Search This Blog

Showing posts with label ဥရောပ. Show all posts
Showing posts with label ဥရောပ. Show all posts

Tuesday, November 30, 2010

သွားရင်း လာရင်း စားရင်း သောက်ရင်း

အမြဲတမ်း ခရီးထွက်နေရတာ ကောင်းတဲ့ အချက် ရှိသလို မကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။ မကောင်းတဲ့ အချက်ကတော့ လူမှုရေးနဲ့ ပတ်သက်ရင် အတော် ပျက်ကွက်ပါတယ်။ အမြဲတမ်း ခရီးထွက်နေရတော့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ သာရေးနာရေးတွေ သွားဖို့ အဆင်မပြေပါဘူး။ အပေါင်းအသင်းတွေနဲ့လည်း အဆက်အသွယ် ပြတ်ပါတယ်။ ဒါတင် မကသေး ပါဘူး။ ပြသနာ ရှာတတ်တဲ့ ရည်းစားရှိရင် ခရီးထွက်တဲ့ ကိစ္စကြောင့် တစ်ချိန်လုံး စကားများ နောင်ဂျိန်ချ နေရပါတယ်။ ဒီထက် ပိုဆိုးရင် ခရီးထွက်နေတုန်း ကိုယ့်ရည်းစား သူများ မ သွားတာပါ ခံရတတ် ပါတယ်။

ကောင်းတဲ့ အချက်တွေထဲမှာတော့ နေ့တိုင်း အစားအသောက်ကို တစ်နေ့တစ်မျိုး မရိုးအောင် စားနေ ရတာ ပါပါတယ်။ ကျွန်တော် ကိုယ်တိုင်က အစားအသောက်နဲ့ ပတ်သက်ရင် အစွဲအလမ်း သိပ်မကြီးပါဘူး။ မြန်မာအစားအစာ ကို ကြိုက်ပေမယ့် ကိုယ်မစားဖူးတဲ့ အစားအသောက်ဆိုရင် စမ်းပြီး စားကြည့်ချင် ပါတယ်။ အဲဒီတော့ ခရီးထွက်ရင်း တွေ့ကရာ လျှောက်စားနေရတာ ကျွန်တော့် နဲ့ အတော် ကီးကိုက်ပါတယ်။

ကျွန်တော် ခရီးထွက်ရင် တစ်ယောက်တည်း သွားဖြစ်တာ နည်းပြီး ဒေသခံ အေးဂျင့်တွေနဲ့ အတူ သွားဖြစ်တာက ပိုများပါတယ်။ အဲဒီတော့ နေ့လည်စာ ညနေစာ အတွက် သူတို့ပဲ ဦးဆောင်ပြီး စီစဉ်ပေးလေ့ ရှိပါတယ်။ အစပိုင်းကတော့ သူတို့က ဘာစားမလဲ မေးရင် anything လို့ ပြန်ဖြေနေကျပါ။ အဲဒီ အန်းနီးသင်း ဆိုတဲ့ စကားက အမေရိကန် အေးဂျင့်တစ်ယောက်နဲ့ အတူသွားတဲ့ အခေါက်မှာတော့ မှတ်လောက် သားလောက် ဖြစ်သွားပါတယ်။ အဲဒီ အချိန် ကတော့ သူက နေ့လည်စာ ဘာစားမလဲ မေးတော့ ကျွန်တော်က အန်းနီးသင်း လို့ ဖြေလိုက်ပါတယ်။ ဒါဆိုလည်း Subway မှာ ဆင်းဒဝစ် သွားစားကြတာပေါ့ ဆိုပြီး သူက ခေါ်လို့ ကျွန်တော်တို့ Subway ကို ရောက်သွားကြပါတယ်။

အဲဒီအချိန် အထိ ကျွန်တော် စင်ကာပူမှာ Subway တစ်ခါမှ မစားဖူးပါဘူး။ ဆိုင်ရောက်တော့ ဆင်းဒဝစ်ထဲ ကြိုက်တာထည့် ဆိုတော့ ပျားတုတ် ပါတော့တယ်။ ကျွန်တော်က ဆင်းဒဝစ်ဆို ချိစ်နဲ့ ငါးသေတ္တာကလွဲရင် ဘာမှ သိတဲ့ကောင် မဟုတ်ပါဘူး။ ကောင်တာနောက်က ဆင်းဒဝစ် လုပ်တဲ့သူက ဟိုဟာထည့်မလား မေးရင်လည်း ထည့်လိုက် ဒီဟာ ထည့်မလား မေးရင်လည်း ထည့်လိုက် လုပ်နေတာနဲ့ နောက်တော့ ကောင်တာထဲ ရှိသမျှ အစာ အားလုံးနီးပါး ထည့်ထားတဲ့ ဆင်းဒဝစ် တစ်ခု ထွက်လာပါတယ်။ ဘယ်လိုနေသလဲ မေးရင် အရမ်း ကောင်းပါတယ် (စိတ်ပျက်ဖို့)။ ဆင်းဒဝစ်က ပထမတစ်ကိုက် ကိုက်လိုက်ရင် ချဉ် နောက်တစ်ကိုက် ကိုက်လိုက်ရင်ဖန် နောက်တစ်ကိုက် ကိုက်လိုက်ရင် ခါးနဲ့ ဘယ်လို အရသာ ရှိမှန်းကို မသိတော့ပါဘူး။ နောက်နေ့ကစပြီး ကျွန်တော့်ကို ဘာစားမလဲ မေးရင် နည်းနည်း လေသံ ပြောင်းသွားပါတယ်။ ဘာဖြစ်ဖြစ် ဆင်းဒဝစ်က လွဲလို့လို့ သူတို့ကို ပြောတတ်ပါတယ်။

အမေရိကန်က စားသောက်ဆိုင်တွေထဲမှာ Chili's နဲ့ Ruby Tuesday ကို သဘောကျပါတယ်။ အမေရိကား သွားရင် ဒီနှစ်ဆိုင်ပဲ အရောက်များလို့လားတော့ မသိပါဘူး။ အခု စင်ကာပူမှာ Chili's ဖွင့်နေတာ တွေ့ပေမယ့် သွားမစားဖြစ် သေးပါဘူး။ အမေရိကန် ရောက်ခါစက စားသောက်ဆိုင်မှာ အအေးထပ်ဖြည့်မလားလို့ စားပွဲထိုးက မေးတော့ စင်ကာပူမှာလို ပိုက်ဆံ ထပ်ပေးရမယ် မှတ်လို့ မဖြည့်ဘူးလို့ ငြင်းပါတယ်။ အေးဂျင့်က အလကား ဖြည့်ပေးတာ ဘာဖြစ်လို့ မဖြည့်တာလဲ လို့ မေးမှ အဲဒီမှာ အအေးက ဖရီးဖလိုးမှန်း သိပါတယ်။ တစ်ခါတစ်လေတော့ မက်ကဆီကန် စားသောက်ဆိုင်ကို ရောက်ဖြစ် ပါတယ်။ မက္ကဆီကန် အစားအစာထဲမှာတော့ Fajitas ကို သဘောကျပါတယ်။ ပလာတာလိုလို နံပြားလိုလို အပြားတွေအပြင် မက္ကဆီကန် ထမင်းတွေပါ ပါတာမို့ အရသာစုံတယ် လို့ ထင်ပါတယ်။ တစ်ခါကတော့ အေးဂျင့်က မွန်ဂိုးလီးယား အစားအစာ စားမလား မေးတော့  မဆိုးပါဘူး။ အပြောင်းအလဲပေါ့ ဆိုပြီး သဘောတူလိုက်ပါတယ်။ ဆိုင်ကိုသွားရင်း မွန်ဂိုးလီးယား အစားအစာ ဆိုတာ ဘယ်လိုများ နေမလဲလို့ စိတ်ထဲမှာ တွေးနေပါတယ်။ ဆိုင်ရောက်တော့မှ မွန်ဂိုးလီးယားစာဆိုတာ တရုတ်စာ မှန်း သဘောပေါက် ပါတယ်။ ဘာမှ မကွာသလိုပါပဲ။ ဆူရှီတောင် ပါလိုက်ပါသေးတယ်။ (မွန်ဂိုမှာလည်း ဂျပန်တွေ ရှိလို့ နေမှာပေါ့။ :D )

ဥရောပမှာတော့ အစားအသောက် တော်တော်များများနဲ့ ပါးစပ်တည့်ပါတယ်။ ပါးစပ်နဲ့ မတည့်တာကလည်း ခပ်ရှားရှား မို့ နေမှာပါ။ တစ်ခါတုန်းက ဟော်လန် တောင်ပိုင်း အိုင်ဒိုဗင်မှာ ဆော့ဖ်ဝဲလ် သွားပြင်ရင်း တစ်ပတ်လောက် နေဖြစ်ပါတယ်။ တစ်နေ့တော့ ညနေဖက် ဟိုတယ်မှာ နှပ်နေတုန်း ဟော်လန်ရုံးက အင်ဂျင်နီယာ ရှန်ပေါလ်က ညနေစာ သွားစားဖို့ လာခေါ်ပါတယ်။ ကျွန်တော်က သူတို့ဆီမှာ ဧည့်သည်မို့ ထုံးစံအတိုင်း ဧည့်ခံတဲ့ အနေနဲ့ လိုက်ကျွေးတာပါ။ အိုင်ဒိုဗင် ဈေးထဲ ရောက်သွားတော့ သူက ကျွန်တော့်ကို ပြင်သစ်စာ စားချင်သလား၊ အီတလီစာ စားချင်သလား မေးပါတယ်။ ကျွန်တော်က ဟော်လန် ရောက်နေတုန်း ဒတ်ချ်အစားအသောက် စားကြည့်ချင်တယ်လို့ ပြောတော့ သူက ရယ်ပါတယ်။ နောက်တော့ ငါတို့ ဒတ်ချ် အစားအစာက ဆိုင်ဖွင့် ရောင်းတဲ့သူ ရှားတယ်။ အိမ်မှာ ချက်စားတာပဲ များတယ်လို့ သူက ကျွန်တော့်ကို ပြန်ပြော ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ အီတလီ စားသောက်ဆိုင်ပဲ ရောက်သွားကြပါတယ်။

၂ ရက် ၃ ရက်လောက်နေတော့ ကျွန်တော်နဲ့ ဥရောပမှာ အလုပ်တွဲလုပ်နေကျ အင်ဂျင်နီယာ မာ့က်ခ် ဂျာမနီက ပြန်လာပြီး ကျွန်တော့်ဆီ ရောက်လာပါတယ်။ သူနဲ့ ကျွန်တော် စက်ရုံမှာ ဆော့ဖ်ဝဲလ်ကို အပြီးသတ်ပြီးတော့ ကျွန်တော် အမြဲ နေနေကျနေရာ အုတ်ဟောက်စ်ရွာကို ပြန်ခဲ့ပါတယ်။ လမ်းမှာ ကျွန်တော်က သူ့ကို ဟိုနေ့က ရှန်ပေါလ်နဲ့ ညနေစာ သွားစားတဲ့ အကြောင်း ပြောရင်း ဒတ်ချ်အစားအစာ စားချင်တယ် ပြောတာ မရှိဘူး ပြောတဲ့ အကြောင်း သူ့ကို ပြန်ပြောပြ ပါတယ်။ သူက ဟုတ်တယ်။ ဆိုင်တွေမှာ ဒတ်ချ်အစားအစာ ဆိုပြီး ရောင်းလေ့ ရောင်းထမရှိဘူး။ ဒါပေမယ့် မင်းစားချင်ရင်တော့ ငါစီစဉ်ပေးမယ်လို့ ပြောပါတယ်။ နောက်တော့ သူ့အိမ်ကို ဖုန်းဆက်ပြီး သူ့မိန်းမကို ညနေစာ တစ်ယောက်စာ ပိုချက်ထားဖို့ လှမ်းမှာလိုက် ပါတယ်။ ကျွန်တော်လည်း အားလည်းနာတယ် ခင်လည်းခင်တယ်လေ ဆိုပြီး ဒတ်ချ်အစားအသောက် စားဖို့ သူ့အိမ် လိုက်သွား ပါတယ်။ သူကျွေးတဲ့ ဒတ်ချ် အစားအစာက ဘာလဲဆိုတော့ ဝက်အူချောင်း အကြီးကြီး တစ်ချောင်း၊ အာလူး နည်းနည်းပါးပါးနဲ့ အရွက်ကြော် တစ်ပွဲပါပဲ။ သူက ဒါ ငါတို့ ဒတ်ချ်တွေ စားနေကျ အစားအစာပဲလို့ ပြောပါတယ်။ အင်း ဒါကြောင့်လည်း ဆိုင်ဖွင့် မရောင်းကြတာကိုး ဆိုပြီးတော့ ကျွန်တော်လည်း သဘောပေါက်သွားပါတယ်။

အစားအသောက် နာမည် မခေါ်တတ်တာ အစားအသောက် နာမည်ကို နားမလည်တာလည်း ကွိုင်တစ်မျိုး ပါပဲ။ အိုင်ယာလန်မှာ ရောက်နေတဲ့ အချိန်တုန်းက ဟိုတယ် စားသောက်ခန်းမမှာ မီနူးကြည့်ရင်း Goat Cheese ဆိုတာကို ဆိတ်သားနဲ့ ချိစ်လို့ ကိုယ့်ဘာသာကိုယ် ခပ်တည်တည် ဘာသာပြန်ပြီး မှာထည့်လိုက်ပါတယ်။ စိတ်ထဲမှာတော့ ဆိတ်သားကို mutton မရေးဘဲ Goat လို့ ရေးထားတာ နည်းနည်း ထူးဆန်းနေတယ် ထင်ပါတယ်။ မှာထားတာ ရောက်လာလို့ အသားတစ်တုံးမှ ပါမလာတော့မှပဲ Goat Cheese ဆိုတာ ဆိတ်နို့က လုပ်ထားတဲ့ ချိစ်ကို ခေါ်တာ ဆိုပြီး နားလည်သွား ပါတယ်။ အသိနောက်ကျတော့လည်း ချိစ်နဲ့ပဲ အသားမပါဘဲ ကျေနပ် လိုက်ရပါတယ်။

မွေးကတည်းက ထမင်းစားလာတော့ ထမင်းနဲ့ ဝေးတာ ကြာရင် ပါးစပ်က မနေနိုင်ပါဘူး။ ဘယ်လောက် ကောင်းတာတွေပဲ စားနေရ ပါစေ ထမင်းစားချင်စိတ် ပေါ်လာတာတော့ အမှန်ပါပဲ။ အဲဒီ အချိန် ထမင်းသာ စားရရင် ဘယ်လိုပဲ စားလိုက်ရ စားလိုက်ရ ဆိုတာမျိုး စိတ်ထဲ က ဖြစ်လာတတ် ပါတယ်။ ထမင်း အကြောင်းပြောရင် ပင်ဆယ်ဗေးနီးယားက သူငယ်ချင်းကို သတိရ ပါတယ်။ ကျွန်တော် အမေရိကန် ရောက်တဲ့ အခါတိုင်း သူနဲ့ ဖုန်းပြော ဖြစ်ပါတယ်။ တစ်နေ့တော့ ကျွန်တော်တို့ ထမင်း အကြောင်း စကားစပ်မိလို့ ပြောကြရင်း သူက ငါတို့ဆီမှာ ဆန်မရှိဘူးကွ လို့ ပြောလို့ ကျွန်တော် အတော်လေး အံ့အားသင့် သွားပါတယ်။ အဲဒါနဲ့ ကျွန်တော်က သူ့ကို အဲဒါဆို ခင်ဗျား ထမင်း ဘယ်လိုစားသလဲ မေးတော့ ငါ အရင်တစ်ခေါက်က ကယ်လီဖိုးနီးယားကို အလည်သွားတုန်းက 10 Kg ရှိတဲ့ ဆန်တစ်အိတ် ဝယ်လာတယ်။ အဲဒါနဲ့ စားချင်စိတ် ပေါ်လာတိုင်း ချက်စားနေရတာပဲ လို့ သူက ကျွန်တော့်ကို ပြောပြပါတယ်။ ကျွန်တော့် စိတ်ထဲမှာ အတော်တော့ ထူးဆန်းနေပါတယ်။ အဲဒါကြောင့် နောက်နေ့ အေးဂျင့်ကို မင်းတို့ အမေရိကန်မှာ ဆန်ဒီလောက်တောင် ရှားရသလား မေးတော့ အေးဂျင့်က မရှားပါဘူးဟ။ ဝယ်လို့ ရပါတယ်။ ရိုးရိုးဆန် မရှိရင်တောင် ဆူရှီလိပ်တဲ့ဆန်တော့ ဘယ်နေရာ မဆို ဝယ်လို့ ရပါတယ် လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။ မင်းသူငယ်ချင်း ဝယ်လို့ မရဘူး ဆိုတာ ဘယ်နားဝယ်ရမှန်း မသိလို့ နေမှာပါ ဆိုမှပဲ ကယ်လီဖိုးနီးယားကနေ ပင်ဆယ်ဗေးနီးယား အထိ လေယာဉ်နဲ့ 10 Kg ဆန်တစ်အိတ်ကို တကူးတက သယ်လာရတဲ့ သူ့အဖြစ်ကို စဉ်းစားပြီး ပြုံးမိပါတယ်။

Thursday, April 22, 2010

နည်းနည်းလေးတော့ လွဲနေတယ်

ရန်ကုန်တက္ကသိုလ်မှာ ကွန်ပြူတာဌာန စဖွင့်တဲ့အချိန်တုန်းက ရန်ကုန်တက္ကသိုလ် သင်္ချာတွက်စက်ဌာန ဆိုတဲ့ နာမည်နဲ့ စခဲ့တယ်လို့ ကြားဖူးပါတယ်။ ကွန်ပြူတာ သင်ဖို့ နိုင်ငံခြားကို ပညာတော်သင် လွှတ်လိုက်တဲ့သူတွေ ပြန်လာတဲ့ အခါကျမှ ကွန်ပြူတာဆိုတာ သင်္ချာတွက်စက် သက်သက် မဟုတ်မှန်း သိလို့ ရန်ကုန်တက္ကသိုလ် ကွန်ပြူတာဌာန ဆိုပြီး ပြန်ပြောင်းခဲ့တယ် လို့ ဆိုပါတယ်။ အဲဒါက ACE မှာ ကွန်ပြူတာ သင်တန်း တက်တုန်းက ဆရာ ဦးသိန်းဦး ပြောပြခဲ့ဖူးတာပါ။

ကျွန်တော်တို့ တတွေတော့ ကွန်ပြူတာကို စသုံးကတည်းက အင်္ဂလိပ်လို သုံးလာခဲ့တာမို့ ကွန်ပြူတာနဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်တွေကို မြန်မာလို ကြားရရင် နားထဲမှာ ကန့်လန့်ကြီး ဖြစ်နေတတ် ပါတယ်။ Hardware ကို အမာထည်၊ Software ကို အနုထည်လို့ ရေးထားတာမျိုး ဖတ်ရရင် စိတ်ထဲမှာ ကျလိကျလိ ဖြစ်နေတတ်ပါတယ်။ မြန်မာလိုသာ တိုက်ရိုက်ဘာသာပြန် ရရင် ဖိုရမ်ထဲမှာ ဖတ်ဖူးသလို Plug and Play ကို စွပ်ပြီးဆော့ လို့ ပြန်တာမျိုး ဖြစ်နေပါလိမ့်မယ်။ အခုနောက်ပိုင်း မြန်မာလို ဘာသာပြန်ထားတဲ့ ဆော့ဖ်ဝဲလ်တွေမှာ "သိမ်းပါ" တို့ "ဆက်မလုပ်ရန်" တို့တွေ့ရင် ကိုယ်က အင်္ဂလိပ်လို အမြဲသုံးနေကျမို့ တခါတလေ ဘာကို ဆိုလိုချင်မှန်း မသိအောင်ကို အူကြောင်ကြောင် ဖြစ်နေတတ် ပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာပေါ်မှာ သုံးနေတဲ့ ဆော့ဖ်ဝဲလ်တိုင်းက အင်္ဂလိပ်လို ရေးထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဥရောပကို စက်တွေရောင်းတာ အတော်များလာတော့ ဥရောပ အရောင်းကိုယ်စားလှယ်တွေက စက်ပေါ်မှာ ရေးထားတဲ့ ဆော့ဖ်ဝဲလ်ကို ဘာသာပြန်ခိုင်းပါတယ်။ ကျွန်တော်တို့က မင်းတို့ ဥရောပမှာ အင်္ဂလိပ်လို မတတ်ကြဘူးလား။ အင်္ဂလိပ်လို ရေးထားတော့ သုံးမရဘူးလားလို့ နှက်တော့ သူတို့က အင်္ဂလိပ်လိုတော့ တတ်တာပေါ့ကွာ။ ဒါပေမယ့် တခြားစက်တွေက အကုန်လုံး ဥရောပက ထုတ်တဲ့စက်တွေ ဆိုတော့ ဥရောပမှာ သုံးတဲ့ ဘာသာစကားတွေနဲ့ ဘာသာပြန်ပြီးသား ပါတယ်။ ငါတို့က ဘာသာ မပြန်ရင် ငါတို့သူများနဲ့ မယှဉ်နိုင်ပဲ နေလိမ့်မယ်လို့ ပြန်ပြောပါတယ်။ ဒီလိုနဲ့ ဂျာမနီကို ပို့မယ့် စက်တစ်လုံးက ဆော့ဖ်ဝဲလ်ကို ကျွန်တော်တို့ ဘာသာပြန်ကြပါတယ်။ ကျွန်တော်တို့က သူတို့ကို ကွန်ပြူတာ ပေါ်မှာ ပေါ်သမျှ မီနူးတွေ ခလုပ်တွေမှာ ပါသမျှ အင်္ဂလိပ်စာတွေ ၊ Error တက်လာရင် ပေါ်တဲ့ Message တွေကို စာရင်းလုပ်ပေးရပါတယ်။ သူတို့က အဲဒီစာတွေကို ဘာသာပြန်ပြီး ကျွန်တော်တို့ကို ပြန်ပို့ ပေးပါတယ်။

အဲဒီစာတွေ အကုန်လုံးကို ဆော့ဖ်ဝဲလ်ထဲ ရိုက်ထည့်လိုက်လို့လည်း မဖြစ်သေးပါဘူး။ အဲဒါဆို ကျွန်တော်တို့ ကိုယ့်စက်ကိုယ် ပြင်တဲ့အချိန် ဒီလောက် ခလုပ်တွေ အများကြီးထဲက ဘယ်ခလုပ် နှိပ်လို့ နှိပ်ရမှန်း မသိဘဲ မြွေကိုက်မှာပါ။ အဲဒါကြောင့် ဖိုင်ထဲမှာ အင်္ဂလိပ်စာ တခြမ်း ဂျာမန်စာ တခြမ်း ထည့်ပြီး ဘာသာစကား နှစ်မျိုး သုံးလို့ရအောင် လုပ်ပေးရပါတယ်။ အခုနောက်ပိုင်း ထွက်တဲ့ C# လို ဆော့ဖ်ဝဲလ်မျိုးမှာ ဘာသာပြန်ဖို့ လွယ်ပေမယ့် နိုင်တီးဂွမ်တီးက Visual Basic 6 နဲ့ ရေးထားတဲ့ ဆော့ဖ်ဝဲလ်မျိုးကိုတော့ ဘာသာ ၂မျိုး ထွက်အောင် ပြန်ပြင်ရတာ အတော်စားပါတယ်။ ဘာသာ ၂ မျိုးနဲ့ စပြီး သုံးခါစက အင်္ဂလိပ်လို ပေါ်လိုက် ဂျာမန်လို ပေါ်လိုက် တောင်တခြမ်း မြောက်တခြမ်း ဖြစ်နေပေမယ့် နောက်တော့လည်း ပြင်ရင်း ပြင်ရင်းနဲ့ အဆင်ပြေသွားပါတယ်။ စက်မှာသုံးတဲ့ ဆော့ဖ်ဝဲလ်ကို ဂျာမန်လို ပြီးတော့ ပြင်သစ်လို၊ ဒတ်ချ်လို နောက်တော့ စပိန်လို ကျွန်တော်တို့ ဘာသာပြန်ကြပါတယ်။ ကျွန်တော်မှတ်မိသလောက်တော့ OK ဆိုတဲ့ စာလုံးက လွဲရင် ကျန်တဲ့စာလုံး အကုန် ဘာသာပြန်ရပါတယ်။ OK ကတော့ ဘာသာစကား အတော်များများမှာ ဒီစာလုံးပါပဲ။ ဒါပေမယ့်လည်း ကျွန်တော်တို့ ကိုယ်တိုင် ဘာသာပြန်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က အင်္ဂလိပ်လို ရေးပေးပြီး တခြားသူကို ပိုက်ဆံပေးပြီး ဘာသာပြန် ခိုင်းတာပါ။ နောက်ပိုင်းမှာတော့ ဥရောပကို သွားတဲ့ စက်တိုင်းလိုလိုမှာ ဘာသာစကား ၂ မျိုးစီ ထည့်ပေးရပါတယ်။

ကျွန်တော်က ဆော့ဖ်ဝဲလ်ရေးတဲ့သူပေမယ့် စက်တစ်လုံး မထွက်ခင် ကွာလတီ စစ်တဲ့ ကိစ္စတွေလည်း ပါရပါသေးတယ်။ ဥရောပက ကွန်ပလိန်း အတော်များများက ကျွန်တော့်ဆီ ရောက်တာမို့ သူတို့ ဘယ်နေရာ ကွန်ပလိန်း တက်တတ်တယ် စက်ကို ဘယ်လို ကလိတတ်တယ် ဆိုတာ ကျွန်တော် ကောင်းကောင်း သိထားပါတယ်။ အဲဒီတော့ စက်ပို့လိုက်ရင် သူတို့ဆီက ကွန်ပလိန်း သိပ်မလာအောင် ကြိုကန်ပေးရတဲ့ သဘောပါ။ ဒါပေမယ့်လည်း ဘယ်သူရေးလိုက်တဲ့ ဆော့ဖ်ဝဲလ် ဖြစ်ဖြစ် ကွန်ပလိန်း တက်ရင် ကျွန်တော် ရှင်းပေးရပါတယ်။

ဒီလိုနဲ့ တစ်နေ့တော့ ကျွန်တော်တို့ ဟော်လန်ကို စက်တလုံး ပို့ပါတယ်။ ဒတ်ချ်ဘာသာ ပြန်ပြီးသား ဖိုင်က အသင့်ရှိတော့ စက်မှာ အဲဒီ ဒတ်ချ်ဘာသာ ဖိုင်ထဲက စာတွေကို ကူးပြီး ထည့်ပေးလိုက်ပါတယ်။ ဒါပေမယ့်လည်း စက်ရောက်သွားပြီး မကြာခင်မှာပဲ အေးဂျင့်က ကျွန်တော့်ကို ဖုန်းဆက်ပါတယ်။

"မင်းကောင်တွေတော့ လုပ်ထည့်လိုက်ပြန်ပြီကွာ။"
"ဘာဖြစ်လို့လဲလို့"
"ဘာဖြစ်ရမလဲ။ ဒတ်ချ်လို ဘာသာပြန်ပါ ဆိုတာကို ဟော်လန်ပို့တဲ့စက်ကို ဂျာမန်လို ဘာသာပြန် ထည့်လိုက်တယ်။ သေသေချာချာ မစစ်ကြဘူး။"

သူက တခြား အင်ဂျင်နီယာ တစ်ယောက် လုပ်လိုက်တာလို့ ထင်ပါတယ်။ အမှန်တကယ်ကတော့ အဲဒီစက်က ကျွန်တော် လုပ်လိုက်တဲ့စက်ပါ။ အဲဒါနဲ့ ကျွန်တော်က ပြန်ပြောပါတယ်။
"မမှားပါဘူး။ တခြားသူ လုပ်တာလည်း မဟုတ်ဘူး။ အဲဒီစက်ကို ဘာသာပြန်တာ ငါပြန်တာ။ ငါသေသေချာချာ ကြည့်လိုက်တာပဲ။ ဒတ်ချ်လို ဘာသာပြန်ထားတာ သေချာပါတယ်။"

သူကလည်း အတင်းငြင်းပါတယ်။
"သေချာတယ်။ ဂျာမန်လိုမှ ဂျာမန်လို ရေးထားတာ။ ငါဒတ်ချ်လိုရော ဂျာမန်လိုရော တတ်တယ်။ ငါအခု စက်ဘေးမှာ ရှိနေတယ်။ မင်းပြန်စစ်ကြည့်ဦး။"

ကျွန်တော်လည်း အဲဒီစက်မှာ ပါသွားတဲ့ ဆော့ဖ်ဝဲလ်နဲ့ ဘာသာပြန် ဖိုင်ကို ချက်ချင်း စစ်ပြီး ဖွင့်ကြည့်ပါတယ်။ အဲဒီဖိုင်ရဲ့ ခေါင်းစဥ်ကို ကျွန်တော်မြင်တာက ဒတ်ချ်ဘာသာ မှ ဒတ်ချ်ဘာသာ အစစ်ပါ။ အဲဒါနဲ့ ကျွန်တော်က သူ့ကို ပြန်ပြောပါတယ်။

" ငါအခုကြည့်ပြီးပြီ။ သေချာတယ်။ ဒတ်ချ်လို ဘာသာပြန်ထားတဲ့ဖိုင်။ ဒီမှာ အပေါ်မှာ Deutsch လို့ ရေးထားတယ်။"

အဲဒီလို ပြောတာ ကြားတော့ ဥရောပရုံးက အေးဂျင့်က ဟိုဖက်ကနေ ဟက်ဟက်ပက်ပက် အော်ရယ်ပါတယ်။
"မိုင်ဂေါ့ဒ်။ Deutsch ဆိုတာ ဂျာမန်စာကို ပြောတာကွ။ ဒတ်ချ်ကို Dutch လို့ ပေါင်းတယ်" လို့ သူက ပြန်ပြောပါတယ်။ အဲဒီတော့ ကျွန်တော့ ဘေးနားမှာ ရှိနေတဲ့ မန်နေဂျာက ဝင်ပြောပါတယ်။

"အေးလေကွာ။ ဘယ်သိမှာလဲ။ ငါတို့ သိတာ ဒတ်ချ်လို့ သိတာပဲ။ မင်းတို့ အခုပြောမှ Deutsch ဆိုတာ ဂျာမန်စာကို ခေါ်တာမှန်း ငါလည်း သိတာ။ အပေါ်မှာ ဂျာမန်လို့ ရှင်းရှင်းလင်းလင်း ရေးပါလား။"
"ရတယ်။ မသိလို့ မှားတာ ကိစ္စမရှိပါဘူး။ ငါတို့ကို ဒတ်ချ်ဘာသာ ဖိုင်သာ ပို့ပေးလိုက်။ ကိုယ့်ဘာသာကိုယ် လိုတာ ထပ်ထည့်လိုက်မယ်။" လို့ သူက ပြန်ပြောပါတယ်။ ဒီလိုနဲ့ ဇာတ်လမ်း ပြတ်သွားပါတယ်။

အဲဒီတော့မှ Deutsch ဆိုတာ ဂျာမန်ဘာသာ Deutschland ဆိုတာ ဂျာမနီကို ခေါ်တယ် ဆိုတာ ကျွန်တော်တို့ သိလိုက်ရပါတယ်။ မှားတဲ့ အခါလည်း မှားပေဦးမှာပေါ့။ Deutsch နဲ့ Dutch ကလည်း သိပ်ကွာတာမှ မဟုတ်တာ။

Monday, May 25, 2009

ကြုံခဲ့ဖူးသမျှ ဗီဇာအကြောင်း

ကမ္ဘာပေါ်မှာ အမြင်ကတ်စရာ အကောင်းဆုံး အင်မီဂရေးရှင်းကို ရွေးပြပါ ဆိုရင် မလေးရှားကို ရွေးပြမိ ပါလိမ့်မယ်။ အလွန် အင်မတန် ရစ်ပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့ အလုပ်ကိစ္စနဲ့ မလေးရှားကို သွားရင် အလည်အပတ် ဗီဇာနဲ့ပဲ သွားလေ့ရှိပါတယ်။ Business ဗီဇာက လျှောက်ရတာ နည်းနည်း အလုပ်ရှုပ်လို့ပါ။ အဲဒါကို မတော်တဆများ White Card ထဲမှာ Business နဲ့ လာတယ်လို့ ယောင်ယမ်းပြီး ခြစ်လိုက်မိရင် ပြသနာ ရှာလို့ မပြီးတော့ပါဘူး။ အဲဒါတွင် မကသေးဘူး။ နေထိုင်မယ့် လိပ်စာ ကို အပြည့်အစုံ ရေးမထား ရင်လည်း ရစ်တတ်ပါတယ်။ တခါတလေ စက်အတွက် အပိုပစ္စည်းတွေ လက်က ကိုင်သွားမိရင်လည်း ပြသနာရှာတတ် ပါသေးတယ်။ ဂျဟိုးဘာရူး ဘက်ကနေ မလေးရှားကို ကားနဲ့ဝင်ရင် သိပ်ပြသနာ မရှိပေမယ့် ကွာလာလမ်ပူနဲ့ ပီနန် လေဆိပ်က အင်မီဂရေးရှင်း အရာရှိများကတော့ အလွန်ကို ဆိုးရွားပါတယ်။ မလေးရှား အင်မီဂရေးရှင်းက မြန်မာပတ်စ်ပို့စ် တွေ့တာနဲ့ ပြသနာရှာဖို့ပဲ စဉ်းစားနေကြသလားတော့ မသိပါ။

ဥရောပ ကိုသွားရင်တော့ ရှန်ဂန်ဗီဇာနဲ့ပဲ သွားဖြစ်ပါတယ်။ ရှန်ဂန်ဗီဇာ ကိုင်ထားရင် ရှန်ဂန် သဘောတူညီချက်မှာ လက်မှတ် ထိုးထားတဲ့ နိုင်ငံတွေ အားလုံးကို ဗီဇာတစ်ခုတည်းနဲ့ ဝင်လို့ ရပါတယ်။ နယ်သာလန်၊ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယမ်၊ ဒိန်းမတ် အစရှိတဲ့ နိုင်ငံတွေမှာ နယ်စပ်ဂိတ်မရှိပါဘူး။ အဲဒီနိုင်ငံတွေရဲ့ နယ်နိမိတ်အတွင်းမှာ လွတ်လွတ်လပ်လပ် ကူးသန်းသွားလာလို့ ရပါတယ်။ လေဆိပ်တွေမှာ ဆိုရင်လည်း ရှန်ဂန်နိုင်ငံ အချင်းချင်း ကူးရင် လူဝင်မှုကြီးကြပ်ရေးဂိတ်ကို ဖြတ်စရာမလိုပါဘူး။ ရှန်ဂန် ဗီဇာကို ရှန်ဂန် နယ်နိမိတ်ထဲမှာ ပါတဲ့ နိုင်ငံ တစ်ခုခုရဲ့ သံရုံးမှာ လျှောက်လို့ ရပါတယ်။ ရှန်ဂန် နယ်နိမိတ်အကြောင်း အသေးစိတ် သိချင်ရင်တော့ ဒီမှာ ကြည့်နိုင် ပါတယ်။

တခါတလေတော့လည်း ရှန်ဂန် မဟုတ်တဲ့ နိုင်ငံတစ်နိုင်ငံကို သွားတဲ့အချိန် ရှန်ဂန် နယ်နိမိတ်ထဲမှာ Transit ဝင်မိရင် အတော် ဇယားရှုပ်ပါတယ်။ ကျွန်တော် ပိုလန်ကို သွားတဲ့ အချိန်တုန်းက ပိုလန်က ရှန်ဂန် နယ်နိမိတ်ထဲမှာ မပါသေး ပါဘူး။ ကုမ္ပဏီက စီစဉ်ပေးလိုက်တဲ့ လေယာဉ်လက်မှတ်က စင်ကာပူ ကနေ ပိုလန်မြောက်ပိုင်း ဂဒိုင့်စ်မြို့ လေဆိပ် ကို တိုက်ရိုက် မသွားပါဘူး။ ဟော်လန်က အမ်စတာဒမ် နဲ့ ဒိန်းမတ်က ကိုပင်ဟေဂင် လေဆိပ် ၂ခု ကို Transit ခံထားပါတယ်။ အဲဒီတော့ အမ်စတာဒမ် လေဆိပ်ကို ရောက်တာနဲ့ ကိုပင်ဟေဂင် လေဆိပ်ကို လေယာဉ်ပျံ ပြောင်းမစီးခင် ရှန်ဂန် နယ်နိမိတ်ထဲ ဝင်တဲ့ အတွက် အင်မီဂရေးရှင်းကို ဖြတ်ရပါတယ်။ ကိုပင်ဟေဂင် ကနေ ဂဒိုင့်စ်ကို လေယာဉ်ပျံ ပြောင်းစီးတော့လည်း ရှန်ဂန် နယ်နိမိတ်ထဲကနေ ပြန်ထွက်တဲ့အတွက် အင်မီဂရေးရှင်းကို နောက်တစ်ခေါက် ထပ်ပြီး ဖြတ်ရပါတယ်။ ပိုလန်ရောက်မှ ဂဒိုင့်စ်မှာ အင်မီဂရေးရှင်း နောက်တစ်ခေါက် ပြန်ဝင်ရပါတယ်။ ပြန်လာတော့လည်း အဲဒီ အတိုင်းပါပဲ။

တခြားဗီဇာတွေနဲ့ မတူတဲ့ ရှန်ဂန်ဗီဇာရဲ့ ထူးခြားချက်က လျှောက်ရင် လျှောက်သလောက်ပဲ ပေးလေ့ရှိတာပါ။ ဥပမာ အမေရိကန်တို့ သြစတေးလျ တို့ကို ဝင်ရင် တခါတည်း ၃လ နေထိုင်ခွင့် ဗီဇာ တိုက်ရိုက်ထုပေးလေ့ ရှိပါတယ်။ ဒါပေမယ့် ရှန်ဂန် ဗီဇာကတော့ စလျှောက်ကတည်းက ၁၂ ရက်ကြာမယ်လို့ ဖောင်မှာ ဖြည့်ရင် ဗီဇာကို ၁၂ ရက်ပဲ ပေးပါတယ်။ အဲဒီလိုမျိုး ဆိုတော့ အလုပ်ရှုပ်လို့ ကျွန်တော်က တစ်ခါလျှောက်ရင် ၄၅ ရက် လျှောက်ပါတယ်။ ပြသနာက အဲဒီမှာ စတော့တာပါပဲ။ တတိယအကြိမ်မြောက် ရှန်ဂန် ဗီဇာတင်တဲ့ အချိန်မှာ ကျွန်တော့်ကို ၆ လအတွင်းမှာ ဗီဇာ ရက် ၉၀ ယူထားလို့ ထပ်ပေးလို့ မရတော့ဘူးလို့ ပြောပါတယ်။ အမှန်တကယ်တော့ ကျွန်တော် ရှန်ဂန်နယ်နိမိတ်ထဲမှာ နေတာ ရက် ၉၀ မရှိပါဘူး။ ကျွန်တော့် ကုမ္ပဏီရုံးက ဟော်လန် အခြေစိုက်တော့ ရှန်ဂန် နယ်နိမိတ်ကို ဝင်လိုက် ထွက်လိုက် လုပ်နေရတာ များတာနဲ့ ဗီဇာ မကုန်အောင် ကြာကြာ လျှောက်ထား တာပါ။ အဲဒီအကြောင်းကို ဟော်လန်သံရုံးကို ရှင်းပြတော့ ကျွန်တော့်ကို သွားခဲ့တဲ့ ခရီးစဉ်တွေကို စာနဲ့ ရေးပြီး အီးမေးလ်ပို့ပေးပါ လို့ ပြန်ပြောပါတယ်။ ဘာလုပ်ဖို့လဲ မေးတော့ မင်းကို ခဏခဏ ဗီဇာထုတ်ပေးနေရတာ အလုပ်ရှုပ်တယ်။ တစ်ခါတည်း အကြာကြီး ထုတ်ပေးထားမယ် လို့ ပြန်ပြော ပါတယ်။ နောက်တော့ ၆လ ရှန်ဂန်နယ်နိမိတ်ကို အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာ ထုတ်ပေးပါတယ်။ အနောက်နိုင်ငံများနဲ့ အလုပ်လုပ်ရတာ အဲဒါ တစ်ခုတော့ ကောင်းပါတယ်။ အကျိုးသင့် အကြောင်းသင့် ပြောပြရင် လက်ခံပြီး အဆင်ပြေအောင် လုပ်ပေးတတ် ပါတယ်။ အာရှက ရစ်တတ်တဲ့ အင်မီဂရေးရှင်းတွေ သံရုံးတွေနဲ့တော့ တခြားစီပါ။

အမေရိကန် ဗီဇာကတော့ ခန့်မှန်းရ ခက်ပါတယ်။ တစ်ခါတစ်လေ စာရွက်စာတမ်း အားလုံး ပြည့်စုံရဲ့သား နဲ့လည်း မရတတ်ပါဘူး။ ကျွန်တော်လည်း ပထမဆုံး အကြိမ် ဗီဇာ လျှောက်တုန်းက Reject ထုခံရ ပါတယ်။ အဲဒီတုန်းက ဒုတိယမြောက် ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အချိန်ပါ။ ကျွန်တော်တို့ဆီက စက်ကိရိယာ အစိတ်အပိုင်းတွေ ဝယ်တဲ့ ပင်ဆယ်ဗေးနီးယား ပြည်နယ်က ကုမ္ပဏီတစ်ခုကို Technical Support အနေနဲ့ ကျွန်တော့် ကုမ္ပဏီက လွှတ်ပါတယ်။ ဗီဇာကိုတော့ ခရီးသွား အေးဂျင့်က တင်ပေးပါတယ်။ အမေရိကန် သံရုံးက အင်တာဗျူး ခေါ်တဲ့နေ့ သွားတော့ “မင်း စင်ကာပူမှာ နေတာ ဘယ်လောက်ရှိပြီလဲ။” “ အခု လခ ဘယ်လောက် ရသလဲ။” “မင်းအခု စင်ကာပူမှာ ဘယ်သူနဲ့ နေသလဲ။” “ဘာသွားလုပ်မှာလဲ။” “ဘယ်သူနဲ့ သွားမှာလဲ။” စတဲ့ မေးခွန်း ၄-၅ ခွန်း မေးပါတယ်။ ပြီးတော့ “ဝမ်းနည်းပါတယ်။ မင်းကို ဗီဇာထုတ်မပေးနိုင်ဘူး။” လို့ပြောပြီး ပတ်စ်ပို့ ရဲ့ နောက်ကျောမှာ ဒုံးဆို တံဆိပ်တစ်ခု ထုလိုက်ပြီး စာရွက်တစ်ရွက်နဲ့ အတူ ကျွန်တော့် ပတ်စ်ပို့ကို ပြန်ပေးလိုက် ပါတယ်။ အဲဒီစာရွက်မှာ ကတော့ 214(B) လို့ခေါ်တဲ့ အခုလက်ရှိ နေထိုင်တဲ့ နေရာမှာ အမေရိကန်က ပြန်လာလောက်အောင် တွယ်တာစရာ ဘာမှ မရှိတဲ့ အတွက် ဗီဇာ မပေးနိုင်ဘူး လို့ ရေးထားပါတယ်။ ကျွန်တော်နဲ့ အတူ သွားလျှောက်တဲ့ တရုတ်အင်ဂျင်နီယာက ၆ လ အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာ ရပြီး ဖိလစ်ပိုင် အင်ဂျင်နီယာကတော့ ၁၀ နှစ် အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာ ရပါတယ်။ ကျွန်တော် ဗီဇာလျှောက်ပြီး သိပ်မကြာခင်မှာပဲ ကျွန်တော်နဲ့ တစ်ကျောင်းတည်း အတူတူဆင်းတဲ့ မြန်မာသူငယ်ချင်း တစ်ယောက် ဗီဇာသွားလျှောက်ပါတယ်။ မျက်စိ မမြင်တဲ့ သံရုံးအရာရှိနဲ့ အင်တာဗျူး ဖြေရပြီး ဗီဇာရသွား ပါတယ်။ အမေရိကန် ဗီဇာ ဆိုတာလည်း တခါတလေတော့ ကံနဲ့ ဆိုင်တယ် လို့ သိသွားပါတယ်။

နောက်ထပ် ကုမ္ပဏီ တစ်ခု ပြောင်းတော့ ကျွန်တော့်ကို အမေရိကားကို ထပ်လွှတ် ပြန်ပါတယ်။ ဒီတစ်ခါတော့ စက်ပြင်ဖို့ လွှတ်တာပါ။ ကျွန်တော်က အရင်ဗီဇာ လျှောက်ဖူးတယ်။ မရဘူး လို့ ပြောပေမယ့် မန်နေဂျာက မရမချင်း လျှောက်ကွာလို့ ပြောတာနဲ့ နောက်တစ်ခေါက် ထပ်ပြီး တင်လိုက်ပါတယ်။ ကျွန်တော်လည်း လူလည်ကျပြီး ပိုင်ဆိုင်မှု အထောက်အထား အနေနဲ့ CPF Statement ကို ယူသွားပါတယ်။ CPF ဆိုတာ စင်ကာပူမှာ အမြဲတမ်းနေထိုင်သူတွေ နိုင်ငံသားတွေ လစဉ် လခရဲ့ ရာခိုင်နှုန်း ၂၀ ကို ထည့်ဝင်ရတဲ့ စာရင်းပါ။ အိမ်ဝယ်လို့ ရပါတယ်။ ဆေးကု လို့ရပါတယ်။ အငြိမ်းစားယူတဲ့ အခါ ပြန်ထုတ်လို့ ရပါတယ်။ ဒီတစ်ခါလည်း အရင်လို မေးခွန်းတွေ ထပ်ပြီး မေးပါတယ်။ ဒါပေမယ့် အဲဒီတစ်ခါတော့ ဗီဇာ ပေးလိုက်ပါတယ်။ Business B1 ဗီဇာပါ။

နောက်ထပ် ၆ လလောက် ကြာတော့ အမေရိကန် ဗီဇာကို နောက်တစ်ခေါက် ထပ်ဝင်ဖြစ်ပါတယ်။ အဲဒီအခါမှာ မေးခွန်းတွေ လျှောက်မေးပြီး နောက်ဆုံးကြတော့ စာအုပ်ထဲမှာ ပထမတစ်ခေါက်သွားထားတဲ့ ဗီဇာကို တွေ့တာနဲ့ ဘာမှ ဆက်မမေးတော့ဘဲ ဗီဇာထုတ်ပေးလိုက်ပါတယ်။ ပြန်လာပြီး နောက်ထပ် ၆ လလောက် ကြာတော့ တတိယတစ်ကြိမ် ထပ်လျှောက်ဖြစ်ပါတယ်။ ဒီတစ်ခါတော့ စာအုပ်ထဲမှာ အရင် အမေရိကန် ဗီဇာ ၂ ခုရှိပြီးသားမို့ မင်း Multiple-Entry ဗီဇာ ယူမလား မေးပြီး Multiple-Entry ၁နှစ် နှိပ်ပေးလိုက် ပါတယ်။ Business B1 ဗီဇာပါပဲ။ အဲဒီ ဗီဇာမှာ အလုပ်ကိစ္စနဲ့ သွားရင် အချိန်မရွေးသွားလို့ ရပေမယ့် အလည် မသွားရဘူး လို့တော့ ကန့်သတ်ထားပါတယ်။

မြန်မာနိုင်ငံကူး လက်မှတ်နဲ့ ဗီဇာမလွယ်ဘူး ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် မရဘူး ဆိုတာတော့ မဟုတ်ပါဘူး။ ကိုယ့်ဘက်က မှန်နေရင် ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ရဖို့ အခွင့်အလမ်း များတယ် ဆိုတာကိုတော့ အတွေ့အကြုံ အရ သိခဲ့ရပါတယ်။

Tuesday, March 17, 2009

ဒတ်ခ်ျတစ်ယောက် ပြောပြတဲ့ ဟော်လန်အကြောင်း

ကျွန်တော် အလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီ တစ်ခုရဲ့ ဥရောပ ရုံးခွဲဟာ ဟော်လန်နိုင်ငံ တောင်ပိုင်းက မြို့ငယ်ကလေး တစ်မြို့မှာ ရှိပါတယ်။ ကျွန်တော် ဥရောပမှာ သွားဖြစ်တဲ့ ခရီး အတော်များများဟာလည်း ဟော်လန်ကို အခြေပြုပြီး သွားရတာ များပါတယ်။ ကျွန်တော်နဲ့ အတူတူ အလုပ်တွဲပြီး လုပ်ခဲ့ရတဲ့ အင်ဂျင်နီယာ အများစုဟာလည်း ဒတ်ခ်ျလူမျိုး တွေပါပဲ။ ကျွန်တော်တို့ တစ်တွေ အမြဲ မကြာခဏ ဆိုသလို စင်ကာပူ အကြောင်း၊ မြန်မာနိုင်ငံ အကြောင်းနဲ့ ဟော်လန် နိုင်ငံ အကြောင်းတွေ ဆွေးနွေး ဖြစ်ပါတယ်။ သူတို့နဲ့ ပြောဖြစ်တဲ့ အထဲက ဟော်လန်နိုင်ငံနဲ့ ပတ်သက်တဲ့ တစ်ချို့ အကြောင်းအရာ ကလေးတွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။

ကျွန်တော့် လုပ်ဖော်ကိုင်ဖက် မာ့က်ခ် က သူတို့ ဟော်လန်နိုင်ငံမှာ ဆင်းရဲတဲ့ လူတန်းစားနဲ့ ချမ်းသာတဲ့ လူတန်းစား ကွာဟမှုကို ထိန်းသိမ်းထားတဲ့ ပုံစံကို ရှင်းပြပါတယ်။ အမြတ်ခွန်နဲ့ ထိန်းသိမ်းထားတာပါ။ မိဘကနေ သားသမီးကို အိမ်တစ်လုံး အမွေပေးချင်တယ် ဆိုရင် သားသမီးဘက်က အိမ်တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းကို အခွန်ဆောင် ပြီးမှ အမွေဆက်ခံခွင့် ရှိပါတယ်။ အဲဒီလိုပဲ မိသားစုပိုင် ကုမ္ပဏီတစ်ခုကို မိဘက သားသမီးကို လွှဲပေးချင်တယ် ဆိုရင် ကုမ္ပဏီတန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်းကို အခွန်ဆောင်ပြီးမှ သားသမီးက ဆက်ခံခွင့် ရှိပါတယ်။ အဲဒီတော့ အသက်ကြီးလာတဲ့ လူကြီးတွေ အတော်များများက သားသမီးကို အမွေ တိုက်ရိုက်မပေးတော့ပဲ သွယ်ဝိုက်သော နည်းနဲ့ပဲ ပေးကြ ပါတော့တယ်။ သူတို့ရဲ့ လုပ်နည်းလုပ်ဟန်ကတော့ အိမ်ကို ရောင်းချပြီး ပိုက်ဆံကို ဘဏ်ထဲ ထည့်ထား ပါတယ်။ နှစ်တိုင်းလိုလို သူတို့ နိုင်ငံခြားကို ခရီးအထွက် ပြပြီး နိုင်ငံခြားမှာ ပိုက်ဆံ ဘယ်လောက် သုံးခဲ့တယ် ဆိုပြီး အကောက်ခွန် စာရင်းကို ရှင်းပါတယ်။ နိုင်ငံခြားမှာ သုံးခဲ့တဲ့ ပိုက်ဆံအတွက် ငွေလက်ခံ ဖြတ်ပိုင်းက အရေးမကြီးပါဘူး။ နောက်မှ အဲဒီလို သုံးခဲ့တယ်လို့ ပြခဲ့တဲ့ ပိုက်ဆံတွေကို ငွေသားနဲ့ သားသမီးတွေဆီ ပြန်ပေးပါတယ်။ သူတို့ဆီမှာ အဲဒီလိုနည်းနဲ့ သားသမီး တွေကို အမွေပေးရပြီး အဲဒီလို ပိုက်ဆံကို ခြေအိတ်ထဲက လာတဲ့ပိုက်ဆံလို့ ခေါ်ကြောင်း ရှင်းပြပါတယ်။ အဲဒီအတွက် မိဘချမ်းသာတိုင်း သားသမီးက အလိုအလျောက် ချမ်းသာတာမျိုး မရှိတဲ့အတွက် ဆင်းရဲချမ်းသာ ကွာဟမှုကို ထိန်းထားနိုင်တယ် လို့ ပြောပါတယ်။

နောက်တော့ သူတို့ဆီက မှုခင်းနဲ့ ဆိုင်ပြီး အလွန် ပေါ့လျော့တဲ့ စနစ်ကို ရှင်းပြပါတယ်။ အမ်စတာဒမ်လို မြို့မှာ လူတစ်ယောက်က ဓားကိုင်ပြီး ဓားပြတိုက်တဲ့ အချိန် တစ်ပါးသူကို အနာတရ ဖြစ်အောင် မလုပ်ရင် သူ့ကို ရဲက တရားမစွဲဘဲ ကြာကြာ ဖမ်းထားလို့မရပါဘူး။ သက်သေ အလုံအလောက် ရှာရပါတယ်။ သက်သေ မရှိရင် ပြန်လွှတ်ပေးရပါတယ်။ အမှုစစ်တုန်းမှာလည်း ရိုက်နှက် နှိပ်စက်ခွင့် မရှိပါဘူး။ အရိုက်အနှက် ခံရရင် ရဲကို ပြန်ပြီး တရားစွဲလို့ ရပါတယ်။ အဲဒီတော့ ခုနက ဓားကိုင်ပြီး ဓားပြတိုက်လို့ ရဲက ဖမ်းသွားတဲ့ ကောင်က ခဏနေရင် အပြင်ပြန် ရောက်လာတာပဲ လို့ပြောပါတယ်။ “ကောင်းတော့ မကောင်းဘူးပေါ့ကွာ။ ရာဇဝတ်မှုကတော့ တစ်ချိန်လုံး ဖြစ်နေတာပဲ။ ကြီးကြီးမားမား မဖြစ်တာပဲ ရှိတယ်။” လို့ သူက ရှင်းပြပါတယ်။ “ဒါပေမယ့် အဲဒီလို အကြောင်း တွေကြောင့် ဟော်လန်မှာ ရဲဆိုရင် ဘယ်ကောင်ကမှ မကြောက်ကြဘူးကွ။ ဘယ်လ်ဂျီယမ်က ရဲတွေကတော့ လူညီတော့ အချုပ်ထဲ ရောက်လာရင် ဝိုင်းသမတယ်။ အဲဒီတော့ ငါတို့ဆီက ကောင်တွေက ဟော်လန်ရဲကို မကြောက်ဘူး။ ဘယ်လ်ဂျီယမ် ရဲကိုတော့ ကြောက်ကြတယ်။” လို့ သူက ရယ်ပြီး ပြောပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စတစ်ခုကတော့ ယုံကြည်ကိုးကွယ်မှုနဲ့ ဆိုင်တဲ့ ကိစ္စပါ။ သူတို့ ဒတ်ခ်ျလူမျိုး အတော်များများဟာ ခရစ်ယာန် ဘာသာဝင်တွေပါ။ ဒါပေမယ့် တော်ရုံတန်ရုံ လူလတ်ပိုင်းနဲ့ အဲဒီထက် ငယ်တဲ့သူတွေက ဘုရားကျောင်း တက်လေ့ မရှိပါဘူး။ ဘာလို့လဲ ဆိုပြီး မေးကြည့်တော့ “လူ့အဖွဲ့အစည်းထဲမှာ ဘယ်ဟာ ကောင်းတယ် ဘယ်ဟာ မကောင်းဘူး ဆိုတာ ဆင်ခြင်တုံတရား (Common Sense) နဲ့ တွေးပြီး ဆုံးဖြတ်လို့ ရတဲ့ ကိစ္စချည်းပဲ။ ဘုရားကျောင်း သွားလည်း ဒါတွေပဲ ထပ်ပြော ဦးမှာပဲ။ အဲဒီတော့ ဘုရားကျောင်း သွားတာ အသက် ၆၀ ကျော်တဲ့ ငါတို့ အမေလို လူကြီးတွေ လုပ်တဲ့ အလုပ်။ ငါ့တို့ အရွယ်တွေရဲ့ အလုပ်မဟုတ်ဘူး။” လို့ မာ့က်ခ် က ပြန်ဖြေပါတယ်။ အဲဒီ အယူအဆဟာ သူ့ရဲ့ အယူအဆ သက်သက် မဟုတ်ပါဘူး။ သူတို့နဲ့ ရွယ်တူ ဒတ်ခ်ျလူမျိုး အများစုမှာလည်း အဲဒီလို အယူအဆတွေ ရှိပါတယ်။ ဘုရားကျောင်းကို သွားတဲ့သူ နည်းတော့ ဘုရားကျောင်းမှာ ကောက်ခံလို့ရတဲ့ အလှူငွေလည်း နည်းလာပါတယ်။ အဲဒီအတွက် နာမည် မကြီးတဲ့ ဘုရားကျောင်း အချို့ဟာ ဆက်လက် ရပ်တည်ဖို့ အခက်အခဲ ဖြစ်လာပါတယ်။ ပြင်ဆင် ထိန်းသိမ်းခ မတတ်နိုင်တဲ့အတွက် ဘုရားကျောင်း အချို့ကို မြေနေရာနဲ့ အဆောက်အဦးပါ ရောင်းချရတဲ့ အထိ ဖြစ်လာပါတယ်။ အဲဒီမှာ ပေါက်တတ်ကရ လုပ်တတ်တဲ့ ကောင်တွေနဲ့ တွေ့တော့ ဘုရားကျောင်း အဆောက်အဦးနေရာကို နိုက်ကလပ် ဖွင့်လိုဖွင့်၊ အရက်ဘားဖွင့်လို့ဖွင့်နဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေကြ ပါတော့တယ်။ အဲဒါကြောင့် နောက်ပိုင်းမှာ ဘုရားကျောင်းတွေ ရောင်းချတဲ့ နေရာမှာ အထူးပြုတဲ့ ဘုရားကျောင်း ပွဲစားဆိုတာ ပေါ်လာတဲ့ အထိပါပဲ။ သူတို့ရဲ့ အဓိက အလုပ်က ဘုရားကျောင်းကို ပြတိုက်လိုမျိုး အတည်အတံ့ အလုပ်လုပ်မယ့်သူမျိုးကို ရှာဖွေပြီး ရောင်းပေးရတဲ့ အလုပ်မျိုးပါ။

အဲဒီကနေပြီး သူ့သမီး အကြောင်း စကားစပ်လို့ ပြောမိကြပါတယ်။ သူ့သမီးက အသက် ၆နှစ်လောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် စနေတနင်္ဂနွေလို နေ့မျိုးဆိုရင် သူ့သမီးရဲ့ သူငယ်ချင်း ကလေးလေးတစ်ယောက်က သူတို့အိမ်မှာ လာအိပ်ပါတယ်။ အဲဒီလိုပဲ တစ်ချို့အပတ်တွေမှာ သူ့သမီးက သူငယ်ချင်းအိမ် သွားအိပ်ပါတယ်။ ကျွန်တော့် စိတ်ထဲမှာတော့ ကလေးတွေ အဲဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ဘာသာသူ လွှတ်ပေး ထားတာကို အတော် သဘောကျပါတယ်။ နောက်တော့ ဆက်ပြီး ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးတဲ့ (Corporal punishment) အကြောင်း ပြောဖြစ် ကြပါတယ်။ ကျွန်တော်က စင်ကာပူမှာ “spare the rod, spoiled the child” (တုတ်ကို ခွေျတာတာဟာ ကလေးကို ဖျက်ဆီးတာပဲ။) လို့ ပြောနေတတ်ကြတဲ့ အကြောင်း ပြန်ပြောပြတော့ သူက စင်ကာပူက လူတွေ အတော် ဆိုးတဲ့ လူတွေပဲ လို့ ပြောပါတယ်။ အမှန်တကယ်တော့ ကျွန်တော် ကိုယ်တိုင်လည်း ကလေးတွေကို ရိုက်နှက် ဆုံးမတာကို လက်သင့် ခံချင်တဲ့သူ မဟုတ်ပါဘူး။ ကျွန်တော် စိတ်ဝင်စားလို့ သူ့သမီးကို ဘယ်လို ဆုံးမသလဲ ဆိုတာကို စပ်စု ကြည့်ပါတယ်။ သူပြောပြချက်အရ “ကလေးကို ပြောမရရင် သူ့ကို အခန်းထောင့်တစ်နေရာ ပို့ပြီး လုံးဝ ဥပေက္ခါ ပြုထား လိုက်တာပဲ။ သူစကား ပြောရင်လည်း ငါတို့ ပြန်မပြောဘူး။ သူဘာပြောပြော ဂရုမစိုက်ဘူး။ အဲဒီလိုမျိုး လုပ်ထား ပေးလိုက်တော့ သူ့အတွက် နောက်ပိုင်းမှာ အဲဒီလို မဟုတ်တာလုပ်ရင် လူ့အဖွဲ့အစည်းက ဝိုင်းကြဉ်တာ ခံရမယ်ဆိုတာကို တစ်ခါတည်း ခေါင်းထဲ ရိုက်သွင်းပြီးသား ဖြစ်သွားရော။” လို့ သူက ကျွန်တော့်ကို ရှင်းပြပါတယ်။

တစ်ချို့ကိစ္စတွေက အတုယူစရာ ကောင်းတဲ့ ကိစ္စတွေ ဖြစ်ပြီးတော့ တစ်ချို့ ကိစ္စတွေ ကတော့ စဉ်းစားစရာ တစ်ခုခု ခေါင်းထဲမှာ ကျန်ခဲ့တဲ့ ကိစ္စတွေပါ။ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ တိုးတက်မှု အနေနဲ့ ယှဉ်ကြည့်မယ် ဆိုရင် စင်ကာပူနဲ့ ဟော်လန် သိပ်မကွာလှပါဘူး။ လူ့အခွင့်အရေးကို လေးစား လိုက်နာမှုနဲ့ တိုးတက်တဲ့ လူ့အဖွဲ့အစည်း တစ်ခုရဲ့ တွေးခေါ် ယူဆမှု တွေမှာတော့ စင်ကာပူနဲ့ ဟော်လန်ဟာ အပြတ်အသတ်ကို ကွာလွန်းတယ် ဆိုတာ သတိပြုခဲ့ မိပါတယ်။

Monday, December 29, 2008

စန်တီယာဂိုဒီ ကွန်ပိုစတယ်လာ

စပိန်လို့ ပြောလိုက်ရင် ဘောလုံးပွဲ ကြည့်နေကြ သူတွေကတော့ မက်ဒရစ် (Madrid) ၊ ဘာစီလိုနာ (Barcelona) စတဲ့ နာမည်တွေနဲ့ ရင်းနှီးကြမှာပါ။ စန်တီယာဂိုဒီ ကွန်ပိုစတယ်လာ (Santiago De Compostella) ဆိုတဲ့ မြို့ကို ကြားဖူးတဲ့သူ နည်းပါလိမ့်မယ်။ ခရစ်ယာန် ဘုရားဖူးတွေ အတွက်တော့ ထင်ရှားတဲ့ မြို့တစ်မြို့ပါ။ တိုးတက်တဲ့ နိုင်ငံတွေမှာ စက်ရုံတွေက အလုပ်သမားခနဲ့ မြေနေရာ ဈေးသက်သာတဲ့ မြို့ငယ်လေးတွေမှာ ရှိတတ်တာ များပါတယ်။ ကျွန်တော်တို့လို စက်ရုံတွေနဲ့ ဆက်စပ်ပြီး အလုပ်လုပ် နေရတဲ့သူတွေ သွားဖြစ်ရင်လည်း အဲဒီလို မြို့ငယ်ကလေးတွေကို သွားဖြစ်တာ များပါတယ်။

ကျွန်တော် သွားခဲ့တုန်းက ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ် လေဆိပ်ကနေ စပိန်နိုင်ငံ မက်ဒရစ်ကို လေယာဉ်စီးပြီး မက်ဒရစ် ကမှတဆင့် ပြည်တွင်း လေကြောင်းလိုင်းကို ထပ်စီးပြီး သွားရပါတယ်။ အဲဒီမြို့ကလေးက တောင်ကုန်းတောင်တန်းတွေ ကြားမှာ ရှိတဲ့ မြို့ကလေးတစ်မြို့ပါ။




ကျွန်တော်တို့ ရောက်ရောက်ချင်း စတွေ့ရတဲ့ အခက်အခဲကတော့ ဘာသာစကား အခက်အခဲပါ။ ကျွန်တော်တို့ သွားတဲ့စက်ရုံက ဝန်ထမ်းတွေ အားလုံးနီးပါး စပိန်လိုပဲ ပြောကြပါတယ်။ အင်္ဂလိပ်လို လုံးဝမပြောကြပါဘူး။ ကျွန်တော်တို့နဲ့အတူ သွားခဲ့တဲ့ ဌာနေကိုယ်စားလှယ် ပေါ်တူဂီအင်ဂျင်နီယာ ဗက်စ်ကိုက စပိန်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့ အတွက် အဆင်ပြေ သွားပါတယ်။ ပထမဦးဆုံးနေ့ အစည်းအဝေးမှာ ကတည်းက အဲဒီကုမ္ပဏီက လူတွေ အားလုံးက စပိန်လိုပြောပြီး ကျွန်တော်တို့က အင်္ဂလိပ်လို ပြောကြပါတယ်။ ဗက်စ်ကို က ကျွန်တော်တို့ကြားမှာ ဘာသာပြန် ပေးပါတယ်။ ကျွန်တော်ကလည်း အဲဒီအချိန်က စပိန်စကား ဆိုရင် ဂရားဆိရ (Gracias) ဆိုတဲ့ ကျေးဇူးတင်ပါတယ် စကားတစ်လုံးကလွဲရင် ဘာမှ မတတ်ပါဘူး။ မယ်ဂူးစတာ့ (Me Gustas) တို့ တီရန်းနယ့် နိုဗီယို (Tienes novio)တို့ တယ်ကီရဲရို (Te quiero) တို့က နောက်မှ တတ်တာပါ။ :D
  • Me Gustas = I like you
  • Tienes novio = Do you have boyfriend?
  • Te quiero = I love you
အဲဒီစက်ရုံက ကျွန်တော်တို့ ရောက်သွားတော့ ဆောက်လက်စ အနေအထားမှာပဲ ရှိပါသေးတယ်။ အော်ပရေတာ ၃ ယောက်နဲ့အတူ စက်ရုပ်တွေ အများကြီး နဲ့ လည်ပတ်နေတဲ့ ကုန်ထုတ်လုပ်ရေးလိုင်း တစ်လိုင်း ရှိပါတယ်။ ကျွန်တော့်အတွက်တော့ အကြီးအကျယ် ပြသနာပါ။ ဘာလို့လဲ ဆိုတော့ အပူပေးစက်မရှိလို့ပါ။ အပြင်မှာ အပူချိန်က ၃ဒီဂရီ အောက်မှာပဲ အမြဲရှိတော့ ကျွန်တော့်မှာ အလုပ်ချိန် အပြည့် အနွေးထည် အင်္ကျီဝတ်ထားရပြီး ဒုက္ခအကြီးအကျယ် တွေ့နေပါတယ်။

ဒါပေမယ့် အဲဒီစက်ရုံက ဝန်ထမ်းတွေ အားလုံးက ပျော်တတ်ကြပါတယ်။ ကျွန်တော်တို့ ထရိန်နင်ကာလ တလျှောက်လုံး စပိန်လို ရယ်စရာတွေ ပြောလိုက် နောက်လိုက် ပြောင်လိုက်နဲ့ အတော် ပျော်စရာ ကောင်းပါတယ်။ ဗက်စ်ကိုကတော့ တပတ်လုံးလုံး ကျွန်တော်တို့နဲ့ စက်ရုံက ဝန်ထမ်းတွေ ကြားမှာ စကားပြန်ပေါ့။ သူတို့ကလည်း အံ့သြစရာ ကောင်းလောက်အောင်ကို အင်္ဂလိပ်လို တစ်ခွန်းမှကို မပြောကြတာပါ။ စက်ရုံမှာတွင် မကပါဘူး။ ဟိုတယ်မှာလည်း ပြသနာ တက်ပါတယ်။ ဟိုတယ်က ဧည့်ကြို ကောင်မလေးကို အင်တာနက် သုံးလို့ ရသလား မေးတော့ "Please speak Spanish." လို့ အင်္ဂလိပ်လို ပြောပါတယ်။ အဲဒါနဲ့ လက်လျှော့လိုက်ရပါတယ်။

အဲဒီမှာ ထူးထူးခြားခြား ယမကာ တစ်မျိုးကို မြည်းခွင့် ရခဲ့ပါတယ်။ အဲဒါကတော့ ဘလက်ကော်ဖီထဲကို ဝီစကီ လောင်းထည့်ထားတာပါ။ ညစာစားပြီးချိန် သောက်ရင် အရမ်းကို သောက်လို့ကောင်းပါတယ်။ သူတို့ အပြောအရတော့ ဝီစကီထဲကို ကော်ဖီ လောင်းထည့်တာနဲ့ ကော်ဖီထဲကို ဝီစကီလောင်းထည့်တာ မတူဘူးလို့ ဆိုပါတယ်။ စားသောက်ဆိုင် နံရံမှာ သူတို့ မြို့က နွားရိုင်းသတ်သမားတွေရဲ့ နာမည်ကို ပိုစတာအကြီးကြီးတစ်ခု အနေနဲ့ ချိတ်ထားပါတယ်။

စားသောက်ဆိုင်မှာ ထိုင်ပြီး စကားပြောရင်း စပိန်နိုင်ငံနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ် ကြားခဲ့ရပါတယ်။ ကျွန်တော့် မိတ်ဆွေနဲ့ အခြားစပိန် အင်ဂျင်နီယာ တစ်ယောက် သိပ်မကြာသေးခင်က စက်ပြင်ဖို့ စပိန်နိုင်ငံမှာ ရှိတဲ့ GUIPUZCOA နယ် ကို ရောက်သွား ခဲ့ပါတယ်။ တစ်နေ့ စက်ရုံကနေ ဟိုတယ်ကို ပြန်လာတော့ လမ်းမှာ လူတစ်စုက သူတို့ ကားကို တားပါတယ်။ ကားကို တားတဲ့သူတွေ အကုန်လုံး မျက်လုံးနဲ့ ပါးစပ် ပဲ အပေါက်ဖောက်ထားတဲ့ အကြမ်းဖက်သမား တွေဝတ်တဲ့ ခေါင်းစွပ်မျိုး တွေဝတ်ထားကြပါတယ်။ ပိုဆိုးတာက သူတို့အထဲက ၂ယောက်က ကားကို စက်သေနတ်နဲ့ တည့်တည့်ချိန် ထားပါတယ်။ ရုတ်တရက် ဆိုတော့ သူတို့ အားလုံး လန့်ဖြန့်သွားပါတယ်။ ဒါပေမယ့် ကားရပ်ပေး လိုက်တော့မှ ကားမောင်းတဲ့သူကို အရက်သောက် လာသလား ဆိုတာ Alcohol Test လုပ်ဖို့တားတဲ့ ယာဉ်ထိန်းရဲတွေ ဆိုတာ သိရပါသတဲ့။ နယ်ခံတွေကတော့ သူတို့ နယ်မှာ ကြမ်းလွန်းလို့ ခေါင်းစွပ်စွပ်မထားရင် နောက်နေ့ သေနတ်နဲ့ ချောင်းပြီး အပစ်ခံရနိုင်လို့ ဒါမှမဟုတ် ကားထဲမှာ ဗုံးလာထည့်သွားနိုင်လို့ ယာဉ်ထိန်းရဲတွေ အားလုံး အဲဒီလို ဝတ်ရပါတယ် လို့ ရှင်းပြကြ ပါတယ်။




အပေါ်က ပုံတွေက စန်တီယာဂိုဒီ ကွန်ပိုစတယ်လာ မြို့ရဲ့ ဓာတ်ပုံတွေပါ။ အမှန်တကယ်ကတော့ အဲဒီမြို့ကလေးက ဒီထက်မက အများကြီး လှပါတယ်။ ပြန်ခါနီးမှ ဓာတ်ပုံရိုက်ဖို့ သတိရလို့ လေဆိပ်မဆင်းခင် နေ့လည်စာစားတဲ့ စားသောက်ဆိုင်နား လှည့်ပတ်ရိုက်လာတဲ့ ပုံတွေပါ။

Thursday, November 27, 2008

ချက်ရီပတ်ဘလစ် သို့ ပထမဦးဆုံးနေ့

ဟော်လန်မှ စက်ရုံတစ်ရုံရှိ ကျွန်တော်တို့ ကုမ္ပဏီမှ ရောင်းထားသော စက်တစ်လုံးတွင် ဆော့ဖ်ဝဲပြင်ရေးပေးရန် အတွက် ဥရောပသို့ သွားဖြစ်ဖို့ အကြောင်း ဖန်လာသည် ။ ကျွန်တော် သွားခါနီးအချိန်ထိ ဘာပြင်ရေးရမည်ကို မသိသေး။ အရောင်းမန်နေဂျာ တွေကလည်း သူတို့လည်း စက်ရုံမှ ဘာလိုအပ်သည်ကို နားမလည်။ တစ်ခါတည်းသာ လာပြီး စကားပြောလှည့်ပါ ဟုခေါ်သည်။ သို့သော် ထိုမျှနှင့်မပြီး။ သူတို့က အဆစ် တောင်းသေးသည်။ ဥရောပရှိ အခြား ဆော့ဖ်ဝဲပြသနာများကိုလည်း သူတို့ရုံးမှ အင်ဂျင်နီယာများနှင့် အတူတူ ဖြေရှင်းပေးဖို့ အကူအညီတောင်းကြသည်။

ခရီးမထွက်ခင်အထိ ဘယ်လောက်ကြာမည်ကို ရေရေရာရာမသိ။ အနည်းဆုံး ၂ ပတ် နှင့် အများဆုံး ၁ လဟုသာ ပြောလိုက်ကြသည်။ စင်ကာပူရုံးမှ အမ်စတာဒမ် အသွားအပြန် စင်ကာပူ လေကြောင်းလိုင်းဖြင့် လက်မှတ်တစ်စောင် ပေးလိုက်သည်။ ပထမဆုံးသွားရမည့် နိုင်ငံမှာ ချက်သမ္မတနိုင်ငံ (Czech Republic) ဖြစ်သည်။

ဥရောပတွင်း ကူးသန်းသွားလာရန် လေယာဉ်ခရီးစဉ်များကို စင်ကာပူတွင် လက်မှတ်ဝယ်ပါက အလွန်ဈေးကြီးသည်။ တစ်ခါတစ်ရံ ခရီးစဉ်တစ်ခုကို စင်ကာပူဒေါ်လာ တစ်ထောင်နီးပါးမျှပင် ကွာတတ်သည်။ ထို့ကြောင့် ကျွန်တော် ဥရောပနိုင်ငံများအတွင်း သွားလာရန် ကိစ္စရှိပါက စင်ကာပူရုံးမှ ဥရောပသို့ အသွားအပြန် လေယာဉ်ပျံလက်မှတ်သာ ဝယ်ပေးလေ့ရှိပြီး ကျန်သော ခရီးစဉ်များကို ဥရောပ ရုံးခွဲမှပင် စီစဉ်ပေးလေ့ရှိသည်။

အမ်စတာဒမ် ရောက်ပြီးနောက် ချက်သမ္မတနိုင်ငံပိုင် စီအက်စ်အေ လေကြောင်းလိုင်းကို ပြောင်းစီးရသည်။ ဥရောပရုံးမှနေ၍ အမ်စတာဒမ် မှ ချက်ရီပတ်ဘလစ်၏ မြို့တော် ပရက်ဂ်(Prague) အသွားအပြန် လေယာဉ်လက်မှတ်ကို အီးမေးလ်ဖြင့် လှမ်းပို့ပေးထားခြင်း ဖြစ်သည်။ စီအက်စ်အေ သည် ဘတ်ဂျက်လေကြောင်းလိုင်း မဟုတ်သော်လည်း လေယာဉ်ပေါ်တွင် ဘာမှ အလကားမကွေျးပါ။ ကော်ဖီကအစ ဝယ်သောက်ရသည်။ ကျွန်တော့်တွင် ယူရို ၅၀ တန်သာ အသေးဆုံး ပါလာသဖြင့် အမ်းစရာမရှိ၍ လေယာဉ်ပေါ်တွင် ကော်ဖီတော့ အလကားသောက်လိုက်ရသည်။

ပရက်ဂ်ဆိုသော နာမည်မှာ ကျွန်တော်နှင့် စိမ်းသောအမည်တော့ မဟုတ်ပါ။ ကမ္ဘာကျော် စာရေးဆရာ ဖရန့်ဇ်ကဖ်ကာ နှင့်ပတ်သက်ပြီး ထိုမြို့၏ အမည်ကို ကြားဖူးနေသည်။ သို့သော် ချက်သမ္မတနိုင်ငံ၏ မြို့တော်ဖြစ်ကြောင်းကိုတော့ မသွားမီကမှ သိခြင်းဖြစ်သည်။ ကျွန်တော် ရောက်သွားတော့ ပရက်ဂ်လေဆိပ် အဆောက်အဦးမှာ ဖွင့်ကာစ အသစ်စက်စက်ပင်ရှိသေးသည်။ ပရက်ဂ်လေဆိပ်တွင် ထူးခြားချက်တစ်ခုကို သတိပြုမိသည်မှာ စီအက်စ်အေ မှလွဲ၍ အခြားလေကြောင်းလိုင်းမှ လေယာဉ် သိပ်မရှိခြင်းပင်ဖြစ်သည်။ ဗြိတိသျှ အဲယားဝေး နှင့် အဲယားဖရန့် မှ လေယာဉ်အချို့ကိုတော့ လေဆိပ်ထဲတွင် ရပ်ထားသည်ကို တွေ့ရသည်။

ချက်ရီပတ်ဘလစ်မှာ ထိုစဉ်က ရှန်ဂန်နိုင်ငံ မဖြစ်သေးသဖြင့် ဗီဇာသတ်သတ် ထပ်ယူရသည်။ ကျွန်တော် ဗီဇာစောင့်နေသဖြင့် တစ်ရက် နှစ်ရက်ခန့် နောက်ကျပြီးမှ ရောက်လာခြင်းဖြစ်သည်။ ကျွန်တော်တို့ ဥရောပရုံးခွဲမှ ဒတ်ခ်ျအင်ဂျင်နီယာက ပါဒူဘီဆေး(Pardubice) က စက်ရုံမှာပင် စောင့်နေမည်။ ဌာနေကိုယ်စားလှယ် တစ်ယောက်ကို အကြိုလွှတ်လိုက်မည်ဟု ကျွန်တော့်ကို လှမ်းပြောထားသည်။ ဒေသခံကိုယ်စားလှယ်က ကျွန်တော့်အမည် ရေးထားသော ဆိုင်းဘုတ်ကို ကိုင်၍စောင့်နေသည်။ ကျွန်တော် သူနှင့်တွေ့ပြီး လက်ဆွဲနှုတ်ဆက်တော့ သူကျွန်တော့်အမည်ကို ပီသအောင် မခေါ်တတ်။ ကျွန်တော်ကလည်း နည်းနည်း အရွဲ့တိုက် တတ်သည်။ အချိန်ပိုင်း အလုပ်လုပ်တုန်းက အင်္ဂလိပ်အမည် ရှိသော်လည်း ကျွန်တော် ကျောင်းပြီးသည်နှင့် ထိုအမည်ကို ဖျောက်ပစ်လိုက်သည်။ ငါတို့တောင် သူတို့နာမည် လိုက်ခေါ်ရသေးတာ သူတို့လည်း ငါ့မြန်မာနာမည် ခေါ်တတ်အောင် ခေါ်ပေ့စေ ဆိုပြီး အရွဲ့တိုက်ခြင်း ဖြစ်သည်။

ကျွန်တော်တို့ နှစ်ယောက်သား လေဆိပ်မှ စထွက်သည်နှင့် ပြသနာ စကြုံရသည်။ ကျွန်တော့်ကို လာကြိုသော ချက်လူမျိုးက သူ၏ ယာဉ်ရပ်နား လက်မှတ် ပျောက်သွားသဖြင့် ကားကို လေဆိပ်အပြင်သို့ ပြန်ထွက်၍မရ။ ဂိတ်ဝရောက်မှ ကျွန်တော်တို့ ပျားတုတ်နေသည်။ နောက်ဆုံး ရှာမတွေ့သည့်အဆုံးတွင် ကားကို နောက်ပြန်ဆုတ်၍ အခြားကားတစ်စီး၏ နောက်မြီးကို ကပ်လိုက်ပြီး မောင်းတံ ပြန်မကျလာခင် လိုက်ထွက်ရသည်။ သူတို့လည်း ငါတို့လို ပေါက်တတ်ကရ လုပ်ကြတာပဲဟုတော့ တွေးမိသည်။

ပရက်ဂ်မှ ပါဒူဘီဆေးသို့ ၂ နာရီခန့်မျှ ကားမောင်းရသည်။ ပါဒူဘီဆေးတွင် လက်နက်စက်ရုံ နှင့် အီလက်ထရွန်းနစ် စက်ရုံများရှိသည်။ ချက်မှ ဌာနေကိုယ်စားလှယ်နှင့် ကျွန်တော် ကားပေါ်တွင် အတော်ပင် လေပေးဖြောင့် လာကြသည်။ သူက ကျွန်တော့်ကို ဥရောပသို့ ဒါပထမဆုံးအကြိမ် ရောက်တာလား ဟုမေးသည်။ ကျွန်တော်က အင်္ဂလန် နှင့် အိုင်ယာလန်တော့ ရောက်ဖူးကြောင်းပြောတော့ သူက အင်္ဂလန်နှင့် အိုင်ယာလန်မှာ ဥရောပမဟုတ် ကျွန်းတွေသာ ဖြစ်သည်ဟု ပြောသည်။ သူဘာလို့ အဲဒီလို ပြောသလဲတော့ နားမလည်ပါ။ ဘယ်လိုပဲပြောပြော ကမ္ဘာ့ပထဝီတွင်တော့ ယူကေသည် ဥရောပတိုက်အတွင်းမှာပင် ရှိပါသည်။

သူ့ထံမှ ချက်ကိုစလိုဗက်ကီးယားမှ ချက်သမ္မတနိုင်ငံ နှင့် စလိုဗက်ကီးယား နှစ်နိုင်ငံ ကွဲထွက်သွားသည့် အကြောင်းတွေ၊ သူတို့ ငယ်ငယ်တုန်းက ရုရှားစာကို ဆယ်စုနှစ်တစ်ခုမျှ သင်ခဲ့ရသည့် အကြောင်းတွေ စသည်ဖြင့် ချက်သမ္မတနိုင်ငံ အကြောင်းစုံစုံလင်လင် သိရသည်။ သူတို့သည် ကွန်မြူနစ်အစိုးရကို ၁၉၈၉ ခုနှစ်တွင် ဖြုတ်ချခဲ့သည်။ ယခုအခါ သူတို့နိုင်ငံသည် ဒီမိုကရေစီ၏ အသီးအပွင့်များကို ခံစားနေရပြီဖြစ်သည်။

ဒီမိုကရေစီ၏ အသီးအပွင့်သာ မဟုတ်။ သူတို့နိုင်ငံတွင် သာမန်အသီးအပွင့်များလည်း အများအပြား စားရန်ရှိသည်။ လမ်းဘေးဝဲယာတလျှောက်တွင် သစ်သီးပင်များ အများအပြားစိုက်ပျိုးထားသည်။ ပန်းသီးစိမ်းများ ၊ ပန်းသီးနီများ နှင့် အခြားအသီး ပေါင်းစုံတို့ဖြစ်သည်။ သူ၏ အပြောအရ ကွန်မြူနစ်အစိုးရ လက်ထက်က ပြည်သူတို့ ဆင်းရဲလွန်းသဖြင့် တစ်မြို့မှတစ်မြို့ လမ်းလျှောက်သွားကြရသည်။ လမ်းတွင် ဗိုက်ဆာလျှင် စားစရာမရှိသဖြင့် နောက်လူများ ခူးဆွတ်စားနိုင်ရန် သစ်ပင်များ စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်းပင် ဖြစ်သည်။

လမ်းတွင် ရဲတိုက်ကြီးတစ်ခုကိုလည်း တွေ့ရသည်။ ချက်မိတ်ဆွေ၏ အပြောအရ ၁၇ ရာစုမှ ဆောက်လုပ်ခဲ့သော ရဲတိုက်ကြီးဟု သိရသည်။ ဘာဖြစ်လို့မှန်းတော့ မသိ။ ရဲတိုက်ကြီးတွေကို မြင်လျှင် ကျွန်တော် အတော် သဘောကျတတ်သည်။ ကျွန်တော်လည်း ချက်လူမျိုး စကားဆို၍ မသင်ရဘဲ တစ်လုံးတော့ တတ်ခဲ့ပါသည်။ "ဘဲဘဲဘဲ" ဆိုသည်ကို ရေဒီယိုကြော်ငြာတွင် ခဏခဏကြားရတော့ နောက်တော့ "ဘဲဘဲဘဲ" ဆိုသည်မှာ "www" ကို ခေါ်ကြောင်း သဘောပေါက်သွားသည်။

လမ်းတွင် လမ်းနံဘေးက စားသောက်ဆိုင် တစ်ဆိုင်တွင် ရပ်နား၍ နေ့လည်စာ စားကြသည်။ သူတို့လည်း ထမင်းစားကြောင်း သိရသဖြင့်တော့ အံသြမိသည်။ ဆိုင်တွင် အသားကင် သို့မဟုတ် ငါးကင်ကို ထမင်း၊ အာလူးပြုတ် သို့မဟုတ် Dumpling ကြိုက်ရာဖြင့် မှာ၍ရကြောင်း ပြောသည်။ ကျွန်တော်လည်း စင်ကာပူက လာတဲ့ကောင်ပဲလေ။ ဘာရလိမ့် မလဲ။ Dumpling ဆိုတာ ဖက်ထုပ်ကို စင်ကာပူမှာ ခေါ်တာတော့ သိထားသည်ပေါ့။ အဲဒါကြောင့် Dumpling နဲ့ ဝက်သားကင် တစ်ပွဲဆိုပြီး မှာလိုက်သည်။

စားစရာတွေ ရောက်လာတော့ ဝက်သားကင်နှင့်အတူ ပြုတ်ထားသလား ကြော်ထားသလား ပြုတ်ကြော်ပဲလုပ်ထားသလား မသိသော အရွက်များ ပါလာသည်။ အဲဒါဘာလဲ ဟု ကျွန်တော့်အဖော်ကို မေးတော့ Dumpling ဆိုတာ အဲဒါပဲဟု သူကပြောသည်။ မှားတဲ့အခါလည်း မှားပေမပေါ့။ ရောက်လာမှ တော့လည်း မထူးပါဘူး သဘောပိုက်၍ ထိုအရွက်တွေကိုပဲ ကုန်အောင် စားရသည်။

ကျွန်တော် စက်ရုံကို ရောက်သွားတော့ နေ့လည် ၂ နာရီခွဲခန့်ရှိနေပြီ ဖြစ်သည်။ စက်ရုံမှ ကျွန်တော်တို့ စက်တွင် ဆော့ဖ်ဝဲက နည်းနည်း ဒုက္ခပေးနေသည်။ ပြသနာတစ်ခုကိုတော့ စင်ကာပူမှာ ကတည်းက ရှာတွေ့ပြီးဖြစ်သည်။ စက်မှာ ပစ္စည်းတစ်ခုကို လေဆာဖြင့် နံပါတ်ရိုက်ပြီး၍ စက်ထဲမှ ထွက်တော့မည်ဆိုတိုင်း ၁မိနစ်ခွဲ ၂ မိနစ်ခန့် အမြဲရပ်နေပြီးမှ ဆက်၍ အလုပ်လုပ်လေ့ရှိသည် ဆိုတာ စက်ရုံမှ ကြားရသည်။ ကျွန်တော် ဆော့ဖ်ဝဲကို ဖွင့်ကြည့်တော့ ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက် ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်၏ ပညာစွမ်းများကို မြင်ရသည်။

ကျွန််တော်တို့ စက်မှာ စက်ရုံရှိ Oracle Database နှင့် ချိတ်ထားသဖြင့် ပစ္စည်းတစ်ခု တွင် နံပါတ်ရိုက်ပြီးတိုင်း ရိုက်ထားသမျှ နံပါတ်တို့ကို Oracle Database မှာ သွားရေးထားရသည်။ ပုံမှန်အားဖြင့် "Insert xxx" စသည်ဖြင့် SQL Statement ကို ရေးလေ့ရှိသော်လည်း သူက ထိုသို့မရေးပဲ "Select *" ဖြင့် ရှိသမျှ ဒေတာ အကုန်လုံးကို Recordset ပေါ်သို့ ဆွဲချသည်။ ထို့နောက်တွင်မှ နံပါတ်အသစ်များ ကို Recordset ထဲတွင် ထည့်၍ Recordset တစ်ခုလုံးကို ဒေတာဘေ့စ်ထဲသို့ Update လုပ်သည်။ အမှန်တကယ်ကတော့ ထိုနည်းမှာ VB6 စာအုပ် အတော်များများတွင် အလွယ်သင် ရေးထားသော နည်းဖြစ်သည်။ အခုအခါတွင် ဒေတာဘေ့စ်ထဲတွင် အချက်အလက် သောင်းချီပြီး ရှိနေသဖြင့် Select လုပ်ရသောအချိန်နှင့် RecordSet တစ်ခုလုံးကို ပြန်၍ Update လုပ်ရသော အချိန်မှာ မိနစ်ပိုင်းမျှ ကြာနေခြင်း ဖြစ်သည်။ ထိုပြသနာမှာ SQL Statement ကို "Select *" မှ "Insert xxx" ပြင်၍ ကုတ်ဒ်အနည်းငယ် ပြင်ရေးလိုက်သည်နှင့် အဆင်ပြေသွားသည်။

အခြားပြသနာများကတော့ အသေးအမွှားကလေးများသာ ဖြစ်သည်။ ထိုညနေတွင်ပင် ပြသနာ အချို့ကို ဖြေရှင်း၍ ပြီးသွားသည်။ ကျွန်တော်တို့ကို စက်ရုံမှ အင်ဂျင်နီယာ တစ်ယောက်က ညနေစာ စားရန်အတွက် ဆိုင်ကောင်းကောင်း တစ်ဆိုင် ညွှန်ပေးလိုက်သည်။ ထိုစားသောက်ဆိုင်က ကျွန်တော်တို့တည်းခိုသော ဟိုတယ်အနီးတွင် ပင်ဖြစ်သဖြင့် လမ်းလျှောက်၍သွားကြသည်။ ဆိုင်ရောက်တော့ ရေးထားသမျှ မီနူးတွေက အင်္ဂလိပ်လိုမရှိ။ ဂျာမန်ဘာသာ နှင့် ချက်ဘာသာ ၂ မျိုးဖြင့်သာရှိသည်။ ကျွန်တော့်ရုံးမှ ဒတ်ခ်ျအင်ဂျင်နီယာက ဂျာမန်လို ကောင်းကောင်းတတ်သဖြင့် သူက ကျွန်တော့်ကို ဖတ်ပြသဖြင့်သာ အဆင်ပြေသွားသည်။ ထိုနေ့က ပေါင်မုန့်အတွင်းတွင် အပေါက်ဖောက်၍ ထည့်ထားသော ဟင်းချိုကို ပထမဦးဆုံးအကြိမ် မြည်းစမ်းဖူးခြင်း ဖြစ်သည်။

ကျွန်တော်တို့ ပြန်လာတော့ လမ်းတွင် လမ်းလျှောက်နေသူများ ဘတ်စ်ကား စောင့်နေသူများကို တွေ့ရသည်။ ကျွန်တော်တို့အတွက် ဟိုတယ်က နီးသဖြင့် ကိစ္စမရှိသော်လည်း သူတို့ကိုတော့ သနားမိသည်။ အပြင်တွင် ဆောင်းရာသီက မေရိုးခိုက်အောင် အေးသည်မဟုတ်လား။ သို့သော် ဤနိုင်ငံမှာ ဆင်းရဲသော နိုင်ငံဖြစ်သဖြင့် အိမ်မဲ့ယာမဲ့များပင် အများအပြားရှိသေးသည်။ မြို့တော်ဖြစ်သော ပရက်ဂ်တွင်တော့ ဆောင်းရာသီတွင် အိမ်မဲ့ယာမဲ့များ နေနိုင်ရန် ယာယီတဲကြီးများကို စည်ပင်သာယာမှ စီစဉ်ပေးထားသည်ဟု သတင်းစာတွင် ဖတ်ရသည်။

ချက်ရီပတ်ဘလစ်မှ ကောင်မလေးများကို ကြည့်ရသည်မှာ အလွန်အဆင်ပြေပါသည်။ ကျွန်တော်တို့ အာရှမျက်စိဖြင့် ကြည့်ပါက ချောသည် ဟု မသတ်မှတ်နိုင်သောလည်း အခြားဥရောပသူများ နှင့် ယှဉ်ကြည့်ပါက ကြည့်လို့ အတော် အဆင်ပြေသည်ကိုတော့ သတိထားမိပါသည်။

ညဘက် ဟိုတယ်ပြန်ရောက်တော့ အခန်းထဲတွင် ဂြိုလ်တု တယ်လီဗွီရှင်း နှင့် ဝိုင်ယာလက်စ် အင်တာနက် ရှိသဖြင့် သိပ်တော့ မဆိုးလှပေ။ ဂြိုလ်တုတွင် လိုင်းပေါင်း ၈၀၀ ခန့် ပါသော်လည်း ဥရောပဂြိုလ်တုဖြစ်သဖြင့် လိုင်းတော်တော်များများက ကိုယ်နားမလည်သော ဘာသာစကားများနှင့်ပြောနေသည်။ Victoria Secret ၏ ဖက်ရှင်ရှိုး နှင့် တီဗွီတွင် ကိုယ့်ဘာသာကိုယ် ကြော်ငြာနေသော မိန်းကလေးများကတော့ ကျွန်တော့်အတွက် နည်းနည်းထူးဆန်းနေသည်။ ယခင်က ဒါမျိုး တစ်ခါမှမတွေ့ဖူး၍ ဖြစ်သည်။

ကျွန်တော် အီးမေးလ်ဖွင့်၍ ရုံးသို့ ရီပို့တစ်စောင် လှမ်းရေး၍ပို့ပြီးနောက် အိပ်ယာပေါ်တွင် ခဏလှဲနေစဉ်ပင် အိပ်ပျော်သွားခဲ့သည်။ ထိုညက ဘယ်အချိန်အိပ်ပျော်သွားသလဲပင် သတိမထားမိလိုက်ပါ။

Wednesday, November 26, 2008

အမ်စတာဒမ် တစ်ခေါက် အလည်ရောက်ခြင်း

ဒုတိယအကြိမ် ဥရောပခရီးတွင် ဟော်လန်မှာ သောကြာ၊ စနေ နှစ်ညလောက် အိပ်ရဖို့ အကြောင်းဖန်လာသည်။ ကျွန်တော်တည်းခိုသော နေရာမှာ ကျွန်တော့် ရုံးခွဲနှင့်နီးသော အုတ်စ်ဟောက် (Oosterhout) ကျေးရွာကလေးမှာပင် ဖြစ်သည်။ ရုံးမှ အရောင်းမန်နေဂျာတစ်ယောက်က အမ်စတာဒမ်သို့ သွားရမည့် လမ်းကြောင်းကို လမ်းညွှန်ပေးသည်။ အုတ်စ်ဟောက်မှ ဘရယ်ဒါ(Breda) သို့ ဘတ်စ်ကားစီးသွားရန် နှင့် ဘရယ်ဒါမှတဆင့် ရထားစီးပြီး အမ်စတာဒမ်သို့ သွားနိုင်ကြောင်း ပြောပြသည်။ ကျွန်တော့်စိတ်ထဲတွင် ထင်နေသည်မှာ ဘရယ်ဒါမှ နာရီဝက် ၄၅မိနစ်လောက် ရထားစီးလျှင် အမ်စတာဒမ်သို့ ရောက်လိမ့်မည် ဟူ၍ဖြစ်သည်။ အမှန်တကယ်တော့ ဘရယ်ဒါမှ အမ်စတာဒမ်အထိ ကီလိုမီတာ ၁၀၀ လောက်ဝေးမည် ထင်သည်။ ရထားစီးသောအခါတွင် ၂ နာရီခန့်မျှ စီးလိုက်ရသည်။

ထိုနေ့က အမ်စတာဒမ်မြို့လယ်ခေါင်ရောက်တော့ ညနေ ၄ နာရီထိုး ခါနီးနေပြီ ဖြစ်သည်။ ထို့ကြောင့် ဝေးဝေးလံလံ ဘယ်ကိုမှ သွားဖို့ အချိန်မရှိတော့။ အမ်စတာဒမ် ဗဟို ဘူတာရုံနှင့် မနီးမဝေးတွင် အမ်စတာဒမ်မြို့၏ နာမည်ကျော် မီးနီရပ်ကွက်ရှိသည်။ ဒေသန္တရ ဗဟုသုတရရန် အလို့ငှာ ကျွန်တော် မီးနီရပ်ကွက်ထဲတွင် တစ်ပတ်လောက် လမ်းပတ်လျှောက်လိုက်သည်။ ဆောင်းမကုန် သေးသဖြင့် ရာသီဥတုက လေတစ်ချက်ဝှေ့လိုက်တိုင်း စိမ့်နေအောင်အေးသည်။

အမ်စတာဒမ် မီးနီရပ်ကွက်က စင်ကာပူရှိ ဂေလန်း ငါးပြတိုက်နှင့် မတူပဲနည်းနည်းတော့ ကွဲပြားသည်။ စင်ကာပူ ငါးပြတိုက်ရှိ မှန်အိမ်ထဲမှ ရေဆေးငါးကြီးများလို လက်ယပ်ပြီးတော့ မခေါ်ကြပါ။ အမ်စတာဒမ်မှ ငါးများက အိမ်ရှေ့တွင် စာရေးစားပွဲနှင့် ထိုင်ပြီး စာရေးသလို အလုပ်လုပ်သလို လုပ်နေကြသည်။ နောက်ဖက်တွင် မီးနီထွန်းထားသည်။ ငါးကန်စောင့်များကသာ တစ်ခါတစ်ရံ အပြင်ထွက်၍ လက်ခုပ်တီးခေါ်ကြခြင်း ဖြစ်သည်။ (ဘုရားပေးပေး ကျမ်းပေးပေး ကျွန်တော် အမ်စတာဒမ်တွင် ငါးမဖမ်းခဲ့ကြောင်းကိုတော့ ရဲရဲကြီး ပြောရဲပါသည်။ :D )

အမ်စတာဒမ်သည် စိတ်ဝင်စားစရာကောင်းသော မြို့တစ်မြို့ဖြစ်သည်။ မူးယစ်ဆေး အပျော့စားများကို မြို့လယ်ခေါင်ရှိ ကော်ဖီဆိုင်များတွင် တရားဝင် ဝယ်ယူသုံးစွဲနိုင်သည်။ နာမည်ကျော် ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး၏ ပြတိုက်ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကျော်ခဲ့သော နေ့စဉ်မှတ်တမ်းရေးသားသူ ဂျူးမလေး အင်နာဖရန့်၏ နေအိမ်ကို ပြတိုက်ဖွင့်ထားသည်။ သို့သော် ကျွန်တော် ထိုနေရာ သုံးခုစလုံး တစ်ခုမျှ မရောက်ခဲ့။ ဘယ်လိုသွားရမှန်း မသိ၍လည်း ဖြစ်သည်။

မီးနီရပ်ကွက်ကို တစ်ပတ်ပတ်ပြီးတော့ ကျွန်တော် ဝမ်းထဲမှ ဟာလာပြီ ဖြစ်သဖြင့် ဝမ်းဗိုက်ဖြည့်တင်းရန် ဆိုင်လိုက်ရှာရသည်။
ကျွန်တော် အိန္ဒိယစားသောက်ဆိုင် တစ်ဆိုင်တွင် ညနေစာစားရန် ရွေးချယ်လိုက်သည်။ ဆိုင်ထဲတွင် ကျွန်တော်သည် တစ်ဦးတည်းသော စားသုံးသူဖြစ်သည်။ ထမင်းဖြူ နှင့် မဆလာ ကြက်သားဟင်း မှာပြီး ညနေစာကို အဝစားလိုက်သည်။ စပိန်ရှိ မက်ဒရစ်လေဆိပ်မှာ ကျွန်တော် ဖြတ်သန်းသွားပြီး နှစ်ပတ်ခန့်အကြာ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ဗုံးပေါက်ခဲ့သည်။ ထို့ကြောင့် ဗုံးနှင့်ပတ်သက်၍ စိတ်ထဲတွင် နည်းနည်းဖျားနေသည်။ အခုလည်း ကျွန်တော်ထိုင်သောစားပွဲရှိ ကုလားထိုင် တစ်လုံးပေါ်တွင် အိတ်ကြီး အကြီးကြီးတစ်လုံး မြင်၍ စိတ်ထဲတွင် စနိုးစနောင့် ဖြစ်လာသည်။ ဆိုင်ထဲမှာလည်း တခြားစားသောက်သူက မရှိ။ ဆိုင်ရှင် ကို လှမ်းအော်ခေါ်ပြီး မေးတော့မှ ဆိုင်ရှင်က သူ့အိတ်ပါ။ စိတ်မပူပါနှင့်ဟု ပြောသည်။ ပြောပြောကစော ရောပေါ့ မွတ်တားရယ်ဟု ဆိုင်ရှင်ကို စိတ်ထဲတွင် ကြိတ်၍ မှတ်ချက်ပေးမိသည်။

ထမင်းစားပြီး ထွက်လာတော့ အမှတ်တရ လက်ဆောင်ပစ္စည်းရောင်းသော ဆိုင်ထဲသို့ ဝင်ခဲ့သည်။ “သင့်အိမ်တွင် အမှတ်တရ စိုက်ပျိုးရန် ဆေးခြောက်” ဟု စာရေးထားသည့် ဆေးခြောက် မျိုးစေ့ထုတ်ကို ကြည့်ရင်းနှင့်ပင် လည်ပင်းယားလာသည်။ စင်ကာပူ ပြန်သယ်သွား၍ မိလို့ကတော့ ချန်ဂီထောင်တွင် သွား၍ လည်ပင်း အယားဖျောက် ရနိုင်သည်။ ထို့ကြောင့် အမ်စတာဒမ် တံဆိပ်ပါသော ပက်ချင်ခွက်၊ သော့ကြိုး နှင့် တီရှပ် တစ်ထည်ကိုသာ အမှတ်တရအဖြစ် ဝယ်ခဲ့သည်။

ထိုဆိုင်မှ ထွက်ပြီး ခြေဦးတည့်ရာ လျှောက်လာခဲ့သည်။ စာအုပ်ဆိုင်တွေ့၍ ဝင်ကြည့်တော့ အပြာစာအုပ်များ ရောင်းသောဆိုင် ဖြစ်နေသည်။ ကျွန်တော့် တစ်သက်တွင် ဤမျှ များပြားသော အပြာစာအုပ်ကို တစ်ခါမှ မတွေ့ဖူးခဲ့။ အရင်တစ်ခေါက် ရွာပြန်တုန်းက မြန်မာပြည်ကို ဒီအချိန် ဘာသွင်းရင် ကိုက်မလဲ ဟုမေးသောအခါ ဘယ်အချိန်ပဲဖြစ်ဖြစ် အပြာစာအုပ်သာသွင်း။ ကိုက်စေရမယ် ဟု ပြန်ဖြေသော ရန်ကုန်မှ ကုန်သည်လုပ်နေသော သူငယ်ချင်းကိုပင် ပြေး၍သတိရမိသည်။

ဘရယ်ဒါသို့ ပြန်မည့်ရထားက ည ၁၁ နာရီခန့်အထိရှိသည် ဟုဆိုသည်။ အချိန်စောနေသေးသဖြင့် မြို့ထဲတွင် လမ်းပတ်လျှောက်နေမိသည်။ သွားရင်လာရင်းနှင့် ဘာညာသာရကာ ပြတိုက်ကို သွားတွေ့ရသည်။ ဖြစ်သည်။ အထဲ ဝင်ကြည့်တော့ စိတ်ဝင်စားစရာ ကောင်းသောအရာတွေ တွေ့ရသည်။ တရုတ်တို့ ရှေးခေတ်မှ ပြုလုပ်ခဲ့သော ကြွေထည်များ၊ ဂျပန်တို့ ထုလုပ်ခဲ့သော ပန်းပုရုပ်များ စသည်ဖြင့် တော်တော်ပင် ရှာရှာဖွေဖွေ စုဆောင်းထားသည်ကို တွေ့ရသည်။ ပြကွက်တစ်ခုမှာ အတော်ပင် ရယ်စရာကောင်းသည်။ ရှေ့တွင် စိတ်ဝင်စားစရာ ပြကွက်တစ်ခု ပြထား၍ ထိုရှေ့တွင် ရပ်လိုက်ပါက နောက်မှ ကိုယ်လုံးတီး မိန်းမ ဝဝ အရုပ်ဆိုးဆိုး အရုပ်ကြီးက ပြေးဖက်သော ပြကွက်ဖြစ်သည်။ ပြတိုက်ထဲတွင် မိန်းကလေးများရှိ၍ ကျွန်တော် မျက်နှာပူနေသော်လည်း သူတို့က မျက်နှာမပူသည့် အပြင် အရုပ်အမျိုးမျိုးတွင် ပို့စ်အမျိုးမျိုး ပေး၍ပင် ဓာတ်ပုံရိုက် နေကြသည်။

ပြတိုက်တွင် ခဏ အချိန်ဖြုန်းပြီးနောက် ၇ နာရီထိုးခါနီးသော အခါမှ ကျွန်တော် ဘူတာရုံသို့ ပြန်၍ရထားစီးခဲ့သည်။ ဘရယ်ဒါပြန်ရောက်တော့ ည ၁၀ နာရီခန့်ရှိပြီဖြစ်သည်။ ဘရယ်ဒါဘူတာရုံမှ ရမ်းသမ်း၍ ကားတက်စီးခဲ့ရာ အုတ်စ်ဟောက်သို့ ပြန်ရောက်သော်လည်း ကျွန်တော်နေထိုင်သော ဟိုတယ်ရှိသည့်နေရာကို အတော်ပင် ရှာလိုက်ရသေးသည်။ ဘာပဲဖြစ်ဖြစ် စိတ်ထဲတွင်တော့ လုပ်ချင်ရာတစ်ခု လုပ်လိုက်ရသည့်အတွက် ကျေနပ်မိသည်။

Sunday, November 23, 2008

ဘားဒေါ့ဖ် ရဲ့ ညနေ

ညရှစ်နာရီထိုးခါနီးပေမယ့် နေသာနေတုန်းပဲ။ မနက်ငါးနာရီကနေ ညကိုးနာရီကျော်အထိ နေသာတဲ့ နေရာကို ကျွန်တော်ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပါ။ ကောင်းကင်မှာ တိမ်လည်းနည်းတော့ ကောင်းကင်တစ်ခုလုံး ကြည်လင်ပြီး တောက်ပနေတယ်။ သနပ်ခါးလိမ်းမထားတဲ့ မိန်းမပျိုကလေး တစ်ယောက်ရဲ့ ပါးပြင်လိုမျိုးပေါ့။ ကြည့်ရတာ အရမ်းကို ရှင်းလင်းပြီး ချောမွတ်နေတယ်။ ကောင်းကင်ပေါ်ကို ထိုးစိုက်တက်သွားတဲ့ ဒါမှမဟုတ် ထိုးစိုက်ဆင်းလာတဲ့ ဂျက်လေယာဉ်ပျံတွေရဲ့ မီးခိုးတန်းတွေကိုပဲ ဟိုတစ်စ သည်တစ်စ တွေ့နေရတယ်။

မိုးမျှော်တိုက်တွေ မရှိတဲ့ ပတ်ဝန်းကျင်ဟာ စိတ်ကို လန်းဆတ်စေတာ အမှန်ပါပဲ။ ကျွန်တော်အခုရောက်နေတဲ့နေရာက ဂျာမနီနိုင်ငံ ဟန်အိုဗာ (Hanover) မြို့နဲ့ မနီးမဝေးမှာရှိတဲ့ ဘားဒေါ့ဖ် (Burgdorf) လို့ခေါ်တဲ့ မြို့ငယ်ကလေး တစ်မြို့ပါ။ ဟန်အိုဗာမြို့ဆိုတာကတော့ ကမ္ဘာကျော် စကော့ပီယန် (Scorpion) တေးဂီတအဖွဲ့ စတင်သနေ္ဓတည်ခဲ့တဲ့ မြို့ကလေးတစ်မြို့ပါ။

လမ်းမကြီးပေါ်မှာ ကားတွေတစ်စင်းပြီး တစ်စင်းဖြတ်မောင်းသွားနေကြတယ်။ များသောအားဖြင့် ဘီအမ်ဒဗလျူ ၊ မာစီဒီး၊ ဗောက်စ်ဝက်ဂွန်နဲ့ အော်ဒီ ကားအမျိုးအစားတွေချည်းပါပဲ။သူတို့ဒေသက ထုတ်တဲ့ကားတွေမို့ ပေါပေါများများ မြင်ရတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ထူးဆန်းနေတာက တစ်ချို့ကားတွေရဲ့ နောက်မှာချိတ်ထားတဲ့ ကုန်တင်တဲ့ နောက်တွဲတွေနဲ့ လူနေတဲ့ ကာရာဗင်တွေပါ။ ကာရာဗင်ဆိုတာက ခရီးသွားတဲ့အခါ ကားနောက်မှာချိတ်ဆွဲသွားပြီး ရောက်တဲ့နေရာမှာ ညအိပ်ရပ်နားလို့ရအောင် ဒါမှမဟုတ် ချက်ပြုတ်စားသောက်လို့ရအောင် တပ်ထားတဲ့ နောက်တွဲယာဉ်တစ်မျိုးပါ။ ဒီလိုနောက်တွဲယာဉ်တွေ ကျွန်တော်တို့ဆီမှာ သုံးလေ့သုံးထမရှိကြဘူး မဟုတ်လား။ ကျွန်တော် ပထမဆုံးအခေါက် ရောက်တုန်းကဆိုရင် ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို သူ့ကားရဲ့နောက်က ချိတ်ကြီးက ဘာလုပ်ဖို့လဲလို့တောင် မေးဖူးပါသေးတယ်။

လမ်းဘေးပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတာက ကျွန်တော်တစ်ယောက်တည်း။ ကားပေါ်ကလူတွေက ကျွန်တော့်ကို အထူးအဆန်းအနေနဲ့ တစ်ချက်တစ်ချက် လှမ်းကြည့်သွားကြတယ်။ ဟုတ်မှာပေါ့လေ။ ဒီနေရာမှာ အာရှသား ဆိုတာကလည်း မြင်ရခဲမဟုတ်လား။ ကျွန်တော်သွားနေကြ တရုတ်စားသောက်ဆိုင် ကလွဲရင် တစ်ခြားနေရာမှာ အာရှသားကို တွေ့ရတာမှ မဟုတ်တာ။ အဲဒီတော့လည်း ထူးဆန်းလို့ကြည့်တာ သူတို့အလွန်တော့မဟုတ်ပါဘူး။

ကျွန်တော်အလုပ်သွားရတဲ့ စက်ရုံနားမှာ တရုတ်စားသောက်ဆိုင်တစ်ဆိုင်ရှိပါတယ်။ အဲဒီမှာ ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ ဘဲကင်ကနေစပြီး တရုတ်ဟင်းအမျိုးမျိုးရပါတယ်။ ဆိုင်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးကြီးကတော့ ကန်တုန် တရုတ်စကား ပြောပါတယ်။ ကျွန်တော် တတ်သလောက်မှတ်သလောက် မန်ဒရင် တရုတ်စကားနဲ့သူ့ကို ပြောကြည့်တာ သူနားမလည်ပါဘူး။ တစ်ခြားတစ်ယောက် ကလည်း ဗီယက်နမ်က ဆိုတော့ တရုတ်လိုမတတ်ပါဘူး။ ဆိုင်က အစားအသောက်စာရင်းက အင်္ဂလိပ်လိုရေးထားတာ ကျွန်တော့်အတွက် ကံကောင်းပါတယ်။ တစ်ယောက်စာ ခေါက်ဆွဲကြော်တစ်ပွဲကို မြန်မာငွေနဲ့ တစ်သောင်းခွဲလောက်ပေးပြီးစားရတာ ကျွန်တော့်တစ်သက်မှာ ဒါပထမဆုံးပါပဲ။ အေးလေ၊ သူတို့ဒေသမှာ ကုန်ကြမ်း၊ နေရာနဲ့ အလုပ်သမားခက ဈေးကြီးတယ်မဟုတ်လား။

ကျွန်တော်လမ်းလျှောက်လာရင်း အနီးအနားတစ်ဝိုက်ကို မျက်စိကစားကြည့်မိတယ်။ ဘေးပတ်ဝန်းကျင်က လယ်ကွင်းတွေထဲမှာ လူသူအရိပ်အရောင်ကင်းမဲ့နေတယ်။ လယ်ကွင်းတွေက စိုက်ပျိုးဖို့ တာစူနေတုန်း ထင်တယ်။ ထွန်ကြောင်းတွေပဲမြင်ရတယ်။ မင်းခိုက်စိုးစန်ရဲ့ ကဗျာတစ်ပုဒ်ထဲက 'ရင်ဘတ်ကို သံဘရပ်ရှ်ကြမ်းကြမ်းနဲ့ ကုတ်ခြစ်ထားသလိုပ' ဆိုတဲ့ စာသားကို သွားသတိရမိသေးတယ်။ ဟုတ်တယ်။ ထွန်ကြောင်းတွေ ကြည့်ရတာ သံဘရပ်ရှ်နဲ့ ခြစ်ခံထားရတဲ့ ရင်ဘတ်တစ်ခုလိုပဲ။

လယ်ကွင်းတစ်ခုထဲမှာ အလိုအလျောက်ရေဖြန်းတဲ့စက်တစ်လုံးက ပတ်ပတ်လည်လှည့်ပြီး ရေဖြန်းနေတာပဲတွေ့ရတယ်။ အရပ်မျက်နှာစုံအောင် လှည့်ပြီးပစ်နေတဲ့ အမြောက်တစ်လက်လိုပဲ။ ရေပိုက်ခေါင်းထဲကရေက အဖက်ဖက်ကိုလှည့်ပြီး ပန်းထုတ်နေတယ်။ ပလက်ဖောင်းပေါ်ကနေ လှမ်းကြည့်ရင်း ကျွန်တော်နဲ့ ရင်နှီးတဲ့ မြန်မာနိုင်ငံက လယ်ကွင်းတွေကို သတိရမိသလိုပဲ။

လမ်းရဲ့တစ်ခြားဘက်မှာတော့ လယ်ကွက်အလွတ်ထဲမှာ အလေ့ကျအပင်တွေ အပြိုင်းအရိုင်း ပေါက်နေတာ တွေ့ရတယ်။ ကျွန်တော်နဲ့ မရင်းနှီးတဲ့ ပန်းဝါဝါလေးတွေ အများကြီးပဲ။ အဲဒီလိုပဲ အပွင့်မရှိ အရွက်မရှိတဲ့ ရိုးတံပြိုင်းပြိုင်းနဲ့ အပင်တွေလည်း ဟိုတစ်စ သည်တစ်စ ထိုးထိုးထောင်ထောင်နဲ့ တွေ့နေရတယ်။ ကျိုးတိုးကျဲတဲ ပေါက်နေတဲ့ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေလိုပဲ။

လယ်ကွင်းတွေကို ကျော်လာပြီးတော့ လူနေအိမ်တွေနားရောက်လာတယ်။ ဒီဒေသကလူနေအိမ်တွေက ဥရောပမှာ မြင်တွေ့နေကျ အိမ်ပုံစံမျိုးတွေပါပဲ။ အမိုးရှည်ရှည်နဲ့ တစ်ထပ်သို့မဟုတ် နှစ်ထပ်အိမ်ကလေးတွေ။ အမိုးရှည်ရှည် ဆောက်ထားတာက ခေါင်မိုးပေါ်မှာ နှင်းတွေ တင်မကျန်ရစ်အောင်လို့ ဆိုတာတော့ ကြားဖူးတယ်။ တစ်ချို့ အိမ်တွေရဲ့ နံရံမှာ ခေါင်မိုးအထိ နွယ်ပင်ကလေးတွေ အတန်းလိုက် အတန်းလိုက်တွယ်တက်နေကြတယ်။ အိမ်တိုင်းမှာ ခါးထက်နိမ့်တဲ့ သစ်သားခြံစည်းရိုး ပုပုကလေးတွေ ဒါမှမဟုတ်ပန်းရုံကလေးတွေနဲ့ ကာထားကြတယ်။

လမ်းမပေါ်မှာ ကျွန်တော်တစ်ယောက်တည်းမဟုတ်တော့ဘူး။လမ်းတစ်လျှောက်မှာ စက်ဘီးစီးနေတဲ့ ကလေးလူကြီးတွေ လမ်းလျှောက်ထွက်နေကြတဲ့ ယောကျာ်းမိန်းမတွေ မကြာခဏတွေ့လာရတယ်။ မနက်ဖြန်ရုံးပိတ်ရက်ဆိုတော့ တွေ့သမျှ လူတွေအားလုံးကို ကြည့်ရတာ လွတ်လပ်ပေါ့ပါးနေသလိုပဲ။ ဒီနိုင်ငံမှာ ဥပဒေအရ အစိုးရရုံးပိတ်ရက်နဲ့ တနင်္ဂနွေနေ့တွေမှာ ဘယ်စက်ရုံအလုပ်ရုံမှ အလုပ်လုပ်ခွင့်မရှိပါဘူး။ စနေနေ့မှာ အချိန်ပို အလုပ်လုပ်ချင်ရင်တောင်မှ အလုပ်သမားသမဂ္ဂရဲ့ ခွင့်ပြုချက်ရမှ အလုပ်လုပ်ခွင့်ရှိပါတယ်။
ဒီနေ့စနေနေ့ ဆိုတော့ စက်ရုံထဲမှာ ကျွန်တော်အပါအဝင် လူဆယ်ယောက်လောက်ပဲ ရှိပါတယ်။ ထုတ်လုပ်ရေးပိုင်းမှာ ကျွန်တော်နဲ့အတူ အခြားကုမ္ပဏီတစ်ခုက အလုပ်လာလုပ်တဲ့ အင်ဂျင်နီယာ ၃ယောက်ပဲရှိပါတယ်။ ကျွန်တော်တစ်ယောက်တည်း ကျွန်တော့်ကုမ္ပဏီက စက်နဲ့ လုံးပန်းနေရတာဆိုတော့ ကျွန်တော့်ရဲ့ လုံခြုံရေးအတွက် လူသေခလုတ် (Dead Man Switch) လို့ အမည်ရတဲ့ ကိရိယာတစ်ခု ပေးထားပါတယ်။ အဲဒီကိရိယာက ကျွန်တော့်ရဲ့ ရင်ဘတ်မှာ ချိတ်ထားရပြီး အမြဲတမ်း အတည့် အနေအထားမှာ ရှိနေရပါတယ်။ အကယ်၍ အဲဒီကိရိယာဟာ တစ်စောင်း အနေအထားမှာ စက္ကန့် ၃၀ ထက်ပိုပြီး ရှိမယ်ဆိုရင် စက်ရုံရဲ့ လုံခြုံရေးဌာနမှာ အချက်ပေးခေါင်းလောင်းမြည်ပါတယ်။ နှလုံးရောဂါကြောင့် ဒါမှမဟုတ် အကြောင်း တစ်စုံတစ်ခုကြောင့် လဲကျသွားခဲ့ရင် အကူအညီ အချိန်မီ ရာက်လာနိုင်ဖို့အတွက် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။သူတို့နိုင်ငံတွေရဲ့ လူသားတစ်ယောက်အပေါ် အလေးထားမှုဟာ ကျွန်တော်တို့ အာရှနိုင်ငံတွေအတွက် အတုယူစရာပါ။

ကျွန်တော့် အနောက်ဘက်ကနေ ကလေးနှစ်ယောက်စက်ဘီးနဲ့ ကျော်တက်သွားရင်း ကျွန့်တော့်ကို ဟေး လို့ အော်ပြီးနှုတ်ဆက်သွားတယ်။ ကျွန်တော်လည်း ဟေး လို့ ပြန်နှုတ်ဆက်ရင်း ပြုံးပြ လိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာ ပျော်သွားသလိုပဲ။

ဥရောပသားတွေက ကျွန်တော်ဖတ်ဖူးကြားဖူးသလို ဟိတ်ကြီးဟန်ကြီးတွေ မဟုတ်ကြပါဘူး။ မနက်ခင်းမိုးလင်း မနက်စာစားတဲ့ အချိန်ကနေစပြီး တောက်လျှောက် သိသိမသိသိ တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက်ကြတာ သူတို့ရဲ့ ယဉ်ကျေးမှုပါပဲ။ ဒါပေမယ့် အတော်များများက သူတို့ဘာသာစကားကိုပဲ ပြောကြတာဆိုတော့ စကားပြောရတာ အခက်အခဲတော့ ရှိတာပေါ့။ ကိစ္စမရှိပါဘူး။ ရောမရောက်တော့လည်း ရောမလိုကျင့်ရုံပေါ့။ ဥရောပရောက်တော့လည်းသူတို့စကားကို တတ်သမျှမှတ်သမျှ လိုက်ပြောရုံပေါ့။ သူက ဂွဒ်မော်ဂန် ဆိုတော့ ကိုယ်ကလည်း ဂွဒ်မော်ဂန်ပေါ့။ သူက ဘိုနာပတိ ဆိုတော့ ကိုယ်ကလည်း ဘိုနာပတိပေါ့။ သူက ဂရားဆိရ ဆိုတော့ ကိုယ်ကလည်း ဂရားဆိရပေါ့။

စက်ရုံကနေ ဟိုတယ်ကိုရောက်ဖို့ နာရီဝက်နီးနီးလောက်လျှောက်ရတယ်။ တက်စီငှားရင် သိပ်ဈေးမကြီးပေမဲ့ ညနေဖက်လမ်းလျှောက်ချင်လို့ တမင်လမ်းလျှောက်ပြန်လာတာပါ။ ဒါပေမယ့် ဝေါ့ကင်းရှူး စီးမထားတာက တစ်ကြောင်း ခရီးဆောင်ကွန်ပြူတာ ထည့်တဲ့အိပ်ကို ဆွဲနေရတာက တစ်ကြောင်းကြောင့် နည်းနည်းတော့ ပင်ပန်းတယ်။ ဒါပေမယ့် လမ်းလျှောက်နေရတဲ့ အရသာကို ၁၃နာရီလောက် မရပ်မနားပျံနေတဲ့ လေယာဉ်ပျံပေါ်မှာ ထိုင်နေဖူးတဲ့သူ ဒါမမဟုတ် ထိုင်ခုံမဲ့ခရီးသည်တွေ ပြည့်နေတဲ့ ရထားကို ရိုးရိုးတန်းက စီးဖူးတဲ့သူ ဆိုရင် ခံစားတတ်မှာပါ။

ရှေ့ကို နောက်ထပ်ဆယ့်ငါးမိနစ်လောက် လျှောက်လာတော့ ကျွန်တော်နေတဲ့ ဟိုတယ်နားရောက်လာတယ်။ ဒီညကို ဘယ်လိုအချိန်ဖြုန်းရမလဲ ဆိုတာ မစဉ်းစားရသေးဘူး။ အင်တာနက်သုံးလို့မရတဲ့ ဟိုတယ်မှာနေရတဲ့အခါမှာ အချိန်ကိုဘယ်လိုကုန်အောင်သုံးမလဲ စဉ်းစားရတာကလည်း ပြသနာတစ်ခုပါပဲ။ ရုပ်မြင်သံကြားဖွင့်ကြည့်တော့လည်း သူတို့ဘာသာစကားကို တစ်လုံးမှနားမလည်တော့ ဘာမှမထူးပါဘူး။

ကျွန်တော် ဟိုတယ်ကနေ နာရီဝက်လောက်နားပြီး ပြန်ထွက်လာခဲ့တယ်။ ဘာမှ လုပ်စရာမရှိတာကတော့ အဓိကအကြောင်းရင်းပါ။ ကျွန်တော့်ဟိုတယ်ကနေ ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရင် မြို့လယ်ခေါင်လို့ ပြောလို့ရတဲ့နေရာကို ရောက်တယ်။ မြို့လယ်ခေါင်လို့သာ ပြောရတာပါ။ ဆိုင်နည်းနည်းပါးပါးကလွဲရင် ဘာမှမရှိပါဘူး။ ဒီမြို့မှာ အမြင့်ဆုံးတိုက် ကမှ လေးငါးထပ်လောက်ရှိတာ။

မြို့လယ်မှာ ကော်ဖီဆိုင်တစ်ချို့တစ်လေတော့ ရှိတယ်။ ကပူရှီနို တစ်ခွက်လောက် သောက်ရင်း နာရီဝက် တစ်နာရီလောက် အချိန်ဖြုန်းရရင်လည်း မနည်းဘူးပေါ့။ ဒါပေမယ့် ဒီနေ့တော့ နည်းနည်းထူးခြားနေသလိုပဲ။ လူတွေ တော်တော်များများ တွေ့နေရတယ်။ ပုံမှန်အတိုင်းဆိုရင် ဒီနေရာမှာလည်း လူသွားလူလာ အတော်နည်းပါတယ်။ ခဏနေတော့ မြို့လယ်မှာ လူစည်ရတဲ့ အကြောင်းရင်းကို ကျွန်တော်သိလိုက်ရတယ်။

ဒီနေ့ အမေရိကန် အဆိုတော် ဂျွန်ဘွန်ဂျိုဗီကို ရည်စူးပြီးလုပ်တဲ့ ဂီတဖျော်ဖြေပွဲ ရှိတယ်လေ။ ဘွန်ဂျိုဗီ မသေသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဆီက စိုးလွင်လွင်အမှတ်တရတို့ ဗဒင်အမှတ်တရတို့လိုမျိုး အခွေထုတ်ပြီး ပိုက်ဆံရှာတဲ့ ပွဲလည်း မဟုတ်ပါဘူး။

ကျွန်တော် လမ်းထိပ်တစ်ခုကိုရောက်တော့ လမ်းထဲမှာ လူတွေ စုစုရုံးရုံးလှမ်းတွေ့လိုက်ရတယ်။ သီချင်းသံလည်း လမ်းထဲမှာ ကြားနေရတယ်။ ဒီနေရာဟာ ပွဲရှိတဲ့နေရာပဲဆိုတာ ကျွန်တော်တပ်အပ်သိလိုက်တယ်။ ဟင်းလင်းပြင်မှာ စင်တစ်ခုထိုးထားပြီး အခမဲ့ဖျော်ဖြေပွဲ လုပ်နေတာပါ။

ကျွန်တော်လည်း စိတ်ဝင်တစ်စားနဲ့ လမ်းထဲကို ချိုးဝင်လိုက်တယ်။ ပထမဆုံး တွေ့ရတာကတော့ တိုင်ကွယ်ပြီး အပေါ့သွားနေတဲ့လူတစ်ယောက်ပါ။ သူတို့ဆီမှာလည်း ငါတို့ မြန်မာနိုင်ငံ မှာလိုပါပဲလားလို့တွေးပြီး ပြုံးလိုက်မိတယ်။ လမ်းထဲမှာတွေ့ရတာက နည်းတဲ့လူအုပ်ကြီး မဟုတ်ဘူး။ ညနေညနေ စည်တယ်လေ စည်တယ်လေပေါ့။ အခုကြားနေရတဲ့ သီချင်းသံကတော့ ဘွန်ဂျိုဗီရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ 'အမြဲတမ်း' ဆိုတဲ့သီချင်းပါ။

'ငါလေမင်းကို ချစ်နေမယ် အမြဲတမ်း။ ငါအဲဒီနေရာမှာ ထာဝရထက် တစ်ရက်ပိုပြီးရှိနေမယ်။ အဲဒီနေရာမှာ ကြယ်တွေမလင်းတဲ့အထိ ကောင်းကင်ဘုံ ပေါက်ကွဲသွားတဲ့အထိ စကားလုံးတွေ ကာရန်မဲ့သွားတဲ့အထိ ငါမင်းကို အမြဲတမ်းချစ်နေမယ်။' ဆိုတဲ့စာသားဟာ အတော်ကို ပြောင်မြောက်လှပတဲ့ စာသားပါ။ဒါပေမယ့် သူများနောက်ပါသွားတဲ့ ရည်းစားကို တမ်းတပြီးဆိုတဲ့ သီချင်းမို့ ကျွန်တော့်အတွက်တော့ အပြည့်အဝ ခံစားလို့ မရတာ အမှန်ပဲ။ ဟုတ်တယ်လေ။ ကိုယ့်မကြိုက်လို့ သူများနောက်ပါသွားတဲ့ ရည်းစားကို စာဖွဲ့ပြီး လွမ်းပြနေစရာ ဘာအကြောင်းမှမရှိပါဘူး။

လူအုပ်ကြားထဲကနေ တိုးဝှေ့ရင်း ကျွန်တော်သီချင်းဆိုတဲ့ စင်မြင့်နားရောက်လာတယ်။ စင်ပေါ်မှာ သီချင်းဆိုနေတဲ့လူကတော့ ဆံပင်ကို ရွှေရောင်ဆိုးထားပြီး အလယ်ခွဲ ညှပ်ထားပါတယ်။ ဘွန်ဂျိုဗီနဲ့မတူတာက သူ့ရဲ့ဗလပါ။ ဘွန်ဂျိုဗီကတော့ သူ့လောက်ဗလမတောင့်ရှာပါဘူး။ စင်ရှေ့မှာ အသက် ၃၀ ကျော် ၄၀လောက်ရှိတဲ့ စုံတွဲတစ်တွဲက တွဲကနေကြပါတယ်။ တစ်ခြားမိန်းကလေးတွေလည်း စင်ရှေ့မှာ အပြီအပြင်ကနေကြပါတယ်။ ဥရောပနဲ့အာရှ အဓိကကွဲခြားချက်ကတော့ သူတို့ဟာ အလုပ်လုပ်ရင် အပြီအပြင်လုပ်ကြပြီး ကဲရင်လည်း အပြီအပြင်ကဲကြပါတယ်။ Work Hard Play Hard လို့ ပြောကြတာပေါ့။

တီးဝိုင်းက အကောင်းစားကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီက သူရဲကောင်းလေးများ တေးဂီတရဲ့ ခြေဖျားတောင်မှီအောင်မတီးနိုင်ပါဘူး။ ဘာပဲပြောပြော အပျော်တမ်းတီးတဲ့သူတွေ ဆိုတော့ အသက်မွေးဝမ်းကြောင်းတီးတဲ့သူတွေလောက် မကောင်းတာတော့ နားလည်ပါတယ်။

အမြဲတမ်း သီချင်းကတော့ ပြီးသွားပါပြီ။ နောက်ထပ် ကျွန်တော်ထပ်ပြီး နားထောင်ခဲ့ရတဲ့ သီချင်းတွေကတော့ 'ယုံကြည်သက်ဝင်မှုကို ထိန်းသိမ်းထားပါ'၊ 'နှင်းဆီမွေ့ရာ'၊ 'ဒါငါ့ဘဝပဲ'၊ 'မင်းရဲ့လက်တွေနဲ့ ငါ့ကိုလွှမ်းခြုံထားပါ' အစရှိတဲ့ ဘွန်ဂျိုဗီရဲ့ နာမည်ကြီးသီချင်းတွေပါ။ သီချင်းတစ်ပုဒ်ဆိုရင် ဘွန်ဂျိုဗီရဲ့ သီချင်းမှန်း ကျွန်တော်မသိပါဘူး။ Rဇာနည် မြန်မာလိုဆိုထားတာတော့ ကြားဖူးပါတယ်။

ကျွန်တော်လည်း ဘီယာတစ်ခွက်ဝယ်ပြီး သီချင်းသံနဲ့အတူစီးမျောနေမိပါတယ်။ ဘီယာက အတော်က ိုပြင်းပါတယ်။ အလုပ်ပင်ပန်းလို့လဲ ဖြစ်နိုင်ပါတယ်။ တစ်ခွက်တည်းနဲ့ အတော်ကို ထိပါတယ်။ လူအုပ်ထဲမှာ လူတွေတော်တော်များများ ဘီယာခွက်ကိုယ်စီနဲ့ စကားပြောတဲ့သူကပြော သီချင်းလိုက်ဆိုတဲ့သူကဆို ကတဲ့သူက က နဲ့ အားလုံးပျော်နေကြတယ်။ ဒီမှာ အသက် ၄၀ ကျော် ၅၀ အရွယ်တွေလည်း ဘွန်ဂျိုဗီကို ရင်းနှီးကြပါတယ်။ အားလုံးလိုလို သီချင်းလိုက်ဆိုနေကြတာကို တွေ့ရတယ်။ ကျွန်တော့်ရှေ့က အသက်ငါးဆယ်ကျော် လူကြီးတစ်ယောက်ဆိုရင် လက်သီးလက်မောင်းတန်းပြီး လာသမျှသီချင်း အကုန်လိုက်ဆိုနေတာတွေ့ရပါတယ်။

အသက် ဆယ့်လေးငါးနှစ်အရွယ် ချာတိတ်မတွေလည်း စင်ရှေ့မှာ ကနေကြပါတယ်။ ယောကျာ်းလေး အများစုကတော့ သီချင်းလိုက်ဆိုတာကလွဲရင် မကကြပါဘူး။

ညဆယ့်နှစ်နာရီခွဲ မှ စတိတ်ရှိုးပြီးပါတယ်။ လူအများစုကတော့ မပြန်ကြသေးပါဘူး။ ဆက်ပြီး စကားပြောနေတုန်းပါပဲ။ ကျွန်တော့် အတွက်တော့ စကားပြောဖော်မရှိတော့ ဆက်နေလည်း မထူးပါဘူး။ အဲဒီလိုနဲ့ ဟိုငေးသည်ငေးလမ်းလျှောက်ရင်း ဟော်တယ်ကို ပြန်ရောက်လာပါတယ်။ ကျွန်တော့် စိတ်ထဲမှာတော့ စတိတ်ရှိုးကြည့်ပြီးတိုင်းဖြစ်တတ်တဲ့ ခံစားမှုတစ်ခုပါလာပါတယ်။ ဂစ်တာတီးပြီး သီချင်းအော်ဆိုချင်တာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဂစ်တာနဲ့ ကျွန်တော်နဲ့က မိုင်ပေါင်းထောင်ချီပြီး ဝေးနေတယ်လေ။ ဘယ်တတ်နိုင်မလဲ။ အခန်းပြန်အိပ်ရုံပဲရှိတာပေါ့။

Saturday, November 22, 2008

ဘတ်ဂျက်အဲယားလိုင်းဖြင့် ခရီးသွားခဲ့စဉ်က

ဘတ်ဂျက်အဲယားလိုင်းများ အကြောင်းကြားဖူးနေသည်မှာ ကြာပြီဖြစ်သော်လည်း နှစ်အတော်ကြာသည်အထိ ကျွန်တော်တစ်ခါမှ မစီးဖြစ်ခဲ့ပါ။ ထိုအခါကတော့ ဘတ်ဂျက်လေကြောင်းလိုင်းကို စီးဖြစ်ဖို့ အကြောင်းကဖန်တီးလာပါသည်။

ကျွန်တော် တည်းခိုနေထိုင်သော နေရာမှာ ဟော်လန်နိုင်ငံမှ မြို့ငယ်ကလေးတစ်မြို့ ဖြစ်သည်။ ထိုမြို့မှတဆင့် အိုင်ယာလန်နိုင်ငံသို့ ခရီးဆက်ရမည်ဖြစ်သည်။ အမ်စတာဒမ်လေဆိပ်နှင့် အတော်အလှမ်းဝေးသော နေရာတွင် ရှိသည်ကတစ်ကြောင်း အမ်စတာဒမ်လေဆိပ်တွင် လေယာဉ်ပြေးလမ်း အလွန်ကျပ်သဖြင့် လေယာဉ်တက်ရမည့် အချိန်ကို ကြာမြင့်စွာ စောင့်ဆိုင်းရသည့် ဒုက္ခကို မခံလို်သည်က တစ်ကြောင်းတို့ကြောင့် ကျွန်တော်တို့ ကုမ္ပဏီမှ ခရီးစီစဉ်သူများက ဟော်လန်နိုင်ငံ အိုင်ဒိုဗင် လေဆိပ်မှတဆင့် အိုင်ယာလန်သို့ သွားရောက်ရန် ရွေးချယ်ပေးခဲ့ကြပါသည်။

အိုင်ဒိုဗင်ဆိုသည့်မြို့မှာ ချန်ပီယံလိခ် ဘောလုံးပွဲတွင် ပါဝင်ကစားလေ့ရှိသော ပီအက်စ်ဗွီ အိုင်ဒိုဗင် ( PSV Eindhoven) အသင်း အခြေစိုက်ရာမြို့ဖြစ်ပြီး အိုင်ဒိုဗင်လေဆိပ်မှာလည်း ဘတ်ဂျက်လေကြောင်းလိုင်း အများစုသာ ပျံသန်းလေ့ရှိသော လေဆိပ်ဖြစ်သည်။ ကျွန်တော်လေဆိပ်သို့ရောက်သွားသည်အထိ ကျွန်တော်တို့စီးရမည့် လေယာဉ်မှာ ဥရောပရှိ နာမည်ကြီး ဘတ်ဂျက်လေကြောင်းလိုင်းဖြစ်သော ရိုင်ယန်အဲယား (Ryan Air) မှ လေယာဉ်ဖြစ်ကြောင်းမသိခဲ့ပါ။

ကျွန်တော်တို့၏ ခရီးဆောင်အိတ်များကို Check-in လုပ်သော နေရာသို့ရောက်မှ စ၍ သတိပြုမိပါသည်။ ကျွန်တော်နှင့် အဖော်ပါလာသော ဥရောပရုံးခွဲမှ ဒတ်ခ်ျအင်ဂျင်နီယာတွင် ပစ္စည်းကိရိယာများထည့်ထားသော Toolbox တစ်ခုပါလာသည်။ ထို Toolbox အတွက် ဝန်ပိုကြေး ယူရို ၉၀ မျှ ပေးလိုက်ရသည်။ ထိုအင်ဂျင်နီယာက “ငါတို့လေယာဉ်ပျံလက်မှတ်က ဒီကနေ ဒပ်ဘလင်အထိ ယူရို ၃၀ ပဲပေးရတယ်ကွ။ အခု ငါ့အိတ်ကို ယူရို ၉၀ ပေးလိုက်ရပြီ။ ” ဆိုပြီး ရယ်ရယ်မောမောနှင့် ကျွန်တော့်ကို ပြောပြမှ လေယာဉ်လက်မှတ် အလွန်ပင် ဈေးပေါကြောင်း သတိထားမိပါသည်။

အားလုံး Check-in လုပ်ပြီးသော အခါ လေဆိပ်အဆောက်အဦးအတွင်းသို့ ဝင်ခဲ့ကြလေသည်။ ထိုနေရာတွင် Immigration မှာ ကောင်တာ ၂ ခုသာ ရှိသည်။ ကျွန်တော်၏ မြန်မာနိုင်ငံကူးလက်မှတ်ကို မမြင်ဖူး၍ အထူးအဆန်း အနေနှင့် ကြည့်ကြသည်မှအပ အခြားပြသနာ ကြီးကြီးမားမားမရှိပါ။ ထို့နောက် ကျွန်တော်တို့ ခရီးသည်များ စောင့်ဆိုင်းသော နေရာသို့ ဝင်ရောက်ခဲ့ကြပါတော့သည်။ ခရီးသည်များ စောင့်ဆိုင်းသော နေရာမှာ ကျဉ်းကျပ်သော အခန်းငယ်ကလေးတစ်ခုမျှသာ ဖြစ်၍ ထိုင်ခုံအနည်းငယ်သာ ရှိသည်။ အများစုမှာ ခရီးဆောင်အိတ်ကို အောက်ချ၍ ထိုင်သူကထိုင် မှန်နံရံကို မှီ၍ ရပ်သူကရပ်နှင့်သာ ရှိကြလေသည်။

မကြာမီ ကျွန်တော်တို့သွားမည့် လေယာဉ်ပျံ ဆိုက်ရောက်လာပါသည်။ ကျွန်တော့်မိတ်ဆွေ ဒတ်ခ်ျအင်ဂျင်နီယာက “တံခါးဖွင့်လိုက်တာနဲ့ ငါတို့ လေယာဉ်ပျံ နောက်ပေါက်ကို ရောက်အောင် ပြေးကြမယ်။ ဒီမှာ ဦးရာလူစနစ်ပဲ။ ခုံနံပါတ် ပေးမထားဘူး။” ဟု သတိပေးသည်။ လေဆိပ်မှ တံခါးဖွင့်ပေးလိုက်သည်နှင့် ကျွန်တော်တို့ကွင်းထဲသို့ ပြေးထွက်ခဲ့ကြသည်။ သူသတိပေးထားသည့်အတိုင်း နောက်တံခါးပေါက်သို့ ဦးတည်၍ ပြေးကြခြင်း ဖြစ်သည်။ ကျွန်တော်တို့ အရှေ့တွင် လူအနည်းငယ်သာရှိသည်။ လူအများစုမှာ ရှေ့တံခါးပေါက်သို့သာ ဦးတည်၍ ပြေးကြသဖြင့် ကျွန်တော်တို့အတွက် အလွန် အဆင်ပြေလေသည်။ လူအများစု လေယာဉ်ကွင်းထဲတွင် ပြေးလွှားနေကြသည်မှာ ပျော်စရာပင် ကောင်းသေးသည်။ လေယာဉ်ပျံပေါ်ရောက်တော့ ကျွန်တော် နှစ်သက်သော ပြတင်းပေါက်နေရာကိုပင် ဦးနိုင်လိုက်သေးသည်။

ဤလေယာဉ်မှာ အခြားလေယာဉ်များနှင့်မတူပါ။ အတော်ပင် ဝိတ်လျှော့ထားသည်။ လေယာဉ်ပျံထိုင်ခုံ၏ အရှေ့တွင် အခြားလေယာဉ်များတွင် ပါလေ့ရှိသော Seat Pocket ဟု ခေါ်သည့် ထိုင်ခုံအိတ်မရှိ၊ လေယာဉ်ပျံပြတင်းပေါက်များတွင်လည်း Window Shade ဟုခေါ်သည့် ပြတင်းပေါက်အကာ မရှိပါ။

မကြာမီ အချိန်အတွင်းတွင်ပင် လေယာဉ်ပျံသည် ပျံတက်လေတော့သည်။ နောက်မှ လေ့လာကြည့်သဖြင့် သိရသည်မှာ ဘတ်ဂျက်လေကြောင်းလိုင်းများသည် အခေါက်ရေများများဆွဲနိုင်ရန်အတွက် မိနစ် ၃၀ အတွင်း ခရီးသည် အတင်အချကို အပြီးလုပ်လေ့ရှိသည့် အကြောင်းပင်ဖြစ်သည်။ ဘတ်ဂျက်လေကြောင်းလိုင်းများ၏ ထုံးစံအတိုင်း ဘာမှ အလကားမကွေျးပါ။ အကုန်လုံး ဝယ်စားရပါသည်။ ကျွန်တော့်အနေနှင့်ကတော့ ညနေစာစားပြီးပြီ ဖြစ်သဖြင့် ဘာမှစားချင်စိတ်မရှိ၍ ဘာမှမစားတော့ပါ။ သူတို့ လေယာဉ်ပျံပေါ်တွင် စားစရာသောက်စရာများနှင့် ကံစမ်းရန် ခြစ်သည့် ကတ်ပြား (Scratch Card) ရောင်းချနေသည်ကိုတော့ တွေ့နေရပါသည်။ လေယာဉ်မောင်မယ်များမှာ အလွန်ပင်ပျော်ပါးနေကြပုံပေါက်ပြီး အန္တရာယ်ကင်းရှင်းရေး သရုပ်ပြ (Safety Demonstration) လုပ်ရန်ကို ပင်မေ့လျော့နေကြပါသည်။ ထိုခရီးစဉ်တွင် အန္တရာယ်ကင်းရှင်းရေး သရုပ်ပြ မလုပ်သည်ကိုလည်း သတိထားမိပါသည်။

ကျွန်တော် လေယာဉ်ပြတင်းပေါက်မှသာ အပြင်သို့ ကြည့်နေမိပါသည်။ အောက်တွင် မီးတွေထိန်ထိန်လင်းနေသော မြို့ကြီးတစ်မြို့ကိုတော့ သတိထားမိသည်။ ကျွန်တော့် စိတ်အထင် လန်ဒန်မြို့ဖြစ်သည်ဟု ထင်သော်လည်း မသေချာပါ။ ကောင်းကင်တွင် တိမ်ကင်းစင်နေသည်က တစ်ကြောင်း ပြတင်းပေါက်အကာများ မရှိသည်က တစ်ကြောင်းတို့ကြောင့် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။ ကျွန်တော့်ကို စိတ်အနှောက်အယှက်အပေးဆုံးအရာကတော့ လေယာဉ်ပျံ အတောင်ပံပင်ဖြစ်သည်။ လေယာဉ်ပျံအတောင်ပံ လှုပ်နေသည်ကို မကြာခဏ မြင်နေရသည်။ ကျွန်တော့်စိတ်ထဲတွင်တော့ ဒီလေယာဉ်ပျံ အတောင်ပံကိုပါ ဝိတ်လျှော့ထားသလား မသိဘူးဟု ကြံကြံဖန်ဖန် စဉ်းစားမိပါသည်။ အမှန်တကယ်ကတော့ ဘယ်လောက် လေယာဉ်ပျံကြီးသည်ဖြစ်စေ အတောင်ပံကတော့ လှုပ်သည်ပင်ဖြစ်သည်။

ဒီလိုနှင့် တစ်နာရီကျော်မျှ စိတ်မသက်မသာဖြစ်ပြီးသော အခါတွင်မှ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင် လေဆိပ်သို့ ဆိုက်ရောက်ပါတော့သည်။ ထိုအခါတွင်မှ ကျွန်တော် စိတ်ပေါ့ပါးသွားသည်။ ကျွန်တော့်အဖော် ဒတ်ခ်ျအင်ဂျင်နီယာကို မေးကြည့်သော အခါ အပြန်ခရီးတွင် အမ်စတာဒမ်လေဆိပ်မှ စင်ကာပူသို့ တိုက်ရိုက်ပြန်နိုင်ရန်အတွက် ကျွန်တော့်အတွက် အိုင်ယာလန်ပိုင် အဲယား လင်းဂတ်စ် (Aer Lingus) လေကြောင်းလိုင်း ဖြင့် လက်မှတ်စီစဉ်ထားကြောင်း သိရသဖြင့် ပို၍စိတ်အေးသွားပါတော့သည်။

နောင်တွင် ကိုယ့်ဘာသာကိုယ်ခရီးသွားလျှင်တော့ ဘတ်ဂျက်အဲယားလိုင်းကို တတ်နိုင်သမျှ ကြည့်ရှောင်မည်ဟုတော့ စိတ်ထဲမှာ တေးထားလိုက်မိပါတော့သည်။

Friday, November 21, 2008

နော်မန်ဒီရဲ့ည

ကျွန်တော့် ရုံးမှ လုပ်ဖော်ကိုင်ဖက် ဒတ်ခ်ျအင်ဂျင်နီယာ ဟိုတယ်တွင် လာခေါ်သော အချိန်က ညနေစောင်းနေပြီ ဖြစ်သည်။ ထိုနေ့က တနင်္ဂနွေ ညနေခင်း ဖြစ်သဖြင့် အားလုံး တိတ်ဆိတ်နေဆဲဖြစ်သည်။ ဤအရပ်ဒေသတွင် တနင်္ဂနွေနေ့တိုင်းလိုလိုတွင် စားသောက်ဆိုင်မှ အပ မည်သည့်ဆိုင်မှ ဖွင့်လေ့မရှိသဖြင့် တိတ်ဆိတ်နေသည်မှာ အထူးအဆန်းတော့ မဟုတ်ပါ။

ကျွန်တော်ကားပေါ်သို့ရောက်တော့ သူက ကားပေါ်မှ တောမ်တောမ် (Tom Tom) ဟုခေါ်သော လမ်းကြောင်းပြကိရိယာပေါ်တွင် ကျွန်တော်တို့သွားရမည့် နေရာ ကို ရိုက်ထည့်သည်။ ထိုလမ်းကြောင်းပြကိရိယာမှာ ရှေ့မီတာ မည်မျှမောင်းပြီးလျှင် ကွေ့ရမည်။ နောက်ထပ် အချိန်မည်မျှ ကြာအောင် မောင်းရမည်။ ကီလိုမီတာ မည်မျှကြာအောင် မောင်းရမည် စသည်တို့ကို အချိန်နှင့်အမျှ ပြောင်းလဲ ညွှန်ပြပေးလေ့ရှိသည်။

ကျွန်တော်တို့ စတင်ခရီးထွက်ခွာလာသော နေရာမှာ ဟော်လန်တောင်ပိုင်းရှိ အုတ်စ်ဟောက် (Oosterhout) ဟုအမည်ရသည့် ကျေးရွာကလေးဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံ၏ အနေအထားဖြင့် ကြည့်မည်ဆိုပါက မြို့ငယ်တစ်မြို့ပမာပင်ဖြစ်သော်လည်း သူတို့နိုင်ငံတွင်မူ ရွာ(Village) ဟုသာ ခေါ်ကြသည်။ ထိုနေရာမှ နေ၍ ကျွန်တော်တို့ ဘယ်လ်ဂျီယံ နိုင်ငံကို ဖြတ်သန်း၍ ကီလိုမီတာ ၇၀၀ မျှအကွာတွင် ရှိသော ပြင်သစ်နိုင်ငံရှိ လစ်ဖာ (Liffre) ဆိုသည့် မြို့ငယ်ကလေးသို့ ဦးတည်သွားနေခြင်းဖြစ်သည်။

ဟော်လန်နိုင်ငံ၏ အဝေးပြေးလမ်းမများနှင့်တော့ ကျွန်တော်သိပ်မစိမ်းတော့ပါ။ ထိုလပိုင်းများအတွင်း အကြိမ်ပေါင်းမြောက်များစွာ ဖြတ်သန်းသွားလာခဲ့ပြီး ဖြစ်သည်။ ဤအဝေးပြေး လမ်းမပေါ်တွင် ကျွန်တော်တို့ အာရှ အဝေးပြေးလမ်းမများတွင် တွေ့ရလေ့မရှိသော ကာရာဗင်ခေါ် လူနေထိုင်သည့် နောက်တွဲအိမ်များကို ဆွဲ၍သွားလာသော ကားများ၊ စက်ဘီးများကို ကားခေါင်မိုးပေါ်တွင် ချည်နှောင်ထားသော ကားများ နှင့် မြင်းများကို နောက်တွဲအိမ်တွင် ထည့်၍သွားလာသော ကားများကို တွေ့ရတတ်သည်။ ထိုနေ့က တနင်္ဂနွေညနေစောင်း ဖြစ်သဖြင့် ထိုသို့သော ကားများကို မတွေ့ရပါ။ တနင်္ဂနွေသည် အားလုံး အားလပ်ရက် ခရီးထွက်ရာမှ ပြန်လာသော နေ့ဖြစ်ပြီး နောက်တစ်ပတ် လုပ်ငန်းကိစ္စအတွက် မည်သူမျှ စတင်၍ ခရီးမထွက်သေးသော နေ့ဖြစ်သည်။ ကျွန်တော်တို့ နှစ်ယောက်အတွက်မူ နောက်တစ်ပတ် ခရစ်စမတ် ရုံးပိတ်ရက် မတိုင်မီ အလုပ်အားလုံးကို လက်စသပ်ချင်သောကြောင့် စောစောစီးစီး ခရီးထွက်ခဲ့ကြခြင်းဖြစ်သည်။

နာရီပိုင်းမျှ မောင်းနှင်လာခဲ့ပြီးနောက် ကျွန်တော်တို့ ဘယ်လ်ဂျီယံနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ဘယ်လ်ဂျီယံနိုင်ငံရှိ အဝေးပြေးလမ်းမများ၏ ထူးခြားမှုမှာ မီးများကို လိုသည်ထက်ပို၍ လင်းထိန်နေအောင် ထွန်းညှိထားခြင်းပင်ဖြစ်သည်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်က ထိုမီးလုံးများကို ညွှန်ပြ၍ ဘာလို့ဒီလိုဖြစ်နေတာလဲ သိလား ဟုမေးသည်။ ကျွန်တော်က မသိကြောင်းပြောသောအခါ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်တွင် လျှပ်စစ်မီးလုံးထုတ်လုပ်သော ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ကြောင်းသူက ရယ်၍ပြောသည်။ မကြာခင် ကျွန်တော်တို့ Antwerp ဟုခေါ်သော နေရာသို့ ရောက်ခဲ့သည်။ ကျွန်တော့်မိတ်ဆွေက Antwerp ဆိုသည်မှာ ဒတ်ခ်ျဘာသာစကားဖြင့် Throw Hand ဟု အဓိပ္ပါယ်ရပြီး တစ်ချိန်က သူခိုးများ၏ လက်ကို ဖြတ်၍လွှတ်ပစ်သော နေရာဖြစ်သဖြင့် ဤအမည်တွင်ကြောင်းကို ရှင်းပြသည်။

မကြာမီကျွန်တော်တို့ ပြင်သစ်နိုင်ငံအတွင်းသို့ ရောက်ရှိခဲ့ကြပြီး ညစာစားသောက်ကြသည်။ ဥရောပဒေသတွင် ရှန်ဂန်သဘောတူညီချက် (Schengen Agreement) ကို လက်မှတ်ရေးထိုးထားသော နိုင်ငံများ၏ နယ်စပ်တွင် နယ်ခြားဂိတ်မရှိပေ။ ဟော်လန်၊ ဘယ်လ်ဂျီယံ နှင့် ပြင်သစ် ၃ နိုင်ငံလုံးမှာ ရှန်ဂန်နိုင်ငံများဖြစ်သဖြင့် နယ်ခြားဂိတ်များမရှိပါ။ ထို့နောက် ကျွန်တော်တို့ ပြင်သစ်နိုင်ငံ၏ အဝေးပြေး လမ်းမများပေါ်တွင် ဆက်လက်၍ ခရီးနှင်ခဲ့ကြသည်။

ပြင်သစ်နိုင်ငံအဝေးပြေးလမ်းမများတွင်မူ ကားများ ရှင်းလင်းလျှက်ရှိသည်။ အချို့နေရာများတွင် မီးပင်ထွန်းမထားပေ။ ပတ်ဝန်းကျင်ဒေသအားလုံးကို တိတ်ဆိတ်သော ပတ်ဝန်းကျင်နှင့် အမှောင်ထုကသာ လွှမ်းမိုးထားသည်။ ကျွန်တော်တို့ ကားထဲတွင်မူ ကျွန်တော့်မိတ်ဆွေဖွင့်ထားသော တက်ခနိုသီချင်းသံကသာ ဖုံးလွှမ်းထားသည်။ ထိုသီချင်းတော်တော်များများမှာ နားထောင်၍ကောင်းသော်လည်း ဥရောပ ဘာသာစကားများဖြင့် သီဆိုထား၍ တစ်ခုမှ နားမလည်ပါ။ ရိုမေးနီးယန်း အဆိုတော် Akcent ၏ Jokero၊ ဒတ်ခ်ျအဆိုတော်အဖွဲ့ Djumbo ၏ Boya Boya Bay ၊ အိုင်းရစ်အဆိုတော် Fonzerelli ၏ MoonLight Party၊ ဆွီဒင်အဆိုတော် Basshunter ၏ Botten Anna သီချင်းများမှာ ကျွန်တော်နားမလည်သော်လည်း ကြိမ်ဖန်များစွာ နားထောင်ပြီးဖြစ်သဖြင့် နားထဲတွင် စွဲလျှက်ရှိသည်။

ကျွန်တော်တို့ အလုပ်အကြောင်း ရယ်စရာများကို ပြောရင်း၊ လုပ်ငန်းအတွေ့အကြုံများကို ပြန်ပြောရင်း ညအတော်မိုးချုပ်သောအချိန်အထိ မှောင်မိုက်သော လမ်းမပေါ်တွင် ဆက်လက်ခရီးနှင်ခဲ့ကြသည်။ ကျွန်တော်၏ မိတ်ဆွေက “ညာဖက်ကို လှမ်းကြည့်လိုက်စမ်းပါ။ အဲဒါ နော်မန်ဒီကမ်းခြေပဲ။” ဟု တစ်နေရာအရောက်တွင် လှမ်းပြောသည်။ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ ဂျာမန်တို့ကို ကမ်းတက်တိုက်ခိုက်ခဲ့သော နာမည်ကျော် နော်မန်ဒီကမ်းခြေကို ကျွန်တော်ကိုယ်တိုင်မြင်ခွင့်ရသဖြင့် ဝမ်းသာသွားသည်။ ပို၍သေချာအောင် ကျွန်တော်၏မိတ်ဆွေကို ထပ်မေးမိသည်။ “ဒုတိယကမ္ဘာစစ်တုန်းက ကမ်းတက်တိုက်ပွဲဖြစ်ခဲ့တာ ဒီနေရာပေါ့။” ဟု ကျွန်တော်ကမေးသောအခါ ကျွန်တော့်မိတ်ဆွေက “ဟုတ်တယ်။ မင်းမြေပုံကြည့်ချင်ရင် ကြည့်လို့ရအောင် ပြမယ်။” ဟုပြောပြီး ကားကို လမ်းဘေး ချရပ်လိုက်သည်။ ထို့နောက်ကားထဲမှ မီးကို ဖွင့်ပြီးသော အခါ သူက “ဒမ်” ဟု ဆဲရေးလိုက်သည်။ ကျွန်တော်က ဘာဖြစ်တာလဲဟု နောက်ကို လှည့်ကြည့်လိုက်သောအခါ ကျွန်တော်တို့ကားနောက်တွင် ခေါင်မိုးပေါ်မှ မီးများဖွင့်ထားသော ရဲကားတစ်စီးကို တွေ့လိုက်ရသည်။

ရဲကားက ကျွန်တော်တို့ကားကို ကျော်တက်၍ အရှေ့မှပိတ်ရပ်သည်။ ထို့နောက်ကားနောက်ဖက်မှ မီးဖြင့် စာတမ်းထိုးပြ၍ သူတို့နောက်ကို လိုက်ခဲ့ဖို့ခေါ်သည်။ ကျွန်တော်တို့ ရဲကားအနောက်မှ လိုက်သွားပြီး ရဲကားက ဓာတ်ဆီဆိုင် တစ်ဆိုင်အတွင်းသို့ချိုးဝင်သွားသောအခါ ကျွန်တော်တို့လည်း လိုက်၍ဝင်ခဲ့ကြသည်။ ရဲသားက ကားရပ်၍ကားပေါ်မှ ဆင်းလာသည်။ ကျွန်တော်ကြားဖူးထားသော ဥရောပနှင့် အမေရိကား၏ ထုံးစံမှာ ရဲဖမ်းပါက လက်ကို စတီယာရင်ပေါ်တင်၍ ရဲကိုစောင့်ဆိုင်းနေရန်ဖြစ်သည်။ ကားပေါ်မှ အလောတကြီး ဆင်းခြင်း လိုင်စင်ကိုထုတ်ပြရန် အိတ်ကို လက်နှိုက်ခြင်းတို့ပြုပါက ရဲက သူ့အားပြန်လည်တိုက်ခိုက်မည်ဟု အထင်မှားနိုင်သဖြင့် ထိုသို့မပြုလုပ်ရန် ကျွန်တော့်မိတ်ဆွေတစ်ဦးက သတိပေးဖူးသည်။ ပြင်သစ်ရဲသားက လက်နှိပ်ဓာတ်မီးဖြင့် ကျွန်တော်တို့ကို ထိုးကြည့်၍ ကျွန်တော့်မိတ်ဆွေအား ယာဉ်မောင်းလိုင်စင်ပေးရန် တောင်းသည်။

ထို့နောက်သူက “ပြင်သစ်နိုင်ငံရဲ့ ကန့်သတ်မိုင်နှုန်းက ကီလိုမီတာ ၁၂၀ ပဲမောင်းလို့ရတယ်။ မင်းတို့ကားကို ၁၄၅ ကီလိုမီတာနဲ့ မောင်းသွာတာ တွေ့လိုက်တယ်။” ဟုပြောသည်။ စင်ကာပူတွင် ကျွန်တော်တို့ကို ဆက်သွယ်ရေးဘာသာသင်သော ကထိကတစ်ယောက်ပြောဖူးသည်ကို ပြန်၍အမှတ်ရမိသည်။ ရဲကား၏ ရေဒါတွင် ကီလိုမီတာ ၂၀ နှုန်းမျှ အတိမ်းအစောင်း ဖြစ်နိုင်သဖြင့် ရဲများက သတ်မှတ်မိုင်နှုန်းထက် ကီလိုမီတာ ၂၀ ကျော်မောင်းမှ ဖမ်းလေ့ရှိကြောင်းဖြစ်သည်။ အမှန်တကယ်တော့ ထိုညက ကျွန်တော်တို့မောင်းနှင်ခဲ့သည့် နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ သို့ ၁၇၀ ဝန်းကျင်မျှရှိသည်။

ထို့နောက်သူက စာရွက်တစ်ရွက်ထုတ်ပေးသည်။ ထိုစာရွက်တွင် နိုင်ငံခြားမှကားများကို ဖမ်းဆီးမိပါက ရဲများအနေနှင့် ဒဏ်ငွေကို ချက်ချင်းကောက်ခံနိုင်ကြောင်း ရေးသားထားသည့်စာဖြစ်သည်။ သူက အရှိန်ပိုမောင်းသည့် အတွက် ဒဏ်ငွေ ယူရို ၉၀ မျှ ပေးဆောင်ရန်ပြောသည်။ ကျွန်တော့်မိတ်ဆွေက သူ့တွင် ငွေသားထိုမျှပါမလာသဖြင့် ခရက်ဒစ်ကတ်ဖြင့် ပေးဆောင်၍ရနိုင်သလားဟု မေးသည်။ ထိုအခါရဲသားက သူတို့ ခရက်ဒစ်ကတ်ကို လက်မခံကြောင်းနှင့် ငွေသားထုတ်ယူနိုင်ရန် အေတီအမ်သို့ လိုက်ပို့ပေးမည်ဟုပြောသည်။

ထို့နောက် သူတို့ရဲကားက ဦးဆောင်၍ အေတီအမ်ရှိရာသို့ မောင်းနှင်သွားသည်။ ကျွန်တော်တို့လည်း နောက်က လိုက်သွားကြသည်။ အေတီအမ်ရှိရာ နေရာမှာ ဘဏ်အဆောက်အဦးတစ်ခုဖြစ်၍ အပြင်မှ မှန်တံခါးကို ပိတ်ထားသည်။ တံခါးဝတွင် ခရက်ဒစ်ကတ်ထိုးထည့်သော အခါတွင်မှ တံခါးကပွင့်လာသည်။ ကျွန်တော့်မိတ်ဆွေက ယူရို ၉၀ ထုတ်ယူပြီး ရဲသားကို ပေးလိုက်သည်။ ရဲသားက ငွေလက်ခံဖြတ်ပိုင်းတစ်ခု ရေးပေးပြီး ကျွန်တော်တို့ကို နှုတ်ဆက်၍ထွက်သွားလေတော့သည်။

ကျွန်တော့်မိတ်ဆွေက “ငါ့မိန်းမသာ မနက်ဖြန်မနက် ဘဏ်စာရင်းကို ဖွင့်ကြည့်ရင်တော့ ညကြီးသန်းခေါင် ငွေသားထုတ်ထားတယ်ဆိုရင် ငါ့ကို အထင်တော့ လွဲတော့မှာပဲ။ ” ဟုရယ်စရာပြောသည်။ ကျွန်တော်တို့ ထိုညက ည ၂နာရီခန့်မှ ကျွန်တော်တို့ တည်းခိုမည့် ဟိုတယ်သို့ရောက်ရှိခဲ့သည်။ ဟိုတယ်တွင် ဝန်ထမ်းတစ်ဦးတစ်ယောက်မှ မရှိတော့ပေ။ ကျွန်တော်တို့ကို တံခါးဖွင့်နိုင်ရန် စကားဝှက် တင်ကြို၍ပေးထားသဖြင့် သာ ကျွန်တော်တို့ ဝင်ရောက်နိုင်ခြင်းဖြစ်သည်။ ဧည့်ကြိုကောင်တာပေါ်တွင် ကျွန်တော်တို့ ၂ ဦးအတွက် တံခါးသော့ နှစ်ခုကို နာမည်ရေးထိုးပြီးတင်ထားသည်။

အခန်းထဲသို့ရောက်တော့ ပြန်စဉ်းစားရင်း ပြုံးမိသည်။ နောက်ဆိုလျှင် နော်မန်ဒီဟူသော နာမည်ကိုကြားပါက ကမ္ဘာကျော် သမိုင်းဝင်အဖြစ်အပျက် ဒီဒေးကိုုသာမကပဲ အခြားအမှတ်ရစရာတစ်ခုပါ တိုးလာပြီဆိုသည်ကို စဉ်းစားမိ၍ ဖြစ်သည်။

Friday, March 21, 2008

နှင်းပွင့်တွေကြားက ဖေဖော်ဝါရီ (၂)

ပိုလန်နိုင်ငံ တောမြို့ကလေးမှ ရထားပလက်ဖောင်းသည် မြန်မာနိုင်ငံတောမြို့ကလေးများမှ ရထားပလက်ဖောင်းကဲ့သို့ပင် အကာအရံမရှိ။ ကုန်ရထားများ ခရီးသည်တင်ရထားများက မကြာခဏဆိုသလို ဖြတ်သွားနေကြသည်။
ရထားလမ်းကိုဖြတ်ကူးတော့ ကျွန်တော်နှင့် ခရီးစဉ်တစ်ခုတည်း အတူတူသွားကြမည့် ခရီးသည် နှစ်ယောက် သုံးယောက်ကို လှမ်းတွေ့ရသည်။ သူတို့လည်း အနွေးထည် အထူကြီးများနှင့် ဆောင်းလေအေး၏ ဒဏ်ကို အံတုနေကြသည်။

ရထားပလက်ဖောင်းပေါ်တွင် ဟိုဟိုဒီဒီလျှောက်ရင်း အအေးပေါ့အောင် လုပ်နေမိသည်။ အကာအရံ မရှိသော ပလက်ဖောင်းထက်တွင် လေအေးတစ်ချက်ဝှေ့လိုက်တိုင်း ကျောထဲကစိမ့်သွားအောင် အေးသည်။ ရထားသံလမ်းပေါ်တွင် ဘယ်အချိန်က အသက်ပျောက်နေမှန်းမသိသော ကြောင်တစ်ကောင်ကို တွေ့ရသည်။ အခုလိုအေးသော အရပ်ဒေသတွင် ပုပ်သိုးသွားဖို့ဆိုသည်မှာ ဖြစ်နိုင်ခြေမရှိသော ကိစ္စဖြစ်သည်။

မကြာမီတွင် ကျွန်တော်စီးမည့်ရထား ဘူတာရုံသို့ဝင်လာသည်။ ရထားမှာ တွဲနံပါတ် ခုံနံပါတ်နှင့် မဟုတ်သဖြင့် ကြိုက်သည့်ခုံတွင် တက်စီး၍ရသည်။ ကျွန်တော် အနီးဆုံးတွဲတစ်တွဲသို့ တက်လိုက်သည်။ ကျွန်တော် တက်လိုက်သော တွဲမှာ သီးသန့်အခန်းများနှင့် ဖြစ်သည်။ တစ်ခန်းလျှင် နှစ်ယောက်ထိုင်ခုံ အနည်းငယ်စီပါသည်။ မှန်အလုံကာထားပြီး အပူပေးစက်ဖွင့်ထားသည်။

ကျွန်တော်ရထားလမ်းဘေးကို မှန်ပြတင်းပေါက်မှကြည့်ရင်းလိုက်ပါခဲ့သည်။ လမ်းဘေးဝဲယာတွင် နှင်းခဲများကို မျက်စိတစ်ဆုံးမြင်နေရသည်။ ရထားတွင်းတွင်မူ အပူပေးစက်ကြောင့် အပေါ်အင်္ကျီဝတ်စရာမလိုအောင် ပင် နွေးထွေးနေသည်။ မိနစ်နှစ်ဆယ်မျှစီးပြီးနောက် ကျွန်တော်သွားလိုသော ဂဒိုင့်ဂလော်နီ(Gdansk Glowny)သို့ ရောက်ခဲ့သည်။


ဘူတာရုံထဲမှ ထွက်တော့ အအေးဓာတ်နှင့် ပြန်လည် မိတ်ဆက်ရသည်။ ဘူတာရုံ အဆောက်အဦးမှာ ဗြိတိသျှခေတ်တွင် ဆောက်လုပ်ခဲ့သော မြန်မာနိုင်ငံမှ အဆောက်အဦးများနှင့် အလားသဏ္ဌန်တူသည်။
ကျွန်တော်ပထမဆုံး ရှာရသည် မှာ ငွေလဲလှယ်သောဆိုင်ဖြစ်သည်။ ကျွန်တော့်တွင် ယူရိုငွေများသာ ပါသဖြင့် ပိုလန်တွင် အလုပ်မဖြစ်။ အကြွေးဝယ်ကတ်မှ ပိုက်ဆံထုတ်သုံးနေရသည်။ အခုကျွန်တော် ယူရိုများကို ဇွာတာ(zloty)နှင့် လဲမှဖြစ်တော့မည်။ ဘူတာရုံအဝင်ဝနှင့် မလှမ်းမကမ်းတွင် ငွေလဲသောဆိုင်တစ်ဆိုင်တွေ့ ၍ ငွေလဲလိုက်သည်။ ဒုတိယမြောက် ကျွန်တော် လုပ်ချင်သော အလုပ်မှာ အင်တာနက်သုံးရန်ဖြစ်သည်။ ကျွန်တော် အီးမေးလ် မစစ်ဖြစ်သည်မှာ တစ်ပတ်ခန့်ရှိပြီ။ ကျွန်တော့်တွင် ခရီးဆောင် ကွန်ပြူတာပါသော်လည်း စက်ရုံထဲတွင် ရုံးက အီးမေးလ်သာစစ်ဖြစ်သည်။ အချိန်ကြာလွန်း၍ဖြစ်သည်။ အခုကျွန်တော်၏ ရာဟူး၊ ဟော့မေးလ် နှင့် ဂျီမေးလ် စာတိုက်ပုံးများကို စစ်ချင်သည်။ ဖိုရမ်ထဲသို့ဝင်၍ သူငယ်ချင်းများနှင့် တောင်စဉ်ရေမရ ပြောချင်သေးသည်။ အင်တာနက်ကဖီးကို ဘူတာရုံနှင့် မလှမ်းမကမ်းတွင် အခန့်သင့်တွေ့ရသည်။ ဘယ်လောက်ပေးခဲ့ရသည်ကို သေချာမမှတ်မိသော်လည်း ဥရောပရှိ အင်တာနက်ကဖီးများတွင် ဈေးအပေါဆုံး ဆိုသည်ကိုတော့ မှတ်မိသည်။ တစ်နာရီ ကို ၂ယူရို ၃ယူရိုနှင့် ညီမျှသော ပိုက်ဆံသာ ပေးရသည် ထင်သည်။

အင်တာနက်ကဖေးတွင် တနာရီခန့် အချိန်ဖြုန်းခဲ့ပြီးနောက် ကျွန်တော် နေ့လည်စာစားရန် သတိရသည်။ အခု ညနေ နှစ်နာရီကျော်နေပြီဖြစ်သည်။ ဘူတာရုံနှင့် မလှမ်းမကမ်းမှ စားသောက်ဆိုင် တစ်ဆိုင်ကို ရွေးလိုက်သည်။ ကျွန်တော်ကံကောင်းသည် မှာ စားသောက်ဆိုင် အစားအသောက်စာရင်းတွင် အင်္ဂလိပ်လိုရေးထားခြင်းဖြစ်သည်။ ဥရောပတွင် ခရီးသွားရသည်မှာ ပုံသေတွက်ဆ၍မရ။ အချို့ အရပ်ဒေသများမှ စားသောက်ဆိုင်များတွင် အင်္ဂလိပ်ဘာသာ အစားအသောက်စာရင်းမရှိ။ သူတို့အရပ်ဒေသသုံးစကားကို နားလည်သူမပါလျှင် မှန်းဆပြီးရမ်းကြိတ်ဖို့သာရှိသည်။

ဥရောပ အစားအစာများတွင် ကျွန်တော် အကြိုက်ဆုံးမှာ ပေါင်မုန့်ကို အလယ်တွင် အပေါက်ဖောက်၍ ထည့်ထားသော ခရမ်းချဉ်သီး ဟင်းချိုဖြစ်သည်။ ကျွန်တော် ပေါင်မုန့် ခရမ်းချဉ်သီးတစ်ပွဲနှင့် ငါးတစ်ပွဲမှာပြီး ထိုင်စောင့်နေလိုက်သည်။ အခုလိုအေးသော အရပ်ဒေသတွင် ဆေးလိပ်ကို အပြင်ထွင်သောက်ခိုင်းလျှင် အတော်မိုက်မဲရာကြမည်ဖြစ်သည်။ ထို့ကြောင့် စားသောက်ဆိုင်များတွင် ဆေးလိပ်သောက်ခွင့်ပြုထားသည်။ စားသောက်ဆိုင်ထဲတွင် ကြည့်ပျော်ရှုပျော်ရှိသော ကောင်မလေး နှစ်ယောက်သုံးယောက်ရှိသဖြင့် စောင့်ရသည်မှာ သိပ်ပြီး ငြီးငွေ့စရာမကောင်းပေ။ အစားအသောက်များ ရောက်လာသောအခါ ဗိုက်ဆာနေသဖြင့် စားရတာ အလွန်မြိန်လှသည်။

စားသောက်ပြီးနောက် ကျွန်တော် အနီးအနားရှိ စတိုးဆိုင်များ ၊ ဈေးတန်းများကို နှစ်နာရီ သုံးနာရီ မျှ လျှောက်ကြည့်နေမိသည်။ ညနေအနည်းငယ်စောင်းလာတော့ အပြင်မှာ နေရသည်မှာ တစ်စထက်တစ်စ ပို၍အေးလာသည်။ ကျွန်တော့်အတွက် အလုပ်သင့်ဆုံးမှာ ဟိုတယ်ကိုပြန်၍ အပူပေးစက် ဖွင့်ကာ ညနေခင်းကို ကုန်ဆုံးရန်ပင် ဖြစ်တော့သည်။ သို့သော်ဟိုတယ်သို့ မပြန်သေးမီ ကျွန်တော့် ကင်မရာတစ်လုံးနှင့် ဂဒိုင့်ဂလော်နီ၏ မဟာဆန်သော အဆောက်အဦးများ နှင့် ခေတ်ဆန်သော အဆောက်အဦးများ ရောယှက်နေသော မြင်ကွင်းကိုမှတ်တမ်းတင်နေမိလေသည်။





ဘူတာရုံတွင်းသို့ ပြန်ရောက်လာတော့ ကျွန်တော် ဘယ်စင်္ကြန်မှ ရထားစီးရမည်ကို ရှာမတွေ့။ ကျွန်တော် စုံစမ်းရေး ဋ္ဌာနကို ရှာရသည်။ သို့သော်စုံစမ်းရေး ဋ္ဌာနတွင် ထိုင်နေသော အမျိုးသမီးကြီးမှာ အင်္ဂလိပ်စကားမပြောတတ်။ ကျွန်တော့်မှာ တိုင်ပတ်နေသည်။

နောက်ဆုံးတော့ ကျွန်တော်၏လုပ်ရိုးလုပ်စဉ်အတိုင်း ရထားလက်မှတ်ကိုပြ၍ ခြေဟန်လက်ဟန်ဖြင့်မေးရသည်။ ထိုအခါမှ သူမက ကျွန်တော့်အား စာရွက်တစ်ရွက်ပေါ်တွင် ရထားစီးရမည့် စင်္ကြန်နှင့် ရထားထွက်မည့်အချိန်ကို ရေးပေးသည်။ စင်္ကြန်နံပါတ်မှာ အင်္ဂလိပ်လိုရေးထားသဖြင့် ရှာရသည်မှာ မခက်ပါ။ ရထားလာမည့် အချိန်စောနေသေးသော်လည်း ကျွန်တော်စင်္ကြန်ပေါ်သို့တက်ခဲ့သည်။

စင်္ကြန်ပေါ်အရောက်တွင် ပိုလန်လူမျိုးတစ်ယောက်က ကျွန်တော့်ကို ပိုလန်စကားဖြင့် စကားလာပြောသည်။ ကျွန်တော် နားမလည်ကြောင်းအင်္ဂလိပ်လိုပြန်ပြောမှ သူ့တွင် လမ်းစရိတ်မရှိ၍ ၅ ဇွာတာလောက်ပေးဖို့ အင်္ဂလိပ်လိုပြောသည်။ တကယ်မဟုတ်မှန်းသိသော်လည်း အန္တရာယ်ကင်း စကားနည်းရန်စဲ ဖြစ်ရန် ကျွန်တော်ထုတ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ သူများအရပ်ဒေသမှာ တစ်ယောက်တည်း အလုအယက်ခံရလျှင်စားသာမည် မဟုတ်ပေ။ ကျွန်တော် ပိုက်ဆံအိတ်ထုတ်ပြီးမှ မှားမှန်းသိသည်။ ကျွန်တော့် ပိုက်ဆံအိတ်ထဲတွင် လောလောလတ်လတ် လဲလာသည့် ပိုက်ဆံတွေ အများကြီးဖြစ်နေသည်။ ထိုငနဲက သူ့ကို ၁၀ ဇွာတာ ပေးဖို့ တောင်းလေတော့သည်။ ထိုအချိန်မှ ဘာမှမတတ်နိုင်။ ကျွန်တော့် အနီးတွင် အကူအညီပေးနိုင်မည့်သူလည်းမရှိ။ ပလက်ဖောင်းပေါ်တွင် အခြား အမျိုးသမီးနှစ်ဦးသာ ရှိသည်။ နောက်ဆုံးတော့ ပိုက်ဆံအိတ်တစ်ခုလုံး အလုခံရတာထက်စာရင် တော်သေးသည် ဟု သဘောထား၍ ထိုငနဲကို ၁၀ ဇွာတာပေးလိုက်ရသည်။ ကံကောင်းထောက်မ၍ ထိုငနဲမှာ ၁၀ ဇွာတာဖြင့် ကျေနပ်သွား၍တော်တော့သည်။

ထိုငနဲထွက်သွားပြီး ကျွန်တော့်တွင် နောက်ထပ်ဒုက္ခတစ်မျိုးတွေ့ရလေသည်။ ကျွန်တော်ရပ်စောင့်နေသော ပလက်ဖောင်းတွင် ၅ မိနစ်တစ်စီးလောက် ရထားလာနေသည်။ ထို့ကြောင့် ကျွန်တော်သွားရမည့် ရထားလာလျှင်ကျွန်တော် ဘယ်ရထားမှန်း အတိအကျသိမည်မဟုတ်ပေ။ ရထားအချိန်အတိအကျ လာမှသာလျှင် ကျွန်တော်သိနိုင်မည်။

ဒီလိုနှင့်ကျွန်တော့်ရထားဆိုက်မည့် အချိန်လောက်တွင် ပလက်ဖောင်းသို့ ရထားတစ်စီးဆိုက်လာသည်။ ရထားပေါ်မှ ဆင်းလာသူများကို အင်္ဂလိပ်လိုမေးတော့ တစ်ယောက်မှ နားမလည်။ နောက်ဆုံး ရထားဝန်ထမ်းတစ်ဦးအား လက်မှတ်ပြတော့ ဟုတ်တယ် ဟုပြောသည်။ ကျွန်တော်ရထားပေါ်သို့တက်ခဲ့သော်လည်း စိတ်ထဲတွင် ဇဝေဇဝါဖြစ်နေသည်။ အပြင်တွင်လည်း အလင်းဓာတ်လျော့နည်း၍ ညမှောင်စ ပြုလာပြီဖြစ်သည်။ ရထားဘေးဝဲယာကို ကြည့်လာသော်လည်း အဆောက်အဦးတစ်ခုမျှ ကျွန်တော်မမှတ်မိ။ ရထားပေါ်မှာ မိနစ်နှစ်ဆယ်လောက်ကြာတော့ ကျွန်တော်နည်းနည်း စိုးရိမ်စပြုလာသည်။ နောက်ဆုံးတော့ လမ်းမှားသွားလည်း တက်စီငှားပြန်ရုံရှိတာပေါ့ ဟု တွေးပြီး စိတ်ကို ဒုံးဒုံးချလိုက်သည်။

ထိုအချိန်တွင် ကျွန်တော်နေသော နေရာနှင့် မနီးမဝေးရှိဘူတာရုံနားမှ သင်းချိုင်းကုန်းကို ဘွားကနဲမြင်လိုက်ရသည်။ ကျွန်တော့်တစ်သက်နှင့်တစ်ကိုယ်တွင် သင်းချိုင်းကုန်းကို မြင်၍ လှိုက်လှိုက်လှဲလှဲ ဝမ်းသာခဲ့သော အချိန်ဆို၍ ဒီတစ်ကြိမ်သာရှိမည်ထင်သည်။ ကျွန်တော်ထိုင်နေရာမှ ထ၍ ဆင်းဖို့ပြင်လိုက်သည်။

ရထားပေါ်မှဆင်းလိုက်တော့ အပြင်တွင် အလွန်အေးနေပြီ။ ကျွန်တော် ကုတ်အင်္ကျီကို တင်းတင်းစေ့ဝတ်ရင်းဟိုတယ်သို့ လမ်းလျှောက်ပြန်ခဲ့သည်။ ဟိုတယ်ရောက်တော့ သိပ်မဆာသော်လည်း ညစာတစ်ထပ်စားလိုက်ရသည်။ ဒီအရပ်ဒေသတွင် ၂၄ နာရီ စားသောက်ဆိုင်မရှိ။ စောစောစီးစီးမစားလျှင် ညစာလွတ်ဖို့သာရှိသည်။ အခန်းပြန်ရောက်တော့ အတော်ပင်မှောင်နေပြီ။ ပြတင်းပေါက်မှ အပြင်ကိုကြည့်တော့ နှင်းတွေ တဖွဲဖွဲကျနေတာ မြင်ရသည်။ ကျွန်တော် အလွန်အကျွံအေးသော ရာသီဥတုကို မုန်းသော်လည်း နှင်းပွင့်ဖြူဖြူတွေကိုတော့ နှစ်သက်သည်။ ပြတင်းပေါက်အပြင်ဘက်မှ နှင်းများ၊ အဝေးဆီမှ ရထားခုတ်မောင်းသံ နှင့် အထီးကျန်နေသော ညတစ်ညကို ဟိုတယ် ဂရက်ဂါ (Hotel Gregor) ၏ အခန်းငယ်တစ်ခုတွင် ကျွန်တော် ကုန်လွန်ဖြတ်သန်း ခဲ့ရလေသည်။

Thursday, February 28, 2008

နှင်းပွင့်တွေကြားက ဖေဖော်ဝါရီ (၁)




ပြတင်းပေါက်မှ မျှော်ကြည့်လိုက်သောအခါ ဆွတ်ဆွတ်ဖြူနေသော နှင်းများကို မျက်စိတဆုံး မြင်နေရသည်။

အိမ်ခေါင်မိုးများပေါ်တွင် နှင်းလွှာထု က အထပ်လိုက် ကပ်ညိနေ ရုံသာမက မြေပြင်ပေါ်တွင် လည်း နှင်းထုက လွှမ်းခြုံထားသည်။

နှင်းရိုက်ခတ်သော ဒဏ်ကြောင့် သစ်ပင်တို့မှာ အရိုးပြိုင်းပြိုင်းသာ ကျန်ရစ်ပြီး ကျန်ရစ်နေသော သစ်ရွက်များပေါ်တွင် နှင်းဖတ်တို့က ကပ်ညိတွဲခို နေကြသည်။

ဒီနေ့ အလုပ်အားရက်ဖြစ်သဖြင့် အပြင်သွားရန် စီစဉ်ထားသည်။

စားပွဲပေါ်မှ ကျောပိုးအိတ်ကို လွယ်ရင်း ကျွန်တော်၏ တစ်နေ့တာ ခရီးစဉ်စတင်လိုက်သည်။

ဟိုတယ်တွင် ဒီနေ့ ဧည့်သည်များများစားစား မရှိပါ။ ယခုအချိန်သည် အားလပ်ရက် ခရီးထွက်သည့်ရာသီမဟုတ် သဖြင့် အလုပ်ကိစ္စဖြင့် လာရောက်ကြသူများသာ ဟိုတယ်တွင် တည်းခိုကြသည်။ ဥရောပတွင် စနေ တနင်္ဂနွေ နေ့များတွင် အလုပ်လုပ်သူအားလုံး အိမ်ပြန်လေ့ရှိကြပါသည်။ ထို့ကြောင့် ဟိုတယ်တွင် ခရီးဝေးမှလာသော ကျွန်တော့်လို ဧည့်သည်မျိုးမှ အပ များများစားစား မကျန်ခဲ့ပါ။

ဟိုတယ်အပြင်ဘက်ရောက်တော့ ပိုလန်ဆောင်း၏ အေးစိမ့်သော လေညင်းက ကျွန်တော့်ကို ခိုက်ခိုက်တုန်သွားအောင် ဆီးကြို နှုတ်ဆက်လိုက်သည်။

ကျွန်တော် အနွေးထည်အင်္ကျီမှ ခေါင်းစွပ်ကို စွပ်ပြီး လည်ပင်းဖုံးအောင် ဇစ်တပ်လိုက်သည်။

တစ်ကိုယ်လုံးနွေးထွေးသွားသလို ခံစားရသော်လည်း လွတ်နေသော ကျွန်တော်၏ မျက်နှာကို လေအေးကြမ်း က ရိုက်ခတ်ကျီစယ်နေသေးသည်။

လမ်းမပေါ်တွင် တင်ကျန်ခဲ့သော နှင်းတွေကြားမှာ လမ်းလျှောက်ရခြင်းသည် ကျွန်တော့်အတွက် ထူးခြားသော ခံစားမှုတစ်မျိုးပင် ဖြစ်သည်။ နှင်းများပေါ်တွင် ကျွန်တော်၏ ဖိနပ်ရာက ကွက်ကွက်ကွင်းကွင်း ထင်ကျန်ခဲ့သည်။

ကျွန်တော် အခုရောက်ရှိနေသော နေရာမှာ ပိုလန်နိုင်ငံ ဂဒိုင့်(စ်)(Gdansk) မြို့နှင့် မနီးမဝေးတွင် ရှိသော ဆွာ့စ်ကီး (Pszczolki) ဆိုသည့် တောမြို့ကလေး တစ်မြို့ ဖြစ်သည်။

သူတို့ဆီတွင်တော့ ဒီနေရာ ကို ကျေးရွာ ဟုခေါ်လေသလားမသိပါ။

ဤအရပ်တွင် အဆောက်အဦး မြင့်မြင့်မားမားမရှိ။ လေးထပ်တိုက်သည် အမြင့်ဆုံး ဖြစ်မည်ထင်သည်။ တစ်ထပ်နှင့် နှစ်ထပ်အိမ်များကို သာ အများအပြားတွေ့ရသည်။

ဟိုတယ်မှ လမ်းနှစ်ဆစ်ချိုးလောက် လျှောက်ပြီးနောက် ရထားစီးရမည့် ဘူတာရုံ ကလေးသို့ ရောက်ခဲ့သည်။




ဘူတာရုံကလေးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် တွေ့နေကျ အင်္ဂလိပ်ခေတ်က အဆောက်အဦး ကလေးများ နှင့် အလားသဏ္ဌန်တူသည်။

သို့သော် အအေးလွန်၍ နှင်းကျသော အရပ်ဒေသတွင် ဆောက်လုပ်ထားသော အဆောက်အဦး ဖြစ်သဖြင့် နှင်းများတင်မကျန်ရစ်စေရန် ရည်ရွယ်ထားသော အမိုးချွန်ချွန်များနှင့် မီးလင်းဖိုမှ မီးခိုးခေါင်းတိုင်များကို တွေ့မြင်နေရသည်။

အနီရောင်အုတ်တို့ က အဆောက်အဦးကလေး ၏ ဂန္တဝင်ဆန်အောင် ကူညီပံ့ပိုးထားသကဲ့သို့ပင် ဖြစ်သည်။

ကျွန်တော် ဘူတာရုံအတွင်းသို့ လှမ်းဝင်၍ ရထားအချိန်ဇယားကို ဖတ်ကြည့်မိသည်။

ကျွန်တော်စီးမည့်ရထားက နောက်မိနစ်နှစ်ဆယ်ခန့် အကြာတွင် လာမည်ဖြစ်သည်။ ရထားအချိန်ဇယား၏ နောက်ဖက်မှ လက်မှတ်ရောင်း ကောင်တာတွင် ကျွန်တော်သွားချင်သော ဂဒိုင့်စ် ဂလော်နီ(Gdansk Glowny) ဘူတာ၏ နာမည် ကို ပြော၍လက်မှတ်တစ်စောင်ပေးရန် ပြောလိုက်သည်။ ပိုလန်စာလုံးပေါင်းကို ကျွန်တော် အသံထွက်သည် ကို သူတို့ နားမလည်ပါ။ ကျွန်တော် ပိုလန်ရှိမြို့အမည်များတွင် ဝါဆော (Warsaw) မှလွဲ၍ ကျန်သော မြို့အမည် ဟူသမျှကို သူတို့ နားလည်အောင် အသံမထွက်တတ်။

ပိုလန်နိုင်ငံသား ဋ္ဌာနေကိုယ်စားလှယ်ပေးလိုက်သော ရထားအချိန်စာရင်း လမ်းညွှန်စာရွက်ပါ၍သာ တော်တော့သည်။ သွားချင်သော မြို့အမည်ကို ရထားအချိန်စာရင်း စာရွက်ပေါ်တွင် ထောက်ပြသော အခါကျွန်တော့်ကို လက်မှတ်တစ်စောင် ထုတ်ပေးသည်။

ပိုလန်ငွေနှင့် ၆ ဇွာတာ (zloty) ခန့်ကျသဖြင့် ယူရို နှင့် ပြန်တွက်လျှင် ၂.၄ ယူရိုခန့်မျှ ကုန်ကျမည်ထင်သည်။ ကျွန်တော် လက်မှတ်ကလေးကို ကိုင်၍ ရထားပလက်ဖောင်း ဘက်သို့ ထွက်ခဲ့သည်။