Search This Blog

Sunday, May 30, 2010

သိုးမည်းတစ်ကောင်ရဲ့ ပုံရိပ်

သူက ကျွန်တော်တို့ စာအုပ်ဆိုင်မှာ တခါတလေ စာအုပ် လာငှားတတ်တဲ့သူ တစ်ယောက်ပါ။ စာအုပ်လာ ငှားရင်လည်း ဘာသာပြန် စာအုပ်တွေ ဖတ်တာ များပါတယ်။ အဲဒီအချိန် ကတည်းက ဇော်ရည်တို့ ဂျေမောင်မောင်တို့ရဲ့ အခွေတွေမှာ သီချင်းရေးဆရာ အနေနဲ့ သူ့နာမည်ကို တွေ့ဖူးနေတာကြောင့် သူ့နာမည်က ကျွန်တော့် အတွက်တော့ သိပ်ပြီးတော့ မစိမ်းလှပါဘူး။ သူ့ပုံစံက ရိုးရိုးရှင်းရှင်းပါပဲ။ အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ဆံပင်ကို အမြဲတမ်း တိုတို ညှပ်ထားတတ်ပါတယ်။ မင်းကြီးလမ်း ပေါ်မှာ သူ့အရပ်ရှည်ရှည်နဲ့ ကားယားကားယား လျှောက်သွားနေတာကို အမြဲလိုလို တွေ့ရတတ်ပါတယ်။

တစ်နေ့တော့ ကျွန်တော်တို့ ဆိုင်ထဲမှာ ရပ်ပြီး ကျွန်တော့် အစ်ကိုနဲ့ အကြာကြီး စကားပြောနေတာ တွေ့လို့ သူ့ကို ကောင်းကောင်း သတိထားမိ သွားပါတယ်။ အဲဒီနေ့က သူအတော်လေး မူးနေပါတယ်။ သတိထားမိတဲ့ အကြောင်းကတော့ စကားပြောတဲ့ အချိန် မြန်မာလို တစ်ဝက် အင်္ဂလိပ်လို တစ်ဝက် ပြောနေတာမို့ပါ။ သူ အင်္ဂလိပ်စကား အတော်လေး ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တာကိုလည်း ကြည့်ရင်းနဲ့ အံ့အားသင့် နေပါတယ်။ တစ်နာရီလောက် စကားပြောပြီးတော့ သူပြန်သွားပါတယ်။ သူ့အကြောင်း အတွင်းကျကျ သိတဲ့ သူငယ်ချင်း တစ်ယောက်ကတော့ ရန်ကုန်တက္ကသိုလ်ကနေ ဒသနိကဗေဒနဲ့ မဟာဘွဲ့ ရထားတဲ့သူလို့ ပြောပြပါတယ်။ နောက်ပိုင်းတော့ ဆိုင်ကို တစ်ခါတစ်လေ လာတတ်ပေမယ့်လည်း သူ့ကို သိပ်မတွေ့ ဖြစ်တော့ပါဘူး။

တစ်ညနေတော့ ဆိုင်ဖွင့်ခါစ ကျွန်တော့် အစ်ကိုနဲ့ ကျွန်တော် ဆိုင်ရှေ့မှာ ရပ်ပြီး စကား ပြောနေတုန်း သူ ရောက်လာပါတယ်။ ဆိုက်ကား တစ်စင်းပေါ်က ဆင်းလာပြီး လက်ထဲမှာ ပိုစတာတွေ တစ်ပွေ့တစ်ပိုက်နဲ့ပါ။ အရင်လို ပုံစံအတိုင်း ပါပဲ။ "ညီလေး။ အစ်ကို့အခွေ ကြော်ငြာကပ်ချင်လို့ကွာ။" ဆိုပြီးတော့ ပိုစတာ လှမ်းပေးပါတယ်။ သူအခွေ ထုတ်တော့မယ် ဆိုတဲ့ သတင်းတော့ ကြားထားပါတယ်။ သူ့သီချင်းတွေ ဘယ်လိုများ ရှိမလဲလို့လည်း စိတ်ထဲမှာ တွေးကြည့် မိပါတယ်။ ကျွန်တော်တို့လည်း သူ့လက်ထဲက ကြော်ငြာစာရွက်ကို ယူပြီး ဆိုင်တံခါးဝမှာ ကပ်ထား လိုက်ပါတယ်။

မကြာခင်မှာပဲ သူ့အခွေ ထွက်လာပါတယ်။ အခွေထွက်ပြီး တစ်ပတ် အတွင်းမှာပဲ ကျွန်တော်တို့ တစ်မြို့နယ်လုံး ဘယ်နေရာသွားသွား သူ့အခွေ ဖွင့်နေတာပဲ ကြားရပါတယ်။ မကြာခင်မှာတော့ ရန်ကုန် တစ်မြို့လုံး ဘယ်နေရာ သွားသွား ဒီသီချင်းသံပဲ ကြားရပါတယ်။ နောက်တော့ သူ့အခွေက မြန်မာတစ်နိုင်ငံလုံး တောရော မြို့ပါ မကျန် ပေါက်သွားပါတယ်။ အဲဒီအချိန်က ခွေးကို ခြေထောက်နဲ့ ပိတ်ကန်ရင်တောင် ကိန် လို့ မအော်ဘဲ တို့ကတော့ တို့ကတော့ လို့အော်တယ် ဆိုပြီးတော့တောင် ပြောစမှတ် တွင်ခဲ့ပါတယ်။ အဲဒီလောက် ဆိုရင် ကျွန်တော် ဆိုလိုချင်တဲ့သူ ဘယ်သူဆိုတာ သဘောပေါက် လောက်ပြီ ထင်ပါတယ်။ ကျွန်တော် ပြောပြနေတာ သိုးမည်းတွေ အကြောင်းသီချင်း၊ နေရာ စီးရီးခွေနဲ့ နာမည်ကြီးခဲ့တဲ့ အဆိုတော် ကိုဗဒင် အကြောင်းပါ။

ကိုဗဒင်ရဲ့ အခွေဟာ မကြုံဖူး လောက်အောင် ရောင်းအား ကောင်းခဲ့ပါတယ်။ ကက်ဆက်ခွေ ကာဗာကတ်ဒ် တစ်သိန်းနဲ့ သီချင်းစာအုပ် ငါးသိန်းရောင်းရတယ် ဆိုတာ ၁၉၉၄ ခုနှစ် ပတ်ဝန်းကျင်က တကယ့်ကို စံချိန်ပါပဲ။ သူ့ရဲ့ သီချင်းစာအုပ်ဆိုတာ ရိုက်လို့ မလောက်အောင်ပဲ ဘယ်နေရာမှာမှ ဝယ်မရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ကိုဗဒင်ကို အခွေထုတ်ပေးခဲ့တဲ့သူက သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်း တစ်ယောက်ရဲ့ အမေလို့ သိရပါတယ်။ ကိုဗဒင်ရဲ့ သူငယ်ချင်းကတော့ အခွေမထွက်ခင် အချိန်ကပဲ သေဆုံးသွားခဲ့တယ်လို့ ကြားခဲ့ရပါတယ်။

သိုးမည်းတွေ အကြောင်း သီချင်းကို အခွေမထွက်ခင် အချိန်ကတည်းက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အတော်များများ ကြားဖူးခဲ့ ကြပါတယ်။ အဲဒီသီချင်းက ကိုဗဒင်ရဲ့ ကိုယ်တွေ့ ဇာတ်လမ်း တစ်ပုဒ်လို့လည်း သိရပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တေပေ လေလွင့်နေတဲ့ အချိန်တုန်းက တစ်နေ့မှာ သူတို့ အရက်မူးပြီး အိမ်ပြန် လာကြပါတယ်။ ကိုဗဒင်ရဲ့ အိမ်က ရွာမ ဘုရားရှိခိုးကျောင်း ရှေ့က ဒေါနလမ်းထဲမှာ ပါ။ သူတို့ လမ်းထိပ်က အုတ်ခုံမှာ ဆေးလိပ် ထိုင်သောက်နေကြတုန်း ဘုရားကျောင်းထဲက လူတွေ အဝတ်အစားတွေ သစ်သစ်လွင်လွင်နဲ့ ထွက်လာတာ တွေ့မှ ပွဲတော်နေ့ဆိုတာ သိလိုက်ရပါတယ်။ အဲဒီအချိန် သူ့ စိတ်ထဲမှာ ဖြစ်ခဲ့တဲ့ ဖီလင် အပေါ်မှာမူတည်ပြီး သိုးမည်းတွေ အကြောင်းကို ရေးဖြစ်ခဲ့တာလို့ သိရပါတယ်။

နိုင်ငံကျော် အဆိုတော် ဖြစ်သွားပေမယ့်လည်း သူ့ပုံစံက အရင်အတိုင်းပါပဲ။ အရင်လို တောင်သူကုန်းထဲက ထန်းရည်ဆိုင်မှာ ထန်းရည်သောက်တုန်းပါပဲ။ ဆိုက်ကားတစ်စီးနဲ့ လျှောက်သွားနေတုန်းပါပဲ။ တစ်ခါတစ်လေ အင်းစိန် ဆေးရုံရှေ့က Diet Day အအေးဆိုင်မှာ ဘီယာတွေ တစ်ဗူးပြီး တစ်ဗူး ထိုင်သောက် နေတာ တွေ့ရတုန်းပါပဲ။ လမ်းတွေ့လို "ကိုဗဒင်ကြီး။ အေးဆေးပဲလား။" လို့ မေးရင် "အေး။" ဆိုပြီး ပြုံးပြီး ပြန်ဖြေတတ်ပါတယ်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက် အပြောအရတော့ သူတို့ တောင်သူကုန်းထဲမှာ ဘောလုံးကန်နေတဲ့ အချိန် ကိုဗဒင် ရောက်လာပြီး မူးမူးနဲ့ ငါဂိုးဖမ်းမယ်ကွာ ဆိုပြီး ယိုင်တိုင်ယိုင်တိုင်နဲ့ ဂိုးဝင်ဖမ်း သွားသေးတယ် ပြောပါတယ်။

အဲဒီတုန်းက ကျွန်တော်တို့ အိမ်ကို နယ်ကလာတဲ့ ဧည့်သည်များ ကိုဗဒင်ကို တွေ့ဖူးချင်လို့ ဆိုပြီး ပြောကြပါတယ်။ ကျွန်တော်က သူနဲ့ လမ်းမှာ တွေ့တဲ့အချိန် အဲဒါ ကိုဗဒင်ပဲ လို့ ပြတော့ သူတို့ မယုံကြပါဘူး။ ဟုတ်ပါ့မလားဟယ်လို့ ပြန်ပြီး မေးကြပါတယ်။ ဟုတ်ပါတယ်။ သူ့ပုံစံက အရင်ကတည်းက အဲဒီအတိုင်းပဲ။ လို့ ပြောတော့ သူတို့တွေ အတော်လေး အံ့သြကြပါတယ်။

နောက်ပိုင်း နည်းနည်း ကြာလာတော့ ကိုဗဒင်ကို အရင်လို မူးနေတာ မတွေ့ရတော့ပါဘူး။ အရက် ဖြတ်လိုက်တယ်လို့ သတင်းသဲ့သဲ့တော့ ကြားလိုက်ရပါတယ်။ ပထမအခွေ ထွက်ပြီး အတော်လေး ကြာတဲ့ အထိ ဒုတိယ အခွေ ထွက်မလာပါဘူး။ ဒုတိယ အခွေထွက်လာတဲ့ အချိန် ပထမ အခွေလောက် မအောင်မြင် ပေမယ့်လည်း အတော်အသင့်တော့ အောင်မြင်လိုက် ပါတယ်။ နောက်တော့ သူ ဆုံးသွားပြီ ဆိုတဲ့ သတင်း ကြားရပါတယ်။ အဲဒီ သတင်း ကြားရတဲ့အချိန်တော့ အတော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။ ပါရမီရှိတဲ့ ဂီတသမား တစ်ယောက် ကြွေလွင့်သွားတာမို့ နှမြောတာလည်း ပါသလို ရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှု ကင်းတဲ့ အနုပညာရှင် တစ်ယောက် ဆုံးပါး သွားတဲ့ အတွက် စိတ်မကောင်း ဖြစ်တာလည်း ပါပါတယ်။

ဒါကတော့ ကျွန်တော် ကိုယ်တွေ့ ကြုံခဲ့ဖူးတဲ့ ကိုဗဒင်ရဲ့ ပုံရိပ်ပါပဲ။ ကိုဗဒင် အကြောင်း ရေးထားတဲ့ စာတွေ မတွေ့မိလို့ အမှတ်တရ အနေနဲ့ ရေးလိုက်ပါတယ်။

Friday, May 28, 2010

ဗျတ်ဝိဗျတ္တ For Dummies

One day မှာ လေကြီးမိုးကြီး အုန်းဒိုင်းတော့ တနင်္သာရီ ကမ်းရိုးတန်းမှာ သင်္ဘောတစ်စီး ပျက်ပါတယ်။ အချိန်က ပုဂံခေတ် ဆိုတော့ ကြေးနန်းတွေ တယ်လီဖုန်းတွေ မရှိသေးတဲ့အတွက် သင်္ဘောပျက်ရင် SOS တွေ၊ မေဒေးတွေ ခေါ်လို့ မရပါဘူး။ ဟယ်လီကော့ပတာနဲ့ လာကယ်မယ့် သူလည်း မရှိပါဘူး။ အဲဒါကြောင့် အိန္ဒိယ သင်္ဘောသား မှတ်ပုံတင် ကိုင်ထားတဲ့ ဗျတ်ဝိနဲ့ ဗျတ္တဆိုတဲ့ သင်္ဘောသီး နှစ်ယောက်ဟာ ပင်လယ်ထဲမှာ ယက်ကန်ယက်ကန်နဲ့ မျောလာကြ ပါတယ်။ သူတို့ ညီအစ်ကို နှစ်ယောက်ကို တွေ့တော့ သထုံက ဘုန်းကြီး တစ်ပါးက ကယ်ဆယ်ထားလိုက်ပါတယ်။

အဲဒီတုန်းက အခုခေတ်လို ပိုက်ဆံတောင်းမယ့် လဝက လည်း မရှိ၊ အိန္ဒိယကို ပြန်ဖို့ ဖလိုက်လည်း မရှိတာကြောင့် သူတို့ နှစ်ယောက်ဟာ သထုံမှာပဲ အိုဗာစတေးနဲ့ နေနေကြပါတယ်။ ဘုန်းကြီးက သူတို့ကို LTLT (လက်တိုလက်တောင်း) နဲ့ TTMY (တောက်တိုမယ်ရ) ရာထူး အသီးသီးနဲ့ ဘုန်းကြီးကျောင်းမှာ အလုပ် ခန့်ထားလိုက် ပါတယ်။

တစ်နေ့တော့ ဘုန်းကြီးက တောထဲကို သစ်သီးသစ်ဥတွေ ရှာဖို့ သွားတဲ့အချိန် ဗျတ်ဝိဗျတ္တ ညီအစ်ကို ကို ခေါ်သွားပါတယ်။ တောထဲရောက်တော့ သစ်ပင်ပေါ်မှာ ဘဲကင်လို အနံ့မွှေးပြီး အရောင် တဝင်းဝင်းနဲ့ ထူးထူးဆန်းဆန်း အရာတစ်ခုကို တွေ့တော့ ဗျတ်ဝိဗျတ္တ ညီအစ်ကိုက ဘုန်းကြီးကို အဲဒါဘာလဲ လို့မေးကြပါတယ်။

ဘုန်းကြီးက အဲဒါ ဇော်ဂျီဖိုဝင်သား ဖြစ်တဲ့အကြောင်း၊ ဇော်ဂျီဆိုတာ စူပါမင်းနဲ့ Ratman ပေါင်းထားတာ ဖြစ်တဲ့အကြောင်း ရှင်းပြပါတယ်။ စူပါမင်းလို မိုးပျံလို့ ရသလို ကြွက်လိုလည်း မြေလျှိုးလို့ ရလို့ပါ။ ဇော်ဂျီဖြစ်ဖို့ ကျောက်ဖျာပေါ်မှာ ဆေးကြိတ်ရတယ်။ ပြီးရင် ဥုံဖွနဲ့ ဂါထာမန္တာန်တွေ ရွတ်ရတယ်။ ဇော်ဂျီဖြစ်သွားရင်တော့ အသက်က နှစ်ပေါင်းထောင်နဲ့ချီ ရှည်တဲ့ အကြောင်း၊ ကောင်မလေးတွေ လိုချင်ရင်လည်း စင်တင်တေးဂီတမှာ ပန်းကုံးတွေ အများကြီး စွပ်ပြီး သွားလျော်စရာ မလိုဘဲ တောင်ဝှေးနဲ့ သစ်ပင်ပေါ်က သူယောင်သီးတွေကို လိုက်ထိုးရုံသာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ အခု ဇော်ဂျီဖိုဝင်သား ဆိုတာက လူကနေ ဇော်ဂျီ အဖြစ် ပြောင်းသွားတဲ့ အချိန်မှာ ကျန်ခဲ့တဲ့ အခွံဖြစ်တဲ့ အကြောင်းလည်း ပြောပြပါတယ်။

ဘုန်းကြီးက အဲဒီ ဇော်ဂျီဖိုဝင်သားကို စားရင် ဟာကြူလီလို အားရှိမယ်၊ လက်နက်အမျိုးမျိုးကို ပီး စေမယ်ဆိုတာ သိလို့ အချိန်ကောင်း အခါကောင်းမှာ စားဖို့အတွက် ဘုန်းကြီးကျောင်းကို ပြန်သယ်လာဖို့ ဗျတ်ဝိဗျတ္တကို ခိုင်းလိုက်ပါတယ်။ ဒါပေမယ့် ဘုန်းကြီး အိပ်ပျော်နေတဲ့အချိန်မှာ ဟိုညီအစ်ကို နှစ်ယောက်က ဇော်ဂျီ ဖိုဝင်သားရဲ မွှေးလွန်းတဲ့ အနံ့ကြောင့် မအောင့်နိုင်တော့ဘဲ အမုန်းဆွဲ လိုက်ကြပါတယ်။ ဇော်ဂျီဖိုဝင်သားကို စားအပြီးမှာတော့ သူတို့ နှစ်ယောက်ဟာ သာမန် မဟုတ်တော့တာကို သတိထားမိပါတယ်။ ခုန်လိုက်ရင် လေထဲကို အမြင့်ကြီး ရောက်သွားသလို သစ်ပင်ကို မှီလိုက်ရင် သစ်ပင်က လဲကျသွားပါတယ်။ နောက်ဆုံး ဘုန်းကြီးကျောင်းကို မလိုက်ရင်တောင်မှ ဘုန်းကြီးကျောင်းက သူတို့လက်ထဲမှာ ကစားစရာ တစ်ခုလိုပါလာတာကို တွေ့ရပါတယ်။ အဲဒီတော့ ဗျတ်ဝိကဗျတ္တနဲ့ တိုင်ပင်ပြီး ဘုန်းကြီးကျောင်းကို ပြောင်းပြန်လှန်ထား ကြပါတယ်။ ဘုန်းကြီး အိပ်ရာကနိုးတော့ သူ့ကျောင်း ပြောင်းပြန်လှန်နေတာ တွေ့ရတဲ့အတွက် ဟိုနှစ်ယောက်တော့ သူ့ကို ကျော်သွားပြီ ဆိုတာ သိလိုက်ပါတယ်။ ဒါပေမယ့်လည်း လွန်သွားပြီမို့ ဘာမှမတတ်နိုင်တော့ပါဘူး။

နောက်တော့ ဗျတ်ဝိနဲ့ ဗျတ္တကို တခြားလူတွေက ဝိုင်းကြပ်ပေးကြလို့ သူတို့နှစ်ယောက်ဟာ နာမည်ကြီး လူဆိုးဗိုလ်တွေ ဖြစ်လာကြပါတယ်။ သထုံက မနူဟာ ဘုရင်ကလည်း ဗျတ်ဝိဗျတ္တကို မိရင် လှအဉ္ဇလီတင့်နဲ့ ဘာလီကျွန်းကို အလည်ပို့ပေးမယ် ဆိုပြီး တီဗွီမှာ ကြော်ငြာတာတောင်မှ သူတို့ကို ဖမ်းနိုင်တဲ့သူ မရှိပါဘူး။ ဒါနဲ့ စစ်သူကြီးက ဗျတ်ဝိဗျတ္တကို ဖမ်းဖို့ အကြံအဖန် လုပ်ပါတယ်။ အဲဒီလိုနဲ့ စုံစမ်းတော့ မြို့ထဲမှာ ဗျတ်ဝိ အပီအပြင် လျော်နေတဲ့ မအိုဇာဆိုတဲ့ ကောင်မလေး တစ်ယောက်ရှိတဲ့ အကြောင်းနဲ့ ညဖက်ဆိုရင် ဗျတ်ဝိ အဲဒီ ကောင်မလေး ဆီကို လာပြီး ကြူတတ်တဲ့ အကြောင်း သတင်းရသွားပါတယ်။

စစ်သူကြီးကသူ့ရဲ့ ပညာရှိနဲ့ တိုင်ပင်တော့ ပညာရှိက ဗျတ်ဝိကို ဘုန်းနိမ့်သွားအောင် သူလာမယ့်လမ်းမှာ ထမိန်ကြိုးတန်း တန်းထားဖို့ အကြံပေးပါတယ်။ ညဘက်ရောက်တော့ ဗျတ်ဝိက သူ့ကို ထောင်ချောက် ဆင်ထားတာ မသိလို့ ထုံးစံအတိုင်း လာရာလမ်းကနေ လာပါတယ်။ ထမိန်ကြိုးတန်းအောက်ကို ဖြတ်ပြီးတော့ သူ့တကိုယ်လုံး ယားလာတော့ အေကိုက်ပြီလား မသိဘူးလို့ တွေးလိုက်မိပါတယ်။ အဲဒီအချိန်မှာပဲ စစ်သူကြီး ရဲ့လူတွေက ဗျတ်ဝိကို ဆွဲစိလိုက်ပါတယ်။ ဗျတ်ဝိလည်း အလွတ်ရုန်းဖို့ ကြိုးစားပေမယ့် မရတဲ့ အတွက် အစိခံလိုက်ရပါတယ်။

စစ်သူကြီးရဲ့ လူတွေက ဗျတ်ဝိကို တုတ်နဲ့ရိုက် ဓားနဲ့ခုတ် ဝိုင်းပြီး သမကြပေမယ့် ဗျတ်ဝိရဲ့ ကိုယ်မှာ အစင်းရာတောင် ထင်အောင် မလုပ်နိုင်ပါဘူး။ ဗျတ်ဝိက ပျင်းတောင် ပျင်းသေးတယ် ဆိုပြီး တွံတေးသိန်းတန် သီချင်းတောင် ဆိုပြလိုက် ပါသေးတယ်။ ဗျတ်ဝိမှာ တန်ခိုးတွေ ပျောက်သွားပေမယ့် သူ့ရဲ့ စိတ်ကို တင်းထားတဲ့အတွက် ဘယ်လိုမှ သတ်လို့ မရပါဘူး။ ဗျတ်ဝိ စိတ်ကိုလျှော့လိုက်မှ ရမယ်ဆိုပြီး စစ်သူကြီးရဲ့ ပညာရှိက ပြောပါတယ်။

စစ်သူကြီးကလည်း အကြံအဖန် အတော်များပါတယ်။ သူက ဗျတ်ဝိကို ပုံပြင်တွေ ပြောပါတယ်။ "မင်းချစ်ချစ် မအိုဇာကတော့ မင်းကို သစ္စာဖောက် သွားပြီ။ သူ့ကို ဘုရင်က သူ့နန်းတော်ထဲမှာ ရှိတဲ့ ကြိုက်တဲ့သူရွေး။ ပေးစားမယ်လို့ ပြောထားလို့ အခုရွစိတက် နေပြီ။" ဆိုတော့ ဗျတ်ဝိက "မင်းငါ့ကို လာပြီး ဂျင်းမထည့်နဲ့။ မရဘူး။" လို့ ပြန်ပြောပါတယ်။ မြို့ဝန်က "မင်းကို ဖိန့်နေတာ မဟုတ်ဘူး။ မင်းချစ်ချစ်က မင်းကို မာလကီးယား သွားစေချင်နေပြီ။ ငါတို့ ဆီမှာ ထုံးစံရှိတယ်။ သေမယ့်သူကို ကွမ်းတယာ ရေတမှုတ် ပေးရတယ်။ မင်းကို မအိုဇာက ကွမ်းတယာ ရေတမှုတ် လာပေးလိမ့်မယ် မယုံရင် ကြည့်နေ" ဆိုပြီး ပြောပါတယ်။ ဗျတ်ဝိလည်း စစ်သူကြီး ဆီက စကားကို ကြားတော့ ရက်ဘစ်ထင် ကက်ထင်တွေ ဖြစ်သွားပါတယ်။

စစ်သူကြီးက မအိုဇာကိုတော့ "နင့်ဘဲကြီးကို ဘုရင်က လွှတ်ပေးလိုက်ပြီ။ အဲဒါ နင့်ကို စောင့်နေတယ် သွားတွေ့လိုက်" ဆိုပြီး ပြောပါတယ်။ မအိုဇာလည်း ပျော်သွားပြီး ဗျတ်ဝိဆီကို အမြန်သုတ် ပါတယ်။ စစ်သူကြီးက မအိုဇာ သွားခါနီးမှ "ဒီအတိုင်း လက်ချည်းပဲ သွားတော့ မလို့လား။ ငါ့ဆီမှာ နိုင်တီတူးနဲ့ ယာထားတဲ့ ကွမ်းယာ ရှိတယ်။ အလယ်ပိုင်း (Alpine) သောက်ရေသန့် လေးနဲ့ အတူ ယူသွားဦးလေ။" ဆိုတာနဲ့ မအိုဇာက အူကြောင်ကြောင်နဲ့ မြို့ဝန်ကမ်းပေးလိုက်တဲ့ ကွမ်းတယာ ရေတမှုတ်ကို ယူသွားပါတယ်။

မအိုဇာ ကွမ်းတယာ ရေတမှုတ်နဲ့ လာနေတာ တွေ့တော့ ဗျတ်ဝိမှာ ဟတ်ထိသွားပါတယ်။ သူ့ကို သတ်တောင် မသတ်လိုက်ရပါဘူး။ သူ့ရဲ့ နှလုံးသားက ဝုန်းကနဲ ပေါက်ထွက်သွားပြီး အဲဒီနေရာမှာတင် ကြွသွားပါတယ်။ ဗျတ်ဝိမှာ သေတာတောင် သာသာယာယာ မရှိပါဘူး။ ဘုရင်က သူ့ခန္ဓာကိုယ်ကို လေးပိုင်း ဖြတ်ပြီး မြို့ထောင့်မှာ မြှုပ်ထားပါတယ်။ အဲဒါအပြင် မြို့ရိုးကိုလည်း သူ့ရဲ့သွေးတွေနဲ့ ဖျန်းထားပါတယ်။ အစောင့်အကြပ် ထားတဲ့ သဘောပါပဲ။

ဗျတ်ဝိရဲ့ သတင်းကို ကြားတော့ ဗျတ္တလည်း မဖြစ်ချေဘူး ဆိုပြီးတော့ ပုဂံကို စတေးရှောင်သွားပါတယ်။ ဗျတ်ဝိသေတာ ဘယ်လို ခံစားရသလဲ လို့ မေးမယ့် သတင်းထောက်တွေတောင် ဖမ်းလို့ မမိလိုက် ပါဘူး။ ပုဂံရောက်တော့ အနော်ရထာဘုရင် ဆီမှာ ဝင်ပြီး အမှုထမ်း ပါတယ်။ အနော်ရထာက ဗျတ္တကို Undercover အေးဂျင့်အနေနဲ့ ပုပ္ပားကို လွှတ်လိုက်ပါတယ်။ ပုပ္ပားမှာ အနော်ရထာရဲ့ လူတွေကို မြင်းစီးနဲ့ အတိုက်အခိုက်တွေ သင်ပေးဖို့ပါ။ ဒါပေမယ့် လူရှိန်အောင်လို့ ဗျတ္တရဲ့ တာဝန်ဟာ ပုဂံမှာ ရှိတဲ့ မိဖုရားတွေ အတွက် ပန်းဆက်ဖို့လိုပဲ သတင်းလွှင့် ထားပါတယ်။ ဗျတ္တ ပုဂံကနေ ပုပ္ပားကို သွားတဲ့လမ်းကို အခုခေတ် ဗျတ္တပန်းဆက်လမ်းလို့ ခေါ်ကြပါတယ်။

အဲဒီလိုနဲ့ ဗျတ္တဟာ ပုပ္ပားကို သွားရင်း ပုပ္ပားတောင်က ပန်းပွင့်တွေ ကြားထဲမှာနေတဲ့ ဘီလူးမလေး မယ်ဝဏ္ဏကို အီစီကလီ သွားရိုက်ပါတယ်။ နောက်တော့ ဗျတ္တနဲ့ မယ်ဝဏ္ဏတို့ ညိသွားကြပြီး သား ၂ယောက် မွေးပါတယ်။ အနော်ရထာက သူတို့ရဲ့ သားနှစ်ယောက်ကို ရွှေအိုး တစ်လုံးစီ ချီးမြှင့်တဲ့အတွက် ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ် လို့ အမည်တွင်ပါတယ်။

ဒီလိုနဲ့ နောက်တော့ အနော်ရထာဘုရင် သထုံကို သွားတိုက်ဖို့ ပြင်ပါတယ်။ အနော်ရထာရဲ့ တပ်ဟာ ဗျတ်ဝိရဲ့ ဝိညာဉ် စောင့်နေတဲ့ မြို့ရိုးကို ဘယ်လိုမှ ကျော်လို့ မရပါဘူး။ မြို့ရိုးကို ကျော်ဖို့ ကြိုးစားတဲ့ သူတိုင်း ဗျတ်ဝိရဲ့ ဝိညာဉ်က ဆီးပြီး သမလို့ အကုန်လုံး လန်ပြီး ပြန်လာရပါတယ်။ အဲဒီတော့ ဘုရင်က သထုံကို ကျွမ်းတဲ့ ဗျတ္တကို စပိုင်အနေနဲ့ လွှတ်ပါတယ်။ ဗျတ္တက သူ့ရဲ့ မတော်လိုက်ရတဲ့ မရီးကနေ တဆင့် စုံစမ်းတော့ မြို့ရိုးကို ဗျတ်ဝိရဲ့ သွေးတွေနဲ့ ဖျန်းပြီး အစောင့်အကြပ်လုပ်ခိုင်းထားတယ် ဆိုတာကို သိလိုက်ရပါတယ်။ တစ်နေ့တော့ ဗျတ္တ မြို့ရိုးနားမှာ ညဘက် လမ်းသလား နေတုန်း သူ့အစ်ကို ဗျတ်ဝိရဲ့ ဝိညာဉ်နဲ့ တွေ့ပါတယ်။ ဗျတ်ဝိက "ငါလည်း မတတ်နိုင်ဘူး။ သထုံဘုရင်က ငါ့ကို စောင့်ခိုင်းတော့ စောင့်ရမှာပဲ။ ဒါပေမယ့် မြို့ရိုးမှာ ငါ့သွေးနဲ့ မထိတဲ့ ကြက်မတဝပ်စာ နေရာ ရှိတယ်။ အဲဒီနေရာကနေ ဝင်တိုက်ရင်တော့ ရမယ်။" လို့ လက်ထောက်ချ လိုက်ပါတယ်။ ဗျတ်ဝိရဲ့ အကြံပေးချက် အတိုင်း အဲဒီနေရာကနေ တစ်ဆင့် မြို့ရိုးကို တိုက်တော့ သထုံကို သိမ်းပိုက်နိုင် လိုက်ပါတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်း မလှစွာပဲ သထုံမြို့သိမ်း တိုက်ပွဲမှာ ဗျတ်တ္တတစ်ယောက် ကြွသွားပါတယ်။

အဲဒါကတော့ မင်းကြီး မင်းလေးရဲ့ ဒက်ဒီဖားသား ဗျတ္တနဲ့ သူ့ရဲ့ အစ်ကို ဗျတ်ဝိတို့ရဲ့ ဒဏ္ဍာရီပါ။ ဒေါ်ခင်မျိုးချစ်ရဲ့ တောင်ပြုံးအကြောင်း အက်ဆေးနဲ့ ဦးကုလား မဟာရာဇဝင်ကြီးကို ကိုးကား ထားပါတယ်။

Sunday, May 23, 2010

လူပျိုသိုးကြီးများ သိဖို့ကောင်မလေးတို့အကြောင်း (၂)

လူပျိုသိုးကြီးများ သိဖို့ ကောင်မလေးတို့ အကြောင်းကို နောက်တစ်ပိုင်း ဆက်ရေး လိုက်ပါဦးမယ်။ လူပျိုသိုးကြီး ဆိုတာ ရည်းစား တစ်ခါမှ မထားဖူးသေးတဲ့ သူများကိုပဲ ရည်ညွှန်းပါတယ်။ ရည်းစား တစ်ဒါဇင်လောက် ထားဖူးပြီး လူပျိုကြီး ဖြစ်နေတဲ့သူများ မပါပါဘူး။

လူပျိုကြီးတွေက ရည်းစားတစ်ခါမှ မထားဖူးတဲ့ ကိစ္စကို ဂုဏ်ယူစရာ ကိစ္စတစ်ခု အနေနဲ့ ကောင်မလေးတွေ ရှေ့မှာ အသားယူ ပြောတတ်ကြ ပါတယ်။ ဒါပေမယ့်လည်း အဲဒါက ဂုဏ်ယူစရာ ကိစ္စမဟုတ်ပါဘူး။ ကောင်မလေးတွေက ဒီအရွယ်ကြီးထိတောင် ရည်းစားမရဖူးဘူး ဆိုရင်တော့ တခုခု လွဲနေလို့ ဖြစ်မယ်လို့ တွေးကြပါတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်တော့ "ဒီအရွယ်ကြီးထိတောင် ရည်းစားမထားဖူးဘူး။ ဟုတ်လား။ တုံးလိုက်တာ။" လို့ အားမနာတတ်တဲ့ ကောင်မလေး တစ်ယောက်က တည့်တည့်ကြီး ဆော်ထည့် လိုက်မှပဲ အဲဒါ ဂုဏ်ယူစရာ ကိစ္စမဟုတ်ဘူး ဆိုတာ သိရှာပါတယ်။ ဘယ်သူမှ မကြိုက်တဲ့သူကို ဘယ်လောက်ကြီး Perfect ဖြစ်နေပေစေ သူတို့လည်း မကြိုက်ချင်တာ အမှန်ပါပဲ။

ကောင်မလေးတွေဘက်က ဒီလူကြီး ငါမှ ပြန်မကြိုက်ရင် ဘယ်သူမှ ကြိုက်မှာ မဟုတ်ဘူး ဆိုတဲ့ စိတ်မျိုး ဝင်မသွားဖို့ အရေးကြီး ပါတယ်။ အဲဒီလို ထင်သွားရင်တော့ ရှေ့လျှောက် လှုပ်ရှားရတာ ခက်ပါလိမ့်မယ်။ ကိုယ့်မှာ ရည်းစားမရှိဖူးရင်တောင် ကိုယ့်ကို လိုက်ကြိုက်ဖူးတဲ့ ကောင်မလေးတွေ အကြောင်း အသားယူပြီး ပြောလို့ ရပါတယ်။ ကိုယ့်ဘေးနားက ကောင်မလေးတွေ ကိုယ့်ကို ကြိုက်နေတဲ့ ပုံစံ ဖမ်းလို့ ရပါတယ်။ သူတို့ စိတ်ထဲမှာ ဪ သူရည်းစားမရတာ အကြောင်းမတိုက်ဆိုင်လို့ပါ။ ကြိုက်မယ့်သူ မရှိလို့ မဟုတ်ပါလား ဆိုတာမျိုး ထင်နေဖို့ လိုပါတယ်။ အလွန်အကျွံတော့ မကြွားမိဖို့ သတိထားပါ။ ဖောတာ လွန်သွားရင်လည်း ငကြွားကြီးဆိုပြီး အမြင်ကတ် သွားပါလိမ့်မယ်။

အဲဒါကြောင့်မို့ ရည်းစားထားဖူးတဲ့သူများ ကိုယ့်ရဲ့ အရင်ရည်းစားတွေ အကြောင်း ဒါမှမဟုတ်ရင် ကိုယ်ကြိုက်ခဲ့ဖူးတဲ့ ကောင်မလေးတွေ အကြောင်း ကောင်မလေးကို အိတ်သွန်ဖာမှောက် လျှောက်ပြော ရမယ်လို့လည်း မယူဆ စေချင်ပါဘူး။ အဲဒီလို အကြောင်းတွေ ကောင်မလေးကို ခရေစေ့တွင်းကျ ပြောမိရင် သူနဲ့ ရည်းစားဖြစ်သွားတဲ့ အချိန်မှ ကိုယ့်သေတွင်းကိုယ် တူးခဲ့မိပါလား ဆိုပြီး နောင်တရပါလိမ့်မယ်။

နောက်တစ်ခုကတော့ လူပျိုကြီးများ ကောင်မလေးတွေ ကြိုက်အောင် ဣန္ဒြေ သိက္ခာကြီး တစ်ခွဲသားနဲ့ နေရမယ်လို့ ထင်ကြတာပါ။ တစ်ချို့ကတော့ သမာဓိပိုး ပိုးတယ် ခေါင်းစဥ်တပ် ကြပါတယ်။ အဲဒီနည်းက မဖြစ်နိုင်ဘူးလား ဆိုတော့ ဖြစ်နိုင်ပါတယ်။ ကိုယ့်မှာ Brad Pitt တို့ ကိုရီးယားမင်းသား Rain တို့လို ရုပ်ရည်မျိုး ရှိနေရင်ပေါ့။ ဒါမှ မဟုတ်ရင် ကောင်မလေးက ကိုယ့်ကို သေလောက်အောင် ကြိုက်နေရင်တော့လည်း တစ်မျိုးပေါ့။ အဲဒီလိုမှ မဟုတ်ရင်တော့ မစဥ်းစားပါနဲ့။ ရုပ်တည်ကြီး လုပ်လေလေ ရည်းစားရဖို့ ဝေးလေလေပါပဲ။ မျက်နှာပြောင်ရဲရင် ရည်းစားရဖို့ ပိုပြီး နီးစပ်ပါတယ်။ သိက္ခာကျတာတွေ ဘာတွေ ထည့်တွက် မနေပါနဲ့။ သိပ်ပြီးတော့ အလွန်အကျွံ မျက်နှာမပြောင်ဖို့တော့ လိုပါတယ်။ သိပ်အလွန်အကျွံ လုပ်ရင်လည်း ကောင်မလေးတွေ ချဥ်သွား တတ်ပါတယ်။

ကောင်မလေးရဲ့ ပါးစပ်က ချစ်တယ် ဆိုတဲ့ စကားကို အလွယ်တကူ ထွက်လာဖို့ မမျှော်လင့်ပါနဲ့။ တချို့ ကောင်မလေးများ ရည်းစားဖြစ်ပြီး ၂ လလောက် ကြာတဲ့အထိ မပြောကြပါဘူး။ ချစ်တယ်ဆိုတဲ့ စကားကြားရဖို့ အရေးမကြီးပါဘူး။ အဲဒီစကား မကြားရဘဲ နဲ့လည်း ရည်းစားဖြစ်အောင် လုပ်လို့ ရပါတယ်။ကောင်မလေးတွေက ပြန်ကြိုက်ဖို့ မကြိုက်ဖို့ ကိစ္စကို သူတို့ဘာသာ သူတို့ ဘယ်တော့မှ မသေချာပါဘူး။ အတော်များများက ရည်းစား ဖြစ်ပြီးရင်တောင်မှ ဒီလူကို ငါကြိုက်တာ မှန်ရဲ့လား ဇဝေဇဝါ ဖြစ်နေတတ်တာ မျိုးပါ။ အဲဒီတော့ သူတို့ဘာသာ သူတို့ သေချာသွားအောင် ကိုယ်က အကူအညီ ပေးရပါတယ်။ နိမိတ်ပြ လမ်းကြောင်းပြ စကားတွေ ကြုံရင် ကြုံသလို ရူးချင်ယောင်ဆောင်ပြီး ပြောပေးဖို့ လိုပါတယ်။

တစ်ချို့ လူပျိုကြီးများ ရည်းစားမရတဲ့ အကြောင်းကတော့ ရွေးလွန်းလို့ပါ။ ကောင်မလေးကို ရည်းစားစကား မပြောခင် ကတည်းက ဒီကောင်မလေးနဲ့ ငါနဲ့ ဖြစ်မှဖြစ်ပါ့မလား တွေးပြီး စိတ်ကူးထဲမှာ ကလေး ၂ ဒါဇင်လောက်ရတဲ့ အထိ တမျှော်တခေါ် တွေးကြပါတယ်။ ဒီကောင်မလေးနဲ့ ယူလို့ဖြစ်မဖြစ် လေ့လာပြီးမှ ရည်းစားစကား ပြောမယ်ဆိုပြီး တွေးတဲ့သူလည်း ရှိပါတယ်။ ကောင်မလေး တစ်ယောက်နဲ့ ရည်းစား မဖြစ်ခင် သူနဲ့ တသက်လုံး အဆင်ပြေမပြေ ဆိုတာ သိနိုင်ဖို့ မလွယ်ပါဘူး။ ရည်းစားမဖြစ်ခင်တုန်းက စိတ်ဓာတ်မာ လိုက်တာလို့ သိထားတဲ့ ကောင်မလေး တစ်ယောက်က ရည်းစားဖြစ်ပြီးတဲ့ အချိန် အတွင်းစိတ်က အလွန်ပျော့နေတာမျိုး သိရတတ်ပါတယ်။ အဲဒီလိုပဲ လူတိုင်းကို သဘောကောင်းတဲ့ ကောင်မလေးက ရည်းစားကိုမှ ကွက်ပြီး ပြသနာပေါင်းစုံ ပတ်ရှာနေတာမျိုးလည်း ဖြစ် တတ်ပါတယ်။ လူတိုင်းနဲ့ ပြသနာ လှည့်ပတ်ဖြစ်နေတဲ့ ကောင်မလေးက ရည်းစား တစ်ယောက်တည်းကိုပဲ ကွက်ပြီး ကောင်းနေတာ မျိုးလည်း ရှိတတ်ပါတယ်။ အဲဒါအပြင် သူတို့ရဲ့ ရည်းစားကိုပဲ ဖွင့်ပြောပြတတ်တဲ့ အကြောင်းတွေ ရှိပါတယ်။ အဲဒါမျိုးတွေကို မိတ်ဆွေ သူငယ်ချင်း အဖြစ်နဲ့ ဘယ်တော့မှ သိခွင့်ရမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ရည်းစားမဖြစ်မချင်း ကောင်မလေးနဲ့ အဆင်ပြေမပြေဆိုတာကို တွက်လို့ မရဘူးလို့ ပြောတာပါ။

ဒီတော့ပစ်က နည်းနည်း Sensitive ဖြစ်ပါတယ်။ တစ်ချို့ ကိစ္စတွေက အမှန်တရား ပေမယ့်လည်း ရေးလို့ မကောင်းပါဘူး။ ဥပမာ ကောင်မလေးတွေ အလိမ်ခံရတာ ကြိုက်တယ်။ သိသိကြီးနဲ့ အလိမ်ခံချင်တာလို့ ပြောရင် ကောင်မလေး ၁၀ ယောက်မှာ ၉ ယောက်က ငြင်းပါလိမ့်မယ်။ အဲဒီအထဲ တို့မပါဘူး။ တို့က ရိုးသားတာ ပွင့်လင်းတာပဲ ကြိုက်တယ် လို့ ပြန်ပြောကြ ပါလိမ့်မယ်။ ရိုးသားတာ ပွင့်လင်းတာကို ကြိုက်တယ်ဆိုတာတော့ လူတိုင်း ပြောကြတာပါပဲ။ ဒါပေမယ့် လူပျိုကြီး ဖြစ်နေတဲ့ သူတွေကို ကြည့်ရင် အဲဒီလို စကားကို တည့်တိုး ပြောတတ်တဲ့သူတွေ အများစု ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ အဲဒီတော့ သူတို့ အဲဒီလို လူမျိုးတွေကို တကယ် မကြိုက်ဘူး ဆိုတာ သိသာပါတယ်။

စကားဆိုတာ ချိုအောင် ပြောရင် မလိမ်ဘဲ ပြောလို့ မရပါဘူး။ အနည်းအကျဥ်းတော့ မုသား ထည့်ပြော ရတာပါပဲ။ ကောင်မလေးကို ကြွေနေတဲ့ အကြောင်း ပြောရင် အနည်းနဲ့ အများတော့ လိမ်ရပါတယ်။ ကြုံရင် ကြုံသလို ထည့်တတ်ဖို့ပဲ လိုပါတယ်။ ကိုယ်ညက အိပ်မပျော်ဘူးကွာ ဆိုရင် ကောင်မလေးက သူ့အကြောင်း စဥ်းစားနေလို့ ထင်ပါလိမ့်မယ်။ အဲဒီအချိန် ကြမ်းပိုးကလည်း တစ်ညလုံးကိုက်နေတာပဲလို့ မပြောဖို့ လိုပါလိမ့်မယ်။ ကြမ်းပိုးကိုက်လို့ အိပ်မပျော်တာ မှန်ပေမယ့် မင်းကိုကိုယ် တညလုံး သတိရနေတယ် ဆိုတာမျိုး ချော်လဲရောထိုင်တွေ လုပ်တတ်ဖို့ လိုအပ်လိမ့်မယ်။ တစ်ခါတစ်လေ တော့လည်း လိမ်မှန်း သူတို့ သိပါတယ်။ သိသိကြီးနဲ့ အလိမ်ခံချင်တာပါ။ ဟုတ်ဟုတ် မဟုတ်ဟုတ် ဟုတ်လောက်ပါတယ်လေ ဆိုတာမျိုးနဲ့ သူတို့ စိတ်ထဲမှာ ကြည်နူးချင်နေတာပါ။ ဒါပေမယ့်လည်း တချိန်လုံး ဘတ်ကီးရိုက် နေလို့လည်း မဖြစ်ပါဘူး။ အဲဒီလို ဆိုရင်လည်း ကိုယ့်ကို ယုံကြည်မှု ရှိတော့မှာ မဟုတ်ပါဘူး။ ဗြောင်လိမ်ဗြောင်စားတွေတော့ ရှောင်ဖို့ လိုအပ်ပါလိမ့်မယ်။

ကောင်မလေးက ကိုယ့်ကို အရမ်းစွတ်ပြီး အထင်ကြီးနေရင်လည်း သူ့ဘက်က ပြန်ကြိုက်ဖို့ နည်းနည်း တွန့်နေ ပါလိမ့်မယ်။ အဲဒီတော့ ကိုယ်က သာမန် သူလိုငါလို လူတစ်ယောက်ဆိုတာ သိအောင် ပြောပြ ပေးရပါတယ်။ လူတိုင်းမှာ အားနည်းချက် ဆိုတာတော့ ရှိတတ်ပါတယ်။ ကိုယ်တစ်ခါတလေ အပျင်းကြီးတတ်တဲ့ ကိစ္စ အချိုအချောင် လိုက်တတ်တဲ့ ကိစ္စမျိုးကို ဖွင့်ပြောပြလို့ သူတို့ အထင်သေးသွားမှာ မဟုတ်ပါဘူး။ သူလည်း လူထဲကလူ တစ်ယောက်ပါလား ဆိုတာကို သိရင် ပြန်ကြိုက်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

သိထားသမျှတွေကို မခြွင်း မချန်ဘဲ အကုန်ပြောပြ ထားပါတယ်။ ကျန်တာကတော့ ကိုယ့်အပိုင်းပါပဲ။ ညာဏ်ရှိသလို အသုံးချကြပါ။ သီအိုရီ ဆိုတာ လူတိုင်းအတွက်တော့ မမှန်ပါဘူး။ အခြေအနေ အချိန်အခါ ပေါ်မူတည်ပြီး သင့်တော်သလိုသာ စမ်းကြည့်ကြပါ။

သက်ဆိုင်သော ပို့စ်များ

လူပျိုသိုးကြီးများ သိဖို့ကောင်မလေးတို့အကြောင်း
ကြောင်စီကွေး လမ်းညွှန်
ကတ်သီးကတ်သတ် အတွေးများ