Search This Blog

Showing posts with label ဘဝ. Show all posts
Showing posts with label ဘဝ. Show all posts

Thursday, January 20, 2011

ဘဝထဲက မှတ်တိုင်များ (၂)

ဘူဖေးရောင်းတဲ့ ဆိုင်မှာ အလုပ်လုပ်တော့လည်း တစ်ခါတလေ စားပွဲ မထိုးဘဲ ဘူဖေးကောင်တာ ထိုင်ရပါတယ်။ ဘူဖေးကောင်တာ ထိုင်ရတာကတော့ တစ်မျိုး တစ်ဘာသာပါ။ ပုံမှန် အားဖြင့်တော့ အစားအသောက်က သိပ်ပြီး ပြင်ဆင်စရာ မလိုပါဘူး။ ပြင်ဆင်ပြီးသား အသားထုပ်တွေ ဟင်းသီးဟင်းရွက် အထုပ်တွေက ရေခဲသေတ္တာထဲမှာ အသင့် ရှိတတ် ပါတယ်။ အဲဒီအထုပ်တွေ ဖောက်ပြီး လိုက်ဖြည့်ရုံပါပဲ။ ဒါပေမယ့် ဘူဖေးကောင်တာမှာ ရှိတဲ့ အသားတွေ ဟင်းရွက်တွေ အသီးတွေ နာမည် လိုက်မှတ်ရတာတော့ အတော် ဦးနှောက်စား ပါတယ်။ အားလုံးပေါင်း အမျိုး ၁၀၀ လောက် ရှိတော့ တော်တော်နဲ့ မမှတ်မိပါဘူး။ အခုလို စင်ကာပူပါး ဝနေတဲ့ အချိန်ဆိုရင်တော့ အထွေအထူး သိပ်မှတ်စရာ လိုမယ် မထင်ပါဘူး။ အဲဒီအချိန်ကတော့ စလုံး ရောက်ခါစမို့ Chendol ဆိုတာလည်း ဘာမှန်း မသိ၊ Coleslaw ဆိုတာလည်း မသိ၊ Thousand Island Dressing ဆိုတာလည်း ဘာမှန်း မသိမို့ အတော်ကို မျက်စိလည် ပါတယ်။

ဒါတောင်မှ တခါတလေ ကပ်စတန်မာက လာမေးရင် ဘာမေးလို့ မေးလိုက်မှန်း မသိဘူး ဖြစ်တတ် ပါသေးတယ်။ တစ်ခါက ကပ်စတန်မာက တောင်ကေး ရှိလား ဆိုပြီး လာမေးပါတယ်။ မြန်မာပြည်က လာတဲ့သူပဲ။ ထောင်ကဲ ဆိုတာတော့ ဘောစိကို ခေါ်မှန်း သိတာပေါ့။ အဲဒါနဲ့ ဆူပါဗိုက်ဆာကို ခေါ်ပေးလိုက်ပါတယ်။  ဆူပါဗိုက်ဆာ ရောက်လာမှ သူလိုချင်တာ ပဲပင်ပေါက်မှန်း သိပါတယ်။ ဆူပါဗိုက်ဆာကို မေးကြည့်တော့ အဲဒါက တရုတ်စကားတော့ တရုတ်စကားပဲ ဒါပေမယ့် မန်ဒရင် မဟုတ်ဘူး။ ဒေသခံ စကားနဲ့ ခေါ်တာလို့ ရှင်းပြပါတယ်။ ဘူဖေးကောင်တာမှာ လုပ်တုန်း တစ်ချိန်လုံး ကြားနေရလို့ အလိုလို တတ်သွားတဲ့ တရုတ်စကား နှစ်လုံးကတော့ ဆီ နဲ့ ပုစွန်ပါ။ ခဏခဏ လာမေးကြလွန်းလို့ပါ။

ကျွန်တော်တို့ ဘူဖေးကောင်တာ ထိပ်မှာ အချဉ်ရည်နဲ့ ပဲငံပြာရည် ထည့်ထားတဲ့ ကွန်တိန်နာ နှစ်ခု ရှိပါတယ်။ ကပ်စတန်မာတွေ ဘာဘီကျူး လုပ်တဲ့နေရာမှာ သုံးလို့ ရအောင် ထားပေး တာပါ။ တစ်နေ့တော့ ပဲငံပြာရည် ကုန်သွားလို့ မန်နေဂျာမက ကျွန်တော့်ကို ဖြည့်ခိုင်းလိုက် ပါတယ်။ အဲဒါနဲ့ ပဲငံပြာရည် ကွန်တိန်နာ ကလေးကိုင် မီးဖိုထဲ ဝင်သွားပြီး ပဲငံပြာရည် ရှာပြီး ဖြည့်ပေးလိုက် ပါတယ်။ ပြီးတော့ ကွန်တိန်နာကို သူ့နေရာသူ ပြန်ထားလိုက် ပါတယ်။ နောက်တော့ ကိုယ့်ဘာသာကိုယ် လုပ်စရာ ရှိတာ ဆက်လုပ်နေလိုက်ပါတယ်။ ခဏနေတော့ ကျွန်တော့်ရဲ့ ပဲငံပြာရည် ကွန်တိန်နာကို ကိုင်ပြီး မန်နေဂျာမက မီးဖိုခန်းထဲ ဝင်လာပါတယ်။ ကျွန်တော့်ကို တွေ့တော့ ခုန ပဲငံပြာရည် ဖြည့်လိုက်တာ ဟုတ်လား လို့ လှမ်းမေးပါတယ်။ ကျွန်တော်က ဟုတ်တယ် ပြောတော့ ဘွားတော်က ထရယ်ပါတယ်။

ဘွားတော်က ဆိုင်မှာ ကျွန်တော်တို့ အားလုံးနဲ့ ပိစ်ဖြစ်တာမို့ တော်ရုံတန်ရုံမှားရင် ဘာမှ သိပ်မပြောတတ် ပါဘူး။ လာဦး ပဲငံပြာရည်ကို လာကြည့်ဦး ဆိုတော့ ကျွန်တော်လည်း ကွန်တိန်နာထဲက ပဲငံပြာရည်ကို ကြည့်ပါတယ်။ ဘာမှ မမှားပါဘူး။ အညိုရောင် ပဲငံပြာရည်ပါပဲ။ အဲဒီအချိန်ဘေးက မြန်မာ တစ်ယောက်က ​ဟေ့ကောင်။ အဲဒါ ပဲငံပြာရည် မဟုတ်ဘူး။ နှမ်းဆီတွေဟ။ လို့ ပြောမှ ကျွန်တော် ပဲငံပြာရည်နဲ့ နှမ်းဆီ မှားထည့်လိုက်မှန်း သိပါတယ်။ ဒီက နှမ်းဆီက အညိုရောင်မို့ မျက်စိမှောက် သွားတာပါ။ ဘွားတော်ကတော့ ငါလည်း အစက မသိဘူး။ ကပ်စတန်မာက ကွန်ပလိန်း လုပ်လို့။ ပဲငံပြာရည်ဆိုပြီး ထည့်လိုက်တာ ဘာတွေမှန်း မသိဘူး ဆိုမှ ကြည့်မိတာ ဆိုပြီး ကျွန်တော်တို့ကို ပြန်ပြော ပါတယ်။ အဲဒီလိုမျိုး ပဲငံပြာရည်နဲ့ နှမ်းဆီ မှားစရာ မရှိတာကိုမှ မှားခဲ့ဖူးတဲ့ ရာဇဝင်လည်း ရှိဖူးပါတယ်။

ဆိုင်မှာ ဘူဖေး လာစားတဲ့သူတွေထဲမှာ ကြုံခဲ့ဖူးတဲ့ ကပ်စတန်မာကလည်း လူအမျိုးမျိုးပါ။ တကယ့်ကို တန်အောင်စားတယ် ဆိုတဲ့သူမျိုးလည်း တွေ့ဖူးပါတယ်။ တစ်ခါက ဆိုင်မှာ တရုတ် အဖိုးကြီး တစ်ယောက် ဘူဖေး လာစားပါတယ်။ ဆိုင်ထဲကို ဝင်လာကတည်းက တခြားဘာမှ မစားပါဘူး။ ပုစွန်ချည်းပဲ ယူပြီး ကင်စားပါတယ်။ ပုစွန် တစ်ပန်းကန် ယူလိုက်။ ကင်လိုက်။ စားလိုက်။ နောက်တစ်ပန်းကန် ထပ်ယူလိုက်။ ကင်လိုက်။ စားလိုက်။ ၃ ခါမြောက်မှာတော့ ဆိုင်မှာ အသစ်ရောက်လာတဲ့ မန်နေဂျာ က ကျွန်တော်တို့ အနားကို ကပ်ပြီး အဲဒီ အဖိုးကြီးကို ကြည့်စမ်းပါဦးကွ။ သူ့မျက်နှာက ပုစွန်စားနေတယ် ဆိုတာနဲ့ မတူဘူး။ ငါပိုက်ဆံတွေ စားနေတယ်။ မင်းတို့ ဘာတတ်နိုင်သေးလဲ ဆိုတဲ့ မျက်နှာထားမျိုးကွ လို့  အသံတိုးတိုးနဲ့ ပြောပါတယ်။ ကျွန်တော်တို့မှာ သူ့စကားကြားမှ အဖိုးကြီး မျက်နှာကို ကြည့်မိပြီး ရယ်မိကြ ပါတယ်။

မလိမ့်တပတ်နဲ့ ဘူဖေးဝင်အုပ်တဲ့သူလည်း တွေ့ဖူးပါတယ်။ ဘူဖေးဆိုင် ဆိုတော့ ဝင်လာရင် ဘယ်နှစ်ယောက် ဝင်လာသလဲ ဆိုတာအပေါ်မူတည်ပြီး ပိုက်ဆံကောက်ပါတယ်။ တစ်နေ့တော့ လူငယ် ၃ ယောက် ဆိုင်ထဲဝင်လာပေမယ့် သူတို့က ၂ ယောက်ပဲ စားမယ်။ တစ်ယောက်က အအေးပဲ သောက်မယ် ဆိုလို့ ၂ ယောက်စာပဲ ပိုက်ဆံယူလိုက် ပါတယ်။ ဒါမျိုးက ထူးထူးခြားခြားမို့ သူတို့ဝိုင်းကို အားလုံးက မသိမသာ အကဲခတ်နေကြပါတယ်။ အစက ၂ ယောက်တည်း စားပေမယ့် ဆိုင်မှာ လူရှုပ်လာတဲ့ အချိန်ရောက်တော့ ကျန်တဲ့ တစ်ယောက်ကပါ ဝင်စား ပါတယ်။ ငွေသိမ်းကောင်တာမှာ ထိုင်တဲ့သူကလည်း လက်အလွန်မြန် ပါတယ်။ ချက်ချင်းပဲ တစ်ယောက်စာ ဘီလ်ထုတ်ပြီး ဝိုင်းကို သွားပို့လိုက် ပါတယ်။ အဲဒီတော့မှ သူတို့ မဟုတ်သလိုနဲ့ နောက်တစ်ယောက်စာ ထပ်ရှင်း ပါတယ်။

အဲဒီ အချိန်တုန်းက စင်ကာပူမှာ မြန်မာတွေ အခုလောက် မများသေးပါဘူး။ ကျွန်တော်တို့ ဆိုင်မှာတော့ စားပွဲထိုးက မြန်မာ ယောက်ျားလေး ချည်းပဲ ၇ ယောက် ရှိပါတယ်။ ကျွန်တော်တို့ အားလုံး တစ်ကျောင်းတည်း အတူတက်နေကြတဲ့ သူတွေမို့ ဆိုင်မှာ လာမလုပ်ခင် ကတည်းက အချင်းချင်း သိပြီးသား သူငယ်ချင်းတွေပါ။ တစ်နေ့တော့ လူအရမ်းကျတဲ့ အချိန် ကျွန်တော်တို့ အားလုံး ဆိုင်ထဲမှာ ပြေးလိုက် လွှားလိုက် အချင်းချင်း စလိုက် နောက်လိုက် လုပ်နေကြပါတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကတော့ စားပွဲတစ်လုံးကို ဝုန်းဒိုင်းကြဲပြီး သိမ်းနေပါတယ်။ အဲဒီအချိန် နောက်တစ်ယောက်က လှမ်းအော်ပြီး နောက်ပါတယ်။

"ဟေ့လူ။ ဖြည်းဖြည်းပေါ့။ သိပ်စိတ်မကြီးနဲ့လေ။"
"မရဘူးကွ။ စိတ်ကြီးတယ်။ စနေသား။ နေတက်ရေတက်မှာ မွေးတာ။ ဘာမှတ်နေလဲ။"
"xx ရင်တောင် အံကြိတ်ခံတယ် ဆိုတာမျိုးလား။" နောက်တစ်ယောက်က ဝင်နှောက်ပါတယ်။

သူရပ်နေတဲ့ နေရာဘေးက စားပွဲမှာ ထိုင်နေတဲ့ အန်တီကြီး လက်ထဲက တူ လွတ်ကျသွား ပါတယ်။ အဲဒီဝိုင်းမှာ ကလေးတွေ အပါအဝင် မိသားစု တစ်စု  ထိုင်နေတာပါ။ နောက်တော့ အဲဒီစားပွဲက လူကြီးတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာပြောရမှန်း မသိအောင် ပါးစပ် အဟောင်းသား ဖြစ်နေကြ ပါတယ်။ ကျွန်တော်တို့လည်း သိလိုက်ပါပြီ။ မြန်မာ မိသားစုဘေးမှာ မြန်မာလို ပေါက်တတ်ကရ ပြောမိပြီ ဆိုတာကိုပါ။ မျက်နှာပူပူနဲ့ ကိုယ်ဘာမှ မသိလိုက် သလို အသာလေး လစ်ပြေး ကြပါတယ်။ နောက်ဖေး မီးဖိုချောင်ထဲ ရောက်မှ တစ်ယောက်နဲ့ တစ်ယောက် ပြန်ပြောပြီး ရယ်မိကြ ပါတယ်။

ဆိုင်က အလုပ်သမားတွေ ထဲမှာတော့ ကျွန်တော်တို့ မြန်မာတွေက လွဲရင် မလေးရှား တရုတ်တွေ များပါတယ်။ စလုံး အတော်များများက ဆိုင်မှာ လာ အလုပ်လုပ်ရင် ပင်ပန်းလွန်းလို့ ခဏနဲ့ ပြေးကြတာ ချည်းပါပဲ။ ဆိုင်မှာ အချိန်ပြည့် အလုပ်လုပ်ကြတဲ့ ဆူပါဗိုက်ဆာ၊ မန်နေဂျာ၊ စားပွဲထိုး အတော်များများကလည်း မလေးတရုတ် တွေပါ။ စားပွဲထိုးထဲမှာတော့ မလေးတရုတ်မ တွေ များပါတယ်။ အဲဒီ အထဲမှာ အလန်စား ကလေးတွေတော့ တစ်ယောက်တလေ ပါလာတတ် ပါတယ်။

တစ်နေ့တော့ ကျွန်တော်တို့ အထဲက တစ်ယောက်က သူ့ဘာသာသူ တိတ်တိတ်ကလေး မလေး တရုတ်မကလေး တစ်ယောက်နဲ့ ဒိတ်ပါတယ်။ သူက တိတ်တိတ်ကလေး ဒိတ်တာပေမယ့် ကောင်မလေးက တိတ်တိတ် မနေပါဘူး။ သူဒိတ်ထားတဲ့ အကြောင်း မန်နေဂျာမကို ပြောသွား ပါတယ်။ လူစုံနေတဲ့ အချိန် မန်နေဂျာမက ပြန်ဖွတော့ ကျွန်တော်တို့ အားလုံး သူကြိတ်ကြံတာ သိသွားကြပါတယ်။ ညနေကျတော့ ဆိုင်ထဲမှာ သူတို့ အကြောင်းက ပွနေပါပြီ။ အားလုံး သူတို့နှစ်ယောက် ဘယ်လို ပြန်လာကြမလဲ ဆိုတာ စောင့်နေကြ ပါတယ်။ ဟိုလူကြီးမင်းကတော့ ညနေဘက် ဆိုင်ထဲကို သူမဟုတ်သလို အလုပ်လာဆင်းပါတယ်။ ကျွန်တော်တို့က သူ့ကို ဝိုင်းကြပ် ကြပါတယ်။ အစက မသိချင်ယောင် ဆောင်နေပေမယ့် ဒီနေ့ ဟိုကောင်မလေးနဲ့ ဒိတ်တာ ဘယ်လိုလဲ မေးတော့မှ ငြင်းမရတော့လို့ အဆင်ပြေပါတယ်ကွာ။ ကောင်မလေးက ငါ့ကို သိပ်ပြီး လူကြီးလူကောင်းဆန်တာပဲ လို့ပြောတယ်။ လို့  စပ်ဖြဲဖြဲနဲ့ ပြောပါတယ်။ ကောင်မလေးကလည်း တစ်ဆိုင်တည်းမှာ အတူ လုပ်လာတာ ကြာပြီမို့ ကျွန်တော်တို့နဲ့ ခင်နေတာကြောင့် ကောင်မလေးကိုလည်း သွားစကြပါတယ်။ ဒီနေ့ဒိတ် ဘယ်လိုလဲ မေးတော့။ နင့်သူငယ်ချင်းက အလိုက်တာ အလွန်ပဲ။ ငါ့ကို နေ့လည်စာကျွေးပြီး ပြန်လွှတ်လိုက်တယ်။ လို့ ပြောလို့ ကျွန်တော်တို့ ဝိုင်းရယ်ကြ ပါတယ်။ မန်နေဂျာမက နင်က ဘာလုပ်ချင်လို့လဲ မေးတော့ ဟင်။ ဒိတ်ပါတယ် ဆိုမှ။ နေ့လည်စာ စားရုံသက်သက်နဲ့တော့ ဘာလုပ်မှာလဲ။ ပျင်းစရာကြီး ဆိုလို့ ကျွန်တော်တို့မှာ ထပ်ရယ်ကြပါသေးတယ်။

Tuesday, January 18, 2011

ဘဝထဲက မှတ်တိုင်များ (၁)

နိုင်ငံခြားသွားလို့ စားပွဲထိုးကြတယ် ပန်းကန်ဆေးကြတယ် ဆိုတဲ့ အကြောင်း မြန်မာပြည်မှာ နေတုန်းကတော့ ဝတ္ထုတွေ ဆောင်းပါးတွေ ထဲမှာပဲ ဖတ်ဖူးပါတယ်။ တစ်ချိန်ချိန်မှာ ကိုယ်တိုင်ကြုံလိမ့်မယ်လို့ အဲဒီတုန်းက မထင်ခဲ့တာ အမှန်ပါပဲ။ ဟိုးအရင်ကတည်းက နိုင်ငံခြား ထွက်ဖို့ စိတ်ကူး ရှိပေမယ့် ဘွဲ့ရပြီးမှ နိုင်ငံခြား အတွေ့အကြုံရအောင် အလုပ် သွားလုပ်မယ် ဆိုတာမျိုး တွေးမိတာပါ။ နိုင်ငံခြားမှာ စားပွဲထိုးပြီး ဘဝကို ရုန်းကန် ရလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဖူးပါဘူး။

ကျွန်တော် စင်ကာပူ စရောက်ပြီး တစ်နှစ်နီးပါးလောက် အကြာမှာ စားသောက်ဆိုင် တစ်ဆိုင်မှာ အချိန်ပိုင်း စားပွဲထိုး ဝင်လုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်လုပ်တဲ့ ဆိုင်က ကိုရီးယား စားသောက်ဆိုင်ပါ။ စားသောက်ဆိုင် ဆိုပေမယ့် ကပ်စတန်မာ ဆီက အော်ဒါယူ ဟင်းပွဲပြင် ရောင်းတဲ့ ဆိုင်မျိုး မဟုတ်ပါဘူး။ အသားအစိမ်း ဟင်းသီးဟင်းရွက် အစိမ်းတွေကို ဘူဖေးအနေနဲ့ ဘာဘီကျူး ရောင်းတဲ့ ဆိုင်မျိုးပါ။

စားပွဲထိုး အလုပ်ဝင်လုပ်တယ် ဆိုပေမယ့်လည်း စားပွဲထိုးတာ တစ်ခုတည်း လုပ်ရတာ မဟုတ်ပါဘူး။ တစ်ဆိုင်လုံးမှာ ရှိသမျှ အလုပ်ကို အလှည့်ကျ လုပ်ရပါတယ်။ စားပွဲထိုး၊ ဘူဖေးကောင်တာမှာ အစားအသောက်ပြင်၊ ငွေသိမ်းကောင်တာမှာ ထိုင် စတာတွေ လုပ်ရတတ်သလို အိုက်တိုးပဂေးဆန်လည်း ကြုံရင် ကြုံသလို လုပ်ရပါတယ်။ ပန်းကန်ဆေးတယ် ဆိုတဲ့ အလုပ်က သူများပြောတာ ကြားရရင်တော့ တော်ရုံတန်ရုံပဲ ပင်ပန်းတယ် ထင်ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ဝင်လုပ်ကြည့်တော့ ထင်ထားတာထက် ပိုပင်ပန်းပါတယ်။

ကျွန်တော်တို့ အလုပ်လုပ်တဲ့ နေရာက ဘာဘီကျူးဆိုင် ဆိုတော့ ကပ်စတန်မာ ပြန်သွားရင် သူတို့ သုံးသွားခဲ့တဲ့ မီးဖိုပလိတ်ပြားကို ပြန်ဆေးရပါတယ်။ အသားကင်ထားတဲ့ ပလိတ်ပြားမှာ အသားတွေ တူးခြစ်ပြီး ကပ်နေတာမို့ အဲဒီမီးဖိုတွေကို ဒီအတိုင်း ဆေးလို့ မရပါဘူး။ ဓာတုဆေးရည် တွေ ထည့်ထားတဲ့ ကန်ထဲမှာ တစ်ညသိပ် စိမ်ထားရပါတယ်။ ပြီးမှ နောက်တစ်နေ့မနက် သံပြားနဲ့ တိုက်ပြီး ဆေးရပါတယ်။ ကျွန်တော်တို့ မနက်ပိုင်း အလုပ်ဝင်ရင် ညက စိမ်ထားတဲ့ မီးဖို တွေ ဆေးရတတ် ပါတယ်။ မီးဖို အလုံး သုံးလေးဆယ်ကို သံပြားနဲ့ ပြောင်အောင် ခြစ်ရတာ လက်မောင်းတော့ အတော့်ကို အောင့်တဲ့ အလုပ်ပါ။ ညနေပိုင်း အလုပ်ဝင်ရင်တော့ တခါတလေ ပန်းကန်ဆေးဖို့ အလှည့်ကျတတ်ပါတယ်။ ပန်းကန် အချပ် လေးငါးဆယ်လောက် ဆေးရတာ သိပ်မသိသာ ပေမယ့် ပန်းကန်ကို အချပ်ပေါင်း ရာနဲ့ ထောင်နဲ့ချီပြီး တစ်ညနေလုံး ဆေးရတာတော့ မသက်သာလှပါဘူး။ လက်အိတ် ဝတ်ထားပေမယ့် ရေနဲ့ တစ်ချိန်လုံး ထိနေရတာမို့ အတော်ကို ပင်ပန်းပါတယ်။ ပန်းကန်ဆေးပြီး ပြန်လာတဲ့ ညနေဆိုရင် တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နုံးချိပြီး ဖလက်ပြသွားတတ်ပါတယ်။

ကျွန်တော် ထရိန်နင်ဘဝနဲ့ စားသောက်ဆိုင်မှာ အလုပ်ဝင်ခါစ တစ်ရက်မှာ ပန်းကန်ဆေးဖို့ အလှည့်ကျ ပါတယ်။ စားသောက်ဆိုင်တွေမှာ ပုံမှန်ဆိုရင် ကြားရက်တွေ လူအဝင်နည်းတတ်ပြီး စနေ တနင်္ဂနွေလို နေ့မျိုးတွေမှာပဲ လူကျတတ်ပါတယ်။ အဲဒီနေ့က ကြားရက်ပေမယ့် မားသားဒေးနဲ့ တိုက်ဆိုင်သွားတဲ့ အတွက်ကြောင့် ဆိုင်မှာ လူအဝင်များပါတယ်။ ကြားရက်ဆိုတော့ ဆိုင်မှာ စနေတနင်္ဂနွေလောက် ဝန်ထမ်း မများပါဘူး။ မီးဖိုထဲမှာ ပန်းကန်ဆေးနေတာတော့ စနေ တနင်္ဂနွေဆိုရင် ၂ယောက် ရှိတတ်ပေမယ့် အဲဒီနေ့ကတော့ ကျွန်တော် တစ်ယောက်တည်းပါ။ မီးဖိုထဲမှာ ပန်းကန်ဆေးနေရင်းနဲ့ ကိုယ့်ဘေးမှာ ပန်းကန်တွေ အပုံလိုက် အပုံလိုက် ကျလာတော့ တဖြည်းဖြည်းနဲ့ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်လာပါတယ်။ ဘယ်လောက်မြန်အောင် ဆေးဆေး အလျင်မမီတော့ ပါဘူး။ ဘေးနားက ပန်းကန်ပုံကြီးကလည်း ကြီးသည်ထက် ကြီးလာ ပါတယ်။

အဲဒီအချိန် ဆိုင်မှာ အကြီးဆုံး တာဝန်ခံ စူပါဗိုက်ဆာ မီးဖိုခန်းထဲ ရောက်လာပါတယ်။ သူ့နာမည်က မစ္စတာတေပါ။ တေ က ကျွန်တော်နဲ့ ပန်းကန်ပုံကို တွေ့တော့ ပြုံးစိစိနဲ့ကြည့်ပြီး "ဘယ်လိုလဲ။ မလိုက်နိုင် တော့ဘူးလား။" လို့ လှမ်းနောက် ပါတယ်။ ပြီးတော့ "ဘာမှ စိတ်မပူနဲ့။ မင်းကို ငါကူမယ်။" ဆိုပြီး သူ့ရဲ့ အင်္ကျီလက်ရှည် အဖြူကို လက်ခေါက် အေပရွန်ပတ်ပြီး ပန်းကန်ဆေးတဲ့ နေရာ ဝင်လာပါတယ်။ သူဝင်လာပြီး ဆယ်မိနစ် ဆယ့်ငါးမိနစ် အတွင်းမှာ ကျွန်တော့်ဘေးက ပန်းကန်ပုံ အထပ်လိုက်ကြီး ပျောက်သွားပါတယ်။ မျက်စိရှေ့မှာတင် ဝုန်းဒိုင်းကြဲပြီး အဲဒီပန်းကန်ပုံကို ပျောက်သွားအောင် ဆေးလိုက်တာတော့ လက်ဖျားခါလောက်ပါတယ်။ သူပန်းကန် ဆေးပြီး ထွက်သွားတော့ သူ့အင်္ကျီ အဖြူလက်ရှည်မှာ ဘာအစွန်းအကွက်မှ ထင်မသွားပါဘူး။ ဒါကလည်း အလေ့အကျင့်ပဲ ဖြစ်မယ် ထင်ပါတယ်။

တစ်ဆိုင်တည်း အတူတူလုပ်တဲ့ သူငယ်ချင်း တစ်ယောက် ကတော့ ကျွန်တော်တို့ကို ပြောပါတယ်။ ငါရန်ကုန်မှာ တုန်းက ဆိုရင် ကိုယ်စားတဲ့ ထမင်းပန်းကန်တောင် ကိုယ်ဆေးတာ မဟုတ်ဘူး။ အမြဲတမ်း ဆေးပေးမယ့် အိမ်ဖော်က အသင့်။ စလုံးရောက်တော့ ကိုယ့်ပန်းကန် ကိုယ်ဆေးရတာပေါ့ကွာ။ အခုတော့လည်း ကိုယ့်ပန်းကန်တင် မကဘူး။ သူများ ပန်းကန်ပါ ဆေးနေရပြီ။ ဒါပေမယ့် ဘာကိစ္စညည်းနေရ မှာလဲ။ ဝက်ဖြစ်မှတော့လည်း မစင်ကြောက်စရာ မလိုပါဘူး။ ဆိုပြီးတော့ပါ။ သူပြောတာလည်း မှန်ပါတယ်။ ကျွန်တော်တို့ စားပွဲထိုးနေတဲ့ မြန်မာ အတော်များများ မြန်မာပြည် မှာတုန်းက ဘော်ကျော့ နေလာတဲ့ ကောင်တွေ များပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ဘဝကိုယ် ရုန်းရတဲ့ အချိန်ကျတော့လည်း ဒေါင်ကျကျ ပြားကျကျ ကျဲကြတာပါပဲ။ ခိုတယ် ကပ်တယ် ဆိုတဲ့သူ မရှိသလောက် ရှားပါတယ်။

ကျွန်တော့်ဆိုင် ဆူပါဗိုက်ဆာ မစ္စတာတေ က စားသောက်ဆိုင် လုပ်ငန်းနဲ့ ပတ်သက်ရင် အတော်ကို ကျွမ်းကျင်ပါတယ်။ သူက အနိမ့်ဆုံး စားပွဲထိုးဘဝကနေ ဆိုင်တာဝန်ခံ စူပါဗိုက်ဆာ ဖြစ်လာတဲ့သူမို့ အတော်ကို အောက်သက်ကြေတယ် ပြောလို့ ရပါတယ်။ ကျွန်တော် ထရိန်နင်ဘဝမှာ မီးဖိုဆေး ပန်းကန်ဆေးတာက စပြီး စားပွဲရှင်းတာ၊ စားပွဲဆက်တင်ပြင်တာ၊ ဘူဖေး ကောင်တာမှာ အစားအသောက်ပြင်တာ အလယ် ငွေသိမ်းကောင်တာ ကိုင်တာ ကပ်စတန်မာနဲ့ စကားပြောတာ အဆုံး အကုန်လုံးကို သူကိုယ်တိုင် အနီးကပ် သင်ပေးပါတယ်။

စားပွဲသိမ်းတာ အမှတ်တမဲ့ကြည့်ရင် ဘာမှ မခက်တဲ့ အလုပ်လို့ ထင်ရပါတယ်။ ဒါပေမယ့်လည်း စားပွဲပေါ် ရှုပ်ပွနေတာတွေကို အမြန်ရှင်းပြီး နောက်လာမယ့် ကပ်စတန်မာ အသင့်ထိုင်လို့ ရအောင် အချိန်တိုအတွင်းမှာ ပြင်ဆင်ရတာတော့ အတော် ခက်ပါတယ်။ ဆိုင်ရှေ့မှာ ကပ်စတန်မာတွေ တန်းစီ ရပ်စောင့်နေတဲ့အချိန်ဆိုရင် ဆိုင်ထဲက ကပ်စတန်မာ ထွက်သွားတာနဲ့ ကျန်ခဲ့တဲ့ စားပွဲကို ဝုန်းဒိုင်းကြဲပြီး ရှင်းရပါတယ်။

ပုံမှန်အားဖြင့် ကျွန်တော်တို့ စားပွဲ အမြန် သိမ်းတဲ့နည်းက ဒီလိုပါ။ ပထမဆုံး စားပွဲပေါ်မှာ ရှိရှိသမျှ ဇွန်းတွေ ခက်ရင်းတွေ တူတွေကို ဘယ်ညာ လက်နှစ်ဖက်နဲ့ ဆွဲသိမ်းပြီး တစ်နေရာမှာ ပုံလိုက် ပါတယ်။ ပန်းကန်ထဲမှာ ဇွန်းတွေ ခက်ရင်းတွေ မရှိတော့ရင် ကျန်တဲ့ ပန်းကန်တွေကို ရှင်းရတာ လွယ်သွားပါတယ်။ နောက်ပြီးရင် ပန်းကန်ပြား အကြီးဆုံး တစ်ချပ်ကို လက်မနဲ့ လက်သန်းကြားမှာ ညှပ်၊ လက်မကြားမှာ ပန်းကန်ပြား နောက်တစ်ချပ် ထပ်ထည့် လက်သန်းကြားမှာ ပန်းကန်ပြား တစ်ချပ်ထပ်ထည့် ပြီးတော့ ပန်းကန် သုံးချပ်ကို ကန်တော့ပုံ မျိုး ဖြစ်သွားအောင် ကိုင်လိုက် ရပါတယ်။ ပန်းကန် ထဲရှိသမျှ ကျန်တဲ့ အစားအစာတွေကို ကန်တော့ပုံ လုပ်ထားတဲ့ ပန်းကန် သုံးချပ်ထဲမှာ ပုံထည့် ပြီးမှ လွတ်သွားတဲ့ ပန်းကန်တွေကို လက်ဖနောင့် ပေါ်မှာ ပုံပြီး တင်ရပါတယ်။ ပန်းကန်ကို သိမ်းတဲ့နေရာမှာ ကြီးစဉ်ငယ်လိုက် သိမ်းရင် ပန်းကန်ပြားကို လက်ဖနောင့် ပေါ်မှာ ပုံပြီးတင်ရတာ ပိုလွယ်ပါတယ်။ အဲဒီတော့ သိမ်းရတာလည်း ပိုမြန်ပါတယ်။ ဒါပေမယ့် လက်က အလေ့အကျင့်တော့ လိုပါတယ်။ စလုပ်ခါစက လက်အတော်ညောင်းလို့ မြဲအောင် မကိုင်နိုင်ပါဘူး။ အချိန်ကြာလာတော့မှ အလေ့အကျင့်ရလို့ ပန်းကန်ပြားကို အပုံလိုက် လက်တစ်ဖက်တည်း ပေါ်မှာ ဟန်ချက်ညီအောင် ထိန်းကိုင် နိုင်လာပါတယ်။ စားပွဲထိုးတာ တစ်နှစ်လောက် ရှိတော့ လက်တွေ အတော်သန်လာတာ သတိထားမိပါတယ်။

ညနေပိုင်း ကျရင်တော့ တစ်မျိုးပါ။ ဆိုင်ပိတ်ခါနီးရင် ရှိသမျှ စားပွဲတွေမှာ တတ်ထားတဲ့ မီးဖိုတွေကို တစစီ ဖြုတ်ဆေးရပါတယ်။ မီးဖိုကို ဖြုတ်ပြီးရင် စားပွဲကို ဆပ်ပြာရေနဲ့ တိုက်ဆေးရပါတယ်။ ပြီးမှ နောက်တစ်နေ့မနက် အတွက် ဆက်တင် အသစ်ပြန်ခင်း ရပါတယ်။ စားပွဲတွေ ရှင်းပြီးရင်တော့ တစ်ဆိုင်လုံးကို တံမြက်စည်းလှည်းပြီး ကြမ်းတိုက်ကြပါတယ်။ စလုံးမှာ စားသောက်ဆိုင်တွေ ကျန်းမာရေးနဲ့ ညီညွတ်တာတော့ မပြောပါနဲ့တော့။ ကြမ်းပြင်ဆိုရင် ဝါသနာပါရင် လှဲအိပ်လို့ ရအောင် အထိ သန့်ရှင်းအောင် ထားပါတယ်။ ဒါပေမယ့်လည်း နောက်ကွယ်ကျရင်တော့ လုပ်ချင်ရာ လုပ်ကြပါတယ်။ ကျွန်တော်မြို့ထဲက ဆိုင်ကြီး တစ်ဆိုင်ကို ပြောင်းသွားတော့ ပန်းကန် ဆေးစရာ မလိုတော့ပါဘူး။ အဲဒီဆိုင်မှာ ပန်းကန်ဆေးဖို့ တရုတ်ပြည်က အဖိုးကြီးတွေ ငှားထားပါတယ်။ အဖိုးကြီးတွေကလည်း လစ်ရင် လစ်သလိုပါပဲ။ ဇွန်းခရင်း ပုံးထဲမှာ ရေစိမ်ထားတဲ့ ဇွန်းခက်ရင်းတွေ ထိုးထိုးထောင်ထောင် ထွက်နေရင်း လည်ရှည်ဖိနပ်နဲ့ ပုံးထဲ နင်းချကြပါတယ်။ ပန်းကန်ဆိုလည်း ဆပ်ပြာရည်နည်းနည်း သုတ်ပြီး ရေနွေးငွေ့စက်ထဲ ပစ်ထည့်လိုက်တာပါပဲ။ အဲဒါမျိုးတွေ မြင်နေရတော့ တခါတလေ ဆိုင်မှာ ထမင်းစားရင် မစားချင်လောက် အောင်ပါပဲ။ဇွန်းခက်ရင်းများ အမြင်မှာတော့ ပြောင်လက်နေအောင် တိုက်ချွတ်ထားပေမယ့် စားခါနီးတိုင်း အဖိုးကြီးရဲ့ လည်ရှည်ဖိနပ်ကြီး မျက်စိထဲမှာ ပြေးပြီး မြင်လို့ စားရမှာတောင် ခပ်ရွံ့ရွံ့ပါပဲ။

Thursday, October 14, 2010

ဘဝထဲက သီချင်းများ

ဘဝ အစိတ်အပိုင်း တစ်ချို့မှာ အမြဲ ကြားဖူးနေခဲ့တဲ့ သီချင်းသံတွေ ကြားမိရင် အဲဒီအချိန်က ကိုယ်ဖြတ်သန်းခဲ့ဖူးတဲ့ ဘဝ ကို ပြန်ပြောင်း အမှတ်ရမိတတ် ပါတယ်။ ကျောင်းသား ဘဝတုန်းက ဆိုခဲ့ပျော်ခဲ့ဖူးတဲ့ သီချင်းတွေ ရှိသလို အချိန်ပိုင်း အလုပ်သမား လုပ်နေတဲ့ အချိန်တုန်းက တနေကုန် မကြားချင်မှ အဆုံး ကြားနေရတဲ့ သီချင်းတွေလည်း ရှိခဲ့ဖူး ပါတယ်။

ထံတျာတေရှင်တို့လို မြန်မာသီချင်းကြီးတွေ ကြားမိရင် ပတ္တလား တတုံတုံနဲ့ ဆရာက အတန်းရှေ့က တီးပြီး နောက်က ကျောင်းသားတွေ အကုန် လိုက်ဆိုကြတဲ့ အထက်တန်း ကျောင်းသားဘဝကို သတိရမိ တတ်ပါတယ်။ အဲဒီတုန်းက အချိန်ကို ပြန်စဉ်းစားရင်း ရယ်စရာ အဖြစ်တစ်ခု ခေါင်းထဲ ပေါ်လာပါတယ်။ အထက်တန်းမှာ ကျွန်တော်တို့ ဂီတဆရာ နာမည်က  ဦးစိုးပီပါ။ တစ်နေ့တော့ သူ ပတ္တလား တီးနေတုန်း သူ့ရဲ့ တူနယ့်တယ် တူနယ့်တယ် ဆိုတဲ့ အလိုက်ကို ကျောင်းသားတစ်ယောက်က နောက်ကနေ ဗိုလ်စိုးပီ ထမိန်ခိုးသည် ဆိုပြီး သီချင်းလုပ်ဆိုပါတယ်။ ဆရာ ကြားသွားတော့ စိတ်တိုပြီး ပတ္တလားတီးတဲ့ တုတ်နဲ့ ထခေါက်လိုက်တာ နောက်ပြီး ဆိုတဲ့ကောင် ဘုထွက်သွားသလို တခန်းလုံးလည်း ပွဲကျသွားခဲ့ ရပါတယ်။

Westlife ရဲ့ သီချင်းတွေ ကြားရင်တော့ ကိုရီးယား စားသောက်ဆိုင်မှာ စားပွဲထိုးတုန်းက အချိန်ကို ပြန်သတိရတတ် ပါတယ်။ အဲဒီအချိန်က ည ၁၀ နာရီခွဲ ဆိုင်သိမ်းချိန် ရောက်လို့ ကပ်စတန်မာ မပြန်သေးရင် မသိမသာ သီချင်းသံကို တဖြည်းဖြည်း သွားကျယ်ပြီး ပညာရှိနည်းနဲ့ ကပ်စတန်မာကို ဆိုင်ထဲက မောင်းထုတ်တာမျိုး လုပ်တတ်ပါတယ်။ ကျွန်တော်တို့က ဆိုင်မပိတ်မချင်း ပြန်လို့ မရသလို တစ်ဝိုင်းတည်း ကပ်သီးကတ်သတ် ကျန်နေရင်လည်း ၁၀ နာရီခွဲ နောက်ပိုင်း ပိုက်ဆံ မရတာမို့ ကပ်စတန်မာကို အမြန်ဆုံး ပြန်ဖို့ ခေါင်းထဲရှိတဲ့ နည်းမျိုးစုံ သုံးရတာပါ။ နားဆူရင် တော်ရုံတန်ရုံ ကပ်စတန်မာ မခံနိုင်ပါဘူး။ ထွက်ပြေးတာ ပါပဲ။

ပြင်သစ်မုန့်ဖို Delifrance မှာ အချိန်ပိုင်း အလုပ်သမား အနေနဲ့ မုန့်သွားဖုတ် တုန်းကတော့ တနေကုန် တရုတ်သီချင်းသံပဲ ကြားရပါတယ်။ မုန့်ဖိုမှာ ကျွန်တော်ကလွဲရင် ကျန်တဲ့သူ အကုန် တရုတ် လူမျိုးမို့ သူတို့ အချင်းချင်း တရုတ်လိုပဲ ပြောကြသလို မိုးလင်းက မိုးချုပ် တရုတ်သီချင်းပဲ ဖွင့်တတ် ပါတယ်။ စင်ကာပူမှာ ကျိုဆန်းဆန်း လို့ တရုတ်လို ခေါ်တဲ့ 93.3 FM တရုတ် ရေဒီယိုကို အဲဒီမှာ တနေကုန် ဖွင့်ထားတတ်တာပါ။ Delifrance မှာ ၂ ပတ်လောက် အလုပ်လုပ်ပြီးတော့ တရုတ်သီချင်း အတော်များများ နားထဲ စွဲသွားပါတယ်။

တရုတ်သီချင်းများကလည်း မြန်မာနဲ့ မစိမ်းလှပါဘူး။ ဝိုင်ဝိုင်း မြန်မာလို ပြန်ဆိုပြီးသား များတာမို့ သီချင်း သံစဉ်တွေက နားယဉ် နေပါတယ်။ F4 ရဲ့ Meteor Rain ကို ကြားရင် စည်းသီချင်းကို သတိရသလို Wu Bai ရဲ့ သီချင်းတစ်ပုဒ် ကို ကြားရင် အချစ်မဲ့နိဂုံးကို သတိရတတ် ပါတယ်။ မြန်မာသီချင်းကြားနေကျ တရုတ်လို ကြားရတာ သိပ်မကွာလှပေမယ့် တရုတ်လို ကြားနေကျ သီချင်းကို မြန်မာလို ပြန်ကြားရတာတော့ နားထဲမှာ အတော် ကန့်လန့် ဖြစ်နေပါတယ်။

မလေးရှားက တရုတ်အဆိုတော် Guang Liang ရဲ့ Tong Hua သီချင်း နာမည်ကြီးလာတော့ စင်ကာပူမှာ နေရာတကာ အဲဒီသီချင်း ဖွင့်နေကြပါတယ်။ သီချင်းက နားထောင်ကောင်းတာမို့ အတော်လေး ကြိုက်မိသလို နားထဲလည်း အတော် စွဲသွားပါတယ်။ Guang Liang လည်း အဲဒီ တစ်ပုဒ်တည်းနဲ့ပဲ ကမ္ဘာကျော် တရုတ် အဆိုတော် ဖြစ်သွားပါတယ်။ တရုတ်သီချင်း အဲဒီလောက် နားထဲစွဲနေတော့ အဲဒီသီချင်းကို အာဇာနည်က ကိုယ့်အနားရှိစေချင် ဆိုပြီး ပြန်ဆိုတော့ အချိန် အတော်ကြာတဲ့ အထိ ခံစားလို့ မရတော့ပါဘူး။

တရုတ်သီချင်း အကြောင်း ပြောရင်း တရုတ်သီချင်းနဲ့ ပတ်သက်ပြီး ချောက်ကျခဲ့ဖူးတဲ့ ရယ်စရာ အဖြစ်တစ်ခုကို ပြန်ပြောပြ ချင်ပါတယ်။ ကျွန်တော်တို့ စင်ကာပူ ရောက်ခါစတုန်းကပါ။ အဲဒီ အချိန်က ကက်ဆက်ခွေ ခေတ်မကုန်သေးပါဘူး။ အင်တာနက်မှာ မြန်မာသီချင်းတွေကလည်း အခုလောက် မပေါသေးတော့ ကိုယ်နားထောင်ချင်တဲ့ မြန်မာသီချင်းကို ရန်ကုန်က ကက်ဆက်ခွေ ယူလာပြီး ကက်ဆက်ဖွင့် နားထောင် ဖြစ်ကြတာ များပါတယ်။

ဒီလိုနဲ့ တစ်နေ့တော့ သူငယ်ချင်း တစ်ယောက်က အပြင်က ပြန်လာရင်း လှေခါးမှာ တခြားသူ တစ်ယောက် လွှင့်ပစ်ထားတဲ့ ကက်ဆက်ခွေလေး တစ်ခွေ တွေ့လို့ ကောက်လာပါတယ်။ အိမ်ပြန်ရောက်တော့ ကက်ဆက်ထဲထည့် ဖွင့်ကြည့်တော့ ကက်ဆက်ကနေ တရုတ်သီချင်းနဲ့ တီးလုံး ငြိမ့်ငြိမ့်ကလေးတွေ ထွက်လာပါတယ်။ သီချင်းက ပုံမှန် သီချင်းနဲ့ မတူပဲ ဘုရားစာ ရွတ်နေတာနဲ့ ပိုတူပါတယ်။ ဒါပေမယ့်လည်း တီးလုံးနဲ့တွဲတော့ နားထောင်လို့တော့ အတော် ကောင်းပါတယ်။ အားလုံးက မဆိုးဘူးဟ ဆိုပြီး ဝိုင်းမှတ်ချက် ပေးကြပြီး နောက်တော့ အဲဒီအခွေကို အိမ်မှာ မကြာခဏ စိတ်ကူးတည့်ရင် တည့်သလို ဖွင့်နားထောင် ဖြစ်ပါတယ်။

ဘေးအိမ်က တရုတ်မများကတော့ အိမ်ဘေးက ဖြတ်သွားတုန်း တရုတ် သီချင်းသံကြားတော့ အိမ်ထဲကို မျက်လုံးပြူးပြီး ကြည့်ကြပါတယ်။ ကျွန်တော်တို့ကလည်း ငါတို့ မြန်မာတွေ တရုတ်တီးလုံး ဖွင့်နေတာကြားလို့ တရုတ်မတွေတော့ အံ့သြနေကြပြီ ထင်တယ်လို့ အချင်းချင်း ပြောပြီး ရယ်ဖြစ်ကြပါတယ်။ ဒီလိုနဲ့ နောက်နှစ် အိမ်ပြောင်းလာပြီးတော့ ကက်ဆက်ခွေလည်း ဘယ်ရောက်သွားမှန်း မသိသလို အဲဒီ တရုတ်သီချင်းခွေ ကိုလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါတယ်။ ဒါပေမယ့် နောက်တစ်ခါ အဲဒီတီးလုံး ပြန်ကြားရတဲ့ အချိန်မှာတော့ မျက်လုံးပြူးရတာက ကျွန်တော်တို့ပါ။ ကျွန်တော်တို့ ကျောင်းက မြန်မာကျောင်းသားတစ်ယောက် မတော်တဆ သေဆုံးသွားတဲ့ အတွက် အသုဘ လိုက်ပို့ရင်း အသုဘမှာ ဒီတီးလုံးကို ထပ်ခါတလဲလဲ ဖွင့်နေတာ ကြားမှ ကျွန်တော်တို့ အိမ်မှာ အမြဲ ဖွင့်ခဲ့တဲ့ သီချင်းဟာ တရုတ် အသုဘ သီချင်းမှန်း သိလိုက်ရပါတယ်။ အဲဒီတော့မှပဲ ဘေးအိမ်က တရုတ်မတွေ မျက်လုံးပြူးရတဲ့ အကြောင်းက မြန်မာတွေ တရုတ်သီချင်းဖွင့်လို့ မဟုတ်ပဲ အိမ်ထဲမှာ အသုဘ သီချင်းခွေကို ဖွင့်နားထောင်ပြီး ငြိမ့်နေကြလို့ ဖြစ်တယ် ဆိုတာ သဘောပေါက်လိုက် ရပါတော့တယ်။

Monday, August 23, 2010

မြို့ပြ အင်ဂျင်နီယာ တစ်ယောက် နဲ့ စကားပြောခြင်း

မြို့ပြအင်ဂျင်နီယာ ဆိုတဲ့ စကားလုံးကို ကြားရင် ကျွန်တော့် သူငယ်ချင်း တစ်ယောက် ပြောဖူးတဲ့ ရယ်စရာ အဖြစ်အပျက် တစ်ခုကို အမြဲတမ်း သတိရတတ် ပါတယ်။ ကျွန်တော့် သူငယ်ချင်းက ကျွန်တော်တို့နဲ့ တနှစ်တည်း ပေါ်လီမှာ မြို့ပြအင်ဂျင်နီယာ ဘာသာနဲ့ ဒီပလိုမာ ရထားပြီး ရန်ကုန်မှာလည်း စက်မှုတက္ကသိုလ်က မြို့ပြအင်ဂျင်နီယာ ဘာသာရပ်နဲ့ ကျောင်းပြီးထားတာပါ။ တစ်နေ့တော့ သူနဲ့ အတူတူ ကျောင်းပြီးတဲ့ သူငယ်ချင်းတစ်ယောက် အလုပ်ရှာရင်း ရန်ကုန်က ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုမှာ အလုပ်ရသွားပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင် သူဌေး က စက်မှုတက္ကသိုလ် ကျောင်းဆင်း ဘွဲ့လက်မှတ်ကို ကြည့်ပြီး "အတော်ပဲ။ ငါ့ဆီမှာ မြို့ပြ အင်ဂျင်နီယာ တစ်ယောက်မှ မရှိသေးဘူး။" ဆိုပြီး ပြောတော့ အလုပ် သွားလျှောက်တဲ့သူမှာ မျက်လုံးပြူး သွားပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီ အကြီးကြီး တစ်ခုဖြစ်နေပြီး မြို့ပြအင်ဂျင်နီယာ တစ်ယောက်မှ မရှိဘူး ဆိုတော့ ဘယ်လိုများ အဆောက်အဦးတွေ ဆောက်နေသလဲ ဆိုပြီး စဉ်းစားရ ကျပ်သွားပါတယ်။

နောက်တော့ ကုမ္ပဏီ ပိုင်ရှင်က "ငါ့ဆီမှာ ဂျီတီအိုင်က ဆင်းတဲ့ ကောင်လေးတွေတော့ ရှိတယ်ကွ။ သူတို့က မြို့ပြ အင်ဂျင်နီယာတော့ မဟုတ်ဘူး။" လို့ ဆက်ပြောပါတယ်။ အလုပ်လာလျှောက်တဲ့သူမှာ သိချင်တာနဲ့ "ဒါဆို သူတို့က ဘာနဲ့ ကျောင်းပြီးတာလဲ။" လို့ ပြန်မေးပါတယ်။ အဲဒီတော့ သူဌေးက "နေဦး။ သူတို့ အောင်လက်မှတ် ငါယူခိုင်းလိုက်မယ်။" ဆိုပြီး သူ့စာရေးမကို သူ့ဝန်ထမ်းတွေရဲ့ အောင်လက်မှတ်ကို သွားယူခိုင်းလိုက်ပါတယ်။ ခဏနေတော့ သူ့စာရေးမက အောင်လက်မှတ်တွေ ယူလာပြီး ပြပါတယ်။ အောင်လက်မှတ်တွေကို ကြည့်ပြီးတော့ မြို့ပြ အင်ဂျင်နီယာမှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားပါတယ်။ အောင်လက်မှတ်မှာ ရေးထားတာက A.G.T.I (Civil) ဆိုပြီးတော့ပါ။ နောက်မှ သူ သဘောပေါက် သွားပါတယ်။ စက်မှုတက္ကသိုလ် ဘွဲ့လက်မှတ်မှာ မြို့ပြအင်ဂျင်နီယာဘာသာလို့ မြန်မာလို ရေးထားပေမယ့် ဂျီတီအိုင် အောင်လက်မှတ်မှာတော့ မြန်မာလို ရေးမထားပါဘူး။ ဆောက်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင်က Civil ကို မြို့ပြ အင်ဂျင်နီယာလို့ ခေါ်တယ် ဆိုတာ မသိလို့ သူအတော် လေသွားတယ် ဆိုတဲ့ အကြောင်း ကျွန်တော့် သူငယ်ချင်းကို ပြန်ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်က လူကြိုက်အများဆုံး ဘာသာရပ် ဖြစ်ပေမယ့် စင်ကာပူ မှာတော့ လူကြိုက် အနည်းဆုံး ဘာသာရပ်တွေထဲမှာ ပါပါတယ်။ ကျွန်တော်တို့ ပေါ်လီ စတက်တော့ မက္ကင်နီကယ်နဲ့ မက်ကထရောနစ် က လူကြိုက် အနည်းဆုံး ဘာသာရပ်ပါ။ မြို့ပြ က နည်းနည်း အမှတ်မြင့်ပါတယ်။ ဒါပေမယ့် နောက် ၂နှစ် ၃နှစ်လောက် ကျွန်တော်တို့ ကျောင်းပြီးတဲ့ အချိန်မှာတော့ မြို့ပြက လူကြိုက်အနည်းဆုံး ဘာသာရပ် ဖြစ်သွားပါတယ်။ ကျောင်းဝင်ခွင့်ရပြီး ဘယ်လိုင်း ပေးရမှန်း မသိတဲ့ သူတွေကို မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်ကို ပို့ပါတယ်။ မြို့ပြက အောက်ရောက် သွားပေမယ့် ဗိသုကာ (Architecture) ကတော့ အမှတ်မြင့်တုန်းပါပဲ။

ကျွန်တော်နဲ့ တစ်နှစ်တည်း မြို့ပြ မေဂျာမှာတက်တဲ့ ယောက်ျားလေးတွေ အားလုံးနီးပါးက ကျွန်တော့်ရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်တွေပါ။ အခုတော့လည်း အားလုံးနီးပါး ဒီလိုင်းထဲကနေ လစ်ပြေးကြပါပြီ။ ဒီလိုင်းထဲမှာ ဆက်ပြီး လုပ်စားနေတဲ့ သူဆိုလို့ တက္ကသိုလ် ဆက်တက်ပြီး ဒီဇိုင်း အင်ဂျင်နီယာ လုပ်နေတဲ့ တစ်ယောက်ပဲ ကျန်ပါတော့တယ်။ စလုံးမှာ မြို့ပြ အင်ဂျင်နီယာ ဒီပလိုမာနဲ့ အလုပ်လုပ်ရတာ မစားသာပါဘူး။ ဆိုက်ဒ်ထဲမှာ အလုပ်လုပ်တဲ့ သူတွေအတွက် စနေတနင်္ဂနွေ ပိတ်ရက်ဆိုတာ မရှိသလောက် ပါပဲ။ အဲဒါအပြင် တခြားသူတွေက အဲယားကွန်းခန်းထဲ ထိုင်ပြီး အလုပ်လုပ်နေတဲ့ အချိန် သူတို့ အလုပ်ကတော့ နေပူကြဲတဲ ထဲမှာပါ။

စလုံးက ဆောက်လုပ်ရေး လုပ်ငန်း အကြောင်း ကျွန်တော့် သူငယ်ချင်းက ပြန်ပြောပြ ပါတယ်။ သူတို့ အလုပ်က မြောင်းတွေ ဆောက်တဲ့ ကန်ထရိုက်တာ အလုပ်ပါ။ ကျွန်တော်တို့က သူ့ကို မြောင်းကန်ထရိုက်ကြီးလို့ နောက်ပြီး ခေါ်ကြပါတယ်။ မြောင်းဆိုတာက အဆောက်အဦးထဲမှာ ရှိတာမဟုတ်ဘဲ အပြင်မှာပဲ ရှိတာမို့ သူတို့ အမြဲတမ်း နေပူထဲမှာပဲ အလုပ်လုပ် ရပါတယ်။ သူကတော့ စင်ကာပူမှာ ပြောလိုက်ရင်တော့ စတန်းဒတ် စတန်းဒတ်နဲ့ တပြားမှ မလျှော့ဘူး။ ဆပ်ကန်ထရိုက်တာတွေ ကတော့ လစ်ရင် လစ်သလို လုပ်ချင်ရာ လုပ်နေကြတာကွ လို့ ပြောပါတယ်။

သူက သူ့ရဲ့ ကိုယ်တွေ့ အဖြစ်အပျက်တစ်ခုကို ပြောပြပါတယ်။ တစ်ခါက သူတို့ မြောင်းထဲကို ကွန်ကရစ် လောင်းဖို့ ကွန်ကရစ်မှာလိုက်တာ နည်းနည်း လိုသွားပါတယ်။ သူက တွက်ချက်ပြီး မှာလိုက်ပေမယ့် လိုသွားလို့ ဘာလုပ်ရမှန်း မသိပဲ ခေါင်းစား နေပါတယ်။ အဲဒီအချိန် မြေကြီးကော်တဲ့ စက်ကို လှမ်းကြည့်တော့ စက်မောင်းတဲ့သူက ဘာမပြော ညာမပြောနဲ့ ကွန်ကရစ် လိုနေတဲ့ အပေါက်ထဲကို မြေကြီးတွေ ကျုံးထည့်နေတာ မြင်လို့ မျက်လုံးပြူးသွားပြီး ရပ်ဦး ဆိုပြီး လှမ်းအော်ပြော ပါတယ်။ မင်းဘာလုပ်တာလဲလို့ သူက မြေကြီးကော်စက် မောင်းတဲ့ ဘင်္ဂလားကို လှမ်းမေးတော့ ဖိုမင်က ထည့်ခိုင်းလို့ ထည့်တာ လို့ ဘင်္ဂလားက ပြန်ဖြေ ပါတယ်။ ဖိုမင်ကို မေးတော့ ဒီလိုပဲ လုပ်နေကြ ဘာမှ ပြသနာ မရှိဘူးလို့ သူ့ကို ပြန်ပြောပါတယ်။ သူလည်း စိတ်လေ သွားပါတယ်။

စလုံးမှာ ဆောက်လုပ်ရေး လုပ်ငန်းက နည်းနည်း ကြမ်းတမ်းပါတယ်။ သူဌေး တချို့ကလည်း အတော်လေး ခွက်ကျ ပါတယ်။ ကျွန်တော့် သူငယ်ချင်းကတော့ သူ့သူဌေးရဲ့ ညစ်ပတ်ပုံ ပေါင်းစုံကို ကျွန်တော်တို့ကို ရင်ဖွင့်ပါတယ်။  "နေ့စား အလုပ်သမားတွေ ဆိုတာ အိုဗာတိုင် လုပ်မှ သူတို့အတွက် လကုန်ရင် ပိုက်ဆံကျန်တာ။ အဲဒီတော့ မင်းတို့ သူတို့ကို ငဲ့ညှာတဲ့ အနေနဲ့ စနေ တနင်္ဂနွေတွေ အလုပ်ဆင်း ပေးလိုက်ပါ။" လို့ သူတို့ကို သူဌေးက ပြောပြီး ပိုက်ဆံ မပေးဘဲ စနေတနင်္ဂနွေ ဆင်းခိုင်းပါတယ်။။ သူကတော့ "သူတို့ကို ငဲ့ညှာရတာ အရေးမကြီးဘူးကွ။ ငါတို့ကျတော့ ပိုက်ဆံမရပဲ တပတ် ၇ ရက် အလုပ်ဆင်းရတာကျတော့ ထည့်မပြောဘူး။" လို့ ညည်းပါတယ်။ 

အဲဒီသူဌေး ညစ်ပတ်ပုံများကလည်း ကြားရတာတောင် အော့နှလုံး နာစရာပါ။ တစ်နေ့တော့ သူတို့ သူဌေးရဲ့ အိမ်မှာ ခိုင်းတဲ့ အိမ်ဖော်ကောင်မလေးနဲ့ သူဌေးရဲ့ ညီမတို့ ရန်ဖြစ်ကြပါတယ်။ အိမ်ဖော် ကောင်မလေးက ဒေါသဖြစ်ပြီး ပြန်ချင်တယ် လို့ ပြောပါတယ်။ သူဌေးရဲ့ ညီမက ကောင်းပြီ။ နင်ပြန် စေချင်ရင် ပြန်ရမယ် ဆိုပြီးတော့ ပြန်ပြောပါတယ်။ နောက်တော့ ကောင်မလေးကို လေဆိပ်လိုက်ပို့ပြီး လေဆိပ်ရောက်မှ နင့်ကို အင်ဒိုနီးရှား ပြန်ဖို့ စင်ကာပူ လေကြောင်းလိုင်း Business Class ကနေ လက်မှတ် ဝယ်ပေးလိုက်တယ်။ လေယာဥ်ပျံ လက်မှတ်ခကို နင့်လခထဲက ဖြတ်လိုက်တယ် ဆိုလို့ အိမ်ဖော် ကောင်မလေးမှာ ချုံးပွဲချပြီး ငိုပါတော့တယ်။

တစ်ခါတော့ သူ့သူဌေးနဲ့ သူ့အလုပ်က မြန်မာ အလုပ်သမား ကောင်လေး တစ်ယောက်နဲ့ ပြသနာ တက်ကြပါတယ်။ တစ်ယောက် တစ်ခွန်း စကားများကြရင်း သူဌေးက ကောင်လေး ကို လက်သီးနဲ့ ထိုးထည့်လိုက် ပါတယ်။ အဲဒီ ကောင်လေးက ထွက်ပြေးပြီး ရဲကို သွားတိုင်ပါတော့တယ်။ ရဲက အကြံပေးမှုနဲ့ မြန်မာ အလုပ်သမား ကောင်လေးက သူဌေးကို အလုပ်သမား ဝန်ကြီးဌာန (MOM) ကနေ တစ်ဆင့် တရားစွဲပါတယ်။ တရားစွဲတဲ့ အချိန်မှာတော့ အဲဒီကောင်လေးက သူအိုဗာတိုင် မရတာတွေ မတရားသဖြင့် ပိုက်ဆံ အဖြတ်ခံရတာတွေ တိုင်တော့ MOM က အဲဒီသူဌေးကို ကောင်လေးရဲ့ ရပိုင်ခွင့် ဆုံးရှုံးထားတဲ့ ပိုက်ဆံတွေ အားလုံး ပြန်ပေးပြီး မြန်မာပြည် ပြန်ပို့ပေးဖို့ အမိန့်ချ လိုက်ပါတယ်။ ကောင်လေးကို ကုမ္ပဏီက လျော်ရမယ့် ပိုက်ဆံက စင်ကာပူ ဒေါ်လာ ထောင်ဂဏန်းပါ။

စင်ကာပူမှာ Work Permit နဲ့ အလုပ်လုပ်တဲ့သူတွေ ပြန်မယ် ဆိုရင် ကုမ္ပဏီက လေဆိပ်အရောက် လိုက်ပို့ပေးရပါတယ်။ လေဆိပ်ကို မပို့ပဲ ပတ်စ်ပို့ ပြန်ပေးရင် ထွက်ပြေးပြီး အိုဗာစတေး နေမှာ စိုးလို့ပါ။ သူ့ ကုမ္ပဏီက လေဆိပ်ရောက်ရင် ပေးစရာ ရှိတဲ့ ပိုက်ဆံ ပေးမယ်လို့ ပြောပြီး လေဆိပ်ကို လိုက်ပို့ပါတယ်။ လေဆိပ်ရောက်လို့ Check-in ဝင်ပြီးတဲ့ အချိန်ရောက်မှ လိုက်ပို့တဲ့ သူဌေး ညီမက မင်းကို ပိုက်ဆံ တပြားမှ မပေးနိုင်ဘူး ပြန်တော့ ဆိုပြီး ပတ်စ်ပို့ ပြန်ပေးရင်း ပြောပါတယ်။ ဟိုကောင်လေးကလည်း Check In လုပ်ပြီးတာ ဘာအရေးလဲ။ အိတ်ထဲမှာ ဘာပါတာမှတ်လို့။ ပိုက်ဆံမရရင် မပြန်ဘူး ဆိုပြီး လေယာဥ်ပေါ် မတက်ပါဘူး။ နောက်တော့ MOM ကနေ နောက်တစ်ကြိမ် တရား ထပ်စွဲပါတယ်။ ဒီတစ်ခါတော့ MOM က ကောင်လေးရဲ့ ပတ်စ်ပို့စ်နဲ့ သူ့ကို ပေးရမယ့် ပိုက်ဆံကို မြန်မာ သံရုံးကနေ တစ်ဆင့် ပေးပြီး မြန်မာသံရုံးက လေဆိပ် လိုက်ပို့ဖို့ ညှိနှိုင်းပေးလိုက်ပါတယ်။ အဲဒီလိုနဲ့ မြန်မာ ကောင်လေးမှာ သူရစရာ ရှိတဲ့ ပိုက်ဆံ ပြန်ရသွားပါတယ်။ (တစ်ခါတစ်လေလည်း သံရုံးကို Credit လေး ပေးလိုက်ပါဦးမယ်။ :D )

စင်ကာပူမှာ ၃လလောက် Site Supervisor လုပ်ပြီး ရန်ကုန်ပြန်သွားတဲ့ ကျွန်တော့် သူငယ်ချင်းကို ရန်ကုန် ဆံပင်ညှပ်ဆိုင်က ကောင်မလေးတွေက အညာက ပြန်လာတာလား မေးလို့ သူ့မှာ အတော်ဖု သွားပါတယ်။ ပြောရင်လည်း ပြောစရာပါ။ နေပူထဲမှာ နေတာကြာလို့ တရုပ်သွေးစပ်တဲ့ သူ့အသားတွေ မည်းတူးနေတာကြောင့် ကျွန်တော်တို့က သူ့ကို African Chinese လို့ နောက်ပြီး ခေါ်ကြတဲ့ အထိပါပဲ။ သူလည်း စလုံးက ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို အတော် စိတ်နာသွားပုံ ရပါတယ်။ အဲဒီတစ်ခါ ပြန်သွားပြီးကတည်းက ပြန်မလာ တော့ပါဘူး။

Sunday, August 2, 2009

ကျွန်ခံသူတို့ရဲ့ ပေါက်ကွဲသံစဉ်များ

ကျွန်ခံတယ် ဆိုတဲ့ စကားလုံးက ကြားရတာ အတော်ဆိုးပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရပ်ခြား ရောက်နေတဲ မြန်မာလူမျိုးတွေရဲ့ ပါးစပ်က မကျေနပ်ချက်တွေ ပွင့်ထွက်လာတဲ့ အခါမှာ အဲဒီစကားလုံးကို အမြဲလိုလို ကြားရတတ်ပါတယ်။

ကျွန်တော့် အတွက်ကတော့ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလိုပါပဲ။ နိုင်ငံရပ်ခြား စရောက်ကတည်းက အဲဒီ စကားလုံးနဲ့ စပြီး မိတ်ဆက်ရပါတယ်။ ကျွန်တော် စင်ကာပူကို ရောက်ခါစက ဆော့ဖ်ဝဲလ် ကုမ္ပဏီ တစ်ခုမှာ မန်နေဂျာ ရာထူးနဲ့ အလုပ် လုပ်နေတဲ့ မြန်မာ အစ်ကိုကြီး တစ်ယောက်ရဲ့ အိမ်မှာ ခဏ နေဖြစ်ပါတယ်။ အဲဒီ အစ်ကိုကြီးက ကျွန်တော့်ကို “ငါတို့ သူများနိုင်ငံမှာ လာအလုပ်လုပ်တယ် ဆိုတာ ရှင်းရှင်း ပြောရရင်တော့ ကျွန်လာခံတာ ပဲကွ။ အဲဒီတော့ အချိန်ရှိတိုင်း သောက်လိုက် စားလိုက် လုပ်နေပြီး ရသမျှ ပိုက်ဆံတွေ လျှောက်ဖြုန်းပစ် မနေနဲ့။ အချိန်ဖြုန်း မနေနဲ့။ နိုင်ငံခြားက ပြန်ရင် ပိုက်ဆံဖြစ်ဖြစ် အတွေ့အကြုံ ဖြစ်ဖြစ် ကိုယ့်အတွက် တစ်ခုခုတော့ ပါအောင် လုပ်သွားကွ။” လို့ သတိပေး ခဲ့ဖူး ပါတယ်။ သူပြောတဲ့ စကားကို ပြန်စဉ်းစားကြည့်တော့ ဟုတ်သလိုပါပဲ။ နိုင်ငံရပ်ခြားမှာ အခြေချပြီး နေမယ် ဆိုတဲ့သူတွေ အတွက်ကတော့ အဲဒီစကားက အကျုံးမဝင် ပါဘူး။ ဒါပေမယ့် အချိန်တန်ရင် အိမ်ပြန်မယ်လို့ စိတ်ကူးထားတဲ့ သူတွေ အတွက်ကတော့ နိုင်ငံခြားမှာ လာအလုပ်လုပ်ပြီး ဘာမှ မပါဘဲ လက်ချည်းသက်သက် ပြန်သွားရင် ကိုယ့်ဘဝရဲ့ အချိန်တွေထဲက တစိတ်တပိုင်းကို အကြောင်းမဲ့ သက်သက် ရောင်းစားလိုက် သလိုပါပဲ။ လူတိုင်းကတော့ အဲဒီလို ထင်ချင်မှလည်း ထင်ပါလိမ့်မယ်။

ကျွန်တော် စလုံးမှာ နေပြီး ၂ နှစ်လောက် အကြာမှာတော့ ဆွေမကင်း မျိုးမကင်း သင်္ဘောသား တစ်ယောက် စင်ကာပူမှာ သင်္ဘော ဒေါက်တင်ဖို့ ရောက်လာပါတယ်။ သူတို့ သင်္ဘောမှာ ကြီးလေးကြီး ဆိုတဲ့ အကြီးဆုံး အရာရှိကြီး ၄ ယောက်က လွဲရင် ကျန်တဲ့ သင်္ဘောသား အားလုံးက မြန်မာတွေပါ။ အဲဒါနဲ့ သင်္ဘောသား အစ်ကိုကို “မြန်မာတွေနဲ့ အတူတူ လုပ်ရတာ ပျော်စရာကြီးနေမှာပဲနော်။ အရာရှိတွေပါ မြန်မာတွေ ဖြစ်ရင် ပိုကောင်းမယ်။” လို့ ပြောမိပါတယ်။ အဲဒီတော့ သူက “ငါတော့ မြန်မာ အရာရှိတွေအောက် မလုပ်ချင်ဘူး။ ဒီကောင်တွေက ကျွန်ပါး မဝဘူးကွ။ သူတို့ကိုယ် သူတို့ လခစား ဆိုတာကို မေ့နေကြတယ်။ ပိုက်ဆံပေးခိုင်းတာ တန်အောင် လုပ်ပေါ့ကွာ။ ကိုယ့်အဖေ ကုမ္ပဏီမှ မဟုတ်တာ။ အဲဒါကို သူတို့ နာမည်ကောင်းရဖို့ အောက်က သင်္ဘောသားတွေကို အတင်းဖိခိုင်းတယ်။ ငါတို့မှာက ပြဲနေအောင် လုပ်ရတယ်။ အဖြူကောင်တွေက အဲဒီလို မဟုတ်ဘူးကွ။ ဒီကောင်တွေက ကိုယ်လည်း လခစား သူလည်း လခစားဆိုတာ သဘောပေါက်တယ်။ အချိန်တန်လို့ အလုပ်ပြီးရင် ပြီးတာပဲ။ အရေး မပါတာတွေ လျှောက် မလုပ်ခိုင်းဘူး။ သူတို့ လက်အောက်မှာ အလုပ်လုပ်ရတာ ပိုကောင်းတယ်ကွ။” လို့ ပြန်ပြီး မှတ်ချက်ပေးပါတယ်။ အဲဒီတော့မှ ဒါမျိုးတွေလည်း ရှိသေးသကိုးလို့ သဘောပေါက်ပါတယ်။

ကျွန်တော် တွေးကြည့်မိပါတယ်။ မြန်မာလူမျိုးတွေ ခိုင်းကောင်းတယ် ဆိုတာ ဂုဏ်ယူစရာ တစ်ခုလား။ ခိုင်းကောင်းတာနဲ့ အလုပ် ကြိုးစားတာနဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ချင်း မတူဘူးလို့ ထင်ပါတယ်။ အလုပ်ကြိုးစားတယ် ဆိုတာ ဂုဏ်ယူစရာပေမယ့် ခိုင်းကောင်းတယ် ဆိုတာ ဂုဏ်ယူစရာ မဟုတ်တဲ့ အပြင် အ တယ်လို့တောင် တခြားသူတွေ ထင်စရာ ဖြစ်နေပါသေးတယ်။

ကျွန်တော် ကျောင်းပြီးတော့ ပထမဆုံး လုပ်ခဲ့တဲ့ ကုမ္ပဏီ ၂ ခုမှာ မြန်မာဝန်ထမ်း မရှိပါဘူး။ အဲဒါကြောင့် တတိယမြောက် ကုမ္ပဏီ ရောက်တဲ့ အချိန်မှာ မြန်မာဝန်ထမ်းတွေ အများကြီးတွေ့တော့ ပျော်သွားပါတယ်။ Engineering ဘက်မှာ ကျွန်တော် တစ်ယောက်တည်း ရှိပေမယ့် ထုတ်လုပ်ရေး အပိုင်းမှာ မြန်မာ Technician အယောက် ၂၀ လောက် ရှိပါတယ်။ သူတို့ကို ကျွန်တော်တို့ ကုမ္ပဏီကနေ ဆပ်ကန်ထရိုက်နဲ့ ငှားထားတာပါ။ သူတို့ကို လက်ရှိ အလုပ်ခန့်ထားတဲ့ ကုမ္ပဏီမှာလည်း မြန်မာဝန်ထမ်းတွေ မန်နေဂျာရာထူး အပါအဝင် အတော်များများ ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်ကလည်း အမှတ် မရှိပါဘူး။ သူတို့ကို ထပ်မေးပါတယ်။ မြန်မာမန်နေဂျာတွေနဲ့ အလုပ်လုပ်ရတာ ဘယ်လို နေသလဲလို့ တီးခေါက်ကြည့်မိပါတယ်။

မြန်မာ အကိုကြီးတစ်ယောက်က “တို့ ကုမ္ပဏီက တစ်ချို့ မြန်မာ မန်နေဂျာတွေက သောက်ရူးတွေကွ။ အလကား ဘဝင်မြင့်နေတာ။ ဒီကောင်တွေ လည်း ကုမ္ပဏီ ဝန်ထမ်း ငါတို့လည်း ကုမ္ပဏီ ဝန်ထမ်းပဲကွာ။ ပိုက်ဆံရလို့ အလုပ်လာလုပ်နေကြတာပဲ။ အဲဒါကို သူတို့ကို ဆရာလို့ ခေါ်စေချင်တယ်။ အရေးမပါတဲ့ ကိစ္စကွာ။ ရာထူးကြီးတာနဲ့ ဘာကိစ္စ ဆရာ ခေါ်ရမှာလဲ။ သူတို့ ဆီက ပညာတွေ ငါတို့ကို သင်ပေးနေတာလည်း မဟုတ်ဘူး။ သူတို့ ကွေျးတဲ့ ထမင်း စားနေရတာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ ထုံးစံပေါ့ကွာ။ အခု ဒီကောင်တွေက သူများနိုင်ငံ လာပြီး ကျွန်ခံနေတာတောင် အဲဒီ အကျင့်တွေ မဖျောက်နိုင်ဘူး။ သူတို့ကို ဆရာခေါ်တဲ့ကောင်တွေ ပစားပေးတယ်။ ငါတို့လို ဂွတိုက်တတ်တဲ့ ကောင်တွေကျတော့ ချောင်ထိုးထားတယ်။ တို့လူမျိုးတွေ ဒီပုံနဲ့ ဆိုရင်တော့ မလွယ်ပါဘူးကွာ။” လို့ ပယ်ပယ်နှယ်နှယ် ဆဲရင်း ရင်ဖွင့်ပါတယ်။

အဲဒီလိုပြောတော့ ရန်ကုန်မှာတုန်းက ဗြိတိသျှ သံရုံးမှာ ဝန်ထမ်းအဖြစ် အလုပ်လုပ်နေတဲ့ မြန်မာ အစ်ကိုကြီး တစ်ယောက် ပြောခဲ့တာ ကို သတိရ မိပါတယ်။ သူက ကျွန်တော်တို့ကို “ဟေ့့ကောင်တွေ။ အားရှိတိုင်း တွေ့သမျှ သူတိုင်းကို ရက်စ်ဆာ လုပ်မနေနဲ့။ ဆာတပ်ခေါ်ရအောင် ဒီကောင်တွေလည်း ဘာကောင်တွေမှ မဟုတ်ဘူး။ ငါတို့ သံရုံးမှာဆို သံအမတ်ကြီး ကိုတောင် ဘယ်သူမှ ဆာ တပ်မခေါ်ဘူး။” လို့ ပြောပြခဲ့ဖူးတာကို သွားသတိရမိ တာပါ။

ကျွန်တော် ကြုံခဲ့ဖူးသလောက်တော့ နိုင်ငံရပ်ခြားမှာ ရှိတဲ့ အင်ဂျင်နီယာ လုပ်ငန်းခွင်ထဲမှာ ဘယ်သူ့ ဘယ်သူမှ ဆရာခေါ်ရိုး ထုံးစံ မရှိပါဘူး။ ကျွန်တော်တို့ မန်နေဂျင်း ဒါရိုက်တာ၊ အမှုဆောင် အရာရှိချုပ် ၊ ဒါရိုက်တာ စတဲ့သူမျိုးတွေကို စကားပြောရင်တောင် နာမည်ရှေ့မှာ မစ္စတာ တပ်ခေါ်တာ လောက်ပဲ ရှိပါတယ်။ ဆာ ခေါ်တယ် ဆိုတာ မကြားဖူးသလောက် ပါပဲ။ အဲဒီလို ထုံးစံတွေကို သိရဲ့သားနဲ့ မြန်မာ လူမျိုး အချင်းချင်း ဆရာ အခေါ်ခံ ချင်သေးတဲ့ အဲဒီလို စိတ်ဓာတ်မျိုးတွေ ရှိနေသေးတယ် ဆိုတာတော့ ကြားရတာတောင် မယုံနိုင်စရာ ကောင်းပါတယ်။ နိုင်ငံရပ်ခြား ရောက်နေပြီးမှတော့ ဒီလို စိတ်ဓာတ်မျိုးတွေ ပြင်သင့်တာပေါ့ လို့ပဲ ကျွန်တော့်ကို ရင်ဖွင့်တဲ့ အစ်ကိုကြီး ဘက်ကပဲ ထောက်ခံ မိပါတယ်။

ဘာရယ် မဟုတ်ပါဘူး။ ဟိုတစ်နေ့က သူငယ်ချင်း တစ်ယောက်ဆီက “သူများနိုင်ငံ လခစားလုပ်ပြီး တသက်လုံး ကျွန်ခံ မနေနိုင်ဘူး” ဆိုပြီး ပေါက်ကွဲထွက်လာတဲ့ စကားကို ကြားတော့ ကျွန်ခံတယ် ဆိုတဲ့ စကားလုံးကို ဆက်စပ်ပြီး တွေးမိ သွားတာတွေပါ။ ကြုံခဲ့ဖူးတဲ့ အဖြစ်တွေကို ပြန်စဉ်းစားမိလို့ စိတ်ထဲ ပေါ်လာတာတွေ ချရေးဖြစ် သွားပါတယ်။

Thursday, March 19, 2009

စက်ရုပ်လူသား ဘဝများ

ပေါ်လီမှာ ကျောင်းတက်တဲ့ အချိန်တုန်းက ကျွန်တော်တို့ ဌာနမှာ ဂျာမနီက ဘွဲ့လွန် ရလာတဲ့ မြန်မာဆရာ တစ်ယောက် ရှိပါတယ်။ ကျွန်တော်တို့ အချင်းချင်း မြန်မာမှန်း သိကြပေမယ့် အခြား လူမျိုးခြားတွေရှေ့မှာ အခွင့်အရေး ယူတယ် ဖြစ်မှာစိုးလို့ တော်ရုံတန်ရုံ စကားမပြော ဖြစ်ကြပါဘူး။ တစ်နေ့တော့ ဆရာ့အခန်းကို သင်္ကြန်ပွဲ အတွက် အလှူခံဖို့ ရောက်သွားပါတယ်။ ဆရာက “မင်းတို့ အပင်ပန်းခံတာကို အလေ့အကျင့် ဖြစ်အောင် ကြိုးစားကွ။ လူဆိုတာ အလေ့အကျင့် မရှိရင် ဘယ်တော့မှ အပင်ပန်း မခံနိုင်ဘူး။ အလေ့အကျင့် ဖြစ်သွားရင် ပင်ပန်းတာ မသိသာ တော့ဘူး။ ဒို့ မြန်မာတွေ အပင်ပန်းမခံနိုင်တာ တွေ့ရတာ ငါတော့ အားမရဘူး။” ဆိုပြီး ကျွန်တော်တို့ကို ပြောလိုက်ပါတယ်။

အဲဒီတုန်းကတော့ ဆရာပြောတဲ့စကားကို သဘောမပေါက်တော့ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်သား ကြိတ်ရယ်ပြီး ပြန်ခဲ့ကြပါတယ်။ အပင်ပန်းခံတာနဲ့ အလေ့အကျင့် ဘယ်လို ဆက်စပ်ရမလဲ ဆိုတာ သဘောမပေါက် ခဲ့ပါဘူး။

ကျောင်းပြီးလို့ အလုပ်စဝင်တဲ့ အချိန်မှာ ဆရာပြောတဲ့ စကားကို ရေးရေးလေး သဘောပေါက် လာပါတယ်။ ကျွန်တော်တို့ လုပ်ရတဲ့ အလုပ်က ပင်ပန်းပါတယ်။ ၂၄ နာရီလုံး လည်ပတ်နေတဲ့ စက်ရုံတွေကို ဝန်ဆောင်မှု ပေးရတာ၊ နာရီနဲ့ အမျှ ငွေဖြစ်နေတဲ့ ကုန်ထုတ်လုပ်ငန်း တွေထဲမှာ ပါဝင်စီးမျောရတာ မစားသာပါဘူး။ ဒုတိယမြောက် ကုမ္ပဏီ ရောက်ပြီး ၄-၅ လလောက် ကြာတော့ အလုပ်က ဆက်တိုက် ဆိုသလို လုပ်ရတဲ့ အနေအထား ဖြစ်လာပါတယ်။ စနေ တနင်္ဂနွေ ပိတ်ရက်လည်း ရုံးပြန်သွားရ ပုံမှန်ရက်ဆိုရင်လည်း ည ၈နာရီ ၉ နာရီမှ အိမ်ပြန်ရ နဲ့ အလုပ်လုပ်ရတာ အတော် မစားသာပါဘူး။ တစ်ခါတစ်လေ တနင်္ဂနွေလို နေ့မျိုး အိမ်မှာ နေရင်းတောင် နိုင်ငံရပ်ခြားက စက်ကို အိမ်က ကွန်ပြူတာနဲ့ လှမ်းချိတ်ပြီး ပြင်ပေးရတာမျိုးတွေ အထိ ရှိတတ်ပါတယ်။ ကိုယ့်ဘာသာကိုယ်တော့ ငါအတော် အပင်ပန်းခံ ရတာပဲ ဆိုပြီး ပြန်သနားနေပါတယ်။ ဒါပေမယ့် အလေ့အကျင့်ကလေး ရှိလာတော့ စိတ်ထဲမှာ ပင်ပန်းတယ် ဆိုတာတောင် တခါတလေ မေ့နေပါတယ်။

တစ်နေ့မှာတော့ အလုပ်ကိစ္စတစ်ခုနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ရောက်သွားပါတယ်။ တိတိကျကျ ပြောရရင်တော့ ဆလန်ဂေါ (Selangor) ကိုပါ။ တနင်္လာနေ့မနက် အလုပ်ဝင်ဖို့ ဆိုတော့ တနင်္ဂနွေ ညနေဖက် ဖလိုက်နဲ့ ကွာလာလမ်ပူကို လိုက်သွားပြီး ညပိုင်းမှာ ရောက်သွားပါတယ်။ ဟိုတယ် ရောက်ပြီး ခဏနေတော့ ဗိုက်ဆာလာတာနဲ့ အောက်ဆင်းပြီး ဟိုတယ်ဘေးကပ်ရပ်က မလေးဆိုင်မှာ နာဆီလီမက် (အုန်းထမင်း) စားရင်း လက်ဖက်ရည် ဆင်းသောက်ဖြစ် ပါတယ်။ ရောက်လေရာ အရပ်မှာ တွေ့ကရာလူနဲ့ အဖွဲ့ကျတတ်တဲ့ ကျွန်တော့် ဝသီအတိုင်း စားရင်း သောက်ရင်း ဆိုင်ရှင် မလေးမနဲ့ စကားလက်ဆုံ ကျနေပါတယ်။ သူကလည်း ကျွန်တော် ဟိုတယ်ထဲက ထွက်လာတာ တွေ့တော့ ဘာကောင်မှန်းမသိလို့ အရေးတယူ စကားတွေ လာပြောနေပါတယ်။ ဆိုင်ရှင်က ကျွန်တော့်ကို ဘာလူမျိုးလဲ မေးလို့ မြန်မာလို့ ပြောပြလိုက်ပါတယ်။ သူက ဝမ်းသာအားရနဲ့ သူ့ဆိုင်မှာ မြန်မာရှိတယ်။ စကားပြော ရအောင် သူခေါ်ပေးမယ် ဆိုပြီး ပလာတာရိုက်တဲ့ အစ်ကိုကြီး တစ်ယောက်ကို သွားခေါ် ပေးပါတယ်။ အဲဒီအစ်ကိုကြီးက မွန်လူမျိုးပါ။ ကျွန်တော့်ထက် ၃ ၄ နှစ်လောက် ကြီးမယ် ထင်ပါတယ်။

ဆိုင်မှာလည်း လူရှင်းနေတော့ အဲဒီအစ်ကိုကြီးက ကျွန်တော်နဲ့ လာထိုင်ပြီး စကားပြောနေပါတယ်။ ဘယ်ကလာသလဲ ဘာညာနဲ့ မေးပြီးတဲ့နောက်မှာတော့ ခဏအကြာမှာ သူ့ အကြောင်းတွေ ပြောပြပါတယ်။ သူ့ရဲ့ အပြောအရဆိုရင် သူက မော်လမြိုင်ဘက်ကနေ စက်လှေနဲ့ လိုက်လာပြီး မလေးရှားကို ခိုးဝင်လာတာ လို့ ပြောပါတယ်။ သူ့မှာ နိုင်ငံကူးလက်မှတ်တွေ ဘာတွေ မရှိပါဘူး။ ရောက်ခါစက ဝပ်ရှော့တစ်ခုမှာ အလုပ်လုပ်ပြီး ဝပ်ရှော့မှာ မြန်မာတစ်ယောက်နဲ့ အင်ဒိုတွေ ရန်ဖြစ်တာနဲ့ ဝပ်ရှော့ပိုင်ရှင်က စိတ်ဆိုးပြီး မြန်မာတွေရော အင်ဒိုတွေပါ အကုန်နှင်ထုတ်လိုက်တယ် လို့ ပြောပါတယ်။

အဲဒီနောက်တော့ သူမြို့ထဲက အိန္ဒိယ ဆိုင်တစ်ဆိုင်မှာ ပလာတာ ဝင်ရိုက်ပါတယ်။ ဆိုင်ရှင်က သူတို့ကို တရားမဝင် နေမှန်းသိနေတော့ ညစ်ပြီး လခ မပေးပါဘူး။ တစ်လကျော်လောက် ထိ လခမရတော့ အဲဒီဆိုင်က ထွက်ပြီး တစ်ခြားဆိုင် ပြောင်းလုပ်တယ် လို့ ပြောပါတယ်။ အခုတော့ မနက်တိုင်း ၄ နာရီခွဲလောက် အိပ်ရာကထ၊ ကွာလာလမ်ပူ မြို့ထဲက ဆိုင်ကို သွားပြီး မနက် ၇ နာရီလောက်က စပြီး အလုပ်ဝင်၊ မနက်ကနေ ညနေအထိ ပလာတာရိုက်ပြီး ညနေမှာ ဆလန်ဂေါကို ပြန်၊ ညနေဘက်ဆိုရင် အခု ကျွန်တော်တို့ ထိုင်နေတဲ့ ဆိုင်မှာ ည ၁၂ နာရီလောက်အထိ ပလာတာ ရိုက်တယ် လို့ ပြောပြပါတယ်။ ကျွန်တော်တို့ အခု ထိုင်နေတဲ့ ဆိုင်က တစ်ခါတစ်လေ ညနေပိုင်း ပိတ်တာမို့ ညနေပိုင်းတော့ တစ်ခါတစ်လေ နားရတယ် လို့ သူက ပြန်ပြောပြ ပါတယ်။

ဘယ်လောက်ကြာကြာ လုပ်ဖို့ အစီအစဉ် ရှိသလဲလို့ မေးတော့ အခု သူရှာလို့ရတဲ့ ပိုက်ဆံနဲ့ သူ့မြို့မှာ တိုက်တစ်လုံး ဆောက်နေတာ ပြီးတော့မယ်။ အဲဒီအိမ် ဆောက်ပြီးသွားရင် အလုပ်လုပ်ဖို့ အရင်းအနှီး ရအောင် ပိုက်ဆံရှာပြီး ပြန်တော့မယ်လို့ ပြောပါတယ်။

ကျွန်တော် သူ့ဘဝနဲ့ ကျွန်တော့် ဘဝကို နှိုင်းယှဉ်ပြီး စဉ်းစားကြည့်ပါတယ်။ ကျွန်တော်ကတော့ နေ့တိုင်း နောက်အကျဆုံး ည၉ နာရီလောက် ဆို နားရပြီး နောက်တစ်နေ့မနက် ၇ နာရီခွဲလောက်အထိ အားချိန်ရပါတယ်။ စနေ တနင်္ဂနွေ ဆိုတာလည်း တစ်နေကုန် လုပ်စရာ မလိုပါဘူး။ သူ့လို နေ့တိုင်းသာ မနက်ကနေ ညနေအထိ လုပ်ရရင်တော့ ဘယ်လိုနေမလဲ မပြောတတ်ပါ။ သူ့လို အိမ်ဆောက်ဖို့ ဆိုတာလည်း ဝေးပါသေးတယ်။ ကျွန်တော့်ကို ဘယ်တော့ ပြန်မလဲ မေးရင်လည်း တစ်နေ့နေ့ပေါ့ ဆိုတဲ့ အဖြေက လွဲရင် ရေရေရာရာ အဖြေ မပေးနိုင်ပါဘူး။

သူအလုပ်လုပ်နေတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီး စဉ်းစားကြည့်တော့ ကိုယ့်ဘာသာကိုယ် ပင်ပန်းတယ်လို့ ပြောရမှာတောင် ရှက်လာပါတယ်။ အဲဒီနေ့က စပြီး ကျွန်တော် ကိုယ့်ဘာသာကိုယ် အလုပ်များလွန်းလို့ ပင်ပန်းတယ် ထင်မိတဲ့အခါတိုင်း ကျွန်တော်နဲ့ စကားပြောခဲ့ဖူးတဲ့ မွန်အမျိုးသား အစ်ကိုကြီးကို စိတ်ထဲမှာ သတိရမိရင် ငါဒီလောက် မဆိုးသေးပါဘူး လို့ တွေးပြီး နည်းနည်းတော့ စိတ်သက်သာရာ ရမိပါတယ်။

Monday, February 23, 2009

မန်နေဂျာတစ်ယောက် အကြောင်း

သူက ကျွန်တော့်ရဲ့ ဒုတိယမြောက် ကုမ္ပဏီမှာ အလုပ်ခန့်ဖို့ ဒုတိယအကြိမ် အင်တာဗျူးတဲ့ ပုဂ္ဂိုလ်ပါ။ သူ့ကို တွေ့တွေ့ချင်း စိတ်ထဲမှာ ပြေးပြီး သတိရမိတာက တရုတ်သိုင်းကား တွေထဲက မင်းသားတွေကိုပါပဲ။ သူ့ပုံစံက နဖူးပြောင်ပြောင် မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး မရိတ်ပဲ အရှည်ထားတတ် ပါတယ်။ ခန္ဓာကိုယ်က ခပ်ဖိုင့်ဖိုင့်နဲ့ ထိုင်နေတဲ့အခါ တက်တက်ကြွကြွ မဟုတ်ပဲ သက်တောင့်သက်သာပဲ အမြဲ ထိုင်တတ်ပါတယ်။ သူ့နာမည်ကတော့ နစ်ခ် လို့ ခေါ်ပါတယ်။

သူက ကျွန်တော့်ကို အင်တာဗျူးမှာ PLC အကြောင်းတွေ မေးပါတယ်။ မင်း ဘာ PLC နဲ့ အတွေ့အကြုံ ရှိဖူးသလဲ ဆိုတော့ ကျွန်တော်က OMRON, National နှစ်မျိုးသုံးဖူးတယ် လို့ ပြန်ဖြေပါတယ်။ OMRON ဘယ် မော်ဒယ်လ် သုံးဖူးသလဲ မေးတော့ ကျွန်တော်က CS-2 လို့ ပြန်ဖြေ လိုက်ပါတယ်။ အဲဒီတော့ သူ ရုတ်တရက် ကြောင်သွားပါတယ်။ ပြီးမှ ငါအခုထက်ထိ CS-2 ဆိုတဲ့ မော်ဒယ်လ်ကို တစ်ခါ မှ မကြားဖူးဘူး။ CS-1 က အမြင့်ဆုံးပဲ လို့ ပြန်ပြောပါတယ်။ အမှန်တကယ်က မှားတဲ့သူက ကျွန်တော်ပါ။ CS-1 PLC ကို CX-Programmer Version 2 နဲ့ ရေးတာကို ရောပြီး CS-2 ဆိုပြီး ရမ်းတုတ်လိုက်တာပါ။ နောက်တော့ သူက ကျွန်တော့်ကို မေးခွန်းနည်းနည်း ပါးပါးထပ်မေးပြီး ဆက်မမေးတော့ ပါဘူး။ နောက်နေ့ အလုပ်ခန့်လိုက်ပြီ ဆိုတဲ့ အကြောင်းနဲ့ လခညှိဖို့ ဆိုတဲ့ အကြောင်းကို HR က ဖုန်းခေါ်လာပါတယ်။

နောက်မှ သူကျွန်တော့်ကို ပြန်ပြောပြတာက မင်းမြန်မာနိုင်ငံလို နိုင်ငံမျိုးက နေလာပြီး စင်ကာပူမှာ ကျောင်းပြီးတာ ဆိုတော့ အချဉ်တော့ မဟုတ်လောက်ဘူး ဆိုပြီး ငါမေးတာ တလွဲဖြေပေမယ့် အလုပ်ခန့်လိုက်တာ လို့ ပြောပါတယ်။ စင်ကာပူမှာ မြန်မာကျောင်းသားတွေ အများကြီး ရှိတာကို သူ သိပုံ မပေါ်ပါဘူး။ ကျွန်တော်က အဲဒီကုမ္ပဏီက ပင်မ အင်ဂျင်နီယာ ဌာနရဲ့ Control ဌာနခွဲမှာ လက်ထောက် အင်ဂျင်နီယာ အနေနဲ့ အလုပ်ဝင်ပါတယ်။ ရုံးခန်းထဲမှာ ထိုင်တဲ့သူတွေထဲမှာ ကျွန်တော်က ရာထူး အနိမ့်ဆုံးပါ။ နစ်ခ်ကတော့ ကျွန်တော်တို့ ဌာန တစ်ခုလုံးမှာ Vice President ပြီးရင် ရာထူးအကြီးဆုံး မန်နေဂျာ တစ်ယောက် ဖြစ်ပါတယ်။

သူ့ရဲ့ ထူးခြားချက်က ရုံးကို ဘယ်တော့မှ စောစောစီးစီး မလာတတ်တာပါပဲ။ VP က မနက် ၈ နာရီ ဆိုရင် ရုံးရောက်နေတတ်ပါတယ်။ သူကတော့ ၉ နာရီခွဲ ၁၀ နာရီလောက်မှ ရုံးကို ရောက်လာတာ များပါတယ်။ ညနေဆိုရင်လည်း VP က ည ၈ နာရီ လောက်အထိ နေတတ်ပေမယ့် သူ့ကိုတော့ ၅ နာရီလောက်ဆိုရင် ရုံးမှာ မတွေ့ရတော့ပါဘူး။ တခါတလေ ရုံးမှာ ၁ ပတ် ၂ ပတ် မတွေ့ရပဲ ပျောက်နေတတ်ပါတယ်။ ရုံးလာရင်လည်း စာရွက်စာတမ်း လက်မှတ် ထိုးစရာ ရှိတာကို ထိုးပြီး ညနေဖက် အလုပ်မရှိတော့ရင် သူ ပြန်ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ ဌာနက အင်ဂျင်နီယာ နဲ့ စီနီယာ အင်ဂျင်နီယာတွေ ကို မေးကြည့်တဲ့ အခါမှာတော့ သူ့ရဲ့ လုပ်ငန်း ကျွမ်းကျင်မှုကို ဘယ်သူမှ မယှဉ်နိုင်ဘူး လို့ အားလုံးက တညီတညွတ်တည်း ထောက်ခံကြပါတယ်။

ကျွန်တော်တို့ ဌာနမှာ ယူကေက ကျောင်းပြီးလာတဲ့ အင်ဂျင်နီယာ တစ်ယောက် ရှိပါတယ်။ သူ ပရိုဂရမ်ရေးရင် သူ့ပရိုဂရမ်ကို သူက လွဲပြီး ဘယ်သူမှ ပြင်လို့ မရအောင် ရေးတတ်ပါတယ်။ သူ့ကို အလုပ်ဖြုတ်လို့ မရအောင် ကုမ္ပဏီကို ညစ်တာပါ။ တစ်နေ့မှာတော့ အဲဒီအင်ဂျင်နီယာ ပရိုဂရမ် ရေးထားတဲ့ စက်တစ်လုံး အမေရိကန်က စက်ရုံမှာ ပြသနာ ဖြစ်နေပါတယ်။ နစ်ခ်က အဲဒီအချိန်မှာ အမေရိကန် ရောက်နေလို့ စက်ရုံက ပြင်ခိုင်းတာကြောင့် သူရေးထားတဲ့ ပရိုဂရမ်ကို ပြင်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။ အဲဒီမှာ နစ်ခ်က ဘာမှ ပြောမနေဘဲ အဲဒီစက်အတွက် ပရိုဂရမ်ကို အစအဆုံး သူ့ဘာသာသူ ပြန်ရေးပါတယ်။ တစ်ရက်အတွင်းမှာ အကုန် ပြီးသွားပါတယ်။ ကျွန်တော်တို့ ဌာနက အင်ဂျင်နီယာတွေ အကုန်လုံးလည်း သူ့အစွမ်းကို လက်ဖျားခါ သွားပါတယ်။

နောက်ပိုင်းမှာတော့ သူ ကျွန်တော့်ကို ပွဲထုတ်ပေးပါတယ်။ VP က ကျွန်တော့်ကို သိပ် အယုံအကြည်မရှိပါဘူး။ ဒါပေမယ့် နစ်ခ် က ကျွန်တော့်ဖက်က ရပ်ပါတယ်။ မင်း သူ့ကို ကိုယ်တိုင် ကွင်းဆင်းပြီး မလုပ်ခိုင်းရင် သူဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ဘူး။ ငါတို့ အတွက်လည်း အကျိုးမရှိဘူး ဆိုပြီး သူက VP ကို ပြောပါတယ်။ ကျွန်တော် တိုက်ရိုက် သတင်းပို့ရတဲ့ စီနီယာ အင်ဂျင်နီယာ ဒင်နီယယ်ကလည်း သူ့မိန်းမက နားပူလွန်းလို့ ခရီးမထွက်ချင်တာနဲ့ ဘေးကနေ ဝိုင်းပင့်ပေးပါတယ်။ ကံကလည်း စွတ်ကောင်းနေ ဒင်နီယယ်ကလည်း ကျွန်တော် လိုအပ်သမျှ အကုန်လုံးကို တယ်လီဖုန်းထဲကနေ လှမ်းပြီး ကူညီနေတာနဲ့ အဲဒီအချိန်တုန်းက ကျွန်တော် ထွက်ခဲ့သမျှ ခရီးတွေ အကုန်လုံး အဆင်ပြေ ပါတယ်။ အဲဒီတော့ ကျွန်တော်လည်း ထန်းပင်တက် လက်မှတ် ရသွားပါတယ်။ နောက်ပိုင်း ခရီးသွားဖို့ ပေါ်လာရင် ကျွန်တော့်ကိုပဲ ရွေးလွှတ်တော့တာပါပဲ။

ဒါပေမယ့် ၆ လလောက်ကြာတော့ နစ်ခ် ရော ဒင်နီယယ်ပါ နှစ်ယောက်စလုံး အလုပ်ထွက် သွားပါတယ်။ ဒင်နီယယ်က တစ်ခြားကုမ္ပဏီ တစ်ခုကို ပြောင်းသွားပြီး နစ်ခ်ကတော့ ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ ထွက်သွားတာပါ။ သူဘာလုပ်မှာလဲ မေးကြည့်တော့ လက်သည်း ခြေသည်း အလှပြင်တဲ့ လုပ်ငန်း လုပ်မယ် လို့ပြောပါတယ်။ သူ့မိန်းမက အဲဒီလုပ်ငန်း လုပ်နေတာ ကြာပြီး သူလည်း အဲဒီလုပ်ငန်းပဲ လုပ်တော့မယ် ဆိုပြီး ပြောပါတယ်။ အဲဒီလိုနဲ့ သူ အလုပ်ထွက်သွားပြီး ကျွန်တော်တို့ ၃-၄ လလောက် မတွေ့ဖြစ်ပါဘူး။

အရင်တုန်းက နစ်ခ် ကိုယ်တိုင် လုပ်ခဲ့တဲ့ စက်အချို့ ကျွန်တော့်ဆီကို ရောက်လာပါတယ်။ တစ်နေ့မှာတော့ စက်တစ်လုံးက ကျွန်တော့်ကို ကောင်းကောင်း ဒုက္ခပေးပါတယ်။ စက်ရဲ့ အစိတ်အပိုင်း တော်တော်များများကို ပရိုဂရမ် ပြင်ရေးလို့ ရပေမယ့် PID Control နဲ့ အလုပ်လုပ်တဲ့ အပူချိန် ထိန်းချုပ်တဲ့ စနစ် အပိုင်းကို ကျွန်တော် ဘယ်လိုမှ ပြင်လို့ မရပါဘူး။ အဲဒါနဲ့ နောက်ဆုံး VP က နစ်ခ်ကို အချိန်ပိုင်းနဲ့ တစ်ရက်လောက် လာကူဖို့ အကူအညီ တောင်းပါတယ်။ သူကလည်း သူ့ရဲ့ စီးပွားရေး လုပ်ငန်းကိစ္စနဲ့ အလုပ်များနေတာနဲ့ တော်တော်နဲ့ ရောက်မလာနိုင်ပါဘူး။ အဲဒီလိုနဲ့ နောက်ဆုံး သူအားမယ့် တစ်နေ့ ည ၉ နာရီကျော် လောက်ကို စောင့်ပြီး အဲဒီစက်ကို အပြီးသတ် ရပါတယ်။ နစ်ခ်ရောက်လာတော့ ကျွန်တော့်ကို ဘယ်လိုလုပ်ရမယ် ဆိုတာကို အကုန် သင်ပေးပါတယ်။ ည ၁၀ နာရီခွဲလောက် မှာတော့ အားလုံး ပြီးသွားပါတယ်။

သူက ကျွန်တော်နဲ့ နောက် အင်ဂျင်နီယာ တစ်ယောက်ကို သူ့ကားနဲ့ အိမ်အထိ ပြန်လိုက်ပို့ပါတယ်။ လမ်းမှာ ကျွန်တော်တို့ သုံးယောက်သား စကားတွေ အတော် ပြောဖြစ်ကြပါတယ်။ အဲဒီမှာ သူပြောခဲ့တဲ့ အကြောင်းအရာ တစ်ခု က ကျွန်တော်တို့ကို တော်တော်လေး စဉ်းစားစရာ ရစေပါတယ်။

နစ်ခ်ဟာ National University of Singapore (NUS) ကနေ အင်ဂျင်နီယာ ဘွဲ့ရထားတဲ့သူပါ။ ကျောင်းပြီးပြီးချင်း ကျွန်တော်တို့ ကုမ္ပဏီမှာ အလုပ်ဝင်ပါတယ်။ သူ ကျွန်တော်တို့ ကုမ္ပဏီကနေ ထွက်သွားတဲ့ အချိန်အထိ ဆိုရင် ၁၀ နှစ် နီးပါး ကြာပါတယ်။ သူနဲ့ ကျောင်းအတူတူ ပြီးတဲ့ သူငယ်ချင်းတစ်ယောက် ကတော့ အခြား ကုမ္ပဏီ တစ်ခုမှာ ပရိုဂရမ်မာ အနေနဲ့ အလုပ်ဝင်ပါတယ်။ နောက်တော့ စီးပွားရေး ကျတဲ့အချိန်မှာ သူ့သူငယ်ချင်းဟာ အလုပ်က လူလျှော့တဲ့ အထဲပါပြီး အလုပ် ပြုတ်သွားပါတယ်။ အလုပ်ပြန် ရှာလို့ မရတာနဲ့ နောက်ဆုံး ဆိုင်ဖွင့်ပြီး ကြက်ဆီထမင်း (Chicken Rice) ရောင်းစားတာ အခုတော့ BMW စီးနေပြီ လို့ ပြောပါတယ်။ တစ်ခုပဲ ရှိတယ်။ Chicken Rice ရောင်းလို့ ဘယ်မိန်းမကမှ သူ့မယူချင်လို့ အခုထက်ထိတော့ မိန်းမ မရသေးဘူးကွ လို့ ကျွန်တော်တို့ကို နစ်ခ်က ရယ်စရာ အနေနဲ့ ပြောပြပါတယ်။

ငါကတော့ Automation မှာ ၁၀ နှစ်လောက် အတွေ့အကြုံတွေ အများကြီး ရလိုက်ပေမယ့် ကားတောင် ကောင်းကောင်း ဝယ်မစီးနိုင်ဘူး။ အခုလုပ်နေတဲ့ လက်သည်း ခြေသည်း အလှပြင်တဲ့ လုပ်ငန်း ကမှ ပိုပြီး ဝင်ငွေကောင်းတယ်။ ငါ့မန်နေဂျာလခ ထက်စာရင် အများကြီး ပိုရတယ်လို့ ပြောပါတယ်။

သူက ကျွန်တော်တို့ကို အခြေအနေ ပေးတာနဲ့ အလုပ်က ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း လုပ်ဖို့ တိုက်တွန်းပါတယ်။ အခုလည်း စီးပွားရေးကျနေတာနဲ့ အလုပ်များ ပြုတ်ခဲ့ရင် ကျွန်တော်လည်း ဆော့ဖ်ဝဲလ် မရေးတော့ပဲ စင်ကာပူမှာ Chicken Rice ရောင်းစားရင် ကောင်းမလားလို့ စဉ်းစားနေကြောင်းပါ။

Saturday, December 13, 2008

ကြယ်ငါးပွင့် ဟိုတယ်ပေါ်မှာ (၃)

တခါတလေ ကျတော့လည်း စားပွဲထိုးများက ဧည့်သည်ကို ညစာစားပွဲ ထုံးစံများကို မသိမသာ ပြန်သင်ပေး ရသည်လည်း ရှိသည်။ ဟိုတယ် သို့လာသော ဧည့်သည် အများစုမှာ တရုတ် ညစာစားပွဲ နှင့် မစိမ်းကြသော်လည်း အနောက်တိုင်း ညစာစားပွဲ နှင့် ကြုံပါက ဧည့်သည် အတော်များများက ထုံးစံများကို မသိကြပေ။ အနောက်တိုင်း ညစာစားပွဲတွင် စားပွဲပေါ်တွင် ဇွန်း၊ခက်ရင်း၊ဓား စုစုပေါင်း ၃ စုံ နှင့် ဖန်ခွက်များမှာ အများအပြား ရှိသောကြောင့် ဧည့်သည်အချို့မှာ ဘယ်ဇွန်း ဘယ်ခွက်ကစ၍ ကိုင်ရမည်ကို မသိကြ။ ကျွန်တော်တို့က မသိမသာ ပြပေးရသည့် အခါလည်း ရှိတတ်သည်။

အနောက်တိုင်း ညစာစားပွဲတွင် Appetizer, Soup, Main Course နှင့် Dessert ဟူ၍ ဟင်းပွဲ ၄ မျိုးသာ ပါရှိတတ်သည်။ ပုံမှန်အားဖြင့် အသုံးပြုရမည့် ခက်ရင်း နှင့် ဇွန်း သို့မဟုတ် ဓားကို အပြင်မှ အတွင်းသို့ အစီအစဉ်တကျ စီထားလေ့ရှိသည်။ စားပွဲထိုးမှ ထို ဇွန်းခက်ရင်းကို ၄င်းနှင့် သက်ဆိုင်သော ဟင်းပွဲ ပြီးသည်နှင့် ရှင်းလင်းပေးရသည်။ တစ်ခါတစ်ရံ ဧည့်သည်မှ ဇွန်းခက်ရင်းကို မှား၍ ကိုင်တတ်သော်လည်း ကျွန်တော်တို့ က မသိချင်ယောင် ဆောင်၍ သိမ်းရသည်။ ဖန်ခွက် များမှာ ရေထည့်ရန်၊ ဝိုင်ထည့်ရန် နှင့် ရှမ်ပိန်ထည့်ရန် အတွက် ဖြစ်သည်။ ရှမ်ပိန်အတွက် ဖန်ခွက်မှာ အသေးဆုံး ဖြစ်ပြီး၊ ရေ အတွက် ဖန်ခွက်မှာ အကြီးဆုံး ဖြစ်သည်။ သို့သော် ဖန်ခွက် အတွက်မူ စားပွဲထိုးက တာဝန်ယူ၍ ယမကာ လောင်းထည့်ပေး သဖြင့် မှားစရာ မရှိပေ။

ဘန်ကွေး လုပ်ငန်းတွင် စားပွဲထိုးရသည့် အလုပ်က အပင်ပန်းဆုံးအလုပ် မဟုတ်သေးပေ။ အပင်ပန်းဆုံး အလုပ်မှာ ဧည့်ခံခန်းမ (Ballroom) များအတွင်း အခမ်းအနား ပြင်ဆင်ရခြင်း နှင့် ခန်းမကို ရှင်းလင်း ရခြင်း တို့ပင်ဖြစ်သည်။ ဟိုတယ်ရှိ ဧည့်ခံခန်းမ များမှာ လိုက်ကာအရှင် များကို ဖြုတ်ခြင်း တပ်ခြင်းအားဖြင့် တစ်ခန်းကို နှစ်ခန်း ဖြစ်အောင် လုပ်၍ ရသကဲ့သို့ နှစ်ခန်းကို တစ်ခန်း ပေါင်း၍လည်း ရသည်။ ပုံမှန်အားဖြင့် ည ၁၁ နာရီခန့်တွင် ညစာစားပွဲ ပြီး၍ အိမ်ပြန်ရလေ့ရှိသော်လည်း အတွေ့အကြုံရှိသော စားပွဲထိုးများမှာ စတေးဘက် ခေါ် နောက်ချန်နေရန် စာရင်းပေး ထား၍ ရသည်။ စတေးဘက် နေပါက ညစာစားပွဲခန်းမကို ရှင်းလင်းရလေ့ရှိပြီး တစ်ခါတစ်ရံတွင် နောက်တစ်နေ့ ပြုလုပ်မည့် ဧည့်ခံပွဲအတွက် ပြင်ဆင်ရလေ့ရှိသည်။ ညဘက်တွင် မင်္ဂလာဧည့်ခံပွဲ ရှိ၍ နောက်တစ်နေ့ နေ့လည်တွင် အစည်းအဝေးပွဲ ရှိသည်ဆိုပါက ဧည့်ခံခန်းမတွင်းမှ စားပွဲဝိုင်းများကို လှိမ့်ထုတ်ရပြီး နောက်တစ်နေ့ ပွဲအတွက် အစည်းအဝေးသုံး လေးထောင့်စားပွဲများကို နေရာချရသည်။ စတေးဘက် နေပါက ည ၂နာရီခွဲ အထိ နေရလေ့ရှိပြီး ပြီးမှ ကားငှား၍ အိမ်ပြန်ရသည်။ နေ့လည်ဖက်တွင် အခမ်းအနားပြင်ဆင်မည့်သူများက စောစောစီးစီး လာ၍ ပြင်ဆင်ရ လေ့ရှိသည်။

တစ်ခါက ဘန်ကွေး ဌာနရှိ မန်နေဂျာများနှင့် အတူ တစ်ပွဲနွှဲ ခဲ့ရဖူးသည်။ ထိုနေ့က အစည်းအဝေးမှာ နေ့လည် ၂ နာရီ ပြီးရန် စီစဉ်ထားပြီး ည ၇ နာရီတွင် ထိုခန်းမတွင် ညစာစားပွဲ တစ်ခု စီစဉ်ထားသည်။ သို့သော် အစည်းအဝေးမှာ အချိန်မီမပြီးနိုင်ပဲ ညနေ ၄ နာရီ ထိုးခါနီးမှ ပြီးသည်။ ကျွန်တော်တို့ အားလုံးအတွက် မင်္ဂလာ အခမ်းအနား ပြင်ဆင်ချိန် ၃ နာရီကျော် မျှသာ ကျန်သည်။ ထိုနေ့က ဘန်ကွေး ဌာနမှ ဒါရိုက်တာ အပါအဝင် မန်နေဂျာအားလုံး အခမ်းအနား ပြင်ရာတွင် ကျွန်တော်တို့ နှင့်အတူ ဝင်၍ လုပ်ကြသည်။ အံသြစရာ ကောင်းအောင်ပင် သူတို့ အလုပ်လုပ်သည့် အရှိန်မှာ ကျွန်တော်တို့ ထဲမှ အမြန်ဆုံး ကပ္ပတိန် ထက်ပင် ၂ ဆ ၃ ဆမျှ မြန်သည်။ စာပွဲဝိုင်း လှိမ့်ပုံ ၊ ပန်းကန်ချပုံ၊ စားပွဲ ပြင်ဆင်ပုံအားလုံးတွင် သူတို့၏ အောက်သက်ကြေမှုကို တွေ့နိုင်သည်။ ထိုနေ့က မန်နေဂျာများမှာ အမှာစကားပင် ပြောဖို့ အချိန်မရကြပေ။ ဧည့်ခံခန်းမ တံခါးဖွင့်ခါနီးမှ ပင် အားလုံး အလုပ်ကို လက်စသတ်နိုင်ကြသည်။ သို့သော် မဖြစ်နိုင်ဘူးဟု ထင်ရသော အလုပ်တစ်ခု ကို ဖြစ်အောင် လုပ်နိုင်ခဲ့သည့်အတွက် ကျွန်တော်တို့ အားလုံး ကျေနပ်ကြသည်။

ဘန်ကွေးအလုပ်မှာ ပုံမှန်အားဖြင့် အလွန်ပင်ပန်းသော အလုပ်ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် သက်သာသည့် အလုပ်နှင့်လည်း ကြုံရတတ်သည်။ နေ့လည်ဖက် လုပ်သော အခမ်းအနားများမှာ ညနေဖက် လုပ်သော အခမ်းအနားများနှင့် နှိုင်းယှဉ်ပါက အလုပ် အလွန် သက်သာသည်။ အစည်းအဝေးပွဲ ဆိုပါက ခေတ္တနားသော အချိန်တွင်သာ ဧည့်သည်ကို ကော်ဖီ အအေး စသည်တို့ နှင့် ဧည့်ခံရပြီး တစ်ခါတစ်ရံတွင် အလုပ် လုပ်စရာ မရှိပဲ အစည်းအဝေး ခန်းမအတွင်း ရပ်စောင့်နေရ သည်လည်း ရှိသည်။ ဖက်ရှင်ရှိုးနှင့် ကြုံကြိုက်ပါက ခန်းမအတွင်း ရောယောင်ကာ ဝင်မော့နေလို့ ရသေးသည်။ ဖက်ရှင်ရှိုးများမှာ ဘူဖေး ဖြင့် ဧည့်ခံတတ်ကြပြီး မော်ဒယ်လ်များ လမ်းလျှောက် နေချိန်တွင် ဧည့်သည်များ အနှောက်အယှက် မဖြစ်စေရန် အတွင် ကျွန်တော်တို့ အားလုံး ဘေးမှာပင် ရပ်နေရလေ့ရှိသဖြင့် ကျွန်တော်တို့ပါ ဝင်ကြည့်လို့ ရတတ်သည်။

မှတ်မှတ်ရရ အလုပ်အလွန်သက်သာပြီး ပိုက်ဆံ အလကားနီးပါး ရသည့် နေ့မျိုးလည်း ကြုံဖူးသည်။ တစ်ရက်တွင် ကပ္ပတိန်က အတင်းခေါ်သဖြင့် အလွန်ပင်ပန်း နေသော်လည်း စတေးဘက် နေဖြစ်သည်။ ထိုညက ည ၁ နာရီ လောက် ရောက်တော့ လုပ်စရာ အလုပ်က ဘာမှ သိပ်မရှိတော့ပေ။ ကပ္ပတိန်ကို သွားမေးတော့ မင်းတို့ အတော်အတဲ့ ကောင်တွေပဲ။ ဆိုပြီး အလုပ်တစ်ခုပေးသည်။ တွန်းလှည်း တစ်စီးဖြင့် ကိတ်မုန့်များကို လိုက်သိမ်းခိုင်းခြင်း ဖြစ်ပြီး စားချင်သလောက်သာ အကုန်စား ဟု ဆိုသည်။ ထိုညက ပင်ပင်ပန်းပန်း မလုပ်ရပဲ ကိတ်မုန့် အဝစား၍ အိမ်ပြန်လာရသည်။

ဟိုတယ်အလုပ်တွင် စိတ်ဖိစီးမှုက အလွန်များသည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် ပုံမှန်သည်းခံနိုင်သော ကိစ္စပင် သည်းမခံနိုင်လောက်အောင် ဖြစ်ရသည့် အခါလည်း ရှိသည်။ တစ်ခါက ယောက်ျားလေး စားပွဲထိုး များနေ၍ ကျွန်တော်တို့ စားပွဲ အပါအဝင် အချို့ စားပွဲများတွင် ယောက်ျားလေး ၂ ယောက် တွဲ၍ တာဝန်ချပေးသည်။ ကျွန်တော်နှင့် အတူ တွဲလုပ်ရသော မလေးလူမျိုး စားပွဲထိုးက ဘာမဆိုင် ညာမဆိုင် ကျွန်တော့်ကို ကန်လန့်ကာ နောက်ကို ခေါ်၍ ဟောက်သည်။ ကျွန်တော် စိတ်ထဲတွင် ထောင်းခနဲ ဒေါသဖြစ်၍ ရင်ဘတ်ကို ဆောင့်ဆွဲတော့ အလန့်တကြားနှင့် တောင်းပန်သည်။ ငါအဲဒီလိုသဘောမျိုး ပြောတာမဟုတ်ပါဘူး ဘာညာ နှင့် လျောချသွားသည်။ နောက်မှ ကျွန်တော်အလုပ် မဆင်းဖြစ်သော နေ့က မြန်မာတစ်ယောက်က သူနှင့်အတူ တွဲလုပ်သော စားပွဲထိုးကို ဒေါသဖြစ်ဖြစ်ဖြင့် လက်သီးနှင့် ဆွဲထိုးသဖြင့် မြန်မာဆိုလျှင် အရှိန်နှင့် လန့်နေကြကြောင်း သိရသည်။ စင်ကာပူမှာ အလုပ်ထဲ အချင်းချင်း လက်သီးနှင့် ထိုးသော ကိစ္စမှာ ပေါ့ပေါ့တန်တန် ကိစ္စ မဟုတ်သော်လည်း ထိုနေ့က မန်နေဂျာများက တိတ်တဆိတ် ကြိတ်ရှင်း၍ ပြေလည်သွားကြောင်း သိရသည်။ ကျွန်တော်တို့ မြန်မာများမှာ ပုံမှန်အားဖြင့် အလွန်သည်းခံတတ်သော်လည်း ကိုယ့်ကို စော်ကားသည်ဟု ထင်ပါက ဒေါသအလွန် ထွက်တတ်ပြီး ဒေါသထွက်လျှင်လည်း အလွယ်တကူ လက်ပါတတ်ကြောင်း သတိထားမိသည်။

ကျွန်တော် ကျောင်းပြီး၍ လုပ်ငန်းခွင်ထဲ ရောက်သွားသော်လည်း အခုအချိန် ကုမ္ပဏီ ညစာစားပွဲ သို့မဟုတ် မင်္ဂလာဧည့်ခံပွဲ ရှိ၍ ကျွန်တော်တို့ အလုပ်လုပ်ခဲ့သော ဟိုတယ်သို့ ပြန်ရောက်သွားလျှင် လုပ်ဖော်ကိုင်ဖက် များနှင့် တစ်ခါတစ်ရံ ပြန်တွေ့တတ်သည်။ ကျွန်တော်တို့နှင့် အတူတူ စားပွဲထိုးခဲ့သော အချို့စားပွဲထိုးများ အခုအချိန် ကပ္ပတိန် အနေဖြင့် ပြန်တွေ့နေရသည်။ ဟိုတယ် စားပွဲထိုးများတွင် မြန်မာကျောင်းသားများ ကို တွေ့နေရဆဲ ဖြစ်သည်။ ကျွန်တော် ဖြတ်သန်းခဲ့ရသော ဘဝထဲမှ ခါးသီးသော အတွေ့အကြုံတစ်ခု ဖြစ်သော်လည်း အခုတော့ ရယ်စရာမောစရာ ပြန်ပြောဖို့သာ အမှတ်တရ ဘဝအစိတ်အပိုင်း တစ်ခု အဖြစ်သာ ကျန်ရစ် ပါတော့သည်။

Tuesday, December 9, 2008

ကြယ်ငါးပွင့် ဟိုတယ်ပေါ်မှာ (၂)

ဟိုတယ်တွင် စားပွဲထိုးစဉ်က အထူးသတိထားရသည့် အချက်မှာ ဧည့်သည်ပေါ်သို့ မည်သည့်အရာမှ မှောက်မကျရန် ဖြစ်သည်။ ဧည့်သည်၏ အင်္ကျီပေါ် ဝိုင်မှောက်ကျခြင်း ၊ ရေနွေး မှောက်ကျခြင်း တို့ကတော့ အတော် ရှင်းရခက်သည့် ကိစ္စများ ဖြစ်သည်။ တစ်ခါက အလွန် နမော်နမဲ့ နိုင်လှသော ကျွန်တော့် သူငယ်ချင်း တစ်ယောက်သည် ဧည့်သည်၏ အကျင်္ီ အဖြူရောင် ပေါ်သို့ ဝိုင် အနီရောင် မှောက်ကျခဲ့ ဖူးသည်။ သူက နမော်နမဲ့ လုပ်တတ်သော်လည်း အပြေးက အလွန်မြန်သည်။ ဧည့်သည်ကို မတောင်းပန်ပဲ တစ်ချိုးတည်း လစ်သည်။ ဧည့်သည်က လှည့်ကြည့်တော့ ကွဲနေသော ဖန်ခွက်ကလေးနှင့် သူ့အင်္ကျီပေါ်က ဝိုင်တွေသာ တွေ့ရသည်။ ဘယ်စားပွဲထိုး သူ့အပေါ်မှောက်ချ ခဲ့သလဲ ဆိုတာပင် ရှာမတွေ့တော့။ သူအနားကို လှည့်ပတ်ကြည့်တော့လည်း ဘယ်သူမှ မတွေ့။ ထို့ကြောင့် ဒေါသတကြီးဖြင့် ကပ္ပတိန်ကို လှမ်းခေါ်၍ ပြသနာရှာသည်။ ကပ္ပတိန်က ဧည့်သည်ကို တောင်းပန်ပြီး အနားမှာ လိုက်ရှာတော့ မြန်မာ ကောင်မလေး တစ်ယောက်ကိုသာ တွေ့ရ၍ ထိုကောင်မလေးကို ပြသနာ သွားရှာသည်။ ကောင်မလေးကလည်း သူမဟုတ်၍ ပြန်ချဲသည်။ တကယ်တော့ ကောင်မလေးက ကျွန်တော့် သူငယ်ချင်း မှောက်ကျသည်ကို တွေ့လိုက်သော်လည်း အချင်းချင်း ဖြစ်နေ၍ မပြောချင်းသာ ဖြစ်သည်။

ပုံမှန်အားဖြင့် ထိုသို့သော ကိစ္စဖြစ်ပါက ဟိုတယ်မှ ဧည့်သည် ကျေနပ်အောင် ရှင်းပေး ရလေ့ရှိသည်။ ဧည့်သည်အတွက် ယာယီဝတ်ဆင် နိုင်ရန် အဝတ်အထည် စီစဉ်ပေးရခြင်း၊ ဧည့်သည်၏ အဝတ်အထည်ကို ချက်ချင်း လျှော်ဖွတ်၍ အစွန်းချွတ် ပေးရခြင်း၊ အချိန်မီ မပြီးစီး နိုင်ပါက လျှော်ဖွတ်ပြီး အဝတ်အထည်ကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးရခြင်း စသည်ဖြင့် ဧည့်သည်ဘက်မှ စိတ်ကျေနပ်မှု ရသည်အထိ ဆောင်ရွက် ပေးရသည်။ တစ်ခါက ကပ္ပတိန် တစ်ယောက်က “မင်းတို့ မှောက်ချင်လွန်းတယ် ဆိုရင် လူကြီးတွေပေါ် မှောက်စမ်းပါကွာ။ ဟိုတစ်နေ့က ကလေးပေါ် ဝိုင်မှောက်ကျလို့ ငါတို့မှာ ပြသနာ အတော်တက် သွားတယ်။ အစားထိုး ပေးစရာ အဝတ်အစား ကလည်း မရှိတော့ အပြင်ထွက် ဝယ်ရတယ်။” ဟု ရယ်စရာ ပြောဖူးသည်။ အမှန်တကယ်တော့ ဘယ်သူမှ တမင်သက်သက် မှောက်ချခြင်းတော့ မဟုတ်ပါ။ အားလုံးမှာ မတော်တဆ သာ ဖြစ်ပါသည်။

သို့သော် ကျွန်တော်တို့ အလုပ်ဝင်ခါစက ထိုသို့ အဖြစ်အပျက်များ အလွန် အဖြစ်များ၍ ဘန်ကွေးဌာန၏ ကြော်ငြာသင်ပုန်းတွင် ထပ်ခါတလဲလဲ မှောက်တတ်သူများကို ခွက်မှောက်ဘုရင် (Spillage King) နှင့် ခွက်မှောက်ဘုရင်မ (Spillage Queen) ဟူ၍ ဘွဲ့ပေးပြီး နာမည်ရေးထား လေ့ရှိသည်အထိပင် ဖြစ်သည်။

နောက်တစ်ချက်မှာ ဟိုတယ်တွင် အလုပ်လုပ်ချိန်၌ တစ်ကိုယ်ရေ သန့်ရှင်းမှုကို အမြဲတမ်း ဂရုစိုက်ရသည်။ လက်သည်းကို အမြဲတမ်း ဂရုစိုက်၍ ညှပ်ထားရသည်။ နှုတ်ခမ်းမွှေး ထားလိုက ထားနိုင်သော်လည်း မုတ်ဆိတ်မွှေး ထားခွင့် မရှိပါ။ ဟိုတယ် မန်နေဂျာများ အမြဲတမ်း ပြောလေ့ရှိသော စကားမှာ နှုတ်ခမ်းမွှေးသည် ပုဂ္ဂလိကပိုင် ပစ္စည်း (Private Property) ဖြစ်၍ မုတ်ဆိတ်မွှေးမှာ အများပိုင် ပစ္စည်း (Public Property) ဖြစ်သည် ဟူ၍ ဖြစ်သည်။ စင်ကာပူ စစ်တပ်တွင်လည်း ဤစည်းကမ်း အတိုင်း ကျင့်သုံးသည် ဟု သိရသည်။ ဆံပင်ကို အမြဲတမ်း သပ်သပ်ရပ်ရပ် ဖြီးသွားရသည်။ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိပါက တခါတရံတွင် အလုပ်မဆင်းခိုင်းပဲ ပြန်လွှတ်လေ့ ရှိသည်။

ကျွန်တော့်တွင် အလွန် ပိုက်ဆံနှမြောတတ်သော သူငယ်ချင်းတစ်ယောက် ရှိသည်။ ဘယ်လောက် နှမြောသလဲ ဆိုလျှင် ဆံပင် ညှပ်ရမှာကိုပင် ပိုက်ဆံ အကုန်မခံချင်၍ ညှပ်လေ့မရှိ။ ကျွန်တော်နှင့် အလုပ်လုပ်သော ဟိုတယ်ချင်း မတူသော်လည်း သူ၏ အကြောင်းကို အခြားသူငယ်ချင်းများ ထံမှ တဆင့် ပြန်ကြားရသည်။ သူဟိုတယ်မှာ အလုပ်ဆင်းတော့ ဟိုတယ် မန်နေဂျာတွေနှင့် ထိပ်တိုက် တွေ့ လေတော့သည်။ သူ့ကို ဟိုတယ်မှ နောက်တစ်နေ့ အလုပ်ဆင်းလျှင် ဆံပင်ကို သပ်သပ်ရပ်ရပ် ညှပ်လာဖို့ ပြောသည်။ သူက ဆံပင်ညှပ်ဆိုင် သွားရမှာ နှမြော၍ မှန်ကြည့်ပြီး ဆံပင်ကို ကိုယ့်ဘာသာကိုယ် ညှပ်သည်။ မှန်ကြည့်ပြီး ဆံပင်ညှပ်တော့ ဆံပင်က ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်နေတော့သည်။ နောက်တစ်နေ့ ဟိုတယ်ရောက်တော့ အားလုံးက သူ့ပုံစံကို ကြည့်ပြီး ဝိုင်းရယ်ကြသည်။ သူက အိပ်နေတုန်း သူငယ်ချင်းတွေကပဲ သူ့ကို စပြီး ခေါင်းညှပ်လိုက်သလို ကြွက်ပဲ ကိုက်သွားသလို ပြောသည်။ နောက်နေ့ ဆံပင်မညှပ်လျှင် အလုပ်မဆင်းနဲ့ ဟု ပြောမှပင် သူဆံပင်ကို သွားညှပ် လေတော့သည်။

ဟိုတယ်ရှိ စားပွဲထိုးတစ်ယောက်၏ လုပ်ငန်း ကျွမ်းကျင်မှုကို Portioning ဟုခေါ်သည့် ဟင်းကို ဧည့်သည်များ၏ ပန်းကန်အတွင်း သို့ အချိုးကျစွာ ခွဲဝေခြင်း ပြုလုပ်ပုံကို ကြည့်၍ ခန့်မှန်းနိုင်သည်။ ထိုသို့ ခွဲဝေ ရန်အတွက် ဆားဗင်း ဂီယာ (Serving Gear) ဟု ခေါ်သည့် သာမန်ထက် အနည်းငယ် ကြီးသည့် ဇွန်းနှင့် ခက်ရင်းကို ကျွမ်းကျင်စွာ ကိုင်တွယ် တတ်ရသည်။ ပုံမှန်အတိုင်း လုပ်ရမည့် အလုပ်ကို သိ၍ အစီအစဉ် တကျ လုပ်ပါက ဟင်းပွဲကို တစ်ပွဲပြီး တစ်ပွဲ အချိန်မီထုတ်နိုင်သော်လည်း တစ်ခါတစ်ရံ ကတ်သီးကတ်သတ် တောင်းဆိုတတ်သော ဧည့်သည်မျိုးနှင့် တွေ့လျှင်တော့ အချိန်မီအောင် မလုပ်နိုင်ပဲ ဒုက္ခ ရောက်တတ်သည်။ တရုတ် ညစာစားပွဲအတွင်း ကော်ဖီသောက်ချင်သည် ဟု ပြော၍ နွားနို့၊ သကြားနှင့် ကော်ဖီကို ဟိုတယ်ပတ်၍ လိုက်ရှာရသည်ကို ကြုံဖူးသလို ငါးမန်းတောင် ဟင်းချိုထဲ ဘရန်ဒီ ထည့်သောက်ချင်သည် ပြော၍ ဘရန်ဒီ ရှာပုံတော် ဖွင့်ရသည် လည်း ကြုံခဲ့ဖူးသည်။

နည်းနည်း အတွေ့အကြုံကလေး ရလာတော့ ကျွန်တော်တို့ တာဝန်ယူရသော စားပွဲဝိုင်းတွင် မွတ်ဆလင် စားပွဲ ညှပ်ထည့်ပေးခြင်း၊ သက်သတ်လွတ် စားသူပါသော စားပွဲဖြင့် ညှပ်ထည့်ပေးခြင်း စသည်တို့ ဖြစ်လာသည်။ မွတ်ဆလင် စားပွဲမှာ ကျွန်တော်တို့ တာဝန်ယူရသော ဝိုင်းများတွင် တစ်ဝိုင်းသတ်သတ် ပါလာပါက သိပ်ပြသနာ မရှိသော်လည်း မွတ်ဆလင် အစားအစာ စားသူ သို့မဟုတ် သက်သတ်လွတ် စားသူမှာ တစ်ဦး နှစ်ဦး စသည်ဖြင့် စားပွဲတွင်း ကြားညပ် ပါလာပါက ပို၍ အလုပ်ရှုပ်သည်။ သူတို့ အတွက် ဟင်းကို တစ်ခေါက်သတ်သတ် သွား၍ ယူပေးရ သောကြောင့် ဖြစ်သည်။

ဟိုတယ် အများစုတွင် တည်ခင်းသော မွတ်ဆလင် အစားအစာမှာ ဟာလာ မဟုတ်ပဲ "No Pork No Lard" သာ ဖြစ်သည်။ ဟာလာ အစားအသောက်မှာ ဟာလာ မဟုတ်သော အစားအသောက် နှင့် မထိတွေ့ရခြင်း အတူတကွ မထားရခြင်း စသည့် ပိုမို တင်းကျပ်သည့် စည်းကမ်း များကို လိုက်နာရသည်။ "No Pork No Lard" ကတော့ ဝက်သား သို့မဟုတ် ဝက်ဆီ မပါကြောင်း အာမခံသော အစားအစာ ဖြစ်သည်။ ထို့အပြင် ဤနိုင်ငံတွင် သက်သက်လွတ်စားသူကို Vegetarian နှင့် Strict-Vegetarian ဟု နှစ်မျိုး ထပ်၍ ခွဲခြား ထားသေးသည်။ သာမန် Vegetarian မှာ ကြက်ဥ နှင့် နွားနို့စသည်တို့ကို မရှောင်ဘဲ စားသုံးလေ့ ရှိသည်။ Strict-Vegetarian အမျိုးအစားကတော့ အသွေးအသားကို လုံးဝ မစားရုံမျှ မက ကြက်သွန်ဖြူကိုလည်း မစားပါ။ အရင်တုန်းက သူငယ်ချင်းတစ်ဦးက Strict-Vegetarian တွေ ဘာလို့ ကြက်သွန်ဖြူမစားတာလဲ မေးတော့ “ကြက်” ပါလို့ မစားတာဟု နောက်၍ ဖြေခဲ့ဖူးသည်။ အစကတော့ ဘာလို့မှန်း ကျွန်တော်လည်း မသိပါ။ နောင်တွင် သက်သတ်လွတ် စားသူတစ်ယောက်ကို မေးကြည့်သောအခါ တွင်မှ အသွေးအသား လုံးဝမစားသူ၏ အစာအိမ်သည် ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် ကြက်သွန်ဖြူတွင် ပါဝင်သည့် ဓာတ်ကို မခံနိုင်သောကြောင့် ရှောင်ကြဉ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

Thursday, December 4, 2008

ကြယ်ငါးပွင့် ဟိုတယ်ပေါ်မှာ (၁)

ကြယ်ငါးပွင့် ဟိုတယ်ကြီးတစ်လုံး၏ ခန်းမဆောင် တစ်ခုအတွင်းတွင် ဧည့်သည်တို့၏ စကားသံများဖြင့် ဆူညံလျှက်ရှိသည်။ ထိုအချိန်တွင် ခန်းမကြီး အတွင်းရှိ မီးများ ရုတ်တရက် မှိတ်သွားသည်။ ဧည့်သည် အားလုံး၏ အသံတို့မှာ မီးကို ရေနှင့် ဖျန်းလိုက်သည့် ပမာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ အသံများ တိတ်ဆိတ် သွားသည့် အတွက် နောက်ခံဖွင့်ထားသော တီးလုံး၏ အသံမှာ ပို၍ မြူးကြွ လာသည့် ပမာ ထင်ရသည်။ ထိုအချိန်တွင် ခန်းမဆောင်၏ တံခါးမကြီး နှစ်ချပ်က ရုတ်တရက် ပွင့်ထွက်သွားသည်။

လူတစ်စု စီတန်း၍ ခန်းမအတွင်းသို့ ဝင်လာသည်။ အကြမ်းဖက်သမားများ စက်သေနတ် ကိုင်၍ ဝင်ရောက်လာခြင်း မဟုတ်ပါ။ အနာဂတ် စင်ကာပူ နိုင်ငံတော်၏ အင်ဂျင်နီယာ အလောင်းအလျာ၊ ကွန်ပြူတာ ပညာရှင် အလောင်းအလျာ နှင့် စီးပွားရေး ပညာရှင် အလောင်းအလျာများ တဖြစ်လဲထားသော ကျွန်တော်တို့ မြန်မာကျောင်းသားများ အပါအဝင် အပေါ်အဖြူ အောက်အနက် ဆင်တူ ဝတ်ဆင်ထားသော စားပွဲထိုးများ ဟင်းပွဲကိုယ်စီ ထမ်း၍ ဝင်ရောက်လာခြင်း ဖြစ်ပါသည်။ ဟင်းပွဲများ၏ အလယ်ခေါင်တွင် ဖယောင်းတိုင်မီးများ ထွန်းညှိထားသည့် အတွက် မှောင်မိုက်နေသော အခန်းထဲတွင် မီးခွက်များ ရွေ့လျားလာနေသည်ကိုသာ မြင်ရသည်။

အရှေ့ဆုံးမှ ဦးဆောင်လာသူများမှာ ဗွီအိုင်ပီ ဆာဗာ ဟု ခေါ်သော အထူး ဧည့်သည်တော်များ၏ စားပွဲကို တာဝန်ယူထားသော ကျွမ်းကျင် အမျိုးသမီး စားပွဲထိုး ၂ ဦး ဖြစ်သည်။ သူတို့နှစ်ဦးက စင်မြင့်ပေါ်သို့တက်၍ ပရိသတ်ကို မျက်နှာမူလိုက်သည်။ ကျွန်တော်တို့ အားလုံးကလည်း လေ့ကျင့်ထားသော နေရာအသီးသီးသို့ ကိုယ်စီကိုယ်ငှ သွားရောက်၍ နေရာယူကြသည်။ အားလုံး အဆင်သင့် ဖြစ်သွားသောအခါတွင် မီးများ ပြန်လင်းလာပြီး ကျွန်တော်တို့ အားလုံး ဧည့်သည်များကို ဦးညွတ်၍ ဟင်းခွက်များကို စားပွဲပေါ်တွင် ချပေးလိုက်သည်။ ထိုထုံးစံမှာ ဧည့်ခံပွဲများတွင် ပထမဆုံး ဟင်းပွဲကို တည်ခင်းရာတွင် ပြုနေကြ ထုံးစံတစ်ခု ဖြစ်ပြီး Food Presentation ဟု ခေါ်သည်။ ထိုအချိန်မှ စ၍ နောက်ထပ် ၂ နာရီခွဲလုံးလုံး ကျွန်တော်တို့ မီးဖိုချောင်၊ ဘား နှင့် ဧည့်ခံ ခန်းမအကြား ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေရ လေတော့သည်။

ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသော စင်ကာပူ ကျောင်းသားဘဝမှာ အမြဲတမ်း သက်တောင့်သက်သာ တော့မဟုတ်ပါ။ အဆိုးရွားဆုံး အတွေ့အကြုံမှာ ဟိုတယ်တွင် စားပွဲထိုး လုပ်ခဲ့စဉ်က ဖြစ်သည်။ စင်ကာပူရှိ မြန်မာကျောင်းသား အတော်များများ ဟိုတယ်အသီးသီးရှိ ဘန်ကွေး (Banquet) အလုပ်တွင် စားပွဲထိုးအဖြစ် လုပ်ဖူးကြသည်။ ဟိုတယ်များတွင် ကျင်းပသော မင်္ဂလာဧည့်ခံပွဲများ၊ ကုမ္ပဏီ ညစာစားပွဲများ နှင့် ဖက်ရှင်ရှိုးများကို စီစဉ်သော ဌာနကို ဘန်ကွေးဌာနဟု ခေါ်ပြီး ထိုဌာနတွင် အမြဲတမ်း အလုပ်သမား နည်းပါးပြီး အချိန်ပိုင်း အလုပ်သမားကသာ များသည်။ တစ်ခြားအလုပ်များနှင့် ယှဉ်လျှင် ဘန်ကွေး၏ အားသာချက်မှာ ပိုက်ဆံချက်ချင်းရခြင်း နှင့် နာရီအလိုက် ပိုက်ဆံပိုရခြင်း တို့ဖြစ်သည်။ ကျွန်တော်တို့ ဟိုတယ်တွင် လုပ်ခဲ့စဉ်က တစ်နာရီလျှင် ၆ ဒေါ်လာမျှ ရသည်။ ထိုအချိန်က အပြင်တွင် စားပွဲထိုးပါက ဆိုင်တော်တော်များများတွင် တစ်နာရီလျှင် ပုံမှန် ၅ ဒေါ်လာသာ ရနိုင်သော အချိန်ဖြစ်သည်။ သို့သော် ပေးထားသော ပိုက်ဆံများသလို အခြားအလုပ်များနှင့် ယှဉ်ပါက ပို၍ ပင်ပန်းပြီး စိတ်ဖိစီးမှုလည်း ပိုများသော အလုပ်ဖြစ်သည်။

ကျွန်တော်တို့၏ အလုပ်ချိန်သည် ပုံမှန်အားဖြင့် ညနေပိုင်းတွင် စတင်သည်က များသည်။ ညနေ ၅နာရီခွဲခန့်တွင် ဟိုတယ်၏ လုံခြုံရေးဌာနတွင် သတင်းပို့ရပြီး လုံခြုံရေးဌာနမှ ထမင်းစားလက်မှတ် တစ်စောင်နှင့် သတင်းပို့သည့် အချိန်ကို ရေးထားသည့် စာရွက်တစ်ရွက်ထုတ်ပေးသည်။ ဝန်ထမ်း ကင်န်တင်းတွင် ညစာကို အပြေးအလွှား စားပြီးနောက် ၆ နာရီခန့်တွင် ဘန်ကွေးဌာန ရှေ့တွင် တန်းစီရသည်။ ထိုအချိန်မှ စ၍ ကျွန်တော်တို့၏ စိတ်ပင်ပန်းစရာ ကောင်းသော အချိန်များ စတင်ပါတော့သည်။

F နှင့် စသော စကားလုံးများ ကို မိုးမွှန်နေအောင် ပြောသော မန်နေဂျာများ ကပ္ပတိန်များ၏ ရိုင်းရိုင်းစိုင်းစိုင်း သြဝါဒ ပေးမှုများကို မိနစ် ၂၀ ခန့် သည်းညည်းခံပြီး နားထောင်ရသည်။ ထို့နောက်တွင် ကိုယ်တာဝန်ကျရာ စားပွဲဆီသို့ သွားပြီး လိုအပ်သော ပြင်ဆင်မှုများ ပြုရသည်။ ခဏအကြာတွင် ကပ္ပတိန်၏ အစီအစဉ် အတိုင်း Food Presentation အတွက် လေ့ကျင့်ရသည်။ ပုံမှန်အားဖြင့် ၇ နာရီခန့်တွင် ကော့တေးဟု ခေါ်သော ဧည့်သည်များကို အအေး ဖြင့် ဧည့်ခံခြင်းစတင်သည်။ ည ၈ နာရီခန့်တွင် Food presentation စတင်ပြီး Food presentation ပြီးသည့်အချိန်မှ စ၍ ညစာစားပွဲ ပြီးသည့် ည ၁၁နာရီလောက်အထိ ကျွန်တော်တို့ မရပ်မနား အလုပ်လုပ်ကြရသည်။

ဧည့်ခံပွဲတွင် စားပွဲဝိုင်းများတွင် ဧည့်သည်များကို အဖျော်ယမကာ ပံ့ပိုးပေးခြင်း ပြုရသော Server နှင့် မီးဖိုမှ ဟင်းပွဲများ၊ ပန်းကန်များကို ထုတ်ယူခြင်းနှင့် စားပြီးသား ပန်းကန်များ၊ ဖန်ခွက်များကို ပန်းကန်ဆေးသော နေရာသို့ ပို့ပေးရသော Runner ဟူ၍ နှစ်မျိုးရှိသည်။ အစားအသောက် တည်ခင်းရာတွင်တော့ Runner ရော Server ပါ နှစ်ဦးစလုံး လုပ်ရသည်။ ကျွန်တော်တို့ အလုပ်လုပ်သော ဟိုတယ်တွင်တော့ ယောက်ျားလေးတိုင်း Runner အဖြစ် တာဝန်ယူရပြီး မိန်းကလေးများမှာ Server အဖြစ် တာဝန်ယူ ရသည်။ ပုံမှန်အားဖြင့် Server နှင့် Runner တစ်တွဲအတွက် စာပွဲဝိုင်း ၃ ဝိုင်းကို တာဝန်ယူရ သော်လည်း လူမရှိသည့်နေ့တွင် စာပွဲဝိုင်း ၄ ဝိုင်းအထိ တာဝန်ယူ ရတတ်သည်။

တရုတ် ညစာစားပွဲတွင် ဟင်းပွဲ ၈ မျိုး သို့မဟုတ် ၉ မျိုး ပါဝင်တတ်သည်။ ဟင်းတစ်မျိုးနှင့် တစ်မျိုး အကူးအပြောင်းတွင် Side Plate ဟုခေါ်သည့် ပန်းကန်ငယ်ကလေးများကို လဲလှယ်ပေးရသည်။ ပန်းကန်လဲသည် ဆို၍ လွယ်လွယ်တော့ မဟုတ်ပါ။ ကျွန်တော်တို့ စားပွဲ ၃ ဝိုင်းစာ အတွက် ပန်းကန်ပြား အချပ် ၃၀ ကို တစ်ခါတည်း သယ်ရသည်။ မီးဖိုသို့ ပြန်သိမ်းလျှင်လည်း ပန်းကန်ပြားအချပ် ၃၀ နှင့် ကုန်နေသော ဟင်းခွက်များ အအေးခွက်များကို တစ်ခါတည်း သိမ်းရသည်။ ထိုသို့မလုပ်လျှင် နောက်ဟင်းတစ်ပွဲ အတွက် အချိန်မမီနိုင်။ ထို့ကြောင့် ပန်းကန်သိမ်းပြီးသည်နှင့် ပန်းကန်များအားလုံးကို Oval Tray ဟုခေါ်သည့် ဘဲဥပုံဗန်းကြီးထဲတွင် ထည့်၍ ထမ်းကာ မီးဖိုဆောင်သို့ ပြေးရသည်။ ထိုဗန်းမှာ အလျား ၂ ပေခွဲ အနံ ၁ပေခွဲခန့် ရှိသော ပလတ်စတစ်ဗန်း ဖြစ်သည်။ ဗန်းကို စထမ်းခါစက ဆိုလျှင် ညဘက် အိမ်ပြန်ရောက်လျှင် ပုခုံးတွေရော ခါးတွေပါ နာနေတတ်သည်။ နောက်တော့လည်း သက်သက်သာသာပင် ထမ်းနိုင်လာသည်။