Search This Blog

Saturday, December 11, 2010

အနော်ရထာ မတိုင်ခင် (Express Edition)

ပုဂံ ရာဇဝင်ကို တုတ်ထမ်းပြီးတော့ပဲ ပြောရမလား၊ ဓားထမ်းပြီးတော့ပဲ ပြောရမလား၊ မရှင်းဂန်းတွေ အေကေ-၄၇တွေ ကိုင်ပြီးတော့ပဲ ပြောရမလားတော့ မသိပါဘူး။ ရေးထားတာ ကတော့ တစ်ယောက်တစ်မျိုး ပါပဲ။ အရည်းကြီးတွေ ဆိုးတယ်ဆိုပြီး ရာဇဝင်ထဲမှာ ရေးထားပေမယ့်လည်း ဒေါက်တာသန်းထွန်းကတော့ အရည်းကြီးဆိုတာ သမိုင်းထဲ ရေးထားသလောက် မဆိုးဘူးလို့ ပြောခဲ့ဖူး ပါတယ်။ ပန်းဦး လွှတ်တယ် ဆိုတာလည်း စိတ်ကူးယဉ်သက်သက် တကယ် မရှိဘူးလို့ ဆိုခဲ့ဖူးပါတယ်။ စဉ်းစား ကြည့်ရင်လည်း ဟုတ်နိုင်စရာပါ။ ဘယ်သူက ကိုယ့်မိန်းမကို အရည်းကြီးဆီ လွှတ်ပြီး ပန်းဦး ဆက်ချင်ပါ့မလဲ။ မယားထိ ဓားကြည့် ဆိုသလို ပန်းဦးပို့မယ့် အစား ဓားနဲ့ နုပ်နုပ်စင်း ကြလို့ အရည်းကြီးလည်း အနော်ရထာ မတိုင်ခင် ကတည်းက အရည်းကြီး တုတ်ထိုးဖြစ်တာ ကြာလှရောပေါ့။ ဒီတစ်ခါတော့ အနော်ရထာ မတိုင်ခင် ပုဂံရာဇဝင်ကို Express Edition အနေနဲ့ ပြန်ပြောပြချင် ပါတယ်။

ပုဂံမြို့ကို တည်တဲ့မင်း၊ သရပါတံခါးကို ဆောက်ခဲ့တဲ့မင်းကို ပျဉ်ပြားမင်း လို့ ခေါ်ကြပါတယ်။ ဘာလို့ ပျဉ်ပြားမင်းလို့ ခေါ်သလဲ ဆိုတာကို ရာဇဝင်ထဲမှာ ရှာကြည့်တာတော့ မတွေ့ပါဘူး။ ပျဉ်ပြားတွေ တရုတ်ကို အိတ်စပို့လုပ်လို့ ပျဉ်ပြားမင်းလို့ တွင်တာလည်း ဖြစ်ချင်ဖြစ်မှာပါ။ အဲဒီ ပျဉ်ပြားမင်းကို တစ်ချို့ကတော့ ပျဉ်ဖြားမင်း လို့ ပြောကြပါတယ်။ ပျဉ်ပြားမင်းကြီး နတ်ရွာစံတော့ သူ့ရဲ့သား တန်နက်မင်းနန်းတက် ပါတယ်။

မြန်မာပြည်မှာ ကျင့်သုံးနေတဲ့ ဥပဒေ တစ်စိတ်တစ်ပိုင်းက ပုဂံခေတ်က ဆင်းသက်လာသလား မပြောတတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဖတ်ဖူး မှတ်ဖူးသလောက် မြန်မာနိုင်ငံ ဥပဒေထဲမှာ နိုင်ငံတော်ပုန်ကန်မှု အတွက် ပြစ်ဒဏ်က သေဒဏ် တစ်မျိုးတည်း ရှိပါတယ်။ ဒါပေမယ့် ခြွင်းချက်ကလေးတော့ ပါပါတယ်။ နိုင်ငံတော် ပုန်ကန်မှု အောင်မြင်ရင် ပြစ်ဒဏ်က လွတ်ကင်းခွင့် ရှိသည် ဆိုတာပါ။  ပုဂံခေတ်ကလည်း ဘုရင်ကို သေအောင် သတ်နိုင်ရင် ဘုရင် ဖြစ်ပါတယ်။ မသေမရှင် ဆိုရင်တော့ မဖြစ်ဘူး ထင်ပါတယ်။ တန်နက်မင်းလည်း မြင်းဇောင်းထဲမှာ သွားနေတုန်း မြင်းခံ ငခွေးက ဘုရင်ကို မြင်းချေးတွင်းထဲ တွန်းချပြီး ရှော့လိုက် ပါတယ်။ ဘုရင်ကို ရှော့လိုက်တဲ့ အတွက် မြင်းခံငခွေး ဘုရင် ဖြစ်လာပါတယ်။ အဲဒီဘုရင်ကို စလေငခွေးမင်းလို့ သိကြပါတယ်။

စလေငခွေး ဘုရင် ဖြစ်တော့ တန်နက်မင်းရဲ့ မိဖုရား တစ်ပါးလည်း ကိုဝင်းကြည်နဲ့ နန်းတော်ကနေ တိတ်တိတ်ကလေး လစ်သွားပါတယ်။ အဲဒီလိုနဲ့ ကြောင်ဖြူ အရပ်မှာ ဇာတ်မြှုပ်နေရင်း သားကလေး မွေးပါတယ်။ တန်နက်မင်းက သားကလေး မွေးရင် ကိုယ့်နာမည် ပေးပါလို့ မမှာခဲ့တော့လည်း ကြောင်ဖြူအရပ်မှာ မွေးလို့ ကြောင်ဖြူလို့ နာမည်ပေးတယ်လို့ ဆိုပါတယ်။ (မိဖုရားကြီး စစ်ကိုင်းတိုင်းထဲက နာဂတွေနေတဲ့ ဟိုမြို့မှာသာ သွားပြီး ဇာတ်မြှုပ်နေခဲ့ရင်တော့ မတွေးရဲ စရာပါ။) စလေငခွေးကိုတော့ သတ်မယ့်သူ မရှိပါဘူး။ ဒီဘုရင် အပြင်သွားရင် ဆင်တန်းတွေ မြင်းတန်းတွေနဲ့ သွားလို့လားတော့ မသိပါဘူး။ အဲဒီလိုနဲ့ စလေငခွေး အချိန်တန်လို့ မာလကာပင် တက်သွားတော့ သူ့ရဲ့သား သိန်းခိုမင်း နန်းတက်ပါတယ်။

တစ်နေ့တော့ သိန်းခိုမင်းဟာ တောကစား သွားပါတယ်။ တောထဲမှာ ဘာသွားကစားလဲတော့ ရာဇဝင်ထဲမှာ ရေးမထား ပါဘူး။ ရှမ်းကိုးမီးတို့ ၂၁ပေါက်တို့လည်း ဖြစ်ချင်ဖြစ်မှာပါ။ တောကစားရာက ပြန်လာတော့ ဘုရင်လည်း ဗိုက်ဆာလာ ပါတယ်။ အဲဒီတော့ အနီးအနားမှာ ရှိတဲ့ သခွားခင်းထဲမှာ သခွားသီး ဝင်ခူးစားပါတယ်။ နိုင်ငံတော်ထဲ ရှိရှိသမျှ ဘုရင့်ဘဏ္ဍာ မှတ်နေလို့ နေမှာပါ။ ဒါပေမယ့်လည်း သခွားခင်း ပိုင်ရှင် တောင်သူကြီးက သူ့အခင်းထဲ ဝင်လာပြီး ဘာမပြော ညာမပြောနဲ့ သခွားသီး ဝင်စားတာတွေ့တော့ ဘာကောင်မှန်း မသိလို့ ကျွေးထည့်လိုက်ပါတယ်။ သခွားသီးတော့ မဟုတ်ပါဘူး။ ဘုရင်လည်း အစားမတော် တလုပ် ဆိုသလို တောင်သူကြီး လက်ချက်နဲ့ ဂိ သွားပါတယ်။

သတ်ပြီးမှ ဘုရင်မှန်းသိတော့လည်း တောင်သူကြီးက အော်တိုငုတ်တုပ် ဘုရင် ဖြစ်သွားပါတယ်။ အဲဒီ ဘုရင်ကို တောင်သူကြီးမင်း၊ ညောင်ဦးစောရဟန်း၊ မင်းအိုချမ်းသာ စတဲ့ နံမည် အမျိုးမျိုး ခေါ်ကြပါတယ်။ အဲဒီအချိန်မှာ ခုန ဇာတ်မြုပ်နေတဲ့ မင်းသား ပြန်ပေါ်လာပါတယ်။ ကြောင်ဖြူမှာ မွေးတဲ့ ကြောင်ဖြူမင်းသားဟာ တောင်သူကြီးမင်း လက်ထက်မှာ ရွိုင်ရယ် ကွမ်းယာသည် ရာထူးကို ရပါတယ်။ ဘုရင်ကို နိုင်တီတူးနဲ့ စားမလား၊ စင်ကနယ်နဲ့ စားမလား၊ ဖာလာထည့်မလား ဂုံခါးထည့်မလား စတာမျိုး မေးပြီး ကွမ်းယာဆက်ရတဲ့ ရာထူးပါ။ အဲဒီခေတ်ကတော့ တော်ဝင် ကွမ်းယာတဲ့သူကို ကွမ်းဆော်လို့ ခေါ်ကြပါတယ်။

တစ်နေ့တော့ တုရွင်းတောင်ခြေမှာ မင်းလောင်းပေါ်တယ် ဆိုပြီးတော့ ဝီကီလိခ်စ် ကနေတစ်ဆင့် ဘုရင်ဆီကို သတင်း ရောက်လာ ပါတယ်။ ဘုရင်လည်း မင်းလောင်းဆိုတာ ဘာကောင်ကြီးမှန်း မသိလို့ ကြောင်ဖြူမင်းသားကို သွားကြည့်စမ်းဆိုပြီး ခိုင်းလိုက် ပါတယ်။ ကြောင်ဖြူမင်းသားလည်း ဘုရင်ခိုင်းလိုက်လို့ တုရွင်းတောင်ခြေသွားတုန်း လမ်းမှာ ဘုရင်အဝတ်အစားတွေ လေဘေးထည် အနေနဲ့ ရောင်းနေတာ တွေ့တာနဲ့ ဝယ်ဝတ်ပါတယ်။ (ရာဇဝင်ထဲမှာတော့ သိကြားမင်းက ပေးတယ် ရေးထားသလို အဖိုးကြီးတစ်ယောက်က ပေးတယ်လို့လည်း ရေးထားပါတယ်။) ကြောင်ဖြူမင်းသား နန်းတော် ပြန်လာတဲ့အချိန် ဘုရင်အဝတ်အစား ဝတ်လာတာမို့ တောင်သူကြီးမင်းလည်း ပုလ္လင်ပေါ်ကနေ "နင်ထွက်သွားစမ်း။ ထွက်သွားစမ်း။ အခုပဲ ထွက်သွားလိုက်တော့။" လို့ အော်ရင်း ပြုတ်ကျလို့ ဂန့် သွားပါတယ်။ ထက်ထက်မိုးဦးလို ပါးတောင် မရိုက်လိုက်ရပါဘူး။ ကွမ်းဆော် ရာထူးကို ယူပြီး ကြောင်ဖြူ အရပ်မှာ မွေးတဲ့ မင်းသား ဘုရင် ဖြစ်တော့ ကွမ်းဆော်ကြောင်ဖြူလို့ တွင်ပါတယ်။

တောင်သူကြီးမင်းက ညီအစ်မ ၃ယောက်ကို ယူထားပါတယ်။ အဲဒီမိဖုရား ၃ပါးကို တောင်ပြင်သည်၊ အလယ်ပြင်သည်နဲ့ မြောက်ပြင်သည် လို့ ခေါ်ကြပါတယ်။ (ကျောက်ပျဉ်သည်တော့ မပါပါဘူး။) ကွမ်းဆော်ကြောင်ဖြူ ဘုရင်ဖြစ်တော့ ဘုရင် ရွေးထားတယ် ဆိုကတည်းက အကိတ်ကလေးတွေ နေမှာပဲ ဆိုပြီးတော့ အဲဒီ ၃ယောက်ကို ဆက်ပြီး မိဖုရား မြှောက်ထား လိုက်ပါတယ်။ ဒါပေမယ့်လည်း ကြောင်ဖြူမင်း ပိုက်ဘောမိသွားပါတယ်။ မြောက်ပြင်သည်နဲ့ အလယ်ပြင်သည်ကို တောင်သူကြီးမင်းက ဂိုးသွင်းပြီးသားပါ ။ အဲဒီလိုနဲ့ မြောက်ပြင်သည်က နေ ကျဉ်စိုး (အိုင်စီ အိမ်ဘုရင် နဲ့ နံမည် ခပ်ဆင်ဆင် :D) နဲ့ အလယ်ပြင်သည် ကနေ စုက္ကတေး ဆိုတဲ့ မင်းသား နှစ်ပါးကို မွေးပါတယ်။ အငယ်ဆုံး မိဖုရားကိုတော့ ကြောင်ဖြူမင်း ကိုယ်တိုင် ဂိုးသွင်းပြီး အနော်ရထာကို မွေးပါတယ်။

ကျဉ်စိုးနဲ့ စုက္ကတေး အရွယ်ရောက်လာတော့ ကျောင်းအဖြူတစ်ဆောင် ဆောက်ပြီးတော့ ဘုရင်ကို အတင်းအကျပ် ရဟန်းဝတ်ခိုင်းပါတယ်။ ဘယ်လို အကျပ်ကိုင်သလဲတော့ မပြောတတ်ပါဘူး။ ဘလက်မေးလ် လုပ်တာလား၊ အင်တာနက်ပေါ်မှာ ဗွီဒီယိုတွေ တင်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်တာလား ဆိုတာတော့ ရာဇဝင်ထဲမှာ ရေးမထားပါဘူး။ ဒီလိုနဲ့ ကျဉ်စိုးက ဘုရင် ဖြစ်လာပါတယ်။ ကျဉ်စိုးလည်း သက်ဆိုး မရှည်ပါဘူး။ ခြောက်နှစ်အကြာမှာ ရှောဘရားသား ဖြစ်သွားပါတယ်။

ကျဉ်စိုး ပြီးတော့ စုက္ကတေးက ဆက်ပြီး နန်းတက်ပါတယ်။ တစ်နေ့တော့ စုက္ကတေးက အနော်ရထာကို "ညီသားနောင်မယ်" လို့ခေါ်ပါတယ်။ အနော်ရထာကလည်း ဘာအဓိပ္ပာယ်မှန်း မသိလို့ ရဟန်းဝတ်နေတဲ့ သူ့အဖေ ကြောင်ဖြူမင်းကို သွားမေးပါတယ်။ ကြောင်ဖြူမင်းက "ဟဲ့ကောင်။ အနော်ရထာ။ နင်အဲဒီလောက် ပိန်းရသလား။ အဲဒါ နင့်ကို ငါရိုးမကျား လို့ ဆဲတာနဲ့ အတူတူပဲ။ မင်းအမေကို သိမ်းပိုက်မယ် လို့ ပြောတာ။" ဆိုပြီး တစ်ပ် ပေးလိုက်ပါတယ်။ ကြောင်ဖြူမင်းက ကိုယ့်ဆံပင်ကိုယ် ညှပ်နေရတယ် ဘာညာ ပြောတယ်တော့ ရာဇဝင်ထဲမှာ ရေးမထားပါဘူး။

အဲဒါကြောင့် အနော်ရထာ နည်းနည်း တင်းသွားပါတယ်။ ဒါနဲ့ပဲ ပုပ္ပားကို သွားပြီး လူစုပါတယ်။ နောက်တော့ ပုဂံကို ပြန်တိုက်ဖို့ ချီတက်လာပါတယ်။ အဲဒါကို စုက္ကတေး ကသိတော့ ။ "ဟေ့ကောင်။ အနော်ရထာ။ စစ်တိုက်မနေနဲ့။ မဆိုင်တဲ့သူတွေ အကုန်သေကုန်မယ်။ သတ္တိရှိရင် မင်းနဲ့ ငါနဲ့ တပွေချင်း ဆွဲမယ်။" ဆိုပြီး စိန်ခေါ်ပါတယ်။ အနော်ရထာက သဘောတူတော့ သူတို့နှစ်ယောက် ပုဂံမြို့ တစ်နေရာမှာ ချိန်းပြီး ဖိုက်ကြပါတယ်။ စီးချင်းထိုးပွဲမှာ စုက္ကတေးကို အနော်ရထာက လှံနဲ့ထိုးလိုက်တာ မြင်းပေါ်မှာ လှံနဲ့အတူ ပါသွားလို့ အဲဒီအရပ်ကို မြင်းကပါ အရပ်လို့ ခေါ်တယ် ဆိုကြပါတယ်။ စုက္ကတေး ကြွသွားတော့ အနော်ရထာ ဘုရင် ဖြစ်လာပါတယ်။

ဒါကတော့ ပျဉ်ပြားမင်း လက်ထက်ကနေ အနော်ရထာ ဘုရင်ဖြစ်လာတဲ့ အချိန်အထိ ပုဂံရာဇဝင် Express Edition ပါပဲ။

တခြားဖတ်ရန်

ဗျတ်ဝိဗျတ္တ For Dummies
ဖောင်းကားစား Remix
မောင်ပေါက်ကျိုင်း Version 2009
Unofficial Guide to မင်းမဟာဂီရိ

Saturday, December 4, 2010

ဘဝတစ်ဆစ်ချိုးများ

လူတစ်ယောက် အတွက် အသက်မွေးဝမ်းကြောင်း လုပ်စားမယ့် အလုပ်တစ်ခုကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက် ချရမယ့် အချိန်ဟာ တစ်ချိန်မဟုတ် တစ်ချိန် ကြုံလာတတ် ပါတယ်။ အဲဒီလို အချိန်မှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံနဲ့ အသိပညာ အပေါ်မူတည်ပြီး ဆုံးဖြတ်ချက် ချတတ်ကြ ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ အသိပညာ နုနယ်နေရင် အတွေ့အကြုံ နည်းပါးနေရင် ဆုံးဖြတ်ချက် အမှားတွေ ချဖြစ်မှာ ပါပဲ။ အဲဒါကြောင့် ကိုယ့်ထက် အတွေ့အကြုံ များတဲ့သူတွေ ကိုယ့်ထက် အသိပညာ ပိုရှိတဲ့သူ တွေရဲ့ အကူအညီကို ယူရင် မမှားနိုင်ဘူးလို့ ထင်ခဲ့ဖူး ပါတယ်။ သေချာတာ တစ်ခုကကတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံ အသိပညာမျိုး ရှိတဲ့သူကသာ ကိုယ့်ကို အကြံကောင်း ဉာဏ်ကောင်း ပေးပြီး လမ်းကြောင်းမှန် ပေါ်တင်ပေးနိုင်မှာပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ တခြားသူဆီက အကြံဉာဏ် တောင်းခါမှ ကိုယ်ပါစိတ်ဓာတ်ကျပြီး ဘာလုပ်ရမှန်း မသိ ဖြစ်တာမျိုးလည်း ကြုံရတတ်ပါတယ်။

ကျွန်တော် နိုင်ငံခြားကို မထွက်ခင် ရန်ကုန်မှာ အကြာကြီး ရွာလည် နေခဲ့ဖူး ပါတယ်။ ပထမဆုံးတစ်နှစ် နိုင်ငံခြားကို ထွက်ဖို့ ကြိုးစားတာ မအောင်မြင်ပါဘူး။ ကျောင်းလျှောက်တာ ကိုယ်တက်ချင်တဲ့ ကျောင်းကမရ ရတဲ့ကျောင်းကလည်း ဈေးအရမ်းကြီးလို့ မတက်နိုင် ဆိုသလိုမျိုး ဖြစ်တာကြောင့် ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေပါတယ်။ အဲဒီအချိန်မှာ နိုင်ငံခြားက အလုပ်လုပ်ပြီး ပြန်လာတဲ့ မိတ်ဆွေတစ်ယောက်နဲ့ တွေ့ပါတယ်။ သူနဲ့ ကျွန်တော် နိုင်ငံခြား အကြောင်း ဆွေးနွေးဖြစ်ရင်း ကျွန်တော်က ကျောင်းလျှောက်တာ မရလို့ နည်းနည်း အကြံပေးပါဦးလို့ သူ့ဆီက အကြံဉာဏ် တောင်း ပါတယ်။ သူက ကျွန်တော့်ကို မင်းကျောင်းတက်ပြီးရင်လည်း အလုပ်လုပ်ရမှာပဲ။ အဲဒီတော့ ဘာကိစ္စ ကျောင်းတက် နေဦးမှာလဲ။ အလုပ်ပဲ တစ်ခါတည်း သွားလုပ်ပေါ့ ဆိုပြီး အကြံပေးပါတယ်။ သူက ကျွန်တော့်ကို ကိုရီးယား ထွက်ဖို့ ဂျပန်သွားဖို့ လမ်းစတွေ ပြောပြပါတယ်။ လိုအပ်တာ အားလုံး ကူညီမယ် လို့လည်း ပြောပါတယ်။ ကျွန်တော်လည်း သူ့စကား နားထောင်ပြီး ဇဝေဇဝါ ဖြစ်သွားပါတယ်။ တကယ်လို့ အဲဒီအချိန်ကသာ ကျွန်တော် သူပြောတဲ့ အကြံအတိုင်း လိုက်လုပ်ခဲ့မယ်ဆိုရင် အခုအချိန် အင်ဂျင်နီယာ ဖြစ်လာစရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် ကျွန်တော် နိုင်ငံခြားမှာ ကျောင်းတက်ချင်တဲ့ စိတ်က သိပ်ပြင်းနေတော့ သူပြောတဲ့ အကြံအတိုင်း မလုပ်မိပါဘူး။

ဒီလိုနဲ့ နောက်ထပ် ၂ လ ၃လလောက် ကြာတော့ စင်ကာပူမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ဆုံဖြစ်ပါတယ်။ ကျွန်တော်က သူ့ကို ကျောင်းလျှောက်ပေးဖို့ အကူအညီတောင်းတော့ ပုဂ္ဂိုလ်က ကျွန်တော့်ကို အင်ဂျင်နီယာ လုပ်တာ အကြောင်း မဟုတ်ဘူး။ ဒါပေမယ့် အီလက်ထရွန်းနစ် နဲ့ ပတ်သက်တဲ့ အင်ဂျင်နီယာလိုင်းတွေကို မရွေးဖို့ နားချပါတယ်။ မရိန်း အင်ဂျင်နီယာရင်း နဲ့ ကျောင်းတက်ပြီး လခကောင်းတဲ့ ဆာဗေယာ အလုပ်လုပ်ဖို့ သင်္ဘော အင်ဂျင်နီယာ လုပ်ဖို့ တိုက်တွန်းပါတယ်။ ကျွန်တော် ဝါသနာ ပါတာက အီလက်ထရွန်းနစ်နဲ့ ရိုဘော့တစ်ပေမယ့် သူပြောတဲ့ စကားကို နားယောင်သွား ပါတယ်။ အဲဒါနဲ့ စင်ကာပူကို ကျောင်းလျှောက်တော့ ကျွန်တော် အဲဒီလိုင်းတွေ တစ်လိုင်းမှ မလျှောက် ဖြစ်ပါဘူး။ မရိန်း အင်ဂျင်နီယာရင်းနဲ့ စလုံးကို ကျောင်းလှမ်းလျှောက်ပြီး ကျောင်းဝင်ခွင့် ရသွားပါတယ်။ ကျောင်းဝင်ခွင့် ရပြီးတော့ ကျွန်တော် မပျော်ပါဘူး။ ကိုယ်ဝါသနာ မပါတဲ့ လိုင်းကို တက်ရမှာမို့ နည်းနည်း စိတ်လေနေပါတယ်။

အဲဒီအချိန်မှာတော့ အခုလက်ရှိ သင်္ဘောပေါ်မှာ ကုန်းချုပ်လို့ ခေါ်တဲ့ ချိဖ်အော်ဖစ်ဆာ ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း နဲ့ ဆုံဖြစ်ပါတယ်။ သူက အဲဒီတုန်းက ကဒက်လို့ ခေါ်တဲ့ အလုပ်သင် အရာရှိပါ။ သူက ကျွန်တော့်ကို မင်းနိုင်ငံခြား ကျောင်းသွားတက်ပြီး သင်္ဘောသား လုပ်မယ် ဆိုတဲ့ ကိစ္စ။ ငါလုံးဝ အားမပေးဘူး။ နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီးမှတော့ ကုန်းပေါ်မှာပဲ အလုပ်လုပ်တော့။ ငါတို့လို ငယ်ငယ်ကတည်းက သင်္ဘောသား ဖြစ်ချင်လှပါတယ် ဆိုတဲ့ကောင်တောင် အခု တကယ် သင်္ဘောပေါ် ရောက်တော့ အတော် ညစ်နေပြီ။ မင်းလို ဝါသနာ မပါတဲ့ကောင် သင်္ဘောပေါ် ရောက်ရင် ပိုဆိုးမယ်။ အဲဒီတော့ စိတ်ကူးမလွဲနဲ့ တခြားလိုင်းရွေးလို့ အကြံပေးပါတယ်။ ကျန်တဲ့သူ အတော်များများကလည်း ဝိုင်းဖျက်ကြ ပါတယ်။ အဖေကတော့ မင်းလုပ်ချင်တယ် ဆိုရင် လုပ်ပေါ့။ ရေထဲမှာ တချိန်လုံး နေနေရမယ့် ကိစ္စတော့ ထည့်စဉ်းစားပေါ့ကွာလို့ ပြောပါတယ်။ ဒီလိုနဲ့ ကျွန်တော် တခြားလိုင်း ပြောင်းလျှောက်လိုက်တဲ့ အတွက် မရိန်းအင်ဂျင်နီယာ မဖြစ်ခဲ့ပါဘူး။ အဲဒီ ဆုံးဖြတ်ချက် မှန်သလား မှားသလား ဆိုတာ အခုချိန် ပြန်စဉ်းစားကြည့်တော့ ဝါသနာဘက်က ကြည့်ရင် မှန်ပါတယ်။ အခု ကျွန်တော် ကိုယ်စိတ်ပါတဲ့ ကိုယ်ပျော်တဲ့ အလုပ်လုပ် နေရပြီးထိုက်သင့်တဲ့ လစာရနေတဲ့ အတွက် စိတ်ချမ်းသာ ရပါတယ်။ ပိုက်ဆံဘက်က လှည့်တွေးရင်တော့ မှားပါတယ်။ ကျွန်တော်နဲ့ အတူတူ တစ်ကျောင်းတည်း တက်ပြီး သင်္ဘော အင်ဂျင်နီယာ ဖြစ်နေတဲ့ သူငယ်ချင်းက အခုအချိန် တစ်လကို လစာ ယူအက်စ်ဒေါ်လာ တစ်သောင်းကျော် ရနေ ပါတယ်။ ကျွန်တော့်ရဲ့ တစ်နှစ်ဝင်ငွေက သူ့ရဲ့ ၃ ၄ လစာ ဝင်ငွေကို မမီပါဘူး။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်တော့ အခု အချိန်ထိ မရိန်း အင်ဂျင်နီယာ မလုပ်မိတာကို မှားတယ်လို့ မယူဆတာ အမှန်ပါပဲ။

ဒီလိုနဲ့ ကျွန်တော် စင်ကာပူ ရောက်လာတော့ ကျွန်တော့် စိတ်ဝင်စားမှုက တစ်မျိုး ပြောင်းသွားပြန်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် ကွန်ပျူတာနဲ့ ပရိုဂရမ်းမင်းကို စပြီး စိတ်ဝင်စားလာပါတယ်။ အိမ်မှာ အားရင် ကိုယ့်ဘာသာကိုယ် ကွန်ပျူတာကို ကလိ နေတတ်သလို ပရိုဂရမ် ရေးနေတတ် ပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်း အတော်များများက ကျွန်တော့်ကို လှောင်ကြပါတယ်။ မင်းအင်ဂျင်နီယာ ဖြစ်မယ့်ကောင်။ ပရိုဂရမ်းမင်း မိုးပျံအောင် တော်နေပေစေဦး။ ဘာမှ သုံးစားလို့ မရဘူး။ ဆိုပြီး ဝိုင်းနှိပ်ကွပ်ကြ ပါတယ်။ ကျွန်တော်ကတော့ ကိုယ်ဝါသနာပါတာ ကိုယ်လုပ်တာ ဘယ်သူ့ ဂရုစိုက် ရမှာလဲ။ အလုပ်ထဲမှာ သုံးမရလည်း ငါ့ဘာသာငါ အပျော် ရေးမှာပေါ့။ ဘာဖြစ်သေးလဲ ဆိုပြီး ပြန်ပြောပါတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်တော်တို့ အားလုံး နိုင်ငံတကာ လုပ်ငန်းခွင် အတွေ့အကြုံ မရှိကြတော့ အင်ဂျင်နီယာနဲ့ ပရိုဂရမ်းမင်းကို ဆက်စပ်ပြီး မတွေးတတ်ကြပါဘူး။ ပရိုဂရမ်မင်း ဆိုတာ အင်ဂျင်နီယာ နယ်ပယ်မှာ အသုံးဝင်တဲ့ နည်းပညာ တစ်ခု ဆိုတာလည်း မသိခဲ့ကြပါဘူး။

ဒီလိုနဲ့ ကျောင်းပြီးလို့ အလုပ်ရှာတဲ့ အချိန် ရောက်လာပါတယ်။ ကျွန်တော်နဲ့ တစ်နှစ်တည်း အတူတူ ကျောင်းပြီးတဲ့သူတွေ ကိုယ်စီကိုယ်ငှ အလုပ်ရသွားကြပေမယ့် ကျွန်တော် အလုပ်မရပါဘူး။ ယောင်လည်လည် ဖြစ်နေပါတယ်။ အလုပ်ကို ရွေးရှာနေတာကြောင့်လည်း ပါပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့် သူငယ်ချင်းရဲ့ ဦးလေး တစ်ယောက် အိမ်လာလို့ သူနဲ့ ကျွန်တော် စကားပြောဖြစ်ပါတယ်။ သူက ကျွန်တော် အလုပ်ရှာနေတယ် ဆိုတာ သိတော့ သူအကူအညီပေးမယ် သူ့ အလုပ်မှာ ပြောပေးမယ် လို့ပြောပါတယ်။ သူက အလုပ်ရုံတစ်ခုက ဖိုမင်ပါ။ နောက်တော့ သူက ကျွန်တော့်ကို မင်းပုံဆွဲတတ်လားလို့ မေးပါတယ်။ ကျွန်တော် အင်ဂျင်နီယာ ပေမယ့် Drawing အတော့်ကို ညံ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်က သူ့ကို အမှန်အတိုင်းပဲ ကျွန်တော် Drawing သိပ်မကောင်းတဲ့ အကြောင်း ပြောပါတယ်။ အဲဒါဆိုရင် မင်း Machining အကြောင်း နားလည်လားလို့ သူက မေးပါတယ်။ ဝပ်ရှော့ကလည်း ကျောင်းမှာ ကျွန်တော် အမုန်းဆုံး ဘာသာတွေထဲမှာ ပါပါတယ်။ ဝပ်ရှော့လုပ်ဖို့ ကျွန်တော် လုံးဝ ဝါသနာ မပါပါဘူး။ အဲဒါလည်း ကျွန်တော်မရတဲ့ အကြောင်း ကျွန်တော်သူ့ကို ပြောပါတယ်။ မင်းက အင်ဂျင်နီယာ လုပ်နေပြီး ဝပ်ရှော့လည်း မရ ပုံဆွဲလည်း မရဆိုတော့ ဘာလုပ်စားမှာလဲ ဆိုပြီး သူက ကျွန်တော့်ကို မေးပါတယ်။ အမှန်တကယ် ကျွန်တော် ကျွမ်းကျင်တဲ့ အလုပ်က ကွန်ထရိုးနဲ့ ပရိုဂရမ်းမင်းပါ။ ကွန်ထရိုးနဲ့ ဆိုင်တဲ့ နည်းပညာတွေကို စိတ်ဝင်စားလို့ ကျောင်းမှာကတည်းက အဲဒါနဲ့ ပတ်သက်တာတွေကိုပဲ အထူးပြု လိုက်စားပါတယ်။ အဲဒီအချိန်မှာ အလုပ်မရလို့ ညစ်နေရတဲ့ အထဲ သူက အဲဒီလို မေးလိုက်လို့ ကျွန်တော် အူကြောင်ကြောင် ဖြစ်သွားပါတယ်။ ငါလုပ်ခဲ့တာများ မှားနေသလား၊ ဒီပညာတွေနဲ့ ငါတကယ်ပဲ လုပ်စားလို့ မရတော့ဘူးလား ဆိုပြီး ဇဝေဇဝါ ဖြစ်သွားပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံးတော့ ကွန်ထရိုးနဲ့ ပရိုဂရမ်းမင်း ကြောင့်ပဲ ကျွန်တော် အလုပ်ရခဲ့ပါတယ်။ ကိုယ်ဝါသနာ ပါတဲ့ လိုင်းမို့ အစဉ်တစ်စိုက် လိုက်စားဖြစ်တာမို့လည်း အလုပ်ထဲမှာ ပရော်ဖက်ရှင်နယ် အနေနဲ့ နေရာတစ်ခု ရခဲ့ပါတယ်။ ကျောင်းစာ ပြင်ပ ဝါသနာ အလျောက် လေ့လာထားတာ တွေကြောင့် အလုပ်ထဲမှာ အခြားသူတွေထက် ပိုပြီး လုပ်နိုင်တာလည်း အမှန်ပါပဲ။ အခုတော့လည်း ကိုယ်ဝါသနာပါတာ ကိုယ်လုပ်ခဲ့တာ ကိုယ့်စိတ်တိုင်းကျ ဘဝလမ်းကြောင်းကို ပုံဖော်ခဲ့တာ မမှားခဲ့ဘူး ဆိုတာ သိရလို့ အထိုက်အလျောက်တော့ စိတ်ချမ်းသာ ရပါတယ်။

တစ်ခါတစ်လေတော့လည်း ဘယ်သူဘာပြောပြော ကိုယ်ဝါသနာ ပါတာ ကိုယ်လုပ်တာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ဖြစ်နိုင်ခြေကို ကိုယ့်ဘာသာကိုယ်ပဲ သိပါတယ်။ ကိုယ့်ဘာသာကိုယ် ယုံကြည်မှု ရှိဖို့ပဲ လိုပါတယ်။ တခြားသူတွေ ပြောတဲ့စကား နားယောင်ပြီး ဟိုလိုလို  ဒီလိုလို ဖြစ်နေရင် တောင်မရောက် မြောက်မရောက်နဲ့ ဗုံမဟုတ် ပတ်မဟုတ်ပဲ ဖြစ်နေမှာပါ။

သက်ဆိုင်သောပို့စ်
ဘဝလမ်းခွဲ

Tuesday, November 30, 2010

သွားရင်း လာရင်း စားရင်း သောက်ရင်း

အမြဲတမ်း ခရီးထွက်နေရတာ ကောင်းတဲ့ အချက် ရှိသလို မကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။ မကောင်းတဲ့ အချက်ကတော့ လူမှုရေးနဲ့ ပတ်သက်ရင် အတော် ပျက်ကွက်ပါတယ်။ အမြဲတမ်း ခရီးထွက်နေရတော့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ သာရေးနာရေးတွေ သွားဖို့ အဆင်မပြေပါဘူး။ အပေါင်းအသင်းတွေနဲ့လည်း အဆက်အသွယ် ပြတ်ပါတယ်။ ဒါတင် မကသေး ပါဘူး။ ပြသနာ ရှာတတ်တဲ့ ရည်းစားရှိရင် ခရီးထွက်တဲ့ ကိစ္စကြောင့် တစ်ချိန်လုံး စကားများ နောင်ဂျိန်ချ နေရပါတယ်။ ဒီထက် ပိုဆိုးရင် ခရီးထွက်နေတုန်း ကိုယ့်ရည်းစား သူများ မ သွားတာပါ ခံရတတ် ပါတယ်။

ကောင်းတဲ့ အချက်တွေထဲမှာတော့ နေ့တိုင်း အစားအသောက်ကို တစ်နေ့တစ်မျိုး မရိုးအောင် စားနေ ရတာ ပါပါတယ်။ ကျွန်တော် ကိုယ်တိုင်က အစားအသောက်နဲ့ ပတ်သက်ရင် အစွဲအလမ်း သိပ်မကြီးပါဘူး။ မြန်မာအစားအစာ ကို ကြိုက်ပေမယ့် ကိုယ်မစားဖူးတဲ့ အစားအသောက်ဆိုရင် စမ်းပြီး စားကြည့်ချင် ပါတယ်။ အဲဒီတော့ ခရီးထွက်ရင်း တွေ့ကရာ လျှောက်စားနေရတာ ကျွန်တော့် နဲ့ အတော် ကီးကိုက်ပါတယ်။

ကျွန်တော် ခရီးထွက်ရင် တစ်ယောက်တည်း သွားဖြစ်တာ နည်းပြီး ဒေသခံ အေးဂျင့်တွေနဲ့ အတူ သွားဖြစ်တာက ပိုများပါတယ်။ အဲဒီတော့ နေ့လည်စာ ညနေစာ အတွက် သူတို့ပဲ ဦးဆောင်ပြီး စီစဉ်ပေးလေ့ ရှိပါတယ်။ အစပိုင်းကတော့ သူတို့က ဘာစားမလဲ မေးရင် anything လို့ ပြန်ဖြေနေကျပါ။ အဲဒီ အန်းနီးသင်း ဆိုတဲ့ စကားက အမေရိကန် အေးဂျင့်တစ်ယောက်နဲ့ အတူသွားတဲ့ အခေါက်မှာတော့ မှတ်လောက် သားလောက် ဖြစ်သွားပါတယ်။ အဲဒီ အချိန် ကတော့ သူက နေ့လည်စာ ဘာစားမလဲ မေးတော့ ကျွန်တော်က အန်းနီးသင်း လို့ ဖြေလိုက်ပါတယ်။ ဒါဆိုလည်း Subway မှာ ဆင်းဒဝစ် သွားစားကြတာပေါ့ ဆိုပြီး သူက ခေါ်လို့ ကျွန်တော်တို့ Subway ကို ရောက်သွားကြပါတယ်။

အဲဒီအချိန် အထိ ကျွန်တော် စင်ကာပူမှာ Subway တစ်ခါမှ မစားဖူးပါဘူး။ ဆိုင်ရောက်တော့ ဆင်းဒဝစ်ထဲ ကြိုက်တာထည့် ဆိုတော့ ပျားတုတ် ပါတော့တယ်။ ကျွန်တော်က ဆင်းဒဝစ်ဆို ချိစ်နဲ့ ငါးသေတ္တာကလွဲရင် ဘာမှ သိတဲ့ကောင် မဟုတ်ပါဘူး။ ကောင်တာနောက်က ဆင်းဒဝစ် လုပ်တဲ့သူက ဟိုဟာထည့်မလား မေးရင်လည်း ထည့်လိုက် ဒီဟာ ထည့်မလား မေးရင်လည်း ထည့်လိုက် လုပ်နေတာနဲ့ နောက်တော့ ကောင်တာထဲ ရှိသမျှ အစာ အားလုံးနီးပါး ထည့်ထားတဲ့ ဆင်းဒဝစ် တစ်ခု ထွက်လာပါတယ်။ ဘယ်လိုနေသလဲ မေးရင် အရမ်း ကောင်းပါတယ် (စိတ်ပျက်ဖို့)။ ဆင်းဒဝစ်က ပထမတစ်ကိုက် ကိုက်လိုက်ရင် ချဉ် နောက်တစ်ကိုက် ကိုက်လိုက်ရင်ဖန် နောက်တစ်ကိုက် ကိုက်လိုက်ရင် ခါးနဲ့ ဘယ်လို အရသာ ရှိမှန်းကို မသိတော့ပါဘူး။ နောက်နေ့ကစပြီး ကျွန်တော့်ကို ဘာစားမလဲ မေးရင် နည်းနည်း လေသံ ပြောင်းသွားပါတယ်။ ဘာဖြစ်ဖြစ် ဆင်းဒဝစ်က လွဲလို့လို့ သူတို့ကို ပြောတတ်ပါတယ်။

အမေရိကန်က စားသောက်ဆိုင်တွေထဲမှာ Chili's နဲ့ Ruby Tuesday ကို သဘောကျပါတယ်။ အမေရိကား သွားရင် ဒီနှစ်ဆိုင်ပဲ အရောက်များလို့လားတော့ မသိပါဘူး။ အခု စင်ကာပူမှာ Chili's ဖွင့်နေတာ တွေ့ပေမယ့် သွားမစားဖြစ် သေးပါဘူး။ အမေရိကန် ရောက်ခါစက စားသောက်ဆိုင်မှာ အအေးထပ်ဖြည့်မလားလို့ စားပွဲထိုးက မေးတော့ စင်ကာပူမှာလို ပိုက်ဆံ ထပ်ပေးရမယ် မှတ်လို့ မဖြည့်ဘူးလို့ ငြင်းပါတယ်။ အေးဂျင့်က အလကား ဖြည့်ပေးတာ ဘာဖြစ်လို့ မဖြည့်တာလဲ လို့ မေးမှ အဲဒီမှာ အအေးက ဖရီးဖလိုးမှန်း သိပါတယ်။ တစ်ခါတစ်လေတော့ မက်ကဆီကန် စားသောက်ဆိုင်ကို ရောက်ဖြစ် ပါတယ်။ မက္ကဆီကန် အစားအစာထဲမှာတော့ Fajitas ကို သဘောကျပါတယ်။ ပလာတာလိုလို နံပြားလိုလို အပြားတွေအပြင် မက္ကဆီကန် ထမင်းတွေပါ ပါတာမို့ အရသာစုံတယ် လို့ ထင်ပါတယ်။ တစ်ခါကတော့ အေးဂျင့်က မွန်ဂိုးလီးယား အစားအစာ စားမလား မေးတော့  မဆိုးပါဘူး။ အပြောင်းအလဲပေါ့ ဆိုပြီး သဘောတူလိုက်ပါတယ်။ ဆိုင်ကိုသွားရင်း မွန်ဂိုးလီးယား အစားအစာ ဆိုတာ ဘယ်လိုများ နေမလဲလို့ စိတ်ထဲမှာ တွေးနေပါတယ်။ ဆိုင်ရောက်တော့မှ မွန်ဂိုးလီးယားစာဆိုတာ တရုတ်စာ မှန်း သဘောပေါက် ပါတယ်။ ဘာမှ မကွာသလိုပါပဲ။ ဆူရှီတောင် ပါလိုက်ပါသေးတယ်။ (မွန်ဂိုမှာလည်း ဂျပန်တွေ ရှိလို့ နေမှာပေါ့။ :D )

ဥရောပမှာတော့ အစားအသောက် တော်တော်များများနဲ့ ပါးစပ်တည့်ပါတယ်။ ပါးစပ်နဲ့ မတည့်တာကလည်း ခပ်ရှားရှား မို့ နေမှာပါ။ တစ်ခါတုန်းက ဟော်လန် တောင်ပိုင်း အိုင်ဒိုဗင်မှာ ဆော့ဖ်ဝဲလ် သွားပြင်ရင်း တစ်ပတ်လောက် နေဖြစ်ပါတယ်။ တစ်နေ့တော့ ညနေဖက် ဟိုတယ်မှာ နှပ်နေတုန်း ဟော်လန်ရုံးက အင်ဂျင်နီယာ ရှန်ပေါလ်က ညနေစာ သွားစားဖို့ လာခေါ်ပါတယ်။ ကျွန်တော်က သူတို့ဆီမှာ ဧည့်သည်မို့ ထုံးစံအတိုင်း ဧည့်ခံတဲ့ အနေနဲ့ လိုက်ကျွေးတာပါ။ အိုင်ဒိုဗင် ဈေးထဲ ရောက်သွားတော့ သူက ကျွန်တော့်ကို ပြင်သစ်စာ စားချင်သလား၊ အီတလီစာ စားချင်သလား မေးပါတယ်။ ကျွန်တော်က ဟော်လန် ရောက်နေတုန်း ဒတ်ချ်အစားအသောက် စားကြည့်ချင်တယ်လို့ ပြောတော့ သူက ရယ်ပါတယ်။ နောက်တော့ ငါတို့ ဒတ်ချ် အစားအစာက ဆိုင်ဖွင့် ရောင်းတဲ့သူ ရှားတယ်။ အိမ်မှာ ချက်စားတာပဲ များတယ်လို့ သူက ကျွန်တော့်ကို ပြန်ပြော ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ အီတလီ စားသောက်ဆိုင်ပဲ ရောက်သွားကြပါတယ်။

၂ ရက် ၃ ရက်လောက်နေတော့ ကျွန်တော်နဲ့ ဥရောပမှာ အလုပ်တွဲလုပ်နေကျ အင်ဂျင်နီယာ မာ့က်ခ် ဂျာမနီက ပြန်လာပြီး ကျွန်တော့်ဆီ ရောက်လာပါတယ်။ သူနဲ့ ကျွန်တော် စက်ရုံမှာ ဆော့ဖ်ဝဲလ်ကို အပြီးသတ်ပြီးတော့ ကျွန်တော် အမြဲ နေနေကျနေရာ အုတ်ဟောက်စ်ရွာကို ပြန်ခဲ့ပါတယ်။ လမ်းမှာ ကျွန်တော်က သူ့ကို ဟိုနေ့က ရှန်ပေါလ်နဲ့ ညနေစာ သွားစားတဲ့ အကြောင်း ပြောရင်း ဒတ်ချ်အစားအစာ စားချင်တယ် ပြောတာ မရှိဘူး ပြောတဲ့ အကြောင်း သူ့ကို ပြန်ပြောပြ ပါတယ်။ သူက ဟုတ်တယ်။ ဆိုင်တွေမှာ ဒတ်ချ်အစားအစာ ဆိုပြီး ရောင်းလေ့ ရောင်းထမရှိဘူး။ ဒါပေမယ့် မင်းစားချင်ရင်တော့ ငါစီစဉ်ပေးမယ်လို့ ပြောပါတယ်။ နောက်တော့ သူ့အိမ်ကို ဖုန်းဆက်ပြီး သူ့မိန်းမကို ညနေစာ တစ်ယောက်စာ ပိုချက်ထားဖို့ လှမ်းမှာလိုက် ပါတယ်။ ကျွန်တော်လည်း အားလည်းနာတယ် ခင်လည်းခင်တယ်လေ ဆိုပြီး ဒတ်ချ်အစားအသောက် စားဖို့ သူ့အိမ် လိုက်သွား ပါတယ်။ သူကျွေးတဲ့ ဒတ်ချ် အစားအစာက ဘာလဲဆိုတော့ ဝက်အူချောင်း အကြီးကြီး တစ်ချောင်း၊ အာလူး နည်းနည်းပါးပါးနဲ့ အရွက်ကြော် တစ်ပွဲပါပဲ။ သူက ဒါ ငါတို့ ဒတ်ချ်တွေ စားနေကျ အစားအစာပဲလို့ ပြောပါတယ်။ အင်း ဒါကြောင့်လည်း ဆိုင်ဖွင့် မရောင်းကြတာကိုး ဆိုပြီးတော့ ကျွန်တော်လည်း သဘောပေါက်သွားပါတယ်။

အစားအသောက် နာမည် မခေါ်တတ်တာ အစားအသောက် နာမည်ကို နားမလည်တာလည်း ကွိုင်တစ်မျိုး ပါပဲ။ အိုင်ယာလန်မှာ ရောက်နေတဲ့ အချိန်တုန်းက ဟိုတယ် စားသောက်ခန်းမမှာ မီနူးကြည့်ရင်း Goat Cheese ဆိုတာကို ဆိတ်သားနဲ့ ချိစ်လို့ ကိုယ့်ဘာသာကိုယ် ခပ်တည်တည် ဘာသာပြန်ပြီး မှာထည့်လိုက်ပါတယ်။ စိတ်ထဲမှာတော့ ဆိတ်သားကို mutton မရေးဘဲ Goat လို့ ရေးထားတာ နည်းနည်း ထူးဆန်းနေတယ် ထင်ပါတယ်။ မှာထားတာ ရောက်လာလို့ အသားတစ်တုံးမှ ပါမလာတော့မှပဲ Goat Cheese ဆိုတာ ဆိတ်နို့က လုပ်ထားတဲ့ ချိစ်ကို ခေါ်တာ ဆိုပြီး နားလည်သွား ပါတယ်။ အသိနောက်ကျတော့လည်း ချိစ်နဲ့ပဲ အသားမပါဘဲ ကျေနပ် လိုက်ရပါတယ်။

မွေးကတည်းက ထမင်းစားလာတော့ ထမင်းနဲ့ ဝေးတာ ကြာရင် ပါးစပ်က မနေနိုင်ပါဘူး။ ဘယ်လောက် ကောင်းတာတွေပဲ စားနေရ ပါစေ ထမင်းစားချင်စိတ် ပေါ်လာတာတော့ အမှန်ပါပဲ။ အဲဒီ အချိန် ထမင်းသာ စားရရင် ဘယ်လိုပဲ စားလိုက်ရ စားလိုက်ရ ဆိုတာမျိုး စိတ်ထဲ က ဖြစ်လာတတ် ပါတယ်။ ထမင်း အကြောင်းပြောရင် ပင်ဆယ်ဗေးနီးယားက သူငယ်ချင်းကို သတိရ ပါတယ်။ ကျွန်တော် အမေရိကန် ရောက်တဲ့ အခါတိုင်း သူနဲ့ ဖုန်းပြော ဖြစ်ပါတယ်။ တစ်နေ့တော့ ကျွန်တော်တို့ ထမင်း အကြောင်း စကားစပ်မိလို့ ပြောကြရင်း သူက ငါတို့ဆီမှာ ဆန်မရှိဘူးကွ လို့ ပြောလို့ ကျွန်တော် အတော်လေး အံ့အားသင့် သွားပါတယ်။ အဲဒါနဲ့ ကျွန်တော်က သူ့ကို အဲဒါဆို ခင်ဗျား ထမင်း ဘယ်လိုစားသလဲ မေးတော့ ငါ အရင်တစ်ခေါက်က ကယ်လီဖိုးနီးယားကို အလည်သွားတုန်းက 10 Kg ရှိတဲ့ ဆန်တစ်အိတ် ဝယ်လာတယ်။ အဲဒါနဲ့ စားချင်စိတ် ပေါ်လာတိုင်း ချက်စားနေရတာပဲ လို့ သူက ကျွန်တော့်ကို ပြောပြပါတယ်။ ကျွန်တော့် စိတ်ထဲမှာ အတော်တော့ ထူးဆန်းနေပါတယ်။ အဲဒါကြောင့် နောက်နေ့ အေးဂျင့်ကို မင်းတို့ အမေရိကန်မှာ ဆန်ဒီလောက်တောင် ရှားရသလား မေးတော့ အေးဂျင့်က မရှားပါဘူးဟ။ ဝယ်လို့ ရပါတယ်။ ရိုးရိုးဆန် မရှိရင်တောင် ဆူရှီလိပ်တဲ့ဆန်တော့ ဘယ်နေရာ မဆို ဝယ်လို့ ရပါတယ် လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။ မင်းသူငယ်ချင်း ဝယ်လို့ မရဘူး ဆိုတာ ဘယ်နားဝယ်ရမှန်း မသိလို့ နေမှာပါ ဆိုမှပဲ ကယ်လီဖိုးနီးယားကနေ ပင်ဆယ်ဗေးနီးယား အထိ လေယာဉ်နဲ့ 10 Kg ဆန်တစ်အိတ်ကို တကူးတက သယ်လာရတဲ့ သူ့အဖြစ်ကို စဉ်းစားပြီး ပြုံးမိပါတယ်။