Search This Blog

Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Saturday, February 13, 2016

အခြားတစ်ဘက်က ဘဝ

မတ် (ဝဲဘက်) နဲ့ တူရှာ (Photo: Rs100ADay.com)
 ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ အိန္ဒိယနိုင်ငံက လူငယ်ကလေး နှစ်ယောက်ဟာ အိန္ဒိယနိုင်ငံမှာရှိတဲ့ ပျမ်းမျှ ဆင်းရဲသား တစ်ယောက်ရဲ့ ဝင်ငွေနဲ့ နေထိုင်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ထဲက တစ်ယောက်ရဲ့ နာမည်က တူရှာလို့ ခေါ်ပါတယ်။ နယူးဒေလီမြို့ အနားမှာ ရှိတဲ့ ဟာရာယန က ရဲအရာရှိ တစ်ယောက်ရဲ့ သားဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စု နဲ့ စင်ကာပူနိုင်ငံမှာ ၃ နှစ်တာမျှ ရင်းနှီးမြှုပ်နှံမှုဘဏ် အရာရှိ အနေနဲ့ အလုပ်လုပ်ခဲ့ ဖူးတဲ့သူ တစ်ယောက်ပါ။ နောက်တစ်ယောက်ကတော့ မတ် လို့ ခေါ်ပါတယ်။ သူဟာ ဆယ်ကျော်သက် အရွယ်ကတည်းက မိဘတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့ နေထိုင်ခဲ့ပြီးတဲ့နောက် မက်ဆာချူးဆက် စက်မှုတက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြား ခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်ဟာ အိန္ဒိယနိုင်ငံကို တစ်ယောက်တစ်ကွဲစီ ပြန်လာခဲ့ကြပေမယ့် ဘင်ဂါလူရူးမြို့မှာ ရှိတဲ့ မှတ်ပုံတင် စီမံကိန်း တစ်ခုမှာ အတူတူ အလုပ်လုပ်ဖြစ်ကြတဲ့ အခါ တိုက်ခန်းတစ်ခုကို အတူတကွ ငှားနေကြရင်း ရင်းနှီးတဲ့ သူငယ်ချင်းတွေ အဖြစ်ကို ရောက်သွားခဲ့ပါတယ်။

တစ်နေ့မှာတော့ ရုတ်တရက် အကြံတစ်ခု ပေါ်လာကြပါတယ်။ သူတို့နှစ်ယောက် အိန္ဒိယကို ပြန်လာတဲ့ အချိန်တုန်းက သူတို့အနေနဲ့ နိုင်ငံအတွက် တစ်ခုခု လုပ်ပေးနိုင်လိမ့်မယ် ဆိုတဲ့ အကြံ ဝါးတားတားတော့ ရှိကြပါတယ်။ ဒါပေမယ့်လည်း ဒီတိုင်းပြည်မှာ ရှိတဲ့ လူတွေရဲ့ အကြောင်းကို သူတို့ နည်းနည်းပဲ သိပါတယ်။ တူရှာက တညနေမှာ အကြံပေးပါတယ်။ "ငါတို့ ပျမ်းမျှ အိန္ဒိယနိုင်ငံသား တစ်ယောက် ဘယ်လို နေထိုင်ရသလဲ ဆိုတာ သိရအောင် အိန္ဒိယနိုင်ငံသား တစ်ယောက်ရဲ့ ပျမ်းမျှ ဝင်ငွေနဲ့ နေကြည့်ရအောင်။" ဆိုပြီးတော့ပါ။ သူ့ရဲ့ သူငယ်ချင်း မတ်ကလည်း အဲဒီအကြံကို ချက်ချင်း လက်ခံပါတယ်။ သူတို့နှစ်ယောက်ဟာ သူတို့တွေရဲ့ ဘဝကို အမြဲတမ်း ပြောင်းလဲပစ်လိုက်မယ့် ခရီးတစ်ခုကို စတင်ခဲ့ကြ ပါတော့တယ်။
 

ပထမဆုံး အနေနှင့် သူတို့အတွက် အိန္ဒိယနိုင်ငံသား တစ်ယောက်ရဲ့ ပျမ်းမျှ ဝင်ငွေကို သိဖို့ လိုအပ်လာပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အလယ်အလတ် နိုင်ငံလုံးဆိုင်ရာ ဝင်ငွေကို သူတို့ တွက်ချက်ကြည့်တဲ့အခါ တစ်လ ကို ရူပီး ၄၅၀၀ ဒါမှမဟုတ် တစ်နေ့ကို ရူပီး ၁၅၀ ဖြစ်တယ်လို့ တွေ့ရပါတယ်။ တကမ္ဘာလုံး အနေနဲ့ ကြည့်မယ် ဆိုရင် လူတွေဟာ သူတို့ဝင်ငွေရဲ့ သုံးပုံ တစ်ပုံကို အိမ်ငှားဖို့ အတွက် သုံးကြတယ်ဆိုတာ တွေ့ရပါတယ်။ အိမ်ငှားခကို ဖယ်ပြီး သူတို့ တစ်နေ့ကို ရူပီး ၁၀၀ သုံးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ သဘောပေါက်ခဲ့တာက အဲဒီအတွက် သူတို့ကို ဆင်းရဲသားတစ်ယောက်လို ဖြစ်မသွားစေပဲ သာမန်လူ တစ်ယောက်လိုသာ ဖြစ်သွားစေခဲ့တယ် ဆိုတာကိုပါ။ ၇၅ ရာခိုင်နှုန်းသော အိန္ဒိယနိုင်ငံသားတွေက အဲဒီပျမ်းမျှရဲ့ အောက်မှာ နေထိုင်ကြပါတယ်။ 

လူငယ်နှစ်ယောက်တို့ဟာ သူတို့ကို နားမလည်နိုင် လောက်အောင် ဖြစ်နေတဲ့ သူတို့ရဲ့ အိမ်ဖော်မကလေး ရဲ့ အကူအညီနဲ့ အခန်းသေးသေးကလေး တစ်ခန်းကို ပြောင်းခဲ့ကြပါတယ်။ အပြောင်းအလဲ ဖြစ်သွားတာကတော့ သူတို့အနေနဲ့ နေ့ရက် အချိန် အတော်များများကို အစားအသောက် အတွက် စီစဉ်ဖို့ ပြင်ဆင်ဖို့ အတွက် အသုံးချ နေရတာပါပဲ။ အပြင်မှာ ဝယ်စားဖို့ ဆိုတာက မေးခွန်းထုတ်စရာတောင် မလိုပါဘူး။ စျေးပေါပေါနဲ့ ဝယ်လို့ရနိုင်တဲ့ ဒါဘာ လို အစားအစာမျိုးတောင် စျေးကြီး နေပါသေးတယ်။ နွားနို့တွေ ဒိန်ချဉ်တွေဟာ စျေးကြီးလွန်းတဲ့ အတွက် ချွေချွေတာတာ သုံးနေရပါတယ်။ အသားစားဖို့ အတွက် မတတ်နိုင်သလို ပေါင်မုန့်လို အသင့်ပြင်ပြီးသား အစားအစာတွေဟာလည်း အလားတူပါပဲ။ ထောပတ်တွေ ထောပတ်အရည်ကြည်တွေကို သုံးလို့ မဖြစ်နိုင်ပါဘူး။ ဆီအသန့် နည်းနည်းပါးပါးကိုပဲ သုံးလို့ ရပါတယ်။ သူတို့ နှစ်ယောက်စလုံးဟာ ချက်ပြုတ်မှုကို ခုံမင်ကြပြီး စားကောင်းသောက်ကောင်းတဲ့ သူတွေပါ။ ပဲနို့ပြား တွေဟာ အလွန်ကောင်းတဲ့ အစားအစာ တစ်ခု ဖြစ်ပြီး တတ်နိုင်တဲ့ အနေအထားမှာ ရှိတဲ့ ပရိုတိန်းကြွယ်ဝတဲ့ အစားအစာ တစ်ခုဖြစ်တယ်ဆိုတာကို သူတို့ တွေ့ရှိခဲ့ကြတဲ့ အတွက် ဟင်းလျာ အမျိုးမျိုး ပြုလုပ်စားသုံး ခဲ့ကြပါတယ်။ ပါးလ်ဂျီ တံဆိပ် ဘီစကွတ်မုန့်တွေဟာလည်း စျေးပေါပါတယ်။ ၂၅ပြားနဲ့ ၂၇ ကယ်လိုရီ ရနိုင်ပါတယ်။ သူတို့ဟာဘီစကွတ် အပေါ်မှာ ငှက်ပျောကြော်ကို တင်ထားတဲ့ အချိုပွဲကို တီထွင်ခဲ့ကြပါတယ်။ အဲဒါဟာ သူတို့အတွက် တစ်နေ့တာ အရသာခံ စားနိုင်တဲ့ အစားအစာတစ်ခုပါပဲ။



ကန့်သတ်ထားတဲ့ဘဝ

တစ်နေ့ ရူပီး ၁၀၀ နဲ့ နေရတဲ့ အချိန်ဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ကို ကျဉ်းမြောင်းစေပါတယ်။ ဘတ်စ်ကားကို တစ်နေ့ ၅ ကီလိုမီတာထက် ပိုပြီး စီးဖို့ မတတ်နိုင်ဘူး ဆိုတာ တွေ့လာရပါတယ်။ တကယ်လို့ သူတို့ ပိုပြီး ဝေးဝေးသွားချင်တယ် ဆိုရင် လမ်းလျှောက်ဖို့ပဲ ရှိပါတယ်။ လျှပ်စစ်ဓာတ်အားကိုလည်း တစ်နေ့ ၅ နာရီ ၆ နာရီပဲ သုံးနိုင်ပါတယ်။ အဲဒီအတွက် မီးတွေ ပန်ကာတွေကို ချွေချွေတာတာ သုံးစွဲရပါတယ်။ သူတို့ရဲ့ မိုဘိုင်းဖုန်းတွေ ကွန်ပျူတာတွေကို အားသွင်းဖို့လည်း လိုအပ်သေးတယ် မဟုတ်လား။ သူတို့ဟာ ဆပ်ပြာတစ်တုံးကို နှစ်ပိုင်းပိုင်းပြီး သုံးရပါတယ်။ ဆိုင်တွေကို ဖြတ်သွားတဲ့ အခါ သူတို့ မဝယ်နိုင်တဲ့ အရာတွေကို ငေးကြည့်နေရပါတယ်။ ရုပ်ရှင်ကြည့်ဖို့ မတတ်နိုင်ပါဘူး။ အဲဒီအချိန်မှာ နာမကျန်း မဖြစ်ဖို့ မျှော်လင့်ရုံပဲ ရှိပါတော့တယ်။

ဒါပေမယ့်လည်း သူတို့အတွက် ပိုပြီးကြီးကျယ်တဲ့ စိန်ခေါ်မှု တစ်ခု ရှိနေပါသေးတယ်။ သူတို့အနေနဲ့ အစိုးရ တရားဝင် သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေမှု သတ်မှတ်ချက် တစ်နေ့ကို ၃၂ ရူပီးနဲ့ နေနိုင်သလား ဆိုတာပါ။ အဲဒီ တစ်နေ့ကို ၃၂ ရူပီးဆိုတဲ့ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်ဟာ အိန္ဒိယ စီမံကိန်း ကော်မရှင်က တရားရုံးချုပ်ကို မြို့ပြနေ လူတစ်ယောက်ရဲ့ ဆင်းရဲမွဲတေမှု အဖြစ် အကြောင်းကြား ပြီးတဲ့နောက်မှာ အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။ (ကျေးလက်တွေ အတွက်ကတော့ မြို့ပြထက်နည်းပါတယ်။ တစ်နေ့ကို ၂၆ ရူပီးပါ။)

စိတ်ဆင်းရဲစရာ အတွေ့အကြုံ


အဲဒီအတွက် သူတို့ဟာ မတ်ရဲ့ ဘိုးဘွားတွေ နေထိုင်ခဲ့တဲ့ ကရာလာနယ်က ကာရူခါချယ် ရွာကို သွားဖို့ ဆုံးဖြတ်ခဲ့ကြပြီး တစ်နေ့ကို ၂၆ ရူပီးနဲ့ နေကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ဟာ ပြုတ်ဆန်၊ သစ်ဥ နဲ့ ငှက်ပျောသီးတွေကို စားကြပြီး နို့မပါတဲ့ လက်ဖက်ရည်ကို သောက်ကြပါတယ်။ သူတို့ လတ်တလော ပြောင်းလဲခဲ့တဲ့ တစ်နေ့ကို ၁၈ ရူပီးဆိုတဲ့ ပိုက်ဆံနဲ့ သင့်တင့်မျှတတဲ့ အစားအစာကို စားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်နေကုန် အစားအသောက်အကြောင်းပဲ စဉ်းစားနေမိတာကို သူတို့ သတိပြုမိပါတယ်။အဝေးကြီး လမ်းလျှောက်ကြရပြီး သူတို့ရဲ့ အဝတ်အစားတွေကို လျှော်ဖွတ်ဖို့ အတွက် ဆပ်ပြာဝယ်ဖို့ ကိုတောင် ပိုက်ဆံစုကြ ရပါတယ်။ တယ်လီဖုန်း အင်တာနက် အစရှိတဲ့ ဆက်သွယ်ရေးတွေ အတွက် ပိုက်ဆံ မသုံးနိုင်ကြပါဘူး။ တကယ်လို့ သူတို့ နာမကျန်းဖြစ်ခဲ့ရင်တော့ အကြီးအကျယ် ဒုက္ခရောက်ကြမှာပါ။ ၂၆ နှစ် အရွယ် လူငယ် နှစ်ယောက် အတွက်တော့ အစိုးရက သတ်မှတ်ပေးထားတဲ့ ဆင်းရဲမွဲတေမှု ဆိုတာကို ကြုံတွေ့ရတဲ့ အတွေ့အကြုံဟာ မချိမဆံ့ ခံစားရတာပါပဲ။

ဒေဝါလီနေ့ သူတို့ရဲ့ စမ်းသပ်မှု ပြီးဆုံးချိန်မှာတော့ သူတို့ရဲ့ သူငယ်ချင်းတွေ ဆီကို အခုလို စာရေးခဲ့ကြပါတယ်။ "ငါတို့ရဲ့ ပုံမှန်ဘဝကို ပြန်လည်ရောက်ရှိတဲ့ အခါမှာ ပျော်ရွှင်တဲ့အကြောင်းကို ပြောပြချင်ပါတယ်။ လွန်ခဲ့တဲ့ ၂ ညက ငါတို့စမ်းသပ်မှု အောင်မြင်တဲ့ အထိမ်းအမှတ်အနေနဲ့ စားခဲ့ရတဲ့ ၊ ငါတို့ စမ်းသပ်မှု တလျှောက်လုံး အမျှော်လင့်ကြီး မျှော်လင့်ခဲ့ရတဲ့ ခမ်းနားတဲ့ ညစာဟာ ငါတို့အတွက် ဘယ်လောက် စိတ်ကျေနပ်မှု ရစေသလဲ ဆိုတာကို ပြောပြချင်ပါတယ်။ အဲဒီ ညစာဟာ ငါတို့အတွက် အကောင်းဆုံး ညစာ တစ်ခု ဖြစ်ပါလိမ့်မယ်။ ငါတို့ကို ဧည့်ခံကျွေးမွေးသူတွေရဲ့ ချစ်ခြင်းမေတ္တာတွေ ကြောင့်လည်း ပါမှာပေါ့။ ဒါပေမယ့်လည်း ငါတို့ အစားတစ်လုပ်စားတိုင်းမှာ ဝမ်းနည်းစွာနဲ့ အမှတ်ရမိတာကတော့ တကယ့် အပြင်လောကမှာ ငါတို့တိုင်းပြည်က သန်း၄၀၀ သော ပြည်သူတွေအတွက်တော့ အဲဒီလို ညစာမျိုးဟာ အချိန်အတော်ကြီး ကြာတဲ့ အထိ အိပ်မက် အဖြစ်ပဲ ရှိနေလိမ့်ဦးမယ် ဆိုတာပါပဲ။ ငါတို့အနေနဲ့ သက်တောင့်သက်သာ ရှိတဲ့ ဘဝကို ပြောင်းလဲနိုင်ခဲ့ပေမယ့် သူတို့ အတွက်တော့ အသက်ရှင်ကျန်ရစ်ဖို့ တိုက်ပွဲဝင်နေဆဲပါပဲ။ ဘဝတွေ မှာ ခက်ခဲတဲ့ ရွေးချယ်မှုတွေ နဲ့ မြင့်မားတဲ့ တားဆီးမှုတွေ ရှိနေတုန်းပဲ။ ဘဝမှာ လွတ်လပ်မှု ဆိုတာ အဓိပ္ပာယ်နည်းနည်းပဲ ရှိပြီးတော့ ဆာလောင်မွတ်သိပ်မှုတွေကတော့ အများကြီး ရှိနေတုန်းပါပဲ။
 

မြောက်များစွာသော မေးခွန်းများ

အဲဒီ အကြောင်းအချက်တွေကြောင့် ငါတို့ အနေနဲ့ အခုအခါမှာ အပိုလို့ မြင်လာတဲ့ အရာတွေ အတွက် ပိုက်ဆံကို သုံးစွဲဖို့ စိတ်အနှောင့်အယှက် တစ်ခု ဖြစ်လာပါတယ်။ ငါတို့ အနေနဲ့ ဒီဆံပင်ကို ပြုပြင်ဖို့ ပစ္စည်တွေ ဒါမှမဟုတ် နာမည်ကြီး အမှတ်တံဆိပ် ကိုလုံး ရေမွှေးလိုမျိုး အရာတွေကို တကယ် လိုအပ်ပါသလား။ ပျော်ရွှင်စရာကောင်းတဲ့ စနေတနင်္ဂနွေ ဖြစ်ဖို့ ဈေးကြီးတဲ့ စားသောက်ဆိုင်မှာ သွားစားဖို့ တကယ်လိုအပ်ပါသလား။ ပိုပြီး ပြောရရင် ငါတို့ အနေနဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ချမ်းသာ ကြွယ်ဝမှုတွေကို တကယ်ပဲ လိုအပ်ပါသလား။ ငါတို့ အနေနဲ့ အခုလို သက်တောင့်သက်သာ ရှိတဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့ အတွက် ဖန်တီးပေးခဲ့တဲ့ ပတ်ဝန်းကျင် အခြေအနေမှာ မွေးဖွားခဲ့တာဟာ ကံတရား သက်သက်ပဲလား။ တခြားသူတွေ အတွက် ငါတို့ အတွက် မရှိမဖြစ်လို့ ခံယူထားတဲ့ ပစ္စည်းမျိုးတွေ ပိုင်ဆိုင်ခွင့် မရတာ ဘာကြောင့်လဲ။ ပိုပြီး အရေးကြီးတာက ကိုယ့်ကိုယ်ကို တိုးတက်ဖို့ ပညာသင်ခွင့် မရတာ ဒါမှမဟုတ် ကိုယ့်အသက် ကိုယ်မွေးဖို့ ဆေးကုခွင့် မရတာ ဘာလို့လဲ။
 

ငါတို့ အနေနဲ့ ဒီမေးခွန်းတွေရဲ့ အဖြေကို မသိပါဘူး။ ဒါပေမယ့် ငါတို့ သိတာကတော့ အခု အပြစ်ရှိသလို ခံစားနေရတာပါပဲ။ ဒီအပြစ်တွေဟာ တခြားတစ်ဖက်က ခက်ခဲ့ကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းနေရပေမယ့် ငါတို့ အတွက် ပေးအပ်ခဲ့တဲ့ မေတ္တာနဲ့ ရက်ရောမှုတွေက ဖြစ်လာတာပါ။ ငါတို့ အနေနဲ့ သူတို့ကို သူစိမ်းတွေလို တဘဝလုံး ဆက်ဆံ ခဲ့ကြပေမယ့် သူတို့ကတော့ အဲဒီလို ငါတို့ကို မဆက်ဆံ ခဲ့ကြပါဘူး။
 

အခုလို ဆင်းရဲမွဲတေမှုနဲ့ အခိုက်အတန့် ရင်ဆိုင်ခဲ့ရတဲ့ အဖြစ်က ငါတို့ သူငယ်ချင်းနှစ်ယောက်ကို ဘာသင်ခန်းစာတွေ ပေးခဲ့ပါသလဲ။ ဆာလောင်မွတ်သိပ်မှုက မင်းရဲ့ ဒေါသကို ဖြစ်စေပါတယ်။ အားလုံးအတွက် အာဟာရ အပြည့်အဝ ရဖို့ လိုအပ်ပါတယ်။ ဆင်းရဲမွဲတေမှုက မင်းကို အိပ်မက် သေးသေးကလေး တစ်ခုတောင် မက်ခွင့်မပေးပါဘူး။ အားလုံးထက် အရေးကြီးတာကတော့ ကိုယ်ချင်းစာတတ်မှုဟာ ဒီမိုကရေစီ အတွက် အရေးအကြီးဆုံးပါပဲ။"  လို့ မက်က ပြောပါတယ်။


http://www.thehindu.com/opinion/columns/Harsh_Mander/article2882340.ece

Tuesday, December 27, 2011

ဟိုတစ်စ ဒီတစ်စ ဟာသများ (၃)

မူးရင်မမောင်းနဲ့

လူတစ်ယောက်ဟာ ပါတီပွဲတစ်ခုမှာ အရက်သောက်ရင်း အမူးလွန် သွားပါတယ်။ သူ့ရဲ့ သူငယ်ချင်းတွေက အိမ်ပြန်လိုက်ပို့ပေးမယ် ပြောကြပေမယ့်လည်း သူ့အိမ်က တစ်မိုင်လောက်ပဲ ဝေးတယ် ကိစ္စမရှိဘူးလို့ သူက ငြင်းပါတယ်။

ပါတီပွဲကနေအပြန် တိုက် ၅ တိုက်လောက် အရောက်မှာတော့ ရဲက သူ့ကားကို တားပါတော့တယ်။ နောက်တော့ ရဲက သူ့ဆီကနေ လိုင်စင်တောင်းကြည့်ပြီး သူ့ကို ကားထဲကနေ အပြင်ဖက် ထွက်ပြီး လမ်းလျှောက် ခိုင်းပါတယ်။ သူလမ်းစ လျှောက်နေတုန်းမှာပဲ ရဲတွေရဲ့ ရေဒီယိုက အသံမြည်လာပြီး လမ်းဒေါင့်က အိမ်တစ်အိမ်မှာ ဓားပြမှု ဖြစ်နေတယ်လို့ သတင်းပို့တဲ့ အသံ ကြားလိုက်ရပါတယ်။ ရဲတွေက သူ့ကို သူတို့ လမ်းထောင့်က ဓားပြမှု ကိုသွားဖြေရှင်းပြီး ပြန်လာခဲ့မယ် ဒီနေရာမှာ စောင့်နေပါလို့ မှာထားခဲ့ပြီး လမ်းဒေါင့်ကို ပြေးသွားကြ ပါတယ်။

သူဟာ အဲဒီနေရာမှာ အကြာကြီး စောင့်နေပေမယ့် ရဲတွေ ပြန်မလာတာနဲ့ နောက်ဆုံးမှာ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူအိမ်ပြန်ရောက်တဲ့ အခါမှာတော့ သူ့မိန်းမကို သူအိပ်တော့မယ်။ တကယ်လို့ တစ်ယောက်ယောက်က သူ့ကို လာရှာခဲ့ရင် သူ တုပ်ကွေးမိနေလို့ တစ်နေကုန် အိပ်ရာထဲမှာ အိပ်နေတယ်လို့ ပြောဖို့ မှာထားခဲ့ပါတယ်။

နာရီအနည်းငယ် အကြာမှာတော့ ရဲတွေက သူ့အိမ်တံခါးကို လာခေါက်ပါတယ်။ သူတို့က မစ္စတာစမစ် ဒီမှာ ရှိသလားလို့ မေးတော့ သူ့မိန်းမက ရှိပါတယ်လို့ ပြန်ဖြေပါတယ်။ သူတို့က မစ္စတာ စမစ်နဲ့ တွေ့ချင်တယ် ပြောတော့ သူ့မိန်းမက သူတုပ်ကွေးမိနေလို့ တစ်နေကုန် အိပ်ရာထဲမှာ အိပ်နေတယ်လို့ ပြန်ဖြေလိုက် ပါတယ်။

ရဲတွေ ဆီမှာ သူ့ရဲ့ လိုင်စင်တွေက ရှိနေတုန်းပါ။ ရဲတွေက သူ့ကားကို ကြည့်ချင်တယ် ပြောတော့ သူ့မိန်းမက ဘာလို့ ကြည့်ချင်တာလဲလို့ ပြန်မေးပါတယ်။ ဒါပေမယ့် ရဲတွေက သူ့ကားကို ကြည့်ဖို့ အတင်းအကြပ် တောင်းဆိုတာနဲ့ သူ့မိန်းမက သူတို့ကို ကားဂိုဒေါင် ရှိတဲ့နေရာကို ခေါ်သွားပါတယ်။ သူမက ဂိုဒေါင်တံခါးကို ဖွင့်တဲ့ အချိန်မှာ ဂိုဒေါင်ထဲမှာ တွေ့လိုက်ရတာကတော့ ခေါင်မိုးပေါ်မှာ မီးရောင်တွေ တလက်လက်  လင်းနေဆဲ ဖြစ်တဲ့ ရဲကားကိုပါ။

သတင်းစာဆရာ 

လူတစ်ယောက်ဟာ တိရစ္ဆာန်ရုံထဲမှာ လမ်းလျှောက်လာတဲ့ အချိန် ကလေးမကလေး တစ်ယောက် ခြင်္သေ့လှောင်အိမ်ကို မှီနေတာကို မြင်လိုက်ရပါတယ်။ ရုတ်တရက် ဆိုသလိုပဲ ခြင်္သေ့က သူမ ဝတ်ထားတဲ့ ဂျာကင်ရဲ့ အနားစကို လှမ်းဆွဲလိုက်ပြီး ကလေးမလေးကို လှောင်အိမ်ထဲ ဆွဲသွင်းပြီး စားဖို့ လုပ်နေတာကို သူ လှမ်းတွေ့လိုက် ရပါတယ်။ ကလေးမကလေးရဲ့ မိဘတွေကတော့ လှောင်အိမ်ရှေ့မှာ အသံကုန်ခြစ်ပြီး အော်နေကြ ပါတယ်။

အဲဒီလူက လှောင်အိမ်ရဲ့ အနားကို ပြေးသွားပြီး ခြင်္သေ့ရဲ့ နှာနုကို လက်သီးနဲ့ ခပ်ပြင်းပြင်း ပိတ်ထိုး ထည့်လိုက်ပါတယ်။ နာသွားတဲ့ အတွက်ကြောင့် ခြင်္သေ့က နောက်ကို ခုန်ဆုတ်ပြီး ကောင်မလေးကို လွှတ်ပေးလိုက်ပါတယ်။ သူက ကောင်မလေးကို ကြောက်လန့်နေတဲ့ သူမ မိဘတွေဆီကို ပို့ပေးလိုက်ပါတယ်။

သတင်းသမား တစ်ယောက်က အဲဒီ မြင်ကွင်းကို အစအဆုံးမြင် လိုက်ပါတယ်။ နောက်တော့ သူက ကောင်မလေးကို ကယ်ဆယ်တဲ့သူကို ပြောပါတယ်။

"ဆရာ။ ဒါဟာ ကျွန်တော့်ဘဝမှာ ကြုံဖူးသမျှထဲက ယောက်ျားတစ်ယောက် ရဲ့ အရဲရင့်ဆုံး သူရဲကောင်း အဆန်ဆုံး အပြုအမူ တစ်ခုပါပဲ။"

"ဘာလို့လဲ။ ဒါမဖြစ်စလောက် ကိစ္စပါ။" လို့ အဲဒီလူက ပြန်ပြောပါတယ်။

"တကယ်ပါ။ ခြင်္သေ့က လှောင်အိမ်ထဲမှာ ရှိနေတယ်။ ဘုရားသခင်က ခြင်္သေ့လှောင်အိမ်ထဲက ဒင်နီယယ်ကို အကာအကွယ် ပေးခဲ့သလိုပဲ ကျုပ်ကိုလည်း အကာအကွယ် ပေးလိမ့်မယ် ဆိုတာ ကျုပ်သိတယ်။ အခု ကျုပ် ဒီကလေးမလေး အန္တရာယ် ဖြစ်နေတာ မြင်လိုက်ရတယ်။ အဲဒီအတွက် ကျုပ်မှန်တယ် ထင်တဲ့ ကိစ္စတစ်ခုကို လုပ်လိုက်တာပဲ။"

"ခင်ဗျား အိတ်ထဲမှာ သမ္မာကျမ်းစာအုပ်ကို တွေ့တယ်။ ခင်ဗျားက ရီပတ်ဘလစ်ကင်လား။" လို့ သတင်းစာ ဆရာက မေးပါတယ်။

"ဟုတ်ပါတယ်။ နောက်ပြီး ကျုပ် ခရစ်ယာန်ပါ။ အခု သမ္မာကျမ်းစာ သင်တန်းကို သွားမလို့။" လို့ အဲဒီလူက ပြန်ဖြေပါတယ်။

"ကောင်းပါပြီ။ ဒီအဖြစ်အပျက်ကို ဘယ်သူမှ မသိလိုက်ဘဲ ပျောက်ပျက်သွားတာမျိုး မဖြစ်စေရပါဘူး။ ကျွန်တော်က သတင်းစာ ဆရာပါ။ မနက်ဖြန် သတင်းစာမှာ ဒီသတင်းကို မျက်နှာဖုံး သတင်း အနေနဲ့ ပါလာစေရ ပါမယ်။" လို့ သတင်းစာ ဆရာက ပြောပြီး ထွက်သွားပါတယ်။

နောက်တစ်နေ့ မနက်မှာတော့ အဲဒီလူက သတင်းစာကို ဝယ်ပြီး မနေ့က သူလုပ်ခဲ့တဲ့ ကိစ္စ တကယ်ပဲ သတင်းစာထဲမှာ ပါလာသလားလို့ ကြည့်ပါတယ်။ ပထမဆုံး စာမျက်နှာမှာ ရေးထားတဲ့ သတင်းခေါင်းစဉ်ကတော့ "လက်ယာယိမ်းသူ ရီပတ်ဘလစ်ကင် ခရစ်ယာန် အခြေခံ ဝါဒီတစ်ဦးမှ အာဖရိကမှ ရွှေ့ပြောင်းလာသူအား တိုက်ခိုက်ပြီး သူ၏ နေ့လည်စာကို လုယူလိုက်ခြင်း" လို့ပဲ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ကားမောင်းခြင်း

အမေရိကားကို အလည်လာတဲ့ ပုပ်ရဟန်းမင်းကြီးကို လာကြိုတဲ့ ကားဒရိုင်ဘာဟာ ပုပ်ရဟန်းမင်းကြီးရဲ့ အထုတ်အပိုးတွေကို ဇိမ်ခံကားထဲကို ထည့်ပြီးတဲ့အချိန်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ ပလက်ဖောင်းပေါ်မှာ ရပ်နေတာကို သတိထားလိုက်မိပါတယ်။

ဟုတ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက ပလက်ဖောင်းပေါ်မှာ ရပ်နေဆဲပါ။

"ကျေးဇူးပြုပြီး အထဲ ဝင်ထိုင်ပါ ပုပ်ရဟန်းမင်းကြီး ခင်ဗျာ။ ကျွန်တော်တို့ သွားလို့ ရပါပြီ။" လို့ ဒရိုင်ဘာက ပြောပါတယ်။

အဲဒီတော့ ပုပ်ရဟန်းမင်းကြီးက "အင်း။ အမှန်အတိုင်း ပြောရရင်တော့ သူတို့ ငါ့ကို ဗာတီကန်မှာတုန်းက ဘယ်တော့မှ ကားပေးမမောင်းဘူး။ ဒီနေတော့ ကျုပ် ကားမောင်းချင်တယ်။"လို့ ပြောပါတယ်။

"အဲဒီလို လုပ်လို့ မဖြစ်ပါဘူး ခင်ဗျာ။ ကျွန်တော် အလုပ်ပြုတ်ပါလိမ့်မယ်။ တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မှာလဲ။" လို့ ဒရိုင်ဘာက ကန့်ကွက်ပါတယ်။ သူ့စိတ်ထဲမှာတော့ ဒီနေ့ အလုပ်မဆင်းမိရင် အကောင်းသားလို့ တွေးနေမိပါတယ်။

"ရပါတယ်။ မင်းကို မထိခိုက်စေရပါဘူး။" လို့ ပုပ်ရဟန်းမင်းကြီးက ပြန်ပြောပါတယ်။

ဒရိုင်ဘာက တွန့်ဆုတ် တွန့်ဆုတ်နဲ့ နောက်ခန်းထဲ ဝင်လိုက်ပြီး ပုပ်ရဟန်းမင်းကြီးကတော့ ယာဉ်မောင်းသူ နေရာမှာ ထိုင်လိုက်ပါတယ်။

လေဆိပ်ကနေ ထွက်လာပြီးတဲ့ အချိန်မှာတော့ ဒရိုင်ဘာဟာ အတော်နောင်တ ရသွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပုပ်ရဟန်းမင်းကြီးက ကားကို တစ်နာရီ ၁၀၅မိုင်နှုန်း အထိ အရှိန်တင်ပြီး မောင်းနေလို့ပါ။

"ဖြည်းဖြည်းမောင်းပါ အရှင်။" လို့ ဒရိုင်ဘာက တောင်းပန်ပါတယ်။ ဒါပေမယ့် ပုပ်ရဟန်းမင်းကြီးက အဲဒီ အရှိန်နဲ့ ဆက်ပြီး မောင်းနေတာ နောက်ဆုံးမှ ရဲ ဆိုင်ကယ်ရဲ့ ဥဩဆွဲသံကို သူတို့ ကြားရတဲ့ အချိန်အထိပါပဲ။

"ဘုရားသခင်။ သွားပါပြီ။ ကျွန်တော့် လိုင်စင်တော့ အသိမ်းခံရပါပြီ။" လို့ ဒရိုင်ဘာက ညည်းလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးက ကားကို လမ်းဘေးဆွဲချလိုက်ပါတယ်။ ရဲက ကားနားကပ်လာတဲ့ အချိန်မှာတော့ သူက သူ့ရဲ့ ဘေးက မှန်တံခါးကို ချလိုက်ပါတယ်။ ဒါပေမယ့် ရဲက သူ့ကို တစ်ချက်ကြည့်ပြီး သူ့မော်တော်ဆိုင်ကယ် ဆီကို ပြန်လျှောက် သွားပါတယ်။ နောက်ပြီး သူ့ရဲ့ ရေဒီယိုကို ဖွင့်လိုက်ပါတယ်။ ဟိုဘက်က ပြန်ထူးသံ ကြားတဲ့ အချိန်မှာ ရဲသားက "ငါ ရဲမှူးနဲ့ စကားပြောချင်တယ်။"လို့ ပြောလိုက်ပါတယ်။
 ရဲမှူးက ရေဒီယိုကို ပြန်ထူးတဲ့ အချိန်မှာတော့ ရဲသားက သူ တစ်နာရီ ၁၀၅ မိုင်နှုန်းနဲ့ မောင်းလာတဲ့ ဇိမ်ခံကား တစ်စင်းကို တားလိုက်တဲ့ အကြောင်း ပြောပြပါတယ်။

"အဲဒါဆိုလည်း ဖမ်းလိုက်လေ။"လို့ ရဲမှူးက ပြောပါတယ်။

"ကျွန်တော်တို့ ဖမ်းလို့ မဖြစ်ဘူးထင်တယ်။ ကားထဲမှာ ပါတဲ့သူက တကယ့်ကို အရေးကြီးတဲ့ ပုဂ္ဂိုလ်"လို့ ရဲသားက ပြန်ပြောပါတယ်။

"တခြား အကြောင်းရော ရှိသေးလား။"လို့ ရဲမှူးက မေးပါတယ်။

"မရှိဘူး။ ဒါပေမယ့် အဲဒီကားပေါ်ပါတဲ့သူက တကယ့်ကို အရေးကြီးတဲ့ ပုဂ္ဂိုလ်မို့ပါ။" လို့ ရဲက ထပ်ပြောပါတယ်။

ရဲမှူး။  ။ "မင်းအခု တားလိုက်တာ ဘယ်သူလဲ။ မြို့တော်ဝန်လား။"

ရဲသား။ ။ "မဟုတ်ဘူး။ သူ့ထက် မြင့်တယ်။"

ရဲမှူး။ ။ "ပြည်နယ် အုပ်ချုပ်ရေးမှူးလား။"

ရဲသား။ ။ "မဟုတ်သေးဘူး။ သူ့ထက် မြင့်သေးတယ်။ "

ရဲမှူး။ ။" ကောင်းပြီ။ အဲဒါဆို ဘယ်သူလဲ။"

ရဲသား။ ။ "ကျွန်တော်တော့ ဘုရားသခင်လို့ ထင်တယ်။"

ရဲမှူး။ ။"နေပါဦး မင်းက ဘာလို့ ဘုရားသခင်လို့ ထင်ရတာလဲ။"

ရဲသား။ ။ "ဇိမ်ခံကားရဲ့ ဒရိုင်ဘာက ပုပ်ရဟန်းမင်းကြီးလေ။ "  
 
သတ်သေမှာလား

ပုံသဏ္ဍာန် ကြမ်းကြမ်းတမ်းတမ်း ရှိတဲ့ စက်ဘီးသမား တစ်စု စက်ဘီးစီးလာတဲ့ အချိန်မှာ ​ကောင်မလေး တစ်ယောက် တံတားပေါ်က ခုန်ချဖို့ ပြင်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီအတွက် သူတို့ ရပ်လိုက်ကြပါတယ်။

သူတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ခန္ဓာကိုယ် ခပ်တောင့်တောင့်လူက သူ့စက်ဘီးပေါ်က ဆင်းပြီး ကောင်မလေးကို စကားလှမ်းပြောနေပါတယ်။

"မင်းဘာလုပ်နေတာလဲ။"

"ကျွန်မ ကိုယ့်ဘာသာကိုယ် သတ်သေမလို့။" လို့ သူမက ပြန်ပြောပါတယ်။

တကယ်တမ်းတော့ သူ့အနေနဲ့ ဂရုမစိုက်ပေမယ့် ရှိနေတဲ့ အခွင့်အရေးကို လက်လွတ်မခံချင်တာကြောင့် သူက မေးလိုက်ပါတယ်။
"ကောင်းပြီ။ မင်းခုန်မချခင် ငါ့ကို မနမ်းချင် ဘူးလား။"
သူမက သူ့ကို နမ်းလိုက်ပါတယ်။ အဲဒီလို နမ်းလိုက်တာဟာ တကယ့်ကို မက်မက်မောမောနဲ့ အကြာကြီးပါ။
သူမ သူ့ကို နမ်းပြီးသွားတဲ့ အချိန်မှာတော့ စက်ဘီးသမားက ပြောပါတယ်။
"တကယ်ပဲ။ ဒါဟာ ငါ့ဘဝမှာ ကြုံဖူးသမျှ ထဲက အကောင်းဆုံး အနမ်းပဲ။ မင်းအနေနဲ့ မင်းမှာ ပါလာတဲ့ ပါရမီကို အလဟသ ဖြုန်းမပစ်သင့်ဘူး။ မင်းအနေနဲ့ အများကြီး ဖြစ်နိုင်သေးတာပဲ။ ဘာဖြစ်လို့ မင်းသတ်သေမှာလဲ။"
"ကျွန်မရဲ့ မိဘတွေက ကျွန်မ မိန်းကလေးတစ်ယောက်လို ဝတ်တာကို သဘောမကျဘူး။"
 
သူချစ်တာ

လူတစ်ယောက်ဟာ သူ့အိမ်ရဲ့ ဝရန်တာမှာ သူ့မိန်းမနဲ့ အတူ ထိုင်ရင်း  ဘီယာ သောက်နေပါတယ်။ နောက်တော့ သူက ပြောလိုက်ပါတယ်။
"မင်းကိုငါချစ်တယ်။"
သူ့မိန်းမက ပြန်မေးပါတယ်။ "အဲဒီစကားက ရှင်ပြောနေတာလား။ ဘီယာက ပြောနေတာလား။"
သူက ပြန်ဖြေပါတယ်။ "ငါပြောနေတာ။ ဒါပေမယ့် ဘီယာကို ပြောနေတာ။"
 
ညစ်ညစ်ပတ်ပတ် ဟာသ

"မင်း ညစ်ညစ်ပတ်ပတ် ဟာသ ကြားချင်သလား။"

"ပြော။ ဘာလဲ။"

"တစ်ခါက မြင်းဖြူကြီးတစ်ကောင် ဗွက်ထဲ ပြုတ်ကျသွားတယ်။

တက္ကဆပ်မှာလို ဖြစ်သွားချင်သလား

ကောင်းဘွိုင်တစ်ယောက်ဟာ အရက်ဆိုင်တစ်ဆိုင်မှာ သောက်ဖို့အတွက် ရပ်လိုက်ပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းတာက အဲဒီအရက်ဆိုင်မှာ သူစိမ်းတွေရဲ့ ပစ္စည်းတွေကို ခိုးယူသူတွေ ရှိတတ်ပါတယ်။ ကောင်းဘွိုင်ဟာ အရက်သောက်ပြီး ပြန်ထွက်လာတဲ့ အချိန်မှာတော့ သူ့မြင်း ပျောက်သွားတာကို သိလိုက်ရပါတယ်။

သူက ဘားထဲကို ပြန်ဝင်သွားပြီး သေနတ်ကို လေထဲကို ပစ်မြှောက်လိုက်ပါတယ်။ နောက်တော့ မကြည့်ဘဲ ခေါင်းပေါ်မှာ ပြန်ဖမ်းပြီး မျက်နှာကြက်ကို သေနတ်နဲ့ တစ်ချက် ပစ်ထည့်လိုက်ပါတယ်။

"ဘယ်ကောင် ငါ့မြင်းကို ခိုးသွားတာလဲကွ။" သူက အသံကျယ်ကျယ်နဲ့ အော်ပါတယ်။

ဘယ်သူမှ ပြန်မဖြေ ကြပါဘူး။

"ကောင်းပြီ။ ငါ နောက်တစ်ခွက် ထပ်သောက်မယ်။ ငါပြီးတဲ့ အချိန်မှာ မြင်းအပြင်ဘက်မှာ ပြန်ရောက် မနေရင်တော့ တက္ကဆပ်မှာ ငါလုပ်သလို လုပ်မယ်။ ငါတက္ကဆပ်မှာ တုန်းကလို မလုပ်ချင်ဘူးနော်။"

ဒေသခံတွေက ကောင်းဘွိုင် အဲဒီလို ပြောတာ ကြားတော့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါတယ်။ ကောင်းဘွိုင်ဟာ သူ့စကားအတိုင်း နောက်တစ်ခွက် ထပ်သောက်ပြီး အပြင်ကို ထွက်သွားပါတယ်။ အဲဒီအခါမှာတော့ သူ့မြင်းကို နေရာတကျ ပြန်တွေ့လိုက်ရပါတယ်။ သူက ကုန်းနှီးကို ပြင်ပြီး မြို့ထဲကနေ ဆက်ထွက်ဖို့ ပြင်ပါတယ်။ အရက်စပ်တဲ့သူက ကောင်းဘွိုင်ရဲ့ နောက်ကနေ ဘားအပြင်ဘက်ကို လိုက်သွားပါတယ်။ နောက်တော့ သူက ကောင်းဘွိုင်ကို စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်ပါတယ်။

"မိတ်ဆွေ။ ခင်ဗျားမသွားခင် ပြောခဲ့ပါ။ တက္ကဆပ်မှာ ဘာဖြစ်သွားသလဲ။"

ကောင်းဘွိုင်က နောက်ကို လှည့်ပြီး ပြောလိုက်ပါတယ်။ "ကျုပ်အိမ်ကို လမ်းလျှောက် ပြန်ရတာပေါ့။"

Thursday, December 22, 2011

ဟိုတစ်စ ဒီတစ်စ ဟာသများ (၂)

လက်ခုပ်တီးတဲ့သူ

ဒေါ်အောင်ဆန်းစုကြည် အတွက် "Walk On" ဆိုတဲ့ သီချင်းနဲ့ ရေးသားသီဆို ဂုဏ်ပြုခဲ့ဖူးတဲ့ ကမ္ဘာကျော် တေးဂီတ အဖွဲ့ U2 ကို ကြားဖူးကြမှာပါ။ ယူတူး အဖွဲ့ရဲ့ ခေါင်းဆောင်အဆိုတော် ဘိုနိုဟာ သူ့ကိုယ်သူ တခြားသူတွေထက် ပိုပြီး စိတ်ထားမြင့်တဲ့သူအဖြစ် အထင် ရောက်တတ်တယ်လို့ ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲမှာ သိကြပါတယ်။

တစ်ခါတော့ စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့မှာ ယူတူးအဖွဲ့ရဲ့ ဂီတဖျော်ဖြေပွဲ တစ်ခု လုပ်ပါတယ်။ အဲဒီပွဲမှာ ဘိုနိုက ပရိသတ်အားလုံးကို လုံးဝ ငြိမ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

အားလုံး ငြိမ်ကျသွားတဲ့ အချိန်မှာတော့ ဘိုနိုက စက္ကန့် အနည်းငယ်စီ ခြားပြီး လက်ခုပ်ကို တစ်ချက်ချင်း  ဖြည်းဖြည်းချင်း တီးပါတော့တယ်။ ပရိသတ်တွေ ငြိမ်နေတဲ့ အချိန်မှာပဲ သူက မိုက်ခရိုဖုန်းကနေ တဆင့် အခုလို ပြောလိုက်ပါတယ်။

"ကျွန်တော့်ရဲ့ လက်ခုပ်သံ တစ်ချက်တိုင်းမှာ အာဖရိက မှာရှိတဲ့ ကလေးငယ် တစ်ယောက် သေဆုံး နေပါတယ်။"

အဲဒီအချိန်မှာပဲ တိတ်ဆိတ်နေတဲ့ လူအုပ်ရဲ့ အရှေ့က စကော့တလန်လေသံ ဝဲဝဲနဲ့ အသံတစ်သံ ထွက်လာပါတယ်။

"အဲဒါဆိုလည်း မင်း လက်ခုပ် ဆက်မတီးပါနဲ့တော့လား မိစ္ဆာကောင် မျိုးမစစ်ရဲ့။"

ယုံကြည်မှု ရှိပါ

နိုင်ငံပေါင်းစုံမှာရှိတဲ့ ကုမ္ပဏီ အသီးသီးက အမှုဆောင် အရာရှိချုပ် အယောက် ၂၀ ဟာ လေယာဉ်ပျံ တစ်စင်းပေါ်ကို ဖိတ်ကြား ခံခဲ့ရပါတယ်။ လေယာဉ်ပျံပေါ် ရောက်တော့ ဒီလေယာဉ်ပျံဟာ ကမ္ဘာမှာ ပထမဆုံး မောင်းသူမဲ့ ဝန်ထမ်းမဲ့ လေယာဉ်ပျံ ဖြစ်ကြောင်း သူတို့ကို ပြောပြပါတယ်။

နောက်တော့ အမှုဆောင် အရာရှိချုပ် တစ်ယောက်ချင်းစီကို သီးသန့်တွေ့ဆုံပြီး ဒီလေယာဉ်ပျံရဲ့ အလိုအလျောက် မောင်းနှင်စနစ်မှာ သူ့ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲလ်ကို သုံးထားကြောင်း ပြောပြပါတယ်။ အမှုဆောင် အရာရှိချုပ် ၁၉ ယောက်ဟာ အကြောင်းအမျိုးမျိုး ပြပြီး လေယာဉ်ပေါ်ကနေ ချက်ချင်း ဆင်းသွားကြ ပါတယ်။ မလေးရှားက အမှုဆောင် အရာရှိချုပ် တစ်ယောက်ပဲ လေယာဉ်ပေါ်မှာ ကျန်နေခဲ့ပြီး သူကတော့ လုံးဝ စိုးရိမ်တဲ့ ပုံစံ မပြပါဘူး။

ပထမဆုံး မောင်းသူမဲ့ လေယာဉ်ကိုစီးဖို့အတွက် ဘာဖြစ်လို့ သူ့မှာ ယုံကြည်မှုအပြည့် ရှိရတာလဲလို့ သူ့ကို မေးတော့ သူက ပြန်ဖြေပါတယ်။ "ဒီလေယာဉ်ပျံကို မောင်းဖို့ ဆော့ဖ်ဝဲလ်က ငါ့ကုမ္ပဏီရဲ့ အိုင်တီဌာနက ရေးတာ မှန်ရင်တော့ ဒီလေယာဉ်ပျံ လေပေါ်ကိုတောင် ရောက်မှာ မဟုတ်ဘူး။"

ကိုယ့်ကုမ္ပဏီကိုယ် ယုံကြည်မှု အပြည့်အဝရှိတယ် ဆိုတာ ဒါမျိုးပါပဲ။

ရှားလော့ဟုမ်း အမေ

မိုက်ကယ်က သူ့အမေကို အိမ်မှာ ညစာ လာစားဖို့ ခေါ်ပါတယ်။ ညစာစားနေတုန်းမှာ သူ့အမေက မိုက်ကယ့်ရဲ့ အခန်းဖော်က အတော်ချောတယ် ဆိုတာကို သတိပြုမိပါတယ်။ သူမအနေနဲ့ မိုက်ကယ်နဲ့ သူ့ အခန်းဖော်ရဲ့ ဆက်ဆံရေးကို သံသယ ဖြစ်နေခဲ့တာ ကြာပါပြီ။ အခုလို တွေ့လိုက်ရတော့ သူမအနေနဲ့ ပိုပြီး သိချင်လာပါတယ်။

တစ်ညနေလုံး သူတို့ နှစ်ယောက် ပြောဆိုဆက်ဆံနေပုံကို တွေ့ပြီးတဲ့ နောက်မှာတော့ သူမအနေနဲ့ သူတို့ကြားက ဆက်ဆံရေးဟာ သာမန်ထက် ပိုနေမလားလို့ တွေးမိလာပါတယ်။ သူ့အမေ ဘာတွေးနေတယ် ဆိုတာကို ရိပ်မိတဲ့ မိုက်ကယ်က "အမေ ဘာတွေးနေသလဲ ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ကျွန်တော်နဲ့ ဂျိုအန်း နှစ်ယောက်ကြားက ဆက်ဆံရေးဟာ အခန်းဖော် ဆိုတာထက် မပိုဘူးလို့ အမေ့ကို အတိအကျ ပြောနိုင်ပါတယ်။" လို့ သူ့အမေကို ပြောပါတယ်။

တစ်ပတ်လောက် ကြာတော့ ဂျိုအန်းက မိုက်ကယ့်ကို မေးပါတယ်။
"ရှင့်အမေ လာသွားပြီးကတည်းက ကျွန်မ ငွေရောင်ဇွန်း လှလှ ကလေးကို မတွေ့တော့ဘူး။ ရှင် သူယူသွားတယ်လို့ ထင်သလား။"

မိုက်ကယ်က "အင်း။ ငါလည်း အဲဒီလိုထင်တယ်။ ပိုပြီး သေချာအောင် ငါ့အမေကို စာရေးပြီး မေးလိုက်ပါဦးမယ်။" လို့ ပြန်ပြောပါတယ်။

မိုက်ကယ်က သူ့အမေဆီကို စာရေးပါတယ်။
"အမေ။ အမေ ကျွန်တော့်အိမ်က ငွေရောင် ဇွန်းလှလှကလေး တစ်ချောင်းကို ယူသွားသလား ယူမသွားဘူးလားတော့ မပြောတတ်ဘူး။ ဒါပေမယ့် အချက်အလက် အရတော့ အမေလာသွားပြီး ကတည်းက ဒီဇွန်းက ပျောက်နေတယ်။"

နောက်ထပ် ရက်အနည်းငယ် အကြာမှာ သူ့အမေဆီကနေ စာပြန်လာပါတယ်။ "သား။ မင်း ဂျိုအန်းနဲ့ အတူ အိပ်သလား မအိပ်ဘူးလားတော့ အမေ မပြောတတ်ဘူး။ ဒါပေမယ့် အချက်အလက် အရတော့ တကယ်လို့ ဂျိုအန်းသာ သူ့အိပ်ရာမှာသူ သူအိပ်တယ် ဆိုရင် အခု မင်းတို့ ဇွန်းကို ရှာတွေ့လောက် ပါပြီ။ ချစ်တဲ့ အမေ။"

ကပ်စတန်မာ ဆားဗစ်

ဗာဂျင် လေကြောင်းလိုင်းရဲ့ ဘိုးအင်း ၇၆၇ လေယာဉ်ပျံတွေ ဆက်လက်ပြီး မပျံသန်းတော့ တဲ့အတွက် ဖျက်သိမ်းလိုက်ရတဲ့ လေယာဉ်ခရီးစဉ်တွေထဲမှာ လူများတဲ့ လေယာဉ်ခရီးစဉ်တစ်ခုလည်း ပါပါတယ်။ အဆင်မပြေ ဖြစ်နေတဲ့ ခရီးသည်တွေကို လေကြောင်းလိုင်း ဝန်ထမ်း တစ်ယောက်တည်းကနေ​ တခြား လေကြောင်း ခရီစဉ်တွေမှာ ပြန်ပြီး ဘွတ်ကင် လုပ်ပေးနေရတော့ တန်းစီနေတဲ့ လူတန်းက အရှည်ကြီး ဖြစ်နေပါတယ်။ ရုတ်တရက် ဆိုသလိုပဲ ဒေါသဖြစ်နေတဲ့ ကပ်စတန်မာ တစ်ယောက်က လူအားလုံးကို ကျော်ပြီး စားပွဲရှေ့ကို ရောက်လာ ပါတယ်။
"ငါဒီလေယာဉ်ခရီးစဉ်နဲ့ လိုက်ရမှ ဖြစ်မယ်။ ပထမတန်းကနေ လိုက်ရမှ ဖြစ်မယ်။"  လို့ သူက ပြောပါတယ်။

ဝန်ထမ်းက ပြန်ပြောပါတယ်။ "ဆောရီးပါ ဆရာ။ ကျွန်မ အနေနဲ့ ရှင့်ကို ကူညီဖို့ ကြိုးစားပေးပါ့မယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ ဒီခရီးသည်တွေကို အရင် အကူအညီ ပေးရပါလိမ့်မယ်။ ကျွန်မတို့ တစ်ခုခုတော့ စီစဉ် ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။"

သူက ကျေနပ်ပုံ မရပါဘူး။ သူ့နောက်က လူတွေ အားလုံး ကြားရအောင် သူက အသံကျယ်ကျယ်နဲ့ ထပ်ပြောပါတယ်။
"ငါ ဘယ်သူလဲ ဆိုတာ မင်းသိရဲ့လား။"

ဝန်ထမ်းက တုံ့ဆိုင်းမနေဘဲ သူ့ကို ပြုံးပြပြီး ကြေငြာချက် ထုတ်တဲ့ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက် ပါတယ်။
"ကျေးဇူးပြုပြီး နားဆင်ပါရှင်။ ကျေးဇူးပြုပြီး နားဆင်ပါရှင်။" ဆိုပြီး သူမ စပြောတော့ သူမရဲ့ အသံကို လေဆိပ် တာမင်နယ် တစ်ခုလုံးကနေ ပီပီသသ ကြားရပါတယ်။

"ကျွန်မတို့ရဲ့ ဂိတ်အမှတ် ၁၄ မှာ သူ့ကိုယ်သူ ဘယ်သူမှန်း မသိတဲ့ ခရီးသည် တစ်ယောက် ရောက်နေပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်ကများ သူဘယ်သူလဲဆိုတာကို ပြောပြပေးနိုင်မယ် ဆိုရင် ဂိတ်အမှတ် ၁၄ ကို ကျေးဇူးပြုပြီး လာခဲ့ပေးပါ။"

သူ့အနောက်မှာ ရပ်နေတဲ့ သူတွေက ခွက်ထိုးခွက်လန် ရယ်ကြတဲ့ အခါမှာတော့ အဲဒီလူက ဗာဂျင် လေကြောင်းလိုင်းက ဝန်ထမ်းကို စူးစူးရဲရဲကြည့် အံကြိတ်ပြီး "F*** You!" လို့ ဆဲလိုက်ပါတယ်။

ဝန်ထမ်းက မျက်နှာတစ်ချက်မှ မမဲ့ဘဲ ပြုံးပြီး ပြန်ပြောပါတယ်။
"ဆောရီးပါ ဆရာ။ အဲဒီအတွက်လည်း တန်းစီရပါလိမ့်မယ်။"

အဆောင်ကူး

ကောလိပ်ကျောင်းရဲ့ ပထမနေ့မှာ ဆရာကြီးက ကျောင်းသားတွေကို အမှာစကား ပြောရင်း စည်းကမ်းချက် တစ်ချို့ကို ပြောပြပါတယ်။

"မိန်းကလေးဆောင်ကို ယောက်ျားလေးတွေ ဝင်ခွင့် မရှိဘူး။ ယောက်ျားလေးဆောင်ကို မိန်းကလေးတွေ ဝင်ခွင့် မရှိဘူး။ ဒီစည်းကမ်း ချိုးဖောက်တဲ့သူကို မိရင် ပထမဆုံး အကြိမ် အနေနဲ့ ဒဏ်ငွေ ဒေါ်လာ ၂၀ ရိုက်မယ်။"

သူက ဆက်ပြောပါတယ်။ "တကယ်လို့ ဒုတိယ အကြိမ် ထပ်ပြီး မိရင် ဒဏ်ငွေ ဒေါ်လာ ၆၀ ရိုက်မယ်။ တတိယ အကြိမ် ထပ်ပြီး မိရင် ဒေါ်လာ ၁၂၀ ရိုက်မယ်။ မေးစရာ ရှိလား။"

အဲဒီအချိန်မှာ ကျောင်းသားတစ်ယောက်က ထမေးပါတယ်။
"လပေးဆိုရင် ဘယ်လောက်ကျပါမလဲ ဆရာကြီး။"

(အင်တာနက်ပေါ်မှာ ဖတ်မိတဲ့ ဟာသတွေကို ဘာသာပြန်ထားတာပါ။)

Friday, July 1, 2011

စိတ်ဝင်စားစရာ အချက် (၄၀)

(၁) အရှည်ဆုံး လက်ဝှေ့ပြိုင်ပွဲမှာ အချီ ၁၁၀ တိတိ ထိုးခဲ့ပါတယ်။ (အမောဆို့လို့ အချီ ၁၁၀ မှာ တော်လိုက်ကြတာ ဖြစ်မယ်။)

(၂) ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ခွေးဟာ ၂၉ နှစ် အသက်ရှင်ခဲ့ပါတယ်။ (အဲဒီလောက် အိုနေရင်တော့ ခွေးက ဝုတ်ဝုတ် လို့ မဟောင်ဘဲ သွားကျိုးလို့ ဂုတ်ဂုတ် လို့ ဟောင်မလား မသိဘူး။)

(၃) ဒိုင်းနမိုက်ထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေထဲမှာ မြေပဲဟာလည်း တစ်ခု အပါအဝင်ပါပဲ။ (အဲလ်ဖရက် နိုဗယ်လ် ရှပ်ကီ ချရင်း ဒိုင်းနမိုက် ထွင်တာမို့ အမြည်းထဲက မြေပဲကို ဖော်မြူလာထဲမှာ စမ်းပြီး ထည့်ကြည့်တာ ဖြစ်လောက်တယ်။)

(၄)အာဖရိကက နို့တိုက်သတ္တဝါတွေထဲမှာ ရေမြင်းကြောင့် လူသေရတာ အများဆုံး ဖြစ်ပါတယ်။ (ရေမြင်းဖမ်းရင်း ရေနစ်သေကြတာများလား မသိဘူး။)

(၅) မစ်ကီးမောက်စ် အတွက် အသံသရုပ်ဆောင် ဖြစ်တဲ့ ဝိန်း အော်လ်ဝိုင်း ဟာ မီနီမောက်စ် အတွက် အသံ သရုပ်ဆောင် ဖြစ်တဲ့ ရပ်ဆီ တေလာကို လက်ထပ်ခဲ့ပါတယ်။

(၆) အနှေးဆုံး ငါးဟာ ရေနဂါး (seahorse) ပါ။

(၇) ပဲရစ် ဟီလ်တန် ရဲ့ ခြေထောက် အရွယ်အစားဟာ နံပါတ် ၁၁ ဖြစ်တဲ့ အတွက် အတော် ကြီးတယ် ပြောရပါလိမ့်မယ်။

(၈) လူကြီး တစ်ယောက်ရဲ့ ခြေထောက်ဟာ ပန်းကန်လုံး တစ်လုံးရဲ့ ၄ ပုံ ၁ပုံစာ ချွေး နေ့တိုင်း ထွက်ပါတယ်။

(၉) ဘီတယ်လ် လို့ ခေါ်တဲ့ ဗောက်စ်ဝက်ဂွန် ကားလုံးလုံးလေးတွေဟာ ဟစ်တလာရဲ့ အိုင်ဒီယာပါ။ (ဟစ်တလာ အိုင်ဒီယာ ကောင်းတယ် ဆိုတာ သူ့နှုတ်ခမ်းမွေးကို ကြည့်ရင် သိသာပါတယ်။)

(၁၀) အစောပိုင်း လူသားဖြစ်တဲ့ နင်းဒါသယ် (neanderthal) တွေရဲ့ ဦးနှောက်ဟာ ကျွန်တော်တို့ထက် ကြီးပါတယ်။

(၁၁) တီကောင်မှာ နှလုံး ၉ ခု အထိ ပါနိုင်ပါတယ်။ (တီကောင် ရည်းစားများတာ နှလုံးသား များလို့ လို့ ဆင်ခြေပေးလို့ ရတယ်။)

(၁၂) အရှည်ဆုံး စာအုပ် နာမည်ဟာ အင်္ဂလိပ်စာလုံး ၆၇၀ ရှိပါတယ်။ (ခေါင်းစဉ်ဖတ်ရုံနဲ့ အိပ်ပျော်သွားလောက်တယ်)

(၁၃) ကြက်တွေဟာ ၁၈ လ တိတိ ခေါင်းမရှိပဲ အသက်ရှင်နိုင်ပါတယ်။ (မဆလ ခေတ်က ဇာဂနာ ပြောဖူးတဲ့ ဦးနှောက်မပါရင်လည်း လွှတ်တော် တက်လို့ရတယ် ဆိုတဲ့ စကားကို မဆီမဆိုင် သွားသတိရမိတယ်။)

(၁၄) ပျမ်းမျှ အနေနဲ့ နှလုံး တစ်ခုဟာ လူ့သက်တမ်းတစ်လျှောက်မှာ အကြိမ် ၃ ဘီလီယံ တိတိ ခုန်ပါတယ်။ (အချစ်ကြောင့် နှလုံးခုန် မြန်တဲ့သူတွေ မြန်မြန် သေကြမလား မသိ။)

(၁၅) ရှေးခေတ် အီဂျစ်တွေက ဟတ်ချ် ဟော့ဂျ် (hedgehog) ဖြူကောင်တွေဟာ ထိပ်ပြောင်တာကို ကုစားနိုင်တယ်လို့ ယုံကြည်ခဲ့ကြတယ်။ (ဆူးကို အမွေး နဲ့ မှားကြည့်ပြီး အဲဒီလို ကောက်ချက်ဆွဲတာ ဖြစ်မယ်။)

(၁၆) ဖားတွေဟာ ရေမသောက်ဘူး။ (ဘီယာသောက်တာ နေမှာ။)

(၁၇) ယောက်ျားတွေဟာ မိန်းမတွေထက် မိုးကြိုးပစ်ခံရဖို့ ပိုများတယ်။ (တစ်ခါလိမ်ပြီးရင် တစ်ခါ မိုးကြိုးပွတ် လို့ ကျိန် ကြလို့ ဖြစ်မယ်။)

(၁၈) ပေါင် ၁၁၀ ရှိတဲ့ လူတစ်ယောက်ကို မတင်ဖို့ ဟီလီယမ် ထည့်ထားတဲ့ မိုးပျံပူဖောင်း အလုံး ၄၀၀၀ လိုမယ်။

(၁၉) မုတ်ဆိတ်မွေးကို ကြောက်တဲ့ ရောဂါရှိတယ်။ အဲဒါကို ပိုဂိုနို ဖိုးဘီးယား (pogonophobia) လို့ ခေါ်တယ်။ (နှုတ်ခမ်းမွေး ကြောက်တဲ့ ရောဂါကို ဘယ်လိုများ ခေါ်သလဲ မသိဘူး။)

(၂၀) မျက်ခုံးမွေး ၂ ခုကြားမှာ ရှိတဲ့ နေရာကို အင်္ဂလိပ်လို Glabella လို့ ခေါ်တယ်။

(၂၁) အင်္ဂလိပ် ရုပ်ရှင်မင်းသား ဒေးဗစ်ဘိုဝီ မှာ သူ့နာမည် ပေးထားတဲ့ ပင့်ကူတစ်ကောင် ရှိတယ်။


ယိုယို အရုပ်
(၂၂) ယို ယို (yo-yo) အရုပ်ကို တစ်ချိန်က လက်နက် အဖြစ် သုံးခဲ့ကြတယ်။

(၂၃) သစ်ကုလားအုပ် တွေဟာ သူတို့ရဲ့ ၁၈ လက်မကျော် ရှည်တဲ့ လျှာနဲ့ နားကို သန့်ရှင်းရေး လုပ်လေ့ ရှိကြတယ်။ (သစ်ကုလားအုတ် အမ က  ကျွန်မ ချစ်လင် ကိုလျှာရှည် ဆိုပြီး  မီမီဝင်းဖေလို သီချင်းဆိုမယ် ထင်တယ်။)

(၂၄) Windows ထဲမှာ con ဆိုတဲ့ နာမည်နဲ့ Folder ကို ဆောက်လို့ မရဘူး။

(၂၅) အလင်းရောင်ကို တုံ့ပြန်မှု အများဆုံး မျက်လုံး အရောင်က အပြာရောင်ပါ။

(၂၆) ကွာလာ ဝက်ဝံတွေက တစ်နေ့ကို ၂၂ နာရီ အိပ်တယ်။ (ကြားဖူးတာက အဲဒီ အကောင်တွေက သစ်ပင်ကို ဖက်အိပ်နေတုန်း မီးလောင်ရင်တောင်မှ ပြေးရမှာ ပျင်းလို့ သစ်ပင်ကို ဖက်ပြီး အသေခံကြတယ် ပြောတယ်။)

(၂၇) ရစ်ဘွန် ဝမ်း လို့ ခေါ်တဲ့ တီကောင်တစ်မျိုး ဟာ စားစရာ ရှာမရရင် သူတို့ဘာသာသူတို့ ပြန်စားကြတယ်။ (ကိုယ့်ဘာသာကိုယ် ခုတ်ထစ်ပြီးများ ကြော်စားကြသလား မသိ။)

(၂၈) အင်္ဂလန်က ဘုရင်မပုံ တံဆိပ်ခေါင်း တစ်ခုမှာ ၅.၉ ကယ်လိုရီ ရှိတယ်။

(၂၉) ဂြိုဟ်တွေ အားလုံးက လက်ဝဲရစ် လည်ကြတယ်။ ဗီးနပ်စ် လို့ခေါ်တဲ့ သောကြာဂြိုဟ် တစ်ခုတည်းပဲ လက်ယာရစ် လည်တယ်။ (ဒါကြောင့်များ မိန်းမတွေကို ဗီးနပ်စ်ဂြိုဟ် နဲ့ နှိုင်းယှဉ်ပြီး ပြောကြသလား မသိဘူး။)

(၃၀) မြေပဲကို အင်္ဂလိပ်လို peanut လို့ ခေါ်ပေမယ့် မြေပဲဟာ nut အမျိုးအစားထဲမှာ မပါဘူး။

(၃၁) ပထမဆုံး ဘားကုတ်ဒ် သုံးတဲ့ ပစ္စည်းဟာ ရစ်ဂလေ (Wrigley) ကုမ္ပဏီက ထုတ်တဲ့ ပီကေပါ။ (မြန်မာ ယူနီကုတ်နဲ့ ပထမဆုံး တံဆိပ်ရိုက်တဲ့ ပစ္စည်းဟာ အဖော် များ ဖြစ်လေမလား။ :D)

(၃၂) နစ်တန်ဒို (nintendo) တီဗွီဂိမ်း ကုမ္ပဏီဟာ တစ်ချိန်က တက္ကစီ ကုမ္ပဏီတစ်ခုကို ပိုင်ခဲ့ဖူးပါတယ်။

(၃၃) ဆက်ခရယ်ဘယ် (Scrabble) ကစားပွဲ မှာ အများဆုံး ရနိုင်တဲ့ အမှတ်ဟာ ၁၀၄၉ မှတ်ပါ။

(၃၄) ကြိုးကြာနီ (Flamingo) တွေမှာ ပန်းရောင် ဖြစ်ရတာ သူတို့ စားတဲ့ အစာကြောင့်ပါ။ (ပန်းသေး ခေါက်ဆွဲ စားလို့ ဖြစ်မယ်။ )

(၃၅) မွေးခါစ သားပိုက်ကောင် တစ်ကောင်ဟာ လက်ဖက်ရည်ဇွန်း ပေါ်မှာ တင်လို့ရအောင် သေးပါတယ်။

(၃၆) နွားတွေဟာ ချွေးထွက်ရင် နှာခေါင်းကနေ ထွက်ကြပါတယ်။

(၃၇) ဘီဗာဖျံ တွေရဲ့ သွားဟာ အမြဲတမ်း ရှည်ထွက်နေကြတယ်။ (အသက်ကြီးရင် တုတ်ကောက် မလိုတော့ဘူး။ သွားနဲ့ ထောက်သွားလို့ ရလောက်တယ်။)

(၃၈) ပျမ်းမျှ အနေနဲ့ ဆိုရင် မိန်းမတွေဟာ ယောက်ျားတွေထက် အသက်ပိုရှည်ကြတယ်။

(၃၉) ဗြိတိသျှ တွေက နပိုလီယန် ရဲ့ အလောင်းကို ပြင်သစ်တွေကို နှစ် ၂၀ တိတိ ပြန်မပေးခဲ့ဘူး။

(၄၀) ဂျိမ်းစ်ဘွန်း မင်းသား ရှောင်ကွန်နရီဟာ မောင်ကမ္ဘာ ပြိုင်ပွဲမှာ တတိယ ရခဲ့ဖူးပါတယ်။

ရည်ညွှန်း။ ။ http://edvantage.com.sg/edvantage/photos/618008/20_Interesting_facts_illustrated_by_kids.html

Image Credit: (Wikimedia Organization)

Tuesday, April 19, 2011

ဘုရားသခင်က အမှန်ကိုတော့ သိတယ်။ ဒါပေမယ့်လည်း

တစ်ခါတုန်းက ဗလာဒီမာဆိုတဲ့ မြို့ကလေးတစ်မြို့မှာ နေထိုင်တဲ့ အိုင်ဗန် ဒီမီထရစ်ချ် အက်ဆီယိုနော့ဗ် ဆိုတဲ့ လူငယ် ကုန်သည်တစ်ယောက် ရှိပါတယ်။ သူဟာ ဆိုင်နှစ်ဆိုင်နဲ့ အိမ်တစ်လုံး ပိုင်ဆိုင်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

အက်ဆီယိုနော့ဗ်ဟာ ရုပ်ရည် ချောမောပြီး ကြည့်ကောင်းတဲ့ ဆံပင်နဲ့ နဖူးတွန့်တွန့် ရှိတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ အမြဲတမ်း ပျော်ရွှင် နေတတ်ပြီး သီချင်းဆိုရတာကို နှစ်သက်တတ်တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ငယ်ရွယ်စဉ် အချိန် တုန်းကတော့ အရက် အလွန်သောက်ပြီး အလွန်အကျွံမူးလာရင် သောင်းကျန်း တတ်ပါတယ်။ ဒါပေမယ့်လည်း အိမ်ထောင်ကျပြီးတဲ့ အချိန်မှာတော့ အရက်ကို အလွန်အကျွံ မသောက်တော့ပဲ တခါတလေပဲ သောက်ပါတော့တယ်။

တစ်ခုသော နွေရာသီရဲ့ နေ့တစ်နေ့မှာတော့ အက်ဆီနော့ဗ်ဟာ နစ်ဇနီမြို့မှာ ရှိတဲ့ ကုန်စည်ပြပွဲကို သွားဖို့ ထွက်လာခဲ့ပါတယ်။ သူ့မိသားစုကို နှုတ်ဆက်နေတဲ့ အချိန်မှာ သူ့ရဲ့ ဇနီးသည်က ပြောပါတယ်။
"အိုင်ဗန် ဒီမီထရစ်ချ်။ ရှင်ဒီနေ့ မသွားပါနဲ့လား။ ဒီနေ့ကျွန်မ ရှင်နဲ့ ပတ်သက်ပြီး အိပ်မက်ဆိုးမက်တယ်။"

အဲဒီအခါမှာ အက်ဆီယိုနော့ဗ်က ရယ်ပြီး ပြောပါတယ်။
"ငါပြပွဲကို ရောက်သွားရင် လွတ်ထွက်သွားမှာကို မင်းက စိုးရိမ်နေတာမဟုတ်လား။"

အဲဒီတော့ သူ့ဇနီးက ပြန်ပြောပါတယ်။
"ကျွန်မ ဘာကို စိုးရိမ်နေသလဲတော့ မသိဘူး။ ကျွန်မသိတာက ကျွန်မ အိပ်မက် မကောင်းဘူး။ မနေ့က အိပ်မက်ထဲမှာ ရှင်မြို့က ပြန်လာတယ်။ ရှင့်ရဲ့ ဦးထုပ်ကို ချွတ်လိုက်တော့ ရှင့်ရဲ့ ဆံပင်တွေ ဖြူနေတယ်။"

အက်ဆီယိုနော့ဗ်က ရယ်ပါတယ်။ ပြီးတော့ "ဒါကံကောင်းတဲ့ လက္ခဏာပဲ။ ငါ့ ကုန်တွေ အကုန်ရောင်းရပြီး မင်းအတွက် လက်ဆောင်တွေ ဝယ်လာခဲ့မယ်။ ကြည့်နေ။" လို့ ပြောပါတယ်။ နောက်တော့ သူဟာ မိသားစုကို နှုတ်ဆက်ပြီး လှည်းကို မောင်းထွက်သွားပါတော့တယ်။

သူဟာ ခရီးသွားရင်း လမ်းတဝက် အရောက်မှာတော့ သူနဲ့ သိတဲ့ ကုန်သည်တစ်ယောက်နဲ့ ဆုံပါတယ်။ နောက်တော့ သူတို့ ညအိပ်ထမင်းဆိုင် တစ်ခုမှာ အတူတူ တည်းခိုကြပါတယ်။ သူတို့နှစ်ယောက် လက်ဖက်ရည် အတူတူ သောက်ကြပြီးတဲ့ နောက်မှာတော့ ကပ်လျှက် ရှိတဲ့ အခန်းနှစ်ခန်းမှာ အသီးသီး အိပ်ရာဝင် ခဲ့ကြပါတယ်။

အက်ဆီယိုနော့ဗ်ဟာ နောက်ကျတဲ့ အထိ အိပ်တတ်တဲ့သူ မဟုတ်ပါဘူး။ အေးနေတဲ့ အချိန်မှာ ခရီးသွားရတာကို နှစ်သက်ပါတယ်။ အဲဒါကြောင့် သူဟာ သူ့ရဲ့ လှည်းမောင်းသမားကို အရုဏ်မတက်ခင်နှိုးပြီး မြင်းတွေကို ပြင်ခိုင်းပါတယ်။

အဲဒီနောက်မှာတော့ သူဟာ တည်းခိုးခန်းရဲ့ အနောက်ဖက်မှာ အိမ်ငယ်ကလေးနဲ့ နေတဲ့ ဆိုင်ရှင်ဆီကို သွားပြီး သူ့ရဲ့ တည်းခိုခ ကျသင့်ငွေတွေကို ရှင်းပါတယ်။ နောက်တော့ သူဟာ ခရီး ဆက်ထွက်ခဲ့ပါတယ်။

၂၅ မိုင်လောက် ခရီးနှင်ပြီးတဲ့ အခါမှာတော့ သူဟာ မြင်းတွေကို အစာကျွေးဖို့ ခဏနားပါတယ်။ အက်ဆီယိုနော့ဗ်ဟာ ထမင်းဆိုင်ထဲက လူသွားလမ်းကလေး တစ်ခုမှာ အနားယူနေပါတယ်။ နောက်တော့ သူဟာ ဆင်ဝင်အောက်ကို ထွက်လာပြီး ရေနွေးအိုး တည်ခိုင်းပြီးတဲ့နောက်မှာ သူ့ရဲ့ ဂစ်တာကို ထုတ်ပြီး တီးပါတော့တယ်။

ရုတ်တရက် ဆိုသလိုပဲ မြင်းသုံးကောင်ဆွဲတဲ့ ရထားတစ်စင်းဟာ ခေါင်းလောင်းသံ ဆူဆူညံညံနဲ့ မောင်းလာပြီးတော့  ရထားပေါ်က အရာရှိ တစ်ယောက် ဆင်းလာပါတယ်။ အဲဒီနောက်မှာတော့ သူ့ကို ဘယ်သူလဲ ဘယ်အချိန်က ရောက်နေတာလဲ စသည်ဖြင့် မေးခွန်းတွေ ထုတ်ပါတော့တယ်။ အက်ဆီယိုနော့ဗ်က သူမေးသမျှကို အပြည့်အစုံ ဖြေကြားပြီးတော့ "ကျုပ်နဲ့ အတူ လက်ဖက်ရည်သောက်ပါဦးလား။" လို့ အဲဒီလူကို ဖိတ်ပါတယ်။ ဒါပေမယ့်လည်း အရာရှိက သူ့ကို မေးခွန်းတွေ ထပ်မေးပါတယ်။ သူက " ခင်ဗျားညက ဘယ်မှာ အိပ်သလဲ။ ခင်ဗျား တစ်ယောက်တည်းလား။ တခြား အဖော်ကုန်သည် တစ်ယောက်နဲ့လား။ ခင်ဗျား ဒီမနက် တခြား ကုန်သည်တွေကို မြင်သေးလား။ ဘာဖြစ်လို့ ခင်ဗျား အရုဏ်မတက်ခင် ညအိပ်ထမင်းဆိုင်က ထွက်သွားရတာလဲ။" စသည်ဖြင့် မေးခွန်းတွေ မေးပါတယ်။ အက်ဆီယိုနော့ဗ်ကတော့ ဘာဖြစ်လို့ သူ့ကို ဒီမေးခွန်းတွေ မေးရသလဲလို့ စဉ်းစားမရ ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း သူက ဖြစ်သမျှ အကြောင်းအကုန်လုံးကို ပြန်ပြောပြပါတယ်။ နောက်တော့ သူက
"ခင်ဗျား ဘာဖြစ်လို့ ကျုပ်ကို သူခိုးဓားပြ တစ်ယောက်လို မေးခွန်းတွေ မေးနေရတာလဲ။ ကျွန်တော် စီးပွားရေး ကိစ္စနဲ့ ခရီးသွားနေတာ။ အဲဒီလိုမျိုး မေးစရာ မလိုဘူး။" လို့ ဆက်ပြောပါတယ်။

အဲဒီအခါမှာ အရာရှိက သူ့ရဲ့ စစ်သားတွေကို ခေါ်ပြီး ပြောပါတယ်။ " ကျုပ်က ဒီနယ်မြေက ရဲအရာရှိပါ။ ကျုပ်ခင်ဗျားကို မေးခွန်းတွေ မေးနေရတာက ခင်ဗျားနဲ့ ညက အတူတည်းခဲ့တဲ့ ကုန်သည်ဟာ လည်လှီးပြီး အသတ်ခံထားတာ တွေ့ရတယ်။ ကျုပ်တို့ အနေနဲ့ ခင်ဗျားရဲ့ ပစ္စည်းတွေကို ရှာရလိမ့်မယ်။"

သူတို့ဟာ ဆိုင်ထဲကို ဝင်ကြပါတယ်။ နောက်တော့ စစ်သားတွေနဲ့ ရဲအရာရှိဟာ အက်ဆီယိုနော့ဗ်ရဲ့ အထုတ်အပိုးတွေကို ဖြည်ပြီး ရှာကြပါတယ်။ ရုတ်တရက်ဆိုသလိုပဲ ရဲအရာရှိက အိတ်တစ်လုံးထဲကနေ ဓားတစ်ချောင်းကို ထုတ်ပြီး အော်လိုက်ပါတယ်။
"ဒါက ဘယ်သူ့ဓားလဲ။"
အက်ဆီယိုနော့ဗ်က လှမ်းကြည့်လိုက်တဲ့ အခါမှာ သူ့ရဲ့ အိတ်ထဲကနေ သွေးစွန်းနေတဲ့ ဓားတစ်ချောင်း ထုတ်လိုက်တာကို တွေ့လိုက်ရပါတယ်။ သူ လန့်သွားပါတယ်။
"ဘာဖြစ်လို့ ဒီဓားမှာ သွေးစွန်းနေရတာလဲ။"
အက်ဆီယိုနော့ဗ်ဟာ သူ့ရဲ့ မေးခွန်းကို ဖြေဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် စကား တစ်လုံးမှ မပြောနိုင်ပါဘူး။
"ကျုပ်..ကျုပ် မသိဘူး။ ဒါ..ဒါ ကျုပ်ဓားလည်း မဟုတ်ဘူး။" လို့ပဲ အထစ်ထစ် အငေါ့ငေါ့ ပြောနိုင်ပါတော့တယ်။

အဲဒီအခါမှာ ရဲအရာရှိက ပြောပါတယ်။
"ဒီမနက် ကုန်သည်ကို သူ့အိပ်ရာထဲမှာ လည်လှီးပြီး အသတ်ခံထားတာ တွေ့ရတယ်။ ဒီအလုပ်ကို လုပ်နိုင်မယ့်သူက ခင်ဗျားတစ်ယောက်တည်း ရှိတယ်။ အိမ်က အထဲကနေ သော့ခတ်ထားတယ်။ တခြား ဘယ်သူမှလည်း မရှိဘူး။ ဒီမှာ ခင်ဗျား အိတ်ထဲက သွေးစွန်းနေတဲ့ဓား။ နောက်ပြီး ခင်ဗျားရဲ့ မျက်နှာနဲ့ အမူအယာလည်း ပျက်နေတယ်။ ခင်ဗျား သူ့ကို ဘယ်လို သတ်ခဲ့သလဲ ဆိုတာကိုပြော။ ခင်ဗျား သူ့ဆီက ပိုက်ဆံ ဘယ်လောက် ခိုးလာခဲ့သလဲ။"

အက်ဆီယိုနော့ဗ်ဟာ သူမလုပ်ရကြောင်းကို ကျိန်တွယ်ပြီး ပြောပါတယ်။ သူတို့ လက်ဖက်ရည် အတူတူသောက်ပြီးတဲ့ နောက်မှာ အဲဒီကုန်သည်ကို သူမတွေ့တော့ကြောင်း၊ သူ့မှာ သူ့ကိုယ်ပိုင်ပိုက်ဆံ ရူဘယ် ၈ ထောင်က လွဲလို့ တခြား မရှိကြောင်း၊ ဒီဓားဟာလည်း သူ့ရဲ့ ဓားမဟုတ်ရကြောင်းကို ပြောပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အသံတွေက အက်ကွဲနေပြီး သူ့ရဲ့မျက်နှာက ဖြူဖတ်ဖြူလျော် ဖြစ်နေပါတယ်။ သူဟာ အပြစ်ရှိတဲ့ လူလိုပဲ ကြောက်ရွံ့မှုနဲ့ တုန်လှုပ်နေပါတယ်။

ရဲအရာရှိက အက်ဆီယိုနော့ဗ်ကို ကြိုးတုတ်ပြီး လှည်းပေါ်ကို တင်ဖို့ စစ်သားတွေကို အမိန့်ပေးပါတယ်။ သူတို့က သူ့ရဲ့ ခြေထောက်တွေကို အတူတူပူးချည်ပြီး လှည်းပေါ်ကို ပစ်တင်လိုက်တဲ့ အခါမှာတော့ အက်ဆီယိုနော့ဗ်ဟာ မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ငိုပါတော့တယ်။ သူ့ရဲ့ ပိုက်ဆံတွေ ပစ္စည်းတွေကို သူ့ဆီက သိမ်းသွားပြီးတဲ့နောက်မှာ သူ့ကို အနီးဆုံးမြို့ တစ်မြို့ကို ပို့ပြီး အကျဉ်းချ ထားပါတယ်။ နောက်တော့ သူ့ရဲ့ အကျင့်စာရိတ္တနဲ့ ပတ်သက်ပြီး ဗလာဒီမာမှာ စုံစမ်းကြပါတယ်။ အဲဒီမြို့မှာ ရှိတဲ့ ကုန်သည်တွေနဲ့ အခြားသူတွေက အရင်တုန်းကတော့ သူဟာ အရက်သောက်ပြီး အချိန်ဖြုန်းနေတတ်တဲ့ လူတစ်ယောက် ဖြစ်ပေမယ့် လူကောင်းတစ်ယောက်ဖြစ်တဲ့ အကြောင်း ပြောကြပါတယ်။ နောက်တော့ သူ့ရဲ့ အမှုကို စစ်ပါတယ်။ သူ့ကို ရိုင်ယာဇန်က ကုန်သည်ကို သတ်တဲ့ အမှုနဲ့ ရူဘယ် နှစ်သောင်းကို ဓားပြတိုက်မှုနဲ့  စွပ်စွဲပါတယ်။ သူ့ရဲ့ ဇနီးသည်ကတော့ အကြီးအကျယ် စိတ်ပျက်နေပါတယ်။ သူမအနေနဲ့ ဘာကို ယုံရမလဲ ဆိုတာ မသိဘူး ဖြစ်နေပါတယ်။ သူမရဲ့ ကလေးတွေက ငယ်ငယ်ကလေးတွေပဲ ရှိပါသေးတယ်။ တစ်ယောက်က ဆိုရင် ရင်ခွင်ပိုက် အရွယ်ပဲ ရှိပါသေးတယ်။ သူမဟာ ကလေးတွေကို ခေါ်ပြီးတော့ သူမရဲ့ ခင်ပွန်းကို ထားတဲ့ အကျဉ်းထောင် ရှိတဲ့မြို့ကို လာခဲ့ပါတယ်။ အစပိုင်းက သူနဲ့ တွေ့ခွင့် မပေးပေမယ့် အကြိမ်ကြိမ်တောင်းပန် ပြီးတဲ့နောက်မှာ အရာရှိတွေဆီက ခွင့်ပြုချက်ကို ရပြီး သူမကို သူ့ဆီ ခေါ်လာခဲ့ပါတယ်။ သူမဟာ သူမရဲ့ ယောက်ျားကို အကျဉ်းသမား ဝတ်စုံနဲ့ သံကြိုးတွေနဲ့ ချည်နှောင်ထားတာ တွေ့ရပြီး တခြား သူခိုးတွေ ရာဇဝတ်သားတွေနဲ့ အတူတူ ချုပ်နှောင်ထားတာကို တွေ့လိုက်ရတဲ့ အခါမှာတော့ မေ့လဲကျသွားပါတယ်။ တော်တော်နဲ့ သတိပြန်မလည် လာပါဘူး။ အဲဒီနောက်မှာတော့ သူမဟာ ကလေးတွေကို အနားကို ဆွဲခေါ်ပြီး သူ့ရဲ့ အနားမှာ ထိုင်လိုက်ပါတယ်။ သူမဟာ သူ့ကို အိမ်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို ပြောပြပါတယ်။ နောက်တော့ သူ့ကို ဘာဖြစ်တာလဲ ဆိုတဲ့ အကြောင်း မေးပါတယ်။ သူက သူမကို ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြန်ပြောပြပါတယ်။ သူမက မေးပါတယ်။
"အခု ငါတို့ ဘာလုပ်နိုင်မလဲ။"
"ငါတို့ အပြစ်မဲ့တဲ့သူတစ်ယောက် ဘဝမပျက်ဖို့ ဇာဘုရင်ဆီကို အသနားခံကြရအောင်။"
သူ့ရဲ့ ဇနီးသည်က သူမ ဇာဘုရင်ဆီကို အသနားခံပြီးတဲ့ အကြောင်း။ ဒါပေမယ့် လက်မခံတဲ့ အကြောင်း ပြန်ပြောပြပါတယ်။ အက်ဆီယိုနော့ဗ်ဟာ ဘာမှ ပြန်မပြောတော့ဘဲ အောက်ကိုပဲ စိုက်ကြည့်နေပါတယ်။

နောက်တော့ သူ့ဇနီးက ပြောပါတယ်။ "ရှင့်ရဲ့ ဆံပင်တွေ ဖြူသွားတယ်လို့ ကျွန်မ အိပ်မက်မက်တာ အလကား မဟုတ်ဘူး။ ရှင်မှတ်မိသလား။ ရှင့်အနေနဲ့ အဲဒီနေ့က မသွားသင့်ဘူး။" သူမက သူ့ရဲ့ ဆံပင်တွေကို လက်နဲ့ သပ်ပြီးတော့ ပြောပါတယ်။ "ဗန်ယာ အချစ်။ ရှင့်မိန်းမကိုတော့ အမှန်အတိုင်း ပြောပါ။ အဲဒါ ရှင်လုပ်ခဲ့တာ မဟုတ်ဘူးလား။"

"မင်းကလည်း ငါ့ကို သံသယ ရှိတယ်ပေါ့လေ။" အက်ဆီယိုနော့ဗ်က အဲဒီလိုပြောပြီး သူ့ရဲ့ မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ငိုပါတော့တယ်။ အဲဒီအချိန်မှာ စစ်သားတစ်ယောက်က လာပြီး မိန်းမနဲ့ ကလေးတွေ သွားဖို့ အချိန်ရောက်ပြီလို့ လာပြောပါတယ်။ အက်ဆီယိုနော့ဗ်ဟာ သူ့ရဲ့ မိသားစုကို နောက်ဆုံး အကြိမ် အနေနဲ့ နှုတ်ဆက်လိုက်ပါတယ်။

သူတို့ ထွက်သွားတဲ့ အချိန်မှာတော့ အက်ဆီယိုနော့ဗ်ဟာ သူတို့ ပြောခဲ့တဲ့ စကားတွေကို ပြန်စဉ်းစားပါတယ်။ သူ့ရဲ့ ဇနီးသည်ကလည်း သူ့ကို သံသယ ရှိတဲ့ အကြောင်း သတိရတဲ့ အချိန်မှာတော့ သူက တစ်ကိုယ်တည်း ပြောလိုက်ပါတယ်။ "အင်း။ ပုံစံကတော့ ဘုရားသခင် တစ်ယောက်တည်းပဲ အမှန်တရားကို သိတဲ့သူ ရှိတယ်။ အဲဒီတော့ သူ့ကိုပဲ တောင်းပန် ရမယ်။ သူ့ရဲ့ သနားကြင်နာမှုကိုပဲ မျှော်လင့်ရမှာပဲ။"

အဲဒီနောက်မှာတော့ အက်ဆီနော့ဗ်ဟာ နောက်ထပ်ပြီး အသနားခံစာ မရေးတော့ဘဲ လုံးဝ လက်လျှော့ လိုက်ပါတယ်။ သူဟာ ဘုရား ဆီမှာပဲ ဆုတောင်းပါတော့တယ်။

အက်ဆီယိုနော့ဗ်ကို ကြိမ်ဒဏ်ကျခံဖို့နဲ့ မိုင်းတွင်းကို ပို့ဖို့ အမိန့်ချခံရပါတယ်။ သူ့ကို ကြာပွတ်နဲ့ ရိုက်ပြီးတော့ အရိုက်ခံရတဲ့ ဒဏ်ရာတွေ ပျောက်ကင်းတဲ့ အချိန်မှာတော့ သူဟာ တခြား အကျဉ်းသားတွေနဲ့ အတူ ဆိုင်ဘေးရီးယားကို အပို့ခံရပါတယ်။ အက်ဆီယိုနော့ဗ်ဟာ ဆိုင်ဘေးရီးယားမှာ ၂၆ နှစ် တိတိ အကျဉ်းသား တစ်ယောက် အနေနဲ့ နေခဲ့ရပါတယ်။ သူ့ရဲ့ ဆံပင်တွေဟာ နှင်းလိုပဲ ဆွတ်ဆွတ်ဖြူလာပါတယ်။ သူ့ရဲ့ မုတ်ဆိတ်မွှေးတွေဟာလည်း ရှည်လျားပြီး ဖြူဖွေးလာကြပါတယ်။ သူ့အတွက် ပျော်ရွှင်မှုတွေ အားလုံး ဆိတ်သုဉ်းသွားပြီးတော့ သူ့ရဲ့ ခါးတွေ ကိုင်းလာပါတယ်။ သူဟာ ဖြည်းဖြည်းပဲ လမ်းလျှောက်ပါတော့တယ်။ စကားလည်း နည်းနည်းပဲ ပြောပါတယ်။ လုံးဝ မရယ်တော့ ပါဘူး။ ဒါပေမယ့်လည်း ရံဖန်ရံခါတော့ သူဟာ ဘုရားရှိခိုး ဆုတောင်းတတ်ပါတယ်။

အကျဉ်းထောင်ထဲမှာတော့ အက်ဆီယိုနော့ဗ်ဟာ ဖိနပ်ချုပ်သင်ပါတယ်။ နောက်တော့ သူ့မှာ ငွေစကြေးစ အနည်းအပါး ရှိလာပါတယ်။ အဲဒီပိုက်ဆံနဲ့သူဟာ "သူတော်စင်တို့ရဲ့ ဘဝအကြောင်းများ " ဆိုတဲ့ စာအုပ်ကို ဝယ်ပါတယ်။ ထောင်ထဲမှာ စာဖတ်ဖို့ အလင်းရောင် အလုံအလောက် ရှိတဲ့ အချိန်မှာ သူဟာ အဲဒီစာအုပ်ကို ဖတ်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ ထောင်ထဲမှာ ရှိတဲ့ ဘုရားကျောင်းမှာ သင်ခန်းစာတွေ ဖတ်ကြားပြီး ဓမ္မသီချင်းတွေ ဆိုပါတယ်။ သူ့ရဲ့ အသံဟာ ကောင်းနေဆဲပါပဲ။

အကျဉ်းထောင် အာဏာပိုင်တွေဟာ အက်ဆီယိုနော့ဗ်ရဲ့ သိမ်မွေ့မှုကို သဘောကျ ကြပါတယ်။ သူနဲ့ အတူတူ ရှိတဲ့ အကျဉ်းသားတွေကလည်း သူ့ကို လေးစားကြပါတယ်။ သူ့ကို "အဖိုး" "သူတော်စင်ကြီး" စသည်ဖြင့် ခေါ်ကြပါတယ်။ သူတို့ဟာ အကျဉ်းထောင် အာဏာပိုင်တွေ ဆီက တစ်စုံတစ်ခုကို တောင်းခံချင်တဲ့အခါမှာ အက်ဆီယိုနော့ဗ်ကို ကိုယ်စားလှယ် အဖြစ် သူတို့ကိုယ်စား ပြောပေးဖို့ အမြဲ တောင်းဆိုကြပါတယ်။ အကျဉ်းသားတွေ အချင်းချင်း ရန်ဖြစ်တဲ့ အချိန်ဆိုရင် သူ့ဆီကိုလာပြီး ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာ အဆုံးအဖြတ် ခံကြပါတယ်။

အက်ဆီယိုနော့ဗ်ရဲ့ အိမ်ကတော့ ဘာသတင်းမှ မကြားရပါဘူး။ သူ့အနေနဲ့ သူ့မိန်းမနဲ့ ကလေးတွေ အသက်ရှင်နေ သေးသလား ဆိုတာကိုတောင် မသိရပါဘူး။

တစ်နေ့မှာတော့ အကျဉ်းသား အသစ် အုပ်စု တစ်စု ထောင်ကို ရောက်လာကြပါတယ်။ ညနေပိုင်းမှာတော့ အကျဉ်းသားဟောင်းတွေဟာ အကျဉ်းသား အသစ်တွေရဲ့ အနားမှာ ဝိုင်းပြီး စုထိုင်ကြပြီးတော့ သူတို့ ဘယ်မြို့ ဘယ်ရွာက လာကြသလဲ။ ဘာအမှုနဲ့ ထောင်ကျလာကြသလဲ ဆိုတာကို ဝိုင်းမေးကြပါတယ်။ တခြားသူတွေနဲ့ အတူ အက်ဆီယိုနော့ဗ်ဟာလည်း အသစ်ရောက်လာတဲ့ သူတွေ အနားမှာ ထိုင်နေပြီးတော့ တခြားသူတွေ ဘာပြောနေကြသလဲ ဆိုတာကို စိတ်မပါ့တပါနဲ့ နားထောင်နေပါတယ်။

အသက် ခြောက်ဆယ်လောက် အရည်ရှည်ရှည် ထွားထွားကြိုင်းကြိုင်း ရှိပြီး မုတ်ဆိတ်မွေးဖြူဖြူကို တိုတို ရိတ်ထားတဲ့ အကျဉ်းသား အသစ် တစ်ယောက်ကတော့ တခြားသူတွေကို သူဘာလို့ အဖမ်းခံရသလဲ ဆိုတာကို ပြောပြနေပါတယ်။

"ဒီလို သူငယ်ချင်းတို့ရဲ့။ ကျုပ်က စွပ်ဖားမှာ ချည်ထားတဲ့ မြင်းတစ်ကောင်ကို ယူမိတာ။ အဲဒါနဲ့ ကျုပ်ကို ခိုးမှုနဲ့ ဖမ်းပြီး အစွပ်စွဲခံရတာ။ ကျုပ်က အိမ်ကို အမြန်ရောက်ချင်လို့ အဲဒီမြင်းကို ခဏယူတာပါ။ ပြီးရင် ပြန်လွှတ်ပေးလိုက်မှာလို့ ပြောတာပဲ။ နောက်ပြီးတော့ စွပ်ဖားမောင်းတဲ့သူကလည်း ကျုပ်ရဲ့ မိတ်ဆွေပဲ။ အဲဒါကြောင့် ကျုပ်က ဘာပြဿနာမှ မရှိဘူးလို့ ပြောတာပဲ။ ဒါပေမယ့် သူတို့က မဟုတ်ဘူး။ မင်းခိုးတာ လို့ ပြောကြတယ်။ ဒါပေမယ့် ကျုပ်ဘယ်လို ခိုးသလဲ။ ဘယ်မှာ ခိုးသလဲ ဆိုတာကို မပြောနိုင်ကြဘူး။ တစ်ချိန်တုန်းကတော့ ကျုပ် ပြစ်မှု တစ်ခု ကျူးလွန်ခဲ့ဖူးတယ်။ အဲဒီအမှုနဲ့ ဒီကို ဟိုးအရင်ကတည်းက ရောက်လာဖို့သင့်တာ။ ဒါပေမယ့် အဲဒီတုန်းက ကျုပ်ကို မမိခဲ့ဘူး။ အခုတော့ ဘာမဟုတ်တဲ့ ကိစ္စအတွက်နဲ့ ရောက်လာရတယ်။ အာ. ကျုပ်ပြောရင်တော့ လိမ်သလို ဖြစ်တော့မှာပဲ။ ကျုပ်အရင်ကလည်း ဆိုင်ဘေးရီးယားကို ရောက်ဖူးတယ်။ ဒါပေမယ့် ကျုပ်ကြာကြာ မနေခဲ့ရဘူး။"

"ခင်ဗျား ဘယ်ကလာတာလဲ။" တစ်ယောက်က သူ့ကို မေးပါတယ်။
"ဗလာဒီမာ က။ ကျုပ်မိသားစုက အဲဒီမြို့ကပဲ။ ကျုပ်နာမည် မာကာ။ ကျုပ်ကို ဆေမြိုနစ်ချ် လို့လည်း ခေါ်ကြတယ်။"
အက်ဆီယိုနော့ဗ်က ခေါင်းကိုမော့ရင်း မေးလိုက်ပါတယ်။
"ဆေမြိုနစ်ချ်။ ခင်ဗျား ဗလာဒီမာက အက်ဆီယိုနော့ဗ် ဆိုတဲ့ ကုန်သည် တစ်ယောက် အကြောင်း ဘာသိလဲ။ ပြောပြစမ်းပါ။ သူတို့ အသက်ရှင်လျှက် ရှိကြသေးသလား။"
"သူတို့ကို သိလား။ ဟုတ်လား။ သိပ် သိတာပေါ့။ အက်ဆီယိုနော့ဗ်တွေက လူချမ်းသာတွေ။ သူတို့ အဖေကတော့ ဆိုင်ဘေးရီးယားကို ရောက်နေတယ်။ ကျုပ်တို့လို မျိုးပဲ အပြစ်ရှိတဲ့သူ ထင်ရတာပေါ့။ အဖိုးကရော ဒီကို ဘယ်လို ရောက်လာတာလဲ။"

အက်ဆီယိုနော့ဗ်ဟာ သူ့ရဲ့ ကံမကောင်း အကြောင်းမလှပုံကို ပြန်မပြောချင်တော့ပါဘူး။ သူက သက်ပြင်းပဲ ချပြီး ပြောပါတယ်။
"ငါဟာလည်း ငါ့အပြစ် အတွက် ထောင်ထဲမှာ ရောက်နေတာ ၂၆ နှစ် ရှိသွားပြီ။"
"ဘာ အပြစ်လဲ။" လို့ မာကာ ဆေမြိုနစ်ချ်က မေးပါတယ်။
ဒါပေမယ့်လည်း အက်ဆီယိုနော့ဗ်ကတော့ "အင်း။ ငါနဲ့ ထိုက်တန်တဲ့ အပြစ်ဖြစ်မှာပါ။" လို့ ပြောပြီး ဘာမှ ထပ်မပြောတော့ ပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ အဖော်တွေက အသစ်လာတဲ့သူတွေကို အက်ဆီယိုနော့ဗ် ဆိုင်ဘေးရီးယားကို ဘယ်လို ရောက်လာတယ် ဆိုတဲ့ အကြောင်း။ တစ်စုံတစ်ယောက်က ကုန်သည်တစ်ယောက်ကို သတ်ပြီး ဓားကို အက်ဆီယိုနော့ဗ်ရဲ့ ပစ္စည်းတွေကြားမှာ ထားခဲ့တဲ့ အကြောင်း၊ အက်ဆီယိုနော့ဗ် ဘယ်လို မတရားသဖြင့် အပြစ်ပေးခံရတယ် ဆိုတဲ့ အကြောင်းတွေကို ပြောပြကြပါတယ်။

မာကာ ဆေမြိုနစ်ချ်ဟာ အဲဒီအကြောင်းတွေကို ကြားတဲ့ အခါမှာတော့ အက်ဆီယိုနော့ဗ်ကို ကြည့်ပြီး သူ့ရဲ့ ဒူးခေါင်းကို သူပြန်ရိုက်ရင်း "အင်း။ ဒါ အတော် ထူးဆန်းတဲ့ အဖြစ်ပဲ။ တကယ့်ကို ထူးဆန်းတဲ့ အဖြစ်ပဲ။ ဒါပေမယ့် ဒီနှစ်တွေမှာ ခင်ဗျား အတော် အိုစာလာခဲ့ပြီပဲ။ " လို့ ပြောပါတယ်။

တခြားသူတွေကတော့ သူ့ကို ဘာဖြစ်လို့ အဲဒီလောက်တောင် အံ့ဩရတာလဲ။ သူ့အနေနဲ့ အရင်တုန်းက အက်ဆီယိုနော့ဗ်ကို ဘယ်မှာ မြင်ဖူးသလဲ ဆိုတာကို မေးကြပါတယ်။ ဒါပေမယ့် မာကာ ဆေမြိုနစ်ချ်က ဘာမှ ပြန်မပြောပါဘူး။ "ငါတို့ ဒီမှာ ပြန်ဆုံကြတာ တကယ့်ကို အံ့ဩစရာ ကောင်းတဲ့ အဖြစ်ပဲ။ သူငယ်တို့။" လို့ပဲ ပြောပါတယ်။

အဲဒီစကားတွေကို ကြားတဲ့ အခါမှာတော့ အက်ဆီယိုနော့ဗ် အနေနဲ့ ကုန်သည်ကို သတ်တာ ဘယ်သူလဲ ဆိုတာ ဒီလူ သိချင်သိနိုင်တယ်လို့ စိတ်ထဲမှာ တွေးမိပါတယ်။ အဲဒါကြောင့် သူက မေးပါတယ်။
"မင်း ဒီအကြောင်းကို ကြားဖူးချင် ကြားဖူးမှာပေါ့။ မင်းငါ့ကို မြင်ဖူးရင်လည်း မြင်ဖူးမှာပေါ့။"
"ငါ ဘယ်လိုလုပ် ကြားဖူးမှာလဲ။ ကမ္ဘာကြီးဆိုတာ ကောဠာဟာလတွေနဲ့ ပြည့်နေတာ။ ဒီအဖြစ်က ကြာပါပြီလေ။ ကျုပ်ဘာကို ကြားဖူးခဲ့သလဲ ဆိုတာကိုတောင် မေ့နေပြီ။"

"ကုန်သည်ကို ဘယ်သူသတ်သလဲ ဆိုတာ မင်းကြားမိချင်ရင် ကြားမိမှာပေါ့။" အက်ဆီယိုနော့ဗ်က မေးပါတယ်။
မာကာ ဆေမြိုနစ်ချ်က ရယ်ပြီးတော့ ပြန်ပြောပါတယ်။ "အိတ်ထဲမှာ ဓားတွေ့တဲ့ သူက သတ်တဲ့သူ ဖြစ်မှာပေါ့။ တကယ်လို့ တခြားတစ်ယောက်က သူ့အိတ်ထဲမှာ ဓားကို ဖွက်လိုက်တယ် ဆိုရင်တောင်မှ ဟိုဆိုရိုးစကားလိုပဲ "သူဟာ မမိမချင်း သူခိုး မဟုတ်ဘူး" လို့ ပြောရမှာပေါ့။ တကယ်လို့ အိတ်က ခင်ဗျားရဲ့ ခေါင်းအောက်မှာ ဆိုရင် ဘယ်သူက ခင်ဗျားအိတ်ထဲ ဓားတစ်ချောင်းကို လာထည့်လို့ ရမှာလဲ။ ခင်ဗျားနိုးသွားမှာပေါ့။"

ဒီစကားကို ကြားလိုက်တဲ့ အခါမှာတော့ အက်ဆီယိုနော့ဗ် အနေနဲ့ ဒီလူဟာ ကုန်သည်ကို သတ်တဲ့သူပဲ ဆိုတာကို အသေအချာ ယုံလိုက်မိပါတယ်။ သူဟာ နေရာကနေ ထပြီး ထွက်သွားပါတယ်။ အဲဒီတစ်ညလုံး အက်ဆီယိုနော့ဗ်ဟာ အိပ်မပျော်ဘဲ လဲလျောင်း နေမိပါတယ်။ သူဟာ ကုန်စည်ပြပွဲကို မသွားခင် သူ့ရဲ့ ဇနီးသည်ကို ခွဲခွာမသွားခင် အချိန်က သူ့ဇနီးသည်ရဲ့ မျက်နှာကို မြင်ယောင်နေမိပါတယ်။ သူမကို အခုတွေ့နေရသလိုပဲ ခံစားရပါတယ်။ သူမရဲ့ မျက်နှာတွေ မျက်လုံးတွေဟာ သူ့ရှေ့မှာ ပေါ်လာပါတယ်။ သူမ စကားပြောနေတာတွေ ရယ်နေတာတွေကို ကြားနေမိပါတယ်။ နောက်တော့ သူ့ကလေးလေးတွေကို မြင်ယောင် လာပါတယ်။ တစ်ယောက်က ခြုံထည် အင်္ကျီ သေးသေးကလေးနဲ့ နောက်တစ်ယောက်က သူ့မိခင်ရဲ့ ရင်ခွင်မှာ အဲဒီလို ပုံစံနဲ့ မြင်ယောင် လာမိပါတယ်။ နောက်တော့ သူ့ကိုယ်သူလည်း ငယ်ငယ်ရွယ်ရွယ် ပျော်ရွှင်မြူးထူးတဲ့ လူငယ် တစ်ယောက် အနေနဲ့ ပြန်မြင်ယောင် လာပါတယ်။ သူ့အနေနဲ့ သူအဖမ်းခံခဲ့ရတဲ့ အချိန်က ထမင်းဆိုင်ရဲ့ ဆင်ဝင်အောက်မှာ ဂစ်တာ တီးနေတဲ့ပုံစံ အဲဒီတုန်းက ဘာကိုမှ ဂရုစိုက်စရာ မလိုတဲ့ ဘဝကို ပြန်မှတ်မိ လာပါတယ်။ သူ့အနေနဲ့ သူ့ကို ကြာပွတ်နဲ့ ရိုက်ပြီး ဒဏ်ပေးခံရတဲ့ နေရာ၊ ပါးကွက်အာဏာသား၊ ဘေးက ရပ်ကြည့်နေတဲ့သူတွေ၊ သံကြိုးတွေ၊ ရာဇဝတ်သားတွေ၊ သူဖြတ်သန်းခဲ့ရတဲ့ ထောင်သားဘဝ ၂၆ နှစ်နဲ့ အချိန်မတန်မီ အိုမင်းရင့်ရော်လာတဲ့ အဖြစ်တွေ စိတ်ထဲမှာ တန်းစီပြီး ပေါ်လာပါတယ်။ အဲဒီအကြောင်းတွေကို ပြန်တွေးမိတာနဲ့ သူဟာ အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်ပြီး သူ့ဘာသာသူ သတ်သေချင်စိတ်တောင် ပေါ်လာမိပါတယ်။

"ဒါတွေဟာ ဒီခွေးကောင်ကြောင့် ဖြစ်တာ။" လို့ အက်ဆီယိုနော့ဗ်က တွေးမိပါတယ်။ သူ့အနေနဲ့ မာကာ ဆေမြိုနစ်ချ်ကို ဒေါသထွက်လွန်းတာကြောင့် သူ့ဘဝပျက်သွားချင် ပျက်သွားပေ့စေ။ ဒီကောင့်ကို လက်စားချေမယ် ဆိုတဲ့ စိတ်မျိုး ဖြစ်လာပါတယ်။ သူ့အနေနဲ့ တစ်ညလုံး ဘုရား ရှိခိုး ဆုတောင်းနေတာတောင်မှ ငြိမ်းချမ်းမှုကို မရနိုင်ပါဘူး။ နေ့ပိုင်းမှာ သူဟာ မာကာ ဆေမြိုနစ်ချ် ရဲ့ အနားကို မသွားပါဘူး။ သူ့ကို ကြည့်တောင် မကြည့်ပါဘူး။

ဒီလိုနဲ့ ရက်သတ္တပတ် နှစ်ပတ် ကုန်သွားပါတယ်။ အက်ဆီယိုနော့ဗ် အနေနဲ့ ညဘက်တွေ မအိပ်နိုင်ပါဘူး။ သူ့အနေနဲ့ စိတ်ဆင်းရဲလွန်းတာကြောင့် ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေပါတယ်။

တစ်နေ့မှာတော့ သူဟာ ထောင်ထဲမှာ လမ်းလျှောက်လာရင်း အကျဉ်းသားတစ်ယောက် အိပ်တဲ့ အိပ်စင်အောက်ကနေ မြေကြီးတွေ လိမ့်ထွက်လာတာကို သတိထားမိပါတယ်။ ရုတ်တရက်ပဲ မာကာ ဆေမြိုနစ်ချ်ဟာ အိပ်စင်အောက်က ထွက်လာပါတယ်။ နောက်တော့ ကြောက်ရွံ့ထိတ်လန့်တဲ့ မျက်နှာနဲ့ အက်ဆီယိုနော့ဗ်ကို မော့ကြည့်ပါတယ်။ အက်ဆီယိုနော့ဗ်ဟာ သူ့ကို မကြည့်ဘဲ ဆက်ထွက်သွားပါတယ်။ ဒါပေမယ့်လည်း မာကာက သူ့ရဲ့လက်ကို ဆွဲပြီး သူနံရံ အောက်မှာ တွင်းတစ်တွင်း တူးထားတဲ့ အကြောင်း၊ အဲဒီမြေကြီးတွေကို ဖိနပ်ရှည်ထဲ ထည့်ပြီး အကျဉ်းသားတွေကို အလုပ်ကို ပို့တဲ့ အချိန် လမ်းမှာ သွန်ပစ်တဲ့ အကြောင်း ပြောပြပါတယ်။

"ခင်ဗျား တိတ်တိတ်နေပါ အဖိုးကြီး။ ခင်ဗျားလည်း အတူတူ ထွက်ပြေးလို့ ရတာပဲ။ တကယ်လို့ ခင်ဗျား ကျုပ်လျို့ဝှက်ချက်ကို ဖော်မယ်ဆိုရင် သူတို့ ကျုပ်ကို သေအောင်ရိုက်ကြလိမ့်မယ်။ ဒါပေမယ့် ကျုပ်ခင်ဗျားကို အရင်သတ်မှာ။"

အက်ဆီယိုနော့ဗ်ဟာ သူ့ရဲ့ ရန်သူတော်ကို ကြည့်ရင်း ဒေါသထွက်လို့ တုန်ယင်လာပါတယ်။ သူက သူ့ရဲ့လက်ကို ဆွဲဖယ်လိုက်ပြီး "ငါ့အတွက်တော့ လွတ်ချင်တဲ့ စိတ်လည်း မရှိတော့ဘူး။ မင်းလည်း ငါ့ကို သတ်စရာ မလိုပါဘူး။  မင်းငါ့ကို သတ်ခဲ့တာ ဟိုးအရင်ကတည်းကပဲလေ။ မင်းအကြောင်းကို ပြောဖို့ မပြောဖို့ကတော့ ဘုရားသခင်က ငါ့ကို ညွှန်ကြားပါလိမ့်မယ်။"

နောက်တစ်နေ့ အကျဉ်းသားတွေကို အလုပ်ကို ခေါ်သွားတဲ့ အချိန်မှာတော့ အစောင့်စစ်သားတွေက အကျဉ်းသား တစ်ယောက် နှစ်ယောက်ဟာ သူတို့ရဲ့ ဖိနပ်ထဲက မြေကြီးတွေ သွန်ထုတ်တာကို သတိပြုမိသွားပါတယ်။ အကျဉ်းထောင်ကို ရှာတဲ့ အခါမှာတော့ လှိုဏ်ခေါင်းကို တွေ့သွားပါတယ်။ အုပ်ချုပ်ရေးမှူးက အကျဉ်းသားတွေ အားလုံးကို စစ်ဆေးပြီး ဘယ်သူ လှိုဏ်ခေါင်းကို တူးသလဲ ဆိုတာ သိရအောင် စစ်မေးပါတယ်။ အားလုံးက သူတို့ မသိတဲ့ အကြောင်း ဖြေကြပါတယ်။ သိတဲ့သူတွေကလည်း မာကာ ဆေမြိုနစ်ချ်ကို သစ္စာမဖောက်ကြပါဘူး။ သူဆိုတာ သိသွားရင် သူ့ကို သေလုမျောပါး ရိုက်ကြလိမ့်မယ် ဆိုတာကို သိထားကြလို့ပါ။ နောက်ဆုံးမှာတော့ အုပ်ချုပ်ရေးမှူးဟာ မျှမျှတတ ရှိတဲ့သူလို့ သူသိထားတဲ့ အက်ဆီယိုနော့ဗ် ဆီကို ဦးလှည့်လာပါတယ်။ နောက်တော့ သူက ပြောပါတယ်။
"ခင်ဗျားဟာ ယုံကြည်စရာကောင်းတဲ့ လူကြီးတစ်ယောက်ပဲ။ ဘုရားသခင်ရှေ့မှာ တိုင်တည်ပြီး ပြောစမ်းပါ။ ဘယ်သူ ဒီတွင်းကို တူးသလဲ ဆိုတာ။"

မာကာ ဆေမြိုနစ်ချ်ကတော့ သူနဲ့ ဘာမှ မဆိုင်သလို ရပ်နေပါတယ်။ သူက အုပ်ချုပ်ရေးမှူးကိုပဲ ကြည့်နေပြီး အက်ဆီယိုနော့ဗ်ကို မကြည့်ပါဘူး။ အက်ဆီယိုနော့ဗ်ရဲ့ နှုတ်ခမ်းတွေ လက်တွေက တုန်ယင်နေကြပါတယ်။ အချိန်အကြာကြီး သူ စကားတစ်ခွန်းမှ မပြောနိုင်ပါဘူး။ သူက တွေးနေပါတယ်။
"ငါ့ဘဝကို ပျက်အောင် လုပ်ခဲ့တဲ့ကောင်ကို ဘာလို့ အကာအကွယ် ပေးရမှာလဲ။ ငါခံခဲ့ရတာတွေ အတွက် ဒီကောင် ခံရပေလေ့စေ။ ဒါပေမယ့် ငါပြောလိုက်ရင် သူတို့က သူ့ကို သေလောက်အောင် ရိုက်ကြလိမ့်မယ်။ ငါသူ့ကို အထင်မှားတာလည်း ဖြစ်နိုင်တာပဲ။ နောက်ဆုံးမှာတော့ ဒါကိုပြောလိုက်လို့လည်း ငါ့အတွက် ဘာအကျိုးမှ ရမှာမဟုတ်ဘူး။"
"အင်း။ အဖိုးကြီး။ ကျုပ်ကို အမှန်အတိုင်း ပြောစမ်းပါ။ နံရံအောက်မှာ လှိုဏ်ခေါင်းတူးနေတာ ဘယ်သူလဲ။" လို့ အုပ်ချုပ်ရေးမှူးက နောက်တစ်ကြိမ် ထပ်မေးပါတယ်။

အက်ဆီယိုနော့ဗ်က မာကာ ဆေမြိုနစ်ချ်ကို တစ်ချက်လှမ်းကြည့်ရင်း ပြောပါတယ်။ "ကျွန်တော် မပြောနိုင်ပါဘူး အရှင်။ ဘုရားသခင်က ကျုပ်ကို ပြောစေချင်မှာ မဟုတ်ဘူး။ သင် ကျွန်တော့်ကို လုပ်ချင်ရာ လုပ်ပါ။ ကျွန်တော်က သင့်လက်ထဲမှာပါ။"

အုပ်ချုပ်ရေးမှူးက ဘယ်လောက်ပဲ ကြိုးစားကြိုးစား အက်ဆီယိုနော့ဗ်က ဘာမှ ထပ်မပြောတော့ပါဘူး။ ဒါနဲ့ပဲ အဲဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ရပါတော့တယ်။

အဲဒီည အက်ဆီယိုနော့ဗ် အိပ်ယာပေါ်မှာ လှဲနေပြီး စပြီး အိပ်ပျော်တော့မလို ဖြစ်နေတဲ့ အချိန်မှာ တစ်စုံတစ်ယောက်က သူ့ခုတင်ပေါ် တိတ်တဆိတ် ဝင်ထိုင်လိုက်ပါတယ်။ သူက အမှောင်ထဲမှာ လှမ်းကြည့်ရင်း အဲဒါ မာကာ ဖြစ်တယ်ဆိုတာ မှတ်မိလိုက်ပါတယ်။
"မင်း ငါ့ဆီက ဘာလိုချင်သေးလို့လဲ။ မင်းဘာအတွက် လာတာလဲ။" အက်ဆီယိုနော့ဗ်က မေးလိုက်ပါတယ်။

မာကာ ဆေမြိုနစ်ချ်က ဘာမှ မပြောဘဲ တိတ်နေပါတယ်။ အဲဒါနဲ့ အက်ဆီယိုနော့ဗ်က ထထိုင်ပြီး ပြောလိုက်ပါတယ်။
"မင်းဘာလိုချင်တာလဲ။ ထွက်သွားစမ်းကွာ။ မဟုတ်ရင် ငါအစောင့်ကို ခေါ်လိုက်မယ်။"
မာကာ ဆေမြိုနစ်ချ်က အက်ဆီယိုနော့ဗ်ရဲ့ အနီးကို ကိုယ်ကိုကိုင်းပြီး တိုးတိုးလေး ပြောလိုက်ပါတယ်။
"အိုင်ဗန် ဒီမီထရစ်ချ်။ ကျုပ်ကို ခွင့်လွှတ်ပါ။"
"ဘာအတွက်လဲ။" အက်ဆီယိုနော့ဗ်က မေးပါတယ်။

"ကုန်သည်ကို သတ်ပြီး ဓားကို ခင်ဗျား ပစ္စည်းတွေထဲမှာ ဖွက်ထားခဲ့တဲ့သူဟာ ကျပ်ပါပဲ။ ကျုပ်ခင်ဗျားကိုလည်း သတ်မလို့ပဲ။ ဒါပေမယ့် အပြင်မှာ ဆူဆူညံညံ အသံတွေကြားလိုက်ရတယ်။ ဒါနဲ့ပဲ ကျုပ် ဓားကို ခင်ဗျား အိတ်ထဲမှာ ဖွက်ပြီး ပြတင်းပေါက်ကနေ ထွက်ပြေးခဲ့တာပဲ။"

အက်ဆီယိုနော့ဗ်က ဘာမှမပြောဘဲ တိတ်နေပါတယ်။ သူ့အနေနဲ့ ဘာပြောရမှန်းလည်း မသိပါဘူး။ မာကာ ဆေမြိုနစ်ချ်က အိပ်ရာခင်းပေါ်ကနေ လျှောချပြီး မြေကြီးပေါ်မှာ ဒူးထောက်လိုက်ပါတယ်။ "အိုင်ဗန် ဒီမီထရစ်ချ်။ ကျုပ်ကို ခွင့်လွှတ်ပါ။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ အတွက် ကျုပ်ကို ခွင့်လွှတ်ပါ။ ကုန်သည်ကို သတ်ခဲ့တဲ့သူဟာ ကျုပ်ဆိုတာ ကျုပ် ဖြောင့်ချက်ပေးပြီး ဝန်ခံပါ့မယ်။ အဲဒါဆို ခင်ဗျားလွတ်ပြီး အိမ်ပြန်လို့ ရပါပြီ။"

အက်ဆီယိုနော့ဗ်က ပြောပါတယ်။
"မင်းအတွက် ပြောရတာတော့ လွယ်လွယ်လေးပေါ့။ ဒါပေမယ့် ငါဒုက္ခရောက်ခဲ့ရတာ ဒီ နှစ်ဆယ့်ခြောက်နှစ်လုံးလုံး။ အခုဆို ငါဘယ်သွားရမလဲ။ ငါ့မိန်းမကလည်း သေပြီ။ ငါ့ကလေးတွေကလည်း ငါ့ကို မေ့လောက်ပြီ။ ငါ့အတွက် ဘယ်ကိုမှ သွားစရာ နေရာ မရှိတော့ဘူး။"

မာကာ ဆေမြိုနစ်ချ်က နေရာက မထဘဲ ကြမ်းပြင်ကို သူ့ခေါင်းနဲ့ ဆောင့်နေပါတယ်။
"အိုင်ဗန် ဒီမီထရစ်ချ်။ ကျုပ်ကို ခွင့်လွှတ်ပါ။" သူက အော်ပြောပါတယ်။
"သူတို့ ကျုပ်ကို ကြာပွတ်နဲ့ ရိုက်တာက ကျုပ်ခင်ဗျားကို အခုမြင်နေရသလောက် အခံရမခက်ပါဘူး။ ခင်ဗျားကတောင် ကျုပ်ကို သနားနေသေးတယ်။ မပြောခဲ့ဘူး။ ခရစ်တော်ရဲ့ ကရုဏာတော် အတွက် ကျုပ်ကို ခွင့်လွှတ်ပါ။ ကျုပ်ဟာ လူယုတ်မာပါ။" သူဟာ ပြောရင်းနဲ့ ရှိုက်ငိုပါတော့တယ်။ သူငိုတာကို ကြားရတဲ့ အခါမှာ အက်ဆီယိုနော့ဗ်ဟာလည်း စပြီး ငိုပါတော့တယ်။ "ဘုရားသခင်က မင်းကို ခွင့်လွှတ်ပါလိမ့်မယ်။ ငါက မင်းထက် အဆ တစ်ရာလောက် ပိုဆိုးနေတာလည်း ဖြစ်နိုင်ပါတယ်။" လို့ သူက ပြောပါတယ်။ ဒီစကားတွေကို ပြောပြီးတဲ့နောက်မှာတော့ သူ့ရင်ထဲမှာ ပေါ့သွားပါတယ်။ အိမ်ကို တမ်းတတဲ့စိတ်လည်း ပျောက်သွားပါတယ်။ သူ့အနေနဲ့ ထောင်ထဲကနေ ထွက်သွားချင်တဲ့ ဆန္ဒလည်း မရှိတော့ပါဘူး။ သူ့ရဲ့ နောက်ဆုံး အချိန်ကိုပဲ မျှော်လင့် နေမိပါတော့တယ်။

အက်ဆီယိုနော့ဗ်က ဘယ်လိုပဲ ပြောပေမယ့် မာကာ ဆေမြိုနစ်ချ်ဟာ သူ့ရဲ့ အပြစ်ကို ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို လွှတ်ဖို့ အမိန့်ရောက်လာတဲ့ အချိန်မှာတော့ အက်ဆီယိုနော့ဗ်ဟာ ကွယ်လွန်သွားခဲ့ပါပြီ။

=======================================================

ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း (Leo Tolstoy) ရဲ့ God Sees the Truth, But Waits ကို ဘာသာပြန်ထားတာပါ။

Tuesday, April 12, 2011

မှတ်သားလောက်စရာ Facebook Status များ

(၁) ငါ့ရဲ့ ရည်းစားက ကမ္ဘာကြီးကို မြင်ဖူးချင်တယ်တဲ့။လွယ်လွယ်လေး ငါသူ့ကို မြေပုံတစ်ခု ဝယ်ပေးလိုက်တာပေါ့။

(၂) ကွန်ပြူတာကို ဘာလုပ်ဖို့ပဲ ဖွင့်ဖွင့် နောက်ဆုံးတော့ Facebook နဲ့ Twitter မှာ အဆုံးသတ်တာပါပဲ။

(၃) I-L-O-V-E-Y-O-U မှာ အက္ခရာ ၈ လုံး ရှိတယ်။ B-U-L-L-S-H-I-T မှာလည်း ထိုနည်း လည်းကောင်းပဲ။

(၄) နောက်ဆုံးသတင်း။ Steve Jobs က အိုင်ယာလန်ကို ဝယ်မည်။ ထို့နောက် iLand ဟု နာမည်ပြောင်းလိမ့်မည်။

(၅) Facebook ကတော့ အမြဲတမ်း မင်းစိတ်ထဲမှာ ဘာရှိသလဲ (What is on your mind?) လို့မေးတယ်။ ငါကတော့ သူများဆီကနေ ကူးချပြီး တင်ပေးလိုက်တာပဲ။

(၆) ဘဝကို သိပ်အလေးအနက် မထားပါနဲ့။ ဘယ်သူကများ အသက်ရှင်လျှက် ဘဝထဲက ထွက်သွားလို့ ရဖူးသလဲ။

(၇) Farmville ထဲမှာ Marijuana စိုက်ပြီး Mafia Wars ထဲမှာ ပြန်ရောင်းလို့ မရနိုင်ဘူးလား။

(၈) အဆိုးမြင်သမား ဆီက ပိုက်ဆံချေးပါ။ သူက ပြန်ရဖို့ မျှော်လင့်မယ့်သူ မဟုတ်ဘူး။

(၉) အလုပ်ခွင်မှာ အစားထိုး မရတဲ့သူ မဖြစ်ပါစေနဲ့။ အစားထိုးလို့ မရရင် ဘယ်သူက ရာထူးတိုးပေးမှာလဲ။

(၁၀) အမှားတစ်ခုကို ၂ ခါပြန်မလုပ်ပါနဲ့။ မှားစရာတွေက အများကြီး။ တစ်ခါကို တစ်မျိုးမှားပေါ့။

(၁၁) Facebook မသုံးခင်တုန်းက လူတွေမှာ မွေးနေ့ ရှိကြတယ်ဆိုတာကို သတိမထားမိဘူး။

(၁၂) ငါ့ရဲ့ Friend List ထဲက တစ်ချို့ကို ဖြုတ်လိုက်ပြီ။ မင်းဒီ စတေးတပ်ကို မြင်နေသေးတယ် ဆိုရင်တော့ မင်းဟာ အလွန် စိတ်ဝင်စားစရာ ကောင်းလို့ ဒါမှမဟုတ် ငါတို့ နည်းနည်းလောက် ဖြစ်ဖြစ် စကားပြောဖူးလို့။

(၁၃) မာယန်တွေ ၂၀၁၂ မှာ ကမ္ဘာပျက်မယ်လို့ ပြောခဲ့တာ Facebook ဆိုက်ကြီး ဒေါင်းသွားလိမ့်မယ်လို့ ပြောချင်တာ ဖြစ်မယ်။

(၁၄) Facebook လို ဘဝမျိုး လိုချင်တယ်။ Dislike ဆိုတာ မရှိဘူး။

(၁၅) Facebook Status အောက်မှာ "Nobody Care" ဆိုတဲ့ Button တစ်ခု လိုနေတယ်။

(၁၆) ပထမဆုံး ဘယ်သူကများ နွားတွေကို ကြည့်ပြီး "ဒီတွဲလောင်းကျနေတဲ့ ဟာတွေကို ညှစ်ပစ်မယ်။ ဘာပဲ ထွက်လာလာ သောက်ပစ်မယ်။" လို့ တွေးခဲ့ပါလိမ့်။

(၁၇) အကယ်၍ မိန်းကလေးတစ်ယောက်ရဲ့ Profile ပုံက ၂ ပုံ ရှိနေတယ် ဆိုရင် ဘာဖြစ်လို့ အလန်းစားပုံက သူမဟုတ်တဲ့ တခြားတစ်ယောက် ဖြစ်နေရပါလိမ့်။

(၁၈) မိန်းမတွေက Google နဲ့တူတယ်။ မင်းလိုချင်တဲ့ အဖြေက တစ်ခုတည်း။ ဒါပေမယ့် သူတို့က မင်းမလိုချင်တဲ့ တခြား အဖြေတစ်သန်း လောက်ကိုပါ ပေးတတ်တယ်။

(၁၉) မိန်းမတွေသာ ကမ္ဘာကို အုပ်စိုးရင် စစ်ဆိုတာ ရှိမှာ မဟုတ်ဘူး။ စိတ်ကောက်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စကားမပြောတဲ့ နိုင်ငံတွေပဲ ရှိလိမ့်မယ်။

(၂၀) အရူးတွေက မိန်းမတွေကို စကားဆက်မပြောနဲ့လို့ တားကြတယ်။ ပညာရှိတွေကတော့ မင်းရဲ့ နှုတ်ခမ်းတွေက စေ့ထားရင် သိပ်လှတာပဲလို့ ပြောကြတယ်။

(၂၁) အခုပဲ ကွန်ပြူတာ Crash ဖြစ်သွားတယ်။ ဒီတမနက်လုံး ငါလုပ်မထားခဲ့တဲ့ အလုပ်တွေ အားလုံးလည်း ပျောက်သွားတယ်။

(၂၂) သိပ်ကို ခမ်းနားကြီးကျယ်တဲ့ မိန်းမတွေရဲ့ နောက်မှာ သူ့နောက်ပိုင်းကို စိုက်ကြည့်နေတဲ့ ယောက်ျားတစ်ယောက် ရှိတတ်တယ်။

(၂၃) ရုပ်ရှင်ပြီးသွားတဲ့ အချိန် လူတွေပြောတတ်တဲ့ စကား။ နောက်တစ်ပိုင်း ကို မစောင့်နိုင်တော့ဘူး။ (၅%) သိပ်ကောင်းတဲ့ အိုက်တင်ပဲ (၅%) အိမ်သာကို အမြန်ပြေးမှ ဖြစ်မယ်။ (၉၀%)

(၂၄) ရယ်စရာ မကောင်းဘူးလား။ ရက်သတ္တပတ်ရဲ့ ပထမဆုံး နေ့က Monday (M) နောက်ပြီးရင် Tuesday (T) ကျန်တာက WTF.

(၂၅) ဖေ့စ်ဘွတ်ခ်ဟာ ထောင်နဲ့တူတယ်။ ငါတို့ အထဲဝင်ပြီး အချိန်ဖြုန်းနေကြတယ်။ နံရံ (Wall) တွေပေါ်မှာ အဓိပ္ပာယ်မရှိတဲ့ စာတွေ လျှောက်ရေးပြီး အကျိုးမရှိတဲ့ ဂိမ်းတွေ ဆော့နေကြတယ်။ နောက်ပြီး ကြောင်တောင်တောင် လူတွေက လာလာဆွ (Poke) တာကို ခံနေရတယ်။

မူရင်း။ ။ http://www.statusbook.net/

Wednesday, March 30, 2011

လူကြီးကြိုက် ဟာသ

ရေခဲသေတ္တာ

ကောင်းကင်ဘုံကို ဝင်တဲ့ ဂိတ်တံခါးဝမှာပါ ။ အဲဒီနေ့က အလုပ်များတဲ့ နေ့ ဖြစ်တာကြောင့် ပီတာက ကောင်းကင်ဘုံကို ဝင်ဖို့ စောင့်နေတဲ့ သူတွေထဲက ပထမဆုံး တစ်ယောက်ကို ပြောပါတယ်။ "ဒီနေ့ ကောင်းကင်ဘုံမှာ နေရာပြည့်တော့မယ်။ အဲဒီတော့ ငါ့အနေနဲ့ အတော့်ကို ဆိုးဆိုးရွားရွား အဖြစ်နဲ့ သေခဲ့တဲ့ သူတွေကိုပဲ ဝင်ခွင့် ပေးနိုင်မယ်။ ကဲပြော မင်းရဲ့ ဇာတ်လမ်း။"

ပထမဆုံးလူက သူ့ဇာတ်လမ်းကို အခုလို ပြောပြပါတယ်။
"ကျွန်တော့် မိန်းမက ကျွန်တော်ကို သစ္စာဖောက်နေတယ်လို့ သံသယ ဖြစ်နေတာ ကြာပါပြီ။ ဒီနေ့တော့ လက်ပူးလက်ကြပ် ဖမ်းဖို့ ့ ကျွန်တော် အိမ်ကို စောစောစီးစီး ပြန်လာခဲ့ပါတယ်။ ၂၅ ထပ်က ကျွန်တော့်ရဲ့ အခန်းကို ရောက်တော့ တစ်ခုခုတော့ လွဲနေတယ် ဆိုတာ သတိထားမိ လိုက်ပါတယ်။ အိမ်ထဲမှာ ကျွန်တော့် မိန်းမရဲ့ လင်ငယ် ရှိနေမလားလို့ နေရာအနှံ့ လိုက်ရှာပေမယ့် ဘယ်နေရာမှ ရှာမတွေ့ ပါဘူး။ အဲဒါနဲ့ ကျွန်တော် ဝရန်တာကို ထွက်လာခဲ့ ပါတယ်။ အဲဒီမှာ လူတစ်ယောက် ဝရန်တာ လက်ရန်းကို ခိုပြီး ပုန်းနေတာ ကျွန်တော် တွေ့ရပါတယ်။ ကျွန်တော့် ဒေါသ အထွဋ်အထိပ်ကို ရောက်သွားပါတယ်။ ဒီကောင့်ကို ကျွန်တော် ရိုက်တယ်။ ကန်တယ်။ ဒါတောင် ဒီကောင် ပြုတ်မကျပါဘူး။ ဒါနဲ့ ကျွန်တော် အခန်းထဲကိုပြန် တူတစ်လက် ယူလာပြီး ဒီကောင့်လက်ကို ထုပါတယ်။ သူကြာကြာ မနေနိုင်ပါဘူး။ နောက်ဆုံးတော့ ပြုတ်ကျ တာပါပဲ။ ဒါပေမယ့် ဒီကောင်က ကံကောင်းချင်တော့ ချုံပုတ်ပေါ် တည့်တည့်ကျ ပါတယ်။ အဲဒါကြောင့် မသေပါဘူး။ ဒါနဲ့ ကျွန်တော် မီးဖိုချောင်ကို ပြေး။ ရေခဲသေတ္တာကို မပြီး ဒီကောင့် အပေါ်ကို ပစ်ချ လိုက်ပါတယ်။ ဒီကောင်လည်း အဲဒီနေရာမှာပဲ သေသွားပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ နှလုံးရောဂါ ရှိတာကြောင့် အဲဒီလောက် ဒေါသထွက်ပြီးတဲ့ နောက်မှာ  ဝရံတာမှာတင် ရှော့ခ်ရပြီး သေသွားပါတယ်။"

"အင်း အတော်ဆိုးတဲ့ အဖြစ်ပဲ။" လို့ ပီတာက ပြောပြီး သူ့ကို ဝင်ခွင့် ပေးလိုက်ပါတယ်။ ပီတာက နောက်တစ်ယောက်ကို ခေါ်လိုက်ပါတယ်။ ပီတာက ခုန လူကို ပြောသလိုပဲ လူပြည့်နေတဲ့ အတွက် အသေဆိုးနဲ့ သေခဲ့တဲ့သူကိုပဲ ဝင်ခွင့်ပေးနိုင်မယ့် အကြောင်း ထပ်ပြောပြန်ပါတယ်။ အဲဒီအခါမှာ ဒုတိယလူက သူ့အဖြစ်ကို အခုလို ပြောပြပါတယ်။

"ဒီနေ့ အတော်ထူးတဲ့ နေ့ပါ။ ကျွန်တော့်အိမ်က ၂၆ ထပ်မှာ ရှိပါတယ်။ မနက်တိုင်း ကျွန်တော် ဝရန်တာမှာ လေ့ကျင့်ခန်း လုပ်လေ့ ရှိပါတယ်။ ဒီမနက်တော့ ကျွန်တော် လေ့ကျင့်ခန်းလုပ်ရင်း မတော်တဆ ဝရန်တာက နေပြုတ်ကျ ပါတယ်။ ဒါပေမယ့်လည်း ကံကောင်းပါတယ်။ ကျွန်တော် အောက်ထပ် ၂၅ ထပ်က ဝရန်တာ သံတန်းကို လှမ်းပြီး ဖမ်းမိ လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ခုန ကျွန်တော့် ရှေ့က ဝင်သွားတဲ့သူ ရုတ်တရက် ပေါ်လာပါတယ်။ ကျွန်တော်ကတော့ ကယ်မယ့်သူ လာပြီ ဆိုပြီး ပျော်သွားပါတယ်။ ဒါပေမယ့် သူကျွန်တော်ကို ရိုက်ပါတယ်။ ကန်ပါတယ်။ ကျွန်တော်လည်း တတ်နိုင်သလောက် ဝရန်တာ သံတန်းကို ဆက်ကိုင်ထားပါတယ်။ ဒါပေမယ့် သူက တူ ယူလာပြီး ကျွန်တော့် လက်ကို ထုပါတယ်။ ကျွန်တော် ဆက်ပြီးတော့ မဟန်နိုင်တော့ပါဘူး။ ပြုတ်ကျပါတော့တယ်။ ဒါပေမယ့်လည်း ကံကောင်းချင်တော့ အောက်က ချုံပုတ်ပေါ်ကို ကျပါတယ်။ အဲဒါနဲ့ မသေပါဘူး။ ကျွန်တော်တော့ အသက်ချမ်းသာရာရပြီလို့ ထင်နေတဲ့ အချိန်မှာပဲ မိုးပေါ်က ရေခဲသေတ္တာ တစ်လုံး ရုတ်တရက် ကျွန်တော့် ခေါင်းပေါ်ကျလာပါတယ်။ ဒါနဲ့ပဲ ကျွန်တော ်သေပြီး ဒီကို ရောက်လာတာပါ။"

ပီတာက အတော်ဆိုးတဲ့ အဖြစ်ပဲလို့ သဘောတူပြီး အဲဒီလူကိုလည်း ဝင်ခွင့် ပေးလိုက်ပါတယ်။

ဒီလိုနဲ့ နောက်လူတစ်ယောက် ပီတာရှေ့ ရောက်လာပြန်ပါတယ်။ ပီတာကလည်း ခုနလိုပဲ ကောင်းကင်ဘုံမှာ ဒီနေ့ လူပြည့်နေတဲ့ အကြောင်းပြောပြီး သူ့ရဲ့ဇာတ်လမ်းကို ပြောပြခိုင်းပါတယ်။ အဲဒီအခါမှာ တတိယလူက သူ့ဇာတ်လမ်းကို ပြောပြပါတယ်။

"ဒီလိုပါ။ ကျွန်တော် ရေခဲသေတ္တာ တစ်လုံးထဲမှာ အဝတ်မပါဘဲ ပုန်းနေပါတယ်။"


သစ်ပင်ပေါ်ကကြည့်ရင်

တစ်ခါကကျွန်းတစ်ကျွန်းပေါ်ကို အသက်ခပ်ကြီးကြီး အဖိုးကြီး တစ်ယောက်၊ သူ့ရဲ့ ရုပ်ချောတဲ့ မိန်းမ နဲ့ ရုပ်ဖြောင့်ဖြောင့် သင်္ဘောသား တစ်ယောက် သင်္ဘောပျက်ပြီး ရောက်လာပါတယ်။ ရုပ်ဖြောင့်ဖြောင့် သင်္ဘောသားက ကျွန်းပေါ် ရောက်ကတည်းက အဖိုးကြီးရဲ့ မိန်းမကို ကြံချင်ပေမယ့် အဖိုးကြီးက သူ့မိန်းမ ဘေးမှာ အမြဲ ရှိနေလို့ အခွင့်မသာဘူး ဖြစ်နေပါတယ်။ တစ်နေ့တော့ သင်္ဘောသားဟာ အဲဒီ ကျွန်းပေါ်မှာ ရှိတဲ့ အမြင့်ဆုံး သစ်ပင်ကြီး တစ်ပင်ပေါ်ကို တက်သွားပါတယ်။ သစ်ပင်ပေါ် ရောက်တော့ သူက အောက်ကို လှမ်းပြီး
"ဟေ့လူတွေ။ ခင်ဗျားတို့ လူမြင်ကွင်းကြီးမှာ အဲဒီလို လုပ်တာ မကောင်းပါဘူး။ တခြား လူမမြင်တဲ့ တစ်နေရာ သွားကြပေါ့ဗျာ။" လို့ အော်ပါတယ်။ သူ သစ်ပင် ပေါ်က ပြန်ဆင်းလာတော့ အဖိုးကြီးက သူ့ကို ဘာဖြစ်လို့ အဲဒီလို အော်ရသလဲ လို့ မေးပါတယ်။ သင်္ဘောသားက သူသစ်ပင်ပေါ်ကနေ မဖွယ်မရာ မြင်ကွင်းတွေ မြင်နေရလို့ လူမမြင်တဲ့ နေရာ သွားကြဖို့ သတိပေးတာပါလို့ ပြန်ပြောပါတယ်။ အဖိုးကြီးကလည်း သူဘာမှ မဖွယ်မရာ မလုပ်ကြောင်း အတင်းငြင်းပါတယ်။

နောက်တစ်နေ့ ကျတော့လည်း သင်္ဘောသားက အဲဒီသစ်ပင်ကို ထပ်တက်ပါတယ်။ သစ်ပင်ပေါ် ရောက်တော့ အရင်နေ့ကလိုပဲ ထပ်အော်ပြန် ပါတယ်။ အောက်ရောက်လာတော့ အဖိုးကြီးက ထပ်မေးတဲ့ အခါ အရင်နေ့ကလိုပဲ ပြန်ဖြေပါတယ်။ အဲဒီလို နေ့စဉ်ဆက်တိုက် အော်နေတော့ ၅ ရက်မြောက်နေ့မှာတော့ အဖိုးကြီးက သည်းမခံနိုင် တော့ပါဘူး။ အဲဒီသစ်ပင် အမြင့်ကြီးကို သင်္ဘောသား မတက်ခင်မှာ ကြိုးစားပမ်းစား ကုတ်ကပ်ပြီး တက်ပါတယ်။ သစ်ပင်ရဲ့ ထိပ်ဆုံး ရောက်တဲ့ အချိန်မှာတော့ အောက်ကို ငုံ့ကြည့်ပြီး ဒီလို မှတ်ချက်ချလိုက်ပါတယ်။
"အင်း။ ဟိုသင်္ဘောသား အော်မယ်ဆိုလည်း အော်စရာပါပဲလေ။ သစ်ပင်ပေါ်က ကြည့်ရင် ဒီလို မြင်ရတာပါလား။"

ဝတ္ထုတို

ဆရာမက ကျောင်းသားတွေကို အင်္ဂလိပ်စာ စာမေးပွဲ စစ်တဲ့ အနေနဲ့ ဝတ္ထုတို တစ်ပုဒ် ရေးခိုင်းပါတယ်။ သူမက ဝတ္ထုကောင်း ဆိုတာ လျို့ဝှက်ဆန်းကြယ်ခြင်း၊ လိင်ကိစ္စ၊ ထီးမူနန်းဟန် နှင့် ဘာသာရေး စတာတွေ ပါဝင်ကြောင်း ရှင်းပြပါတယ်။ ဆယ်မိနစ် အကြာမှာတော့ တော်မီ က သူရေးလို့ ပြီးသွားပြီ လို့ ပြောပြီး သူ့ရဲ့ ဝတ္ထုမှာ သူမပြောခဲ့တဲ့ အကြောင်းအရာ ၄ ခုစလုံး ပါဝင်တဲ့ အကြောင်း ပြောပါတယ်။ ဆရာမက ဖတ်ပြပါတယ်။

"ဘုရားသခင်" ဟု မင်းသမီးကလေးက အော်သည်။ "ဗိုက်ကြီးပြန်ပြီ။ နောက်တစ်ခါ။ ဘယ်သူ့ကြောင့်ပါလိမ့်။"

ဒီအချက်တွေ ကိုက်ညီရင်

တိရိစ္ဆာန်ရုံမှာ ရှိတဲ့ ဂေါ်ရီလာ မျောက်မ တစ်ကောင်ဟာ စိတ်တိုပြီး မကြည်မလင် ဖြစ်နေလို့ တိရိစ္ဆာန် ဆရာဝန်နဲ့ ပြပါတယ်။ တိရိစ္ဆာန် ဆရာဝန်က "သူတို့ မိတ်လိုက်တဲ့ ရာသီ ရောက်နေပြီ။ အဲဒီတော့ သူမ အတွက် မိတ်လိုက်မယ့် မျောက် လိုနေတယ်။" လို့ ပြောပါတယ်။

တိရိစ္ဆာန်ရုံ မန်နေဂျာက သတင်းစာထဲမှာ ကြော်ငြာထည့်ပြီး သူ့ရဲ့ ဂေါ်ရီလာမနဲ့ မိတ်ဖက်ကို ရှာပါတယ်။

"အလိုရှိသည်။ ဂေါ်ရီလာ အမတစ်ကောင်နှင့် ဆက်ဆံရန် - ဒေါ်လာ ၁၀၀၀၀"

နောက်တစ်နေ့မှာတော့ ပက်ဒီဆိုတဲ့သူတစ်ယောက် တိရိစ္ဆာန်ရုံကို ရောက်လာပြီး အခုလို ပြောပါတယ်။

အကယ်၍ အချက် ၃ ချက်နဲ့ ကိုက်ညီတယ် ဆိုရင် ငါ ဂေါ်ရီလာမနဲ့ အတူအိပ်မယ်။
(၁) ငါသူ့ကို မနမ်းနိုင်ဘူး။
(၂) ကလေး မွေးလာရင် ငါအထောက်အပံ့ မပေးနိုင်ဘူး။
(၃) ငါ့ကို ဒေါ်လာ ၁ သောင်းရှာဖို့ အချိန်တော့ နည်းနည်းပေး။

(အင်တာနက်ပေါ်မှာ ဖတ်ဖြစ်တဲ့ ဟာသ တစ်ချို့ပါ။)

Sunday, October 10, 2010

ယောက်ျားဆိုတာ အတွင်းစိတ်ကို သိနိုင်တဲ့သူ မဟုတ်ဘူး

မိန်းကလေးတွေ ဘက်က သူတို့နဲ့ ဆက်ဆံတဲ့ အခါမှာ ဘယ်ဟာ လုပ်ရမယ် ဘယ်ဟာတော့ဖြင့် မလုပ်ရဘူး ဆိုတဲ့ စည်းမျဉ်းစည်းကမ်း တွေကိုပဲ ကျွန်တော်တို့ အမြဲ ကြားနေရတယ်။ ဒီတစ်ခါ ကတော့ ယောက်ျားလေး တွေရဲ့ အမြင်တွေပါ။ ဒါက ယောက်ျားလေး တစ်ယောက်နဲ့ ဆက်ဆံတဲ့ အခါမှာ ဘယ်ဟာလုပ်ရမယ် ဘယ်ဟာ မလုပ်ရဘူး ဆိုတာ မိန်းကလေးတွေ သိထားသင့်တဲ့ အချက်တွေပါ။

(၁) ယောက်ျားလေးတွေ ဆိုတာ တခြားသူရဲ့ အတွင်းစိတ်ကို လိုက်ဖတ်နိုင်တဲ့သူတွေ မဟုတ်ဘူး။

(၂) အိမ်သာခွက် အဖုံးကို ငါထားခဲ့တဲ့ ပုံစံအတိုင်း မကြိုက်ရင် ကိုယ့်ဘာသာကိုယ် ထလုပ်လိုက်ပါ။ မင်းငယ်တော့တဲ့ အရွယ်လည်း မဟုတ်ဘူး။ အပေါ်တင်ထားတာ မကြိုက်ရင် ကိုယ့်ဘာသာကိုယ် အောက်ပြန်ချလိုက်ပေါ့။ ငါက အပေါ်တင်ထားတယ်။ မင်းက အောက်ချ စေချင်တယ်။ မင်းဘာသာမင်း အိမ်သာခွက်အဖုံးကို အပေါ်တင်ထားထား အောက်ပဲချထားထား ငါ မကျေမနပ်နဲ့ ပြောတာ ဘယ်နှစ်ခါများ မင်းကြားဖူးလို့လဲ။

(၃) တနင်္ဂနွေမှာ အားကစား လုပ်တယ် ဆိုတာ ငါ့အတွက် လပြည့်သလို ရေတက်သလို အမြဲဖြစ်တတ်တဲ့ အလုပ်တစ်ခုပဲ။ ဘာမှ လာပြော မနေနဲ့။

(၄) ရှော့ပင်းထွက်တာ အားကစား လုပ်သလို အမြဲလုပ်ရတဲ့ အလုပ်မဟုတ်ဘူး။ ငါတို့ ဘယ်တော့မှ အဲဒီလိုတွေးမှာ မဟုတ်ဘူး။

(၅) ငိုတယ်ဆိုတာ ခြိမ်းခြောက်ခြင်း တစ်မျိုးပဲ။

(၆) မင်းလိုချင်တာကို တောင်းပါ။ ဒီတစ်ခုကို ရှင်းရှင်းလင်းလင်းပဲပြောမယ်။ နည်းနည်းလေး အရိပ်အမြွက် ပြောတာလည်း အသုံးမဝင်မှာ မဟုတ်ဘူး။ အများကြီး အရိပ်အခြေ ပြလည်း အသုံးဝင်မှာ မဟုတ်ဘူး။ ရှင်းရှင်းလင်းလင်း အရိပ်အယောင် ပြလည်း အသုံးဝင်မှာ မဟုတ်ဘူး။ ပါးစပ်ကပဲ ပြောစမ်းပါ။

(၇)
ငါ့အတွက်တော့ Yes နဲ့ No ဆိုတာ  မေးခွန်းတိုင်းအတွက် လုံးဝပြည့်စုံ လုံလောက်တဲ့ အဖြေပဲ။

(၈) ငါမင်းကို ကူညီဖြေရှင်း ပေးစေချင်တဲ့ ပြသနာမျိုးကိုပဲ ငါ့ဆီကို ယူလာခဲ့ပါ။ ငါကတော့ ပြသနာ ဆိုရင် ရှင်းပေးရမယ် ဆိုတာပဲ သိတယ်။ သနားတာ ခံချင်ရင် မင်းရဲ့ မိန်းကလေး သူငယ်ချင်းတွေကိုပဲ ပြောပြလိုက်ပါ။

(၉) မင်း ၁၇ လလောက် ခေါင်းကိုက်နေတယ် ဆိုရင်တော့ ပြသနာ အကြီးအကျယ် ဖြစ်နေပြီ။ ဆရာဝန်နဲ့ သွားတွေ့လိုက်ပါ။

(၁၀) လွန်ခဲ့တဲ့ ၆ လလောက်က ငါပြောခဲ့ဖူးတဲ့ ဘယ်အကြောင်းပဲ ဖြစ်ဖြစ် စကားများတဲ့ နေရာမှာ ပြန်သုံးဖို့ မစဉ်းစားနဲ့။ တကယ်တော့ ၇ ရက်ကျော်ရင် ငါတို့ ပေးခဲ့တဲ့ မှတ်ချက် အားလုံးဟာ အကျုံးမဝင်တော့ဘူး။

(၁၁) မင်းကိုယ်တိုင်က Victoria’s Secret အတွင်းခံ ကြော်ငြာတဲ့ မိန်းကလေးလို ဝတ်မထားပဲနဲ့ ငါ့ကိုလည်း ဇာတ်လမ်းထဲက မင်းသားတွေ သရုပ်ဆောင်သလို လုပ်ပြလိမ့်မယ်လို့ မမျှော်လင်ပါနဲ့။

(၁၂) မင်းကိုယ်မင်း ဝနေတယ်လို့ ထင်ရင် မင်းတကယ် ဝနေလို့ပါ။ ငါ့ကို လာမေးနေလည်း မထူးဘူး။

(၁၃) ငါ ပြောလိုက်တဲ့ အကြောင်းအရာ တစ်ခုခုကို အဓိပ္ပာယ် ၂ မျိုး ပြန်လို့ရပြီး အဲဒီအထဲက အဓိပ္ပာယ်တစ်မျိုးဟာ မင်းကို ဝမ်းနည်းစေတယ် ဒေါသဖြစ်စေတယ် ဆိုရင် ငါ ဆိုလိုချင်တာက တခြားအဓိပ္ပာယ် တစ်ခုပါ။

(၁၄) မင်းအနေနဲ့ ငါ့ကို တစ်ခုခု လုပ်ဖို့ ပြောရင်ပြော ဒါမှမဟုတ်ရင် မင်းဘယ်လို ဖြစ်စေချင်တာလဲ ပြော။ ၂ ခုစလုံးတော့ မပြောနဲ့။ မင်းအနေနဲ့ အကောင်းဆုံး ဘယ်လိုလုပ်ရမလဲ ဆိုတာ သိနေရင် ကိုယ့်ဘာသာကိုယ်ပဲ ထလုပ်လိုက်ပါ။

(၁၅)ဖြစ်နိုင်မယ်ဆိုရင် မင်းပြောချင်တဲ့ အကြောင်းအရာကို ကြော်ငြာ လာနေတဲ့ အချိန်မှာပဲ ပြောပါ။

(၁၆) ခရစ်စတိုဖာ ကိုလံဘတ် အတွက် လမ်းပြ မလိုဘူး။ ငါ့အတွက်လည်း အဲဒီအတိုင်းပဲ။

(၁၇) ယောက်ျားလေးတွေ အားလုံးက အရောင် (၁၆) မျိုးပဲ မြင်တတ်တယ်။ Windows default settings လိုမျိုးပေါ့။ Peach ဆိုတာ စားလို့ ရတဲ့ အသီးပဲ။ Pumpkin ဆိုတာလည်း အသီးပဲ။ mauve ဆိုတာ ဘာအရောင်လည်း ငါ့ကို လာမမေးနဲ့။ မသိဘူး။

(၁၈) ယားနေရင်တော့ ကုတ်မှာပဲ။ ဒါ ငါ လုပ်နေကျ အလုပ်ပဲ။

(၁၉)အကယ်၍ ငါက မင်းကို "ဘာဖြစ်နေတာလဲ။" မေးလို့ "ဘာမှ မဖြစ်ပါဘူး။" လို့ ပြန်ဖြေရင် ငါကတော့ ဘာမှ မဖြစ်ဘူး ပုံမှန်အတိုင်း ရှိနေသလို ဆက်နေနေမှာပဲ။ မင်း လိမ်နေတာ မသိလို့ မဟုတ်ဘူး။ သိတယ်။ ဒါပေမယ့် ဆက်မေးဖို့ အတွက် အချိန်မဖြုန်း နိုင်ဘူး။

(၂၀)မင်းအဖြေမလိုချင်တဲ့ မေးခွန်းတစ်ခု ငါ့ကို မေးတော့မယ် ဆိုရင် မင်းမကြားချင်တဲ့ အဖြေတစ်ခု အတွက် ပြင်ဆင်ထားပါ။

(၂၁) ငါတို့ တစ်နေရာကို သွားတော့မယ် ဆိုရင် မင်းဘာပဲဝတ်ထား ဝတ်ထား အဆင်ပြေတယ်။ တကယ်ပြောတာ။

(၂၂) မင်းငါ့ကို ဘာတွေးနေတာလဲ မမေးနဲ့။ ဘေ့စ်ဘော အကြောင်း၊ သေနတ်အကြောင်း နဲ့ ဂေါက်သီးအကြောင်း မင်းဆွေးနွေးဖို့ အသင့်ပြင်ထားတယ် ဆိုရင်တော့ တစ်မျိုးပေါ့။

(၂၃) မင်းမှာ အဝတ်အစားတွေ အလုံအလောက် ရှိနေပြီ။

(၂၄) မင်းမှာ ဖိနပ်တွေ အလုံအလောက် ရှိနေပြီ။

(၂၅) ငါ့ခန္ဓာကိုယ်က ပုံသဏ္ဌန်မှန်ပါတယ်။ ဝတယ် ဆိုတာလည်း ပုံသဏ္ဌန်မှန်ခြင်း တစ်မျိုးပဲလေ။

မူရင်း။ http://jmm.aaa.net.au/articles/16136.htm

မှတ်ချက်။ သင့်ရည်းစား ဒါမှမဟုတ် ခင်ပွန်းဟာ အဲဒီအမျိုးအစားထဲမှာ မပါဘူး ဆိုရင်တော့ ကိုယ့်လက်က လွတ်မသွားအောင် ကောင်းကောင်း ထိန်းထားပါ။ နောက်တစ်ယောက်နောက်ကို အချိန်မရွေး ပါသွားနိုင် ပါတယ်။ :D

Saturday, October 9, 2010

၅ မိနစ် စီမံခန့်ခွဲမှု သင်ခန်းစာ

သင်ခန်းစာ(၁)
အိမ်တံခါး ခေါင်းလောင်းသံ ထွက်လာတဲ့ အချိန်မှာ မိန်းမဖြစ်သူက ရေချိုးခန်းထဲက ထွက်လာတဲ့ အချိန်ဖြစ်ပြီး ယောက်ျားဖြစ်သူကတော့ ရေချိုးခန်းထဲ ဝင်သွားတဲ့ အချိန် ဖြစ်ပါတယ်။ မိန်းမက သူမကိုယ်ကို မျက်နှာသုတ် ပုဝါနဲ့ ပတ်ပြီး အောက်ထပ်ကို ပြေးဆင်းသွားပါတယ်။ သူမ တံခါးကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ ဘေးအိမ်မှာနေတဲ့ အိမ်နီးချင်း ဘော့ပ် တံခါးဝမှာ ရပ်နေတာကို တွေ့ရပါတယ်။

သူမ ဘာမှ မပြောရသေးခင်မှာပဲ ဘော့ပ်က စပြောပါတယ်။
"မင်းမျက်နှာသုတ်ပုဝါ ကို ဖြုတ်ချလိုက်ရင် ငါမင်းကို ဒေါ်လာ ၈၀၀ ပေးမယ်။"

ခဏ စဉ်းစားပြီးတော့ သူမ မျက်နှာသုတ်ပုဝါကို ဖြုတ်ချပြီး ဘော့ပ်ရှေ့မှာ အဝတ်မပါပဲ ရပ်နေလိုက်ပါတယ်။ စက္ကန့် အနည်းငယ် ကြာတော့ ဘော့ပ်က သူမကို ဒေါ်လာ ၈၀၀ ပေးပြီး လှည့်ထွက်သွားပါတယ်။ မိန်းမကလည်း သူမရဲ့ မျက်နှာသုတ် ပုဝါကို ပြန်ပတ်ပြီး အပေါ်ထပ်ကို ပြန်တက် လာခဲ့ပါတယ်။

သူမ ရေချိုးခန်း ရှေ့ကို ပြန်ရောက်တဲ့ အချိန်မှာတော့ သူမယောက်ျားက မေးပါတယ်။
"ခုန လာတာ ဘယ်သူလဲ။"
"ဘေးအိမ်က ဘော့ပ်လေ။" လို့ သူမက ပြန်ဖြေပါတယ်။
"ကောင်းတယ်။ သူငါ့ကို ပေးစရာ ရှိတဲ့ အကြွေး ဒေါ်လာ ၈၀၀ အကြောင်း ဘာပြောသွားသေးသလဲ။" လို့ သူမ ယောက်ျားက ပြန်မေးပါတယ်။

ပုံပြင်မှ ပေးသော သင်ခန်းစာ
အကယ်၍ သင်ဟာ သင်နဲ့ အကျိုးတူ လုပ်ကိုင်သူကို အကြွေး အရဲစွန့်မှု စတာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အချိန်မီ ဝေမျှထားခဲ့မယ်ဆိုရင် သင့်အတွက် မလိုလားအပ်တဲ့ ဖော်ထုတ် ပြသမှုတွေကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။

သင်ခန်းစာ (၂)
ခရစ်ယာန် ဘုန်းကြီးတစ်ပါးဟာ သီလရှင် စစ်စတာ တစ်ယောက်ကို ကားကြုံတင်ခေါ်လာပါတယ်။ သီလရှင်က ကားထဲကို ဝင်ပြီးတဲ့နောက်မှာ ခြေထောက်ကို ချိတ်ထိုင်လိုက်တာကြောင့် သူမရဲ့ ဝတ်ရုံဟာ အောက်ကို လျှောကျသွားပြီး သူမရဲ့ ပေါင်တံ ပေါ်သွားပါတယ်။ ဖာသာလည်း ကားမောင်းရင်း တိုက်မိတော့ မလို ဖြစ်သွားပါတော့တယ်။

ကားကို ပြန်ထိန်းပြီးတဲ့ နောက်မှာတော့ သူဟာ ခိုးကြောင်ခိုးဝှက်နဲ့ သူ့ရဲ့ လက်ကို သူမ ပေါင်ပေါ်ကို လှမ်းတင်လိုက် ပါတယ်။ အဲဒီအချိန်မှာ သီလရှင်က ပြန်ပြောပါတယ်။
"ဖာသာ။ ဆာလမ် ၁၂၉ ကို သတိရပါ။"

ဖာသာက လက်ကို ပြန်ဖယ်လိုက် ပါတယ်။ ဒါပေမယ့် ဂီယာပြောင်းတဲ့ အခါမှာတော့ သူ့ရဲ့ လက်ကို သူမ ပေါင်ပေါ်ကို နောက်တစ်ခါ ပြန်တင်လိုက် ပြန်ပါတယ်။ သီလရှင်က နောက်တစ်ခေါက် ထပ်ပြောပါတယ်။
"ဖာသာ။ ဆာလမ် ၁၂၉ ကို သတိရပါ။"

ဖာသာက တောင်းပန်လိုက်ပါတယ်။
"ဆောရီးပဲ စစ်စတာ။ ကျုပ်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲလေ။"

ကွန်ဗင့်ကျောင်းကို ရောက်တဲ့အခါမှာတော့ သီလရှင်က သက်ပြင်းမော တစ်ချက်ကို ချပြီး သူမလမ်းကို သူမ ဆက်သွား ပါတော့တယ်။ ဘုရားကျောင်းကို ပြန်ရောက်တဲ့ အခါ ဖာသာဟာ အလျှင်အမြန်ပြေးပြီး  ဆာလမ် ၁၂၉ ကို ဖတ်ကြည့်တော့ အခုလို တွေ့ရပါတယ်။
"ရှေ့ဆက်ပြီး ရှာဖွေပါ။ အပေါ်ကို ထပ်သွားရင် ကျက်သရေနဲ့ ပြည့်စုံတဲ့ အရာကို တွေ့မယ်။"

ပုံပြင်မှပေးသော သင်ခန်းစာ
သင်ဟာ သင်ရဲ့ အလုပ်ကို ကောင်းစွာ နားလည် တတ်ကျွမ်းမှု မရှိပါက အခွင့်အလမ်းကောင်းကို လက်လွတ် ဆုံးရှုံး ရပါလိမ့်မယ်။

သင်ခန်းစာ(၃)
အရောင်းကိုယ်စားလှယ်၊ စာရေးမနဲ့ မန်နေဂျာတို့ဟာ နေ့လည်စာစားဖို့ လမ်းလျှောက်လာရင်း ရေနံဆီမီးအိမ် အဟောင်းတစ်လုံးကို လမ်းမှာ တွေ့ရပါတယ်။ သူတို့က မီးအိမ်ကို ပွတ်တိုက်လိုက်တဲ့ အခါမှာတော့ ဂျင်နီ ရုတ်တရက် ပေါ်ထွက်လာပါတယ်။
"သင်တို့ကို အလိုရှိတဲ့ ဆန္ဒတစ်ခုစီ ပြည့်စေရမယ်။" လို့ ဂျင်နီက သူတို့ကို ပြောပါတယ်။

"ငါအရင်ပြောမယ်။ ငါအရင်ပြောမယ်။" လို့ စာရေးမက စပြောပါတယ်။
"ငါ ဘဟားမားကျွန်းစုကို ရောက်ချင်တယ်။ စပိဘုတ်ကို မောင်းပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ရတဲ့ ဘဝနဲ့ နေချင်တယ်။"
"ပြည့်စေ"လို့ ဂျင်နီက ပြောလိုက်တဲ့ အခါမှာတော့ သူမ ပျောက်ကွယ်သွားပါတယ်။

နောက်တော့ "ငါ့အလှည့်။ ငါ့အလှည့်။" လို့ အရောင်းကိုယ်စားလှယ်က ပြောပါတယ်။
"ငါ ဟာဝိုင်အီကို ရောက်ချင်တယ်။ ကမ်းခြေမှာ အပန်းဖြေရင်း ကိုယ်ပိုင် အနှိပ်သည်နဲ့ မကုန်နိုင် မခမ်းနိုင်တဲ့ ပင်နာ ကိုလာဒါ ကော့တေး တွေနဲ့ ငါ့ချစ်သူနဲ့ နေချင်တယ်။"
"ပြည့်စေ"လို့ ဂျင်နီက ပြောလိုက်တဲ့ အခါမှာတော့ သူလည်း ပျောက်ကွယ်သွားပြန် ပါတယ်။

ဒီတစ်ခါတော့ "ကောင်းပြီ။ ရှင့်အလှည့်။" လို့ ဂျင်နီက မန်နေဂျာကို ပြောပါတယ်။
မန်နေဂျာက ပြောလိုက်တာက ဒီလိုပါ။
"ငါသူတို့ နှစ်ယောက်ကို ထမင်းစားချိန် ပြီးရင် ရုံးမှာ ပြန်တွေ့ချင်တယ်။"

ပုံပြင်မှ ပေးသော သင်ခန်းစာ
သင့်ရဲ့ ဘော့စ်ကို အရင် ပြောပါစေ။

သင်ခန်းစာ(၄)
လင်းယုန်ငှက် တစ်ကောင်ဟာ သစ်ပင်ပေါ်မှာ ဘာမှ မလုပ်ပဲ ထိုင်နေပါတယ်။  ယုန်ငယ်တစ်ကောင်က လင်းယုန်ကို တွေ့တော့ လှမ်းမေးလိုက်ပါတယ်။
"ငါလည်း မင်းလို ဘာမှမလုပ်ပဲ ထိုင်နေလို့ မရဘူးလား။"
"ရရမှာပေါ့။ ဘာလို့ မရရ မှာလဲ။" လို့ လင်းယုန်ငှက်က ပြန်ဖြေပါတယ်။

အဲဒီအခါမှာတော့ ယုန်ဟာ သစ်ပင်အောက်က မြေကြီးမှာ ဘာမှမလုပ်ပဲ အနားယူနေ ပါတယ်။
အဲဒီအချိန် ရုတ်တရက် မြေခွေးတစ်ကောင် ပေါ်ထွက်လာပြီးတော့ ယုန်ငယ် အပေါ်မှာ ခုန်အုပ်ပြီး ကိုက်စားလိုက် ပါတော့တယ်။

ပုံပြင်မှ ပေးသော သင်ခန်းစာ
ဘာမှ မလုပ်ပဲ ထိုင်နေချင်တယ် ဆိုရင် သင့်အနေနဲ့ အလွန့် အလွန်ကို မြင့်တဲ့ တစ်နေရာမှာ ထိုင်နေဖို့ လိုပါတယ်။

သင်ခန်းစာ (၅)
ကြက်ဆင်နဲ့ နွာသိုးတို့ အလ္လာပ သလ္လာပ ပြောနေကြပါတယ်။
"ငါ ဒီသစ်ပင်ရဲ့ ထိပ်ဆုံးကို တက်နိုင်တဲ့သူ ဖြစ်ရင် သိပ်ကောင်းမှာပဲ။ ဒါပေမယ့် ငါ့မှာ ခွန်အား မရှိဘူး။" လို့ ကြက်ဆင်က သက်ပြင်းချရင်း ပြောပါတယ်။
"ကောင်းပြီ။ မင်းငါ့ရဲ့ မစင်ကို မင်းနည်းနည်းစားကြည့်ပါလား။ အဲဒီအထဲမှာ အာဟာရ အပြည့်ပါတယ်ကွ။" လို့ နွားသိုးက ပြန်ပြောပါတယ်။

ကြက်ဆင်က နွားချေး တစ်တုံးကို ထိုးဆိတ် စားသုံးကြည့် ပါတယ်။ မကြာခင်မှာပဲ သူ့အတွက် သစ်ပင်ရဲ့ အနိမ့်ဆုံး အကိုင်းကို ရောက်အောင် တက်နိုင်ဖို့ အားရှိလာတာကို တွေ့ရပါတယ်။ နောက်တစ်နေ့မှာ နွားချေး အနည်းငယ်ကို ထပ်စားပြီးတဲ့ အခါမှာတော့ ဒုတိယ အကိုင်း အထိ တက်နိုင်တာကို တွေ့ရပါတယ်။ နောက်ဆုံး ၄ ရက်မြောက်တဲ့ ညမှာတော့ ကြက်ဆင်ဟာ သစ်ပင်ရဲ့ ထိပ်ဆုံးမှာ ဂုဏ်ယူဝံ့ကြွားစွာ နားနေ နိုင်တာကို တွေ့ရပါတယ်။

လယ်သမား တစ်ယောက်က မကြာခင်မှာ ကြက်ဆင်ကို တွေ့သွားပြီး သူ့ကို သေနတ်နဲ့ ပစ်ချ လိုက်ပါတော့တယ်။

ပုံပြင်မှပေးသော သင်ခန်းစာ
Bull Shit က သင့်အား အထက်သို့ ရောက်စေနိုင်ပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာတော့ ကြာရှည်နေဖို့ ထိန်းသိမ်း ပေးမှာတော့ မဟုတ်ပါဘူး။

သင်ခန်းစာ (၆)
ငှက်ငယ် တစ်ကောင်ဟာ ဆောင်းတွင်းမှာ တောင်ဘက် အရပ်ကို ပြန်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ အလွန် အေးတာကြောင့် ငှက်ငယ်မှာ အေးခဲပြီး ကျယ်ပြန့်သော ကွင်းပြင်ရှိတဲ့ မြေကြီးပေါ်ကို ကျလာခဲ့ ပါတယ်။ သူ ထိုနေရာမှာ လဲလျောင်းနေတဲ့ အချိန်မှာ နွားတစ်ကောင် ရောက်လာပြီး သူ့အပေါ်မှာ မစင်စွန့် သွားပါတယ်။

အေးခဲနေတဲ့ ငှက်ငယ်ဟာ မစင်ပုံထဲမှာ လဲလျောင်းနေရင်း အလွန် နွေးထွေးနေတာကို သတိပြုမိ သွားပါတယ်။ မစင်က သူ့ကို အေးခဲနေရာမှ ပြန်ပြီး ပူနွေးလာစေ ပါတယ်။ သူဟာ ထိုနေရာမှာ နွေးနွေးထွေးထွေးနဲ့ ပျော်လာတာကြောင့် မကြာခင်မှာ ရွှင်မြူးစွာ သီချင်း ဆိုပါတော့တယ်။

ဘေးနားက ဖြတ်သွားတဲ့ ကြောင်တစ်ကောင်က ငှက်ရဲ့ သီချင်းဆိုသံကို ကြားတော့ လာရောက် စူးစမ်း ပါတယ်။
အသံနောက်ကို လိုက်လာရင်း ကြောင်ဟာ ငှက်ငယ်ကို မစင်ပုံအောက်မှာ တွေ့သွားတာကြောင့် တူးဖော်ပြီး ကိုက်စားလိုက် ပါတော့တယ်။

ပုံပြင်မှပေးသော သင်ခန်းစာ
(၁) သင့်အပေါ်ကို Shit လုပ်သူတိုင်းသူဟာ သင့်ရဲ့ ရန်သူ မဟုတ်ပါ။
(၂) သင့်ကို Shit ထဲမှ ဆယ်ထုတ် သူတိုင်းလည်း သင့်ရဲ့ မိတ်ဆွေ မဟုတ်ပါ။
(၃) သင် deep shit အတွင်း ရောက်နေတဲ့ အချိန်မှာ သင့်ပါးစပ်ကို ပိတ်ထားတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ငါးမိနစ် စီမံခန့်ခွဲမှု သင်ခန်းစာ ဤတွင် ပြီး၏။ :P

ဖော်ဝပ်မေးလ် တစ်ခုကို ဘာသာပြန်လိုက်တာပါ။

Wednesday, April 7, 2010

Facebook ကိုက်တဲ့ ရောဂါ

အသက် ၇၆ နှစ်ရှိပြီ ဖြစ်တဲ့ အမျိုးသမီးကြီးဟာ Clearview စွဲလမ်းမှု ကုသရေး ဆေးခန်းရဲ့ စင်္ကြန်လမ်းမှာ လျှောက်လာရင်း သူသွားချင်တဲ့ ကုသရေး ဌာနကို ရှာနေပါတယ်။ သူမဟာ ဘိန်းဖြူစွဲခြင်း ကုသရေးဌာန၊ ဆေးလိပ်စွဲခြင်း ကုသရေးဌာန၊ ဘင်ဂိုစွဲခြင်း ကုသရေးဌာန စတဲ့ ဆိုင်းဘုတ်တွေကို ဖြတ်ကျော် လာပြီးတဲ့ နောက်မှာတော့ သူမရှာနေတဲ့ "Facebook စွဲခြင်း ကုသရေးဌာန" ကို တွေ့သွားပါတယ်။

အဲဒီဌာနကတော့ ဆေးခန်းတစ်ခုလုံးမှာ အလုပ်အများဆုံး ဌာနပါ။ အခန်းထဲမှာ ကုသဖို့ စောင့်နေတဲ့သူ ၃ ဒါဇင် နီးပါးလောက် ရှိပါတယ်။ အတော်များများကတော့ သူတို့ရဲ့ ဘလက်ဘယ်ရီတွေ အိုင်ဖုန်းတွေကို မျက်နှာသေ တွေနဲ့ စိုက်ကြည့် နေကြပါတယ်။ ဆံပင်တွေ ရှုပ်ပွနေတဲ့ လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ကတော့ အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း "ငါ့နွားတွေကို နို့ညှစ်ရတော့မယ်။ ငါ့နွားတွေကို နို့ညှစ်ရတော့မယ်။" လို့ တဖွဖွ ရေရွတ် နေပါတယ်။

အသက် ၂၀ လောက် ယောက်ျားတစ်ယောက်ကတော့ ကြမ်းပြင်ပေါ်မှာ မှောက်ရင်း သူ့ရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ထားပါတယ်။ ဘေးနားက ဆံပင်ကောက်ကောက်နဲ့ အမျိုးသမီးတစ်ယောက်က သူ့ကို နှစ်သိမ့်နေပါတယ်။

"ဘာမှ စိတ်မပူပါနဲ့။ အားလုံး အဆင်ပြေသွားမှာပါ။"
"ငါနားမလည်နိုင်တာပါ။ ငါ့ရဲ့ update က LOL တန်တဲ့ အရာမျိုးလို့ ထင်တာပဲ။ ဒါပေမယ့် ငါ့သူငယ်ချင်းတွေ တစ်ယောက်မှ Like ဆိုတဲ့ ခလုပ်ကလေးတောင် မနှိပ်ကြဘူး။"
"ဘယ်လောက်ကြာပြီလဲ။"
"ငါးမိနစ်လောက်တောင် ရှိသွားပြီ။ ဒါက ပြင်ပကမ္ဘာမှာ ၅ လနဲ့ ညီတယ်လေ။"

အသက် ၇၆ နှစ် အမျိုးသမီးကြီးက သူမရဲ့ နာမည်ကို ခေါ်တဲ့အထိ စောင့်နေပါတယ်။ နောက်တော့ သူမက ဧည့်ကြိုကောင်မလေး နောက်ကနေပြီး Facebook စွဲလမ်းမှု အကြံပေး အဲလ်ဖရက်ဇူးလူးရဲ့ ရုံးခန်းထဲကို လိုက်ဝင်သွားပါတယ်။

"ထိုင်ပါ အက်ဒ်နာ။ ပြီးရင် ဘယ်လိုစဖြစ်သလဲ ဆိုတာ ကျွန်တော့်ကို ပြောပြပါ။" သူက နွေးထွေးတဲ့ အပြုံးနဲ့ ဆီးကြိုပြီး ပြောပါတယ်။

"အင်း။ ပြောရရင်တော့ ငါ့မြေးရဲ့ အပြစ်ပဲ။ သူက ငါ့ကို Facebook ကို ဝင်ဖို့ ဖိတ်တယ်လေ။ အဲဒီမတိုင်ခင်က ငါ Facebook ဆိုတာ ကြားတောင် မကြားဖူးဘူး။ ဒါပေမယ့် ငါက အမြဲတမ်း စာအုပ်ထဲ မျက်နှာအပ်ထားတဲ့ သူဆိုတော့ အဲဒါ ငါနဲ့သင့်တော်တဲ့ နေရာလို့ ထင်မိတာပေါ့။"
"ဘယ်လောက် အကြာမှာ စပြီး စွဲသွားသလဲ။"
"Profile တစ်ခု လုပ်တာထက်တောင် ပိုမြန်တယ်လို့ ထင်တာပဲ။ ငါ အနည်းဆုံး တစ်နေ့ကို ၈ ကြိမ် Facebook ကို ဝင်ဖြစ်တယ်။ ညဖက်မှာတော့ အများဆုံးပဲ။ တခါတလေဆိုရင် ငါညလယ်ခေါင်ကြီး ထပြီး ကြည့်မိတယ်။ အိန္ဒိယက ငါ့သူငယ်ချင်း အသစ်တစ်ယောက်က update တွေများ လုပ်ထားမလား ဆိုပြီးတော့ပေါ့။ ငါ့ယောက်ျားကတော့ မကြိုက်ဘူး။ သူကတော့ ပြောတယ်။ ခင်မင်မှု ဆိုတာ တန်ဖိုး ရှိတယ်။ Outsource မလုပ်သင့်ဘူးတဲ့။"
"Facebook မှာ ဘယ်အရာကို အကြိုက်ဆုံးလဲ။"
"အဲဒီနေရာမှာက ဘဝဆိုတာ တကယ် ရှိတယ်လို့ ခံစားရတယ်လေ။ တကယ့် အပြင်လောကမှာတော့ ငါ့မှာ သူငယ်ချင်း ၅ ယောက် ၆ ယောက်ပဲ ရှိတယ်။ Facebook ထဲမှာတော့ သူငယ်ချင်း ၆၇၄ ယောက်တောင် ရှိတယ်။ Juan Carlos Montoya နဲ့တောင်မှ သူငယ်ချင်း ဖြစ်သေးတယ်။"
"သူက ဘယ်သူလဲဟင်။"
"အဲဒါတော့ ငါမသိဘူး။ သူ့မှာ သူငယ်ချင်း ၄၀၀၀ တောင် ရှိတာဆိုတော့ နာမည်ကြီး တစ်ယောက် ဖြစ်မှာပေါ့။"
"အင်း။ ကျွန်တော်သိပြီ။ Facebook က ခင်ဗျားကို အဆက်အသွယ်တွေ ရအောင် အကူအညီပေးတာကိုး။"
"အင်း။ ဟုတ်ပါရဲ့။ ငါတော့ အထက်တန်းကျောင်းတုန်းက ကောင်မလေးတွေနဲ့တောင် ပြန်အဆက်အသွယ် ရတယ်။ ငါအခုထက်ထိ သူတို့ကို ကောင်မလေးတွေလို့ ခေါ်နေတုန်းပဲ။ ငါသူတို့နဲ့ အဆက်အသွယ် မရတာ နှစ်ပေါင်းများစွာ ကြာလှပြီ။ အဲဒီတော့ သူတို့ရဲ့ Profile တွေကို ကြည့်ပြီး ဘယ်သူကတော့ အငြိမ်းစား ယူသွားပြီ၊ ဘယ်သူကတော့ အလုပ်လုပ်နေတုန်းပဲ။ ဘယ်သူကတော့ ယောက်ျားနဲ့ ကွဲသွားပြီ။ ဘယ်သူကတော့ အပြင်မှာ ဇာတ်လမ်းတွေ ရှုပ်နေတယ်။ ဘယ်သူကတော့ အလုပ်ဖြစ်နေတယ် ဆိုတာမျိုး မှန်းဆကြည့်ရတာ ပျော်စရာ ကောင်းတယ်။ ငါက သူတို့ရဲ့ ဓာတ်ပုံတွေ လျှောက်ကြည့်နေရတာ။ သူတို့ရဲ့ update တွေ ဖတ်နေရတာကို ကြိုက်တယ်။ သူတို့ ဘယ်ကို အပန်းဖြေခရီး သွားကြတယ်။ ဘယ်ရုပ်ရှင် ကြည့်ကြတယ်။ သူတို့ရဲ့ အိမ်သာစက္ကူကို အပေါ်မှာ ချိတ်သလား အောက်မှာချိတ်သလား ဆိုတာတွေ ကို သိရတယ်လေ။ သူတို့ထဲက တချို့နဲ့ ဂိမ်းတစ်ခုကိုတောင် ငါဆော့နေတာ။"
"ကျွန်တော် တွေးကြည့်မယ်။ အဲဒါ Farmville မဟုတ်လား။"
"မဟုတ်ဘူး။ Mafia Wars။ ငါက Hitman။ အက်ဒ်နာကို ဘယ်သူမှ ရီးတီးယားတား လာလုပ်လို့ မရဘူး။"
"ခင်ဗျားအနေနဲ့ သူငယ်ချင်းတွေ ကို အပြင်မှာ တွေ့ကြည့်ရင် ပိုမကောင်းဘူးလား။
"ဟင့်အင်း။ မကောင်းဘူး။ Facebook ပေါ်မှာက ပိုလွယ်တယ်။ ငါတို့အနေနဲ့ ဘာမှ ဝတ်ကောင်းစားလှ ဝတ်နေစရာမလိုဘူး။ ရေချိုးပြီး ရေမွှေးတွေ ဘာတွေ ဆွတ်ဖို့ ပါးစပ်ဆေးဖို့တွေ ဘာတွေလည်း မလိုဘူး။ အဲဒါက Facebook မှာ အကောင်းဆုံး အချက်ပဲ။ ဘယ်သူ့ရဲ့ အနံ့ကိုမှ မရနိုင်ဘူး။ လူတိုင်းက စွဲဆောင်မှု ရှိတယ်လေ။ ဘာလို့လဲ ဆိုတော့ လူတိုင်းက Profile မှာပြဖို့ ပုံကောင်းကောင်း တင်ကြတာ ချည်းပဲ။ ငါ့ရဲ့ မိန်းကလေးလို့ ခေါ်တဲ့ အထဲက သူငယ်ချင်းတစ်ယောက်ရဲ့ Profile မှာ ပြထားတဲ့ ဓာတ်ပုံက အင်းငါ အသေအချာ ပြောရဲပါတယ်။ အိုင်ဆင်ဟောင်ဝါ ခေတ်က ဓာတ်ပုံဆိုတာ။"
"ခင်ဗျားကရော ဘယ်ပုံ သုံးသလဲ။"
"အင်း။ ငါ ၅ နာရီလောက် အချိန်ပေးပြီး Profile မှာ တင်ဖို့ပုံကို ရှာတယ်။ ဒါပေမယ့် ငါကြိုက်တာ တစ်ပုံမှ မတွေ့ဘူး။ အဲဒါကြောင့် အနီးအနားက အလှပြင်ဆိုင်ကို သွားဖို့ ငါဆုံးဖြတ်လိုက်တယ်။"
"ခင်ဗျားဘာသာ ပိုလှသွားအောင် ပြင်ဖို့လား။"
"မဟုတ်ဘူး။ ငါအဲဒီက ကောင်မလေး ငယ်ငယ်လေး တစ်ယောက်ရဲ့ ဓာတ်ပုံကို ယူဖို့။ အဲဒါ ငါအခု သုံးနေတဲ့ ပုံပဲ။"
"ခင်ဗျားရဲ့ သူငယ်ချင်းတွေက ခင်ဗျား အပြင်က ပုံနဲ့မတူတာကို သတိမထားမိကြ ဘူးလား။"
"တစ်ချို့ကတော့ သိတယ်။ ဒါပေမယ့် ငါသူတို့ကို ငါ ယောဂတွေ အများကြီး လုပ်တယ်လို့ ပြောထားတာပေါ့။"
"ဘယ်အချိန်က စပြီး Facebook သုံးတာ ပြသနာတစ်ခု ဖြစ်နေပြီလို့ ထင်လာတာလဲ။"
"အရင် တနင်္ဂနွေညကပေါ့။ ငါ Facebook ပေါ်မှာ ရှိနေတုန်း ငါ့ရဲ့ Wall ပေါ်မှာ ငါ့ယောက်ျား ရေးထားတဲ့ မက်ဆေ့ တစ်ခု တွေ့တယ်။ "ငါ လွန်ခဲ့တဲ့ ၅ ရက်က အိမ်ကနေ ပြောင်းသွားတယ်တဲ့။ မင်းသိသင့်တယ်လို့ ထင်လို့" ဆိုပြီးတော့ပေါ့။"
"အဲဒီတော့ ခင်ဗျားက ဘာလုပ်လိုက်သလဲ။"
"ဘာလုပ်ရမလဲ။ ရှင်းရှင်းလေးပဲ။ သူ့ကို Facebook သူငယ်ချင်းစာရင်း ထဲကနေ ဖျက်ပစ်လိုက်တာပေါ့။"

(Forward mail ထဲက ရတဲ့ ဟာသတစ်ခုကို ဘာသာပြန်ထားတာပါ။)

Thursday, February 4, 2010

မိန်းမသားတွေ ယောက်ျားတွေကို ဘာလို့ချစ်ကြသလဲ

ဂျူလီယာ လို့ ခေါ်တဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်း တစ်ယောက်က အောက်က စာကို ကျွန်တော့်ဆီကို ပို့လိုက်ပါတယ်။ ကျွန်တော် သူမကို ဆက်သွယ်ပြီးတော့ အဲဒီစာကို သူမ ကိုယ်တိုင် ရေးတာလားလို့ မေးဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် သူမက ခရီးထွက်သွားပြီ ဖြစ်ပြီး ဘယ်အချိန် ပြန်လာမယ် ဆိုတာကို ကျွန်တော် အတိအကျ မသိလိုက်ရပါဘူး။

ကျွန်တော် အင်တာနက်ပေါ်မှာ ရှာကြည့်ပါတယ်။ ကျွန်တော် ဘာသွားတွေ့တယ်လို့ ထင်လဲ။ ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတဲ့ လူတွေ အများကြီးပဲ။ တခြားတဖက်ကနေ ပြောရရင်တော့ ဒီနေ့ခေတ်ကြီးမှာ မိန်းမသားတွေဟာ သူတို့အနေနဲ့ ဆန့်ကျင်ဘက်လိင် ဖြစ်တဲ့ ယောက်ျားသားတွေကို ချစ်ဖို့ အတွက် အကြောင်းအရာကို ရှာဖွေနေတယ်လို့ ပြောရပါလိမ့်မယ်။ ယောက်ျားတစ်ယောက် အနေနဲ့တော့ သူတို့ ပြောတဲ့ အချက်တွေထဲက တစ်ချို့ကို ကျွန်တော် သဘောတူပါတယ်။ သူတို့ ပြောတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော် အောက်မှာ စာရင်းလုပ် ထားပါတယ်။

* သူတို့တွေ ကျွန်မတို့တွေကို ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။ တကယ်လို့ သူတို့ နားလည်ချင်တယ် ဆိုရင်တောင်မှ။
* သူတို့ဟာ ကျွန်မတို့ရဲ့ အလှအပတွေကို မြင်နိုင်တုန်းပဲ။ တကယ်လို့ ကျွန်မတို့ မိန်းမသားတွေတောင် ကိုယ့်ဘာသာကိုယ် လှတယ်လို့ မယုံကြည်တော့တဲ့ အချိန်မျိုးမှာလေ။
* သူတို့ဟာ ညီမျှခြင်းတွေ၊ နိုင်ငံရေးတွေ၊ သင်္ချာပုစ္ဆာတွေကို နားလည်ပေမယ့် မိန်းမသားဆန်တဲ့ နှလုံးသားကို ဘယ်တော့မှ နားမလည်နိုင်ဘူး။
* သူတို့ ဟာ အမှောင်ကို ဘယ်တော့မှ မကြောက်တတ်ကြဘူး။
* သူတို့ဟာ သူတို့ ပြင်လို့ မရနိုင်တဲ့ အရာတွေကို ပြင်မယ်လို့ ခေါင်းမာမာနဲ့ ပြောကြတယ်။ နောက်ပြီးတော့ အရွယ်ရောက်ခါစ ယောက်ျားတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုမျိုးနဲ့ အာရုံစိုက်ပြီး လုပ်ကြတယ်။ တကယ်လို့ သူတို့ မအောင်မြင်ခဲ့ရင် သူတို့ စိတ်ပျက်လက်ပျက် ဖြစ်တတ်ကြတယ်။
* သူတို့ ဟာ ဖရုံသီးလိုပဲ။ အများစုက အစာခြေဖို့ မဖြစ်နိုင်ပေမယ့် သူတို့ရဲ့ မျိုးစေ့ကတော့ တန်ဖိုးရှိတယ်။
* သူတို့ဟာ အိမ်နီးချင်းတွေက ဘာထင်လိမ့်မယ်လို့ ဘယ်တော့မှ ဝေဖန်ချက် မပေးတတ်ကြဘူး။
* ကွျန်မတို့ အနေနဲ့ သူတို့ ဘာတွေးနေတယ် ဆိုတာ သိနိုင်တယ်။ သူတို့ ပါးစပ်ကို ဟလိုက်တဲ့ အချိန်မှာတော့ သူတို့ဘာပြောမယ်လို့ ကျွန်မတို့ ကြိုပြီး တွက်ထားတဲ့အတိုင်းပဲ ပြောတတ်ကြတယ်။
* သူတို့ဟာ ဒေါက်ဖိနပ် စီးပြီး သူတို့ဘာသာ သူတို့ ညှင်းဆဲဖို့ ဘယ်တော့မှ မတွေးတတ်ကြဘူး။
* သူတို့ဟာ ကျွန်မတို့ ခန္ဓာကိုယ်ကို ထိတွေ့ဖို့နဲ့ ကျွန်မတို့ရဲ့ စိတ်ဝိညာဉ်ကို အောင်မြင်ဖို့ နှစ်သက်ကြတယ်။
* ၁၄ နှစ်သမီး တစ်ယောက်က သူတို့ကို ဘာစကားမှ မပြောအောင် ချန်ထားခဲ့နိုင်သလို ၂၅ နှစ် အရွယ်ရှိတဲ့ မိန်းမတစ်ယောက်ကတော့ သူတို့ကို အခက်အခဲမရှိ ထိန်းချုပ်နိုင်တဲ့ အစွမ်းရှိတယ်။
* သူတို့ဟာ အစွန်းရောက်နေတဲ့သူတွေကို စိတ်ဝင်စားကြတယ်။ သိပ်ချမ်းသာတဲ့သူတွေ၊ ရသေ့လို လူစားမျိုးတွေ၊ သူရဲကောင်းတွေ၊ ဘုန်းကြီးတွေ၊ အနုပညာရှင်တွေ စစ်ဗိုလ်ချုပ်တွေလို လူမျိုးတွေပေါ့။
* သူတို့ဟာ သူတို့ရဲ့ အားနည်းချက်ကို ဖုံးကွယ်ဖို့အတွက် လုပ်နိုင်တဲ့အရာမှန်သမျှ ဘာကို မဆို လုပ်တတ်ကြတယ်။
* ယောက်ျားတွေ အကြောက်ဆုံး အရာက ယောက်ျားမပီသမှာပဲ။ (ဘယ်မိန်းမကမှ သူတို့ကိုယ် သူတို့ မိန်းမ မပီသမှာ မစိုးရိမ်ကြဘူး။)
* သူတို့ဟာ ပန်းကန်ထဲ ရှိသမျှ အကုန် ကုန်အောင် စားတတ်ကြတယ်။ အဲဒီအတွက် အပြစ်ရှိတယ်လို့ သူတို့ကိုယ်သူတို့ ဘယ်တော့မှ မမြင်ကြဘူး။
* သူတို့ဟာ စိတ်ဝင်စားစရာ မကောင်းတဲ့ အရာတွေကို ပျော်ပျော်ပါးပါး စိတ်ဝင်စား တတ်ကြပါတယ်။ ဥပမာ အလုပ်ထဲမှာ ဘာဖြစ်တယ်။ အမျိုးမျိုးသော မော်တော်ကား အမျိုးအစားတွေ စတာတွေပေါ့။
* သူတို့မှာ ကျွန်မတို့ ခေါင်းတွေ နားနေနိုင်ပြီး သိပ်အားထုတ်စရာ မလိုပဲ အိပ်စက်နိုင်တဲ့ ပုခုံးတွေ ရှိကြတယ်။
* သူတို့ ဟာ သူတို့ ခန္ဓာကိုယ်နဲ့ အမြဲလိုလို သင့်မြတ်နေတတ်တယ်။ သိပ်အရေးမကြီးတဲ့ ထိပ်ပြောင်မှာတို့ ဝလာမှာတို့ကို စိုးရိမ်တာက လွဲရင်
* သူတို့ဟာ ပိုးမွှားကောင်တွေရဲ့ ရှေ့မှာ အလွန်အင်မတန်ကို သတ္တိရှိတတ်ကြလို့။
* သူတို့ဟာ သူတို့ရဲ့ အသက်နဲ့ ပတ်သက်ရင် ဘယ်တော့မှ မလိမ်တတ်ကြဘူး။
* သူတို့ဟာ အမျိုးမျိုး သက်သေ ပြဖို့ ကြိုးစားကြပေမယ့် မိန်းမတစ်ယောက် မရှိရင် သူတို့ မနေတတ်ကြဘူး။
* အကယ်၍ ကျွန်မတို့ဟာ သူတို့ထဲက တစ်ယောက်ယောက်ကို “ကျွန်မ ရှင့်ကို ချစ်နေပြီ” လို့ ပြောမိရင် သူတို့က ဘယ်လိုချစ်တာလဲလို့ ရှင်းပြဖို့ အမြဲတမ်း မေးတတ်ကြတယ်။
* သူတို့ဟာ အားကစား အကြောင်းကနေစပြီး ဘာသာရေးအကြောင်း အထိ ငြင်းခုံနိုင်ကြတယ်။

ခရစ်စတန် လို့ ခေါ်တဲ့ စာဖတ်သူ အမျိုးသမီးတစ်ယောက်ကတော့ ယောက်ျားသားတွေဟာ မိန်းမတွေရဲ့ သဘာဝကို ဘာဆိုဘာမှ မသိကြဘူး လို့ပြောပြီး အောက်က စာရင်းကို ပို့လိုက်ပါတယ်။

(၁) မိန်းမတွေဟာ မွေးကတည်းက စုံထောက်ဗီဇ ပါလာတဲ့သူတွေပဲ။ ယောက်ျားတွေက သူတို့ရဲ့ နောက်ကွယ်က စွန့်စားခန်းတွေကို ကျွန်မတို့ သိသွားမှာ ကြောက်ကြတယ်။ ဒါပေမယ့် ကျွန်မတို့ တချိန်ချိန်မှာတော့ သိရတာပဲ။ အနှေးနဲ့ အမြန်ပဲ ကွာတယ်။

(၂) ကျွန်မတို့ဟာ ရှင်တို့ကို ချစ်နေတာ မဟုတ်ရင်တောင်မှ ရှင်တို့ဆီက ”မင်းကိုငါချစ်တယ်” လို့ ပြောတဲ့စကားက ကျွန်မတို့ရဲ့ စိတ်ဝိညာဉ်အတွက် ဒဏ်ကြေဆေးလိုပဲ ဖြစ်စေတယ်။။ တကယ်လို့ အဲဒီလို မပြောခဲ့ဘူး ဆိုရင် ကျွန်မတို့ သတိထားမိပြီး ဝမ်းနည်းနေတတ်ကြတယ်။

(၃) ”မင်းသိပ်လှတယ်” ဆိုတဲ့ စကားကလည်း အဲဒီလိုမျိုးပဲ။ တကယ်တော့ အဲဒီစကားကို ပြောဖို့ နှစ်စက္ကန့်တောင် မကြာပါဘူး။ ဒါပေမယ့် အဲဒါဟာ အိပ်မက်ဆိုးတွေကို တကယ့် ဒဏ္ဍာရီ ပုံပြင် အစစ်အမှန်အဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိတယ်။

(၄) တကယ်လို့ ကျွန်မတို့ ဘာဝတ်ရင် ကောင်းမလဲ လို့ မေးပြီး ရှင်တို့ ရွေးချယ်ပေးတဲ့ အဝတ်အစားနဲ့ လုံးဝဆန့်ကျင်ဖက် ဖြစ်တဲ့ အဝတ်မျိုးကို ဝတ်လာခဲ့ရင် စိတ်အနှောက်အယှက် မဖြစ်ပါနဲ့။ အဲဒါက ကျွန်မတို့ရဲ့ သဘာဝမို့ပါ။

(၅) ပါတီပွဲလို နေရာမျိုးမှာဆိုရင် တစ်ခန်းလုံးကို တစ်မိနစ်အတွင်း မျက်စိကစားကြည့်နိုင်ပြီး ကျွန်မတို့အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ အရာကို ရှာဖွေနိုင်တယ်။ မယုံရင် ကြည့်ကြည့်ပါ။

(၆) ဒင်နာအတွက် ဖိတ်ကြားတာကို ဒါမှမဟုတ် ပထမဆုံး ဒိတ်လုပ်တာကို ငြင်းပယ်ခဲ့ရင် စိတ်မပူပါနဲ့။ ကျွန်မတို့အတွက် ကျွန်မတို့ ဘဝကို ဖျက်ဆီးနေတယ်လို့ အမြဲထင်နေတတ်တဲ့ ပေါင်ချိန် အပိုတွေကို လျော့သွားဖို့ နေ့ရက်နည်းနည်းပဲ လိုအပ်ပါတယ်။

(၇) မိန်းမသားတွေဟာ အားလုံးကို အမှတ်တရ ရှိတတ်ကြတယ်။ ဥပမာအားဖြင့် ရှင်က ကွျန်မကို ”ငါတို့ ဘယ်တုန်းက တွေ့ခဲ့သလဲလို့ မေးရင်း ဘယ်မိန်းကလေးကမှ "ပါတီမှာ တွေ့ခဲ့တယ်" လို့ ဖြေမှာ မဟုတ်ဘူး။ “အဲဒါက အင်္ဂါနေ့။ ဒင်နာပြီးတဲ့အချိန် သူတို့ Salad နဲ့ ကြက်သားပြုတ်ရည်ကို ကျွေးတဲ့အချိန်။ ရှင်ဟာ ဘလေဇာကုတ် အနက်ရောင်နဲ့ အထူးချုပ်ထားတဲ့ ဖိနပ်ကို ဝတ်ထားတယ် စတာမျိုး ပြောလိမ့်မယ်။

(၈) ကျွန်မတို့မှာ ပေးဖို့ အချစ်တွေ ဘယ်လောက်ပဲ ရှိရှိ ကျွန်မတို့အတွက် လူတွေနဲ့ အရာအားလုံးကနေ ဝေးဝေးနေချင်တာ တစ်ပတ်မှာ ခုနှစ်ရက် ရှိတယ်။ ရှင့်အတွက် ရွေးချယ်စရာ နှစ်လမ်းရှိတယ်။ ပထမတစ်ခုက ဓာတ်တိုင်မှာ ကိုယ့်ဘာသာကိုယ် ကြိုးနဲ့ ချည်ထားပြီး ကျွန်မတို့ စိတ်ပြန်ကောင်းတဲ့အထိ စောင့်ဖို့။ ဒုတိယ ရွေးချယ်မှုကတော့ အနီးဆုံး ရတနာ ဆိုင်ကို သွားပြီး လက်ဆောင် တစ်ခုခု ဝယ်ဖို့။ ဒုတိယ နည်းလမ်း ကို ရွေးချယ်ဖို့ ကျွန်မတို့ အကြံပြုချင်ပါတယ်။

(၉) ကျွန်မတို့မှာ ယောက်ျားတွေလိုပဲ အရာရာကို သဘာဝကျကျ စဉ်းစားနိုင်တဲ့ အရည်အချင်း ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ အဲဒီအရာကို ထင်ရှားအောင် ပြဖို့ မလိုအပ်ပါဘူး။ အဲဒီလို ဆိုရင် ကွျန်မတို့ ဘာသာ ကျွန်မတို့ မလုံခြုံသလို ခံစားရမယ်။ အဲဒီလို ပြသဖို့ ကြိုးစားတဲ့ မိန်းကလေးတွေက တစ်ကိုယ်တည်း ဖြစ်ကျန်ခဲ့တာပဲ။

(၁၀) မိန်းမတွေမှာ ဓာတ်မှန်လို အမြင်အာရုံမျိုး ရှိပါတယ်။ ကျွန်မတို့ဟာ နက်မှောင်ပြီး ခက်ထန်တဲ့ မျက်လုံးတွေ နောက်က ကလေးဆန်တဲ့စိတ်ကို မြင်နိုင်တယ်။ ကျွန်မတို့ဟာ နတ်သားလို လှပနေတဲ့ အပြာရောင်မျက်လုံးတစ်စုံနောက်က မကောင်းဆိုးဝါးစိတ်ကိုလည်း မြင်နိုင်စွမ်း ရှိတယ်။

(၁၁) ယောက်ျားတွေဟာ တကယ့် အမှန်အကန် နူးညံ့သိမ်မွေ့မှုမျိုး ရှိတယ်ဆိုရင် ကျွန်မတို့ရဲ့ မာကျောတဲ့ နှလုံးသားတွေကို အရည်ပျော်သွား စေနိုင်စွမ်းပါတယ်။

(၁၂) အကယ်၍ ကျွန်မတို့ဟာ ရှင်တို့နဲ့ ပြသနာ တစ်ခုခုကို ဆွေးနွေးဖို့ ကြိုးစားတဲ့ အချိန်မှာ ဘယ်လို ဖြေရှင်း ရမလဲ ဆိုတာ ပြောဖို့ မစဉ်းစားပါနဲ့။ ကျွန်မတို့မှာ အဖြေရှိပြီးသားပါ။ အဲဒါက ကျွန်မတို့ကြားက ဆက်ဆံရေးကို ပျင်းရိ ငြီးငွေ့စရာ ကောင်းစွာ ပြီးဆုံးသွားမှာကို တားဆီးတဲ့ ဆင်ခြေဆင်လက် တစ်ခုပါပဲ။

တစ်ချို့ အချက်တွေကို ဘာသာမပြန်ပဲ ချန်ထားခဲ့ပါတယ်။

MyanmarValentine.com Blog အတွက် ဘာသာပြန်ဖြစ်တဲ့ စာတစ်ပုဒ်ပါ။ သဘောကျလို့ ဒီဘက်မှာ ပြန်တင်လိုက်ပါတယ်။ မူရင်းကတော့ Paulo Coelho ရဲ့ Why we love men ပါ။

Sunday, January 17, 2010

ပျော်ရွှင်မှု ဆိုတာ

ပျော်ရွှင်မှု ဆိုတာ ဘာလဲ။

ဒီမေးခွန်းက ကျွန်တော့် အချိန် အကြာကြီး စိတ်အနှောက်အယှက် ဖြစ်စေတဲ့ မေးခွန်း မဟုတ်ခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော်ကိုယ်တိုင် မသိလို့ပါ။

ဒီလိုမျိုး ဖြစ်နေတာ ကျွန်တော် တစ်ယောက်တည်းလား ဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော် ကျော်လွန် ဖြတ်သန်းလာခဲ့တဲ့ နှစ်ပေါင်းများစွာထဲမှာ လူအမျိုးမျိုးနဲ့ ကြုံခဲ့ဖူးပါတယ်။ ချမ်းသာတဲ့သူတွေ ပါသလို ဆင်းရဲတဲ့သူတွေလည်း ပါတယ်။ သြဇာတိက္ကမ ကြီးတဲ့သူတွေ ပါသလို သာမန်လူတွေလည်း ပါတယ်။ သူရဲကောင်းတွေနဲ့ ပညာရှိတွေလိုမျိုး လောကကြီးမှာ ဘာကိုမှ မကျေမနပ် ဖြစ်စရာ မရှိတဲ့သူတွေ အပါအဝင် ကျွန်တော် တွေ့မြင်ခဲ့ရသမျှ လူတွေ အားလုံးဆီမှာ တစ်စုံတစ်ခု လိုအပ်နေသလို ကျွန်တော့် စိတ်ထဲမှာ အမြဲတမ်း ခံစားရပါတယ်။

တစ်ချို့လူတွေကတော့ သူတို့ဘာသာ ပျော်ရွှင်နေတယ်လို့ ထင်ရတယ်။ သူတို့ဘာသာ သူတို့ မတွေးမိကြလို့လည်း ဖြစ်ချင်ဖြစ်မယ်။ တစ်ချို့ကတော့ စီမံကိန်းတွေ ဆွဲကြတယ်။ "ငါယောက်ျားယူမယ်။ အိမ်ဝယ်မယ်။ ကလေးနှစ်ယောက်မွေးမယ်။ နယ်မှာ အပန်းဖြေဖို့ အိမ်တစ်လုံး ဝယ်မယ်။" စတဲ့ အတွေးတွေနဲ့ သူတို့ဘာသာသူတို့ အချိန်ပြည့် အလုပ်ရှုပ် နေကြတယ်။ တကယ်တော့ သူတို့ဟာ နွားရိုင်းသတ်သမားကို ရှာဖွေနေတဲ့ နွားရိုင်းတွေလိုပါပဲ။ သူတို့ဘာသာ သူတို့ သေသေချာချာ မတွေးကြဘူး။ လုပ်စရာရှိတာကိုပဲ လုပ်နေကြတယ်။ နောက်တော့ သူတို့ ကားတစ်စီး ပိုင်လာအောင် လုပ်နိုင် လာကြတယ်။ တစ်ချို့ဆို ဖယ်ရာရီလို ပြိုင်ကားမျိုးကို ဝယ်နိုင်တဲ့အထိပဲ။ သူတို့အတွက် တော့ ဘဝရဲ့ အဓိပ္ပာယ်ဆိုတာ ဒါပဲလို့ ထင်ကြတယ်။ ဒါကြောင့်မို့ သူတို့ ဒီမေးခွန်းကို ဘယ်တော့မှ မမေးမိကြဘူး။ ဒါပေမယ့်လည်း ဒီလိုအရာတွေ ရှိတာတောင်မှ သူတို့ရဲ့ မျက်ဝန်းတွေက သူတို့ ကိုယ်တိုင် သတိမထားမိတဲ့ ဝမ်းနည်းမှုတွေကို သစ္စာဖောက်ပြီး ဖော်ပြနေခဲ့တယ်။

လူတွေ အကုန်လုံး မပျော်မရွှင် ဖြစ်နေကြသလားတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ကျွန်တော်သိတာကတော့ လူတွေ အမြဲတမ်း အလုပ်ရှုပ်နေကြတယ်။ အချိန်ပို အလုပ်ဆင်းကြတယ်။ ကလေးတွေကို ထိန်းကြတယ်။ ခင်ပွန်းယောက်ျားနဲ့ ဘဝရှေ့ရေးအတွက် အလုပ်အကိုင်နဲ့ တက္ကသိုလ်က ဘွဲ့တစ်ခုနဲ့ မနက်ဖြန် ဘာလုပ်ကြမလဲ၊ ဘာပဲ ဖြစ်ြဖစ် သူတို့ဘာသာ သူတို့ နိမ့်ကျတယ်လို့ မထင်ရမယ့် ဘာပစ္စည်းတွေကို ဝယ်ဖို့ လိုအပ်မလဲ။ စတာတွေနဲ့ပေါ့။

လူအနည်းစုကပဲ ကျွန်တော့်ကို "ငါတော့ မပျော်ဘူး" လို့ ပြောကြတယ်။ အများစုကတော့ "ငါ့အတွက် ကောင်းပါတယ်။ ငါလိုချင်သမျှ အရာအားလုံးကို ရနိုင်တဲ့ အခြေအနေရှိနေတာပဲ။" လို့ ပြောကြတယ်။

အဲဒါနဲ့ ကျွန်တော်က သူ့တို့ကို မေးတယ်။ "ဘယ်အရာက ခင်ဗျားကို ပျော်ရွှင်မှု ပေးနိုင်သလဲ။"

သူတို့က ပြန်ဖြေကြတယ်။ "ငါ့မှာ လူတစ်ယောက် အိပ်မက်မက်နိုင်တဲ့ အရာမှန်သမျှ ရှိတယ်။ မိသားစု၊ နေစရာအိမ်၊ အလုပ်အကိုင်နဲ့ ကျန်းမာရေး ကောင်းနေတာတွေပေါ့။"

အဲဒါနဲ့ ကျွန်တော်က ထပ်မေးတယ်။ "ခင်ဗျား ခဏတဖြုတ်လောက် ရပ်ပြီး ပြန်ဆင်ခြင်ကြည့် ဖူးသလား၊။ ဘဝ ဆိုတာ ဒီအရာတွေ အတွက် သက်သက်ပဲလားလို့။"

သူတို့က "ဟုတ်တယ်။ ဘဝ ဆိုတာဒါပဲ။" လို့ ပြန်ဖြေကြတယ်။

ကျွန်တော်က ခေါင်းမာမာနဲ့ ဆက်မေးတယ်။ "ဒါဆိုရင် ဘဝရဲ့ အဓိပ္ပာယ်ဆိုတာက အလုပ်လုပ်ဖို့၊ မိသားစု တစ်ခု ရှိဖို့၊ ကြီးပြင်းလာပြီး တစ်ချိန်မှာ ခင်ဗျားတို့ကို စွန့်ခွာသွားမယ့် ကလေးတွေ ရှိဖို့၊ တကယ့်ချစ်သူ စင်စစ်တွေ အဖြစ်ထက် သူငယ်ချင်းတွေနဲ့ ပိုတူမယ့် လင်မယား အဖြစ်ရှိနေဖို့ ဆိုတာပဲလား။ တစ်နေ့တော့ ခင်ဗျား အလုပ်ကနေ နားရမယ်။ အဲဒီအချိန်ကျရင် ခင်ဗျား ဘာဆက်လုပ်မှာလဲ။"

သူတို့ ဘာပြန်ဖြေကြသလဲ။ ဘာမှ ပြန်မဖြေကြဘူး။ သူတို့ စကားလမ်းလွှဲ သွားကြတယ်။ ဒါပေမယ့် သူတို့ဆီမှာ ဖုံးကွယ်ထားတဲ့ ဆန္ဒတွေ ရှိနေကြတယ်။ အမြဲတမ်း စိတ်ကူးယဥ် အိပ်မက်မက်နေတဲ့ အလုပ်ကိုင်အခွင့်အလမ်း တစ်ခုကို လုပ်ခွင့်ရအောင် စောင့်နေတဲ့ ကုမ္ပဏီ ပိုင်ရှင်၊ ပိုပြီး လွတ်လွတ်လပ်လပ် ဖြစ်ချင်တဲ့ ဒါမှမဟုတ် ပိုက်ဆံ ပိုရှိချင်တဲ့ အိမ်ရှင်မ၊ ဒါမှ မဟုတ် ကိုယ်က အလုပ်ကို ရွေးမလား အလုပ်က ကိုယ့်ကို ရွေးမလားဆိုတာ ဝေခွဲမရ ဖြစ်နေတဲ့ ဘွဲ့ရ ပညာတတ် အသစ်စက်စက်တွေ အဆိုတော် ဖြစ်ချင်တဲ့ သွားဆရာဝန်၊ နိုင်ငံရေး သမားဖြစ်ချင်တဲ့ အဆိုတော်၊ စာရေးဆရာ ဖြစ်ချင်တဲ့ နိုင်ငံရေးသမား နောက်တော့ လယ်သမား ဖြစ်ချင်တဲ့ စာရေးဆရာ စတာတွေပေါ့။

အခုကျွန်တော် ဒီစာကို ထိုင်ရေးနေတဲ့ လမ်းထဲမှာ ဖြတ်သန်းသွားလာနေတဲ့ လူတွေကို လှမ်းကြည့်ရင်း တွေးမိပါတယ်။ ကျွန်တော် လောင်းရဲတာကတော့ သူတို့မှာလည်း ဒီလိုခံစားမှုမျိုးတွေ ရှိလိမ့်မယ် ဆိုတာပါပဲ။ ကျွန်တော်ရှေ့က ခုနပဲ ဖြတ်လျှောက်သွားတဲ့ ကျက်သရေရှိတဲ့ အမျိုးသမီးဆိုရင် အသက်ကြီးမသွားအောင် ကြိုးစားနေမယ်၊ ပေါင်ချိန်မတက်အောင် ကြိုးစားနေမယ်။ ဘာလို့လဲဆိုတော့ အချစ်ဆိုတာ ဒီအရာတွေပေါ်မှာ မူတည်နေတယ်လို့ သူမတွေးချင်တွေးလိမ့်မယ်။ လမ်းရဲ့ တခြားဘက် အခြမ်းမှာ ကလေးနှစ်ယောက်နဲ့ စုံတွဲတစ်တွဲကို တွေ့ရတယ်။ သူတို့တွေဟာလည်း သူတို့ရဲ့ ကလေးတွေနဲ့ အပြင်မှာ ထွက်လည်နေတဲ့အချိန်မှာ အလွန်အမင်းပျော်ရွှင်နေကြလိမ့်မယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ သူတို့တွေရဲ့ မသိစိတ်က သူတို့ မရနိုင်တဲ့ အလုပ်တွေ၊ ဖြစ်လာနိုင်ခြေရှိတဲ့ ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အဖြစ်အပျက်တွေ အကြောင်းကို တွေးနေကြမယ်။ အဲဒီအရာတွေကို ဘယ်လိုကျော်လွှားမလဲ သူတို့ ဘာသာသူတို့ ကမ္ဘာပေါ်မှာရှိတဲ့ အန္တရာယ်တွေကနေ ဘယ်လိုကာကွယ်မလဲ ဆိုတာကို တွေးရင်း အလုပ်ရှုပ်ချင်ရင်လည်း ရှုပ်နေကြလိမ့်မယ်။

ကျွန်တော် ကျော်ကြားနေတဲ့ သူတွေရဲ့ ရုပ်ပုံတွေနဲ့ ပြည့်နှက်နေတဲ့ မဂ္ဂဇင်းတွေကို လှန်လှောပြီး ကြည့်မိတယ်။ လူတိုင်းက ရယ်မောနေကြတယ်။ လူတိုင်းက ပျော်ရွှင်နေကြတယ်။ လူတိုင်းဟာ အဲဒီဓာတ်ပုံတွေကို ရိုက်တဲ့အချိန်တုန်းက သူတို့ဘာသာ သူတို့ ပျော်ရွှင်ကြည်နူးနေကြတယ်။ ဒါပေမယ့် ညဖက်မှာ ဒါမှမဟုတ် မနက်ဖက်ရောက်တဲ့အခါမှာ သူတို့ ကြုံရတဲ့ အရာတွေက တမျိုးတမည် ဖြစ်နေနိုင်တယ်။
"ဒီလို မဂ္ဂဇင်း စာမျက်နှာတွေ ပေါ်မှာ ငါ့ပုံအမြဲ ပေါ်လာအောင်လို့ ငါဘာလုပ်ရမလဲ။"
"ဒီလို ဇိမ်ခံပစ္စည်းတွေ အားလုံးကို ဝယ်နိုင်ဖို့ ပိုက်ဆံ အလုံအလောက် ငါ့မှာ မရှိတာကို ဘယ်လို ဟန်ဆောင်ပြီး ဖုံးကွယ်ထား ရမလဲ။"
"ငါအခုလို ခမ်းနား ကြီးကျယ်တဲ့ ဘဝကို ပိုပြီးတော့ ဇိမ်ရှိအောင်၊ တခြားသူတွေထက် ပိုပြီး ထင်ရှားအောင် ဘယ်လို လုပ်ရမလဲ။"
"ဒီဓာတ်ပုံထဲမှာ အခုငါမြင်နေရတဲ့ ရယ်မောပြီး ပျော်ရွှင်နေတဲ့ မင်းသမီးနဲ့ အတူ မနက်ဖြန် မှာ ငါ့နေရာကို လုယူသွားနိုင်တယ်။"
"ငါ့ရဲ့ အဝတ်အစားတွေဟာ သူ့ရဲ့ အဝတ်အစားတွေ ထက်ပိုပြီး ကောင်းရဲ့လား။"
"ငါတို့ တစ်ယောက်ကို တစ်ယောက် ရွံမုန်းနေကြရင် ဘာလို့ ငါတို့ ဒီလောက်ထိ ပြုံးနေနိုင်သေးသလဲ။"

နောက်ဆုံးမှာတော့ ကျွန်တော်ဟာ ဂျော့ခ်လွစ်ဘော့်ခ် ရဲ့ စကားကို သတိရမိတယ်။
"ငါရှေ့လျှောက်ပြီး ပျော်ရွှင်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် အကြောင်းမဟုတ်ဘူး။ မပျော်ရွှင်ပေမယ့်လည်း ကမ္ဘာပေါ်မှာ တခြား အရာတွေ အများကြီး ရှိသေးတယ်။"

(Paulo Coelho ရဲ့ Warrior of the Light ထဲက What is happiness? ဘာသာပြန်ထားပါတယ်။)

Wednesday, January 13, 2010

သဘာဝ မိခင်ရဲ့ ပုံပြင်များ

ခြင်္သေ့နဲ့ ကြောင်များ

ခြင်္သေ့တစ်ကောင်ဟာ ကြောင်တွေ အစုဖွဲ့ပြီး စကားပြောနေတာကို သတိထားမိတယ်။ "ငါတော့ ဒီကြောင်တွေ အားလုံးကို စားပစ်မယ်။" လို့ ခြင်္သေ့က တွေးတယ်။

ဒါပေမယ့် ထူးထူးဆန်းဆန်းပဲ သူ့ရဲ့စိတ်ထဲမှာ ငြိမ်းချမ်းတဲ့ စိတ်ခံစားမှု တစ်ခု ဝင်လာတယ်။ အဲဒါကြောင့် ခြင်္သေ့ဟာ ကြောင်တွေနဲ့ အတူတူထိုင်ပြီး သူတို့ ဘာပြောနေကြသလဲ ဆိုတာကို နားထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခြင်္သေ့ရှိနေတာကို သတိမထားမိတဲ့ ကြောင်တစ်ကောင်က စပြောတယ်။
"ကောင်းလိုက်တဲ့ ဘုရားသခင်။ ငါတို့တတွေ ဘုရားရှိခိုးနေတာ နေ့လည်ခင်း တစ်ခုလုံးပဲ။ ငါတို့ အတွက် ကောင်းကင်ကနေ ကြွက်တွေကို မိုးလို ရွာချဖို့ ဆုတောင်းထားတာပဲ။"
"အခုထက်ထိလည်း ဘာမှ ဖြစ်မလာဘူး။ ဘုရားသခင်ဆိုတာ တကယ် ရှိရဲ့လားလို့တောင် ငါသံသယ ဖြစ်တယ်။" လို့ နောက်ထပ် ကြောင်တစ်ကောင်က ဝင်ပြောတယ်။

ကောင်းကင်ကတော့ တိတ်ဆိတ်နေဆဲပါပဲ။ ဒီလိုနဲ့ ကြောင်တွေဟာ ဘုရားသခင်အပေါ် ယုံကြည်မှုတွေ ပျောက်ဆုံး လာကြတယ်။

ခြင်္သေ့က ထပြီး သူ့လမ်းသူ ဆက်လျှောက်သွားတယ်။

"အဖြစ်ကတော့ ရယ်စရာပဲ။ ငါက သူတို့ကို သတ်တော့မလို့။ ဒါပေမယ့် ဘုရားသခင်က ငါ့ကိုတားတယ်။ ဒါတောင်မှ သူတို့ ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်ကို မယုံကြည်ကြတော့ဘူး။ သူတို့ဟာ သူတို့အတွက် ဘာတွေ ပျောက်ဆုံးနေသလဲ ဆိုတာကို စိုးရိမ်ပူပန်နေရတာနဲ့ သူတို့အတွက် ဘယ်လို အကာအကွယ်မျိုးတွေ ပေးထားတယ် ဆိုတာကိုတောင် သတိမထားမိကြဘူး။" လို့လည်း စိတ်ထဲက တွေးမိတယ်။

တိတ်တဆိတ်

ပန်းသီးပင်တစ်ပင်ဟာ သူ့ရဲ့ အကိုင်းအခက်တွေမှာ ပန်းသီးတွေ ပြည့်နှက်နေတာကြောင့် လေတိုက်တာတောင်မှ သူ့ရဲ့ အကိုင်းအခက်တွေကို မလှုပ်ရှားနိုင်တော့ဘူး ဖြစ်နေတယ်။

"ဘာလို့ အသံထွက်ပြီး ဆူဆူညံညံဖြစ်အောင် မနေရတာလဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့အတွက် ဝင့်ကြွားမှု ဆိုတာ အနည်းနဲ့ အများတော့ လိုအပ်တာပဲ။ ငါတို့အနေနဲ့ တခြားသူတွေ အာရုံစိုက်ခံရအောင် လုပ်ဖို့ လိုတယ်လေ။" လို့ ဝါးပင်က ဝေဖန်တယ်။

"ငါ့အတွက်တော့ မလိုအပ်ပါဘူး။ ငါ့ရဲ့ သစ်သီးတွေဟာ ငါ့အတွက် အကောင်းဆုံး ကျော်ကြားမှု ကို ပေးနိုင်တာပဲ။" လို့ ပန်းသီးပင်က ပြန်ပြောလိုက်တယ်။

တကိုယ်ကောင်းဆန်တဲ့ ဒေစီပန်း

"ငါဟာ ဒေစီပန်းပွင့်တွေ ကြားထဲက မထူးခြားတဲ့ ဒေစီပန်း တစ်ပွင့်ပဲ။ တခြားသူတွေ ကြားထဲမှာ ငါ့ရဲ့အလှကို သတိပြုမိဖို့ဆိုတာ မဖြစ်နိုင်ဘူး။" လို့ ဒေစီပန်းပွင့် တစ်ပွင့်က တွေးတယ်။

နတ်သမီး တစ်ပါးက သူမ တွေးနေတာကို ကြားပြီး လှမ်းပြောတယ်။
"ဒါပေမယ့် မင်းက သိပ်လှတာပဲ မဟုတ်ဘူးလား။"
"ဒါပေမယ့် ငါက တစ်ယောက်တည်း အလှဆုံး ဖြစ်ချင်တာလေ။" လို့ ဒေစီပန်းက ပြန်ပြောတယ်။
သူမဆီက ညည်းညူသံတွေကို ထပ်မကြားချင်တော့တာနဲ့ နတ်သမီးက သူမကို မြို့လယ်ခေါင်ကွက်လပ် တစ်ခုကို သယ်သွားလိုက်တယ်။

ရက်အနည်းငယ်ကြာတော့ မြို့တော်ဝန်က အဲဒီကွက်လပ်မှာ ပြင်ဆင်မှုတွေ ပြု ဖို့အတွက် ဥယျာဥ်မှူး တစ်ယောက်နဲ့အတူ ရောက်လာခဲ့တယ်။
"ဒီနေရာမှာ ဘာမှ စိတ်ဝင်စားစရာ ကောင်းတာ မရှိဘူး။ မြေကြီးကို တူးပြီး ကြွေပန်းတွေ စိုက်စမ်းကွာ။" လို့ မြို့တော်ဝန်က ဥယျာဥ်မှူးကို ခိုင်းတယ်။
"ခဏစောင့်ပါဦး။ အဲဒီလို လုပ်ရင် ငါသေသွားမှာပေါ့။" လို့ ဒေစီပန်းက လှမ်းအော်ပြောတယ်။
"ဒီနေရာမှာ မင်းလို တခြားဒေစီပန်းတွေ ရှိမယ်ဆိုရင် ငါတို့အတွက် အပြင်အဆင် ကောင်းကောင်း လုပ်လို့ရတယ်။ ဒါပေမယ့် ဒီနေရာ တစ်ဝိုက်မှာ တခြား ဒေစီပန်းတွေ မရှိဘူး။ မင်းတစ်ယောက်တည်းနဲ့လည်း ဥယျာဥ်တစ်ခု ဖြစ်မလာနိုင်ဘူး။" လို့ မြို့တော်ဝန်က ပြန်ပြောတယ်။ နောက်တော့ သူဟာ ဒေစီပန်းကို မြေကြီးထဲကနေ ဆွဲနှုတ် ပစ်လိုက်တယ်။

(Paulo Coelho ရဲ့ Tales of Mother Nature ထဲက ပုံပြင်တစ်ချို့ကို ဘာသာပြန်ထားပါတယ်။)

Thursday, August 20, 2009

ရောင်းကုန်တွေ ပုံစံကွဲရတဲ့ အကြောင်းရင်း

ကုန်ပစ္စည်းတွေရဲ့ ဒီဇိုင်းတွေဟာ ဘာဖြစ်လို့ တစ်ခုနဲ့ တစ်ခု မတူဘဲ သီးသန့် ပုံသဏ္ဌန်တွေ ဖြစ်နေကြရတာလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းတဲ့ မေးခွန်းတစ်ခုပါ။ CD နဲ့ DVD တွေ အရွယ်အစားချင်း တူရဲ့သားနဲ့ ဘာလို့ CD တွေရဲ့ ဘူးခွံကသေးပြီး DVD တွေ ရဲ့ ဘူးခွံက ကြီးနေရတာလဲ။ အမျိုးသားတွေ ဝတ်တဲ့ ဝတ်စုံတွေမှာ ညာဖက်က ကြယ်သီးတပ်တဲ့ ပုံစံ ဖြစ်နေပေမယ့် ဘာဖြစ်လို့ အမျိုးသမီးတွေ ဝတ်တဲ့ ဝတ်စုံတွေမှာ ဘယ်ဖက်က ကြယ်သီးတပ်တဲ့ ပုံစံ ဖြစ်နေတာလဲ။ ဘာဖြစ်လို့ နွားနို့ဗူးတွေက လေးထောင့်တွေ ဖြစ်ပြီး ကိုကာကိုလာ ဆဲဗင်းအပ်စတဲ့ အအေးဗူးတွေက အဝိုင်းတွေ ဖြစ်နေ ရတာလဲ။ ရေခဲသေတ္တာ အတော်များများရဲ့ အောက်အကန့် အအေးခန်းမှာ မီးလုံးပါပေမယ့် ဘာလို့ အထက်အကန့် ရေခဲခန်းမှာ မီးလုံး မပါရတာလဲ။

အဲဒီမေးခွန်းတွေ အားလုံးရဲ့ အဖြေက ဘောဂဗေဒ ရဲ့ အခြေခံ သဘောတရား တစ်ခု ဖြစ်တဲ့ သုံးငွေနဲ့ အကျိုးအမြတ် သဘောတရား (Cost-Benefit Principle) မှာ ရှိပါတယ်။ လူတွေဟာ ငွေ အပို သုံးလိုက် ရတဲ့အတွက် ပိုရလာတဲ့ အကျိုးအမြတ်ဟာ အပိုသုံးလိုက်ရတဲ့ ငွေကြေးထက်များမှသာ အလုပ်တစ်ခုကို လုပ်လိမ့်မယ် လို့ အဲဒီ သဘောတရားက ဆိုထားပါတယ်။ ဥပမာ အားဖြင့် လူတစ်ယောက်ဟာ စာအုပ် တစ်အုပ်ကို အိမ်အနီးအနားက ဆိုင်မှာ ၃ ဒေါ်လာနဲ့ ဝယ်လို့ ရပြီး အနည်းငယ် လှမ်းတဲ့ နေရာက ကုန်တိုက်တစ်ခု မှာ ၂ ဒေါ်လာနဲ့ ဝယ်လို့ ရနေတယ် ဆိုရင် ဘယ်နေရာမှာ ဝယ်သင့်သလဲ ဆိုတာကို တွေးပါလိမ့်မယ်။ ကုန်တိုက်ကို သွားဖို့အတွက် အသွားအပြန် ဘတ်စ်ကားခက ၁ ဒေါ်လာခွဲ ကျမယ် ဆိုရင် စာအုပ်တစ်အုပ်တည်း ဝယ်ဖို့ အတွက်တော့ ကုန်တိုက်ကို ကားခ အကုန်ခံ သွားမှာ မဟုတ်ပါဘူး။ အိမ်အနီးအနားက ဆိုင်မှာပဲ ၃ ဒေါ်လာပေးပြီး ဝယ်ကြမှာပါ။ အဲဒါက သုံးငွေနဲ့ အကျိုးအမြတ် သဘောတရားရဲ့ အခြေခံ ပါပဲ။ လူသုံးကုန် ပစ္စည်းတွေရဲ့ ဒီဇိုင်းတွေ ကွဲပြားခြားနား နေရတဲ့ အကြောင်းရင်းကလည်း အဲဒီလို သုံးငွေနဲ့ အကျိုးအမြတ် သဘောတရားပေါ်မူတည်နေပါတယ်။

ပထမဆုံး အနေနဲ့ ရေခဲသေတ္တာကို ဥပမာ အနေနဲ့ ကြည့်ပါ။ ရေခဲသေတ္တာရဲ့ တံခါးကို ဆွဲဖွင့်လိုက်ရင် မီးလုံးလင်းလာတာကို ရေခဲသေတ္တာ အများစုမှာ တွေ့ရပါ လိမ့်မယ်။ ရေခဲသေတ္တာ အတော်များများရဲ့ အောက်က အအေးကန့်မှာ မီးလုံးပါ ပေမယ့် အပေါ်က ရေခဲတဲ့ အကန့်မှာ မီးလုံး မပါကြတာ များပါတယ်။ ရေခဲသေတ္တာကို ဖွင့်လိုက်ရင် မီးလုံးလင်းလာဖို့ အတွက် အပေါ်ကန့်မှာပဲ တပ်တပ် အောက်အကန့်မှာပဲ တပ်တပ် မီးလုံးကို တပ်ဆင်ရတဲ့ ကုန်ကျစရိတ်ဟာ အတူတူ ပါပဲ။ ဒါဆိုရင် ဘာလို့ အအေးကန့်မှာ မီးလုံးတပ်ြပီး ရေခဲတဲ့ အကန့်မှာ မီးလုံး မတပ်ကြတာလဲ။

ရေခဲသေတ္တာထဲမှာ မီးလုံးတပ်ထားတဲ့ အတွက် ရရှိတဲ့ အကျိုး အမြတ်ကတော့ ပစ္စည်းရှာရတဲ့ နေရာမှာ ပိုပြီး လွယ်ကူစေပါတယ်။ ဒါပေမယ့် လူအများစုက အအေးကန့်ကို ပိုပြီး အသုံးများကြတဲ့ အတွက် အောက်အကန့်မှာ မီးလုံးတပ်တာက သုံးစွဲတဲ့သူကို ပိုပြီး အကျိုးများစေ ပါတယ်။ အပေါ်က ရေခဲတဲ့ အကန့်မှာပါ မီးလုံးတပ်မယ်ဆိုရင်တော့ ရေခဲသေတ္တာကို ထုတ်လုပ်ရတဲ့ ကုန်ကျစရိတ်က ပိုများသွားပါ လိမ့်မယ်။ သုံးစွဲသူတွေ ဖက်က အပေါ်ကန့်မှာ မီးလုံးတပ် ထားလို့ ရေခဲသေတ္တာကို ဈေးကြီးကြီး ပေးဝယ်ဖို့ လက်မတွန့်ကြဘူး ဆိုရင်တော့ အပေါ်အကန့်မှာလည်း မီးလုံးတပ် ကြမှာပါ။ ဒါပေမယ့် သုံးစွဲသူ အများစုက အပေါ်ကန့်မှာ မီးလုံးရှိရုံ တစ်ခုတည်းနဲ့တော့ ရေခဲသေတ္တာကို ဈေးအပို ပေးဝယ်ကြမှာ မဟုတ်တဲ့အတွက် ထုတ်လုပ်သူ သုံးစွဲသူ နှစ်ဦးနှစ်ဖက် စလုံး အတွက် အကျိုးအမြတ်ရှိအောင် အပေါ်အကန့်မှာ မီးလုံး မတပ်ကြတာ လို့ ယူဆလို့ ရပါတယ်။

နောက်တစ်ခု နှိုင်းယှဉ် ကြည့်စရာ ရှိတာက ခရီးဆောင် ကွန်ပြူတာတွေနဲ့ တီဗွီ ရေခဲသေတ္တာ အစရှိတဲ့ အခြား အိမ်သုံး လျှပ်စစ် ပစ္စည်းတွေပါ။ လက်ပ်တော့ပ် အများစုမှာ ၁၁၀ ဗို့ နဲ့ ၂၂၀ ဗို့ ဓာတ်အား ၂ မျိုး စလုံးကို သုံးလို့ ရပေမယ့် တီဗွီ ရေခဲသေတ္တာစတဲ့ အိမ်သုံးလျှပ်စစ် ပစ္စည်း အများစု မှာတော့ နိုင်ငံအလိုက် ၁၁၀ ဗို့ ဒါမှမဟုတ် ၂၂၀ ဗို့ ဗို့အား တစ်ခုတည်းကို ပဲ သုံးလို့ ရပါတယ်။ လက်တော့ပ်ဆိုတာက အသုံးပြုသူတွေက သွားလေရာ နေရာကို သယ်သွားတတ်တဲ့ ပစ္စည်းပါ။ အဲဒီအတွက် ၂၂၀ ဗို့ တစ်မျိုးတည်းပဲ သုံးလို့ ရမယ် ဆိုရင် ဂျပန်တို့ ယူအက်စ်တို့ စတဲ့ နိုင်ငံတွေကို သယ်သွားရင် ဓာတ်အား အပြောင်းအလဲ ကြောင့် သုံးဖို့ အဆင်မပြေ ဖြစ်ပါလိမ့်မယ်။ အဲဒီနိုင်ငံတွေမှာ သုံးချင်ရင် ၂၂၀ ဗို့ကနေ ၁၁၀ ဗို့ ပြောင်းဖို့ ထရန်စဖော်မာ လိုပါလိမ့်မယ်။ အဲဒါကြောင့် သုံးစွဲသူတွေ အနေနဲ့ ထရန်စဖော်မာ ပါပြီးသား ဗို့အား နှစ်မျိုးစလုံး သုံးလို့ ရတဲ့ လက်ပ်တော့ပ်ကို ဈေးနည်းနည်း အပိုပေးပြီး ဝယ်ဖို့ လက်နှေးမှာ မဟုတ်ပါဘူး။ ထုတ်လုပ်သူဖက်ကလည်း ထရန်စဖော်မာ ပါတာနဲ့ မပါတာ နှစ်မျိုးကို ထုတ်တာထက် စာရင် တစ်မျိုးတည်းကို ထုတ်လုပ်ရတာက ပိုပြီး ဈေးသက်သာ ပါတယ်။ ရေခဲသေတ္တာလိုမျိုး တီဗွီလိုမျိုး ပစ္စည်းမျိုးတွေ ကိုတော့ သုံးစွဲသူက သွားလေရာ ကို လျှောက်ပြီး သယ်သွားမှာ မဟုတ်ဘဲ အိမ်မှာပဲ ထားပြီး သုံးကြမှာပါ။ အဲဒီအတွက် ထရန်စဖော်မာ ပါပြီးသား ရေခဲသေတ္တာနဲ့ ထရန်စဖော်မာ မပါတဲ့ ရေခဲသေတ္တာနဲ့ ဈေးချင်း ကွာနေတယ် ဆိုရင် သုံးစွဲသူ အများစုက ဈေးသက်သာတဲ့ ထရန်စဖော်မာ မပါတဲ့ ရေခဲသေတ္တာကိုပဲ ရွေးဝယ်ကြမှာပါ။ အဲဒါကြောင့် ရေခဲသေတ္တာလို တီဗွီလို ပစ္စည်းမျိုးမှာ ထရန်စဖော်မှာ မပါပဲ လက်တော့ပ်တွေမှာတော့ ထရန်စဖော်မာ ပါပြီးသား ဖြစ်နေတယ် လို့ ယူဆ နိုင်ပါတယ်။

နွားနို့ဗူးနဲ့ အအေးဗူး ကိစ္စက နည်းနည်း ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ စတိုးဆိုင်တွေမှာ ကြည့်မယ်ဆိုရင် နွားနို့ထည့်တဲ့ ဗူး အများစုဟာ လေးထောင့်ပုံ ဖြစ်နေတာ တွေ့ရပေမယ့် ကိုကာကိုလာလို ဆဲဗင်းအပ်လို အအေးဗူးတွေမှာတော့ အဝိုင်းပုံ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ လူအများစုက အအေးဗူးတွေကို လက်ကနေကိုင်ပြီး မော့သောက်ကြတာ များပါတယ်။ အဲဒီအတွက် အဝိုင်းပုံ ဖြစ်နေရင် လက်ထဲမှာ ကိုင်ရတာ ပိုပြီး လွယ်ကူစေပါတယ်။ နွားနို့ကိုတော့ လက်ကကိုင်မသောက်ပဲ ခွက်ထဲ ထည့်သောက်ကြတာ ပိုများပါတယ်။ အဲဒီတော့ လေးထောင့်ပုံ ဖြစ်နေရင်လည်း ကိစ္စ မရှိပါဘူး။ ဗူးတစ်ဗူးရဲ့ ပုံစံဟာ လေးထောင့်ဖြစ်နေမယ်ဆိုရင် စင်ပေါ်မှာရှိတဲ့ နေရာကို အပြည့်အဝ အသုံးချ နိုင်ပါတယ်။ အဝိုင်းဖြစ်နေမယ် ဆိုရင်တော့ ဘေးနားက နေရာတွေက အလဟသ ဖြစ်သွားမှာပါ။



ဒါပေမယ့် စတိုးဆိုင်တွေမှာ အအေးဗူးတွေကို ရိုးရိုးစင်မှာပဲ တင်ထားလို့ ရတဲ့အတွက် ဆိုင်မှာရောင်းတဲ့အချိန်မှာ ပိုက်ဆံ အပိုမကုန်ပါဘူး။ နွားနို့ဗူးတွေ ကိုတော့ အအေးပေးတဲ့ စင်နဲ့ တင်ထားရပါတယ်။ အဲဒီအတွက် ဆိုင်မှာတင်ရောင်းဖို့ ကုန်ကျငွေ (Operating Cost) ရှိပါတယ်။ အအေးပေးမထားရတဲ့ စင်မှာ သိပ်ပြီး ပြသနာ မရှိပေမယ့် အအေး ပေးထားရတဲ့ စင်မှာတော့ စင်နေရာ အလဟသ မဖြစ်ဖို့က အရေးကြီးပါတယ်။ အဲဒါကြောင့် အအေးပေးထားရတဲ့ စင်ပေါ်မှာ ထားရတဲ့ နွားနို့ဗူးတွေကို လေးထောင့် ပုံသဏ္ဌန် လုပ်ထားတာလို့ ယူဆလို့ ရပါတယ်။

အအေးဗူးနဲ့ ပတ်သက်ပြီး နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတာက အအေးဗူးတွေရဲ့ ပုံသဏ္ဌန်ပါ။ ကမ္ဘာပေါ်မှာ အခုလက်ရှိ ရောင်းနေကြတဲ့ အအေးဗူး အများစုမှာ အကျယ်အဝန်းထက် အရှည်က ၂ ဆလောက် ပိုရှည်ပါတယ်။ ပုံမှန် အားဖြင့် ၁၂ စင်တီမီတာ လောက်ရှည်ပြီး ၆.၅ စင်တီမီတာလောက် အကျယ်အဝန်း ရှိပါတယ်။ အကယ်၍ အဲဒီ အအေးဗူးကို ၇.၈ စင်တီမီတာ အရှည် ၇.၆ စင်တီမီတာ အကျယ်အဝန်းနဲ့ ထုတ်လုပ်မယ်ဆိုရင် အခုလက်ရှိ ထည့်သွင်းထားနိုင်တဲ့ အအေးပမာဏကို ထည့်သွင်းထား နိုင်မှာပါ။ ဒါပေမယ့် အအေးဗူးကို ထုတ်လုပ်တဲ့ နေရာမှာတော့ အလူမီနီယံ ၃၀ ရာခိုင်နှုန်းလောက် ပိုပြီး သက်သာအောင် ထုတ်နိုင်ပါလိမ့်မယ်။ ဒါဆိုရင် ဘာဖြစ်လို့ အအေးဗူး ထုတ်တဲ့သူတွေက အဲဒီလို မထုတ်လုပ်ကြတာလဲ။


အဖြေကတော့ လူအများစုဟာ တုတ်တစ်ချောင်းကို လှဲထားတာနဲ့ ယှဥ်ရင် ထောင်ထားတာက ပိုရှည်တယ်လို့ ထင်တတ် ကြပါတယ်။ အဲဒါကို Vertical Illusion လို့ ခေါ်ပါတယ်။ အောက်က ပုံမှာ ကြည့်ပါ။ အလျားလိုက်နဲ့ ဒေါင်လိုက် တုတ်ချောင်းနှစ်ချောင်းရဲ့ အရှည်ဟာ အတူတူ ပါပဲ။ ဒါပေမယ့် ဒေါင်လိုက်ထောင်ထားတဲ့ တုတ်ချောင်းက ပိုရှည်တယ်လို့ ထင်ရပါတယ်။

အအေးဗူး ထုတ်လုပ်တဲ့သူ တစ်ယောက်က အလူမီနီယံကို အကုန်အကျ နည်းအောင် အအေးဗူးကို (၇.၈ x ၇.၆) စင်တီမီတာ အရွယ်အစား အတိုင်း ထုတ်လုပ်လိုက်မယ်ဆိုရင် သူ့ရဲ့ ပြိုင်ဖက် (၆.၅ x ၁၂) စင်တီမီတာ အရွယ်နဲ့ ထုတ်လုပ်တဲ့သူရဲ့ အအေးဗူးနဲ့ နှိုင်းယှဥ်ရင် ဈေးကွက်မှာ မျက်နှာပန်း လှမှာ မဟုတ်ပါဘူး။ စားသုံးသူတွေက ပိုရှည်တဲ့ အအေးဗူးမှာ အအေးပိုပါမယ်လို့ ယူဆကြပါလိမ့်မယ်။ အဲဒီအတွက် အလူမီနီယံ ပိုကုန် ပေမယ့်လည်း (၆.၅ x ၁၂) အရွယ်အစားနဲ့ပဲ ဆက်ပြီး ထုတ်လုပ်ကြတာလို့ ယူဆလို့ရပါတယ်။

CD နဲ့ DVD တွေရဲ့ အရွယ်အစားကတော့ သမိုင်းကြောင်းနဲ့ ဆက်စပ်နေပါတယ်။ စီဒီတွေကို ထုတ်လုပ်တဲ့ အချိန်မှာ စီဒီအရောင်းဆိုင်တွေမှာ လက်ရှိ ရှိနေတာက ဓာတ်ပြားချပ်တွေပါ။ အဲဒီအတွက် ဓာတ်ြပား တင်တဲ့စင်မှာ အလယ်ခေါင်က အကန့်တစ်ခု ထည့်ရင် စီဒီနှစ်ချပ်ကို အဲဒီစင်ပေါ်မှာ တင်လို့ ရပါတယ်။ ဓာတ်ပြားချပ်ကနေ စီဒီကို အပြောင်းအလဲမှာ အရောင်းဆိုင်တွေ အနေနဲ့ ရှိပြီးသားစင်ကို အစားထိုး စရာ မလိုပါဘူး။ ဒါပေမယ့်လည်း DVD တွေကတော့ ဗီဒီယို တိပ်ခွေတွေကို အစားထိုးတာပါ။ အဲဒီအတွက်ကြောင့် ရောင်းချတဲ့ ဆိုင်တွေ အနေနဲ့ ပိုက်ဆံ အကုန်ခံပြီး လက်ရှိ ရှိနေပြီးသားစင်တွေကို အစားထိုးစရာ မလိုအောင် DVD ဘူးခွံတွေရဲ့ အရွယ်အစားကို ဗွီဒီယို တိပ်ခွေတွေရဲ့ အရွယ်အစား အတိုင်း ဖြစ်အောင် လုပ်ထားတာ လို့ သိရပါတယ်။

အမျိုးသမီးတွေရဲ့ ဝတ်စုံတွေမှာ ဘယ်ဖက်က စပြီး ကြယ်သီး တပ်ရတဲ့ ဒီဇိုင်း လုပ်ထားရတာလည်း သမိုင်းကြောင်းနဲ့ ဆက်စပ်နေပါတယ်။ ရှေးခေတ်တွေတုန်းက အမျိုးသားတွေက အင်္ကျီကို ကိုယ့်ဘာသာကိုယ် ဝတ်လေ့ ရှိကြပြီး အမျိုးသမီးတွေ အတွက် ကတော့ အစေခံတွေက ဝတ်ဆင်ပေးကြတာ များပါတယ်။ ကိုယ့်ဘာသာကိုယ် အင်္ကျီ ဝတ်မယ်ဆိုရင် ညာဖက်က ကြယ်သီး တပ်ရတာ အဆင်ပြေပေမယ့် အစေခံတွေက ဝတ်ပေးမယ် ဆိုရင်တော့ ဘယ်ဖက်က ကြယ်သီး တပ်ရတာက ပိုပြီး အဆင်ပြေပါတယ်။ အခုခေတ်မှာတော့ အမျိုးသမီးတွေ ဝတ်စုံကို ကိုယ်တိုင် ဝတ်နေကြပါပြီ။ ဒါပေမယ့်လည်း အင်္ကျီ ထုတ်လုပ်တဲ့သူ တစ်ယောက်က သူထုတ်လုပ်တဲ့ အမျိုးသမီး ဝတ်စုံကို ညာဖက်က ကြယ်သီးတပ်တဲ့ ဝတ်စုံ အဖြစ် ပြောင်းပြီး ထုတ်လုပ်မယ် ဆိုရင် သူ့အနေနဲ့ စွန့်စား ထုတ်လုပ်ရပါလိမ့်မယ်။ ဘယ်ဖက်က ကြယ်သီးတပ်တာကို အသားကျနေတဲ့ အမျိုးသမီးတွေက သူထုတ်လုပ်တဲ့ ဝတ်စုံကို ဝယ်ဖို့ စဥ်းစားကြပါလိမ့်မယ်။ အဲဒါကြောင့်လည်း အခုထက်ထိ အမျိုးသမီး ဝတ်စုံတွေကို ဘယ်ဖက်က ကြယ်သီးတပ်တဲ့ ဝတ်စုံတွေ အနေနဲ့ပဲ ထုတ်လုပ် ရောင်းချ နေကြတာလို့ စဉ်းစားကြည့်နိုင် ပါတယ်။

Ref: The Economic Naturalist; Why Economics explains almost everything by Robert H Frank

(Image source for Vertical Illusions: henryflynt.org)