Search This Blog

Showing posts with label အာကာသ. Show all posts
Showing posts with label အာကာသ. Show all posts

Tuesday, April 5, 2011

Voyager ကို ဖွေရှာတွေ့ခဲ့ရင်

စကြာဝဠာရဲ့ အချင်းဟာ အလင်းနှစ်ပေါင်း ၉၃ ဘီလီယံ ရှိတယ်လို့ ဆိုကြပါတယ်။ သိပ္ပံနဲ့ မရင်းနှီးတဲ့ သူတွေ အတွက် အဓိပ္ပာယ် ဖွင့်ရမယ် ဆိုရင်တော့ အလင်းရဲ့ အမြန်နှုန်း ဖြစ်တဲ့ တစက္ကန့်ကို မိုင်ပေါင်း ၁သိန်း ၈သောင်း ၆ ထောင်နှုန်း နဲ့ သွားရင်တောင်မှ စကြာဝဠာ အစအဆုံးကို သွားဖို့ နှစ်ပေါင်း သန်းပေါင်း ၉ သောင်း ၃ ထောင်သွားရမယ် ဆိုတဲ့ သဘောပါ။ အဲဒီလောက် အပြောကျယ်တဲ့ စကြာဝဠာ ထဲမှာ ကျွန်တော်တို့ ရဲ့ ကမ္ဘာတည်ရှိနေတဲ့ နေအဖွဲ့အစည်း ဆိုတာ ဘာမှ မပြောပလောက်တဲ့ နေရာ သေးသေးကလေး တစ်ခုပါပဲ။

စကြာဝဠာ ကြီး အဲဒီလောက် ကျယ်တဲ့ အကြောင်းကို သိထားတဲ့ သူတိုင်း စကြာဝဠာထဲက တစ်ခြား နေရာတွေမှာ ကျွန်တော်တို့ လူသားတွေလိုမျိုး အသိဉာဏ်ရှိတဲ့  ဒါမှမဟုတ် လူသားတွေထက် ပိုပြီး အသိဉာဏ်ရှိတဲ့ တခြားသက်ရှိတွေ ရှိနေမလား ဆိုတဲ့ အတွေးမျိုး တွေးမိကြမှာ ပါပဲ။ အဲဒီသက်ရှိတွေဟာ ကိုယ့်ရဲ့ ဂြိုဟ်မှာ ကိုယ် အေးအေးဆေးဆေး အငြိမ် မနေနိုင်ကြဘဲ ဖလမ်းဖလမ်းထပြီး ယူအက်ဖ်အို တဝီဝီနဲ့ လမ်းသလား နေကြတဲ့ ဂြိုဟ်သားတွေ ဖြစ်နိုင် ပါတယ်။ ဒါမှမဟုတ် လှံကိုင်ပြီး ဒိုင်နိုဆောလို သတ္တဝါတွေနဲ့ နပမ်းသတ် နေကြတဲ့ ကျောက်ခေတ်လူသားတွေလို အသိဉာဏ် မဖွံ့ဖြိုးသေးတဲ့ သက်ရှိတွေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စကြာဝဠာထဲမှာ တခြားသက်ရှိတွေ ရှိနေမယ်လို့ ယုံကြည်တဲ့သူတွေ ကတော့ လူနည်းစု မဟုတ်တာ အမှန်ပါပဲ။

ဗွိုင်ယေဂျာ အာကာသယာဉ်
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝကျော်က နာဆာ (NASA) ကနေ ဗွိုင်ယေဂျာ (Voyager) ဆိုတဲ့ အာကာသ အစီအစဉ် တစ်ခုကို စခဲ့ပါတယ်။ ဗွိုင်ယေဂျာ မစ်ရှင်ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ နေအဖွဲ့အစည်းထဲက တခြား ဂြိုဟ်တွေကို လူမပါတဲ့ အာကာသယာဉ်နဲ့ လေ့လာဖို့ပါ။  ဗွိုင်ယေဂျာ တစ်နဲ့ နှစ်ဟာ နေအဖွဲ့အစည်း ထဲက ကမ္ဘာရဲ့ အပြင်ဖက် လမ်းကြောင်းမှာရှိတဲ့ ဂြိုဟ်တွေ အားလုံး နီးပါးရဲ့ အနီးအနားကနေ ဖြတ်သန်းပြီး လေ့လာကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗွိုင်ယေဂျာ အာကာသယာဉ် တွေဟာ ဂြိုဟ်တွေ အနားက ဖြတ်သန်း သွားပြီးတဲ့ အခါမှာတော့ ကမ္ဘာကို ပြန်ရောက်လာနိုင် ကြမှာ မဟုတ်ပါဘူး။ နေအဖွဲ့အစည်းရဲ့ အပြင်ဖက်ကို ထွက်သွားကြမှာ ဖြစ်ပါတယ်။

တကယ်လို့များ ကျွန်တော်တို့ လူသားတွေလို ကိုယ့်ဂြိုဟ်မှာကိုယ် အငြိမ်မနေနိုင်ပဲ အာကာသထဲမှာ ဟိုဟိုဒီဒီ လျှောက်ပြီး လမ်းသလားနေကြတဲ့ ဂြိုဟ်သားတွေ ဗွိုင်ယေဂျာ အာကာသယာဉ်က မတော်တဆ တွေ့သွားခဲ့မယ် ဆိုကြပါစို့။ သူတို့အနေနဲ့ ဒါက ဘာကြီးလဲလို့ တွေးဖြစ်ရင် တွေးဖြစ်ကြပါလိမ့်မယ်။ တွေးရုံနဲ့ အားမရလို့ သူတို့  ဗွိုင်ယေဂျာ အာကာသယာဉ်ကို ဖွင့်ပြီး အထဲဝင် စူးစမ်းခဲ့မယ် ဆိုရင်တော့ ရွှေဓာတ်ပြားလို့ ခေါ်တဲ့ ဓာတ်ပြားချပ်ကလေးကို တွေ့ရမှာပါ။ အကယ်၍ ငတ်ကြီးကျတဲ့ ဂြိုဟ်သားနဲ့ တွေ့လို့ ဓာတ်ပြားကို ဘိန်းမုန့်အမှတ်နဲ့ စားလိုက်ရင်တော့ ပွဲသိမ်းပါပြီ။ ဒါမှမဟုတ်ဘဲ ဂြိုဟ်သားက နည်းနည်းပါးပါး စပ်စုချင်စိတ်ရှိလို့ ဓာတ်ပြားကို အသေအချာ ကြည့်ရင်တော့ အဲဒီ ဓာတ်ပြားကို ဘယ်လိုဖွင့်ရမယ်ဆိုတဲ့အကြောင်းကို ပုံဆွဲပြထားတဲ့ ညွှန်ကြားချက်နဲ့ အတူ ဓာတ်ပြားကို ဖွင့်ဖို့ ဓာတ်စက် တစ်လုံးကို အာကာသယာဉ်ပေါ်မှာ တွေ့ရမှာ ဖြစ်ပါတယ်။

ဂြိုဟ်သားက အင်္ဂလိပ်စာ ကို အဓိပ္ပာယ် ပြန်တတ်ခဲ့ရင်တော့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ နှုတ်ခွန်းဆက်စကား "ဟိုးအဝေးကြီးမှာ ရှိတဲ့ ကမ္ဘာဆိုတဲ့ ဂြိုဟ်သေးသေး ကလေး တစ်ခုက လက်ဆောင်ပါ။ ဒီအထဲမှာ ငါတို့ ကမ္ဘာပေါ်က အသံတွေ၊ သိပ္ပံပညာတွေ၊ ပုံတွေ၊ ဂီတတွေ၊ ငါတို့ရဲ့ အတွေးအခေါ်နဲ့ ခံစားမှုတွေကို ထည့်ထား ပါတယ်။" ဆိုတာကို ဖတ်မိပါ လိမ့်မယ်။ အဲဒါအပြင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကွတ်ဝါးဟိုင်းရဲ့ နှုတ်ခွန်းဆက်စကား ဖြစ်တဲ့ "ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံပေါင်း ၁၄၇ ခုကို ကိုယ်စားပြုထားတဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ကနေ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံးရဲ့ ကိုယ်စား နှုတ်ခွန်းဆက်ပါတယ်။ ငါတို့ နေအဖွဲ့အစည်းကနေ ငြိမ်းချမ်းရေးနဲ့ ခင်မင်ရင်းနှီးမှု ကို မင်းတို့ကို သင်ပေးဖို့ ဒါမှမဟုတ် မင်းတို့ရဲ့ သင်ပေးတာကို ခံယူဖို့ ငါတို့ အလိုရှိပါတယ်။ " ဆိုတာကိုလည်း တွေ့ရပါလိမ့်ဦးမယ်။

ဓာတ်ပြားထဲမှာ ဘာသာစကား ၅၅ မျိုးနဲ့ နှုတ်ခွန်းဆက်ထားတာ ပါပါတယ်။ မြန်မာစကား နားလည်တဲ့ ဂြိုဟ်သားများ ရှိနေခဲ့ရင်တော့ အဲဒီ ဓာတ်ပြားထဲမှာ "မာရဲ့လား ခင်ဗျာ" ဆိုတဲ့ မြန်မာလို နှုတ်ခွန်းဆက် စကားကို ကြားရပါလိမ့်မယ်။ ဒီမှာ နားထောင်ကြည့်လို့ ရပါတယ်။ ဂြိုဟ်သားကတော့ တို့ကတော့ ပျော့ပျော့ပဲလို့ ပြန်ဖြေချင်မလား မသိပါဘူး။ ရုပ်ရှင်ထဲ ကြည့်ရတဲ့ ဂြိုဟ်သားတွေ ကတော့ ပျော့စိစိ မို့ပါ။

အဲဒီဓာတ်ပြားကို စုစည်းတင်ဆင်တဲ့သူကတော့ ကော်နဲလ် တက္ကသိုလ်က ကားလ်ဆာဂန် (Carl Sagan) နဲ့ အဖွဲ့ပါ။ အဲဒီ အထဲမှာ နေအဖွဲ့အစည်းနဲ့ ကမ္ဘာရဲ့ တည်နေရာကို ပြထားတဲ့ ရုပ်ပုံတွေ၊ လူသားတွေရဲ့ ခန္ဓာဗေဒ အကြောင်းကို ရှင်းပြထားတဲ့ ရုပ်ပုံတွေ၊ ကမ္ဘာပေါ်မှာရှိတဲ့ အဆောက်အဦးတွေထဲက အိန္ဒိယ တာ့ဂျ်မဟာရ်က စလို့ ဆစ်ဒနီ အော်ပရာဇာတ်ရုံ အဆုံး အဆောက်အဦး ဓာတ်ပုံတွေ၊ သဘာဝတိရိစ္ဆာန်တွေရဲ့ ရုပ်ပုံတွေ၊ လူတွေရဲ့ သွားလာ လှုပ်ရှားနေတဲ့ ရုပ်ပုံတွေ စတဲ့ ကမ္ဘာ အကြောင်းကို ရှင်းပြထားတဲ့ ရုပ်ပုံတွေ ပါပါတယ်။ အဲဒါအပြင် တိရိစ္ဆာန်တွေရဲ့ အသံတွေ၊ ယာဉ်သံ လူသံတွေ၊ သဘာဝ အလျောက် ဖြစ်ပေါ်နေကြတဲ့ အသံတွေကို လည်း အသံသွင်းပြီး ထည့်ထားပါသေးတယ်။ ရွှတ်ဆိုလား ပြွတ်ဆိုလား နမ်းတဲ့ အသံတောင် ပါပါသေးတယ်။ ဒါတင်ပဲလား ဆိုတော့ မကသေးပါဘူး။ ဗီသိုဗင်နဲ့ ဘက်ရှ်တို့ရဲ့ ဂန္တဝင် ဂီတတွေက စလို့ အဲဒီခေတ်အခါက ခေတ်ပေါ် ဂျက်ဇ် ဂီတ သီချင်းတွေလည်း ပါပါသေးတယ်။

ကားဆာလ်ဂန် က ဒီလောက်နဲ့ မကျေနပ်ပါဘူး။ သူ့ရဲ့ မိန်းမကို တစ်နာရီ တိတိ စဉ်းစာခန်း ဝင်ခိုင်းပြီးတော့ သူမ စဉ်းစားနေတဲ့ အချိန် ဦးနှောက်က ထွက်လာတဲ့ လှိုင်းတွေကို မှတ်တမ်းတင်ပြီး ဓာတ်ပြားထဲ ထည့်ထား ပါသေးတယ်။ သူမကတော့ အဲဒီ တစ်နာရီ အတွင်းမှာ ကမ္ဘာကြီးရဲ့ သမိုင်းကြောင်းနဲ့ သက်ရှိတွေ အကြောင်း၊ လူတွေရဲ့ လူမှု ဘဝနဲ့ အတွေးအခေါ်တွေအကြောင်း၊ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ ဆင်းရဲမှုတွေကြောင့် ကမ္ဘာပေါ်မှာ အသက်ရှင် နေထိုင်ကြတဲ့ လူသားတွေ ဒုက္ခရောက်ကြပုံ အကြောင်းတွေကို တွေးတယ် လို့ ဆိုပါတယ်။ နောက်ဆုံး တစ်ခု အနေနဲ့ သူမ ကနေ ဂြိုဟ်သားတွေကို ပြောချင်တဲ့ စကားနဲ့ ချစ်တယ်ဆိုတဲ့ ခံစားချက် ဘယ်လို ရှိတယ် ဆိုတဲ့အကြောင်းကိုပါ တွေးခဲ့တယ် လို့ ဆိုပါတယ်။ တကယ်လို့ အဲဒီ ဓာတ်ပြားကို တွေ့ခဲ့တဲ့သူက သူမရဲ့ ဦးနှောက်ထဲက လှိုင်းတွေကို ဘာသာပြန်နိုင်ရင်တော့ လူတွေရဲ့ အကြောင်းကို ပိုပြီး အသေးစိတ် နားလည်နိုင်မှာပါ။

ဗွိုင်ယေဂျာကို တခြား ဂြိုဟ်သားတွေ ရှာတွေ့ဖို့ မတွေ့ဖို့ ဆိုတာ သေချာတဲ့ အချက်မဟုတ်ပါဘူး။ ပင်လယ်ထဲကို ပုလင်းတစ်လုံး ထည့်ပြီး မျှောလိုက်သလိုပါပဲ။ တစ်ယောက်ယောက်က ကောက်မိချင်ရင်လည်း ကောက်မိမယ်။ ဒါမှမဟုတ်ရင် တစ်ခုခုနဲ့ တိုက်မိပြီး ပျက်စီးချင်ရင်လည်း ပျက်စီးသွားနိုင်တယ် ဆိုတဲ့ သဘောမျိုးပါပဲ။ ဒါပေမယ့်လည်း ဗွိုင်ယေဂျာပေါ် မှာ ဓာတ်ပြား ထည့်ပေးလိုက်တဲ့ ရည်ရွယ်ချက်က အာကာသထဲမှာ ခရီးသွားနေတဲ့ ဂြိုဟ်ကမ္ဘာသား တစ်ယောက်ယောက်က မတော်တဆ ဒီအာကာသယာဉ်ကို တွေ့ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည် အလင်းတန်း မှိန်မှိန်ကလေး တစ်ခုကြောင့် ဖြစ်ပါတယ်။

ဒီကနေစလို့ နောက်နှစ်ပေါင်း ၄ သောင်း ကြာတဲ့ အခါမှာတော့ ဗွိုင်ယေဂျာ ၁ ဟာ အိုဖျူးခပ်စ် ကြယ်တာရာစု (Ophiuchus Constellation) မှာ ရှိတဲ့ AC+79 3888 ဆိုတဲ့ ကြယ်နဲ့ အလင်းနှစ်ပေါင်း ၁.၇ နှစ် ကွာဝေးတဲ့ နေရာကို ရောက်မှာဖြစ်ပြီး ဗွိုင်ယေဂျာ ၂ ကတော့ အင်န်ဒရိုမီဒါ ကြယ်တာရာစု (Andromeda Constellation) မှာရှိတဲ့ Ross 248 ဆိုတဲ့ ကြယ်နဲ့ အလင်းနှစ် ၁.၇ နှစ် ဝေးတဲ့နေရာကို ရောက်မယ်လို့ ခန့်မှန်းရပါတယ်။ အကယ်၍ အဲဒီကြယ်တွေရဲ့ ပတ်လမ်းထဲက ဂြိုဟ်တွေထဲမှာ အသိဉာဏ်မြင့်မားတဲ့ ဂြိုဟ်သားတွေ နေထိုင်ကြပြီး ဗွိုင်ယေဂျာကို တွေ့ခဲ့မယ် ဆိုရင်တော့ ကမ္ဘာဆိုတာ ဂလိုကိုး လို့ အဓိပ္ပာယ်ဖွင့်ဆိုချက် ထုတ်နိုင်ကြမှာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ အဲဒီလို မျှော်လင့်ချက်ကလည်း ဖြစ်နိုင်ခြေ အတော်နည်းတဲ့ ကိစ္စပါ။ စကြာဝဠာထဲမှာ သက်ရှိဖြစ်ဖို့ ဆိုတာ အတော် ခက်ခဲပါတယ်။ စူပါနိုဗာလို့ ခေါ်တဲ့ ကြယ်ပေါက်ကွဲမှုကနေပြီးတော့ သက်ရှိဖြစ်နိုင်တဲ့ ဓာတ်တွေ ထွက်လာပါတယ်။ အဲဒီကမှ တစ်ဆင့် ဓာတ်တွေ ပေါင်းစပ်ပြီး သက်ရှိဖြစ်ဖို့ လမ်းစ ပေါ်လာပါတယ်။ လူတွေ အခုလို တိုးတက်တဲ့ အခြေအနေမျိုး ရောက်အောင် ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလက ဆိုရင် မနည်းလှပါဘူး။ ပေလီယိုလစ်သစ် (Paleolithic) လို့ ခေါ်တဲ့ ကျောက်ခေတ်ဟောင်း ကာလမှာ ကျောက်လက်နက်တွေ အသုံးပြုနေရာကနေ အနှစ်ပေါင်း နှစ်သန်းခွဲကျော်တဲ့ အချိန်မှာမှ လူသားတွေ အခုလို အသိဉာဏ် အခြေအနေမျိုးကို ရောက်လာခဲ့တာပါ။ အဲဒီတော့ တခြားကမ္ဘာမှာ ဂြိုဟ်သားတွေ ရှိခဲ့ရင်လည်း သူတို့အနေနဲ့ လူသားရဲ့ အသိဉာဏ်မျိုး ရောက်ဖို့ အတော် အချိန်ယူရပါလိမ့်မယ်။ သူတို့ ဒီလို နှစ်ပေါင်း နှစ်သန်းခွဲ တိတိ အသက်ရှင် နေထိုင်နိုင်ကြမလား၊ လူသားလို အသိဉာဏ်မျိုး ရောက်တဲ့ အထိ တိုးတက်နိုင်ပါ့မလားဆိုတာတွေက တော့ ဘယ်သူမှ မဖြေနိုင်တဲ့ မေးခွန်းတွေပါပဲ။

ကိုးကား ။ ။ http://voyager.jpl.nasa.gov/index.html
http://en.wikipedia.org/wiki/Contents_of_the_Voyager_Golden_Record
http://www.davidpbrown.co.uk/nota-bene/voyager-spacecraft.html

Saturday, August 15, 2009

ကမ္ဘာကြီး လုံးသလား ပြားသလား

တစ်ခါတုန်းက ထင်ရှားတဲ့ သိပ္ပံပညာရှင်ကြီး တစ်ယောက်ဟာ ရိုးရိုးသာမန် ပြည်သူတွေကို နက္ခတ္တ ဗေဒနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ ပါတယ်။ သိပ္ပံပညာရှင်ကြီးက ကမ္ဘာဟာ နေကို လှည့်ပတ် နေတဲ့အကြောင်း၊ နေကလည်း ဂယ်လက်ဆီလို့ ခေါ်တဲ့ ကြယ်အစုအဝေးကြီး တစ်ခုကို လှည့်ပတ်နေတဲ့ အကြောင်းတွေ ဟောပြောပါတယ်။ ဟောပြောပွဲ အပြီးမှာတော့ နောက်နားမှာ ထိုင်နေတဲ့ အဖွားကြီး တစ်ယောက်က “ဟေ့ သူငယ်။ မင်းရုပ်တည်နဲ့ လျှောက်ဖောမနေနဲ့။ ကမ္ဘာဆိုတာက အပြားကြီး။ အဲဒီကမ္ဘာကြီးကို ဧရာမ လိပ်ကြီး တစ်ကောင်က ကျောပေါ်မှာ ပိုးထားတာ။” လို့ ထပြောပါတယ်။ အဲဒီတော့ သိပ္ပံပညာရှင်ကြီးလည်း ငါးခူပြုံး၊ ငါးသလောက်ပြုံး၊ ငါးသလဲထိုးပြုံးမျိုး ပြုံးပြီးတော့ “ငွှားငွှား။ အဲဒီလို ဆိုရင် အဲဒီလိပ် ကြီးက ဘယ်ပေါ်မှာ ရပ်နေသလဲ။” လို့ ပြန်မေးပါတယ်။ အဲဒီအခါမှာတော့ အဘွားကြီးက “ကောင်လေး။ မင်းတော်တယ်။ ဒါပေမယ့် အဲဒီလိပ်က အခြားလိပ်တွေရဲ့ ကျောပေါ်မှာ တစ်ဆင့်ပြီး တစ်ဆင့် ထပ်ပြီး ရပ်နေတာပေါ့။” လို့ ပြန်ပြော ပါတယ်။ အဲဒီ ဟောပြောပွဲမှာပြောတဲ့ သိပ္ပံပညာရှင်ဟာ ဘာထရန် ရပ်ဆဲလ် (Bertrand Russell) ဖြစ်တယ်လို့ အချို့က ပြောကြပါတယ်။

ကမ္ဘာဆိုတာ လိပ်တွေ ဆင့်ကာ ဆင့်ကာ ထပ်ထားတဲ့ လိပ်မျှော်စင်ပေါ်က အပြားကြီး ဆိုတာ လူအများစု အတွက်တော့ ရယ်စရာ ကောင်းတဲ့ အတွေးအခေါ် တစ်ခု ဖြစ်မှာပါ။ ကမ္ဘာကြီးဟာ မပြားဘဲ လုံးနေတယ် ဆိုတဲ့ အယူအဆကိုတော့ ဂရိ တွေးခေါ်ပညာရှင် အရစ္စတိုတယ် (Aristotle) က စပြောခဲ့ပါတယ်။ ဘီစီ ၃၄၀ ဒါမှ မဟုတ် ခရစ်သက္ကရာဇ် မစခင် နှစ်ပေါင်း ၃၄၀ လောက်က သူ့ရေးခဲ့တဲ့ “ကောင်းကင်ဘုံပေါ်မှာ (On the Heaven) ” ဆိုတဲ့ စာအုပ်ထဲမှာ အရစ္စတိုတယ်က ကမ္ဘာဟာ လုံးဝန်းကြောင်း ပြနိုင်ဖို့အတွက် ငြင်းဆိုချက် နှစ်ခုကို ထည့်ရေးခဲ့ပါတယ်။

ပထမ အချက်ကတော့ လကြတ်တာနဲ့ ဆိုင်ပါတယ်။ ဘီစီ ၃၄၀ တုန်းက တီဗွီ မရှိ၊ ရုပ်ရှင်မရှိ ဆိုတော့ ဂရိတွေလည်း ညဖက် အားအားရှိတိုင်း ကောင်းကင်ကို မော့ကြည့် နေကြ သလားတော့ မသိပါဘူး။ အဲဒါကြောင့် ဂရိတွေဟာ လကြတ်တယ် ဆိုတာ နေ နဲ့ လကြားမှာ ကမ္ဘာက ခပ်တည်တည် ဝင်ရပ်လို့ လ ခမျာ ငုတ်တုတ်မေ့ပြီး အလင်းရောင် ပျောက်သွားတယ် ဆိုတဲ့ အချက်ကို သူတို့ လေ့လာ မိကြပါတယ်။ အဲဒီလိုပဲ လပေါ်မှာ ကျရောက်တဲ့ ကမ္ဘာရဲ့ အရိပ်ဟာ ဝိုင်းနေတယ် ဆိုတာကို လကြတ်တဲ့ အချိန်မှာ သူတို့ မြင်ရပါတယ်။ အကယ်၍ ကမ္ဘာသာ မလုံးဘဲ ပြားနေတယ် ဆိုရင် လပေါ်မှာ ကျတဲ့ ကမ္ဘာရဲ့ အရိပ်ဟာ ရှည်ရှည်မျောမျော ဘဲဥပုံကြီး ဖြစ်နေရမှာပေါ့လို့ အရစ္စတိုတယ်က ဆိုပါတယ်။ လကြတ်တယ် ဆိုတဲ့ အချိန်တိုင်းမှာ နေဟာ ကမ္ဘာရဲ့ အလယ်ခေါင်တည့်တည့် မှာချည်းပဲ ရှိမနေဘူး ဆိုရင်တော့ အဲဒီအချက်ဟာ မှန်မယ် လို့ သူက ဆိုပါတယ်။

နောက်တစ်ချက်ကတော့ ဂရိများဟာ အတော်ပဲ ခြေရှည်ကြပါတယ်။ အဲဒီလို သွားရင်း လာရင်းကနေ သူတို့ဟာ မြောက်ဖက်ကြယ် (North Star) ရဲ့ တည်နေရာကို လေ့လာ မိကြပါတယ်။ မြောက်ဖက်ကြယ်ရဲ့ တည်နေရာဟာ ကမ္ဘာရဲ့ မြောက်ဖက်ကျတဲ့ အပိုင်းကနေ ကြည့်တာထက်စာရင် တောင်ဖက်ကျတဲ့ အပိုင်းကနေ ကြည့်ရင် ပိုနိမ့်နေတယ် ဆိုတာကို ဂရိလူမျိုးတွေ သတိထားမိ ခဲ့ကြ ပါတယ်။ အကယ်၍ ကမ္ဘာသာ မလုံးဘဲ ပြားနေမယ် ဆိုရင် မြောက်ဖက်ကြယ်ရဲ့ တည်နေရာဟာ ဘယ်နေရာက ကြည့်ကြည့် အတူတူ ဖြစ်ရမှာပါ။ အရစ္စတိုတယ်ကတော့ ဂရိနဲ့ အီဂျစ်ကနေ ကြည့်ရင် မြောက်ဖက်ကြယ်ရဲ့ တည်နေရာဟာ မတူတဲ့ အတွက် ကမ္ဘာဟာ လုံးရမယ် လို့ ဆိုပါတယ်။

ကြုံတုန်း ကြိုက်တုန်း မြောက်ဖက်မှာ အလင်းဆုံးကြယ် အကြောင်းကို နည်းနည်း လေရှည် လိုက်ပါဦးမယ်။ အခုလက်ရှိ မြောက်ဖက်မှာ အလင်းဆုံးကြယ်ကတော့ ကျွန်တော်တို့ မြန်မာအခေါ်အဝေါ် ဓူဝံကြယ်လို့ ခေါ်တဲ့ ပိုလာရစ်စ် (Polaris) ကြယ်ပါ။ ပိုလာရစ်စ် ဟာ နက္ခတ္တဗေဒ အခေါ်အဝေါ် အာဆာမိုင်နာ ကြယ်တာရာစု (Ursa Minor Constellation) မှာ ရှိပါတယ်။ ကျွန်တော်တို့ ခုနှစ်စင်ကြယ်လို့ သိကြတဲ့ ကြယ် ၇ လုံးကတော့ အာဆာမေဂျာ ကြယ်တာရာစု (Ursa Major Constellation) မှာ ရှိပါတယ်။ ခုနှစ်စင်ကြယ်ကို အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါမှာ Big Dipper လို့ သိကြပြီး အင်္ဂလန် အိုင်ယာလန်စတဲ့ ဗြိတိသျှ ကျွန်းစုတွေမှာတော့ Plough လို့ သိကြပါတယ်။ ခရစ်သက္ကရာဇ် မပေါ်ခင် နှစ်ပေါင်း ၃၀၀၀ လောက်ကတော့ မြောက်ဖက်မှာ အလင်းဆုံးကြယ်ဟာ ပိုလာရစ် မဟုတ်ဘဲ ဒရာကို ကြယ်တာရာစု (Draco Constellation) မှာ ရှိတဲ့ သူဘန် (Thuban) ကြယ်ဖြစ်ပါတယ်။ သက္ကရာဇ် ၃၀၀၀ ပြည့်ရင်တော့ မြောက်ဖက်မှာ အလင်းဆုံးကြယ်ဟာ ပိုလာရစ်စ် မဟုတ်တော့ဘဲ စီးဖီးယပ်စ် ကြယ်တာရာစု (Cepheus Constellation) မှာ ရှိတဲ့ ဂမ်မာစီဖေး (Gamma Cephei) ကြယ် ဖြစ်လာလိမ့်မယ်လို့ ဆိုကြပါတယ်။

ဂရိတွေက တတိယမြောက် ငြင်းချက်တစ်ခုကိုလည်း ပြောကြပါသေးတယ်။ မိုးကုပ်စက်ဝိုင်းကနေ သင်္ဘောတွေ ရွက်လွှင့်လာတာကို မြင်ရတဲ့ အခါမှာ ရွက်တိုင်ကို အရင် မြင်ရပြီး ကိုယ်ထည်ကို နောက်မှ မြင်ရတာဟာလည်း ကမ္ဘာလုံးကြောင်း သက်သေပြချက် တစ်ခုပဲ ဖြစ်တယ်လို့ သူတို့က ဆိုကြပါတယ်။

အခုခေတ် အခါမှာတော့ အာကာသယာဉ်တွေ ဂြိုဟ်တုတွေ ပေါ်ကနေ ရိုက်ထားတဲ့ ကမ္ဘာရဲ့ ဓာတ်ပုံကို ကြည့်တာနဲ့ ကမ္ဘာဟာ လုံးတယ်ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း သိနိုင်ပါပြီ။ ဒါပေမယ့် အာကာသထဲကို ဂြိုဟ်တုတွေ မရောက်သေးခင် အချိန်တုန်းက လူတွေ ကမ္ဘာကြီး လုံးတယ် ဆိုတဲ့ အချက်ကို စဉ်းစားနိုင်ခဲ့တာကတော့ အတော်ကို အံ့သြချီးကျူးဖို့ ကောင်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ကိုးကား
1. A Brief History of Time by Stephen Hawking
2. http://en.wikipedia.org/wiki/North_Star