Search This Blog

Showing posts with label သမိုင်း. Show all posts
Showing posts with label သမိုင်း. Show all posts

Wednesday, September 28, 2011

Teach Yourself အနန္တသူရိယ in 10 Minutes

ရာဇဝင်ကို ပြန်ပြောင်း လှန်လှောင်းပြီး ကျန်ကျောင်းလို ကြည့်ရင် မြန်မာ့သမိုင်းထဲမှာ ရှေးအကျဆုံး ကဗျာ သုံးပုဒ် ကို တွေ့ရပါမယ်။ ကဗျာ ၃ပုဒ်ထဲမှာ ရှေးအကျဆုံး ကဗျာ ကတော့ သေလဉ်ကြောင်မင်း လက်ထက်က ရေးခဲ့တဲ့ "သိုးကလေ" အစချီထားတဲ့ ရွှေနှင့်ယိုးမှား ပန်းစကား ကဗျာပါ။ အဲဒီကဗျာရဲ့ နောက်ခံ သမိုင်းကြောင်းကို Unofficial Guide to မင်းမဟာဂီရိ ဆိုတဲ့ ပို့စ်မှာ ရေးခဲ့ဖူးပါတယ်။ ဒုတိယမြောက် ရှေးအကျဆုံး တစ်ပုဒ်ကတော့ ကျန်စစ်သားမင်း လက်ထက်က ရေးခဲ့တဲ့  မြကန်သာ ကဗျာပါ။ တိုင်းမသိတော့ ဗာရာဏသီ၊ မင်းမသိတော့ ဗြဟ္မဒတ်၊ ကဗျာစာဆို မသိတော့ အနောနိမတ်စ် ဆိုသလို အဲဒီကဗျာနှစ်ပုဒ်ကို ရေးခဲ့တာက အနောနိမတ်စ် ဆိုသူ များ ပါပဲ။  တတိယမြောက် ကဗျာက တော့ "သူတည်းတစ်ယောက်" အစချီတဲ့ မျက်ဖြေလင်္ကာပါ။ ဒီကဗျာကိုတော့ ရေးတဲ့သူက အနန္တသူရိယ အမတ်လို့ အတိအကျ ဆိုကြပါတယ်။ အဲဒီကဗျာဟာ ဦးကုလား ရာဇဝင်၊ မှန်နန်းရာဇဝင်စတဲ့ ရာဇဝင်တော်ကြီးတွေ မှာ ပါပေမယ့်လည်း အသုံးအနှုန်း တစ်ချို့ဟာ မြောက်တက်ပြီး ပုဂံခေတ်နဲ့ နှိုင်းယှဉ်လျှင် အပြတ်ကို ဂွမ်းနေတာမို့ တချို့က ပုဂံခေတ်က ကဗျာ ဟုတ်ချင်မှ ဟုတ်မယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း ဒီကဗျာရဲ့ အဓိပ္ပာယ်နဲ့ နောက်ခံသမိုင်းကြောင်းကတော့ စိတ်ဝင်စားစရာပါ။

ကျန်စစ်သားရဲ့ မြေးတော် အလောင်းစည်သူ မင်းကြီးမှာ မင်းရှင်စော နဲ့ နရသူဆိုတဲ့ သားတော် နှစ်ပါး ရှိပါတယ်။ တစ်နေ့တော့ နရသူက သူ့ရဲ့ ခမည်းတော် အလောင်းစည်သူမင်းကြီးကို ရွှေဂူကြီး ဘုရားထဲ ဘတ်ကီးရိုက် ခေါ်သွားပြီးတော့ ခေါင်းအုံးတွေ စောင်တွေနဲ့ ဖိသတ်လိုက် ပါတယ်။ အဲဒါကြောင့် အလောင်းစည်သူ တကယ်ပဲ အလောင်းဖြစ်သွား ရှာပါတယ်။  အလောင်းစည်သူ သေတော့ သားတော်ကြီး မင်းရှင်စောက ဘုရင် ဖြစ်လာပါတယ်။ ဒါပေမယ့် မင်းရှင်စော ဘိသိက်သွန်းမြောက်ပြီး ဘုရင်ဖြစ်တဲ့ နေ့မှာပဲ နရသူက ညနေစာ စားပွဲတော်မှာ အဆိပ်ခတ် သတ်လိုက်ပြန်ပါတယ်။ ဒီလိုနဲ့ နရသူ ဘုရင်ဖြစ်လာပါတယ်။

နရသူ ဘုရင်ဖြစ်လာတော့ မိုက်ကယ်တွေ လျှောက်လုပ်ပါတော့တယ်။ နရသူ အဲဒီလို ကြမ်းကြမ်းရမ်းရမ်း အုပ်ချုပ်တာကို ပုဂံပြည်သူပြည်သားတွေ  ကြည့်မရကြပါဘူး။ ဒါပေမယ့်လည်း နရသူက "ပုဂံမှာ ဘုရင်တွေ ပိုနေလို့ တမလွန်ကိုတောင် အိတ်စပို့ ပို့နေရတာ။ မည်သို့သော ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ ပုဂံကို ဆက်လက်အုပ်ချုပ်သွားမည်" ဆိုပြီးတော့ ဆက်ပြီး အုပ်ချုပ်ပါတယ်။ နောက်တော့ သူ့ကို ဆက်လာတဲ့ ဘောလိဝုဒ်က ကုလား မင်းသမီးကိုပါ သတ်ပစ်လိုက်တဲ့ အတွက် ကုလားဘုရင်တွေကပါ နရသူကို တင်းသွားကြ ပါတယ်။ အဲဒါကြောင့် နရသူကို သမဖို့ အတွက် ဆူဆိုက်အကြမ်းဖက်သမား ကုလားဟူးရား ၈ ယောက်ကို လွှတ်လိုက် ပါတယ်။ ကုလား ဟူးရား ၈ ယောက်က နရသူကို ဘိသိက်မြှောက် ပေးမယ်လို့ ဘတ်ပြီး သန်လျှက်နဲ့ ဝိုင်းကျွေးလိုက်ကြတာကြောင့် နရသူ ကြွသွားပါတယ်။ နရသူကို သတ်ပြီးတော့ ကုလားဟူးရားတွေ သူတို့ဘာသာ ဆူဆိုက် လုပ်လိုက်ကြပါတယ်။ ကုလားတွေက ဝိုင်းလျှော့လိုက်လို့ သေသွားတာမို့ နရသူကို ကုလားကျမင်းလို့ နောက်လူတွေက ခေါ်ကြပါတယ်။ နရသူသေတော့ သူ့မှာ မင်းယဉ် နရသိင်္ခနဲ့ နရပတိစည်သူ ဆိုတဲ့ သားနှစ်ယောက် ကျန်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ထဲမှာ သားတော်အကြီး မင်းယဉ်နရသိင်္ခက ဘုရင်ဖြစ်လာပါတယ်။

ဘုရင်ကို ဆိုရင် အကိတ်ကလေးတွေ အလန်းကလေးတွေ မိဖုရားအဖြစ် ဆက်ချင်တဲ့သူက ပေါပါတယ်။ တစ်ခါတော့ မင်းယဉ်နရသိင်္ခ မြင်းစိုင်းဝက်ဝံ လို့ခေါ်တဲ့ အရပ်ကို ဖလမ်းဖလမ်းထရင်း ရောက်သွား ပါတယ်။ အဲဒီအရပ်က တောထဲမှာနေတဲ့ ပြော့လူမျိုးတွေက ဘုရင်ကို သမီးကညာ တစ်ပါး ဆက်ပါတယ်။ အဲဒီ သမီးကညာ ရဲ့ အမည်က ဝေဠုဝတီလို့ ခေါ်ပါတယ်။ ပါဠိလို ဝါးကို ဝေဠုလို့ ခေါ်တာမို့ ဝေဠုဝတီဆိုတာ ပရင့်ဆက်စ် အော့ဖ်ဝါးလို့ တိုက်ရိုက် ဘာသာပြန်ရမယ် ထင်ပါတယ်။ ဝါးပင်က မွေးတာမို့ သူမမှာ အဲဒီလို နာမည်တွင်တယ် ဆိုပါတယ်။။ ဒဏ္ဍာရီလို့ပဲ မှတ်လိုက်ပါတော့။ ဝါးပင်က မွေးတယ် ဆိုတာ အမှန်အတိုင်း ပြောရရင်တော့ အင်္ဂုလိ ပဲ ဖြစ်ဖို့ များပါတယ်။ ပြော့လူမျိုးတွေ ဆက်တဲ့ ဝေဠုဝတီမှာ ချို့ယွင်းချက် တစ်ခု ရှိပါတယ်။ အဲဒါကတော့ နားရွက် နည်းနည်း ကျယ်နေတာပါ။ ဒါကို ဘုရင်မြင်တော့ "နားကျယ်နဲ့ ဝမ်းပျက်လိလိ" လို့ မိန့်တယ် ဆိုပါတယ်။ မိဖုရားနားကျယ်တာနဲ့ ဘုရင် ဘယ်လို ဝမ်းပျက်မလဲ ဆိုတာတော့ ဆက်စပ်ကြည့်လို့ မရပါဘူး။ အဲဒီ စကားကို အဓိပ္ပာယ် မဖော်တတ် တဲ့ အတွက် နားကျယ်တဲ့ အတွက် မမိုက်၊ အဲဒီအတွက် အီဖေကို ဘုရင် မကြိုက်လို့ပဲ အဓိပ္ပာယ်ပြန်လိုက်ပါမယ်။

ဘုရင် မကြိုက်တော့ ညီတော် နရပတိစည်သူကို စွန့်လိုက်ပါတယ်။ နရပတိစည်သူ လက်ထဲရောက်တော့ နရပတိစည်သူရဲ့ အမေ ဝေဠုဝတီရဲ့ ယောက္ခမကြီးက သူ့ချွေးမရဲ့ နားကို ပလတ်စတစ် ဆာဂျရီ လုပ်ပေးလိုက် ပါတယ်။ နားပြင်ပြီး ရှိုင်းနင်းဂွိုင်းနင်းတွေ လုပ်လိုက်တော့ ဝေဠုဝတီက အတော် လန်းသွား ပါတယ်။ တစ်နေ့တော့ ယောက္ခမကြီးက သူ့ချွေးမကို နန်းတော်ထဲ ခေါ်လာတဲ့ အခါ မင်းယဉ်နရသိင်္ခမှာ လွတ်သော ဖစ်ရှ် ဘစ်တယ်ဆိုပြီး ကြိတ်မနိုင် ခဲမရတွေ ဖြစ်နေပါတယ်။ခယ်မတော် ဝေဠုဝတီ ကို ကြည့်ရင်း ဖီးလ်တွေ တက်နေပါတယ်။ ဒါပေမယ့် သူလည်း ကလိမ်ကကျစ် လုပ်တဲ့နေရာတော့ အဖေ နရသူရဲ့ သွေးပါပါတယ်။ ဒီလိုနဲ့ ဉာဏ်နီ ဉာဏ်နက် ဉာဏ်ခရမ်းရောင် ဉာဏ်လိမ္မော်ရောင်တွေ ထုတ်ပြီးတော့ ညီတော်ကို ပထုတ်ဖို့ ကြံပါတယ်။ ငဆောင်ချမ်းမှာ သူပုန်ထလို့ သွားတိုက်စေဆိုပြီး ညီတော်ကို ပထုတ်လိုက်ပါတယ်။

နရပတိစည်သူကလည်း အချဉ်တော့ မဟုတ်ပါဘူး။ သူက ဘုရင် သွားဆိုလို့သာ သွားရပေမယ့် သိပ်မသင်္ကာပါဘူး။ ဒါကြောင့် သူ့ရဲ့ ဘော်ဒီဂတ် မြင်းခံတော် ငပြည့်ကို အကြောင်းထူး ရင် သတင်းပို့ဖို့ သူ့မြင်းကို ပေးပြီး မှာခဲ့ပါတယ်။ နရပတိစည်သူက သစ်ဆိမ့်အရပ်ကို ရောက်တော့ ငဆောင်ချမ်းမှာ သူပုန် မရှိကြောင်း ကြားတာမို့ သူ့အစ်ကို သူ့ကို ဂျင်းထည့်လိုက်ပြီ ဆိုတာ သိသွားပါတယ်။ နရပတိစည်သူ စစ်ထွက်သွားတော့ သူ့အစ်ကိုက  ဝေဠုဝတီကို မိဖုရားအဖြစ် ဆွဲစိလိုက် ပါတယ်။ အဲဒီသတင်းကို ကြားကြားချင်း ငပြည့်လည်း မြင်းကို ဒုန်းစိုင်းစီးပြီး နရပတိစည်သူ နောက်ကို လိုက်ပါတယ်။  အဲဒီလိုနဲ့ ညနေစောင်းတော့ ငါးဘတ်ချောင်းကို ရောက်လာခဲ့ပါတယ်။ ငပြည့်လည်း နေဝင်ရီတရောမို့ ချောင်းထဲမှာ ရေမရှိတာကို ရေထင်ပြီး ဖြတ်မကူးရဲပါဘူး။ မြင်းကလည်း အတော်ပြိုင်းနေပြီမို့ ချောင်းဘေးက တောထဲမှာပဲ တစ်ညစာ ကျိုးနေလိုက်ပါတယ်။ နရပတိစည်သူနဲ့ အလွန်နီးနေပြီမို့ မြင်းက သူ့သခင်ရဲ့ အနံ့ကို ရလို့ တစ်ညလုံး ဟီတယ်ဆိုပါတယ်။ နရပတိစည်သူလည်း သူ့မြင်းဟီသံကို ကြားတော့ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး "ငါ့မြင်းအသံဆိုရင် ခေါင်းအုံးပေါက်စမ်းကွာ" ဆိုပြီး ခေါင်းအုံးကို လက်သီးနဲ့ ထိုးလိုက်တာ ခေါင်းအုံးပေါက်သွားတယ် ဆိုပါတယ်။ ဒီမင်းသားလည်း လူလည်ပါ။ အမှန်တကယ်ဆို အုတ်နံရံ ဖြစ်ဖြစ် ၊ သစ်ပင် ဖြစ်ဖြစ် ထိုးကြည့်သင့်ပါတယ်။ 

နောက်တစ်နေ့ တော့ ငပြည့်က သူ့ရဲ့ အာစရိ နရပတိ စည်သူကို သတင်းပို့ပါတယ်။ နရပတိ စည်သူက ဒေါခွီးပြီး ပတ်ရမ်းပါတယ်။ ငပြည့်ကို ညက ဘယ်မှာ အိပ်သလဲ မေးတော့ သူနဲ့ မနီးမဝေး တစ်နေရာမှာ အိပ်တယ်ဆိုတာ သိသွားပါတယ်။  "ဒီလောက် အရေးကြီးတဲ့ ကိစ္စငါ့ကို သတင်းမပို့ဘဲ နှပ်နေတယ်။ ငါတို့ အတွက် အချိန်ဟာ ကားပါမစ်လို တန်ဖိုးရှိတယ်။ ခဏကြံရင် ထရံတောင် ခြံတိုင်ဖြစ်တယ်ဆိုတာ မသိဘူးလား။" ဆိုပြီး သတ်ပစ်လိုက်ပါတယ်။  ငပြည့်မှာ ဆန္ဒန်ဆင်မင်းဇာတ်နဲ့ စေတနာက ဝေဒနာဖြစ်ရတယ် ဆိုပြီး ငိုပြဖို့တောင် အချိန်မရလိုက်ပါဘူး။ ငပြည့် အလောင်းကို ရေထဲမျှောလိုက်ပြီး တစ်နေရာမှာ သွားတင်နေတော့ အဲဒီနေရာမှာ နတ်ကွန်းဆောက် ကိုးကွယ်တယ် လို့  ပြောကြပါတယ်။  ငပြည့်ဟာ အခု နတ်လောကမှာ ဆရာကြီးတစ်ဆူ ဖြစ်နေတဲ့ မြင်းဖြူရှင်နတ်လို့  ပြောကြပါတယ်။

နောက်တော့ သူ့ရဲ့ ပီအေ အောင်စွာငယ်ကို ခေါ်ပြီး မင်းယဉ်နရသိင်္ခကို လုပ်ကြံဖို့ ခိုင်းလိုက်ပါတယ်။ အောင်စွာငယ်ကို မက်လုံးပေးတဲ့ အနေနဲ့ ဘုရင်ကို သတ်ပြီးရင် ဘုရင့်မိဖုရားထဲက ကြိုက်တဲ့ တစ်ယောက် ပေးမယ်ကွာ ဆိုပြီး ပြောလိုက်ပါတယ်။ အောင်စွာငယ်လည်း မိဖုရားတစ်ယောက်တော့ ရရချည်သေးရဲ့ ဆိုပြီး ဘုရင်ကို လုပ်ကြံလိုက်ပါတယ်။ နောက်တော့ နရပတိစည်သူ နန်းတော် ပြန်ရောက်ပြီး ဘုရင် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အောင်စွာငယ်က သူ့ကို မင်းယဉ်နရသိင်္ခရဲ့ မိဖုရားတွေထဲ က တစ်ယောက်ကို စွန့်ဖို့ တောင်းပါတယ်။ ဒါပေမယ့် အရင် ဘုရင်ရဲ့ မိဖုရားတွေက "မောင်လေးရယ်။ မမတို့က မောင်လေးနဲ့ ဆိုရင် မရီးတော်တယ်လေ။ အဲဂလို မလုပ်ပါနဲ့လားကွယ်။" ဆိုပြီး ငိုပြကြတော့ နရပတိစည်သူ စိတ်ပြောင်းသွားပါတယ်။  အဲဒါကြောင့် မင်းကို တခြားတစ်ယောက်ပေးမယ်။ ငါ့မရီးတော်တွေတော့ မယူနဲ့တော့ ဆိုပြီး အောင်စွာငယ်ကို ကပ်ချုပ်ကြည့်ပါတယ်။ အောင်စွာငယ်က ဘုရင် ကတိမတည်ဘူး ဆိုပြီး ထွီဆိုပြီး တံတွေး ထွေးလိုက်တဲ့ အတွက် ဘုရင်က နှာကစ်ပြီး ထတီးလိုက်တာ ဂန့်သွားပါတယ်။ နောက်တော့ ငါ့ ပီအေကို ငါကတိပေးထားပြီး မတည်တာ ငါမှားတာပဲ လို့ တွေးမိပြီး အောင်စွာငယ်ကို နတ်ကွန်းဆောက် ကိုးကွယ်စေလို့ အမိန့်ချလိုက်ပါတယ်။ အဲဒါကတော့ ၃၇ မင်းထဲက အောင်စွာနတ်ပါ။

နောက်တော့ သူတို့ခေတ်က ထုံးစံအတိုင်း မင်းယဉ်နရသိင်္ခနဲ့ ဆက်နွယ်နေတဲ့ သူတွေကို ဖြုတ်ထုတ်သတ် လုပ်ပါတော့တယ်။ အဲဒီ အထဲမှာ မင်းယဉ်နရသိင်္ခရဲ့ အထိန်းတော်သား အနန္တသူရိယ အမတ်လည်း ပါပါတယ်။ အနန္တသူရိယက သူ့ကို မကွက်မျက် ခင်မှာ ဘုရင်ကို ဆက်ဖို့ ကဗျာတစ်ပုဒ် ရေးခဲ့ပါတယ်။ ကဗျာကို ဖတ်ပြီး အနန္တသူရိယကို လွှတ်စေ အမိန့်ချတော့ ပါးကွက်အာဏာသားတွေက သတ်ပြီးကြောင်း ပြောပါတယ်။ အဲဒီတော့လည်း ပါးကွက်အာဏာသားတွေကို ငါ့အမိန့်မစောင့်ရကောင်းလား ဆိုပြီး ထပ်ပြီး သတ်ပြန်ပါတယ်။ အဲဒီလို သူသတ် ကိုယ်သတ် အားလုံးသတ်တဲ့ ခေတ်ထဲက ထွက်လာတဲ့ ကဗျာကတော့ ကဗျာဆရာ သေခါနီး ခံစားချက်တွေ တနင့်တပိုးနဲ့ ရေးခဲ့တဲ့ ကဗျာမို့ စာသားတွေ အမှန်အကန်နဲ့ သမိုင်းတွင်ကျန်ရစ်ပါတယ်။


သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။


ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ
မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာကား
သမုဒ္ဒရာ၊ ရေမျက်နှာထက်
ခဏတက်သည်၊ ရေပွက်ပမာ
တသက်လျာတည်း။


ကြင်နာသနား၊ ငါ့အားမသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ ဖောက်လွဲတတ်သည်
မချွတ်စသာ၊ သတ္တဝါတည်း။


ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်
သံသာစက်၌၊ ကြိုက်လတ်တုံမူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
သခင်မွန်ကို၊ အပြစ်မဲ့ရေး
ခွင့်လျှင်ပေးသည်၊ သွေးသည်နိစ္စာ
ငါ့ခန္ဓာတည်း။

Tuesday, September 6, 2011

သမိုင်းထဲက အမေရိကား

Image Source: Wikipedia
သမိုင်းစာအုပ်ကို သမန်ကာလျှံကာ လှန်ဖတ်ကြည့်မယ် ဆိုရင်တော့ အမေရိကားကို ပထမဆုံး ရောက်တဲ့ ဥရောပတိုက်သားဟာ ခရစ္စတိုဖာ ကိုလံဘတ်စ်လို့ အထင်မှားစရာ ရှိပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ ကိုလံဘတ်စ် ဟာ အခု အမေရိကန်ပြည်ထောင်စု ပြည်နယ် ၄၉ခု ရှိနေတဲ့ အမေရိကန် ကုန်းမကြီးကို ပထမဆုံး စရောက်ခဲ့တဲ့ ဥရောပသား မဟုတ်ပါဘူး။ 

ကိုလံဘတ်စ်ဟာ အခု အီတလီနိုင်ငံနေရာမှာ ရှိတဲ့ ဂျီနိုအာ လို့ခေါ်တဲ့ နိုင်ငံ တစ်ခုကပါ။ သူဟာ ဥရောပ အနောက်ဘက်ကနေ အာရှကို သွားတဲ့ လမ်းကို ရှာဖွေဖို့အတွက် ပေါ်တူဂီက ဒုတိယမြောက် ဂျွန်ဘုရင်ဆီမှာ စပွန်ဆာ တောင်းခဲ့ပါတယ်။ ဒါပေမယ့် ဘုရင်ရဲ့ စီးပွားရေး အကြံပေး အဖွဲ့ ကနေ ကိုလံဘတ်စ်ရဲ့ အဆိုပြုလွှာကို ရီဂျက် ထုလိုက်ကြပါတယ်။ အဲဒါကြောင့် ကိုလံဘတ်စ်ဟာ ပေါ်တူဂီကနေ တပ်ခေါက်လာပြီး စပိန်ကို ရွေ့ခဲ့ပါတယ်။ သူဟာ စပိန်မှာလည်း သူ့ရဲ့ ဘစ်စနက် ပလန်ကို စပိန် ဘုရင်နဲ့ ဘုရင်မကို ချပြပါတယ်။ နောက်ဆုံးမှာတော့  ဘီးကျဲကြီးများ ဖြစ်ကြတဲ့ စပိန်ဘုရင် ဖာဒီနန်နဲ့ ဘုရင်မ အစ္စဘယ်လာတို့ကနေ ကိုလံဘတ်စ်ကို အနောက်ဘက် ရေကြောင်းလမ်းမှာ ကိုလိုနီနယ်မြေသစ် ရှာဖွေဖို့ အတွက် စပွန်ဆာ ပေးခဲ့ကြပါတယ်။ ကိုလံဘတ်စ်ဟာ ရော့ခ်စတီးဝပ် သီချင်းနဲ့ ရွက်လွှင့်ခြင်း လုပ်ရင်း ကာရစ်ဘီယံ ကျွန်းတွေ ဆီကိုပဲ ရောက်ခဲ့ပါတယ်။ အမေရိကန် ကုန်းမကြီးပေါ်ကို မရောက်ခဲ့ပါဘူး။ အမေရိကန် ကုန်းမကြီးပေါ်ကို ပထမဆုံး ရောက်ခဲ့တဲ့ ဥရောပသားကတော့ ဂျွန်ပေါင့်စ်ဒီ လီယွန် လို့ ဆိုကြပါတယ်။ လီယွန် လက်ထက်မှာတော့ လာဖလော်ရီဒါ လို့ခေါ်တဲ့ အခု ဖလော်ရီဒါ ပြည်နယ် နေရာကို ခြေချနိုင်ခဲ့ပါတယ်။

ကိုလံဘတ်စ်တို့ ဂျွန်ပေါင့်စ်ဒီ လီယွန်တို့က အမေရိကားကို နောက်မှ ရောက်ခဲ့တဲ့သူ တွေပါ။ သူတို့ မရောက်ခင် ကတည်းက အမေရိကားမှာ လူနီ လို့ ခေါ်ကြတဲ့ ရက်အင်ဒီးယန်းတွေ ရှိနှင့် နေကြပါပြီ။ ကိုလံဘတ်စ်တို့တောင် သင်္ဘောနဲ့မှ ရောက်လာခဲ့တာဆိုတော့ သူတို့ထက်အရင် ရက်အင်ဒီးယန်းတွေ အမေရိကားကို ဘယ်လို ရောက်လာခဲ့သလဲ ဆိုတဲ့ကိစ္စက စဉ်းစားစရာ ရှိပါတယ်။ ရက်အင်ဒီးယန်းတွေ မှာ လေယာဉ်ပျံတွေ ဘာတွေ ရှိလို့လည်း ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ :D

ဒါပေမယ့်လည်း မနုဿဗေဒ ပညာရှင် (Anthropologist) တွေကတော့ ရက်အင်ဒီးယန်းတွေ လေယာဉ်ပျံ စီးပြီး ရောက်လာခဲ့တယ်လို့ မပြောကြပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄သောင်းနဲ့ ၁၆,၅၀၀ ကြား အချိန်တုန်းက အခု ရုရှားနဲ့ အမေရိကန် အလက်စကာ ပြည်နယ် ကြားမှာ ရှိတဲ့ ဘဲရင်း ရေလက်ကြား နေရာမှာ အမေရိကန်နဲ့ အာရှကြားက ကုန်းမြေဟာ တဆက်တည်း ဖြစ်နေခဲ့မယ် လို့ ယူဆခဲ့ကြပါတယ်။ အဲဒီနေရာက မိုင် ၅၀ ကျော် အကွာအဝေးရှိပါတယ်။ အဲဒီအချိန်က အာရှသားတွေဟာ အမဲလိုက်ရင်း အမေရိကန် ကုန်းမကြီးပေါ်ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့ကြတယ်လို့ ယူဆကြပါတယ်။ အဲဒီတော့ သူတို့ရဲ့ ယူဆချက် အရဆိုရင် ရက်အင်ဒီးယန်းတွေဟာ အာရှနွယ်ဖွားကနေ ဆင်းသက်လာသူတွေလို့ ပြောနိုင်ပါတယ်။

ရက်အင်ဒီးယန်းမှာလည်း လူမျိုးပေါင်းစုံ ရှိပါတယ်။  အခုတလော လူးဝစ်စ်လာမာရဲ့ ကောင်းဘွိုင်ဝတ္ထုတွေ ဖတ်တော့ ချီရုတ်ကီးတွေ၊ ကီအိုဝါတွေ၊ ဘလက်ဖိ တွေ၊ အူတေ စတဲ့ ရက်အင်ဒီးယန်း တွေရဲ့ အကြောင်း နည်းနည်းပါးပါး တီးမိခေါက်မိ သတိပြုမိပါတယ်။ အင်ဒီးယန်းတွေထဲမှာ လူဖြူတွေကို လမ်းပြတတ်တဲ့ ချီရုတ်ကီးလို အင်ဒီးယန်း မျိုးစုတွေ၊ ရန်လိုတတ်တဲ့ ကီအိုဝါလို အင်ဒီးယန်းမျိုးတွေ ရှိသလို အလစ်သုတ်တတ်တဲ့ အလုတ်သစ် အင်ဒီးယန်းမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် အမေရိကား တိုက်ပေါ်ကို လူဖြူတွေ ရွှေ့ပြောင်းလာပြီးတဲ့ နောက်မှာ လူဖြူတွေ သယ်လာတဲ့ ကျောက်ကြီးရောဂါလို ရောဂါမျိုးတွေကြောင့် အင်ဒီးယန်းတွေ သန်းနဲ့ချီပြီး သေဆုံးခဲ့ရသလို လူဖြူတွေရဲ့ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းမှုကြောင့်လည်း အင်ဒီးယန်းတွေ အများအပြား သေဆုံးခဲ့ရပါတယ်။

လူဖြူတွေ ကြောင့် သန်းနဲ့ချီပြီး သေခဲ့ရတာ ရက်အင်ဒီးယန်းတွေတင် မကပါဘူး။ ဘရောင်း ဘတ်ဖဲလိုးတွေလည်း ပါပါတယ်။ အမေရိကန် ဘိုင်ဆွန်လို့ခေါ်တဲ့ အမေရိကန်ကျွဲတွေ အမေရိကန် နိုင်ငံတိုးချဲ့နေတဲ့ ကာလ အတွင်းမှာ သန်း ၄၀ လောက် သေခဲ့ရတယ်လို့ ဆိုကြပါတယ်။ ကျွဲတွေ အဲဒီလောက် သေတော့ အစားအသောက်အတွက် ကျွဲတွေကို မှီခိုနေရတဲ့ ဒေသခံ အင်ဒီးယန်း တွေ အပေါ်မှာ အများကြီး ထိခိုက်နစ်နာ ခဲ့ရပါတယ်။

အမေရိကန်ကို ရွှေ့ပြောင်းပြီး အခြေချလာကြတဲ့ သူတွေ အထဲမှာ စပိန်တွေ၊ အင်္ဂလိပ်တွေ၊ ဒတ်ချ်တွေ အများကြီး ပါပါတယ်။ ဒတ်ချ်တွေဟာ နယူးဟတ်ဒ်ဆန်မြစ်ရဲ့ အောက်ပိုင်း မက်ဟက်တန် ကျွန်းလို နေရာမှာ အခြေချ နေထိုင်ခဲ့ပါတယ်။ သူတို့ နေတဲ့နေရာကို နယူး အမ်စတာဒမ် ဒါမှမဟုတ် အမ်စတာဒမ် မြို့သစ်လို့ ခေါ်ပါတယ်။ အဲဒီအချိန်က အခြေချသူသာ ဒတ်ချ် မဖြစ်ဘဲ ဘိုးတော်ဘုရားတို့ အလောင်းမင်းတရားတို့ ဖြစ်မယ် ဆိုရင်တော့ အဲဒီနေရာလည်း နယူးရွှေဘိုတွေ၊ နယူး အမရပူရတွေ ဖြစ်လာနိုင်ပါတယ်။ နောက်တော့ ဒတ်ချ်တွေက နယူးအမ်စတာဒမ် နေရာကို အင်္ဂလိပ်နဲ့ လက်ပြောင်း လက်လွှဲ ရိုက်လိုက်ပါတယ်။ အင်္ဂလိပ်ဘုရင်က နယူးအမ်စတာဒမ် နေရာကို ယောက်နယ်စားကို အပိုင်စားပေးလိုက်တဲ့ အတွက် နယူးယောက် ဖြစ်လာတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံ ထူထောင်တော့ အဓိက ကြုံတွေ့ရတဲ့ ပြဿနာက အလုပ်သမား ပြဿနာပါ။ အမေရိကားမှာ မြေနေရာတွေ ပေါများနေတဲ့ အတွက် ရွှေ့ပြောင်းလာကြတဲ့ လူဖြူတစ်ယောက် အတွက် ကိုယ့်ဘာသာကိုယ် လုပ်ကိုင် စားသောက်ဖို့အတွက် အလွန် လွယ်ကူပါတယ်။ အဲဒါကြောင့် အလုပ်သမား လုပ်ချင်တဲ့သူ မရှိသလောက် ဖြစ်နေပါတယ်။ အဲဒီ အခက်အခဲကို ဖြေရှင်းဖို့အတွက် အာဖရိကက လူမည်းတွေကို ကျွန်အနေနဲ့ တင်ပို့လာတာ ရှိသလို အင်ဒန်းချား လို့ ခေါ်တဲ့ ကိုယ့်ဘာသာကိုယ် စာချုပ်နဲ့ ရောင်းစားမယ့် ဥရောပသား တွေကိုလည်း အမေရိကားကို ခေါ်သွင်းလာခဲ့ကြ ပါတယ်။

အဲဒီအချိန်က ဥရောပမှာ ရှိနေတဲ့ သူတွေထဲမှာ အမေရိကားကို လာချင်တဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့အတွက် ဥရောပက နေ အမေရိကားကို လာဖို့အတွက် သင်္ဘောခ မတတ်နိုင်ပါဘူး။ အဲဒီတော့ သူတို့ဟာ အမေရိကားကို သွားမယ့် သင်္ဘောကပ္ပတိန်နဲ့ သဘောတူညီမှု ယူကြ ရပါတယ်။ သင်္ဘောကပ္ပတိန်က သူတို့ကို အမေရိကားကို ရောက်အောင်ပို့ပေးပြီး အမေရိကား ရောက်တဲ့အခါမှ သူတို့ကို အလုပ်လုပ်မယ့် အလုပ်ရှင်ကနေ သင်္ဘောကပ္ပတိန် ဆီက ပိုက်ဆံပေးပြီး ရွေးယူပါတယ်။ အဲဒီအတွက် သူတို့က အလုပ်ရှင်ကို ငါးနှစ်ကနေ ခုနစ်နှစ် အထိ လုပ်ခမယူဘဲ နေစရာ စားစရာ ရရုံ သက်သက်နဲ့ အလုပ်ပြန်လုပ်ပေးရပါတယ်။
အင်ဒန်းချားတွေဟာ သူတို့ စာချုပ် သက်တမ်း ကာလ အတွင်းမှာ အိမ်ထောင်ပြုခွင့် မရှိပါဘူး။အာဖရိက လူမည်းကျွန်တွေနဲ့ အင်ဒန်းချားတွေ မတူတဲ့ အချက်ကတော့ အင်ဒန်းချားတွေက သူတို့ စာချုပ်ပြည့်သွားရင် လွတ်လပ်ခွင့် ရကြပါတယ်။ အလုပ်ရှင်က သူတို့ကို လွတ်လပ်ခွင့် ပေးတဲ့အချိန်မှာ အဝတ်အစား အသစ်တစ်စုံနဲ့ လုပ်ကိုင်စားသောက်စရာ ပုဆိန်၊ ဂေါ်ပြား စတာတွေ ပေးရမယ်လို့ အင်ဒန်းချား စာချုပ်ထဲမှာ ပါတတ် ပါတယ်။ တချို့အင်ဒန်းချားတွေကလည်း သူတို့ စာချုပ်ပြည့်သွားတဲ့ အချိန်မှာ ကုန်သည် အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။ အမေရိကန်မှာ အစဦး ခြေချနေထိုင်ခဲ့တဲ့ လူဖြူတွေထဲမှာ အင်ဒန်းချား အနေနဲ့ ရောက်လာတဲ့သူက သုံးပုံ နှစ်ပုံလောက် ရှိတယ် လို့ ဆိုကြပါတယ်။

အဲဒါကတော့ ဖတ်ဖူးမှတ်ဖူးသလောက် အမေရိကန်နိုင်ငံရဲ့ သမိုင်းတစိတ်တဒေသပါပဲ။ နောက်များမှ ကြုံရင် ကောင်းဘွိုင်တွေ အကြောင်း ရေးပါဦးမယ်။

Sunday, January 30, 2011

ပြဒါးတစ်လမ်း သံတစ်လမ်း

လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း ဆိုတဲ့ စကားက မြန်မာလူမျိုးတိုင်းနဲ့ မစိမ်းလှပါဘူး။ ကျွန်တော်တို့ မူလတန်းမှာ သင်ခဲ့ရတဲ့ ဖတ်စာအုပ်ထဲမှာတော့ အဲဒီစကားကို ကိုးကားပြီး ပုဂံမှာ ဘုရားပေါင်း ၄၄၄၆,၇၃၃ ဆူရှိခဲ့တယ်လို့ ရေးထားပါတယ်။ ဒါပေမယ့်လည်း အဲဒီ ကိန်းဂဏန်းက ဘယ်လိုမှကို မဖြစ်နိုင်တဲ့ ကိန်းဂဏန်းပါ။ အရိုးဆုံး အရှင်းဆုံးနည်း နဲ့ပဲ ဘုရားတစ်ဆူကို ဘေးက လူသွားလမ်းအပါအဝင် လျော့လျော့ပေါ့ပေါ့ ၁၅ ပေ ပတ်လည် ထားပြီး တွက်ကြည့်ပါ။ ပုဂံလို မြို့နေရာ မှာတင်မက အထက်အညာ ဒေသတစ်ခုလုံး မှာတောင် ဒီလောက်များတဲ့ ဘုရားတွေ ဆောက်စရာ မြေနေရာ မရှိဘူး ဆိုတာ အလွယ်တကူ တွက်ကြည့်လို့ ရပါတယ်။ နောက်ပိုင်းတော့ သမိုင်းပညာရှင်တွေက ဖြစ်နိုင်ခြေ ရှိတာ လှည်းဝင်ရိုးသံ (၄၄၄၆) ပဲ ဖြစ်နိုင်ပြီး နောက်က တညံညံက ကာရန် ကိုက်အောင် ထည့်ထားတာလို့ ဆိုကြပါတယ်။ သုတေသန ပညာရှင်တွေ မှတ်တမ်းပြုတော့ ပုဂံမှာ ရှိတဲ့ ဘုရား အရေအတွက်ကို ဂူကြီးအုတ်နီ (၂၂၁၇ ဆူ) ရှိတယ်လို့ ရေတွက် ခဲ့ကြပါတယ်။

ပုဂံမှာ မုဆိုးမက အစ ဘုရားတည်နိုင်တဲ့ ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။ အဲဒီအကြောင်းကို ပြောရရင် ရှင်အဇ္ဇဂေါဏ အကြောင်းပါ တွဲပြီး ပါလာတတ် ပါတယ်။ ရှင်အဇ္ဇဂေါဏက ထေရဝါဒ ဘုန်းတော်ကြီး မဟုတ်ပါဘူး။ တစ်ချို့ကတော့ ရှင်အဇ္ဇဂေါဏတို့၊ ဘားမဲ့ တို့ဟာ သမထီးလို့ ခေါ်တဲ့ အရည်းကြီးတွေ ဖြစ်တယ်လို့ ပြောကြပါတယ်။ ရှင်အဇ္ဇဂေါဏက မင်းသိင်္ခ ဝတ္ထုတွေထဲမှာ ပါတတ်တဲ့ ဂမ္ဘီရ လမ်းစဉ်လိုက်တဲ့ သူပါ။ အဂ္ဂိရတ်ထိုးရင်း သံကို သေအောင် သတ်ဖို့ ကြိုးစားပါတယ်။

ပြဒါးသေ တဆွေဝ၊ သံသေ တပြည်ဝ လို့ ရှေးက ဆိုရိုး ရှိခဲ့ဖူးပါတယ်။ ပြဒါးကို သေအောင် သတ်နိုင်ရင် တစ်ဆွေလုံး တစ်မျိုးလုံးစာ ချမ်းသာမယ်။ သံကို သေအောင် သတ်နိုင်ရင်တော့ တပြည်လုံး ချမ်းသာမယ်လို့ ဆိုကြတာပါ။ ဒီနေရာမှာ ကတ်သီးကတ်သတ် စဉ်းစားမိတာကတော့ အဂ္ဂိရတ် ထိုးတဲ့သူတွေမှာ တခြား ဘိုးတော်တွေလို မုတ်ဆိတ်မွေး အရှည်ကြီး မရှိလောက်ဘူး ဆိုတာပါ။ မဟုတ်ရင် မတော်တဆ အဂ္ဂိရတ်ထိုးရင်း မုတ်ဆိတ်မွေး မီးလောင်လို့ ရှမ်ဘဲလား မရောက်ခင် ကွိုင်တက် သွားနိုင်ပါတယ်။ ရှင်အဇ္ဇဂေါဏ ဆီမှာ ရှိတဲ့ အဂ္ဂိရတ် ကျမ်းထဲမှာ ဓာတ်လုံးကို xစင် ကျွေးရမယ်လို့ ပါနေပြီး စင်ရဲ့ ရှေ့က စာလုံးကို ပျက်နေပါတယ်။ အဲဒီပျက်နေတဲ့ စာလုံးကို သူက ရွှေ လို့ ထင်ပြီး ဓာတ်လုံးကို ရွှေကျွေး ပါတယ်။  ကျွေးတယ် ဆိုတာက ဓာတ်လုံးရေ စားစား အားမနာနဲ့ ဆိုပြီး ကျွေးတာမျိုး မဟုတ်ပါဘူး။ ရွှေနဲ့ အတူရောပြီး ဖိုထိုးတာကို ပြောတာပါ။ အဲဒီလို ရွှေကျွေး ပေမယ့်လည်း ဓာတ်လုံးက မအောင်မြင် ပါဘူး။

ဒါနဲ့ ရှင်အဇ္ဇဂေါဏက ဘုရင်ကို အကူအညီ တောင်းပါတယ်။ ဘုရင်က သူ့ကို ဘတ်ကီး လာရိုက်နေတယ်လို့ ထင်တာမို့ ရွှေ ကျွေးလို့ ဓာတ်လုံးမအောင်ရင် ဘယ်နယ့်လုပ်မလဲ မေးပါတယ်။ အဲဒီတော့ ရှင်အဇ္ဇဂေါဏက ဓာတ်လုံး မအောင်ရင် သူ့မျက်လုံး နှစ်လုံး စလုံးကို ဖောက်ပစ်မယ်လို့ အာမခံပါတယ်။ ဘုရင်ရဲ့ စပွန်ဆာနဲ့ ရွှေကျွေးပေမယ့်လည်း ဓာတ်လုံးက မအောင်ပါဘူး။ အဲဒါနဲ့ ရှင်အဇ္ဇဂေါဏက သူ့ကတိအတိုင်း သူ့မျက်လုံး နှစ်လုံး စလုံးကို ဖောက်ပစ်လိုက် ပါတယ်။ အဲဒီလို ဖောက်ပစ်ပြီးတဲ့နောက်မှာတော့ ဓာတ်လုံးကို အတော် စိတ်နာသွားဟန် တူပါတယ်။ သူ့တပည့် တစ်ယောက်ကို ဓာတ်လုံး ပေးပြီး အိမ်သာတွင်းထဲကို ပစ်ချခိုင်းလိုက် ပါတယ်။

ဓာတ်လုံးဟာ အညစ်အကြေးတွေနဲ့ တွေ့တဲ့ အခါမှာ အရောင် တစ်လက်လက် ထွက်လာ ပါတယ်။ ရှင်အဇ္ဇဂေါဏ ဆီမှာရှိတဲ့ အဂ္ဂိရတ်ကျမ်းထဲမှာ ရေးထားတာက အမှန်တကယ်ကတော့ မစင်ပါ။ ရွှေစင် မဟုတ်ပါဘူး။ သူ့တပည့်က ဓာတ်လုံး အရောင်ထွက်နေတဲ့ အကြောင်းကို ပြန်ပြောတော့ သူ့တပည့်ကို တွင်းထဲက ဓာတ်လုံးကို သွားပြန် ကောက်ခိုင်းလိုက် ပါတယ်။ နောက်တော့ ဈေးထဲသွားပြီး ရတဲ့ မျက်လုံး နှစ်လုံး ဝယ်လာခဲ့လို့ မှာလိုက် ပါတယ်။ အချိန်က ဈေးကွဲချိန် ဖြစ်တော့ ဆိတ်မျက်လုံး တစ်လုံး နွားမျက်လုံး တစ်လုံး ပဲ ရလာ ပါတယ်။ အဲဒီ မျက်လုံးတွေကို ဓာတ်လုံးနဲ့ ပွတ်ပြီး ကောက်တပ်လိုက်တော့ မျက်လုံး ပြန်မြင် သွားတယ်လို့ ဆိုပါတယ်။ မပွတ်ခင် ဓာတ်လုံးကို ရေတော့ ဆေးဦးမယ်လို့ စဉ်းစားကြည့်မိ ပါသေးတယ်။ ဆိတ်တစ်ဖက် နွားတစ်ဖက် မို့ ဆိတ် (အဇ္ဇ) နဲ့ နွား (ဂေါဏ) ကို ပေါင်းပြီး ရှင်အဇ္ဇဂေါဏ လို့တွင်တယ် ဆိုပါတယ်။

ရှင်အဇ္ဇဂေါဏက သံတွေကို သူ့ဓာတ်လုံးနဲ့ ပွတ်လိုက်ရင် ရွှေဖြစ်သွားတယ်လို့ ပြောကြပါတယ်။ အဲဒါကြောင့် မုဆိုးမက အစ ဘုရားတည်နိုင်လောက်အောင် ပုဂံမှာ ချမ်းသာသွားတယ်လို့ ဒဏ္ဍာရီ ဆန်ဆန် ပုံပြင်တွေ ရှိခဲ့ပါတယ်။ ကျွန်တော် အဓိက ဆွေးနွေးချင်တဲ့ အကြောင်းက အဲဒီကိစ္စပါ။ အဂ္ဂိရတ် ထိုးလို့ ပြဒါးကနေ ရွှေဖြစ်တယ်၊ သံကနေ ရွှေဖြစ်တယ် ဆိုတဲ့ ကိစ္စတွေကို ဓာတုဗေဒ ရှုထောင့်ကနေ လှည့်ပြီး တွေးကြည့်ချင် ပါတယ်။ ပြဒါးကနေ ရွှေဖြစ်နိုင်တယ်လို့ ယုံကြည်ခဲ့တာတော့ မြန်မာပြည် တစ်ခုတည်းတင် မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ အဂ္ဂိရတ် ပညာရှင်များ အစည်းအရုံး က ယုံကြည်ခဲ့ဟန် တူပါတယ်။ (ရှိခဲ့ရင် ပြောတာပါ။ :D ) တကမ္ဘာလုံးမှာ ပြဒါးကို ရွှေဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံတဲ့ အဂ္ဂိရတ်သမား အတော်များများ ရှိပါတယ်။ အိန္ဒိယကလည်း မဆလာနည်း၊ ဥရောပကလည်း သိုးဆောင်းနည်း၊ မြန်မာကလည်း မြန်မာ့နည်းနဲ့ ချဉ်းကပ်ပုံခြင်း ကွဲတာပဲ ရှိပါတယ်။ သူတို့ကို Alchemist လို့ အင်္ဂလိပ် ဘာသာမှာ ခေါ်ကြပါတယ်။ ဒါပေမယ့်လည်း သံကို ရွှေဖြစ်မယ်လို့ ယုံတာတော့ မြန်မာပဲ ရှိမယ် ထင်ပါတယ်။

ဓာတုဗေဒ သဘောတရားနဲ့ ကြည့်မယ်ဆိုရင် ပြဒါးနဲ့ ရွှေနဲ့က ဖွဲ့စည်းပုံခြင်း အတော် နီးစပ်ပါတယ်။ အောက်ကပုံမှာ ပြဒါးအက်တမ်ရဲ့ ဖွဲ့စည်းပုံ နဲ့ရွှေအက်တမ်ရဲ့ ဖွဲ့စည်းပုံကို နှိုင်းယှဉ်ပြထားပါတယ်။



ဓာတုဗေဒ အကြောင်း နည်းနည်း ပြန်ပြီး အစဖော်ပေး ပါရစေ။ အက်တမ် တစ်ခုရဲ့ အလယ်ဗဟို (nucleus) မှာ ပရိုတွန်တွေနဲ့ နျူထရွန်တွေ ရှိပါတယ်။ ပရိုတွန် အရေအတွက်နဲ့ ညီမျှတဲ့ အီလက်ထရွန်တွေဟာ ဘေးပတ်ပတ်လည်မှာ ရှိတဲ့ shell လို့ ခေါ်တဲ့ လမ်းကြောင်းတွေမှာ လှည့်ပတ်နေကြပါတယ်။ လမ်းကြောင်းတစ်ခုစီမှာ သတ်မှတ်ထားတဲ့ အီလက်ထရွန် အရေအတွက်ထက် ပိုပြီး မရှိနိုင်ပါဘူး။ ပထမလမ်းကြောင်းမှာ ၂ လုံး၊ ဒုတိယလမ်းကြောင်းမှာ ၈ လုံး၊ တတိယလမ်းကြောင်းမှာ ၁၈ လုံး၊ စတုတ္ထလမ်းကြောင်းမှာ ၃၂ လုံး၊ ပဉ္စမလမ်းကြောင်းမှာ ၃၂ လုံးအထိ ပဲ အများဆုံး ရှိနိုင်ပါတယ်။ လမ်းကြောင်းထဲမှာ အီလက်ထရွန် ပြည့်သွားရင် အီလက်ထရွန်ကို အလွယ်တကူ ဖယ်ထုတ်လို့ မရနိုင်တော့တဲ့ ဟီလီယမ်တို့ နီယွန်တို့လို့ လှုပ်ရှားမှုနည်းတဲ့ ဓာတ်ငွေ့ (inert gas) တွေ အဖြစ် ပြောင်းလဲသွား ပါတယ်။

ပြဒါးနဲ့ ရွှေရဲ့ အက်တမ် ဖွဲ့စည်းပုံကို နှိုင်းယှဉ်ကြည့်ရင် အီလက်ထရွန်တွေရဲ့ ပုံသဏ္ဌန်ဟာ စတုတ္ထမြောက်လမ်းကြောင်း အထိ အတူတူပါပဲ။ ပဉ္စမမြောက် လမ်းကြောင်းမှာတော့ ပြဒါးမှာ အီလက်ထရွန် နှစ်လုံး ရှိပေမယ့် ရွှေမှာ အီလက်ထရွန် တစ်လုံးတည်း ရှိပါတယ်။ အဲဒီတော့ ပြဒါးကနေ အီလက်ထရွန် တစ်လုံးကို ဖယ်ထုတ်နိုင်ရင် ရွှေနဲ့ ဖွဲ့စည်းပုံ တူသွားပါမယ်။ အီလက်ထရွန်ကို ဖယ်ထုတ်နိုင်ဖို့ စွမ်းအင် (Ionization Energy) လိုပါတယ်။ စွမ်းအင်ကလည်း သိပ်များများစားစား မဟုတ်ပါဘူး။

ဒါပေမယ့်လည်း ဇာတ်လမ်းက ထင်သလောက် မလွယ်ပါဘူး။ ပရိုတွန်တစ်လုံးဟာ လျှပ်စစ် ဓာတ်အားဖြင့် +1 ရှိပြီး အီလက်ထရွန် တစ်လုံးမှာ လျှပ်စစ် ဓာတ်အားဖြင့် -1 ရှိပါတယ်။ အီလက်ထရွန်နဲ့ ပရိုတွန် ညီနေရင် အဲဒီအက်တမ်ရဲ့ ဓာတ်ဟာ သုည ဖြစ်နေပါတယ်။ စွမ်းအင်သုံးပြီး ပြဒါးကနေ အီလက်ထရွန် တစ်လုံးကို ဖယ်ထုတ်နိုင်ပေမယ့် အလယ်ဗဟိုမှာ ရှိနေတဲ့ ပရိုတွန် အရေအတွက် ကတော့ ကွဲပြား နေဦးပါ။ ပြဒါးကနေ အီလက်ထရွန် တစ်လုံး ဖယ်ထုတ်လိုက်ရင် အလယ်ဗဟိုမှာ ပရိုတွန် တစ်လုံး ပိုနေတဲ့ အတွက် positive ion ပဲ ဖြစ်သွားပါမယ်။  အနီးအနားမှာ လွတ်လပ်စွာ ရွေ့လျားနေတဲ့ အီလက်ထရွန် တစ်ခုခု ရောက်လာရင် ခုနက ဖယ်ထုတ်လိုက်တဲ့ အီလက်ထရွန်နေရာကို အချိန်မရွေး ပြန်ဝင်လာနိုင်ပါတယ်။ အဲဒီအတွက် ပိုနေတဲ့ ပရိုတွန်ကိုပါ ထုတ်ဖို့ လိုလာပါမယ်။ အဲဒါအပြင် ရွှေမှာ နျူထရွန် ၁၁၈ လုံး ရှိပြီး ပြဒါးမှာ နျူထရွန် ၁၂၁ လုံး ရှိတဲ့အတွက် ပြဒါးကို ရွှေနဲ့ အလေးချိန် (atomic mass) ချင်း ညီသွားအောင်လို့ ပိုနေတဲ့ နျူထရွန် ၃လုံးကိုပါ ဖယ်ထုတ်ပစ်ရပါ့မယ်။

အီလက်ထရွန်ကို ဖယ်ထုတ်ရတာ လွယ်ပေမယ့် ပရိုတွန်နဲ့ နျူထရွန်ကို ဖယ်ထုတ်ရတာ မလွယ်ပါဘူး။ သိပ္ပံနည်းကျ လုပ်နိုင်တယ် ဆိုရင်တောင် အချိန် အတော်ယူရပါ့မယ်။ ငွေကုန်ကြေးကျလည်း အတော်များပါလိမ့်မယ်။ အဲဒီလို ဖယ်ထုတ်တဲ့ စရိတ်က ဖြစ်အောင်လုပ်နိုင်တဲ့ ရွှေပမာဏရဲ့ တန်ဖိုးထက်တောင် ပိုများလိမ့်မယ်လို့ ခန့်မှန်း ကြပါတယ်။ ပြဒါးကို ချက်ချင်း လက်ငင်း ဓာတ်လုံးနဲ့ ပွတ်လိုက်လို့ ရွှေဖြစ်သွားတယ်ဆိုရင်တော့ ပတ်ဝန်းကျင်က လူများ အဲဒီက ထွက်လာတဲ့ စွမ်းအင်ရဲ့ ဒဏ်ကို နျူးကလီးယားဗုံး ပေါက်သလောက် ခံစားရမလား မသိပါဘူး။

ပြဒါးကတောင် ရွှေဖြစ်ဖို့ အဲဒီလောက် ခက်ခဲနေမယ် ဆိုရင် သံကတော့ ပိုဆိုးပါတယ်။ ရွှေနဲ့သံရဲ့ အက်တမ် ဖွဲ့စည်းပုံခြင်းက တခြားစီပါပဲ။ ခဲ (Lead) နဲ့မှ နည်းနည်း ပိုပြီး နီးစပ်ပါဦးမယ်။


ပုံမှာ ကြည့်ရင် တွေ့နိုင်ပါတယ်။ ရွှေနဲ့သံရဲ့ အက်တမ်ဖွဲ့စည်းပုံခြင်းကတော့ မဆီလေးရယ်တဲ့မှ အိုမဆိုင် ဆိုသလို တခြားစီပါပဲ။ လမ်းကြောင်း(shell) အရေ အတွက်ချင်းတောင် မတူပါဘူး။ အလယ်ဗဟိုမှာရှိတဲ့ ပရိုတွန်နဲ့ နျူထရွန် အရေအတွက်ကလည်း ၃ ဆလောက် ကွာပါတယ်။ သံကို ရွှေဖြစ်အောင် ပြောင်းပေးနိုင်ဖို့က စူပါနိုဗာ ကြယ်ပေါက်ကွဲမှုလို နျူကလီးယားဗုံး အများကြီး တစ်ပြိုင်နက်တည်း ပေါက်သလောက် ပြင်းတဲ့ စွမ်းအင်မျိုးနဲ့မှ ရနိုင်ပါလိမ့်မယ်။

ဒါကြောင့်လည်း ပြဒါးတစ်လမ်း သံတစ်လမ်း လို့ ပြောတာ ဖြစ်ပါလိမ့်မယ်။ ပြဒါးက ရွှေဖြစ်ဖို့ဆိုရင် ရှိပြီးသား အီလက်ထရွန်တွေ ပရိုတွန်တွေ ထုတ်ပစ်ရမယ်။ သံကနေ ရွှေဖြစ်ဖို့ အတွက်တော့ အီလက်ထရွန် ပရိုတွန်တွေ ထပ်ထည့်ရမှာမို့ပါ။ ထည့်တာနဲ့ ထုတ်တာက တစ်လမ်းစီ မဟုတ်ဘူးလား။ :D

Saturday, December 11, 2010

အနော်ရထာ မတိုင်ခင် (Express Edition)

ပုဂံ ရာဇဝင်ကို တုတ်ထမ်းပြီးတော့ပဲ ပြောရမလား၊ ဓားထမ်းပြီးတော့ပဲ ပြောရမလား၊ မရှင်းဂန်းတွေ အေကေ-၄၇တွေ ကိုင်ပြီးတော့ပဲ ပြောရမလားတော့ မသိပါဘူး။ ရေးထားတာ ကတော့ တစ်ယောက်တစ်မျိုး ပါပဲ။ အရည်းကြီးတွေ ဆိုးတယ်ဆိုပြီး ရာဇဝင်ထဲမှာ ရေးထားပေမယ့်လည်း ဒေါက်တာသန်းထွန်းကတော့ အရည်းကြီးဆိုတာ သမိုင်းထဲ ရေးထားသလောက် မဆိုးဘူးလို့ ပြောခဲ့ဖူး ပါတယ်။ ပန်းဦး လွှတ်တယ် ဆိုတာလည်း စိတ်ကူးယဉ်သက်သက် တကယ် မရှိဘူးလို့ ဆိုခဲ့ဖူးပါတယ်။ စဉ်းစား ကြည့်ရင်လည်း ဟုတ်နိုင်စရာပါ။ ဘယ်သူက ကိုယ့်မိန်းမကို အရည်းကြီးဆီ လွှတ်ပြီး ပန်းဦး ဆက်ချင်ပါ့မလဲ။ မယားထိ ဓားကြည့် ဆိုသလို ပန်းဦးပို့မယ့် အစား ဓားနဲ့ နုပ်နုပ်စင်း ကြလို့ အရည်းကြီးလည်း အနော်ရထာ မတိုင်ခင် ကတည်းက အရည်းကြီး တုတ်ထိုးဖြစ်တာ ကြာလှရောပေါ့။ ဒီတစ်ခါတော့ အနော်ရထာ မတိုင်ခင် ပုဂံရာဇဝင်ကို Express Edition အနေနဲ့ ပြန်ပြောပြချင် ပါတယ်။

ပုဂံမြို့ကို တည်တဲ့မင်း၊ သရပါတံခါးကို ဆောက်ခဲ့တဲ့မင်းကို ပျဉ်ပြားမင်း လို့ ခေါ်ကြပါတယ်။ ဘာလို့ ပျဉ်ပြားမင်းလို့ ခေါ်သလဲ ဆိုတာကို ရာဇဝင်ထဲမှာ ရှာကြည့်တာတော့ မတွေ့ပါဘူး။ ပျဉ်ပြားတွေ တရုတ်ကို အိတ်စပို့လုပ်လို့ ပျဉ်ပြားမင်းလို့ တွင်တာလည်း ဖြစ်ချင်ဖြစ်မှာပါ။ အဲဒီ ပျဉ်ပြားမင်းကို တစ်ချို့ကတော့ ပျဉ်ဖြားမင်း လို့ ပြောကြပါတယ်။ ပျဉ်ပြားမင်းကြီး နတ်ရွာစံတော့ သူ့ရဲ့သား တန်နက်မင်းနန်းတက် ပါတယ်။

မြန်မာပြည်မှာ ကျင့်သုံးနေတဲ့ ဥပဒေ တစ်စိတ်တစ်ပိုင်းက ပုဂံခေတ်က ဆင်းသက်လာသလား မပြောတတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဖတ်ဖူး မှတ်ဖူးသလောက် မြန်မာနိုင်ငံ ဥပဒေထဲမှာ နိုင်ငံတော်ပုန်ကန်မှု အတွက် ပြစ်ဒဏ်က သေဒဏ် တစ်မျိုးတည်း ရှိပါတယ်။ ဒါပေမယ့် ခြွင်းချက်ကလေးတော့ ပါပါတယ်။ နိုင်ငံတော် ပုန်ကန်မှု အောင်မြင်ရင် ပြစ်ဒဏ်က လွတ်ကင်းခွင့် ရှိသည် ဆိုတာပါ။  ပုဂံခေတ်ကလည်း ဘုရင်ကို သေအောင် သတ်နိုင်ရင် ဘုရင် ဖြစ်ပါတယ်။ မသေမရှင် ဆိုရင်တော့ မဖြစ်ဘူး ထင်ပါတယ်။ တန်နက်မင်းလည်း မြင်းဇောင်းထဲမှာ သွားနေတုန်း မြင်းခံ ငခွေးက ဘုရင်ကို မြင်းချေးတွင်းထဲ တွန်းချပြီး ရှော့လိုက် ပါတယ်။ ဘုရင်ကို ရှော့လိုက်တဲ့ အတွက် မြင်းခံငခွေး ဘုရင် ဖြစ်လာပါတယ်။ အဲဒီဘုရင်ကို စလေငခွေးမင်းလို့ သိကြပါတယ်။

စလေငခွေး ဘုရင် ဖြစ်တော့ တန်နက်မင်းရဲ့ မိဖုရား တစ်ပါးလည်း ကိုဝင်းကြည်နဲ့ နန်းတော်ကနေ တိတ်တိတ်ကလေး လစ်သွားပါတယ်။ အဲဒီလိုနဲ့ ကြောင်ဖြူ အရပ်မှာ ဇာတ်မြှုပ်နေရင်း သားကလေး မွေးပါတယ်။ တန်နက်မင်းက သားကလေး မွေးရင် ကိုယ့်နာမည် ပေးပါလို့ မမှာခဲ့တော့လည်း ကြောင်ဖြူအရပ်မှာ မွေးလို့ ကြောင်ဖြူလို့ နာမည်ပေးတယ်လို့ ဆိုပါတယ်။ (မိဖုရားကြီး စစ်ကိုင်းတိုင်းထဲက နာဂတွေနေတဲ့ ဟိုမြို့မှာသာ သွားပြီး ဇာတ်မြှုပ်နေခဲ့ရင်တော့ မတွေးရဲ စရာပါ။) စလေငခွေးကိုတော့ သတ်မယ့်သူ မရှိပါဘူး။ ဒီဘုရင် အပြင်သွားရင် ဆင်တန်းတွေ မြင်းတန်းတွေနဲ့ သွားလို့လားတော့ မသိပါဘူး။ အဲဒီလိုနဲ့ စလေငခွေး အချိန်တန်လို့ မာလကာပင် တက်သွားတော့ သူ့ရဲ့သား သိန်းခိုမင်း နန်းတက်ပါတယ်။

တစ်နေ့တော့ သိန်းခိုမင်းဟာ တောကစား သွားပါတယ်။ တောထဲမှာ ဘာသွားကစားလဲတော့ ရာဇဝင်ထဲမှာ ရေးမထား ပါဘူး။ ရှမ်းကိုးမီးတို့ ၂၁ပေါက်တို့လည်း ဖြစ်ချင်ဖြစ်မှာပါ။ တောကစားရာက ပြန်လာတော့ ဘုရင်လည်း ဗိုက်ဆာလာ ပါတယ်။ အဲဒီတော့ အနီးအနားမှာ ရှိတဲ့ သခွားခင်းထဲမှာ သခွားသီး ဝင်ခူးစားပါတယ်။ နိုင်ငံတော်ထဲ ရှိရှိသမျှ ဘုရင့်ဘဏ္ဍာ မှတ်နေလို့ နေမှာပါ။ ဒါပေမယ့်လည်း သခွားခင်း ပိုင်ရှင် တောင်သူကြီးက သူ့အခင်းထဲ ဝင်လာပြီး ဘာမပြော ညာမပြောနဲ့ သခွားသီး ဝင်စားတာတွေ့တော့ ဘာကောင်မှန်း မသိလို့ ကျွေးထည့်လိုက်ပါတယ်။ သခွားသီးတော့ မဟုတ်ပါဘူး။ ဘုရင်လည်း အစားမတော် တလုပ် ဆိုသလို တောင်သူကြီး လက်ချက်နဲ့ ဂိ သွားပါတယ်။

သတ်ပြီးမှ ဘုရင်မှန်းသိတော့လည်း တောင်သူကြီးက အော်တိုငုတ်တုပ် ဘုရင် ဖြစ်သွားပါတယ်။ အဲဒီ ဘုရင်ကို တောင်သူကြီးမင်း၊ ညောင်ဦးစောရဟန်း၊ မင်းအိုချမ်းသာ စတဲ့ နံမည် အမျိုးမျိုး ခေါ်ကြပါတယ်။ အဲဒီအချိန်မှာ ခုန ဇာတ်မြုပ်နေတဲ့ မင်းသား ပြန်ပေါ်လာပါတယ်။ ကြောင်ဖြူမှာ မွေးတဲ့ ကြောင်ဖြူမင်းသားဟာ တောင်သူကြီးမင်း လက်ထက်မှာ ရွိုင်ရယ် ကွမ်းယာသည် ရာထူးကို ရပါတယ်။ ဘုရင်ကို နိုင်တီတူးနဲ့ စားမလား၊ စင်ကနယ်နဲ့ စားမလား၊ ဖာလာထည့်မလား ဂုံခါးထည့်မလား စတာမျိုး မေးပြီး ကွမ်းယာဆက်ရတဲ့ ရာထူးပါ။ အဲဒီခေတ်ကတော့ တော်ဝင် ကွမ်းယာတဲ့သူကို ကွမ်းဆော်လို့ ခေါ်ကြပါတယ်။

တစ်နေ့တော့ တုရွင်းတောင်ခြေမှာ မင်းလောင်းပေါ်တယ် ဆိုပြီးတော့ ဝီကီလိခ်စ် ကနေတစ်ဆင့် ဘုရင်ဆီကို သတင်း ရောက်လာ ပါတယ်။ ဘုရင်လည်း မင်းလောင်းဆိုတာ ဘာကောင်ကြီးမှန်း မသိလို့ ကြောင်ဖြူမင်းသားကို သွားကြည့်စမ်းဆိုပြီး ခိုင်းလိုက် ပါတယ်။ ကြောင်ဖြူမင်းသားလည်း ဘုရင်ခိုင်းလိုက်လို့ တုရွင်းတောင်ခြေသွားတုန်း လမ်းမှာ ဘုရင်အဝတ်အစားတွေ လေဘေးထည် အနေနဲ့ ရောင်းနေတာ တွေ့တာနဲ့ ဝယ်ဝတ်ပါတယ်။ (ရာဇဝင်ထဲမှာတော့ သိကြားမင်းက ပေးတယ် ရေးထားသလို အဖိုးကြီးတစ်ယောက်က ပေးတယ်လို့လည်း ရေးထားပါတယ်။) ကြောင်ဖြူမင်းသား နန်းတော် ပြန်လာတဲ့အချိန် ဘုရင်အဝတ်အစား ဝတ်လာတာမို့ တောင်သူကြီးမင်းလည်း ပုလ္လင်ပေါ်ကနေ "နင်ထွက်သွားစမ်း။ ထွက်သွားစမ်း။ အခုပဲ ထွက်သွားလိုက်တော့။" လို့ အော်ရင်း ပြုတ်ကျလို့ ဂန့် သွားပါတယ်။ ထက်ထက်မိုးဦးလို ပါးတောင် မရိုက်လိုက်ရပါဘူး။ ကွမ်းဆော် ရာထူးကို ယူပြီး ကြောင်ဖြူ အရပ်မှာ မွေးတဲ့ မင်းသား ဘုရင် ဖြစ်တော့ ကွမ်းဆော်ကြောင်ဖြူလို့ တွင်ပါတယ်။

တောင်သူကြီးမင်းက ညီအစ်မ ၃ယောက်ကို ယူထားပါတယ်။ အဲဒီမိဖုရား ၃ပါးကို တောင်ပြင်သည်၊ အလယ်ပြင်သည်နဲ့ မြောက်ပြင်သည် လို့ ခေါ်ကြပါတယ်။ (ကျောက်ပျဉ်သည်တော့ မပါပါဘူး။) ကွမ်းဆော်ကြောင်ဖြူ ဘုရင်ဖြစ်တော့ ဘုရင် ရွေးထားတယ် ဆိုကတည်းက အကိတ်ကလေးတွေ နေမှာပဲ ဆိုပြီးတော့ အဲဒီ ၃ယောက်ကို ဆက်ပြီး မိဖုရား မြှောက်ထား လိုက်ပါတယ်။ ဒါပေမယ့်လည်း ကြောင်ဖြူမင်း ပိုက်ဘောမိသွားပါတယ်။ မြောက်ပြင်သည်နဲ့ အလယ်ပြင်သည်ကို တောင်သူကြီးမင်းက ဂိုးသွင်းပြီးသားပါ ။ အဲဒီလိုနဲ့ မြောက်ပြင်သည်က နေ ကျဉ်စိုး (အိုင်စီ အိမ်ဘုရင် နဲ့ နံမည် ခပ်ဆင်ဆင် :D) နဲ့ အလယ်ပြင်သည် ကနေ စုက္ကတေး ဆိုတဲ့ မင်းသား နှစ်ပါးကို မွေးပါတယ်။ အငယ်ဆုံး မိဖုရားကိုတော့ ကြောင်ဖြူမင်း ကိုယ်တိုင် ဂိုးသွင်းပြီး အနော်ရထာကို မွေးပါတယ်။

ကျဉ်စိုးနဲ့ စုက္ကတေး အရွယ်ရောက်လာတော့ ကျောင်းအဖြူတစ်ဆောင် ဆောက်ပြီးတော့ ဘုရင်ကို အတင်းအကျပ် ရဟန်းဝတ်ခိုင်းပါတယ်။ ဘယ်လို အကျပ်ကိုင်သလဲတော့ မပြောတတ်ပါဘူး။ ဘလက်မေးလ် လုပ်တာလား၊ အင်တာနက်ပေါ်မှာ ဗွီဒီယိုတွေ တင်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်တာလား ဆိုတာတော့ ရာဇဝင်ထဲမှာ ရေးမထားပါဘူး။ ဒီလိုနဲ့ ကျဉ်စိုးက ဘုရင် ဖြစ်လာပါတယ်။ ကျဉ်စိုးလည်း သက်ဆိုး မရှည်ပါဘူး။ ခြောက်နှစ်အကြာမှာ ရှောဘရားသား ဖြစ်သွားပါတယ်။

ကျဉ်စိုး ပြီးတော့ စုက္ကတေးက ဆက်ပြီး နန်းတက်ပါတယ်။ တစ်နေ့တော့ စုက္ကတေးက အနော်ရထာကို "ညီသားနောင်မယ်" လို့ခေါ်ပါတယ်။ အနော်ရထာကလည်း ဘာအဓိပ္ပာယ်မှန်း မသိလို့ ရဟန်းဝတ်နေတဲ့ သူ့အဖေ ကြောင်ဖြူမင်းကို သွားမေးပါတယ်။ ကြောင်ဖြူမင်းက "ဟဲ့ကောင်။ အနော်ရထာ။ နင်အဲဒီလောက် ပိန်းရသလား။ အဲဒါ နင့်ကို ငါရိုးမကျား လို့ ဆဲတာနဲ့ အတူတူပဲ။ မင်းအမေကို သိမ်းပိုက်မယ် လို့ ပြောတာ။" ဆိုပြီး တစ်ပ် ပေးလိုက်ပါတယ်။ ကြောင်ဖြူမင်းက ကိုယ့်ဆံပင်ကိုယ် ညှပ်နေရတယ် ဘာညာ ပြောတယ်တော့ ရာဇဝင်ထဲမှာ ရေးမထားပါဘူး။

အဲဒါကြောင့် အနော်ရထာ နည်းနည်း တင်းသွားပါတယ်။ ဒါနဲ့ပဲ ပုပ္ပားကို သွားပြီး လူစုပါတယ်။ နောက်တော့ ပုဂံကို ပြန်တိုက်ဖို့ ချီတက်လာပါတယ်။ အဲဒါကို စုက္ကတေး ကသိတော့ ။ "ဟေ့ကောင်။ အနော်ရထာ။ စစ်တိုက်မနေနဲ့။ မဆိုင်တဲ့သူတွေ အကုန်သေကုန်မယ်။ သတ္တိရှိရင် မင်းနဲ့ ငါနဲ့ တပွေချင်း ဆွဲမယ်။" ဆိုပြီး စိန်ခေါ်ပါတယ်။ အနော်ရထာက သဘောတူတော့ သူတို့နှစ်ယောက် ပုဂံမြို့ တစ်နေရာမှာ ချိန်းပြီး ဖိုက်ကြပါတယ်။ စီးချင်းထိုးပွဲမှာ စုက္ကတေးကို အနော်ရထာက လှံနဲ့ထိုးလိုက်တာ မြင်းပေါ်မှာ လှံနဲ့အတူ ပါသွားလို့ အဲဒီအရပ်ကို မြင်းကပါ အရပ်လို့ ခေါ်တယ် ဆိုကြပါတယ်။ စုက္ကတေး ကြွသွားတော့ အနော်ရထာ ဘုရင် ဖြစ်လာပါတယ်။

ဒါကတော့ ပျဉ်ပြားမင်း လက်ထက်ကနေ အနော်ရထာ ဘုရင်ဖြစ်လာတဲ့ အချိန်အထိ ပုဂံရာဇဝင် Express Edition ပါပဲ။

တခြားဖတ်ရန်

ဗျတ်ဝိဗျတ္တ For Dummies
ဖောင်းကားစား Remix
မောင်ပေါက်ကျိုင်း Version 2009
Unofficial Guide to မင်းမဟာဂီရိ

Friday, May 28, 2010

ဗျတ်ဝိဗျတ္တ For Dummies

One day မှာ လေကြီးမိုးကြီး အုန်းဒိုင်းတော့ တနင်္သာရီ ကမ်းရိုးတန်းမှာ သင်္ဘောတစ်စီး ပျက်ပါတယ်။ အချိန်က ပုဂံခေတ် ဆိုတော့ ကြေးနန်းတွေ တယ်လီဖုန်းတွေ မရှိသေးတဲ့အတွက် သင်္ဘောပျက်ရင် SOS တွေ၊ မေဒေးတွေ ခေါ်လို့ မရပါဘူး။ ဟယ်လီကော့ပတာနဲ့ လာကယ်မယ့် သူလည်း မရှိပါဘူး။ အဲဒါကြောင့် အိန္ဒိယ သင်္ဘောသား မှတ်ပုံတင် ကိုင်ထားတဲ့ ဗျတ်ဝိနဲ့ ဗျတ္တဆိုတဲ့ သင်္ဘောသီး နှစ်ယောက်ဟာ ပင်လယ်ထဲမှာ ယက်ကန်ယက်ကန်နဲ့ မျောလာကြ ပါတယ်။ သူတို့ ညီအစ်ကို နှစ်ယောက်ကို တွေ့တော့ သထုံက ဘုန်းကြီး တစ်ပါးက ကယ်ဆယ်ထားလိုက်ပါတယ်။

အဲဒီတုန်းက အခုခေတ်လို ပိုက်ဆံတောင်းမယ့် လဝက လည်း မရှိ၊ အိန္ဒိယကို ပြန်ဖို့ ဖလိုက်လည်း မရှိတာကြောင့် သူတို့ နှစ်ယောက်ဟာ သထုံမှာပဲ အိုဗာစတေးနဲ့ နေနေကြပါတယ်။ ဘုန်းကြီးက သူတို့ကို LTLT (လက်တိုလက်တောင်း) နဲ့ TTMY (တောက်တိုမယ်ရ) ရာထူး အသီးသီးနဲ့ ဘုန်းကြီးကျောင်းမှာ အလုပ် ခန့်ထားလိုက် ပါတယ်။

တစ်နေ့တော့ ဘုန်းကြီးက တောထဲကို သစ်သီးသစ်ဥတွေ ရှာဖို့ သွားတဲ့အချိန် ဗျတ်ဝိဗျတ္တ ညီအစ်ကို ကို ခေါ်သွားပါတယ်။ တောထဲရောက်တော့ သစ်ပင်ပေါ်မှာ ဘဲကင်လို အနံ့မွှေးပြီး အရောင် တဝင်းဝင်းနဲ့ ထူးထူးဆန်းဆန်း အရာတစ်ခုကို တွေ့တော့ ဗျတ်ဝိဗျတ္တ ညီအစ်ကိုက ဘုန်းကြီးကို အဲဒါဘာလဲ လို့မေးကြပါတယ်။

ဘုန်းကြီးက အဲဒါ ဇော်ဂျီဖိုဝင်သား ဖြစ်တဲ့အကြောင်း၊ ဇော်ဂျီဆိုတာ စူပါမင်းနဲ့ Ratman ပေါင်းထားတာ ဖြစ်တဲ့အကြောင်း ရှင်းပြပါတယ်။ စူပါမင်းလို မိုးပျံလို့ ရသလို ကြွက်လိုလည်း မြေလျှိုးလို့ ရလို့ပါ။ ဇော်ဂျီဖြစ်ဖို့ ကျောက်ဖျာပေါ်မှာ ဆေးကြိတ်ရတယ်။ ပြီးရင် ဥုံဖွနဲ့ ဂါထာမန္တာန်တွေ ရွတ်ရတယ်။ ဇော်ဂျီဖြစ်သွားရင်တော့ အသက်က နှစ်ပေါင်းထောင်နဲ့ချီ ရှည်တဲ့ အကြောင်း၊ ကောင်မလေးတွေ လိုချင်ရင်လည်း စင်တင်တေးဂီတမှာ ပန်းကုံးတွေ အများကြီး စွပ်ပြီး သွားလျော်စရာ မလိုဘဲ တောင်ဝှေးနဲ့ သစ်ပင်ပေါ်က သူယောင်သီးတွေကို လိုက်ထိုးရုံသာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ အခု ဇော်ဂျီဖိုဝင်သား ဆိုတာက လူကနေ ဇော်ဂျီ အဖြစ် ပြောင်းသွားတဲ့ အချိန်မှာ ကျန်ခဲ့တဲ့ အခွံဖြစ်တဲ့ အကြောင်းလည်း ပြောပြပါတယ်။

ဘုန်းကြီးက အဲဒီ ဇော်ဂျီဖိုဝင်သားကို စားရင် ဟာကြူလီလို အားရှိမယ်၊ လက်နက်အမျိုးမျိုးကို ပီး စေမယ်ဆိုတာ သိလို့ အချိန်ကောင်း အခါကောင်းမှာ စားဖို့အတွက် ဘုန်းကြီးကျောင်းကို ပြန်သယ်လာဖို့ ဗျတ်ဝိဗျတ္တကို ခိုင်းလိုက်ပါတယ်။ ဒါပေမယ့် ဘုန်းကြီး အိပ်ပျော်နေတဲ့အချိန်မှာ ဟိုညီအစ်ကို နှစ်ယောက်က ဇော်ဂျီ ဖိုဝင်သားရဲ မွှေးလွန်းတဲ့ အနံ့ကြောင့် မအောင့်နိုင်တော့ဘဲ အမုန်းဆွဲ လိုက်ကြပါတယ်။ ဇော်ဂျီဖိုဝင်သားကို စားအပြီးမှာတော့ သူတို့ နှစ်ယောက်ဟာ သာမန် မဟုတ်တော့တာကို သတိထားမိပါတယ်။ ခုန်လိုက်ရင် လေထဲကို အမြင့်ကြီး ရောက်သွားသလို သစ်ပင်ကို မှီလိုက်ရင် သစ်ပင်က လဲကျသွားပါတယ်။ နောက်ဆုံး ဘုန်းကြီးကျောင်းကို မလိုက်ရင်တောင်မှ ဘုန်းကြီးကျောင်းက သူတို့လက်ထဲမှာ ကစားစရာ တစ်ခုလိုပါလာတာကို တွေ့ရပါတယ်။ အဲဒီတော့ ဗျတ်ဝိကဗျတ္တနဲ့ တိုင်ပင်ပြီး ဘုန်းကြီးကျောင်းကို ပြောင်းပြန်လှန်ထား ကြပါတယ်။ ဘုန်းကြီး အိပ်ရာကနိုးတော့ သူ့ကျောင်း ပြောင်းပြန်လှန်နေတာ တွေ့ရတဲ့အတွက် ဟိုနှစ်ယောက်တော့ သူ့ကို ကျော်သွားပြီ ဆိုတာ သိလိုက်ပါတယ်။ ဒါပေမယ့်လည်း လွန်သွားပြီမို့ ဘာမှမတတ်နိုင်တော့ပါဘူး။

နောက်တော့ ဗျတ်ဝိနဲ့ ဗျတ္တကို တခြားလူတွေက ဝိုင်းကြပ်ပေးကြလို့ သူတို့နှစ်ယောက်ဟာ နာမည်ကြီး လူဆိုးဗိုလ်တွေ ဖြစ်လာကြပါတယ်။ သထုံက မနူဟာ ဘုရင်ကလည်း ဗျတ်ဝိဗျတ္တကို မိရင် လှအဉ္ဇလီတင့်နဲ့ ဘာလီကျွန်းကို အလည်ပို့ပေးမယ် ဆိုပြီး တီဗွီမှာ ကြော်ငြာတာတောင်မှ သူတို့ကို ဖမ်းနိုင်တဲ့သူ မရှိပါဘူး။ ဒါနဲ့ စစ်သူကြီးက ဗျတ်ဝိဗျတ္တကို ဖမ်းဖို့ အကြံအဖန် လုပ်ပါတယ်။ အဲဒီလိုနဲ့ စုံစမ်းတော့ မြို့ထဲမှာ ဗျတ်ဝိ အပီအပြင် လျော်နေတဲ့ မအိုဇာဆိုတဲ့ ကောင်မလေး တစ်ယောက်ရှိတဲ့ အကြောင်းနဲ့ ညဖက်ဆိုရင် ဗျတ်ဝိ အဲဒီ ကောင်မလေး ဆီကို လာပြီး ကြူတတ်တဲ့ အကြောင်း သတင်းရသွားပါတယ်။

စစ်သူကြီးကသူ့ရဲ့ ပညာရှိနဲ့ တိုင်ပင်တော့ ပညာရှိက ဗျတ်ဝိကို ဘုန်းနိမ့်သွားအောင် သူလာမယ့်လမ်းမှာ ထမိန်ကြိုးတန်း တန်းထားဖို့ အကြံပေးပါတယ်။ ညဘက်ရောက်တော့ ဗျတ်ဝိက သူ့ကို ထောင်ချောက် ဆင်ထားတာ မသိလို့ ထုံးစံအတိုင်း လာရာလမ်းကနေ လာပါတယ်။ ထမိန်ကြိုးတန်းအောက်ကို ဖြတ်ပြီးတော့ သူ့တကိုယ်လုံး ယားလာတော့ အေကိုက်ပြီလား မသိဘူးလို့ တွေးလိုက်မိပါတယ်။ အဲဒီအချိန်မှာပဲ စစ်သူကြီး ရဲ့လူတွေက ဗျတ်ဝိကို ဆွဲစိလိုက်ပါတယ်။ ဗျတ်ဝိလည်း အလွတ်ရုန်းဖို့ ကြိုးစားပေမယ့် မရတဲ့ အတွက် အစိခံလိုက်ရပါတယ်။

စစ်သူကြီးရဲ့ လူတွေက ဗျတ်ဝိကို တုတ်နဲ့ရိုက် ဓားနဲ့ခုတ် ဝိုင်းပြီး သမကြပေမယ့် ဗျတ်ဝိရဲ့ ကိုယ်မှာ အစင်းရာတောင် ထင်အောင် မလုပ်နိုင်ပါဘူး။ ဗျတ်ဝိက ပျင်းတောင် ပျင်းသေးတယ် ဆိုပြီး တွံတေးသိန်းတန် သီချင်းတောင် ဆိုပြလိုက် ပါသေးတယ်။ ဗျတ်ဝိမှာ တန်ခိုးတွေ ပျောက်သွားပေမယ့် သူ့ရဲ့ စိတ်ကို တင်းထားတဲ့အတွက် ဘယ်လိုမှ သတ်လို့ မရပါဘူး။ ဗျတ်ဝိ စိတ်ကိုလျှော့လိုက်မှ ရမယ်ဆိုပြီး စစ်သူကြီးရဲ့ ပညာရှိက ပြောပါတယ်။

စစ်သူကြီးကလည်း အကြံအဖန် အတော်များပါတယ်။ သူက ဗျတ်ဝိကို ပုံပြင်တွေ ပြောပါတယ်။ "မင်းချစ်ချစ် မအိုဇာကတော့ မင်းကို သစ္စာဖောက် သွားပြီ။ သူ့ကို ဘုရင်က သူ့နန်းတော်ထဲမှာ ရှိတဲ့ ကြိုက်တဲ့သူရွေး။ ပေးစားမယ်လို့ ပြောထားလို့ အခုရွစိတက် နေပြီ။" ဆိုတော့ ဗျတ်ဝိက "မင်းငါ့ကို လာပြီး ဂျင်းမထည့်နဲ့။ မရဘူး။" လို့ ပြန်ပြောပါတယ်။ မြို့ဝန်က "မင်းကို ဖိန့်နေတာ မဟုတ်ဘူး။ မင်းချစ်ချစ်က မင်းကို မာလကီးယား သွားစေချင်နေပြီ။ ငါတို့ ဆီမှာ ထုံးစံရှိတယ်။ သေမယ့်သူကို ကွမ်းတယာ ရေတမှုတ် ပေးရတယ်။ မင်းကို မအိုဇာက ကွမ်းတယာ ရေတမှုတ် လာပေးလိမ့်မယ် မယုံရင် ကြည့်နေ" ဆိုပြီး ပြောပါတယ်။ ဗျတ်ဝိလည်း စစ်သူကြီး ဆီက စကားကို ကြားတော့ ရက်ဘစ်ထင် ကက်ထင်တွေ ဖြစ်သွားပါတယ်။

စစ်သူကြီးက မအိုဇာကိုတော့ "နင့်ဘဲကြီးကို ဘုရင်က လွှတ်ပေးလိုက်ပြီ။ အဲဒါ နင့်ကို စောင့်နေတယ် သွားတွေ့လိုက်" ဆိုပြီး ပြောပါတယ်။ မအိုဇာလည်း ပျော်သွားပြီး ဗျတ်ဝိဆီကို အမြန်သုတ် ပါတယ်။ စစ်သူကြီးက မအိုဇာ သွားခါနီးမှ "ဒီအတိုင်း လက်ချည်းပဲ သွားတော့ မလို့လား။ ငါ့ဆီမှာ နိုင်တီတူးနဲ့ ယာထားတဲ့ ကွမ်းယာ ရှိတယ်။ အလယ်ပိုင်း (Alpine) သောက်ရေသန့် လေးနဲ့ အတူ ယူသွားဦးလေ။" ဆိုတာနဲ့ မအိုဇာက အူကြောင်ကြောင်နဲ့ မြို့ဝန်ကမ်းပေးလိုက်တဲ့ ကွမ်းတယာ ရေတမှုတ်ကို ယူသွားပါတယ်။

မအိုဇာ ကွမ်းတယာ ရေတမှုတ်နဲ့ လာနေတာ တွေ့တော့ ဗျတ်ဝိမှာ ဟတ်ထိသွားပါတယ်။ သူ့ကို သတ်တောင် မသတ်လိုက်ရပါဘူး။ သူ့ရဲ့ နှလုံးသားက ဝုန်းကနဲ ပေါက်ထွက်သွားပြီး အဲဒီနေရာမှာတင် ကြွသွားပါတယ်။ ဗျတ်ဝိမှာ သေတာတောင် သာသာယာယာ မရှိပါဘူး။ ဘုရင်က သူ့ခန္ဓာကိုယ်ကို လေးပိုင်း ဖြတ်ပြီး မြို့ထောင့်မှာ မြှုပ်ထားပါတယ်။ အဲဒါအပြင် မြို့ရိုးကိုလည်း သူ့ရဲ့သွေးတွေနဲ့ ဖျန်းထားပါတယ်။ အစောင့်အကြပ် ထားတဲ့ သဘောပါပဲ။

ဗျတ်ဝိရဲ့ သတင်းကို ကြားတော့ ဗျတ္တလည်း မဖြစ်ချေဘူး ဆိုပြီးတော့ ပုဂံကို စတေးရှောင်သွားပါတယ်။ ဗျတ်ဝိသေတာ ဘယ်လို ခံစားရသလဲ လို့ မေးမယ့် သတင်းထောက်တွေတောင် ဖမ်းလို့ မမိလိုက် ပါဘူး။ ပုဂံရောက်တော့ အနော်ရထာဘုရင် ဆီမှာ ဝင်ပြီး အမှုထမ်း ပါတယ်။ အနော်ရထာက ဗျတ္တကို Undercover အေးဂျင့်အနေနဲ့ ပုပ္ပားကို လွှတ်လိုက်ပါတယ်။ ပုပ္ပားမှာ အနော်ရထာရဲ့ လူတွေကို မြင်းစီးနဲ့ အတိုက်အခိုက်တွေ သင်ပေးဖို့ပါ။ ဒါပေမယ့် လူရှိန်အောင်လို့ ဗျတ္တရဲ့ တာဝန်ဟာ ပုဂံမှာ ရှိတဲ့ မိဖုရားတွေ အတွက် ပန်းဆက်ဖို့လိုပဲ သတင်းလွှင့် ထားပါတယ်။ ဗျတ္တ ပုဂံကနေ ပုပ္ပားကို သွားတဲ့လမ်းကို အခုခေတ် ဗျတ္တပန်းဆက်လမ်းလို့ ခေါ်ကြပါတယ်။

အဲဒီလိုနဲ့ ဗျတ္တဟာ ပုပ္ပားကို သွားရင်း ပုပ္ပားတောင်က ပန်းပွင့်တွေ ကြားထဲမှာနေတဲ့ ဘီလူးမလေး မယ်ဝဏ္ဏကို အီစီကလီ သွားရိုက်ပါတယ်။ နောက်တော့ ဗျတ္တနဲ့ မယ်ဝဏ္ဏတို့ ညိသွားကြပြီး သား ၂ယောက် မွေးပါတယ်။ အနော်ရထာက သူတို့ရဲ့ သားနှစ်ယောက်ကို ရွှေအိုး တစ်လုံးစီ ချီးမြှင့်တဲ့အတွက် ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ် လို့ အမည်တွင်ပါတယ်။

ဒီလိုနဲ့ နောက်တော့ အနော်ရထာဘုရင် သထုံကို သွားတိုက်ဖို့ ပြင်ပါတယ်။ အနော်ရထာရဲ့ တပ်ဟာ ဗျတ်ဝိရဲ့ ဝိညာဉ် စောင့်နေတဲ့ မြို့ရိုးကို ဘယ်လိုမှ ကျော်လို့ မရပါဘူး။ မြို့ရိုးကို ကျော်ဖို့ ကြိုးစားတဲ့ သူတိုင်း ဗျတ်ဝိရဲ့ ဝိညာဉ်က ဆီးပြီး သမလို့ အကုန်လုံး လန်ပြီး ပြန်လာရပါတယ်။ အဲဒီတော့ ဘုရင်က သထုံကို ကျွမ်းတဲ့ ဗျတ္တကို စပိုင်အနေနဲ့ လွှတ်ပါတယ်။ ဗျတ္တက သူ့ရဲ့ မတော်လိုက်ရတဲ့ မရီးကနေ တဆင့် စုံစမ်းတော့ မြို့ရိုးကို ဗျတ်ဝိရဲ့ သွေးတွေနဲ့ ဖျန်းပြီး အစောင့်အကြပ်လုပ်ခိုင်းထားတယ် ဆိုတာကို သိလိုက်ရပါတယ်။ တစ်နေ့တော့ ဗျတ္တ မြို့ရိုးနားမှာ ညဘက် လမ်းသလား နေတုန်း သူ့အစ်ကို ဗျတ်ဝိရဲ့ ဝိညာဉ်နဲ့ တွေ့ပါတယ်။ ဗျတ်ဝိက "ငါလည်း မတတ်နိုင်ဘူး။ သထုံဘုရင်က ငါ့ကို စောင့်ခိုင်းတော့ စောင့်ရမှာပဲ။ ဒါပေမယ့် မြို့ရိုးမှာ ငါ့သွေးနဲ့ မထိတဲ့ ကြက်မတဝပ်စာ နေရာ ရှိတယ်။ အဲဒီနေရာကနေ ဝင်တိုက်ရင်တော့ ရမယ်။" လို့ လက်ထောက်ချ လိုက်ပါတယ်။ ဗျတ်ဝိရဲ့ အကြံပေးချက် အတိုင်း အဲဒီနေရာကနေ တစ်ဆင့် မြို့ရိုးကို တိုက်တော့ သထုံကို သိမ်းပိုက်နိုင် လိုက်ပါတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်း မလှစွာပဲ သထုံမြို့သိမ်း တိုက်ပွဲမှာ ဗျတ်တ္တတစ်ယောက် ကြွသွားပါတယ်။

အဲဒါကတော့ မင်းကြီး မင်းလေးရဲ့ ဒက်ဒီဖားသား ဗျတ္တနဲ့ သူ့ရဲ့ အစ်ကို ဗျတ်ဝိတို့ရဲ့ ဒဏ္ဍာရီပါ။ ဒေါ်ခင်မျိုးချစ်ရဲ့ တောင်ပြုံးအကြောင်း အက်ဆေးနဲ့ ဦးကုလား မဟာရာဇဝင်ကြီးကို ကိုးကား ထားပါတယ်။

Monday, July 6, 2009

ဖောင်းကားစား Remix

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ မာလကီးယားသွားတော့ သားတော်တွေကို ကြီးစဉ်ငယ်လိုက် မင်းပြုဖို့ မှာခဲ့ပါတယ်။ ပထမဆုံး သားတော်ကြီး ဖြစ်တဲ့ နောင်တော်ကြီး လို့ခေါ်တဲ့ ဒီပဲယင်းမင်း နန်းတက်ပါတယ်။ တစ်နေ့တော့ နောင်တော်ကြီး တစ်ယောက် ညဖက် ဥယျာဉ်တော် ထဲမှာ မိဖုရားကြီးနဲ့ ပွားနေတုန်း ညီတော် မြေဒူးမင်းက သေနတ်နဲ့ ချောင်းပစ်လို့ ရှောဘရားသား ဖြစ်သွားပါတယ်။ မြေဒူးမင်း နန်းတက်တော့ အလောင်းမင်းတရား မှာခဲ့တာကို မသိချင်ယောင် ဆောင်ပြီး သူ့ညီ ဘိုးတော် ကို အိမ်ရှေ့အရာ မပေးပဲ သားဖြစ်သူ စဉ့်ကူးမင်းကို အိမ်ရှေ့ အရာ ပေးပါတယ်။ နောင်တော်ကြီးရဲ့ သား မောင်မောင်ကိုတော့ ဖောင်းကားရွာကို စားစေပါတယ်။ ဆင်ဖြူရှင်ခေါ်တဲ့ မြေဒူးမင်း လွန်တဲ့ အချိန်မှာတော့ သားဖြစ်သူ စဉ့်ကူးမင်း နန်းတက်ပါတယ်။

အချိန်ကတော့ ကုန်းဘောင် နေပြည်တော်မှာ စဉ့်ကူးမင်း အုပ်ချုပ်တဲ့ အချိန်ပါ။ စဉ့်ကူးမင်းကတော့ သူ့ရဲ့ ဒက်ဒီ ဖားသား ဆင်ဖြူရှင် လို အလုပ်မရှိ အကိုင်မရှိတိုင်း ယပက်လက်ကို သွားဖဲ့ မနေပဲ တိုင်းပြည်ထဲမှာပဲ လိမ့်နေပါတယ်။ အခုလည်း မနက်ကတည်းက အညာသီဟတော ဘုရားဖူး သွားမယ် ဆိုပြီး လစ်သွားလို့ နန်းတော်ထဲမှာ ကျန်တဲ့ မင်းမှုထမ်းတွေ အားလုံး ဖရီးရိုက် နေကြပါတယ်။ ဟယ်လီကော့ပတာ နဲ့ သွားတာ မဟုတ်တော့လည်း နေ့ချင်းပြန် ရောက်မှာ မဟုတ်မှန်း အားလုံးက သိထားကြပါတယ်။

နေဝင်ရီတရောမှာတော့ မြို့တံခါး စောင့်တဲ့ ဝန်ထမ်းတွေဟာ ထုံးစံအတိုင်း ဖြတ်သွားသမျှ လူတွေအားလုံးကို ဟောက်စား လုပ်နေကြပါတယ်။ ဒီလိုနဲ့ ညနေစောင်း ဘရားသား မသိတသိ အချိန်လောက်မှာ “လမ်းကြောင်း” ဆိုပြီး အော်သံ ကြားလို့ ဝန်ထမ်းတွေ အားလုံး လန့်သွားပါတယ်။ တံခါးစောင့် ဝန်ထမ်းတွေလည်း အံ့သြတကြီး နဲ့ အချင်းချင်း ပြောကြပါတယ်။

“ကွိုင်ပဲ။ ဘုရင်က မနက်ကမှ ထွက်သွားတာ မဟုတ်လား။ ဘယ်လိုကြောင့် ပြန်ရောက်လာတာလဲ။”
“အိမ်သာ တက်ချင်လို့ ဖြစ်မှာပေါ့။”
“နင့်ကြီးဒေါ်ကြီး။ အိမ်သာတက်ချင် လမ်းမှာ တက်မှာပေါ့။ တကူးတက နန်းတော်ကို ပြန်လာမလား။”
“ဒါဆိုလည်း ဒီည ချန်ပီယံလိဂ် ကြည့်မလို့ လမ်းမှာ လိုင်းမမိ လို့ နေမှာပေါ့။”
“ငါတော့ မထင်ဘူး။ သူမရှိတုန်း နန်းတော်ထဲမှာ မှူးမတ်တွေ ရှမ်းကိုးမီး ဝိုင်းကောင်းနေတယ် ကြားလို့ လာပြန် Join တာ ဖြစ်မယ်။”

ဝန်ထမ်းတွေလည်း လမ်းကြောင်း အသံကြားတော့ လူတွေ အားလုံး လမ်းဘေးချရပ် အဲ လမ်းဘေးကို ဖယ်ဖို့ ပြင်ရပါတယ်။ မကြာခင်မှာပဲ ဘုရင်လည်း သူ့ရဲ့ နောက်လိုက်တွေနဲ့ အတူ ရောက်လာပါတယ်။ တံခါးစောင့် ဝန်ထမ်းက သူ့အဖော်ကို လက်ကုပ်ပြီး ပြောပါတယ်။
“ဟေ့ကောင်။ တွေ့လား။”
“ဘာလဲ။”
“မိဖုရားကြီး မပါဘူးကွ။ ဧကန္တ ဘုရင် မိဖုရားကြီးနဲ့ ရန်ဖြစ်ပြီး တင်းသွားလို့ ပြန်လာတာ ဖြစ်မယ်။”
“အေး။ ဟုတ်တယ်ကွ။ မနက်က ပါသွားတဲ့ သူတွေ အတော်များများလည်း မတွေ့ဘူး။”

ဘုရင်ကတော့ ထုံးစံအတိုင်း ကော့တော့ ကော့တော့နဲ့ နန်းတော်ကို ဦးတည်ပြီး သွားပါတော့တယ်။ နန်းတော်ထဲကို ရောက်တာနဲ့ Duty ကျတဲ့အမတ်တွေရော အိမ်ပြန်နှပ်နေတဲ့ အမတ်တွေပါ အားလုံး နန်းရင်ပြင်မှာ အခစား ဝင်ရမယ်ဆိုပြီး ချက်ချင်း အမိန့်ထုတ်ပါတယ်။ ညနေစောင်းကြီး မခေါ်စဖူး အခေါ်ထူးတော့ မှူးမတ်တွေအားလုံး အူလည် အူလည် နဲ့ပဲ နန်းရင်ပြင်ကို ရောက်လာကြပါတယ်။ နန်းတော်ထဲကို ခေါ်တာ မဟုတ်ပဲ နန်းရင်ပြင်ကို ခေါ်တာဆိုတော့ ဘောလုံးများ ကန်မလားလို့ တွေးချင် တွေးကြမှာပါ။ ဒီလိုနဲ့ပဲ နန်းရင်ပြင်မှာ အားလုံး တန်းစီပြီး ရပ်နေကြပါတယ်။ ခဏနေတော့ မှူးမတ်တစ်ယောက် ရေဖလားကြီး တစ်လုံးကိုင်ပြီး ရောက်လာပါတယ်။ ဝန်ကြီးတစ်ယောက်က သူ့ဘေးက ဝန်ကြီးကို ပြောပါတယ်။

“ဝန်ကြီး။ ဘယ်လိုထင်သလဲ။ သင်္ကြန်လဲ မဟုတ်ဘဲနဲ့။ ဟိုအမတ်က ဖလားကြီး ကိုင်လို့ပါလား။”
“ဧကန္တ ဘုရင် ခရီးသွားရာက အပြန် ဂျော်နီဝေါ့ကား ဝယ်လာလို့ ကျုပ်တို့ကို တိုက်ချင်လို့ ခေါ်တာ ဖြစ်မယ်။ အဲဒီ ဖလားထဲက ဂျော်နီ ဝေါ့ကားတွေ ထင်တယ်။”
“ဒါမျိုး ဆိုတော့လည်း ကျုပ်တို့ဘုရင်က ဘယ်ဆိုးလို့လဲ။”

ခဏနေတော့ အမတ်က ရပ်နေတဲ့ သူတွေ အားလုံးကို ဖလားထဲက အရည်တွေ လိုက်တိုက်ပါတယ်။ ခုန ဝန်ကြီး နှစ်ယောက်ကတော့ ဖလားထဲက အရည်တွေ သောက်ပြီးတော့ မျက်နှာ ရှုံ့သွားကြပါတယ်။

“ဝန်ကြီး။ ခင်ဗျားပြောတော့ ဂျော်နီဆို။ အခုတော့ ရေတွေပါလား။”
“သေချာလည်း သောက်ကြည့်ပါဦး။ ဝှိုက်လေဘယ်လည်း ဖြစ်ချင် ဖြစ်မှာပေါ့။”
“ကျုပ်တော့ မထင်ဘူး။ အရသာကတော့ ရေပဲဗျ။”
“အဲဒါဆိုတော့ ဘာလဲ မသိဘူး။ ဘုရင်ကလည်း ရေတိုက်ချင်တာ ရေသန့်ဗူးဝယ်ပြီး အိမ်ပို့လိုက် ပြီးတာပဲ။ အခုတော့ တကူးတက နန်းတော်ထဲကို ခေါ်ပြီး တိုက်ရတယ်လို့။”

အားလုံး ရေသောက်ပြီးကြတော့ မှူးမတ်တစ်ယောက်က ကြေငြာပါတယ်။
“အခု ခင်ဗျားတို့တွေ အားလုံး ဘုရင်ကို သစ္စာတော်ခံတဲ့ အနေနဲ့ သစ္စာရေ သောက်ပြီးပြီ။ အဲဒီတော့ အခု ဘုရင်ရဲ့ သစ္စာကို ခင်ဗျားတို့ စောင့်သိကြ။”
မှူးမတ်တွေ ရွစိရွစိနဲ့ တိုးတိုးတိတ်တိတ် အသံတွေ ထွက်လာပါတယ်။
“ဘယ်နှယ့်ကြောင့် သစ္စာရေတိုက်ရတာလဲ။ ဒေးဗစ်ဘက်ဟမ် နဲ့ ဗစ်တိုးရီးယား ခဏခဏ မင်္ဂလာဆောင်တာ ကျနေတာပဲ။ အခုလည်း သူ့သစ္စာတော် ခံထားပြီးသားပဲ။ ဘာကိစ္စ နောက်တစ်ကြိမ် ရေထပ်တိုက်ရတာလဲ။ ကျုပ်တို့ ထပ်ဆင့် ရှင်းလင်းပွဲများ လုပ်ရဦးမလား မသိဘူး။”
“အေးဗျ။ ထူးတော့ ထူးခြားတယ်။”
အဲဒီအချိန် ခုန အမတ်ဆီကနေ အသံထွက်လာပါတယ်။
“ဘုရင် Briefing ပေးမယ်။ အားလုံး ငြိမ်ပါ။”
အမတ်တွေ အားလုံး ငြိမ်သွားပါတယ်။ ဘုရင်ကတော့ ခပ်တည်တည်နဲ့ အမှာတော်ခြွေနေပါတယ်။ ခုန ဝန်ကြီး နှစ်ယောက်လည်း ထုံးစံအတိုင်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေ ကြပါတယ်။
“ဝန်ကြီး။ ဒီနေ့ ဘုရင့် အသံက ထူးခြား မနေဘူးလား။”
“ထူးခြားတာတော့ အမှန်ပဲ။ ဧကန္တ ဘုရင် ကာရာအိုကေ ဆိုတာများသွားလို့ အသံဝင်သွားပြီလား မသိဘူး။”
“ကျုပ်တော့ မထင်ဘူး။ ဟာ။ ကျူပ်သိပြီ။ ဝန်ကြီး သေသေချာချာ ကြည့်စမ်း။ ကျုပ်တို့တော့ ဘတ်ကီးရိုက် ခံလိုက်ရပြီ။ ဒါ စဉ့်ကူးမင်းမှ မဟုတ်တာ။ ဒါ စဉ့်ကူးမင်းရဲ့ ကာစင်ပဲ။”
“ဘာ ကာစင်လဲဗျ။ ကျုပ်ကတော့ ကာစင်ဆိုရင် ကာစင်ဘိုင် ကြက်သားသုပ်ပဲ သိတယ်။”
“ဟာ ဒီဝန်ကြီး နဲ့ ခက်တော့ တာပဲ။ ဝန်ကြီး လုပ်နေပြီး သိုးဆောင်း စကားလေး ဘာလေး သင်မထားဘူး။”
“ဒီမှာ။ ဝန်ကြီး လုပ်ဖို့ သိုးဆောင်းစကား တပ်စရာ မလိုဘူး။ သိုးလို ငြိမ်ငြိမ်ဆိမ်ဆိမ် နေတတ်ဖို့ပဲ လိုတယ်။”
“တယ် ဒီလူနဲ့ အပြောရ အဆိုရ တယ်ကြပ်တာပဲ။ ကာစင်ဆိုတာ ညီအစ်ကို ဝမ်းကွဲကို ပြောတာ။ အခု ကျုပ်တို့ သစ္စာရေသောက်ပြီး သစ္စာတော်ခံလိုက်တာ စဉ့်ကူးမင်းရဲ့ အစ်ကိုဝမ်းကွဲ။ နောင်တော်ကြီး မင်းရဲ့ သား ဖောင်းကားစား ဗျ။”
“အော်။ ဒီလိုကိုး။”

ဒီလိုနဲ့ ဖောင်းကားစား မောင်မောင် တစ်ယောက် ရောင်တော်ပြန်နဲ့ ရောကြိတ်ပြီး ဘုရင် ဖြစ်လာခဲ့ပါတယ်။ အညာသီဟတော ဘုရားဖူး သွားတဲ့ စဉ့်ကူးမင်းကတော့ ကုလသမ္မဂ္ဂ အစည်းအဝေး သွားတက်တုန်း အာဏာသိမ်းခံ လိုက်ရတဲ့ ထိုင်းဝန်ကြီးချုပ် သက်ဆင် လို့ ဟတ်ကော့ကြီး ဖြစ်နေပါတော့တယ်။ ဖောင်းကားစား ကတော့ ဘုရင်အဖြစ်ကို အားရအောင်တောင် မလုပ်လိုက်ရပါဘူး။ ဘထွေးတော် ဖြစ်တဲ့ ကျွန်တော်တို့ “ဘိုးတော်ဘုရားကြီး လေးဘက်သွားတုန်းက” လို့ ပြောပြီး ခဏခဏ လေးဘက်သွား ခိုင်းတဲ့ ဘိုးတော် လို့ခေါ်တဲ့ ဗဒုံမင်းက ကုန်းဘောင်ကို တိုက်ခိုက်ပြီး အာဏာသိမ်းလိုက်တာကြောင့် ၇-ရက် ပဲ ဘုရင် လုပ်ခွင့် ရလိုက်ပါတယ်။

ဖောင်းကားစား အကြောင်း လူသိနည်းကြတာကြောင့် ဖောင်းကားစားကို ရီမစ်စ် ပြန်လုပ်ပေးလိုက်ပါတယ်။ မောင်ဖေငယ် ရေးတဲ့ ဖောင်းကားစားကို မှီငြမ်းပြုပါတယ်။

Wednesday, June 17, 2009

မောင်ပေါက်ကျိုင်း (Version 2009 )

ယုံချင်ယုံ မယုံချင်နေပါ။ “စဉ်ဆက်မပြတ် အကဲဖြတ်၍ အတန်းတင်ပေးရေး စီမံချက်” ဆိုတာ သရေခေတ္တရာ တို့ ဗိသနိုးတို့ဆိုတဲ့ အစောဆုံး မြို့ပြနိုင်ငံတွေ မပေါ်ခင် ကတည်းက ရှိခဲ့ဖူးပါတယ်။

အဲဒီခေတ်အခါတုန်းက တက္ကသိုလ်ပြည် ဒိသာပေါင်မုန့်ခြောက် (ဆောဒီး) ဒိသာပါမောက္ခ ဆရာကြီး ဆီမှာ မောင်ပေါက်ကျိုင်း ဆိုတဲ့ တပည့်တစ်ယောက် ရှိခဲ့ပါတယ်။ မောင်ပေါက်ကျိုင်းဟာ သင်ပေးသမျှထဲမှာ မာဂဓဘာသာ စကားလို့ ခေါ်တဲ့ တိရိစ္ဆာန် ဘာသာစကားကလွဲလို့ ဘာမှ သင်လို့ မရပါဘူး။ ဆရာကြီးလည်း မောင်ပေါက်ကျိုင်းရဲ့ တိုးတက်မှုကို ကြည့်ရင်း“လေပါတယ် မမြရင်ရယ်” လို့ပဲ အမြဲ ညည်းနေ ရပါတယ်။ ဒါပေမယ့် မောင်ပေါက်ကျိုင်းက“ဆရာ ဟိုဟာ လိုချင်လား။ ရစေမယ်။” “ဆရာ ဒီဟာလိုလား။ ဖြစ်စေရမယ်။” ဆိုတဲ့ ဖောရှောရိုက်တဲ့ နေရာမှာတော့ အင်မတန် တော်ပါတယ်။

ဒီလိုနဲ့ နှစ်ပြည့်သွားတော့ ဆရာကြီးလည်း“အင်း။ ဒီကောင့်ကို ကျောင်းပြီး ပေးမှပဲ ဖြစ်တော့မယ်။ မဟုတ်ရင် ငါဆရာလည်း သိက္ခါကျတယ်။ ဘာမှမတတ်လည်း ဒီလို ဖောရှော ရိုက်တတ်တာလေးနဲ့တော့ အပြင်မှာ လုပ်စားလို့ ရနိုင်ပါတယ်။” လို့ စဉ်းစားပြီး မောင်ပေါက်ကျိုင်းကို ခေါ်ပါတယ်။ နောက်တော့ “ကဲ။ ငါ့တပည့်။ မင်းဘာမှ မတတ်ပေမယ့်လည်း ဆရာ မင်းကို စီမံချက်နဲ့ အအောင်ပေးလိုက်မယ်။ ငါ့တပည့်တွေထဲမှာ မင်းက အတော် သိတတ်တဲ့ တပည့်ဆိုတော့ မင်းကို ဘောနပ်စ် အနေနဲ့ စကားကြီး ၃ခွန်းကို သင်ပေးလိုက်မယ်။” လို့ ပြောပါတယ်။ ပြီးတော့ မောင်ပေါက်ကျိုင်းကို “မေးပါများ စကားရ၊ သွားပါများ ခရီးရောက်၊ မအိပ်မနေ အသက်ရှည်။ ” ဆိုတဲ့ စကားကြီး ၃ ခွန်းကို သင်ပေးလိုက် ပါတယ်။ ဒီလိုနဲ့ စကားကြီး ၃ခွန်း ကို အလွတ်ကျက် ပြီးတဲ့ နောက်မှာ မောင်ပေါက်ကျိုင်းဟာ B.A(မာဂဓ) Hons နဲ့ ဘွဲ့ရပြီး တက္ကသိုလ်ကနေ ထွက်လာခဲ့ ပါတယ်။

မောင်ပေါက်ကျိုင်းဟာ တက္ကသိုလ်က ထွက်လာကတည်းက စကားကြီး (၃) ခွန်းကို တောက်လျှောက် ရွတ်လာ ခဲ့ပါတယ်။ အဲဒီလို ရွတ်လာရင်း “သွားပါများ ခရီးရောက် တဲ့ဟ။ သွားမှပဲ။” ဆိုပြီး တောက်လျှောက် မရပ်မနား လျှောက်လာခဲ့တာ နောက်ဆုံးမှာတော့ တိုင်းပြည်တစ်ပြည်ကို ရောက်လာခဲ့ပါတယ်။ သွားပါများ ခရီးရောက် ပေမယ့်လည်း မောင်ပေါက်ကျိုင်းလည်း လူထဲက လူပဲမို့ အတော်ပြိုင်း သွားပါတယ်။ အဲဒါနဲ့ တွေ့တဲ့ ကျောက်ဖျာတစ်ချပ် ပေါ်တက်ပြီး နှပ်နေပါတော့တယ်။

အဲဒီတိုင်းပြည်မှာ ဘုရင်လုပ်တဲ့သူတိုင်း ဘုရင်ဖြစ်ပြီး နောက်တစ်နေ့ မနက်မှာ အသေဆိုးနဲ့ သေရတာမို့ ဘုရင်လုပ်ချင်တဲ့သူ မရှိဘဲ အားလုံးက ကျွတ်ကြဲ နေကြပါတယ်။ ဒါနဲ့ ဘုရင်လုပ်မယ့် သူကို ရှာဖို့အတွက် စက်မှုဇုန်ထုတ် ဖုသ်သွင်းရထားကို လွှတ်လိုက်ပါတယ်။ ဖုသ်သွင်းရထားလည်း မြို့ထဲမှာ ပတ်နေရင်း ဓာတ်ဆီကုန်တော့ မောင်ပေါက်ကျိုင်း အိပ်တဲ့ ကျောက်ဖျာရှေ့မှာ ရပ်သွားပါတယ်။ မှူးမတ်တွေလည်း ဝမ်းသာအားရနဲ့ မောင်ပေါက်ကျိုင်းကို “ကျောက်ဖျာထက်မှာ စက်တော်ခေါ် ထတော်မူပါ အရှင်ဘုရား။” ဘာညာနဲ့ ဇာတ်ကြည့်တုန်းက ကျက်ထားတဲ့ စာအတိုင်း နှိုးကြပါတယ်။ ဒါနဲ့ မောင်ပေါက်ကျိုင်းလည်း နိုးလာပြီး “ဝှပ်စ် အပ်” လို့ မေးပါတယ်။ မှူးမတ်တွေကလည်း “ဝှပ်စ်မအပ်ဘူး။ ဘုရင်ရှာရင်း ဒီကို ရောက်လာတာ။ ဘုရင် လုပ်မယ်မဟုတ်လား။” မေးတော့ မောင်ပေါက်ကျိုင်းလည်း “ဂွင်တည့်ပြီဟ။ နေရင်းထိုင်ရင်း ဘုရင်ဖြစ်တာ။ ကြုံတုန်း ကြိုက်တုန်း ဘုရင်တော့ လုပ်လိုက်ဦးမှပဲ။” လို့ စဉ်းစားပြီး ဘုရင်လုပ်ဖို့ လက်ခံ လိုက်ပါတယ်။

ဒီလိုနဲ့ မောင်ပေါက်ကျိုင်းလည်း လစ်လပ်နေတဲ့ ဘုရင် ရာထူးကို လက်ခံလိုက်ပါတယ်။ ဘုရင် ဖြစ်ပြီးတော့ မောင်ပေါက်ကျိုင်းက “အင်း။ သိပ်တော့ မဟုတ်ဘူး။ တစ်ခုခုတော့ ကွိုင်ရှိလောက်တယ်။ ဘာလို့ ဘုရင်မင်းဆက်က ပြတ်သွားရတာလည်း မသိဘူး။” ဆိုပြီး စဉ်းစားမိ ပါတယ်။ နောက်တော့ ဆရာ သင်ပေးလိုက်တဲ့ “မေးပါများ စကားရ” ဆိုတဲ့စကားကို အမှတ်ရတာနဲ့ နန်းတော်ထဲ ရှိတဲ့သူတွေ ဆီမှာ လှည့်ပတ်ပြီး မေးပါတော့တယ်။ အဲဒီမှာ ဘုရင်လုပ်သမျှ လူတွေ ဘုရင်ဖြစ်ပြီး နောက်တစ်နေ့ မနက်ရောက်ရင် အသေဆိုးနဲ့ သေတာ တွေ့ရတယ် ဆိုတဲ့ ဇာတ်လမ်းကို ကြားသွားပါတော့တယ်။ အဲဒီလို အသေဆိုးနဲ့ သေရတဲ့ အကြောင်းရင်းကလည်း နဂါးတစ်ကောင်က ညဘက်ဆို ဘုရင်ကို လာပြီး ပေါက်သတ်လို့ ဆိုတာကိုလည်း ကြားလိုက်ရပါတယ်။

ညဖက်ရောက်တော့ မောင်ပေါက်ကျိုင်းလည်း “မအိပ်မနေ အသက်ရှည်” ဆိုတဲ့စကား လက်ကိုင်ထားလို့ မအိပ်ပဲ စောင့်ပါတယ်။ သူအိပ်မယ့် နေရာမှာတော့ ငှက်ပျောတုံး တစ်တုံးကို စောင်ခြုံပြီး ထားထားခဲ့ ပါတယ်။ ညသန်းခေါင်ရောက်တော့ ဘုရင်ကို ပေါက်သတ်ဖို့ နဂါးလည်း ဟိုကျော်ဒီခွနဲ့ ရောက်လာပါတယ်။ နဂါးလည်း အိပ်ရာပေါ်မှာ တွေ့တဲ့ ငှက်ပျောတုံးကို မောင်ပေါက်ကျိုင်းအမှတ်နဲ့ “လာထား။” ဆိုပြီး ပေါက်ထည့်လိုက် ပါတယ်။ ဒါပေမယ့် လူမဟုတ်ဘဲ ငှက်ပျောတုံး ဖြစ်နေတော့ သူ့အစွယ်က ငှက်ပျောတုံးထဲမှာ စိုက်နေပါတယ်။ အဲဒီအချိန်မှာ မောင်ပေါက်ကျိုင်းက ဓားတစ်ချောင်းနဲ့ ရောက်လာပြီး “နဂါးနိုင်ဓား ဦးထိပ်ထား ဖူးမျှော်ကန်တော့ ရှိခိုးလော့။ ကျန်ကျိုင်းကွ။ အဲလေ ပေါက်ကျိုင်းကွ။” ဘာညာနဲ့ တရုတ်သိုင်းကားထဲကလို ကြုံးဝါးပြီး ခုတ်ထည့်လိုက်တာ နဂါးလည်း တချက်တည်းနဲ့ ကြွသွားပါတော့တယ်။

နဂါးရန် အေးသွားပေမယ့်လည်း မိဖုရားကြီးက မောင်ပေါက်ကျိုင်းကို သိပ်အစာ မကြေပါဘူး။ အဲဒါနဲ့ ဒီအတိုင်းတော့ ဘုရင်လုပ်လို့ မရဘူး။ သူမေးတဲ့ စကားထာကို ဖြေနိုင်မှ ဘုရင် လုပ်ရမယ်။ အသက်ကြေး လောင်းရမယ် ဆိုပြီး ရစ်ပါတယ်။ မောင်ပေါက်ကျိုင်းကလည်း “ဒါလေးများ။ ကဲမေးစမ်း။” ဆိုပြီး ခွင့်ပြုလိုက် ပါတယ်။ အဲဒီမှာ မိဘုရားက “ထောင်ပေးလို့ဆုတ်၊ ရာပေးလို့ ချုပ်၊ ချစ်တဲ့သူ အရိုး ဆံထိုးလုပ်။” ဆိုပြီး စကားထာ ဝှက်ပါတယ်။ မောင်ပေါက်ကျိုင်းလည်း အဖြေကို စဉ်းစားပေမယ့် မရလို့ ပျားတုတ်နေပါတယ်။

စဉ်းစားရင်း နဲ့ Deadline က နီးလာပါပြီ။ ကျောင်းမှာ တုန်းက အဆိုင်းမင့်ဆိုရင် သူများဆီကချည်း ကူးလာတော့ အခု ကိုယ်တိုင်လုပ်ရမယ့် အချိန်ရောက်တော့ မြွေခြောက် ကိုက်နေပါပြီ။ ဒါနဲ့ မောင်ပေါက်ကျိုင်းလည်း စိတ်ပျက်လက်ပျက်နဲ့ ဥယျာဉ်ထဲ ထွက်လာပါတယ်။ ဥယျာဉ်ထဲရောက်တော့ Mr & Mrs. Black ဆိုတဲ့ ကျီးကန်း နှစ်ကောင် အပင်ပေါ်မှာ ကွိစိ ကွစ နဲ့ စကားပြောနေတာ ကြားလို့ မာဂဓ ဘာသာ အထူးပြုနဲ့ ဘွဲ့ရထားတဲ့ မောင်ပေါက်ကျိုင်းဟာ ကျီးကန်းတွေ စကားကို ချောင်းနားထောင်ပါတယ်။

Mr. Black ။ ။ “အသည်းရေ။ ဟိုမှာ ဘုရင်တော့ ညစ်နေပြီ တွေ့လား။”
Mrs. Black။ ။ “ဟုတ်လား ဒါလင်။ ဘာဖြစ်လို့လဲ။”
Mr. Black ။ ။“ဘာဖြစ်ရမလဲ။ မိဖုရား စကားထာ ဖွက်တာ မဖြေနိုင်လို့ အခုတော့ မြွေကိုက် နေပြီလေ။”
Mrs. Black။ ။“မိဖုရားက ဘာစကားထာ ဖွက်တာလဲဟင်။”
Mr. Black ။ ။“ထောင်ပေးလို့ဆုတ်၊ ရာပေးလို့ ချုပ်၊ ချစ်တဲ့သူ အရိုး ဆံထိုးလုပ်။ ဆိုပဲ။”
Mrs. Black။ ။“အတော် စားတဲ့ မိဖုရားပဲ။ ဒါနဲ့ အဲဒါက ဘာအဓိပ္ပါယ်လဲ။”
Mr. Black ။ ။“မသိချင် စမ်းပါနဲ့ကွာ။နောက်တော့ သိရမှာပေါ့။”
Mrs. Black။ ။“ဒါလင်နော်။ ဒီက သိချင်ပါတယ် ဆိုမှ။ ပြောမပြရင် စကားမပြောပဲ နေလိုက်မှာ။ ဘာမှတ်နေလဲ။”
Mr. Black ။ ။“ကဲ ဒါဆိုလည်း ပြောပြမယ်။ ဘုရင်ကို ပေါက်သတ်တဲ့ နဂါးက မိဖုရားရဲ့ ချစ်သူ။ အဲဒါ မိဖုရားက နဂါးရဲ့ အရေခွံကို အသပြာ တစ်ထောင်ပေးပြီး ဆုတ်တယ်။ ပြီးတော့ အဲဒီအရေခွံကို အသပြာတစ်ရာ ပေးပြီး ဝတ်စုံချုပ်တယ်။ အရိုးကိုတော့ ဆံထိုး လုပ်ထားတယ်။ အဲဒါကို ပြောတာ။”
Mrs. Black။ ။“အဲဒါဆို အသားတွေကရော။”
Mr. Black ။ ။“အသားတွေကတော့ တရုတ်ပြည် ပို့လိုက်ပြီ။”

မောင်ပေါက်ကျိုင်းလည်း သူလိုချင်တဲ့ အဖြေ ကျီးကန်းတွေ ဆီက ရလို့ ပျော်သွားပါတယ်။ ဒါနဲ့ နန်းတော်ကို ပြန်ပြီး မိဖုရားကို အဖြေ ပြောပြလိုက်ပါတယ်။ မိဖုရားလည်း မကျေနပ်ပေမယ့် သူမေးတဲ့ မေးခွန်းကို ဖြေနိုင်တဲ့ အတွက် အလျှော့ပေးလိုက် ရပါတယ်။

ဒီလိုနဲ့ မောင်ပေါက်ကျိုင်းနဲ့ မိဖုရားကြီးတို့ ပေါင်းသင်းနေထိုင်လာခဲ့ရင်းနဲ့ ကင်းပူး တက်လာပါတယ်။ မိဖုရားကြီးကနေ အမြွှာညီနောင် နှစ်ယောက်မွေးတာပါ။ အဲဒီ အမြွှာညီနောင်ကို စူဠာသမ္ဘဝ နဲ့ မဟာသမ္ဘဝလို့ အမည် ပေးကြပါတယ်။ အမြွှာညီနောင်ဟာ မွေးကတည်းက မျက်စိ မမြင်ပါဘူး။ မွေးကတည်းက သမားတော် ပေါင်းစုံနဲ့ ကုပေမယ့်လည်း အရွယ်ရောက်တဲ့ အထိ ထူးခြား မလာပါဘူး။

ဒါနဲ့ ဘုရင် မောင်ပေါက်ကျိုင်းက “ငါ့သားနှစ်ယောက် မျက်စိ မမြင်ဘူး ဆိုတာ တိုင်းပြည်မှာ ကျက်သရေ ယုတ်တယ်။ No One is above the law ပဲ။ အဲဒီတော့ ဒီနှစ်ယောက်ကို ဖောင်ပေါ်တင်ပြီး ရေထဲမျှောရမယ်။” လို့ အမိန့်ချပါတယ်။ မိဖုရားကြီးကလည်း သူ့သားနှစ်ယောက်ကို ချစ်တော့ “မင်းကြီး။ စဉ်းစားပါဦး။ No One is above the law ဆိုတာ ဥပဒေ အထက်မှာ နံပါတ် ၁ ရှိတယ်လို့ အဓိပ္ပါယ် ယူလို့လည်း ရပါတယ်။” ဘာညာနဲ့ ငိုပြပါတယ်။ ဒါပေမယ့် ဘုရင်ကတော့ စိတ်မပြောင်းပါဘူး။ ဒါနဲ့ စူဠာသမ္ဘဝ နဲ့ မဟာသမ္ဘဝကို သန်လျှက်တစ်ချောင်း ပေးပြီး ဖောင်ပေါ်တင်လို့ ဧရာဝတီ မြစ်ထဲ မျှောလိုက် ပါတော့တယ်။

မင်းသားနှစ်ယောက်ဟာ မျက်စိ မမြင်ရပေမယ့် အကြားအာရုံတော့ ထက်မြက်ပါတယ်။ သူတို့ မြစ်ထဲမှာ ဖောင်နဲ့ မျှောလာတုန်း စန္ဒမုခိ လို့ အမည်ရတဲ့ ဘီလူးမဟာ မင်းသား နှစ်ယောက်ကို မြင်တော့ ဖမ်းပြီး စားဖို့ ကြံပါတယ်။ ဒါပေမယ့် မင်းသားတွေက အသံကြားတော့ ဘီလူးမကို လက်ဦးမှု ရအောင် ဖမ်းနိုင်ခဲ့ပါတယ်။

ဘီလူးမက “ချမ်းသာပေးပါ။ လိုချင်တာ ရစေရပါမယ်။” လို့ အသနား ခံပါတယ်။ ဒါနဲ့ မင်းသားနှစ်ယောက်က သူတို့ကို မျက်စိမြင်အောင် ကုပေးစမ်းလို့ ခိုင်းပါတယ်။ ဘီလူးမက မင်းသားတွေကို မျက်စိ စကုတဲ့ အရပ်ကို နောင်အခါမှာ “စကု” လို့ တွင်ပြီး မျက်စိစပြီး အလင်းရတဲ့ အရပ်ကိုတော့ “စလင်း”လို့ တွင်တယ်လို့ ပြောကြ ပါတယ်။ (ပုံပြင်ထဲမှာ စစ်ပင်ကြီးကိုင်းနေတာ မြင်ရလို့ စစ်ကိုင်းခေါ်တယ်လို့ ပါပေမယ့် စလင်းကနေ စစ်ကိုင်းကို သွားချင်ရင် ဧရာဝတီကို ဆန်တက်မှ ရောက်မှာမို့ သိပ်မဟုတ်ဘူးလို့ ယူဆရပါတယ်။) အခုမှ မျက်စိမြင်တဲ့ စူဠာသမ္ဘဝလည်း “ဘီလူးမလေးလည်း မဆိုးပါဘူး။ သွားတက်ကလေးနဲ့ လန်းသားပဲ။” လို့တွေးပြီး စန္ဒမုခိကို ချစ်ရေးဆိုပါတယ်။ ဒါနဲ့ပဲ စန္ဒမုခိနဲ့ စူဠာသမ္ဘဝတို့ ငြိသွားကြ ပါတယ်။

ဒီလိုနဲ့ သူတို့ရဲ့ ဖောင်ဟာ အခု ပြည်မြို့ လို့ ခေါ်တဲ့ နေရာအနီးကို ရောက်လာကြပါတယ်။ အဲဒီအနားမှာ ရသေ့တစ်ပါးဟာ ရှူရှူး ဖလားဝါးရာကနေ သူ့ရဲ့ ကျင်ငယ်ကို သမင်မက သောက်မိလို့ ကိုဝင်းကြည်နဲ့ ဖြစ်ပြီး မိန်းကလေး တစ်ယောက်မွေးပါတယ်။ ရသေ့လည်း သမင်မက မွေးတဲ့ ကလေးကို ထိန်းကျောင်းရင်း အဲဒီမိန်းကလေးဟာ အရွယ်ရောက်လာ ပါတယ်။ သူမနာမည်က ဗေဒါရီလို့ ခေါ်ပါတယ်။

ရသေ့လည်း တစ်နေ့တစ်နေ့ အဲဒီကလေးကို ထိန်းကျောင်းနေရတာနဲ့ တရားအလုပ် မလုပ်ဖြစ်ပါဘူး။ အဲဒါနဲ့ ဗေဒါရီကို နေ့လည်ဖက်ဆို အပြင်ကို ပထုတ်ဖို့ ကြံပါတယ်။ ဘူးသီးခြောက်မှာ အပ်နဲ့ အပေါက် သေးသေးကလေး ဖောက်ပြီး ရေခပ်ခိုင်းပါတယ်။ ဗေဒါရီလည်း အဲဒီ အပေါက်သေးသေးကလေးနဲ့ ရေခပ်ရတော့ တော်တော်နဲ့ ရေမပြည့်တဲ့အတွက် တစ်နေကုန် နီးပါး ခပ်ရပါတယ်။ အဲဒီတော့ ရသေ့လည်း သူ့ကျောင်းသင်္ခမ်းမှာ တစ်ယောက်တည်း စိတ်အေးလက်အေး တရားအားထုတ်လို့ ရပါတယ်။

တစ်နေ့တော့ အဲဒီလို မြစ်ကမ်းမှာ ရေခပ်နေတုန်း မင်းသားနှစ်ပါး ရောက်လာပါတယ်။မဟာသမ္ဘဝက ကောင်မလေး ချောချောလေးတွေ့တော့ “ဘာလုပ်နေတာလဲ” ဆိုပြီး ပစ်ကြည့်ပါတယ်။ ဗေဒါရီက “ရေခပ်နေတာပါ။” လို့ ပြန်ပြောပါတယ်။ မင်းသားလည်း ဘူးသီးခြောက်ကို ကြည့်ပြီး “ကြည့်စမ်း။ အရင်းအမြစ်တွေ အလဟသ ဖြစ်တယ်။ Innovative မဖြစ်ဘူး။ ကဲ အပေါက်ကို ချဲ့လိုက်မယ်။” ဆိုပြီး ဘူးသီးခြောက်က အပေါက်ကို သန်လျှက်နဲ့ ချဲ့ပေးလိုက်ပါတယ်။ ဒါနဲ့ ဗေဒါရီလည်း ရေကို အမြန်ခပ်လို့ ရတော့ ပျော်ပြီး ကျောင်းသင်္ခမ်းကို ပြန်သွားပါတယ်။

ရသေ့လည်း ဗေဒါရီ စောစောစီးစီး ပြန်လာတော့ အကျိုးအကြောင်းကို စုံစမ်းပါတယ်။ အဲဒါနဲ့ ဗေဒါရီဆီကနေ မင်းသားနှစ်ယောက် အကြောင်းကို ကြားတော့ သူတို့ကိုခေါ်ခဲ့ ခိုင်းပါတယ်။ မင်းသားနှစ်ယောက်ကို တွေ့တော့ “အင်း။ မဆိုးဘူး။ ပုံစံကတော့ ရုပ်ရှိ ရေလျှံ အမှန်အကန် ပုံပဲ။” လို့ တွေးပြီး သူ့ဆီမှာ ခေါ်ထားပါတယ်။ မဟာသမ္ဘဝလည်း ဘက်ပဲ့နေတာနဲ့ ဗေဒါရီကို ချစ်ရေးဆိုရာကနေ သူတို့ နှစ်ယောက် ကြိုက်သွားပါတယ်။

နောက်တော့ မဟာသမ္ဘဝနဲ့ ဗေဒါရီတို့ သရေခေတ္တရာ ဆိုတဲ့ ပြည်ကို တည်ထောင်ပြီး စူဠာသမ္ဘဝနဲ့ စန္ဒမုခိတို့ကတော့ ဗိသနိုးဆိုတဲ့ ပြည်ကို တည်ထောင်ပြီး နေကြပါ တော့တယ်။ အဲဒါကတော့ မြန်မာနိုင်ငံ အစ သရေခေတ္တရာတို့ ဗိသနိုးတို့နဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇဝင် ပုံပြင်ပါပဲ။ ခေတ်နဲ့ လျော်ညီအောင် စကားပြောခန်းတွေကို ပြင်ဆင်ပြီး 2009 Version လုပ်ထားပါတယ်။

Wednesday, April 29, 2009

Unofficial Guide to မင်းမဟာဂီရိ

အနော်ရထာမင်း မတိုင်ခင် အချိန်ကာလတုန်းက ပုဂံပြည်မှာ တြံတျစ် အယူူဝါဒ ဆိုတာ ရှိခဲ့ဖူး ပါတယ်။ တြံတျစ် အယူဝါဒ ရဲ့ သဘောတရားက ချစ်တာ ကြောက်တာ အစရှိတဲ့ ထင်ရာ မြင်ရာကို ကိုးကွယ်ကြတာပါ။ ဥပမာ အားဖြင့် လူတစ်ယောက်က ကျားကို ကြောက်တယ် ဆိုရင် ကျားရဲ့ ရုပ်ပုံကို ထုပြီးတော့ “ဟဲလို ကျား။ ငါ့ကို မကိုက်နဲ့။ မင်းကို ငါ ကောင်းကောင်း ပသပါ့မယ်။” ဆိုပြီးတော့ ကိုးကွယ် ပါတယ်။ ဟင်္သာလို ချစ်စရာ ကောင်းတဲ့ အကောင် ကလေးတွေ တွေ့ပြန်တော့လည်း “ဟေ့ ဟင်္သာ။ မင်းကို ကြည့်ရတာ ရေလည် လန်းတယ်ကွာ။ မင်းကို ကိုးကွယ်ပါ့မယ်။ ငါ့ကို ကံကောင်းအောင် စောင့်ရှောက်ပါ။” ဆိုပြီး အရုပ် ကို ထုလုပ် ကိုးကွယ်တတ် ကြပါတယ်။ အနော်ရထာ ဘုရင် ဖြစ်လာတဲ့ အချိန်မှာတော့ အဲဒီလို ကိုးကွယ်ကြတဲ့ အရုပ်တွေကို လိုက်သိမ်း ပါတယ်။ ပြီးတော့ “မင်းတို့ထက် မိုက်လို့ ဘုရင်လုပ်တာ။ အနော်ရထာကွ။ ဘာမှတ်လဲ။ မင်းတို့ ငါ့ထက်စွမ်းရင် အပြင် ထွက်ခဲ့ကြ။” လို့ စိန်ခေါ်ပြီး တိုက်တစ်တိုက် ထဲမှာ ထည့်ပိတ်လိုက်ပါတယ်။ ဘယ်အရုပ်မှ အပြင်ကို ထွက်လာတယ် မကြားမိပါဘူး။ အဲဒီတိုက်ကို နတ်လှောင်ကျောင်း လို့ ခေါ်ကြပါတယ်။

အဲဒီလို တြံတျစ်အယူဝါဒနဲ့ ထင်ရာမြင်ရာကို ကိုးကွယ်ကြတဲ့ နေရာမှာ တော၊ တောင်၊ မြစ်၊ ချောင်း စတဲ့ သက်မဲ့ တွေ အတော်များများ ပါဝင် နေပါတယ်။ ပုပ္ပါးတောင် အနီးတဝိုက်မှာ နေထိုင်ကြသူ တွေကတော့ ပုပ္ပါး တောင်ကြီးဟာ သူတို့ အတွက် စားနပ်ရိက္ခါတွေ ပေးတဲ့ ကျေးဇူးရှိတယ် ဆိုပြီး ပုပ္ပါးတောင်ကြီးကို ကိုးကွယ်ကြ ပါတယ်။ ပါဠိဘာသာစကားမှာ မဟာ ဆိုတာ ကြီးမြတ်ခြင်း ဖြစ်ပြီး ဂီရိ ဆိုတာကတော့ တောင် လို့ အဓိပ္ပါယ် ရပါတယ်။ အဲဒီတော့ ပုပ္ပါးတောင်ကို အဲဒီခေတ်တုန်းက ကြီးမြတ်သော တောင်ကြီး ဒါမှမဟုတ် မဟာဂီရိလို့ ခေါ်ကြပါတယ်။

အနော်ရထာ မတိုင်ခင် Long Long ago တုန်းက ပုဂံမှာ သေလည်ကြောင်ဆိုတဲ့ ဘုရင်တစ်ပါး ရှိခဲ့ဖူး ပါတယ်။ သေလည်ကြောင်ရဲ့ လက်ထက်မှာပဲ ပန်းပဲ မောင်တင့်တယ် ဆိုတဲ့ လူတစ်ယောက်လည်း ရှိခဲ့ပါတယ်။ မောင်တင့်တယ်ဟာ ကာလသားခေါင်းလိုမျိုး ဖြစ်နေတော့ လူချစ်လူခင် များပါတယ်။ အဲဒီလိုပဲ နောက်လိုက်နောက်ပါတွေလည်း အတော်များပါတယ်။ အဲဒီသတင်း ဘုရင့်ဆီကို ရောက်တော့ ဘုရင်လည်း “အင်း။ ဒီကောင် ငါ့ကို ကွိုင်ပူမယ့် ကောင်ပဲ။” ဆိုပြီး တွေးမိပါတယ်။ အဲဒါနဲ့ မောင်တင့်တယ်ကို နန်းတော်ကို ခေါ်ပါတယ်။ မောင်တင့်တယ်ကလည်း သူ့ကို သတ်ဖို့ခေါ်မှန်းသိတော့ ပတ်ပြေးနေပါတယ်။ သူ့ကို သွားရှာရင်လည်း လူချစ်လူခင် များတဲ့သူမို့ ဟိုလူက ဖွက်ပေး ဒီလူက ဖွက်ပေးနဲ့ ရှာလို့ကို မတွေ့နိုင်ပါဘူး။

နောက်ဆုံးတော့ သေလည်ကြောင် အကြံအဖန် လုပ်ပါတယ်။ မောင်တင့်တယ်ရဲ့ ညီမကို မိဖုရား မြှောက်လိုက်တာပါ။ မောင်တင့်တယ်ရဲ့ ညီမ မဒမ် သေလည်ကြောင် ဖြစ်သွားတဲ့့ အချိန်မှာတော့ ဘုရင်က သူ့ယောက်ဖကို နန်းတော်ကို ခေါ်ခိုင်းပါတယ်။ မောင်တင့်တယ်လည်း “ငါ့ယောက်ဖကြီး သေလည်ကြောင် ငါ့နှမ ယူထားပြီး ဒီလောက်တော့ မရက်စက်လောက် ပါဘူး။” လို့ တွေးပြီး နန်းတော်ကို သွားပါတယ်။ နန်းတော်ရောက်တော့ သူ့ယောက်ဖက မောင်တင့်တယ်ကို ဖမ်းပြီး မီးရှို့သတ်ပါတယ်။ မဒမ် သေလည်ကြောင်လည်း သူ့အစ်ကို အသတ်ခံရတာကို မကြည့်ရက်လို့ သူမပါ မီးပုံထဲ ခုန်ဆင်းပြီး သေပါတယ်။

ဒါပေမယ့် သေလည်ကြောင်က လူလည်ကြီး သားသမီးပါ။ မောင်တင့်တယ်ကို သတ်ပြီးတော့ သူ့အတွက် ရန်က မအေးသေးဘူး ဆိုတာကို သိပါတယ်။ မောင်တင့်တယ်မှာ ချစ်ခင်တဲ့သူတွေ နောက်လိုက်နောက်ပါတွေ များမှန်းသိတော့ ဒီကောင်တွေ ငါ့ကို ဝိုင်းသမရင် ခက်မယ် ဆိုပြီး မောင်တင့်တယ် ပုပ္ပါးတောင်ကို ရာသက်ပန် အပိုင်စားစေ ဆိုပြီး ပေးကွေျး လိုက်ပါတယ်။ မောင်တင့်တယ်ကို ချစ်ကြတဲ့သူများလည်း မောင်တင့်တယ် ပုပ္ပါးတောင် အပိုင်စား ရသွားတော့ နည်းနည်း ကျေနပ်သွားကြ ပါတယ်။ မဟာဂီရိ ကို အပိုင်စား လိုက်တော့ တြံတျစ်အယူဝါဒ ရှိတဲ့သူတွေလည်း ပုပ္ပါးကို Posting ကျလာတဲ့ မောင်တင့်တယ်ကို မင်းမဟာဂီရိ အနေနဲ့ ရောယောင်ပြီး ကိုးကွယ်ကြပါတယ်။

ဒီနေရာမှာ စဉ်းစားစရာ တစ်ခု ရှိပါတယ်။ ဘုရင်ဆိုတာ ရေမြေ့အရှင် ဖြစ်တယ်လို့ ပြောကြရင်တောင်မှ တိုင်းပြည်ကို သူသေတဲ့ အထိပဲ ပိုင်ပါတယ်။ သူသေရင် နောက်ဘုရင် တစ်ပါးက ဆက်ပိုင်မှာပါ။ သူတောင်မှ ရာသက်ပန် မပိုင်တဲ့ ပုပ္ပါးတောင်ကို မောင်တင့်တယ် ရာသက်ပန် အပိုင်စားစေ လုပ်တာက ဘောင်ကျော် နေပါတယ်။ ဒါပေမယ့် တခြားဘုရင်တွေက မောင်တင့်တယ်ကို နယ်ပြောင်းစေလည်း အမိန့်မထုတ်၊ ရာထူးလည်း တိုးမပေး၊ ရာထူးလည်း မချတော့ မောင်တင့်တယ် ပုပ္ပါးမှာပဲ ဆက်ပြီး မြဲနေပါတယ်။ အကယ်၍များ ဘုရင်တပါးပါးက အထွန့်တက်ပြီး မင်းကို ပုပ္ပါးတောင် အပိုင်စား ပေးတာ သေလည်ကြောင်။ ငါမဟုတ်ဘူး။ တခြားနေရာ သွားနေလို့ အမိန့်ထုတ်ရင် မောင်တင့်တယ် ဘယ်နား သွားနေမလည်း ဆိုတာ စဉ်းစားစရာပါ။

အဲဒါကတော့ မြန်မာလူမျိုးတွေရဲ့ အိမ်ထဲမှာ ချိတ်ထားတတ်တဲ့ အိမ်တွင်းအုန်းလို့ ခေါ်ကြတဲ့ အုန်းသီးတွေရဲ့ ပိုင်ရှင် မင်းမဟာဂီရိ အမည်ရ ပန်းပဲ မောင်တင့်တယ်ရဲ့ ရာဇဝင်ပါပဲ။ မောင်တင့်တယ် မီးရှို့ အသတ်ခံရလို့ မီးကို ကြောက်တဲ့အတွက် မီးဖွင့်တဲ့ အချိန်မှာ အုန်းသီးကို လိုက်ကာလေးနဲ့ ကာပေး ရတယ်လို့ ပြောကြပါတယ်။