Search This Blog

Showing posts with label ပုံရိပ်. Show all posts
Showing posts with label ပုံရိပ်. Show all posts

Sunday, May 30, 2010

သိုးမည်းတစ်ကောင်ရဲ့ ပုံရိပ်

သူက ကျွန်တော်တို့ စာအုပ်ဆိုင်မှာ တခါတလေ စာအုပ် လာငှားတတ်တဲ့သူ တစ်ယောက်ပါ။ စာအုပ်လာ ငှားရင်လည်း ဘာသာပြန် စာအုပ်တွေ ဖတ်တာ များပါတယ်။ အဲဒီအချိန် ကတည်းက ဇော်ရည်တို့ ဂျေမောင်မောင်တို့ရဲ့ အခွေတွေမှာ သီချင်းရေးဆရာ အနေနဲ့ သူ့နာမည်ကို တွေ့ဖူးနေတာကြောင့် သူ့နာမည်က ကျွန်တော့် အတွက်တော့ သိပ်ပြီးတော့ မစိမ်းလှပါဘူး။ သူ့ပုံစံက ရိုးရိုးရှင်းရှင်းပါပဲ။ အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ဆံပင်ကို အမြဲတမ်း တိုတို ညှပ်ထားတတ်ပါတယ်။ မင်းကြီးလမ်း ပေါ်မှာ သူ့အရပ်ရှည်ရှည်နဲ့ ကားယားကားယား လျှောက်သွားနေတာကို အမြဲလိုလို တွေ့ရတတ်ပါတယ်။

တစ်နေ့တော့ ကျွန်တော်တို့ ဆိုင်ထဲမှာ ရပ်ပြီး ကျွန်တော့် အစ်ကိုနဲ့ အကြာကြီး စကားပြောနေတာ တွေ့လို့ သူ့ကို ကောင်းကောင်း သတိထားမိ သွားပါတယ်။ အဲဒီနေ့က သူအတော်လေး မူးနေပါတယ်။ သတိထားမိတဲ့ အကြောင်းကတော့ စကားပြောတဲ့ အချိန် မြန်မာလို တစ်ဝက် အင်္ဂလိပ်လို တစ်ဝက် ပြောနေတာမို့ပါ။ သူ အင်္ဂလိပ်စကား အတော်လေး ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တာကိုလည်း ကြည့်ရင်းနဲ့ အံ့အားသင့် နေပါတယ်။ တစ်နာရီလောက် စကားပြောပြီးတော့ သူပြန်သွားပါတယ်။ သူ့အကြောင်း အတွင်းကျကျ သိတဲ့ သူငယ်ချင်း တစ်ယောက်ကတော့ ရန်ကုန်တက္ကသိုလ်ကနေ ဒသနိကဗေဒနဲ့ မဟာဘွဲ့ ရထားတဲ့သူလို့ ပြောပြပါတယ်။ နောက်ပိုင်းတော့ ဆိုင်ကို တစ်ခါတစ်လေ လာတတ်ပေမယ့်လည်း သူ့ကို သိပ်မတွေ့ ဖြစ်တော့ပါဘူး။

တစ်ညနေတော့ ဆိုင်ဖွင့်ခါစ ကျွန်တော့် အစ်ကိုနဲ့ ကျွန်တော် ဆိုင်ရှေ့မှာ ရပ်ပြီး စကား ပြောနေတုန်း သူ ရောက်လာပါတယ်။ ဆိုက်ကား တစ်စင်းပေါ်က ဆင်းလာပြီး လက်ထဲမှာ ပိုစတာတွေ တစ်ပွေ့တစ်ပိုက်နဲ့ပါ။ အရင်လို ပုံစံအတိုင်း ပါပဲ။ "ညီလေး။ အစ်ကို့အခွေ ကြော်ငြာကပ်ချင်လို့ကွာ။" ဆိုပြီးတော့ ပိုစတာ လှမ်းပေးပါတယ်။ သူအခွေ ထုတ်တော့မယ် ဆိုတဲ့ သတင်းတော့ ကြားထားပါတယ်။ သူ့သီချင်းတွေ ဘယ်လိုများ ရှိမလဲလို့လည်း စိတ်ထဲမှာ တွေးကြည့် မိပါတယ်။ ကျွန်တော်တို့လည်း သူ့လက်ထဲက ကြော်ငြာစာရွက်ကို ယူပြီး ဆိုင်တံခါးဝမှာ ကပ်ထား လိုက်ပါတယ်။

မကြာခင်မှာပဲ သူ့အခွေ ထွက်လာပါတယ်။ အခွေထွက်ပြီး တစ်ပတ် အတွင်းမှာပဲ ကျွန်တော်တို့ တစ်မြို့နယ်လုံး ဘယ်နေရာသွားသွား သူ့အခွေ ဖွင့်နေတာပဲ ကြားရပါတယ်။ မကြာခင်မှာတော့ ရန်ကုန် တစ်မြို့လုံး ဘယ်နေရာ သွားသွား ဒီသီချင်းသံပဲ ကြားရပါတယ်။ နောက်တော့ သူ့အခွေက မြန်မာတစ်နိုင်ငံလုံး တောရော မြို့ပါ မကျန် ပေါက်သွားပါတယ်။ အဲဒီအချိန်က ခွေးကို ခြေထောက်နဲ့ ပိတ်ကန်ရင်တောင် ကိန် လို့ မအော်ဘဲ တို့ကတော့ တို့ကတော့ လို့အော်တယ် ဆိုပြီးတော့တောင် ပြောစမှတ် တွင်ခဲ့ပါတယ်။ အဲဒီလောက် ဆိုရင် ကျွန်တော် ဆိုလိုချင်တဲ့သူ ဘယ်သူဆိုတာ သဘောပေါက် လောက်ပြီ ထင်ပါတယ်။ ကျွန်တော် ပြောပြနေတာ သိုးမည်းတွေ အကြောင်းသီချင်း၊ နေရာ စီးရီးခွေနဲ့ နာမည်ကြီးခဲ့တဲ့ အဆိုတော် ကိုဗဒင် အကြောင်းပါ။

ကိုဗဒင်ရဲ့ အခွေဟာ မကြုံဖူး လောက်အောင် ရောင်းအား ကောင်းခဲ့ပါတယ်။ ကက်ဆက်ခွေ ကာဗာကတ်ဒ် တစ်သိန်းနဲ့ သီချင်းစာအုပ် ငါးသိန်းရောင်းရတယ် ဆိုတာ ၁၉၉၄ ခုနှစ် ပတ်ဝန်းကျင်က တကယ့်ကို စံချိန်ပါပဲ။ သူ့ရဲ့ သီချင်းစာအုပ်ဆိုတာ ရိုက်လို့ မလောက်အောင်ပဲ ဘယ်နေရာမှာမှ ဝယ်မရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ကိုဗဒင်ကို အခွေထုတ်ပေးခဲ့တဲ့သူက သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်း တစ်ယောက်ရဲ့ အမေလို့ သိရပါတယ်။ ကိုဗဒင်ရဲ့ သူငယ်ချင်းကတော့ အခွေမထွက်ခင် အချိန်ကပဲ သေဆုံးသွားခဲ့တယ်လို့ ကြားခဲ့ရပါတယ်။

သိုးမည်းတွေ အကြောင်း သီချင်းကို အခွေမထွက်ခင် အချိန်ကတည်းက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အတော်များများ ကြားဖူးခဲ့ ကြပါတယ်။ အဲဒီသီချင်းက ကိုဗဒင်ရဲ့ ကိုယ်တွေ့ ဇာတ်လမ်း တစ်ပုဒ်လို့လည်း သိရပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တေပေ လေလွင့်နေတဲ့ အချိန်တုန်းက တစ်နေ့မှာ သူတို့ အရက်မူးပြီး အိမ်ပြန် လာကြပါတယ်။ ကိုဗဒင်ရဲ့ အိမ်က ရွာမ ဘုရားရှိခိုးကျောင်း ရှေ့က ဒေါနလမ်းထဲမှာ ပါ။ သူတို့ လမ်းထိပ်က အုတ်ခုံမှာ ဆေးလိပ် ထိုင်သောက်နေကြတုန်း ဘုရားကျောင်းထဲက လူတွေ အဝတ်အစားတွေ သစ်သစ်လွင်လွင်နဲ့ ထွက်လာတာ တွေ့မှ ပွဲတော်နေ့ဆိုတာ သိလိုက်ရပါတယ်။ အဲဒီအချိန် သူ့ စိတ်ထဲမှာ ဖြစ်ခဲ့တဲ့ ဖီလင် အပေါ်မှာမူတည်ပြီး သိုးမည်းတွေ အကြောင်းကို ရေးဖြစ်ခဲ့တာလို့ သိရပါတယ်။

နိုင်ငံကျော် အဆိုတော် ဖြစ်သွားပေမယ့်လည်း သူ့ပုံစံက အရင်အတိုင်းပါပဲ။ အရင်လို တောင်သူကုန်းထဲက ထန်းရည်ဆိုင်မှာ ထန်းရည်သောက်တုန်းပါပဲ။ ဆိုက်ကားတစ်စီးနဲ့ လျှောက်သွားနေတုန်းပါပဲ။ တစ်ခါတစ်လေ အင်းစိန် ဆေးရုံရှေ့က Diet Day အအေးဆိုင်မှာ ဘီယာတွေ တစ်ဗူးပြီး တစ်ဗူး ထိုင်သောက် နေတာ တွေ့ရတုန်းပါပဲ။ လမ်းတွေ့လို "ကိုဗဒင်ကြီး။ အေးဆေးပဲလား။" လို့ မေးရင် "အေး။" ဆိုပြီး ပြုံးပြီး ပြန်ဖြေတတ်ပါတယ်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက် အပြောအရတော့ သူတို့ တောင်သူကုန်းထဲမှာ ဘောလုံးကန်နေတဲ့ အချိန် ကိုဗဒင် ရောက်လာပြီး မူးမူးနဲ့ ငါဂိုးဖမ်းမယ်ကွာ ဆိုပြီး ယိုင်တိုင်ယိုင်တိုင်နဲ့ ဂိုးဝင်ဖမ်း သွားသေးတယ် ပြောပါတယ်။

အဲဒီတုန်းက ကျွန်တော်တို့ အိမ်ကို နယ်ကလာတဲ့ ဧည့်သည်များ ကိုဗဒင်ကို တွေ့ဖူးချင်လို့ ဆိုပြီး ပြောကြပါတယ်။ ကျွန်တော်က သူနဲ့ လမ်းမှာ တွေ့တဲ့အချိန် အဲဒါ ကိုဗဒင်ပဲ လို့ ပြတော့ သူတို့ မယုံကြပါဘူး။ ဟုတ်ပါ့မလားဟယ်လို့ ပြန်ပြီး မေးကြပါတယ်။ ဟုတ်ပါတယ်။ သူ့ပုံစံက အရင်ကတည်းက အဲဒီအတိုင်းပဲ။ လို့ ပြောတော့ သူတို့တွေ အတော်လေး အံ့သြကြပါတယ်။

နောက်ပိုင်း နည်းနည်း ကြာလာတော့ ကိုဗဒင်ကို အရင်လို မူးနေတာ မတွေ့ရတော့ပါဘူး။ အရက် ဖြတ်လိုက်တယ်လို့ သတင်းသဲ့သဲ့တော့ ကြားလိုက်ရပါတယ်။ ပထမအခွေ ထွက်ပြီး အတော်လေး ကြာတဲ့ အထိ ဒုတိယ အခွေ ထွက်မလာပါဘူး။ ဒုတိယ အခွေထွက်လာတဲ့ အချိန် ပထမ အခွေလောက် မအောင်မြင် ပေမယ့်လည်း အတော်အသင့်တော့ အောင်မြင်လိုက် ပါတယ်။ နောက်တော့ သူ ဆုံးသွားပြီ ဆိုတဲ့ သတင်း ကြားရပါတယ်။ အဲဒီ သတင်း ကြားရတဲ့အချိန်တော့ အတော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။ ပါရမီရှိတဲ့ ဂီတသမား တစ်ယောက် ကြွေလွင့်သွားတာမို့ နှမြောတာလည်း ပါသလို ရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှု ကင်းတဲ့ အနုပညာရှင် တစ်ယောက် ဆုံးပါး သွားတဲ့ အတွက် စိတ်မကောင်း ဖြစ်တာလည်း ပါပါတယ်။

ဒါကတော့ ကျွန်တော် ကိုယ်တွေ့ ကြုံခဲ့ဖူးတဲ့ ကိုဗဒင်ရဲ့ ပုံရိပ်ပါပဲ။ ကိုဗဒင် အကြောင်း ရေးထားတဲ့ စာတွေ မတွေ့မိလို့ အမှတ်တရ အနေနဲ့ ရေးလိုက်ပါတယ်။