Search This Blog

Showing posts with label လေကြောင်း. Show all posts
Showing posts with label လေကြောင်း. Show all posts

Sunday, October 31, 2010

ခရီးသွားရင်း လွဲချော်ခြင်းများ

ခရီး တစ်ခါ ထွက်ရင် ဆောင်ရန် ရှောင်ရန် အတွက် တစ်ခုခု သင်ခန်းစာ ရတတ်ပါတယ်။ ကိုယ်နဲ့ အကျွမ်းတဝင် မရှိတဲ့ အရပ်ဒေသမှာ ချောက်ကျပြီးမှ ရထားတဲ့ သင်ခန်းစာဆိုတော့ နည်းနည်းတော့ အဖိုးတန်ပါတယ်။ ဒီတစ်ကြိမ် ဒုက္ခရောက်လို့ နောက်တစ်ခါ ထပ်မဖြစ်အောင် သတိထားပေမယ့်လည်း နောက်တစ်ကြိမ်ကျရင် နောက်တစ်မျိုး အသစ်အဆန်း ကြုံရတာပါပဲ။

ပထမဆုံးတော့ Hand Carry နဲ့ ပတ်သက်ပြီး ရဖူးတဲ့ သင်ခန်းစာပါ။ ကျွန်တော် လေယာဉ်ပျံစီးရင် Hand Carry သယ်ဖို့ အတော် ဝန်လေးပါတယ်။ ပျင်းတယ်လို့ ပြောရင်လည်း ရပါလိမ့်မယ်။ ပထမဆုံး အကြိမ် ခရီးရှည် လေယာဉ်ပျံစီးတော့ လက်ပ်တော့ပ်၊ ဖတ်စရာ စာအုပ် တစ်အုပ်၊ အနွေးထည် နဲ့ စီးကရက်ဗူး က လွဲရင် Hand Carry ထဲမှာ ဘာမှ ထည့်မသွား မိပါဘူး။ အဲဒီတုန်းက စင်ကာပူ လေကြောင်းလိုင်းနဲ့ လော့စ်အိန်ဂျလိစ် ကို သွားတာပါ။ ဇနပုဒ်သား အမေရိကား သွားရမယ် ဆိုတော့လည်း ခါတိုင်းလို ပေါ့ပေါ့ပါးပါး ဝတ်စား မသွားပဲ ရှပ်အင်္ကျီ တွေ ဘာတွေနဲ့ သားသားနားနား ဖြစ်နေပါတယ်။

လေယာဉ်ပေါ်မှာကတော့ စင်ကာပူ လေကြောင်းလိုင်းရဲ့ ထုံးစံအတိုင်း Business Class မဟုတ်ပေမယ့်လည်း အစားအသောက်ကို တစ်မျိုးပြီး တစ်မျိုး ကျွေးပါတယ်။ ညနေစာ စားပြီးတော့ ရေခဲမုန့် လာကျွေးတော့ ချော့ကလက် ရေခဲမုန့်ပါ။ အရှေ့က ဖွင့်ထားတဲ့ ရုပ်ရှင်ကြည့်ရင်း စားလိုက်တာ ရေခဲမုန့် တစ်ဝက်ကျိုးတော့မှ အင်္ကျီပေါ် ရေခဲမုန့် ဖိတ်ကျတာ အတော်များမှန်း သတိထားမိပါတယ်။ ရှပ်အင်္ကျီ အပြာရောင်ပေါ်မှာ ချော့ကလက် ရေခဲမုန့် စွန်းနေတာ မြင်မကောင်းပါဘူး။ ဒါပေမယ့် Hand Carry ထဲ အင်္ကျီ တစ်ထည်တောင်မှ အပိုပါ မသွားတော့လည်း လဲစရာက မရှိပါဘူး။ လေယာဉ်ပျံပေါ် ​ရောက်မှ အဝတ်အစား တစ်စုံတစ်လေ ထည့်မလာ မိတာ အတော် မှားမှန်း သိပါတယ်။ တွိုင်းလက်ထဲသွားပြီး ရေနဲ့ သွားဆေး ပေမယ့်လည်း အစွန်းအကွက်က လျော့မသွားပါဘူး။ လေယာဉ်ပျံပေါ်မှာ အဲဒီ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေပါတယ်။ အနွေးထည် အင်္ကျီ ပါလာလို့ မသိမသာ အနွေးထည် အပေါ်က ထပ်ဝတ်ထားလိုက် ရပါတယ်။ ကြည့်ရ မဆိုးတော့ပေမယ့် နေရတာတော့ အတော်အိုက်ပါတယ် ဆိုသလိုမျိုး ဖြစ်သွား ပါတယ်။

အဲဒါကြောင့် နောက်တစ်ခေါက်က စပြီး ခရီးသွားတိုင်း Hand Carry ထဲမှာ အင်္ကျီ တစ် စုံ အမြဲတမ်း အပို ထည့်သွားတတ် ပါတယ်။ ဒါပေမယ့်လည်း နောက်တစ်ခါ ကျတော့ နောက်တစ်မျိုး ကြုံရပြန် ပါတယ်။ အဲဒီ အခါက အိုင်ယာလန်သွားတော့ လန်ဒန် ဟိသ်ရိုးမှာ လေယာဉ် ပြောင်းစီးရပါတယ်။ ဟိသ်ရိုးက တခြားလေဆိပ်နဲ့ မတူပါဘူး။ တခြားလေဆိပ်တွေမှာ Hand Carry အတွက် အိတ်တစ်လုံးနဲ့ လက်ပ်တော့ပ် တစ်လုံး သယ်ခွင့် ပေးပေမယ့် ဟိသ်ရိုးမှာက လက်တော့ပ် အပါအဝင်မှ အိတ်တစ်လုံးပဲ သယ်လို့ ရပါတယ်။ အစကတော့ ထရန်စစ် ဆိုလို့ ကိစ္စမရှိဘူး ထင်ပေမယ့် လန်ဒန်မှာ လေယာဉ်ဆင်းတော့ အင်မီဂရေးရှင်း အပြင်ထွက်ပြီး ပါလာတဲ့ အိတ်ကို Check-in လုပ်ခိုင်းပါတယ်။ အိုင်ယာလန် ဒပ်ဗလင် လေဆိပ်ရောက်တော့မှ စပြီး တိုင်ပတ် တော့တာပါပဲ။

ကျွန်တော်တို့ လေယာဉ်က လန်ဒန်မှာ ဆင်းပြီး သိပ်မကြာခင် နောက်လေယာဉ်တစ်စင်းကို ပြောင်းရတာ ဆိုတော့ အိုင်ယာလန် ရောက်တော့ လန်ဒန်မှာ အပြင်ထွက်ပြီး Check-in လုပ်လိုက်တဲ့ အိတ်က ပါလာပေမယ့် စင်ကာပူမှာ Check-in လုပ်လိုက်တဲ့ အဝတ်အစား အိတ်က ပါမလာပါဘူး။ လေဆိပ်က ကောင်တာကို မေးတော့ အိတ်မရောက်သေးဘူး။ ရောက်တာနဲ့ ဟိုတယ်ကို ပို့ပေးမယ် လို့ ပြောပါတယ်။ သူတို့က အိတ်ပို့ပေးဖို့ ဟိုတယ် လိပ်စာတောင်းတော့ ကျွန်တော် မသိပါဘူး။ ဟော်လန်က လာတဲ့ အေးဂျင့်နဲ့ ဒပ်ဗလင် လေဆိပ်မှာ တွေ့ပြီးမှ ဆက်သွားဖို့ စီစဉ်ထားတာ ဆိုတော့ ခရီးဆုံးက လိပ်စာကို ဟော်လန်က အေးဂျင့်ကပဲ သိပါတယ်။ သူ့လေယာဉ်က ဒပ်ဗလင်ကို မဆိုက်သေးပါဘူး။ အဲဒါနဲ့ သူရောက်လာတဲ့ အထိ စောင့်ပြီးတော့မှ  သူ့ကို ဖုန်းဆက်ပြီး ဟိုတယ် လိပ်စာ လှမ်းမေးရပါတယ်။ ဖုန်းထဲမှာ သူက Wexford လို့ ပြောလို့ ကျွန်တော် က ကြားတဲ့ အတိုင်း ကောင်တာကို ပြန်ပြောလိုက် ပါတယ်။ ဝက်စ်ဖို့ဒ်က ဒပ်ဗလင်ကနေ မိုင် ၁၀၀ လောက် ဝေးတဲ့ အတွက် အိတ်က ဘယ်အချိန် ရောက်လာမလဲ ဆိုတာတော့ မှန်းလို့ မရပါဘူး။

ဒီလိုနဲ့  ဟော်တယ်ကနေပြီး ကျွန်တော့် အိတ်ကို စောင့်ပါတယ်။ ပထမတစ်ရက် ရောက်မလာ ပါဘူး။ ပထမ တစ်ရက်နဲ့ ကိစ္စ မရှိသေးပါဘူး။ ကျွန်တော့် Hand Carry ထဲမှာ အဝတ်အစား တစ်စုံ အပိုပါလာသေးတယ် ဆိုတော့ လဲစရာ ရှိပါသေးတယ်။ သေချာအောင် နောက်တစ်နေ့ မနက် လေဆိပ်ကို ဖုန်းဆက် မေးကြည့်တော့ ပို့လိုက်ပြီ လို့ ပြောပါတယ်။ ဒါပေမယ့် ညနေစောင်းတော့လည်း ရောက်မလာသေးပါဘူး။ ကျွန်တော် မျက်လုံးပြူးနေပါပြီ။ လဲစရာ အင်္ကျီလည်း မကျန်တော့ ပါဘူး။ ညဘက် ပြန်ရောက်တာ မိုးချုပ်တော့ အပြင်ထွက်ဝယ်ဖို့လည်း အချိန်မမီ တော့ပါဘူး။ ဒါနဲ့ပဲ မနေ့က ဖြန့်လှန်းထားခဲ့တဲ့ အင်္ကျီ လေး အသာ ပြန်ဝတ် ရပါတယ်။ နောက်တစ်နေ့လည်း ရောက်မလာပါဘူး။ သေချာအောင် ဖုန်းဆက်မေးတော့ လိပ်စာ ရှာမတွေ့လို့ အိတ်က လေဆိပ်ပြန်ရောက်နေပြီ ပြောပါတယ်။ နည်းနည်းတော့ တင်းသွား ပါတယ်။ ဒီလောက် မြို့ကလေး သေးသေးကလေးမှာ ရှိတဲ့ ဟော်တယ် အကြီးကြီးကို ရှာမတွေ့ဘူး ဆိုတာ နည်းနည်းတော့ တရားလွန်ပါတယ်။ အဲဒါနဲ့ လိပ်စာကို ပြန်ပြောတော့မှ လေဆိပ်က လူတွေ Westport နဲ့ Wexford ကို နားကြားလွဲသွားတယ် ဆိုတာ သိလိုက်ရပါတယ်။ Westport က အိုင်ယာလန် မြောက်ဖက်မှာပါ။ ကျွန်တော်သွားတဲ့   Wexford  ကတော့ တောင်ဖက်မှာပါ။ ညနေမှပဲ အိတ်က ဟိုတယ်ကို ရောက်လာပါတယ်။ ဒီညနေမှ ရောက်မလာ ရင်လည်း နောက်နေ့ စက်ရုံကနေလစ်ပြီး အင်္ကျီ သွားဝယ်ဖို့ စီစဉ် ထားပြီးသားပါ။ နောက်ဆို ကိုယ်မသိတဲ့ နေရာသွားရင် Hand Carry ထဲ ရှိသမျှ အဝတ်အစား အကုန် ထည့်ယူရမယ့် ပုံပဲလို့ တွေးမိပါတယ်။ (အဲလောက်တော့လည်း မလုပ်ဖြစ်ပါဘူး။ :D ) မသွားခင် သွားရမယ့် ခရီးဆုံးက လိပ်စာ ကြိုမေးတတ်တဲ့ အကျင့်တစ်ခုတော့ ရသွားပါတယ်။

ပိုက်ဆံလဲတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း သင်ခန်းစာ ယူစရာ ကြုံဖူးပါတယ်။ စင်ကာပူမှာ နိုင်ငံခြားပိုက်ဆံလဲရင် တခြားနိုင်ငံတွေထက်  သက်သာပါတယ်။ ပိုလန်လို ချက်ရီပတ်ဘလစ်လို သိပ်မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာလည်း အတူတူပါပဲ။ ဒါပေမယ့် ဟော်လန်လို နိုင်ငံမျိုးမှာတော့ ပိုက်ဆံလဲနှုန်းချင်း သိပ်မကွာပေမယ့် ပိုက်ဆံလဲခ ကော်မရှင် ပေးရပါတယ်။ အဲဒီတော့ သိပ်မစားသာ လှပါဘူး။ ပထမဆုံး အခေါက် ချက်ရီပတ်ဘလစ်က ပြန်လာတော့ အိတ်ထဲမှာ ချက်နိုင်ငံ သုံးတဲ့ ပိုက်ဆံတွေ ပြန်ပါလာပါတယ်။ အဲဒါကို ချက်လေဆိပ်မှာ မလဲခဲ့ဘဲ ဟော်လန် ရောက်မှ လဲဖြစ်ပါတယ်။ သူတို့ရေးထားတဲ့ နှုန်းထားကြည့်တော့ ချက်မှာ လဲတာနဲ့ သိပ်မကွာလှပါဘူး။ ဒါပေမယ့် ပိုက်ဆံရတော့ မှန်းသလောက် မရတာမို့ ဖြတ်ပိုင်း စာရွက်ကလေးကို ပြန်ပြီး စစ်ကြည့်တော့ ကော်မရှင်ဆိုပြီး ဖြတ်ယူ ထားတာ ယူရို ၂၀ လောက်မို့ အတော် မြိန်သွားပါတယ်။

တခါတလေတော့ ပိုက်ဆံ လဲလို့မရလို့ သုံးစရာ မရှိတာလည်း ကြုံဖူးပါတယ်။ ပိုလန် ရောက်သွားတော့ ကျွန်တော်သွားတဲ့ စက်ရုံ ကျွန်တော်နေတဲ့ ဟိုတယ်က မြို့နဲ့ အတော်ဝေးတာမို့ ပိုက်ဆံလဲတဲ့ နေရာမရှိပါဘူး။ အိတ်ထဲမှာ ယူရို ပါလာပေမယ့် ပိုလန်မှာ ဇွာတာ (zloty) ပဲ သုံးလို့ ရတာမို့ ဘာမှ အသုံးမဝင် ပါဘူး။ နောက်ဆုံးတော့ ကြံရာမရတာနဲ့ အေတီအမ် စက်ကို သွား ပိုက်ဆံထုတ်ခ ပေးပြီး ခရက်ဒစ်ကတ်ဒ် ထဲကနေပဲ ပိုက်ဆံ ထုတ်သုံး လိုက်ရပါတယ်။

အေတီအမ် စက်နဲ့ ခရက်ဒစ် အကြောင်း ပြောရင်း ကျွန်တော်တို့ ကြုံခဲ့ဖူးတာ တစ်ခု ပြန်သတိရပါတယ်။ တစ်ခါက ကျွန်တော်တို့ ပြင်သစ်မှာ ကားမောင်းရင်း မိုင်နှုန်းကျော်လို့ ညကြီး သန်းခေါင် ရဲအဖမ်းခံရပါတယ်။ အဲဒီအကြောင်းကို နော်မန်ဒီရဲ့ည ဆိုတဲ့ ပို့စ်မှာ ရေးဖူးပါတယ်။ ရဲကို ဒဏ်ငွေဆောင်ဖို့ အေတီအမ်မှာ ပိုက်ဆံ သွားထုတ်တော့ ထူးထူးခြားခြား ကြုံရပါတယ်။ ကျွန်တော် ကိုယ်တိုင် မဟုတ်ပါဘူး။ ကျွန်တော်နဲ့ အတူသွားတဲ့ အေးဂျင့် ကြုံတာပါ။ သူ့မှာ ခရက်ဒစ်ကတ်ဒ် ၂ ကတ်ဒ် ပါပါတယ်။ ဘဏ်က ညဘက်ဆိုတော့ တံခါးပိတ်ထားပြီး အေတီအမ်ကို သွားဖို့ တံခါးပေါက်ဝမှာ ခရက်ဒစ်ကတ်ဒ် ဆွဲပြီး တံခါးဖွင့်ရပါတယ်။ သူ့ကတ်ဒ် ၂ ကတ်ဒ်ထဲက တစ်ကတ်ဒ်ကို တံခါးက လက်မခံပါဘူး။ အထဲရောက်လို့ အေတီအမ်မှာ ပိုက်ဆံ ထုတ်တော့ တံခါးဖွင့်လို့ရတဲ့ ကတ်ဒ်ကို စက်က လက်မခံပါဘူး။ နောက်တစ်ကတ်ဒ်နဲ့ပဲ ပိုက်ဆံ ထုတ်လို့ရပါတယ်။ အဲဒီအကြောင်း ကျွန်တော်တို့ ပြန်ပြောကြရင်း တစ်ကတ်ဒ်တည်းသာ ရှိရင် ပိုက်ဆံ ထုတ်ရမှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ပြောဖြစ်ပါသေးတယ်။

ဒီပို့စ်ကို ရေးဖို့ ကြံနေတာ တစ်နှစ်လောက် ရှိပါပြီ။ နေ့ရွှေ့ညရွှေ့နဲ့ အခုမှပဲ ရေးဖြစ်တော့တာပါ။ ဆက်ရန်တွေ ရှိရင်လည်း ရှိပါဦးမယ်။ 

Saturday, April 11, 2009

အန်ကယ်လ်ဆမ်တို့ဆီမှာ လေယာဉ်ပျံစီးခြင်း

ကမ္ဘာပေါ်မှာ နာရီအကြာဆုံး တိုက်ရိုက် ပျံသန်းတဲ့ လေကြောင်းခရီးစဉ်က စင်ကာပူ ကနေ နယူးယောက်ကို ပျံသန်းတဲ့ စင်ကာပူ လေကြောင်းလိုင်းရဲ့ ခရီးစဉ် ဖြစ်ပါတယ်။ စုစုပေါင်း ၁၈ နာရီ ကြာပါတယ်။ ဒုတိယမြောက် နာရီအကြာဆုံး တိုက်ရိုက် ခရီးစဉ် ကတော့ စင်ကာပူ-လော့စ်အိန်ဂျယ်လိစ် ခရီးစဉ်ပါ။ ကျွန်တော် ပထမဆုံး ခရီးရှည် လေယာဉ်စီးဖူးတာ ကလည်း အဲဒီ ဖလိုက် ဖြစ်ပါတယ်။ ၁၅ နာရီ ဝန်းကျင်လောက် ကြာပါတယ်။ ဘာဖြစ်လို့ ခရီး အရှည်ဆုံး ဖလိုက်တွေမှာ စင်ကာပူ လေကြောင်းလိုင်း တစ်ခုတည်းက နံပါတ် ၁ နဲ့ ၂ ဖြစ်နေရတာလည်း ဆိုတာကို တွေးကြည့်ဖူး ပါတယ်။ ဖြစ်နိုင်ခြေ ရှိတာကတော့ အခြား လေကြောင်းလိုင်း တွေရဲ့ အလုပ်သမား သမ္မဂ္ဂတွေက အဲဒီလောက် အချိန်ကြာတဲ့ ခရီးစဉ်ကို ခွင့်ပြုမှာ မဟုတ်လို့ပါ။ စင်ကာပူမှာတော့ အလုပ်သမား သမ္မဂ္ဂ (NTUC) ဆိုတာ စူပါမတ်ကတ်လို့ပဲ လူအများက သိထားကြတော့ ဘယ်သူမှလည်း အာညောင်းခံ ကန့်ကွက်ကြတယ် မထင်ပါဘူး။

အမေရိကား ကတော့ ဖလိုက် အချိန်မမှန်တဲ့ နေရာမှာလည်း နံပါတ် ၁ စွဲမယ့် နိုင်ငံ ဖြစ်မလား မသိပါ။ ဥရောပမှာ လေယာဉ်ပျံ အချိန်မမှန်ဘူး ဆိုတာ ကြုံရခဲပါတယ်။ အမေရိကား မှာတော့ အထူးအဆန်း မဟုတ်သလို ပါပဲ။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလိုပဲ ပထမဆုံး အခေါက် ရောက်ရောက်ချင်း ပြောင်းစီးရမယ့် ဒင်န်ဗာကို သွားရမယ့် ဖလိုက်က ၁ နာရီ နောက်ကျပါတယ်။ နောက်အခေါက် တွေမှာလည်း လေယာဉ်ပျံ နောက်ကျတာ အချိန်မမှန်တာတွေ အမြဲလိုလို ကြုံရတတ် ပါတယ်။

တစ်ခေါက်ဆိုရင် အတော် ဆိုးရွားပါတယ်။ အဲဒီအခေါက်က တိုကျို နာရီတာ ကနေ စီးလာတဲ့ လေယာဉ် ရှီကာဂို လေဆိပ်ကို ရောက်တော့ လေယာဉ်ပျံ ပြောင်းစီးဖို့ အချိန်က အတော်စော နေပါတယ်။ ညနေ ၅ နာရီခွဲ မီချီဂန်ကို ဆက်စီးရမယ့် လေယာဉ်ပျံက ၈ နာရီ ကျော်မှ ထွက်မယ်ဆိုပြီး ကြေငြာထားပါတယ်။ ခရီးကလည်း ပန်းလာတာနဲ့ယူနိုက်တက် လေကြောင်းလိုင်းရဲ့ နားနေခန်းထဲမှာ အေးအေးဆေးဆေး နားပြီး စောင့်နေ ပါတယ်။ ၇ နာရီ ကျော်လောက်မှ ဆေးလိပ် ထွက်သောက်မယ် ဆိုပြီး အပြင်ကို ထွက်လာခဲ့ပါတယ်။ အပြင်ရောက်တော့ ကျွန်တော် စီးရမယ့် လေယာဉ်ပျံက ထွက်သွားပါပြီ။ အဲဒီတော့မှ ယူနိုက်တက်ရဲ့ ကောင်တာကို သွားပြီး ပြသနာ သွားရှာ ပါတယ်။ ကောင်တာက ဒီနေ့တော့ လေယာဉ်ပျံ မရှိတော့ဘူး နောက်နေ့မနက် အစောဆုံး လေယာဉ်ပျံနဲ့ စီစဉ်ပေးမယ်။ အခုညတော့ ဟိုတယ်မှာ တည်းဖို့ Discount ဘောင်ချာတစ်ခု ယူသွားဆိုပြီး ပေးလိုက်ပါတယ်။ ခရီးစဉ်ကိုလည်း အခမဲ့ ပြောင်းပေး လိုက်ပါတယ်။ အဲဒီညက အူကြောင်ကြောင်နဲ့ပဲ ရှီကာဂို လေဆိပ်နားက ဟိုတယ်မှာ တစ်ယောက်တည်း သွားအိပ် နေရပါတယ်။ အခုတော့ မသိတော့ပါ။ အဲဒီတုန်းက အမေရိကားမှာ လေယာဉ်ခရီးစဉ် အချိန်ရွှေ့ရင် ဒေါ်လာ ၁၀၀ ပေးရ ပါတယ်။ ကျွန်တော်တို့ အတွက်တော့ မပေးချင်ရင် အကြံအဖန် လုပ်လို့ရတဲ့ နည်းတစ်နည်း ရှိပါတယ်။ စင်ကာပူ ကိုဖုန်းဆက်ပြီး စင်ကာပူက ခရီးသွား အေးဂျင့်ကနေ တဆင့် လှမ်းပြောင်းခိုင်း တာပါ။ စင်ကာပူ အေးဂျင့်က လှမ်းပြောင်းပေးရင် ဒေါ်လာ ၁၀၀ ပေးစရာ မလိုပါဘူး။

အမေရိကန်မှာ လေယာဉ်ပျံစီးရင် ကိုယ့်ဘေးနားက အတူတူ စီးလာတဲ့ သူတွေနဲ့တော့ အမြဲလိုလို စကားလက်ဆုံ ကျလေ့ ရှိပါတယ်။ ကိုယ်က စမပြောရင်တောင် သူတို့က လာပြောတတ်ပါတယ်။ ဂျပန်မှာ ဖျော်ဖြေရေး လုပ်ပြီး ပြန်လာတဲ့ ရှီကာဂိုက လူမည်း ဂီတသမား၊ အလက်စကာမှာ တောရိုင်း တိရိစ္ဆာန်တွေကို ကာကွယ်ဆေး သွားထိုးပြီး ပြန်လာတဲ့ လူမှု ဝန်ထမ်း အမျိုးသမီး၊ အရှေ့တောင် အာရှနိုင်ငံတစ်ခုက အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ မျက်နှာဖြူ အမျိုးသမီး ၊ ဆီလီကွန် တောင်ကြားက ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုမှာ စီမံခန့်ခွဲရေး ဝန်ထမ်း ဖြစ်နေတဲ့ အိန္ဒိယလူမျိုး စတဲ့ လူအမျိုးမျိုးနဲ့ ကြုံခဲ့ဖူး ပါတယ်။ သူတို့နဲ့ မဟုတ်ရင်တောင် လေယာဉ်မယ် အဖွားကြီးတွေနဲ့ အမြဲလိုလို စကားပြော ဖြစ်ပါတယ်။ စင်ကာပူ လေကြောင်းလိုင်းက ဝန်ထမ်းတွေက မျက်နှာက အမြဲပြုံးနေ တတ်ပေမယ့် တရင်းတနှီး စကားပြောလေ့ မရှိပါဘူး။ ယူနိုက်တက် လေကြောင်းလိုင်းက ဘွားတော်ကြီး များကတော့ မျက်နှာက ပြုံးမနေ ပေမယ့် သူတို့ကိုယ်တိုင် ဖော်ဖော်ရွေရွေ စကားတွေ ဖောင်နေအောင် ပြောတတ်ကြ ပါတယ်။ တစ်ခါတစ်လေ လေယာဉ်မယ် တစ်ယောက်တည်း ပါတဲ့ လေယာဉ်ပျံမျိုး စီးရရင် လုံခြုံရေး သရုပ်ပြရင်း နောက်ပြောင် ပြောတာမျိုးလည်း ကြားဖူးပါတယ်။

အမေရိကားမှာ လေယာဉ်ပျံစီးရင် အတော် စိတ်ကသိကအောက် ဖြစ်တဲ့ ကိစ္စကတော့ Random လုံခြုံရေး စစ်ဆေးတဲ့ ကိစ္စပါ။ ကျွန်တော်တို့ အင်ဂျင်နီယာ ဝေါဟာရ မှာတော့ Random ဆိုတာ အားလုံးအတူတူ ဖြစ်နိုင်ခြေ ရှိတယ် (Equally Likely) လို့ အဓိပ္ပါယ် ရပါတယ်။ ဒါပေမယ့် သူတို့ Random က အဲဒီလို ဟုတ်ဟန် မတူပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော် အမြဲတမ်းလိုလို Random အရွေးခံရတတ် လို့ပါ။ မဲနှိုက်ရင် တစ်ခါမှ မပေါက်တတ်တဲ့ကောင်က Random Security Check မှာ အမြဲတမ်း အရွေးခံ နေရတာတော့ သွေးရိုးသားရိုး မဖြစ်နိုင်ပါ။ လူဖြူမဟုတ်သူများ အင်္ဂလိပ်နာမည် မဟုတ်သူ များကို Random လို့ ခေါ်တယ် ထင်ပါတယ်။

လေဆိပ်များ ရောက်ရင် စင်ကာပူပြန် လက်ဆောင်ပေးဖို့ အမှတ်တရ ပစ္စည်း အမြဲလိုလို ဝယ်လေ့ ရှိပါတယ်။ အမှတ်တရ ပစ္စည်းကလည်း Made in China ပါပဲ။ ကျွန်တော့် မိတ်ဆွေ တစ်ယောက်ကတော့ Made in USA လက်ဆောင်ပေးချင်ရင် အမေရိကန် ဒေါ်လာသာ လက်ဆောင်ပေးလိုက်ကွာ အဲဒီထက် စစ်တာတော့ မရှိဘူးလို့ ပြောပါတယ်။

Thursday, March 5, 2009

အမှတ်တရ အိန္ဒိယခရီး (၃)

အိန္ဒိယ ရောက်ပြီး ဒုတိယနေ့ကတော့ ဘာမှ ထူးထူးခြားခြား ပြောစရာ မရှိပါ။ မနက်ခင်း ကတည်းက စက်ရုံသွားပြီး မနက်ခင်းပိုင်းမှာ စက်ကို ဘယ်လို သုံးရတယ် ဆိုတာကို အော်ပရေတာတွေကို သင်ပေးရပြီး ညနေပိုင်းမှာတော့ အင်ဂျင်နီယာတွေကို စက်ကို ဘယ်လို Setup လုပ်ရတယ်၊ ဘယ်လို ပြင်ရတယ် ဆိုတာတွေကို သင်ပေးရပါတယ်။ အော်ပရေတာတွေက သိပ်ပြီး မမေးကြပေမယ့် အင်ဂျင်နီယာတွေကတော့ ကတ်သီးကတ်သတ် ဝိုင်းမေးကြပါတယ်။ သူတို့ မေးသမျှ ဖြေနိုင်လို့ တော်ပါသေးတယ်။ ညနေစောင်းမှ သင်တန်းပေးလို့ ပြီးတော့ တာ့ဂ်ျမဟာရ်လည်း မရောက်တော့ပါဘူး။

တာ့ဂ်ျမဟာရ်က အိန္ဒိယက အက်ဂရာ ဒေသမှာ ရှိပြီး ရှားဂျာဟန် ဆိုတဲ့ မူဂယ်ဘုရင်က သူ့ရဲ့ ဇနီးတစ်ယောက် ဖြစ်တဲ့ (သူ့မှာ ဇနီးတွေ အများကြီး ရှိပါတယ်။) မန်တဇ်မဟာရ် ကို ချစ်မြတ်နိုးလွန်းလို့ လွမ်းဆွတ်တသ ရည်စူးပြီး တည်ဆောက်ခဲ့တဲ့ ဂူသင်္ချိုင်းကြီး တစ်ခု ဖြစ်ပါတယ်။ အချစ်ရဲ့ ခမ်းနားကြီးကျယ်တဲ့ သင်္ကေတလို့ ပြောရင် မမှားပါဘူး။ နောက်တစ်နေ့ ညနေ ပြန်တော့မှာ ဖြစ်လို့ တာ့ဂ်ျမဟာရ်သွားမယ့် အကြံ ကိုတော့ လက်လျှော့ လိုက်ပါတယ်။

နောက်ဆုံးနေခဲ့တဲ့ နေ့က သောကြာနေ့ပါ။ ကံကောင်းထောက်မစွာပဲ အစမ်း ထုတ်လုပ်တဲ့ ပစ္စည်းတွေ အကုန်လုံး စံချိန်စံညွှန်း မီပါတယ်။ နောက်တစ်နေ့ စနေနေ့မှာ သူတို့ Pilot-run ကို အကြီးအကျယ် လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ အိန္ဒိယ အင်ဂျင်နီယာက ကျွန်တော့်ကို စနေနေ့ ညနေမှ ပြန်ဖို့ အတင်းဆွဲ ပါတယ်။ ပြသနာ ဖြစ်ရင် သူတို့ ရှင်းမရမှာ စိုးလို့ပါ။ ကျွန်တော်ကတော့ စင်ကာပူ မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ စနေနေ့လည်း ရုံးပြန်သွားရဦးမယ် လို့ သူ့ကို ဘတ်ကီး ရိုက်ထားပါတယ်။ လိုတာရှိရင် ဖုန်းဆက်လိုက်လေ လို့တော့ မှာခဲ့ပါတယ်။ အမှန်တော့ ရုံးက သွားစရာ မလိုပါဘူး။ စနေ တနင်္ဂနွေ အေးအေးဆေးဆေး နားချင်လို့ အကြံအဖန် လုပ်တာပါ။

ညနေခင်း မှာတော့ စင်ကာပူက လာတဲ့ ဂျပန် အင်ဂျင်နီယာက ကျွန်တော်တို့ကို အနောက်တိုင်း စားသောက်ဆိုင် တစ်ခုမှာ ညစာ လိုက်ကွေျးပါတယ်။ အစားအသောက် ကတော့ မထူးခြားပါဘူး။ ထူးခြားတာက စားနေတဲ့အချိန်မှာ စားပွဲထိုးတွေက ဆိုင်ရဲ့ တစ်နေရာမှာ စုပြီး သံချပ်ထိုးသလို လက်ခုပ်တီးပြီး သံပြိုင် အော်ကြတာပါ။ ဘာထုံးစံလဲတော့ မသိပါ။ သူတို့ရဲ့ အိန္ဒိယသံဝဲဝဲ သံချပ်ထဲမှာ Chicken Bone ဆိုတဲ့ တစ်လုံးပဲ နားလည်လိုက် ပါတယ်။ စားသောက်ဆိုင်က ပြန်ထွက်တော့ ဂျပန်က သူတို့ကို ဟိုတယ် အရင် ပြန်ပို့ပေးပါလို့ ပြောလို့ သူတို့ကို ဟိုတယ် ပြန်ပို့ခဲ့ပါတယ်။

လမ်းမှာ ဂျပန်အင်ဂျင်နီယာနဲ့ ကျွန်တော် ဂျပန်လို တွတ်နေကြလို့ အိန္ဒိယ အင်ဂျင်နီယာက သူမသိစေချင်တဲ့ အကြောင်းမို့ ဂျပန်လို ပြောနေတယ် ထင်သလားတော့ မသိပါ။ ဘေးကနေ မျက်နှာကြီး မဲနေပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ နှစ်ယောက် ပါးစပ်ထဲ တွေ့ကရာ လျှောက်ပြောနေကြတာပါ။ ဂျပန်ကို ဟိုတယ်မှာ ပို့ထားခဲ့ပြီးမှ သူပြောပြလို့ အဲဒီဂျပန်က ရိုးရိုး အင်ဂျင်နီယာ မဟုတ်ဘဲ သူတို့ ကုမ္ပဏီရဲ့ အာရှ-ပစိဖိတ် ဒေသမှာ အကြီးဆုံး ဘောစိ ဆိုတာ သိလိုက်ရပါတယ်။ လက်စသပ်တော့ သူ့အကြောင်း သူ့ဘောစိကို တိုင်မှာ လန့်နေတာကိုး ဆိုတာ အဲဒီတော့မှ သဘောပေါက် သွားပါတယ်။ ငါတို့ ဒီလိုပဲ ရောက်တတ်ရာရာ ပြောနေကြတာ ပါကွာဆိုမှ သူ့ရဲ့ ခုနက ပုပ်သိုးနေတဲ့ မျက်နှာက ပြန်ကြည်လာပါတယ်။

ဟိုတယ်မှာ သူတို့ကို ချထားခဲ့ပြီး ကျွန်တော်တို့ လေဆိပ်ဆင်းခဲ့ကြပါတယ်။ လေယာဉ်ပျံ ထွက်ဖို့ ၃ နာရီလောက် လိုပါသေးတယ်။ ဒါပေမယ့် လမ်းမှာ ယာဉ်ကြောတွေ ပိတ်နေလို့ နယူးဒေလီ လေဆိပ်ကို ရောက်ဖို့ ၂ နာရီ လောက် ကြာသွားပါတယ်။ ကျွန်တော် လေဆိပ်ရောက်တော့ လေယာဉ်ပျံထွက်ဖို့ ၄၅ မိနစ်လောက်ပဲ လိုပါတော့တယ်။ ပထမဆုံး လုံခြုံရေးဂိတ် ကို ဖြတ်ပြီးတော့ Check-in ဝင်ဖို့ ကောင်တာ လိုက်ရှာတာ မတွေ့တော့ပါဘူး။ အဲဒီအနားမှာ ရှိတဲ့ သူတွေကို လိုက်မေးတော့ ကျွန်တော့်ကို လမ်းညွှန်ပေးကြ ပါတယ်။ ဒါပေမယ့် သူတို့ပြောတဲ့ နေရာမှာလည်း ရှာမတွေ့ပါဘူး။ လေယာဉ်ထွက်ဖို့ အချိန်ကလည်း နီးနေပါပြီ။ ကျွန်တော်လည်း ဂျွတ်စ်ကိုက် နေပါပြီ။

စင်ကာပူ လေကြောင်းလိုင်းက ပုံမှန် လေယာဉ်ပျံ မထွက်ခင် ၁ နာရီ ကြိုပြီး ကောင်တာ ပိတ်တတ်ပါတယ်။ နောက်ဆုံးတော့ ဟိုလူ့မေး ဒီလူ့မေးနဲ့ စင်ကာပူ လေကြောင်းလိုင်း ကောင်တာကို ရှာတွေ့သွားပါတယ်။ ကောင်တာကို ရှာမတွေ့ရတဲ့ အကြောင်းရင်း ကတော့ သူတို့က ကောင်တာပိတ်လိုက်ပြီ ဖြစ်လို့ မီးတွေပါ ပိတ်လိုက်လို့ပါ။ ကံကောင်း ထောက်မစွာပဲ အဲဒီမှာ စင်ကာပူ လေကြောင်းလိုင်းက ဝန်ထမ်းတစ်ယောက် ရှိနေ ပါသေးတယ်။ ကျွန်တော် သူ့ဆီသွားပြီး Check-in လုပ်ချင်တယ် ပြောတော့ မရတော့ဘူး။ ကောင်တာ ပိတ်သွားပြီ ဆိုပြီး လက်မခံ တော့ ပါဘူး။ နောက်မှ သူက Business Class က ခရီးသည်လား လို့ ပြန်မေးပါတယ်။ နောက်သလိုတော့ ဖြစ်နေပြီ။ လေယာဉ်ပျံစီးတိုင်း ဘယ်တုန်းကမှ Business Class က မစီးဖူးပါဘူး။ Business Class ခရီးသည် ဆိုရင်တော့ လုပ်ပေးမယ် လို့ သူက ပြောပါတယ်။ အခု လေယာဉ်ပျံနဲ့ ပါသွားဖို့ပဲ Business Class က ပြောင်းစီးရမလို ပုံစံပါပဲ။ အကြံရတာနဲ့ ကျွန်တော့် အိတ်ထဲက ကတ်ဒ် ကလေး ထုတ်ပြပြီး ငါ Business Class က ခရီးသည်တော့ မဟုတ်ဘူး Star Alliance Gold Member ပါ။ ကူညီပါ ဆိုပြီး အထွန့်တက် ကြည့်ပါတယ်။ သူက ဝေါ့ကီတော့ကီ ကိုထုတ်ပြီး နောက်ဆုံးအိတ် လာမယ် ဆိုပြီး လှမ်းပြောလိုက်တာ ကြားရမှ ပျော်သွားပါတယ်။ အဲဒီနားမှာ အိတ်ဆိုလို့ ကျွန်တော့်အိတ်တစ်လုံးပဲ ရှိပါတော့တယ်။ အဲဒီ ကတ်ဒ်ပြားကလေး ကယ်လိုက်လို့ တော်ပါသေးတယ်။

ကိစ္စတစ်ခုတော့ ငြိမ်းသွားပါပြီ။ ဒါပေမယ့် နောက်ထပ် ရှင်းရမယ့် ကိစ္စတွေ ရှိပါသေးတယ်။ လူဝင်မှုကြီးကြပ်ရေး ကောင်တာမှာတော့ ၂ ယောက်လောက်ပဲ စောင့်ရပါတယ်။ အဲဒီ ကောင်တာ ဖြတ်ပြီးတဲ့ အချိန်မှာတော့ လေယာဉ်ပျံထွက်ဖို့ နာရီဝက်တောင် မလိုတော့ပါဘူး။ အထဲဝင်လိုက်တော့ ရှေ့မှာ လုံခြုံရေး စစ်ဖို့ စောင့်နေတဲ့ လူတန်းက လူ ၇၀ လောက် ရှိပါတယ်။ ဒီလူတန်းကိုသာ နောက်က ဝင်တန်းစီရင်တော့ လေယာဉ်ပျံ ဘင်္ဂလား ပင်လယ်အော်ပေါ်က ဖြတ်ပျံတဲ့အချိန် ကျမှပဲ လုံခြုံရေးဂိတ်က ထွက်ရမယ့်ပုံ ရှိပါတယ်။ သနားစဖွယ် မျက်နှာကလေးနဲ့ ကျွန်တော့်မှာ လေယာဉ်ပျံ အချိန်နီးနေလို့ ကြားဖြတ် ပါရစေ ဆိုပြီး နောက်ဆုံးကနေ စပြီး တောင်းတောင်းပန်ပန်နဲ့ပဲ ရှိသမျှလူ အကုန် ကျော်တက် ရပါတယ်။ လုံခြုံရေး ကောင်တာမှာတန်းစီ နေတဲ့သူတွေ အထဲမှာ ရစ်တတ်တဲ့သူ မပါတာ ကံကောင်းပါတယ်။ ကျွန်တော့်လိုမျိုး ဖြစ်တဲ့သူ တစ်ယောက်ကို အမ်စတာဒမ် လေဆိပ်မှာ တွေ့ဖူးပါတယ်။ ကျွန်တော်တို့က သူ့ကို ကြားဖြတ်ခွင့် ပေးပေမယ့် အရှေ့က အဖြူကောင် တစ်ယောက်က ရစ်ပြီး ကြားဖြတ်ခွင့် မပေးလို့ အဲဒီကောင်လေးတွေ လေယာဉ်ပျံ လွတ်သွား ကြပါတယ်။

ဒီလိုနဲ့ပဲ တန်းစီနေတဲ့ လူအကုန်လုံးကို ကျော်တက်ပြီး ရှေ့ဆုံး ရောက်သွားပါတယ်။ လုံခြုံရေးဂိတ်ကို ဖြတ်ပြီးတော့ ၁၅ မိနစ်ပဲ လိုပါတော့တယ်။ လေယာဉ်ထွက်မယ့် အပေါက်ကို အသားကုန် သွန်ရတော့တာပါပဲ။ အပေါက်ဝ ရောက်မှ ဂိတ်စောင့်တဲ့ ကောင်မလေးက ဖြေးဖြေးလုပ်ပါ လေယာဉ်ပျံ မထွက်သေးပါဘူး ဆိုလို့ နည်းနည်း အမောပြေသွားပါတယ်။ လေယာဉ်ပျံပေါ် ရောက်တော့ ခြေပစ်လက်ပစ်ပါပဲ။ ဒါပေမယ့် အဲဒီ အပြန်ခရီးမှာ ကိုယ်နဲ့ တစ်ပါတည်း ယူလို့ရတဲ့ အိတ်က တစ်အိတ်တည်း သယ်လို့ရတာမို့ ခရီးဆောင် ကွန်ပြူတာကို အဝတ်အစားထည့်တဲ့ ကျောပိုးအိတ်ထဲ ထည့်သယ် လာခဲ့ပါတယ်။ စင်ကာပူ ပြန်ရောက်တော့ ကွန်ပြူတာရဲ့ မှန်မှာ အပေါ်ကနေ အောက်အထိ ဒေါင်လိုက် အစင်းကြောင်း တစ်ကြောင်း အိန္ဒိယပြန် လက်ဆောင်အနေနဲ့ ရလိုက်ပါတယ်။

Monday, January 19, 2009

လန်ဒန်မြို့မှာ တစ်နေ့တာ

တစ်ခါတုန်းက ခရီးသွားရင်း ပိုက်ဆံပြတ် သွားဖူးပါတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ အဲဒီလို ပိုက်ဆံပြတ်နေတဲ့အချိန်မှာ ကိုယ့်ကို တာဝန်ယူ ပြုစုမယ့် သူငယ်ချင်း တစ်ယောက်ရဲ့ ကောင်းမှုကြောင့် လန်ဒန်ကို တစ်နေ့တာ လည်ပတ်ခွင့် ရခဲ့ပါတယ်။

အဲဒီတုန်းက အိုင်ယာလန်နိုင်ငံမှာ ရှိတဲ့ ဝက်စ်ဖို့ဒ်(Wexford) လို့ ခေါ်တဲ့ အရပ်ဒေသက စက်ရုံတစ်ရုံမှာ တစ်ပတ်လောက် အလုပ်သွားလုပ်ပြီး ပြန်ခဲ့ပါတယ်။ အရင်အခေါက်တွေ ခရီးထွက်တုန်းက ဟိုတယ်စရိတ်ကို အေးဂျင့်တွေက ရှင်းနေကျမို့ ဒီတစ်ခေါက်လည်း သူတို့ပဲ ပေးလိမ့်မယ် အထင်နဲ့ အိတ်ထဲမှာ သုံးစရာ စွဲစရာ ပိုက်ဆံပဲ ထည့်လာပါတယ်။ ဒါပေမယ့် သူတို့က မရှင်းဘဲ ကိုယ့်ဘာသာကိုယ် ပေးပြီး ကုမ္ပဏီ ကျမှ စာရင်းပြန်ရှင်းပါ ဆိုတော့ ခရက်ဒစ်ကဒ်ထဲ ကျန်သမျှ အကုန်ကုန်တဲ့ အပြင် အိတ်ဆောင်ထည့်လာတဲ့ ယူရိုဒေါ်လာတွေပါ ထည့်ရှင်းလိုက်ရပါတယ်။ အဲဒီတုန်းက ကျွန်တော့်မှာ ခရက်ဒစ်ကဒ် ကလည်း တစ်ကဒ်တည်းရှိတော့ အဲဒီကတ်ထဲ ပိုက်ဆံကုန်သွားရင် သုံးစရာ မရှိတော့ပါ။ အဲဒီနေ့က သောကြာနေ့လည်း ဖြစ်နေတော့ စင်ကာပူကိုလှမ်းပြီး ပိုက်ဆံဖြည့် ခိုင်းရင်လည်း တနင်္လာနေ့မှ သုံးလို့ရမှာ ဖြစ်လို့ ဘာမှ မထူးတော့ပါဘူး။

ကျွန်တော် ပြန်ရမယ့် ခရီးက ဘီအမ်မ်အိုင် လေကြောင်းနဲ့ အိုင်ယာလန် ဒပ်ဗလင် လေဆိပ်ကနေ လန်ဒန် ဟိသ်ရိုးလေဆိပ်၊ အဲဒီကမှတဆင့် စင်ကာပူ လေကြောင်းလိုင်းနဲ့ စင်ကာပူကို ပြန်ရမှာပါ။ ဒီညနေအတွက် လန်ဒန်ကနေ စင်ကာပူ ပြန်ဖို့ လေယာဉ်ပျံ ထိုင်ခုံမရတော့လို့ ဒပ်ဗလင်မှာ တစ်ညအိပ်ပြီး စောင့်ဖို့ ကျွန်တော့် ကုမ္ပဏီက ဖုန်းလှမ်းဆက်ထား ပါတယ်။ ဒပ်ဗလင်မှာ တစ်ညအိပ်ရမယ် ဆိုတော့ ဟိုတယ်ထဲမှာ တစ်နေ့နဲ့ တစ်ည အချိန်ဖြုန်းနေမယ့်အစား လန်ဒန်မှာ တစ်ညအိပ်စောင့်ရင် ပိုကောင်းမယ် ဆိုပြီးတော့ စဉ်းစားမိပါတယ်။

လန်ဒန်မှာ ကျွန်တော့်ရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက် တစ်ယောက်ရှိပါတယ်။ အစကတည်းက သူနဲ့ ကျွန်တော် အပြန်ကျရင် ခဏပဲ ဖြစ်ဖြစ် လေဆိပ်မှာ တွေ့ဖို့တော့ ချိန်းထားပြီးသားပါ။ သူ့ဆီဖုန်းဆက်တော့ သူက ဒီညတည်းဖို့ အားလုံး အဆင်ပြေတယ်။ သူ့အိမ်မှာ နေရာရှိတယ် လို့ လှမ်းပြောပါတယ်။ အဲဒါနဲ့ လေဆိပ်က ကောင်တာမှာ သွားပြီး ဒပ်ဗလင်-လန်ဒန် လက်မှတ်ကို ဒီနေ့ချိန်းပေးဖို့ ပြောပါတယ်။ ကျွန်တော့်ရဲ့ လက်မှတ်က Transit လက်မှတ် ဖြစ်ပြီး Stopover မဟုတ်လို့ သူတို့ စည်းမျဉ်းအရ ချိန်းမပေးနိုင်ဘူးလို့ ပြန်ပြောပါတယ်။ Transit လက်မှတ်က လေယာဉ်ပြောင်းစီးဖို့သာ ဖြစ်ပြီး Stopover ကတော့ ညအိပ်ပြီးမှ နောက်တစ်နေ့ ဆက်သွားနိုင်တဲ့ လက်မှတ်မျိုးကို ခေါ်တာပါ။ လက်မှတ် အသစ်ဝယ်ချင်ရင် ဘယ်လောက် ပေးရမလဲမေးတော့ ၁၅၂ ယူရိုလို့ ပြောတယ်။ ကျွန်တော့်အိတ်ထဲမှာ ကျန်တာက ယူရို ၁၆၀ တောင် မပြည့်။ တစ်ခြား ဘတ်ဂျက်အဲယားလိုင်း လက်မှတ်တွေ လိုက်ကြည့်တော့လည်း ဘတ်ဂျတ် အဲယားလိုင်းက ပိုပြီး ဈေးကြီးနေတယ်။ အားလုံးက ယူရို ၂၀၀ ကျော်ချည်းပဲ။

အဲဒါနဲ့ ကျွန်တော့်သူငယ်ချင်းကို ဖုန်းဆက်ပြီး ပိုက်ဆံပြတ်သွားလို့ ဒီနေ့ မလာဖြစ် တော့ဘူးလို့ လှမ်းပြောလိုက်တယ်။ ကျွန်တော့် သူငယ်ချင်းကတော့ လန်ဒန်သာ ရောက်အောင်လာခဲ့ပါ။ ဟိုရောက်ရင် အားလုံး သူ့တာဝန်ထား လို့ ပြန်ပြောတယ်။ ကျွန်တော် သွားရကောင်းမလား မသွားရကောင်းမလား လေဆိပ်မှာ ထိုင်စဉ်းစား နေတယ်။ နောက်ဆုံးတော့ ဒပ်ဗလင်မှာ အိပ်လည်း ဘာမှ မထူးလို့ လန်ဒန်ပဲ သွားတော့မယ် ဆိုပြီး ကောင်တာကို ပြန်သွားပါတယ်။ ကောင်တာရောက်တော့ လေယာဉ်ပျံလက်မှတ်ဖြတ်တဲ့ အမျိုးသမီးက ကျွန်တော့် လက်မှတ်အဟောင်းအတွက် ၂၅ ယူရို ပြန်အမ်းပေးလို့ အိတ်ထဲမှာ သုံးစရာ ပိုက်ဆံတော့ နည်းနည်း ပြန်ရလိုက်ပါတယ်။

ဒီလိုနဲ့ တစ်နာရီလောက် လေယာဉ်ပျံစီးပြီးတော့ လန်ဒန်ကို ရောက်သွားတယ်။ အိုင်ယာလန်ကနေ လန်ဒန်ကို အဝင်မှာ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်စရာမလိုပါဘူး။ လေဆိပ်မှာ ခဏထိုင်စောင့်ပြီးတော့ ကျွန်တော့်သူငယ်ချင်း ရောက်လာတယ်။ ကျွန်တော်တို့ နှစ်ယောက်သား ရှားလော့ဟုမ်း ဝတ္ထုထဲမှာ ဖတ်ဖူးနေတဲ့ လန်ဒန်ရထားနဲ့ မြို့ထဲကို သွားကြပါတယ်။ လန်ဒန်ရထားက စင်ကာပူ အမ်အာရ်တီလောက် မသားနား။ ဆစ်ဒနီက ရထားတွေနဲ့တော့ သိပ်မကွာပါဘူး။

ကျွန်တော့် သူငယ်ချင်းက ညစာ တရုတ်စာ စားမလားမေးတယ်။ တရုတ်စာ က စင်ကာပူမှာ စားနေကျ။ တစ်ခြားတစ်ခုခု စားရအောင် ဆိုပြီး လိုက်ရှာကြပေမယ့် နောက်ဆုံးမှာတော့ မစားဖူးတဲ့ Burger King ကို ရောက်သွားပါတယ်။

ညကျတော့ အိမ်ပြန်ရောက်ပြီး တော်တော်နဲ့ မအိပ်ဖြစ်ကြပါဘူး။ မတွေ့တာ ၆ နှစ်လောက်ရှိပြီ ဆိုတော့ ကျွန်တော်တို့မှာ ပြောစရာမကုန်။ ကျွန်တော့်သူငယ်ချင်းနဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ၊ နေရာအနှံ့ ရောက်နေတဲ့ သူငယ်ချင်းတွေ အကြောင်း ကျွန်တော်တို့ လိုက်ပြီး မရခဲ့တဲ့ ကောင်မလေးတွေ အကြောင်း တော်တော် ညဉ့်နက်တဲ့ အထိ ပြောဖြစ်ကြပါတယ်။ မနက်ကျတော့ မထချင်။ ၈ နာရီ ထိုးခါနီးမှ သူငယ်ချင်းက ဟေ့ကောင် ဒီအချိန် မထရင်တော့ ငါတို့ ဘယ်မှ လည်လို့ရမှာ မဟုတ်ဘူး ဆိုတာနဲ့ ကုန်းရုန်းထလိုက်ရတယ်။

အိမ်ကထွက်လာတော့ တစ်နေ့စာ ကားရော ရထားပါ စီးလို့ရတဲ့ လက်မှတ် တစ်ခု ကျွန်တော့် သူငယ်ချင်းက ဝယ်ပေးတယ်။ ၆ ပေါင်လား မသိဘူး ပေးရတယ်။ ဘတ်စ်ကားနဲ့ပဲ မြို့ထဲကို ထွက်ခဲ့ကြတယ်။ လမ်းမှာ စာအုပ်ဆိုင် တစ်ဆိုင်ကို ခဏ ဝင်မွှေပြီးတော့ တရုတ်တန်းဘက် ဆက်သွားကြတယ်။ အဲဒီမှာ ဓာတ်ပုံနည်းနည်းပါးပါး ရိုက်ပြီး ကျွန်တော်တို့ ဘက်ကင်ဟမ် နန်းတော်ဘက်ကို ခရီးဆက်ခဲ့ပါတယ်။

ဘက်ကင်ဟမ် နန်းတော်မှာ လာပြီးလည်ပတ်တဲ့သူတွေက အများကြီးပါပဲ။ Mr Beam ရုပ်ရှင်ထဲကလို ဦးထုပ် အမြင့်ကြီးတွေ ဆောင်းထားတဲ့ အစောင့်တွေလည်း ရှိတယ်။ အစောင့်လဲတဲ့ အခမ်းအနားက နေ့လည်မှာ ရှိတယ်လို့ ပြောပေမယ့် အချိန် သိပ်မရတာနဲ့ ဓာတ်ပုံနည်းနည်းပါးပါး ရိုက်ပြီး ထွက်ခဲ့ပါတယ်။ အပြင်ဖက်မှာ စောင့်နေတဲ့ အစောင့်တစ်ယောက်နဲ့တောင် ဓာတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။ ကျွန်တော်တို့ နန်းတော်ရှေ့ ရောက်တော့ တော်ဝင်မိသားစုဝင် ကောင်လေး ၂ ယောက် အစောင့်အကြပ်တွေနဲ့ နန်းတော်ထဲက ထွက်လာတာကိုတော့ တွေ့လိုက်ရတယ်။ မကိုဋ်တွေ ဥသျှောင်တွေ စလွယ်တွေ မပါတဲ့ မင်းသားတော့ တွေ့ဖူးလိုက်တာပေါ့။




အဲဒီကနေ ပါလီမန် အဆောက်အဦးဖက် ဆက်ထွက်ခဲ့ကြတယ်။ မြစ်ဘေးကနေ ဖြတ်လျှောက်လာတော့ အခု စင်ကာပူ ဖလိုင်ယာလို ပုံစံ လန်ဒန်အိုင်း ကို တွေ့ခဲ့ရတယ်။



ပါလီမန် အဆောက်အဦးနဲ့ အဲဒီအနားက နာရီစင်ကြီးက အတော်ကို ကြည့်လို့လှပါတယ်။ Big Ben လို့ ခေါ်ကြတဲ့ နာရီစင်ကြီးပါ။ ရှေးခေတ်တုန်းက လက်ရာတွေ ဖြစ်ပေမယ့် ဘယ်နှစ်ရာစုက လက်ရာလဲတော့ မသိပါ။


(Image Source: wikimedia.org)

ပါလီမန် အဆောက်အဦးရှေ့မှာ ဆန္ဒပြနေတဲ့သူတွေ တွေ့ရတယ်။ ဘာရည်ရွယ်ချက်နဲ့ ဆန္ဒပြနေကြသလဲတော့ သေသေချာချာ မသိပါ။ တစ်ယောက်ကတော့ အဏုမြူ လက်နက်အတွက် ဆန္ဒပြနေကြောင်း မှန်းကြည့်လို့ရတယ်။ အဏုမြူဗုံးလို အရုပ်ကြီးကို တွေ့လို့ပေါ့။ စင်ကာပူမှာ ဒါမျိုးက မတွေ့ရဘူး ဆိုတော့ ဓာတ်ပုံတော့ အမှတ်တရ အနေနဲ့ ရိုက်ခဲ့တယ်။



အဲဒီကနေ ထွက်လာတော့ နေ့လည် ရောက်နေပြီ။ လန်ဒန်တာဝါ ဘက်ကို ဆက်ထွက်လာခဲ့တယ်။ လန်ဒန်တာဝါရှေ့မှာ ဓာတ်ပုံရိုက်ပြီး အဲဒီကနေမှ မလှမ်းမကမ်းမှာ ရှိတဲ့ တာဝါဘရစ်ခ်ျ ကို ဆက်လျှောက်လာခဲ့ ကြတယ်။


(Image Source: http://www.donniedid.com/img/EnglandLondonTower.jpg)

အဲဒီအချိန်တုန်းက Black Eyes Pea ရဲ့ London Bridge ဆိုတဲ့ သီချင်း မထွက်သေးပါဘူး။ အမှန်တကယ်ကတော့ သူ့သီချင်းထဲမှာ ရိုက်ပြတဲ့ တံတားက တာဝါဘရစ်ခ်ျပါ။ လန်ဒန်ဘရစ်ခ်ျ မဟုတ်ပါဘူး။ လန်ဒန်ဘရစ်ခ်ျဆိုတာ တာဝါဘရစ်ခ်ျနဲ့ မလှမ်းမကမ်း နေရာမှာ ရှိတာပါ။ တာဝါဘရစ်ခ်ျ ပေါ်ကနေ လှမ်းကြည့်ရင် မြင်ရပါတယ်။ တာဝါဘရစ်ခ်ျက သင်္ဘောတွေအောက်က ဖြတ်သွားရင် အပေါ်ကို လှန်ပြီးဖွင့်လို့ရတဲ့ တံတားမျိုးပါ။


(Image Source: Wikimedia.org)

လန်ဒန်ရဲ့ သိမ်းမြစ်က နာမည်ကျော်အောင်လည်း တကယ်လှပါတယ်။ တာဝါဘရစ်ခ်ျ ပေါ်ကနေ သိမ်းမြစ်ကို ကြည့်ရတဲ့ မြင်ကွင်းဟာ တကယ့်ကို အံ့မခန်းပါပဲ။





ကျွန်တော့် သူငယ်ချင်းက ဂရင်းဝစ်ခ်ျမျဉ်းကို သွားမလား ဘေကာလမ်းကို ဆက်သွားမလား မေးပါတယ်။ ဘေကာလမ်းက ရှားလော့ဟုမ်းအိမ်မှာ ဘာကြည့်စရာ ရှိသလဲတော့မသိပါ။ ကျွန်တော်ကတော့ စိတ်ထဲမှာ လောနေတာနဲ့ ငါတို့ ပြန်ရမှာလည်း အဝေးကြီး ညနေ လေယာဉ်မမီရင် ပြသနာတက်မယ် ဆိုပြီး ပြန်ဖို့ လောဆော်ပါတယ်။ စင်ကာပူ လေကြောင်းလိုင်းက လန်ဒန်-စင်ကာပူ ခရီးစဉ်မှာ ထိုင်ခုံတစ်နေရာစာ ရဖို့ မလွယ်ပါ။ ဒီတစ်ရက် ရတာတောင် ကံကောင်းလို့ ရတာပါ။ အဲဒါနဲ့ တာဝါဘရစ်ခ်ျရဲ့ စက်ခန်းထဲကို ဝင်ကြည့်ပြီးကျွန်တော်တို့ အိမ်ပြန်ခဲ့ကြပါတယ်။



အိမ်မှာ ညနေစာ စားသောက်ပြီး လေဆိပ်ကို သွားတာတောင် ကျွန်တော်တို့ လေဆိပ် ရောက်သွားတော့ လူတွေတန်းစီပြီး Check-in ဝင်နေကြပါပြီ။ အချိန်မီရုံလေးပါပဲ။ ကျွန်တော့်ရဲ့ သူငယ်ချင်းကြီးကို နှုတ်ဆက်ပြီး ကျွန်တော်တို့ လေဆိပ်အပြင်ဖက်ထွက် ဆေးလိပ်တစ်လိပ်စီ သောက်ပြီး လမ်းခွဲခဲ့ကြပါတယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော် တက်သုတ်ရိုက် လည်ပတ်ခဲ့တဲ့ လန်ဒန်မြို့ရဲ့ တစ်နေ့တာ ခရီးစဉ် ပြီးဆုံးခဲ့ပါတယ်။

(မှတ်ချက်။ ။ တစ်ချို့ ဓာတ်ပုံတွေမှာ ကျွန်တော့်ပုံတွေ ပါနေလို့ Google ကနေပဲ ရှာပြီး တင်ပေးလိုက်ပါတယ်။ :D Image Source ရေးထားတဲ့ ဓာတ်ပုံတွေက Google က ဓာတ်ပုံတွေပါ။ ကျန်တာကတော့ ကျွန်တော်ရိုက်လာတဲ့ ပုံတွေပါ။)

Saturday, November 22, 2008

ဘတ်ဂျက်အဲယားလိုင်းဖြင့် ခရီးသွားခဲ့စဉ်က

ဘတ်ဂျက်အဲယားလိုင်းများ အကြောင်းကြားဖူးနေသည်မှာ ကြာပြီဖြစ်သော်လည်း နှစ်အတော်ကြာသည်အထိ ကျွန်တော်တစ်ခါမှ မစီးဖြစ်ခဲ့ပါ။ ထိုအခါကတော့ ဘတ်ဂျက်လေကြောင်းလိုင်းကို စီးဖြစ်ဖို့ အကြောင်းကဖန်တီးလာပါသည်။

ကျွန်တော် တည်းခိုနေထိုင်သော နေရာမှာ ဟော်လန်နိုင်ငံမှ မြို့ငယ်ကလေးတစ်မြို့ ဖြစ်သည်။ ထိုမြို့မှတဆင့် အိုင်ယာလန်နိုင်ငံသို့ ခရီးဆက်ရမည်ဖြစ်သည်။ အမ်စတာဒမ်လေဆိပ်နှင့် အတော်အလှမ်းဝေးသော နေရာတွင် ရှိသည်ကတစ်ကြောင်း အမ်စတာဒမ်လေဆိပ်တွင် လေယာဉ်ပြေးလမ်း အလွန်ကျပ်သဖြင့် လေယာဉ်တက်ရမည့် အချိန်ကို ကြာမြင့်စွာ စောင့်ဆိုင်းရသည့် ဒုက္ခကို မခံလို်သည်က တစ်ကြောင်းတို့ကြောင့် ကျွန်တော်တို့ ကုမ္ပဏီမှ ခရီးစီစဉ်သူများက ဟော်လန်နိုင်ငံ အိုင်ဒိုဗင် လေဆိပ်မှတဆင့် အိုင်ယာလန်သို့ သွားရောက်ရန် ရွေးချယ်ပေးခဲ့ကြပါသည်။

အိုင်ဒိုဗင်ဆိုသည့်မြို့မှာ ချန်ပီယံလိခ် ဘောလုံးပွဲတွင် ပါဝင်ကစားလေ့ရှိသော ပီအက်စ်ဗွီ အိုင်ဒိုဗင် ( PSV Eindhoven) အသင်း အခြေစိုက်ရာမြို့ဖြစ်ပြီး အိုင်ဒိုဗင်လေဆိပ်မှာလည်း ဘတ်ဂျက်လေကြောင်းလိုင်း အများစုသာ ပျံသန်းလေ့ရှိသော လေဆိပ်ဖြစ်သည်။ ကျွန်တော်လေဆိပ်သို့ရောက်သွားသည်အထိ ကျွန်တော်တို့စီးရမည့် လေယာဉ်မှာ ဥရောပရှိ နာမည်ကြီး ဘတ်ဂျက်လေကြောင်းလိုင်းဖြစ်သော ရိုင်ယန်အဲယား (Ryan Air) မှ လေယာဉ်ဖြစ်ကြောင်းမသိခဲ့ပါ။

ကျွန်တော်တို့၏ ခရီးဆောင်အိတ်များကို Check-in လုပ်သော နေရာသို့ရောက်မှ စ၍ သတိပြုမိပါသည်။ ကျွန်တော်နှင့် အဖော်ပါလာသော ဥရောပရုံးခွဲမှ ဒတ်ခ်ျအင်ဂျင်နီယာတွင် ပစ္စည်းကိရိယာများထည့်ထားသော Toolbox တစ်ခုပါလာသည်။ ထို Toolbox အတွက် ဝန်ပိုကြေး ယူရို ၉၀ မျှ ပေးလိုက်ရသည်။ ထိုအင်ဂျင်နီယာက “ငါတို့လေယာဉ်ပျံလက်မှတ်က ဒီကနေ ဒပ်ဘလင်အထိ ယူရို ၃၀ ပဲပေးရတယ်ကွ။ အခု ငါ့အိတ်ကို ယူရို ၉၀ ပေးလိုက်ရပြီ။ ” ဆိုပြီး ရယ်ရယ်မောမောနှင့် ကျွန်တော့်ကို ပြောပြမှ လေယာဉ်လက်မှတ် အလွန်ပင် ဈေးပေါကြောင်း သတိထားမိပါသည်။

အားလုံး Check-in လုပ်ပြီးသော အခါ လေဆိပ်အဆောက်အဦးအတွင်းသို့ ဝင်ခဲ့ကြလေသည်။ ထိုနေရာတွင် Immigration မှာ ကောင်တာ ၂ ခုသာ ရှိသည်။ ကျွန်တော်၏ မြန်မာနိုင်ငံကူးလက်မှတ်ကို မမြင်ဖူး၍ အထူးအဆန်း အနေနှင့် ကြည့်ကြသည်မှအပ အခြားပြသနာ ကြီးကြီးမားမားမရှိပါ။ ထို့နောက် ကျွန်တော်တို့ ခရီးသည်များ စောင့်ဆိုင်းသော နေရာသို့ ဝင်ရောက်ခဲ့ကြပါတော့သည်။ ခရီးသည်များ စောင့်ဆိုင်းသော နေရာမှာ ကျဉ်းကျပ်သော အခန်းငယ်ကလေးတစ်ခုမျှသာ ဖြစ်၍ ထိုင်ခုံအနည်းငယ်သာ ရှိသည်။ အများစုမှာ ခရီးဆောင်အိတ်ကို အောက်ချ၍ ထိုင်သူကထိုင် မှန်နံရံကို မှီ၍ ရပ်သူကရပ်နှင့်သာ ရှိကြလေသည်။

မကြာမီ ကျွန်တော်တို့သွားမည့် လေယာဉ်ပျံ ဆိုက်ရောက်လာပါသည်။ ကျွန်တော့်မိတ်ဆွေ ဒတ်ခ်ျအင်ဂျင်နီယာက “တံခါးဖွင့်လိုက်တာနဲ့ ငါတို့ လေယာဉ်ပျံ နောက်ပေါက်ကို ရောက်အောင် ပြေးကြမယ်။ ဒီမှာ ဦးရာလူစနစ်ပဲ။ ခုံနံပါတ် ပေးမထားဘူး။” ဟု သတိပေးသည်။ လေဆိပ်မှ တံခါးဖွင့်ပေးလိုက်သည်နှင့် ကျွန်တော်တို့ကွင်းထဲသို့ ပြေးထွက်ခဲ့ကြသည်။ သူသတိပေးထားသည့်အတိုင်း နောက်တံခါးပေါက်သို့ ဦးတည်၍ ပြေးကြခြင်း ဖြစ်သည်။ ကျွန်တော်တို့ အရှေ့တွင် လူအနည်းငယ်သာရှိသည်။ လူအများစုမှာ ရှေ့တံခါးပေါက်သို့သာ ဦးတည်၍ ပြေးကြသဖြင့် ကျွန်တော်တို့အတွက် အလွန် အဆင်ပြေလေသည်။ လူအများစု လေယာဉ်ကွင်းထဲတွင် ပြေးလွှားနေကြသည်မှာ ပျော်စရာပင် ကောင်းသေးသည်။ လေယာဉ်ပျံပေါ်ရောက်တော့ ကျွန်တော် နှစ်သက်သော ပြတင်းပေါက်နေရာကိုပင် ဦးနိုင်လိုက်သေးသည်။

ဤလေယာဉ်မှာ အခြားလေယာဉ်များနှင့်မတူပါ။ အတော်ပင် ဝိတ်လျှော့ထားသည်။ လေယာဉ်ပျံထိုင်ခုံ၏ အရှေ့တွင် အခြားလေယာဉ်များတွင် ပါလေ့ရှိသော Seat Pocket ဟု ခေါ်သည့် ထိုင်ခုံအိတ်မရှိ၊ လေယာဉ်ပျံပြတင်းပေါက်များတွင်လည်း Window Shade ဟုခေါ်သည့် ပြတင်းပေါက်အကာ မရှိပါ။

မကြာမီ အချိန်အတွင်းတွင်ပင် လေယာဉ်ပျံသည် ပျံတက်လေတော့သည်။ နောက်မှ လေ့လာကြည့်သဖြင့် သိရသည်မှာ ဘတ်ဂျက်လေကြောင်းလိုင်းများသည် အခေါက်ရေများများဆွဲနိုင်ရန်အတွက် မိနစ် ၃၀ အတွင်း ခရီးသည် အတင်အချကို အပြီးလုပ်လေ့ရှိသည့် အကြောင်းပင်ဖြစ်သည်။ ဘတ်ဂျက်လေကြောင်းလိုင်းများ၏ ထုံးစံအတိုင်း ဘာမှ အလကားမကွေျးပါ။ အကုန်လုံး ဝယ်စားရပါသည်။ ကျွန်တော့်အနေနှင့်ကတော့ ညနေစာစားပြီးပြီ ဖြစ်သဖြင့် ဘာမှစားချင်စိတ်မရှိ၍ ဘာမှမစားတော့ပါ။ သူတို့ လေယာဉ်ပျံပေါ်တွင် စားစရာသောက်စရာများနှင့် ကံစမ်းရန် ခြစ်သည့် ကတ်ပြား (Scratch Card) ရောင်းချနေသည်ကိုတော့ တွေ့နေရပါသည်။ လေယာဉ်မောင်မယ်များမှာ အလွန်ပင်ပျော်ပါးနေကြပုံပေါက်ပြီး အန္တရာယ်ကင်းရှင်းရေး သရုပ်ပြ (Safety Demonstration) လုပ်ရန်ကို ပင်မေ့လျော့နေကြပါသည်။ ထိုခရီးစဉ်တွင် အန္တရာယ်ကင်းရှင်းရေး သရုပ်ပြ မလုပ်သည်ကိုလည်း သတိထားမိပါသည်။

ကျွန်တော် လေယာဉ်ပြတင်းပေါက်မှသာ အပြင်သို့ ကြည့်နေမိပါသည်။ အောက်တွင် မီးတွေထိန်ထိန်လင်းနေသော မြို့ကြီးတစ်မြို့ကိုတော့ သတိထားမိသည်။ ကျွန်တော့် စိတ်အထင် လန်ဒန်မြို့ဖြစ်သည်ဟု ထင်သော်လည်း မသေချာပါ။ ကောင်းကင်တွင် တိမ်ကင်းစင်နေသည်က တစ်ကြောင်း ပြတင်းပေါက်အကာများ မရှိသည်က တစ်ကြောင်းတို့ကြောင့် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။ ကျွန်တော့်ကို စိတ်အနှောက်အယှက်အပေးဆုံးအရာကတော့ လေယာဉ်ပျံ အတောင်ပံပင်ဖြစ်သည်။ လေယာဉ်ပျံအတောင်ပံ လှုပ်နေသည်ကို မကြာခဏ မြင်နေရသည်။ ကျွန်တော့်စိတ်ထဲတွင်တော့ ဒီလေယာဉ်ပျံ အတောင်ပံကိုပါ ဝိတ်လျှော့ထားသလား မသိဘူးဟု ကြံကြံဖန်ဖန် စဉ်းစားမိပါသည်။ အမှန်တကယ်ကတော့ ဘယ်လောက် လေယာဉ်ပျံကြီးသည်ဖြစ်စေ အတောင်ပံကတော့ လှုပ်သည်ပင်ဖြစ်သည်။

ဒီလိုနှင့် တစ်နာရီကျော်မျှ စိတ်မသက်မသာဖြစ်ပြီးသော အခါတွင်မှ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင် လေဆိပ်သို့ ဆိုက်ရောက်ပါတော့သည်။ ထိုအခါတွင်မှ ကျွန်တော် စိတ်ပေါ့ပါးသွားသည်။ ကျွန်တော့်အဖော် ဒတ်ခ်ျအင်ဂျင်နီယာကို မေးကြည့်သော အခါ အပြန်ခရီးတွင် အမ်စတာဒမ်လေဆိပ်မှ စင်ကာပူသို့ တိုက်ရိုက်ပြန်နိုင်ရန်အတွက် ကျွန်တော့်အတွက် အိုင်ယာလန်ပိုင် အဲယား လင်းဂတ်စ် (Aer Lingus) လေကြောင်းလိုင်း ဖြင့် လက်မှတ်စီစဉ်ထားကြောင်း သိရသဖြင့် ပို၍စိတ်အေးသွားပါတော့သည်။

နောင်တွင် ကိုယ့်ဘာသာကိုယ်ခရီးသွားလျှင်တော့ ဘတ်ဂျက်အဲယားလိုင်းကို တတ်နိုင်သမျှ ကြည့်ရှောင်မည်ဟုတော့ စိတ်ထဲမှာ တေးထားလိုက်မိပါတော့သည်။