများအပြား ရှိကြပါတယ်။

အဲဒီ အကြောင်းကို စဉ်းစားရင်းနဲ့ ကျွန်တော်တို့ ဆယ်တန်းနှစ်က အတန်းထဲမှာ ဆရာ ပြောပြခဲ့ဖူးတဲ့ ဇာတ်လမ်း တစ်ပုဒ်ကို သွားပြီး သတိရမိပါတယ်။ ပုံမှန်အားဖြင့် ထူးချွန်တဲ့သူတွေ အကြောင်း ကြားရရင် ကျွန်တော့် စိတ်ထဲမှာ စွဲနေအောင် မှတ်မိတတ်တာမို့ ပြန်စဉ်းစားလိုက်တဲ့ အခါမှာ ဆရာ ပြောခဲ့ဖူးသမျှ အားလုံးလိုလို သတိရနေ ပါသေးတယ်။

ကျွန်တော် ဆယ်တန်းတက်ခဲ့တဲ့ အထက်တန်းကျောင်းက အ.ထ.က(၂) ကမာရွတ် ပါ။ ဆယ်တန်း ကျောင်းသား ဘဝရဲ့ နေ့တစ်နေ့ မှာတော့ ကျွန်တော်တို့ ကျောင်းရဲ့ ဒုကျောင်းအုပ်လည်းဖြစ် ကျွန်တော်တို့ရဲ့ ဇီဝဗေဒ ဆရာလည်း ဖြစ်တဲ့ ဆရာ ဦးပြည်သိမ်း အတန်းထဲကို ဝင်လာပါတယ်။ အဲဒီနေ့က သူ စာမသင်ပဲ ကျွန်တော်တို့ကို စကားတွေ ချည်းပဲ ပြောပါတယ်။ သူပြောခဲ့တဲ့ အကြောင်းအရာကတော့ ကျွန်တော်တို့ မကြာခင် ကြုံရတော့မယ့် အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုနဲ့ ပတ်သက်တဲ့ အကြောင်းပါ။

ဆရာက ကျွန်တော်တို့ကို “မင်းတို့ ဆယ်တန်း (A) က ကျောင်းသား ကျောင်းသူတွေမို့ ဆရာ အခုလို တကူးတက အချိန်ယူပြီး စကား ပြောတာ။ ဒီကျောင်းမှာ (A) ခန်းရောက်ဖို့ တော်ရုံတန်ရုံ အရည်အချင်း ကြိုးစားမှုနဲ့ မရောက်ဖူးဆိုတာ မင်းတို့ ကိုယ်တိုင် သိပါတယ်။ အခု ဆယ်တန်း စာမေးပွဲ ဖြေပြီးရင် မင်းတို့ထဲက အတော်များများဟာ ဆေးတက္ကသိုလ် တက်ခွင့်ရမယ့် အမှတ်နဲ့ အောင်ကြမယ် ဆိုတာကိုလည်း ဆရာ သိထားတယ်။ ဒါပေမယ့်လည်း ဆရာ တွေ့လိုက်သမျှ ကျောင်းသား ကျောင်းသူတိုင်း လိုလိုက ဘာလုပ်မလဲလို့ မေးရင် ဆရာဝန်လုပ်မယ် လို့ပဲ ဖြေကြတယ်။ ဘာလို့ ဆရာဝန် လုပ်ချင်တာလဲ မေးရင်တော့ ဆရာဝန် အလုပ်က မွန်မြတ်လို့ပါလို့ ပြန်ဖြေကြတယ်။ မင်းတို့ အားလုံး မွန်မြတ်နေကြလို့ ငါတို့ နိုင်ငံ တိုးတက်လာမှာ မဟုတ်ဘူး။ နိုင်ငံ တိုးတက်ဖို့ အတွက် ငါတို့အနေနဲ့ ဘက်စုံ ကဏ္ဍစုံမှာ အသိပညာရှင် အတတ်ပညာရှင်တွေ အများကြီး လိုတယ်။ စိုက်ပျိုးရေးတို့ စီးပွားရေးတို့ စတဲ့ နေရာတွေမှာလည်း တကယ် ထူးချွန် ထက်မြက်တဲ့သူတွေ ရှိနေဖို့ လိုတယ်ကွ။ လူတော်တွေ အားလုံး ဆရာဝန် ဖြစ်နေကြရင်တော့ ငါတို့ နိုင်ငံအတွက် သိပ်မဟုတ်သေးဘူး လို့ ဆရာထင်တယ်ကွ။” လို့ အစချီပြီး ပြောပါတယ်။

နောက်တော့ ဆရာက “ဆရာ ဒီကျောင်းမှာ သင်လာတာ ကြာပြီ။ လူတော်ဆိုတဲ့သူတွေ တချိန်လုံး တွေ့နေရလို့ တော်ရုံတန်ရုံ တော်တဲ့သူလောက်ဆို ဆရာ့အတွက် ဘာမှ မထူးတော့ဘူးကွ။ ဥပမာ ပြောရရင် ဆရာ ဒီကျောင်းမှာ စသင်တဲ့ အချိန်ကတည်းက အခုအချိန်အထိ ဆယ်တန်း (A) ကနေ မြန်မာတစ်နိုင်ငံလုံး အဆင့် ၁ ကနေ ၁၀ အတွင်း တစ်ယောက်မှ မဝင်တဲ့နှစ်ဆိုတာ မရှိဖူးဘူးကွ။ အနည်းဆုံး တစ်ယောက်တော့ ဝင်တာပဲ။ မင်းတို့ မယုံရင် ပြန်ကြည့်လို့ ရတယ်။” လို့ ဆက်ပြောပါတယ်။ အရင်က မှတ်တမ်းတွေတော့ ပြန်မကြည့်မိလို့ မသိပါဘူး။ ကျွန်တော်တို့နှစ်ကတော့ မြန်မာတစ်နိုင်ငံလုံး ပထမ အပါအဝင် Top 10 မှာ ၅ ယောက် ဝင်ပါတယ်။

ဆရာက နောက်တော့ သူမှတ်မိနေတဲ့ တပည့်နှစ်ယောက် အကြောင်းကို ပြန်ပြောပြပါတယ်။ တစ်ယောက် ကတော့ မြန်မာတနိုင်ငံလုံး ပထမ ရခဲ့တဲ့ ကျောင်းသူ တစ်ယောက်ပါ။ ဆရာ့ ပြောပြချက်အရ မြန်မာ တစ်နိုင်ငံလုံး ပထမရတဲ့သူတွေ တစ်ယောက်မက သူသင်ခဲ့ဖူးပေမယ့် အဲဒီတစ်ယောက်ကတော့ အတန်းထဲမှာ စာကို လိုလိုချင်ချင် အာရုံစိုက် သင်ယူတတ်လို့ မှတ်မိနေတယ်လို့ ပြောပါတယ်။

နောက်တစ်ယောက် အကြောင်းကတော့ နည်းနည်းလေး ထူးခြားနေပါတယ်။ ဆရာက သူ့အကြောင်းကို ဒီလို ပြောပြပါတယ်။
“သူ့ကို ဆရာ မှတ်မိနေတာ Top 10 ဝင်လို့ မဟုတ်ဘူးကွ။ သူတော်တယ် ဆိုတဲ့ ပုံစံက တစ်မျိုး။ ဆရာ တွေ့ဖူးသမျှ ကျောင်းသားတွေ အားလုံး ထဲမှာ ရူပဗေဒ နဲ့ သင်္ချာမှာ ဒီကောင် အတော်ဆုံးပဲ။ ဆယ်တန်း ကျောင်းသား လို့သာ ပြောတယ်။ ဆယ်တန်းစာလောက်ကို ဒီကောင်က ဂရု မစိုက်ဘူး။ ဆယ်တန်းနှစ်မှာ သူတွက်နေတဲ့ ပုစ္ဆာတွေက တက္ကသိုလ် ပထမနှစ် ဒုတိယနှစ်မှာ သင်နေတဲ့ ပုစ္ဆာတွေ။ သူ့အဖေ အမေတွေက ပညာတတ် တွေဆိုတော့ သူ့ကို ကောင်းကောင်း လေ့ကျင့်ပေးထားတာ။ အိမ်မှာ ဆယ်တန်းစာ မသိလို့ မေးရင် ဒီလောက် လွယ်တဲ့စာ လာမေးရမလား ဆိုပြီး သူ့အဖေက ဆူတယ် လို့ ပြောတယ်။ ဆရာ သိပ္ပံခန်းထဲမှာ ထိုင်နေရင် ဒီကောင်က လာပြီး လကမ္ဘာကို အာကာသယာဉ်ဆင်းတာကို ရူပဗေဒမှာ ဘယ်လို တွက်တယ် ချက်တယ် ဆိုတာမျိုးတွေ လာဆွေးနွေးတတ် သေးတယ်ကွ။ တခါတလေ ဆရာ ကိုယ်တိုင်တောင် သူပြောသမျှ ပါးစပ် အဟောင်းသားနဲ့ နားထောင်နေရတာ။”

ကြားရတာတော့ အားကျစရာ အံ့သြစရာ ပါပဲ။ ဆရာက သူ့တပည့်အကြောင်းကို ဆက်ပြောပါတယ်။
“တစ်နေ့တော့ ဆရာ ဒီကောင့်ကို စမ်းဖို့ အခွင့်အရေး ပေါ်လာတယ်ကွ။ အဲဒီနေ့က ဆရာ အတန်းထဲမှာ ပုစ္ဆာတစ်ပုဒ်ကို ရှင်းပြနေတာ။ ရှင်းပြလို့ ပြီးတော့ ဆရာက နားလည်သလားလို့ ကျောင်းသားတွေကို မေးတော့ ကျောင်းသူတစ်ယောက်က သူ နားမလည်ဘူး လို့ ပြောတယ်ကွ။ အဲဒါနဲ့ ဆရာ နောက်တစ်ခေါက် ထပ်ရှင်းပြတယ်။ ပြီးတော့ အဲဒီကျောင်းသူကို နားလည်သလားလို့ ထပ်မေးတယ်။ အဲဒီ ကျောင်းသူကလည်း နားမလည်ဘူးလို့ ထပ်ပြောတယ်ကွ။ ဆရာလည်း အတော် အကြံရခက်သွားတယ်။ အဲဒီအချိန် ဆရာလည်း ဒီကောင့်ကို စမ်းချင်တာနဲ့ ဟေ့ကောင်။ လာဦး။ မင်းလာရှင်းပြလိုက် ဆိုပြီး သူ့ကို ရှင်းခိုင်းလိုက်တယ်။ ဒီကောင်က ဆရာ ရှင်းပြတဲ့ နည်းအတိုင်း မဟုတ်ဘဲ သူ့နည်းသူ့ဟန်နဲ့ နောက်တစ်မျိုး ရှင်းပြတယ်။ သူလည်း တစ်ခေါက် ရှင်းပြပြီးရော။ အဲဒီ ကျောင်းသူက သူ နားလည်သွားပါပြီလို့ ဆရာ့ကို ပြောတယ်။”

အဲဒီ ကျောင်းသားကို သဘောကျ သွားသလို ကိုယ့်တပည့်ကို အဲဒီလို ပွင့်ပွင့်လင်းလင်း ချီးကျူးရဲတဲ့ ဆရာ့ကိုလည်း လေးစားသွားပါတယ်။ ဆရာက သူ့ဇာတ်လမ်းကို ဆက်ပါတယ်။
“အောင်စာရင်းထွက်တော့ ဘယ်လို ဖြစ်တယ်ထင်သလဲ။ သူ စာရှင်းပြလိုက်တဲ့ ကောင်မလေးက ဘာသာစုံဂုဏ်ထူး ထွက်တယ်ကွ။ သူကတော့ လေးဘာသာ ဂုဏ်ထူးပဲ ပါတယ်။ သူ့အိမ်က သူ့ကို တက္ကသိုလ်မှာ ကိုယ်ကြိုက်တဲ့ ဘာသာတက်ဖို့ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ပေးတယ်။ အဲဒီမှာ သူက ဆရာဝန် အင်ဂျင်နီယာ လိုင်း တစ်ခုမှ မရွေးဘဲ ရူပဗေဒ အထူးပြုကို ရွေးသွားတယ်။”

သူများတွေလို အသက်မွေး ဝမ်းကြောင်းလိုင်းကို မရွေးဘဲ ရူပဗေဒကို ရွေးသွားတယ် ဆိုတာ တော်ရုံတန်ရုံ ခံယူချက်နဲ့တော့ ဖြစ်လိမ့်မယ် မထင်ပါ။ အဲဒီမှာ ပိုပြီး အံ့သြစရာ ကောင်းတဲ့ အကြောင်းတွေကို ဆရာက ဆက်ပြောပါတယ်။
“ဒီလိုနဲ့ သူ ရူပဗေဒ မေဂျာမှာ တက်နေရင်းနဲ့ ဒုတိယနှစ် စာမေးပွဲ ပြီးတော့ ဂုဏ်ထူးတန်း မဝင်လို့ သူ့ အဖေနဲ့ အကြီးအကျယ် ပြသနာ တက်ကြတယ်ကွ။ သူ့အဖေက ရူပဗေဒ ဆိုတာ မင်းရွေးခဲ့တဲ့ဘာသာ။ အခုတော့ ဂုဏ်ထူးတန်းတောင် ဝင်အောင် မဖြေနိုင်ဘူးလား ဆိုပြီး ဆူတာပေါ့ကွာ။ အဲဒီတော့ သူက သူ့အဖေကို ဂုဏ်ထူးတန်း မဝင်တာ ကျွန်တော် ညံ့လို့ မဟုတ်ဘူး။ ကျွန်တော့် အဖြေလွှာကို စစ်တဲ့ ဆရာက ညံ့လို့ ဆိုပြီး ပြန်ပြောတယ်ကွ။ သူ့အဖေကလည်း တက္ကသိုလ် အသိုင်းအဝိုင်းထဲကပဲ ဆိုတော့ ရူပဗေဒ ပါမောက္ခကို ကိုယ်တိုင် သွားတွေ့ပြီး ပြောတာပေါ့ကွာ။ ဆရာကြီး။ ကျွန်တော့်သားကတော့ သူဂုဏ်ထူးတန်း မဝင်တာကို သူညံ့လို့ မဟုတ်ဘူး။ သူ့အဖြေလွှာကို စစ်တာမှားလို့ လို့ ပြောနေတယ်။ ကျွန်တော်တော့ မယုံဘူး။ ဒါပေမယ့် ဆရာကြီး ပြန်ကြည့်ပေးလို့ ရမလားဆိုပြီး တော့ပေါ့ကွာ။ အဲဒါနဲ့ ရူပဗေဒ ပါမောက္ခကလည်း နည်းနည်းတော့ ထူးခြားနေတယ် ဆိုပြီး သူ့အဖြေလွှာတွေကို ပြန်ယူကြည့်တယ်ကွ။ အဲဒီတော့ သူပြောတာ အမှန်ပဲကွ။ သူဖြေထားတာတွေကို စာစစ်တဲ့ ဆရာက နားမလည်ဘူး။ ပါမောက္ခကတော့ နားလည်တယ်။ အဲဒါနဲ့ ပါမောက္ခက စာစစ်တဲ့ ဆရာကို ကျောင်းသားလောက်တောင် မသိဘူးလား ဆိုပြီး ခေါ်ဆူတော့တာပဲ။ သူ့ကိုလည်း ဂုဏ်ထူးတန်း တက်ဖို့ ပြောတယ်ကွ။ ဒါပေမယ့် သူက မြန်မြန် ကျောင်းပြီးအောင်ပဲ လုပ်ပြီး နိုင်ငံခြား ထွက်တော့မယ် ဆိုပြီး ဂုဏ်ထူးတန်း မတက်တော့ဘူး။ အခုတော့ အမေရိကားမှာ ရူပဗေဒနဲ့ ဒေါက်တာဘွဲ့ ယူပြီး တက္ကသိုလ် တစ်ခုမှာ ဆရာ လုပ်နေတယ်လို့ ကြားတယ်ကွ။”

ဆရာက သူ့တပည့်အကြောင်းကို အဲဒီလို ပြောပြီး အဆုံးသတ်ပါတယ်။ နောက်တော့ ကျွန်တော်တို့ကို “မင်းတို့လည်း ကိုယ်ဝါသနာပါတဲ့ လိုင်းမှာ တကယ်ထူးချွန်အောင် ရေဆုံးရေဖျား လိုက်နိုင်မယ် ဆိုရင် မဖြစ်နိုင်စရာ မရှိပါဘူး။ တကယ် ခံယူချက်ရှိဖို့နဲ့ ကြိုးစားဖို့ပဲ လိုတယ်။” လို့ ပြောပါတယ်။

ဆယ်တန်း စာမေးပွဲ ပြီးတဲ့ အခါမှာတော့ ကျွန်တော့် အတန်းဖော်တွေ ထဲမှာ ဆရာ ပြောခဲ့ဖူးတဲ့ ဆရာ့တပည့်လို အသက်မွေး ဝမ်းကြောင်း လိုင်းတွေ မရွေးဘဲ ကိုယ်ဝါသနာ ပါပြီး ပရော်ဖက်ရှင်နယ် မဟုတ်တဲ့ လိုင်းကို ရွေးသွားတယ် ဆိုတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ အမှတ်ကောင်းတဲ့သူ အားလုံး နိုင်ငံခြား ထွက်သွားတဲ့ သူတွေ ကလွဲလို့ အားလုံး ဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ်နဲ့ စီးပွားရေး တက္ကသိုလ် တွေကိုပဲ ကိုယ်စီ ကိုယ်စီ ရောက်သွား ကြတာပါပဲ။ စက်မှုတက္ကသိုလ် တက်ခွင့်ရရဲ့ သားနဲ့ စီးပွားရေး တက္ကသိုလ် ရွေးသွားတယ် ဆိုတာလောက်ပဲ ကြားရတာ ရှိခဲ့ပါတယ်။

(ဆရာ ပြောတဲ့ ဆရာတပည့်ရဲ့ နာမည်ကို မှတ်မိပေမယ့် သူ့ရဲ့ Privacy အတွက် ထည့်မရေးဖြစ်တာ ခွင့်လွှတ် စေချင်ပါတယ်။ )

Friday, August 7, 2009

စူ့ထက်စူ လူစွမ်းကောင်းတွေ

ကျွန်တော်တို့နဲ့ မရှေးမနှောင်း စင်ကာပူ ရောက်ခဲ့ကြပြီး တစ်ကျောင်းတည်း အတူ တက်ခဲ့ကြတဲ့ မြန်မာကျောင်းသားတွေကတော့ စူ့ထက်စူ လူစွမ်းကောင်းတွေ ချည်းပါပဲ။ အနူတောမှာ လူချော ဖြစ်ကြတာလားတော့ မသိပါ။ :D ဒါပေမယ့် ထူးချွန်တာက တော့ အမှန်ပါပဲ။

ကျွန်တော်တို့ ကျောင်းစတက်တဲ့ နှစ်က ကျောင်းမှာ မြန်မာကျောင်းသား အယောက် ၈၀ လောက် ရှိပါတယ်။ ၇၀ ကျော်က ကျွန်တော်တို့နဲ့ တစ်နှစ်တည်း အတူတူ ရောက်တဲ့သူတွေပါ။ အဲဒီအထဲမှာမှ ရန်ကုန် စက်မှုတက္ကသိုလ်က တဝက်တပျက်နဲ့ ထွက်လာတဲ့သူက အယောက် ၅၀ လောက် ပါပါတယ်။

ကျောင်းနဲ့ ဝေးနေတာ ကြာပြီဆိုတော့ အားလုံးက ပညာကို အတော်လေး လိုလိုချင်ချင် ဖြစ်နေကြပါတယ်။ ကျွန်တော်တို့ကို ကွာလတီ ဘာသာ သင်တဲ့ မစ်(စ်) ကွမ် ဆိုတဲ့ ဆရာမကတော့ “မြန်မာကျောင်းသားတွေ knowledge hungry ဖြစ်နေကြတယ်။” လို့ မှတ်ချက် ပေးပါတယ်။ ပထမနှစ်မှာတော့ စာမေးပွဲတွေ ဖြေလိုက်တိုင်း အားလုံးလိုလိုရဲ့ အမှတ်တွေက ဝဲကားနေတာပါပဲ။

ကျောင်းက ဆရာဆရာမတွေကို မျက်လုံးပြူးအောင် လုပ်တဲ့သူတွေလည်း ပါပါတယ်။ မြို့ပြ အင်ဂျင်နီယာ ဘာသာက သူငယ်ချင်း တစ်ယောက်က ကျောင်းက သင်ပေးတဲ့ AutoCAD ကို လွယ်လွန်းတယ် ဆိုပြီး သူတို့ ဌာနမှာ ကွန်ပလိန်းတက်ပါတယ်။ အစကတော့ သူ့ကို ဌာနက လာနောက်နေတယ် ထင်တာပါ။ ဒါပေမယ့် သူက အတည်ပေါက် ပြောနေတော့ သူ့ကို နောက်ဆုံး အဆိုင်းမင့် တင်ရမယ့် ပုံနှစ်ပုံ ပေးပြီး ဆွဲခိုင်းပါတယ်။ သူက အဲဒီ ၂ ပုံကို တထိုင်တည်း တစ်နာရီအတွင်း ဆွဲပြလိုက်လို့ ဌာနက မင်းဒီလောက် တတ်ရင်လည်း သင်မနေနဲ့တော့ကွာ ဆိုပြီး Exemption ပေးလိုက်ပါတယ်။ ( AutoCAD အဲဒီလောက် ကျွမ်းတဲ့ ပုဂ္ဂိုလ်က အခုတော့ အမေရိကားမှာ စီးပွားရေးပညာ ဘာသာရပ်နဲ့ ပါရဂူဘွဲ့ စာတမ်းရေးနေပါတယ်။ :D )

နောက်ထပ် ကြားဖူးတာ တစ်ခု ရှိပါတယ်။ ဓာတု အင်ဂျင်နီယာ ဘာသာရပ် အတန်းမှာ ဆရာမက ညီမျှခြင်း တစ်ခု ပေးပြီး အဲဒီ ညီမျှခြင်းကို တနာရီ အတွင်း ညီအောင် ညှိပြနိုင် မလားလို့ ကျောင်းသားတွေကို စိန်ခေါ်ပါတယ်။ မြန်မာ ကျောင်းသား တစ်ယောက်က ၁၀ မိနစ်နဲ့ အဲဒီ ညီမျှခြင်းကို ညှိပြပါတယ်။ ဆရာမလည်း အတော်လေး ဖြုံသွားပါတယ်။ နောက်တော့ သူက မြန်မာ သူငယ်ချင်းတွေကို ဝန်ခံပါတယ်။ ဆယ်တန်း စာအုပ်ထဲက ညီမျှခြင်းကြီး ကွာ။ ငါအလွတ်ရနေတာ။ ချက်ချင်း အဖြေချရေးရင် မကောင်းလို့။ ၁၀ မိနစ်ကြာမှ ရေးတာလို့ ပါ။ သူကတော့ ကျွန်တော်တို့နှစ်က ဆယ်တန်း စာမေးပွဲမှာ မြန်မာ တနိုင်ငံလုံး ၁ ကနေ ၁၀ အတွင်း ဝင်တဲ့သူပါ။

စက်မှု အင်ဂျင်နီယာ ဘာသာရပ် အတန်းကတော့ တကယ့်လူတော်တွေချည်း စုနေတာပါ။ ကျွန်တော့် စီပုံးမှာ လာလာ အော်တတ်တဲ့ KT တို့ အတန်းပါ။ ကျွန်တော်တို့ ကျောင်းရဲ့ ထုံးစံက အမှတ် ၈၀ ကျော်ရုံနဲ့ ဂုဏ်ထူး မပေးပါဘူး။ အမှတ် ၈၀ ကျော်တဲ့သူက A ရပြီး အဲဒီအထဲကမှ Top 5 percent ကို ဂုဏ်ထူးပေးပါတယ်။ သူတို့အတန်းမှာ မြန်မာကျောင်းသားတွေ အားလုံးလိုလို သင်္ချာ ၁၀၀ ရကြလို့ ၉၉ မှတ်ရတဲ့သူတောင် ဂုဏ်ထူး မထွက်ဘူး လို့ ဆိုပါတယ်။

ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် လုပ်လိုက်ပါဦးမယ်။ ကျွန်တော် အင်ဂျင်နီယာ ကျောင်းသားပေမယ့် Programming ကို အတော် ဝါသနာ ကြီးပါတယ်။ ကျောင်းမှာ သင်တဲ့ Programming က ကျွန်တော့် အတွက်တော့ အတော့်ကို လွယ်လွန်းနေပါတယ်။ ကိုယ့်အတွက်တင် မဟုတ်ဘဲ တခြား ဘာသာရပ်က သူငယ်ချင်းတွေ အတွက်လည်း Programming အဆိုင်းမင့်တွေ ပရော့ဂျက်တွေ ကြုံရင် ကြုံသလို ရေးပေးတတ် ပါတယ်။ ဝါသနာ ပါလွန်းလို့ ရေးချင်လွန်းလို့ကို ရေးတာပါ။ အတန်းထဲမှာ C Programming ဖြေရင် ၁၀၀ ရတာများပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ ၃ ခါလောက် ၁၀၀ ရပြီး နောက်တစ်ခေါက် စာမေးပွဲ စစ်တော့ ဆရာက မင်းအမှတ် မပြောတော့ဘူးကွာ။ ကိုယ့်ဘာသာကိုယ်ပဲ သိလိုက်တော့လို့ ပြောပါတယ်။ အဲဒါတောင်မှ နှစ်ဆုံးလို့ အမှတ်ပေါင်းတော့ ၉၀ ကျော်ပဲ ရတာကြောင့် Top 5 percent မဝင်လို့ ဂုဏ်ထူး မထွက် ပါဘူး။

သင်္ကြန်ပြဇာတ်ထဲမှာ “အမေရေ။ သားတို့ ဆီမှာတော့ ၄လသင်တဲ့ ဘာသာကို ၄ ရက်နဲ့ ကျက်ပြီး ဂုဏ်ထူးတွေ ထွက်နေကြတယ်။” ဆိုပြီး ကျောင်းကို ပြောင်ကြပါတယ်။ စာက လွယ်လွန်းနေတာလားတော့ မသိပါဘူး။ အချင်းချင်းတော့ “စာမေးပွဲကျတယ် ဆိုတဲ့ကောင်က မနက်ဖြန် စာမေးပွဲ ရှိတာကို ဒီည စာမကျက်လို့လည်း ဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ် တစ်နှစ်လုံး ရှိသမျှ စာမေးပွဲ အကုန်လုံး စုတ်ပြတ်နေအောင် ဖြေခဲ့လို့လည်း ဖြစ်ချင် ဖြစ်မယ်။” လို့ ပြောကြပါတယ်။

ထူးထူးခြားခြား လက်ဖျားခါလောက်အောင် ဉာဏ်ကောင်းတဲ့သူများလည်း ရှိပါတယ်။ ဉာဏ်ကောင်းပေမယ့် စာမလုပ်တဲ့သူ တွေပါ။ ကျွန်တော်နဲ့ တအိမ်တည်း အတူ နေခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက် ရဲ့ အဖြစ်တစ်ခု ကို မှတ်မိနေပါတယ်။ အဲဒီတုန်းက သူဟာ နောက်တစ်နေ့ မနက် ဖိုင်နယ် စာမေးပွဲ ရှိတာကို စာမကျက်ဘဲ စောစောစီးစီး ဝင်အိပ်နေပါတယ်။ ည ၁၂ နာရီလောက် ရောက်တော့ နာရီ နှိုးစက်မြည်လို့ ထလာပါတယ်။ ကျွန်တော်ကတော့ စာထကျက်တယ် ထင်တာပါ။ မဟုတ်ပါဘူး။ ဘောလုံးပွဲ ထကြည့်တာပါ။ ဘောလုံးပွဲ ပြီးမှ စာအုပ်ရှာပါတယ်။ ပြီးမှ စာကျက်ပါတယ်။ အဲဒါလည်း သိပ်မဆိုးတဲ့ ဂရိတ်နဲ့ အောင်တာပါပဲ။

ကျွန်တော်နဲ့ ၃ နှစ်စလုံး ဘာသာရပ် အတူတူ တစ်တန်းတည်း တက်ခဲ့တဲ့ အစ်ကိုကြီး တစ်ယောက်လည်း ရှိပါတယ်။ ကျွန်တော်တို့ နောက်ဆုံးနှစ်မှာ သင်ရတဲ့ Control အင်ဂျင်နီယာ ဘာသာရပ်က ခက်လွန်းလို့ ကျောင်းသား အတော်များများ မလိုက်နိုင်ကြပါဘူး။ ကျွန်တော်တို့လည်း ထူးမခြားနားပါပဲ။ ကျွန်တော်ကတော့ Mid-term ဖြေခါနီးမှ ဒီအတိုင်းတော့ မဖြစ်သေးဘူးလို့ သတိရတာနဲ့ စာကြည့်တိုက်မှာ တစ်ပတ်လောက် အသည်းအသန် စာအုပ်ရှာဖတ်ပြီး အဲဒီဘာသာကို နားလည်အောင် လုပ်ပါတယ်။ ကျွန်တော့် ဘော်ဒါကြီးကတော့ အေးအေးဆေးဆေးပဲ သူ့အိမ်မှာ နှပ်နေပါတယ်။ တခန်းတည်း အတူတက်တာ ဆိုတော့ သူလည်း မရမှန်း ကျွန်တော် သိပါတယ်။ စာမေးပွဲ မဖြေခင် တရက်အလိုမှ သူက ဟေ့ကောင်။ ငါ့ကိုလည်း သင်ပေးဦး ဆိုလို့ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် ရှင်းပြလိုက်ပါတယ်။ စာမေးပွဲ ဖြေတော့ ကျွန်တော်က အောင်မှတ်နားမှာ ကပ်ကျပြီး သူကတော့ လွတ်လွတ်ကျွတ်ကျွတ်ကို အမှတ် ကောင်းကောင်းနဲ့ အောင်ပါတယ်။ အတန်းထဲမှာ ဆရာက ကျွန်တော့်ကို “မင်းနားမလည်ရင်လည်း မင်းသူငယ်ချင်းကို သင်ခိုင်းပေါ့ကွာ။” လို့ လာပြောလို့ ကျွန်တော်တို့ နှစ်ယောက် အားရပါးရ ရယ်ခဲ့ကြ ပါတယ်။

KT ၊ photovigor နဲ့ ဟန်သူ အပါအဝင် Singapore Polytechnic မှာ တစ်ကျောင်းတည်း အတူတက်ခဲ့ကြတဲ့ မြန်မာ သူငယ်ချင်းတွေ အတွက် အမှတ်တရ ရေးလိုက်ပါတယ်။

Tuesday, June 30, 2009

ဘောင်ဘင်ခတ်တဲ့ အိုးများ

“မပြည့်တဲ့အိုးက ဘောင်ဘင်ခတ်တယ်” လို့ မြန်မာ ဆိုရိုးစကား ရှိပါတယ်။ ပညာ မပြည့်စုံတဲ့သူတွေက ကိုယ့်မှာ ရှိတဲ့ မဖြစ်စလောက် ပညာလေးတွေနဲ့ပဲ လူအထင်ကြီး ခံရအောင် အသံကျယ်ကျယ် လောင်လောင်နဲ့ ဝါကြွားတတ်ကြတာမျိုးပါ။ တကယ့် ပညာရှင်များ ကြတော့လည်း ကိုယ့်ကိုယ်ကို နှိမ့်ချ မပြောတတ်ပေမယ့် ရှိတာထက် ပိုပြီး မပြောတတ်ကြ ပါဘူး။

ကျွန်တော် ဆယ်တန်း အောင်ပြီးခါစက ဟောပြောပွဲ တစ်ခုမှာ သမိုင်း ပါမောက္ခ ဒေါက်တာသန်းထွန်းနဲ့ ဆုံခွင့် ရလိုက်ပါတယ်။ ကျွန်တော်တို့ အင်္ဂလိပ် စကားပြော သင်တန်းမှာ လုပ်တဲ့ “ဗမာပညာရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲ မှာပါ။ ဟောပြောပွဲ မစခင်မှာပဲ စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စတစ်ခု ကြုံရပါတယ်။ နာမည်နောက်မှာ ဘောဂဗေဒ ဆိုတဲ့ ဘွဲ့ထူး ထည့်ပြီး ရေးတတ်တဲ့ စာရေးဆရာ တစ်ယောက်က ဒေါက်တာသန်းထွန်းရဲ့ ကိုယ်ရေးရာဇဝင်ကို ဖတ်ပြီးတဲ့ နောက်မှာ ရိုက်ပေါက် ဖြစ်မယ့် စကားတစ်ခွန်း ပြောသွား ပါတယ်။ “ဆရာကြီးက ဟောပြောပွဲ ပြီးရင် မင်းတို့ကို မေးချင်ရာ မေးဖို့ ခွင့်ပေးထားတယ်။ ငါတော့ စဉ်းစားလို့ မရဘူး။ မင်းတို့လို ပညာအဆင့်အတန်းနဲ့ ဆရာကြီးလို ပညာရှင် တစ်ယောက်ကို ဘာမေးခွန်း မေးမှာလဲ။ မင်းတို့ ပညာနဲ့ ဆရာကြီးရဲ့ ပညာဆိုတာ မတန်တဆကို ကွာလွန်းတယ်။ မင်းတို့ မေးခွန်းမေးဖို့ မတန်ဘူး။” လို့ ပြောသွားတာပါ။

ဘုရားလို သဗ္ဗညုတ ဉာဏ်တော် ရထားတဲ့သူကိုတောင် တပည့်သာဝကတွေက မရှင်းမလင်းတာ ရှိရင် မေးခွင့် ရှိသေးတာ။ ဒေါက်တာသန်းထွန်းကလည်း ဘုရားမဟုတ် ကျွန်တော်တို့ကလည်း လမ်းဘေးက ကလေကချေ မဟုတ် ဆိုတာတွေးမိလို့ စိတ်ထဲမှာ အတော် ခံပြင်း သွားပါတယ်။ အဲဒီ ဘောဂဗေဒ ဘွဲ့ထူးခံတဲ့ စာရေးဆရာကို နှစ်တစ်နဲ့ ထပြီး ရိုက်ချင်စိတ် ပေါက်သွားပါတယ်။ အဲဒီ စာရေးဆရာကို ချဉ်သွားလိုက်တာလည်း အခုထက်ထိ သူရေးတဲ့ စာအုပ်တွေ ဆောင်းပါးတွေ ဘယ်လောက်နာမည်ကြီးကြီး ရှောင်ဖတ်တဲ့ အထိပါပဲ။ ဖတ်စရာ မရှိတဲ့ အဆုံးမှပဲ ဖတ်ဖြစ်ပါတော့တယ်။

ဒေါက်တာသန်းထွန်း ဟောပြောပွဲ စပြီးတော့မှ စိတ်ထဲမှာ မကျေမနပ် ဖြစ်တာတွေ နည်းနည်းလျော့သွားပါတယ်။ ဒေါက်တာသန်းထွန်းကတော့ စကားပြောတဲ့နေရာမှာ ပညာရှင် ပီသပါတယ်။ စကားကို အပိုအလိုမရှိ တိုတို ပြတ်ပြတ် ပြောတတ်ပါတယ်။ အရင် ဒေါက်တာသန်းထွန်းရဲ့ စာအုပ်တွေ ဖတ်ဖူးတုန်းက သူ့ကို မာနကြီးတယ်လို့ ထင်ခဲ့ ဖူးပါတယ်။ သူစကား ပြောတာကို နားထောင်ပြီးတော့မှ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး မပြောတတ်တဲ့ အကျင့်၊ အရှိကို အရှိအတိုင်း တည့်တိုး ပြောတတ်တဲ့ အကျင့် စတာတွေကြောင့် သူ့ကို မာနကြီးတယ်လို့ ထင်ရတယ် ဆိုတာကို သဘောပေါက်သွားပါတယ်။ ဒါပေမယ့် ခုနက စာရေးဆရာလိုတော့ ရိုက်ပေါက်ဖြစ်မယ့် တစ်ဖက်သားကို နှိမ့်ချတဲ့ စကားမျိုးတွေ မပြောပါဘူး။

ဒီလိုနဲ့ ဟောပြောပွဲ ပြီးလို့ နောက်ဆုံးမှာ အမေးအဖြေ လုပ်တဲ့ အချိန် ရောက်လာပါတယ်။ အဲဒီမှာ သူမေးခွန်းတွေ ဖြေတဲ့ပုံစံကို ပိုပြီး သဘောကျသွားပါတယ်။ ဋီကာချဲ့ပြီး တောင်ပြောမြောက်ပြော လျှောက်ပြော မနေပါဘူး။ လိုရင်းကိုပဲ တိုတိုနဲ့ ထိထိမိမိ ဖြေပါတယ်။ ကျောင်းသားတစ်ယောက်က “ပညာရေး စနစ်တစ်ခု ထိရောက်မှု ရှိတယ် မရှိဘူး ဆိုတာကို ဘာပေတံနဲ့ တိုင်းမလဲ” လို့ ဆရာလိုလို သဘာလိုလို လုပ်ပြီး ထမေးပါတယ်။ ဒေါက်တာ သန်းထွန်း က “မင်းအခု မမြင်ဘူးလား။” ဆိုပြီးတော့ တစ်ခွန်းတည်း ပြန်ဖြေလိုက်လို့ ကျွန်တော်တို့ အားလုံး ဝေါကနဲ ပွဲကျသွားပါတယ်။ အဲဒီ ဟောပြောပွဲ အပြီးမှာတော့ ဒေါက်တာ သန်းထွန်းကို တကယ့် ပညာရှင်တစ်ယောက် အနေနဲ့ ပိုပြီး လေးစား သွားမိပါတယ်။

ဒီလိုနဲ့ နောက်ထပ် ၆ လလောက် ကြာပြီးတော့ ကျွန်တော် ဂျီစီအီးဖြေဖို့ ကျူရှင် စတက်ဖြစ်ပါတယ်။ အဲဒီမှာ နောက်ဆရာသမား တစ်ယောက်နဲ့ ကြုံခွင့် ရခဲ့ပါတယ်။ ကျွန်တော်တို့ကို ရူပဗေဒ သင်တဲ့ ဆရာပါ။ အမေရိကန် က နျူးကလီးယား ရူပဗေဒနဲ့ ဘွဲ့လွန်ရလာတဲ့သူ၊ မြန်မာနိုင်ငံ အဏုမြူစွမ်းအင် သုတေသနဌာနမှာ အကြံပေးပုဂ္ဂိုလ် ၊ ဒေါက်တာဘွဲ့ ရထားတဲ့သူ စတဲ့ အရှိန်အဝါတွေကြောင့် ကျူရှင် စပြီး မတက်ခင်က နည်းနည်း ဖြုံနေမိပါတယ်။ ဒါပေမယ့် စာသင်ခန်းထဲ ရောက်တော့ အထင်နဲ့ အမြင် အတော်လေး ကွာနေပါတယ်။

ဆရာကြီး စာသင်တဲ့ ပုံစံက နိုင်ငံတကာက တက္ကသိုလ်တွေမှာ သင်တဲ့ ပုံစံမျိုးလို့ သိရပါတယ်။ စင်ကာပူမှာတောင် ဒါမျိုး မကြုံဖူးပါဘူး။ သြစတေးလျက ဆရာ တစ်ချို့တော့ အဲဒီနည်းနဲ့ သင်တာ တွေ့ဖူးပါတယ်။ သင်စရာ ရှိတာကို ထိထိမိမိ သင်တယ်။ ပြီးရင် ကျောင်းသားတွေကို အပြန်အလှန် မေးခွန်းထုတ် ခိုင်းတယ်။ ဆွေးနွေးခိုင်းတယ်။ ဆရာကြီးက ကျွန်တော်တို့ကို “မင်းတို့တွေ ငါသင်သမျှ ငြိမ်နားထောင်နေရင် နားလည်လို့ မမေးတာလို့ ငါမယူဆဘူး။ ရောချနေတာ လို့ပဲ ယူဆတယ်” လို့ ပြောပါတယ်။ စိတ်ထဲမှာ သံသယ ရှိရင် ပွင့်ပွင့်လင်းလင်းမေးပါလို့ တိုက်တွန်းပါတယ်။ အဲဒီမှာ ကျူရှင်တက်ပြီးမှ ဆရာကို အပြန်အလှန် မေးခွန်းထုတ်ရဲတဲ့ အကျင့်၊ လက်ချာမတက်ခင် စာကြိုဖတ်တတ်တဲ့ အကျင့် တွေရလာပါတယ်။ ဆရာကြီး ပြောခဲ့တဲ့ စကားတွေထဲမှာ အတော်ကို မှတ်သားလောက်စရာ ကောင်းတဲ့ စကားတစ်ခွန်း ရှိပါတယ်။။ “လူတစ်ယောက်က အားလုံးကို သူတတ်တယ်လို့ လာပြောရင် အဲဒီလူ ပုံမှန်မဟုတ်ဘူး။ ရူးနေတယ် ဆိုတာ မင်းတို့ သဘောပေါက်လိုက်။ ဘာသာရပ် တစ်ခုမှာ အားလုံး တတ်တဲ့သူ ဆိုတာ မရှိဘူး။ ငါတို့ ပါရဂူဘွဲ့ ရထားတဲ့ သူတွေတောင် ဘာသာရပ်ရဲ့ နယ်ပယ် တစ်ခုကိုပဲ ကျွမ်းကျင်တယ်။ ဥပမာ Nuclear Physics နဲ့ ပါရဂူ ဘွဲ့ရတဲ့သူက တခြား physics နယ်ပယ် မှာ အကျွမ်းကျင်ဆုံးသူ မဖြစ်နိုင်ဘူး။ ဘာသာရပ်တစ်ခုထဲမှာပဲ တခြားနယ်ပယ်တွေမှာ ကိုယ့်ထက် ကျွမ်းကျင်တဲ့ သူတွေ အများကြီး။” ဆိုတဲ့ စကားပါ။ မနှစ်ကတော့ ဧရာဝတီ မဂ္ဂဇင်းထဲမှာ ဆရာကြီးကို နျူးကလီးယား ဂန်းစတား လူဆိုးကြီး တစ်ယောက်လို ပုံစံပေါက်အောင် ရေးထား ဖွထားတာ တွေ့တော့ စိတ်မကောင်း ဖြစ်မိပါတယ်။

နောက်ဆရာ တစ်ယောက်ကတော့ “မင်းတို့ စာသင်တဲ့ အချိန် တစ်ခုခု နားမလည်တာရှိတိုင်း ဆရာကို မေးမယ်ဆိုတဲ့ အကျင့်ကို ဖျောက်။ ကိုယ့်ဘာသာကို ကိုးကား(Reference) စာအုပ်ကိုင်ပြီး အဖြေတွေ့အောင်ရှာ။ ဒီတစ်အုပ်ထဲမှာ အဖြေမရှိရင် နောက်တစ်အုပ်ထဲမှာ အဖြေရှိလိမ့်မယ်။ နောက်ဆုံး မရတဲ့ အဆုံးမှ ဆရာ့ကိုမေး။ အဲဒါဆိုရင် စာအုပ်တွေ ရှာဖတ်ထားတဲ့အတွက် မင်းခေါင်းထဲမှာ ဆွေးနွေးစရာတွေ အများကြီး ရှိနေလိမ့်မယ်။ ဆရာနဲ့ အပြန်အလှန် ဆွေးနွေးရင် မင်းတို့ ပိုတတ်မယ်။ ဆရာတစ်ယောက်တည်း ဆီကနေ မင်းတို့မေးသမျှ မေးခွန်းအတွက် အဖြေအကုန် ရှိနေမယ်လို့ တွေးရင် မင်းတို့ အဲဒီဆရာ တတ်သလောက်ပဲ တတ်မယ်။ ဆရာထက် ပိုတော်တဲ့သူ ဘယ်တော့မှ ဖြစ်လာမှ မဟုတ်ဘူး။” လို့ ဆုံးမဖူးပါတယ်။ အဲဒီ ဆုံးမစကားကို ကြားမှ ဆယ်တန်း ကျူရှင်သင်တဲ့ တစ်ချို့ ဆရာတွေက ကျောင်းသားတွေကို “ကျောင်းကဆရာ ရဲ့ အာဘော်တွေကို နားမယောင်နဲ့။ ငါ့အာဘော်ကိုပဲ နားထောင်။ မဟုတ်ရင် ရှုပ်ကုန်လိမ့်မယ်။” ဆိုပြီး မဟုတ်တရုတ် ဆုံးမတာတွေ သတိရလို့ ပြုံးမိပါသေးတယ်။ အဲဒီဆရာတွေ ပညာတကယ် မပြည့်ဝလို့ ကျောင်းသားဆီကနေ မေးလာမယ့် အပြန်အလှန်မေးခွန်းတွေကို မဖြေနိုင်လို့ သူတို့ကိုယ် သူတို့ ကြိုတင်ကာကွယ် ထားတယ် ဆိုတာကို သဘောပေါက်မိပါတယ်။ ကျွန်တော့် ဆရာတွေ ထဲမှာ အဲဒီလို ဆရာမျိုးနဲ့ မတွေ့ခဲ့ရတာပဲ ကံကောင်းတယ်လို့ ပြောရပါမယ်။

အွန်လိုင်းပေါ်မှာ အတော်အသင့်လောက် သိရုံတတ်ရုံနဲ့ ဆရာကြီး လုပ်နေတဲ့ ဘောင်ဘင်ခတ်နေတဲ့ အိုးလို လူစားမျိုးကို တွေ့ရရင် တကယ်ကို စိတ်ပျက်မိတာ အမှန်ပါပဲ။ “အော်။ တကယ့် ပညာရှင်ကြီးများ အခုလို လေကျယ်မနေဘူး။ ပြောစရာ ရှိတာပဲ ပြောတယ်။ ပညာက ပြည့်ဝပြီးသား ဆိုတော့ လူအထင်ကြီး ခံရအောင် တကူးတက လုပ်ယူနေစရာ မလိုဘူး။ တကယ် ပညာမပြည့်ဝတဲ့ သူများကတော့ လူအထင်ကြီးခံရအောင် တမင်တကာ လုပ်ယူရတယ်။” လို့ ကျွန်တော်နဲ့ ကြုံခဲ့ဖူးတဲ့ ပညာရှင်ကြီးတွေနဲ့ နှိုင်းယှဉ်ပြီး စဉ်းစားမိပါတယ်။ တစ်ခါတစ်လေတော့လည်း ကိုယ်ကိုယ်တိုင်ပဲ ဘောင်ဘင်ခတ်တတ်တဲ့ အိုးတစ်လုံး ဖြစ်နေပြီလားလို့ ကိုယ့်ဘာသာကိုယ် မလုံမလဲ ပြန်တွေးမိပါတယ်။

Monday, June 8, 2009

အိုဘားမားရဲ့ စကားပြောခြင်း အတတ်ပညာ

အမေရိကန် သမ္မတ ဘာရတ် အိုဘားမား မိန့်ခွန်းပြောတာဟာ အလွန်ပဲ နားထောင်လို့ ကောင်းပါတယ်။ သူဟာ စကားပြော ကောင်းလွန်းလို့ အချို့က သူ့ကို ပြောချည်း ပြောနေတယ် ဘာမှလည်း ဖြစ်အောင် မလုပ်နိုင်ဘူးလို့ ဝေဖန်ကြပါတယ်။

ဇွန်လ ၄ ရက်နေ့က အိုဘားမားဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အာရပ်နဲ့ မွတ်ဆလင် ကမ္ဘာကို ဦးတည်တဲ့ မိန့်ခွန်းတစ်ခုကို ပြောခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်းဟာ အလွန် ဆွဲဆောင်မှု ရှိတဲ့အတွက် အဲဒီမိန့်ခွန်း ပြောတဲ့အချိန်မှာ သူသုံးခဲ့တဲ့ နည်းစနစ်တွေကို လက်လှမ်းမီသလောက် လေ့လာကြည့်မိပါတယ်။ ကျွန်တော့်အနေနဲ့ အကြောင်းအရာပိုင်းကို မသုံးသပ်ချင် ပါဘူး။ နည်းစနစ်ပိုင်းကိုပဲ သုံးသပ်ချင် ပါတယ်။အောက်က သုံးသပ်ချက် အားလုံးဟာ ကျွန်တော့် အမြင်သာ ဖြစ်တဲ့အတွက် ပြည့်စုံမှု ရှိမှာ မဟုတ်သလို အားလုံးမှန်တယ် လို့လည်း ယူဆလို့ မရပါဘူး။ ကိုယ့်ဘာသာကိုယ် ချင့်ချိန် တွေးတောနိုင်ပါတယ်။

ပရိသတ်နဲ့ တသားတည်း ဖြစ်ကြောင်း ပြောခြင်း

အိုဘာမားဟာ သူနဲ့ အာရပ်တွေ တသွေးတည်း တသားတည်း ဖြစ်တယ်ဆိုတဲ့ သဘောမျိုး ပြောကြားပြီး ဆွဲဆောင်ပါတယ်။ အိုဘားမားရဲ့ “ဆလမ် မာလေးကွမ်း” ဆိုတဲ့ နှုတ်ဆက်စကားအပြီးမှာ သူဟာ ပရိသတ်ရဲ့ သြဘာပေးမှုကို မိနစ်ဝက်ကျော်အောင် ရရှိခဲ့ပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲ တစ်လျှောက်မှာ သူ ထုတ်မသုံးခဲ့တဲ့ သူ့ရဲ့ အလယ်နာမည် ဟူစိန်ကို ပထမဆုံးအနေနဲ့ ထုတ်သုံးပြီး သူ့ကိုယ်သူ ဘာရတ် ဟူစိန် အိုဘားမား အနေနဲ့ မိတ်ဆက်ခဲ့ခြင်းဟာလည်း သူရဲ့ နည်းပရိယာယ် တစ်ခုပါပဲ။ သူ့ အဖေရဲ့ ကင်ညာနိုင်ငံက ဆွေမျိုးတွေမှာ မွတ်ဆလင်တွေ ပါဝင်နေတာ၊ သူ့ရဲ့ ကလေးဘဝကို မွတ်ဆလင် နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ အင်ဒိုနီးရှားမှာ ဖြတ်သန်းခဲ့တာ၊ ရှီကာဂိုက မွတ်ဆလင် အဖွဲ့အစည်းမှာ ကျင်လည်ခဲ့တာ တွေကို ပြန်ပြောခြင်းဟာလည်း သူဟာ မွတ်ဆလင်တွေနဲ့ မစိမ်းကြောင်း ထုတ်ဖော် ပြသွားတဲ့ နည်းပရိယာယ် တစ်ခုပါပဲ။

အမှန်ကို ထုတ်ဖော် ချီးကျူးခြင်း

လူတိုင်းက မြှောက်ပြောတာကို မကြိုက်ပါဘူး။ ဒါပေမယ့် အမှန်အတိုင်း ဖြစ်ခဲ့ဖူးတဲ့ ကိစ္စတစ်ခုကို ထုတ်ဖော် ချီးကျူးပြောဆို တာကိုတော့ လူတိုင်းက သဘောကျပါတယ်။ အိုဘားမားဟာ ကမ္ဘာ့သမိုင်းထဲမှာ မွတ်ဆလင်တွေရဲ့ အရေးပါတဲ့ ကဏ္ဍ တစ်ခု ဖြစ်တဲ့ ယဉ်ကျေးမှု ပြန်လည်ထွန်းကားလာတဲ့ခေတ် (Renaissance) မတိုင်ခင်က အချိန်တွေကို ပြန်လည်ထုတ်ဖော်ပြီး ချီးကျူးပါတယ်။ အဲဒီခေတ်က အနောက်တိုင်းမှာ နည်းပညာတိုးတက်မှုတွေ နှောင့်နေး နေခဲ့ပေမယ့် မွတ်ဆလင် ကမ္ဘာမှာ ဆေးပညာ၊ အက္ခရာသင်္ချာ၊ စက္ကူနဲ့ ပုံနှိပ်ခြင်း အတတ်ပညာ စတာတွေမှာ တိုးတက်လာခဲ့ပါတယ်။ အဲဒါတွေကို ပြန်လည် ထုတ်ဖော် ချီးကျူးခြင်းနဲ့ သူ့ကို သဘောကျအောင် ဆွဲဆောင် ခဲ့ပါတယ်။ အဲဒါအပြင် အမေရိကန် ပြည်ထောင်စုကို ပထမဆုံး အသိအမှတ် ပြုခဲ့တဲ့ နိုင်ငံဟာ မွတ်ဆလင် နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ မော်ရိုကို ဖြစ်တဲ့အကြောင်းကိုလည်း သတိတရ ထုတ်ဖော် ပြောခဲ့ပါတယ်။ မွတ်ဆလင်တွေဟာ အမေရိကန်မှာ ပျမ်းမျှ အမေရိကန်တွေထက် ပိုပြီး လူနေမှု အဆင့်အတန်း မြင့်မားတဲ့ အကြောင်းကို ထုတ်ဖော် ပြောခဲ့တာဟာလည်း သူ့ရဲ့ ပစ်ချက် တစ်ခုပါပဲ။

လူတိုင်းသိသော အမှန်တရားကို ပြောကြားခြင်း

ဒီမိန့်ခွန်းတစ်ခုတည်းနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး လို့ အိုဘားမားက ပြောပါတယ်။ ဒါကတော့ သူ မပြောလည်း လူတိုင်းသိပါတယ်။ ဒါပေမယ့် အဲဒီလို ပြောခဲ့ခြင်းကြောင့် သူ့ကို ရိုးသားတဲ့သူ တစ်ယောက် အနေနဲ့ နားထောင်တဲ့ သူတွေက ထင်မြင်သွားစေပါတယ်။ ဒါ့အပြင် အီရတ်စစ်ပွဲဟာ အမေရိကန်ရဲ့ အမှား တစ်ခုလို့ လူအတော်များများ လက်ခံထားပါတယ်။ အိုဘားမား ကိုယ်တိုင် ဆီးနိတ်လွှတ်တော် အမတ်ဘဝက အီရတ်ကို ကျူးကျော်မယ့် ကိစ္စကို ကန့်ကွက်ခဲ့ဖူး ပါတယ်။ အဲဒီ ကိစ္စဟာ အမေရိကန် ရဲ့ အလွန် ဖြစ်ကြောင်း သူ ဝန်ခံခဲ့ပါတယ်။ နောက်တစ်ခုကတော့ အမေရိကန်နဲ့ အစ္စရေး ဆက်ဆံရေးဟာ အလွန်ခိုင်မာတယ်။ ဖြတ်လို့ မရဘူးဆိုတာ လူတိုင်းသိပါတယ်။ အဲဒီ အမှန်တရား ကိုလည်း သူ ဝန်ခံခဲ့ပါတယ်။ အဲဒီလို လူတိုင်းသိတဲ့ အမှန်တရားတွေကို ဝန်ခံခဲ့ခြင်းအားဖြင့် အိုဘားမားဟာ သူ့ကိုယ်သူ ရိုးသားသူ တစ်ယောက်အနေနဲ့ ပုံဖော်ခဲ့ပြီး လူတွေကို သူ့ဘက်ပါအောင် ဆွဲဆောင်ခဲ့ပါတယ်။

စကားလုံး အသုံးအနှုန်း

သတင်းဌာနတွေရဲ့ သုံးသပ်ချက်အရ အိုဘားမားဟာ မိန့်ခွန်း တစ်ခုလုံးမှာ အကြမ်းဖက်သမား (terrorist) ဆိုတဲ့ စကားလုံးကို တစ်လုံးမှ သုံးမသွားပါဘူး။ အစွန်းရောက် ဝါဒီ (Extremist) ဆိုတဲ့ စကားလုံကိုပဲ အစားထိုး သုံးစွဲ သွားပါတယ်။ အိုဘာမားရဲ့ လက်သုံးစကား “ငါဒီနေရာကနေ နှိမ့်ချစွာ ပြောဆိုပါတယ်။” ဆိုတာကို လည်း ထည့်သွင်းပြီး ပြောသွားပါတယ်။

ကိုယ်ဟန် အမူအရာ

မိန့်ခွန်းပြောတဲ့သူဟာ စာရွက်ကိုင်ပြီး ပြောရင် ကြည့်ရတာ အလွန် အရုပ်ဆိုးသလို နားထောင်နေတဲ့သူရဲ့ ရင်ထဲကိုလည်း ရောက်ဖို့ မလွယ်ပါဘူး။ အိုဘားမားဟာ မိနစ် ၅၀ ကျော် ကြာတဲ့ မိန့်ခွန်းကို စာရွက် လုံးဝ မကိုင်ဘဲ လက်တန်း ပြောသွားပါတယ်။ သူ့ရဲ့လက်ဟာ မိန့်ခွန်းပြောတဲ့ အချိန်တစ်လျှောက်လုံးမှာ စကားနဲ့အညီ လိုက်ပြီး လှုပ်ရှားနေပါတယ်။ လက်နှစ်ဖက်ကို ဘေးကို ဖွင့်ပြီး ပြောတဲ့ ကိုယ်ဟန်အမူအရာဟာ သူ့မှာ ပွင့်လင်းမှု ရှိတယ် အားလုံးကို ကြိုဆိုနေတယ် ဆိုတဲ့ အမူအရာ မျိုးပါပဲ။ လက်ညှိုးတစ်ချောင်ကို ထောင်ပြီး လက်ကို တံတောင်ဆစ်အထက်မှာ မြှောက်ထားတဲ့ အမူအရာမှာတော့ သူဟာ သြဇာအာဏာရှိတဲ့ လူတစ်ယောက် ဖြစ်တယ်ဆိုတာကို ပြနေပါတယ်။

မှတ်သားစရာကောင်းတဲ့ စကားများ

အိုဘားမားရဲ့ မိန့်ခွန်းထဲက မှတ်သားစရာကောင်းတဲ့စကားတစ်ချို့ကို ရွေးထုတ် လိုက်ပါတယ်။

“ကျွန်တော်တို့ရဲ့ လတ်တလော အတွေ့အကြုံတွေက သင်ခန်းစာရခဲ့တာက နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးစနစ်ဟာ မခိုင်မာဘူး ဆိုရင် နေရာအနှံ့အပြားမှာ ရှိတဲ့ ကြွယ်ဝမှုတွေကို အကျိုးသက်ရောက်စေတယ်။ အဖျားရောဂါ အသစ်တစ်ခုဟာ လူတစ်ယောက်မှာ ဖြစ်ပြီ ဆိုရင် လူသား အားလုံးအတွက် အန္တရာယ်ရှိတယ်။ နိုင်ငံတစ်နိုင်ငံက နျူးကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားတယ် ဆိုရင် နိုင်ငံအားလုံးမှာ နျူးကလီးယား တိုက်ခိုက်ခံရမှု အတွက် အန္တရာယ်ရှိတယ်။ ကြမ်းတမ်းတဲ့ အစွန်းရောက်ဝါဒီတွေဟာ တောင်တန်းတစ်ခုမှာ အခြေပြု လှုပ်ရှားတယ် ဆိုရင် သမုဒ္ဒရာ တစ်ဖက်ကမ်းက လူတွေမှာ အန္တရာယ် ရှိတယ်။ ဒါဖာနဲ့ ဘော့စနီးယားမှာ အပြစ်မဲ့တဲ့သူတွေ အသတ်အဖြတ်ခံရတယ် ဆိုရင် ကျွန်တော်တို့အားလုံးရဲ့ စိတ်ဝိဉာဉ်တွေကို အစွန်းအထင်း ဖြစ်စေတယ်။ အဲဒါဟာ ၂၁ ရာစုမှာ ကျွန်တော်တို့ ကမ္ဘာကို ဝေမျှ နေထိုင် ကြတယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ။”

“စစ်ပွဲတစ်ခုကို စရတာ လွယ်ပေမယ့် အဆုံးသတ်ဖို့ခက်တယ်။ အခြားလူတွေကို ထဲထဲဝင်ဝင် မြင်အောင် ကြည့်ရတာထက် အပြစ်တင်ရတာက ပိုလွယ်တယ်။ အခြားလူတစ်ယောက်နဲ့ ကိုယ်နဲ့ ကွဲပြားခြားနားတဲ့ အချက်ကို ရှာကြည့် ရတာက ကိုယ်နဲ့တူညီတဲ့အချက်ကို ရှာဖွေရတာထက် ပိုလွယ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ မှန်ကန်တဲ့ လမ်းကိုပဲ ရွေးသင့်တယ်။ လွယ်ကူတဲ့ လမ်းကို မရွေးသင့်ဘူး။”

ဂျော့ရှ်ဘုရှ်တုန်းကတော့ သတင်းစာ ဆရာ တစ်ယောက်က ဖိနပ်နဲ့ ပေါက်ခဲ့ပါတယ်။ အိုဘားမား အလှည့်မှာတော့ မိန့်ခွန်း ပြောနေတဲ့ အချိန်မှာ ပရိသတ်ထဲကနေ “ဘားရတ် အိုဘားမား။ we love you. ” လို့ အော်ဟစ်ပြီး အားပေးခံရတဲ့ အထိပါပဲ။ အိုဘားမားရဲ့ မိန့်ခွန်းစာသား အပြည့်အစုံနဲ့ ဗွီဒီယိုကို အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ်။

Links:
Original Speech
အိမ်ဖြူတော်မှ ထုတ်ပြန်တဲ့ မိန့်ခွန်း ဗွီဒီယို

Sunday, May 3, 2009

အယူသီးမှု နှင့် ထုံးတမ်းစဉ်လာ

၁၃ ဂဏန်းကို နိမိတ် မကောင်းဘူး ဆိုပြီး ပြောကြတဲ့သူ အတော်များ ပေမယ့် ဘာလို့ နိမိတ် မကောင်းတာလဲ ဆိုတာကို မေးရင်တော့ သိတဲ့သူ နည်းပါတယ်။ လူအများစု လက်ခံထားတဲ့ သီအိုရီကတော့ ခရစ်တော်ရဲ့ နောက်ဆုံး ညစာစားပွဲမှာ သစ္စာဖောက် တပည့်သာဝက ဂျူးဒပ်ဟာ ၁၃ ယောက်မြောက် နေရာမှာ ထိုင်ခဲ့ ပါတယ်။ အဲဒါကြောင့် အနောက် တိုင်းသားတွေက ၁၃ ဂဏန်းကို နိမိတ်မကောင်းတဲ့ ဂဏန်းအဖြစ် ယူဆကြ တယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်စာမှာ ၁၃ ဂဏန်းကို ကြောက်တတ်တဲ့ ရောဂါ ကို Triskaidekaphobia လို့ ခေါ်ပါတယ်။ ဒါပေမယ့်လည်း လွှမ်းခြုံဆက်စပ်နေတဲ့ ကမ္ဘာ (Globalization) မှာ အတွေးအခေါ် ကူးစက်မှုတွေက အရမ်းကို မြန်ပါတယ်။ အနောက် တိုင်းသားတွေ ၁၃ ဂဏန်း မကောင်းဘူး ပြောတာနဲ့ အရှေ့တိုင်းက လူတွေပါ ၁၃ ဂဏန်း မကောင်းဘူးလို့ လိုက်ပြောကြ ပါတယ်။ ဘာမဆိုင် ညာမဆိုင် မြန်မာပြည်က လယ်တွင်း ကိုးခရိုင်မှာပါ ပေါင်းချင်း ၁၃ ခရီး မသွားကောင်းဘူး ဆိုပြီး ကွန့်တဲ့သူ တွေ ရှိပါတယ်။ အံ့သြစရာတစ်ခု အနေနဲ့ သတိထားမိခဲ့တာ ကတော့ ရန်ကုန်က ကုန်သည်ကြီးများ ဟိုတယ်မှာ ၁၃ ထပ် မရှိဘဲ ၁၂ ထပ်နဲ့ ၁၄ ထပ် ကြားက အထပ်ကို A လို့ ရေးထားတာပဲ ဖြစ်ပါတယ်။ ၁၃ ဂဏန်းကို ကံမကောင်းတဲ့ ဂဏန်းအဖြစ် ဘယ်လိုပဲ ပြောကြပေမယ့် တကမ္ဘာလုံးက လက်ခံကြတာတော့ မဟုတ်ပါဘူး။ အိန္ဒိယ နိုင်ငံမှာ ၁၃ ဂဏန်းကိုပဲ လပ်ကီးကောင်းတဲ့ ဂဏန်းလို့ ယူဆကြတဲ့ ဆစ်ခ် ဘာသာဝင် တွေ ရှိပါသေးတယ်။

တရုတ် ကိုရီးယားနဲ့ ဂျပန်ဘာသာစကားမှာ ၄ ဂဏန်းရဲ့ အသံထွက်ဟာ သေခြင်းတရားဆိုတဲ့ စကားလုံးရဲ့ အသံထွက်နဲ့ နီးစပ်ပါတယ်။ အဲဒါကြောင့် ထိုင်ဝမ်အပါအဝင် တရုတ်၊ကိုရီးယား၊ ဂျပန် နိုင်ငံတွေမှာ ၄ ဂဏန်းကို သေခြင်းတရားနဲ့ ဆက်စပ်နေတဲ့ ဂဏန်းတစ်ခု အနေနဲ့ ကြောက်ရွံ့ကြပါတယ်။ တရုတ်လူမျိုးတွေဟာ နှစ်သစ်ကူးနေ့မှာ ၄ ဆိုတဲ့ ဂဏန်းကို မပြောရဘူး ဆိုတဲ့ အထိ အယူသီးမှု ရှိပါတယ်။ ၄ ဂဏန်းကို ကြောက်ရွံ့တဲ့ ရောဂါကိုတော့ အင်္ဂလိပ်ဘာသာမှာ Tetraphobia လို့ ခေါ်ကြပါတယ်။

မြန်မာပြည်က အယူသည်းမှုတွေဟာ အခြား ပြည်ပက တင်သွင်းတဲ့ ပစ္စည်းများလိုပဲ နိုင်ငံပေါင်းစုံကနေ လာကြပါတယ်။ တစ်ခါတစ်လေတော့လည်း နိုင်ငံခြားက လာတဲ့ အယူအဆတွေကို ဘိုးစဉ်ဘောင်ဆက်ပဲ ရှိခဲ့ဖူးသလို ထင်ယောင်ထင်မှား ဖြစ်တတ်ကြပါတယ်။ မြန်မာ ရုပ်ရှင် ဗွီဒီယိုတွေထဲမှာ ရိုက်ပြတတ်တဲ့ အဖြစ်ဆိုးတစ်ခု နဲ့ ကြုံတဲ့ အခါတိုင်းမှာ ပန်းအိုး ကျကွဲတာတို့ မှန်ကျကွဲတာတို့ဟာ အနောက်တိုင်းက လာတဲ့ အယူသီးမှု တွေပဲ ဖြစ်ပါတယ်။ အနောက်တိုင်းမှာတော့ မှန်ကျကွဲရင် ၇ နှစ်တိတိ ကံမကောင်းဘူးလို့ ယူဆကြပါတယ်။ အဲဒါကို ပြန်ဖြေဖို့ ကျကွဲခဲ့တဲ့ မှန်ကို လရောင်အောက်မှာ မြေကြီးထဲ သွားမြှုပ်ရတယ်လို့လည်း ဆိုကြပါတယ်။ အဲဒီလိုပဲ ညဘက် လက်သည်းခြေသည်း မညှပ်ကောင်းဘူး ဆိုတာကလည်း တရုတ်လူမျိုး တွေရဲ့ တောက်တယ်ကျင်း ကျမ်းက လာတဲ့ အယူသီးမှုပဲ ဖြစ်ပါတယ်။ လက်ဖဝါး ယားရင် ပိုက်ဆံဝင်မယ်၊ ခြေဖဝါး ယားရင် ခရီးထွက်ရမယ်၊ ကြက်သွန်ဖြူက မကောင်းဆိုးဝါးတွေရဲ့ ရန်က ကာကွယ်ပေးနိုင်တယ်၊ ခွေးအူရင် လူမမာ သေခါနီးပြီ ဆိုတာမျိုး တွေကတော့ မြန်မာလူမျိုး တစ်မျိုးတည်းတွင်သာ မကပဲ လူမျိုးခြားတွေမှာပါ ရှိတတ်တဲ့ အယူသီးမှု တွေပဲ ဖြစ်ပါတယ်။

အယူသီးတာက အချိန်ကြာလာရင် ထုံးတမ်းစဉ်လာ တစ်ခု ဖြစ်သွားတတ် ပါတယ်။ မင်္ဂလာဆောင်တွေမှာ သတို့သမီးကို မျက်နှာဖုံး အုပ်တာဟာ မကောင်းဆိုးဝါးတွေရဲ့ မျက်လုံးကနေ မမြင်နိုင်အောင် ကာကွယ်တဲ့ သဘောမျိုးနဲ့ စခဲ့တာ ဖြစ်ပါတယ်။ အခုတော့လည်း သတို့သမီးရဲ့ မျက်နှာဖုံးဟာ ဖက်ရှင် တစ်ခု ဖြစ်သွားပါပြီ။ အသုဘ အခမ်းအနား တွေမှာ ပြုလုပ်နေကျ ထုံးတမ်း စဉ်လာ တစ်ချို့ဟာ အယူသီးမှုကို အခြေခံခဲ့ ပေမယ့် အခုတော့ အယူသီးမှုု မဟုတ်တော့ဘဲ ထုံးတမ်းစဉ်လာ ဖြစ်နေပါပြီ။ ပန်းခွေဆိုတာ သေသွားတဲ့ သူတွေရဲ့ ဝိဉာဉ်တွေကို ချုပ်နှောင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စပြီး လုပ်ခဲ့တာပါ။ နှစ်ကာလ ကြာတော့ အယူသီးတာကို ဘယ်သူမှ သတိမရတော့ဘဲ အမှတ်တရ အနေနဲ့ ပို့တဲ့ လွမ်းသူ့ ပန်းခွေ ဖြစ်သွားပါတယ်။ အဲဒီလိုပဲ စစ်ဖက်ဆိုင်ရာ အသုဘ အခမ်းအနားတွေမှာ သေနတ်ဖောက်တာ သရဲတွေကို ခြောက်လှန့်ထုတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စခဲ့တယ် လို့ သိရပါတယ်။ အခုခေတ် မှာတော့ ဂုဏ်ပြုတဲ့ အနေနဲ့ သေနတ်ဖောက်တဲ့ ထုံးတမ်းစဉ်လာ ဖြစ်သွားခဲ့ပါပြီ။

ပြောပါများ ကြားပါများတော့ အယူသီးတာကိုတောင် သတိမထားမိ သလို ဖြစ်တတ်ပါ သေးတယ်။ မွေးနေ့ကိတ် ပေါ်က ဖယောင်းတိုင်တွေကို တစ်ချက်တည်းနဲ့ မှုတ်ပြီး လိုရာ ဆုတောင်းရင် ပြည့်တယ် ဆိုတာမျိုး၊ ကြယ်ကြွေတဲ့အချိန် ဆုတောင်းရင် ပြည့်တယ် ဆိုတာမျိုး၊ လောင်းကစားလုပ်တဲ့နေရာမှာ စလုပ်တဲ့သူဟာ ကံကောင်းတတ်တယ် ဆိုတာမျိုးကို ကျွန်တော်တို့တစ်တွေ အယူသီးတာမှန်းတောင် တခါတလေ မေ့နေတတ်ကြပါတယ်။ အဲဒီလိုပဲ သမီးရည်းစားချင်း လက်ကိုင်ပုဝါ ရေမွှေးပုလင်း လက်ဆောင်ပေးရင်ကွဲမှာ စိုးရိမ်လို့ စတိသဘောနဲ့ ပိုက်ဆံ အနည်းအကျဉ်း ယူပြီး အရောင်းအဝယ် သဘောမျိုး ဖြစ်အောင် လုပ်ကြတာလည်း အယူအသီးမှု တစ်ခု ပါပဲ။ တစ်ခါတစ်လေတော့လည်း အယူသီးတာကို ကျွန်တော်တို့ မသိဘဲ တကယ်ဖြစ်သလို ထင်တဲ့ ကိစ္စတွေ လည်း ရှိတတ်ပါတယ်။ ရေနစ်တဲ့ သူတစ်ယောက်ဟာ မနစ်ခင် သုံးခါတိတိ ရေပေါ်ကို ပြန်ပေါ်တယ် ဆိုတာ တကယ် မဟုတ်ပဲ အယူသီးမှု တစ်ခု သက်သက်သာ ဖြစ်ပါတယ်။

ဆိုင်ဘာခေတ်ရဲ့ အယူသီးမှုကတော့ ဆက်တွဲ အီးမေးလ် (Chain E-mail) တွေကို အပြန်အလှန် ပို့ကြတာမျိုးပါ။ အခုချက်ချင်း ဘယ်နှစ်ယောက်ကို မပို့ရင် ရည်းစားနဲ့ ကွဲမယ် ဆိုတာမျိုး၊ ဆွေမျိုးသားချင်းထဲက တစ်ယောက်သေမယ် ဆိုတာမျိုးတွေနဲ့ ခြိမ်းခြောက်ပြီး အီးမေးလ်တွေကို ဖော်ဝပ် လုပ်ခိုင်း ကြပါတယ်။ တစ်ခါတစ်လေတော့လည်း ရုပ်ပုံကလေး တစ်ပုံကို ဖော်ဝပ်လုပ်ပြီး ဒီရုပ်ပုံက ကံကောင်းခြင်းတွေ ယူဆောင်လာတယ် ဆိုတာမျိုးလည်း လုပ်တတ်ကြပါသေးတယ်။ အံ့သြစရာ ကောင်းလောက်အောင်ပဲ ပညာတတ် ကွန်ပြူတာ အသုံးပြုသူ အတော်များများက ချိန်း အီးမေးလ်တွေရဲ့ အကြောင်းကို သေသေချာချာ မစဉ်းစားပဲ မဆင်မခြင် ဖော်ဝပ် လုပ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အခု စိတ်ချရတာက နောက်မှ နောင်တရ တာထက် ကောင်းတယ် ဆိုတာမျိုး တွေးကြပါတယ်။ ဘယ်လိုပဲ တွေးသည်ဖြစ်စေ အီးမေးလ်တစ်ခုက ကိုယ့်ကံကြမ္မာကို ပြောင်းလဲ သွားနိုင်တယ် ဆိုတဲ့ အယူသီးမှုမျိုးကိုတော့ ခေတ်ပညာတတ် တစ်ယောက်မှာ လုံးဝ မရှိသင့်ဘူး လို့ပဲ ယူဆမိပါတယ်။