Search This Blog

Showing posts with label ဂျာမနီ. Show all posts
Showing posts with label ဂျာမနီ. Show all posts

Thursday, April 22, 2010

နည်းနည်းလေးတော့ လွဲနေတယ်

ရန်ကုန်တက္ကသိုလ်မှာ ကွန်ပြူတာဌာန စဖွင့်တဲ့အချိန်တုန်းက ရန်ကုန်တက္ကသိုလ် သင်္ချာတွက်စက်ဌာန ဆိုတဲ့ နာမည်နဲ့ စခဲ့တယ်လို့ ကြားဖူးပါတယ်။ ကွန်ပြူတာ သင်ဖို့ နိုင်ငံခြားကို ပညာတော်သင် လွှတ်လိုက်တဲ့သူတွေ ပြန်လာတဲ့ အခါကျမှ ကွန်ပြူတာဆိုတာ သင်္ချာတွက်စက် သက်သက် မဟုတ်မှန်း သိလို့ ရန်ကုန်တက္ကသိုလ် ကွန်ပြူတာဌာန ဆိုပြီး ပြန်ပြောင်းခဲ့တယ် လို့ ဆိုပါတယ်။ အဲဒါက ACE မှာ ကွန်ပြူတာ သင်တန်း တက်တုန်းက ဆရာ ဦးသိန်းဦး ပြောပြခဲ့ဖူးတာပါ။

ကျွန်တော်တို့ တတွေတော့ ကွန်ပြူတာကို စသုံးကတည်းက အင်္ဂလိပ်လို သုံးလာခဲ့တာမို့ ကွန်ပြူတာနဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်တွေကို မြန်မာလို ကြားရရင် နားထဲမှာ ကန့်လန့်ကြီး ဖြစ်နေတတ် ပါတယ်။ Hardware ကို အမာထည်၊ Software ကို အနုထည်လို့ ရေးထားတာမျိုး ဖတ်ရရင် စိတ်ထဲမှာ ကျလိကျလိ ဖြစ်နေတတ်ပါတယ်။ မြန်မာလိုသာ တိုက်ရိုက်ဘာသာပြန် ရရင် ဖိုရမ်ထဲမှာ ဖတ်ဖူးသလို Plug and Play ကို စွပ်ပြီးဆော့ လို့ ပြန်တာမျိုး ဖြစ်နေပါလိမ့်မယ်။ အခုနောက်ပိုင်း မြန်မာလို ဘာသာပြန်ထားတဲ့ ဆော့ဖ်ဝဲလ်တွေမှာ "သိမ်းပါ" တို့ "ဆက်မလုပ်ရန်" တို့တွေ့ရင် ကိုယ်က အင်္ဂလိပ်လို အမြဲသုံးနေကျမို့ တခါတလေ ဘာကို ဆိုလိုချင်မှန်း မသိအောင်ကို အူကြောင်ကြောင် ဖြစ်နေတတ် ပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာပေါ်မှာ သုံးနေတဲ့ ဆော့ဖ်ဝဲလ်တိုင်းက အင်္ဂလိပ်လို ရေးထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဥရောပကို စက်တွေရောင်းတာ အတော်များလာတော့ ဥရောပ အရောင်းကိုယ်စားလှယ်တွေက စက်ပေါ်မှာ ရေးထားတဲ့ ဆော့ဖ်ဝဲလ်ကို ဘာသာပြန်ခိုင်းပါတယ်။ ကျွန်တော်တို့က မင်းတို့ ဥရောပမှာ အင်္ဂလိပ်လို မတတ်ကြဘူးလား။ အင်္ဂလိပ်လို ရေးထားတော့ သုံးမရဘူးလားလို့ နှက်တော့ သူတို့က အင်္ဂလိပ်လိုတော့ တတ်တာပေါ့ကွာ။ ဒါပေမယ့် တခြားစက်တွေက အကုန်လုံး ဥရောပက ထုတ်တဲ့စက်တွေ ဆိုတော့ ဥရောပမှာ သုံးတဲ့ ဘာသာစကားတွေနဲ့ ဘာသာပြန်ပြီးသား ပါတယ်။ ငါတို့က ဘာသာ မပြန်ရင် ငါတို့သူများနဲ့ မယှဉ်နိုင်ပဲ နေလိမ့်မယ်လို့ ပြန်ပြောပါတယ်။ ဒီလိုနဲ့ ဂျာမနီကို ပို့မယ့် စက်တစ်လုံးက ဆော့ဖ်ဝဲလ်ကို ကျွန်တော်တို့ ဘာသာပြန်ကြပါတယ်။ ကျွန်တော်တို့က သူတို့ကို ကွန်ပြူတာ ပေါ်မှာ ပေါ်သမျှ မီနူးတွေ ခလုပ်တွေမှာ ပါသမျှ အင်္ဂလိပ်စာတွေ ၊ Error တက်လာရင် ပေါ်တဲ့ Message တွေကို စာရင်းလုပ်ပေးရပါတယ်။ သူတို့က အဲဒီစာတွေကို ဘာသာပြန်ပြီး ကျွန်တော်တို့ကို ပြန်ပို့ ပေးပါတယ်။

အဲဒီစာတွေ အကုန်လုံးကို ဆော့ဖ်ဝဲလ်ထဲ ရိုက်ထည့်လိုက်လို့လည်း မဖြစ်သေးပါဘူး။ အဲဒါဆို ကျွန်တော်တို့ ကိုယ့်စက်ကိုယ် ပြင်တဲ့အချိန် ဒီလောက် ခလုပ်တွေ အများကြီးထဲက ဘယ်ခလုပ် နှိပ်လို့ နှိပ်ရမှန်း မသိဘဲ မြွေကိုက်မှာပါ။ အဲဒါကြောင့် ဖိုင်ထဲမှာ အင်္ဂလိပ်စာ တခြမ်း ဂျာမန်စာ တခြမ်း ထည့်ပြီး ဘာသာစကား နှစ်မျိုး သုံးလို့ရအောင် လုပ်ပေးရပါတယ်။ အခုနောက်ပိုင်း ထွက်တဲ့ C# လို ဆော့ဖ်ဝဲလ်မျိုးမှာ ဘာသာပြန်ဖို့ လွယ်ပေမယ့် နိုင်တီးဂွမ်တီးက Visual Basic 6 နဲ့ ရေးထားတဲ့ ဆော့ဖ်ဝဲလ်မျိုးကိုတော့ ဘာသာ ၂မျိုး ထွက်အောင် ပြန်ပြင်ရတာ အတော်စားပါတယ်။ ဘာသာ ၂ မျိုးနဲ့ စပြီး သုံးခါစက အင်္ဂလိပ်လို ပေါ်လိုက် ဂျာမန်လို ပေါ်လိုက် တောင်တခြမ်း မြောက်တခြမ်း ဖြစ်နေပေမယ့် နောက်တော့လည်း ပြင်ရင်း ပြင်ရင်းနဲ့ အဆင်ပြေသွားပါတယ်။ စက်မှာသုံးတဲ့ ဆော့ဖ်ဝဲလ်ကို ဂျာမန်လို ပြီးတော့ ပြင်သစ်လို၊ ဒတ်ချ်လို နောက်တော့ စပိန်လို ကျွန်တော်တို့ ဘာသာပြန်ကြပါတယ်။ ကျွန်တော်မှတ်မိသလောက်တော့ OK ဆိုတဲ့ စာလုံးက လွဲရင် ကျန်တဲ့စာလုံး အကုန် ဘာသာပြန်ရပါတယ်။ OK ကတော့ ဘာသာစကား အတော်များများမှာ ဒီစာလုံးပါပဲ။ ဒါပေမယ့်လည်း ကျွန်တော်တို့ ကိုယ်တိုင် ဘာသာပြန်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က အင်္ဂလိပ်လို ရေးပေးပြီး တခြားသူကို ပိုက်ဆံပေးပြီး ဘာသာပြန် ခိုင်းတာပါ။ နောက်ပိုင်းမှာတော့ ဥရောပကို သွားတဲ့ စက်တိုင်းလိုလိုမှာ ဘာသာစကား ၂ မျိုးစီ ထည့်ပေးရပါတယ်။

ကျွန်တော်က ဆော့ဖ်ဝဲလ်ရေးတဲ့သူပေမယ့် စက်တစ်လုံး မထွက်ခင် ကွာလတီ စစ်တဲ့ ကိစ္စတွေလည်း ပါရပါသေးတယ်။ ဥရောပက ကွန်ပလိန်း အတော်များများက ကျွန်တော့်ဆီ ရောက်တာမို့ သူတို့ ဘယ်နေရာ ကွန်ပလိန်း တက်တတ်တယ် စက်ကို ဘယ်လို ကလိတတ်တယ် ဆိုတာ ကျွန်တော် ကောင်းကောင်း သိထားပါတယ်။ အဲဒီတော့ စက်ပို့လိုက်ရင် သူတို့ဆီက ကွန်ပလိန်း သိပ်မလာအောင် ကြိုကန်ပေးရတဲ့ သဘောပါ။ ဒါပေမယ့်လည်း ဘယ်သူရေးလိုက်တဲ့ ဆော့ဖ်ဝဲလ် ဖြစ်ဖြစ် ကွန်ပလိန်း တက်ရင် ကျွန်တော် ရှင်းပေးရပါတယ်။

ဒီလိုနဲ့ တစ်နေ့တော့ ကျွန်တော်တို့ ဟော်လန်ကို စက်တလုံး ပို့ပါတယ်။ ဒတ်ချ်ဘာသာ ပြန်ပြီးသား ဖိုင်က အသင့်ရှိတော့ စက်မှာ အဲဒီ ဒတ်ချ်ဘာသာ ဖိုင်ထဲက စာတွေကို ကူးပြီး ထည့်ပေးလိုက်ပါတယ်။ ဒါပေမယ့်လည်း စက်ရောက်သွားပြီး မကြာခင်မှာပဲ အေးဂျင့်က ကျွန်တော့်ကို ဖုန်းဆက်ပါတယ်။

"မင်းကောင်တွေတော့ လုပ်ထည့်လိုက်ပြန်ပြီကွာ။"
"ဘာဖြစ်လို့လဲလို့"
"ဘာဖြစ်ရမလဲ။ ဒတ်ချ်လို ဘာသာပြန်ပါ ဆိုတာကို ဟော်လန်ပို့တဲ့စက်ကို ဂျာမန်လို ဘာသာပြန် ထည့်လိုက်တယ်။ သေသေချာချာ မစစ်ကြဘူး။"

သူက တခြား အင်ဂျင်နီယာ တစ်ယောက် လုပ်လိုက်တာလို့ ထင်ပါတယ်။ အမှန်တကယ်ကတော့ အဲဒီစက်က ကျွန်တော် လုပ်လိုက်တဲ့စက်ပါ။ အဲဒါနဲ့ ကျွန်တော်က ပြန်ပြောပါတယ်။
"မမှားပါဘူး။ တခြားသူ လုပ်တာလည်း မဟုတ်ဘူး။ အဲဒီစက်ကို ဘာသာပြန်တာ ငါပြန်တာ။ ငါသေသေချာချာ ကြည့်လိုက်တာပဲ။ ဒတ်ချ်လို ဘာသာပြန်ထားတာ သေချာပါတယ်။"

သူကလည်း အတင်းငြင်းပါတယ်။
"သေချာတယ်။ ဂျာမန်လိုမှ ဂျာမန်လို ရေးထားတာ။ ငါဒတ်ချ်လိုရော ဂျာမန်လိုရော တတ်တယ်။ ငါအခု စက်ဘေးမှာ ရှိနေတယ်။ မင်းပြန်စစ်ကြည့်ဦး။"

ကျွန်တော်လည်း အဲဒီစက်မှာ ပါသွားတဲ့ ဆော့ဖ်ဝဲလ်နဲ့ ဘာသာပြန် ဖိုင်ကို ချက်ချင်း စစ်ပြီး ဖွင့်ကြည့်ပါတယ်။ အဲဒီဖိုင်ရဲ့ ခေါင်းစဥ်ကို ကျွန်တော်မြင်တာက ဒတ်ချ်ဘာသာ မှ ဒတ်ချ်ဘာသာ အစစ်ပါ။ အဲဒါနဲ့ ကျွန်တော်က သူ့ကို ပြန်ပြောပါတယ်။

" ငါအခုကြည့်ပြီးပြီ။ သေချာတယ်။ ဒတ်ချ်လို ဘာသာပြန်ထားတဲ့ဖိုင်။ ဒီမှာ အပေါ်မှာ Deutsch လို့ ရေးထားတယ်။"

အဲဒီလို ပြောတာ ကြားတော့ ဥရောပရုံးက အေးဂျင့်က ဟိုဖက်ကနေ ဟက်ဟက်ပက်ပက် အော်ရယ်ပါတယ်။
"မိုင်ဂေါ့ဒ်။ Deutsch ဆိုတာ ဂျာမန်စာကို ပြောတာကွ။ ဒတ်ချ်ကို Dutch လို့ ပေါင်းတယ်" လို့ သူက ပြန်ပြောပါတယ်။ အဲဒီတော့ ကျွန်တော့ ဘေးနားမှာ ရှိနေတဲ့ မန်နေဂျာက ဝင်ပြောပါတယ်။

"အေးလေကွာ။ ဘယ်သိမှာလဲ။ ငါတို့ သိတာ ဒတ်ချ်လို့ သိတာပဲ။ မင်းတို့ အခုပြောမှ Deutsch ဆိုတာ ဂျာမန်စာကို ခေါ်တာမှန်း ငါလည်း သိတာ။ အပေါ်မှာ ဂျာမန်လို့ ရှင်းရှင်းလင်းလင်း ရေးပါလား။"
"ရတယ်။ မသိလို့ မှားတာ ကိစ္စမရှိပါဘူး။ ငါတို့ကို ဒတ်ချ်ဘာသာ ဖိုင်သာ ပို့ပေးလိုက်။ ကိုယ့်ဘာသာကိုယ် လိုတာ ထပ်ထည့်လိုက်မယ်။" လို့ သူက ပြန်ပြောပါတယ်။ ဒီလိုနဲ့ ဇာတ်လမ်း ပြတ်သွားပါတယ်။

အဲဒီတော့မှ Deutsch ဆိုတာ ဂျာမန်ဘာသာ Deutschland ဆိုတာ ဂျာမနီကို ခေါ်တယ် ဆိုတာ ကျွန်တော်တို့ သိလိုက်ရပါတယ်။ မှားတဲ့ အခါလည်း မှားပေဦးမှာပေါ့။ Deutsch နဲ့ Dutch ကလည်း သိပ်ကွာတာမှ မဟုတ်တာ။

Monday, March 8, 2010

ချိုင်းနားပလိတ်

တစ်နေကုန် လို့မှ လူတစ်ယောက်နဲ့ စကားတစ်ခွန်းကို ဟုတ်တိပတ်တိ မပြောရတာ အတော်ကို ကသိကအောက် နိုင်ပါတယ်။ စကားပြောစရာ လူမရှိတာတော့ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ ရှိသမျှ လူအားလုံးနဲ့ ကိုယ်ပြောသမျှ စကား သူတို့က နားမလည် သူတို့ ပြောသမျှစကားလည်း ကိုယ်နားမလည် ဆိုတာမျိုး ဖြစ်နေတာပါ။ ကျွန်တော်က မြန်မာစကားကို ကောင်းကောင်း ပြောတတ်ပါတယ်။ သူတို့ကတော့ မြန်မာလို ပြောဖို့ ဝေလားဝေး အင်္ဂလိပ်စကားတောင် ဟုတ်တိပတ်တိ မပြောကြတော့လည်း အတော်လေးကို ကွိုင်စား ပါတယ်။ အင်္ဂလိပ်စကားကို ကမ္ဘာပေါ်မှာ နေရာတကာ ပြောတယ်ဆိုတာ အလကားလျှောက်ပြောတာနေမှာ။ စက်မှုထွန်းကားတဲ့ ဂျာမနီလို ဥရောပနိုင်ငံတွေမှာတောင် အင်္ဂလိပ်စကား မတတ်တဲ့သူတွေ တပုံတခေါင်းကြီး ရှိကြသေးတယ် လို့ စိတ်ထဲက တွေးမိပါတယ်။

အဲဒီနေ့က တနင်္ဂနွေနေ့ ရုံးနားရက်မို့ ခါတိုင်းထက် နောက်ကျမှ အိပ်ရာက ထဖြစ်တယ်။ အခန်းထဲက ထွက်လာပြီး မနက်စာ စားနေကျ နေရာ ရောက်တော့ ခါတိုင်း ဘူဖေးပြင်ထားတတ်တဲ့ မနက်စာက မရှိပါဘူး။ ဘယ်များ ရောက်သွားပါလိမ့်လို့ လိုက်ရှာနေတုန်း ဟိုတယ်က ဝန်ထမ်း အမျိုးသမီး တစ်ယောက်က စားပွဲတစ်လုံးပေါ်မှာ တစ်ယောက်စာ ပြင်ထားတဲ့ မနက်စာကို လက်ညှိုးထိုးပြတယ်။ သူ့ပါးစပ်က ဂျာမန်စကားတွေနဲ့ ရွှတ်ရှက်တွေ ပြောပေမယ့် ကျွန်တော် နားမလည်ဘူး။ ကျွန်တော်က ဒါကျွန်တော့်အတွက် မနက်စာလားလို့ အင်္ဂလိပ်လို မေးတော့လည်း သူက နားလည်သလား နားမလည်သလား မသိဘူး။ ဒီစားပွဲကိုပဲ လက်ညှိုးထိုးပြတယ်။ အဲဒီတော့လည်း နိုင်ငံတကာသုံး ဘာသာစကားဖြစ်တဲ့ လက်ဟန်ခြေဟန်နဲ့ပဲ ဒါကျွန်တော့် မနက်စာ ဆိုတာကို သဘောပေါက်လိုက် ရတော့တယ်။

ဒီမနက်ဟိုတယ်မှာ တည်းတဲ့သူက သိပ်များများစားစား မရှိလို့ မနက်စာကို ဘူဖေးပြင်မထားဘူး ဆိုတာ သဘောပေါက်လိုက် မိပါတယ်။ သူတို့ဆီမှာ စနေတနင်္ဂနွေ နေ့တွေ ဆိုရင် ဘယ်သူမှ အလုပ်မလုပ်ကြဘူးလေ။ သောကြာနေ့ညဆိုရင် အားလုံး အိမ်ပြန်ကုန်ကြပြီ။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် ဥရောပရုံးက အင်ဂျင်နီယာက သောကြာနေ့ ညနေကတည်းက ဟော်လန်ကို ပြန်သွားပါတယ်။ စနေနေ့က ကျွန်တော် တစ်ယောက်တည်း စက်ရုံသွား အလုပ်လုပ်ခဲ့ပေမယ့် ဒီနေ့တော့ တနင်္ဂနွေမို့ အလုပ် လုပ်ချင်တာတောင် သူတို့က ဥပဒေအရ မဖြစ်နိုင်ဘူး ဆိုပြီး လုပ်ခွင့် မပေးပါဘူး။ သူတို့ အဖြူတွေ ထင်ကြသလို ကျွန်တော်တို့ အာရှသားတွေပဲ ရူးလို့ မနားမနေ အလုပ်လုပ်ကြတာလား ကျွန်တော်တို့ စလုံးက လူတွေ ထင်သလို ဥရောပက ကောင်တွေပဲ အပျင်းထူကြသလားတော့ မပြောတတ်ပါဘူး။ တစ်ဖက်ကကြည့်တော့ လက်ဖဝါး နောက်တစ်ဖက်က ကြည့်ပြန်တော့လည်း လက်ဖမိုးပေါ့။

မနက်စာ စားပြီး လုပ်စရာမရှိလို့ အခန်းထဲ ပြန်ခွေနေရတယ်။ ကွန်ပြူတာ ရှိပြီး အင်တာနက် သုံးမရတာလည်း အတော်ကို ဆိုးတဲ့ ကိစ္စပါပဲ။ အင်တာနက် မရှိတော့လည်း လက်တော့ပ် ထဲပါလာတဲ့ သီချင်းလေးတွေ ဖွင့်နားထောင် အီလက်ထရွန်းနစ် စာအုပ်တွေ ဟိုလှန်ဒီလှန်ပေါ့။ ဒီလိုနဲ့ပဲ နေ့လည်စာ စားချိန် ရောက်လာတော့ အခန်းထဲက ပြန်ထွက်လာခဲ့တယ်။

ဒီမြို့မှာ နေတာ တစ်ပတ်ကျော် ကြာပြီဆိုတော့ စားသောက်ဆိုင် ဘယ်နေရာ ရှိတယ် ဆိုတာတော့ ကောင်းကောင်း သိနေပါပြီ။ စားသောက်ဆိုင် ရောက်တော့ ပြသနာက စတော့တာပဲ။ ရေးထားသမျှ အစားအသောက်စာရင်းက ဂျာမန်လိုတွေ။ ကိုယ်ကလည်း ဂျာမန်စကားဆိုရင် ငယ်ငယ်တုန်းက Telematch ထဲမှာ ကြားဖူးနေကြ သရိုင်း စပိုင်း အိုင်း ဆိုတာကလွဲရင် ဘာမှ တတ်တာမဟုတ်တော့ အတော်လေး အခက်တွေ့ပါတယ်။ ကောင်တာနား မယောင်မလည် သွားရပ်ရင်း သူများ မှာတာ ကြည့်နေရတယ်။ သူများမှာတာကို လက်ညှိုး ထိုးပြပြီး ဒါမျိုးပေးပါ ဆိုပြီး မှာမယ်ဆိုတဲ့ အကြံနဲ့ပါ။ ဖြစ်ချင်တော့ အဲဒီနေ့ ကျမှ တခြားသူတွေ ကလည်း အာလူးကြော်နဲ့ အအေးကလွဲရင် ဘာမှ မစားကြဘူး။ နောက်ဆုံးတော့ မထူးပါဘူး ဆိုပြီး ခပ်တည်တည်နဲ့ အစားအသောက် စာရင်း ဆိုင်းဘုတ်ကို လက်ညှိုး ထိုးပြပြီး မှာလိုက်ရတယ်။ သူက ပြန်မေးတော့ သိသလိုလိုနဲ့ ခေါင်းညှိတ် ပြလိုက်တယ်။ ကော်ဖီဆိုတာကတော့ အင်တာနေရှင်နယ် ဘာသာစကား ထင်ပါတယ်။ ကော်ဖီကိုတော့ ကောင်တာက လူက နားလည်ပါတယ်။ ဒီလိုနဲ့ ကော်ဖီတစ်ခွက် အပြင် ကြက်သားလား ငါးလား မသိ ကြော်ထားတာနဲ့ အာလူးကြော်တစ်ပွဲ စားဖို့ ရလိုက်ပါတယ်။

ဘာမှန်း မသိပေမယ့်လည်း ဗိုက်ဆာတော့ စားရတာပါပဲ။ ဒီလိုနဲ့ ဘာမှန်းမသိတဲ့ အစားအစာကို စားရင်းနဲ့ ဘေးနားက စားပွဲတွေကို မသိမသာ အကဲခတ်ကြည့်မိတယ်။ တကယ်ပါပဲ။ ဘယ်သူကမှ အင်္ဂလိပ်စကား မပြောကြဘူး။ စင်ကာပူ လေကြောင်းလိုင်း ဖလိုက်ပေါ်မှာ အမြန်သင်တဲ့ ဘာသာစကား ဗွီဒီယို မကြည့်မိတာ မှားလေခြင်းလို့ အခုမှ နောင်တရမိတယ်။ တရက်တည်းနဲ့ ဘာမှ တတ်မှာ မဟုတ်တောင် အနည်းဆုံး ကြက်သားနဲ့ ငါးတော့ ဘယ်လို ခေါ်သလဲသိရင် မဆိုးလှဘူး လို့တော့ စိတ်ထဲမှာ ထင်မိတယ်။

စားလို့သောက်လို့ ပြီးတော့ စားသောက်ဆိုင်နဲ့ မလှမ်းမကမ်းက အင်တာနက် ကဖေးထဲကို ဝင်လိုက်မိတယ်။ ဦးဘတူနဲ့ တတူတည်းတူနေကြတဲ့ ဆရာတွေတော့ သဘောကျ ကြမှာ အမှန်ပဲ။ Ubuntu တော့ မဟုတ်ပါဘူး။ ဘာ Distribution လဲ တစ်ခါမှ မမြင်ဖူးတဲ့ Linux တစ်ခုပါပဲ။ Windows မဟုတ်တာတော့ လုံးဝ သေချာပါတယ်။ အင်တာနက် သုံးဖို့အတွက် ကိုကာကိုလာကို စက်က ဝယ်သောက် သလိုပဲ ပုံးထဲကို အကြွေစေ့ ထည့်ရတယ်။ ယူရို တစ်ကျပ်စေ့ တစ်စေ့ကို ၁၅ မိနစ် သုံးလို့ရတယ်။ တစ်နာရီကို ၄ ယူရိုပေါ့။

အီးမေးလ်ဖွင့်ကြည့်တော့ ဖော်ဝပ်မဟုတ်တဲ့ အီးမေးလ်တစ်စောင် တွေ့လို့ ပျော်သွားတယ်။ အင်္ဂလိပ်လို ရေးထားတာမို့ တော်ပါသေးရဲ့။ မြန်မာဖောင့်နဲ့သာ ရေးထားရင်တော့ ဒုက္ခနဲ့လှလှ တွေ့ဦးမယ်။ အင်တာနက် ကဖေးမှာ မြန်မာဖောင့် က Download လုပ်လို့မရဘူး။ ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် လုပ်သလို ဟေ့ကောင်။ ငါ့အီးမေးလ် ဝင်ကြည့်။ ပြီးရင် ငါ့ကို မြန်မာလို ရေးထားတာ ဖတ်ပြဆိုပြီး တယ်လီဖုန်းနဲ့ တစ်ယောက်ယောက်ကို ဖတ်ပြခိုင်းတာမျိုး လုပ်ရမယ် ထင်ပါတယ်။ စာရေးပို့တဲ့သူက Nothing special to say ဆိုပေမယ့်လည်း အဲဒီ Nothing Special to say ကပဲ ဘာမှ စကားပြောစရာ မရှိတဲ့ အချိန် အတော်လေး စိတ်သက်သာရ ရသွားတယ်။ မနေနိုင်မထိုင်နိုင် ဖိုရမ်တွေ ဝင်ကြည့်ပြန်တော့ လေးထောင့်တုံးနဲ့ abcdefg တွေပဲ တွေ့ရလို့ စိတ်တိုလာတယ်။ လုပ်ထားဟ Unicode ရ ။ ဦးနီကုတ်ကြီး Native မဖြစ်သေးသရွေ့တော့ ဒါမျိုးဒုက္ခတွေ ကြုံရဦးမှာပဲ။ အဲဒီလိုနဲ့ အင်တာနက် ကဖေးမှာ နာရီဝက်လောက် အချိန်ဖြုန်းပြီး ဟိုတယ် ပြန်လာခဲ့တယ်။

ဟိုတယ်ပြန်ရောက်တော့လည်း ကွန်ပြူတာကို ဖွင့်။ ပြီးတော့ ဟိုကလိ ဒီကလိပေါ့။ ဒီမလာခင် စပါးကြီးမြွေတစ်ကောင် ကွန်ပြူတာထဲ ဖမ်းထည့်လာခဲ့လို့ တော်ပါသေးရဲ့။ စပါးကြီးမြွေ ဆိုတာ တခြားတော့ မဟုတ်ပါဘူး။ သူများတွေ ပြောပြောနေကြတဲ့ Python ပေါ့။ Python ကို လျှောက်ကလိရင်း တချို့ Feature လေးတွေကို အတော် သဘောကျမိတယ်။ ဒါနဲ့ မသင်္ကာလို့ MSDN Library လေး ဖွင့်ကြည့်တော့ .NET ထဲမှာလည်း Python ထဲက ကိုယ်သဘောကျတဲ့ Feature လေးတွေ ရှိပြီးသား ဖြစ်နေတာကို တွေ့ရတယ်။ မိုက်ခရိုဆော့ဖ်တို့ အကူးသန်ပုံများကတော့ ပုဂံခေတ်ကသာ ဘီလ်ဂိတ်ရှိရင် ညောင်ဦးဖီးတောင် သူရဲကောင်း စာရင်း ဝင်မယ် မထင်ဘူး။

ညနေစောင်းမှ ဟိုတယ်ကနေ ညစာစားဖို့ ပြန်ထွက်လာခဲ့တယ်။ ဒီတစ်ခါတော့ ဟိုဖက်ြခမ်းမှာ ပီဇာ ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို စိတ်ထဲက ပြေးမြင်လိုက်မိတယ်။ နေ့လည်စာကို ဘာမှန်း ညာမှန်းမသိ ကြိတ်ထားရတော့ ညနေစာလေးတော့ ကောင်းကောင်း စားချင်စိတ် ပေါ်နေတာပါ။ အဲဒီဆိုင်မှာ ချိုင်းနား ပလိတ်လို့ သူတို့ အခေါ်အဝေါ်နဲ့ ပြထားတဲ့ ခေါက်ဆွဲကြော် ပန်းကန်ကြီးကို စိတ်ထဲက ပြေးမြင်မိတယ်။ ဒီပုံကြီး လက်ညှိုးထိုးပြရင်တော့ ခေါက်ဆွဲကြော်တော့ စားရမှာပဲ။ မှားစရာတော့ မရှိဘူးလို့ မောင်းတင်ပြီး အဲဒီဆိုင်ကို ချီတက်လာခဲ့တယ်။

နည်းနည်းတော့ လမ်းပို လျှောက်ရတာပေါ့။ ဒါပေမယ့်လည်း စားသောက်ဆိုင်ရောက်လို့ ခေါက်ဆွဲကြော်ပုံကြီး မြင်ရတော့ ပင်ပန်းလာတာတွေ အမောပြေသွားတယ်။ အားရပါးရပဲ ကောင်တာနောက်က လူကို ခေါက်ဆွဲကြော် ပန်းကန်ပုံကြီးကို လက်ညှိုး ထိုးပြပါတယ်။ ဒါပေမယ့် ကောင်တာကလူက ကျွန်တော့်ကို ဂျာမန်လိုတွေ ပြန်ပြောနေတယ်။ ကျွန်တော်ကလည်း ဘယ်ရမလဲ။ ဒီခေါက်ဆွဲကြော်ပန်းကန်ပဲ လက်ညှိုးထိုးပြတာပေါ့။ ဟိုလူက ထပ်မေးပြန်တယ်။ ကျွန်တော်ကလည်း လုံးဝ မလျှော့ဘူး။ ဒါဆိုဒါပဲ။ ဒီပုံကိုပဲ လက်ညှိုးပြန်ထိုးပြတယ်။ ဟိုက စိတ်မရှည်သလို နဲ့ ခေါင်းရမ်းပြီး နောက်တစ်ခေါက် ထပ်မေးပြန်တယ်။ ကိုယ်ကလည်း နောက်တစ်ခေါက် လက်ညှိုးထိုးပြပြန်တယ်။

အဲဒီအချိန် မနေနိုင်တော့လို့ ထင်ပါတယ်။ ဆိုင်ထဲက ဒေါင့်စားပွဲမှာ ထိုင်နေတဲ့ တစ်ယောက်က ကျွန်တော့်ကို အင်္ဂလိပ်လို လှမ်းအော်တယ်။ "He asked you sweet or sour" တဲ့။ လက်စသတ်တော့ အချဥ်လား အချိုလား မေးတာကိုး။ အဲဒီတော့ ကျွန်တော်က Sweet လို့ ပြန်အော်တယ်။ သူက ကောင်တာနောက်က လူကို ဂျာမန်လို လှမ်းအော်ပြောတယ်။ ဆိုင်ထဲက လူတွေအားလုံး ကျွန်တော်တို့ နှစ်ယောက် အင်္ဂလိပ်လို အပြန်အလှန် ပြောကြတာကို သဘောကျလို့ အားလုံး ဝိုင်းရယ်ကြတယ်။ ကျွန်တော့်များ ရှက်တယ် ထင်လို့လား။ ဘယ်ရှက်လိမ့်မတုန်း။ မွေးကတည်းက ချက်ကြောနဲ့ ရှက်ကြော မှားဖြတ်ထားတာ။ စပ်ြဖဲဖြဲနဲ့ပေါ့။ ကောင်တာနောက်ကလူလည်း အဲဒီတော့မှ ခေါင်းတညိမ့်ညိမ့်နဲ့ ကျွန်တော့် ခေါက်ဆွဲကြော်ကို စပြီး ကြော်တော့တယ်။ ဒီလိုနဲ့ပဲ ချိုင်းနားပလိတ် လား စီးနားပလိတ်လား မသိ သူတို့ အခေါ် တရုတ်ခေါက်ဆွဲကြော် ချိုရဲရဲနဲ့ပဲ ကျွန်တော့် ညနေစာကို ပြီးဆုံးလိုက်ရပါတော့တယ်။

Friday, December 19, 2008

နိုင်ငံရပ်ခြား ဘာသာစကား

သင်္ဘောကျင်းမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်က ရယ်စရာ အဖြစ်အပျက်တစ်ခု ကို ပြန်ပြောပြဖူး ပါတယ်။ သူတို့ သင်္ဘောကျင်းမှာ အလုပ်လုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်လူမျိုး တစ်ယောက် အကြောင်းပါ။ တစ်နေ့မှာ အဲဒီ ဘင်္ဂလားဒေ့ရှ်က သူ့ရဲ့ ပရိုဂျက်မှာ အလုပ်လုပ်နေတဲ့ အနောက်တိုင်းသား အင်ဂျင်နီယာကို "Can you speak English? " ဆိုပြီး မေးပါသတဲ့။ အနောက်တိုင်းသား အင်ဂျင်နီယာက "Yes" လို့ ဖြေတော့ သူက "My man No man today. " ဆိုပြီး ဆက်ပြောပါတယ်။ သူပြောချင်တာ ဒီနေ့ သူ့လူတွေမလာဘူးလို့ ပြောချင်တာပါ။ အဲဒါကို သူတတ်သလို ခြေတစ်ပေါင်ကျိုး အင်္ဂလိပ်စကားနဲ့ ပြောလိုက်တာ ဟိုအနောက်တိုင်းသားလည်း နောက်တော့ စဉ်းစားပြီး သူ ဘာကို ဆိုလိုချင်သလဲ သဘောပေါက်သွားပါတယ်။

ဘာသာစကားတစ်ခုကို သင်ယူတဲ့ အခါမှာ ပြောရဲဆိုရဲ ရှိရင် တတ်လွယ်ပေမယ့် မကျွမ်းကျင်သေးတဲ့ အချိန်မှာ ရယ်စရာတွေ ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ ကျောင်းတက်တုန်းက မြန်မာနိုင်ငံက တရုတ်လူမျိုး သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ သူက တရုတ်စကားကို နားလည်ပေမယ့် ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ပါဘူး။ တစ်နေ့တော့ သူက သူတို့ အခန်းထဲက ပြည်ကြီး တရုတ်မကို တတ်သလောက် မှတ်သလောက် တရုတ်စကားနဲ့ ထွေရာလေးပါး သွားပြောပါတယ်။ တစ်နေရာကျတော့ ငါ့မှာ ညီလေးတစ်ယောက်ရှိတယ် ဆိုပြီး တရုတ်မ ကို ပြောလိုက်ပါတယ်။ အဲဒီစကားကို ကြားတော့ တရုတ်မ မျက်နှာကြီးနီရဲပြီး ထွက်သွားပါတယ်။ ဘေးမှာ ရှိနေတဲ့ အင်ဒိုနီးရှား တရုတ်ကတော့ ဟက်ဟက်ပက်ပက် ရယ်ပါတယ်။ အဲဒါကို သူက သဘောမပေါက်ဘဲ ဘာရယ်တာလဲ မေးတော့မှ အင်ဒိုနီးရှား တရုတ်က မင်းပြောလိုက်တဲ့ စကားရဲ့ အဓိပ္ပါယ်က ငါ့မှာ ဝှေးစေ့တစ်လုံးပဲ ရှိတယ် ဆိုတဲ့ အဓိပ္ပါယ် ပေါက်သွားလို့ ကောင်မလေးက ရှက်သွားတာ လို့ ပြန်ရှင်းပြပါတယ်။

ကျွန်တော်တို့ ကျောင်းတက်နေစဉ်အခါက အချိန်ပိုင်း အလုပ်လုပ်ခဲ့တဲ့ ကိုရီးယား စားသောက်ဆိုင်မှာ မြန်မာစားပွဲထိုးတွေ အတော်များများရှိပါတယ်။ မြန်မာစားပွဲထိုးတွေ များတဲ့ အတွက် ဆိုင်က အခြားနိုင်ငံသား စားပွဲထိုး တော်တော်များများ မြန်မာစကားကို ပေါက်တတ်ကရ ပြောတတ်ကြပါတယ်။ ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ ဆိုင်မှာ ဆိုရင် စားပွဲထိုးထဲမှာ မြန်မာ ယောက်ျားလေး ၇ ယောက်ရှိပြီး မလေးတရုတ် ယောက်ျားလေး တစ်ယောက်ရှိပါတယ်။ အဲဒီတရုတ်က ပေါက်တတ်ကရတွေ သင်ပြီးရင် ကျွန်တော်တို့ကို မြန်မာလို ပြန်ပြန် နှိပ်တတ်ပါတယ်။ တစ်ခါကတော့ သူက ကျွန်တော်တို့ကို "My Son" ကို မြန်မာလို ဘယ်လို ခေါ်သလဲ မေးတော့ ကျွန်တော်တို့က သူ့ကို အဖေ လို့ ခေါ်တယ် ဆိုပြီး သင်ပေးလိုက်ပါတယ်။ သူဘာရည်ရွယ်ချက်နဲ့ ဒီစကားကို လာသင်တယ် ဆိုတာ သိလို့ပါ။ အဲဒီနောက်ပိုင်းက စပြီး အဲဒီတရုတ်က ဆိုင်မှာ ကျွန်တော်တို့ အားလုံးကို အဖေ လို့ပဲ ခေါ်ပါတော့တယ်။

တစ်နေ့မှာ ကျွန်တော်တို့ ဆိုင်ကို အခြားဆိုင်ခွဲက မန်နေဂျာမ တရုတ်မ တစ်ယောက် ပြောင်းလာပါတယ်။ ကျွန်တော်တို့နဲ့ ထမင်းစားချိန် စကားပြောတော့ သူက အရင် အလုပ်လုပ်ခဲ့တဲ့ ဆိုင်ခွဲမှာ မြန်မာတွေ အများကြီး ရှိကြောင်း ၊ သူ မြန်မာစကားတွေလည်း သင်ထားကြောင်း ပြောပါတယ်။ နောက် ကျွန်တော်တို့ ထမင်းစားနေတဲ့ အချိန်မှာ "ငါ့မှာ အမွှေးတွေ အများကြီး ရှိတယ်။" ဆိုပြီး ရုတ်တရက် မြန်မာလို ပြောချလိုက်တာ ကျွန်တော်တို့ တတွေ ထမင်းသီးအောင် ရယ်မိကြပါတယ်။ ဘာအဓိပ္ပါယ်နဲ့ သင်ပေးပြီး ဟိုကောင်တွေ ချောက်ချလိုက် သလဲတော့ မသိပါဘူး။

အဲဒီလို သူများကို ချောက်ချတဲ့ နေရာမှာတော့ ကျွန်တော်တို့ မြန်မာတွေ သာမက ပါဘူး။ အခြားနိုင်ငံသား တွေလည်း လုပ်တတ်ပါတယ်။ တစ်ခါက ကျွန်တော့်ရုံးက ဒတ်ခ်ျ အင်ဂျင်နီယာတွေ ဂျာမနီမှာ စက်ပြပွဲအတွက် သွားကြပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ စက်ပြခန်းနဲ့ မျက်နှာချင်းဆိုင်မှာ အခြားကုမ္ပဏီတစ်ခု က အချိန်ပိုင်းနဲ့ ငှားထားတဲ့ ဂျာမန်မ ချောချောကလေး တစ်ယောက် ရှိပါတယ်။ အဲဒါကို သူတို့ထဲက တစ်ယောက်က အဲဒီပြခန်းကို သွားလည်ပြီး ဂျာမန်မကို သွားပွားပါတယ်။ ဂျာမန်စကားနဲ့ ဒတ်ခ်ျစကားက အချို့နေရာ တွေမှာတော့ ဆင်တူတယ်လို့ ပြောကြပါတယ်။ အဲဒီမှာ ဂျာမန်မက ကျွန်တော့်ရုံးက အင်ဂျင်နီယာကို ဒတ်ခ်ျစကား တစ်လုံးလောက် သင်ပေးပါ ဆိုပြီး နားပူပါတယ်။ အဲဒါကို ဟိုအင်ဂျင်နီယာက မင်းကို လွယ်တာ သင်ပေးခဲ့မယ်။ ငါမီးဖိုချောင်ထဲမှာ Eating လုပ်တယ် ဆိုတာကို ဒတ်ခ်ျလို ဒီလိုပြောရတယ် ဆိုပြီး သင်ပေးခဲ့ပါတယ်။ အဲဒီဂျာမန်မလည်း သူဒတ်ခ်ျစကား တစ်လုံးတတ်တယ်ဆိုပြီး ပြပွဲလာတဲ့ ဧည့်သည်တွေထဲက ဒတ်ခ်ျလူမျိုးတွေ့တာနဲ့ အဲဒီစကားကို ပြောပါတယ်။ ဒတ်ခ်ျတွေက အဲဒီစကားကို ကြားရင် ရယ်ကြပါတယ်။ လူတိုင်းက အဲဒီလို ဟားကြတော့ ကြာတော့ မသင်္ကာတော့ ပါဘူး။ ကျွန်တော့်ရုံးက အင်ဂျင်နီယာတွေ အကုန်လုံးကလည်း စပ်ဖြဲဖြဲ မျက်နှာတွေနဲ့ ဖြစ်နေကြတာကိုး။ အဲဒါနဲ့ နောက်ကျတော့မှ သူလိုက်စုံစမ်းပြီး သဘောပေါက်သွားတော့ အကြီးအကျယ် စိတ်ဆိုးပါတော့တယ်။ ကျွန်တော်တို့ ရုံးက အင်ဂျင်နီယာ သူ့ကို သင်ပေးခဲ့တဲ့ စကားက ငါမီးဖိုချောင်ထဲမှာ F*** လုပ်တယ် ဆိုတဲ့ အဓိပ္ပါယ် ပေါက်တယ် ဆိုတာကို သိသွားလို့ပါ။

Sunday, November 23, 2008

ဘားဒေါ့ဖ် ရဲ့ ညနေ

ညရှစ်နာရီထိုးခါနီးပေမယ့် နေသာနေတုန်းပဲ။ မနက်ငါးနာရီကနေ ညကိုးနာရီကျော်အထိ နေသာတဲ့ နေရာကို ကျွန်တော်ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပါ။ ကောင်းကင်မှာ တိမ်လည်းနည်းတော့ ကောင်းကင်တစ်ခုလုံး ကြည်လင်ပြီး တောက်ပနေတယ်။ သနပ်ခါးလိမ်းမထားတဲ့ မိန်းမပျိုကလေး တစ်ယောက်ရဲ့ ပါးပြင်လိုမျိုးပေါ့။ ကြည့်ရတာ အရမ်းကို ရှင်းလင်းပြီး ချောမွတ်နေတယ်။ ကောင်းကင်ပေါ်ကို ထိုးစိုက်တက်သွားတဲ့ ဒါမှမဟုတ် ထိုးစိုက်ဆင်းလာတဲ့ ဂျက်လေယာဉ်ပျံတွေရဲ့ မီးခိုးတန်းတွေကိုပဲ ဟိုတစ်စ သည်တစ်စ တွေ့နေရတယ်။

မိုးမျှော်တိုက်တွေ မရှိတဲ့ ပတ်ဝန်းကျင်ဟာ စိတ်ကို လန်းဆတ်စေတာ အမှန်ပါပဲ။ ကျွန်တော်အခုရောက်နေတဲ့နေရာက ဂျာမနီနိုင်ငံ ဟန်အိုဗာ (Hanover) မြို့နဲ့ မနီးမဝေးမှာရှိတဲ့ ဘားဒေါ့ဖ် (Burgdorf) လို့ခေါ်တဲ့ မြို့ငယ်ကလေး တစ်မြို့ပါ။ ဟန်အိုဗာမြို့ဆိုတာကတော့ ကမ္ဘာကျော် စကော့ပီယန် (Scorpion) တေးဂီတအဖွဲ့ စတင်သနေ္ဓတည်ခဲ့တဲ့ မြို့ကလေးတစ်မြို့ပါ။

လမ်းမကြီးပေါ်မှာ ကားတွေတစ်စင်းပြီး တစ်စင်းဖြတ်မောင်းသွားနေကြတယ်။ များသောအားဖြင့် ဘီအမ်ဒဗလျူ ၊ မာစီဒီး၊ ဗောက်စ်ဝက်ဂွန်နဲ့ အော်ဒီ ကားအမျိုးအစားတွေချည်းပါပဲ။သူတို့ဒေသက ထုတ်တဲ့ကားတွေမို့ ပေါပေါများများ မြင်ရတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ထူးဆန်းနေတာက တစ်ချို့ကားတွေရဲ့ နောက်မှာချိတ်ထားတဲ့ ကုန်တင်တဲ့ နောက်တွဲတွေနဲ့ လူနေတဲ့ ကာရာဗင်တွေပါ။ ကာရာဗင်ဆိုတာက ခရီးသွားတဲ့အခါ ကားနောက်မှာချိတ်ဆွဲသွားပြီး ရောက်တဲ့နေရာမှာ ညအိပ်ရပ်နားလို့ရအောင် ဒါမှမဟုတ် ချက်ပြုတ်စားသောက်လို့ရအောင် တပ်ထားတဲ့ နောက်တွဲယာဉ်တစ်မျိုးပါ။ ဒီလိုနောက်တွဲယာဉ်တွေ ကျွန်တော်တို့ဆီမှာ သုံးလေ့သုံးထမရှိကြဘူး မဟုတ်လား။ ကျွန်တော် ပထမဆုံးအခေါက် ရောက်တုန်းကဆိုရင် ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို သူ့ကားရဲ့နောက်က ချိတ်ကြီးက ဘာလုပ်ဖို့လဲလို့တောင် မေးဖူးပါသေးတယ်။

လမ်းဘေးပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတာက ကျွန်တော်တစ်ယောက်တည်း။ ကားပေါ်ကလူတွေက ကျွန်တော့်ကို အထူးအဆန်းအနေနဲ့ တစ်ချက်တစ်ချက် လှမ်းကြည့်သွားကြတယ်။ ဟုတ်မှာပေါ့လေ။ ဒီနေရာမှာ အာရှသား ဆိုတာကလည်း မြင်ရခဲမဟုတ်လား။ ကျွန်တော်သွားနေကြ တရုတ်စားသောက်ဆိုင် ကလွဲရင် တစ်ခြားနေရာမှာ အာရှသားကို တွေ့ရတာမှ မဟုတ်တာ။ အဲဒီတော့လည်း ထူးဆန်းလို့ကြည့်တာ သူတို့အလွန်တော့မဟုတ်ပါဘူး။

ကျွန်တော်အလုပ်သွားရတဲ့ စက်ရုံနားမှာ တရုတ်စားသောက်ဆိုင်တစ်ဆိုင်ရှိပါတယ်။ အဲဒီမှာ ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ ဘဲကင်ကနေစပြီး တရုတ်ဟင်းအမျိုးမျိုးရပါတယ်။ ဆိုင်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးကြီးကတော့ ကန်တုန် တရုတ်စကား ပြောပါတယ်။ ကျွန်တော် တတ်သလောက်မှတ်သလောက် မန်ဒရင် တရုတ်စကားနဲ့သူ့ကို ပြောကြည့်တာ သူနားမလည်ပါဘူး။ တစ်ခြားတစ်ယောက် ကလည်း ဗီယက်နမ်က ဆိုတော့ တရုတ်လိုမတတ်ပါဘူး။ ဆိုင်က အစားအသောက်စာရင်းက အင်္ဂလိပ်လိုရေးထားတာ ကျွန်တော့်အတွက် ကံကောင်းပါတယ်။ တစ်ယောက်စာ ခေါက်ဆွဲကြော်တစ်ပွဲကို မြန်မာငွေနဲ့ တစ်သောင်းခွဲလောက်ပေးပြီးစားရတာ ကျွန်တော့်တစ်သက်မှာ ဒါပထမဆုံးပါပဲ။ အေးလေ၊ သူတို့ဒေသမှာ ကုန်ကြမ်း၊ နေရာနဲ့ အလုပ်သမားခက ဈေးကြီးတယ်မဟုတ်လား။

ကျွန်တော်လမ်းလျှောက်လာရင်း အနီးအနားတစ်ဝိုက်ကို မျက်စိကစားကြည့်မိတယ်။ ဘေးပတ်ဝန်းကျင်က လယ်ကွင်းတွေထဲမှာ လူသူအရိပ်အရောင်ကင်းမဲ့နေတယ်။ လယ်ကွင်းတွေက စိုက်ပျိုးဖို့ တာစူနေတုန်း ထင်တယ်။ ထွန်ကြောင်းတွေပဲမြင်ရတယ်။ မင်းခိုက်စိုးစန်ရဲ့ ကဗျာတစ်ပုဒ်ထဲက 'ရင်ဘတ်ကို သံဘရပ်ရှ်ကြမ်းကြမ်းနဲ့ ကုတ်ခြစ်ထားသလိုပ' ဆိုတဲ့ စာသားကို သွားသတိရမိသေးတယ်။ ဟုတ်တယ်။ ထွန်ကြောင်းတွေ ကြည့်ရတာ သံဘရပ်ရှ်နဲ့ ခြစ်ခံထားရတဲ့ ရင်ဘတ်တစ်ခုလိုပဲ။

လယ်ကွင်းတစ်ခုထဲမှာ အလိုအလျောက်ရေဖြန်းတဲ့စက်တစ်လုံးက ပတ်ပတ်လည်လှည့်ပြီး ရေဖြန်းနေတာပဲတွေ့ရတယ်။ အရပ်မျက်နှာစုံအောင် လှည့်ပြီးပစ်နေတဲ့ အမြောက်တစ်လက်လိုပဲ။ ရေပိုက်ခေါင်းထဲကရေက အဖက်ဖက်ကိုလှည့်ပြီး ပန်းထုတ်နေတယ်။ ပလက်ဖောင်းပေါ်ကနေ လှမ်းကြည့်ရင်း ကျွန်တော်နဲ့ ရင်နှီးတဲ့ မြန်မာနိုင်ငံက လယ်ကွင်းတွေကို သတိရမိသလိုပဲ။

လမ်းရဲ့တစ်ခြားဘက်မှာတော့ လယ်ကွက်အလွတ်ထဲမှာ အလေ့ကျအပင်တွေ အပြိုင်းအရိုင်း ပေါက်နေတာ တွေ့ရတယ်။ ကျွန်တော်နဲ့ မရင်းနှီးတဲ့ ပန်းဝါဝါလေးတွေ အများကြီးပဲ။ အဲဒီလိုပဲ အပွင့်မရှိ အရွက်မရှိတဲ့ ရိုးတံပြိုင်းပြိုင်းနဲ့ အပင်တွေလည်း ဟိုတစ်စ သည်တစ်စ ထိုးထိုးထောင်ထောင်နဲ့ တွေ့နေရတယ်။ ကျိုးတိုးကျဲတဲ ပေါက်နေတဲ့ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေလိုပဲ။

လယ်ကွင်းတွေကို ကျော်လာပြီးတော့ လူနေအိမ်တွေနားရောက်လာတယ်။ ဒီဒေသကလူနေအိမ်တွေက ဥရောပမှာ မြင်တွေ့နေကျ အိမ်ပုံစံမျိုးတွေပါပဲ။ အမိုးရှည်ရှည်နဲ့ တစ်ထပ်သို့မဟုတ် နှစ်ထပ်အိမ်ကလေးတွေ။ အမိုးရှည်ရှည် ဆောက်ထားတာက ခေါင်မိုးပေါ်မှာ နှင်းတွေ တင်မကျန်ရစ်အောင်လို့ ဆိုတာတော့ ကြားဖူးတယ်။ တစ်ချို့ အိမ်တွေရဲ့ နံရံမှာ ခေါင်မိုးအထိ နွယ်ပင်ကလေးတွေ အတန်းလိုက် အတန်းလိုက်တွယ်တက်နေကြတယ်။ အိမ်တိုင်းမှာ ခါးထက်နိမ့်တဲ့ သစ်သားခြံစည်းရိုး ပုပုကလေးတွေ ဒါမှမဟုတ်ပန်းရုံကလေးတွေနဲ့ ကာထားကြတယ်။

လမ်းမပေါ်မှာ ကျွန်တော်တစ်ယောက်တည်းမဟုတ်တော့ဘူး။လမ်းတစ်လျှောက်မှာ စက်ဘီးစီးနေတဲ့ ကလေးလူကြီးတွေ လမ်းလျှောက်ထွက်နေကြတဲ့ ယောကျာ်းမိန်းမတွေ မကြာခဏတွေ့လာရတယ်။ မနက်ဖြန်ရုံးပိတ်ရက်ဆိုတော့ တွေ့သမျှ လူတွေအားလုံးကို ကြည့်ရတာ လွတ်လပ်ပေါ့ပါးနေသလိုပဲ။ ဒီနိုင်ငံမှာ ဥပဒေအရ အစိုးရရုံးပိတ်ရက်နဲ့ တနင်္ဂနွေနေ့တွေမှာ ဘယ်စက်ရုံအလုပ်ရုံမှ အလုပ်လုပ်ခွင့်မရှိပါဘူး။ စနေနေ့မှာ အချိန်ပို အလုပ်လုပ်ချင်ရင်တောင်မှ အလုပ်သမားသမဂ္ဂရဲ့ ခွင့်ပြုချက်ရမှ အလုပ်လုပ်ခွင့်ရှိပါတယ်။
ဒီနေ့စနေနေ့ ဆိုတော့ စက်ရုံထဲမှာ ကျွန်တော်အပါအဝင် လူဆယ်ယောက်လောက်ပဲ ရှိပါတယ်။ ထုတ်လုပ်ရေးပိုင်းမှာ ကျွန်တော်နဲ့အတူ အခြားကုမ္ပဏီတစ်ခုက အလုပ်လာလုပ်တဲ့ အင်ဂျင်နီယာ ၃ယောက်ပဲရှိပါတယ်။ ကျွန်တော်တစ်ယောက်တည်း ကျွန်တော့်ကုမ္ပဏီက စက်နဲ့ လုံးပန်းနေရတာဆိုတော့ ကျွန်တော့်ရဲ့ လုံခြုံရေးအတွက် လူသေခလုတ် (Dead Man Switch) လို့ အမည်ရတဲ့ ကိရိယာတစ်ခု ပေးထားပါတယ်။ အဲဒီကိရိယာက ကျွန်တော့်ရဲ့ ရင်ဘတ်မှာ ချိတ်ထားရပြီး အမြဲတမ်း အတည့် အနေအထားမှာ ရှိနေရပါတယ်။ အကယ်၍ အဲဒီကိရိယာဟာ တစ်စောင်း အနေအထားမှာ စက္ကန့် ၃၀ ထက်ပိုပြီး ရှိမယ်ဆိုရင် စက်ရုံရဲ့ လုံခြုံရေးဌာနမှာ အချက်ပေးခေါင်းလောင်းမြည်ပါတယ်။ နှလုံးရောဂါကြောင့် ဒါမှမဟုတ် အကြောင်း တစ်စုံတစ်ခုကြောင့် လဲကျသွားခဲ့ရင် အကူအညီ အချိန်မီ ရာက်လာနိုင်ဖို့အတွက် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။သူတို့နိုင်ငံတွေရဲ့ လူသားတစ်ယောက်အပေါ် အလေးထားမှုဟာ ကျွန်တော်တို့ အာရှနိုင်ငံတွေအတွက် အတုယူစရာပါ။

ကျွန်တော့် အနောက်ဘက်ကနေ ကလေးနှစ်ယောက်စက်ဘီးနဲ့ ကျော်တက်သွားရင်း ကျွန့်တော့်ကို ဟေး လို့ အော်ပြီးနှုတ်ဆက်သွားတယ်။ ကျွန်တော်လည်း ဟေး လို့ ပြန်နှုတ်ဆက်ရင်း ပြုံးပြ လိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာ ပျော်သွားသလိုပဲ။

ဥရောပသားတွေက ကျွန်တော်ဖတ်ဖူးကြားဖူးသလို ဟိတ်ကြီးဟန်ကြီးတွေ မဟုတ်ကြပါဘူး။ မနက်ခင်းမိုးလင်း မနက်စာစားတဲ့ အချိန်ကနေစပြီး တောက်လျှောက် သိသိမသိသိ တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက်ကြတာ သူတို့ရဲ့ ယဉ်ကျေးမှုပါပဲ။ ဒါပေမယ့် အတော်များများက သူတို့ဘာသာစကားကိုပဲ ပြောကြတာဆိုတော့ စကားပြောရတာ အခက်အခဲတော့ ရှိတာပေါ့။ ကိစ္စမရှိပါဘူး။ ရောမရောက်တော့လည်း ရောမလိုကျင့်ရုံပေါ့။ ဥရောပရောက်တော့လည်းသူတို့စကားကို တတ်သမျှမှတ်သမျှ လိုက်ပြောရုံပေါ့။ သူက ဂွဒ်မော်ဂန် ဆိုတော့ ကိုယ်ကလည်း ဂွဒ်မော်ဂန်ပေါ့။ သူက ဘိုနာပတိ ဆိုတော့ ကိုယ်ကလည်း ဘိုနာပတိပေါ့။ သူက ဂရားဆိရ ဆိုတော့ ကိုယ်ကလည်း ဂရားဆိရပေါ့။

စက်ရုံကနေ ဟိုတယ်ကိုရောက်ဖို့ နာရီဝက်နီးနီးလောက်လျှောက်ရတယ်။ တက်စီငှားရင် သိပ်ဈေးမကြီးပေမဲ့ ညနေဖက်လမ်းလျှောက်ချင်လို့ တမင်လမ်းလျှောက်ပြန်လာတာပါ။ ဒါပေမယ့် ဝေါ့ကင်းရှူး စီးမထားတာက တစ်ကြောင်း ခရီးဆောင်ကွန်ပြူတာ ထည့်တဲ့အိပ်ကို ဆွဲနေရတာက တစ်ကြောင်းကြောင့် နည်းနည်းတော့ ပင်ပန်းတယ်။ ဒါပေမယ့် လမ်းလျှောက်နေရတဲ့ အရသာကို ၁၃နာရီလောက် မရပ်မနားပျံနေတဲ့ လေယာဉ်ပျံပေါ်မှာ ထိုင်နေဖူးတဲ့သူ ဒါမမဟုတ် ထိုင်ခုံမဲ့ခရီးသည်တွေ ပြည့်နေတဲ့ ရထားကို ရိုးရိုးတန်းက စီးဖူးတဲ့သူ ဆိုရင် ခံစားတတ်မှာပါ။

ရှေ့ကို နောက်ထပ်ဆယ့်ငါးမိနစ်လောက် လျှောက်လာတော့ ကျွန်တော်နေတဲ့ ဟိုတယ်နားရောက်လာတယ်။ ဒီညကို ဘယ်လိုအချိန်ဖြုန်းရမလဲ ဆိုတာ မစဉ်းစားရသေးဘူး။ အင်တာနက်သုံးလို့မရတဲ့ ဟိုတယ်မှာနေရတဲ့အခါမှာ အချိန်ကိုဘယ်လိုကုန်အောင်သုံးမလဲ စဉ်းစားရတာကလည်း ပြသနာတစ်ခုပါပဲ။ ရုပ်မြင်သံကြားဖွင့်ကြည့်တော့လည်း သူတို့ဘာသာစကားကို တစ်လုံးမှနားမလည်တော့ ဘာမှမထူးပါဘူး။

ကျွန်တော် ဟိုတယ်ကနေ နာရီဝက်လောက်နားပြီး ပြန်ထွက်လာခဲ့တယ်။ ဘာမှ လုပ်စရာမရှိတာကတော့ အဓိကအကြောင်းရင်းပါ။ ကျွန်တော့်ဟိုတယ်ကနေ ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရင် မြို့လယ်ခေါင်လို့ ပြောလို့ရတဲ့နေရာကို ရောက်တယ်။ မြို့လယ်ခေါင်လို့သာ ပြောရတာပါ။ ဆိုင်နည်းနည်းပါးပါးကလွဲရင် ဘာမှမရှိပါဘူး။ ဒီမြို့မှာ အမြင့်ဆုံးတိုက် ကမှ လေးငါးထပ်လောက်ရှိတာ။

မြို့လယ်မှာ ကော်ဖီဆိုင်တစ်ချို့တစ်လေတော့ ရှိတယ်။ ကပူရှီနို တစ်ခွက်လောက် သောက်ရင်း နာရီဝက် တစ်နာရီလောက် အချိန်ဖြုန်းရရင်လည်း မနည်းဘူးပေါ့။ ဒါပေမယ့် ဒီနေ့တော့ နည်းနည်းထူးခြားနေသလိုပဲ။ လူတွေ တော်တော်များများ တွေ့နေရတယ်။ ပုံမှန်အတိုင်းဆိုရင် ဒီနေရာမှာလည်း လူသွားလူလာ အတော်နည်းပါတယ်။ ခဏနေတော့ မြို့လယ်မှာ လူစည်ရတဲ့ အကြောင်းရင်းကို ကျွန်တော်သိလိုက်ရတယ်။

ဒီနေ့ အမေရိကန် အဆိုတော် ဂျွန်ဘွန်ဂျိုဗီကို ရည်စူးပြီးလုပ်တဲ့ ဂီတဖျော်ဖြေပွဲ ရှိတယ်လေ။ ဘွန်ဂျိုဗီ မသေသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဆီက စိုးလွင်လွင်အမှတ်တရတို့ ဗဒင်အမှတ်တရတို့လိုမျိုး အခွေထုတ်ပြီး ပိုက်ဆံရှာတဲ့ ပွဲလည်း မဟုတ်ပါဘူး။

ကျွန်တော် လမ်းထိပ်တစ်ခုကိုရောက်တော့ လမ်းထဲမှာ လူတွေ စုစုရုံးရုံးလှမ်းတွေ့လိုက်ရတယ်။ သီချင်းသံလည်း လမ်းထဲမှာ ကြားနေရတယ်။ ဒီနေရာဟာ ပွဲရှိတဲ့နေရာပဲဆိုတာ ကျွန်တော်တပ်အပ်သိလိုက်တယ်။ ဟင်းလင်းပြင်မှာ စင်တစ်ခုထိုးထားပြီး အခမဲ့ဖျော်ဖြေပွဲ လုပ်နေတာပါ။

ကျွန်တော်လည်း စိတ်ဝင်တစ်စားနဲ့ လမ်းထဲကို ချိုးဝင်လိုက်တယ်။ ပထမဆုံး တွေ့ရတာကတော့ တိုင်ကွယ်ပြီး အပေါ့သွားနေတဲ့လူတစ်ယောက်ပါ။ သူတို့ဆီမှာလည်း ငါတို့ မြန်မာနိုင်ငံ မှာလိုပါပဲလားလို့တွေးပြီး ပြုံးလိုက်မိတယ်။ လမ်းထဲမှာတွေ့ရတာက နည်းတဲ့လူအုပ်ကြီး မဟုတ်ဘူး။ ညနေညနေ စည်တယ်လေ စည်တယ်လေပေါ့။ အခုကြားနေရတဲ့ သီချင်းသံကတော့ ဘွန်ဂျိုဗီရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ 'အမြဲတမ်း' ဆိုတဲ့သီချင်းပါ။

'ငါလေမင်းကို ချစ်နေမယ် အမြဲတမ်း။ ငါအဲဒီနေရာမှာ ထာဝရထက် တစ်ရက်ပိုပြီးရှိနေမယ်။ အဲဒီနေရာမှာ ကြယ်တွေမလင်းတဲ့အထိ ကောင်းကင်ဘုံ ပေါက်ကွဲသွားတဲ့အထိ စကားလုံးတွေ ကာရန်မဲ့သွားတဲ့အထိ ငါမင်းကို အမြဲတမ်းချစ်နေမယ်။' ဆိုတဲ့စာသားဟာ အတော်ကို ပြောင်မြောက်လှပတဲ့ စာသားပါ။ဒါပေမယ့် သူများနောက်ပါသွားတဲ့ ရည်းစားကို တမ်းတပြီးဆိုတဲ့ သီချင်းမို့ ကျွန်တော့်အတွက်တော့ အပြည့်အဝ ခံစားလို့ မရတာ အမှန်ပဲ။ ဟုတ်တယ်လေ။ ကိုယ့်မကြိုက်လို့ သူများနောက်ပါသွားတဲ့ ရည်းစားကို စာဖွဲ့ပြီး လွမ်းပြနေစရာ ဘာအကြောင်းမှမရှိပါဘူး။

လူအုပ်ကြားထဲကနေ တိုးဝှေ့ရင်း ကျွန်တော်သီချင်းဆိုတဲ့ စင်မြင့်နားရောက်လာတယ်။ စင်ပေါ်မှာ သီချင်းဆိုနေတဲ့လူကတော့ ဆံပင်ကို ရွှေရောင်ဆိုးထားပြီး အလယ်ခွဲ ညှပ်ထားပါတယ်။ ဘွန်ဂျိုဗီနဲ့မတူတာက သူ့ရဲ့ဗလပါ။ ဘွန်ဂျိုဗီကတော့ သူ့လောက်ဗလမတောင့်ရှာပါဘူး။ စင်ရှေ့မှာ အသက် ၃၀ ကျော် ၄၀လောက်ရှိတဲ့ စုံတွဲတစ်တွဲက တွဲကနေကြပါတယ်။ တစ်ခြားမိန်းကလေးတွေလည်း စင်ရှေ့မှာ အပြီအပြင်ကနေကြပါတယ်။ ဥရောပနဲ့အာရှ အဓိကကွဲခြားချက်ကတော့ သူတို့ဟာ အလုပ်လုပ်ရင် အပြီအပြင်လုပ်ကြပြီး ကဲရင်လည်း အပြီအပြင်ကဲကြပါတယ်။ Work Hard Play Hard လို့ ပြောကြတာပေါ့။

တီးဝိုင်းက အကောင်းစားကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီက သူရဲကောင်းလေးများ တေးဂီတရဲ့ ခြေဖျားတောင်မှီအောင်မတီးနိုင်ပါဘူး။ ဘာပဲပြောပြော အပျော်တမ်းတီးတဲ့သူတွေ ဆိုတော့ အသက်မွေးဝမ်းကြောင်းတီးတဲ့သူတွေလောက် မကောင်းတာတော့ နားလည်ပါတယ်။

အမြဲတမ်း သီချင်းကတော့ ပြီးသွားပါပြီ။ နောက်ထပ် ကျွန်တော်ထပ်ပြီး နားထောင်ခဲ့ရတဲ့ သီချင်းတွေကတော့ 'ယုံကြည်သက်ဝင်မှုကို ထိန်းသိမ်းထားပါ'၊ 'နှင်းဆီမွေ့ရာ'၊ 'ဒါငါ့ဘဝပဲ'၊ 'မင်းရဲ့လက်တွေနဲ့ ငါ့ကိုလွှမ်းခြုံထားပါ' အစရှိတဲ့ ဘွန်ဂျိုဗီရဲ့ နာမည်ကြီးသီချင်းတွေပါ။ သီချင်းတစ်ပုဒ်ဆိုရင် ဘွန်ဂျိုဗီရဲ့ သီချင်းမှန်း ကျွန်တော်မသိပါဘူး။ Rဇာနည် မြန်မာလိုဆိုထားတာတော့ ကြားဖူးပါတယ်။

ကျွန်တော်လည်း ဘီယာတစ်ခွက်ဝယ်ပြီး သီချင်းသံနဲ့အတူစီးမျောနေမိပါတယ်။ ဘီယာက အတော်က ိုပြင်းပါတယ်။ အလုပ်ပင်ပန်းလို့လဲ ဖြစ်နိုင်ပါတယ်။ တစ်ခွက်တည်းနဲ့ အတော်ကို ထိပါတယ်။ လူအုပ်ထဲမှာ လူတွေတော်တော်များများ ဘီယာခွက်ကိုယ်စီနဲ့ စကားပြောတဲ့သူကပြော သီချင်းလိုက်ဆိုတဲ့သူကဆို ကတဲ့သူက က နဲ့ အားလုံးပျော်နေကြတယ်။ ဒီမှာ အသက် ၄၀ ကျော် ၅၀ အရွယ်တွေလည်း ဘွန်ဂျိုဗီကို ရင်းနှီးကြပါတယ်။ အားလုံးလိုလို သီချင်းလိုက်ဆိုနေကြတာကို တွေ့ရတယ်။ ကျွန်တော့်ရှေ့က အသက်ငါးဆယ်ကျော် လူကြီးတစ်ယောက်ဆိုရင် လက်သီးလက်မောင်းတန်းပြီး လာသမျှသီချင်း အကုန်လိုက်ဆိုနေတာတွေ့ရပါတယ်။

အသက် ဆယ့်လေးငါးနှစ်အရွယ် ချာတိတ်မတွေလည်း စင်ရှေ့မှာ ကနေကြပါတယ်။ ယောကျာ်းလေး အများစုကတော့ သီချင်းလိုက်ဆိုတာကလွဲရင် မကကြပါဘူး။

ညဆယ့်နှစ်နာရီခွဲ မှ စတိတ်ရှိုးပြီးပါတယ်။ လူအများစုကတော့ မပြန်ကြသေးပါဘူး။ ဆက်ပြီး စကားပြောနေတုန်းပါပဲ။ ကျွန်တော့် အတွက်တော့ စကားပြောဖော်မရှိတော့ ဆက်နေလည်း မထူးပါဘူး။ အဲဒီလိုနဲ့ ဟိုငေးသည်ငေးလမ်းလျှောက်ရင်း ဟော်တယ်ကို ပြန်ရောက်လာပါတယ်။ ကျွန်တော့် စိတ်ထဲမှာတော့ စတိတ်ရှိုးကြည့်ပြီးတိုင်းဖြစ်တတ်တဲ့ ခံစားမှုတစ်ခုပါလာပါတယ်။ ဂစ်တာတီးပြီး သီချင်းအော်ဆိုချင်တာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဂစ်တာနဲ့ ကျွန်တော်နဲ့က မိုင်ပေါင်းထောင်ချီပြီး ဝေးနေတယ်လေ။ ဘယ်တတ်နိုင်မလဲ။ အခန်းပြန်အိပ်ရုံပဲရှိတာပေါ့။