Search This Blog

Monday, July 25, 2011

မှန်းချက်နဲ့ နှမ်းထွက်

ကျွန်တော်တို့ ငယ်ငယ်က တီဗွီမှာလာတဲ့ ကြော်ငြာတစ်ခု ရှိပါတယ်။ ဝတဲ့သူက ပိန်ချင်တယ်။ ပိန်တဲ့သူက ဝချင်တယ်။ လူ့အလို နတ်မလိုက်နိုင်ပေမယ့် အာယုဘောဇနကတော့ အလိုလိုက် အကြိုက်ပေးနိုင်ပါတယ် ဆိုတဲ့ ကြော်ငြာပါ။ အဲဒီလို အာယုဘောဇနက တကယ်ပဲ သုံးစွဲသူ အကြိုက် လိုက်နိုင်သလားတော့ မပြောတတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဆော့ဖ်ဝဲလ် ရေးတဲ့သူများကတော့ သုံးစွဲသူ ယူဆာတွေရဲ့ အကြိုက်ကို လိုက်နိုင်ဖို့ မလွယ်ပါဘူး။ ပရိုဂရမ်မာဘက်က ယူဆာ နေရာကဝင် အကောင်းဆုံးဖြစ်အောင် လုပ်ပေးတာ တောင်မှ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ အခါမျိုးတွေ မကြာခဏ ကြုံရတတ်ပါတယ်။

ယူဆာတွေထဲမှာ သာမန် ယူဆာ၊ သူများထက် ထူးတဲ့ ယူဆာ၊ အူကြောင်ကျား ယူဆာ စသည်ဖြင့် အမျိုးစုံ တွေ့ရတတ်ပါတယ်။ လူတွေအတွက် အစားအသောက်တွေ နေရာ ဒေသလိုက်ပြီး အကြိုက်ကွဲသလို ဆော့ဖ်ဝဲမှာလည်း နေရာဒေသလိုက်ပြီး အကြိုက်ကွဲ ကြပါတယ်။ အာရှက လူတွေက ယူဆာဆိုတာ တာဝန်ယူမှု တစ်ခု ရှိရမယ် ဆိုတဲ့ အတွေးအမြင် ရှိပါတယ်။ ယူဆာက မဟုတ်တရုတ် ပေါက်ကရ လျှောက်လုပ်လို့ ဆော့ဖ်ဝဲလ်မှာ တိုင်ပတ်သွားရင် ဆော့ဖ်ဝဲလ် ရေးတဲ့သူကို အပြစ်မတင်ပါဘူး။ ယူဆာကိုပဲ အပြစ်တင်ပါတယ်။ ဥရောပမှာတော့ အဲဒီလို မဟုတ်ပါဘူး။ ယူဆာက တမင်သက်သက်ပဲ လုပ်လုပ်၊ ဂေါက်ကြောင်ပြီး ပေါက်တတ်ကရ လျှောက်ပဲ နှိပ်နှိပ် ဆော့ဖ်ဝဲလ်က ဒုက္ခပေးပြီ ဆိုရင် ဆော့ဖ်ဝဲလ်ရေးတဲ့သူကို ကြိုတင် ကာကွယ်မှု လုပ်မထားရ ကောင်းလားဆိုပြီး မြှားဦးက ကိုယ့်ဘက် လှည့်လာ တတ်ပါတယ်။ သူတို့ ပြောနေကျ စကား အရ ဆိုရင် ဆော့ဖ်ဝဲလ်ဟာ ငတုံးတောင်မှ သုံးလို့ ရရမယ် Idiot-proof ဖြစ်ရမယ်လို့ ဆိုကြပါတယ်။

ငတုံးတွေတောင်မှ သုံးလို့ ရမယ့် ဆော့ဖ်ဝဲလ်မျိုး ရေးရတာ မလွယ်ပါဘူး။ ကျွန်တော် ပြင်သစ်မှာ စက်သွားပြင်တုန်းက စက်ရုံက အင်ဂျင်နီယာက မင်းစက်က ဆော့ဖ်ဝဲလ် Idiot-proof ဖြစ်သလား မေးပါတယ်။ ကျွန်တော်က ဖြစ်တယ် ပြောတော့ အင်ဂျင်နီယာက တကယ့်ကို ငတုံး သုံးစွဲနည်းနဲ့ ကျွန်တော့်ကို ပညာပြလိုက်ပါတယ်။ Button တစ်ခု ပေါ်မှာ မောက်စ် ပွိုင်တာ တင်ပြီးတော့ ကလစ်ကို အချက် ၂၀ လောက် ဆက်တိုက် နှိပ်ထည့်လိုက်တာပါ။ အကျိုးဆက်ကတော့ ကျွန်တော့် ဆော့ဖ်ဝဲလ် Hang သွားပါတယ်။ ဟာကွာ။ ဒါကတော့ မလွန်ဘူးလား မေးတော့။ အိဒိယော့ ဆိုတာ လုပ်ချင်ရာ လုပ်တာ လေကွာ။ အိဒိယော့ ပရုဖ် ဖြစ်တယ် ဆိုရင်တော့ လုပ်ချင်ရာ လုပ်တာကို ခံနိုင်ရမှာပေါ့လို့ ကျွန်တော့်ကို ပြန်ပြီး စောဒက တက်ပါတယ်။ ဒီလိုနဲ့ပဲ အောင့်သက်သက်နဲ့ ဆော့ဖ်ဝဲလ်ထဲမှာ ကလစ် ဆက်တိုက် နှိပ်တာကို ကာကွယ်ဖို့ ကုတ်ဒ် ရေးပေးလိုက်ရပါတယ်။

တစ်ခါတစ်လေတော့လည်း ယူဆာက ငတုံးမဟုတ်ပေမယ့် တကယ်မသိလို့ လုပ်လိုက်တဲ့ ကိစ္စနဲ့ ဆော့ဖ်ဝဲလ်မှာ ဂိသွားတာလည်း ရှိတတ်ပါတယ်။ ကျွန်တော်တို့ စပိန်မှာ စက်သွားဆင်တုန်းက ထရိန်နင်ပေးပြီး စက်ကို အော်ပရေတာတွေနဲ့ လွှတ်ထားလိုက်ပါတယ်။ ဒီလိုနဲ့ အော်ပရေတာ တစ်ယောက်က စက်ကို အလုပ်လုပ်ဖို့ လိုအပ်တဲ့  အချက်အလက်တွေ သူ့ဘာသာသူ ရိုက်ထည့်ပြီး Save လုပ်လိုက်တော့ ဆော့ဖ်ဝဲလ်က ဒိုင်းကနဲ Crash ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ဆော့ဖ်ဝဲလ်ထဲမှာ ရိုက်ထည့်သမျှ ဂဏန်းတွေ စာတွေ အကုန်လုံးကို စစ်ပြီးတော့မှ လက်ခံတာပါ။ အဲဒါကိုတောင်မှ Crash ဖြစ်သွားတယ် ဆိုတော့ စဉ်းစားရ အတော် ခက်သွားပါတယ်။ အဲဒါနဲ့ အော်ပရေတာကို နောက်တစ်ခေါက် ပြန် လုပ်ပါဦး ပြောပြီး သူလုပ်သမျှ ဘေးကနေ မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။ သူ ရိုက်ထည့်သမျှ အချက်အလက်တွေက အကုန်မှန်ပါတယ်။ ဂဏန်း ရိုက်ရမယ့် နေရာမှာ အက္ခရာ ရိုက်ရင် ကျွန်တော့် ဆော့ဖ်ဝဲလ်က စစ်ပေးနိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ဖိုင်ကို သိမ်းတဲ့ အချိန်ရောက်တော့ အော်ပရေတာက ဖိုင်နာမည်ထဲမှာ "\" တစ်ခု ထည့်သိမ်းပါတယ်။ အဲဒါကြောင့် ဆော့ဖ်ဝဲလ်က ဝင်းဒိုးထဲ သိမ်းလိုက်တဲ့ အချိန်မှာ Crash ဖြစ်သွားတာပါ။ အဲဒါကြောင့် ဖိုင်နာမည်ထဲမှာ ဘက်ဆလက်ရှ် ပါမပါ စစ်တဲ့ ကုတ်ဒ်တစ်ခုပါ ထပ်ပြီး ရေးထည့် ပေးလိုက်ရပါတယ်။

ယူဆာ အတွက် အသုံးရ လွယ်အောင် လုပ်ထားပေမယ့်လည်း ကိုယ်မှန်းထားတာနဲ့ လွဲသွားတာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ခါက ကျွန်တော် နဲ့ လုပ်ဖော်ကိုင်ဖက် အင်ဂျင်နီယာ တစ်ယောက် စင်ကာပူမှာ ဆော့ဖ်ဝဲလ် ထရိန်နင် ပေးကြပါတယ်။ ကျွန်တော်တို့ ဆော့ဖ်ဝဲလ်ကို သုံးမယ့် ယူဆာက စက်သုံးပစ္စည်းတွေကို တွင်ခုံလို နေရာမျိုးမှာ ခုတ်ထစ်ဖြတ်တောက် ကြမယ့် မက္ကင်နီကယ် အင်ဂျင်နီယာတွေပါ။ ဆော့ဖ်ဝဲ အင်ဂျင်နီယာကလည်း ဒီတစ်ခါ ဘာစိတ်ကူးပေါက်တယ် မသိပါဘူး။ ဆော့ဖ်ဝဲလ်ကို အရောင် အစုံသုံးပြီး သုံးရ လွယ်အောင် လုပ်ထားပါတယ်။ ဆော့ဖ်ဝဲလ်ထဲမှာ အစိမ်းရောင်၊ အပြာရောင်၊ အနီရောင် ရောင်စုံနဲ့မို့ စာဖတ်စရာ မလိုဘဲ အရောင်ကြည့်တာနဲ့ ဆော့ဖ်ဝဲလ်က ပေးချင်တဲ့ သတင်းအချက်အလက်ကို အလွယ်တကူ နားလည် နိုင်ပါတယ်။ ကျွန်တော်တောင်မှ သူလုပ်ထားတာကို ကြည့်ပြီး အတော် သဘောကျသွားပါတယ်။ ထရိန်နင် လာတဲ့ အင်ဂျင်နီယာတွေကတော့ စခရင်ကို မျက်လုံးအပြူးသား စိုက်ကြည့်နေကြပါတယ်။ အဲဒီအချိန်မှာ ထရိန်နင်ထဲမှာ ရှိနေတဲ့ မန်နေဂျာ တစ်ယောက်က ထပြောလိုက်လို့ ပွဲသိမ်းသွားပါတယ်။ သူက သူ့အင်ဂျင်နီယာတွေဘက် လှည့်ပြီး "မင်းတို့ မြင်ရသလား။" လို့ မေးတော့ "ဟင့်အင်း။" လို့ ဖြေကြပါတယ်။ အဲဒီတော့မှ သူက ကျွန်တော်တို့ကို "ဆောရီးပဲ။ ငါ့အင်ဂျင်နီယာတွေထဲမှာ ၃ ယောက်က ကာလာဘလိုင်း။ ကာလာ မမြင်ရဘူး။ အဲဒီတော့ မင်းအရောင်တွေလည်း သူတို့ ခွဲတတ်မှာ မဟုတ်ဘူး။" ဆိုတော့ ကျွန်တော်တို့မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားပါတယ်။ စင်ကာပူမှာ  ပေါ်လီ မတက်ခင် မျက်စိစစ်ပြီး ကာလာဘလိုင်း ဖြစ်ရင် မက္ကင်နီကယ် မေဂျာပဲ တက်လို့ ရပါတယ်။ အဲဒါကြောင့် မက္ကင်နီကယ် အင်ဂျင်နီယာတွေမှာ ကာလာဘလိုင်းတွေ သွားစုနေတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။

ကိုယ်က ပေးတာကို မယူဘဲ သူတို့ လိုချင်တာပဲ ယူသွားတတ်တဲ့ ယူဆာမျိုးလည်း ကြုံရပါသေးတယ်။ ခုန နေရာမှာပဲ အဲဒီ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ ထရိန်နင် ပေးပြီးတော့ ကျွန်တော်က ကျွန်တော့် အပိုင်းကို ထရိန်နင် ဆက်ပေးပါတယ်။ ကျွန်တော်က အသင့်ပြင်ထားတဲ့ ဒေတာတွေနဲ့ ပြတာဆိုတော့ အဲဒီဒေတာကိုပဲ ထပ်တလဲလဲ ကွန်ပျူတာထဲကို ထည့်ပြီး စမ်းပြပါတယ်။ ယူဆာတွေ အားလုံးကို ဆော့ဖ်ဝဲလ် ဘယ်လိုသုံးရသလဲ ပြပြီးတော့ ထရိန်နင်က အောင်အောင်မြင်မြင်နဲ့ ပြီးသွားပါတယ်။ နောက်နေ့မှာတော့ ကျွန်တော့် ထရိန်နင် လာတက်တဲ့ အင်ဂျင်နီယာ တစ်ယောက်က ကျွန်တော့်ကို တောက်တခေါက်ခေါက်နဲ့ ကြိတ်မနိုင် ခဲမရ ပြောပါတယ်။ "ငါကွာ။ မနေ့က မင်းပြတဲ့ဟာ သေချာ မမှတ်လိုက်မိဘူး။" ဆိုတော့ ကျွန်တော်က "ဘယ်ဟာကို မသိလိုက်တာလဲ။" လို့ ပြန်မေးလိုက်ပါတယ်။ သူက " မသိလိုက်တာ မဟုတ်ဘူး။ မမှတ်လိုက်မိတာ။ မနေ့က မင်းခဏခဏ ရိုက်ပြနေတဲ့ နံပါတ်က 4D မှာ ပထမဆု ထွက်သွားတယ်ကွ။" လို့ ပြောတော့ ကျွန်တော့်မှာ ဘာပြန်ပြောရမှန်း မသိအောင်ကို ဖြစ်သွားပါတယ်။ ( 4D ဆိုတာ ချဲလိုမျိုး နံပါတ် ၄ လုံးနဲ့ ကစားကြတဲ့ စင်ကာပူမှာ ဖွင့်တဲ့ ထီတစ်မျိုးပါ။)

Friday, July 15, 2011

ကင်းတဲ ၃



အမှန်တကယ်ကတော့ ခေတ်ကြီးကိုက မကောင်းတာပါ။ ခေတ်ကာလ သားသမီးတွေ အိုင်ပက်တဲ့ သူကပက် ဂယ်လက်ဆီ တက်ဘ်တဲ့သူက တက်ဘ်ဆိုတော့ ကျွန်တော်လည်း မနေနိုင် မထိုင်နိုင် ရွစိတက် လာပါတယ်။ သူလိုကိုယ်လို လမ်းသွားရင်း ဟိုနှိပ် ဒီနှိပ် ဟိုပွတ် ဒီပွတ် လုပ်ဖို့ တက်ဘလက် တစ်ခုလောက် လိုချင်လာပါတယ်။  ဘယ်တက်ဘလက် ဝယ်ရင် ကောင်းမလဲ စဉ်းစားတော့ ဘလက်ဘယ်ရီ ရဲ့ အမာခံ ပရိသတ် မို့ Playbook တစ်ခုလောက် ဝယ်ရင် ကောင်းမလား စဉ်းစားမိ ပါသေးတယ်။

ဒါပေမယ့်လည်း ကိုယ့်ဘာသာကိုယ် ဘာလုပ်ချင်တာလဲ ပြန်မေးတော့ စာအုပ်ဖတ်ဖို့နဲ့ သီချင်းနားထောင် ဖို့က လွဲရင် တက်ဘလက်ကို တခြားနေရာ ဘယ်နေရာ သုံးရမလဲ ဆိုတာ စဉ်းစားမရပါဘူး။ ရုပ်ရှင်ကြည့်တာတို့ ဂိမ်းဆော့တာတို့ကလည်း စိတ်ကူးပေါက်မှ တစ်ခါ ထလုပ်တတ်တာမို့ ကျွန်တော့် အတွက်တော့ သွားရင်လာရင်း သုံးဖို့ သိပ်မလိုအပ် ပါဘူး။ အဲဒီတော့ အီလက်ထရွန်းနစ် စာအုပ်ဖတ်စက် တစ်ခုလောက်ပဲ ဝယ်ဖို့ စဉ်းစားမိပါတယ်။ ကိုဒီဘီရဲ့ ပို့စ်ကိုဖတ်ပြီး nook ဝယ်ရရင် ကောင်းမလား ဖြိုးမော်ရဲ့ ကင်းဒဲလ်ပို့စ် ကို ဖတ်ပြီးတော့ ကင်းဒဲလ် ဝယ်ရရင် ကောင်းမလား အကြိတ်အနယ် စဉ်းစားဖြစ်ပါတယ်။

ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ အမေဇုန် အင်တာနက် စတိုးကို ဝင်ပြီး ကင်းဒဲလ် သရီး တစ်ခု ဝယ်ဖြစ်လိုက်ပါတယ်။ ကင်းဒဲလ်သရီးမှာ 3G သုံးလို့ ရတဲ့ ဗားရှင်းနဲ့ ဝိုင်ဖိုင်ပဲ သုံးလို့ရတဲ့ ဗားရှင်း နှစ်ခု လာပါတယ်။ ဝိုင်ဖိုင် ဗားရှင်းမှာမှ ကြော်ငြာပါတဲ့ ဗားရှင်းနဲ့ ကြော်ငြာမပါတဲ့ ဗားရှင်းဆိုပြီ:တော့ ထပ်ကွဲသွားပါတယ်။ အင်တာနက်ထဲမှာ တခြားသူတွေ ရေးထားတဲ့ သုံးသပ်ချက်တွေ လိုက်ဖတ်ကြည့်ပြီးတော့ နောက်ဆုံး ကြော်ငြာမပါတဲ့ ဝိုင်ဖိုင် ဗားရှင်းနဲ့ သားရေဖုံး တစ်ခု ဝယ်ဖြစ်လိုက်ပါတယ်။ ပိုက်ဆံလည်း ပေးဝယ်ရသေးတယ် ကြော်ငြာလည်း ကြည့်ရဦးမယ် ဆိုတော့ စိတ်ထဲမှာ နည်းနည်း အောင့်သက်သက် ဖြစ်လို့ပါ။

အမေဇုန်က ကင်းဒဲလ်ကို တရားဝင် ရောင်းတဲ့ နိုင်ငံတွေ ထဲမှာ စင်ကာပူ မပါပါဘူး။ အဲဒါကြောင့် နည်းနည်း အကြံအဖန် လုပ်ရပါတယ်။ ကြားခံ Forwarder တစ်ခု သုံးရပါတယ်။ အမေရိကားကနေ စင်ကာပူကို ပို့ဖို့  VPost Borderlinx နဲ့ ComGateway ကုမ္ပဏီတွေ ထဲက တစ်ခုခုကနေ တဆင့် ဝယ်ရပါတယ်။ အဲဒီကုမ္ပဏီတွေမှာ မှတ်ပုံတင်ရင် အမေရိကန်လိပ်စာ တစ်ခု ထုတ်ပေးပါတယ်။ သူတို့ပေးတဲ့ လိပ်စာနဲ့ အမေဇုန်မှာ ဝယ်တော့ အမေရိကန် ကပ်စတန်မာ တစ်ယောက် အနေနဲ့ ဝယ်လို့ရပါတယ်။

ကံကောင်း ထောက်မချင်တော့ ကျွန်တော့်မှာ ရှိနေတဲ့ ခရက်ဒစ်ကတ်ဒ် တစ်ခုက VPost နဲ့ တွဲပြီး ပရိုမိုးရှင်း လုပ်တာကြုံလိုက်ပါတယ်။ အမေရိကားကနေ စင်ကာပူ အရောက် ပို့ဆောင်ခ ၂ ဒေါ်လာခွဲပဲ ပေးလိုက်ရပါတယ်။ ဝယ်ထားပြီးတော့ ကြားထဲမှာ စနေတနင်္ဂနွေတွေ အမေရိကန် အမျိုးသားနေ့တွေ ခံနေတာနဲ့ အတော်နဲ့ ရောက်မလာပါဘူး။ ၁၀ ရက်လောက် ကြာမှပဲ လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။

ကင်းဒဲလ် ဝယ်ပြီးတော့ လက်ထဲကို ရောက်မလာခင်မှာ အမေဇုန်ကနေ စာအုပ်တွေ ကြိုတင် ဒေါင်းလုပ် လုပ်ထား လိုက်ပါတယ်။ အမေဇုန်မှာ ကင်းဒဲလ်အတွက် အလကားပေးထားတဲ့ စာအုပ်တွေ အများကြီး ရှိပါတယ်။ အီစွပ်ပုံပြင်၊ ဂရင်းညီနောင် ပုံပြင်၊ တစ်ထောင့်တစ်ညပုံပြင် လို ပုံပြင်စာအုပ်တွေ၊ ရှားလော့ဟုမ်း၊ အလန်ကွာတာမိန်းစာအုပ်တွေ၊ ဆမ်းမားဆက်မွန်ရဲ့ ဝတ္ထုတိုတွေ၊ ဂျိမ်းဂျွိုက်စ်၊ တော်စတွိုင်းရဲ့ ဝတ္ထုတွေ စတာတွေက အလကားပေးတဲ့ စာအုပ်ထဲမှာ ပါပါတယ်။ ကပ်ဖ်ကာတို့၊ ကမူးတို့ စာအုပ်တွေက အလကားမပေးပေမယ့် တစ်အုပ်ကို ၁ ဒေါ်လာ နဲ့ ၅ ဒေါ်လာ ကြားလောက်ကျတာမို့ စာအုပ်ဝယ်တာထက် စာရင် ပစ္စလက္ခတ်တန်တယ် ပြောလို့ရပါတယ်။

အမေဇုန်က ကင်းဒဲလ်အတွက် စာအုပ်ဝယ်ရင် အမေရိကန် ခရက်ဒစ်ကတ်ဒ် မှ ရောင်းတယ်လို့ ပြောပါတယ်။ ဒါပေမယ့် နိုင်ငံခြား ခရက်ဒစ်ကတ်ဒ်နဲ့ အမေဇုန်က Gift ကတ်ဒ် ဝယ်၊ ပြီးမှ  Gift ကတ်ဒ်ကိုသုံးပြီး စာအုပ်ဝယ်ရင်တော့ ရတယ်လို့ ပြောကြပါတယ်။ အခုထက်ထိတော့ စမ်းမကြည့်ဖူးသေးပါဘူး။

အမေဇုန်က အလကားပေးတဲ့ စာအုပ်တွေက .azw extension နဲ့ ဖိုင်တွေပါ။ ကျွန်တော် အဓိက ကင်းဒဲလ်ဝယ်ရတဲ့ ရည်ရွက်ချက်က ကျွန်တော့်မှာ ရှိတဲ့ PDF ဖိုင်တွေကို သွားရင်းလာရင်းနဲ့ ဖတ်ချင်လို့ပါ။ ကင်းဒဲလ်မှာ PDF ဖတ်လို့ရပေမယ့် ဒီအတိုင်း ဖတ်ရင် စာလုံးက အရမ်းသေးပါတယ်။ Zoom ဆွဲတော့လည်း ကိုယ့်စိတ်ကြိုက် ဆွဲလို့ မရတာမို့ သိပ် အဆင်မပြေပါဘူး။ နောက်ဆုံးတော့ ရှာဖွေလေ တွေ့ရှိလေ ဆိုသလိုပဲ PDF ဖတ်ဖို့ နည်းလမ်း ၂ ခု တွေ့သွားပါတယ်။

ပထမ တစ်မျိုးက အင်္ဂလိပ် ဝတ္ထုစာအုပ်တွေပါ။ ဝတ္ထုစာအုပ်တွေမှာ ပုံမပါတော့ Format ပြောင်းရတာ လွယ်ပါတယ်။ ကယ်လီဘာ (Calibre) ဆော့ဖ်ဝဲလ်ကို သုံးပြီး .mobi Format ကို ပြောင်းပြီးမှ ကင်းဒဲလ်ထဲကို ကူးထည့်ရင် ဖတ်ရတာ အဆင်ပြေပါတယ်။ ကင်းဒဲလ်က တခြား azw စာအုပ်တွေ ဖတ်ရတာ နဲ့ မကွာပါဘူး။

ဒါပေမယ့် .mobi Format ပြောင်းလို့ မလွယ်တဲ့ စာအုပ် နှစ်မျိုး ရှိပါတယ်။ ပထမတစ်မျိုးက မြန်မာစာအုပ်တွေပါ။ မြန်မာစာအုပ်ကို .mobi Format ပြောင်းရင် ပုံတွေပဲ ပါလာပါတယ်။ စာတွေ ပါမလာတော့ပါဘူး။ နောက်တစ်မျိုးက နည်းပညာ ဆိုင်ရာ စာအုပ်တွေပါ။ အဲဒီစာအုပ်တွေကတော့ .mobi Format ပြောင်းရင် စာပဲ ပါလာပါတယ်။ ပုံက ပါမလာတော့ပါဘူး။ PDF နဲ့ ဆိုရင်တော့ မြန်မာစာအုပ်ရော နည်းပညာဆိုင်ရာ စာအုပ်တွေပါ စာရော ပုံရော အကုန်ပေါ်ပါတယ်။နောက်ဆုံးတော့လည်း ရိုးရိုးရှင်းရှင်း နည်းလမ်းပဲ ရှာတွေ့သွားပါတယ်။  PDF ကို ဒီအတိုင်း ဖွင့်ပြီး View ကို Landscape ပြောင်းပြီး ၉၀ ဒီဂရီ လှည့်ဖတ်တော့ အားလုံး အဆင်ပြေသွားပါတယ်။ :D

အခုတော့ မျောက်အုန်းသီးရသလို ကင်းဒဲလ် တစ်လုံးနဲ့ အလုပ်ရှုပ်နေပါတယ်။ ဖတ်မိတဲ့ စာအုပ်တွေထဲက ကောင်းတာလေးတွေ တွေ့ရင် အဲဒီ စာအုပ် အကြောင်းတွေ ဘလော့ခ် ပေါ်မှာ ပြန်ပြီး ဝေမျှ ပါမယ်။ တခြား ကင်းဒဲလ်နဲ့ ပတ်သက်လို့ သိတာလေးတွေ ရှိထားလို့ ကွန်မန့်ရေးပြီးဝေမျှ ပေးမယ် ဆိုရင်တော့ ကျေးဇူး အထူး တင်မိမှာပါ။

(ဓာတ်ပုံရိုက်ရမှာ အလုပ်ရှုပ်လို့ Wikipedia ကနေပဲ ဓာတ်ပုံ သွားမလာခဲ့ပါတယ်။ )

Friday, July 1, 2011

စိတ်ဝင်စားစရာ အချက် (၄၀)

(၁) အရှည်ဆုံး လက်ဝှေ့ပြိုင်ပွဲမှာ အချီ ၁၁၀ တိတိ ထိုးခဲ့ပါတယ်။ (အမောဆို့လို့ အချီ ၁၁၀ မှာ တော်လိုက်ကြတာ ဖြစ်မယ်။)

(၂) ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ခွေးဟာ ၂၉ နှစ် အသက်ရှင်ခဲ့ပါတယ်။ (အဲဒီလောက် အိုနေရင်တော့ ခွေးက ဝုတ်ဝုတ် လို့ မဟောင်ဘဲ သွားကျိုးလို့ ဂုတ်ဂုတ် လို့ ဟောင်မလား မသိဘူး။)

(၃) ဒိုင်းနမိုက်ထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေထဲမှာ မြေပဲဟာလည်း တစ်ခု အပါအဝင်ပါပဲ။ (အဲလ်ဖရက် နိုဗယ်လ် ရှပ်ကီ ချရင်း ဒိုင်းနမိုက် ထွင်တာမို့ အမြည်းထဲက မြေပဲကို ဖော်မြူလာထဲမှာ စမ်းပြီး ထည့်ကြည့်တာ ဖြစ်လောက်တယ်။)

(၄)အာဖရိကက နို့တိုက်သတ္တဝါတွေထဲမှာ ရေမြင်းကြောင့် လူသေရတာ အများဆုံး ဖြစ်ပါတယ်။ (ရေမြင်းဖမ်းရင်း ရေနစ်သေကြတာများလား မသိဘူး။)

(၅) မစ်ကီးမောက်စ် အတွက် အသံသရုပ်ဆောင် ဖြစ်တဲ့ ဝိန်း အော်လ်ဝိုင်း ဟာ မီနီမောက်စ် အတွက် အသံ သရုပ်ဆောင် ဖြစ်တဲ့ ရပ်ဆီ တေလာကို လက်ထပ်ခဲ့ပါတယ်။

(၆) အနှေးဆုံး ငါးဟာ ရေနဂါး (seahorse) ပါ။

(၇) ပဲရစ် ဟီလ်တန် ရဲ့ ခြေထောက် အရွယ်အစားဟာ နံပါတ် ၁၁ ဖြစ်တဲ့ အတွက် အတော် ကြီးတယ် ပြောရပါလိမ့်မယ်။

(၈) လူကြီး တစ်ယောက်ရဲ့ ခြေထောက်ဟာ ပန်းကန်လုံး တစ်လုံးရဲ့ ၄ ပုံ ၁ပုံစာ ချွေး နေ့တိုင်း ထွက်ပါတယ်။

(၉) ဘီတယ်လ် လို့ ခေါ်တဲ့ ဗောက်စ်ဝက်ဂွန် ကားလုံးလုံးလေးတွေဟာ ဟစ်တလာရဲ့ အိုင်ဒီယာပါ။ (ဟစ်တလာ အိုင်ဒီယာ ကောင်းတယ် ဆိုတာ သူ့နှုတ်ခမ်းမွေးကို ကြည့်ရင် သိသာပါတယ်။)

(၁၀) အစောပိုင်း လူသားဖြစ်တဲ့ နင်းဒါသယ် (neanderthal) တွေရဲ့ ဦးနှောက်ဟာ ကျွန်တော်တို့ထက် ကြီးပါတယ်။

(၁၁) တီကောင်မှာ နှလုံး ၉ ခု အထိ ပါနိုင်ပါတယ်။ (တီကောင် ရည်းစားများတာ နှလုံးသား များလို့ လို့ ဆင်ခြေပေးလို့ ရတယ်။)

(၁၂) အရှည်ဆုံး စာအုပ် နာမည်ဟာ အင်္ဂလိပ်စာလုံး ၆၇၀ ရှိပါတယ်။ (ခေါင်းစဉ်ဖတ်ရုံနဲ့ အိပ်ပျော်သွားလောက်တယ်)

(၁၃) ကြက်တွေဟာ ၁၈ လ တိတိ ခေါင်းမရှိပဲ အသက်ရှင်နိုင်ပါတယ်။ (မဆလ ခေတ်က ဇာဂနာ ပြောဖူးတဲ့ ဦးနှောက်မပါရင်လည်း လွှတ်တော် တက်လို့ရတယ် ဆိုတဲ့ စကားကို မဆီမဆိုင် သွားသတိရမိတယ်။)

(၁၄) ပျမ်းမျှ အနေနဲ့ နှလုံး တစ်ခုဟာ လူ့သက်တမ်းတစ်လျှောက်မှာ အကြိမ် ၃ ဘီလီယံ တိတိ ခုန်ပါတယ်။ (အချစ်ကြောင့် နှလုံးခုန် မြန်တဲ့သူတွေ မြန်မြန် သေကြမလား မသိ။)

(၁၅) ရှေးခေတ် အီဂျစ်တွေက ဟတ်ချ် ဟော့ဂျ် (hedgehog) ဖြူကောင်တွေဟာ ထိပ်ပြောင်တာကို ကုစားနိုင်တယ်လို့ ယုံကြည်ခဲ့ကြတယ်။ (ဆူးကို အမွေး နဲ့ မှားကြည့်ပြီး အဲဒီလို ကောက်ချက်ဆွဲတာ ဖြစ်မယ်။)

(၁၆) ဖားတွေဟာ ရေမသောက်ဘူး။ (ဘီယာသောက်တာ နေမှာ။)

(၁၇) ယောက်ျားတွေဟာ မိန်းမတွေထက် မိုးကြိုးပစ်ခံရဖို့ ပိုများတယ်။ (တစ်ခါလိမ်ပြီးရင် တစ်ခါ မိုးကြိုးပွတ် လို့ ကျိန် ကြလို့ ဖြစ်မယ်။)

(၁၈) ပေါင် ၁၁၀ ရှိတဲ့ လူတစ်ယောက်ကို မတင်ဖို့ ဟီလီယမ် ထည့်ထားတဲ့ မိုးပျံပူဖောင်း အလုံး ၄၀၀၀ လိုမယ်။

(၁၉) မုတ်ဆိတ်မွေးကို ကြောက်တဲ့ ရောဂါရှိတယ်။ အဲဒါကို ပိုဂိုနို ဖိုးဘီးယား (pogonophobia) လို့ ခေါ်တယ်။ (နှုတ်ခမ်းမွေး ကြောက်တဲ့ ရောဂါကို ဘယ်လိုများ ခေါ်သလဲ မသိဘူး။)

(၂၀) မျက်ခုံးမွေး ၂ ခုကြားမှာ ရှိတဲ့ နေရာကို အင်္ဂလိပ်လို Glabella လို့ ခေါ်တယ်။

(၂၁) အင်္ဂလိပ် ရုပ်ရှင်မင်းသား ဒေးဗစ်ဘိုဝီ မှာ သူ့နာမည် ပေးထားတဲ့ ပင့်ကူတစ်ကောင် ရှိတယ်။


ယိုယို အရုပ်
(၂၂) ယို ယို (yo-yo) အရုပ်ကို တစ်ချိန်က လက်နက် အဖြစ် သုံးခဲ့ကြတယ်။

(၂၃) သစ်ကုလားအုပ် တွေဟာ သူတို့ရဲ့ ၁၈ လက်မကျော် ရှည်တဲ့ လျှာနဲ့ နားကို သန့်ရှင်းရေး လုပ်လေ့ ရှိကြတယ်။ (သစ်ကုလားအုတ် အမ က  ကျွန်မ ချစ်လင် ကိုလျှာရှည် ဆိုပြီး  မီမီဝင်းဖေလို သီချင်းဆိုမယ် ထင်တယ်။)

(၂၄) Windows ထဲမှာ con ဆိုတဲ့ နာမည်နဲ့ Folder ကို ဆောက်လို့ မရဘူး။

(၂၅) အလင်းရောင်ကို တုံ့ပြန်မှု အများဆုံး မျက်လုံး အရောင်က အပြာရောင်ပါ။

(၂၆) ကွာလာ ဝက်ဝံတွေက တစ်နေ့ကို ၂၂ နာရီ အိပ်တယ်။ (ကြားဖူးတာက အဲဒီ အကောင်တွေက သစ်ပင်ကို ဖက်အိပ်နေတုန်း မီးလောင်ရင်တောင်မှ ပြေးရမှာ ပျင်းလို့ သစ်ပင်ကို ဖက်ပြီး အသေခံကြတယ် ပြောတယ်။)

(၂၇) ရစ်ဘွန် ဝမ်း လို့ ခေါ်တဲ့ တီကောင်တစ်မျိုး ဟာ စားစရာ ရှာမရရင် သူတို့ဘာသာသူတို့ ပြန်စားကြတယ်။ (ကိုယ့်ဘာသာကိုယ် ခုတ်ထစ်ပြီးများ ကြော်စားကြသလား မသိ။)

(၂၈) အင်္ဂလန်က ဘုရင်မပုံ တံဆိပ်ခေါင်း တစ်ခုမှာ ၅.၉ ကယ်လိုရီ ရှိတယ်။

(၂၉) ဂြိုဟ်တွေ အားလုံးက လက်ဝဲရစ် လည်ကြတယ်။ ဗီးနပ်စ် လို့ခေါ်တဲ့ သောကြာဂြိုဟ် တစ်ခုတည်းပဲ လက်ယာရစ် လည်တယ်။ (ဒါကြောင့်များ မိန်းမတွေကို ဗီးနပ်စ်ဂြိုဟ် နဲ့ နှိုင်းယှဉ်ပြီး ပြောကြသလား မသိဘူး။)

(၃၀) မြေပဲကို အင်္ဂလိပ်လို peanut လို့ ခေါ်ပေမယ့် မြေပဲဟာ nut အမျိုးအစားထဲမှာ မပါဘူး။

(၃၁) ပထမဆုံး ဘားကုတ်ဒ် သုံးတဲ့ ပစ္စည်းဟာ ရစ်ဂလေ (Wrigley) ကုမ္ပဏီက ထုတ်တဲ့ ပီကေပါ။ (မြန်မာ ယူနီကုတ်နဲ့ ပထမဆုံး တံဆိပ်ရိုက်တဲ့ ပစ္စည်းဟာ အဖော် များ ဖြစ်လေမလား။ :D)

(၃၂) နစ်တန်ဒို (nintendo) တီဗွီဂိမ်း ကုမ္ပဏီဟာ တစ်ချိန်က တက္ကစီ ကုမ္ပဏီတစ်ခုကို ပိုင်ခဲ့ဖူးပါတယ်။

(၃၃) ဆက်ခရယ်ဘယ် (Scrabble) ကစားပွဲ မှာ အများဆုံး ရနိုင်တဲ့ အမှတ်ဟာ ၁၀၄၉ မှတ်ပါ။

(၃၄) ကြိုးကြာနီ (Flamingo) တွေမှာ ပန်းရောင် ဖြစ်ရတာ သူတို့ စားတဲ့ အစာကြောင့်ပါ။ (ပန်းသေး ခေါက်ဆွဲ စားလို့ ဖြစ်မယ်။ )

(၃၅) မွေးခါစ သားပိုက်ကောင် တစ်ကောင်ဟာ လက်ဖက်ရည်ဇွန်း ပေါ်မှာ တင်လို့ရအောင် သေးပါတယ်။

(၃၆) နွားတွေဟာ ချွေးထွက်ရင် နှာခေါင်းကနေ ထွက်ကြပါတယ်။

(၃၇) ဘီဗာဖျံ တွေရဲ့ သွားဟာ အမြဲတမ်း ရှည်ထွက်နေကြတယ်။ (အသက်ကြီးရင် တုတ်ကောက် မလိုတော့ဘူး။ သွားနဲ့ ထောက်သွားလို့ ရလောက်တယ်။)

(၃၈) ပျမ်းမျှ အနေနဲ့ ဆိုရင် မိန်းမတွေဟာ ယောက်ျားတွေထက် အသက်ပိုရှည်ကြတယ်။

(၃၉) ဗြိတိသျှ တွေက နပိုလီယန် ရဲ့ အလောင်းကို ပြင်သစ်တွေကို နှစ် ၂၀ တိတိ ပြန်မပေးခဲ့ဘူး။

(၄၀) ဂျိမ်းစ်ဘွန်း မင်းသား ရှောင်ကွန်နရီဟာ မောင်ကမ္ဘာ ပြိုင်ပွဲမှာ တတိယ ရခဲ့ဖူးပါတယ်။

ရည်ညွှန်း။ ။ http://edvantage.com.sg/edvantage/photos/618008/20_Interesting_facts_illustrated_by_kids.html

Image Credit: (Wikimedia Organization)